အခန်း (၇၀)
Vol. 7 Ch. 70
Chapter 70
ကျင်းမြို့၊ ကွမ်ဟွာလုံးချင်းအိမ်ရာ။
လီရှောင်ယာသည် အဝတ်အစားသစ်များ လဲလှယ်ဝတ်ဆင်ပြီးသောအခါ ဒုတိယသခင်လေး ဝေဝမ်ကျွင်း ရောက်ရှိလာလေသည်။
"ငါ မင်းနဲ့အတူ ပါတီပွဲ လိုက်ခဲ့မယ်" ဝေဝမ်ကျွင်းက အသံနက်ကြီးဖြင့် ပြောလိုက်သည်။
ဝေလင်း အံ့သြသွားသည်။
လီရှောင်ယာ ပြန်ရောက်လာတာက သူတို့ကို ဒီလောက်တောင် သက်ရောက်မှု ရှိသွားစေတာလား။ နှစ်ယောက်စလုံး သေမလိုဖြစ်နေတဲ့ ဘဝကနေ ရုန်းထွက်လာနိုင်ကြပြီပေါ့။
ဒါပေမဲ့... စိုးရိမ်စရာတော့ မလိုပါဘူးလေ။
နှစ်ပေါင်းများစွာ ကြာခဲ့ပြီပဲ... သူတို့အာဏာတွေ ဆုံးရှုံးသွားတာ ကြာလှပေါ့။
ဝေမိသားစု ကလေးတစ်ယောက်စီတိုင်းအတွက် ငယ်စဉ်ကတည်းက သစ္စာရှိသော သက်တော်စောင့်များ ထားရှိပေးထားခဲ့ပြီး ထိုသက်တော်စောင့်များက သစ္စာရှိနေဆဲမို့သာ တော်သေးသည်... မဟုတ်လျှင် သူတို့အခြေအနေက ဒီထက်ပိုဆိုးနေလောက်သည်။
"ဒုတိယသခင်လေး အပြင်ထွက်ဖို့ ဆုံးဖြတ်လိုက်တာ ဝမ်းသာစရာ သတင်းကောင်းပဲ" ဝေလင်းက ပြုံးလိုက်ပြီး ဘေးနားရှိလူများကို ညွှန်ကြားလိုက်သည်။ "မြန်မြန် သွားပြင်ဆင်ကြ"
*သွားလိုက်စမ်းပါ... ပါတီပွဲကို တစ်ခေါက်လောက် သွားတက်လိုက်ပြီး နောက်ထပ် ရှော့ခ်တစ်ခု ထပ်ရသွားတာပေါ့*
*အဲ့ဒါပြီးရင်တော့ တစ်သက်လုံး အိမ်ထဲကနေ ခြေတစ်လှမ်းတောင် ထွက်ချင်တော့မှာ မဟုတ်ဘူး*
ခြေထောက်မသန်စွမ်းသဖြင့် ကားကို အိမ်ရှေ့မုခ်ပေါက်အထိ မောင်းခေါ်ရပြီး သက်တော်စောင့်နှစ်ဦးက ဒုတိယသခင်လေးကို ပွေ့ချီကာ ကားပေါ်တင်ပေးရသည်။
အရွယ်ရောက်ပြီး အမျိုးသားတစ်ယောက်အတွက် ဤအခြေအနေသည် အလွန်တရာ အရှက်ရဖွယ် ကောင်းလှသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။
သူ၏ လက်သီးများ ကျစ်ကျစ်ပါအောင် ဆုပ်ထားသဖြင့် လက်ခုံပေါ်မှ သွေးကြောများပင် ထောင်ထွက်လာကြသည်။
သို့သော် ဒီတစ်ကြိမ်တွင် သူ သည်းခံလိုက်သည်။
သူ ဒေါသ မထွက်ခဲ့ပေ။
ဤအချက်က ဝေလင်းကို နောက်တစ်ကြိမ် အံ့သြသွားစေသဖြင့် မျက်ခုံးပင့်လိုက်မိသည်။
"ရှောင်ယာ... သမီးလည်း ကားပေါ်တက်တော့" ဝေလင်းက လီရှောင်ယာဘက် လှည့်ပြောလိုက်သည်။
လီရှောင်ယာ ခေါင်းညိတ်ပြီး ဒုတိယဦးလေးဘေးတွင် ဝင်ထိုင်လိုက်သည်။
ဝေလင်းက နောက်ဆုတ်လိုက်ပြီး ပြောလိုက်သည်။ "ဦးလေး အရေးပေါ် ကိစ္စလေးတစ်ခု ပေါ်လာလို့ ဖြေရှင်းလိုက်ဦးမယ်... နောက်မှ လိုက်လာခဲ့မယ်နော်... ဒုတိယသခင်လေး ရှိနေမှတော့ စိတ်ချရပါတယ်"
ဝေဝမ်ကျွင်းက အေးစက်စွာ ရယ်မောလိုက်သည်။ "မင်း လုံးဝ လိုက်မလာလည်း ရပါတယ်"
ဝေလင်းကတော့ သဘောကောင်းသော အပြုံးကို ဆက်လက်ထိန်းထားဆဲဖြစ်ပြီး ကားတံခါးကို ပိတ်ပေးလိုက်လေသည်။
တံခါးပိတ်သွားသည်နှင့် တပြိုင်နက် ဝေဝမ်ကျွင်း၏ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားသည်။
သူသည် မျက်ခုံးများကို ဖြေလျှော့ရန် အတတ်နိုင်ဆုံး ကြိုးစားပြီး ကြင်နာနွေးထွေးသော ပုံစံပေါက်အောင် ဟန်ဆောင်လိုက်သည်။
သို့သော် ပုံမှန်မျက်နှာထားမျိုး မလုပ်ဖြစ်သည်မှာ ကြာပြီဖြစ်၍ သူ၏ ကြွက်သားများက တောင့်တင်းနေပြီး ရုတ်တရက် ကြည့်လိုက်လျှင် ပို၍ပင် ထူးဆန်းနေသယောင် ရှိသည်။
ကံကောင်းသည်မှာ လီရှောင်ယာက ဂရုမစိုက်ပေ။
သူမသည် လက်လှမ်းလိုက်ပြီး သူ့ဒူးပေါ်မှ စောင်ကို ဆွဲယူလိုက်သည်။
"ရှောင်ယာ... ဦးလေး နာမည် မပြောပြရသေးဘူးနော်"
လီရှောင်ယာက မေးလိုက်သည်။ "ရေးပြလို့ ရမလားဟင်"
ဒါက သူမ ပြန်ပေးဆွဲခံရစဉ်က အကျိုးဆက်ပင်။
ထိုစဉ်က သူမ ရှန်းယွီရှောင်၏ နာမည်ကို မည်သို့ ရေးရမှန်း မသိခဲ့ပေ... ထို့ကြောင့် သူမတွင် အကျင့်တစ်ခု ဖြစ်လာခဲ့သည်။ နင်းဟန် ပဲ ဖြစ်ဖြစ်၊ ရှုရူယင်း ပဲ ဖြစ်ဖြစ်... သူမက နာမည်ကို အမြဲတမ်း ရေးပြခိုင်းတတ်သည်။ ဒါမှ သူတို့ကို ပိုမှတ်မိနေမည် မဟုတ်ပါလော။
"ရတာပေါ့... ရတာပေါ့... ဦးလေး ရေးပြမယ်" ဝေဝမ်ကျွင်းက သက်တော်စောင့်ထံမှ စာရွက်နှင့် ဘောပင် တောင်းလိုက်ပြီး ဂရုတစိုက် ရေးပြလေသည်။
*ဝေဝမ်ကျွင်း*
"ဒီနောက်ဆုံးစာလုံးကို သိလား" သူက လက်ညှိုးထိုးပြရင်း မေးလိုက်သည်။
"ကျွင်း လား"
"ဟုတ်တယ်... သမီးက တော်လိုက်တာ" ဝေဝမ်ကျွင်း စိတ်ထဲတွင် ချက်ချင်း ကြည်နူးသွားသည်။
လီရှောင်ယာ စာလုံးကို စိုက်ကြည့်ပြီး ပြောလိုက်သည်။ "ဦးလေး လက်ရေးက တကယ် လှတာပဲ"
ဝေဝမ်ကျွင်း ပို၍ပင် ပျော်ရွှင်သွားပြီး ဘောပင်ကို ကိုင်ထားသော လက်များ ပိုမို သန်စွမ်းလာသကဲ့သို့ ခံစားလိုက်ရသည်။ "ဦးလေး သင်ပေးမယ်လေ... ဦးလေးက လက်ရေးလှလည်း သင်ဖူးတယ်"
လီရှောင်ယာ လိမ္မာစွာ ခေါင်းညိတ်လိုက်သည်။ "ကျေးဇူးတင်ပါတယ် ဒုတိယဦးလေး"
ဝေဝမ်ကျွင်း ဘာကြောင့်မှန်းမသိ ရင်ထဲတွင် မီးတစ်စ တောက်လောင်လာသလို ခံစားလိုက်ရသည်။
ထိုမီးသည် သူ့ခြေလက်အင်္ဂါများနှင့် ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားပြီး ရုတ်တရက် အားအင်များ ပြည့်ဝလာစေသည်။
သူ ရုတ်တရက် အသုံးဝင်သော လူတစ်ယောက် ဖြစ်လာသကဲ့သို့... ဤလောကကြီးထဲတွင် သူအသက်ရှင်နေထိုင်ရခြင်းက အဓိပ္ပာယ် ရှိလာသကဲ့သို့ ခံစားလိုက်ရသည်။
ထိုအချိန်တွင် လီရှောင်ယာက ရုတ်တရက် မေးလိုက်သည်။ "အဒေါ်ကြီး နာမည်ကရော ဘယ်လိုခေါ်လဲဟင်"
ဝေဝမ်ကျွင်းက ချက်ချင်းပင် ဘောပင်ကို ကောက်ကိုင်ပြီး ရေးပြရင်း ပြောလိုက်သည်။ "သူ့နာမည်က ဝေဝမ်ရိ တဲ့"
လီရှောင်ယာ နောက်ဆုံးစာလုံးကို လက်ညှိုးထိုးပြီး မေးလိုက်သည်။ "ဒီစာလုံးက ဘာအဓိပ္ပာယ်လဲဟင်"
ဝေဝမ်ကျွင်း ခဏရပ်ပြီးမှ ပြောလိုက်သည်။ "လှပခြင်း၊ ကောင်းမွန်ခြင်း လို့ အဓိပ္ပာယ်ရတယ်"
လီရှောင်ယာ လက်ချောင်းလေးများဖြင့် ရေတွက်ကြည့်ပြီး ပြောလိုက်သည်။ "မေမေ့နာမည်ရဲ့ နောက်ဆုံးစာလုံးက 'ယွီ' (ကျောက်စိမ်း)... အဲ့ဒါက တန်ဖိုးကြီးပြီး လှပတဲ့ ကျောက်မျက်ရတနာလို့ အဓိပ္ပာယ်ရတယ်... ဦးလေးငယ်ရဲ့ နာမည်က 'ချင်း'... အဲ့ဒါက ကျောက်စိမ်း၊ ကျောက်တုံး ဒါမှမဟုတ် ရွှေနဲ့ လုပ်ထားတဲ့ တူရိယာပစ္စည်း"
ဝေဝမ်ကျွင်း အံ့သြတကြီး ရေရွတ်လိုက်မိသည်။ "သမီး ဒါတွေအကုန် သိတာလား"
လီရှောင်ယာ ခေါင်းညိတ်ပြီး ဆက်ပြောသည်။ "'ကျွင်း' ကိုလည်း သမီးသိတယ်... ထူးချွန်ပြောင်မြောက်တဲ့ အရည်အချင်းရှိသူကို ခေါ်တာ"
ဝေဝမ်ကျွင်း၏ မျက်နှာပေါ်တွင် ခါးသီးသော အပြုံးရိပ်တစ်ခု ယှက်သန်းသွားသည်။
"နှမြောစရာပဲကွာ... လှပတဲ့ ကျောက်စိမ်းက ကြေမွသွားပြီ... တူရိယာပစ္စည်းက အသံတိတ်သွားပြီ... လှပခြင်း ဆိုတဲ့လူက ရူးသွပ်သွားပြီ... ပြီးတော့ ငါ... ငါက ဒီလိုပုံစံ ဖြစ်သွားပြီ... ထူးချွန်ပြောင်မြောက်တဲ့ အရည်အချင်း ဆိုတာက ကံကြမ္မာရဲ့ အကြီးမားဆုံး လှောင်ပြောင်မှုတစ်ခုလို ဖြစ်နေပြီ"
ပြောပြီးသည်နှင့် ကလေးရှေ့တွင် ဒီလိုစကားမျိုး မပြောသင့်မှန်း သူ သတိရသွားပြီး ပြန်ပြင်ပြောရန် ဟန်ပြင်လိုက်သည်။
သို့သော် လီရှောင်ယာက ပြောလိုက်သည်။
"ဒါပေမဲ့ အဖိုး နာမည်ပေးတုန်းက သူ့ရဲ့ ကောင်းမွန်တဲ့ ဆုတောင်းမေတ္တာတွေ ထည့်ပေးခဲ့တာပဲ ဖြစ်မှာပါနော်... ဟုတ်တယ်မလား"
ဝေဝမ်ကျွင်း ကြောင်အမ်းသွားသည်။ "အဲ့လိုလား"
လီရှောင်ယာ ပြတ်သားစွာ ခေါင်းညိတ်ပြလိုက်သည်။ "သမီး အဲ့လိုထင်တယ်"
ထို့နောက်တွင် ဝေဝမ်ကျွင်း စကားဆက်မပြောတော့ပေ။
သူသည် အတွေးကမ္ဘာထဲတွင် မျောပါနေပြီး ကားသည် ပါတီပွဲကျင်းပရာနေရာသို့ ရောက်သည်အထိ တိတ်ဆိတ်နေခဲ့သည်။
တံခါးစောင့်ဝန်ထမ်းက လာရောက် တံခါးဖွင့်ပေးပြီး သက်တော်စောင့်များက ဝေဝမ်ကျွင်းကို ဝှီးချဲပေါ်သို့ ပွေ့ချီတင်ပေးလိုက်ကြသည်။
ဝေဝမ်ကျွင်း တကိုယ်လုံး မီးဖုတ်ခံထားရသကဲ့သို့ ပူလောင်နေသည်။
သူ ဘေးပတ်ဝန်းကျင်မှ အကြည့်များကို ရင်မဆိုင်ရဲပေ။
သူ လီရှောင်ယာဘက်ကိုသာ လှည့်ကြည့်နေမိသည်...
သို့သော် ဤကလေးမလေးက နေရခက်ခြင်း၊ ကြောက်ရွံ့ခြင်း အလျဉ်းမရှိပေ။ သူမသည် သူ့ဘေးတွင် ကပ်ရပ်လျက် လုံးဝ ရှက်ရွံ့ခြင်းမရှိဘဲ ရပ်နေသည်။
ဝေဝမ်ကျွင်း၏ စိုးရိမ်ပူပန်မှုနှင့် နာကျင်မှုများ တဖြည်းဖြည်း လျော့ပါးသွားသည်။
သူ ပြောလိုက်သည်။ "သွားကြစို့"
သက်တော်စောင့်များက သူ့ကို တွန်းပေးလိုက်ကြသည်။
သို့သော် ဝင်ပေါက်ရောက်သည်နှင့် သူတို့ တားဆီးခံလိုက်ရသည်။
"တောင်းပန်ပါတယ်... ဖိတ်စာလေး ပြပေးပါခင်ဗျ" တံခါးစောင့်က ပြောလိုက်သည်။
ဝေဝမ်ကျွင်း မျက်နှာပျက်သွားပြီး ဒါ ဝေလင်း လက်ချက်မှန်း ချက်ချင်း သိလိုက်သည်။
ထင်သည့်အတိုင်းပင်... နောက်မှ လိုက်လာသော သက်တော်စောင့်များနှင့် ယာဉ်မောင်းတို့၏ မျက်နှာများ ပျာပျာသလဲ ဖြစ်ကုန်ကြသည်။ "ဒုက္ခပါပဲ... ဖိတ်စာက မစ္စတာဝေ ဆီမှာ ကျန်ခဲ့တယ်"
ဝေဝမ်ကျွင်း ဒေါသကို မြိုသိပ်ပြီး အဆင်ပြေပြေ ပြုံးပြရန် ကြိုးစားလိုက်သည်။
"ကျွန်တော့်နာမည်က ဝေဝမ်ကျွင်း ပါ... ဝေမိသားစုရဲ့ ဒုတိယသားပါ... ဘာဖြစ်လို့လဲ... ခင်ဗျားတို့ ဖိတ်ထားတဲ့ ဧည့်သည်တွေကို သေချာ မလေ့လာထားဘူးလား"
ဝေမိသားစုသည် ပြည်ပမှ ပြန်ရောက်ခါစ ဖြစ်ပြီး ဝေဝမ်ကျွင်းကလည်း လူကြားထဲ သိပ်မထွက်သဖြင့် တံခါးစောင့်က သူ့ကို တကယ်ပင် မမှတ်မိပေ။
မမှတ်မိရုံသာမက...
တံခါးစောင့်က တွန့်ဆုတ်စွာ ပြောလိုက်သည်။ "တောင်းပန်ပါတယ်... ကျွန်တော်သိတာက ဆေးရုံလုပ်ငန်းလုပ်တဲ့ ဝေမိသားစု ပဲ ရှိတာပါ... အဲ့ဒီ ဝေမိသားစုရဲ့ သခင်လေးက အထဲဝင်သွားပါပြီ"
ဝေဝမ်ကျွင်း၏ မျက်နှာထားမှာ ကြည့်မကောင်းအောင် ပျက်ယွင်းသွားတော့သည်။
သူ တကယ်ပဲ ဒီအဆင့်ထိ ကျဆင်းသွားပြီလား။ တံခါးစောင့်တစ်ယောက်တောင် သူ့ကို တားရဲနေပြီပေါ့။
ထိုအချိန်တွင် အခြားဧည့်သည်များသည် ဒီဘက်မှ ဆူညံသံများကြောင့် စိတ်ဝင်စားသွားပြီး ဝိုင်းကြည့်လာကြသည်။
"ဘယ်သူလဲဟ"
"မသိဘူး"
"တခါမှ မမြင်ဖူးဘူး..."
"ကြည့်ရတာ ပွဲဖျက်မယ့်ပုံတော့ မပေါ်ပါဘူး"
ဝေဝမ်ကျွင်း သူတို့ပြောနေသည်များကို သေချာမကြားရပေ။ သို့သော် သေချာမကြားရသောကြောင့်ပင် သူ့စိတ်ထဲတွင် ပိုမိုဆိုးရွားစွာ တွေးထင်နေမိသည်။
သူတို့ ဘာပြောနေကြတာလဲ။
မသန်စွမ်းတစ်ယောက်က ဒီလိုနေရာမျိုး ဘယ်လိုလုပ် ရောက်လာတာလဲလို့ ပြောနေကြတာလား။
ဝေဝမ်ကျွင်း ဝှီးချဲလက်တန်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး ဒေါသများ ပေါက်ကွဲထွက်တော့မတတ် ဖြစ်နေသည်။
သူ အံကြိတ်ပြီး ပြောလိုက်သည်။ "ဝေလင်း ကို အခုချက်ချင်း ခေါ်စမ်း"
ထိုအချိန်မှာပင် သူ့လက်ခုံပေါ်သို့ နူးညံ့သော အထိအတွေ့တစ်ခု ကျရောက်လာသည်ကို ခံစားလိုက်ရသည်။
ငုံ့ကြည့်လိုက်သောအခါ လီရှောင်ယာက သူ့ကို နှစ်သိမ့်ပေးနေခြင်း ဖြစ်သည်။
လီရှောင်ယာသည် ဝင်လာလိုက် ထွက်သွားလိုက် ဖြစ်နေသော ဧည့်သည်များကို စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်... သူမ၏ ဒုတိယဦးလေးကို နှစ်သိမ့်ပေးရင်း သူမ ရှာနေသော ပစ်မှတ်ကို နောက်ဆုံးတွင် တွေ့လိုက်ရလေသည်။
ဝေလင်း ပြောဖူးသည်... ဒီနေ့ပွဲကို အထက်တန်းလွှာတွေ အများကြီး လာကြလိမ့်မည် ဟူ၍။ အထက်တန်းလွှာဆိုတာ သူဌေးတွေကို ပြောတာ။
လူအုပ်ကြီးထဲတွင် သူမသိသော သူဌေးတစ်ယောက် ပါနေသည်ကို တွေ့လိုက်ရသည်။
"ချင်ဆွေ့" သူမ ကျယ်လောင်စွာ လှမ်းခေါ်လိုက်သည်။ ခဏစဉ်းစားပြီးမှ ထပ်ဖြည့်ခေါ်လိုက်သည်။
"အစ်ကို ချင်ဆွေ့”