ချမှတ်ပေးထားသော တာဝန်များ
Vol. 1 Ch. 9
အခန်း (၉) ချမှတ်ပေးထားသော တာဝန်များ
၎င်းတို့ကို လှန်လှောကြည့်နေပြီးသည့်နောက်မှာတော့ လုကျိုး သတိလစ် မေ့လဲပစ်လိုက်ချင်မိလာသည်။
သူ့ခမျာ တန်ဖိုးအနည်းဆုံး လက်သင်အဆင့် ဝိညာဉ်သဏ္ဌာန်ကိုပင် မတတ်နိုင်။ အကုန်လုံးက ဈေးကြီးနေသည်။
ဤလောက၏ ကျင့်ကြံသူများအတွက် စိတ်ဝိညာဉ်သဏ္ဌာန်ထုတ်နိုင်ခြင်းမှာ အစွမ်းတန်ခိုးအကြီးဆုံး ပညာဖြစ်သည်။ ကျင့်ကြံသူတို့ အဆင့်တက်ရာ၌ ဆင်ပြောင်ကြီး အမြီးကျမှ တစ်ရစေသော အရာလည်း ဖြစ်၏။ မကြာခဏဆိုသလို၊ ကျင့်ကြံသူများစွာတို့သည် ကျင့်ကြံဆင့်နယ်ပယ်တစ်ခုခု၌ အဆင့် မတက်နိုင်ဘဲ ပိတ်မိနေတတ်လေသည်။ တစ်သက်စာ ပိတ်မိနေခြင်းလည်း ဖြစ်သွားတတ်၏။ အကြောင်းကား ၎င်းတို့၏ စိတ်ဝိညာဉ်သဏ္ဌာန်က တိုးတက်မှု မရှိနိုင်သောကြောင့်ပင်။
"ကျသင့်တန်ဖိုး မပြဘူးဆိုတာ ဘာသဘောလဲ" လုကျိုး စူးစမ်းလိုစိတ်ဖြင့် ရေရွတ်လိုက်မိသည်။
အနန္တအလွန်ဟူသည်ကတော့ ဒဏ္ဍာရီများတွင်သာ ရှိသော စိတ်ဝိညာဉ်သဏ္ဌာန်ဖြစ်လေသည်။ ယနေ့ခေတ် ကျင့်ကြံခြင်းလောကတွင်မူ၊ ကျိထျန်းတောက်ကဲ့သို့သော သက်တမ်းရှည် မိစ္ဆာလူဆိုးသည်ပင်လျှင် 'ပွင့်ချပ်ရှစ်လွှာ ဒုက္ခ မိုင်တစ်ရာ ရှုကွင်း ဝိညာဉ်သဏ္ဌာန်'အဆင့်ထိသာ ရောက်နိုင်သေးသည်။
မှန်သည်။ ပွင့်ချပ်ကိုးလွှာ ဒုက္ခမိုင်တစ်ရာ ရှုကွင်း အဆင့်သို့ တက်တော့မယောင် အလားအလာများ ပြနေခဲ့သော်လည်း 'လောက နယ်ပယ်တစ်ထောင် ဝဲဂယက်' ဝိညာဉ်သဏ္ဌာန်အဆင့်ရောက်ခြင်းနှင့်တော့ အကွာကြီး ကွာနေသေး၏။
"အင်း၊ ငါ အဝေးကြီး ကြိုမျှော် မတွေးတာပဲ ကောင်းလိမ့်မယ်... ငါ စိတ်ထားခံယူချက်မှန်ဖို့လိုတယ်"
သူ့ကျင့်ကြံဆင့်မှာ ခန္ဓာတည်ဖွဲ့ခြင်း အဆင့်ကိုးထိ ကျသွားသည်ဖြစ်၍ သူ၏ စိတ်နေစိတ်ထား ခံယူချက်ကိုလည်း အားအင်နည်းပါးသူကဲ့သို့ ပြောင်းလဲသဘောထားနေသင့်လေသည်။ သူ့အဆင့်နှင့် မလှမ်းသာနိုင်သော အရာများကို မမျှော်လင့်နေသင့်။
"ကံစမ်းမဲပဲ စမ်းကြည့်ရအောင်" လုကျိုး ပြောလိုက်တော့သည်။
"တင်း၊ ကံစမ်းမဲ စတင်ပါပြီ"
"တင်း၊ ကံစမ်းမဲ ဆွဲရာမှ ကုသိုလ်ရမှတ် ၅၀ ကုန်ကျပါသည်၊ အကြောင်းပြန်လှန်ကတ်တစ်ကတ် ရရှိပါတယ်"
"ဆက်လက် ကံစမ်းချင်ပါသလား"
"သြော မဲပေါက်နိုင်ခြေ တော်တော်များတာပါလား၊ 'ကျေးဇူးတင်ပါတယ်၊ နောက်တစ်ကြိမ် ပြန်လည်ကြိုးစားပါ' ဆိုတဲ့ အသံမကြားရတာ ယုံတောင် မယုံနိုင်ဘူး၊ ဝိုး..." လုကျိုး အနည်းငယ်တော့ အံ့အားသင့်နေခဲ့သည်။ "ငါ့မှာ ကုသိုလ်မှတ် ၁၅၀ ရှိသေးတယ်... အင်း၊ ငါ့ကျင့်ကြံဆင့် တက်နိုင်အောင်လို့ ဝိညာဉ်သဏ္ဌာန်တစ်ခု ဝယ်နိုင်တဲ့အထိ ဆက်စုထားတာ ကောင်းမယ်"
ပုံမှန် ကျင့်ကြံသွားမည်ဆိုလျှင် ခန္ဓာ ဖွဲ့တည်အဆင့်မှ တက်ရန် တစ်နေသည့် ကိစ္စကို အလျင် ကျော်လွှားနိုင်ရမည်။ ပြီးနောက် စိတ်နက်နဲမှု ထုဆစ်ခြင်းအဆင့်ကိုရောက်မည်။ ထိုမှသာ လက်သင်အဆင့် စိတ်ဝိညာဉ်သဏ္ဌာန်ကို ကျွမ်းကျင်စွာ အသုံးပြုတတ်မြောက်နိုင်မည်ဖြစ်၏။
သို့သော် ယခုတော့ သူ စနစ်ဆိုင်တန်းထဲမှ စိတ်ဝိညာဉ်သဏ္ဌာန်များကို ဝယ်နိုင်မည်ဖြစ်၍ ကျင့်ကြံဆင့် တက်သည့်အဖြစ်မျိုး ကြုံရတော့မည်မဟုတ်ပေ။
"ငါ့ကို တာဝန်တွေ ပြစမ်း"
"လက်ရှိ အဓိက တာဝန်: [ယုတ်မာဆိုးသွမ်းသော တပည့်များကို ထိန်းကျောင်းသွန်သင်ပါ] တစ်ရက် သွန်သင် ဆုံးမသူကား တစ်သက် အဖပမာ မည်၏။ ဆရာကို အာခံ၍ သစ္စာဖောက်သူများသည် သစ္စာမဲ့ကြသည်၊ ထိုသစ္စာမဲ့သူများသည် ခွေးဝက်တို့ထက် ယုတ်ညံ့ကြကုန်၏။ တပည့်များကို သွန်သင်ပဲ့ပြင်လိုက်ပြီး ၎င်းတို့၏ သစ္စာစောင့်သိမှုကို မြှင့်တင်လိုက်ပါ"
"တာဝန်ခွဲ #၁: စီယွမ်အာ၏ သစ္စာစောင့်သိမှုကို မြှင်တင်ရန်။ အောင်မြင်ပြီးစီး"
"တာဝန်ခွဲ #၂: အကျင့်မကောင်းသော တပည့်သုံးယောက်ကို အပြစ်ပေးရန်။ အောင်မြင်ပြီးစီး"
"တာဝန်ခွဲ #၃: ကျူးဟုန်ကုန်းကို သွန်သင်ပဲ့ပြင်ရန်။ လုပ်ဆောင်နေဆဲ..."
"တာဝန်ခွဲ #၄: မိစ္ဆာဟူသမျှ သုတ်သင်ရမည်။ အခြေအနေကို ပြောင်းလဲပါ။ လုပ်ဆောင်နေဆဲ..."
တာဝန် စာမျက်နှာ အသစ်ပေါ်လာသည်ကို တွေ့ရသောအခါ လုကျိုး သက်ပြင်းတစ်ချက် ချလိုက်မိတော့သည်။
"၈ ယောက်မြောက်တပည့်ကို သွန်သင်ရမယ်ဆိုတော့ ငါ သူ့ကို လိုက်ရှာရမှာပေါ့... လက်ရှိ ငါ့ ကျင့်ကြံအဆင့်နဲ့ဆို သေတွင်းတူးသလို ဖြစ်နေတော့မှာပဲ" လုကျိုး မိမိကိုယ်ကို ရေရွတ်နေလိုက်သည်။
"ကိစ္စတိုင်းကို သေချာ သုံးသပ်ရမယ်၊ တစွတ်ထိုး ပြုမူလို့ မဖြစ်ဘူး"
သူ တပည့်ဆိုး သုံးယောက် အကြောင်းစဉ်းစားလိုက်မိသည်။ သူ သူတို့သုံးယောက်ကို အပြစ်ပေး ထိန်းချုပ်ထားခြင်း မပြုဘဲ အနားမှာ ထားလျှင်ပင် သူ့အတွက် အန္တရာယ်များလွန်းနေသည်။ စင်စစ်တကယ်တမ်း သူ့သိုင်းပညာ အဆင့်မည်မျှ ရောက်နေသည်ဟူသော အမှန်တရားက အနှေးနှင့် အမြန်ဆိုသလို ပေါ်ပေါက်သွားနိုင်လေသည်။
ရှောင်ယွမ်အာတစ်ယောက်သာ စိတ်ချရသည်။
သူမ၏ ကျင့်ကြံဆင့်က နတ်ဒေဝါ ဦးတည်နယ်ပယ်ဖြစ်ပြီး သူမ၏ သစ္စာစောင့်သိမှုကလည်း အမြင့်ဆုံးဖြစ်သည်။ သူမက အသက်အငယ်ဆုံးလေးလည်း ဖြစ်၏။ ထို့ကြောင့် သူ့အနားမှာ ထားရန် အသင့်တော်ဆုံးသော တပည့်တစ်ဦးဖြစ်လေသည်။ သူမကို သူလည်းပဲ ဘဝလမ်းကြောင်း အမှန်တရားကို သင်ပြလမ်းညွှန်ပေးနိုင်မည်။ ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင် ပစ်နိုင်ခြင်းပင်တည်း။
ထိုသို့ အတွေးပေါက်ပြီးသော် လုကျိုးသည် ဖြည်းညင်းစွာ ထလိုက်ကာ မိစ္ဆာဝေဟင်မျှော်နန်းသို့ ပြန်လာလိုက်တော့လေသည်။
"ငါ့မှာ အကြောင်းပြန်လှန်ကတ်တစ်ကတ် ရှိသေးတယ်၊ ဒါကို အရင်ဆုံး သုံးရမယ်"
မိစ္ဆာဝေဟင်မျှော်နန်းမှာ ရွှေနန်းဥယျာဉ်တောင် ထိပ်၌ ရှိပြီး ကျိထျန်းတောက်နှင့် တပည့်များ နေထိုင်ရာ အိမ်ဆောင်နန်းတော်ဖြစ်လေသည်။ ငြိမ်းချမ်း၍ တိတ်ဆိတ်သော နေရာလည်း ဖြစ်၏။
…
သုံးရက်အကြာ၊ ကျားတောင်ရိုးဂိုဏ်း၏ ဌာနချုပ်၌...
"စုံစမ်းတာ အခြေအနေက ဘယ်လိုလဲ"
"ရွှေနန်းဥယျာဉ်တောင်ဆီကို ကျွန်တော် လှည်းယာဉ်ပျံနဲ့ လူတချို့ အမြန်စေလွှတ်ပြီး ကြည့်စေလိုက်ပါတယ်၊ အဲဒီမှာ တိုက်ပွဲ ပြင်းထန်နေတာမို့ ကျွန်တော့်လူတွေ သိပ် မကပ်ရဲကြဘူး၊ ဒါပေမဲ့... ဒါပေမဲ့ အဲဒီက ပြန်လာတဲ့ တချို့ ကျင့်ကြံသူတွေ ပြောကြတာတော့ စိတ်ဝိညာဉ်သဏ္ဌာန် သုံးသွားတာကို မျက်ဝါးထင်ထင် တွေ့လာခဲ့ကြပါတယ်တဲ့"
"ဝိညာဉ်သဏ္ဌာန်တဲ့လား၊ ဘယ်လို မျိုးလဲ"
"ဝိညာဉ်သဏ္ဌာန်ဟာ ပေတစ်ရာမြင့်ပြီး ပေနှစ်ဆယ် လုံးပတ်ရှိပါတယ်၊ ဘေးပတ်ပတ်လည်မှာ ရွှေရောင် ကိုယ်ရောင်ကိုယ်ဝါ ပတ်ခြံရံနေပြီး အောက်မှာ ပွင့်ချပ်ရှစ်လွှာ ရွှေကြာပန်း ပွင့်နေပါတယ်"
ဝုန်း...
ကျူးဟုန်ကုန်း ထိုင်နေရာ ပလ္လင်ထက်မှပင် ပြုတ်ကျသွားတော့လေသည်။ အင်အားကြီး သြဇာအပြည့်ရှိသော ဂိုဏ်းချုပ်ဟိတ်ဟန်လည်း ပျောက်သွားတော့သည်။
သူ့မျက်နှာထိမျက်နှာထားမှာလည်း သိသိသာသာ ပျက်ယွင်းနေပြီး ခြေများက တုန်နေသည်။
ရွှေနန်းဥယျာဉ်တောင်နား၌ ပေတစ်ရာအမြင့်ရှိသော စိတ်ဝိညာဉ်သဏ္ဌာန်ပိုင်ဆိုင်နိုင်သူမှာ သူ၏ ဆရာသခင်သာ ရှိတော့သည်။ ဒုက္ခမိုင်တစ်ရာ ရှုကွင်း သဏ္ဌာန်ကို ထုထည်အသွင်ယူသွားပြီးလျှင် ကြာပွင့်လွှာ တစ်ချပ်တိုးလေတိုင်း ၁၀ ပေ ပို၍ မြင့်လာတတ်လေသည်။
ကျူးဟုန်ကုန်း တစ်ကိုယ်လုံး တုန်နေတော့သည်။ 'အဲ့ဒါ တကယ်ကြီး ရှစ်စွင်းပဲ... ငါ ဘယ်လို လုပ်ရတော့မလဲ၊ ငါ ဘယ်လိုလုပ်ရပါ့မလဲ...'
မိစ္ဆာဝေဟင်မျှော်နန်းအတွင်းတွင်မူ...
လုကျိုး အကြောင်းပြန်လှန်ကတ်ကို အသုံးပြုလိုက်ပြီး သူ့အသက်ကို ၆၁၃ ရက်အထိ ပြန်တိုးလိုက်နိုင်လေသည်။ ရက်အနည်းငယ်မျှ အနားယူပြီးသောအခါ သူ ပို၍ အားအင်ပြည့်ဖြိုးသွားတော့သည်။
"ဒီကတ်က ငါ့ကို ရက် ၃၀၀ ပဲ ထပ်ပေးတယ်၊ အရင်တစ်ခါရတဲ့ ကတ်လောက်လဲ မကောင်းဘူး" လုကျိုး တစ်ကိုယ်တည်း ရေရွတ်နေလိုက်မိသည်။
သူ ပို၍လည်း ငယ်နုသွားလေသည်။ ရုပ်ရည်သွင်ပြင်အရတော့ သိပ်အများကြီး မပြောင်းလဲသွား။ ဆံနက်တချို့ ပေါက်လာသည်နှင့်၊ ပို၍ တက်ကြွ သွက်လက်လာသယောင်ရှိခြင်းမျှသာ။
"ငါ့မှာ ကုသိုလ်မှတ် ၁၅၀ ရှိသေးတယ်... နည်းလွန်းလိုက်တာ"
လုကျိုး စိတ်ထဲမှာ ရောပြွန်းနေသည့် ကျင့်ကြံလမ်းစဉ် အရှုပ်အထွေးများအတိုင်း မလေ့ကျင့်တော့ပေ။ တပည့်များကို သင်ထားသည့် နည်းလမ်းအတိုင်းလည်း လိုက်မကျင့်ကြံပေ။ ထိုအစား စနစ်ဈေးတန်းမှ ကျင့်ကြံနည်း ကျမ်းအသစ်များ လဲလှယ်ဝယ်ယူပြီး ကျင့်မည်ဟု ဆုံးဖြတ်လိုက်သည်။
သူ ကျိထျန်းတောက်၏ ခြေရာအမှားကို လိုက် မနင်းလိုပေ။
လူတစ်ယောက်၏ ကောင်းသည်၊ ဆိုးသည်တို့ကို ဘေးအပြင်လူတစ်ယောက်က အကဲခတ် တန်ဖိုးဖြတ်ခြင်းမပြုသင့်သော်လည်း ကျိထျန်းတောက်၏ စရိုက်နှင့် သူတစ်ပါးကို ဆက်ဆံပုံတို့ကြောင့် ဤအခြေအနေထိ ကျရှုံးသွားရသည်ဟု လုကျိုး တွေးမိသည်။ မိမိ၏ တပည့်များက တော်လှန် သစ္စာဖောက်ဝံ့သည့်အခြေအနေမျိုး ရောက်ရသည်အထိ ဖြစ်သွားခဲ့ရသည်။ ထို့အပြင် လူတစ်ယောက် မကောင်းမှု ပြုနိုင်သည့် အတိုင်းအတာမှာ သူ လေ့ကျင့် ကျင့်ကြံခဲ့သော နည်းလမ်းများ သိုင်းစဉ်များနှင့် ဆက်နွယ်မှုရှိသည်ဟု လုကျိုး ယူဆလေ၏။
သူ အတွေးလွန်နေစဉ်မှာပင် အပြင်ဘက်ဆီမှ အသံတစ်သံ ပြန့်လွင့်ဝင်လာလေသည်။
"ရှစ်စွင်း၊ ရှောင်ယွမ်အာ ရှစ်စွင်းကို တွေ့ချင်လို့ပါ"
"ဝင်လာခဲ့..."
ရှောင်ယွမ်အာသည် တံခါးကို တွန်းဖွင့်၍ ခြေလှမ်းသေးသေးလေးများဖြင့် ဝင်လာလေသည်။ သူမ၏ ဆရာသခင် ကြမ်းပြင်ပေါ်၌ တပလ္လင်ခွေခြေချိတ်ထိုင်နေသည်ကို တွေ့သောအခါ သူမ ရယ်ကာ ပြောမိလေတော့သည်။
"ရှစ်စွင်း၊ ပိုပို နုလာသလိုပဲနော်"
"စကားကို သကာရည်လူးပြီးပြောနေတယ်" လုကျိုး လက်တစ်ဖက်လှမ်းလိုက်ကာ သူမ ခေါင်းကို အသာခေါက်လိုက်တော့သည်။
"ရှစ်စွင်းက သိပ်စွမ်းတာပဲ"
"ဟုတ်လို့လား"
"ရှစ်စွင်းကလေ ထိပ်သီးဆယ်ယောက်ကို တစ်ကိုယ်တည်း ယှဉ်ပြိုင်ပြီး နှင်ထုတ် မောင်းချနိုင်တဲ့ သူပဲ၊ လောကမှာ အဲ့သလိုလူမျိုး ရှစ်စွင်းတစ်ယောက်ပဲ ရှိမယ်" ရှောင်ယွမ်အာသည် လေးစားကြည်ညို ချစ်ခင်စွာဖြင့် ဆိုလာလေသည်။
လုကျိုး နှုတ်ဆိတ်နေလိုက်သည်။ သူ ထိုသို့ လုပ်ဆောင်နိုင်ခြင်းမှာ အတွေ့အကြုံ အစမ်းကတ်များတန်ခိုးဖြင့် လုပ်နိုင်ခြင်းဖြစ်သည်။ ထို့ကြောင့် ဝင်၍ ဂုဏ်ဆာ မာန်တက်နေစရာ အကြောင်းမရှိပေ။
ရှောင်ယွမ်အာကတော့ သူမ၏ မျက်လုံးရွှဲကြီးများကို တပုတ်ခတ်ခတ်လုပ်ကာ ဆိုလာတော့သည်။ "ရှစ်စွင်း အရင်ကလေ ရှစ်စွင်း ယွမ်အာ့ကို သင်ပေးဖူးတာ၊ ကျွန်မတို့တွေ အားတန်သရွေ့ အင်အားရှိနေသရွေ့ ကိုယ်နိုင်သရွေ့ ဘယ်သူ့ကို မဆို သတ်ပစ်လို့ရတယ်ဆို၊ ဒါပေမဲ့ ရှစ်စွင်း ဘာလို့ ရှစ်ရှိုးတို့ ရှစ်ကျဲတို့ကို မသတ်လိုက်တာလဲ"
". . ."
လုကျိုး အကြည့်များက ရှောင်ယွမ်အာဆီ ရောက်သွားတော့သည်။ ဤကလေးမငယ်၌ ဤမျှ ကြောက်စရာကောင်းသော အတွေးမျိုး ရှိနေမည်ဟု သူ ထင်မထားခဲ့ပေ။
"ယွမ်အာ"
"ဟုတ် ရှစ်စွင်း"
"အရင်တုန်းက ရှစ်စွင်း သင်ပေးခဲ့တဲ့ ဆုံးမစကားတွေ၊ လမ်းညွှန်ချက်တွေအကုန် မေ့ပစ်လိုက်တော့..."
"ဟင်... ဟုတ်ကဲ့"
သူမမျက်နှာဝယ် ချီတုံချတုံ ဖြစ်နေသေးသည်ကို သူ သတိထားမိလိုက်ပြန်သည်။ သူ ခေါင်းတစ်ချက်ခါလိုက်ကာ ပြောလိုက်တော့သည်။
"ပြောစရာရှိတာသာ ပြောစမ်း... ငါ မင်းကို အပြစ်မတင်ပါဘူး"
"ရှစ်စွင်း၊ အရင်က ယွမ်အာကို ကတိပေးထားတယ်လေ... အဲ့ဒါကိုလဲ ယွမ်အာ မေ့လိုက်ရမှာလားဟင်" ရှောင်ယွမ်အာခမျာ သတ္တိတို့စုဆောင်း၍ မေးလိုက်ရှာလေသည်။
'ဟို လူဆိုးကြီးက သူ့ကို ဘာကတိတွေ ပေးထားခဲ့သတုံး'
လုကျိုး မှတ်ဉာဏ်များထဲ ပြန်ရှာကြည့်သည်။ သို့သော် ဘာမျှ ရေရေရာရာ မမှတ်မိလာ။ ဒီလူယုတ်မာကြီး၏ ခန္ဓာကိုယ်ထဲ သူ ရောက်လာပြီးနောက် မှတ်ဉာဏ်အများစုပါ ပျောက်သွားဟန် ရှိလေသည်။
"ရှစ်စွင်း မင်းကို ဘာကတိပေးထားလို့လဲ" လုကျိုး ပဟေဠိဖြစ်နေသည်။
"ရှစ်စွင်း... ကျွန်မ နတ်ဝိညာဉ်ဦးတည်နယ်ပယ်ရောက်တာနဲ့ ကျောက်စိမ်းမြင်းမြီးယပ်ပေးမယ်လို့ ကတိပေးထားတာလေ..."
ထိုကတိအကြောင်းကို လုကျိုး မမှတ်မိတော့သော်လည်း ကျောက်စိမ်းမြင်းမြီးယပ်ကိုတော့ သိသည်။ ၎င်းမှာ ကျင့်ကြံသူ၏ အစွမ်းတန်ခိုးကို ပိုတိုးစေသော ကောင်းကင်အဆင့်ရတနာ ဖြစ်လေသည်။
သို့သော် လုကျိုး ကျိထျန်းတောက် ခန္ဓာကိုယ်ထဲ ရောက်လာပြီးသည်မှစ၍ သူ၏ ရတနာပစ္စည်းများ အားလုံး ပျောက်ခြင်းမလှ ပျောက်သွားခဲ့လေပြီ။ သူမကို ဘာသွားပေးရတော့မည်လဲ။
ပစ္စည်းများကို လူယုတ်မာကြီး ဝှက်ထားသည်ကို လုကျိုး နားလည်ပါသည်။ သူ့တပည့်များ၏ သစ္စာဖောက်သွားမှုက သူ့သြဇာအာဏာသက်ရောက်မှုအပေါ် စိန်ခေါ်လျက်ရှိသည်။ တပည့်များကို နှိမ်မထားနိုင်လျှင် သူ့ကို အနှေးနှင့် အမြန် တပည့်အားလုံး သစ္စာဖောက်ကုန်ကြရော့မည်။ မတတ်သာ၍ ပြုခဲ့မိသော လုပ်ရပ်ပေ။
သို့သော် ပြောပြီးသော စကားမှာ ထွေးပြီးသား တံတွေးကဲ့သို့ဖြစ်၏။
"ဒါပေါ့၊ အဲ့ကတိလဲ မင်း မေ့ပစ်ရမယ်"
ရှောင်ယွမ်အာ စိတ်အပျက်ကြီး ပျက်သွားရတော့သည်။
လုကျိုးကတော့ ဆက်ပြောလေသည်။
"ဒါပေမဲ့ ရှစ်စွင်း မင်းကို တခြား ကောင်းကင်အဆင့် ရတနာတစ်ခု ပေးမယ်၊ မြင်းမြီးယပ်ဆိုတာက အဘိုးကြီး အဘွားကြီးတွေပဲ ကိုင်ကြတာ၊ မင်းလို ကလေးမလေးနဲ့ဆို ကြည့်ကောင်းမှာ မဟုတ်ဘူး"
ထိုသို့ကြားသောအခါ ရှောင်ယွမ်အာ လွန်စွာ ဝမ်းသာသွားတော့လေသည်။ သူမ ချက်ချင်း ဦးညွတ်လိုက်ကာ ပြောလိုက်သည်။
"ကျေးဇူးပါ ရှစ်စွင်း"
လုကျိုး ခေါင်းအသာညိတ်ကာ ဆက်ပြောလိုက်သည်။
"ငါ့မှာ မင်းအတွက် တာဝန်တစ်ခုရှိတယ်"
"ရှစ်စွင်း အမိန့်ရှိပါ"
"အခုတလော ရွှေနန်းဥယျာဉ်တောင်တဝိုက်မှာ ရှစ်စွင်းတို့ကို စောင့်ကြည့်နေတဲ့ သမာသမတ်ကျင့်ကြံသူတွေ ရှိနေသေးတယ်၊ သူတို့ကို ရှင်းပေးရမယ်"
"ကျွန်မ တာဝန် အောင်မြင်အောင်ထမ်းဆောင်ပါမယ်"
"အခုသွားတော့"
သူမ မိစ္ဆာဝေဟင်မျှော်နန်းမှ ထွက်လာပြီးသည်နှင့် တောင်ခြေသို့ လျင်မြန်စွာ ပျံဆင်းလာလိုက်သည်။ ပျံလွှားငှက်ငယ်ပမာပင်။ ၁၀ မိနစ်ခန့်ကြာသောအခါ လုကျိုးတစ်ယောက် စနစ်၏ အသိပေးသံကို ကြားရတော့လေသည်။
"လူဆိုးတစ်ယောက်ကို သတ်လိုက်သည့်အတွက် ကုသိုလ်မှတ် ၁၀ မှတ်ရပါသည်"
"လူဆိုးတစ်ယောက်ကို သတ်လိုက်သည့်အတွက် ကုသိုလ်မှတ် ၁၀ မှတ်ရပါသည်"