လမ်းစဥ်အသစ်လား
Vol. 1 Ch. 12
အခန်း (၁၂) လမ်းစဥ်အသစ်လား
"ရှောင်ယွမ်အာ၊ မင်းဘယ်မှာလဲ"
"ဟုတ်ကဲ့ ရှစ်စွင်း"
အပြာရောင်အဝတ်အစားများ ဝတ်ဆင်ထားပြီး ရှောင်ယွမ်အာက အပြင်ကနေ တဟုန်ထိုး ပြေးဝင်လာသည်။
"မင်းရဲ့အစ်ကို၊ အစ်မတွေကို အပြစ်မရှိတဲ့လူတွေကို ကြင်ကြင်နာနာ ဆက်ဆံရမယ်လို့ အသိပေးလိုက်"
"ကြင်ကြင်... ကြင်ကြင်နာနာလား" ရှောင်ယွမ်အာနှာ သူမ ရှစ်စွင်းပါးစပ်ထဲမှ ထိုစကားလုံး ထွက်လာတာကို ကြားချိန် မယုံကြည်နိုင်ဖြစ်နေသည်။
"အခုသွားတော့"
"ကျွန်မ အခု ချက်ချင်းသွားအသိပေးလိုက်ပါ့မယ်"
မယုံမကြည်မှုများနှင့် ပြည့်နေရင်း ရှောင်ယွမ်အာမှာ တောင်ခြေဆီဆင်းသွားသည်။ လုကျိုးပြောခဲ့သည့် စကားလုံးများကို သူမ မိစ္ဆာတပည့်သုံးယောက်အား ပြောပြလိုက်ချိန် ကျောင်းယွဲ့မှာ ချော်လဲလုနီးပါးဖြစ်သွားသည်။
"စစ်ကော၊ ရှစ်စွင်းရဲ့ လုပ်ထုံးလုပ်နည်း အသစ်က တစ်ခုခုလွဲနေတာပဲ ဖြစ်ရမယ်... သူ့အရသာဘယ်လောက်ပြောင်းပြောင်း သူက ဘယ်တော့မှ တခြားသူတွေကိုကြင်ကြင်နာနာ ဆက်ဆံခိုင်းမှာမဟုတ်ဘူး"
မင်ရှစ်ရင်က ရှောင်ယွမ်အာကိုကြည့်ကာ မေးလိုင်သည်။
"ရှစ်မေ့၊ ရှစ်စွင်းက တကယ်ပဲ အဲလိုပြောတာလား"
"ဟုတ်တယ်၊ အဲဒါ ရှစ်စွင်း စကားအတိအကျပဲ၊ အပြစ်မဲ့တဲ့လူတွေကို ကြင်ကြင်နာနာဆက်ဆံတဲ့"
"သွားပြီ... ငါတို့လုံးဝသွားပြီ..." မင်ရှစ်ရင်က ရှေ့နောက် ထပ်တလဲလဲ လမ်းလျှောက်နေသည်။
"လောင်စစ်၊ မင်းအဲဒါဘာဆိုလိုတာလဲ"
တွမ့်မူရှန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ရှစ်စွင်းက တစ်ဘဝလုံးဆိုးဝါးတဲ့ အရာတွေပဲ လုပ်ခဲ့တာ၊ ဒါကြောင့် တကယ်လို့ လမ်းကြောင်းအသစ် ကစားချင်ရင် 'ကြင်နာမှု'နဲ့ပဲ ကစားနိုင်မှာလေ"
"ဒါပေမဲ့ အဲဒါက ငါတို့အဆုံးသတ်သွားပြီလို့ မဆိုလိုဘူးလေ"
ကျောင်းယွဲ့က အပြုံးတစ်ခုနှင့်ပြောသည်။
"ပြဿနာက ဘယ်လိုကြင်နာရမလဲ ငါမှမသိတာ"
မင်ရှစ်ရင် ငိုကြွေးချင်သလို ခံစားနေရသော်ငြား မျက်ရည်ကမရှိပေ။
"..."
သူမ၏ ကူကယ်ရာမဲ့နေသော အစ်ကိုအစ်မများကိုကြည့်ကာ ရှောင်ယွမ်အာမှာ လည်ချောင်း ရှင်းလိုက်သည်။
"ရှစ်ကောတို့အရမ်းတွေးလွန်းရာ ကျမနေဘူးလား"
သူတို့အကြည့်များက သူမ အပေါ်တစ်ပြိုင်နက် ကျရောက်သွားသည်။
"မင်းက ရှစ်စွင်းနဲ့သိပ်ရင်းနှီးတော့ ငါတို့မသိတဲ့ လျှို့ဝှက်ချက်တချို့တစ်လေများသိသလား ရှောင်ယွမ်အာ"
"ဟုတ်ပ၊ ငါတို့ကိုမြန်မြန်ပြောစမ်း"
"လျှို့ဝှက်ချက်တော့မရှိပါဘူး၊ ဒါပေမဲ့ ရှစ်စွင်းက တကယ်ကျွန်မကို တစ်ခုပြောဖူးပါတယ်..."
"ဘာများလဲ"
"လူတွေကိုသတ်တာက ပြဿနာဖြေရှင်းဖို့ တစ်ခုတည်းသော နည်းမဟုတ်ပါဘူးတဲ့"
ထိုစကားက တပည့်သုံးယောက်အား ကြောင်သွားစေသည်။
"အဲလောက်ထိ မရိုးရှင်းဘူးဆိုတာ ငါသိတယ်၊ ရှစ်စွင်းမှာ ထိတ်လန့်စရာ ကျင်ကြံဆင့်ရှိပေမဲ သူက ဒီလောက်လေးနက်တာကို ဘယ်တော့မှ ပြောနိုင်မှာမဟုတ်ဘူး"
မင်ရှစ်ရင်က သူ့ပေါင်ကိုသူရိုက်လိုက်သည်။
ထိုစဥ် ကျားတောင်ရိုးဂိုဏ်း၏ ပင်မနေရာ...
"ခေါင်းဆောင်၊ လရောင်စွတ်နန်းတော်ကနေ ပြန်စာရေးလာပါတယ်..."
"စာထဲ ဘာပြောထားလဲ" ကျူးဟုန်ကုန်းမှာ အပျော်လွန်သွားခဲ့သည်။
"လရောင်စွတ်နန်းတော်ရဲ့ သခင်က ပြောပါတယ်၊ ရွှေနန်းဥယျာဥ်တောင်ရဲ့ မိစ္ဆာအိုကြီးက ကောင်းကင်ဓားဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်ကို တစ်ချက်တည်းနဲ့ သတ်နိုင်မှတော့ သူ့ကျင့်ကြံမှုအဆင့်က ပြန်ရသွားပြီဆိုတဲ့ အဓိပ္ပာယ်တဲ့၊ ဒါကြောင့် ခေါင်းဆောင်ကို မကူညီနိုင်ဘူးလို့ ပြောပါတယ်၊ သူက ခေါင်းဆောင်က အားအနည်းဆုံးမို့ ပုန်းနေဖို့လည်း ပြောပါတယ်"
ကျူးဟုန်ကုန်းက မြေကြီးပေါ် ပြုတ်ကျသွားသည်။ သူ့ကျောတစ်လျှောက် ကြက်သီးထသွားပြီး ချွေးစေးများနဖူးပေါ် စီးကျလာသည်။
"ဘာလို့ ဒီလိုဖြစ်နေရတာလဲ၊ ရှစ်စွင်းက ဘယ်လိုလုပ် အဲလောက်အားကြီးနေရတာလဲ"
"အကြီးအကဲ"
"သွေးမပျက်နဲ့... စိတ်ငြိမ်ငြိမ်ထား၊ ငါဒီမှာ ရှိနေပါသေးတယ်၊ ဘာလို့ အဲလောက် ကြောက်ဖို့လိုနေရတာလဲ"
…
"တင်း... ကျူးဟုန်ကုန်းအား ယဥ်ပါးစေသည့်အတွက် ကုသိုလ်အမှတ် ၅၀ ဆုရပါသည်"
လုကျိုးမှာ အချက်ပေးသံကြားရချိန် အတော်လေးဇဝေဇဝါဖြစ်သွားသည်။
'ငါ ကျူးဟုန်ကုန်းကို ဘာမှလည်းမလုပ်ဘဲ သူနဲ့ပတ်သက်တဲ့ ကုသိုလ်အမှတ် ဘာလို့ဆုရတာပါလိမ့်'
သူက စာရင်းကိုလှမ်းကြည့်လိုက်သည်။
အမည် : လုကျိုး
မျိုးနွယ် : လူသား
ကျင့်ကြံအဆင့် : စိတ်နက်နဲမှု ဥာဏ်ပွင့်ခြင်းနယ်ပယ်၊ နှလုံးအပေါက်ကျဥ်း။
ကုသိုလ်အမှတ် : နှစ်ရာလေးဆယ့်လေး
ကျန်ရှိသက်တမ်း : ခြောက်ရာ့တစ်ဆယ်ရက်
အသုံးပစ္စည်း : ကျိထျန်းတောက် အထွတ်အထိပ် သဏ္ဌာန်ကဒ် ၂ကဒ်၊ အတိုက်ခိုက်ဒဏ်ပြင်းကို ကာကွယ်နိုင်သော ကဒ် ၅ကဒ်
သူ အတော်လေး အားနည်းနေသေးသည်။
ကုသိုလ်ရမှတ်များကို စုဆောင်းရန် နည်းလမ်းအသစ်ရှာတွေ့ပြီဖြစ်သော်ငြား ထိုအသုံးပစ္စည်းများမှာ အနည်းဆုံး ကုသိုလ်ရမှတ် တစ်ထောင်ကုန်ကျသည်။ အခုလက်ရှိ သူ့တွင် ရှိသည့် ကုသိုလ်ရမှတ်များက ပင်လယ်ထဲက ရေစက်လေးတစ်စက်ပမာပင်။
ဒီကုသိုလ်အမှတ်များက ကံစမ်းမဲနှိုက်ရန်လောက်သာ လုံလောက်သည်။
"ကံစမ်းမဲနှိုက်မယ်"
"တင်း... ဤကံစမ်းမဲက ကုသိုလ်ရမှတ် ၅၀ ကုန်ကျပါတယ်၊ နတ်ခြင်္သေ့တစ်ကောင်ကို ရရှိပါတယ်"
"နတ်ခြင်္သေ့ ဆိုတာ တမူထူးခြားပြီး အမြဲစီးလို့ရတဲ့အရာပဲ"
လုကျိုး သူ့အိုမင်းနေသော မျက်လုံးများကို မပြူးဘဲ မနေနိုင်တော့ဘဲ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်မိသည်။
"နတ်ခြင်္သေ့တစ်ကောင်တဲ့"
ဒါက ကောင်းကင်ကို စိန်ခေါ်သည့် ဆုကြေးပင်။
ကျိထျန်းတောက်တွင် အမျိုးမျိုးသော ကျင့်ကြံစဥ်နည်းလမ်းများ၊ လက်နက်များနှင့်ဒီလိုရှားပါးသော စီးတော်ယာဥ်ပင် ပိုင်ခဲ့သည်။ တကယ်တမ်းကျ သူက နှစ်တစ်ထောင်နေထိုင်ခဲ့သည့် မကောင်းဆိုးဝါးအိုကြီးဖြစ်၏။ သေချာပေါက် သူ ပစ္စည်း အများကြီး စုဆောင်းခဲ့မှာပင်။ သို့သော်ငြား အခုတော့ လုကျိုးက ကျိထျန်းတောက် နေရာဝင်ယူသွားပြီဖြစ်ကာ ဘာမှ မပိုင်ဆိုင်တော့ပေ။ သူက အင်မတန်ဆင်းရဲလွန်း၏။
သူ ဒီလိုကံစမ်းမဲနှိုက်မှုကနေ ရှားပါး စီးတော်ယာဥ်ကိုရမည် မမျှော်လင့်ခဲ့ပေ။
တာ့ရန်လောကကြီးတွင် ထူးဆန်းပြီး မှင်တက်စရာကောင်းသည့် အရာများပြည့်နေသည်။ နတ်ဆိုးသားရဲများ ဒါမှမဟုတ် တောရိုင်းသားရဲများကို စီးတော်ယာဥ်အဖြစ် မဖမ်းနိုင်သူများက လေထဲပျံနိုင်ရန် ယာဥ်ပျံများ တည်ဆောက်ရန် နည်းလမ်းရှာလျှင်ရှာ၊ မဟုတ်လျှင် ဓားပျံသိုင်းကို လေ့လာလျှင်လေ့လာကြ၏။ သို့တိုင် မည်သည့်အရာကမှ စီးတော်ယာဥ်အစစ်လောက် အထင်ကြီးဖွယ်မကောင်းပေ။
ခေတ်သစ်မှာသာဆိုလျှင် နတ်ခြင်္သေ့တစ်ကောင်မှာ စျေးအကြီးဆုံးဇိမ်ခံကားနှင့် တူလိမ့်မည်။ ၎င်းက အဆင့်အတန်းကို ကိုယ်စားပြု၏။
လူတစ်ယောက် ထိန်းချုပ်နိုင်သည့် တောရိုင်းသားရဲတစ်ကောင် အဆင့်မြင့်လေလေ ပိုပြီးသန်မာမည်မှာလည်း သဘာဝပင်။
"နတ်ခြင်္သေ့" လုကျိုးခေါ်ထုတ်လိုက်သည်။
သူ့အသံကြားချိန် ခြင်္သေ့ကိုယ်ထည်နှင့် ဦးချိုနှစ်ချောင်း၊ လည်ဆံမွေးနှင့် တောက်ပလှသော နတ်ခြင်္သေ့တစ်ကောင်မှာ အလင်းရောင်များဖြင့် လွှမ်းခြုံနေပြီး တိမ်တိုက်များပေါ်နင်းကာ မိစ္ဆာဝေဟင်မျှော်နန်း ဝန်းထဲ ဆင်းသက်လာသည်။
လုကျိုး ခဏတာ တောင့်တင်းနေပြီး တောက်ပလှသည့် နတ်ခြင်္သေ့ကို စိုက်ကြည့်နေသည်။ ကျိထျိန်းတောက်၏ မှတ်ဥာဏ်ရှိ၍ အတော်လေး ဗဟုသုတကြွယ်ဝတာတောင် သူ နတ်ခြင်္သေ့ကို မြင်ချိန် စိတ်လှုပ်ရှားမိသေးသည်။
သူက လက်ယမ်းပြလိုက်သည်။ လက်အဝှေ့တစ်ချက်တွင် နတ်ခြင်္သေ့က ခြံဝန်းထဲတွင် လှည့်ပတ်နေပြီး ဟင်းလင်းပြင်ထဲ တွန်းထိုးခံလိုက်ရသည့်ပမာ ပျောက်သွားသည်။
တောင်အောက်ခြေတွင် တပည့်သုံးယောက်မှာ တောင်ထိပ်ပေါ်ရှိမိစ္ဆာဝေယာဥ်မျှော်နန်းကို ပခုံးပေါ်ကနေ လှည့်ကြည့်လိုက်ကြသည်။ သူတို့မျက်နှာများက မျက်နှာသေဖြစ်နေ၏။
"ငါ့မျက်လုံးတစ်ခုခုများ လွဲနေတာလား၊ အရမ်းသိသာတဲ့ စွမ်းအားပြင်းပြင်းတစ်ခု မြင်လိုက်ရသလိုပဲ"
"မင်းမျက်လုံးတွေက ကောင်းပါတယ်၊ ဘာလို့လဲဆိုတော့ ငါလည်း အာရုံခံမိလိုက်လို့"
"ဒါက လမ်းစဥ်အသစ်လေ၊ ရှစ်စွင်းက တမင် သူ့ မိစ္ဆာအရှိန်အဝါကို ဖုံးကွယ်ထားတာနေမယ်၊ မမြင်ချင်ယောင်သာ ဆောင်နေလိုက်"
"ဟုတ်တယ်၊ မမြင်ချင်ယောင်သာ ဆောင်လိုက်"
…
မိစ္ဆာဝေဟင်မျှော်နန်းထဲတွင်တော့ လုကျိုးမှာ ကံစမ်းမဲမှ အနိုင်ရဆုများကြောင့် ခေါင်းနည်းနည်းပင်မူးလာသည်။
သူ ကျန်သည့်ကုသိုလ် ရမှတ်များကို ကံစမ်းမဲနှိုက်ရာတွင်သုံးရန် အမှန်တကယ် ဆုံးဖြတ်ချက်ချခဲ့သည်။
"ကံစမ်းမဲနှိုက်မယ်"
"တင်း... ဤကံစမ်းမဲက ကုသိုလ်ရမှတ် ၅၀ ကုန်ကျပါတယ်၊ စမ်းသပ်တဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ကံကောင်းမှုအမှတ် ၁မှတ်ရရှိပါတယ်"
"ကံစမ်းမဲနှိုက်မယ်"
"တင်း... ဤကံစမ်းမဲက ကုသိုလ်ရမှတ် ၅၀ငုန်ကျပါတယ်၊ စမ်းသပ်တဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ကံကောင်းမှုအမှတ် ၁မှတ်ရရှိပါတယ်"
ထိုသို့နှင့်ပင် သူတစ်စပ်တည်း 'စမ်းသပ်မှုအတွက် ကျေးဇူးတင်ပါတယ်' နှစ်ကြိမ် ရသွားလေသည်။
"ငါ့ကို စွဲလမ်းအောင် အချိုတွေပေးပြီးမှ အခုဘာမှ မပေးတော့ဘူးပေါ့"
လုကျိုး ဆွံ့အသွားခဲ့သည်။
"ကံစမ်းမဲနှိုက်မယ်"
"တင်း... ဤကံစမ်းမဲက ကုသိုလ် ရမှတ်၅၀ ကုန်ကျပါတယ်၊ စမ်းသပ်တဲ့အတွက် ကျေးဇူးတင်ပါတယ်၊ကံကောင်းမှုအမှတ် ၁မှတ်ရရှိပါတယ်"
"..."
သူ ကုသိုလ်ရမှတ် လေးဆယ့်လေးမှတ်သာကျန်တော့၍ ဆက်ပြီး ကံစမ်း၍မရတော့ပေ။ ထို့ကြောင့် သူ ကံစမ်းမဲနှိုက်သည့် လုပ်ငန်းစဥ်ကိုသာ ကူကယ်ရာမဲ့စွာ ပိတ်လိုက်ရတော့သည်။
"ဒါတွေအကုန်လုံးက ထောင်ချောက်တွေကြီးပဲ"
သို့သော်ငြား သူက သိပ်ပြီးစိတ်မပျက်မိသလို နောင်တလည်းသိပ်မရပေ။ ပေးဆပ်ကြေးက မြင့်သော်ငြား ကံစမ်းမဲလေးခုနှင့်တင် နတ်ခြင်္သေ့ရတာကြောင့် သူ့ကိုယ်သူ ကံကောင်းသည်ဟု ယူဆမိသည်။
…
ရွှေနန်းဥယျာဥ်တောင် အောက်ခြေနားတွင်...
သက်လတ်ပိုင်းအရွယ် အမျိုးသားသုံးယောက်မှာ မြင်းများစီးလျက် တောင်ဘက်ရှိရာသို့ ကြည့်နေကြသည်။
"ငါတို့ရှေ့က ရွှေနန်းဥယျာဥ်တောင်ပဲ၊ ကျင့်ကြံခြင်းလောကကို ကိုင်လှုပ်ပြီး လူတိုင်းကို သူ့ဆီကနေ ကြောက်လန့်တကြားဝေးကွာစေခဲ့တဲ့ မကောင်းဆိုးဝါးအိုကြီး နေထိုင်ရာနေရာလည်းဖြစ်တယ်"
"အိမ်တော်ထိန်းအရှင်၊ ဘာလို့ အရှင်သခင်က ယွမ်အာ့ကို ရွှေနန်းဥယျာဥ်တောင်ဆီပို့လိုက်ရတာလဲ၊ ဒီနေရာက နာမည်ဆိုးနဲ့ကျော်ကြားတာကို"
"ဒါက အရှင်သခင်လိုချင်တဲ့အရာလို့ထင်လို့လား၊ မိစ္ဆာအိုကြီးက မျက်တောင်တစ်ချက်မခတ်ဘဲ လူတွေကို သတ်နေတာလေ၊ အရှင်သခင်က ဘာမှမတတ်နိုင်တော့ဘဲ ယွမ်အာကို သူ့ဆရာအဖြစ် သတ်မှတ်လိုက်ဖို့ ကမ်းလှမ်းလိုက်ရတော့တာပေါ့"
"မိစ္ဆာအိုကြီးက ယွမ်အာ့အတွက် ငါတို့မိသားစုကို ဒီ ကပ်ဆိုးကနေကူညီလိမ့်မယ်"
ဦးဆောင်နေသည့်အိမ်တော်ထိန်းက စိတ်ပူပင်စွာ ခေါင်းယမ်းလိုက်သည်။
"ငါလည်း အဲလိုမျှော်လင့်တာပဲ၊ ပြောကြတာတော့ မိစ္ဆာအိုကြီးက ဟိုတစ်လောကပဲ ထိပ်သီးဆယ်ယောက်ကို ပြန်မောင်းထုတ်လိုက်တယ်တဲ့၊ ပြီးတော့ တစ်ချက်တည်းနဲ့ ကောင်းကင်ဓားဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင် လော့ချန်ဖုန်းကိုတောင် သတ်လိုက်တာတဲ့၊ သူသာ ကူညီဖို့ ဆန္ဒရှိရင် စီမိသားစုက သေချာပေါက်ဒီကပ်ဆိုးကနေ ရှင်သန်မှာပါ"
သုံးယောက်သား ဆက်ပြီးစီးနင်းလာခဲ့သည်။
သူတို့ တောင်တောအုပ်ဆီ ဝင်လာချိန် အနက်ရောင်သဏ္ဌာန်တစ်ခုက ရုတ်တရက် သရဲတစ်ကောင်ပမာ ကောင်းကင်တွင် ပျံဝဲလာပြီး ကြက်သီးထစရာ အသံဖြင့် ပြောလေသည်။
"မင်းတို့က ဘယ်သူတွေလဲဲ၊ ဘယ်လိုလုပ် ရွှေနန်းဥယျာဥ်တောင်ကို ပိုင်နက်ကျူးလွန်ရဲတာလဲ"
သုံးယောက်မှာ ချက်ချင်း မြင်းပေါ်ကဆင်းပြီး ဒူးတစ်ဖက်ဆီထောက်ကာ ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။
"အန်ယန်းမြို့မှ စီမိသားစုမှ မိ... မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ကျွမ်း... ကျွမ်းကျင်ညာရှင်တွေကို နှုတ်ဆက်ပါတယ်..."
အိမ်တော်ထိန်းမှာ တံတွေးမျိုချမိကာ ချွေးစေးများက ပါးပြင်ပေါ်ကနေစီးကျလာသည်။
"အန်ယန်းမြို့က စီမိသားစုလား" မင်ရှစ်ရင်၏ သဏ္ဌာန်က မီတာရာချီအကွာကမေ ဖျတ်ခနဲပျောက်သွားကာ နောက်တွင် ပုံရိပ်များစွာ ချန်ထားခဲ့လေသည်။ ထိုစဥ် တွမ့်မူရှန်းနှင့် ကျောင်းယွဲ့မှာ ရုတ်တရက် ပေါ်လာပြီး ဘေးချင်းကပ်ရပ်နေကြလေသည်။
ယောက်ျားသုံးယောက်မှာ မျက်လုံးများပြူးသွားကြပြီး နှုတ်ခမ်းများတုန်ယင်သွားခဲ့သည်။
ကိုယ်တိုင်မြင်ရခြင်းက တခြားသူများဆီမှ ကြားရတာထက် အဆတစ်ရာပိုသာသည်။ ပြောကြသည်ကတော့ ရွှေနန်းဥယျာဥ်တောင် မှ လူဆိုးတိုင်းမှာ ဆိုးရွားလှသည်ဟု ကြားဖူးသည်။ သူတို့မျက်လုံးနှင့် ကိုယ်တိုင်မြင်လိုက်ရချိန် မှန်ကြောင်းသိကုန်သည်။
"လောင်စစ်၊ အန်ယန်းရဲ့ စီမိသားစုက ရှစ်မေ့ ရဲ့မိသားစုပဲ"
တွမ့်မူရှန်းက ဝင်ပြောလာသည်။
"ငါသိသားပဲ... ကံကောင်းတာက ငါဥာဏ်ကောင်းလို့ပေါ့.. ရှစ်စွင်းရဲ့လမ်းစဥ်အသစ်အရ ငါတို့ သူတို့ကို အခုသတ်လို့မရသေးဘူး၊ ကောင်းကောင်းဆက်ဆံမှ ဖြစ်မယ်၊ ပြီးတော့ သူတို့က ရှစ်မေ့ရဲ့မိသားစုလေ"
မင်ရှစ်ရင်မှာ ခေါင်းတညိတ်ညိတ်နှင့် ပြောလေ၏။
"စစ်ကောပြောတာ အဓိပ္ပာယ်ရှိတယ်"
ထိုစကားက စီမိသားစုမှ အမျိုးသားသုံးယောက်အား ဇဝေဇဝါဖြစ်သွားစေပြီး အကြည့်ချင်းဖလှယ်ဖြစ်စေသည်။
မင်ရှစ်ရင်က ပြုံးလျက် လျှောက်လာကာ အိမ်တော်ထိန်းအား ထူပေးလိုက်သည်။
"ကျေးဇူးပြုပြီး ထပါ၊ ခင်ဗျားတို့ ကျုပ်တို့နဲ့ သိပ်ပြီး ယဥ်ကျေးစရာမလိုပါဘူး"
"အာ..."
အိမ်တော်ထိန်းမှာ ထိုအပြုအမူကြောင့် ဇဝေဇဝါဖြစ်နေသည်။
'ဒါက ငါးမျှားချိတ်ကို ဖွက်ထားတဲ့ လှည့်ကွက်ပဲဖြစ်မယ်၊ သူ ငါ့ကိုပိုပြီး ကြင်ကြင်နာနာ ဆက်ဆံလေ ငါပိုပြီး ရိုရိုကျိုးကျိုး ဆက်ဆံရမယ်'
ထို့ကြောင့် သူတုန်တုန်ယင်ယင်အသံနှင့် ဆိုလိုက်သည်။
"ဟင့်အင်း၊ ကျွန်တော် ဒါနဲ့ မထိုက်တန်ပါဘူး..."
"ခင်ဗျားမှားနေပြီ၊ ခင်ဗျားက ရှစ်မေ့နဲ့ တစ်မိသားစုတည်းဆိုမှတော့ ကျုပ်တို့ထဲက တစ်ယောက်ပဲပေါ့၊ ကျုပ်တို့ကြား အရမ်းယဥ်ကျေးဖို့ မလိုပါဘူး၊ လာပါ သိပ်ပြီးစိတ်လှုပ်မရှားနဲ့..."
"ကျွန်တော် တကယ် ဒါနဲ့မထိုက်တန်ပါဘူး..."
မျက်မှောင်ကြုတ်ပြီး မင်ရှစ်ရင်မှာ အိမ်တော်ထိန်းကိုကန်ကာ မြေကြီးပေါ် တွန်းပို့လိုက်တော့သည်။
ဘန်း
"ခင်ဗျားက ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံခံရတာကို သဘောကျတဲ့ပုံပဲ၊ အခု တောင်ပေါ်တက်ပြီး ခင်ဗျားတို့နဲ့ပတ်သက်ပြီး ဘယ်လိုလုပ်မလဲ ရှစ်စွင်းကို ဆုံးဖြတ်ခိုင်းလိုက်"
တွမ့်မူရှန်းနှင့် ကျောင်းယွဲ့မှာ ကြောင်အနေကြတော့သည်။
"ငါ့ကို အဲလိုမျိုး ကြည့်မနေကြနဲ့၊ ငါတကယ် မရတော့ဘူး၊ ရှစ်စွင်းရဲ့လမ်းစဥ်အသစ်က ကျင့်သားရဖို့ တကယ်ခက်ခဲတယ်ကွ"