အခန်း (၇၃-၇၄)
Vol. 6 Ch. 73-74
အခန်း( ၇၃) - ဧကရာဇ်မဟာမိတ်အဖွဲ့၏အမိန့်၊ ကောင်းကင်ဘုံ၏ကျိန်စာနှင့် ခရမ်းရောင်ဧကရီ ပြန်လည်ရောက်ရှိလာခြင်း
အရှေ့ပိုင်းစွန့်ပစ်ဒေသ တာအိုနယ်မြေ ကျောက်မိသားစု.....
ကျောက်လင်သည် ကျောက်မိသားစု၏ အတွင်းပိုင်းရှိ ရှေးဟောင်းလျှို့ဝှက်ခန်းမတစ်ခုထဲတွင် ဒူးထောက်လျက်ရှိပြီး သူ၏ရှေ့တွင် အမွှေးတိုင်များနှင့် ဖယောင်းတိုင်များ တောက်လောင်လျက် မီးခိုးငွေ့များ ဝေ့ဝဲနေသော်လည်း သူသည် မော့ပင်မကြည့်ဝံ့ခဲ့ချေ။
အကြောင်းမှာ လျှို့ဝှက်ခန်းမ၏ အမြင့်ဆုံးနေရာတွင် ဟွမ်သွမ့်ချီများသည် အရာအားလုံးကို ဖုံးလွှမ်းထားပြီး ဧကရာဇ်၏အရှိန်အဝါအမျှင်တန်းများသာ ဆင်းသက်လာကာ ကျောက်လင်အား ရိုသေကိုင်းရှိုင်းမှုဖြင့် ပြည့်နှက်စေပြီး မော့ကြည့်ရန်ပင် မဝံ့မရဲဖြစ်စေခဲ့သောကြောင့်ပင်။
“ အကယ်၍ ကုမိသားစုက မနက်ဖြန် ငါတို့ကို ထပ်ပြီးဖိအားပေးလာရင်... အဆုံးစွန်ဧကရာဇ်လက်နက်ကို ထုတ်သုံးပြီး... ဧကရာဇ်အရှိန်အဝါကို ပြသလိုက်! ”
ဟွမ်သွမ့်ပင်လယ်သည် လှိုင်းထသွားပြီး ကျယ်ပြောပြီး ခန့်ညားထည်ဝါသော အသံတစ်ခုသည် လျှို့ဝှက်ခန်းမ၏ အမြင့်ဆုံးနေရာမှ ထွက်ပေါ်လာကာ ကျောက်လင်၏နားထဲတွင် ပဲ့တင်ထပ်သွားလေသည်။
“ ဟုတ်ကဲ့..... ”
ထိုအသံကိုကြားသောအခါ ကျောက်လင်သည် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဖြစ်သွား၏။
ဧကရာဇ်လက်နက်ကို ထုတ်သုံးပြီး အဆုံးစွန်အင်အားဖြင့် ခုခံမည်လော။ ဧကရာဇ်မဟာမိတ်အဖွဲ့အတွင်းမှ မဟာဧကရာဇ်အသီးသီးသည် ကောင်းကင်ဘုံအရှင်သခင်နှင့် တိုက်ရိုက်ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်ကြပြီလော။
သို့သော် ကျောက်လင်သည် ထို့နောက်တွင် စိုးရိမ်ထိတ်လန့်မှုကို ပြန်လည်ပြသလိုက်ပြီး ညင်သာစွာ ပြောလိုက်သည်။
“ မဟာဧကရာဇ် တကယ်လို့ ကုမျိုးနွယ်က ကောင်းကင်ဘုံအရှင်သခင်ရဲ့ အမိန့်လွှာနဲ့ပဲ လာတယ်ဆိုရင် ကျောက်မိသားစုရဲ့ ဧကရာဇ်လက်နက်က သေချာပေါက် ယှဉ်ပြိုင်နိုင်ပါတယ်။ ဒါပေမဲ့... ကောင်းကင်ဘုံအရှင်သခင်ကိုယ်တိုင် ရောက်လာခဲ့ရင်… ကျောက်မိသားစုမှာ ဧကရာဇ်လက်နက်ရှိရင်တောင် လုံးဝအကူအညီမဲ့ဖြစ်နေမှာပါ... ”
ကျောက်မိသားစုတွင် အဆုံးစွန်ဧကရာဇ်လက်နက်တစ်ခု အစောင့်အကြပ်အဖြစ်ရှိနေပြီး ၎င်းမှာ ဧကရာဇ်မျိုးနွယ်စု၏ အခြေခံအုတ်မြစ်ပင် ဖြစ်သည်။
သို့သော် အဆုံးစွန်ဧကရာဇ်လက်နက်သည် မည်မျှပင် အားကောင်းသည်ဖြစ်စေ မည်သူက ကိုင်စွဲသည်အပေါ်တွင် မူတည်ပေသည်။
အကယ်၍ မဟာဧကရာဇ်တစ်ပါးက ၎င်းကို အသက်သွင်းပါက ဧကရာဇ်လက်နက်သည် သေချာပေါက် အပြည့်အဝနိုးထလာပြီး သူ၏အစွမ်းအပြည့်ကို ပြသနိုင်မည်ဖြစ်သည်။
သို့သော်လည်း ကျောက်မိသားစုတွင် လက်ရှိ၌ ဧကရာဇ်တပိုင်းအဆင့် ပုဂ္ဂိုလ်များသာ အုပ်ချုပ်လျက်ရှိသည်။
ဧကရာဇ်တပိုင်းအဆင့်တွင် ဧကရာဇ်လက်နက်ကို ကိုင်စွဲခြင်းသည် အများဆုံး ၎င်းအစွမ်း၏ ဆယ်ပုံ တစ်ပုံ သို့မဟုတ် နှစ်ပုံကိုသာ ထုတ်ဖော်ပြသနိုင်သောကြောင့် စစ်မှန်သော မဟာဧကရာဇ်တစ်ပါးနှင့် ယှဉ်ပြိုင်နိုင်စွမ်းမရှိသည်မှာ သဘာဝကျ၏။
အကယ်၍ ကုမိသားစုသည် မနက်ဖြန်တွင် ကုချန်၏အမိန့်လွှာနှင့် လာခဲ့ပါက ဧကရာဇ်လက်နက်သည် ရန်သူကို တွန်းလှန်ရန် လုံလောက်မည်ဟု ကျောက်လင် ယုံကြည်သည်။
သို့သော် ကောင်းကင်ဘုံအရှင်သခင်ကိုယ်တိုင် ရောက်ရှိလာခဲ့ပါက ကျောက်မိသားစုတွင် ဧကရာဇ်လက်နက်ရှိလျှင်ပင် အသုံးဝင်မည်မဟုတ်ချေ။
“ အရေးမကြီးပါဘူး ”
ကျောက်လင်၏စကားကို ကြားသောအခါ ခန့်ညားထည်ဝါသောအသံသည် တစ်ဖန်ပြန်လည်ထွက်ပေါ်လာပြီး.....
“ တကယ်လို့ ကောင်းကင်ဘုံအရှင်သခင်ကိုယ်တိုင် မနက်ဖြန်ရောက်လာခဲ့ရင်... ဧကရာဇ်တစ်ပါးက ဆင်းသက်လာပြီး သူ့ကို ယှဉ်ပြိုင်တိုက်ခိုက်လိမ့်မယ် ”
အမှန်ပင်တည်း... ဧကရာဇ်မဟာမိတ်အဖွဲ့၏ မဟာဧကရာဇ်အသီးသီးသည် ကောင်းကင်ဘုံအရှင်သခင်အား ဆန့်ကျင်ရန် အမှန်တကယ်ပင် လှုပ်ရှားကြတော့မည်။
ဤသို့သော တိကျသေချာသည့် အဖြေကို ရရှိပြီးနောက် ကျောက်လင်၏နှလုံးသားသည် ချက်ချင်းတည်ငြိမ်သွားခဲ့သည်။
ကောင်းကင်ဘုံအရှင်သခင်၏ ခြိမ်းခြောက်မှုမှ ကင်းလွတ်နေသမျှ ကာလပတ်လုံး ကုမိသားစုလေးတစ်ခုကို ကျောက်မိသားစု၏ မျက်စိထဲတွင် မည်သို့ထားနိုင်မည်နည်း။
“ ကျောက်လင်... နာခံပါတယ် ”
ကျောက်လင်သည် ရိုသေစွာဖြင့် ဦးညွှတ်လိုက်သောအခါ လျှို့ဝှက်ခန်းမထဲတွင် ဝေ့ဝဲနေသော ဧကရာဇ်၏အရှိန်အဝါသည် ရုတ်တရက် ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။ သူ မော့ကြည့်လိုက်သောအခါ... လျှို့ဝှက်ဆန်းကြယ်သော ပုံရိပ်သည် လျှို့ဝှက်ခန်းမ၏ အမြင့်ဆုံးနေရာမှ ပျောက်ကွယ်သွားလေပြီ။
ထိုအချိန်၌ အဆုံးမဲ့နယ်မြေငါးခုတစ်လျှောက်ရှိ ဧကရာဇ်မျိုးနွယ်စုအသီးသီးတွင် အလားတူမြင်ကွင်းများ ဖြစ်ပေါ်လျက်ရှိသည်။
ယခင်က အနည်းငယ်ထိတ်လန့်နေခဲ့သော ဧကရာဇ်မျိုးနွယ်စုများသည် ဧကရာဇ်မဟာမိတ်အဖွဲ့ထံမှ တိကျသေချာသော အဖြေများရရှိပြီးနောက် စိတ်သက်သာရာရစေသော ဆေးလုံးတစ်လုံးကို သောက်သုံးလိုက်ရသကဲ့သို့ ဖြစ်သွားကြပြီး ကုမိသားစု၏ခြိမ်းခြောက်မှုကို သူတို့၏မျက်စိထဲတွင် မထားကြတော့ပေ။
အမှန်တကယ်တွင် ဤဧကရာဇ်မျိုးနွယ်စုများသည် မနက်ဖြန်ကိုပင် အမြန်ရောက်ချင်နေကြ၏။
သူတို့သည် ကုမိသားစု ကမ္ဘာကြီးရှေ့တွင် အရှက်ရသည်ကို မြင်တွေ့ရန် စိတ်မရှည်နိုင်တော့ပေ။
ဧကရာဇ်အဆင့် ဘိုးဘေးအိုကြီးတစ်ပါး ပြန်လည်ရောက်ရှိလာရုံဖြင့် ကမ္ဘာကြီးကို စိုးမိုးပြီး ဧကရာဇ်မျိုးနွယ်စုအသီးသီးအပေါ် ဗိုလ်ကျနိုင်သည်ဟု ထင်နေကြသလော။
ရက်စက်ကြမ်းကြုတ်သော လက်တွေ့အရှိတရားက ကုမိသားစုအား ယခုမှာ လွန်ခဲ့သော နှစ်ပေါင်းကိုးသောင်းကလို မဟုတ်တော့ကြောင်း ပြောပြလိမ့်မည်ဖြစ်သည်။
…………
အရှေ့ပိုင်းစွန့်ပစ်ဒေသ တာအိုနယ်မြေ မူလရှေးဟောင်းတွင်းနက်၏ အတွင်းပိုင်းရှိ ရှေးဟောင်းခုအတွင်း၌.....
ဆံပင်အဖြူယောင်သန်းနေပြီး ရှေးဟောင်းဧကရာဇ်ဝတ်ရုံကို ဝတ်ဆင်ထားသော အရှင်တစ်ပါးသည် ဤနေရာတွင် တိတ်ဆိတ်စွာ တရားထိုင်နေလေသည်။
ဤပုဂ္ဂိုလ်မှာ အခြားသူမဟုတ်ဘဲ ထိုနေ့က ကုချန်မှ ကောင်းကင်သင်္ချိုင်းကျွန်းမှ နှင်ထုတ်ခံခဲ့ရပြီး ကစဉ့်ကလျား ထွက်ပြေးခဲ့ရသော ကောင်းကင်သင်္ချိုင်း ရှေးဟောင်းဧကရာဇ်ပင် ဖြစ်သည်။
“ ကုချန် ကောင်းကင်ဘုံအရှင်သခင်… မင်းက ငါကိုယ်တော်ပိုင်ဆိုင်တဲ့အရာကို ယူသွားခဲ့တယ်... မကြာခင် မင်းပြန်ပေးရမှာပဲ….. ”
ကောင်းကင်သင်္ချိုင်း ရှေးဟောင်းဧကရာဇ်သည် တီးတိုးရေရွတ်လိုက်ပြီး သူ၏မျက်လုံးများထဲတွင် နက်ရှိုင်းသော အမုန်းတရားများ ပြည့်နှက်နေလေသည်။
ထိုနေ့က ကုချန်ထံမှ ကောင်းကင်သင်္ချိုင်းကျွန်းမှ နှင်ထုတ်ခံရပြီးနောက် ကောင်းကင်သင်္ချိုင်း ရှေးဟောင်းဧကရာဇ်သည် အဆုံးမဲ့တိုက်ကြီးမှ ထွက်ခွာရန် မရွေးချယ်ဘဲ အနီးအနားရှိ မူလရှေးဟောင်းတွင်းနက်အတွင်းသို့ လျှို့ဝှက်စွာ ဝင်ရောက်ကာ ရှေးဟောင်းတွင်းနက်အတွင်းမှ အရှင်များထဲမှ တစ်ပါးဖြစ်လာခဲ့သည်။
သူသည် ဤသို့ထွက်ခွာသွားရန် စိတ်မပါသကဲ့သို့ ကောင်းကင်သင်္ချိုင်းကျွန်းကို ကုချန်မှ သိမ်းပိုက်ထားသည်ကိုလည်း လက်ခရန် စိတ်မပါချေ။
အကြောင်းမှာ ကောင်းကင်သင်္ချိုင်းကျွန်းအတွင်း၌ ကြီးမားသော လျှို့ဝှက်ချက်တစ်ခု ပုန်းအောင်းနေသောကြောင့်ပင်။
" တကယ်လို့ ငါကိုယ်တော်သာ ဒီကျောက်တံခါးပေါ်က အင်မော်တယ်တာအိုအစီအရင်တွေကို အဓိပ္ပာယ်ဖော်နိုင်ခဲ့ရင်... ဒီကနေတစ်ဆင့် ထာဝရအသက်ရှင်သန်ခြင်းနည်းလမ်းကို ကြည့်နိုင်လိမ့်မယ်... ဒီလိုကံကောင်းခြင်းမျိုးကို ကုချန်ဆီ ဒီအတိုင်းလွှဲပေးလိုက်လို့ ဘယ်ဖြစ်မလဲ ”
ကောင်းကင်သင်္ချိုင်း ရှေးဟောင်းဧကရာဇ်သည် မုန်းတီးစွာ ပြောလိုက်၏။
သူသည် ကောင်းကင်သင်္ချိုင်းကျွန်း၏ အတွင်းပိုင်းရှိ ရှေးဟောင်းကျောက်တံခါးပေါ်မှ အင်မော်တယ်တာအိုအစီအရင်များကို နှစ်သောင်းပေါင်းများစွာ မရေတွက်နိုင်အောင် လေ့လာခဲ့သည်။
ယခုအခါ သူသည် အနည်းငယ် တိုးတက်မှုစတင်ရရှိလာချိန်တွင် တားမြစ်နယ်မြေမှ နှင်ထုတ်ခံခဲ့ရသည်...သူ မည်သို့လျှင် ကျေနပ်နိုင်မည်နည်း။
ယခုမူ... အတန်ကြာ ငုပ်လျှိုးနေပြီးနောက် သူသည် နောက်ဆုံးတွင် အခွင့်အရေးတစ်ခုကို ရှာတွေ့ခဲ့ပြီ။
ဧကရာဇ်မဟာမိတ်အဖွဲ့မှ မို့တိသည် ကုချန်အား အတူတကွ ရင်ဆိုင်ရန် တားမြစ်နယ်မြေအသီးသီးကို လျှို့ဝှက်စွာ ဆက်သွယ်ခဲ့သည်။
ကောင်းကင်သင်္ချိုင်း ရှေးဟောင်းဧကရာဇ်သည် ဤတစ်သက်တွင်တစ်ခါသာရနိုင်သော အခွင့်အရေးကို သေချာပေါက် လက်လွတ်ခံမည်မဟုတ်ဘဲ ကုချန်အား ရင်ဆိုင်မည့် ‘ဧကရာဇ်ရှစ်ပါး’ ထဲမှ တစ်ပါးအဖြစ် ပါဝင်ဖို့ ကိုယ်တိုင် အဆိုပြုခဲ့သည်။
ထို့အပြင် သူသည် အခြားအရှင်များ ကောင်းကင်သင်္ချိုင်းကျွန်းအတွင်းမှ လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိမည်ကို စိုးရိမ်သောကြောင့် အထက်ကောင်းကင်ဘုံတားမြစ်နယ်မြေကို တိုက်ခိုက်မည့် ဧကရာဇ်အဆင့် ပုဂ္ဂိုလ်နှစ်ဦးထဲမှ တစ်ဦးအဖြစ် ရွေးချယ်ခဲ့သည်။
ကောင်းကင်သင်္ချိုင်း ရှေးဟောင်းဧကရာဇ်သည် သူ၏အစီအစဉ်များကို ရေးဆွဲပြီးဖြစ်သည်။ မနက်ဖြန် စစ်ဆင်ရေးပြီးနောက် သူသည် အထက်ကောင်းကင်ဘုံတားမြစ်နယ်မြေကို ချက်ချင်းတိုက်ခိုက်ပြီး အခြားအရှင်များ မတွေ့ရှိစေရန် အင်မော်တယ်တာအိုကျောက်တံခါးကို ဦးစွာ ဖုံးကွယ်ထားမည် ဖြစ်သည်။
“ ကုချန်... အိုး... ကုချန်...အထက်ကောင်းကင်ဘုံတားမြစ်နယ်မြေမှာ ယခင်အရှင်အားလုံးဟာ သဘာဝမကျတဲ့ သေခြင်းတရားတွေနဲ့ သေဆုံးခဲ့ကြရတယ်... ဘယ်သူမှ အဆုံးသတ် မလှခဲ့ကြဘူး... မင်းက ခြွင်းချက်ဖြစ်လိမ့်မယ်လို့ ထင်နေတာလား ”
ကောင်းကင်သင်္ချိုင်း ရှေးဟောင်းဧကရာဇ်သည် လှောင်ပြောင်ရယ်မောလိုက်၏။
အခြားရှင်သန်ခြင်းတားမြစ်နယ်မြေများသည် အန္တရာယ်ရှိသော်လည်း ၎င်းမှာ သာမန်သတ္တဝါများအတွက်သာ ဖြစ်သည်။
သို့သော် အထက်ကောင်းကင်ဘုံတားမြစ်နယ်မြေမှာမူ ကွဲပြားသည်။ သမိုင်းတစ်လျှောက် ၎င်းအတွင်း နေထိုင်ခဲ့ကြသော ဧကရာဇ်အဆင့်ပုဂ္ဂိုလ်အားလုံးသည် ခြွင်းချက်မရှိ ပြင်းထန်သော သေခြင်းတရားဖြင့် သေဆုံးခဲ့ကြရသည်။
ဤအချက်ကြောင့်ပင် ကုချန် အဆုံးမဲ့ကမ္ဘာသို့ ပြန်လည်ရောက်ရှိလာသောအခါ အထက်ကောင်းကင်ဘုံတားမြစ်နယ်မြေတစ်ခုလုံးတွင် ကောင်းကင်သင်္ချိုင်းကျွန်းရှေးဟောင်းဧကရာဇ်တစ်ဦးတည်းသာ ရှိနေခဲ့သည်။ အခြားအရှင်များအားလုံးသည် ဤရှင်သန်ခြင်းတားမြစ်နယ်မြေကို ရှောင်ရှားကြသည်။
အမှန်တကယ်တွင် ကောင်းကင်သင်္ချိုင်း ရှေးဟောင်းဧကရာဇ်သည်လည်း အင်မော်တယ်တာအိုကျောက်တံခါးပေါ်မှ လျှို့ဝှက်ချက်ကို လေ့လာရန်အတွက် အထက်ကောင်းကင်ဘုံတားမြစ်နယ်မြေတွင် စိတ်ပိုင်းဖြတ်ကာ နေထိုင်ခဲ့ခြင်း ဖြစ်သည်။
ယခုမူ ကုချန်သည် အထက်ကောင်းကင်ဘုံတားမြစ်နယ်မြေတွင် နေထိုင်ခဲ့ပြီး ဧကရာဇ်ရှစ်ပါး၏ ပူးပေါင်းတိုက်ခိုက်မှုကို ရင်ဆိုင်ရတော့မည်ဖြစ်ကာ သဘာဝမကျသော သေခြင်းတရားဖြင့် သေဆုံးတော့မည်ဖြစ်သည်။
ဤအချက်သည် ကောင်းကင်သင်္ချိုင်း ရှေးဟောင်းဧကရာဇ်အား သက်ပြင်းချစေခဲ့သည်။
အထက်ကောင်းကင်ဘုံတားမြစ်နယ်မြေ၏ ကျိန်စာမှာ အမှန်တကယ်ပင် ကျောချမ်းဖွယ်ကောင်းလှပြီး ဧကရာဇ်အဆင့်ပုဂ္ဂိုလ်များပင်လျှင် မလွတ်မြောက်နိုင်ချေ။
ဤကိစ္စသည် ကောင်းကင်သင်္ချိုင်း ရှေးဟောင်းဧကရာဇ်အား သတိပေးလိုက်သည်။ ကုချန်ကို သတ်ဖြတ်ပြီးနောက် သူသည် အင်မော်တယ်တာအိုကျောက်တံခါးပေါ်မှ လျှို့ဝှက်ချက်ကို အလျင်အမြန် အဓိပ္ပာယ်ဖော်ပြီး အနာဂတ်တွင် ကုချန်နှင့်တူညီသော ကံကြမ္မာမျိုး မကြုံတွေ့စေရန် ဤတားမြစ်နယ်မြေမှ အလျင်အမြန်ထွက်ခွာရမည် ဖြစ်သည်။
“ မနက်ဖြန်ကျရင် တခြားဧကရာဇ်အဆင့်ပုဂ္ဂိုလ်တစ်ယောက်က ငါနဲ့အတူ အထက်ကောင်းကင်ဘုံတားမြစ်နယ်မြေကို တိုက်ခိုက်လိမ့်မယ်… မဟုတ်ဘူး... ငါကိုယ်တော် ချက်ချင်းလှုပ်ရှားပြီး အထက်ကောင်းကင်ဘုံတားမြစ်နယ်မြေအပြင်ဘက်မှာ အရင်ဆုံး ချောင်းမြောင်းနေရမယ်... မနက်ဖြန် သတ်ဖြတ်ကစားပွဲစတဲ့အခါ ငါက အထက်ကောင်းကင်ဘုံတားမြစ်နယ်မြေကို ချက်ချင်းတိုက်ခိုက်ရမယ်။ ဘယ်သူကိုမှ ငါ့အရင်ရောက်သွားပြီး တားမြစ်နယ်မြေအတွင်းက လျှို့ဝှက်ချက်တွေကို ရှာတွေ့သွားခွင့် မပေးနိုင်ဘူး ”
ကောင်းကင်သင်္ချိုင်း ရှေးဟောင်းဧကရာဇ်သည် စဉ်းစားတွေးခေါ်နေလျက် သူ၏စိတ်ကို ဆုံးဖြတ်လိုက်ဟန်တူ၏။
ထို့နောက် သူသည် သူ၏ပုံသဏ္ဌာန်နှင့် အရှိန်အဝါကို ဖုံးကွယ်လိုက်ပြီး ရှေးဟောင်းတွင်းနက်အတွင်းမှ မည်သည့်အရှင်ကိုမျှ သတိမပြုမိစေဘဲ မူလရှေးဟောင်းတွင်းနက်မှ တိတ်တဆိတ် ထွက်ခွာသွားလေသည်။
…………
နောက်တစ်နေ့.....
အဆုံးမဲ့ကမ္ဘာ၏ အပြင်ဘက်ရှိ အဆုံးအစမဲ့သော ဟွမ်သွမ့်ပင်လယ်ထဲတွင် ပုံရိပ်တစ်ခု လျင်မြန်စွာ ဖြတ်သန်းသွားပြီး နောက်ဆုံးတွင် အဆုံးမဲ့ကမ္ဘာအတွင်းသို့ တိတ်ဆိတ်စွာ ဆင်းသက်လာခဲ့သည်။
“ နောက်ဆုံးတော့… ငါပြန်ရောက်လာပြီ….. ”
ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီသည် ဆံပင်ဖရိုဖရဲနှင့် အရှိန်အဝါမတည်ငြိမ်သော အခြေအနေဖြင့် သူ၏ရှေ့မှ ရင်းနှီးနေသော အဆုံးမဲ့ကမ္ဘာ၏ မြင်ကွင်းများကို ကြည့်ကာ ကျယ်လောင်စွာ ငိုကြွေးမိတော့မတတ် ဖြစ်သွားသည်။
အလွန်အင်မတန် လွယ်ကူသင့်သော ဟွမ်သွမ့်ပင်လယ်ကို ဖြတ်သန်းသည့်ခရီးစဉ်သည် သူမ၏အသက်ကိုပင် ဆုံးရှုံးလုနီးပါး ဖြစ်စေခဲ့သည်ဟု မည်သူက ထင်မြင်မိမည်နည်း။
အခန်း (၇၄)- နယ်ပယ်တစ်သောင်း၏ကမ္ဘာ၊ ဧကရာဇ်လက်နက်များ နိုးထလာခြင်းနှင့် ကောင်းကင်ပြိုကျခြင်း
“ တော်သေးတာပေါ့...အဲ့ဒီနတ်ဆိုးနယ်မြေရဲ့အရှင်တွေ ငါ့နောက်ကို လိုက်မလာကြဘူး….. ”
ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီသည် သူ၏နောက်သို့ အလိုအလျောက် လှည့်ကြည့်မိလိုက်၏။ သူ၏မျက်နှာပေါ်တွင် သေဘေးမှလွတ်မြောက်လာခဲ့ရခြင်းကြောင့် ကြောက်ရွံ့မှုများ စွဲထင်ကျန်ရစ်နေဆဲဖြစ်သည်။
ထိုနေ့က ဧကရာဇ်ဂိတ်၏ရှေ့တွင် နတ်ဆိုးနယ်မြေ၏အရှင်ငါးဦးက သူ့အား တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့ကြသည်။ ထိုအချိန်က သူသေဆုံးရတော့မည်ဟု ထင်မှတ်ထားခဲ့သော်လည်း မမျှော်လင့်ဘဲ ထိုနတ်ဆိုးနယ်မြေ၏ အရှင်ငါးဦးမှာ အံ့ဩစရာကောင်းစွာ သူ့နောက်သို့မလိုက်လာခဲ့ကြဘဲ သူ့အားအသက်ရှင်လျက် လွတ်မြောက်ခွင့်ပေးခဲ့၏။
လွန်ခဲ့သောရက်အနည်းငယ်အတွင်း သူသည် ထိုနတ်ဆိုးနယ်မြေ၏အရှင်များ လိုက်မီလာမည်ကို ကြောက်ရွံ့နေခဲ့သောကြောင့် တစ်ခဏမျှပင် အနားမယူရဲဘဲ မရပ်မနားခရီးနှင်နေခဲ့ရသည်။
ယခု နောက်ဆုံးတွင် အဆုံးမဲ့ကမ္ဘာသို့ ပြန်လည်ရောက်ရှိလာသောအခါ သူ၏ ထိတ်လန့်နေသောစိတ်အခြေအနေမှာ အနည်းငယ် ပြန်လည်တည်ငြိမ်သွားခဲ့သည်။
သို့သော် ထိုနေ့က ဧကရာဇ်ဂိတ်တွင် သူမြင်တွေ့ကြားသိခဲ့ရသည်များကို ပြန်လည်သတိရလိုက်သည်နှင့်တစ်ပြိုင်နက် သူ၏နှလုံးသားသည် ချက်ချင်းပင် တစ်ဖန်ပြန်လည် တင်းကျပ်သွားခဲ့ပြန်၏။
ကုချန်သည် တစ်ဦးတည်းသာ ဓားတစ်လက်ဖြင့် ဧကရာဇ်ဂိတ်အား နှစ်ပေါင်းတစ်သိန်းတိုင်အောင် စောင့်ရှောက်ခဲ့ပြီး ထိုနတ်ဆိုးနယ်မြေ၏အရှင်များအား တစ်လက်မမျှပင် ရှေ့မတိုးနိုင်အောင် တားဆီးခဲ့ကာ သူတို့ကလည်း သူ့အား ကုကောင်းကင်ဧကရာဇ်ဟူ၍ လိုလိုလားလားပင် ခေါ်ဝေါ်ခဲ့ကြသည်။
သူထွက်ခွာသွားပြီးနောက်တွင် ကျန်ရစ်ခဲ့သော ဧကရာဇ်ဂိတ်တစ်ခုတည်းကပင် ထိုနတ်ဆိုးနယ်မြေ၏အရှင်များအား မချဉ်းကပ်ရဲသည်အထိ ဟန့်တားထားဆဲဖြစ်သည်…..
ထိုကုချန်၏စွမ်းအားသည် တိုင်းတာ၍မရနိုင်သော အဆင့်တစ်ခုသို့ ရောက်ရှိနေမည်ဖြစ်သည်။
သူသည် ဧကရာဇ်များခန်းမဆောင်သို့ ချက်ချင်း သွားရောက်၍ ဧကရာဇ်မဟာမိတ်အဖွဲ့ရှိ မဟာဧကရာဇ်များအားလုံးကို ထိုကုမိသားစု၏မဟာဧကရာဇ် ကုချန်အား လုံးဝစတင်တိုက်ခိုက်၍ မဖြစ်ကြောင်း အသိပေးရမည်။
ဤသို့တွေးမိသည်နှင့် ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီသည် သူ၏ပုံပန်းသဏ္ဌာန်ကိုပင် သပ်ရပ်အောင်မပြုပြင်တော့ဘဲ...မျက်လုံးများကို အသာအယာမှိတ်လိုက်ရာ နတ်အသိစိတ်အမျှင်တန်းတစ်ခုသည် မိုင်ပေါင်းကုဋေများစွာရှိသော ကြယ်တာရာကောင်းကင်ကို ဖြတ်သန်းသွားကာ အမည်မသိနေရာတစ်ခုသို့ ပျံသန်းသွားလေသည်.....။
… … … …
ထိုအချိန်တွင်... အဆုံးမဲ့တိုက်ကြီး အရှေ့ဘက်စွန်းတာအိုနယ်မြေ ကျောက်မိသားစု။
ယခုအချိန်တွင် ကျောက်မိသားစု၏အပြင်ဘက်၌ အလွန်ပင် စည်ကားလှုပ်ရှားနေ၏။
ကျောက်မိသားစုနှင့် မိုင်ရာပေါင်းများစွာ အကွာတွင် သတင်းအချက်အလက်များ စုဆောင်းရန်အတွက် အင်အားစုအသီးသီးမှ စေလွှတ်ထားသော မျက်လုံးများစွာ ရှိနေကြသည်။
ကုမိသားစုက အဆုံးမဲ့ကမ္ဘာ၏ ဧကရာဇ်မိသားစုများအား တာဝန်ယူဖြေရှင်းခိုင်းသည့်ကိစ္စမှာ ယခုအခါ အဆုံးမဲ့ကမ္ဘာ၏ နယ်မြေကြီးငါးခုတစ်လျှောက်လုံးသို့ ပျံ့နှံ့သွားခဲ့ပြီဖြစ်သည်။
ကုမိသားစုမှ ပထမဆုံး လာရောက်ဖြေရှင်းခိုင်းသည့် မိသားစုဖြစ်သည့်အလျောက် ကျောက်မိသားစုသည် အင်အားစုအားလုံး၏ အာရုံစိုက်မှုကိုအခံရဆုံး မိသားစုဖြစ်လာခဲ့သည် ။
တစ်နည်းအားဖြင့်ဆိုလျှင် ကျောက်မိသားစု၏သဘောထားသည် ဤအဆုံးမဲ့ကမ္ဘာအတွင်းရှိ ဧကရာဇ်မျိုးနွယ်စုများအားလုံး၏ သဘောထားကို ကိုယ်စားပြုနေသောကြောင့်ပင်ဖြစ်၏။
“ ခင်ဗျားတို့ပြောကြည့်...ကုမိသားစုရဲ့ ဖိအားပေးမှုနဲ့ ရင်ဆိုင်ရရင် ကျောက်မိသားစုက လက်မြှောက်အရှုံးပေးဖို့ ရွေးချယ်မယ်ထင်လား? ”
“ အရှုံးပေးမယ်...ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!။ ကုမိသားစုက အခု လူအများရဲ့အမျက်ဒေါသကို ခံနေရတာ...ဧကရာဇ်မျိုးနွယ်စုအားလုံးကို တစ်ချိန်တည်းမှာ စော်ကားရဲတယ်။ ဟိုကုချန်မဟာဧကရာဇ်က တန်ခိုးကြီးတယ်ဆိုရင်တောင် ဧကရာဇ်မျိုးနွယ်စုအားလုံး ပူးပေါင်းတာကိုတော့ သူတစ်ယောက်တည်း ဘယ်လိုမှ ရင်ဆိုင်နိုင်မှာမဟုတ်ဘူး...ဟုတ်တယ်မလား ”
“ ဟား... ငါတို့မျိုးနွယ်က အကြီးအကဲ မနေ့ညက ကောင်းကင်တက်လှမ်းခြင်းအဆင့်နဲ့ ကောင်းကင်နဲ့မြေကြီးကို လှည့်လည်ကြည့်ရှုတုန်း ဘာတွေ့ခဲ့လဲ သိလား။ အကြီးအကဲက ကျောက်မိသားစုနဲ့ ထို့ပါမိသားစုလို ဧကရာဇ်မျိုးနွယ်စုတွေကြားမှာ ဧကရာဇ်ရဲ့တန်ခိုးစွမ်းအားတွေ လှည့်ပတ်နေတာကို တွေ့ခဲ့တယ်တဲ့။ ရှေးဟောင်းဧကရာဇ်တစ်ပါး ကြွရောက်လာတာလို့ သံသယရှိတယ်! ”
“ ဟမ်... ? ဧကရာဇ်မဟာမိတ်အဖွဲ့ထဲက မဟာဧကရာဇ်တွေက အဲ့ဒီကုချန်မဟာဧကရာဇ်ရဲ့ လုပ်ရပ်တွေကို သည်းမခံနိုင်တော့လို့ ကြွဆင်းလာတော့မလို့လား..... ”
“ အာ… ဒါပေမယ့် ပြောရရင် အဲ့ဒီကုမိသားစုကလဲ အရမ်းအာဏာပြလွန်းတယ်။ ဧကရာဇ်မျိုးနွယ်စုတွေနဲ့ စာရင်းရှင်းနေတယ်… သူတို့ကိုယ်တိုင်လည်း တစ်ချိန်က ဧကရာဇ်မျိုးနွယ်စုတွေထဲက တစ်စုဖြစ်ခဲ့တာကို မေ့နေကြပြီလားမသိဘူး ”
ကျောက်မိသားစု၏အပြင်ဘက် အဝေးတစ်နေရာမှ တီးတိုးပြောဆိုသံများ ပဲ့တင်ထပ်နေ၏။
ကျောက်မိသားစု၏ဝန်းအတွင်း၌မူ ကျောက်မိသားစု၏ခေါင်းဆောင်ဖြစ်သူ ကျောက်လင်သည် ဆွေးနွေးတိုင်ပင်ခန်းမဆောင်တွင် အေးအေးလူလူထိုင်လျက် လက်ဖက်ရည်ကို တည်ငြိမ်စွာ သောက်သုံးနေသည်။
မနေ့က ဧကရာဇ်တစ်ပါး ကြွဆင်းလာပြီး ဧကရာဇ်မဟာမိတ်အဖွဲ့၏အလိုဆန္ဒကို ကြေညာသွားသည့်အချိန်မှစ၍ ကျောက်လင်၏နှလုံးသားသည် စိတ်ငြိမ်ဆေးတစ်လုံး မျိုချလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး ကုမိသားစုထံမှ ခြိမ်းခြောက်မှုကို ကြောက်ရွံ့မနေတော့ပေ။
အမှန်တကယ်တွင် သူသည် ကုမိသားစု အမြန်ဆုံးရောက်ရှိလာစေရန် အနည်းငယ် မျှော်လင့်နေမိသည် ။
“ ငါ့ကုမိသားစု တောင်းဆိုထားတာတွေကို ကျောက်မိသားစု ပြင်ဆင်ပြီးပြီလား ”
ကျောက်လင် အေးအေးလူလူ စောင့်ဆိုင်းနေစဉ်မှာပင် ကောင်းကင်နှင့်မြေကြီးတစ်ခွင်လုံး ပဲ့တင်ထပ်သွားသော ကြည်လင်သည့်အသံတစ်ခုကြောင့် သူ၏မျက်နှာအမူအရာသည် သိသိသာသာ မှောင်မိုက်သွားခဲ့၏။
“ အိုး... သူတို့ တကယ်တံခါးဝကို ရောက်လာရဲကြတာပဲ။ ဟမ့်! ”
ကျောက်လင်သည် မထီမဲ့မြင်ပြုံးလိုက်ပြီး နေရာမှထမလာဘဲ ခက်ထန်သော အသံဖြင့်သာ လှမ်း၍ပြောလိုက်သည်။
“ ကုမိသားစုက အရမ်းအာဏာပြလွန်းတယ်။ ဒီလို အကျိုးအကြောင်းမရှိတဲ့ တောင်းဆိုမှုကို ငါတို့ကျောက်မိသားစုက ဘယ်လိုလုပ် သဘောတူနိုင်မှာလဲ...အိပ်မက်မက်မနေနဲ့! ”
ကျောက်လင်သည် ကုချူနှင့် တွေ့ဆုံရန်ပင် ရည်ရွယ်ချက်မရှိခဲ့ပေ။ ဤအရာကိုယ်တိုင်က ကျောက်မိသားစု၏သဘောထားကို ကိုယ်စားပြုနေခြင်းပင် ဖြစ်သည်။
“ ဒါပေါ့ ကုမိသားစုက အတင်းအဓမ္မယူမယ်ကြံရင်လဲ ငါတို့ကျောက်မိသားစုက အနိုင်ကျင့်ခံရမဲ့ မိသားစုမဟုတ်ဘူး! ”
ကျောက်လင် အေးစက်စွာ ဆက်လက်အော်ဟစ်လိုက်သည့် အချိန်တွင် ကျောက်မိသားစု၏ အတွင်းပိုင်းနက်ရှိုင်းရာ၌ တုန်ခါသွားကာ ကြောက်မက်ဖွယ်ရာ ချီစွမ်းအင်တစ်ခု ပျံ့နှံ့လာ၏။
ရှေးဟောင်း ဟွမ်သွမ့်ချီများ လှိုင်းထန်လာပြီး လူတိုင်းအား အလိုလိုပင် အံ့အားသင့်တုန်လှုပ်သွားစေကာ ထိုနေရာ၌ စစ်မှန်သောမဟာဧကရာဇ်တစ်ပါး နိုးထလာသကဲ့သို့ ဘေးသို့ ရှောင်တိမ်းသွားစေခဲ့၏။
" ရွှမ်... "
မြင့်မြတ်သောရောင်ခြည်များ ထွန်းလင်းတောက်ပလာပြီး ဟွမ်သွမ့်ချီများ လှိုင်းထန်လာသည်။
ကျောက်မိသားစု၏ အတွင်းပိုင်းနက်ရှိုင်းရာ... အဆုံးမရှိသော လေဟာနယ်ထဲတွင် ဟွမ်သွမ့်ချီများဖြင့် ဖုံးလွှမ်းနေသော ရှေးဟောင်းစာလိပ်တစ်လိပ် အမှန်တကယ် ပေါ်ထွက်လာခဲ့သည်။ ထိုစာလိပ်သည် လေဟာနယ်ထဲတွင် တဖျပ်ဖျပ်လွင့်ခါနေပြီး ကုဋေပေါင်းများစွာ ထွန်းလင်းတောက်ပသည့် အလင်းတန်းများကို ဖြာထွက်စေလျက်ရှိ၏။
ထိုစာလိပ်သည် အဘယ်သို့သော စာလိပ်မျိုးနည်း။
၎င်းသည် ဆယ်ပေမျှသာ ရှည်လျားသော်ငြား မိုင်ကုဋေရာပေါင်းများစွာရှိသော တောင်တန်းများနှင့် မြစ်ချောင်းများကို စုစည်းပုံဖော်ထားသည့်ပမာ ကောင်းကင်နှင့်မြေကြီး၏ ကျယ်ပြောမှုအားလုံးသည် ၎င်းအတွင်း၌ အကျုံးဝင်နေသကဲ့သို့ပင် ဖြစ်နေ၏။
ဤစာလိပ်ပေါ်ထွက်လာသည့်အခါ တုန်လှုပ်ချောက်ချားဖွယ်ရာ ကြောက်မက်ဖွယ်စွမ်းအားတစ်ခုသည် ဤကောင်းကင်နှင့်မြေကြီးကို ချက်ချင်း လွှမ်းခြုံသွားခဲ့သည်။
မမြင်နိုင်သောဖိအားသည် ကောင်းကင်နှင့်မြေကြီးကို ဖြတ်သန်းတိုက်ခတ်သွားရာ ဤနယ်မြေသည် ပျက်စီးပြိုကျသွားလုနီးပါး ဖြစ်သွားခဲ့ပြီး နေ၊ လနှင့် ကြယ်တာရာများပင် ဧကရာဇ်၏တန်ခိုးအရှိန်အဝါကြောင့် အံ့အားတုန်လှုပ်ကာ ရပ်တန့်သွားသကဲ့သို့ ထင်ရ၏။
“ ဒါ… ဒါက ကျောက်မိသားစုရဲ့ အဆုံးစွန်ဧကရာဇ်လက်နက်... ‘နယ်ပယ်တစ်သောင်း မြစ်တောင်တန်းများ ပုံရိပ်ကားချပ်’ ပဲ! ”
“ ဘုရားရေ...ကျောက်မိသားစုက အဆုံးစွန်ဧကရာဇ်လက်နက်ကို တကယ်ကြီး ထုတ်လာပါလား! သူတို့ ကုမိသားစုနဲ့ စစ်ခင်းဖို့ ဆုံးဖြတ်လိုက်ကြပြီလား?! ”
“ ဧကရာဇ်လက်နက်ကို ချက်ချင်း အပြည့်အဝနိုးထစေတာ... ကျောက်မိသားစုရဲ့သဘောထားက အရမ်းရှင်းလင်းနေတယ်။ ကုမိသားစုကို အရှုံးပေးဖို့ နည်းနည်းလေးမှ ရည်ရွယ်ချက်မရှိဘူးပဲ! ”
ကျွမ်းကျင်သူအားလုံး အံ့အားတုန်လှုပ်သွားကြ၏။
ကျောက်မိသားစုသည် သူတို့၏အဆုံးစွန်ဧကရာဇ်လက်နက်ကို ချက်ချင်းထုတ်ဖော်ပြသကာ ဤမျှလောက် မာကြောခက်ထန်လိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ပေ။
ဤသည်မှာ ကျောက်မိသားစု၏သဘောထားကို ရှင်းလင်းစွာ ပြသနေခြင်းဖြစ်သည်။ စစ်ခင်းရမည်ဆိုလျှင်ပင် ကျောက်မိသားစုသည် ကုမိသားစုမှ အဆိုပြုလာသော အခြေအနေများကို သဘောတူမည် မဟုတ်ပေ။
ထိုအခိုက်တွင် ကုချူသည် သူ မလာရောက်မီ သူ၏မိသားစုခေါင်းဆောင် မှာကြားလိုက်သော ညွှန်ကြားချက်များကို ပြန်လည်သတိရလိုက်၏။
“ တကယ်လို့ အဲ့ဒီကျောက်မိသားစုက ကျေးဇူးတရားကို မသိတတ်ဘဲ ခေါင်းမာနေပြီး ငါတို့ကုမိသားစုရဲ့ အခြေအနေတွေကို သဘောမတူဘူးဆိုရင် မင်းလက်ထဲမှာရှိတဲ့ အဆောင်ကိုသာ ထုတ်လိုက် ”
အဆောင်ကို ထုတ်လိုက်…..
ကုချူ၏လက်သည် တဖြည်းဖြည်း ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး သူ၏လက်ဖဝါးထဲရှိ အဆောင်ကို ဆုပ်ကိုင်ထားကာ သူ၏မျက်နှာပေါ်ရှိ အမူအရာသည်လည်း ပြတ်သားခိုင်မာလာတော့သည်။
… … … …
အဆုံးမဲ့ကမ္ဘာ ဧကရာဇ်များခန်းမဆောင်။
အလင်းတန်းများ ထွန်းလင်းလာပြီး မို့တိအရှင်နှင့် နဂါးရင်းမြစ်မဟာဧကရာဇ်တို့၏ ပုံရိပ်များသည် ဧကရာဇ်များခန်းမဆောင်ရှိ ရှေးဟောင်းပလ္လင်များပေါ်တွင် ဆက်တိုက်ဆိုသလို ပေါ်ထွက်လာကြ၏။
“ တာအိုရောင်းရင်း ခရမ်းရောင်ဝတ်ရုံဝတ်ဧကရီ... ခင်ဗျား ဟွမ်သွမ့်ပင်လယ်ကနေ ပြန်လာတာလား? ”
ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီ၏ ပုံရိပ်ကို မြင်သောအခါ မို့တိအရှင်သည် ဦးစွာ အံ့အားသင့်သွားပြီးနောက် ပြုံးလျက်မေးလိုက်သည် ။
“ ဒီတစ်ခေါက် ဟွမ်သွမ့်ပင်လယ်ခရီးစဉ်မှာ တာအိုရောင်းရင်း ခရမ်းရောင်ဧကရီ တစ်ခုခု အကျိုးအမြတ်ရခဲ့သေးလား? ”
“ တာအိုရောင်းရင်း ယွမ်ကျွင်းနဲ့ တာအိုရောင်းရင်း ယန်ဧကရာဇ်တို့ ဘယ်မှာလဲ? ”
ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီသည် မို့တိအရှင်အား လျစ်လျူရှုလိုက်ပြီး အနည်းငယ် စိုးရိမ်သောကရောက်နေသော လေသံဖြင့် မေးမြန်းလိုက်သည်။
“ ယွမ်ကျွင်းမဟာဧကရာဇ်က တရားအားထုတ်နေလို့ မလာနိုင်ဘူး။ တာအိုရောင်းရင်း ယန်ဧကရာဇ်ကတော့ အဲ့ဒီကုချန်ကို နှိမ်နင်းဖို့ ပြင်ဆင်နေလောက်ပြီ ။ ခင်ဗျားမှာ ပြောစရာတစ်ခုခုရှိရင် ကိုယ်တော့်ကို ပြောရုံပဲရှိတယ် ”
မို့တိအရှင်က အေးဆေးစွာ ပြောလိုက်သည် ။
“ ရှင် ဘာပြောလိုက်တယ်?! ကုချန်ကို နှိမ်နင်းဖို့ ပြင်ဆင်နေတယ် ဟုတ်လား?! ”
ခရမ်းရောင်ဝတ်ရုံမဟာဧကရီသည် မို့တိအရှင်၏စကားကို ကြားလိုက်ရသောအခါ စိတ်ထဲတွင် ကောင်းကင်ကြီး ပြိုကျလာသကဲ့သို့ တုန်ဟီးသွားသည်ကို ခံစားလိုက်ရလေသည်.....