အခန်း (၇၁-၇၂)
Vol. 6 Ch. 71-72
အခန်း (၇၁) - အာရေဗျပုံပြင်၊ လူတို့၏အဝိဇ္ဇာနှင့် ဧကရာဇ်တို့၏ပူးပေါင်းကြံစည်မှု
“ ဘယ်လောက်တဲ့!? ”
ကုချူ ကျောက်မိသားစုထံမှ တောင်းဆိုလိုက်သည့် မြင့်မြတ်ပစ္စည်းများနှင့် ရတနာများ၏ ပမာဏကို ကြားလိုက်သောအခါ ကျောက်လင်မှာ သူနားကြားမှားနေသည်ဟုပင် ထင်မှတ်လိုက်မိလေသည်။
ဤလူသည် သူဘာပြောနေသည်ကို သူကိုယ်တိုင်ရော သိပါလေစ။
လူသားဘုံမှ သူတော်စင်ဘုံအထိ လူပေါင်းသုံးထောင် ကျင့်ကြံနိုင်ရန် လုံလောက်သော မြင့်မြတ်ပစ္စည်းများနှင့် ရတနာများ... ကျောက်မိသားစုတွင် ရှိရှိသမျှ အရာအားလုံးကို ထုတ်သုံးလျှင်ပင် ထိုပမာဏကို စုစည်းနိုင်လိမ့်မည်မဟုတ်ပေ။
ထို့အပြင် ကျောက်မိသားစုတွင် ထိုမျှလောက်သော အရင်းအမြစ်များ အမှန်တကယ်ရှိခဲ့လျှင်ပင် အများစုမှာ မိသားစု၏ အစွမ်းထက်အဖွဲ့ဝင်များကို ပြုစုပျိုးထောင်ရန်အတွက် သုံးစွဲခဲ့ပြီးဖြစ်ပေလိမ့်မည်။ မိသားစုဘဏ္ဍာတိုက်ထဲတွင် ထိုသို့စုပုံနေခွင့်ပြုထားမည် မဟုတ်ချေ။
ဤကုမိသားစုမှာ ဆင်းရဲလွန်း၍ လုံးဝရူးသွပ်သွားကြခြင်းဖြစ်ရမည်။
“ မဟုတ်မဟတ်တွေပဲ... ဒါက ယုံတမ်းပုံပြင်လိုပဲ ”
ကျောက်မိသားစုခေါင်းဆောင်သည် သူ၏လက်စကို ခါလိုက်ပြီး သူ၏မျက်နှာတွင် လုံးဝသဘောမတူနိုင်သည့် ခိုင်မာသောသဘောထားကို ပြသလိုက်၏။
ဘယ်လောက် ရယ်စရာကောင်းလိုက်သနည်း။
ကုမိသားစု၏လုပ်ရပ်မှာ ကျောက်မိသားစုအား တမင်တကာ အခက်တွေ့အောင် လုပ်ဆောင်နေခြင်းသာ ဖြစ်၏။
သူသည် ကျောက်ချမ်၏သေဆုံးမှုအတွက် ကုမိသားစုနှင့် မရှင်းရသေးပေ။ အဘယ်ကြောင့် ထိုဘက်မှ ကျောက်မိသားစုထံမှ ဤအရာများကို တောင်းဆိုရသနည်း။ ထိုကုချန်မဟာဧကရာဇ် ပြန်ရောက်လာ၍လော။
မျိုးဖြုတ်သတ်ဖြတ်ခြင်း.....
ဟက်... ငါတို့ကျောက်မိသားစုသည် ဧကရာဇ်မျိုးနွယ်ဖြစ်၏။ ထိုသို့သော ခြိမ်းခြောက်မှုကို အဘယ်ကြောင့် ကြောက်ရွံ့နေရမည်နည်း။
ထို့အပြင် ယန်မိသားစု မျိုးဖြုတ်ခံရခြင်းသည် အဆုံးမဲ့ကမ္ဘာရှိ ဧကရာဇ်မျိုးနွယ်အားလုံးကို စိတ်မသက်မသာဖြစ်စေခဲ့ပြီးဖြစ်သည်။
ဤကုမိသားစုတပည့်၏ စကားအဓိပ္ပာယ်အရ ကုမိသားစုသည် ကျောက်မိသားစုတစ်ခုတည်းကို ပစ်မှတ်ထားနေခြင်းမဟုတ်ဘဲ အဆုံးမဲ့ကမ္ဘာရှိ ဧကရာဇ်မျိုးနွယ်အားလုံးထံသို့ ထိုသို့သောအမိန့်ကို ထုတ်ပြန်ထားခြင်းဖြစ်သည်။
ထိုသို့ဖြစ်ပါက ဧကရာဇ်မျိုးနွယ်အသီးသီးသည် အဘယ်သို့ မစည်းလုံးဘဲ နေနိုင်မည်နည်း။
ဧကရာဇ်မျိုးနွယ်များ အတူတကွ လက်တွဲပြီး သူတို့နောက်ကွယ်မှ ဧကရာဇ်မဟာမိတ်အဖွဲ့နှင့် ပေါင်းလိုက်ပါက ဤကုမိသားစုမဟာဧကရာဇ်ကို မနှိမ်နင်းနိုင်ဘူးဟု သူ့အနေဖြင့် မယုံကြည်ပေ။
ဤသို့တွေးမိသောအခါ ကျောက်လင်၏စိတ်သည် အနည်းငယ် တည်ငြိမ်သွား၏။ သူသည် ကုချူကို ကြည့်ကာ အေးစက်စွာ ပြောလိုက်၏။
“ မင်းအခုပဲ မင်းတို့ဘိုးဘေးကြီးဆီ ပြန်သွားပြီး သတင်းပို့နိုင်ပြီ... ငါတို့ကျောက်မိသားစုက ဒီလိုအဓိပ္ပာယ်မရှိတဲ့အခြေအနေကို ဘယ်တော့မှ သဘောတူမှာမဟုတ်ဘူး။ ကုမိသားစုလည်း ဒီအတွေးကို လက်လျှော့လိုက်တာ ကောင်းလိမ့်မယ် ”
“ ဘိုးဘေးကြီးမှာ ဒီလိုအသေးအဖွဲကိစ္စတွေနဲ့ ပတ်သက်ဖို့ အချိန်မရှိပါဘူး ”
ကျောက်လင်၏တုံ့ပြန်မှုကို ကြိုတင်မျှော်လင့်ထားသည့်အလား ကုချူ၏အမူအရာသည် တည်ငြိမ်နေဆဲဖြစ်ပြီး သူက အေးဆေးစွာ ပြောလိုက်သည်။
“ မနက်ဖြန် ဒီအချိန်မှာ ကျောက်မိသားစုဆီကို ငါ ပြန်လာခဲ့မယ်။ မင်းတို့မိသားစုတွေ ခေါင်းမာနေဦးမယ်ဆိုရင်တော့... အားလုံးသေဆုံးပြီး မျိုးပြုတ်ရလိမ့်မယ် ”
စကားပြောပြီးနောက် ကုချူသည် သူ့ကို အရှင်လတ်လတ် ဝါးစားတော့မည့်အလား ကြည့်နေကြသော ကျောက်မိသားစုဝင်များ၏ အကြည့်များကို လျစ်လျူရှုလိုက်ပြီး အေးဆေးစွာ လှည့်ထွက်သွားလေသည်။
“ မိသားစုခေါင်းဆောင် ကျွန်တော့်ကို ဒီကောင်စုတ်လေးကို သတ်ခွင့်ပေးပြီး တတိယညီအစ်ကိုအတွက် လက်စားချေခွင့်ပေးပါ ”
ကျောက်မိသားစုအကြီးအကဲတစ်ဦးသည် ထွက်ခွာသွားသော ကုချူ၏ ကျောပြင်ကိုကြည့်ရင်း ဒေါသတကြီးဖြင့် သတ်ပစ်ချင်နေ၏။
တာအိုနန်းတော်အဆင့်ရှိ လူငယ်လေးတစ်ဦးမျှသာဖြစ်ပြီး ယခု ကျောက်မိသားစု၏တံခါးဝသို့ လာရောက်၍ သူ၏အစွမ်းကို ထုတ်ဖော်ပြသနေရုံသာမက ကျောက်မိသားစုအကြီးအကဲတစ်ဦးကိုပင် သတ်ပစ်ခဲ့သည်။
သူ့အား ဘေးကင်းစွာ ထွက်သွားခွင့်ပြုလိုက်ပါက ဤသတင်းပြန့်သွားသည့်အခါ ကျောက်မိသားစု၏ ဂုဏ်သိက္ခာကို မည်သည့်နေရာတွင် ထားရမည်နည်း။
သို့သော် ဒေါသကြီးသော ကျောက်မိသားစုအကြီးအကဲ မလှုပ်ရှားမီတွင် ကျောက်လင်က သူ့လက်ကို ဝှေ့ယမ်းကာ တားလိုက်သည်။
“ မဆင်မခြင် မလုပ်နဲ့ ကုမိသားစုမဟာဧကရာဇ်က အရိပ်ထဲမှာ ပုန်းပြီး ငါတို့ကျောက်မိသားစုကို ဒုက္ခပေးဖို့ ဒီအခွင့်အရေးကို စောင့်နေမလားဆိုတာ မင်းမသိနိုင်ဘူး ”
ကျောက်လင်သည် ထိုသူ့ကို ဆူပူလိုက်သည့်အခါ ထိုသူ၏မျက်နှာမှာ ပို၍ပင် ညိုမှောင်သွားတော့သည်။
“ ငါ ဒီကိစ္စကို ဧကရာဇ်မဟာမိတ်အဖွဲ့ဆီ ချက်ချင်းသတင်းပို့မယ်.....
ဟက်... ကုမိသားစုမဟာဧကရာဇ်ဟုတ်လား ? နောက်နေ့မှာ မင်းငါတို့ကျောက်မိသားစုကို ဘယ်လိုမျိုးဖြုတ်မလဲဆိုတာ ငါမြင်ချင်သေးတယ် ”
… …
အဆုံးမဲ့နယ်မြေငါးခုမှာ ကျယ်ပြန့်လှ၏။
ထို့ကြောင့် ကုချူ ကျောက်မိသားစုတံခါးဝသို့ ရောက်ရှိပြီး ကုမိသားစု၏အမိန့်ကို ကြေညာနေသည့်အချိန်တွင် အမိန့်ပေးပို့ရန် သွားကြသော အခြားကုမိသားစုတပည့်များသည် ထိုဧကရာဇ်မျိုးနွယ်များ၏ တံခါးဝသို့ မရောက်ရှိကြသေးပေ။
သို့သော် အချိန်အနည်းငယ်မျှ ကြာပြီးနောက် အလယ်ပိုင်း တာအိုနယ်မြေမှ ထို့ပါမိသားစု၊ မြောက်ပိုင်းတာအိုနယ်မြေမှ လင်မိသားစု၊ တောင်ပိုင်းတောင်တန်းဒေသ တာအိုနယ်မြေမှ ဟယ်မိသားစုနှင့် အခြားမိသားစုများအားလုံးသည် ကုမိသားစုတပည့်များ ယူဆောင်လာသော ကုချန်ဧကရာဇ်၏အမိန့်တော်ကို လက်ခံရရှိခဲ့ကြသည်။
ထိုသတင်းသည် အတောင်ပံပေါက်သွားသည့်အလား ချက်ချင်းပင် အဆုံးမဲ့နယ်မြေငါးခုအနှံ့သို့ ပျံ့နှံ့သွားလေသည်။
ကုမိသားစုသည် အဆုံးမဲ့ကမ္ဘာရှိ ဧကရာဇ်မျိုးနွယ်အားလုံးကို စွပ်စွဲနေခြင်းဖြစ်သည်။
ထိုကုချန်မဟာဧကရာဇ်သည် ဧကရာဇ်မျိုးနွယ်အားလုံးကို ကြီးမားသော မြင့်မြတ်ရတနာများနှင့် အဖိုးတန်ပစ္စည်းများကို လျော်ကြေးအဖြစ် ဆက်သရန် အမိန့်ထုတ်ပြန်ခဲ့သည်။
ဤသတင်းပြန့်သွားသည်နှင့် ချက်ချင်းပင် အဆုံးမဲ့နယ်မြေငါးခုကို တုန်လှုပ်သွားစေပြီး အင်မော်တယ်ဂိုဏ်းများနှင့် ဂိုဏ်းကြီးများမှ အစွမ်းထက်ကျွမ်းကျင်သူများအားလုံးကို မှင်တက်သွားစေခဲ့သည်။
“ ကုမိသားစု ရူးသွားပြီလား... အဆုံးမဲ့ကမ္ဘာက ဧကရာဇ်မျိုးနွယ်အားလုံးကို စွပ်စွဲနေပါလား ”
“ ကောလာဟလတွေအရ လွန်ခဲ့တဲ့နှစ်ပေါင်းကိုးသောင်းတုန်းက ကုမိသားစုရဲ့မဟာဧကရာဇ်က ဒီအဆုံးမဲ့ဧကရာဇ်မျိုးနွယ်တွေနဲ့ သစ္စာဆိုခဲ့ပြီး ကုမိသားစုကို အပြည့်အဝကူညီဖို့ တောင်းဆိုခဲ့တယ်တဲ့... နောက်ပိုင်းမှာ ဧကရာဇ်မျိုးနွယ်တွေက သူတို့ရဲ့ကတိကို မတည်ခဲ့ကြဘူး... ဒါကြောင့် ဒီကုမိသားစုမဟာဧကရာဇ်က ဒေါသထွက်သွားတာ….. ”
“ ဒါက တော်တော်လေး အဓိပ္ပာယ်မရှိဘူး။ ဘာလို့ တခြားဧကရာဇ်မျိုးနွယ်တွေက ကုမိသားစုကို အပြည့်အဝကူညီရမှာလဲ? ကုမိသားစုမဟာဧကရာဇ်ရဲ့ ဟိုးအပြင်ဘက် ဟွမ်သွမ့်ပင်လယ်ကိုသွားပြီး နတ်ဆိုးနယ်မြေရဲ့အစွမ်းထက်သူတွေကို နှစ်ပေါင်းကိုးသောင်းကြာ နှိမ်နင်းခဲ့တယ်ဆိုတဲ့ မသေချာမရေရာတဲ့ ဒဏ္ဍာရီကြောင့်လား.....
ငါ့အထင်တော့ နတ်ဆိုးနယ်မြေဆိုတာ တကယ်ရှိမရှိတောင် မေးခွန်းထုတ်စရာပဲ။ ဒါက ကုချန်မဟာဧကရာဇ်က သူ့ရဲ့ဂုဏ်သတင်းကို မြှင့်တင်ပြီး ပုံရိပ်လှပအောင်လုပ်တဲ့ နည်းလမ်းတစ်ခုသက်သက်ပဲဖြစ်မှာ ”
“ ငါလည်း ဒီကိစ္စမှာ ကုမိသားစုမဟာဧကရာဇ်က နည်းနည်းလွန်သွားတယ်လို့ ခံစားရတယ် ”
အစွမ်းထက်ကျွမ်းကျင်သူအသီးသီးသည် တီးတိုးပြောဆိုနေကြပြီး သူတို့ထဲမှ အများအပြားသည် ကုချန်နှင့် ကုမိသားစုအပေါ် မကျေနပ်မှုကို ဖော်ပြခဲ့ကြသည်။
မည်သို့ပင်ဆိုစေကာမူ ယခုအချိန်သည် လွန်ခဲ့သောနှစ်ပေါင်းကိုးသောင်းက မဟုတ်တော့ပေ။
ဤမျှကြာမြင့်သောအချိန် ကုန်လွန်သွားခဲ့ပြီဖြစ်ပြီး သမိုင်းအများစုသည် မြှုပ်နှံခံခဲ့ရပြီးဖြစ်ကာ ကြီးမြတ်သောခေတ်ကာလများသည် မရေမတွက်နိုင်အောင် ပြောင်းလဲခဲ့ပြီးဖြစ်သည်။ ထိုစဉ်က ဖြစ်ပျက်ခဲ့သမျှကို မျိုးဆက်သစ်များအား ပြောပြရန် အသက်ရှင်ကျန်ရစ်သူများ မရှိတော့ချေ။
ထို့ကြောင့် လွန်ခဲ့သောနှစ်ပေါင်းကိုးသောင်းက နတ်ဆိုးနယ်မြေကျူးကျော်မှုဆိုသည်မှာ အမှန်တကယ်ဟုတ်မဟုတ်ကို လူအများက ပို၍ပို၍ မေးခွန်းထုတ်လာကြသည်။
အမှန်တကယ်ဖြစ်ခဲ့လျှင်ပင် နတ်ဆိုးနယ်မြေ၏အရှင်ဆိုသူသည် ရှေးဟောင်းကျမ်းများတွင် မှတ်တမ်းတင်ထားသလောက် ကြောက်စရာကောင်းမည် မဟုတ်ပေ။
ယခု ကုချန်သည် ကုမိသားစုတစ်ခုလုံးကို ရှင်သန်ခြင်းတားမြစ်နယ်မြေသို့ ပြောင်းရွှေ့နေထိုင်စေခြင်းနှင့် ပေါင်းလိုက်သောအခါ အဆုံးမဲ့ကမ္ဘာရှိ သက်ရှိအားလုံးသည် မသိစိတ်ဖြင့် ဤအဆုံးမဲ့ဧကရာဇ်မျိုးနွယ်များဘက်သို့ ရပ်တည်သွားကြသည်။
ဤအဝိဇ္ဇာဖုံးလွှမ်းနေသော လူအုပ်ကြီး၏အမြင်တွင် ရှင်သန်ခြင်းတားမြစ်နယ်မြေသည် ရက်စက်ကြမ်းကြုတ်မှုများနှင့် ကြောက်မက်ဖွယ်ကောင်းလှသည်။
ကုမိသားစုသည် ယခုအခါ ရှင်သန်ခြင်းတားမြစ်နယ်မြေတွင် နေထိုင်နေပြီဖြစ်သောကြောင့် သူတို့၏အမြင်တွင် အခြားဧကရာဇ်မျိုးနွယ်များထက် နိမ့်ကျနေ၏။
ဤနှစ်ပေါင်းကိုးသောင်းအတွင်း ကုမိသားစုသည် အခြားဧကရာဇ်မျိုးနွယ်များထက် ကောင်းမှုများ ပိုမိုပြုလုပ်ခဲ့ပြီး သက်ရှိများကို ပိုမိုကူညီခဲ့လျှင်ပင် ရလဒ်မှာ အတူတူပင်ဖြစ်သည်။
နယ်မြေငါးခုအတွင်းတွင် လျှို့ဝှက်သောလှုပ်ရှားမှုများ လှိုင်းထန်နေ၏။
ဧကရာဇ်မျိုးနွယ်အသီးသီး၏ ခေါင်းဆောင်များသည် ဤသတင်းကို ဧကရာဇ်မဟာမိတ်အဖွဲ့သို့ စောစီးစွာ သတင်းပို့ခဲ့ကြပြီး ဧကရာဇ်မဟာမိတ်အဖွဲ့မှ မဟာဧကရာဇ်များ၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြသည်။
… … … …
အဆုံးမဲ့ကမ္ဘာအတွင်းရှိ လျှို့ဝှက်ဆန်းကြယ်သော နေရာတစ်ခု... ဧကရာဇ်မဟာမိတ်အဖွဲ့၏ ဧကရာဇ်များခန်းမဆောင်တွင်ဖြစ်သည်။
ခန့်ညားထည်ဝါသော ပလ္လင်များသည် မားမားမတ်မတ် တည်ရှိနေပြီး အဆုံးမဲ့ကမ္ဘာ၏ အရှိန်အဝါများကို ထုတ်လွှတ်နေ၏။
ယခုအခိုက်တွင် ပုံရိပ်သုံးခုသည် မတူညီသော ပလ္လင်သုံးခုပေါ်တွင် ခန့်ညားစွာ ထိုင်နေကြပြီး အချင်းချင်း စကားပြောဆိုနေကြသည်။
သူတို့ထဲမှ တစ်ဦးဖြစ်သော အနက်ရောင်ချပ်ဝတ်တန်ဆာဝတ် ဧကရာဇ်သည် ယခင်က ကုချန်၏ဓားချက်ကြောင့် ဟွမ်သွမ့်ပင်လယ်အပြင်ဘက်သို့ ဖရိုဖရဲ ထွက်ပြေးခဲ့ရသော ယန်ဧကရာဇ်ပင်ဖြစ်သည်။
“ ယန်ဧကရာဇ်ရဲ့ ဒဏ်ရာတွေ ပျောက်ကင်းသွားပုံပဲ ”
ပလ္လင်တစ်ခုပေါ်တွင် နဂါးပုံပါသော ဧကရာဇ်ဝတ်ရုံနှင့် ရွှေရောင်ဆံပင်ရှိသော ဧကရာဇ်တစ်ပါးသည် ယန်ဧကရာဇ်ကို ကြည့်ရင်း သူ၏အသံမှာ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
“ ဟမ့်...နဂါးရင်းမြစ်ဧကရာဇ်! တကယ်လို့ မင်းသာ အဲ့အချိန်တုန်းက ငါကိုယ်တော့်နေရာမှာရှိခဲ့ရင် မင်းရဲ့ကံကြမ္မာက ငါနဲ့ အတူတူပဲ ဖြစ်မှာပဲ ”
ယန်ဧကရာဇ်သည် အေးစက်စွာ နှာမှုတ်လိုက်ပြီး သူ၏အကြည့်သည် နဂါးရင်းမြစ်မဟာဧကရာဇ်ထံတွင် ကြာရှည်မနေဘဲ အခြားပလ္လင်ပေါ်ရှိ ဧကရာဇ်ထံသို့ လှည့်ကြည့်လိုက်သည်။
ထိုဧကရာဇ်သည် အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားပြီး သူ၏မျက်နှာကို ဟွမ်သွမ့်ချီများဖြင့် ဖုံးကွယ်ထားသည်။
သို့သော် ယန်ဧကရာဇ်သည် သူဟာမည်သူမည်ဝါဖြစ်ကြောင်း ရှင်းလင်းစွာသိပြီး အေးစက်စွာ မေးလိုက်သည်။
“ မို့ဧကရာဇ်... ပြောစမ်းပါဉီး။ ဒီတစ်ခါ ငါတို့ကို ဒီကိုခေါ်တဲ့ကိစ္စက ဘာလဲ ”
ယန်ဧကရာဇ်၏စကားကို ကြားသောအခါ ဟွမ်သွမ့်ချီများဖြင့် ဖုံးကွယ်ထားသော မို့ဧကရာဇ်သည် အနည်းငယ် ရှေ့သို့ကိုင်းလိုက်ပြီး ရယ်မောလိုက်သည်။
“ ယန်ဧကရာဇ် စိတ်ကိုလျှော့ပါ.....
ငါကိုယ်တော်လဲ ဒီနေ့ ယွမ်ကျွင်းအကြီးအကဲရဲ့ တောင်းဆိုချက်အရ ခင်ဗျားတို့နှစ်ယောက်ကို ခေါ်ပြီး ကုမိသားစုမဟာဧကရာဇ်ကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ ဆွေးနွေးဖို့ပဲ လာခဲ့တာပါ ”
အခန်း( ၇၂ ) - မဟာမိတ်ဖွဲ့ခြင်း၊ ဧကရာဇ်ရှစ်ပါး၏ သတ်ဖြတ်ကစားပွဲ၊ ကုချန်အား အတူတကွ သုတ်သင်ခြင်း
“ ဟွန့်...တာအိုရောင်းရင်း ယွမ်ကျွင်းကတော့ စိတ်ရှည်သည်းခံနိုင်စွမ်း အမှန်တကယ် ကောင်းလှပါပေတယ်။ ကုချန် ပြန်ရောက်လာတည်းက အဆုံးမဲ့ကမ္ဘာဟာ ပွက်လောရိုက်သွားခဲ့တာပဲ။ တာအိုရောင်းရင်း ယွမ်ကျွင်းကတော့ ထိုင်မြဲတိုင်းထိုင်နေနိုင်သေးတာ ရှားပါးလှပါတယ်် "
ယန်ဧကရာဇ်သည် အေးစက်စွာ နှာမှုတ်လိုက်ပြီး သူ၏လေသံထဲတွင် မကျေမနပ်ဖြစ်နေသည့် အရိပ်အယောင်များ ပါဝင်နေလေ၏။
ဧကရာဇ်မဟာမိတ်အဖွဲ့၏ မဟာဧကရာဇ်များထဲတွင် ယွမ်ကျွင်းမဟာဧကရာဇ်မှာ ရှေးအကျဆုံးဖြစ်ပြီး ဧကရာဇ်မဟာမိတ်အဖွဲ့၏ ထင်ရှားသော ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပေသည်။
ဤယွမ်ကျွင်းမဟာဧကရာဇ်သည် မည်သည့်အချိန်က ဧကရာဇ်အဖြစ်သို့ ရောက်ရှိခဲ့သည် သို့မဟုတ် ဧကရာဇ်မဟာမိတ်အဖွဲ့သို့ မည်သည့်အချိန်က ဝင်ရောက်ခဲ့သည်ကို ယန်ဧကရာဇ် မသိရှိခဲ့ပေ။
သူသိသည်မှာ လွန်ခဲ့သော နှစ်သောင်းပေါင်းများစွာက သူတာအိုကို ရရှိပြီး ဧကရာဇ်တစ်ပါး ဖြစ်လာခဲ့ပြီးနောက် ယွမ်ကျွင်းမဟာဧကရာဇ်၏ ဖိတ်ခေါ်မှုကြောင့်သာ ဧကရာဇ်မဟာမိတ်အဖွဲ့သို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်ဟူ၍ပင်။
သူ့အပြင် ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီ၊ နဂါးရင်းမြစ်မဟာဧကရာဇ်နှင့် အခြားဧကရာဇ်များသည်လည်း ယွမ်ကျွင်းမဟာဧကရာဇ်မှတစ်ဆင့် ဧကရာဇ်မဟာမိတ်အဖွဲ့အတွင်းသို့ ဝင်ရောက်လာခဲ့ကြခြင်း ဖြစ်သည်။
သို့သော် ယခုအချိန်တွင် ဧကရာဇ်မဟာမိတ်အဖွဲ့သည် ကုချန်အား မည်သို့ရင်ဆိုင်ရမည်ကို ဆွေးနွေးရန် လိုအပ်နေချိန်၌ ယွမ်ကျွင်းမှာ မျက်နှာပင်မပြချေ။
ဤအချက်သည် ယန်ဧကရာဇ်အား မကျေမနပ်ဖြစ်စေခဲ့၏။
“ ယန်ဧကရာဇ် ခဏလောက် စိတ်လျော့ပြီး မို့တိပြောတာကို နားထောင်ပါဦး ”
နဂါးရင်းမြစ်မဟာဧကရာဇ်သည် ရယ်မောလိုက်သော်လည်း သူ၏အကြည့်များမှာမူ ဟွမ်သွမ့်ချီများဖြင့် ဖုံးလွှမ်းနေသော လျှို့ဝှက်ဆန်းကြယ်သည့် ဧကရာဇ်ထံသို့ ရောက်ရှိသွားလေသည်။
မို့တိသည်လည်း ဧကရာဇ်မဟာမိတ်အဖွဲ့အတွင်း မွေးဖွားလာခဲ့သည့် ရှေးဟောင်းမဟာဧကရာဇ်တစ်ပါးဖြစ်ပြီး ဧကရာဇ်မဟာမိတ်အဖွဲ့သို့ သူနှင့် ယန်ဧကရာဇ်တို့ထက် များစွာစော၍ ဝင်ရောက်ခဲ့သူ ဖြစ်သည်။
ဤမို့တိ မည်သူမည်ဝါဖြစ်သည်မှာ အမြဲတမ်းလျှို့ဝှက်ချက်တစ်ခုဖြစ်ခဲ့ပြီး နဂါးရင်းမြစ်ဧကရာဇ်၊ ယန်ဧကရာဇ်နှင့် အခြားသူများပင်လျှင် သူ၏အကြောင်းကို မမြင်နိုင်ကြပေ။
သူတို့သိသည်မှာ မို့တိနှင့် ယွမ်ကျွင်းမဟာဧကရာဇ်တို့၏ ဆက်ဆံရေးမှာ ထူးခြားလှသည်ဟူ၍ပင်။ တစ်ခါတစ်ရံ ယွမ်ကျွင်းမဟာဧကရာဇ်သည် ကိစ္စများကြောင့် မျက်နှာမပြနိုင်သည့်အခါ သက်ဆိုင်ရာကိစ္စများကို မို့တိက ကိုင်တွယ်ဖြေရှင်းပြီး သူ၏ကိုယ်စား အခွင့်အာဏာအပြည့်ဖြင့် ဆောင်ရွက်လေသည်။
“ အဆုံးမဲ့တိုက်ကြီးပေါ်က အခြေအနေကို မင်းတို့အားလုံး သိရှိပြီးဖြစ်လောက်ပြီလို့ ကိုယ်တော်ယူဆပါတယ် ”
မို့တိသည် အချိန်မဆွဲတော့ဘဲ တိုက်ရိုက်ပင် အကြောင်းအရာကို စတင်ပြောဆိုလိုက်လေသည်။
“ ကုချန်ပြန်ရောက်လာတာကို တာအိုရောင်းရင်းယွမ်ကျွင်းက ဒီအတိုင်းလွှတ်ထားမလို့ပါပဲ။ ဒါပေမဲ့ ကုချန်က အာဏာပြင်းပြီး အခုဆို ကျွန်တော်တို့ ဧကရာဇ်မိသားစုအသီးသီးကိုတောင် ဖိနှိပ်လာပြီ.....
ကျွန်တော်တို့ ဧကရာဇ်မဟာမိတ်အဖွဲ့ကသာ နောက်ထပ်ဘာမှမလုပ်ဘူးဆိုရင် ဧကရာဇ်မိသားစုတွေထဲက မျိုးဆက်သစ်တွေရဲ့ အသက်အန္တရာယ် မလုံခြုံနိုင်တော့ဘူး ”
“ ဟွန့်..... ”
မို့တိ ဤသို့ပြောသည်ကို ကြားလိုက်ရသောအခါ ယန်ဧကရာဇ်၏ နှလုံးသားထဲတွင် ဒေါသမီးများ ချက်ချင်းထတောက်လာခဲ့သော်လည်း သူသည် ထိုအရာကို အလျင်အမြန်ပင် ဖိနှိပ်ချလိုက်၏။
“ ကုချန်ရဲ့ လက်ရှိအစွမ်းက အရမ်းကို နတ်ဆိုးဆန်လွန်းတယ်။ ငါက သူ့ပြိုင်ဘက်မဟုတ်ဘူး။ တာအိုရောင်းရင်း နဂါးရင်းမြစ်အရှင်နဲ့ တာအိုရောင်းရင်း မို့တိတို့လည်း သူ့ပြိုင်ဘက်ဖြစ်မှာမဟုတ်ဘူး...ဘယ်လိုလုပ်လို့ရမှာလဲ ”
ကုချန်က ယန်မိသားစုကို ဖျက်ဆီးပြီး သူ့အား ဓားတစ်ချက်တည်းဖြင့် ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည့်နေ့မှစ၍ သူသည် အပြင်ဘက်ဟွမ်သွမ့်ပင်လယ်အတွင်းသို့ ကစဉ့်ကလျား ထွက်ပြေးခဲ့ရပြီး ယန်ဧကရာဇ်သည် ကုချန်အား လက်စားချေရန် အမြဲတမ်းစဉ်းစားနေခဲ့သည်။
သို့သော် ထိုနေ့က ကုချန်၏ ဓားချက်သည် သူ၏စိတ်ထဲတွင် ဖော်ပြ၍မရနိုင်လောက်အောင် နက်ရှိုင်းသော အမှတ်သညာတစ်ခုကို ချန်ထားခဲ့သည်။
ထိုဓားချက်မှာ အနိုင်ယူ၍မရ... တားဆီး၍မရနိုင်ပေ။
ယခုအချိန်ထိ ထိုဓားချက်ကို ပြန်လည်အမှတ်ရမိသည့်အခါတိုင်း ယန်ဧကရာဇ်သည် သူ၏ခန္ဓာကိုယ် အနည်းငယ်တုန်ယင်နေသည်ကို ခံစားရပြီး အနိုင်ယူ၍ မရနိုင်ဟူသော အတွေးမှားတစ်ခု ဝင်လာလေသည်။
ကုချန်သည် ဤနှစ်ပေါင်းကိုးသောင်းအတွင်း မည်သည့်အရာများ ကြုံတွေ့ခဲ့ရသည်ကို သူ မသိသော်လည်း ယခုအချိန်တွင် သူသည် ထိုကုမိသားစု၏မဟာဧကရာဇ်နှင့် ယှဉ်ပြိုင်နိုင်စွမ်း လုံးဝမရှိကြောင်းကို ကောင်းစွာသိပေသည်။
“ ကျွန်တော်တို့ နည်းနည်းနဲ့တော့ မလုံလောက်နိုင်ဘူး။ ဒါပေမဲ့ တားမြစ်နယ်မြေက အရှင်အနည်းငယ်ကို ပေါင်းထည့်လိုက်ရင်ရော ”
မို့တိသည် ခပ်ဖျော့ဖျော့ပြုံးကာ ပြောလိုက်သည်။
“ အိုး... မို့တိ ဆိုလိုချင်တာက တားမြစ်နယ်မြေတွေထဲက အဘိုးကြီးတွေလည်း လှုပ်ရှားဖို့ ရွေးချယ်ကြမယ်ဆိုတဲ့ သဘောလား ”
နဂါးရင်းမြစ်မဟာဧကရာဇ်၏ မျက်လုံးများမှာ အနည်းငယ်ကျဉ်းမြောင်းသွားပြီး ချက်ချင်းပင် ထပ်မံမေးမြန်းလိုက်သည်။
“ အတိအကျပဲ ”
မို့တိသည် ခေါင်းညိတ်ကာ ညင်သာစွာရယ်မောလိုက်ပြီး.....
“ ကုချန်ပြန်လာပြီးနောက်မှာ သူ့ရဲ့လုပ်ရပ်တွေက ကျွန်တော်တို့ ဧကရာဇ်မဟာမိတ်အဖွဲ့ကို ဒေါသထွက်စေရုံသာမက တားမြစ်နယ်မြေတွေထဲက အရှင်အသီးသီးကိုလဲ ဒေါသထွက်စေခဲ့တယ်... ဒီအခွင့်အရေးကို အသုံးချပြီး ကိုယ်တော် တားမြစ်နယ်မြေက အရှင်တချို့ကို ဆက်သွယ်ပြီး ကိုယ်တော်တို့နဲ့အတူ လှုပ်ရှားဖို့နဲ့ ကုချန်ရဲ့ ဘေးအန္တရာယ်ကို အတူတကွ နှိမ်နင်းဖို့ ပြောခဲ့တယ် ”
“ တားမြစ်နယ်မြေက အရှင်ဘယ်နှစ်ယောက်လောက်က လှုပ်ရှားဖို့ သဘောတူလဲ ”
ယန်ဧကရာဇ်သည် မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
“ လက်ရှိမှာတော့ ငါးယောက်ရှိတယ်။ ဧကရာဇ်နီ၊ ကောင်းကင်သင်္ချိုင်းကျွန်းရှေးဟောင်းဧကရာဇ်၊ အလင်းအမှောင်ရှေးဟောင်းဧကရာဇ်… ရှင်သန်ခြင်းတားမြစ်နယ်မြေတစ်ခုစီက အရှင်တစ်ပါးစီကို စေလွှတ်ထားပြီး တားမြစ်နယ်မြေတစ်ခုစီရဲ့ သဘောထားကို ထပ်ပြီးမေးမြန်းနေတယ် ”
မို့တိသည် အေးဆေးစွာ ပြောလိုက်၏။
“ ဟက်... တားမြစ်နယ်မြေက ဒီအဘိုးကြီးတွေ လှုပ်ရှားဖို့ရွေးချယ်တာက ကုချန်ကို လက်တုံ့ပြန်ဖို့လောက်နဲ့တော့ ရိုးရှင်းမှာမဟုတ်ဘူး ”
ယန်ဧကရာဇ်သည် သရော်ပြုံးတစ်ချက်ကို ဖော်ပြလိုက်ပြီး.....
“ ငါကိုယ်တော် သံသယဝင်မိတာက...အဲ့ဒီအဘိုးကြီးတွေ ကုချန် နှစ်ပေါင်းကိုးသောင်းအထိ အသက်ရှင်နိုင်ပြီး သူ့ရဲ့တိုက်ခိုက်ရေးအစွမ်းက မကျဆင်းသွားတဲ့အပြင် ပိုတိုးလာရတဲ့ လျှို့ဝှက်ချက်ကို စိတ်ဝင်စားနေတာဖြစ်လိမ့်မယ် ”
တားမြစ်နယ်မြေမှ အရှင်များသည် ထာဝရအသက်ရှင်သန်နိုင်ရန်အတွက် သူတို့၏တိုက်ခိုက်ရေးအစွမ်းကို ဖိနှိပ်ကာ တားမြစ်နယ်မြေများတွင် မခန့်မှန်းနိုင်သော နှစ်ပေါင်းများစွာ တိမ်းရှောင်နေခဲ့ကြသည်။
ယခုအခါ သူတို့သည် ကုချန်အား ဆန့်ကျင်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်ရာ ရိုးရှင်းသော မကျေနပ်မှုကြောင့် မည်သို့ဖြစ်နိုင်မည်နည်း။
ဤတားမြစ်နယ်မြေမှ အရှင်များကို အမှန်တကယ် စိတ်ဝင်စားစေသောအရာမှာ ကုချန်၏ကိုယ်ပေါ်ရှိ အသက်ရှည်ခြင်း၏ လျှို့ဝှက်ချက်ပင် ဖြစ်လိမ့်မည်။
“ တာအိုရောင်းရင်း ယန်ဧကရာဇ်ကတော့ တကယ်ပဲ ထက်မြက်တဲ့အမြင်ရှိတာပဲ ”
မို့တိသည် လက်ခုပ်တီးကာ ရယ်မောလိုက်ပြီး.....
“ ငါကိုယ်တော်က အဲ့ဒီအရှင်တွေကို ကတိပေးထားပြီးပြီ။ ကိစ္စပြီးသွားရင် ဧကရာဇ်မဟာမိတ်အဖွဲ့နဲ့ တားမြစ်နယ်မြေတွေက ကုချန်ရဲ့ကိုယ်ပေါ်က လျှို့ဝှက်ချက်တွေကို အတူတကွ ခွဲဝေယူကြမယ်လို့ ”
တားမြစ်နယ်မြေမှ အရှင်ငါးပါး... သူကိုယ်တိုင်အပါအဝင် နဂါးရင်းမြစ်အရှင်နှင့် မို့တိတို့ ပေါင်းလိုက်လျှင် စုစုပေါင်း ဧကရာဇ်အဆင့် တိုက်ခိုက်ရေးအင်အား ရှစ်ယောက်…..
ယန်ဧကရာဇ်သည် စိတ်ထဲတွင် တွက်ချက်ကြည့်လိုက်ပြီး စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဖြစ်သွား၏။
သူတစ်ယောက်တည်းက ကုချန်၏ပြိုင်ဘက်မဟုတ်သော်လည်း ဧကရာဇ်အဆင့် ရှစ်ယောက်ဆိုလျှင်ကော.....
လူသားတို့၏ အင်အားတွင် အကန့်အသတ်ရှိသကဲ့သို့ မဟာဧကရာဇ်များအတွက်လည်း ထိုနည်း၎င်းပင်။ ကုချန်မည်မျှပင် အားကောင်းသည်ဖြစ်စေ မဟာဧကရာဇ်ရှစ်ပါး၏ ပြိုင်ဘက်ဖြစ်နိုင်မည်လော။
“ ကောင်းပြီ... ငါကိုယ်တော် သဘောတူတယ် ”
ခဏတာ စဉ်းစားပြီးနောက် သူ၏နှလုံးသားထဲမှ အမုန်းတရားသည် ယန်ဧကရာဇ်အား နောက်ဆုံးတွင် ဆုံးဖြတ်ချက်ချစေခဲ့သည်။
သူက ကုချန်ကို သေစေချင်သည်။
“ တာအိုရောင်းရင်း ယန်ဧကရာဇ်က ကန့်ကွက်စရာမရှိဘူးဆိုရင် ငါကိုယ်တော်လဲ ကန့်ကွက်စရာမရှိပါဘူး ”
ယန်ဧကရာဇ် ခေါင်းညိတ်သည်ကို မြင်သောအခါ နဂါးရင်းမြစ်မဟာဧကရာဇ်သည်လည်း သဘောတူညီစွာ ခေါင်းညိတ်လိုက်သည်။
“ ကောင်းပြီ ”
နဂါးမျိုးနွယ်မဟာဧကရာဇ်နှင့် ယန်ဧကရာဇ်တို့ နှစ်ဦးစလုံး သဘောတူညီသည်ကို မြင်သောအခါ မို့တိသည် အနည်းငယ်ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ မနက်ဖြန် ကုမိသားစုက လူလွှတ်ပြီး ဧကရာဇ်မိသားစုအသီးသီးကို ဖိအားပေးတဲ့အခါ ကုချန်က သေချာပေါက် အနီးကပ်အာရုံစိုက်နေမှာပဲ..... ကျွန်တော်တို့က အဲ့ဒီဧကရာဇ်မိသားစုတွေကို အပြင်းအထန် တုံ့ပြန်ခိုင်းဖို့ပဲ လိုအပ်တယ်။
လိုအပ်ရင် ဧကရာဇ်လက်နက်တွေနဲ့ ဧကရာဇ်အမိန့်လွှာတွေကိုတောင် စတေးပြီး ခုခံခိုင်းရမယ်။ ဒါက ကုချန်ရဲ့အာရုံကို သေချာပေါက် ဆွဲဆောင်နိုင်ပြီး သူ့ကို ကောင်းကင်ဘုံတားမြစ်နယ်မြေထဲကနေ ထွက်လာအောင် သွေးဆောင်နိုင်မှာပဲ.....
အဲ့ဒီအချိန်ကျရင် ကျွန်တော်တို့အဖွဲ့နှစ်ဖွဲ့ခွဲမယ်။ ဧကရာဇ်အဆင့်နှစ်ယောက်က ကောင်းကင်ဘုံတားမြစ်နယ်မြေကို သွားသိမ်းပြီး ကုမိသားစုကို ထိန်းချုပ်ထားမယ် ဒါမှ ကုချန်က လက်တွန့်သွားမှာ.....
ကျန်တဲ့ ဧကရာဇ်အဆင့်ခြောက်ယောက်က ကုချန်ကို ဝန်းရံထားမယ်။
ကောင်းကင်ဘုံတားမြစ်နယ်မြေကို သွားတဲ့ ဧကရာဇ်အဆင့်နှစ်ယောက် ပြန်ရောက်လာတဲ့အခါ ဧကရာဇ်ရှစ်ပါးပေါင်းပြီး ကုချန်ကို အတူတကွ ကွပ်မျက်ကြမှာပဲ ”
မည်မျှ ရက်စက်လှသော အစီအစဉ်ဖြစ်လိုက်သနည်း။
မနက်ဖြန်အတွက် သတ်ဖြတ်ကစားပွဲကို မို့တိ စီစဉ်နေသည်ကို နားထောင်ရင်း ယန်ဧကရာဇ်သည် သူ၏လျှာကို အနည်းငယ်သပ်လိုက်မိသည်။
ကုချန်ကို ဝိုင်းဝန်းတိုက်ခိုက်ရုံသာမက မို့တိသည် တားမြစ်နယ်မြေအတွင်းရှိ ကုမိသားစုကိုပင် ချမ်းသာပေးရန် အစီအစဉ်မရှိပေ။
သို့သော် ဤသည်မှာ အံကိုက်ပင် ဖြစ်၏။ ကုချန်သည် ကုမိသားစုကို လွန်စွာတန်ဖိုးထားသည်... မဟုတ်လား။
သူသည် ကုချန်အား သူ၏မိသားစုဝင်များ... မျက်စိရှေ့တွင် ဆိုးဆိုးရွားရွား သေဆုံးသွားသည်ကို ကြည့်ရှုရသည့် ခံစားချက်အား ကိုယ်တိုင်ကိုယ်ကျ ခံစားစေမည် ဖြစ်သည်။
ဤသို့တွေးမိသောအခါ ယန်ဧကရာဇ်သည် အလျင်အမြန်ပြောလိုက်သည်။
“ ကောင်းကင်ဘုံတားမြစ်နယ်မြေကို သွားမဲ့ ဧကရာဇ်အဆင့်နှစ်ယောက်ထဲမှာ ငါကိုယ်တော်ကိုထည့်လိုက် ”
သူသည် ကောင်းကင်ဘုံတားမြစ်နယ်မြေသို့ ကိုယ်တိုင်သွားရောက်ကာ ကုမိသားစုအား ဖမ်းဆီးပြီး အစောပိုင်းက ကုချန် ယန်မိသားစုကို ဖျက်ဆီးခဲ့သည့်အတွက် လက်စားချေသည့်အနေဖြင့် သူတို့ကို ညှဉ်းပန်းနှိပ်စက်ကာ သတ်ဖြတ်လိုပေသည်။
“ အကောင်းဆုံးပေါ့ ”
မို့တိသည် ပြုံးကာပြောလိုက်သည်။
“ မနက်ဖြန်ကျရင် ယန်ဧကရာဇ်က ကောင်းကင်ဘုံ တားမြစ်နယ်မြေအပြင်ဘက်မှာ ချောင်းမြောင်းနေဖို့ပဲ လိုပါတယ်။ အဆုံးမဲ့နယ်မြေငါးခုအတွင်းမှာ ဧကရာဇ်တစ်ပါးရဲ့ အစွမ်းပေါက်ကွဲတာကို ခံစားမိတာနဲ့ ပေါ်ထွက်လာပြီး အခြားတာအိုရောင်းရင်းဧကရာဇ်အဆင့်တစ်ယောက်နဲ့ပေါင်းပြီး ကောင်းကင်ဘုံတားမြစ်နယ်မြေကို တိုက်ခိုက်နိုင်ပါပြီ ”
“ အင်း..... ”
ယန်ဧကရာဇ်သည် ခေါင်းညိတ်လိုက်ပြီး
“ ဒီလိုဆို ငါကိုယ်တော်က တံခါးပိတ်ကျင့်ကြံပြီး ပြင်ဆင်တော့မယ်။ ထပ်ဆက်သွယ်ဖို့မလိုတော့ဘူး မနက်ဖြန် သတ်ဖြတ်ကစားပွဲစတဲ့အခါ ငါကိုယ်တော်က အလိုလိုပေါ်လာလိမ့်မယ် ”
ယန်ဧကရာဇ်သည် တုံ့ပြန်လိုက်ပြီးနောက် သူ၏ပုံရိပ်အား စိတ်မရှည်စွာဖြင့် ကွယ်ဖျောက်သွားလိုက်၏။
သူသည် တံခါးပိတ်ကျင့်ကြံကာ မနက်ဖြန်၏ တိုက်ပွဲကြီးအတွက် အပြည့်အဝပြင်ဆင်ပြီး သူ၏အခြေအနေအား အထွတ်အထိပ်သို့ မြှင့်တင်သွားမည် ဖြစ်လေသည်။