မင်ရှစ်ရင်၏ စူးစမ်းမှု
Vol. 2 Ch. 18
အခန်း (၁၈) မင်ရှစ်ရင်၏ စူးစမ်းမှု
လုကျိုးက မင်ရှစ်ရင်ကို မြင်လိုက်သည့်အခါ မျက်မှောင်ကြုတ်မိသွားသည်။ သူ့စတုတ္ထမြောက် တပည့်ဖြစ်သူ၏ သစ္စာရှိမှုကား ၅၈ ရာခိုင်နှုန်းသို့ ကျဆင်းသွားလေပြီ။ ဤသည်မှာ ပြဿနာ ရှိနေမှန်း သိသာလှ၏။
သို့သော်လည်း သူက ခပ်တည်တည် မျက်နှာထားဖြင့် မသိသလို စောင့်ဆိုင်းနေလိုက်သည်။
ထိုစဉ် မင်ရှစ်ရင်က ဆက်ပြောလိုက်လေ၏
“အဲဒီဓားပြတွေကို သတ်ပြီးတော့ ကျွန်တော် စာပို့ငှက်နဲ့ တန်းအကြောင်းကြားခဲ့ပါတယ်။ ပြီးတာနဲ့ ကျားတောင်ရိုးဂိုဏ်းဆီ သွားပြီး ပါ့ရှစ်တိနဲ့ .. အဲလေ သစ္စာဖောက် ကျူးဟုန်ကုန်းနဲ့ သွားတွေ့ခဲ့ပြီးတော့ သင်ခန်းစာပေးခဲ့လိုက်တယ် ”
သူက အကုန်တင်ပြပြီးပြီ ဖြစ်၍ လုကျိုး၏ တုံ့ပြန်မှုကို စောင့်နေလိုက်သည်။ လုကျိုး၏ မပြောင်းမလဲ မျက်နှာထားကို မြင်လိုက်ရသည့်အခါ တစ်ခုခုကို တွေးမိသွားဟန်ဖြင့် ထပ်ပြောလိုက်လေ၏။
“ ကျွန်တော် ပြောသမျှ အားလုံးက အမှန်တွေချည်းပါ။ ရှစ်စွင်းကို မလိမ်ရဲပါဘူး ”
“ မင်း ကောင်းကောင်း လုပ်ခဲ့တယ် ”
“ ကျေးဇူးတင်ပါတယ် ရှစ်စွင်း ”
“ ဒါပေမဲ့ … ”
‘ဒါပေမဲ့’ ဆိုသော စကားက မင်ရှစ်ရင်အား ရင်တုန်ပန်းတုန် ဖြစ်လာစေသည်။ သူ့ရှစ်စွင်းကို ကြည့်နေစဉ် နှလုံးခုန် မြန်လာမိ၏။
လုကျိုးက ပြောလိုက်သည်။
“ မင်းရဲ့ ရှစ်မေ့ မိသားစုကို ပြန်ပေးဆွဲတဲ့ လူတွေကို စုံစမ်းစစ်ဆေးတာရော ဘယ်လိုရှိလဲ ”
“စုံစမ်းနေဆဲပါ ရှစ်စွင်း။ ကျူးဟုန်ကုန်းက သူနဲ့ ဘာမှမပတ်သက်ဘူးလို့တော့ ပြောပါတယ်။ သေချာတွေးကြည့်လိုက်တော့ သူ့အနေနဲ့ အဲလို လုပ်စရာအကြောင်း မရှိဘူးလားလို့ တပည့်လဲ တွေးမိလိုက်တယ်။ ပြီးတော့ ဒီလူတွေက ရှစ်မေ့ရဲ့ မိသားစုဝင်တွေလေ … သူက ရှစ်စွင်းကို သစ္စာဖောက်သွားပေမဲ့ ဒီလောက် ရက်ရက်စက်စက်တော့ လုပ်မယ်လို့တော့ မထင်ဘူး ”
လုကျိုးက ခေါင်းညိတ်ပြလိုက်သည်။
“ မင်း ပြောတာ ဟုတ်တယ် … နောက်ထပ် ပြောစရာ ရှိသေးလား ”
“ ကျွန်တော် ကျူးဟုန်ကုန်းကို ထပ်စုံစမ်းဖို့ ပြောခဲ့ပါတယ်။ သူက အတွင်းပိုင်းအထိ မရောက်မချင်း ရပ်မှာ မဟုတ်လောက်ဘူး ”
“ ပြီးတော့ရော ”
“ အာ …”
“မင်း လောင်ပါ့နဲ့ သွားတွေ့တုန်းက ဒါတွေပဲ ပြောလာတာ မဟုတ်ဘူးမလား ”
မင်ရှစ်ရင်က နှလုံးခုန် မြန်လာမိသည်။
သူ့ကျင့်ကြံဆင့်က ထူးချွန်ပြောင်မြောက်လွန်းလေရာ တစ်ယောက်ယောက်သာ သူ့အား စောင့်ကြည့်နေပါက သေချာပေါက် ရှာတွေ့ပေမည်။
“ရှစ်စွင်း … ကျွန်တော်တို့ ကျန်တာ မပြောခဲ့ပါဘူး ” မင်ရှစ်ရင်က မည်သို့ပင် ဖြစ်စေ ပုန်ကန်လိုသည့် အတွေးများကို ဖုံးကွယ်ထားရမည်မှန်း ကောင်းကောင်း သိပေသည်။
ထိုအကြောင်း ကြားလိုက်သည့်အခါ လုကျိုးက မင်ရှစ်ရင်သည် အလွယ်လေး လက်လျှော့မည် မဟုတ်ကြောင်း သိလိုက်၍ ခေါင်းတခါခါဖြင့်
“ထားလိုက်ပါတော့ … မင်း မပြောချင်မှတော့ အတင်းကျပ် ဖိအားမပေးနေတော့ဘူး။ ဒီတစ်ခေါက် ကောင်းကောင်း ဖြေရှင်းနိုင်ခဲ့တယ်။ အခု မင်းရဲ့ စန်းရှစ်ရှိုးနဲ့အတူတူ ဂိုဏ်းရဲ့ အရံအတားကို သွားကူပြင်ပေးချည် … လိုတာရှိမှ မင်းကို ခေါ်လိုက်မယ် ”
“ဟုတ် ရှစ်စွင်း ” မင်ရှစ်ရင်က ဘယ်ကြည့်လိုက် ညာကြည့်လိုက် လုပ်လိုက်သေးသည်။ သူက ရှောင်ယွမ်အာကို မမြင်မိသည့်အခါ ထွက်သွားတော့မည့်ဆဲဆဲ၌ ရပ်လိုက်ပြီး မေးလိုက်၏။
“ ရှစ်စွင်း … ရှစ်မေ့ရော ဘယ်ရောက်နေတာလဲ ”
“ မင်း ကိစ္စ မဟုတ်ပါဘူး ”
“ ကျွန်တော် သိပါပြီ ရှစ်စွင်း ”
လုကျိုးက မိစ္ဆာမျှော်နန်းမှ ယူလာသော စာအုပ်ကို ကောက်ကာ တဖန် ပြန်ဖတ်ကြည့်လိုက်သည်။ သူက ဘာမှလုပ်စရာ မရှိပေ။ သို့သော် မင်ရှစ်ရင်က ချက်ချင်း ထွက်မသွားသေးပေ။
လုကျိုးက သူ့ကို စိုက်ကြည့်လိုက်ပြီး သူ့သစ္စာရှိမှု အမှန်တကယ် လျော့ကျသွားသည်ကို ထပ်မံ အတည်ပြုလိုက်သည်။
‘ ဒီကောင်လေး မဟုတ်တာ ကြံနေပြန်ပြီ ’
‘ကျိုးကျစ်ဖုန်းလိုမျိုး ခိုးကြောင်ခိုးဝှက် လုပ်ကြံမလို့လား ဒါပေမဲ့ ငါ့ဆီမှာ အထွတ်အထိပ်သဏ္ဌာန်ကတ်နဲ့ အတိုက်ခိုက် ဒဏ်ပြင်းကို ကာကွယ်နိုင်သော ကတ် ရှိနေတာပဲကို ဘာကြောက်ရမှာလဲ ’
“မင်ရှစ်ရင် … မင်းမှာ ဘာပြောစရာ ရှိသေးလို့လဲ ”
တပည့်က ပြန်လျှောက်လာကာ ဒူးထောက်လိုက်ပြီး လက်နှစ်ဖက်ယှက်လိုက်ရင်း ပြောလိုက်သည်။
“ ရှစ်စွင်း … ကျွန်တော် ‘သစ်သားပြာ ကျင့်စဉ်’ကို နောက်ဆုံးအဆင့်အထိ ကျင့်ကြံခဲ့ပေမဲ့ ကျွန်တော် ဘယ်လောက်ပဲ ကြိုးစားကြိုးစား နောက်ဆုံးအဆင့်ရဲ့ အနှစ်သာရကို နားမလည်နိုင်ဘူး ဖြစ်နေတယ်။ ရှစ်စွင်းက လမ်းညွှန်ပေးလို့ ရမလား ”
‘ ငါ့ကို လာစမ်းသပ်နေတာပဲ ’
လုကျိုးက ကျိထျန်းတောက်သည် သစ်သားပြာ ကျင့်စဉ် အားလုံးကို မသင်ပေးလိုက်မှန်း သိလိုက်သည်။ အကယ်၍ သူသာ မင်ရှစ်ရင်အား ယခု ပေးလိုက်လျှင် သူ့ပါရမီဖြင့် အဆင့်ချိုးဖောက်ဖို့ သိပ်လိုမည် မဟုတ်ပေ။
သို့သော်လည်း နောက်အခိုက်အတန့်၌ သူ အန္တရာယ်ကြား ရောက်သွားနိုင်ပေသည်။
ထိုအကြောင်းကို တွေးမိကာ ချောင်းဟန့်လိုက်ရင်း ပြောလိုက်သည်။
“ လောင်စစ် … ကျင့်ကြံသူတစ်ယောက်အတွက် စိတ်မရှည်ခြင်းက အကြီးမားဆုံး အတားအဆီးပဲ။ အံ့ဖွယ် ပညာရှင်တိုင်းရဲ့ နောက်ကွယ်မှာ နှစ်ရာချီ ကြိုးစားအားထုတ်မှုတို့ ရှိကြတယ်။ မင်း အဆင့်တက်တာ လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ်ကမလား။ အဆင့်ဆက်တက်ဖို့ ဘာလို့များ ဒီလောက် လောနေရတာတုန်း ”
“ ဒါက … ”
“ပြီးတော့ အဲဒါက မင်း အဆင့်တက်ဖို့ အတားအဆီးရောက်တဲ့အခါ မင်းရဲ့ ထိုးထွင်းဉာဏ်ပေါ် အားကိုးသင့်တယ်။ မင်းရဲ့ ထိုးထွင်းဉာဏ်က ကောင်းတယ်ဆိုပေမဲ့ စိတ်မရှည် မဖြစ်လို့ မရဘူး ”
မင်ရှစ်ရင်က ဦးညွတ်ကာ ပြောလိုက်သည်။
“ ရှစ်စွင်း သင်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်က ဒီအရာကို မမြင်ခဲ့မိဘူး ”
ထို့နောက် သူက ခေါင်းမော့ကာ ဆက်ပြောလိုက်သည် “ ရှစ်စွင်း … ပြီးတော့ ကျွန်တော် မှန်မှန်ကန်ကန် မသုံးနိုင်တဲ့ လက်သီးပညာရပ်လည်း ရှိနေသေးတယ်။ ရှစ်စွင်း သင်ကြားပေးဖို့ မျှော်လင့်ပါတယ် ”
‘ အာ ’
လုကျိုးက မင်ရှစ်ရင်ကို တစ်ချက်ကြည့်လိုက်သည်။
‘ သူ လောင်ပါ့ဆီကနေ တစ်ခုခု ကြားလာပြီး သံသယစိတ်နဲ့ လာစမ်းသပ်နေတာပဲ ’
လုကျိုးက လှည့်ကွက် မရှိတော့သောကြောင့် သူ့တပည့်ဖြစ်သူအတွက် လက်သီး ပညာရပ် သရုပ်ပြဖို့သက်သက်ဖြင့် အထွတ်အထိပ် သဏ္ဌာန်ကတ်ကို မသုံးနိုင်ပေ။
သို့သော် အကယ်၍ သူ ငြင်းပယ်ခဲ့လျှင် တပည့်ဖြစ်သူ သံသယဝင်မှု ပိုမို ကြီးထွားလာပေမည်။
သူက မင်ရှစ်ရင်ကို ဘယ်လို သင်ကြားပေးရမလဲ …
သူက စိတ်နက်နဲမှု ဉာဏ်အလင်းပွင့်ခြင်း နယ်ပယ်အဆင့်မျှသာ ရှိသေးပြီး သူ့တပည့်ဖြစ်သူကား နတ်ဒေဝါ ဦးတည် နယ်ပယ် ဖြစ်နေသည်။ ကလေးတစ်ယောက်အား လူကြီးတစ်ယောက်ကို သင်ပြခိုင်းသလို ဖြစ်နေလေပြီ။
“ ရှစ်စွင်း ”မင်ရှစ်ရင်က ဘေးမှ ထပ်ခေါ်လိုက်သည်။
လုကျိုးက မေးလိုက်သည်။
“ မင်းက ဘယ်အပိုင်းကို ကောင်းကောင်း မသုံးနိုင်တာလဲ ”
“ဒီလက်သီး ပညာရပ်ရဲ့ အားအပြင်းဆုံး စွမ်းအားကို ထုတ်မသုံးနိုင်ဘူးလို့ ခံစားမိနေတာ။ အသုံးပြုတဲ့အခါတိုင်း တင်းကျပ်နေသလိုပဲ ”
လုကျိုးက ခေါင်းညိတ်ကာ “ အပြင်ဘက်မှာ အစမ်းသရုပ်ပြကြည့် ”
“ ဟုတ် ရှစ်စွင်း ”မင်ရှစ်ရင်က ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။ သူ့ဝတ်ရုံပြာနှင့် ဆံပင်ရှည်ရှည်တို့က ညို့ယူဆွဲဆောင်နိုင်ဟန် ပေါ်နေစေသည်။
သူက မတ်မတ်ရပ်လိုက်ကာ မြေပြင်ကို အသာကန်ကာ ခုန်ပျံသွားလိုက်ပြီး လေထဲ၌ ပုံရိပ်ယောင်များသာ ချန်ထားရစ်ခဲ့သည်။ နောက်အခိုက်အတန့်လေး၌ သူ ဘယ်လက်သီးနှင့် ညာလက်သီး ဆန့်ထုတ်လိုက်သည့်အခါ လေတစ်ချက် ဖြတ်တိုက်သွားလေသည်။
ကောင်းကင်အနှံ့ ကြောက်မက်ဖွယ် စွမ်းအားများနှင့် ပြည့်နှက်သွားကာ လေးဖက်လေးတန် ပျံ့နှံ့သွားသည်။ လက်သီးတချို့ ပစ်ခွင်းပြီးနောက် မင်ရှစ်ရင်က လေထဲ ရပ်ကာ ပြောလိုက်သည်။
“ ရှစ်စွင်း ဒီဟာပါ ”
လုကျိုးက ကျောက်တုံးလိုမျိုး မလှုပ်မယှက် နေနေသည်။
‘ ငါ့ကို တိုက်ရဲတယ်လား’
သူက တွေးနေရင်း မင်ရှစ်ရင်အား စိုက်ကြည့်လိုက်သည်။ ထိုစဉ် လေထဲ လက်သီးထောင်ချီ ထွက်ပေါ်လာကာ ပစ်မှတ်တစ်ခုပေါ် ကျရောက်လာသည်။
ဘုန်း
စွမ်းအားက တောင်နံရံဆီ ကျရောက်လာကာ ကျောက်တုံးများ ပြိုကျလာစေသည်။
အားပြင်းလိုက်တဲ့ လက်သီးချက်
မင်ရှစ်ရင်က မြေပြင်ပေါ် ဆင်းသက်လာသည်။ သူ့နောက်ရှိ ကျောက်တုံးပြိုသံကား တိတ်ဆိတ်သွားဖို့ အချိန်ယူလိုက်ရသေးသည်။
“ ရှစ်စွင်း … ကျွန်တော် လက်သီးချက်ရဲ့ ဟာကွက်ကို ပြောပြပေးနိုင်မလားဟင် ”
အမှန်အတိုင်း ပြောရလျှင် လုကျိုးက ဘာမှမမြင်လိုက်ရပေ။ သူ့လက်ရှိကျင့်ကြံဆင့်လေးဖြင့် မင်ရှစ်ရင်၏ အမြန်နှုန်းကို မမှီနိုင်ပေ။ လက်သီးချက် အချက်တစ်ရာကို တစ်စက္ကန့်အတွင်း ထိုးခွင်းပစ်လိုက်သောကြောင့် အရမ်းကို မြန်လွန်းပေသည်။
သူက ဘာများ လမ်းညွှန်ပေးနိုင်မည်နည်း။
လုကျိုးက မှတ်ဉာဏ်ကို တဖန် ရှာဖွေကြည့်လိုက်သည်။ ဤလက်သီး ပညာရပ်ကို ကျိထျန်းတောက်က မင်ရှစ်ရင်အား သင်ပေးထားခြင်း ဖြစ်ပြီး ကျင့်စဉ်နှင့် နည်းလမ်းတူစွာ နောက်ဆုံးအဆင့်အထိ မသင်ပေးထားပေ။
မင်ရှစ်ရင်၏ လက်သီး ပညာရပ်တွင် ပြဿနာ မရှိပေ။ သူက နောက်ဆုံး ကျင့်စဉ်အထိ မကျင့်ကြံရသေးခြင်းသာ ဖြစ်၏။ ထို့ကြောင့် စွမ်းအားက အတော်လေး လျော့ကျသွားပေသည်။
တကယ်တမ်းတော့ ရွေးချယ်မှု ကိစ္စသာ ဖြစ်၏။
‘တပည့်များက အသိအမြင်ကြွယ်၀မှုကို သင်ပြချိန် သူတို့၏ ဆရာက အလုပ်ဆုံးရှုံးရသည်’ ဟူသည့် ဆိုရိုးအတိုင်းပင်။
လုကျိုးက ခဏတာ တွေးလိုက်ပြီး “ မင်းက ဒီလက်သီးပညာရပ်ကို ပြည့်ပြည့်စုံစုံ လေ့ကျင့်ထားနိုင်တယ်။ ပြဿနာ မရှိပါဘူး ”
“ အာ ”
“လောင်စစ် ” လုကျိုးက လျှောက်လာကာ လက်ကို အနည်းငယ် မြှောက်လိုက်သည့်အတွက် မင်ရှစ်ရင်ကို ကတုန်ကယင် ဖြစ်သွားစေသည်။
ဝုန်း
မင်ရှစ်ရင်က ဒူးထောက်ကာ ပြောလိုက်သည်။
“ ကျွန်တော် .. ကျွန်တော် မှားသွားပါတယ်။ ရှစ်စွင်း ခွင့်လွတ်ပေးပါ ”
လုကျိုးက မုတ်ဆိတ်မွေးကို သပ်ကာ သက်ပြင်းချရင်း “ ငါ မင်းကို ဘယ်လိုကျင့်ကြံရမယ်ဆိုတာကို သင်ပေးခဲ့တယ်။ ဒါပေမဲ့ ဘယ်လိုပြုမူရမယ်ဆိုတာကို မသင်ပေးမိခဲ့ဘူး။ မင်းရဲ့ လှည့်ကွက်နဲ့ ကလေးတွေကို အရူးလုပ်နိုင်ပေမဲ့ ငါ့အပေါ် လာသုံးရဲတယ်ပေါ့လေ ”
“ကျွန်တော် မှားသွားပါတယ် … ရှစ်စွင်းကို မလှည့်ဖျားရဲပါဘူး ” မင်ရှစ်ရင်က နောက်ကျောမှ ချွေးအေးများ စီးကျလာကာ ဒူးထောက်လျက် တောင်းပန်လိုက်သည်။
‘ရှစ်စွင်းက အားလုံးကို သိနေတာပဲ ’
“လောင်စန်း ” လုကျိုးက သူ့အသံတွင် စွမ်းအားတချို့ ထည့်သုံးထား၏။ သူ ထင်ထားသည့်အတိုင်း တွမ့်မူရှန်းက အနီးမှ ပြေးထွက်လာသည်။
“ရှစ်စွင်းကို ဂါရဝပြုပါတယ် ”
“ဒီရောက်နေမှတော့ ပွင့်ပွင့်လင်းလင်း လာကြည့်လေ။ မင်း ထောင့်မှာ ပုန်းနေတာကို ငါ မသိဘူး ထင်နေလား ”
“ရှစ်စွင်း ခွင့်လွှတ်ပေးပါဗျ ” တွမ့်မူရှန်းက အပြစ်ရှိစိတ်ဖြင့် ဒူးထောက်လိုက်သည်။
သူက တပည့်နှစ်ယောက် ကြောက်ဒူးတုန်နေသည်ကို ကြည့်ကာ လုကျိုးက ကျိထျန်းတောက်သည် သူတို့စိတ်နှလုံးသားထဲ၌ အကြောက်တရားမျိုးစေ့ စိုက်ပျိုးထားလိုက်ပြီးသား ဖြစ်ကြောင်း သတိပြုမိလိုက်သည်။ သူတို့က သာမာန်မိစ္ဆာများ ဖြစ်နေလျှင် ခုန်ထွက်ကာ တိုက်ခိုက်ကြပေမည်။