တပည့်ဆိုးများ၏ စိတ်ဓာတ်
Vol. 1 Ch. 15
အခန်း (၁၅) တပည့်ဆိုးများ၏ စိတ်ဓာတ်
လုကျိုးက ဈေးဆိုင်မှ ကျင့်စဉ်နှင့် လက်နက်တို့ကို တစ်ချက်ကြည့်လိုက်သည်။ ဈေးအချိုဆုံးမှာ အနည်းဆုံး ကုသိုလ်အမှတ် တစ်ထောင် ကျသင့်သောကြောင့် လက်ကျန်အမှတ်များအား ဆက်မသုံးတော့ပေ။
သူက သူ့အသက်လေး ရှည်စေရန် တပည့်များကို တာဝန်ထပ်ချပေးဖို့ရာ ကြံစည်ထားလေသည်။ ထိုအခါမှ သူ့အတွက် သူ ကျင့်စဉ်ကောင်းများနှင့် လက်နက်ကောင်းများကို ရယူနိုင်မည် မဟုတ်ပါလော။
သူ့မှတ်ဉာဏ်ထဲ၌ ဤကမ္ဘာသည် အလွန်အန္တရာယ်များပေသည်။ သူ့လက်ရှိအနေအထားဖြင့် ရွှေနန်းဥယျာဉ်တောင်မှ ထွက်သွားလျှင် သူ့ကိုယ်သူ ကာကွယ်ဖို့ပင် အလွန်ခက်ခဲပေမည်။ ထို့ကြောင့် သူက အချိန်အတိုင်းအတာ တစ်ခုအထိ တောင်ပေါ်မှာ နေဖို့ ဆုံးဖြတ်ထားသည်။ သူ့အား ကာကွယ်ပေးနေသည့် တပည့်များနှင့် ပြဿနာ မရင်ဆိုင်ရပေ။
သူ့အနေနှင့် တပည့်များ သစ္စာဖောက်နိုင်ခြေကိုလည်း ထည့်တွက်ထားရမည်။
တပည့်ငါးယောက် ထွက်သွားပြီ ဖြစ်သောကြောင့် ကျန်လေးယောက်အား အလွန်အမင်း သတိထားရပေမည်။ သူတို့ ပြဿနာ ရှာမည်ကိုတော့ မကြောက်ပေ။ သူ့တွင် အထွတ်အထိပ်သဏ္ဌာန် ကတ်နှင့် အတိုက်ခိုက် ဒဏ်ပြင်းကို ကာကွယ်နိုင်သော ကတ်တို့ ရှိနေသေးသည် မဟုတ်ပါလော။
“ ယွမ်အာ ”
ဝှစ် …
သစ်တောအတွင်း ရှောင်ယွမ်အာက နတ်မိမယ်လေးအလား ကြော့ရှင်းစွာ ထွက်ပေါ်လာပြီး ဦးညွတ်လိုက်လေသည် “ ဟုတ် ရှစ်စွင်း ”
“ မိစ္ဆာဝေဟင်မျှော်နန်းကနေ စာရေးဖို့ ရတနာလေးသွယ် ယူခဲ့ပေး ”
“ရှစ်စွင်းက ဘယ်တော့မှ မရေးဘဲနဲ့ တပည့်ကိုပဲ ရေးခိုင်းခဲ့တာလေ။ ဒီနေ့ ရှစ်စွင်းဘာသာ ရေးမလို့လား”
“ ငါ့ကို ဘာလုပ်ဆိုပြီး လာပြောနေတာလား ”
“တပည့် အခုသွားလိုက်ပါ့မယ် …” ရှောင်ယွမ်အာက ခေါင်းငုံ့ထားလိုက်သည်။ သိပ်မကြာခင် သူမက လုကျိုးရှေ့ ရတနာလေးသွယ်ကို ယူဆောင်လာလေသည်။
ထို့နောက် သူမက ဘေးနားတွင် ရိုရိုကျိုးကျိုး ရပ်နေကာ ကြည့်နေလေ၏။ သူမက ရှစ်စွင်း ဘာလုပ်မည်ကို သိချင်မိသည်။ လုကျိုးက သူမကို မောင်းထုတ်မည့် အရိပ်အယောင် မရှိသည်ကို မြင်သောအခါ တဖြည်းဖြည်း ရှေ့တိုးသွားလိုက်သည်။
“ ရှစ်စွင်းအတွက် မင်သွေး ပေးပါ့ရစေ ” ရှောင်ယွမ်အာက စားပွဲအသေးလေးဘေးတွင် ဒူးထောက်ကာ ဂရုတစိုက် မင်သွေးပေးလိုက်သည်။
သူ့အရင်ဘဝ၌ လုကျိုးသည် အနုပညာကျောင်းသားတစ်ယောက် ဖြစ်ခဲ့သည်။ သူ အားလပ်သည့်အချိန်တွင် လက်ရေး လေ့ကျင့်ပြီး ကျောင်း၌ ဆုပင် ရခဲ့ဖူးသည်။
ထို့ကြောင့် ရေးသားခြင်းက သူ့အတွက် မခက်ခဲပေ။
သူက စုတ်တံတစ်ချောင်း ကောက်ယူကာ မင်ထဲ နှစ်လိုက်၏။ ထို့နောက် စာရွက်ဖြူပေါ်တွင် စတင် ရေးသားလိုက်သည်။
‘ယွီကျန့်ဟိုင်၊ ယွီရှန်းရုန်၊ တွမ့်မူရှန်း၊ မင်ရှစ်ရင်၊ ကျောင်းယွဲ့၊ ယဲ့ထျန်းရှင်း၊ စီးဝူယာ့၊ ကျူးဟုန်ကုန်း၊ စီယွမ်အာ’
သူက တပည့်များကို လက်ခံသည့် အမှတ်စဉ်အတိုင်း ရေးသားထားလေသည်။ ဤသည်မှာ လောကကြီးထဲ၌ မကောင်းမှုအမျိုးမျိုး ကျူးလွန်ကာ ကမ္ဘာကို လှုပ်ကိုင်စေခဲ့သည့် ကျိထျန်းတောက် သင်ကြားပေးခဲ့သော မိစ္ဆာတပည့် ကိုးယောက် ဖြစ်၏။
လုကျိုးက အတွေးနစ်မျောကာ အမည်စာရင်းအား ကြည့်နေမိသည်။ သူက တပည့် အငယ်ဆုံးလေးပင် နတ်ဒေဝါ ဦးတည် နယ်ပယ် ရောက်သွားပြီ ဖြစ်ရာ အကြီးဆုံးတပည့် မည်သည့် ကျင့်ကြံဆင့် ဖြစ်နေပြီလဲဟု တွေးမိသွားသည်။ သူက ကျိထျန်းတောက်ထက် အားကောင်းနေပြီလား …. အကယ်၍ သူသာ အားကြီးနေခဲ့လျှင် ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့လို ရက်စက်တတ်သည့် သဘာဝဖြင့် ကျိထျန်းတောက်လိုမျိုး မိစ္ဆာအိုကြီးကို ကမ္ဘာ၌ ဆက်လက် တည်ရှိစေမည်လား။
ကျိထျန်းတောက်က သူ သင်ပေးလိုက်သည့် တပည့်တစ်ယောက်ချင်းစီသည် ကျားတစ်ကောင်လို မာန်ပါကာ ဝံပုလွေတစ်ကောင်လို ခက်ထန်ပြီး သူ့အား တစ်ရက်ရက်ကျ ပြန်သစ္စာဖောက်နိုင်ကြောင်း သိပေသည်။
သူက တပည့်များကို စတင်သင်ကြားပေးကတည်းက ဝှက်ဖဲ ထားထားခဲ့တာလား …
အရာအားလုံးက စဉ်းစားဖို့ ကောင်းနေသည်။
ကံဆိုးစွာဖြင့် အဓိက အကျဆုံး မှတ်ဉာဏ်ကား ပျောက်ဆုံးနေသောကြောင့် လုကျိုးအား အဖြေရှာ မရစေခဲ့ပေ။
ကျိထျန်းတောက် … ခင်ဗျား သိမ်းခဲ့တဲ့ အသက်ကယ်ပစ္စည်းတွေက ဘာတွေလဲ ….
သူက တွေးတောနေစဉ် ရှောင်ယွမ်အာက သူ့မျက်နှာရှေ့ လက်ဝဲပြကာ လေးလေးစားစား ပြောလိုက်သည် “ ရှစ်စွင်းရဲ့လက်ရေးက အရမ်းလှတာပဲ။ ဒါနဲ့လေ တပည့်နာမည်ကို ဘာလို့ ရေးထားတာလဲဟင် ”
လုကျိုးက သက်ပြင်းချကာ “ ငါ ကိုယ့်ဘာသာ ပြန်လည်ဆန်းစစ်နေတာ ”
“ ပြန်လည် ဆန်းစစ်နေတာလား ”
“ ကိုယ့်ဘာသာ ပြန်လည်ဆန်းစစ်တာက နေ့တိုင်း လေ့ကျင့်သင့်တယ်။ နေရာတကာမှာ ဒေါသကြီးပြီး ဖျက်ဆီးတတ်တဲ့ တပည့်ကိုးယောက်ကို သင်ပေးလိုက်တာဆိုတော့ ငါ မှားနေခဲ့တာ နေမယ်”
လုကျိုးက ပြောလိုက်ရင်း စိတ်ထဲ၌မူ “ ငါ ဘာမှားရမှာလဲ …. ဒါတွေအားလုံး ကျိထျန်းတောက် လက်ချက်ချည်းပဲ ” ဟု တွေးလိုက်မိသေး၏။
တုတ်ကောက်က တုတ်ကောက်အရိပ်ပဲ ရှိမှာပေါ့ …. ဒီတပည့်တွေရဲ့ သဘာဝကိုက သိသာပါတယ် …
အနည်းငယ် ရန်စလိုက်တာနဲ့ လူသတ်ချင်စိတ် ပေါက်လာတဲ့ တပည့်တွေသာ ရှိနေရင် ငါတော့ ရှက်မိမှာပဲ …
“အဲဆိုရင် ရှစ်စွင်းက တပည့်တို့ ကိုးယောက်ကို ဘာလို့ လက်ခံခဲ့တာလဲဟင်။ ပြီးတော့ တပည့်က ကိုးယောက်ပဲ ရှိတာ …. ရှစ်စွင်းရဲ့ စွမ်းရည်နဲ့ဆိုရင် မိစ္ဆာဝေဟင် မျှော်နန်းနဲ့ ရွှေနန်းဥယျာဉ်တောင်ကို ဖွင့်ပြီး တပည့်သောင်းချီ လက်ခံလို့ ရတယ်လေ။ ဒီလောက်တပည့်အများကြီးဆိုရင် ဘယ်သူကမှ ရှစ်စွင်းကို မနာခံဘဲ နေရဲမှာ မဟုတ်ဘူး။ ဟိုသမာသမတ်ဂိုဏ်းတွေကလည်း တပည့်တို့ကို လာရန်စရဲမှာ မဟုတ်ဘူး။ ရှစ်စွင်းရဲ့ အမိန့်တစ်ခုတည်းနဲ့ တပည့်တွေက တပည့်တွေကို နာခံဖို့ ငြင်းဆန်သူအားလုံးကို ရှင်းထုတ်ပစ်လိုက်လို့ ရတယ်လေ။ တပည့်တို့ကို နာခံတဲ့သူတွေက အောင်မြင်ပြီးတော့ မနာခံသူတွေက ပျောက်ကွယ်သွားရမယ် ”
“…”
လုကျိုးက ရှောင်ယွမ်အာ နဖူးကို ခေါက်လိုက်ချင်မိသည်။ ထိုမိန်းမငယ်လေးက မရှောင်ရဲဘဲ ပခုံးကျုံ့ထားကာ မျက်လုံးမှိတ်လျက် နာခံစွာ စောင့်ဆိုင်းနေလေ၏။
သို့သော်လည်း လက်က တစ်ဝက်တပျက် ရပ်သွားပြီး သူမခေါင်းကို အသာအယာ ပွတ်ပေးလိုက်သည်။
“ ဘာလို့ လူသတ်ဖို့ပဲ တွေးနေရတာတုန်း … ငါ ပြောတာတွေကို မေ့သွားပြီလား ”
“ မဟုတ်ပါဘူး … တပည့် မမေ့ရဲပါဘူး”
“ လူသတ်တာက ပြဿနာ ဖြေရှင်းဖို့ နည်းလမ်း မဟုတ်ဘူးဆိုတာ ပြောထားပြီးပြီ။ အဲဒါက လူသတ်ဖို့ တားမြစ်တယ်ဆိုတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ အခြေအနေပေါ် မူတည်ပြီး လိုအပ်လား မလိုအပ်လား ဆုံးဖြတ်တတ်ရမယ်။ ဥပမာအနေနဲ့ဆိုရင် သူတို့အသက်ရှင်ဖို့ အေးအေးချမ်းချမ်း ကြိုးစားနေထိုင်နေတဲ့ သာမာန်လူတွေကို သတ်ဖို့ အကြောင်းပြချက် ရှိလား ”
ရှောင်ယွမ်အာက ခေါင်းခါလိုက်သည်။
“ နောက်တစ်ခုက လောင်စန်း သွားကယ်ပေးတဲ့ စီမိသားစုကလူတွေကိုသာ ကြည့် …. ဟိုဓားပြတွေသာ မင်းရဲ့ ရှစ်ရှိုးတို့ ရှစ်ကျဲတို့လိုမျိုး သူတို့ကို တန်းသတ်သွားရင် ကယ်ဖို့ အခွင့်အရေး ရဦးမယ် ထင်လား ”
ရှောင်ယွမ်အာက နောက်တစ်ခါ ခေါင်းခါလိုက်ပြန်သည်။
“ဟုတ်တယ် … အဲဒီဓားပြတွေက သေသင့်တယ်။ ဒါပေမဲ့ သူတို့က ပိုက်ဆံလိုချင်တာလေ။ လူသတ်တာက သူတို့ ရည်ရွယ်ချက် မဟုတ်ဘူး။ အဲဆိုတော့ ငါတို့ကရော ဘာကို ရှာဖွေနေကြတာလဲ ”
ရှောင်ယွမ်အာက ဂရုတစိုက် ပြန်ဖြေလိုက်သည်။
“ကျင့်ကြံရေးလား။ နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ်ကို ကျော်လွန်ပြီးတော့ အဆင့်မြင့်ဆုံးနယ်ပယ်ကို တက်လှမ်းပြီး ထာဝရရှင်သန်မှုအကြောင်း ဉာဏ်အလင်းပွင့်လာစေဖို့လား ”
“ ကောင်းတယ် … အဲဆို ကောင်းကောင်း ကျင့်ကြံချည် ”
“ တပည့် … အခု သိပါပြီ ”
“ ကောင်းတယ် ကောင်းတယ် ”
ရှောင်ယွမ်အာက အပြည့်အဝ နားမလည်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူမက တစ်ခုခုကို တွေးမိသွားဟန်ဖြင့် မေးလိုက်သည် “ ရှစ်စွင်း တပည့်တွေ ထပ်လက်ခံဦးမှာလားဟင် ”
လုကျိုး အကြည့်တို့က စာရွက်ဆီ ကျရောက်လာသည်။
အာ …
အခု သူ နားလည်သွားလေပြီ။
“ရှောင်ယွမ်အာ မင်းတို့ တပည့်ကိုးယောက်ကို ဘာလို့ လက်ခံတာလဲလို့ မေးလိုက်တယ်မလား။ အကြောင်းအရင်းကို ဘာကြောင့်လို့ ထင်လဲ ”
“တပည့်တို့က ကျင့်ကြံရေးမှာ ပါရမီအထုံပါလို့ပါ ” ရှောင်ယွမ်အာက ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။
လုကျိုးက ခေါင်းခါကာ “ စာရွက်ကို သေချာကြည့်ကြည့် … နာမည်တွေကနေ မြင်လား ”
အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် သူမက ခေါင်းခါပြလိုက်သည်။ လုကျိုးက ရယ်မောလိုက်သော်လည်း ကျိထျန်းတောက်၏ အရှက်မဲ့မှုကို စိတ်ထဲမှ သရော်မိလိုက်သည်။
“လရောင်က ပင်လယ်ပြင်ပေါ် ဖြာကျနေပြီး အဝေးကနေ ဒီအခိုက်အတန့်လေးကို အတူမျှဝေခံစားနေကြရတယ် … ”
ရှောင်ယွမ်အာက နားမလည်ဟန် ဖြစ်နေသော်လည်း ကဗျာကို ကြားလိုက်ရသည့်အခါ မနေနိုင်ဘဲ လက်ခုပ်တီးလိုက်မိသည် “ အရမ်းကို လှတဲ့ ကဗျာလေးပဲ”
သူမက လက်ခုပ်တီးပြီးနောက် တစ်ခုခုကို သတိပြုမိသွားဟန်ဖြင့် စာရွက်ပေါ်မှ နာမည်ကိုးခုကို ပြန်ကြည့်လိုက်မိသည်။ ကဗျာထဲရှိ စာလုံးတစ်လုံးချင်းစီကို တပည့်ကိုးယောက်၏ နာမည်ထဲ ရှာတွေ့နိုင်ပေသည်။
“ ဒီဟာက ရှစ်စွင်း တပည့်တို့ကို လက်ခံခဲ့တဲ့ အကြောင်းအရင်းလား။ ကြည့်ရတာ နောက်ထပ် စာလုံး ထပ်ရှိနေသေးသလိုပဲ ” ရှောင်ယွမ်အာက ယုံကြည်ဖို့ ခက်ခဲနေကာ ခေါင်းကုတ်လိုက်မိသည်။
လုကျိုးက ကျိထျန်းတောက်သည် ဤမျှဇီဇာကြောင်လိမ့်မည်ဟု မထင်ပေ။
သူ့ကိုးယောက်မြောက် တပည့် ပြောသည်က အမှန်ဖြစ်၏။ နောက်ထပ် “ ရှီ” ဆိုသော စာလုံးတစ်လုံး ထပ်ရှိနေသေးသည်။ ကျိထျန်းတောက်သာ ဤကဗျာအလိုက် တပည့်များကို လက်ခံခဲ့သည်ဆိုလျှင် တပည့်လက်ခံရေး လိုအပ်ချက်ကား အရည်အချင်း မဟုတ်ဘဲ နာမည်ပေါ်သာ မူတည်ပေမည်။ သို့သော်လည်း လုကျိုး ရရှိထားသော မှတ်ဉာဏ်ထဲ၌ ဤကမ္ဘာကား သူ့ယခင်ဘဝနှင့် မတူပေ။ ကျိထျန်းတောက်က ဤကဗျာကို မည်သို့ သိသွားသနည်း။
ကျိထျန်းတောက်လည်း ကမ္ဘာကူးပြောင်းလာသူပဲလား …
ထိုစဉ် မင်ရှစ်ရင်က ကောင်းကင်အထက် ပျံသန်းနေပြီး မြေပြင်ပေါ် ပျော်ပျော်ပါးပါး ငုံ့ကြည့်နေသည်။
“ နောက်ဆုံးတော့ ရွှေနန်းဥယျာဉ်တောင်ကနေ ထွက်လာနိုင်ခဲ့ပြီ။ ငါ ပျော်လို့ ရပြီကွ ”
သူက ထန်းကျီမြို့လေးကို ရောက်လာသည့်အခါ အောက်ရှိ လူများက တုန်လှုပ်တကြီး အော်ဟစ်လာကြသည်။
“ပါးမွှားလေးတွေကများ … ငါ ဒီနေ့ စိတ်အခြေအနေကောင်းနေတော့ မိန်းမလှလေးတွေရှာပြီး နည်းနည်းလောက် ပျော်ပါးကြည့်ရမယ် ”
သူက အောက်ဆင်းတော့မည့်ဆဲဆဲတွင် ရှစ်စွင်း၏ စကားများကို ပြန်ကြားလာကာ မြန်မြန် ရပ်တန့်လိုက်ရသည်
“ ထားလိုက်ပါတော့ … ရှစ်စွင်းက အခု နောက်နည်းလမ်း တစ်မျိုးကို ကြိုက်နေတာဆိုတော့ သူ့အတိုင်း လိုက်လုပ်တာပေါ့။ အဟွတ်ဟွတ် …. ငါက လူကောင်းဆိုတော့ ဓားပြတွေဆီက ရလာတဲ့ ရွှေငွေ ရတနာတွေ စွန့်ကြဲခဲ့မယ်”
မင်ရှစ်ရင်က နောက်ကျောမှ အိတ်လေးကို ဖြေလျော့ကာ မြို့လမ်းမအထက် လောင်းချလိုက်သည်။ ရုတ်ခြည်းဆိုသလို ကောင်းကင်ယံအထက်မှ ရွှေငွေ ရတနာများ မိုးသဖွယ် ရွာသွန်းလာလေသည်။
“ တစ်ခါလောက်တော့ ရက်ရောလိုက်ပါ့မယ်လေ ”
မင်ရှစ်ရင်က ပိုက်ဆံဖြင့် မိန်းမလှလေးများကို ဝယ်ယူရန် ကြံစည်ထားခဲ့သော်လည်း သူက မလုပ်တော့ရန် ဆုံးဖြတ်ထားလိုက်သည့်အတွက် သိမ်းထားဖို့ မလိုတော့ပေ။ ထို့အပြင် သူက ပိုက်ဆံပြတ်လပ်နေခြင်းလည်း မရှိပေ။
လမ်းမအထက်မှ လူများက ပုန်းခိုရန် ပြေးလွှားနေကြသော်လည်း ရွှေငွေရတနာများ ရွာသွန်းလာသောအခါ ချက်ချင်း ပြေးထွက်ပြီး ကောက်ယူကြတော့သည်။
မျက်စိတစ်မှိတ်အတွင်း ပိုက်ဆံအားလုံး ကုန်သွားလေပြီ။
လူများက ကောင်းကင်ယံထက်မှ ပုဂ္ဂိုလ်ကို မြင်လိုက်ရသည့်အခါ ဒူးထောက်ကာ ဦးညွတ်ကြကုန်၏။
“ ဘုရားလောင်း … သက်ရှိ ဘုရားလောင်းပဲ .. ကျေးဇူးတင်ပါတယ် ”
“ ကောင်းကင်ဘုံကို ကျေးဇူးတင်ပါတယ် ”