အခန်း (၇၅-၇၆)
Vol. 6 Ch. 75-76
အခန်း (၇၅)- အစီအစဉ်ပြောင်းလဲခြင်း၊ ဓားချက်က ကျောက်မိသားစုကို ပိုင်းဖြတ်ခြင်းနှင့် ဧကရာဇ်တပ်တော် ကျိုးပျက်သွားခြင်း
သူ အဆုံးမဲ့ကမ္ဘာမှ ထွက်ခွာသွားသည်မှာ ရက်မည်မျှ ကြာသွားပြီနည်း။
ဧကရာဇ်မဟာမိတ်အဖွဲ့က ကုချန်ကို နှိမ်နင်းရန် ပြင်ဆင်နေကြပြီလော။
တာအိုရောင်းရင်း ယွမ်ကျွင်းက သူ ဟွမ်သွမ့်ပင်လယ်အား စူးစမ်းရှာဖွေရာမှ ပြန်လာသည်အထိ စောင့်ဆိုင်းပြီးမှ ဆုံးဖြတ်ချက်ချမည်ဟု ပြောခဲ့သည် မဟုတ်လော။
“ မြန်မြန်လုပ်...! တာအိုရောင်းရင်း ယန်ဧကရာဇ်ကို ပြန်လာဖို့ သွားပြော! သူ အခုချက်ချင်း ပြန်မလာရင် နောက်ကျသွားလိမ့်မယ်! ”
ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီသည် အခြားမည်သည့်အရာကိုမျှ ဂရုမစိုက်နိုင်တော့ဘဲ စိုးရိမ်ပူပန်စွာဖြင့် ပြောလိုက်သည်။
“ ပြန်လာရမယ်...? တာအိုရောင်းရင်း ယန်ဧကရာဇ်က လက်စားချေချင်လို့ သွေးဆူနေတာ။ သူ အခုလောက်ဆို ကုချန်ကို တိုက်ခိုက်ဖို့ ဓားသွေးနေလောက်ပြီ။ သူ့ကို အခု ပြန်ခေါ်ဖို့က မဖြစ်နိုင်လောက်တော့ဘူး ”
နဂါးရင်းမြစ်မဟာဧကရာဇ်သည် ယန်ဧကရာဇ်၏ လစ်လပ်နေသောပလ္လင်ကို လှမ်းကြည့်ရင်း ရယ်မောလိုက်၏။
မနေ့က ကုချန်အား လုပ်ကြံသတ်ဖြတ်မည့် အစီအစဉ်ကို ဆုံးဖြတ်ခဲ့စဉ်ကတည်းက ယန်ဧကရာဇ်သည် ကုချန်အား နှိမ်နင်းမည့် ပြင်ဆင်မှုများအပေါ် အာရုံစိုက်မည်ဖြစ်ကြောင်းနှင့် အခြားသူများအား သူ့ကို မဆက်သွယ်ရန် ညွှန်ကြားထားခဲ့ပြီး ဖြစ်သည်။ ယနေ့ လုပ်ကြံသတ်ဖြတ်မှု စတင်သောအခါ ယန်ဧကရာဇ်သည် သူ့အလိုလို ပေါ်လာမည်ဖြစ်၏။
ထို့ကြောင့် ယန်ဧကရာဇ် ယခုအချိန်အထိ ပေါ်ထွက်လာခြင်း မရှိသေးသည်မှာ သဘာဝကျသော အဖြစ်အပျက်တစ်ခုသာ ဖြစ်၏။
“ တာအိုရောင်းရင်း ခရမ်းရောင်ဧကရီရဲ့ လေသံအရ ကြည့်ရတာ ကုချန်က တော်တော်လေး အစွမ်းထက်ပုံပဲလား? တာအိုရောင်းရင်း ခရမ်းရောင်ဧကရီ... စိတ်ချပါ။ ဒီနေ့ လုပ်ကြံသတ်ဖြတ်မှုမှာ ဧကရာဇ်အဆင့် ကျွမ်းကျင်သူ ရှစ်ယောက်တောင် ပါတယ်။ ကုချန်မှာ အတောင်ပံတွေ ရှိနေရင်တောင် လွတ်နိုင်မှာ မဟုတ်ဘူး ”
နဂါးရင်းမြစ်မဟာဧကရာဇ်သည် ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီ၏ ကုချန်အပေါ် ကြောက်ရွံ့မှုကို ခံစားမိဟန်တူသည်။ သူသည် စိတ်ရှုပ်ထွေးသွားသော်ငြား တည်ငြိမ်စွာပင် ရှင်းပြလိုက်၏။
ဧကရာဇ်အဆင့် ကျွမ်းကျင်သူ ရှစ်ယောက်လော။ ဒါ လုံလောက်ရဲ့လား။
ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီ၏ မျက်နှာသည် ရှုံ့မဲ့သွား၏။
အကယ်၍သာ သူသည် ဟွမ်သွမ့်ပင်လယ်အတွင်း နက်ရှိုင်းစွာ တည်ရှိသော ဧကရာဇ်ဂိတ်သို့ သွားရောက်၍ အမှန်တရားကို မသိခဲ့ရပါလျှင် သူကိုယ်တိုင်လည်း ဧကရာဇ်အဆင့်တည်ရှိမှု ရှစ်ဦးသည် ကုချန်အား အနိုင်ယူနိုင်ပြီး အသက်ရှင်စေမည့် အခွင့်အရေးပင်ရမည်မဟုတ်ဟု ထင်မြင်မိလိမ့်မည်။
သို့သော် ယခုအခါတွင်မူ သူသည် ဧကရာဇ်အဆင့် ကျွမ်းကျင်သူ ရှစ်ဦးမျှလောက်က ကုချန်အား တစ်စုံတစ်ရာ လုပ်နိုင်လိမ့်မည်ဟု လုံးဝမယုံကြည်တော့ပေ။
သိထားရမည်မှာ...ဟွမ်သွမ့်ပင်လယ်အတွင်း နက်ရှိုင်းစွာ တည်ရှိသော ဧကရာဇ်ဂိတ်တွင် လက်ရှိ၌ နတ်ဆိုးနယ်မြေ၏အရှင် ငါးဦး ရှိနေပြီး ထိုသူတို့သည် ကုချန်ထားရစ်ခဲ့သော မြို့ဟောင်းတစ်ခုတည်းကြောင့်ပင် ထိတ်လန့်တုန်လှုပ်ကာ ရှေ့ဆက်မတိုးရဲဘဲ ရပ်တန့်နေခဲ့ကြရသည်ဆိုတာပင်။
ထို နတ်ဆိုးနယ်မြေ၏အရှင် ငါးဦးစလုံးမှာလည်း အဆုံးမဲ့ကမ္ဘာ၏ ဧကရာဇ်အဆင့် ကျွမ်းကျင်သူများထက် မည်သို့မျှ အားမနည်းသော ကြောက်မက်ဖွယ်ရာ တည်ရှိမှုများ ဖြစ်ကြ၏။
“ ကျွန်မ ဟွမ်သွမ့်ပင်လယ်ကို သွားခဲ့ပြီး ကုချန်က နတ်ဆိုးနယ်မြေကို နှစ်ကိုးသောင်းကြာ စောင့်ရှောက်ခဲ့တဲ့ အမှန်တရားကို သိလာခဲ့တယ် ”
ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီသည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး သူမ၏အတွေ့အကြုံများကို မို့တိအရှင်နှင့် နဂါးရင်းမြစ်မဟာဧကရာဇ်တို့ထံ အလျင်အမြန် ပြန်လည်ပြောပြလိုက်သည်။
သူမ ပြောပြနေစဉ်တွင် နဂါးရင်းမြစ်မဟာဧကရာဇ်၏ မျက်နှာပေါ်ရှိ အမူအရာသည် တဖြည်းဖြည်း ပိုမိုအံ့အားသင့်လာခဲ့ပြီး မို့တိအရှင်အား ပတ်လည်ဝန်းရံထားသော ဟွမ်သွမ့်မြူခိုးများသည်လည်း လှုပ်ခတ်သွားကာ သူ၏ တည်ငြိမ်မှုမရှိသော စိတ်ခံစားချက်များကို ဖော်ပြနေခဲ့သည်။
“ တာအိုရောင်းရင်း ခရမ်းရောင်ဧကရီ... ခင်ဗျားပြောတာတွေအားလုံး အမှန်ပဲလား?! ”
ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီ စကားပြောပြီးဆုံးသွားသောအခါ နဂါးရင်းမြစ်မဟာဧကရာဇ်က စိတ်မရှည်စွာ မေးလိုက်သည်။
“ တကယ်ကို အမှန်တွေချည်းပဲ... တစ်လုံးတစ်ပါဒမှ မမှားဘူး! ”
ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီက တိကျစွာဆိုလိုက်သည်။
“ တော်သေးတာပေါ့! ”
နဂါးရင်းမြစ်မဟာဧကရာဇ်၏ မျက်နှာသည် တင်းမာနေကာ သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်သည်။
အကယ်၍ ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီပြောခဲ့သမျှအားလုံး အမှန်ဖြစ်ပါက ယနေ့ 'ဧကရာဇ်ရှစ်ပါး၏ လုပ်ကြံသတ်ဖြတ်မှု' ဟုခေါ်သော အရာသည် ရယ်စရာတစ်ခုမျှသာ ဖြစ်ပေလိမ့်မည်။
ကုချန်သည် သူ၏ဓားဖြင့် တစ်ဦးတည်း နတ်ဆိုးနယ်မြေ၏ နယ်နိမိတ်ကြီးတစ်ခုလုံးကို ပိတ်ဆို့ထားနိုင်ခဲ့ပြီး ထိုကြောက်မက်ဖွယ် နတ်ဆိုးနယ်မြေ၏အရှင်များအား နတ်ဆိုးနယ်မြေမှ ခြေတစ်လှမ်းမျှပင် ထွက်ခွာရန် ခက်ခဲစေခဲ့သည်။
ဤနှစ်ကိုးသောင်းကာလအတွင်း သူသတ်ဖြတ်ခဲ့သော နတ်ဆိုးနယ်မြေ၏ အရှင် အရေအတွက်သည် ဧကရာဇ်မဟာမိတ်အဖွဲ့၏ မဟာဧကရာဇ်များအားလုံးပေါင်းထားသည်ထက်ပင် ပိုမိုများပြားနိုင်ဖွယ် ရှိသည်။
ဤအခြေအနေတွင် ဧကရာဇ်များ၏ ဝိုင်းဝန်းတိုက်ခိုက်မှုရလဒ်သည် ကုချန်မှ သူတို့တစ်ဦးချင်းစီအား အလွယ်တကူ အနိုင်ယူဖြေရှင်းခြင်းဖြင့်သာ အဆုံးသတ်ဖွယ်ရှိသည်။
သို့သော် တော်သေးသည်.....
တော်သေးသည်မှာ တာအိုရောင်းရင်း ခရမ်းရောင်ဧကရီက သတင်းကို အချိန်မီ ပို့ပေးခဲ့ခြင်းပင်။ သို့မဟုတ်ပါက အကယ်၍ တိုက်ပွဲစတင်သွားခဲ့လျှင် သူကိုယ်တိုင်ပင် အန္တရာယ်ကျရောက်နေမည် ဖြစ်သည်။
ဤသို့တွေးမိလိုက်သောအခါ နဂါးရင်းမြစ်မဟာဧကရာဇ်၏ နဖူးပြင်ပေါ်တွင် ချွေးစေးများ စီးကျလာခဲ့သည်။
“ ဒီလိုဖြစ်မှတော့ ကုချန်နဲ့ပတ်သက်တဲ့ကိစ္စကို တာအိုရောင်းရင်း ယွမ်ကျွင်း တရားကျင့်ကြံရာက ထွက်လာတဲ့အထိ စောင့်ပြီးမှ ဆုံးဖြတ်သင့်တယ်။ ကျွန်တော် အခုပဲ အဲ့ဒီ ရှင်သန်ခြင်းတားမြစ်နယ်မြေက အရှင်တွေကို ဒီ ဧကရာဇ်ရှစ်ပါး ဝိုင်းဝန်းတိုက်ခိုက်မဲ့အစီအစဉ်ကို ဖျက်သိမ်းဖို့ သွားအကြောင်းကြားလိုက်မယ်! ”
မို့တိအရှင်သည် တစ်ခဏမျှ တိတ်ဆိတ်နေခဲ့ပြီးနောက် သူ၏ပုံသဏ္ဌာန်ကို လျင်မြန်စွာ ဖျောက်ခွင်းလိုက်ကာ ရှင်သန်ခြင်းတားမြစ်နယ်မြေ အသီးသီးသို့ သွားရောက်အကြောင်းကြားလိုက်၏။
အစီအစဉ် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်...ဤ ဧကရာဇ်ရှစ်ပါး၏ ဝိုင်းဝန်းတိုက်ခိုက်မှုအား ဖျက်သိမ်းလိုက်ပြီ ဖြစ်သည်။
… …
မူလရှေးဟောင်းတွင်းနက် အတွင်း၌.....
လူပုံသဏ္ဌာန်ရှိသော ဟွမ်သွမ့်အလင်းရောင်ပုံရိပ်တစ်ခုသည် မူလရှေးဟောင်းတွင်းနက်၏ အတွင်းပိုင်းနက်ရှိုင်းရာတွင် တိတ်ဆိတ်စွာ ပေါ်လာပြီး သတင်းစကားတစ်ခုအား တိုးညင်းစွာ လွှင့်ထုတ်လိုက်၏။
“ ကောင်းကင်သင်္ချိုင်းရှေးဟောင်းဧကရာဇ်... အစီအစဉ်ပြောင်းသွားပြီ။ ကောင်းကင်ဘုံအရှင်သခင်ကို ဝိုင်းဝန်းတိုက်ခိုက်မဲ့ အစီအစဉ် ဖျက်သိမ်းလိုက်ပြီ! ”
အချိန်အတော်ကြာသည်အထိ မူလရှေးဟောင်းတွင်းနက် အတွင်းမှ မည်သည့်အသံမျှ ထွက်ပေါ်လာခြင်း မရှိခဲ့ပေ။
ထိုလူပုံသဏ္ဌာန် ဟွမ်သွမ့်အလင်းရောင်ပုံရိပ် မျက်မှောင်ကြုတ်မိစဉ်မှာပင် အခြားရှေးဟောင်းအရှင်တစ်ပါးက ပြောလိုက်သည်။
“ တာအိုရောင်းရင်း ကောင်းကင်သင်္ချိုင်းအရှင်က မူလရှေးဟောင်းတွင်းနက်ကနေ ထွက်သွားနှင့်ပြီ။ သူ ဘယ်ကိုသွားလဲဆိုတာတော့ ကျွန်တော်တို့လဲ မသိဘူး ”
“ ဒါ….. ”
လူပုံသဏ္ဌာန် ဟွမ်သွမ့်အလင်းရောင်ပုံရိပ်သည် အံ့အားသင့်သွားသော်ငြား “ တကယ်လို့ ကောင်းကင်သင်္ချိုင်း ရှေးဟောင်းဧကရာဇ် ပြန်ရောက်လာခဲ့ရင် ဒီသတင်းစကားကို မဖြစ်မနေ ပါးပေးပါ! ” ဟု အလျင်အမြန် ပြောကြားလိုက်သည်။
… …
ဧကရာဇ်များခန်းမဆောင် အတွင်း၌.....
မိုယွဲ့အရှင်၏ ပုံရိပ်သည် တစ်ဖန်ပြန်လည် ပေါ်ထွက်လာသော်လည်း သူ၏မျက်နှာအမူအရာမှာ အနည်းငယ် တင်းမာနေခဲ့သည်။
“ တခြား ရှင်သန်ခြင်းတားမြစ်နယ်မြေက အရှင်တွေကိုတော့ အားလုံး အကြောင်းကြားပြီးသွားပြီ။ ဒါပေမယ့်... ကောင်းကင်သင်္ချိုင်း ရှေးဟောင်းဧကရာဇ်နဲ့ တာအိုရောင်းရင်း ယန်ဧကရာဇ်ကိုတော့ အခုထိ အဆက်အသွယ်မရသေးဘူး ”
“ ကောင်းကင်သင်္ချိုင်း ရှေးဟောင်းဧကရာဇ်နဲ့ ယန်ဧကရာဇ်… သူတို့နှစ်ယောက်က အထက်ကောင်းကင်တားမြစ်နယ်မြေထဲကို ဝင်တိုက်သွားမဲ့ အတွဲ မဟုတ်လား? ”
နဂါးရင်းမြစ်မဟာဧကရာဇ်က မျက်မှောင်ကြုတ်လိုက်သည်။
“ ဒီနှစ်ယောက် ဘာဖြစ်နေတာလဲ? ဘာလို့ နှစ်ယောက်လုံးကို အဆက်အသွယ်လုပ်လို့မရတာလဲ? ”
“ ကျွန်တော်လည်း မသိဘူး ”
မို့တိအရှင်၏ မျက်နှာသည် တင်းမာနေခဲ့ပြီး ဆက်ပြောလိုက်၏။
“ အခုတော့ တာအိုရောင်းရင်း ယန်ဧကရာဇ်... သူ့ဘာသာသူ ကာကွယ်နိုင်ပါစေလို့ပဲ မျှော်လင့်ရတော့မှာပဲ။ အကယ်၍ ကုချန်က တခြား ဧကရာဇ်မိသားစုတွေဆီ ကြွဆင်းသွားခဲ့ရင် သူတို့ အထက်ကောင်းကင်တားမြစ်နယ်မြေကို တိုက်ခိုက်ပြီးနောက်မှာ ထွက်ပြေးလွတ်မြောက်ဖို့ အခွင့်အရေးတစ်ခုလောက်တော့ ရှိနိုင်ပါသေးတယ်။ သူတို့ အဲ့ဒီအခွင့်အရေးကို ဆုပ်ကိုင်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပဲ ”
… … … …
အရှေ့ဘက်စွန်း တာအိုနယ်မြေ ကျောက်ဧကရာဇ်မိသားစု။
“ ကြည့်ရတာ ကျောက်မိသားစုကတော့ လမ်းမှားကိုပဲ ဆက်သွားဖို့ ဆုံးဖြတ်လိုက်ပုံပဲ ”
ကုချူသည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး ချီတုံချတုံ မဖြစ်တော့ဘဲ သူ၏လက်ကို မြှောက်ကာ လက်ဖဝါးထဲရှိ အဆောင်အား ဆင့်ခေါ်လိုက်သည်။
“ ဒီလိုဆိုမှတော့ ကျောက်မိသားစု ပျက်သုဉ်းသွားပြီး မျိုးနွယ် ပြတ်တောက်သွားပါစေတော့! ”
" ရွှမ်... "
အဆောင်သည် အလင်းရောင်များ ထွန်းလင်းလာခဲ့ပြီး သူ့အလိုလို နိုးထလာခဲ့၏။
ဤအဆောင်မှ စိတ်ကူးဖြင့်ပင် မခန့်မှန်းနိုင်သော... လှိုင်းထန်နေသည့် စွမ်းအားတစ်ခု နိုးထလာခဲ့သည်။
၎င်းသည် ကောင်းကင်နှင့်မြေကြီးကို ပိုင်းဖြတ်ခွင်းဖျက်နိုင်သော ထွန်းလင်းတောက်ပသည့် ဓားအလင်းတန်းတစ်ခုဖြစ်ပြီး ကျောက်မိသားစု၏ ခံတပ်စခန်းတည်နေရာသို့ ထိုးစိုက်ကျဆင်းလာခဲ့သည်။
ဓားအလင်းတန်း ဖြတ်သန်းသွားရာနေရာတိုင်းတွင် မိုင်ပေါင်းတစ်သောင်းမျှရှိသော လေဟာနယ်တို့သည် အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားခဲ့ပြီး ဟွမ်သွမ့်ချီစီးကြောင်းများ သောင်းကျန်းထကြွလာကာ စကြဝဠာကြီး၏ မွေးဖွားခြင်း၊ ကောင်းကင်နှင့်မြေကြီး၏ ဖန်တီးခြင်း၊ ထို့နောက် ပျက်စီးခြင်းတည်းဟူသော ကြောက်မက်ဖွယ်ရာ မြင်ကွင်းများ ဆက်တိုက်ဆိုသလို ထင်ဟပ်ပေါ်ပေါက်လာခဲ့၏။
ဤဓားအလင်းတန်းသည် မည်မျှ ထွန်းလင်းတောက်ပပြီး မြင့်မြတ်သည်ကို ဖော်ပြရန်ပင် မဖြစ်နိုင်ချေ။ ၎င်းသည် ကြီးမားသောကမ္ဘာပေါင်း သုံးထောင်ကို ဖျက်ဆီးနိုင်ပြီး ရှေးဟောင်းအထက်ကောင်းကင်ကြီးကို တုန်လှုပ်စေနိုင်စွမ်း ရှိပုံရသည်။
စွမ်းအားကြီးလိုက်တာ! စွမ်းအားကြီးလိုက်တာ!
ဤဓားအလင်းတန်းကို မြင်လိုက်ရသောအခါ သက်ရှိသတ္တဝါအားလုံးသည် ဤအတွေးတစ်ခုတည်းကိုသာ အလိုအလျောက် ခံစားမိကြ၏။
မည်သည့်အရာမျှ ဤဓားအလင်းတန်းကို မတားဆီးနိုင်... အဆုံးစွန် ဧကရာဇ်လက်နက်တစ်ခုပင် ဖြစ်လင့်ကစား တားဆီးနိုင်မည် မဟုတ်ပေ။
" ဝှူး...ဝေါ ဝေါ "
ကျောက်မိသားစု၏ အတွင်းပိုင်းနက်ရှိုင်းရာတွင် အဆုံးစွန်ဧကရာဇ်လက်နက်ဖြစ်သော 'နယ်ပယ်တစ်သောင်း မြစ်တောင်တန်းများ ပုံရိပ်ကားချပ်' စာလိပ်သည် တစ်စုံတစ်ရာကို ခံစားမိလိုက်သကဲ့သို့ ပြင်းထန်စွာ တုန်ခါလာခဲ့၏။
အဆုံးမရှိသော ဟွမ်သွမ့်ချီများသည် ဤခမ်းနားထည်ဝါသော စာလိပ်မှ ရေတံခွန်ကဲ့သို့ စီးကျလာပြီး နယ်ပယ်နှစ်ခုကို ပိုင်းခြားထားသည့် ဟွမ်သွမ့်ကောင်းကင်ရေတံခွန်ကြီး ကျဆင်းလာသကဲ့သို့ ကျောက်မိသားစု၏ ခံတပ်စခန်းတစ်ခုလုံးကို တစ်ဆင့်ပြီး တစ်ဆင့် ရစ်ပတ်လိုက်၏။
ကျောက်မိသားစုမှ ကိုးကွယ်ပူဇော်ထားသော ဤရှေးဟောင်းဧကရာဇ်လက်နက်သည် ဤဓားအလင်းတန်း၏ ကြောက်မက်ဖွယ်ကောင်းပုံကို သိမြင်သွားဟန်တူ၏။ ထို့ကြောင့်ပင် ရန်သူကို ရင်ဆိုင်ရန် သူ၏စွမ်းအားအားလုံးကို ထုတ်လွှတ်လျက် သူ့အလိုအလျောက် နိုးထလာခဲ့ခြင်း ဖြစ်သည်။
သို့သော် ဤအရာအားလုံးသည် အချည်းနှီးဖြစ်ပြီး အသုံးမဝင်ခဲ့ပေ။
ဤအဆောင်အတွင်း၌ ပါရှိသော ဓားအလင်းတန်းသည် ကုချန်က ဟွမ်သွမ့်အာကာသထဲတွင် အမြင့်မြတ်ဆုံး သိုင်းပညာရပ်များကို ကြည့်ရှုလေ့လာရင်း ဖန်တီးခဲ့ခြင်း ဖြစ်သည်။ အကယ်၍ စစ်မှန်သော မဟာဧကရာဇ်တစ်ပါး ကြွဆင်းလာလျှင်ပင် ဤဓားချက်ဖြင့် နှစ်ပိုင်းပြတ်သွားမည် ဖြစ်ရာ... ဧကရာဇ်လက်နက်တစ်ခုမျှသာဆိုလျှင် ပြောဖွယ်ရာ ရှိပါဦးမည်လော။
" ဗျီး..... "
ကမ္ဘာကြီးကို တုန်လှုပ်သွားစေသည့် မြင်ကွင်းတစ်ခု ပေါ်ထွက်လာခဲ့သည်။
ဓားအလင်းတန်း ဖြတ်တောက်ပစ်လိုက်ရာ 'နယ်ပယ်တစ်သောင်း မြစ်တောင်တန်းများ ပုံရိပ်ကားချပ်' စာလိပ်မှ တည်ဆောက်ထားသော ဟွမ်သွမ့်အကာအရံသည် စက္ကူဖြူတစ်ရွက်ကဲ့သို့ စုတ်ဖြဲခံလိုက်ရပြီး ချက်ချင်းပင် ပြာမှုန်များအဖြစ် ကြေမွသွားရသည်။
နောက်တစ်ခဏတွင် ဓားအလင်းတန်းသည် သူ၏အရှိန်ကို ဆက်ထိန်းထားလျက် တစ်စက္ကန့်စာမရှိသည့် အသက်ရှူချိန်အတွင်းမှာပင် 'နယ်ပယ်တစ်သောင်း မြစ်တောင်တန်းများ ပုံရိပ်ကားချပ်' စာလိပ်အား ထက်ခြမ်းခွဲပစ်လိုက်ပြီး အပိုင်းနှစ်ပိုင်းအဖြစ် ပိုင်းဖြတ်ပစ်လိုက်၏။
ဧကရာဇ်လက်နက်သည် ကြေမွသွားခဲ့သော်လည်း ဓားအလင်းတန်းမှာမူ ကျန်ရှိနေဆဲ ဖြစ်သည်။
ကျောက်မိသားစုဝင်များအားလုံး၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်များအောက်တွင် ထိုဓားအလင်းတန်းသည် ကျောက်မိသားစု၏ ခံတပ်စခန်းတည်နေရာပေါ်သို့ ရက်စက်ကြမ်းကြုတ်စွာ ကျရောက်လာခဲ့လေသည်…
အခန်း (၇၆)- ကျောက်မိသားစု မျိုးဖြုတ်သုတ်သင်ခံရခြင်း၊ ရှင်သန်ခြင်းတားမြစ်နယ်မြေမှ ဧကရာဇ်မျိုးနွယ်စုနှင့် မြင့်မြတ်သော ကုမိသားစု
“ ဘုရားရေ! နယ်ပယ်တစ်သောင်း မြစ်တောင်တန်းများ ပုံရိပ်ကားချပ်က နှစ်ပိုင်းပြတ်သွားပြီ! ”
“ ဓားတစ်ချက်တည်းနဲ့ ဧကရာဇ်လက်နက်တစ်ခုကို ကြေမွသွားစေတာလား?! ကောင်းကင်ဘုံအရှင်သခင် ကိုယ်တိုင် လှုပ်ရှားလိုက်တာလား? ”
ဤအခိုက်အတန့်တွင် ဤမြင်ကွင်းအား မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသော လောကကြီးတစ်ခုလုံးရှိ သက်ရှိသတ္တဝါအပေါင်းတို့သည် အလွန်အမင်း တုန်လှုပ်ခြောက်ခြားသွားခဲ့ကြလေသည်။
‘နယ်ပယ်တစ်သောင်း မြစ်တောင်တန်းများ ပုံရိပ်ကားချပ်’... ကျောက်မိသားစုမှ ကိုင်စွဲအသုံးပြုသော ဤအဆုံးစွန်ဧကရာဇ်လက်နက်သည် ဓားအလင်းတန်းတစ်ချက်တည်းဖြင့် အမှန်တကယ်ပင် နှစ်ပိုင်းပြတ်တောက်သွားခဲ့လေသည်။
ဤသည်မှာ လုံးဝပင် စိတ်ကူးဉာဏ်ဖြင့် မမှန်းဆနိုင်သော အဖြစ်အပျက်တစ်ခုပင် ဖြစ်ပေသည်။
အဆုံးစွန်ဧကရာဇ်လက်နက်များဟူသည်မှာ... အမြင့်မြတ်ဆုံးသော အင်မော်တယ်ပစ္စည်းများဖြင့် သွန်းလုပ်ထားကြပြီး အလွန်အမင်း မာကျောခိုင်မာလှကြောင်း သိရှိထားရပေမည်။ ၎င်းတို့၏ ခိုင်မာမှုသည် ဧကရာဇ်တစ်ပါး၏ ခန္ဓာကိုယ်ထက်ပင် သာလွန်လေ၏။
သို့သော် ထိုသို့ဖြစ်လင့်ကစား... ဤ ‘နယ်ပယ်တစ်သောင်း မြစ်တောင်တန်းများ ပုံရိပ်ကားချပ်’ စာလိပ်သည် ထိရောက်သော ခုခံမှုတစ်စုံတစ်ရာ မပြုနိုင်ခဲ့ဘဲ ဓားတစ်ချက်တည်းဖြင့် ချက်ချင်းပင် ပိုင်းဖြတ်ခံလိုက်ရလေသည်။
ဤသည်မှာ အကယ်၍ မဟာဧကရာဇ်တစ်ပါး ဤနေရာ၌ ရှိနေခဲ့လျှင်ပင် ဤဓားချက်ဖြင့် နှစ်ပိုင်းပြတ်သွားမည့် ကံကြမ္မာမှ လွတ်မြောက်နိုင်မည်မဟုတ်ကြောင်း ထင်ဟပ်နေသည် မဟုတ်ပါလော။
“ ဟင့်အင်း!!! ”
ကျောက်မိသားစု၏ ခံတပ်စခန်းတွင် ကျောက်လင်နှင့် ကျန်ကျောက်မိသားစုဝင်များအားလုံးသည် နှစ်ပိုင်းပြတ်တောက်သွားသော ‘နယ်ပယ်တစ်သောင်း မြစ်တောင်တန်းများ ပုံရိပ်ကားချပ်’ ကို ကြည့်ရင်း သူတို့၏မျက်လုံးများရှေ့၌ အမှောင်ဖုံးသွားပြီး ကောင်းကင်ကြီး ပြိုကျလာသကဲ့သို့ပင် ခံစားလိုက်ကြရလေသည်။
၎င်းသည် ကျောက်မိသားစု၏ ရှေးဘိုးဘေးကြီးမှ ထားရစ်ခဲ့သော အဆုံးစွန်ဧကရာဇ်လက်နက် ဖြစ်သည်။ ၎င်းသည် ကျောက်မိသားစုအား ဧကရာဇ်မျိုးနွယ်စုတစ်ခု ဖြစ်လာစေရန် အားကိုးအားထားပြုခဲ့ရသော ဧကရာဇ်အဆင့် အခြေခံအုတ်မြစ်များထဲမှ တစ်ခု ဖြစ်ပေသည်!။
သူတို့၏ ရှေးဘိုးဘေးကြီးသည် တစ်ချိန်က ဤ ‘နယ်ပယ်တစ်သောင်း မြစ်တောင်တန်းများ ပုံရိပ်ကားချပ်’ စာလိပ်ကို ကိုင်စွဲလျက် အဆုံးမဲ့ကမ္ဘာတစ်ခွင်လုံးကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မျိုးနွယ်စုအားလုံးအား လက်အောက်ခံစေခဲ့ဖူးလေသည်။
သို့သော် ယခုအခါတွင်မူ ကျောက်မိသားစု၏ ဤအမြင့်မြတ်ဆုံး ဧကရာဇ်လက်နက်သည် ဓားတစ်ချက်တည်းဖြင့် ဤမျှ လွယ်ကူစွာ ပျက်စီးသွားခဲ့ရသည်လော။
“ ဧကရာဇ်မဟာမိတ်အဖွဲ့က မဟာဧကရာဇ်တွေ ဘယ်မှာလဲ? ဘာလို့ သူတို့ အခုထိ ကြွမလာကြသေးတာလဲ?! ”
ဧကရာဇ်လက်နက် ကြေမွပျက်စီးသွားသည်ကို မြင်လိုက်ရသောအခါ ကျောက်လင်၏ အမြင်အာရုံသည် မိုက်ခနဲဖြစ်သွားခဲ့ပြီး သွေးဟောင်းတစ်လုပ်စာမျှ အန်ထွက်လုနီးပါး ဖြစ်သွားခဲ့လေသည်။
သို့သော် သူသည် ‘နယ်ပယ်တစ်သောင်း မြစ်တောင်တန်းများ ပုံရိပ်ကားချပ်’ ကြေမွသွားခြင်းအတွက် အချိန်အကြာကြီး ဝမ်းနည်းပူဆွေးနေချိန် မရခဲ့ပေ။ အကြောင်းမှာ ဧကရာဇ်လက်နက်အား ပိုင်းဖြတ်ပြီးနောက်တွင် ဓားအလင်းတန်းသည် သူ၏အရှိန်ကို ဆက်ထိန်းထားလျက် ကျောက်မိသားစု၏ ခံတပ်စခန်းဆီသို့ တိုက်ရိုက် ကျဆင်းလာခဲ့သောကြောင့်ပင်!
အကယ်၍ ဤဓားအလင်းတန်းအား ကျရောက်ခွင့်ပြုလိုက်ပါက ကျောက်မိသားစုတစ်စုလုံးသည် ယန်မိသားစုကဲ့သို့ပင် မျိုးဖြုတ်သုတ်သင်ခံရပေလိမ့်မည်!
ဧကရာဇ်မဟာမိတ်အဖွဲ့၏ မဟာဧကရာဇ်များ အဘယ်မှာနည်း။ အဘယ်ကြောင့် သူတို့ ကြွဆင်းမလာကြသေးသနည်း။ ကောင်းကင်ဘုံအရှင်သခင်သည် လှုပ်ရှားလိုက်လေပြီ!
ကျောက်လင်သည် အလွန်အမင်း စိုးရိမ်ပူပန်နေလေ၏။
ထိုဓားအလင်းတန်းသည် ကောင်းကင်ဘုံအရှင်သခင်မှ ထုတ်လွှတ်လိုက်ခြင်းဖြစ်ကြောင်း ရှင်းလင်းနေပေသည်။
ကောင်းကင်ဘုံအရှင်သခင် လှုပ်ရှားလိုက်သည်နှင့်တစ်ပြိုင်နက် ဧကရာဇ်မဟာမိတ်အဖွဲ့၏ ဧကရာဇ်များ ကြွဆင်းလာပြီး သူ့အား စုပေါင်း၍ အပြစ်ပေးဒဏ်ခတ်ကြလိမ့်မည်ဟု ဧကရာဇ်မဟာမိတ်အဖွဲ့မှ ဧကရာဇ်များက ပြောဆိုခဲ့ကြသည် မဟုတ်ပါလော!
ဤမျှ အရေးကြီးနေသော အခိုက်အတန့်သို့ ရောက်နေပြီ ဖြစ်သော်လည်း အဘယ်ကြောင့် ထိုမဟာဧကရာဇ်များ ပေါ်ထွက်မလာကြသေးသနည်း။
“ မိသားစုခေါင်းဆောင်! ကျွန်တော်တို့ လှည့်စားခံလိုက်ရတာလား? ”
ကျောက်မိသားစု အကြီးအကဲတစ်ဦးက မျှော်လင့်ချက်ကင်းမဲ့သော အမူအရာဖြင့် ပြောလိုက်လေသည်။
“ မဖြစ်နိုင်ဘူး... ဘယ်လိုမှ မဖြစ်နိုင်ဘူး….. ”
ကျောက်လင်သည် သူ့ကိုယ်သူ တီးတိုးရေရွတ်လိုက်ပြီး ဤအဖြစ်မှန်ကို လုံးဝ မယုံကြည်နိုင်ဘဲ ဖြစ်နေခဲ့သည်။
ဧကရာဇ်မဟာမိတ်အဖွဲ့၏ မဟာဧကရာဇ်များက အဘယ်ကြောင့် သူတို့ကို လှည့်စားရသည်ကို နားမလည်နိုင်ခဲ့ပေ။
ယနေ့တည်ရှိနေသော အဆုံးမဲ့ကမ္ဘာ၏ ဧကရာဇ်မျိုးနွယ်စုများအားလုံးသည် သူတို့၏ မျိုးဆက်များ ဖြစ်ကြသည် မဟုတ်ပါလော!
ကျောက်လင်၏ နှလုံးသားသည် ရောထွေးနေသော ခံစားချက်များဖြင့် ပြည့်နှက်နေခဲ့၏။ သူသည် အော်ဟစ်မေးခွန်းထုတ်လိုခဲ့ပြီး ကုမိသားစုထံ သနားညှာတာမှု တောင်းခံလိုခဲ့သော်လည်း အရာအားလုံးသည် နောက်ကျသွားခဲ့လေပြီ။
ဓားအလင်းတန်း ကျရောက်လာခဲ့ပြီး အရာခပ်သိမ်းကို ခွဲခြားရွေးချယ်ခြင်းမရှိဘဲ ရှင်းလင်းဖျက်ဆီးပစ်လိုက်၏။ အဆုံးမရှိ ဆက်တိုက်တည်ရှိနေသော အင်မော်တယ်နန်းတော်များနှင့် လောကီအပြင်ဘက်မှ နိဗ္ဗာန်ဘုံတစ်ခု...
မျက်စိတစ်မှိတ်အတွင်းမှာပင် တိုက်ခတ်သွားသော ဓားအလင်းတန်းသည် အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့ပြီး အားလုံးကို မြေပြင်ကြီးတစ်ခုသာသာ ဖြစ်သွားစေခဲ့သည်။ လေးစားရသော ဧကရာဇ်မျိုးနွယ်စုများထဲမှ ကျောက်မိသားစုသည် ဤကမ္ဘာလောကတွင် တစ်ခါမျှ မတည်ရှိခဲ့ဖူးသကဲ့သို့ မီးလောင်တိုက်သွင်းထားသော မြေကြီးကိုသာ ချန်ရစ်ခဲ့ပြီး မည်သည့်သက်ရှိသတ္တဝါတစ်ဦးတစ်ယောက်၏ ခြေရာမျှပင် ကျန်ရစ်ခြင်း မရှိတော့ချေ!
အဆုံးမဲ့ကမ္ဘာ၏ ဧကရာဇ်မျိုးနွယ်စုမှ ကျောက်မိသားစု... မျိုးဖြုတ်သုတ်သင်ခံရလေပြီ!
“ ကောင်းကင်ကြီး ပြောင်းသွားပြီ... တကယ်ကို ပြောင်းလဲသွားပြီ… ကျောက်မိသားစုက တကယ်ကြီး မျိုးဖြုတ်သုတ်သင်ခံလိုက်ရပြီ….. ”
“ နှစ်ပေါင်း မရေမတွက်နိုင်တဲ့ သောင်းပေါင်းများစွာ အမွေအနှစ်ရှိတဲ့ ရှေးဟောင်းဧကရာဇ်မျိုးနွယ်စုကြီးတစ်ခုက မျက်စိတစ်မှိတ်အတွင်းမှာ ပြာကျသွားခဲ့ပြီ….. ”
ကမ္ဘာ့အစွန်အဖျားရှိ အင်အားစုအသီးသီးမှ တန်ခိုးရှင်များသည် မိုင်ပေါင်းတစ်ထောင်မျှ ကျယ်ဝန်းသော မီးလောင်တိုက်သွင်းထားသည့် မြေကြီးကို ကြည့်ရှုရင်း အိပ်မက်မက်နေသကဲ့သို့ တီးတိုးရေရွတ်နေကြလေသည်။
ဤအချိန်မတိုင်မီက သူတို့အားလုံးသည် ကျောက်မိသားစုက ကုမိသားစု၏ တောင်းခံချက်များကို သဘောတူလိမ့်မည်မဟုတ်ဘဲ သူတို့နှစ်ဦးကြားတွင် ပွတ်တိုက်မှုများနှင့် ပဋိပက္ခများ အနည်းနဲ့အများတော့ ဖြစ်ပွားလိမ့်မည်ဟု တွေးခေါ်သုံးသပ်ခဲ့ကြဖူးလေသည်။
သို့သော် ဤပဋိပက္ခ၏ရလဒ်သည် ဤမျှ လျင်မြန်ပြီး ရက်စက်ကြမ်းကြုတ်လိမ့်မည်ဟု မည်သူတစ်ဦးတစ်ယောက်ကမျှ မျှော်လင့်မထားခဲ့ကြပေ။
ကျောက်မိသားစုသည် ထိရောက်သော ခုခံမှုတစ်စုံတစ်ရာ မပြုလုပ်နိုင်ခဲ့ဘဲ ကောင်းကင်ဘုံအရှင်သခင်၏ ဓားတစ်ချက်တည်းဖြင့် မျိုးဖြုတ်သုတ်သင်ခံလိုက်ရလေသည်!
ဤအရာအားလုံးသည် လျင်မြန်လွန်းစွာ ဖြစ်ပျက်သွားခဲ့၏။ ဓားအလင်းတန်း ပေါ်ထွက်လာချိန်မှစ၍ ကျောက်မိသားစု၏ ဧကရာဇ်လက်နက် ပိုင်းဖြတ်ခံရခြင်းနှင့် ကျောက်မိသားစု မျိုးဖြုတ်သုတ်သင်ခံရခြင်းအထိ အရာအားလုံးသည် အသက်တစ်ခေါက် သို့မဟုတ် နှစ်ခေါက်ရှူရုံမျှသော အချိန်ထက်ပင် လျော့နည်းခဲ့ရာ လူတိုင်းတွင် တုံ့ပြန်ချိန်ပင် မရလိုက်ကြချေ!
“ ကျောက်မိသားစု... မျိုးပြုတ်သွားပြီ….. ”
အင်အားစုအသီးသီးမှ တန်ခိုးရှင်များသာမက ကုချူကိုယ်တိုင်ပင်လျှင် မီးလောင်တိုက်သွင်းထားသော မြေကြီးအဖြစ်သို့ ပြောင်းလဲသွားသည့် ကျောက်မိသားစုကို ကြည့်ရင်း မိမိကိုယ်တိုင် အိပ်မက်မက်နေသကဲ့သို့ ဝိုးတဝါး ခံစားနေရလေသည်။
ကျောက်မိသားစု… ပြီးဆုံးသွားပြီလော။ သူက ကျောက်မိသားစုကို ဖျက်ဆီးလိုက်ခြင်းလော။
ကုချူသည် သူ၏လက်ဖဝါးထဲရှိ အဆောင်ကို ကြည့်လိုက်ပြီး သူ၏မျက်လုံးများထဲတွင် နက်ရှိုင်းသော ရိုသေလေးစားမှု အရိပ်အယောင်များ ထင်ဟပ်နေခဲ့သည်။
ကျောက်မိသားစု၏ ကျဆုံးခြင်းသည် သူနှင့် မည်သို့မျှ မသက်ဆိုင်ကြောင်း သူ သိလေသည်။ အရာအားလုံးသည် ရှေးဘိုးဘေးကြီး၏ အလိုဆန္ဒအလျောက် ဖြစ်လာသော ရလဒ်သာ ဖြစ်ပေသည်။
“ ဧကရာဇ်မျိုးနွယ်စုတွေထဲက ဘယ်သူမဆို မနာခံခဲ့ရင် သူတို့အားလုံး ပျက်သုဉ်းရမယ်... သူတို့ရဲ့ မျိုးနွယ်တွေ မျိုးဖြုတ်သုတ်သင်ခံရမယ်! ”
ကုချူ၏ စိတ်ထဲတွင် သူ မထွက်ခွာမီက မိသားစုခေါင်းဆောင်၏ ညွှန်ကြားချက်များ တစ်ဖန်ပြန်လည် ပဲ့တင်ထပ်သွားခဲ့သည်။
ထိုအချိန်က ကုချူသည် မိသားစုခေါင်းဆောင်၏ စကားများမှာ သူတို့အား စိတ်ဓာတ်တက်ကြွစေရန်၊ ဤအဆုံးမဲ့ကမ္ဘာ၏ ဧကရာဇ်မျိုးနွယ်စုများကို ခြိမ်းခြောက်ရန်အတွက်သာ ရည်ရွယ်သည်ဟု ထင်မှတ်ခဲ့သည်။
သို့သော် ယခုအချိန်မှသာလျှင် ကုချူသည် ၎င်းမှာ ခြိမ်းခြောက်မှု လုံးဝမဟုတ်ဘဲ အမှန်တကယ် ဖြစ်ပျက်လာမည့် အရာတစ်ခုဖြစ်ကြောင်း နားလည်သဘောပေါက်သွားခဲ့လေသည်။
ကုချူသည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး သူ၏နှလုံးသားထဲရှိ တုန်လှုပ်ခြောက်ခြားမှုနှင့် အံ့အားသင့်မှုတို့ကို ကြိုးစား ဖိနှိပ်လိုက်ကာ သူ၏ရှေ့မှ မီးလောင်တိုက်သွင်းထားသော မြေကြီးဆီသို့ ဖြေးဖြေးချင်း လျှောက်သွားလိုက်၏။
အဆောင်အတွင်းမှ ဓားအလင်းတန်း ပေါက်ကွဲထွက်လာပြီး ကျောက်မိသားစုအား မျိုးဖြုတ်သုတ်သင်ခဲ့စဉ်က ၎င်းသည် အရာအားလုံးကို ခွဲခြားရွေးချယ်ခြင်းမရှိဘဲ ဖျက်ဆီးပစ်ခဲ့ခြင်းမဟုတ်ဘဲ နန်းတော်အဆောက်အအုံ အနည်းငယ်ကို တမင်တကာ ချန်လှပ်ထိန်းသိမ်းထားခဲ့သည်ကို သူမြင်တွေ့လိုက်ရ၏။
သူ၏ခန့်မှန်းချက်သာ မှန်ကန်ပါက ဤနန်းတော်အဆောက်အအုံများသည် ကျောက်မိသားစု၏ ဘဏ္ဍာတိုက်တည်ရှိရာ နေရာဖြစ်သင့်ပြီး ကျောက်မိသားစုမှ နှစ်ပေါင်းသောင်းပေါင်းများစွာကြာ စုဆောင်းထားသော မြင့်မြတ်သည့် ရတနာများနှင့် ရှားပါးထူးဆန်းသော ရှေးဟောင်းပစ္စည်းများအားလုံးကို သိုလှောင်ထားရာ နေရာဖြစ်ရမည်။
ထို့အပြင် ကျောက်မိသားစု၏ ‘နယ်ပယ်တစ်သောင်း မြစ်တောင်တန်းများ ပုံရိပ်ကားချပ်’ ပိုင်းဖြတ်ခံရပြီးနောက် ၎င်းသည် ကျောက်မိသားစု၏ နယ်မြေအတွင်းပိုင်း နက်ရှိုင်းရာသို့ ကျဆင်းသွားခဲ့သည်ကိုလည်း သူက ထက်မြက်စွာ သတိပြုမိခဲ့သည်။
ဧကရာဇ်လက်နက်တစ်ခုသည် ပိုင်းဖြတ်ခံရလျှင်ပင် ၎င်းကို အဆုံးစွန်မြင့်မြတ်သော ရွှေများဖြင့် သွန်းလုပ်ထားခြင်းဖြစ်သည်ကြောင့် သူသည် ဤအဆုံးစွန်မြင့်မြတ်သော ရွှေများကို ပြန်လည်ရယူရမည် ဖြစ်သည်!
ကုချူက ကျောက်မိသားစု၏ အဓိကနယ်မြေအတွင်းသို့ ရတနာစတင်ရှာဖွေရန် နက်ရှိုင်းစွာ ဝင်ရောက်သွားသည်ကို ကြည့်ရှုရင်း ကမ္ဘာ့အစွန်အဖျားတွင် ရပ်တည်နေကြသော အင်အားစုအသီးသီးမှ တန်ခိုးရှင်များအားလုံး၏ မျက်နှာများပေါ်တွင် မနာလိုဝန်တိုမှုနှင့် တပ်မက်လိုချင်မှု အရိပ်အယောင်များ အလိုလို ပေါ်ပေါက်လာခဲ့ကြသည်။
ဤသည်မှာ အမြင့်မြတ်ဆုံး ဧကရာဇ်မျိုးနွယ်စုတစ်စု၏ အမွေအနှစ် ဖြစ်၏! ၎င်းသည် ကြီးမြတ်သောဂိုဏ်းကြီးများနှင့် မြင့်မြတ်သောနယ်မြေများအားလုံးကို သွားရည်ကျစေရန် လုံလောက်သည်ဟု ဆိုနိုင်ပြီး ၎င်း၏ပိုင်ဆိုင်ခွင့်အတွက် အချင်းချင်း တိုက်ခိုက်ကြရင်း သွေးချောင်းစီးသွားသည်အထိ ဖြစ်ပွားစေနိုင်၏။
သို့သော် ယခုအခါတွင်မူ ရှိနေကြသော တန်ခိုးရှင်အသီးသီးသည် ကုချူထက် အဆင့်များစွာ မြင့်မားကြသော်လည်း ကျောက်မိသားစုမှ ချန်ရစ်ခဲ့သော အမွေအနှစ်နှင့် ကံကောင်းခြင်းတရားများကို ပိုင်ဆိုင်ခွင့်ရရန် ခြေလှမ်းအနည်းငယ်မျှ ချဉ်းကပ်ရန်ပင် မဝံ့ရဲကြဘဲ အဝေးမှသာ ကြည့်ရှူနေကြ၏။
ကံကောင်းခြင်းတရားအတွက် တိုက်ခိုက်ခြင်းသည်လည်း မည်သူ့ကို ရင်ဆိုင်တိုက်ခိုက်ရမည်ဟူသော အချက်ပေါ်တွင် မူတည်နေသေး၏။ လက်ရှိတွင် မြင့်မြတ်သောရတနာများနှင့် ကံကောင်းခြင်းတရားများကို ရှာဖွေနေသူမှာ ကုမိသားစု ဖြစ်သည်!
ရှည်လျားသော အမွေအနှစ်နှင့် မခန့်မှန်းနိုင်သော အခြေခံအုတ်မြစ်များ ရှိသည့် ကျောက်မိသားစုကဲ့သို့သော ဧကရာဇ်မျိုးနွယ်စုတစ်ခုပင်လျှင် အခြားတစ်ဖက်မှ နှစ်ခါစဉ်းစားခြင်းမရှိဘဲ မျိုးဖြုတ်သုတ်သင်ခံလိုက်ရ၏။ သာမန် အင်မော်တယ်ဂိုဏ်းများနှင့် ကြီးမြတ်သောဂိုဏ်းများက ကုမိသားစုနှင့် ရင်ဆိုင်ယှဉ်ပြိုင်ရန် သတ္တိရှိပါဦးမည်လော။
ထိုအရာသည် အန္တရာယ်ကြားမှ ချမ်းသာကြွယ်ဝမှုကို ရှာဖွေခြင်းမျိုး မဟုတ်တော့ဘဲ သက်သက်မဲ့ သေလမ်းရှာခြင်းသာ ဖြစ်ပေလိမ့်မည်!
“ ဧကရာဇ်မျိုးနွယ်စုတွေကြားမှာလဲ ကွာခြားမှုတွေ ရှိတာပဲ။ ဒီနေ့ကစပြီး အဆုံးမဲ့ကမ္ဘာရဲ့ ဧကရာဇ်မျိုးနွယ်စုတွေဆိုတဲ့ နာမည်က ပြောင်းလဲသွားနိုင်လောက်တယ်….. ”
တန်ခိုးရှင်တစ်ဦးက ရှင်းပြမရနိုင်သော ခံစားချက်ဖြင့် မှတ်ချက်ပြုလိုက်သည်။ “ အဆုံးမဲ့ကမ္ဘာရဲ့ ဧကရာဇ်မျိုးနွယ်စုတွေက တကယ်ပဲ တန်ခိုးကြီးပြီး သာမန်အင်အားစုတွေအနေနဲ့ သွားစဖို့ဆိုတာ လုံးဝမဖြစ်နိုင်တဲ့အရာပဲ။
ဒါပေမဲ့... ဒီဧကရာဇ်မျိုးနွယ်စုတွေအထက်မှာ ရှင်သန်ခြင်းတားမြစ်နယ်မြေက ဧကရာဇ်မျိုးနွယ်စု... အထက်ကောင်းကင် ကုမိသားစု ဆိုတာလဲ ရှိနေသေးတယ်! ”
ရှင်သန်ခြင်းတားမြစ်နယ်မြေမှ ဧကရာဇ်မျိုးနွယ်စု... အထက်ကောင်းကင် ကုမိသားစုလော။
ဤစကားကို ကြားသောအခါ တန်ခိုးရှင်များစွာသည် အလိုအလျောက်ပင် ခေါင်းညိတ်လိုက်မိကြသည်။
အမှန်ပင် လက်ရှိ ကုမိသားစုသည် ယခင်အတိတ်က ထိုက်တန်မှုမရှိသော အဆုံးမဲ့ကမ္ဘာ၏ ဧကရာဇ်မျိုးနွယ်စု မဟုတ်တော့ဘဲ... အခြားဧကရာဇ်မျိုးနွယ်စုများအထက်တွင် မိုးထိတိုင် မြင့်မားစွာ တည်ရှိနေသော ပိုမိုကြောက်မက်ဖွယ်ကောင်းလာသည့် ရှင်သန်ခြင်းတားမြစ်နယ်မြေမှ ဧကရာဇ်မျိုးနွယ်စုတစ်စု ဖြစ်နေလေပြီ!