အလုပ်တာဝန် ချပေးခြင်း
Vol. 1 Ch. 13
အခန်း (၁၃) အလုပ်တာဝန် ချပေးခြင်း
ရွှေနန်းဥယျာဉ်တောင်ထိပ်ရှိ မိစ္ဆာဝေဟင် မျှော်နန်း
“ ရှစ်စွင်း … အန်းယန်းရဲ့ စီမိသားစုက တွေ့ခွင့်တောင်းနေပါတယ် ”
“ဘယ်စီမိသားစုတုန်း ”
“ရှောင်ယွမ်အာရဲ့ မိသားစုပါ”
ကျိထျန်းတောက် တစ်ယောက် ရှောင်ယွမ်အာကို သူ့တပည့်အဖြစ် အန်းယန်းမြို့မှ ခေါ်ဆောင်လာပုံ မြင်ကွင်းကား လုကျိုး စိတ်ထဲ ပြန်လည် မြင်ယောင်လာမိသောကြောင့် ခေါင်းအသာညိတ်ကာ
“ သူတို့ကို ခေါ်ခဲ့လိုက် ”
“ ဟုတ်ကဲ့ ရှစ်စွင်း ”
သိပ်မကြာခင် သူ့တပည့်ဆိုး သုံးဦးက စီမိသားစုမှ လူများအား မိစ္ဆာဝေဟင်မျှော်နန်းဆီ ဦးဆောင်ခေါ်လာခဲ့သည်။
ရှောင်ယွမ်အာက ထိုသတင်းကြားကြားချင်း ပြန်ရောက်လာလေ၏။
စီမိသားစုဝင် သုံးယောက်က မိစ္ဆာဝေဟင် မျှော်နန်းသို့ ချောချောမွေ့မွေ့ ဝင်ရောက်နိုင်လိမ့်မည်ဟု မထင်ထားမိပေ။ သို့သော်လည်း ချောမွေ့လွန်းလေလေ သူတို့က မသက်မသာ ဖြစ်လာမိလေလေ ဖြစ်၏။ သူတို့က လုကျိုးကို မြင်လိုက်ရသည့်အခါ ကြောက်ကြောက်လန့်လန့်ဖြင့် တုန်တုန်ယင်ယင် ဖြစ်လာကာ မရိုမသေပင် မပြုရဲကြတော့ပေ။
သခင်ကြီးကို နှုတ်ခွန်းဆက်သပါတယ်ခင်ဗျ …” စီမိသားစု၏ အိမ်တော်ထိန်းက ဒူးထောက်လိုက်သောကြောင့် ကျန်နှစ်ယောက်လည်း ထို့နည်းတူစွာ လိုက်လုပ်လိုက်ကြသည်။
လုကျိုးက သူတို့အား စိုက်ကြည့်ကာ ပြောလိုက်သည် “ ဒီမိစ္ဆာဝေဟင် မျှော်နန်းကို ဝင်တဲ့သူတိုင်း မိသားစုတွေ၊ မိတ်ဆွေတွေနဲ့ အဆက်အဆံ မလုပ်ရဘူးလို့ စည်းကမ်းသတ်မှတ်ထားပြီးသား … ယွမ်အာ မင်း မှတ်မိသေးရဲ့လား ”
“တပည့် မှတ်မိပါတယ်။ သူတို့ကို အခုချက်ချင်း မောင်းထုတ်လိုက်ပါ့မယ် ” ရှောင်ယွမ်အာက ခပ်သွက်သွက် ပြောလိုက်သည်။
ဘဏ္ဍာစိုးက ရှောင်ယွမ်အာကို တစ်ချက်ကြည့်လိုက်သည်။ သူ့ပါးပြင်မှ ချွေးများ စီးကျလာကာ
“ သခင်မလေး ကျွန်တော် စီအန်းပါ … ”
“ စီအန်းလား ” ရှောင်ယွမ်အာက သူမရှေ့မှ လူလတ်အရွယ် အမျိုးသားအား မယုံနိုင် ကြည့်လိုက်သည်။ သူမ မိသားစုမှ ထွက်လာစဉ်အခါက အသက် ဆယ်နှစ်မျှသာ ရှိသေးကာ အချိန်ငါးနှစ်လည်း ကျော်လွန်သွားပြီ ဖြစ်၍ သူမ မှတ်ဉာဏ်များက အနည်းငယ် ဝေဝေဝါးဝါး ဖြစ်နေလေသည်။
စီအန်းက ရုတ်တရက်ကြီး ထငိုကာ “ နောက်ဆုံးတော့ သခင်မလေးကို ပြန်တွေ့ရပြီ။ စီမိသားစုနဲ့ သခင်မလေးရဲ့ မိဘတွေတော့ ဒုက္ခရောက်နေပြီ ”
ရှောင်ယွမ်အာ မိသားစုမှ ထွက်လာသည်မှာ ငါးနှစ်မျှသာ ရှိသေး၏။ ဤနှစ်ပိုင်းလေးအတွင်း သူမ မိဘများအကြောင်း မကြာခဏ တွေးမိခဲ့ကာ အရမ်းလွမ်းဆွတ်မိ၏။ ကံကောင်းစွာဖြင့် မိစ္ဆာအိုကြီးက သူမအပေါ် အလိုလိုက်ကာ သူမကား မကောင်းသည့်လူ လုံးလုံး မဖြစ်သွားသေးပေ။
သို့သော် တွမ့်မူရှန်း၊ မင်ရှစ်ရင်နှင့် ကျောင်းယွဲ့တို့ကား မတူပေ။ သူတို့က ယောကျ်ားသား တစ်ယောက်အနေနှင့် လူများစွာရှေ့ ကလေးတစ်ယောက်လို ငိုကြွေးဖို့ရာ ရှက်စရာ ကောင်းလွန်းလှသည်ဟု တွေးထားကြသည်။
ထို့ကြောင့် တွမ့်မူရှန်းက အသံဩဩဖြင့် အော်ပြောလိုက်သည် “ တိတ်တိတ်နေစမ်း ”
စီအန်းက အငိုရပ်ကာ အကြောက်တရား ကြီးစိုးလာပြန်သည်။ သူက ကြောက်လွန်း၍ ချက်ချင်း ခေါင်းငုံ့ချလိုက်သည်။
“မိစ္ဆာဝေဟင် မျှော်နန်းက ရှင် လာငိုရမဲ့ နေရာမဟုတ်ဘူးလေ ” ကျောင်းယွဲ့က အပြုံးလေးဖြင့် ပြောလိုက်ပြီး “ သူက ရှစ်မေ့ရဲ့ မိသားစုဝင်သာ မဟုတ်ရင် သူ့ပါးစပ်ကို ရွှေအပ်နဲ့ ချုပ်ပစ်ပြီးလောက်ပြီ ”
စီအန်း “…”
ရှောင်ယွမ်အာက ဒူးထောက်ကာ “ ရှစ်စွင်း … ”
လုကျိုး မျက်နှာက အမူအရာမရှိ တည်ငြိမ်နေသည်။
မင်ရှစ်ရင်က မျက်စိတစ်မှိတ်အတွင်း လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည် “ ရှစ်စွင်း… စည်းမျဉ်းတွေက ချိုးဖောက်ဖို့ လုပ်ထားတာလေ။ ရှစ်မေ့ရဲ့ မိသားစုဝင်ကလည်း ကျွန်တော်တို့ မိသားစုပဲပေါ့။ သူတို့ ဒုက္ခရောက်နေတုန်း ကူညီမပေးရင် ကျွန်တော်တို့ ခွေးတွေ၊ ဝက်တွေထက် ဆိုးတဲ့လူတွေ ဖြစ်သွားလိမ့်မယ် ”
“ဟုတ်တယ် ရှစ်စွင်း ” ကျောင်းယွဲ့ကလည်း ဝင်ပြောလိုက်သည်။
“ လောင်စစ် ပြောတာ မှန်တယ်။ ကျွန်တော်လည်း အဲလို ထင်မိတယ် ” တွမ့်မူရှန်းက ပြောလိုက်သည်။
ရှောင်ယွမ်အာက သူမ၏ ရှစ်ရှိုးနှင့် ရှစ်ကျဲတို့က သူမအတွက် ဝင်ပြောပေးနေသည်ကို မြင်သောအခါ အံ့ဩမိသွားသည်။
ထိုစဉ် လုကျိုးက ခေါင်းညိတ်ကာ “ မင်း ပြောတဲ့အထဲ အမှန်တရားတချို့တော့ ပါတယ် ”
သူက တပည့်ဆိုးသုံးဦးကို စိုက်ကြည့်လိုက်သည့်အခါ သူတို့သစ္စာရှိမှုက နောက်ထပ် ၅ ရာခိုင်နှုန်းစီ ထပ်တိုးကာ ၇၀ ရာခိုင်နှုန်းနား ရောက်လုနီးပါး ဖြစ်နေကြောင်း မြင်လိုက်ရသည်။
“ ဒါပေမဲ့ ပြဿနာပေါ် မူတည်သေးတယ်။ မိစ္ဆာဝေဟင် မျှော်နန်းက ဘယ်ကိစ္စမှ ဝင်မပါဘူး”
လုကျိုးအကြည့်တို့က စီအန်းအပေါ် ကျရောက်လာသည်။
“ ဟုတ်တယ် … ဒီလောကအနှံ့က ရှစ်စွင်းရဲ့ အင်အားကို သိနေကြတာ။ အရေးမပါတဲ့ ကိစ္စဆိုရင် သူတို့ကို လျစ်လျူရှလိုက်ရုံပဲလေ ” မင်ရှစ်ရင်က ပြောလိုက်သည်။
ကျောင်းယွဲ့က မျက်လုံးဝေ့ကြည့်လိုက်ကာ ‘ လောင်စစ်က စူးစမ်းတာ တော်လွန်းတာ မဟုတ်ဘူး။ လေဟုန်လိုက်ပြီး မြှောက်ပြောတာ တော်နေတာပါ့လား’
ယွမ်အာက စီအန်းအား တစ်ချက်ကြည့်လိုက်သည်။
ထိုစဉ် အိမ်တော်ထိန်းက ခပ်သွက်သွက် ပြောလိုက်သည် “ စီမိသားစုက အန်းယန်းမှာ ကောင်းကောင်းနေပြီး သာမာန်လူတွေနဲ့ပဲ အရောင်းအဝယ် လုပ်တာပါ။ ဒီနှစ်တွေမှာ အေးအေးချမ်းချမ်း နေခဲ့ရတော့ စီးပွားရေးကလည်း မိသားစုဝင် တစ်ထောင်ကျော်ကို ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ တစ်လလောက်က မြစ်တောင်ကြားကို ဖြတ်တုန်း တောပုန်းဓားပြတွေက ကျွန်တော်တို့ အရောင်းအဝယ်ယာဉ်တန်းကို လုခဲ့တယ်။ စီမိသားစုက ပြဿနာ မဖြစ်ချင်တော့ ပိုက်ဆံပေးခဲ့ပေမဲ့ …. အဲဒီအဖွဲ့က ဒီလောက်နဲ့ ရပ်မသွားဘူး။ သူတို့က အဲဒီညမှာပဲ အန်းယန်းဆီ ရောက်လာကြပြီးတော့ ကျွန်တော်တို့ဆီကနေ အားလုံးကို လုယူသွားခဲ့တယ်။ လူတစ်ရာကျော်ကိုလည်း ဓားစာခံအဖြစ် ဖမ်းခေါ်သွားကြတယ် … ”
သူမ မိသားစု အဖြစ်အပျက်အကြောင်း ကြားလိုက်ရသည့်အခါ ယွမ်အာက မျက်မှောင်ကြုတ်မိသွားသည်။ ဤကိစ္စကား အလေးအနက်လည်း ဖြစ်နိုင်သလို အသေးအဖွဲ့လည်း ဖြစ်နေနိုင်သည်။
ကျောင်းယွဲ့က ရယ်မောကာ “ တောပုန်းဓားပြ အုပ်စုလေးပဲမလား။ အာဏာပိုင်တွေဆီကနေ ဘာလို့ အကူအညီ မတောင်းတာလဲ”
“ကျွန်တော်တို့ မိသားစုခေါင်းဆောင်လည်း အဲလို တွေးမိပါသေးတယ်။ ဒါပေမဲ့ အာဏာပိုင်တွေက မြစ်တောင်ကြား တောပုန်းဓားပြတွေအကြောင်း ကြားတာနဲ့ သူ့ကို ချက်ချင်း မောင်းထုတ်ခဲ့တာ။ သူတို့လည်း ကျွန်တော်တို့ကို မကူညီရဲကြဘူး ”
“ အဲဒီတောပုန်းဓားပြတွေက အဲလောက်တောင် အားကောင်းတယ်လား ” ကျောင်းယွဲ့က သရော်ကာ ပြောလိုက်သည်။
စီအန်းက စိတ်လှုပ်ရှားစွာဖြင့် “ ပြောရရင် အဲဒီတောပုန်းဓားပြတွေရဲ့နောက်မှာ ကျင့်ကြံသူ နောက်ခံ ရှိနေလို့ပါ … ”
“ မဆန်းတော့ပါဘူး ”
ဇာတ်ကြောင်းတစ်ခုလုံးကား ရှင်းလင်းသွားလေသည်။ အားလုံးက လုကျိုးအား လှည့်ကြည့်လိုက်ကြ၏။
ကျိထျန်းတောက်၏ ယခင်နည်းလမ်းအရဆိုလျှင် မိစ္ဆာဝေဟင် မျှော်နန်းက ဤသို့ကိစ္စရပ်မျိုး၌ ဝင်ရှုပ်မည် မဟုတ်ပေ။ သို့သော် အတိတ်တွင် ကျန်ခဲ့လေပြီ။ ထို့အပြင် ဤကိစ္စရပ်ကား သူတို့ရှစ်စွင်း၏ အချစ်ဆုံး အငယ်ဆုံးလေးနှင့် ပတ်သက်ဆက်နွယ်နေသည် မဟုတ်ပါလော။
ထို့ကြောင့် ရှစ်စွင်း ဘာမှမပြောနိုင်ခင် မင်ရှစ်ရင်က ရှေ့တိုးလာကာ တည့်တိုးပြောလိုက်သည် “ ရှစ်စွင်း .. ကျွန်တော် ဒီကိစ္စကို ဖြေရှင်းပါရစေ။ အဲဒီဓားပြအုပ်စုက အရမ်းလွန်လွန်းသွားပြီ။ သူတို့က ရှစ်မေ့ရဲ့ မိသားစုကို ဘယ်လိုလုပ် ပြန်ပေးဆွဲရဲကြတာလဲ။ ဒီကိစ္စကို အမှန်ဖြစ်အောင် ပြင်လိုက်ပါ့မယ် ”
တွမ့်မူရှန်းနှင့် ကျောင်းယွဲ့တို့ပင် ပြောစရာ ရှာမတွေ့ ဖြစ်သွားလေ၏။
‘ လောင်စစ် က တကယ်ကို အရှက်မရှိတာပဲ …’
တစ်ဖက်တွင် စီအန်းက ထိုစကားကြားလိုက်ရသည့်အခါ အိပ်မက်မက်နေသည့်အလား အပျော်လုံးစို့သွားလေသည်။ ကိစ္စများက သူ မျှော်မှန်းထားသည်ထက် အဆင်ချောနေလေ၏။
ထိုစဉ် လုကျိုးက တွေးမိသွားသည်။
သူ့လက်ရှိအင်အားဖြင့် ကျင့်ကြံသူများကြား ဝင်ရှုပ်မိလျှင် ပြဿနာ ရှာနေသလိုသာ ဖြစ်ပေမည်။ သို့သော် သူ့တပည့်များကို ကိုင်တွယ်ဖြေရှင်းခိုင်းလိုက်လျှင် ကုသိုလ် အမှတ်များလည်း ရမည် ဖြစ်ကာ ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်မိသလို ဖြစ်ပေမည်။
“ ရှစ်စွင်း … ကျွန်တော်ရဲ့ အပြစ်ကြွေးတွေကို ကောင်းတာတွေ လုပ်ပြီး ပြန်လည် ဆေးကြောပါရစေ၊ အငယ်ဆုံးလေးရဲ့ မိသားစုက ဒုက္ခရောက်နေတာ သူမရဲ့ အစ်ကိုကြီးအနေနဲ့ မျက်စိစုံမှိတ်ထားပြီး ဘာမှမလုပ်ဘဲ မနေနိုင်ပါဘူး။
ရှစ်စွင်းက ကျွန်တော်ကို ယာယီအပြင်ထွက်ခွင့် ပိတ်ထားပေမဲ့ ဒီလိုအခြေအနေမျိုးအောက်မှာ ရှစ်စွင်းက ကျွန်တော်ကို သွားကူညီခိုင်းဖို့ မျှော်လင့်ပါတယ် … ” မင်ရှစ်ရင်က သမာသမတ် ကျင့်ကြံသူတစ်ယောက်ကဲ့သို့ ပြောလိုက်သောကြောင့် တွမ့်မူရှန်းနှင့် ကျောင်းယွဲ့တို့ပင် ပါးစပ်ဟောင်းလောင်း ဖြစ်သွားရရှာသည်။
‘ ငါတို့ လောင်စစ်ရဲ့ သရုပ်ဆောင်မှုတွေက ကောင်းလှချည်လား ’
လုကျိုးက မင်ရှစ်ရင်က ကြည့်လိုက်ပြီး အသာပြန်ပြောလိုက်သည် “ ယွမ်အာက ဒီကိစ္စကို သူ့ဘာသာ ကိုင်တွယ်သင့်တယ်ဆိုပေမဲ့ သူမက အရမ်းငယ်လွန်းသေးတယ်။ သူမဘာသာ မထိန်းချုပ်နိုင်ဘဲ စိတ်လွတ်သွားမှာကို စိုးရတယ်။ မင်းက သူမရဲ့ အစ်ကိုကြီးလည်း ဖြစ်တယ်။ အကူအညီလည်း ပေးချင်တယ်ဆိုတော့ မင်းကို ဖြေရှင်းခိုင်းလိုက်မယ် ”
“ ကျွန်တော် သေချာပေါက် အဆုံးသတ်ခဲ့ပါ့မယ် ” မင်ရှစ်ရင်က အပျော်လုံးစို့သွားရှာသည်။
“ မင်းမှာ သုံးရက် အချိန်ရမယ် ”
“ အာ …. သုံး … သုံးရက်တည်းလား။ ရှစ်စွင်း သုံးရက်က နည်းနည်း မနည်းလွန်းဘူးလား ” မင်ရှစ်ရင်က အချိန်ပိုရဖို့ ကြိုးစားလိုက်သည်။
ကျောင်းယွဲ့က ပြုံးစစဖြင့် “ ရှစ်ရှိုးက နတ်ဒေဝါ ဦးတည်နယ်ပယ်အဆင့်မှာလေ။ တကယ်လို့ ကျွန်မသာဆိုရင် နှစ်ရက်လောက်နဲ့ လုံလောက်တာထက်တောင် ပိုနေသေးတယ်။ ရှစ်ရှိုးက ဘယ်တုန်းက ယုံကြည်ချက် နည်းသွားရတာလဲ ”
“ အာ့ ”
‘ ငါတို့က အတူတူနဲ့ အနူနူကို ဒီလောက် မြန်မြန်ကြီး နှိပ်ကွပ်လိုက်ရသလား … ’
“ အခု သွားတော့ ” လုကျိုးက လက်ဝေ့လိုက်သည်။
“ ဟုတ် ရှစ်စွင်း ”
လုကျိုးက သူ့အား သုံးရက်အချိန်ပေးထားသည်မှာ သူ့တပည့်များကို အရမ်းမချုပ်ချယ်လိုသောကြောင့် ဖြစ်ပေသည်။
အနည်းဆုံးတော့ သူတို့ ပြဿနာရှာဖို့ အချိန်နည်းသွားတာပေါ့ ….
သူက ထိုအတွေးဖြင့် စနစ်ကို ဖွင့်ကြည့်လိုက်သည်။ သေချာတာပေါ့ … ဒီမှာ “အလုပ်တာဝန်ခွဲဝေပေးခြင်း” ဆိုပြီး အပို ပါရှိသည်။ ထိုအောက်ရှိ ပထမစာကြောင်းကား ရှင်းရှင်းလင်းလင်း ပြသထားလေ၏။
စီမိသားစုကို ကယ်တင်ပါ
ဆောင်ရွက်သူ - မင်ရှစ်ရင်
အချိန် နောက်ပြန် ရေတွက်မှု - ၂ ရက်နဲ့ ၂၃ နာရီ …
ထိုစဉ် ယွမ်အာက ဒူးထောက်ကာ အလေးအနက် ဦးညွတ်လိုက်ပြီး “ ကျေးဇူးတင်ပါတယ် ရှစ်စွင်း ”
တစ်ချိန်တည်းဆိုသလို စီအန်းနှင့် သူ့အဖော်နှစ်ယောက်လည်း ဦးညွတ်ကာ “သခင်ကြီးကို ကျေးဇူးတင်ပါတယ်ခင်ဗျ”
“ တင်း … လူသုံးယောက်ရဲ့ သစ္စာရှိမှုကို လက်ခံရရှိတဲ့အတွက် ကုသိုလ်အမှတ် ၃၀ ချီးမြင့်ခံရပါမယ်။
သဲလွန်စ - ကုသိုလ်အမှတ်တွေက တမင်ကြံစည်ထားတဲ့ ကိုးကွယ်အားကိုးမှုအတွက် အမှတ်မပေးပါ ”
“ ယွမ်အာ သူတို့ကို တောင်အောက် လိုက်ပို့လိုက်တော့ ”
“ ဟုတ် ရှစ်စွင်း ” သူမက တစ်ခုခု ပြောစရာရှိဟန် ပေါ်နေသည်။
လုကျိုးက သူမ၏ အမူအရာကိုဖတ်ကာ ပြောလိုက်သည် “ မင်းရဲ့ လောင်စစ်က အပြင်လောကကို သဘောကျပေမဲ့ ကိစ္စတွေကိုတော့ အလေးအနက် လုပ်ပြီး ဦးနှောက်ကို ကောင်းကောင်း သုံးပါတယ်။ သူက ပြဿနာကို တစ်ရက်အတွင်း ဖြေရှင်းပေးလိမ့်မယ်။ ဘာမှစိုးရိမ်မနေနဲ့တော့ ”
“ ဟုတ် .. တပည့် နားလည်ပါပြီ ”
တစ်ဖက်တွင် တွမ့်မူရှန်းနှင့် ကျောင်းယွဲ့တို့က ရေခဲပမာ ဖြစ်သွားကြသည်။ သူတို့ရှစ်စွင်းက မင်ရှစ်ရင်သည် သူ့ကိစ္စများအတွက် နှစ်ရက် ချန်ထားကြောင်း သိနေလေ၏။
အရာအားလုံးက သူတို့ရှစ်စွင်း ထိန်းချုပ်မှုအောက် ရှိနေတာပဲ …
“ လောင်ဝူ ”
“ ဟုတ် ရှစ်စွင်း ”
“မင်းကို ကောင်းကင်ဓားဂိုဏ်းအကြောင်း အထူးသဖြင့် သူတို့ရဲ့ အကြီးဆုံးတပည့် ကျိုးကျစ်ဖုန်းကို သွားစုံစမ်းစေချင်တယ်။ မင်းလည်း နှစ်ရက်အချိန်ရမယ် ”
ကျောင်းယွဲ့က အမိန့်အကြောင်း ကြားလိုက်ရသည့်အခါ တန်းပြောလိုက်တော့သည် “ ဟုတ် ရှစ်စွင်း … တပည့် တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ပါ့မယ် ”
သူက ကျိုးကျစ်ဖုန်း၏ စိတ်ကို ဆွပေးလိုတာကြောင့် သူ့အား အနီးကပ်စောင့်ကြည့်ဖို့ လိုအပ်ပေသည်။