အခန်း (၇၇-၇၈)
Vol. 6 Ch. 77-78
အခန်း (၇၇)- ငါးကြီးဖမ်းရန် ငါးစာချခြင်း၊ သတ်ဖြတ်ကစားပွဲ စတင်ခြင်းနှင့် ကံကောင်းပါစေဟု ဆုတောင်းပေးခြင်း
အဆုံးမဲ့တိုက်ကြီးရှိ ကောင်းကင်ဘုံတားမြစ်နယ်မြေအတွင်း၌.....
ကုချန်သည် အထက်ကောင်းကင်ပင်မခန်းမဆောင်၏ ပလ္လင်ထက်တွင် အေးချမ်းစွာ ထိုင်နေလျက်ရှိပြီး အဝေးက ကောင်းကင်ယံရှိ ကုမိသားစုထံမှ ပွင့်ထွက်လာသော အဆုံးစွန်စွမ်းအားကို ခံစားမိနေဟန်တူသည်။ သူသည် သူ၏မျက်ဝန်းများကို အနည်းငယ် ပင့်တင်လိုက်ရာ သူ၏အကြည့်များမှာ တည်ငြိမ် အေးစက်လျက်ရှိ၏။
သူသည် အဆောင်အတွင်း၌ သူချန်ရစ်ခဲ့သော စွမ်းအားမှာ နိုးထလာခဲ့ပြီဖြစ်ကြောင်း ခံစားမိလိုက်လေသည်။
ထိုဧကရာဇ်မျိုးနွယ်စုဖြစ်သော ကျောက်မိသားစုသည် ယခုအခါတွင် မျိုးဖြုတ်သုတ်သင်ခံရမည့် ကံကြမ္မာမှ လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။
သို့သော် ထိုသို့ဖြစ်လင့်ကစား ကုချန်၏နှလုံးသားမှာ တည်ငြိမ်နေဆဲဖြစ်ပြီး အနည်းငယ်မျှပင် လှုပ်ရှားတုန်လှုပ်ခြင်း မရှိခဲ့ပေ။
ကျောက်မိသားစု၏ ပျက်စီးခြင်းသည် သူ၏အမြင်တွင်မူ အရေးမပါသော အစပျိုးမှုတစ်ခုမျှသာ ဖြစ်လေသည်။
လွန်ခဲ့သော နှစ်ကိုးသောင်းက သူသည် သက်ရှိအားလုံး၏ အကျိုးစီးပွားအတွက် ဝန်ထုတ်ဝန်ပိုးကို ထမ်းရွက်ခဲ့ရပြီး နောက်ဆုံးတွင် ဟွမ်သွမ့်ပင်လယ်အတွင်းသို့ တစ်ဦးတည်း စွန့်စားဝင်ရောက်ကာ နတ်ဆိုးနယ်မြေအား နှစ်ကိုးသောင်းကြာအောင် ပိတ်ဆို့တားဆီးခဲ့၏။ ဤသည်က အဆုံးမဲ့ကမ္ဘာ၏ ဧကရာဇ်မျိုးနွယ်စုဟု ခေါ်ဆိုကြသော ထိုသူတို့အား နောက်တန်းတွင် နှစ်ကိုးသောင်းကြာတိုင်အောင် မောက်မာစွာ ပြုမူနေထိုင်စေပြီး ပျော်ပါးခွင့် ပေးခဲ့သကဲ့သို့ ဖြစ်ခဲ့သည်။
ယခု သူသည် အဆုံးမဲ့ကမ္ဘာသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ပြီး အတိတ်ကကဲ့သို့ ချုပ်တည်းထိန်းသိမ်းထားခြင်း မရှိတော့ချေ။ အကယ်၍ ဤဧကရာဇ်မျိုးနွယ်စုများက သူ့အား လွန်ခဲ့သော နှစ်ကိုးသောင်းက ကုချန်ဟူ၍ ထင်မှတ်နေကြဦးမည်ဆိုလျှင်မူ သူတို့ ကြီးစွာ မှားယွင်းနေကြလေပြီဖြစ်သည်!
နှစ်ကိုးသောင်း၏ အကြွေးတစ်ခုကို အဘယ်သို့လျှင် ပြန်လည်ပေးဆပ်ခြင်း မပြုဘဲ နေနိုင်ခွင့်ရှိရမည်နည်း။
ယန်မိသားစုနှင့် ကျောက်မိသားစုသည် ထိုအကြွေးကိုရှင်းလင်းခြင်း၏ အစမျှသာဖြစ်သည်။
ကုချန်၏ ဤဧကရာဇ်မျိုးနွယ်စုများနှင့် ရှင်းလင်းခြင်း ပြီးဆုံးရန်မှာ များစွာ လိုအပ်နေသေး၏!
သို့သော်…..
“ ကျောက်မိသားစု ပျက်စီးသွားပြီ။ ဧကရာဇ်မဟာမိတ်အဖွဲ့ထဲက အဲ့ဒီကြွက်တွေက အခုထိ ငြိမ်ငြိမ်ထိုင်နေနိုင်ကြဦးမှာလား? ”
ကုချန်သည် ပလ္လင်ပေါ်တွင် အေးချမ်းစွာ ထိုင်နေရင်း တိုးညင်းစွာ ရေရွတ်လိုက်၏။
ကျောက်မိသားစုအား ဖျက်ဆီးခြင်းသည်လည်း ဧကရာဇ်မဟာမိတ်အဖွဲ့အတွင်းရှိ ထို 'ကြွက်' များကို ထွက်ပေါ်လာစေရန် သူ အတင်းအကျပ်ပြုလုပ်သည့် နည်းလမ်းတစ်ခု ဖြစ်သည်။
ယခု ကျောက်မိသားစု မျိုးဖြုတ်သုတ်သင်ခံလိုက်ရပြီဖြစ်ရာ ဧကရာဇ်မဟာမိတ်အဖွဲ့ထဲမှ ထိုဧကရာဇ်များသည် ငြိမ်သက်စွာ ထိုင်နေနိုင်ကြဦးမည်လော။
ကုချန်သည် ဧကရာဇ်မျိုးနွယ်စုအသီးသီးကို ငါးစာအဖြစ် အသုံးပြုလျက် ဤတစ်ကြိမ်တွင် 'ငါးကြီး' မည်မျှ ဖမ်းမိနိုင်မည်ကို အလွန်ပင် မျှော်လင့်နေမိလေသည်!
...
အရှေ့ဘက်စွန်း တာအိုနယ်မြေရှိ အထက်ကောင်းကင်တားမြစ်နယ်မြေနှင့် မိုင်ပေါင်းတစ်သိန်းအကွာမှ လူသူကင်းမဲ့သော တောအုပ်တစ်ခုအတွင်း၌.....
ယန်ဧကရာဇ်သည် မျက်လုံးများကို မှိတ်ထားလျက် လူသူကင်းမဲ့သော တောအုပ်ထဲတွင် တိတ်ဆိတ်စွာ ထိုင်နေပြီး သူ၏ အရှိန်အဝါအားလုံးကို လုံးဝ ထိန်းချုပ်ရုပ်သိမ်းထားရာ ကျောက်တုံးတစ်တုံးကဲ့သို့ပင် ငြိမ်သက်နေ၏။
မနေ့က ဧကရာဇ်များခန်းမဆောင်တွင် ဆွေးနွေးမှု ပြုလုပ်ပြီးချိန်မှစ၍ ယန်ဧကရာဇ်သည် ဤနေရာသို့ တိတ်တဆိတ် ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။ ကုချန်မှ ရှာဖွေတွေ့ရှိခြင်း မခံရစေရန်အတွက် သူသည် အထက်ကောင်းကင်တားမြစ်နယ်မြေနှင့် မိုင်ပေါင်းတစ်သိန်းအကွာရှိ ဤနေရာကို အထူးတလည် ရွေးချယ်ခဲ့ပြီး သူ၏ အရှိန်အဝါအားလုံးကို ဖုံးကွယ်ထားခဲ့၏။
ရုတ်တရက် သူသည် တစ်စုံတစ်ရာကို ခံစားမိလိုက်ဟန်တူပြီး သူ၏မျက်လုံးများကို ရုတ်ခြည်း ဖွင့်လိုက်ရာ ၎င်းတို့အတွင်း၌ စိတ်လှုပ်ရှားမှု အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားခဲ့၏။
“ ဒီလောက်တောင် ကြီးမားတဲ့ ဧကရာဇ်စွမ်းအား... ကောင်းကင်ဘုံအရှင်သခင် လှုပ်ရှားလိုက်တာ ဖြစ်ရမယ်! ”
ယန်ဧကရာဇ်သည် ကျောက်မိသားစုရှိရာ အရပ်သို့ မော့ကြည့်လိုက်ပြီး သူ၏စိတ်လှုပ်ရှားမှုကို ထိန်းချုပ်မရနိုင်လုနီးပါး ဖြစ်နေခဲ့သည်။
ဤမျှ ကြီးမားသော စွမ်းအားသည် မဟာဧကရာဇ်တစ်ပါး၏ အမိန့်စာချွန်လွှာတစ်ခုတည်းဖြင့် ထုတ်လွှတ်နိုင်မည် မဟုတ်သည်ကို သူ ခံစားမိနိုင်သည်။ ဤသည်မှာ ကောင်းကင်ဘုံအရှင်သခင် ကိုယ်တိုင် လှုပ်ရှားလိုက်ခြင်းသာ ဖြစ်ရမည်!
ကောင်းကင်ဘုံအရှင်သခင်အား ပစ်မှတ်ထားသော ဧကရာဇ်ရှစ်ပါး၏ ချုံခိုတိုက်ခိုက်မှုသည် စတင်လောက်ပြီဖြစ်ကြောင်း ယန်ဧကရာဇ် သိရှိလိုက်သည်!
“ ကုချန်... မင်း ငါကိုယ်တော်ကို စောင့်နေလိုက်ပါ။ ငါကိုယ်တော် အထက်ကောင်းကင်တားမြစ်နယ်မြေထဲကို ဖောက်ဝင်ပြီး မင်းရဲ့ ကုမျိုးနွယ်စုဝင်အားလုံးကို ဖမ်းဆီးချုပ်နှောင်လိုက်ပြီးတဲ့နောက်... မင်းရဲ့မျက်စိရှေ့မှာတင် မင်းရဲ့ ကုမိသားစုဝင် တစ်ဦးတစ်ယောက်ချင်းစီ ငါကိုယ်တော် သတ်ဖြတ်တာခံနေရတာကို မင်း ကြည့်နေရစေမယ်! ”
ယန်ဧကရာဇ်၏ မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ခု ပေါ်ထွက်လာပြီး သူ၏အရှိန်အဝါကို ဆက်လက် ဖုံးကွယ်မထားတော့ချေ။ သူ၏ ဧကရာဇ်တန်ခိုးစွမ်းအားများ ပေါက်ကွဲထွက်လာပြီး ထိုတစ်ချိန်တည်းမှာပင် အထက်ကောင်းကင်တားမြစ်နယ်မြေ တည်ရှိရာသို့ လျင်မြန်စွာ ပျံသန်းသွားလေတော့သည်...!
ထိုအချိန်တွင်ပင် အထက်ကောင်းကင်တားမြစ်နယ်မြေနှင့် မိုင်ပေါင်းတစ်သိန်းအကွာရှိ အခြားနေရာတစ်ခု၌.....
ကောင်းကင်သင်္ချိုင်း ရှေးဟောင်းဧကရာဇ်သည်လည်း ကျောက်မိသားစုရှိရာ အရပ်မှ ထွက်ပေါ်လာသော ကြီးမားလှသည့် ဧကရာဇ်တန်ခိုးစွမ်းအားကို ခံစားမိလိုက်လေသည်။
“ ဧကရာဇ်ရှစ်ပါးရဲ့ ချုံခိုတိုက်ခိုက်မှု စတင်ပြီလား? ”
ကောင်းကင်သင်္ချိုင်း ရှေးဟောင်းဧကရာဇ်သည် အသံကို နှိမ့်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် တီးတိုးရေရွတ်လိုက်သည်။
“ ဒီလိုဆိုရင် ငါကိုယ်တော် လျင်လျင်မြန်မြန် လှုပ်ရှားရမယ်။ ဘယ်သူ့ကိုမှ ငါ့ထက်အရင် အထက်ကောင်းကင် တားမြစ်နယ်မြေကို ဝင်ရောက်ခွင့် မပြုနိုင်ဘူး! ”
ကောင်းကင်သင်္ချိုင်း ရှေးဟောင်းဧကရာဇ်သည် ကျောက်မိသားစုရှိရာ အရပ်မှ ထွက်ပေါ်လာသော ကြီးမားသည့် ဧကရာဇ်တန်ခိုးစွမ်းအားကို ခံစားမိရုံသာမက ယန်ဧကရာဇ်၏ အရှိန်အဝါကိုပါ ခံစားမိလိုက်ရာ သူ့အား အလျင်စလိုဖြစ်သွားစေပြီး ယန်ဧကရာဇ်က သူ့ထက်ဦးစွာ အထက်ကောင်းကင်တားမြစ်နယ်မြေသို့ ဖောက်ဝင်ကာ ထိုတားမြစ်နယ်မြေအတွင်းရှိ လျှို့ဝှက်ချက်များကို ရှာဖွေတွေ့ရှိသွားမည်ကို စိုးရိမ်မိသွားစေ၏။
ထို့ကြောင့် ကောင်းကင်သင်္ချိုင်း ရှေးဟောင်းဧကရာဇ်သည် တွေဝေမနေဝံ့တော့ဘဲ ချက်ချင်းပင် ထွက်ခွာကာ အထက်ကောင်းကင်တားမြစ်နယ်မြေရှိရာသို့ ဦးတည်သွားလေတော့သည်။
...
ဧကရာဇ်များခန်းမဆောင် အတွင်း၌.....
ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီ၊ နဂါးရင်းမြစ်မဟာဧကရာဇ်နှင့် မို့တိအရှင်တို့ အားလုံးသည် သူတို့၏ ကြီးမားလှသော ပလ္လင်များထက်တွင် ထိုင်နေကြလေသည်။
ဤအခိုက်အတန့်တွင် အဆုံးမဲ့တိုက်ကြီး၏ မြေပုံကို ဖော်ပြလျက်ရှိသော ပုံရိပ်ယောင် စာလိပ်တစ်လိပ်သည် သူတို့သုံးဦး၏ ရှေ့မှောက်တွင် ဖြန့်ကျက်ထားလျက်နေ၏။
ထိုစာလိပ်ပေါ်တွင် ဖော်ပြနေသော မြင်ကွင်းသည် ဤဧကရာဇ်မဟာမိတ်အဖွဲ့မှ ဧကရာဇ်သုံးပါးအား သေမတတ် တိတ်ဆိတ်သွားစေခဲ့သည်!
“ တာအိုရောင်းရင်း ယန်ဧကရာဇ်နဲ့ အဲ့ဒီ ကောင်းကင်သင်္ချိုင်း ရှေးဟောင်းဧကရာဇ်တို့က အထက်ကောင်းကင်တားမြစ်နယ်မြေကို တကယ်ပဲ သွားနေကြတယ်… ”
ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီသည် ပုံရိပ်ထဲမှ ယန်ဧကရာဇ်နှင့် ကောင်းကင်သင်္ချိုင်း ရှေးဟောင်းဧကရာဇ်တို့၏ ပုံရိပ်များကို ကြည့်ရင်း မိမိကိုယ်မိမိ အထင်ကြီးလွန်းသော ပိုးဖလံနှစ်ကောင် မီးတောက်အတွင်းသို့ ပျံသန်းဝင်ရောက်သွားသည်ကို ကြည့်နေရသကဲ့သို့ တီးတိုးရေရွတ်လိုက်၏။
“ ကျွန်တော် ဒီနှစ်ယောက်ကို အစောကတည်းက ဆက်သွယ်လို့မရခဲ့ဘူး။ သူတို့နှစ်ယောက်စလုံး စောစောစီးစီးကတည်းက ပုန်းအောင်းဖို့ နေရာတွေ ရှာထားခဲ့ကြတာကိုး….. ”
မို့တိအရှင်၏ မျက်နှာအမူအရာသည် တင်းမာနေခဲ့သည်။ သူသည် နတ်အသိစိတ်အမျှင်တန်းတစ်ခု စေလွှတ်၍ ထိုနှစ်ဦးအား ပြန်လာရန် အလျင်အမြန် သတိပေးရန် ရည်ရွယ်ခဲ့သော်လည်း ခေတ္တမျှ စဉ်းစားပြီးနောက် ထိုအကြံအစည်ကို ဖျက်သိမ်းလိုက်၏။
အကြောင်းရင်းမှာ ရိုးရှင်းလှသည်... ကောင်းကင်ဘုံအရှင်သခင်သည် ယန်ဧကရာဇ်နှင့် ကောင်းကင်သင်္ချိုင်း ရှေးဟောင်းဧကရာဇ်တို့၏ တည်နေရာကို သိရှိပြီးသား ဖြစ်ရပေမည်။
ယခုအချိန်တွင် ဤနှစ်ဦးအား မဆင်မခြင် သွားရောက်အကြောင်းကြားခြင်းသည် ကောင်းကင်ဘုံအရှင်သခင်အား သဲလွန်စများအတိုင်း လိုက်လံစေကာ ဧကရာဇ်များခန်းမဆောင်၏ တည်ရှိမှုကို ရှာဖွေတွေ့ရှိသွားစေနိုင်၏။ ထိုသို့ဖြစ်ခဲ့ပါက အကျိုးထက် အရှုံးက ပိုမိုကြီးမားသွားပေလိမ့်မည်။
“ ကျွန်တော်တို့ ဘာလုပ်သင့်လဲ? တာအိုရောင်းရင်း ယန်ဧကရာဇ်နဲ့ အဲ့ဒီ ကောင်းကင်သင်္ချိုင်း ရှေးဟောင်းဧကရာဇ်တို့ သေလမ်းဆီ သွားနေကြတာကို ဒီအတိုင်းပဲ ကြည့်နေကြတော့မှာလား? ”
နဂါးရင်းမြစ်မဟာဧကရာဇ်က မခံမရပ်နိုင်စွာဖြင့် ပြောလိုက်သည်။ သူတို့သည် ဧကရာဇ်ရှစ်ပါး၏ ချုံခိုတိုက်ခိုက်မှုလုပ်ရန် သဘောတူခဲ့ကြသော်လည်း သူတို့ထဲမှ ခြောက်ဦးမှာ အတွင်းသတင်း ရရှိသွားခဲ့ပြီးဖြစ်၍ ဆုတ်ခွာသွားခဲ့ကြပြီးဖြစ်သည်။ အခြေအနေအရပ်ရပ်ကို တိတိကျကျ မသိရှိသော ကံဆိုးသူ နှစ်ဦးဖြစ်သည့် ယန်ဧကရာဇ်နှင့် ကောင်းကင်သင်္ချိုင်း ရှေးဟောင်းဧကရာဇ်တို့သာ ကျန်ရစ်ခဲ့သည်။
နဂါးရင်းမြစ်မဟာဧကရာဇ်သည် နောက်ဆက်တွဲ ဖြစ်ပျက်လာမည့်အရာကို အမှန်တကယ်ပင် ကြည့်ရှုနိုင်စွမ်းမရှိတော့ချေ!
“ ဘာများ လုပ်နိုင်ဦးမှာလဲ? အခုအချိန်မှာ ကိုယ့်ကိုယ်ကိုယ် ဖော်ထုတ်ပြီး ဒီမိုက်မဲတဲ့ လူနှစ်ယောက်ကို သတိပေးလိုက်တာက သေလမ်းဆီ သွားတာနဲ့ ဘာမှမထူးတော့ဘူး ”
ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီက မျှော်လင့်ချက်ကင်းမဲ့စွာ ပြောလိုက်သည်။ “ ဒါ့အပြင် ဒီနှစ်ယောက်က ကုချန်ရဲ့ရှေ့မှာ ပေါ်ထွက်သွားပြီး ရှာဖွေတွေ့ရှိခံလိုက်ရပြီ ဖြစ်တဲ့အတွက် ကျွန်မတို့ သတိပေးခဲ့ရင်တောင်မှ နောက်ကျသွားလောက်ပါပြီ ”
“ ကျွန်တော်တို့ကတော့ တာအိုရောင်းရင်း ယန်ဧကရာဇ်နဲ့ တာအိုရောင်းရင်း ကောင်းကင်သင်္ချိုင်း အရှင်တို့ဘက်မှာ ကံကောင်းခြင်းတွေ ရှိနေပါစေလို့ပဲ မျှော်လင့်ရတော့မှာပဲ ”
မို့တိအရှင်က လေးကန်သောလေသံဖြင့် ပြောလိုက်ပြီးနောက် မည်သည့်စကားမျှ ဆက်လက်ပြောဆိုခြင်း မရှိတော့ပေ။
ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီနှင့် နဂါးရင်းမြစ်မဟာဧကရာဇ်တို့သည် မသိစိတ်၏အလိုရ အပြန်အလှန် ကြည့်လိုက်မိကြပြီး တစ်ဦး၏မျက်ဝန်းထဲရှိ မျှော်လင့်ချက်ကင်းမဲ့နေမှုများကို အခြားတစ်ဦးက မြင်တွေ့နေခဲ့ရသည်။
ဟုတ်ပေသည်... သူတို့ ဘာများလုပ်နိုင်ကြဦးမည်နည်း။
သူတို့သည် ယန်ဧကရာဇ်နှင့် ကောင်းကင်သင်္ချိုင်း ရှေးဟောင်းဧကရာဇ်တို့ ကိုယ့်ကိုယ်ကို ကြည့်ရှုစောင့်ရှောက်နိုင်ကြပါစေဟုသာ တိတ်တဆိတ် မျှော်လင့်နေနိုင်တော့သည်။
...
အထက်ကောင်းကင် တားမြစ်နယ်မြေ အတွင်း၌.....
ကုချန်သည် ဧကရာဇ်အဆင့် အရှိန်အဝါနှစ်ခု အထက်ကောင်းကင်တားမြစ်နယ်မြေသို့ လျင်မြန်စွာ ချဉ်းကပ်လာနေသည်ကို ခံစားမိသောအခါ သူ၏မျက်နှာအမူအရာမှာ သာမန်အတိုင်းပင် ရှိနေခဲ့သော်ငြား သူ၏မျက်ဝန်းများတွင်မူ နက်ရှိုင်းသော အံ့အားသင့်မှုနှင့် ရှုပ်ထွေးမှုတို့ ပေါ်ထွက်လာခဲ့သည်။
ဧကရာဇ်မဟာမိတ်အဖွဲ့အတွင်းမှ ဧကရာဇ်များ ဤအချိန်တွင် လှုပ်ရှားလာမည်ကို ကုချန်သည် အနည်းငယ်မျှပင် အံ့အားသင့်ခြင်း မရှိခဲ့ပေ။ သူသည် ဤအတွက် အချိန်အတော်ကြာကတည်းကပင် ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။
သို့သော် သူ့အား အံ့အားသင့်စေသောအရာမှာ... အချိန်အကြာကြီး စောင့်ဆိုင်းပြီးနောက် ဤ 'ငါးမွှားလေး' နှစ်ကောင်ကိုသာ ရရှိလိုက်ခြင်းဖြစ်သည်!
တစ်ဦးမှာ သူ၏ဓားဖြင့် ပိုင်းဖြတ်ခံရပြီးနောက် နယ်မြေအပြင်ဘက်ရှိ ဟွမ်သွမ့်ပင်လယ်အတွင်းသို့ ဦးတည်ရာမဲ့ ထွက်ပြေးလွှတ်မြောက်သွားခဲ့သော ယန်ဧကရာဇ် ဖြစ်သည်။
အခြားတစ်ဦးမှာ သူ၏စကားတစ်ခွန်းတည်းဖြင့် ထိတ်လန့်တုန်လှုပ်စွာ ထွက်ပြေးခဲ့ရသော ကောင်းကင်သင်္ချိုင်း ရှေးဟောင်းဧကရာဇ် ဖြစ်သည်။
ကုချန် ဂရုစိုက်ရန်ပင် မထိုက်တန်သော ဤအရှုံးသမားနှစ်ဦးက အထက်ကောင်းကင်တားမြစ်နယ်မြေကို တိုက်ခိုက်နိုင်ပြီး သူ့အား ဒုက္ခပေးနိုင်လိမ့်မည်ဟု အမှန်တကယ် ထင်မှတ်နေကြသည်လော။
ကုချန်သည် ဤအဖြစ်အား အနည်းမျှပင် အဓိပ္ပာယ်မရှိဟု တွေးလိုက်မိသည်။
ဤဧကရာဇ်မဟာမိတ်အဖွဲ့သည် အမှန်တကယ်ပင် မောက်မာလွန်းနေသည်လော... သို့တည်းမဟုတ် မိုက်မဲလွန်းနေသည်လော။
သူသည် အခြားတစ်ဖက်မှ အနည်းဆုံး ဧကရာဇ် ငါးဦး သို့မဟုတ် ခြောက်ဦးခန့် စုပေါင်း၍ သူ့အား ပစ်မှတ်ထားတိုက်ခိုက်ကြလိမ့်မည်ဟု မူလက ထင်မှတ်ထားခဲ့သည်။
မမျှော်လင့်ဘဲ နောက်ဆုံးတွင် သူတို့သည် ယန်ဧကရာဇ်နှင့် ကောင်းကင်သင်္ချိုင်း ရှေးဟောင်းဧကရာဇ်တို့ကိုသာ စေလွှတ်လိုက်ကြသည်။
မိုင်ပေါင်းတစ်သန်းအကွာမှ ခြိမ်းခြောက်ဟိန်းဟောက်လျက် အပြေးအလွှားလာနေကြသော ယန်ဧကရာဇ်နှင့် ကောင်းကင်သင်္ချိုင်း ရှေးဟောင်းဧကရာဇ်တို့ကို ကြည့်ရင်း ကုချန်မှာ အဘယ်သို့ ပြောရမည်ကိုပင် မသိတော့ချေ.....
အခန်း (၇၈)- သေလမ်းရှာခြင်းနှင့် ကြောက်မက်ဖွယ်ရာ အဆုံးမဲ့ဧကရာဇ်နယ်မြေ
" ကုချန် မင်း ငါ့မျိုးနွယ်ကို မျိုးဖြုတ်သုတ်သင်ခဲ့တာ... ဒီနေ့ကတော့ လက်စားပြန်ချေရမဲ့နေ့ပဲ! "
ယန်ဧကရာဇ်သည် နာကျည်းစွာ ဟိန်းဟောက်လိုက်ကာ အထက်ကောင်းကင်တားမြစ်နယ်မြေရှိရာသို့ ရည်ရွယ်ချက်ရှိရှိ လျင်မြန်စွာ ရွေ့လျားသွားလေသည်။
" ကောင်းကင်သင်္ချိုင်းကျွန်း အတွင်းမှာရှိတဲ့ ကြီးမြတ်လှတဲ့ အင်မော်တယ်တာအို လျှို့ဝှက်ချက်က ငါကိုယ်တော် ပိုင်ဆိုင်ရဖို့ ကံပါလာတာပဲ! "
ကောင်းကင်သင်္ချိုင်း ရှေးဟောင်းဧကရာဇ်သည်လည်း ယန်ဧကရာဇ်ကဲ့သို့ပင် ဟိန်းဟောက်လိုက်၏။ သူသည် စိတ်ကူးထဲ၌ ကိုယ်တိုင် အထက်ကောင်းကင်တားမြစ်နယ်မြေသို့ တစ်ဖန်ပြန်လည်ဝင်ရောက်ကာ အတွင်း၌ရှိသော ကြီးမြတ်သည့် အင်မော်တယ်တာအို လျှို့ဝှက်ချက်အား ဖော်ထုတ်၍ ရယူနေသည်ကို မြင်ယောင်နေခဲ့ဟန်ရှိသည်။
ဧကရာဇ်တစ်ပါးနှင့် ရှေးဟောင်းဧကရာဇ်တစ်ပါး... နှစ်ဦးစလုံးသည် သူတို့၏စွမ်းအင်အရောင်အဝါအား ဖုံးကွယ်ထားခြင်းမရှိဘဲ အရှေ့ပိုင်းစွန့်ပစ်နယ်မြေကို ဖြတ်သန်းကာ အထက်ကောင်းကင်တားမြစ်နယ်မြေသို့ ချဉ်းကပ်လာခဲ့ကြသည်။ ထို့အပြင် ထိုကြီးမားကျယ်ပြန့်၍ ထိန်းချုပ်မရနိုင်သော ဧကရာဇ်အဆင့် အရောင်အဝါသည် အရှေ့ပိုင်းစွန့်ပစ်နယ်မြေရှိ မရေမတွက်နိုင်သော သက်ရှိများ၏ အာရုံစိုက်မှုကို အလိုအလျောက် ဆွဲဆောင်နိုင်ခဲ့၏။
ကျောက်မိသားစုရှိရာမှ လာသော တန်ခိုးကြီးသည့် ဧကရာဇ်စွမ်းအားကိုပင် ခေတ္တမျှ မေ့လျော့သွားခဲ့ကြပြီး လူတိုင်းသည် အထက်ကောင်းကင်တားမြစ်နယ်မြေဘက်သို့သာ လှည့်၍ ကြည့်ရှုနေကြတော့သည်။
" တစ်နေ့ထဲမှာပဲ ဧကရာဇ်အဆင့် ပုဂ္ဂိုလ်တွေ တစ်ဦးပြီးတစ်ဦး ဆင်းသက်လာခဲ့ကြပြီး သူတို့ရဲ့ ဧကရာဇ်စွမ်းအားတွေကလဲ ကြီးမားလွန်းတယ်။ အဆုံးမဲ့တိုက်ကြီးမှာ အမှန်တကယ်ပဲ ပြောင်းလဲတော့မယ်ထင်တယ်! "
" အဲ့ဒီလူက ယန်ဧကရာဇ်ပဲ! ပြီးတော့ အတိတ်က ကောင်းကင်ဘုံအရှင်သခင်က မောင်းထုတ်ခဲ့တဲ့ ကောင်းကင်သင်္ချိုင်း ရှေးဟောင်းဧကရာဇ်လဲ ရှိနေတယ်! သူတို့ ဘာလုပ်ဖို့ ကြံစည်နေကြတာလဲ။ သူတို့က အဲ့ဒီကောင်းကင်ဘုံအရှင်သခင်နဲ့ အဆုံးအဖြတ်တိုက်ပွဲ ဆင်နွှဲဖို့ ကြိုးစားနေကြတာလား?! "
သက်ရှိအားလုံ တုန်လှုပ်ခြောက်ခြားသွားကြ၏။
ထိုကုမိသားစု မဟာဧကရာဇ် ပြန်လည်ရောက်ရှိလာခဲ့သည့်အချိန်မှစ၍... မူလက ရေငြိမ်အိုင်တစ်ခုသဖွယ်ဖြစ်ခဲ့သော အဆုံးမဲ့ကမ္ဘာသည် ယခုအခါ လှိုင်းလုံးများ တစ်ခုပြီးတစ်ခု ထလျက် လုံးဝ ဆူပွက်သွားသကဲ့သို့ ထင်ရပေသည်။ အတိတ်ကာလတွင်... နယ်မြေငါးခုမှ သက်ရှိများသည် ဧကရာဇ်အဆင့်တစ်ဦး ဆင်းသက်လာခြင်း၏ အရောင်အဝါကို တစ်ကြိမ်တစ်ခါမျှပင် ခံစားသိရှိခဲ့သည် မဟုတ်ပေ။
သို့သော် ယခုမူကား.....
ရက်အနည်းငယ်မျှအတွင်း၌ပင် ဧကရာဇ်အဆင့် ပုဂ္ဂိုလ်အများအပြား၏ အရောင်အဝါများ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး အဆုံးမဲ့ကမ္ဘာတစ်ခုလုံးကို တုန်လှုပ်စေခဲ့၏။ ဤအရာအားလုံး၏ အရင်းခံအကြောင်းတရားမှာ ထိုကုမိသားစု မဟာဧကရာဇ်... ကောင်းကင်ဘုံအရှင်သခင်ကြောင့်ပင် ဖြစ်တော့သည်။
" တာအိုရောင်းရင်း ယန်ဧကရာဇ် "
" တာအိုရောင်းရင်း ကောင်းကင်သင်္ချိုင်းဧကရာဇ် "
အသက်တစ်ချက် သို့မဟုတ် နှစ်ချက်မျှ ရှူသွင်းလိုက်ရုံ အချိန်တိုအတွင်း၌ ယန်ဧကရာဇ်နှင့် ကောင်းကင်သင်္ချိုင်း ရှေးဟောင်းဧကရာဇ် နှစ်ဦးစလုံးသည် အထက်ကောင်းကင်တားမြစ်နယ်မြေသို့ ချဉ်းကပ်လာခဲ့ကြပြီး တစ်ဦးနှင့်တစ်ဦး ရှိနေခြင်းကို သတိပြုမိသွားကြသည်။
တစ်ဦးနှင့်တစ်ဦး တွေ့မြင်လိုက်သည်နှင့် တပြိုင်နက်... ယန်ဧကရာဇ်နှင့် ကောင်းကင်သင်္ချိုင်း ရှေးဟောင်းဧကရာဇ်တို့သည် တစ်ဦး၏ရည်ရွယ်ချက်ကို တစ်ဦး ချက်ချင်းပင် သိရှိသွားကြ၏။ ဤ 'ဧကရာဇ်ရှစ်ပါး သတ်ဖြတ်ခြင်းကစားပွဲ' တွင်... အခြားတစ်ဖက်မှ ပုဂ္ဂိုလ်သည် အထက်ကောင်းကင်တားမြစ်နယ်မြေအား တိုက်ခိုက်ရာ၌ မိမိ၏ 'အသင်းဖော်' ဖြစ်လာလိမ့်မည်ဟု ထင်ရပေသည်။
" ကိုယ်တော်တို့ တားမြစ်နယ်မြေအတွင်းကို ဝင်ရောက်ပြီးတာနဲ့ ကိုယ်တော်က ကုမျိုးနွယ်အားလုံးကိုသာ ခေါ်ဆောင်သွားဖို့ လိုအပ်တယ်။ ကျန်တဲ့အရာအားလုံးကို အဆွေတော် စိတ်တိုင်းကျ စီမံနိုင်ပါတယ် "
ယန်ဧကရာဇ်သည် သူ၏ရည်ရွယ်ချက်ကို ဦးစွာ ဖော်ပြပြောဆိုလိုက်၏။ ဤအထက်ကောင်းကင်တားမြစ်နယ်မြေသည် မူလက ကောင်းကင်သင်္ချိုင်း ရှေးဟောင်းဧကရာဇ်၏ နယ်မြေဖြစ်ကြောင်း သူသိရှိထားပြီး ထိုအရာကို တပ်မက်လိုစိတ် မရှိသောကြောင့် ကြိုတင်၍ ရှင်းလင်းစွာ ပြောကြားလိုက်ခြင်း ဖြစ်သည်။
" ကောင်းပါပြီ "
ယန်ဧကရာဇ် ဤသို့ပြောသည်ကို ကြားသောအခါ... ကောင်းကင်သင်္ချိုင်း ရှေးဟောင်းဧကရာဇ်၏ နှလုံးသားသည် အနည်းငယ် ပေါ့ပါးသွားသည်ကို ခံစားလိုက်ရ၏။
" အထက်ကောင်းကင်တားမြစ်နယ်မြေ... ကောင်းကင်ဘုံအရှင်သခင်! ဟားဟား... ငါကိုယ်တော် ရောက်ရှိလာပြီ! "
ကနဦး ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တစ်ခုကို ရရှိပြီးနောက်... ယန်ဧကရာဇ်သည် မထီမဲ့မြင် ပြုံးလိုက်၏။ သူ၏ ဧကရာဇ်စွမ်းအားသည် ပြင်းထန်စွာ ပေါ်ပေါက်လာပြီး သူ၏ခန္ဓာကိုယ်သည် ချက်ချင်းဆိုသလို အသွင်ပြောင်းသွား၏။ သူ၏နဖူးရိုးသည် တောက်ပလာကာ အဆုံးမဲ့နယ်မြေငါးခုကို လင်းထိန်သွားစေသော ပြိုင်ဘက်ကင်းသည့် ဓမ္မရုပ်ပွားတော်တစ်ခုကို ထင်ရှားပေါ်ပေါက်စေခဲ့၏!
ရှေးဟောင်း နတ်ဆိုးတောင်ထိပ်ကြီးတစ်ခုကဲ့သို့ ကြီးကျယ်ခမ်းနားသော ပုံရိပ်ကြီးသည် ကောင်းကင်နှင့်မြေကြီးအကြား၌ ရပ်တည်နေပြီး ထူထပ်သော ဟွမ်သွမ့်ချီများဖြင့် ဖုံးလွှမ်းနေကာ နေများထွက်ပေါ်ခြင်းနှင့် လများကြွေလွင့်ခြင်း၊ ကောင်းကင်နှင့်မြေကြီး ပြိုကျပျက်စီးခြင်းတည်းဟူသော ကြောက်မက်ဖွယ်ရာ မြင်ကွင်းများကို သယ်ဆောင်ထားသည့် နက်ရှိုင်းပြီး အေးစက်သော မျက်လုံးတစ်စုံကိုသာ ဖော်ပြထား၏။ ဤသည်မှာ ယန်ဧကရာဇ်မှ ပြသလိုက်သော အတိုင်းအဆမရှိသည့် ဧကရာဇ်ခန္ဓာကိုယ်ပင် ဖြစ်ပြီး အခြားတစ်ဖက်ရှိ ကောင်းကင်သင်္ချိုင်း ရှေးဟောင်းဧကရာဇ်သည်လည်း အလျှော့မပေးဘဲ လူ့လောကတွင် ပြိုင်ဘက်ကင်းသော ဓမ္မရုပ်ပွားတော်တစ်ခုကို ထိုနည်းတူစွာ ထင်ရှားပေါ်ပေါက်စေခဲ့သည်။
ဧကရာဇ်အဆင့် ကျင့်ကြံသူနှစ်ဦးသည် အထက်ကောင်းကင်တားမြစ်နယ်မြေအား ဝန်းရံထားလေသည်!
ထိုလောကကို တုန်လှုပ်စေသော လှုပ်ခတ်မှုအား တားဆီး၍ မရနိုင်ခဲ့ဘဲ အထက်ကောင်းကင်တားမြစ်နယ်မြေအတွင်းရှိ ကုမိသားစုဝင်များမှာ ချက်ချင်းပင် သိရှိသွားကြကာ အလိုအလျောက်ပင် အထက်ကောင်းကင်တားမြစ်နယ်မြေ၏ အပြင်ဘက်သို့ လှမ်းမျှော်ကြည့်မိကြရာ... ကောင်းကင်နှင့်မြေကြီးအကြား၌ ရပ်တည်နေသော ကြောက်မက်ဖွယ်ရာ မဟာဧကရာဇ် ဓမ္မရုပ်ပွားတော်ကြီးနှစ်ခုကို တွေ့မြင်လိုက်ရသည်!
" ဘာဖြစ်ကြတာလဲ။ ဧကရာဇ်အဆင့် ပုဂ္ဂိုလ်တစ်ဦးဦးက ငါတို့ရဲ့ အထက်ကောင်းကင်တားမြစ်နယ်မြေကို လာရောက်တိုက်ခိုက်နေကြတာလား! "
" အဲ့ဒီဧကရာဇ်မျိုးနွယ်စုတွေက ပြန်လည်တိုက်ခိုက်လာကြတာ ဖြစ်နိုင်လား "
" မဟာဧကရာဇ်တွေ! အဲ့ဒီပုဂ္ဂိုလ်နှစ်ဦးက မဟာဧကရာဇ်တွေပဲ ဖြစ်ရမယ်! "
အာမေဍိတ်သံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီးနောက်... ကုမိသားစုဝင်အများအပြားသည် အထက်ကောင်းကင်တားမြစ်နယ်မြေ၏ အပြင်ဘက်၌ ထင်ရှားပေါ်ပေါက်နေသော ကြောက်မက်ဖွယ်ရာ ဓမ္မရုပ်ပွားတော်ကြီးနှစ်ခုကို တုန်လှုပ်စွာ ကြည့်ရှုနေကြကာ သူတို့၏နှလုံးသားများသည်လည်း လှုပ်ခတ်နေလေ၏။
" အဲ့ဒီဧကရာဇ်မျိုးနွယ်စုတွေက ထင်ထားတဲ့အတိုင်းပဲ နာခံဖို့ဆန္ဒမရှိကြဘဲ ခုခံဖို့ ရွေးချယ်ခဲ့ကြတာလား "
ကြောက်မက်ဖွယ်ရာ မဟာဧကရာဇ် ဓမ္မရုပ်ပွားတော်ကြီးနှစ်ခုကို ကြည့်ရှုရင်း ကုတောက်လင်း၏ နှလုံးသည် လေးလံသွား၏။ ကုမိသားစု၏ အဆုံးမဲ့ကမ္ဘာရှိ ဧကရာဇ်မျိုးနွယ်စုများအပေါ် လွှမ်းမိုးချုပ်ကိုင်ရန် ကြိုးပမ်းမှုသည် အခြားတစ်ဖက်မှ ပြန်လည်တုံ့ပြန် တိုက်ခိုက်လာစေရန် အမှန်တကယ်ပင် လှုံ့ဆော်ပေးခဲ့သည်။ ဧကရာဇ်အဆင့် ကျင့်ကြံသူနှစ်ဦး အထက်ကောင်းကင်တားမြစ်နယ်မြေ၌ စုရုံးရောက်ရှိနေခြင်းသည် အကောင်းဆုံး သက်သေပင်ဖြစ်၏!
" မဟာဧကရာဇ်နှစ်ပါး..... "
ယဲ့ယင်းယင်းသည် တားမြစ်နယ်မြေအပြင်ဘက်ရှိ ဓမ္မရုပ်ပွားတော်ကြီးနှစ်ခုကို စိုက်ကြည့်နေမိပြီး သူ၏စိတ်အခြေအနေမှာ အနည်းငယ် တည်ငြိမ်လေးနက်နေသည်။ ဤရက်ပိုင်းများအတွင်း သူသည် ကုချန်၏ တပည့်တစ်ဦး ဖြစ်လာခဲ့သည့်အချိန်မှစ၍ ကုချန်ပေးအပ်ခဲ့သော ကောင်းကင်ဧကရာဇ်ကျမ်းစာကို ဇွဲလုံ့လရှိရှိ ကျင့်ကြံအားထုတ်နေခဲ့သောကြောင့် အပြင်လောကတွင် ဖြစ်ပျက်နေသည်များကို များစွာ မသိရှိခဲ့ပေ။
ယခုအခါ ဧကရာဇ်နှစ်ပါး ရောက်ရှိလာပြီး သူတို့၏ ထိန်းချုပ်မရနိုင်သော ဧကရာဇ်စွမ်းအားများသည် သူမအား ကျင့်ကြံနေရာမှ လန့်နိုးသွားစေခဲ့သည်။
ဧကရာဇ်အဆင့် ကျင့်ကြံသူနှစ်ဦး ရောက်ရှိလာကာ အထက်ကောင်းကင်တားမြစ်နယ်မြေကို တိုက်ခိုက်ကြမည်လော။
သို့သော်... သူတို့သည် ဆရာသခင်၏ ပြိုင်ဘက်များ မဖြစ်သင့်သည် မဟုတ်လော.....
ယဲ့ယင်းယင်းသည် အနည်းငယ် စိတ်ရှုပ်ထွေးနေမိသည်။
သူသည် လူသားမျိုးနွယ်စု၏ သူတော်စင်ခန္ဓာကိုယ် ပိုင်ရှင်ဖြစ်ပြီး သူ စွန့်စားခန်းထွက်စဉ်အခါက ရှေးခေတ်မဟာဧကရာဇ်တစ်ပါးမှ ချန်ထားခဲ့သော မပြည့်စုံသည့် ဧကရာဇ်ကျမ်းစာတစ်စောင်ကို ကံကောင်းထောက်မစွာ ရရှိခဲ့ဖူးသည်။ ထိုဧကရာဇ်ကျမ်းစာသည် မပြည့်စုံသည့်အတွက် တိုက်ရိုက်ကျင့်ကြံ၍ မရနိုင်သောကြောင့် သူသည် ၎င်းကို အထောက်အကူအဖြစ်သာ အသုံးပြုခဲ့ပြီး နားလည်သဘောပေါက်ရန် အတော်ပင်ကြိုးစားခဲ့ရသည်။
သို့ဖြစ်ပါသော်ငြား... ယဲ့ယင်းယင်းသည် မကြာခဏ သက်ပျင်းချမိ၏။ အစစ်အမှန် ဧကရာဇ်အဆင့် ပုဂ္ဂိုလ်များသည် အမှန်တကယ်ပင် လူသားများမဟုတ်ကြချေ။ ထိုဧကရာဇ်ကျမ်းစာ၏ ကြီးမားကျယ်ပြန့်မှုနှင့် နက်ရှိုင်းမှုတို့သည် သာမန်ကျင့်ကြံသူများ စိတ်ကူးနိုင်သည်ထက် အမှန်တကယ်ပင် ကျော်လွန်နေခဲ့သည်။
သို့သော် ကုချန်ပေးအပ်ခဲ့သော ကောင်းကင်ဧကရာဇ်ကျမ်းစာကို ရရှိပြီး ခဏတာ ကျင့်ကြံသည့် အချိန်တွင်... ယဲ့ယင်းယင်းသည် တုန်လှုပ်စွာဖြင့် ရှာဖွေတွေ့ရှိခဲ့သည်။
ဆရာသခင် ပေးအပ်ခဲ့သော ကောင်းကင်ဧကရာဇ်ကျမ်းစာနှင့် နှိုင်းယှဉ်လိုက်ပါက သူမ တစ်ချိန်က ရရှိခဲ့သော မပြည့်စုံသည့် ဧကရာဇ်ကျမ်းစာသည် 'အမှိုက်' တစ်စပင် ဖြစ်နေခဲ့သည်!
ကောင်းကင်ဧကရာဇ်ကျမ်းစာ၏ ကြီးမားကျယ်ပြန့်မှုနှင့် မြင့်မြတ်မှုတို့သည် သာမန်ဧကရာဇ်ကျမ်းစာများ နှိုင်းယှဉ်နိုင်သည်ထက် များစွာ သာလွန်နေခဲ့၏!
ထိုအချိန်မှစ၍ ယဲ့ယင်းယင်းသည် ဆရာသခင်၏ စွမ်းအားမှာ သာမန်ဧကရာဇ်အဆင့် ကျင့်ကြံသူများ နှိုင်းယှဉ်နိုင်သည်ထက် များစွာ သာလွန်နေနိုင်ဖွယ်ရှိသည်ကို အနည်းငယ် သဘောပေါက်လာခဲ့သည်။
ဧကရာဇ်အဆင့် ကျင့်ကြံသူနှစ်ဦး ရောက်ရှိလာလျှင်ပင်... သူတို့သည် ဆရာသခင်၏ ပြိုင်ဘက်များ ဘယ်သောအခါမှ ဖြစ်လာမည် မဟုတ်ပေ!
ယဲ့ယင်းယင်းသည် ယုံကြည်ချက်အပြည့်ဖြင့် တွေးတောလိုက်၏။
ယဲ့ယင်းယင်းနှင့် နှိုင်းယှဉ်လျှင် ဘေးရှိ ကုချင်းရွဲ့မှာမူ ပို၍ပင် အေးဆေးလျက် တည်ငြိမ်နေဟန်ရှိသည်။
ဤဧကရာဇ်အဆင့် ကျင့်ကြံသူနှစ်ဦးတည်းဖြင့် ဘိုးဘေး၏ ပြိုင်ဘက်များ မဖြစ်နိုင်ကြောင်း သူမ သိရှိထားသည်။
အမှန်တကယ်တွင် ဘိုးဘေးသာ အထက်ကောင်းကင်တားမြစ်နယ်မြေတွင် မရှိလျှင်ပင်... အထက်ကောင်းကင်တားမြစ်နယ်မြေကို စောင့်ကြပ်နေသော ဝမ်တာအိုသတ်ဖြတ်ခြင်းစွမ်းအင်သည် ဤဧကရာဇ်အဆင့် ကျင့်ကြံသူနှစ်ဦးအား သေဆုံးပြီး မြှုပ်နှံစရာမြေပင် မရှိအောင် လုပ်နိုင်မည်မှာ သေချာပေသည်!
" တုယောင်ဧကရာဇ်တွေကတော့ တုယောင်ဧကရာဇ်တွေပါပဲ... လယ်ထဲက ဖားသူငယ်တွေလိုပဲ ကြည်လင်တဲ့ကောင်းကင်ရဲ့ ကြီးမားကျယ်ပြန့်မှုကို ဘယ်တော့မှ မမြင်ကြဘူး "
ထိုအချိန်တွင်... ကောင်းကင်နတ်သမီး ရှောင်းယွဲ့၏ အနည်းငယ် မထီမဲ့မြင်ပြု၍ အထင်သေးဟန်ပေါက်သော အသံသည် ကုချင်းရွဲ့၏ လက်ညှိုးပေါ်ရှိ သိုလှောင်လက်စွပ်အတွင်းမှ ထွက်ပေါ်လာခဲ့၏။
" တကယ့် အင်မော်တယ်တစ်ပါး ဒီလောကကို ဆင်းသက်လာရင်တောင် တကယ့်ဧကရာဇ်တစ်ပါးရဲ့ ရှေ့မှောက်မှာ လေးစားမှုပြရသေးတယ်။ တုယောင်ဧကရာဇ် နှစ်ယောက်လောက်က ဧကရာဇ်တစ်ပါးကို ရန်သူအဖြစ် ပြုဝံ့တယ်ဆိုတာကတော့... တကယ့်ကို သေလမ်းရှာနေတာပဲ! "
... ... ... ...
အထက်ကောင်းကင်တားမြစ်နယ်မြေ၏ အပြင်ဘက်.....
ကြက်သွေးရောင်မြွေနဂါးအရှင်သည် မူလက ပုန်းအောင်းနေပြီး ကုချန်၏ ရည်ရွယ်ချက်များနှင့် အနာဂတ်လှုပ်ရှားမှုများကို သေချာစေရန် စောင့်ဆိုင်းကြည့်ရှုနေခဲ့၏။
သို့သော် ယန်ဧကရာဇ်နှင့် ကောင်းကင်သင်္ချိုင်း ရှေးဟောင်းဧကရာဇ်တို့၏ ရုတ်တရက် ရောက်ရှိလာမှုသည် ကြက်သွေးရောင်မြွေနဂါးအရှင်အား အတော်ပင် အံ့အားသင့်သွားစေခဲ့၏!
အစပိုင်းတွင်... ကြက်သွေးရောင်မြွေနဂါးအရှင်သည် ယန်ဧကရာဇ်နှင့် ကောင်းကင်သင်္ချိုင်းရှေးဟောင်းဧကရာဇ်တို့သည် အထက်ကောင်းကင်တားမြစ်နယ်မြေအတွက် လာကြသည်ဟုပင် မထင်ခဲ့ပေ။ ထိုအစား သူသည် သူ၏တည်နေရာကို အဆုံးမဲ့ကမ္ဘာအတွင်းရှိ ဧကရာဇ်အဆင့် ပုဂ္ဂိုလ်များမှ ရှာဖွေတွေ့ရှိသွားပြီဟုသာ သံသယဝင်ခဲ့သည်။
အကြောင်းမှာ... ကြက်သွေးရောင်မြွေနဂါးအရှင်၏ စိတ်ထဲတွင် ဧကရာဇ်အဆင့် ကျင့်ကြံသူနှစ်ဦးသည် ထို ကုကောင်းကင်ဧကရာဇ်၏ ပြိုင်ဘက်များ မဖြစ်နိုင်သောကြောင့် ဖြစ်ပြီး ဤလုပ်ရပ်မှာ သေလမ်းလာရှာခြင်းနှင့် ဘာမှမခြားနားသောကြောင့်ပင်ဖြစ်၏။
ထို့ကြောင့် ဤဧကရာဇ်အဆင့် ကျင့်ကြံသူနှစ်ဦးသည် အထက်ကောင်းကင်တားမြစ်နယ်မြေအတွက် လာခြင်း မဖြစ်နိုင်ဘဲ သူ့အတွက်သာ လာခြင်းဖြစ်နိုင်သည်!
သို့သော် ကြက်သွေးရောင်မြွေနဂါးအရှင်သည် ယန်ဧကရာဇ်နှင့် ကောင်းကင်သင်္ချိုင်း ရှေးဟောင်းဧကရာဇ် နှစ်ဦးစလုံး အထက်ကောင်းကင်တားမြစ်နယ်မြေ၏ အပြင်ဘက်သို့ ရောက်ရှိလာသည်ကို တွေ့ရှိသောအခါ... ထိုနှစ်ဦးသည် အမှန်တကယ်ပင် ထိုအထက်ကောင်းကင်တားမြစ်နယ်မြေနှင့် ကုကောင်းကင်ဧကရာဇ်အတွက် လာကြခြင်းဖြစ်ကြောင်း သူမ နားလည်သွားခဲ့သည်။
" အဆုံးမဲ့ကမ္ဘာရဲ့ ဧကရာဇ်နယ်မြေကတော့... တကယ့်ကို ကြောက်မက်ဖွယ်ရာပါပဲ..... "
ကြက်သွေးရောင်မြွေနဂါးအရှင်သည် တိုးညင်းစွာ ရေရွတ်လိုက်၏။
ဧကရာဇ်အဆင့် ကျင့်ကြံသူနှစ်ဦးတည်းက ကုကောင်းကင်ဧကရာဇ်ကို ရန်စဝံ့သည်လော။
နတ်ဆိုးနယ်မြေရဲ့အရှင်သခင်မှာပင် ဤသို့သော သတ္တိမျိုး မရှိခဲ့ပေ!
ဤအဆုံးမဲ့ကမ္ဘာအတွင်းရှိ ဧကရာဇ်အဆင့် ပုဂ္ဂိုလ်များသည် အမှန်တကယ်ပင် ရဲရင့်လှပေ၏။