← Chapters

ကံစမ်းမဲနှင့် စျေးဆိုင်

Vol. 1 Ch. 8

ကံစမ်းမဲနှင့် စျေးဆိုင်

Vol. 1 Ch. 8

အခန်း (၈) ကံစမ်းမဲနှင့် စျေးဆိုင်

လုကျိုးက တပည့်သုံးဦးကို ဖျတ်ခနဲကြည့်ပြီး သူ့ခြေကို ဖြည်းဖြည်းချင်း ကြွလိုက်သည်။ သူ၏ ရိုက်ချက်က သူတို့ကို အတော်လေး နာသွားစေပြီး သူတို့က ထရပ်ရန်တောင် အခက်တွေ့နေကြသည်။ ရှောင်ယွမ်အာက ပြေးလာပြီး သူ ခြေမချရသေးခင် လာကူတွဲပေးကာ ဘေးထွက်ရပ်လိုက်၏။

လုကျိုးက လက်နောက်ပစ်ထားသည်။ သူတို့ကို ကြည့်မည့်အစား ရှုမျှော်အဆောက်အအုံငယ်၏ အစွန်းဆီ လျှောက်သွားပြီး တောင်များကို ကြည့်လိုက်သည်။

တောင်များကြားထဲတွင် အညွန့်ထဲ၌ မြူခိုးတစ်စက ထွက်ပေါ်လာပြီး လေထဲ ရစ်ဝဲနေသည်။ ရွှေနန်းဥယျာဉ်တောင်က ၎င်း၏ အကာမပါဘဲ အတော်လေး ဆန်းကြယ်နေပုံရသည်။

“လောင်စန်း”

“ဟုတ်ကဲ့ ရှစ်စွင်း” တွမ့်မူရှန်းက တုန်ယင်သွားကာ ခေါင်းငုံ့ပြီး ဖြေလိုက်သည်။

“ပေနက်လွှာမှာ မင်းရဲ့ အဆင့်က ဘယ်လောက်လဲ”

“ဒါက... တစ်ဆယ့်ရှစ်နေရာမြောက်မှာပါ”

“လောင်စစ်ရော”

“ကျွန်... ကျွန်တော်က ရှစ်ရှိုးလောက် မကောင်းပါဘူး၊ နှစ်ဆယ့်ငါးနေရာ မြောက်မှာပါ”

ကျောင်းယွဲ့က သူမ၏ ဆရာ မေးမှာကို မစောင့်တော့ပေ။

“ကျွန်မက ကံကောင်းလို့ နှစ်ဆယ့်ရှစ်နေရာမြောက်မှာ ရှိနေပါတယ်”

“ကံကောင်းတာလား” လုကျိုး၏ အသံက ပိုတည်ကြည်လာကာ “မင်းက ငါ့ရဲ့ အံ့ဩဖို့ကောင်းတဲ့ တပည့်ပါပဲ၊ ပေနက်လွှာပေါ်မှာ မင်းတို့နာမည် ရှိနေတာက ဘယ်အချိန်ကစပြီး ဝါကြွားစရာ ဖြစ်သွားတာလဲ၊ မင်းတို့က ငါ့ကို သိက္ခာချနေတာပဲ”

“တပည့် မှားပါတယ်” ကျောင်းယွဲ့က ရင်တုန်သွားသည်။

လုကျိုးက စတင်ပို့ချတော့မည်အချိန်တွင် သူ၏ နာမည်က ပေနက်လွှာတွင် ထိပ်ရောက်ကြောင်း ရှောင်ယွမ်အာ ပြောခဲ့တာကို ရုတ်တရက် တွေးမိသွားသည်။ သူ့ကိုယ်သူ သိက္ခာအချဆုံး ဖြစ်နေပုံပင်။

သူက ရှက်သလို ခဏတာ ခံစားရသော်လည်း ၎င်းကို​ ဘေးချိတ်ထားလိုက်သည်။

“မှားမှန်းသိပြီဆိုမှတော့ မင်းတို့ ပြောင်းလဲရမယ်” လုကျိုးက ပြောသည်။

ပြောင်းလဲရမှာလား။

ဘယ်လိုလဲ။

တပည့်သုံးယောက်သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

သူတို့ရှစ်စွင်းအနေဖြင့် သူတို့က တူညီသည့် လမ်းကြောင်းပေါ်တွင် ရှိတာဟု သူတို့ ထင်ခဲ့ပြီး သူတို့ လုပ်သမျှ အရာအားလုံးက သူတို့၏ ဆရာထံမှ သင်ယူထားတာလည်း ဖြစ်သည်။

“အခုကစပြီး ဆိုးယုတ်တာတွေ မလုပ်သင့်တော့ဘူး၊ မင်းတို့ လုပ်နိုင်လား” လုကျိုးက တစ်ခွန်းချင်း ပြောလိုက်၏။

သုံးယောက်က တန့်သွားသည်။ သူတို့၏ ရှစ်စွင်းကို နားမလည်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ သို့သော်ငြား သူတို့က တညီတညွတ်တည်း ပြန်ဖြေချေသည်။

“ဒီတပည့်က ရှစ်စွင်းရဲ့ အမိန့်ကို လိုက်နာပါ့မယ်”

ရှုမျှော်အဆောက်အအုံငယ်တွင် တိတ်ဆိတ်မှုက ကြီးစိုးသွားပြန်သည်။ အချိန်အနည်းငယ် ကြာပြီးနောက် လုကျိုးက ခပ်ဝေးဝေးရှိ မြင်ကွင်းကို ကြည့်လျက် သက်ပြင်းချပြီး စကားဆိုသည်။

“ငါ့ဘ၀မှာ မှားခဲ့တဲ့ အရာက မင်းတို့ကို ဘယ်လို ကျင့်ကြံရမလဲဆိုတာပဲ သင်ပေးခဲ့ပြီး မင်းတို့ကိုယ်မင်းတို့ ဘယ်လိုစီမံရမလဲဆိုတာ မသင်ပေးခဲ့မိတာပဲ။ ငါလဲ မှားခဲ့တယ်၊ အဲဒါကြောင့် မင်းတို့လို ပျက်စီးဖို့ အလားအလာရှိတဲ့ တပည့်တစ်သုတ်ကို ငါ မွေးထုတ်ခဲ့မိတယ်”

ကျင့်ကြံခြင်းလောကတွင် သူတို့ လုပ်ခဲ့တာကို မှတ်ချက်မချဘဲ သူတို့ဆရာ၏ အမိန့်ကို မနာခံဘဲ ဂိုဏ်းကို သစ္စာဖောက်ရန် ရည်ရွယ်ချက် ရှိသည့် အချက်ကတင် သူတို့ကို သစ္စာဖောက်သည်ဟု ဆိုရန် လုံလောက်နေပြီဖြစ်သည်။

တပည့်လေးဦးက အသံတစ်စက်မှ မထွက်ရဲပေ။

သူတို့ရှစ်စွင်း မှားသည်ဟု မည်သူကများ ပြောရဲမည်နည်း။

“တွမ့်မူရှန်း၊ မင်ရှစ်ရင်”

“ဟုတ်ကဲ့ ရှစ်စွင်း” တပည့်နှစ်ဦးက တစ်ပြိုင်နက်တည်း ဖြေသည်။

“အခု ရွှေနန်းဥယျာဉ်တောင်ရဲ့ အရံအတားက အခု ပျက်စီးသွားပြီ၊ အရံအတားကို ပြန်ပြင်နေချိန် တောင်ကို စောင့်ကြပ်ဖို့က မင်းတို့ရဲ့တာဝန်ပဲ၊ ငါ့ခွင့်ပြုချက်မပါဘဲ မင်းတို့ ထွက်ခွင့် မရှိဘူး၊ ပြင်ပြီးသွားရင် မင်းတို့ကို ခွင့်လွှတ်မယ်” လုကျိုးက ပြောလိုက်သည်။

၎င်းက သူတို့၏ လွတ်လပ်မှုကို ထိန်းချုပ်တာနှင့် တူသည်။ အရံအတားကို ပြန်ပြင်ခြင်းက ရိုးရှင်းသည့် တာဝန်မဟုတ်ပေ။ ထို့အပြင် ၎င်းကို ပြင်ပြီးရန် အနည်းဆုံး ရှစ်နှစ်မှ ဆယ်နှစ်ထိ ကြာပေလိမ့်မည်။ ၎င်းက သူတို့က သတ်တာထက် ပိုကောင်းသည့် ကျိုးကြောင်းသင့်သော ပြစ်ဒဏ်ဖြစ်သည်။

နှစ်ယောက်လုံးက ပျော်သွား၏။

“ဒီတပည့်က ရှစ်စွင်းရဲ့အမိန့်ကို လိုက်နာပါ့မယ်”

လုကျိုး၏ အကြည့်က ပဉ္စမတပည့်ဆီ ရောက်သွားသည်။ “ကျောင်းယွဲ့”

“ဟုတ် ရှစ်စွင်း”

“မင်းရဲ့ ရှစ်ရှိုးတွေက တောင်ပေါ်မှာ နေဖို့လိုတယ်၊ ဒီတော့ မင်းရဲ့ ပြစ်မှုတွေအတွက် တောင်အောက်ဆင်းပြီး အပြစ်ချေဖို့ အပြစ်ပေးမယ်၊ မင်းမှာ ငြင်းစရာရှိလား”

ကျူးလွန်ခဲ့တာတွေအတွက် အပြစ်ချေဖို့လား။

ကျောင်းယွဲ့က မြေကြီးပေါ် ဦးတိုက်ကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။

“ဒီတပည့်က ရှစ်စွင်းရဲ့ အမိန့်ကို လိုက်နာပါ့မယ်။ မငြင်းရဲပါဘူး​၊ ဒါပေမဲ့...”

“ပြော”

“ဘယ်အပြစ်အတွက် ချေရမှာလဲ”

လုကျိုးက ခေါင်းခါလိုက်မိ၏။ ထိုဆိုးယုတ်သောတပည့်များက ကျိထျန်းတောက်နောက် လိုက်ခဲ့တာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ကာ သူတို့၏ ဘ၀အမြင်နှင့် တန်ဖိုးက သူ့ကြောင့် ပျက်ပြားခဲ့သည်။ ထို့အပြင် သူတို့သည် အမှန်နှင့် အမှားကို ဆုံးဖြတ်နိုင်သည့် အခြေခံစွမ်းရည်ပါ ဆုံးရှုံးခဲ့သည်။

သူက ချက်ချင်းမပြောဘဲ ပြန်လှည့်ကာ သူတို့ကို ပြန်ကျော်သွားသည်။ သူက မည်သည့်ရောင်ဝါ၊ စွမ်းအင် အတက်အကျ မရှိသည့်တိုင် တပည့်သုံးဦးကို တုန်ယင်သွားစေသေးသည်။

“ယွမ်အာ ပြောပါဦး၊ အကောင်းဆိုတာ ဘာလဲ၊ အဆိုးဆိုတာ ဘာလဲ” လုကျိုးက သာမန်မျှသာ မေးလိုက်သည်။

၎င်းက ရှောင်ယွမ်အာကို ရပ်တန့်သွားစေသည်။ ပြီးနောက် သူမက အရိုအသေပေးသည့်ပုံဖြင့် ပြောသည်။

“လူတွေကို ကူညီတာက ကောင်းပြီ လူတွေကို ထိလိုက်စေတာက ဆိုးတာလား”

၎င်းက လှုံ့ဆော်ခံရသည့် အခိုက်အတန့်တွင် ထွက်လာသည့် အဖြေတစ်ခု ဖြစ်သည်။ ယင်းက မှန်မည်ဟု သူ တစ်ခါ မှမတွေးခဲ့ပေ။

လုကျိုးက အဖြေကို ကြားသောအခါ ခေါင်းခါလိုက်သည်။

“မင်း ဘယ်လိုထင်လဲ လောင်စန်း”

တွမ့်မူရှန်းက ခေါင်းညွတ်ထားလျက် ပြောသည်။

“ကောင်းမှုကုသိုလ်လုပ်တာက ကောင်းပြီး သတ်ဖြတ်၊ မီးရှို့ လုယက်တာက ဆိုးတာလား”

လုကျိုးက ခေါင်းထပ်ခါပြန်သည်။

“လောင်စစ်”

“တိုင်းပြည် ကောင်းကျိုးသယ်ပိုးပြီး လူတွေကို ကူညီတာက ​ကောင်းတယ်၊ လူဆိုးတွေကို ကူညီပြီး မကောင်းတာတွေ လုပ်တာက ဆိုးတာပဲ” ၎င်းက မင်ရှစ်ရင်၏ အဖြေဖြစ်သည်။

လုကျိုးက ခေါင်းခါသေးသည်။

ထိုအဖြေများက အပေါ်ယံဆန်လွန်းပြီး သူလိုချင်တာ မဟုတ်ပေ။

တပည့်လေးဦးက ခေါင်းခါနေသည့် သူတို့ရှစ်စွင်းကို ဇဝေဇဝါမျက်နှာထားဖြင့် ကြည့်နေကြ၏။

လုကျိုးက လက်နောက်ပစ်ထားလျက် ပြောချေသည်။

“ဘ၀မှာ ကောင်းမွန်တဲ့အပြုအမူတွေလုပ်စရာမလိုဘူး၊ တိုင်းပြည်ကောင်းကျိုးသယ်ပိုးတာတွေ လူတွေကို ကူညီတာတွေ လုပ်ဖို့မလိုဘူး၊ လူတစ်ယောက်က လူတိုင်းကို ဘယ်တော့မှ ကျေနပ်စေနိုင်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ ရင်ထဲမှာတော့ လိပ်ပြာမသန့်တာမျိုး မရှိသင့်ဘူး”

သူတို့လေးဦးက ရှုပ်ထွေးသည့် အကြည့်များဖြင့် သူတို့ရှစ်စွင်းကို မော့ကြည့်လိုက်ကြသည်။ သူတို့ဆရာက ယခင်နှင့် မတူတော့ဟု သူတို့ ရုတ်တရက် ခံစားမိလာသည်။

လွန်ခဲ့သည့် တစ်လကမူ သူက မျက်စိထဲ သဘောမတွေ့သူတိုင်းကို သတ်ရန် သူတို့ကို ပြောခဲ့သည်။ သို့သော် ယခုမူ သူက အတွေးအခေါ်ရှိသော မှတ်ချက်များ ပြုလုပ်ခဲ့သည်။ သူတို့အဖို့ မအံ့ဩရန်က ခဲယဉ်းလှသည်။

“ရင်ထဲမှာ လိပ်ပြာမသန့်တာမျိုး မရှိသင့်ဘူး... တပည့် အခု နားလည်သွားပါပြီ။ ရှစ်စွင်းကို စော်ကားတဲ့သူတွေအားလုံးကို တပည့် သေချာပေါက် သတ်ပစ်ပါ့မယ်” ကျောင်းယွဲ့က အံကြိတ်ပြီး ပြောလိုက်သည်။

“…”

သူထိုမျှ ပြောခဲ့သည်က အရာမထင်ပုံပင်။ လုကျိုးက ရယ်ရမည်လား၊ ငိုရမည်လား မသိတော့ချေ။

“ကိစ္စမရှိဘူး၊ မင်း တောင်ပေါ်မှာ နေပြီး ကျန်တဲ့သူတွေနဲ့ အပြစ်ခံယူရင် ပိုကောင်းမယ်” လုကျိုးက ခေါင်းခါလိုက်၏။

ကျောင်းယွဲ့က တောင့်ခဲသွားပြီးနောက် ပြောလိုက်သည်။

“ဒီတပည့်က ရှစ်စွင်းရဲ့ အမိန့်ကို နာခံပါ့မယ်”

ဆိုရလျှင် တပည့်သုံးဦးက ကျိထျန်းတောက်နောက် လိုက်နေခဲ့တာ တော်တော် ကြာခဲ့ပြီဖြစ်သည်။ သူတို့၏ ဘ၀အမြင်နှင့် တန်ဖိုးက နက်ရှိုင်းစွာ အမြစ်တွယ်နေပြီဖြစ်ကာ စကားလုံးအနည်းငယ်ဖြင့် ပြုပြင်၍ မရနိုင်ပေ။ သူမက ဘေးဥပဒ်ကြီးလွန်းပြီး သူမကို တောင်မှ ထွက်သွားခိုင်းစေခြင်းက ဆိုးရွားသည့် အကြံဖြစ်ပေလိမ့်မည်။

လက်ရှိတွင် လုကျိုး၏ ကျင့်ကြံဆင့်က သိပ်ကို အားနည်းလွန်းသည်။ ထို့ကြောင့် ကပ်ဆိုက်မှုက ရှိနေဆဲပင်။ ထို့အပြင် ဂိုဏ်းကို သစ္စာဖောက်မည့် တပည့်ဆိုးများက သူ့ကို မျက်စိဒေါက်ထောက် ကြည့်နေကြတာ ဖြစ်သည်။

လုကျိုးက သူတို့ကို တစ်ချက် ထပ်ကြည့်လိုက်သည်။ သူတို့၏ သစ္စာရှိမှုက ငါးဆယ်ရာခိုင်နှုန်း၊ လေးဆယ့်ငါးရာခိုင်နှုန်းနှင့် ငါးဆယ့်နှစ်ရာခိုင်နှုန်းစီ အသီးသီး တိုးသွားသည်။

ဤတပည့်ဆိုးသုံးဦးက တကယ် ခေါင်းမာသည်။

ကောင်းခြင်းဆိုးခြင်း ပြဿတာကို အချိန်တိုအတွင်း မဖြေရှင်းနိုင်သော်လည်း သူတို့၏ သစ္စာရှိမှုကတော့ ခြောက်ဆယ်ရာခိုင်နှုန်း ကျော်မှရပေမည်။

သူတို့ကို တောင်ပေါ်တွင် နေခိုင်းပြီး အပြစ်ပေးခြင်းက မလုံလောက်ပုံပင်။

လုကျိုးက ဖြည်းဖြည်းချင်းလှည့်သွားကာ ကြည့်ရှုရာ အဆောက်အအုံငယ်ဆီ ပြန်သွားပြီး တင်ပျဉ်ခွေချိတ် ထိုင်လိုက်၏။

“ဒီနေ့ကစပြီး မင်းတို့ အတိတ်တုန်းက ဘာတွေပဲ လုပ်ခဲ့ လုပ်ခဲ့ ငါ လွှတ်ထားနိုင်တယ်၊ ဒါပေမဲ့ မင်းတို့ ထပ်လုပ်ရင် မင်းတို့တွေ သစ္စာမဲ့ပြီး အပြစ်ကျူးလွန်ခဲ့ရင် မင်းတို့ကို လွယ်လွယ် ချမ်းသာမပေးဘူး”

ယခုအခေါက်တွင် ရှောင်ယွမ်အာတောင် ဒူးထောက်ထားပြီး သူတို့လေးယောက်က ထပ်မလုပ်ပါဟု ကတိပေးနေကြသည်။ တပည့်ဆိုးသုံးယောက်၏ သစ္စာရှိမှုက ငါးရာခိုင်နှုန်း တိုးသွားသည်။

ဆိုရိုးစကားအတိုင်း တုတ်ပြပြီးနောက် မုန်လာဥပြကာ “မင်းတို့တွေ ရွှေနန်းဥယျာဉ်တောင်ကို ရောက်ပြီး ငါ့တပည့် ဖြစ်လာပြီဆိုတော့ မင်းတို့ အားလုံးကို ငါ ကာကွယ်မှာပါ”

သူတို့၏ သစ္စာရှိမှုက တစ်ဆယ်ရာခိုင်နှုန်း တိုးသွားစဉ် ရှောင်ယွမ်အာက နှစ် ရာခိုင်နှုန်း တိုးသွား၏။

လုကျိုးက ရင်ထဲ ထောက်ခံလိုက်သည်။ ကာကွယ်ရေးအကြံက သူတို့၏ သစ္စာရှိမှုကို အတော် တိုးစေခဲ့သည်။ ကမ္ဘာလောကကြီးက ကျယ်ပြောပြီး အံ့ဩဖွယ်ရာ အပြည့်ရှိသည်။ နာမည်ကြီးသည့် သမာသမတ်ဂိုဏ်းများစွာ ရှိသည့်တိုင် သူတော်ကောင်းယောင်ဆောင်သူများနှင့် သစ္စာဖောက်များလည်း ရှိသေးသည်။ အပြိုင်အဆိုင်များပြီး ကရုဏာကင်းမဲ့သော လောကတွင်း လူများသည့် လူဆိုးများကို မကြောက်ရဘဲ လူကောင်းယောင်ဆောင်သူများကိုသာ ကြောက်နေရသည်။ ကျင့်ကြံခြင်းလောကက ရယ်ဖွယ်ရာကောင်းလှပြီး အမျိုးမျိုးကွဲနေကာ အကြံအစည်များ အပြည့် ဖြစ်နေသည်။ တစ်စုံတစ်ယောက်၏ ခေါင်းထက်တွင် ခေါင်မိုးရှိနေခြင်းက ဘ၀၏ ကောင်းချီးတစ်ပါး ဖြစ်ပေသည်။

တကယ်တော့ ၎င်းက သူတို့သည် ဤနေရာသို့ လာရောက်ပြီး သူ့ကို ဆရာအဖြစ် အသိအမှတ်ပြုစဉ်က တူညီသည့် အကြံဖြစ်ပေသည်။

“ဒင်... တပည့်ဆိုးသုံးယောက်ကို အပြစ်ပေးတဲ့တာဝန် ပြီးမြောက်ပါပြီ၊ သင်က အမှတ်တစ်ရာ ရရှိမှာပါ”

သူက စနစ်စေ့ဆော်စာကို ကြားလိုက်ရသည်။

“သွားတော့” လုကျိုးက ခပ်ယဲ့ယဲ့ပြောသည်။

“ဟုတ်ကဲ့ ရှစ်စွင်း” တပည့်လေးဦးသည် ရှုမျှော်ရာ အဆောက်အအုံငယ်ထဲမှ ထွက်သွားကြသည်။

သူတို့ရင်ထဲ မပြေလျော့သည့်တိုင် သူတို့က ပိုအံ့ဩပြီး ပဟေဠိဆန်သလို ခံစားရသည်။ အထူးသဖြင့် တပည့်ဆိုး သုံးဦးပင်။ သူတို့က သစ္စာဖောက်ခဲ့သည်တိုင် သူတို့၏ ဆရာက သူတို့ကို ရွှေနန်းဥယျာဉ်တောင်ကိုသာ စောင့်ကြပ်ခိုင်းခဲ့သည်။

၎င်းက မျက်နှာသာကြီးကြီးပေးတာနှင့် မခြားပေ။

ယခင်ကအတိုင်းဆိုလျှင် သူတို့ ပြင်းပြင်းထန်ထန်ရိုက်နှက်ခံရပြီး ဒဏ်ရာဆိုးဆိုးရွားရွား ရနေမှာပင်။

…

တပည့်များအားလုံး ထွက်သွားချိန် လုကျိုးက သက်ပြင်းချပြီး ပုဂ္ဂိုလ်ရေးမှတ်တမ်းကို ဖွင့်လိုက်၏။

အမည်။ ။ လုကျိုး

မျိုးနွယ်။ ။ လူသား

ကျင့်ကြံဆင့်။ ။ ခန္ဓာတည်ဖွဲ့ခြင်း အဆင့်ကိုး

စိတ်ဝိညာဉ်သဏ္ဌာန်။ ။ မရှိ

ကုသိုလ်အမှတ်။ ။ ၂၀၀

ကျန်ရှိသက်တမ်း။ ။ ၃၂၁ ရက်

အသုံးပစ္စည်း။ ။ ကျိထျန်းတောက် အထွတ်အထိပ်သဏ္ဌာန်ကတ်နှစ်ကတ်၊ အတိုက်အခိုက်ဒဏ်ပြင်းကာကွယ်ကတ် ငါးကတ်

ကျင့်ကြံခြင်းနည်းစနစ်။ ။ မရှိ

…

သူက အလွန်အားနည်းသည်။

အထွတ်အထိပ်အသွင်ကို တွေ့ကြုံပြီးနောက် လုကျိုးက သူ့ခန္ဓာ မည်မျှ အားနည်းမှန်း သဘောပေါက်သွားသည်။

ကုသိုလ်အမှတ် နှစ်ရာကို မြင်သောအခါ သူက ပြောလိုက်၏။ “ မဲနှိုက်မယ်”

“ဒင်... မဲတစ်ခါနှိုက်ရင် ကုသိုလ်မှတ် ငါးဆယ်မှတ် ကုန်ပါမယ်၊ မဲနှိုက်တာ ကျရှုံးရင် ကံကောင်းမှတ် တစ်မှတ် ရပါမယ်”

“ဒါက ခေါင်းပုံဖြတ်တာပဲ”

“စျေးဆိုင်”

သူ့မျက်လုံးထဲရှိ ဘုံနယ်ပယ်က ပြောင်းလဲသွားသည်။ စျေးဆိုင်က လက်နက်မျိုးစုံနှင့် ကျင့်စဉ်မျိုးစုံတို့ ပြည့်နေသည်။

“မင်းက စိတ်ဝိညာဉ်သဏ္ဌာန်တောင် ဝယ်နိုင်တယ်လား” လုကျိုးက ဆွံ့အသွားသည်။

စိတ်ဝိညာဉ်သဏ္ဌာန်သည် ကျင့်ကြံသူများ၏ အသန်မာဆုံးကျွမ်းကျင်မှုများထဲမှ တစ်ခု ဖြစ်သည်။ ကျင့်ကြံသူတစ်ယောက်သည် တိကျသည့် နယ်ပယ်တစ်ခုထိ ကျင့်ကြံပြီးချန် သူတို့၏ နတ်ဘုရားအာရုံကို ကြီးမားသည့်စိတ်ဝိညာဉ်သဏ္ဌာန်ထဲ သိပ်သည်းကြသည်။ ကျင့်ကြံသူက ပိုသန်မာလေ သူတို့၏ စိတ်ဝိညာဉ်သဏ္ဌာန်က ပိုသန်မာလေဖြစ်သည်။

ကံဆိုးသည်မှာ အသုံးပစ္စည်းအများစုက နီနေပြီး မဝယ်နိုင်ပေ။

“လက်သင်အဆင့် စိတ်ဝိညာဉ်သဏ္ဌာန် အခြေခံ ထိုက်ကျိ၊ ကုသိုလ်မှတ် သုံးရာ...”

“အသွင်နှစ်မျိုးပြောင်းစွမ်းအား စိတ်ဝိညာဉ်သဏ္ဌာန် တန်ဖိုး ကုသိုလ်မှတ် တစ်ထောင်”

လုကျိုးက အဆင့်အမြင့်ဆုံး စိတ်ဝိညာဉ်သဏ္ဌာန်ဖြစ်သည့် အနန္တအလွန်အတွက် စျေးက မေးခွန်းအမှတ်အသား အတန်းလိုက် ဖြစ်နေတာကို သတိပြုမိလိုက်သည်။

" ... "

All Chapters