← Chapters

အခန်း (၈၁-၈၂)

Vol. 6 Ch. 81-82

အခန်း (၈၁-၈၂)

Vol. 6 Ch. 81-82

အခန်း ( ၈၁ )- ဓားတစ်ချက်တည်းဖြင့် ယန်ဧကရာဇ် ကျဆုံးခြင်း၊ ဧကရာဇ်မျိုးနွယ်စုအတွက် သတင်းဆိုး

‎

‎

‎

‎" ထွက်ပြေး... မြန်မြန် ... ထွက်ပြေး! "

‎

‎

‎နယ်မြေအလွန်မှ ကြယ်တာရာနယ်မြေအတွင်း၌ ယန်ဧကရာဇ်သည် သူ၏သက်တမ်းအား လောင်ကျွမ်းစေလျက် မိမိ၏အသက်ကို ကယ်တင်ရန် အစွမ်းကုန်ပုံအော၍ ထွက်ပြေးလျက်ရှိသည်။

‎

‎

‎ယခုအချိန်တွင် သူ၏စိတ်ထဲ၌ အတွေးတစ်ခုတည်းသာ ရှိသည်... ထွက်ပြေးရန်ပင်.....

‎

‎

‎ အဆုံးမဲ့ကမ္ဘာ၏ အပြင်ဘက်ရှိ ဟွမ်သွမ့်ပင်လယ်အတွင်းသို့ ထွက်ပြေးပြီး ဘယ်တော့မှ ပြန်မလာရန်သာ ဖြစ်သည်။

‎

‎

‎ခုနက ကုချန်နှင့် အသေခံတိုက်ခိုက်မည့် အတွေးမှာမူ... အရူးထသလိုသာဖြစ်မည်။

‎

‎

‎ထိုကုချန်သည် ကောင်းကင်သင်္ချိုင်း ရှေးဟောင်းဧကရာဇ်အား သတ်ဖြတ်ရန် လက်ဝါးတစ်ချက်တည်းသာ အသုံးပြုခဲ့ပြီး သူ့အား သတ်ဖြတ်ရန်အတွက်မူ နှစ်ကွက် သို့မဟုတ် သုံးကွက်ထက် ပိုမလိုအပ်လောက်ပေ။

‎

‎

‎ယန်ဧကရာဇ်သည် မောက်မာရုံသာ မောက်မာခြင်းဖြစ်ပြီး မိုက်မဲသူတစ်ဦး မဟုတ်ပေ။

‎

‎

‎လက်ရှိ ကုချန်သည် သူယှဉ်ပြိုင်နိုင်သောသူတစ်ဦး မဟုတ်သည်မှာ ထင်ရှားလှသည်။

‎

‎

‎" တောက်...! ငါက အစကတည်းက မို့တိရဲ့ လှည့်စားမှုကို နားမထောင်ခဲ့သင့်ဘူး... ဟွမ်သွမ့်ပင်လယ်ကနေ ပြန်မလာခဲ့သင့်ဘူး "

‎

‎

‎ယန်ဧကရာဇ်သည် ထွက်ပြေးရင်း အံကြိတ်ကာ ညည်းညူလိုက်သည်။

‎

‎

‎သူသာ မို့တိ၏ စကားများကို မယုံကြည်ခဲ့ပါက အဆုံးမဲ့ကမ္ဘာသို့ ဤမျှ လျင်မြန်စွာ မည်သို့ ပြန်လာနိုင်မည်နည်း။

‎

‎

‎အခုတော့ ကောင်းသွားပြီ ဧကရာဇ်ရှစ်ပါးမှ နယ်မြေတစ်ခုအား ပူးပေါင်းသတ်ဖြတ်ရန်... ကုချန်အား အတူတကွ ပစ်မှတ်ထားရန်... ကတိပေးခဲ့ကြသော်လည်း သူနှင့် ကောင်းကင်သင်္ချိုင်း ရှေးဟောင်းဧကရာဇ် နှစ်ဦးတည်းသာ အသေခံရန် ထွက်လာခဲ့ကြသည်။ ဤသည်မှာ အလွန်ပင် ရယ်ဖွယ်ကောင်းလှသည်တကား။

‎

‎

‎သူသည် ယခုအချိန်တွင် သူ၏ အကောင်းဆုံးအရွယ်၌ ရှိနေသည်။ မသေဆေး သောက်သုံးပြီးနောက် သူအသက်ရှင်ရန် နှစ်သောင်းပေါင်းများစွာ ကျန်ရှိနေသေးသည်။

‎

‎

‎အနည်းဆုံးတော့ နောက်ထပ် နှစ် နှစ်သောင်း... မဟုတ်ဘူး..... နောက်ထပ် နှစ်သုံးသောင်းအတွင်း သူသည် အဆုံးမဲ့ကမ္ဘာသို့ ဘယ်တော့မှ ပြန်လာမည် မဟုတ်တော့။ သူ၏စွမ်းအားသည် ကုချန်နှင့် ယှဉ်ပြိုင်နိုင်သည့် အခြေအနေသို့ သိသိသာသာ တိုးတက်လာခြင်းမရှိပါက.....

‎

‎

‎ယန်ဧကရာဇ်သည် သူ၏အနာဂတ်အတွက် လမ်းကြောင်းကို စဉ်းစားတွေးခေါ်နေမိသည်။

‎

‎

‎သူ့အား ဝမ်းမြောက်စေသည်မှာ ကုချန်သည် ကျယ်ပြန့်သောတိုက်ကြီးပေါ်တွင် ရပ်နေဆဲဖြစ်ပြီး သူ့အား လိုက်လံဖမ်းဆီးရန် ရည်ရွယ်ချက်မရှိသည့်ပုံ ပေါက်နေခြင်းပင် ဖြစ်သည်။

‎

‎

‎" ငါဧကရာဇ်ကို လိုက်မဖမ်းဘူးလား...? ကောင်းတယ်... နောင် အခွင့်အရေးရတဲ့အခါ ငါက ဒီနေ့ရဲ့ အရှက်တရားကို သေချာပေါက် လက်စားပြန်ချေမယ် "

‎

‎

‎ယန်ဧကရာဇ်သည် သေခြင်းတရားမှ သီသီလေး လွတ်မြောက်ခဲ့သည်ဟု ခံစားမိကာ အလွန်အမင်း ဝမ်းမြောက်သွားလေသည်။

‎

‎

‎သို့သော်... ကျယ်ပြန့်သောတိုက်ကြီးပေါ်ရှိ ကုချန်သည် ယန်ဧကရာဇ်အား လိုက်လံဖမ်းဆီးရန် မလှုပ်ရှားခဲ့သော်လည်း သူ၏ တည်ငြိမ်အေးဆေးသော အကြည့်များမှာတော့ အဆုံးမဲ့ကြယ်တာရာနယ်မြေကို ဖြတ်ကျော်သွားပြီး ယန်ဧကရာဇ်၏ ခန္ဓာကိုယ်ပေါ်သို့ တိကျစွာ ကျရောက်နေခဲ့သည်။

‎

‎

‎ယန်ဧကရာဇ်ကို လွှတ်ပေးမည်လော... မည်သို့ ဖြစ်နိုင်မည်နည်း။

‎

‎

‎ကုချန်တွင် သူ၏လုပ်ရပ်များ၌ မပြတ်မသားဖြစ်သည့် အလေ့အထ ဘယ်သောအခါမျှ မရှိခဲ့ပေ။ သူ့အား ဆန့်ကျင်သူအားလုံးကို အနာဂတ်မှာ ဒုက္ခမပေးနိုင်ရန် လုံးဝဥဿုံ ရှင်းလင်းဖယ်ရှားခြင်း ခံရမည်သာ ဖြစ်သည်။

‎

‎

‎လွန်ခဲ့သောတစ်ကြိမ်က သူသည် ဓားတစ်ချက်တည်းဖြင့် ယန်ဧကရာဇ်အား ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သော်လည်း စကြဝဠာနှစ်ခုကြားရှိ ကြီးမားသော အကွာအဝေးကြောင့် ရန်သူသည် အသက်ရှင်လျက် ထွက်ပြေးလွတ်မြောက်သွားနိုင်ခဲ့သည်။

‎

‎

‎ယခု ယန်ဧကရာဇ် ပြန်လည်ပေါ်ထွက်လာသောအခါ ကုချန်က သူ့အား ထွက်ခွာသွားရန် မည်သို့ ခွင့်ပြုနိုင်မည်နည်း။

‎

‎

‎" ငါဧကရာဇ်က မင်းကို ထွက်သွားခွင့်ပြုခဲ့လို့လား "

‎

‎

‎ကုချန်သည် အေးစက်စွာ ပြောလိုက်ပြီး သူ၏လက်ကို ညင်သာစွာ မြှောက်လိုက်သည်။ အဆုံးမဲ့ဓားသည် လေဟာနယ်မှ ပေါ်ထွက်လာပြီးဖြစ်ကာ ကုချန်၏ လက်ဖဝါးထဲတွင် ခိုင်မြဲစွာ ဆုပ်ကိုင်ထားပြီး ဖြစ်သည်။

‎

‎

‎ ကုချန်သည် ယန်ဧကရာဇ် ထွက်ပြေးသွားသော လမ်းကြောင်းဘက်သို့ ကြည့်လိုက်ကာ သူ၏လက်မောင်းကို မြှောက်၍ ဓားဖြင့် တိတိကျကျ ခုတ်ပိုင်းချလိုက်သည်။

‎

‎

‎" ချွမ်း..... "

‎

‎

‎ကောင်းကင်ဘုံ၌ သတ္တုရိုက်ခတ်သံကြီး ပဲ့တင်ထပ်သွားပြီး နဂါးတစ်ကောင်၏ ရှည်လျားသော ဟိန်းဟောက်သံကဲ့သို့ ကျယ်လောင်စွာ ထွက်ပေါ်လာကာ ဓားချက်သည် အရာအားလုံးကို စုတ်ဖြဲသွားလေ၏။

‎

‎

‎ဓားအလင်းတန်းသည် ဝင်းလက်တောက်ပနေပြီး ကောင်းကင်ဘုံအလွန်မှ ပျံသန်းလာသော နတ်ဘုရားတစ်ပါးကဲ့သို့ အဆုံးစွန်သော တောက်ပမှုနှင့် မျက်စိကျိန်းမတတ် ပြင်းထန်မှုတို့ ရှိနေသည်။ အဆုံးမဲ့စကြဝဠာအတွင်း၌ မည်သည့် သက်ရှိသတ္တဝါမျှ ဤဓားအလင်းရောင်ကို တိုက်ရိုက် မကြည့်ရှုနိုင်ဘဲ သူတို့အားလုံးသည် မျက်လုံးများကို အလိုအလျောက် မှိတ်ထားလိုက်ကြသည်။

‎

‎

‎ဓားအလင်း‌တန်းသည် အဆုံးမဲ့ကမ္ဘာမှ ထွက်ပေါ်လာပြီး စကြဝဠာ၏ ကြယ်တာရာနယ်မြေအတွင်းသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွား၏။

‎

‎

‎ထို့ပြင် ဓားအလင်းတန်း ဖြတ်သန်းသွားရာ နေရာတိုင်းတွင် ကြယ်တာရာမြစ်များ ကြေမွပျက်စီးကာ ကြယ်တာရာနယ်မြေများ ပျက်သုဉ်းသွားပြီး အဆုံးမဲ့ဓား၏အောက်တွင် ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားကြရသည်။

‎

‎

‎ထို့အပြင် ဓားအလင်း‌တန်း နောက်ကျမှ ထွက်ပေါ်လာခဲ့သော်လည်း အဆုံးစွန်သော အမြန်နှုန်းဖြင့် ရှေ့မှ ထွက်ပြေးလွတ်မြောက်နေသော ယန်ဧကရာဇ်ကို တစ်ခဏအတွင်းပဲ လိုက်မီသွားခဲ့၏။

‎

‎

‎" ဟင့်အင်း... "

‎

‎

‎သူ၏နောက်မှ လာနေသော ကြောက်မက်ဖွယ် ဓားအလင်းရောင်ကို ခံစားမိသောအခါ ယန်ဧကရာဇ်၏ မျက်လုံးများသည် ရုတ်တရက် ပြူးကျယ်သွားပြီး သူ၏စိတ်ဝိညာဉ်သည် ဖော်ပြမရနိုင်သော ကြောက်ရွံ့မှုတို့ဖြင့် လွှမ်းခြုံသွားလေသည်။

‎

‎

‎သူ၏အဆင့်အရဆိုလျှင် သူသည် မည်သည့် ကြောက်ရွံ့မှုကိုမျှ မခံစားရသင့်တော့ပေ။ ခံစားရလျှင်ပင် ၎င်းသည် ချက်ချင်း ပျောက်ကွယ်သွားပြီး မည်သည့်သဲလွန်စမျှ မကျန်ရစ်သင့်ပေ။

‎

‎

‎သို့သော်... ဤအခိုက်အတန့်တွင် ယန်ဧကရာဇ်သည် ကြောက်ရွံ့မှုကို လုံးဝ မထိန်းနိုင်ဘဲ သူ၏အမူအယာမှာ သိသာပေါ်လွင်နေ၏။

‎

‎

‎အကြောင်းမှာ... ယန်ဧကရာဇ်သည် ဤဓားကို သူ မတားဆီးနိုင်မှန်း သိနေသောကြောင့် ဖြစ်သည်။

‎

‎

‎ဤဓားချက် ထိမှန်ပါက သူသေဆုံးလိမ့်မည်။

‎

‎

‎ယန်ဧကရာဇ်သည် အော်ဟစ်လိုက်ပြီး သူ၏ အကြွင်းမဲ့ဧကရာဇ်တာအိုကို ထုတ်လွှတ်ကာ သူ၏သက်တမ်းကိုပင် ထပ်မံလောင်ကျွမ်းစေပြီး သူ၏စွမ်းအားအားလုံးကို ထုတ်ဖော်လျက် ဤဓားကို တားဆီးရန် ကြိုးပမ်းလိုက်သည်။

‎

‎

‎သို့သော် စွမ်းအား လုံးဝကွာဟချက်နှင့် ရင်ဆိုင်ရသောအခါ သူ၏ ခုခံမှုအားလုံးသည် ရထားတစ်စီးကို တားဆီးရန် ကြိုးစားနေသော ပုစဉ်းရင်ကွဲတစ်ကောင်ကဲ့သို့ ရယ်စရာကောင်းနေခဲ့သည်။

‎

‎

‎ဓားအလင်းရောင်သည် မျက်စိကျိန်းလောက်အောင် တောက်ပနေပြီး အရာအားလုံးကို ဖျက်ဆီးကာ ချေမှုန်းပစ်လိုက်၏။

‎

‎

‎ကြောက်မက်ဖွယ် ဘေးဒုက္ခလှိုင်းတစ်ခု ပေါက်ကွဲထွက်လာပြီး ယန်ဧကရာဇ်၏ ခုခံကာကွယ်မှု အစီအမံအားလုံးကို ချက်ချင်း ဖျက်စီးကာ သူ၏ခန္ဓာကိုယ်ကို လုံးလုံးလျားလျား စုတ်ဖြဲပစ်လိုက်၏။ သူ၏ ဧကရာဇ်သွေးများကိုလည်း လုံးဝဥဿုံ ချေမှုန်းပစ်လိုက်သဖြင့် ပြန်လည်ပေါင်းစပ်နိုင်ခြေ မကျန်ရစ်တော့ပေ။

‎

‎

‎ဓားအလင်းရောင်သည် ငြိမ်သက်သွားပြီး... ဘေးဒုက္ခလှိုင်းသည် ပျောက်ကွယ်သွားကာ... စကြဝဠာ၏ အရပ်ရှစ်မျက်နှာသို့ တိုက်ခတ်သွားသည်။

‎

‎

‎ကုချန် ထုတ်လွှတ်လိုက်သော ခမ်းနားထည်ဝါသည့် ဓားအလင်းရောင်အောက်တွင် ယန်ဧကရာဇ်သည် မည်သည့် ခုခံမှုမျှ မပြုနိုင်ဘဲ လုံးဝ စုတ်ဖြဲခံရပြီး ပျက်စီးသွားခဲ့သည်။

‎

‎

‎ယန်ဧကရာဇ်... သေဆုံးပြီ!

‎

‎

‎ကျယ်ပြန့်သောတိုက်ကြီးပေါ်တွင် ကုချန်သည် သူ၏ဓားကို ကိုင်လျက် ရပ်နေပြီး စကြဝဠာ၏ ကြယ်တာရာနယ်မြေအတွင်း၌ ပွင့်လန်းနေသော မျက်စိကျိန်းမတတ် 'မီးပန်း' များကို ကြည့်ရှုနေကာ သူ၏အကြည့်များသည် ဤရလဒ်ကို ကြိုတင်မျှော်လင့်ထားခဲ့သကဲ့သို့ အေးစက်တည်ငြိမ်လျက်ရှိသည်။

‎

‎

‎ယခင်က သူ၏ဓားတစ်ချက် ထုတ်လွှတ်လိုက်သည့်အချိန်တွင် ယန်ဧကရာဇ်အား ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သော်ငြား ရန်သူအား သီသီလေး လွတ်မြောက်ခွင့် ပေးခဲ့ရသည်။

‎

‎

‎ယခုမူ အဆုံးမဲ့ဓားအား အင်မော်တယ်လက်နက်အဖြစ် သန့်စင်ပြီးနောက် ဟွမ်သွမ့်အာကာသထဲရှိ အကြွင်းမဲ့ ကိုယ်ခံပညာရပ်များကို လေ့လာခြင်းဖြင့် ထပ်မံတိုးတက်စေခဲ့ပြီးနောက် ၎င်း၏စွမ်းအားသည် သိသိသာသာ တိုးတက်လာခဲ့ပြီ ဖြစ်သည်။

‎

‎

‎ဤသို့သောအခြေအနေမျိုးအောက်တွင် ဓားဖြင့် ခုတ်ပိုင်းခံရပြီးနောက် ယန်ဧကရာဇ်၌ အသက်ရှင်ကျန်ရစ်စေမည့် အခွင့်အရေး မည်သို့ရှိနိုင်ဉီးမည်နည်း။

‎

‎

‎" ပျင်းစရာကောင်းလိုက်တာ "

‎

‎

‎ကုချန်သည် ခေါင်းကို အနည်းငယ်ခါလိုက်ပြီး သူ၏ မြင့်မြတ်သောစိတ်အစဉ်၏ အတွေးတစ်ခုနှင့်အတူ သူသည် ကောင်းကင်ဘုံတားမြစ်နယ်မြေသို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီး ဖြစ်သည်။

‎

‎

‎ကောင်းကင်သင်္ချိုင်း ရှေးဟောင်းဧကရာဇ်နှင့် ယန်ဧကရာဇ်တို့ကို ဆက်တိုက် သတ်ဖြတ်ခြင်းသည် ယခု သူ့အတွက် ယင်ကောင်နှစ်ကောင်ကို ရိုက်သတ်လိုက်သကဲ့သို့သာ ဖြစ်သည်။

‎

‎

‎ကုချန်သည် အလွန်အမင်း တည်ငြိမ်နေသော်ငြား ကျယ်ပြန့်သော နယ်မြေကြီးငါးခုမှာမူ ထိုသို့ မဟုတ်ခဲ့ပေ။

‎

‎

‎ဧကရာဇ်အဆင့် ကျင့်ကြံသူနှစ်ဦး..... ထိုသူတို့မှာ ဧကရာဇ်အဆင့် ကျင့်ကြံသူနှစ်ဦး ဖြစ်သည်!

‎

‎

‎သို့သော်လည်း ကုချန်၏ လက်ထဲတွင် သူတို့သည် နှစ်ကွက်မျှပင် မခံနိုင်ဘဲ တစ်ဦးပြီးတစ်ဦး ချက်ချင်း သတ်ဖြတ်ခြင်း ခံခဲ့ရသည်လော။

‎

‎

‎ကောင်းကင်ဘုံအရှင်သခင်သည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းပြီး လေးစားဖွယ်ရာ ကောင်းလှသည်။

‎

‎

‎" ကုကောင်းကင်ဧကရာဇ်... သူက ဧကရာဇ်ဂိတ်တုန်းကထက်တောင် ပိုပြီး အစွမ်းထက်လာပုံပဲ..... "

‎

‎

‎အရှေ့ပိုင်းစွန့်ပစ်ဒေသ တာအိုနယ်မြေ၏ နေရာတစ်ခုတွင် ကြက်သွေးရောင်မြွေနဂါးအရှင်သည် အထက်ကောင်းကင်တားမြစ်နယ်မြေ ရှိရာဘက်သို့ ကြည့်ရှုရင်း တိုးတိတ်စွာရေရွတ်လိုက်ပြီး သူမ၏ လှပသောမျက်လုံးများမှာ ထိတ်လန့်မှုနှင့် ကြောက်ရွံ့ရိုသေမှုတို့ဖြင့် ပြည့်နှက်နေသည်။

‎

‎

‎သူမသည် မူလက... ကုချန်သည် ထိုနေ့က ဧကရာဇ်ဂိတ်တွင် လုထျန်းအရှင်အား သတ်ဖြတ်ခဲ့စဉ်က... သူ၏ တိုက်ခိုက်ရေးစွမ်းရည် အပြည့်အဝကို ထုတ်ဖော်ပြသခဲ့သည်ဟု ထင်မြင်ခဲ့သည်။

‎

‎

‎သို့သော် ယခု ကြည့်ရသည်မှာ... ၎င်းသည် ဤကုကောင်းကင်ဧကရာဇ်၏ စွမ်းအားအပြည့်အဝ လုံးဝ မဟုတ်သေးပေ။

‎

‎

‎အကယ်၍... သူသာ ထိုအချိန်က လိုလားခဲ့ပါက သူမ၊ မိုယွဲ့အရှင်နှင့် အခြားလူတိုင်းကို အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့မည် ဖြစ်သည်။

‎

‎

‎" ငါတို့ မဆင်မခြင် လုပ်လို့မရဘူး...လုံးဝ မဆင်မခြင် လုပ်လို့မရဘူး... ကုကောင်းကင်ဧကရာဇ်က ဧကရာဇ်ဂိတ်ကို တကယ်ပဲ ပြန်မလာတော့ဘူးလားဆိုတာ အရင်ဆုံး သေချာအောင်လုပ်ရမယ်... ပြီးမှ ငါတို့ နတ်ဆိုးနယ်မြေကို အကြောင်းကြားပြီး လှုပ်ရှားခိုင်းရမယ် "

‎

‎

‎ကြက်သွေးရောင်မြွေနဂါးအရှင်၏ နူးညံ့သော ခန္ဓာကိုယ်သည် အနည်းငယ် တုန်ယင်သွားပြီး သူမသည်လည်း ကြီးမားသော ဖိအားကို ခံစားလိုက်ရသည်။

‎

‎

‎ဤကုကောင်းကင်ဧကရာဇ်၏ စစ်မှန်သော ရည်ရွယ်ချက်များကို နားမလည်မီတွင် နတ်ဆိုးနယ်မြေသည် မည်သည့် လှုပ်ရှားမှုကိုမျှ မပြုလုပ်သင့်ပေ!

‎

‎

‎မဟုတ်ပါက အရှင်သခင်များစွာ အတူတကွ ရောက်ရှိလာပြီး တိုက်ခိုက်ခဲ့လျှင်ပင်.... ၎င်းသည် သေမင်းကို ရှာဖွေခြင်းနှင့် ကွာခြားလိမ့်မည် မဟုတ်ပေ!

‎

‎

‎... ... ... ...

‎

‎

‎ဧကရာဇ်မျိုးနွယ်စု... ကျောက်မိသားစု... ပျက်စီးခဲ့ပြီ။

‎

‎

‎ကောင်းကင်သင်္ချိုင်း ရှေးဟောင်းဧကရာဇ်... သေဆုံးခဲ့ပြီ။

‎

‎

‎ယန်ဧကရာဇ်... ပျက်သုဉ်းခဲ့ပြီ။

‎

‎

‎ဤသတင်းသုံးခုသည် အတောင်ပံများ တပ်ဆင်ထားသကဲ့သို့ ကျယ်ပြန့်သော နယ်မြေကြီးငါးခုရှိ အမတဂိုဏ်းများနှင့် မြင့်မြတ်နယ်မြေအသီးသီးသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

‎

‎

‎အထူးသဖြင့် ကျန်ရှိနေသော ဧကရာဇ်မျိုးနွယ်စုများသည် ဤထိတ်လန့်ဖွယ် 'သတင်းဆိုး' သုံးခုကို ချက်ချင်း သိရှိသွားကြသည်။

‎

‎

‎ထို့ပြင် ဤသတင်းသုံးခုကို သိရှိပြီးနောက် မူလက ကုမိသားစုအား ခုခံရန် စီစဉ်ထားသော အခြား ဧကရာဇ်မျိုးနွယ်စုများသည် ကောင်းကင်ကြီး ပြိုကျလာသကဲ့သို့ ခံစားလိုက်ရသည်။

‎

‎

‎ဧကရာဇ်မဟာမိတ်အဖွဲ့မှ မဟာဧကရာဇ်များသည် အဘယ်ကြောင့် ကတိပေးထားသည့်အတိုင်း ကြားဝင်မစွက်ဖက်ခဲ့သည်ကို သူတို့ မသိခဲ့ကြသော်လည်း.....

‎

‎

‎လက်ရှိအခြေအနေမှာ အလွန်ရှင်းလင်းနေပုံရသည်... ကုမိသားစု၏ ဆန္ဒကို ဆန့်ကျင်သူများသည် သူတို့သည် နှစ်သောင်းပေါင်းများစွာသော အမွေအနှစ်ရှိသည့် ဧကရာဇ်မျိုးနွယ်စု ဖြစ်နေစေကာမူ မျိုးဖြုတ်သုတ်သင်ခြင်း ခံရမည်သာ ဖြစ်သည်။

‎

‎

‎ယန်မိသားစုနှင့် ကျောက်မိသားစုတို့၏ ဆက်တိုက် ပျက်စီးခြင်းသည် အဆိုးရွားဆုံးနှင့် အမှန်ကန်ဆုံး ဥပမာများပင် ဖြစ်တော့သည်။

‎

‎အခန်း (၈၂)- မိုးနှင့်မြေ ကွာခြားခြင်း၊ မသေမျိုးလူသားနှင့် ကုမိသားစု၏ ဧကရာဇ်တပိုင်း

‎

‎

‎

‎အဆုံးမဲ့ကမ္ဘာတစ်ခွင်လုံးတွင် ဧကရာဇ်မျိုးနွယ်စုအသီးသီးတို့သည် စိုးရိမ်ထိတ်လန့်လျက်ရှိကြသည်။ ဧကရာဇ်မဟာမိတ်အဖွဲ့အတွင်းမှ မဟာဧကရာဇ်များသည် ကတိပြုထားသည့်အတိုင်း ကုမိသားစု၏မဟာဧကရာဇ်အား အပြစ်ပေးရန် အဘယ်ကြောင့် ဆင်းသက်လာခြင်းမရှိသည်ကို သူတို့ နားမလည်နိုင်ဖြစ်နေကြ၏။

‎

‎

‎သို့သော် သူတို့ ပို၍ ထိတ်လန့်တုန်လှုပ်နေကြသည့် အကြောင်းမှာ... ကောင်ကင်သင်္ချိုင်း ရှေးဟောင်းဧကရာဇ်နှင့် ယန်ဧကရာဇ်တို့ တစ်ဉီးပြီးတစ်ဉီး ကျဆုံးခဲ့ခြင်းသည် ဤရှေးဟောင်းဧကရာဇ်မျိုးနွယ်စုများအား ကုချန်၏တည်ရှိမှုမှာ သာမန်ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦး ယှဉ်နိုင်စွမ်းရှိသည်ထက် များစွာ သာလွန်မြင့်မားကြောင်း ပြောကြားနေသကဲ့သို့ ဖြစ်နေသောကြောင့်ပင်တည်း။

‎

‎

‎" မြန်မြန် မိသားစုဘဏ္ဍာတိုက်ကို သွားရှာကြစမ်း! ကုမိသားစုတောင်းဆိုထားတဲ့ ပစ္စည်းမှန်သမျှ အကုန်ပြင်ဆင်ထားရမယ်! အခုချက်ချင်းသွား! "

‎

‎

‎" ဘာ... ဘာပြောတယ်? မိသားစုဘဏ္ဍာတိုက်မှာ နတ်ဘုရားရတနာတွေ မလုံလောက်ဘူး ဟုတ်လား? ဒါဆို တခြားသန့်စင်တဲ့မြေတွေနဲ့ ဂိုဏ်းကြီးတွေဆီက သွားချေး! မဖြစ်ဖြစ်အောင် ချေးရမယ်! "

‎

‎

‎" တကယ်လို့ လုံလောက်အောင် မချေးနိုင်ခဲ့ရင် ဘယ်လိုလုပ်မလဲ? ဒါဆိုရင်တော့ သူတော်စင်လက်နက်တွေနဲ့ ဆေးဝါးကောင်းတွေကို လျော်ကြေးအနေနဲ့ သုံးပေါ့! အဲ့ဒါနဲ့တောင် စုလို့မရသေးဘူးဆိုရင်တော့... သေဖို့ပဲ ပြင်ထားလိုက်တော့! "

‎

‎

‎ထို့ပါမိသားစု... လင်မိသားစု…..

‎

‎

‎ဧကရာဇ်မျိုးနွယ်စုအသီးသီး၏ အတွင်း၌ ပွက်လောရိုက်နေသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လျက်ရှိသည်။ မိသားစုတစ်ခုစီ၏ အကြီးအကဲများအားလုံးနီးပါးအား အခြားသော သန့်စင်သောမြေများနှင့် ဂိုဏ်းကြီးများထံသို့ 'အကူအညီရှာဖွေ'ရန် စေလွှတ်ခြင်းခံခဲ့ရပြီး ကျင့်ကြံခြင်းဆိုင်ရာ အရင်းအမြစ်များနှင့် ရတနာများအား ချေးငှားနေကြရသည်။

‎

‎

‎ကျောက်မိသားစု၏ ကံကြမ္မာသည် အခြားသောဧကရာဇ်မျိုးနွယ်စုများအား ရှင်းလင်းပြတ်သားသော သတိပေးချက်တစ်ခုအား ပေးအပ်ခဲ့သည်။ အကယ်၍ သူတို့သည် ကုမိသားစုတောင်းဆိုသည့် ပစ္စည်းများအား မစုဆောင်းနိုင်ခဲ့ပါလျှင် မျိုးသုဉ်းပျက်စီးခြင်းနှင့် အမှန်တကယ်ပင် ရင်ဆိုင်ရမည်ဖြစ်ပေသည်။

‎

‎

‎အရှေ့ပိုင်းစွန့်ပစ်ဒေသ တာအိုနယ်မြေ ဧကရာဇ်မျိုးနွယ်စု လင်မိသားစု.....

‎

‎

‎ကုချူသည် လင်မိသားစု၏ ဂိတ်တံခါးများဆီသို့ ရောက်ရှိလာသောအခါ လင်မိသားစု ခေါင်းဆောင်နှင့်အတူ လင်မိသားစု အကြီးအကဲအချို့တို့သည် ထိုနေရာတွင် အရိုအသေပေးလျက် စောင့်ဆိုင်းနေနှင့်ပြီးဖြစ်သည်ကို သူ တွေ့ရှိလိုက်ရသည်။

‎

‎

‎" လင်မိသားစု ခေါင်းဆောင်... ကျွန်တော်တို့ ကုမိသားစုတောင်းဆိုထားတဲ့ ပစ္စည်းတွေ စုဆောင်းပြီးပြီလား? "

‎

‎

‎ကုချူသည် တိုက်ရိုက်ပင် မေးမြန်းလိုက်၏။

‎

‎

‎သူသည် မကြာသေးမီကမှ ကျောက်မိသားစု၏ ခံတပ်နယ်မြေအတွင်းရှိ နတ်ဘုရားရတနာများနှင့် အဖိုးတန်ပစ္စည်းများအား သိမ်းကြုံးယူငင်ခဲ့ပြီးနောက် လင်မိသားစုထံသို့ ရပ်နားခြင်းမရှိဘဲ အလျင်အမြန် ထွက်ခွာလာခဲ့သည်။ အကြောင်းမှာ အခြားသော ဧကရာဇ်မျိုးနွယ်စုများထံ သူသွား‌ရောက်ရန် ကျန်ရှိနေသေးသောကြောင့် တစ်ခဏမျှပင် မဆိုင်းဝံ့ခဲ့ခြင်းပင်။

‎

‎

‎" မိတ်ဆွေငယ်ကု... အလျင်မလိုပါနဲ့ဗျာ။ ကျွန်တော်တို့ လင်မိသားစုက ကုမိသားစုတောင်းဆိုထားတဲ့ ပစ္စည်းတွေကို မဖြစ်မနေ စုစည်းပေးမှာပါ။ ခဏလောက်တော့ စောင့်ဆိုင်းပေးပါ... ခဏလေးပါပဲ... "

‎

‎

‎လင်မိသားစု ခေါင်းဆောင်သည် သူ၏နဖူးပြင်မှ ချွေးစေးများအား သုတ်လိုက်ကာ ကုချူအား အနည်းငယ် မျက်နှာချိုသွေးနေသော အပြုံးတစ်ခုအား ပြုံးပြလိုက်ပြီး သူ၏ဟန်ပန်အနေအထားသည်လည်း အလွန်အမင်း နှိမ့်ချလျက်ရှိ၏။

‎

‎

‎အဘယ်ကြောင့်ဆိုသော် သူတို့သည် ယခင်က ကုမိသားစုအား ခုခံရန် ဆုံးဖြတ်ထားခဲ့သောကြောင့် ထိုကျင့်ကြံခြင်းဆိုင်ရာ အရင်းအမြစ်များအား လုံးဝ ပြင်ဆင်ထားခဲ့ခြင်း မရှိပေ။ ယခုအခါတွင် ကျောက်မိသားစု မျိုးသုဉ်းပျက်စီးခဲ့ရပြီး ဧကရာဇ်မဟာမိတ်အဖွဲ့မှ ယန်ဧကရာဇ်သည်လည်း ကျဆုံးသွားခဲ့လေပြီ။ ဤသည်မှာ လင်မိသားစုအတွက် ပြင်းထန်သော ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့သည်။

‎

‎

‎ သူတို့သည် ဤအရင်းအမြစ်များအား ချက်ချင်းပင် စုဆောင်းစုစည်းရန် အလျင်အမြန် ကြိုးပမ်းခဲ့ကြသော်လည်း... ၎င်းမှာ အချိန်တိုအတွင်း၌ ပြီးစီးနိုင်သော ကိစ္စတစ်ခု မဟုတ်ခဲ့ဘဲ ပြင်ဆင်ရန် အချိန် လိုအပ်နေသေးသည်။

‎

‎

‎" နာရီဝက်ပဲ အချိန်ပေးမယ်။ အဲ့ဒီအချိန်အတွင်း အကုန်မစုနိုင်ဘူးဆိုရင်တော့ လင်မိသားစု မျိုးသုဉ်းပျက်စီးသွားလိမ့်မယ် "

‎

‎

‎ကုချူသည် တွေဝေခြင်းမရှိဘဲ ချက်ချင်းပင် ပြောကြားလိုက်ကာ လင်မိသားစုအတွက် နာရီဝက်အချိန်သာ ချန်ထားပေးလိုက်သည်။

‎

‎

‎" လုံလောက်ပါတယ်... လုံလောက်ပါတယ်ဗျာ! မိတ်ဆွေငယ်ကု... ကျွန်တော်တို့ လင်မိသားစုထဲကို ဝင်ပြီး ခဏလောက် အနားယူပါဦးလားခင်ဗျာ "

‎

‎

‎ကုချူသည် နောက်ထပ် နာရီဝက်အချိန် ပေးအပ်သည်ကို မြင်သောအခါ လင်မိသားစု ခေါင်းဆောင်သည်လည်း စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်လိုက်ရကာ သူ၏မျက်နှာပေါ်တွင် အနည်းငယ်တောင့်တင်းနေသော အပြုံးတစ်ချက် ပေါ်ပေါက်လာသည်။

‎

‎

‎" မလိုပါဘူး... ကျွန်တော် ဒီမှာပဲ စောင့်ပါ့မယ် "

‎

‎

‎ကုချူသည် ခံစားချက်ကင်းမဲ့စွာ ပြောကြားလိုက်သည်။ လင်မိသားစု ခေါင်းဆောင်နှင့် အကြီးအကဲအသီးသီး၏ အနည်းငယ် တင်းမာနေပြီး မျက်နှာချိုသွေးနေသော အမူအရာများကို ကြည့်နေစဉ်တွင် သူ၏နှလုံးသားထဲ၌မူ အတွေးများစွာ ပြည့်နှက်နေခဲ့သည်။

‎

‎

‎တစ်ချိန်တစ်ခါက ကုမိသားစုသည် မျိုးသုဉ်းပျက်စီးခြင်း၏ သတ်မှတ်ချက်အနီးသို့ ရောက်ရှိနေချိန်တွင် သူသည် ကုတောက်လင်း၏ စေလွှတ်မှုဖြင့် ဤဧကရာဇ်မျိုးနွယ်စုများထံမှ အကူအညီရှာဖွေရန် ရောက်ရှိလာခဲ့ပြီး လင်မိသားစုသည်လည်း ထိုအထဲတွင် တစ်ခုအပါအဝင် ဖြစ်ခဲ့သည်။ သို့သော် ထိုအချိန်အခါက လင်မိသားစုသည် သူ့အား တံခါးပိတ်ငြင်းပယ်ခဲ့ကြသည်။ လင်မိသားစု ခေါင်းဆောင်နှင့် တွေ့ဆုံရန်မဆိုထားနှင့် လင်မိသားစု အကြီးအကဲတစ်ဦးတစ်ယောက်နှင့်မျှပင် တွေ့ဆုံခွင့်မရခဲ့ဘဲ တံခါးဝမှပင် ငြင်းပယ်ခြင်းခံခဲ့ရကာ အသနားခံရန် မည်သူမျှမရှိခဲ့ပေ။

‎

‎

‎ယခုအခါတွင်မူ လင်မိသားစု၏ သဘောထားသည် လုံးဝ ပြောင်းလဲသွားခဲ့လေပြီ။ လင်မိသားစု ခေါင်းဆောင်သည် ကိုယ်တိုင်ကိုယ်ကျ ထွက်၍ ကြိုဆိုရသည်တင်မကဘဲ သူ၏ဟန်ပန်သည်လည်း အလွန်နှိမ့်ချလျက်ရှိပြီး မျက်နှာချိုသွေးသော အရိပ်အယောင်များပင် ပေါ်လွင်နေခဲ့သည်။

‎

‎

‎ဤသို့သော ကြီးမားသည့် ပြောင်းလဲမှုသည် ကုချူ၏ နှလုံးသားအား အတွေးများစွာဖြင့် ပြည့်နှက်သွားစေသည်။ ဤပြောင်းလဲမှုအားလုံးအတွက် အကြောင်းရင်းတစ်ရပ်သာ ရှိကြောင်း သူ သိရှိနေသည်..... ထိုအရာမှာ ဘိုးဘေးအိုကြီး ပြန်လည်ရောက်ရှိလာခြင်းကြောင့်ပင် ဖြစ်သည်။

‎

‎

‎ဘိုးဘေးအိုကြီးသည် အဆုံးမဲ့ကမ္ဘာသို့ ပြန်လည်ရောက်ရှိလာပြီးနောက်ပိုင်းတွင် ကုမိသားစုသည် အခြားဧကရာဇ်မျိုးနွယ်စုများက အထင်အမြင်သေးခြင်းခံရသော အောက်ခြေတွင်ရှိသော ဧကရာဇ်မျိုးနွယ်စုတစ်ခု မဟုတ်တော့ဘဲ ဧကရာဇ်မျိုးနွယ်စုအားလုံးက မျက်နှာချိုသွေး ပေါင်းသင်းရသော တည်ရှိမှုတစ်ခု ဖြစ်လာခဲ့လေသည်.....

‎

‎

‎… … … …

‎

‎

‎အရှေ့ပိုင်းစွန့်ပစ်ဒေသ တာအိုနယ်မြေ လူသူကင်းမဲ့သော တောအုပ်တစ်ခု၏ အတွင်းပိုင်းတွင်.....

‎

‎

‎မသဲမကွဲ မြင်တွေ့ရသည်မှာ ထိုနေရာ၌ မြေပုံဂူတစ်လုံး တည်ရှိနေပြီး မြက်ရိုင်းများဖြင့် ဖုံးလွှမ်းလျက်ရှိသည်။ ၎င်းသည် နှစ်ပေါင်းမည်မျှကြာအောင် တည်ရှိနေခဲ့သည်ကို မည်သူမျှမသိနိုင်ဘဲ မြေပုံ၏အရှေ့ရှိ ကျောက်တိုင်ပေါ်မှ စာလုံးများသည်ပင် ပွန်းပဲ့နေခဲ့ပြီး ၎င်းတို့၏ မူလပုံပန်းသဏ္ဌာန်အား ခွဲခြားသိရှိနိုင်ခြင်း မရှိတော့ပေ။ မြေပုံဂူ၏အရှေ့တွင်မူ အသီးအနှံပူဇော်ထားသည်များ အနည်းငယ် ပြန့်ကျဲလျက်ရှိရာ မကြာသေးမီက တစ်စုံတစ်ယောက် လာရောက်ဂါရဝပြုသွားခဲ့သကဲ့သို့ ဖြစ်နေသည်။

‎

‎

‎ရုတ်တရက် မြေပုံဂူသည် တုန်ခါလာခဲ့ပြီးနောက်... ပေါက်ကွဲသွားကာ ဂူအတွင်းမှ အနည်းငယ်ဖြူဖျော့နေသော လက်တစ်ဖက် ထွက်ပေါ်လာခဲ့သည်!

‎

‎

‎ဤသည်မှာ သံသယရှိစရာမလိုဘဲ ထိတ်လန့်ဖွယ်ကောင်းလွန်းသော မြင်ကွင်းတစ်ခု ဖြစ်သည်။ ရှေးဟောင်းဂူတစ်လုံး ပေါက်ကွဲသွားကာ လက်တစ်ဖက် ထွက်ပေါ်လာခဲ့သည်မှာ တစ်စုံတစ်ယောက် ပြန်လည်အသက်ဝင်လာခဲ့သကဲ့သို့ပင်!

‎

‎

‎" ငါ... ငါတကယ် မသေသေးဘူးပဲ..... "

‎

‎

‎ဂူသည် ပေါက်ကွဲသွားခဲ့ကာ ရှေးခေတ်အဝတ်အစားများ ဝတ်ဆင်ထားပြီး ထူထဲသောဆံပင်များရှိသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ဂူအတွင်းမှ ခုန်ထွက်လာခဲ့၏...! ဤလူလတ်ပိုင်းအရွယ် အမျိုးသားပေါ်ရှိ အဝတ်အစားများသည် ဆွေးမြေ့ပျက်စီးနေပြီဖြစ်သော်လည်း... သူသည် ပြန်လည်အသက်ဝင်လာသော အလောင်းကောင်တစ်ကောင်မဟုတ်ဘဲ အသက်ရှင်လျက်ရှိသော လူသားတစ်ဦးဖြစ်ကြောင်း မြင်တွေ့နိုင်သည်။

‎

‎

‎" ထောင်စုနှစ်ပေါင်းများစွာကြာတဲ့ အိပ်မက်ကြီးတစ်ခုပဲ... အခု ဘယ်နှစ်ခုနှစ်တောင် ရောက်နေပြီလဲ။ ငါ... ငါအသက်ရှင်နေသေးလိမ့်မယ်လို့ တကယ်မထင်ထားခဲ့ဘူး..... "

‎

‎

‎လူလတ်ပိုင်းအရွယ် အမျိုးသားသည် ဂူအတွင်းမှ လျှောက်ထွက်လာကာ တီးတိုးရေရွတ်လိုက်ပြီး သူ၏မျက်နှာပေါ်တွင် ညှိုးငယ်သော အရိပ်အယောင်တစ်ခု ပေါ်ပေါက်လာခဲ့သည်။

‎

‎

‎သူ၏အမည်မှာ ကုဝူရှန့်ဖြစ်ပြီး လွန်လေပြီးသော အချိန်များစွာကတည်းက သေဆုံးခဲ့သင့်သော လူတစ်ဦးဖြစ်သော်လည်း ဆက်လက်ရှင်သန်နေခဲ့သူ ဖြစ်သည်။

‎

‎

‎" အခုဆို နှစ်ပေါင်းဘယ်လောက်တောင် ကြာသွားပြီလဲ မသိတော့ဘူး..... "

‎

‎

‎ကုဝူရှန့်သည် ဂူအရှေ့ရှိ ပွန်းပဲ့နေပြီဖြစ်သော ကျောက်တိုင်အား ကြည့်လိုက်ကာ သူ့အား မြှုပ်နှံခဲ့သည့်အချိန်မှစ၍ အနည်းဆုံး နှစ်ထောင်ပေါင်းသောင်းနှင့်ချီ၍ ကြာမြင့်သွားပြီဖြစ်ကြောင်း သိရှိလိုက်သည်။ ဤသို့တွေးမိသောအခါ ကုဝူရှန့်၏ မျက်ဝန်းများထဲတွင် အတိတ်အား လွမ်းဆွတ်တမ်းတသော အရိပ်အယောင်တစ်ခု ပေါ်ပေါက်လာရသည်။

‎

‎

‎သူသည် မူလက အရှေ့ပိုင်းစွန့်ပစ်ဒေသ တာအိုနယ်မြေရှိ ဧကရာဇ်မျိုးနွယ်စုဖြစ်သော ကုမိသားစုမှ လာသူဖြစ်သည်။ သူသည် ကုချန်မဟာဧကရာဇ်မှ လက်ဆင့်ကမ်းခဲ့သော ကောင်းကင်ဧကရာဇ်ကျမ်းအား အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့ကာ သူ၏ကျင့်ကြံမှုအဆင့်သည် ဧကရာဇ်တပိုင်းအဆင့်သို့ ရောက်ရှိခဲ့၏။ သူသည် ထိုအချိန်အခါက ကုမိသားစုတွင် ပါရမီအထက်မြက်ဆုံး ပါရမီရှင်နှင့် အသန်မာဆုံးသော ပုဂ္ဂိုလ် ဖြစ်ခဲ့သည်။

‎

‎

‎မည်သို့ပင်ဆိုစေကာမူ.....

‎

‎

‎ကုချန်မဟာဧကရာဇ် ထွက်ခွာသွားပြီးနောက် နှစ်ပေါင်းငါးသောင်းကြာသည်အထိ မည်သည့် ကုမျိုးနွယ်ဝင်တစ်ဦးမျှ ကောင်းကင်ဧကရာဇ်ကျမ်းအား ဧကရာဇ်တပိုင်းအဆင့်အထိ ကျင့်ကြံနိုင်ခဲ့ခြင်း မရှိခဲ့ပေ။

‎

‎

‎ကုဝူရှန့်၏ ပါရမီသည်လည်း ကုမိသားစုတစ်စုလုံးအား အလွန်အမင်း စိတ်လှုပ်ရှားစေခဲ့ပြီး သူတို့သည် ကုဝူရှန့်မှာ ဘိုးဘေး ကုချန်ပြီးနောက် ကုမိသားစုတွင် ပေါ်ပေါက်လာမည့် ဒုတိယမြောက် မဟာဧကရာဇ်တစ်ပါး ဖြစ်လာနိုင်ခြေ အလွန်များကြောင်း ယုံကြည်ခဲ့ကြသည်။

‎

‎

‎ထို့ကြောင့် ထိုအချိန်က ကုမိသားစု၏ အရင်းအမြစ်အားလုံးအား ကုဝူရှန့်ထံသို့သာ ထောက်ပံ့ပေးခဲ့ကြပြီး ကုမိသားစုက အဆုံးမဲ့ကမ္ဘာ၏ အခြေအနေအား တည်ငြိမ်စေရန် ကူညီပေးနိုင်မည့် နောက်ထပ်မဟာဧကရာဇ်တစ်ပါး ထွက်ပေါ်လာရေးကို မျှော်လင့်ခဲ့ကြသည်။

‎

‎

‎သူ့မျိုးနွယ်၏ မျှော်လင့်ချက်များနှင့် ဖိအားများအား ထမ်းပိုးလျက် ကုဝူရှန့်သည် လုံ့လဝီရိယဖြင့် ကျင့်ကြံခဲ့သော်လည်း ဧကရာဇ်တစ်ပါးဖြစ်လာရန် အတားအဆီးပိတ်ဆို့မှုမှာမူ ဖမ်းဆုပ်ရခက်ခဲလျက်ရှိနေဆဲပင်။ နောက်ဆုံးတွင် သူသည် အဆင့်တက်ရန် အခွင့်အလမ်းတစ်ခုအား ရှာဖွေရန် နယ်မြေအပြင်ဘက်ရှိ ဟွမ်သွမ့်ပင်လယ်အတွင်းသို့ စွန့်စားသွားရောက်ရန် ဆုံးဖြတ်ခဲ့သည်။

‎

‎

‎ အချိန်အတိုင်းအတာတစ်ခုကြာ လှည့်လည်သွားလာပြီးနောက် သူသည် အထွတ်အထိပ်နယ်မြေတစ်ခုအတွင်းသို့ မတော်တဆ ဝင်ရောက်သွားခဲ့ပြီး ပျံသန်းလာသော မသေမျိုးအလင်းတန်းတစ်ခု ထိမှန်ခဲ့ရသည်။ ထို့နောက် ကောင်းကင်မှ ကျဆင်းလာသော ဧရာမ ဟွမ်သွမ့်လက်ညှိုးတော်တစ်ချောင်း၏ ဖိနှိပ်ခြင်းခံခဲ့ရကာ ပြင်းထန်သောဒဏ်ရာများ ရရှိခဲ့ပြီးနောက် သတိလစ်မေ့မြောသွားခဲ့တော့သည်။

‎

‎

‎ပြန်လည်နိုးထလာသောအခါ... သူသည် ဟွမ်သွမ့်ပင်လယ်အတွင်း၌ အချိန်ကာလမည်မျှကြာအောင် မျောပါနေခဲ့သည်မသိ ဖြစ်ခဲ့ရ၏။ သူသည် အစွမ်းကုန်အားထုတ်၍ နောက်ဆုံးတွင် အဆုံးမဲ့ကမ္ဘာသို့ အောင်မြင်စွာ ပြန်လည်ရောက်ရှိလာနိုင်ခဲ့သော်လည်း... သူ၏စွမ်းအားများအားလုံးကို ဆုံးရှုံးလိုက်ရ၏။

‎

‎

‎သူ၏ ချီစွမ်းအင်သည် ခြောက်သွေ့သွားခဲ့ပြီး... သူ၏ရုပ်ခန္ဓာသည်လည်း ပျက်စီးသွားခဲ့ကာ... ဧကရာဇ်တပိုင်းအဆင့် စွမ်းအား တစ်စုံတစ်ရာမျှ ကျန်ရှိတော့ခြင်းမရှိဘဲ... သက်တမ်းမှာလည်း နှစ်သုံးဆယ်မှ ငါးဆယ်ခန့်သာ ကျန်ရှိတော့သည်။

‎

‎

‎စိတ်နှလုံးကြေကွဲလျက် ကုဝူရှန့်သည် ကုမိသားစုထံသို့ ပြန်သွားရန်ပင် ရှက်ရွံ့နေမိသည်။ ထိုအစား သူသည် သူ၏ကျန်ရှိနေသေးသော ငြိမ်းချမ်းသည့်နှစ်များအား သာမန်လူ့လောကတွင် ကုန်ဆုံးစေခဲ့ပြီး အိမ်ထောင်ပြုခြင်း၊ သားသမီးများ မွေးဖွားခြင်း၊ အိုခြင်း၊ နာခြင်းနှင့် သေခြင်းတရားတို့ကို တွေ့ကြုံခံစားခဲ့သည်။

‎

‎

‎နောက်ဆုံးတွင် သူသည် ဤဂူအတွင်း၌ မြှုပ်နှံခြင်းခံခဲ့ရကာ ဤနေရာတွင် ထာဝရ အိပ်စက်အနားယူနေခဲ့သည်။

‎

‎

‎သို့သော် နှစ်ထောင်ပေါင်းသောင်းနှင့်ချီသော အမည်မသိကာလများ ကြာမြင့်ပြီးနောက်တွင် ကုဝူရှန့်သည် အမှန်တကယ်ပင် ပြန်လည်အသက်ရှင်လာခဲ့သည်...!

‎

‎

‎ထိုမျှသာမက တစ်ချိန်က ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်ကာ ပျက်စီးနေခဲ့သော သူ၏ခန္ဓာကိုယ်သည်လည်း အမှန်တကယ် ပြန်လည်ကောင်းမွန်ပြီးဖြစ်ကာ ယခင်က အထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်ကို တွေ့ရှိလိုက်ရသဖြင့် အံ့အားသင့်တုန်လှုပ်သွားရသည်။

‎

‎

‎ယခုအခါ... သူသည် ဧကရာဇ်တပိုင်းအဆင့် ကျင့်ကြံမှုအား နောက်တစ်ကြိမ် ပြန်လည်ပိုင်ဆိုင်သွားခဲ့ပြီ ဖြစ်၏။

All Chapters