← Chapters

အခန်း (၈၅-၈၆)

Vol. 7 Ch. 85-86

အခန်း (၈၅-၈၆)

Vol. 7 Ch. 85-86

အခန်း (၈၅) - လုံးဝရှုပ်ထွေးသွားခြင်း၊ ဘိုးဘေးအစစ် သို့မဟုတ် အတု၊ ဤသည်မှာ ကုမိသားစုလော

‎

‎

‎

‎မည်သို့ ဖြစ်ပျက်နေခြင်းနည်း။

‎

‎

‎ပြုံးရွှင်နေကြသော ယွမ်မိသားစုဝင်များအား ကြည့်ရင်း ကုဝူရှန့်၏ဦးနှောက်မှာ ချက်ချင်းပင် အလုပ်မလုပ်တော့ချေ။

‎

‎

‎သူ... သူ မှားယွင်း၍ မြင်တွေ့နေမိသည် မဟုတ်လော။

‎

‎

‎ထိုယွမ်မိသားစုဝင်ဂ္ဂိုလ်သည် သူ၏ခန့်ညားသော အမူအရာနှင့်အတူ... သူ့အား ဝန်းရံလိုက်ပါလာသော ယွမ်မိသားစု အကြီးအကဲများစွာ ရှိနေသည်ကို ကြည့်ခြင်းအားဖြင့်... ဤဧကရာဇ်မျိုးနွယ်၏ ယွမ်မိသားစုခေါင်းဆောင်ဖြစ်နိုင်ပြီး ရာထူးအလွန်မြင့်မားသည်မှာ ထင်ရှားလှသည်။

‎

‎

‎သို့သော်... ဧကရာဇ်မျိုးနွယ်တစ်စု၏ ခေါင်းဆောင်တစ်ဦးက ကုမိသားစုမှ မျိုးဆက်ငယ်တစ်ဦးအား အဘယ်ကြောင့်... ဤမျှ ယဉ်ကျေးပျူငှာစွာ ဆက်ဆံနေရသနည်း။

‎

‎

‎ဤသည်မှာ ယဉ်ကျေးပျူငှာခြင်းဟုပင် မဆိုနိုင်တော့ချေ။ ယင်းမှာ မျက်နှာချိုသွေး၍ ပျပ်ဝပ်ဖားယား လုပ်နေခြင်းပင် ဖြစ်သည်။

‎

‎

‎ကုဝူရှန့်သည် အနည်းငယ် တွေဝေသွားခဲ့ပြီး... ယွမ်မိသားစုက သူရှိနေသည်ကို သိရှိသွားသောကြောင့် ဤကုမိသားစုတပည့်အား... ဤမျှရိုသေလေးစားစွာ ဆက်ဆံနေခြင်းဖြစ်မည်လောဟုပင် တွေးတောမိလိုက်သည်။

‎

‎

‎သို့သော် ခဏအကြာတွင်ပင်... သူသည် ဤခန့်မှန်းချက်ဟာ မဖြစ်နိုင်မှန်း သိလိုက်လေသည်။

‎

‎

‎မည်သို့ပင်ဆိုစေ... သူသည် ဂုဏ်သိက္ခာကြီးမားသော ဧကရာဇ်တပိုင်းအဆင့် တစ်ဦးဖြစ်ပြီး... လက်ရှိတွင် သူ၏ချီအငွေ့အသက် တစ်စိုးတစ်စိမျှပင် ဖော်ပြထားခြင်းမရှိပေ။ ယွမ်မိသားစုက သူရှိနေခြင်းကို မည်သို့ သိနိုင်မည်နည်း။

‎

‎

‎ထို့အပြင်... ယွမ်မိသားစုက သူရှိနေသည်ကို သိရှိခဲ့လျှင်ပင်... ထိုအကြောင်းကြောင့် ကုမိသားစု မျိုးဆက်ငယ်တစ်ဦးအား ဤမျှလောက် မျက်နှာချိုသွေး ဖားယားလုပ်နေမည် မဟုတ်ပေ။

‎

‎

‎ထို့အပြင်... ဤကုမိသားစု မျိုးဆက်ငယ်သည် ယွမ်မိသားစုတစ်စုလုံးအား မျိုးဖြုတ်သုတ်သင်ပစ်မည်ဟု... ယခုလေးတင် ခြိမ်းခြောက်ခဲ့၏။

‎

‎

‎ယွမ်မိသားစုဝင်များက ဤသည်ကို ကြားသိရသော်လည်း ဒေါသပင် မထွက်ကြသလော။

‎

‎

‎ကုဝူရှန့်သည် အမှန်ပင် ရှုပ်ထွေးသွားခဲ့သော်လည်း သူ့အား ပို၍ပင် နားမလည်နိုင် ဖြစ်စေမည့် အရာများမှာမူ ကျန်ရှိနေသေး၏။

‎

‎

‎ယွမ်မိသားစုခေါင်းဆောင်၏ စိတ်အားထက်သန်သော အမူအရာအား ရင်ဆိုင်ရသော်လည်း ကုချူ၏အမူအရာမှာ တည်ငြိမ်နေဆဲဖြစ်သည်။ သူက ရိုးရှင်းစွာပင် " ယွမ်မိသားစုခေါင်းဆောင်... ငါတို့ ကုမိသားစု တောင်းထားတဲ့ ပစ္စည်းတွေ ဘယ်မှာလဲ " ဟု ဆိုလိုက်၏။

‎

‎

‎" ဒီမှာပါ... အားလုံး ဒီမှာပါပဲ "

‎

‎

‎ယွမ်မိသားစုခေါင်းဆောင်သည် သူ၏နဖူးမှ ချွေးစေးများအား သုတ်လိုက်ပြီး... သူ၏ရင်ခွင်ထဲမှ သိုလှောင်လက်စွပ်များစွာကို အလျင်အမြန်ထုတ်ယူကာ... မလိုလားစွာဖြင့် ကုချူထံသို့ ပေးအပ်လိုက်ရသည်။

‎

‎

‎သူသာမကဘဲ ရှိနေသော ယွမ်မိသားစု အကြီးအကဲများအားလုံးသည်လည်း နာကျင်မှုနှင့် မလိုလားမှုတို့၏ အမူအရာများကို ပြသလျက်ရှိသည်။

‎

‎

‎ဤသိုလှောင်လက်စွပ်များအတွင်းရှိ မြင့်မြတ်ရတနာများနှင့် အဖိုးတန်ပစ္စည်းများသည် ယွမ်မိသားစု၏ နှစ်ပေါင်းသောင်းနှင့်ချီသော စုဆောင်းမှုများ ဖြစ်ကြသည်။ ယခုအခါ ထိုအရာများအားလုံးကို တံမြက်လှည်း ရှင်းလင်းခံလိုက်ရသကဲ့သို့ ကုမိသားစုထံသို့ ပေးအပ်လိုက်ရလေပြီ။ ဤသည်က ယွမ်မိသားစုအား မည်သို့ မနာကျင်စေဘဲ ရှိနိုင်မည်နည်း။

‎

‎

‎ဤမြင့်မြတ်ရတနာများနှင့် အဖိုးတန်ပစ္စည်းများအား စုဆောင်းရန်အတွက် ယွမ်မိသားစုသည် မျက်နှာပြောင်တိုက်ကာ... မြင့်မြတ်နယ်မြေများနှင့် ဂိုဏ်းကြီးများစွာထံသို့ သွားရောက်ခဲ့ပြီး... ကတိများစွာပေးကာ... ကျေးဇူးကြွေးများစွာ တင်ခဲ့ရသည်။ ဤသို့ပြုလုပ်ပြီးမှသာ ဤရတနာများအား မနည်းစုဆောင်းနိုင်ခဲ့ခြင်း ဖြစ်သည်။

‎

‎

‎ယွမ်မိသားစုခေါင်းဆောင်ထံမှ သိုလှောင်လက်စွပ်များအား ယူပြီးနောက်... ကုချူသည် ၎င်းတို့အား အလျင်စလို သိမ်းဆည်းခြင်း မပြုခဲ့ပေ။ ထိုအစား သူသည် လက်စွပ်တစ်ကွင်းချင်းစီကို ကောက်ယူလိုက်ပြီး... တစ်ခုပြီးတစ်ခု စတင်ရေတွက်နေလေသည်။

‎

‎

‎များပြားလှသော မြင့်မြတ်ရတနာများနှင့် အဖိုးတန်ပစ္စည်းများအား ကုချူက သိုလှောင်လက်စွပ်များအတွင်းမှ ပေါ့ပေါ့ပါးပါး ထုတ်ယူလိုက်ပြီး... မြေပြင်ပေါ်တွင် တောင်ငယ်လေးတစ်လုံးသဖွယ် စုပုံထားလိုက်သည်။ ၎င်းတို့အား ရေတွက်ပြီးနောက်တွင်မှ သူက သိမ်းဆည်းလိုက်သည်။

‎

‎

‎ထိုလုပ်ငန်းစဉ်တစ်လျှောက်လုံးတွင် ယွမ်မိသားစု အကြီးအကဲများပင်လျှင်... ယွမ်မိသားစုနှင့် သက်ဆိုင်သင့်သော ဤမြင့်မြတ်ရတနာများနှင့် အဖိုးတန်ပစ္စည်းများအား ကြည့်ရှုရင်း... တံတွေးများကို တိတ်တဆိတ် မျိုချမိကြသည်။

‎

‎

‎ဆန့်ကျင်ဘက်အားဖြင့်... ရတနာများအား ရေတွက်နေသော ကုချူမှာမူ... သူ၏ပုံမှန် တည်ငြိမ်သော အမူအရာကို ဆက်လက်ထိန်းသိမ်းထားပြီး... အနည်းငယ်မျှပင် ပြောင်းလဲခြင်း မရှိခဲ့ပေ။

‎

‎

‎အကြောင်းမှာ... သူသည် ဤမြင်ကွင်းမျိုးကို တစ်ကြိမ်ထက်မက... မြင်တွေ့ခဲ့ဖူးသောကြောင့် ဖြစ်သည်။

‎

‎

‎အစပိုင်းက တုန်လှုပ်မှုမှသည် ယခုအချိန်အထိ... ဤမျှများပြားသော ရတနာများနှင့် ရင်ဆိုင်ရသည့်တိုင်အောင်... ကုချူသည် အစဉ်အမြဲကဲ့သို့ တည်ငြိမ်နေနိုင်ခဲ့သည်။

‎

‎

‎" ဒီ..... "

‎

‎

‎ကုချူက များပြားလှသော ရတနာများအား တည်ငြိမ်စွာ ရေတွက်ပြီးနောက် ၎င်းတို့အားလုံးကို သိမ်းဆည်းလိုက်သည်ကို ကြည့်ရင်း ကုဝူရှန့်သည် သူ၏ဦးနှောက်မှာ လုံလောက်ခြင်းမရှိတော့သကဲ့သို့ ခံစားလိုက်ရသည်။

‎

‎

‎ကုမိသားစု၏ ကျဆင်းမှု... ဧကရာဇ်မျိုးနွယ် အသီးသီး၏ သစ္စာဖောက်မှု... ထို့နောက် ကုမိသားစုအား ပူးပေါင်းဖိနှိပ်မှုတို့သည် အဘယ်သို့နည်း။

‎

‎

‎အဘယ်ကြောင့် ယခုအခါတွင် လုံးဝ ကွဲပြားခြားနားနေရသနည်း။

‎

‎

‎မည်သူက မည်သူ့အား ဖိနှိပ်နေပြီး... မည်သူက မည်သူ့အား အနိုင်ကျင့်နေသနည်း။ ဤသည်မှာ ယုတ္တိမတန်သော မြင်ကွင်းပင်ဖြစ်သည်။ သူ အိပ်မက်မက်နေခြင်းတော့ မဟုတ်တန်ရာ.....

‎

‎

‎ကုဝူရှန့်သည် မိမိကိုယ်မိမိ နက်ရှိုင်းစွာ သံသယဝင်သွားမိလေသည်။

‎

‎

‎ယွမ်မိသားစု၏ ဂိတ်တံခါးဝတွင် ကုချူသည် နောက်ဆုံးတွင် မြင့်မြတ်ရတနာများနှင့် အဖိုးတန်ပစ္စည်းများအားလုံးကို ရေတွက်၍ ပြီးဆုံးသွားခဲ့သည်။

‎

‎

‎သူသည် ယွမ်မိသားစုမှ ပေးအပ်သော သိုလှောင်လက်စွပ်များအားလုံးကို သိမ်းဆည်းလိုက်ပြီးနောက် မည်သည့်စကားမျှ မဆိုဘဲ ခန့်ညားစွာ ထွက်ခွာသွားလေသည်။

‎

‎

‎ကုချူ၏ ထွက်ခွာသွားသော ကျောပြင်အား ကြည့်ရင်း ယွမ်မိသားစုဝင်များသည် အံကြိတ်ထားကြသော်ငြား... သူတို့၏ မကျေနပ်မှုနှင့် ဒေါသကိုပင် ဖော်ပြရန် မဝံ့ရဲဘဲ... ခေါင်းများ ငုံ့ထားရုံသာ တတ်နိုင်ခဲ့ကြသည်။

‎

‎

‎အကြောင်းမှာ... ယွမ်မိသားစု ဆက်လက်တည်ရှိနိုင်ခြင်း ရှိမရှိသည်... ထိုကုမိသားစု မျိုးဆက်ငယ်၏ အတွေးတစ်ချက်တည်းပေါ်တွင်သာ အမှန်တကယ် မူတည်နေသည်ကို သူတို့ သိရှိသောကြောင့်ပင် ဖြစ်၏။

‎

‎

‎...

‎

‎

‎ကုချူ ထွက်ခွာသွားသည်ကို မြင်သောအခါ... ကုဝူရှန့်သည် ခဏမျှ ရပ်တန့်သွား၏။ ထို့နောက် အိပ်မက်မှ နိုးထလာသကဲ့သို့... သူသည် ကုချူ၏နောက်သို့ လိုက်ပါသွားလေသည်။

‎

‎

‎ယွမ်မိသားစုတွင် ယခုလေးတင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များသည် သူ့အား နားလည်နိုင်စွမ်းမရှိ ဖြစ်စေခဲ့ပြီး... ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဆန်းကြယ်လျှို့ဝှက်သည်ဟုပင် ခံစားစေခဲ့သည်။

‎

‎

‎ထို့ကြောင့် သူသည် ကုချူ ဆက်လက်လုပ်ဆောင်ဦးမည့် အရာများကို ကြည့်ရှုရန်အတွက် ကုချူနောက်သို့ ဆက်လက်လိုက်ပါရန် ဆုံးဖြတ်လိုက်သည်။

‎

‎

‎နာရီအနည်းငယ် ကြာမြင့်ပြီးနောက်.....

‎

‎

‎နောက်ထပ် ဧကရာဇ်မျိုးနွယ်တစ်စုထံမှ 'ကုန်ပစ္စည်းများ အပြည့်အစုံဖြင့်' ထွက်ခွာလာသော ကုချူအား ကြည့်ရင်း... ကုဝူရှန့်သည် တိတ်ဆိတ်နေခဲ့ပြီး... သူ၏မျက်နှာတွင် မည်သည့်အမူအရာမျှ မရှိဘဲ ထုံကျင်နေသည့်အသွင်ကိုသာ ပြသနေသည်။

‎

‎

‎ဤနာရီအနည်းငယ်အတွင်း သူသည် ဤကုမိသားစု မျိုးဆက်ငယ်၏ ဧကရာဇ်မျိုးနွယ်များစွာထံ သွားရောက်ရာနောက်သို့ လိုက်ပါသွားခဲ့ပြီး... ကုချူက ဧကရာဇ်မျိုးနွယ် တစ်စုပြီးတစ်စုအား မည်သို့ 'လုယက်'ခဲ့သည်ကို... ကိုယ်တိုင်ကိုယ်ကျ မျက်မြင်တွေ့ရှိခဲ့ရသည်။

‎

‎

‎ဟုတ်သည်... ၎င်းမှာ လုယက်မှုပင် ဖြစ်သည်။

‎

‎

‎ဧကရာဇ်မျိုးနွယ် တစ်စုချင်းစီထံတွင်... ဤကုမိသားစု မျိုးဆက်ငယ်သည် ဓားပြတစ်ဦးကဲ့သို့ ပြုမူကာ ဧကရာဇ်မျိုးနွယ်အား မြင့်မြတ်ရတနာများနှင့် အဖိုးတန်ပစ္စည်းများ ပေးအပ်ရန် အမိန့်ပေးခဲ့ပြီး... အခွင့်သာတိုင်း ၎င်းတို့အား မျိုးဖြုတ်သုတ်သင်ပစ်မည်ဟုပင် ခြိမ်းခြောက်ခဲ့သည်။

‎

‎

‎ပို၍ပင် ထူးဆန်းသည်မှာ... ဤ 'အလုယက်ခံရသော' ဧကရာဇ်မျိုးနွယ်များသည် မလိုလားဟန် ရှိကြသော်လည်း... ခြွင်းချက်မရှိဘဲ မြင့်မြတ်ရတနာများနှင့် အဖိုးတန်ပစ္စည်းအမျိုးမျိုးကို နာခံစွာ ပေးအပ်ရုံသာ တတ်နိုင်ခဲ့ကြသည်။

‎

‎

‎အဘယ်ကြောင့် ဤသို့ ဖြစ်ရသနည်း။

‎

‎

‎ကုဝူရှန့်သည် အမှန်ပင် တွေဝေရှုပ်ထွေးသွားလေသည်။

‎

‎

‎လွန်ခဲ့သော နှစ်ပေါင်း ၅၀,၀၀၀ ခန့်... ကုမိသားစု၏ အစည်ပင်ဆုံးသော ကာလ၌ပင်... အခြားသော အဆုံးမဲ့ဧကရာဇ်မျိုးနွယ်စု တစ်စုချင်းစီတိုင်းသည် ကုမိသားစုအား အလေးအနက်ထားခြင်း မရှိခဲ့ကြချေ။

‎

‎

‎ယခုကဲ့သို့ အမိန့်ပေးခြင်းနှင့် ခိုင်းစေခြင်း ခံနေရသည်ကို မဆိုထားနှင့်ဦး.....

‎

‎

‎ယခု အဘယ်ကြောင့် ကုမိသားစုသည် အဖိနှိပ်ခံရသည့်ဘက်တွင် ရှိမနေဘဲ... ဤအဆုံးမဲ့ဧကရာဇ်မျိုးနွယ်စုများအား ဖိနှိပ်နေသော 'ဗီလိန်ကြီး' သဖွယ် ဖြစ်နေရသနည်း။

‎

‎

‎သူ ထွက်ခွာသွားခဲ့သည့် ဤနှစ်ပေါင်း ၅၀,၀၀၀ အတွင်း... ကုမိသားစု၌ မည်သို့သော အဖြစ်အပျက်များ ဖြစ်ပျက်ခဲ့သနည်း.....

‎

‎

‎...

‎

‎

‎ကုချူသည် နောက်ထပ် ဧကရာဇ်မျိုးနွယ်တစ်စုထံမှ ထွက်ခွာလာသောအခါ... ကုဝူရှန့်သည် နောက်ဆုံးတွင် မအောင့်အီးနိုင်တော့ဘဲ... ကုချူ၏ရှေ့မှောက်သို့ တိုက်ရိုက်ပေါ်ထွက်လာကာ... သူ မည်သူမည်ဝါဖြစ်ကြောင်းကို ဖော်ထုတ်လိုက်သည်။

‎

‎

‎" ငါက ကုဝူရှန့်... ကုမိသားစုရဲ့ အဝေးက ဘိုးဘေးတစ်ယောက်ပဲ... မင်းအသက်အရွယ်နဲ့ဆို ငါ့ကို ဘိုးဘေးလို့ ခေါ်ရလိမ့်မယ် "

‎

‎

‎ကုဝူရှန့်သည် ကုချူအား ကြည့်ကာ ကြင်နာစွာ ပြောဆိုလိုက်သည်။

‎

‎

‎သို့သော် ကုဝူရှန့်၏ ရှင်းလင်းချက်ကို ကြားရသောအခါ... ကုချူ၏ မျက်ခုံးများမှာမူ နက်ရှိုင်းစွာ တွန့်ချိုးသွား၏။

‎

‎

‎ဘိုးဘေးလား.....

‎

‎

‎ကုမိသားစုတွင် လက်ရှိ၌ ဘိုးဘေး တစ်ပါးတည်းသာ ရှိသည်။ ထိုသူမှာ ကုမိသားစုအား တစ်ဦးတည်း တည်ထောင်ခဲ့သော ကုချန်မဟာဧကရာဇ် ဖြစ်ပြီး... ယခုအခါ ကောင်းကင်ဘုံအရှင်သခင် ဖြစ်နေသူပင်တည်း။

‎

‎

‎ဤလူသည် မည်သူနည်း။ သူသည် ဘိုးဘေး၏အမည်နာမအား အတုယူရန် မည်သို့ ဝံ့ရဲရသနည်း။

‎

‎

‎" ငါ့ရဲ့ ကုမိသားစုက အခု ဘယ်မှာလဲဆိုတာ သိချင်တယ်.... ငါ့ကို လိုက်ပို့ပေးလို့ရမလား "

‎

‎

‎ကုဝူရှန့်က ဆက်လက်ပြောဆို၏။

‎

‎

‎" မင်းက ငါနဲ့ ကုမိသားစုကို လိုက်ချင်တာလား "

‎

‎

‎ကုချူသည် ကုဝူရှန့်အား နက်နက်နဲနဲ တစ်ချက်ကြည့်လိုက်ပြီး... သူ၏လက်ဖဝါးအတွင်းမှ ဂါထာလက်ဖွဲ့အား နောက်တစ်ကြိမ် ဖြေလျှော့လိုက်သည်။

‎

‎

‎ထိုဂါထာလက်ဖွဲ့အား မိသားစုခေါင်းဆောင်မှ ချီးမြှင့်ထားခြင်းဖြစ်ပြီး... လုံးဝမဖြစ်မနေ လိုအပ်သည့်အခြေအနေမှလွဲ၍ မသုံးစွဲရန် အကြိမ်ကြိမ် သတိပေးထားခဲ့သည်။

‎

‎

‎ဤလူသည် ကုမိသားစု၏ ဘိုးဘေးအဖြစ် အတုအယောင် ဟန်ဆောင်ရုံသာမက... သူနှင့်အတူ ကုမိသားစုသို့ ပြန်လိုက်ရန်ပင် ဝံ့ရဲနေသေးသည်။ ထိုသို့ဆိုပါက.. သူသည် ဤဂါထာလက်ဖွဲ့အား အသုံးပြုရန် မလိုအပ်တော့ချေ။

‎

‎

‎မည်သို့ပင်ဆိုစေ ဘိုးဘေး ကိုယ်တိုင် ရှိနေပါလျှင်... ဤလူသည် မည်သည့် ပြဿနာမျှရှာနိုင်မည် မဟုတ်ပေ။

‎

‎

‎" မင်း နောင်တမရဘူးလို့ မျှော်လင့်တယ် "

‎

‎

‎ကုချူသည် ကုဝူရှန့်အား နက်ရှိုင်းစွာ တစ်ချက်ကြည့်လိုက်ပြီးနောက်... အထက်ကောင်းကင်တားမြစ်နယ်မြေရှိရာသို့ ဦးဆောင်၍ ထွက်ခွာသွားသည်။

‎

‎

‎ကုဝူရှန့်သည် ဤသည်ကို မြင်လျှင် အလျင်အမြန် လိုက်ပါသွားခဲ့ပြီး... သူ၏မျက်လုံးများကမူ မထိန်းချုပ်နိုင်သော စူးစမ်းလိုစိတ်ကို ဖော်ပြလျက်ရှိသည်။

‎

‎

‎ဤအဖြစ်အပျက်များ ဆက်တိုက်ဖြစ်ပွားပြီးနောက်... သူသည် ကုမိသားစု မည်သို့ ဖြစ်နေပြီကို မြင်တွေ့လိုစိတ် ပြင်းပြနေလေပြီ။

‎

‎

‎...

‎

‎

‎ခရီးအတန်ငယ် သွားပြီးနောက်......

‎

‎

‎" မင်း... မင်းပြောတာ ဒါ ကုမိသားစုလား "

‎

‎

‎ကောင်းကင်ဘုံကိုးခု၏ အထက်တွင် ပျံဝဲနေပြီး... ဟွမ်သွမ့်ချီများဖြင့် ဖုံးလွှမ်းလျက်ရှိကာ... ခန့်ညားထည်ဝါ၍ ကျယ်ပြန့်လှသော... အမြင့်မြတ်ဆုံး ကောင်းကင်ဘုံကျွန်းတော်ကြီးအား ကြည့်ရင်း... ကုဝူရှန့်သည် ရုတ်တရက် ကြက်သေသေသွားလေသည်။

‎

‎

‎ဒါက ကုမိသားစုလား.....

‎

‎

‎တကယ့်ကို ရယ်သပ်ရှုမောဖွယ် ကောင်းလှ၏။ ဤသည်မှာ ဒဏ္ဍာရီလာ အထက်ကောင်းကင်တားမြစ်နယ်မြေ... ရှေးခေတ်ဧကရာဇ်များနှင့် ရှေးခေတ်အချုပ်အခြာအာဏာပိုင်များ နားခိုရာ နေရာဖြစ်သည်။ ဤနေရာသည် ကုမိသားစု တည်ရှိရာ နေရာ မည်သို့ ဖြစ်နိုင်မည်နည်း.....

‎

‎အခန်း (၈၆)- တုန်လှုပ်ဖွယ်ရာ အဆက်မပြတ်ဖြစ်ပွားခြင်း၊ နဂါးအားစီးနင်းခြင်း၊ အင်မော်တယ်ဆေးဝါးဥယျာဉ်

‎

‎

‎

‎ဤသည်မှာ ကုမိသားစု၏ နေအိမ် ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း။

‎

‎

‎ကုဝူရှန့်သည် တုံ့ဆိုင်းနေခဲ့သော်ငြား... ကုချူ၏ ပုံမှန်အမူအရာသည် ဟန်ဆောင်ထားခြင်း မဟုတ်ကြောင်း မြင်တွေ့ရသောအခါ... သူသည် သူ၏သံသယများအား ချုပ်တည်းထားလိုက်၏။

‎

‎

‎" ခင်ဗျား သတ္တိရှိတယ်ဆိုရင်တော့ ကျွန်တော့်နောက် လိုက်ခဲ့ပါ "

‎

‎

‎အထက်ကောင်းကင်တားမြစ်နယ်မြေ၏ အရှေ့သို့ ရောက်ရှိလာသောအခါ... ကုချူသည် လုံးဝ စိတ်သက်သာရာ ရသွား၏။

‎

‎

‎အဘယ်ကြောင့်ဆိုသော် ဘိုးဘေးသည် ထိုတားမြစ်နယ်မြေအား အုပ်စိုးလျက်ရှိပြီး... ဘိုးဘေး၏အကြည့်သည် ဤနေရာသို့ ကျရောက်နေနိုင်သည်ကို သူ သိရှိသောကြောင့် ဖြစ်သည်။ ကုမိသားစု ဘိုးဘေးအဖြစ် ဟန်ဆောင်ရဲသော ထိုလူသည် မည်သည့်လှုပ်ရှားမှုမျိုးမဆို ပြုလုပ်ခဲ့ပါက... ဘိုးဘေး၏ အပြစ်ဒဏ်ခတ်ခြင်းမှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။

‎

‎

‎ကုချူက သူ၏ရှေ့မှ ပို့ဆောင်ရေးစက်ဝိုင်းအတွင်းသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားသည်ကို မြင်သောအခါ... ကုဝူရှန့်၏ မျက်ဝန်းများမှာ လှုပ်ခတ်သွားခဲ့သော်လည်း... အဆုံးတွင် သူသည် လိုက်ပါရန် ရွေးချယ်လိုက်ပြီး... ပို့ဆောင်ရေးစက်ဝိုင်းပေါ်သို့ တက်လှမ်းကာ အထက်ကောင်းကင် တားမြစ်နယ်မြေအတွင်းသို့ ပို့ဆောင်ခြင်း ခံလိုက်ရသည်။

‎

‎

‎တားမြစ်နယ်မြေ၏ အစွန်အဖျားဒေသများတွင် ရှေးဟောင်းသစ်တောများမှာ ထူထပ်ပေါများလျက်ရှိ၏။

‎

‎

‎ကုချူသည် ဤနေရာသို့ မရေမတွက်နိုင်သော အကြိမ်များစွာ လာရောက်ဖူးဟန်ရှိပြီး... ကျွမ်းကျင်လွယ်ကူစွာ လှုပ်ရှားကာ... တားမြစ်နယ်မြေ၏ ပိုမိုနက်ရှိုင်းသော အပိုင်းသို့ ဦးတည်လိုက်ပါသွား၏။

‎

‎

‎ဤသည်မှာ ရှင်သန်ခြင်းတားမြစ်နယ်မြေ ဖြစ်သည်။

‎

‎

‎အဆုံးမဲ့ကမ္ဘာ၏ ရှေးဟောင်းမှတ်တမ်းများတွင် ဤနေရာ၌ ရှေးခေတ်ဧကရာဇ်များနှင့် အချုပ်အခြာအာဏာပိုင်များ အိပ်စက်အနားယူနေရုံသာမက... ဤနေရာ၏ အပြင်ဘက်ဒေသများပင်လျှင် သေမင်းတမန်အခြေအနေများနှင့် အန္တရာယ်များဖြင့် ပြည့်နှက်နေသည်။

‎

‎

‎သာမန်သတ္တဝါများကို မဆိုထားနှင့်ဦး... ၎င်းအတွင်းသို့ ကျရောက်သွားသော သူတော်စင်များနှင့် ဧကရာဇ်တပိုင်းအဆင့်များပင်လျှင် သေခြင်းတရားမှ လွတ်မြောက်ရန် ခဲယဉ်းလှသည်။

‎

‎

‎သို့သော်လည်း... ယခုအခါ ကုမိသားစုမှ ဤလူငယ်လေးသည် အလွန်တရာ ကြောက်ရွံ့မှုကင်းမဲ့လျက်... တားမြစ်နယ်မြေအား မြေပြန့်သဖွယ် နင်းလျှောက်နေသည်။

‎

‎

‎သူပြောခဲ့သကဲ့သို့ပင် ကုမိသားစုသည် ၎င်းတို့၏ နေအိမ်အား ရှင်သန်ခြင်းတားမြစ်နယ်မြေတစ်ခုအတွင်းသို့ ရွှေ့ပြောင်းခဲ့သည်မှာ အမှန်ပင်လော.....

‎

‎

‎ကုဝူရှန့်သည် တုန်လှုပ်ပြီး နားမလည်နိုင် ဖြစ်သွားခဲ့၏။

‎

‎

‎သူသည် ကုချူ၏နောက်သို့ ဆက်လက်လိုက်ပါသွားခဲ့ပြီး... များများမလျှောက်လိုက်ရမီပင် သူ၏ရှေ့တွင် မြင်ကွင်းတစ်ခု ရုတ်တရက်... ပေါ်ပေါက်လာခဲ့လေသည်။

‎

‎

‎မိုင်ပေါင်း ရာနှင့်ချီသော နေရာသည်... ကွက်လပ်ဖြစ်နေပြီး... နက်ရှိုင်းသော ရေကန်ကြီးတစ်ခုသာ ရှိနေ၏။

‎

‎

‎ထိုအခိုက်တွင်... ခန့်ညားထည်ဝါသော အကြေးခွံများဖြင့် ဖုံးလွှမ်းနေသည့် ပေပေါင်းထောင်နှင့်ချီ၍ ရှည်လျားသော ရေနဂါးအိုကြီးတစ်ကောင်သည် ရေကန်အတွင်း၌ ခိုအောင်းနေကာ... ကောင်းကင်နှင့်မြေကြီး၏ အနှစ်သာရကို စုပ်ယူလျက်ရှိသည်။

‎

‎

‎ကုချူနှင့် ကုဝူရှန့်တို့ ရောက်လာသောအခါ ရေနဂါးအိုကြီးသည် တစ်စုံတစ်ခုကို အာရုံခံမိဟန်တူသည်။ ၎င်း၏ ကြီးမားလှသော အေးစက်သည့် မျက်လုံးတစ်စုံသည် သူတို့ရှိရာနေရာအား ကြည့်ရှု‌လာ၏။

‎

‎

‎ဧကရာဇ်တပိုင်းအဆင့် ရေနဂါးတစ်ကောင်ဖြစ်ပြီး... နဂါးစစ်စစ်တစ်ကောင်အဖြစ်သို့ အသွင်ပြောင်းရန်... ခြေတစ်လှမ်းမျှသာ လိုတော့သည်။

‎

‎

‎ဤရေနဂါးအိုကြီးအား မြင်လိုက်ရသောအခါ... ကုဝူရှန့်သည် အသက်ရှူအောင့်လိုက်မိပြီး သူ၏ခန္ဓာကိုယ်မှာ အနည်းငယ် တင်းမာသွားကာ... အတန်ငယ် လေးနက်သော အသွင် ဖြစ်သွားသည်။

‎

‎

‎ရှင်းလင်းသည်မှာ... ဤရေနဂါးသည် ဤအထက်ကောင်းကင်တားမြစ်နယ်မြေအတွင်း၌ ခိုအောင်းနေသော... ရှေးဟောင်းသားရဲကြီးတစ်ကောင် ဖြစ်သည်။

‎

‎

‎သူကိုယ်တိုင်သည် ဧကရာဇ်တပိုင်းအဆင့်တွင် ရှိနေသော်လည်း... ဤရေနဂါးအိုကြီးမှာ ၎င်း၏ခန္ဓာကိုယ်ကြံ့ခိုင်မှုကို တိုင်းတာကြည့်လျှင်... ဒဏ္ဍာရီလာ ဧကရာဇ်အဆင့် နဂါးစစ်စစ်အဖြစ်သို့ အသွင်ပြောင်းရန် များစွာ မဝေးကွာတော့ပေ။

‎

‎

‎အကယ်၍ သူသည်... ၎င်းနှင့် အမှန်တကယ် ပဋိပက္ခဖြစ်ပွားခဲ့ပါက... မည်သူ အနိုင်ရမည်ကို ပြောရန် ခက်ခဲလှသည်။

‎

‎

‎ကုဝူရှန့်သည် အနည်းငယ် စိတ်လှုပ်ရှားလာသည်ကို မထိန်းချုပ်နိုင်ဘဲ... ဤရေနဂါးအိုကြီးနှင့် ပဋိပက္ခတစ်ခုခု ဖြစ်ပွားမည်ကို သို့မဟုတ် ၎င်းကြောင့် တားမြစ်နယ်မြေအတွင်းမှ ကြောက်မက်ဖွယ်ရာ သတ္တဝါများအား နှောင့်ယှက်နှိုးဆွမိမည်ကို စိုးရိမ်နေမိသည်။

‎

‎

‎သို့သော် နောက်ဆက်တွဲ ဖြစ်ပေါ်လာသော မြင်ကွင်းသည် ကုဝူရှန့်အား လုံးဝ ကြက်သေသေသွားစေခဲ့သည်။

‎

‎

‎" ဟင် ...မင်း ပြန်လာပြီလား "

‎

‎

‎ရေနဂါးအိုကြီးသည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး... ကုချူအား ကြည့်ရှုကာ... ၎င်း၏ မြင့်မြတ်စိတ်ဝိညာဉ်အသံကို ထုတ်လွှင့်လိုက်၏။

‎

‎

‎" အင်း "

‎

‎

‎ကုချူသည် အနည်းငယ် ခေါင်းညိတ်လိုက်ပြီး... သူ၏အမူအရာမှာ ပုံမှန်အတိုင်း တည်ငြိမ်လျက်ရှိ၏။

‎

‎

‎ထိုနေ့က ဘိုးဘေးသည်... ဤဧကရာဇ်တပိုင်းအဆင့် ရေနဂါးအိုကြီးအား စီးနင်း၍... အထက်ကောင်းကင်တားမြစ်နယ်မြေသို့ ပြန်လည်ရောက်ရှိလာပြီးနောက်... ကုချူသည် အချိန်အတန်ကြာ တုန်လှုပ်နေခဲ့ရသည်။

‎

‎

‎သို့သော် နောက်ပိုင်းတွင် အကြိမ်များစွာ မြင်တွေ့ခဲ့ရပြီးနောက်... သူသည် ရေနဂါးအိုကြီး၏ တည်ရှိမှုအပေါ် မည်သို့မျှ ခံစားရခြင်း မရှိတော့ပေ။

‎

‎

‎" အင်း... မင်းကို ငါ လိုက်ပို့ပေးဖို့ လိုအပ်လား "

‎

‎

‎ရေနဂါးအိုကြီးသည် ၎င်း၏ ရှည်လျားသော ဟိန်းဟောက်သံကို ဆက်လက်ပြုလုပ်ခဲ့ပြီး... သူ၏အမူအရာမှာ ပုံမှန်အတိုင်းပင် ဖြစ်ကာ... သူ့ကဲ့သို့ ဧကရာဇ်တပိုင်းအဆင့် သတ္တဝါတစ်ဦးအနေဖြင့်... ကုမိသားစုမှ မျိုးဆက်ငယ်တစ်ဦးအား လိုက်လံပို့ဆောင်ပေးရခြင်းသည် ရှက်ဖွယ်ရာဖြစ်သည်ဟု မခံစားရဟန်တူသည်။

‎

‎

‎အမှန်စင်စစ်တွင် ရေနဂါးအိုကြီးသည် အခြေအနေကို အလွန်ကောင်းစွာ သိရှိ၏။

‎

‎

‎သူသည် ယခုအခါ ဧကရာဇ်တပိုင်းအဆင့် သတ္တဝါတစ်ဦး ဖြစ်နေသော်လည်း... သူသည် အလွန်အိုမင်းနေပြီဖြစ်ပြီး... အသက်ရှင်သန်ရန် နှစ်များစွာ မကျန်ရှိတော့ပေ။ သူ၏ သက်တမ်းကန့်သတ်ချက် မရောက်ရှိမီ... နဂါးစစ်စစ်တစ်ကောင်အဖြစ် အသွင်မပြောင်းနိုင်ခဲ့ပါက... သူသည် နောက်ဆုံးတွင် ပျက်စီး၍... မြေမှုန့်အဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်သည်။

‎

‎

‎ပြီးတော့... သူက နဂါးစစ်စစ်တစ်ကောင်အဖြစ် အောင်မြင်စွာ အသွင်ပြောင်းနိုင်ရန်အတွက်... အဓိကမျှော်လင့်ချက်သည် ကောင်းကင်ဘုံအရှင်သခင်အပေါ်၌ တည်ရှိနေ၏။

‎

‎

‎ထို ကောင်းကင်ဘုံအရှင်သခင်သည် ဧကရာဇ်အဆင့် သတ္တဝါများအား... ကြက်များ သတ်ဖြတ်သကဲ့သို့ လွယ်ကူစွာ သတ်ဖြတ်နိုင်ပြီး... သာမန် ဧကရာဇ်အဆင့် သတ္တဝါများနှင့် လုံးဝ နှိုင်းယှဉ်၍မရပေ။ အရှင်သခင်သည် အရေးကြီးသော အခိုက်အတန့်တွင်... သူ့အား ကူညီနိုင်ဖွယ်ရှိပြီး... ဧကရာဇ်အဆင့်သို့ တက်လှမ်းရန်နှင့် နဂါးစစ်စစ်တစ်ကောင်အဖြစ် အသွင်ပြောင်းရန် ကူညီပေးနိုင်ပေမည်။

‎

‎

‎နောက်ဆုံးတွင် ဧကရာဇ်အဆင့် သတ္တဝါတစ်ဦး မဖြစ်ခဲ့လျှင်ပင်... ဤအထက်ကောင်းကင်တားမြစ်နယ်မြေအတွင်း၌... မသေမျိုးဆေးဝါးများစွာ ရှိနေသေး၏။

‎

‎

‎ကောင်းကင်ဘုံအရှင်သခင်မှ ချီးမြှင့်သော မသေမျိုးဆေးဝါးတစ်ပင်ကို ရရှိနိုင်ပြီး... ဒုတိယဘဝတစ်ခုအား အသက်ရှင်နေထိုင်နိုင်လျှင်ပင် လုံလောက်ပေပြီ။

‎

‎

‎ဤအကြောင်းကြောင့်ပင်... ရေနဂါးအိုကြီးသည် အထက်ကောင်းကင်တားမြစ်နယ်မြေတွင် နေထိုင်သော ကုမိသားစုအပေါ် အလွန် ယဉ်ကျေးပျူငှာစွာ ဆက်ဆံခဲ့ပြီး... ၎င်း၏ ဧကရာဇ်တပိုင်းအဆင့် မာနဂုဏ်ကို အရိပ်အယောင်မျှပင် မပြသခဲ့ပေ။

‎

‎

‎ဤအရာအားလုံးသည် ပြောစရာမလိုအောင်ပင် ကောင်းကင်ဘုံအရှင်သခင်အား မျက်နှာချိုသွေး ဖားယားနေခြင်းပင် ဖြစ်သည်။

‎

‎

‎ကုချူသည်လည်း ဤအချက်ကို ကောင်းစွာ နားလည်၏။

‎

‎

‎" ဒီလိုဆိုမှတော့ စီနီယာကို ဒုက္ခပေးရပါပြီ "

‎

‎

‎ကုချူက ယဉ်ကျေးစွာ ပြောဆိုလိုက်ပြီး... ညွှန်ကြားသည့်အတိုင်း ရေနဂါးအိုကြီး၏ ဦးခေါင်းပေါ်သို့... တုံ့ဆိုင်းခြင်းမရှိဘဲ လျှောက်လှမ်းတက်သွားခဲ့သည်။

‎

‎

‎" ဒါက..... "

‎

‎

‎ရေနဂါးအိုကြီးက အနည်းငယ်မျှပင် မလိုလားခြင်းမရှိဘဲ... ဦးခေါင်းကို ငုံ့ပေးလိုက်သည်နှင့် ကုချူက နဂါး၏ဦးခေါင်းပေါ်သို့ မဆိုင်းမတွ တက်ရောက်သွားသည်ကို ကြည့်ရင်း... ကုဝူရှန့်သည် စကားလုံးများ ရှာမတွေ့နိုင်အောင် ဖြစ်သွားခဲ့သည်။

‎

‎

‎ဧကရာဇ်တပိုင်းအဆင့်သတ္တဝါတစ်ဦးက အဘယ်ကြောင့်... ကုမိသားစုမှ မျိုးဆက်ငယ်တစ်ဦး၏ ရှေ့မှောက်တွင်... ဤမျှ အောက်ကျို့နာခံနေရသနည်း။

‎

‎

‎ကုဝူရှန့်သည် တွေဝေရှုပ်ထွေးသွားခဲ့ပြီး... သူ နိုးထလာသည့် အချိန်မှစ၍... နားမလည်နိုင်သော အရာများသည် ပို၍ တိုးပွားလာနေသည်ဟု ခံစားလိုက်ရ၏။

‎

‎

‎သို့သော် ကုချူ၏ အကြည့်ကို မြင်သောအခါ... ကုဝူရှန့်သည် အံကြိတ်လိုက်ပြီး... ရေနဂါးအိုကြီး၏ ဦးခေါင်းပေါ်သို့ လှမ်းတက်လိုက်ကာ... ရေနဂါးအိုကြီးက သူတို့နှစ်ဦးလုံးအား... အထက်ကောင်းကင်တားမြစ်နယ်မြေ၏ ပိုမိုနက်ရှိုင်းသော အပိုင်းသို့... သယ်ဆောင်သွားခွင့် ပြုလိုက်သည်။

‎

‎

‎" ဒါကြီးက..... "

‎

‎

‎ရေနဂါးအိုကြီးအား စီးနင်းလိုက်ပါ နေနေရစဉ်တွင်... ကုဝူရှန့်သည် သူ့အား အလွန်တရာ တုန်လှုပ်စေသော... နောက်ထပ် မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသည်။

‎

‎

‎ရေနဂါးအိုကြီးသည် နေရာတစ်ခုအား ဖြတ်သန်းသွားသောအခါ... ထိုနေရာတွင် ဧကတစ်ရာခန့် ကျယ်ဝန်းသော ဆေးဝါးဥယျာဉ်တစ်ခု ရှိနေခဲ့ပြီး... ထိုနေရာ၌ မရေမတွက်နိုင်သော မြင့်မြတ်ရတနာများနှင့် အဖိုးတန်ဆေးဝါးများ လွတ်လပ်စွာ ရှင်သန်ပေါက်ရောက်နေ၏။ ကြွယ်ဝလှသော ဆေးဖက်ဝင်ရနံ့သည် ကောင်းကင်ဘုံသို့ တိုင်အောင် ထိုးတက်နေပြီး... ဆေးဝါးကြီးမျိုးစုံမှ ထွက်ပေါ်နေသော မင်္ဂလာရှိသည့် အလင်းတန်းများသည်လည်း ကောင်းကင်ပြင်အား... အပြည့်အဝ ဖုံးကွယ်သွားစေတော့မလိုပင် ဖြစ်နေသည်။

‎

‎

‎ကုဝူရှန့်အား ပို၍ပင် တုန်လှုပ်စေသောအရာမှာ... အပြင်လောကတွင် သူတော်စင်အဆင့် သတ္တဝါများပင်လျှင်... ပြင်းထန်စွာ အပြိုင်အဆိုင် လုယူကြရသော နှစ် ၁၀,၀၀၀ သက်တမ်းရှိ ဆေးဝါးအိုကြီးများသည် ဤဆေးဝါးဥယျာဉ်အတွင်း၌ ပေါင်းပင်များကဲ့သို့ ပေါက်ရောက်နေပြီး... ၎င်းတို့သည် ဥယျာဉ်၏ အစွန်အဖျားတွင်သာ စိုက်ပျိုးခံထားရကာ ဆေးဝါးဥယျာဉ်၏ အဓိကအချက်အချာ နေရာ၌ပင် မရှိခြင်း ဖြစ်သည်။

‎

‎

‎ပြီးလျှင် ဤဆေးဝါးဥယျာဉ်၏ အလယ်ဗဟိုနှင့် ပိုမိုနီးကပ်သော နေရာတွင် မသေမျိုးဆေးဝါးများစွာ အမြစ်တွယ်လျက် ရှိနေသည်။

‎

‎

‎မှန်ပေသည်... ၎င်းတို့မှာ မသေမျိုးဆေးဝါးများ ဖြစ်ကြသည်။

‎

‎

‎ဆေးဝါးဥယျာဉ်အတွင်း၌ ထူးကဲမြင့်မြတ်သော ဆေးဖက်ဝင်ရနံ့များ ထုတ်လွှတ်နေသည့် မသေမျိုးဆေးဝါးများစွာကို ကြည့်ရင်း... ကုဝူရှန့်သည် အနည်းငယ် မူးဝေသွားသည်ဟု ခံစားလိုက်ရသည်။

‎

‎

‎သူ မြင်တွေ့ရသမျှ အရာအားလုံးက အမှန်တကယ်ပဲလား.....

‎

‎

‎ဧကရာဇ်အဆင့် သတ္တဝါများပင်လျှင် အင်မော်တယ်မြင့်မြတ်ဆေးဝါး တစ်ပင်ကို ရှာဖွေရန် ခက်ခဲလှ၏။ ယခုအခါ ဤဆေးဝါးဥယျာဉ်အတွင်း၌... ခုနစ်ပင် ၊ ရှစ်ပင်မျှ ပေါက်ရောက်နေသည်ဖြစ်ရာ... ဤသည်မှာ မသေမျိုးဆေးဝါးဥယျာဉ်တစ်ခု ဖြစ်နိုင်သည် မဟုတ်လော။

‎

‎

‎ထို့အပြင်... ဤအင်မော်တယ်မြင့်မြတ်ဆေးဝါးများ၏ ပေါက်ရောက်နေပုံကို ကြည့်ရှုရလျှင်... ၎င်းတို့သည် ဤဆေးဝါးဥယျာဉ်၏ စစ်မှန်သော အချက်အချာတွင် ရှိနေခြင်းပင် မဟုတ်သေးချေ။

‎

‎

‎ကုဝူရှန့်၏ ပါးစပ်မှာ ခြောက်ကပ်နေခဲ့ပြီး... သူ၏အကြည့်သည် မသိစိတ်အလျောက်... ဤဆေးဝါးဥယျာဉ်၏ အတွင်းနက်ဆုံးအပိုင်းသို့ ကြည့်ရှုလိုက်မိလေသည်.....

‎

‎

‎ထိုဆေးဝါးဥယျာဉ်၏ စစ်မှန်သော အချက်အချာတွင်... နှင်းကဲ့သို့ ဖြူဖွေးသော လိပ်ကြီးတစ်ကောင်သည် ၎င်း၏ ခြေလက်လေးချောင်းအား သက်သောင့်သက်သာ ဆန့်တန်းထားကာ... ဆေးဖက်ဝင်ရနံ့ကို စုပ်ယူနေသည်ကို မြင်တွေ့လိုက်ရသည်။

‎

‎

‎ကုဝူရှန့်က ၎င်းအား ကြည့်လိုက်သောအခါ... ထိုလိပ်ကြီးသည် တစ်စုံတစ်ခုကို အာရုံခံမိဟန်တူပြီး... သူ့အား လှမ်းကြည့်လာ၏။ ထို့နောက် ချက်ချင်းပင် ၎င်း၏အကြည့်ကို ပြန်လည်ရုပ်သိမ်းသွားကာ နောက်ထပ် ဂရုပြုခြင်း မရှိတော့ပေ။

‎

‎

‎" ဒါ... ဒါက ဒဏ္ဍာရီလာ အင်မော်တယ်ဆေးဝါးတော့ မဟုတ်နိုင်ဘူးမလား "

‎

‎

‎ကုဝူရှန့်သည် အလွန်ပင် မှင်တက်မိသွားလေသည်။

‎

‎

‎လူ့ပုံသဏ္ဌာန်သို့ အသွင်ပြောင်းနိုင်သော မသေမျိုးဆေးဝါးတစ်ပင်လော။ ကုဝူရှန့်ကမူ ထိုကဲ့သို့သော အရာမျိုးကို တစ်ခါမျှ မကြားဖူးချေ။

‎

‎

‎သို့သော်... သူ သိသည်မှာ ထိုလိပ်ကြီးသည် အခြားသော အင်မော်တယ်မြင့်မြတ်ဆေးဝါးများ အားလုံးထက် ထင်ရှား သာလွန်နေပြီး... ၎င်းသည် ဒဏ္ဍာရီလာ အင်မော်တယ်ဆေးဝါး မဖြစ်လာနိုင်ဟု... မည်သူ ပြောနိုင်မည်နည်း။

All Chapters