← Chapters

အသင်အပြ အဆုံးအမ

Vol. 2 Ch. 17

အသင်အပြ အဆုံးအမ

Vol. 2 Ch. 17

အခန်း (၁၇) အသင်အပြ အဆုံးအမ

မင်ရှစ်ရင် ကျားတောင်ရိုးမှ ထွက်သွားလျှင် သွားချင်း၊ ကျူးဟုန်ကုန်းတစ်ယောက် ကျောချမ်းမှုကို မထိန်းနိုင်တော့ဘဲ မျက်နှာမှ ချွေးစေးများကို သုတ်လိုက်လေသည်။ သူ့ခြေနှစ်ဖက်ကလည်း ထိန်းချုပ်မရနိုင်အောင် တုန်ယင်နေတော့၏။

'ကပ်သီလေးပဲ... ချီရှစ်ရှိုး ပြောတာမှန်တယ်'

သူ့အခြေအနေကို တွေ့တော့ လက်အောက်ငယ်သားတစ်ယောက်က အော်တော့လေသည်။ "ဂိုဏ်းချုပ် အဆင်ပြေရဲ့လား"

"ငါ- ငါ... ငါ အဆင်ပြေတယ်၊ မင်းတို့အားလုံး ထိတ်ထိတ်ပျာပျာဖြစ်မနေဘဲ စိတ်ထိန်းကြစမ်း"

ထိုစဉ်…

လုကျိုးကတော့ မျှော်နန်းတွင် တင်ပျဉ်ခွေချိတ်ကာ ထိုင်နေသည်။ နေ့ဝက်ခန့်မျှ ကျင့်ကြံအားထုတ်ရန် ကြီုးစားခဲ့သော်လည်း သူ့တပည့်များ၏ ကျင့်ကြံခြင်းနည်းလမ်းက သူ့အတွက် အသုံးမဝင်သည်ကို သိလာရ၏။ ထိုကျင့်ကြံနည်းများဖြင့် မည်သည့် အတွင်းစွမ်းအားကိုမှ ထုတ်မရ။ သူ့အတွင်းအားကြောများက အိုမင်းမစွမ်းရှိနေပြီ။ တန်ထျန်းနှင့် ချီပင်လယ်ကလည်း သက်ဝင်မှု ကင်းမဲ့နေသောကြောင့် သူ့မှာ စွမ်းအား စုဆောင်းရန် လွန်စွာ ခက်ခဲနေလေသည်။

သူ မတတ်သာတော့ဘဲ ခေါင်းသာ အသာ ခါယမ်းလိုက်တော့သည်။ သူ့စိတ်ထဲ မှတ်မိနေသော သူ့တပည့်များ၏ ကျင့်ကြံခြင်းနည်းလမ်းများနှင့် အတွေ့အကြုံများမှာ သူ့အတွက်တော့ အသုံးမဝင်ကြဟန် ရှိလေသည်။

ကိုယ်ခန္ဓာကာယ၏ အခြေအနေများကြောင့်ဟု လုကျိုး ခန့်မှန်းကြည့်မိလိုက်သည်။ လက်ရှိ ကျင့်ကြံခြင်းလောကမှာ ပြဿနာအခက်အခဲတစ်ရပ်ကို ရင်ဆိုင်နေကြရပြီး အနှီ ပြဿနာမှာ အဖြေရှာရခက်နေသည်။ ကျင့်ကြံသူများ အသက်အရွယ် အိုမင်းလာသည်နှင့်အမျှ ချီအတွင်းအားကြောများ ယိုယွင်းလာသည်။ တန်ထျန်းက အသက်ဓာတ်ယုတ်လျော့လာပြီး ချီပင်လယ်ကလည်း ခန်းခြောက်လာသည်။ ၎င်းကျင့်ကြံသူ၏ အစွမ်းတန်ခိုးများ ကျဆင်းသွားရလေသည်။ ဤပြဿနာမှာ ကျိထျန်းတောက် ရင်ဆိုင်ကြုံတွေ့နေရသော ပြဿနာပေ။

ထိုမျှမက မလွဲမသွေ ဖြစ်တန်ဆုံးသော ပြဿနာလည်း ဖြစ်၏။

ကျိထျန်းတောက် အိုမင်းလာပြီး အစွမ်းတန်ခိုးက တဖြည်းဖြည်း ကျဆင်းလာသောကြောင့် သူ့တပည့်များအပေါ် သြဇာလွှမ်းမိုးနိုင်ခြင်း တဖြည်းဖြည်း နည်းသွားရခြင်းဖြစ်၏။ ထို့ကြောင့် ထိုတပည့်များက သစ္စာဖောက်သွားကြခြင်းပင်။

"အင်း ငါ့လို အသက်နှစ်ဆယ်ကျော် လူငယ်တစ်ယောက်က ကျောက်တုံးကြီးလို အိုဟောင်းပြီး ငြိမ်သက်တည်မြဲဟန် ဆောင်ရတာ လွယ်မနေဘူး"

သို့သော် သူ လုပ်ရပေမည်။ သူ၏ လက်ရှိရုပ်ရည်သွင်ပြင်နှင့် ကလေးသူငယ်တစ်ယောက်ပမာ ခုန်ပေါက်နေ၍ မရချေ။

"ကြည့်ရတာ ငါ အသက်ဓာတ်တွေ ထပ်စုမှပဲ" လက်ရှိအခြေအနေနှင့် ကြုံတွေ့နေရသည်မှာ အသက်ရှည်လွန်းသောကြောင့်ဟု လုကျိုး ယူဆမိလေသည်။

"ငါ့မှာ ကုသိုလ်မှတ် ဘယ်လောက်ရှိနေပြီလဲ ကြရအောင်"

လုကျိုး စနစ် စာမျက်နှာကို ဖွင့်လိုက်တော့သည်။

အမည်။    ။ လုကျိုး

အမျိုး။     ။ လူသား

ကျင့်ကြံခြင်း အဆင့်။     ။ စိတ်နက်နဲမှု အလင်းပွင့်ခြင်းနယ်ပယ်၏ စက္ခုဒွါရအဆင့်။

ကုသိုလ်မှတ်။      ။ ၁၀၀၄

ကျန်ရှိသော သက်တမ်း။        ။ ၁၂၀၉ ရက်

ပစ္စည်းများ။       ။ ကျိထျန်းတောက်၏ အထွတ်အထိပ်သဏ္ဌာန်ကတ် ၂ ကတ်၊ အတိုက်​ခိုက်​ဒဏ်​ပြင်း ကာကွယ်​ကတ်​ (အလိုအလျောက်သုံး) ၅ ကတ်၊ မှော်နတ်ခြင်္သေ့

…

သူ့မှာ ကုသိုလ်မှတ် ၁၀၀၀ ကျော်ရှိသေးသော်လည်း ပမာဏအားဖြင့် နည်းပါးလွန်းသေးသည်။ သူ ကုသိုလ်မှတ်စုဆောင်းနိုင်သည့် နှုန်းထားအရဆိုလျှင် သူ ငယ်ရွယ်ပျိုမြစ်မှုရအောင် ပြန်လုပ်ရန် ခက်ခဲလှပေမည်။

လောင်စစ်(လေးယောက်မြောက်)က အနှီလက်နက်ကိုင်ဓားပြသူခိုးများကို သတ်၍ လူအများ၏ ကြည်ညိုလေးစားမှုကို ရယူလိုက်နိုင်သည့် အဖြစ်ကို သူ စဉ်းစားမိသွားသည်။ ထိုအကြောင်းကြောင့် သူ ကုသိုလ်မှတ် အများအပြား ရလိုက်သည် မဟုတ်ပါလား။ ဤတာဝန်ကလေးများမှ နေ၍ ကုသိုလ်မှတ်များ မြိုးမြိုးမြက်မြက် ရလိုက်လေခြင်း။

"ယွမ်အာ"

"ဟုတ်ကဲ့ ရှစ်စွင်း"

"ဒီနေ့ကစပြီး အပြင်မှာ ထူးခြားတဲ့ ကိစ္စကြီးတွေဖြစ်တိုင်း ဆရာ့ကို ချက်ချင်း သတင်းပို့ပေးရမယ်"

လုကျိုး အသာပြောလိုက်လေသည်။

ထိုစကားက ရှောင်ယွမ်အာအား ပဟေဠိဖြစ်သွားရစေသည်။ 'ရှစ်စွင်းက လောကအရေးကို ဂရုမစိုက် အလေးမထားခဲ့သူပါ၊ ဘာပြုလို့ ရုတ်တရက်ကြီး အပြင်လောကအရေးတွေ စိတ်ဝင်စားသွားတာလဲ'

"ရှစ်စွင်း၊ တပည့်က ရွှေနန်းဥယျာဉ်တောင်ပေါ်မှာပဲ အမြဲနေတာဆိုတော့ အပြင်လောကမှာ ဘာတွေ ဖြစ်ပျက်နေသလဲ မသိနိုင်ဘူးရယ်၊ ဒါက ချီရှစ်ရှိုး ကျွမ်းကျင်ပိုင်နိုင်မဲ့ အပိုင်းပဲ၊ သူ့စုံစမ်းရေး ကွန်ယက်က တစ်လောကလုံးကို ဖြန့်ကျက်နိုင်တာ၊ နေရာတိုင်းမှာ သူ့သတင်းပေးတွေ ရှိနေပြီ"

ဤသည်ကမှ ပြဿနာဖြစ်လေသည်။

လုကျိုး ပြောလိုက်သည်။

"ရွှေဥယျာဉ်တောင်နန်းနဲ့ အနီးဆုံး မြို့ ထန်းကျီမှာ မြင်းနားစခန်း တစ်ခုရှိတယ်၊ ကျင့်ကြံသူအများစုက အဲဒီမှာ စခန်းတစ်ထောက်နားပြီး သတင်းအချက်အလက် ဖလှယ်လေ့ရှိကြတယ်... သတင်းတွေ သိချင်သူက သူတို့ကို အသပြာပေးလိုက်ရင် ရပြီ၊ မင်း အဲဒီကို သွားပြီး အပြင်တွေမှာ ဘာဖြစ်နေသလဲ စနည်းနာလာခဲ့"

ရွှေဥယျာဉ်တောင်နန်းမှ သူမ ထွက်ခွာသွား၍ ရမည်ကို ကြားရသောအခါ ယွမ်အားကလေး ပြုံးပန်းပွင့်လာတော့လေသည်။ သူမ ဝမ်းသာအားရ လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး ဆိုတော့၏။

"တကယ်ပြောတာလား ရှစ်စွင်း"

"ဘာလို့ သိပ်ပျော်သွားတာလဲ၊ မင်းက တောင်ပေါ်မှာနေရတာကို မကျေနပ်တာလား" လုကျိုး သူမကို စူးစိုက်ကြည့်လိုက်လေသည်။

"မဟုတ်၊ မဟုတ်ပါဘူး ရှစ်စွင်း၊ ယွမ်အာက အပြင်မထွက်ရတာကြာတော့ ပျင်းနေလို့ရယ်"

"ဒါဆို သွားတော့... မှတ်ထား၊ မင်းက ဘယ်သူဆိုတာ ထုတ်ဖော်မပြောရဘူး၊ သဘောရှိတိုင်း လူလျှောက် မသတ်ရဘူး"

"သူများက ကျွန်မကို အနိုင်ကျင့်ရင်ကျတော့ရော" ရှောင်ယွမ်အာက အသံတိုးကလေးဖြင့် ပြန်ပြောတော့သည်။

လုကျိုးက သူမ ခေါင်းကို လက်ဆစ်ဖြင့် ခေါက်လိုက်ရင်း ပြောလေသည်။ "သွားစရာရှိတာသွား ပြောတဲ့ အတိုင်းလုပ်၊ ဆင်ခြေဆင်လက်တွေ လာမပေးနဲ့"

"အို့"

"သွားလေ" ရှောင်ယွမ်အာကို အဘယ်သူက အနိုင်ကျင့်နိုင်မည်တဲ့လဲ။

"ဟုတ် ရှစ်စွင်း"

ရှောင်ယွမ်အာသည် ရွှေနန်းဥယျာဉ်တောင်ပေါ်မှ ပျော်ရွှင်ကျေနပ်စွာ ​ပျံဆင်းသွားတော့လေသည်။ သူမကို ကြည့်ရင်း လုကျိုးကတော့ အားကျနေမိ၏။ သူလည်း သူမနည်းတူ ကောင်းကင်ပေါ် ပျံလျက် သွားချင်သည်။ ဘယ်အခါများ ထိုသို့ ပျံနိုင်မည်လဲ တွေးနေမိတော့လေ၏။

သူ၏ နောက်ခြေတစ်လှမ်း မည်သို့ ရွှေ့ရမည်ကို စဉ်းစားရင်း မျှော်နန်းတစ်ခုလုံး ဆိတ်ငြိမ်နေတော့သည်။ ရွှေနန်းဥယျာဉ်တောင်မှာ ယုတ်မာဆိုးသွမ်းသူတို့အတွက် ဌာနေ ဖြစ်နေသော်လည်း ကျိုးကျစ်ဖုန်းကဲ့သို့ လုပ်ကြံသူများ ဝင်မလာနိုင်ဟု အာမ မခံနိုင်ပေ။

ထိုစဉ် သူ၏ တတိယတပည့် တွမ့်မူရှန်းသည် မျှော်နန်းဆီ တက်လာရသော လှေကားရင်းသို့ ရောက်လာကာ ဒူးထောက်ချလိုက်ပြီး ဆိုလာချေသည်။ "ရှစ်စွင်း၊ ကျွန်တော် အင်းအကာအကွယ်အစီရင် သုံးခုကို ပြင်ပြီးသွားပါပြီ၊ ပြင်ဖို့ ကျန်နေသေးတာ ငါးခုတော့ ရှိပါသေးတယ်..."

"ငါးခု ကျန်သေးတယ်" လုကျိုး ရေရွတ်လိုက်လေသည်။

မူလက သူတို့ သုံးယောက် အတူတကွ အစီအရင်ကို ပြန်ပြင်သည်ကို လုကျိုး လိုလားခဲ့သည်။ သို့သော် ယခု နှစ်ယောက်က သူ ခိုင်းစေသည့် တာဝန်များ သွားလုပ်နေရပြီဖြစ်၍ တွမ့်မူရှန်းတစ်ယောက်တည်း အပြီးပြင်နိုင်ရန် မလွယ်ကူတော့ချေ။

စင်စစ် တကယ်တမ်း အကာအကွယ်အစီရင်တစ်ခုကို ပြင်နိုင်ရန်မှာ များစွာ အင်အားစိုက်ထုတ်ရသည့် အရာဖြစ်လေသည်။ တွမ့်မူရှန်း၏ ကျင့်ကြံဆင့်က မြင့်မားနက်နဲနေသည့်တိုင် အစီအရင် ၈ ခု၏ စုပ်ယူမှုကို တစ်ချိန်လုံး ခံနိုင်မည် မဟုတ်ပေ။

"ရှစ်စွင်း၊ ဒီနှုန်းတိုင်းသာဆိုရင် ကျွန်တော်တစ်ယောက်တည်း ဒီအစီအရင်တွေ အကုန် ပြန်ပြင်နိုင်ဖို့ မပြီးနိုင်မှာ စိုးမိပါတယ်..." တွမ့်မူရှန်းက အမှန်အတိုင်းဆိုလေသည်။ တစ်ချိန်တည်းမှာပင် သူ့ဆရာသခင်၏ မျက်နှာရိပ်ကဲကို တစ်ချက်ခိုးကြည့်လိုက်လေ၏။

လုကျိုး အသံနက်နက်သြသြဖြင့် ပြန်ပြောလိုက်တော့သည်။ "မင်းကို အပြစ်ပေးတဲ့အနေနဲ့ အစီအရင်ကို ပြန်ပြင်ခိုင်းတာလေ၊ မကျေနပ်ဘူးလား"

"မဟုတ်ပါဘူး၊ ဒီတပည့် မဝံ့ရဲပါဘူး"

"တစ်နှစ်အတွင်း မင်း ပြင်လို့ မပြီးနိုင်ရင် နှစ်နှစ် သုံးနှစ် အချိန်ပေးပြီး ပြင်ရမယ်၊ ထပ်ပြီး စောဒကတက်ရဲရင် မင်းကို အလွယ်တကူ သက်ညှာပေးနေတော့မှာ မဟုတ်ဘူး"

"ကျွန်တော် နားလည်ပါပြီ ရှစ်စွင်း၊ ကျွန်တော် ပျင်းရိခဲ့မိပါတယ်၊ ရှစ်စွင်း ခွင့်လွှတ်ပေးပါ၊ အခုပဲ ကျွန်တော် အစီအရင်တွေ သွားပြင်နေပါတော့မယ်"

လုကျိုး ထိပ်သီးဆယ်ယောက်နှင့် ရင်ဆိုင်နေရချိန်တွင်တော့ သူတို့သည် ဝင်မကူညီခဲ့ဘဲ ဘေးမှ လက်ပိုက်ကြည့်နေခဲ့ကြသည်။ ယခု သူက ၎င်းတို့ကို အကာအကွယ် အစီအရင် ပြန်ပြင်ရုံမျှဖြင့် အပြစ်ပေးသည်ကို စောဒက လာတက်ပြနေကြသေး။

ဤကဲ့သို့သော အရေးကြီးချိန်မျိုး၌ သူ စိတ်ပျော့သွား၍ မဖြစ်သည်ကို သိသည်။ တပည့်များကို စည်းကမ်းတင်းကျပ်သည်မှာ ယခင်ဘဝမှာတုန်းက လက်အောက်ငယ်သားများကို စီမံခန့်ခွဲရခြင်းနှင့် မခြားနားပေ။

တွမ့်မူရှန်း ထွက်သွားသောအခါမှ လုကျိုး စနစ် စာမျက်နှာကို ပြန်ထုတ်ကြည့်လိုက်လေသည်။

"ကံစမ်းမဲ"

"တင်း၊ ကံစမ်းမဲ ဆွဲရာမှ ကုသိုလ်ရမှတ် ၅၀ ကုန်ကျပါသည်၊ ကံစမ်းမှုအတွက် ကျေးဇူးတင်ပါတယ်၊ ကံအမှတ် တစ်မှတ် ရရှိပါတယ်"

"နောက်တစ်မဲ"

"တင်း၊ ကံစမ်းမဲ ဆွဲရာမှ ကုသိုလ်ရမှတ် ၅၀ ကုန်ကျပါသည်၊ ကံစမ်းမှုအတွက် ကျေးဇူးတင်ပါတယ်၊ ကံအမှတ် တစ်မှတ် ရရှိပါတယ်"

". . ."

သူ ဆယ်ကြိမ်ဆက်တိုက် ကံစမ်းဖြစ်လိုက်သည်။ သို့သော် အကြိမ်တိုင်း၌ 'ကံစမ်းမှုအတွက် ကျေးဇူးတင်ပါတယ်'ကိုသာ ရလေသည်။ တစ်စပ်တည်းမှာပင်၊ သူ့ကုသိုလ်မှတ် ၅၀၀ ဆုံးရှုံးသွားလေသည်။ အသားတင်အနေဖြင့် ကံ အမှတ် ၁၈ မှတ်သာ တက်လာခဲ့၏။

သူ မျက်မှောင်ကြုတ်ကာ ပြောလိုက်တော့သည်။

"စနစ်၊ နည်းနည်းပါးပါး အားနာတတ်ပါဦးလား၊ ကျုပ်ရဲ့ ကုသိုလ်မှတ်တွေ လိမ်ယူသွားရတာ အပြစ်ရှိသလို မခံစားရဘူးလား"

စနစ်က ပြန်မဖြေပေ။

ကျန်ရှိနေသေးသော ကုသိုလ် ၅၀၀ ကို ကြည့်ရင်း သူ ကံစမ်းရန် လက်လျှော့လိုက်ပြီး ဈေးဆိုင်တန်းကိုသာ ဖွင့်လိုက်တော့သည်။

"အကြောင်းပြန်လှန်ကတ်တစ်ကတ် ဝယ်မယ်"

"တင်း၊ ကုသိုလ်မှတ် ၅၀၀ နုတ်လိုက်ပါပြီ၊ သင် အကြောင်းပြန်လှန်ကတ် တစ်ကတ်ရရှိပါတယ်"

ယခုတော့ သူ့မှာ ကုသိုလ်မှတ် အကုန် သုံးမိလျက်သားဖြစ်သွားလေပြီ။ ၄ မှတ်သာ ကျန်၏။

"အဲ့ကတ် သုံးမယ်"

ယခင်က အကြောင်းပြန်လှန်ကတ်များ သုံးဖူးသည်ဖြစ်၍ ယခုတစ်ခါမှာတော့ လုကျိုး တည်ငြိမ်နေပြီဖြစ်သည်။ သူ စာမျက်နှာပေါ်မှ ကျန်ရှိ သက်တမ်းနေရာကိုသာ စိုက်ကြည့်နေခဲ့သည်။ အမှန်ပင်၊ သက်တမ်းက ၁၅၀၉ ရက်အထိ တိုးသွားလေ၏။

"ရှိသမျှကို သုံးဖြုန်းပစ်လိုက်ပြီဆိုတော့ အဲဆီကိုပဲ အတွေးရောက်နေတော့မှာ မဟုတ်ဘူး၊ ဆိုတော့ကာ... ငါ အခု လုပ်ဖို့ကျန်တာဆိုလို့ ကျောခင်း ခြေဆင်းပြီး သေမဲ့နေ့ စောင့်ဖို့ပဲလား" လုကျိုး ပျင်းရိငြီးငွေ့လာတော့၏။

အိုမင်း၍ မစွမ်းဖြစ်နေသော ခန္ဓာဖြင့် တစ်စုံတစ်ခု လုပ်နိုင်ရန် ခဲယဉ်းလှသည်။ သူ့ယခင်ဘဝမှာတော့ အသက်ကြီးလာလျှင်လည်း စစ်တုရင်ထိုး၊ ဖဲရိုက်၍ ရသည်။ သို့မဟုတ်ပါကလည်း ခွေးကျောင်းထွက်နိုင်သေးသည်။

"တင်း... ကျိုးကျစ်ဖုန်း ဘက်ပြောင်းမှုကို လှုံ့ဆော်ခြင်း အရံတာဝန် အောင်မြင်ပါသည်၊ ကုသိုလ်မှတ် ၂၀၀ ရရှိသွားပါသည်"

"တင်း၊ ကျိုးကျစ်ဖုန်း၏ ရန်လိုမှု အဆင့် သုညဖြစ်သွားပါပြီ၊ သစ္စာစောင့်သိမှု ၁၀ ရာခိုင်နှုန်း ဖြစ်သွားပါသည်"

"တင်း၊ အကြီးအကဲ နှစ်ဦးကို သတ်လိုက်သည်၊ သင် ကုသိုလ်မှတ် ၂၀၀ ရပါသည်"

လုကျိုး မျက်ဝန်းများ အရောင်တောက်ပသွားတော့လေ၏။

"ကျောင်းယွဲ့ တော်သားပဲ"

ဆုလာဘ်ရလာသဖြင့် သူ ပျော်နေစဉ်မှာပင် တောင်ခြေမှနေ၍ လူရိပ်တစ်ခု ပျံတက်လာလေသည်။

လုကျိုး ထိုအရိပ်ကို ကြည့်လိုက်သည်။ မင်ရှစ်ရင် ဖြစ်လေ၏။

"ရှစ်စွင်း ဒီတပည့်က တာဝန်ပြီးမြောက်သွားပါပြီ၊ ရှစ်စွင်းကို အစီရင်ခံတင်ပြပါတယ်"

All Chapters