အခန်း (၈၇-၈၈)
Vol. 7 Ch. 87-88
အခန်း (၈၇)- ကုမိသားစု၏ ပိုင်ဆိုင်မှုများ၊ သက်ရှည်ခြင်းကိစ္စ၊ ဟွမ်သွမ့်၏ လျှို့ဝှက်ချက်
မျက်တောင်တစ်ခတ်အတွင်းမှာပင် ရေနဂါးအိုကြီးသည် ကုချူနှင့် ကုဝူရှန့်တို့အား မသေမျိုးဆေးဝါးဥယျာဉ်၏ အထက်မှ သယ်ဆောင်ထွက်ခွာသွားခဲ့သည်။
သို့သော် ကုဝူရှန့်၏ စိတ်ထဲတွင်မူ သူ ယခုလေးတင် မြင်တွေ့ခဲ့ရသမျှ အရာအားလုံးသည် ပြန်လည်ထင်ဟပ်နေဆဲ ဖြစ်သည်။
" အခုလေးတင် မြင်ခဲ့ရတဲ့ မသေမျိုးဆေးဝါးဥယျာဉ်က... ဒီအထက်ကောင်းကင် တားမြစ်နယ်မြေထဲမှာရှိတဲ့... ရှေးခေတ်ဧကရာဇ်အဆင့် ကျွမ်းကျင်သူတွေက ပူးပေါင်းတည်ထောင်ခဲ့တာလား "
ကုဝူရှန့်သည် မမေးမြန်းဘဲ မနေနိုင်ခဲ့ပေ။
သူ၏အမြင်တွင် ဖြစ်နိုင်ခြေ တစ်ခုတည်းသာ ရှိသည်။ ထိုနေရာတွင် အိပ်စက်အနားယူနေသော ရှေးခေတ်ဧကရာဇ်အဆင့် ကျွမ်းကျင်သူများသည် ၎င်းတို့ သယ်ဆောင်လာသော အင်မော်တယ်မြင့်မြတ်ဆေးဝါးများအားလုံးကို စုစည်းလိုက်ကြပြီးမှသာ ထိုကြောက်မက်ဖွယ်ကောင်းသော မသေမျိုးဆေးဝါးဥယျာဉ်ကို ဖန်တီးနိုင်မည် ဖြစ်သည်။
သို့သော် ကုချူ၏ နောက်ဆက်တွဲအဖြေသည် ကုဝူရှန့်အား ချက်ချင်းပင် မှင်တက်သွားစေခဲ့သည်။
" ဒီ မသေမျိုးဆေးဝါးဥယျာဉ်ကို ကျွန်တော်တို့ ကုမိသားစုက ပိုင်တာပါ "
ကုချူသည် ကုဝူရှန့်အား လျစ်လျူရှုဟန်ဖြင့် တစ်ချက် ကြည့်လိုက်သည်။
" ပြောရမယ်ဆိုရင်... ခင်ဗျား ယခုလေးတင် မြင်တွေ့ခဲ့ရတဲ့ အင်မော်တယ်မြင့်မြတ်ဆေးဝါးတွေက တစ်ချိန်ကတော့ တားမြစ်နယ်မြေအရှင်သခင်ကြီးတွေ ပိုင်ဆိုင်ခဲ့ကြတာပါ... ဘိုးဘေးက အထက်ကောင်းကင်တားမြစ်နယ်မြေကို လွှဲပြောင်းရယူတဲ့အချိန်ကျမှ... ဂုဏ်ပြုတဲ့အနေနှင့် သူတို့က အင်မော်တယ်မြင့်မြတ်ဆေးဝါးတွေကို ဂုဏ်ပြုလက်ဆောင်အဖြစ် ဆက်သခဲ့ကြတာပါ "
ဘိုးဘေးက... အထက်ကောင်းကင်တားမြစ်နယ်မြေကို လွှဲပြောင်းရယူခြင်းလော။
တားမြစ်နယ်မြေအရှင်သခင်ကြီးများက အင်မော်တယ်မြင့်မြတ်ဆေးဝါးများအား လက်ဆောင်အဖြစ် ဆက်သခြင်းလော။
ကုချူ၏ တည်ငြိမ်ဟန်ရှိသော စကားလုံးများအတွင်း... ပါဝင်သော အချက်အလက်များသည် ကုဝူရှန့်အတွက် ချက်ချင်း နားလည် သဘောပေါက်နိုင်ရန်... အလွန်တရာ သိပ်သည်းများပြားလှ၏။
သို့သော် သူသည်... သူ၏နှလုံးသားထဲမှ သံသယများအား မေးမြန်းခြင်း မပြုနိုင်မီမှာပင်... ရေနဂါးအိုကြီးသည် ကောင်းကင်ဘုံကိုးခုမှ ဆင်းသက်လာခဲ့ပြီး ဖြစ်သည်။
သူ၏ရှေ့မှောက်ရှိ အဆက်မပြတ် တည်ရှိနေသော အင်မော်တယ်နန်းတော်များအား ကြည့်ရင်း... ကုဝူရှန့်၏ နှလုံးသားသည် လေးနက်သွားခဲ့သည်။
သူသည် ဤအထက်ကောင်းကင်တားမြစ်နယ်မြေ၏ အဓိကအချက်အချာ နေရာသို့ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း သူ သိရှိလိုက်သည်။
ထို့အပြင် သူသည် နှစ်ယောက်တစ်တွဲ သုံးယောက်တစ်စု လှုပ်ရှားသွားလာနေကြသော ကုမိသားစုတပည့်များအား မြင်တွေ့လိုက်ရသောအခါ... ထိုကုမိသားစုတပည့်များထံမှ သူ၏ကိုယ်ပိုင် ဇာစ်မြစ်တစ်ခုတည်းမှ သက်ဆင်းလာသော သွေးမျိုးဆက်အား ခံစားမိချိန်တွင်... ကုဝူရှန့်သည် သူ၏နှလုံးသားထဲမှ တုန်လှုပ်မှုအား ဖုံးကွယ်ထားနိုင်ခြင်း မရှိတော့ပေ။
ကုချူ ယခင်က ပြောကြားခဲ့သမျှ အရာအားလုံးသည် အမှန်တကယ်ပင် မှန်ကန်နေခဲ့သည်။
ကုမိသားစုသည် ၎င်းတို့၏ ဘိုးဘွားပိုင်မြေမှ အမှန်တကယ် ရွှေ့ပြောင်းခဲ့ပြီး... ဤအထက်ကောင်းကင်တားမြစ်နယ်မြေတွင် အခြေချနေထိုင်ခဲ့ကြသည်လော.....
" မိသားစုခေါင်းဆောင်... ကျွန်တော့်ရဲ့ တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ခဲ့ပါပြီ "
ကုချူသည် ပထမဦးစွာ သူ ဤခရီးတွင် ဧကရာဇ်အဆင့် မိသားစုအသီးသီးထံမှ လုယက်ယူငင်လာခဲ့သော သယံဇာတများအား ကုတောက်လင်းထံသို့ ပေးအပ်လိုက်၏။ ထို့နောက် ကုဝူရှန့်အား လက်ညှိုးထိုးပြကာ သူ၏အသံကို နှိမ့်၍ ပြောလိုက်သည်မှာ.....
" ဒီလူက ကျွန်တော်တို့ ကုမိသားစုရဲ့ အဝေးက ဘိုးဘေးအဖြစ် ဟန်ဆောင် ပြောနေပါတယ်..... "
ကုချူ စကားမဆုံးမီမှာပင် ကုတောက်လင်းသည် သူ၏လက်အား ဝှေ့ယမ်းပြလျက် ကုချူ၏စကားကို ဖြတ်တောက်လိုက်သည်။
" ကောင်းကောင်းမွန်မွန် ဆောင်ရွက်ခဲ့တာပဲ... အရင်သွားပြီး နားလိုက်ဦး... ဘိုးဘေးက ဒီကိစ္စကို သိနှင့်ပြီးသားမလို့... သူ့ကို ခေါ်ဆောင်လာဖို့ ငါ့ကို ညွှန်ကြားပြီးသား "
ဘိုးဘေးက သိနှင့်ပြီးသားလော။
ကုချူသည် အံ့အားသင့်သွားပြီးနောက်... ခေါင်းညိတ်လိုက်ကာ စကားဆက်မပြောတော့သော်ငြား... သူ၏ မျက်ခုံးနှစ်ခုကြားတွင် သံသယ အရိပ်အယောင်တစ်ခု ကျန်ရစ်နေခဲ့သည်။
ဤလူသည် အမှန်တကယ်ပင် ကုမိသားစုဝင်တစ်ဦး ဖြစ်နိုင်ပါသလော။
" စီနီယာ... ဘိုးဘေးက ခင်ဗျားကို တွေ့လိုပါတယ်... ကျေးဇူးပြုပြီး ကျွန့်တော့်နောက် လိုက်ခဲ့ပါ "
ကုတောက်လင်းသည် ကုဝူရှန့်၏ ရှေ့မှောက်သို့ ရောက်လာပြီး... ဖိတ်ခေါ်စကား ဆိုလိုက်သည်။
" ဘိုးဘေးလား "
ကုဝူရှန့်သည် နောက်ဆုံးတွင် မအောင့်အီးနိုင်တော့ဘဲ မေးမြန်းလိုက်သည်မှာ.....
" မည်သည့် ဘိုးဘေးပါလဲ "
အသက်အရွယ်အရ ကြည့်မည်ဆိုလျှင် သူသည်လည်း လက်ရှိ ကုမိသားစု၏ ဘိုးဘေးတစ်ပါးအဖြစ် သတ်မှတ်ခံနိုင်ပေသည်။
" ကျွန်တော့်ရဲ့ ကုမိသားစုမှာ ဘိုးဘေး တစ်ပါးတည်းပဲ ရှိပါတယ်... အဲ့ဒီသူက ကုချန်ဘိုးဘေးပါပဲ "
ကုတောက်လင်းသည် လမ်းပြ ဦးဆောင်ရင်း... ပြောဆိုလိုက်သည်။
ကုချန် ဘိုးဘေးလား.....
သူသည် ရင်းနှီးသလိုရှိသော အမည်နာမအား ကုတောက်လင်း၏ နှုတ်ဖျားမှ ကြားလိုက်ရသောအခါ သူ၏မျက်နှာတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။
ကုမိသားစုကို တည်ထောင်သူ... ယခင် ကုချန်မဟာဧကရာဇ်... သူသည် အသက်ရှင်လျက် ရှိနေသေးသလော။
… … … …
အထက်ကောင်းကင် ပင်မခန်းမဆောင် အတွင်း၌.....
ကုဝူရှန့်သည် ပင်မခန်းမဆောင်ရှိ အမြင့်မြတ်ဆုံး ပလ္လင်ထက်၌ အေးဆေးသက်သာစွာ ထိုင်နေသော ပုံရိပ်အား မြင်တွေ့လိုက်ရသောအခါ သူ၏နှလုံးသားထဲမှ တုန်လှုပ်မှုသည် လှိုင်းထန်နေသော ပင်လယ်ကြီးကဲ့သို့ ထိန်းချုပ်နိုင်ခြင်း မရှိတော့ချေ။
ဧကရာဇ်အဆင့် သတ္တဝါတစ်ဦးပင်.....
ထို့အပြင် သူသည် သူ၏ သွေးမျိုးဆက် ဇာစ်မြစ်မှ ရင်းနှီးမှု သံယောဇဉ်တစ်ခုကို ခံစားနေရသည်။ ဤပုဂ္ဂိုလ်သည် ကုချန်ဘိုးဘေး ဖြစ်နိုင်ပါမည်လော။
" မင်းရဲ့ ဇာစ်မြစ်ကို ဖော်ပြတော့ "
ကုချန်သည် သူ၏အကြည့်ကို နှိမ့်ချလိုက်ပြီး ကုဝူရှန့်အား ကြည့်ရှုကာ တိုက်ရိုက် မေးမြန်းလိုက်သည်။
ကုဝူရှန့်သည် ကုချူ၏နောက်မှ အထက်ကောင်းကင်တားမြစ်နယ်မြေ အနီးသို့ လိုက်ပါလာခဲ့စဉ်ကတည်းက... ကုချန်သည် ထိုသူ၏တည်ရှိမှုကို ရှာဖွေတွေ့ရှိခဲ့ပြီး... ကုဝူရှန့်ထံမှ ကုမိသားစုသွေးမျိုးဆက်အား အာရုံခံမိခဲ့သည်။ ထို့ကြောင့်ပင် သူက ထိုသူအား အထက်ကောင်းကင်တားမြစ်နယ်မြေအတွင်းသို့ ဝင်ရောက်ရန် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
သို့မဟုတ်ပါက... ကုဝူရှန့်သည် အထက်ကောင်းကင်၏ အချက်အချာနေရာသို့ ဝင်ရောက်ရန် အရည်အချင်း ပြည့်မီမည် မဟုတ်ပေ။
သို့သော် ကုချန်သည် ကုဝူရှန့်၏ ဇာစ်မြစ်အပေါ် အတန်ငယ် စူးစမ်းသိရှိလိုစိတ် ဖြစ်မိသည်။
သူသည် ကုမိသားစု၏ လက်ရှိအခြေအနေအား ရှင်းလင်းစွာ သိရှိသော်လည်း... အပြင်ဘက်၌ လှည့်လည်သွားလာနေသော ဧကရာဇ်တပိုင်းအဆင့် ကုမိသားစုဝင်တစ်ဦး ရှိနေသေးသည်ဟု... တစ်ခါမျှ မကြားသိခဲ့ဖူးပေ။
" မျိုးဆက်ငယ် ကုဝူရှန့်..... "
ကုချန်၏ သူမည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုသံ ကြားပြီးနောက်... ကုဝူရှန့်သည် မယုံကြည်နိုင်သော်လည်း... မရိုမသေ ပြုမူရန် မဝံ့ရဲဘဲ... သူ ကြုံတွေ့ခဲ့ရသမျှ အရာအားလုံးကို အလျင်အမြန် ပြန်လည်ပြောပြလိုက်သည်။
" ကျွန်တော် အသက်ရှင်လျက် ရှိနေတာကို မယုံနိုင်စရာ ကိစ္စရပ်တစ်ခုလို့ ထင်နေခဲ့တာပါ... ခုတော့ ဘိုးဘေးက ဒီလိုအသက်ရှင်နေတယ်ဆိုတော့... မအံ့သြတော့ပါဘူး..... "
ကုဝူရှန့်သည် စိတ်ခံစားမှု ပြင်းထန်စွာဖြင့် သက်ပြင်းချလိုက်သည်။
သူသည် နှစ်ပေါင်း ငါးသောင်း ကြာမြင့်ပြီးနောက် ပြန်လည်နိုးထလာခြင်းသည် ထူးဆန်းအံ့ဩဖွယ်ရာ ဖြစ်ရပ်တစ်ခု ဖြစ်နေပြီဟု မူလက ထင်မြင်ခဲ့သည်။
သို့သော် သူသည် ကုမိသားစု၏ စစ်မှန်သော ဘိုးဘေး... ကုချန်မဟာဧကရာဇ်သည် နှစ်ပေါင်း တစ်သိန်း ကြာမြင့်ပြီးသည့်တိုင် လောကကြီးထဲ၌ အသက်ရှင်လျက် ရှိနေဦးမည်ဟု... မည်သည့်အခါကမျှ မမျှော်လင့်ခဲ့ပေ။
သူနှင့် နှိုင်းယှဉ်လိုက်လျှင် ဘိုးဘေးသည် ဤခေတ်ကာလ၏ အမှန်တကယ် အသက်ရှင်လျက်ရှိသော ဒဏ္ဍာရီပင် ဖြစ်တော့သည်။
" ကျွန်တော်တို့ ကုမိသားစုရဲ့ ဘိုးဘွားစဉ်ဆက် မှတ်တမ်းမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးသောင်းခန့်က ကျင့်ကြံမှု ဧကရာဇ်တပိုင်းအဆင့်ကို ရောက်ရှိခဲ့တဲ့ ကုဝူရှန့် အမည်ရှိတဲ့ ဘိုးဘေးတစ်ပါး ရှိခဲ့ကြောင်းကို အမှန်ပဲ မှတ်တမ်းတင်ထားပါတယ်... နောက်ပိုင်းမှာ ဧကရာဇ်အဆင့်ကို တိုးတက်နိုင်ဖို့အတွက် သူဟာ နယ်ပယ်ပြင်ပက ဟွမ်သွမ့်ပင်လယ်အတွင်းကို ဝင်ရောက်သွားခဲ့တဲ့အချိန်ကစပြီး... သတင်းအစအနမရဘဲ ပျောက်ကွယ်သွားခဲ့ပါတယ်..... "
ကုတောက်လင်းသည် ဘေးမှနေ၍ ပြန်လည်အမှတ်ရ ပြောကြားလိုက်ပြီး... သူ၏စကားများထဲတွင် တုန်လှုပ်မှု အရိပ်အယောင်တစ်ခု ပါဝင်နေခဲ့သည်။
ကုဝူရှန့် ပြောကြားခဲ့သည်များမှာ ကုမိသားစု၏ ဘိုးဘွားစဉ်ဆက် မှတ်တမ်းများတွင် မှတ်တမ်းတင်ထားသည်များနှင့် ထပ်တူကျနေပြီး... သူ၏ သွေးမျိုးဆက်နှင့် ပေါင်းစပ်လိုက်လျှင်... မှားယွင်းမှု ဖြစ်နိုင်ခြေသည် လုံးဝမရှိသလောက်ပင် ဖြစ်သည်။
ဤသည်မှာ... သူ၏ ရှေ့မှောက်ရှိ ပုဂ္ဂိုလ်သည် အမှန်တကယ်ပင် လွန်ခဲ့သော နှစ်ပေါင်း ငါးသောင်းမှ... ကုမိသားစု၏ ဘိုးဘေးတစ်ပါး ဖြစ်ကြောင်း... အဓိပ္ပာယ်သက်ရောက်နေသည်။
" ဒီလို ဖြစ်ခဲ့တာကိုး "
ကုဝူရှန့်၏ ရှင်းလင်းပြောပြချက်ကို နားထောင်ပြီးနောက်... ကုချန်သည် နောက်ဆုံးတွင် အနည်းငယ် ခေါင်းညိတ်လိုက်ပြီး... သူ၏နှလုံးသားထဲမှ သံသယတစ်ခုကို ဖြေရှင်းလိုက်သည်။
ဧကရာဇ်တပိုင်းအဆင့် ကျင့်ကြံမှု ဖြစ်သော်လည်း... သူသည် နှစ်ပေါင်း ငါးသောင်းတိုင် အသက်ရှင်နေထိုင်ခဲ့သည်။ အင်မော်တယ်မြင့်မြတ်ဆေးဝါးအား သောက်သုံးလျှင်ပင် ဤသည်ကို မအောင်မြင်နိုင်ပေ။
တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ... တစ်ချိန်က ကုဝူရှန့်အား ထိမှန်ခဲ့သော အင်မော်တယ်အလင်းတန်းသည်... သူ၏ခန္ဓာကိုယ်အတွင်း၌ ပြောင်းလဲမှုတစ်စုံတစ်ရာကို ဖြစ်ပေါ်စေခဲ့ခြင်းပင် ဖြစ်သည်။
" စိတ်ဝင်စားဖို့တော့ ကောင်းပါတယ် "
ကုချန်၏ အကြည့်သည် ကုဝူရှန့်ထံ ကျရောက်သွားပြီး... ကုဝူရှန့်၏ လက်ရှိ ရုပ်ခန္ဓာအခြေအနေအား လေ့လာလိုက်သည်။
သူသည် ကုဝူရှန့်၏ ချီပင်လယ် အတွင်းနက်နက်၌... ကျယ်ပြန့်သော အဖြူရောင် အင်မော်တယ်အလင်းတန်းတစ်ခု မျောလွင့်နေပြီး... ရှင်သန်ခြင်း ချီလှိုင်းများအား အဆက်မပြတ် ထုတ်လွှတ်ကာ... သူ၏ခန္ဓာကိုယ်အား အာဟာရ ဖြည့်တင်းပေးနေသည်ကို မြင်တွေ့လိုက်ရသည်။
" အသက်ရှည်ခြင်းဓာတ်..... "
ကုချန်၏ မျက်လုံးများသည် အရောင်တောက်ပသွားသည်။ ထို အင်မော်တယ်အလင်းတန်း အတွင်း၌... အလွန်တရာ ကြွယ်ဝသော သက်ရှည်ခြင်းဓာတ်တစ်ခု ရှိနေသည်ကို... သူ မြင်နိုင်ပေသည်။
သက်ရှည်ခြင်းအရာသည် မြင်တွေ့နိုင်ခဲလှသည်။ ဧကရာဇ်အဆင့် သတ္တဝါများပင်လျှင် ၎င်းကို မစုစည်းနိုင်ကြပေ။ အင်မော်တယ်မြင့်မြတ်ဆေးဝါးများတွင်သာ အလွန်တရာ မှိန်ဖျော့သော သက်ရှည်ခြင်းဓာတ် ပမာဏ အနည်းငယ် ပါဝင်သည်။
ကုချန်သည် စစ်မှန်သော ဧကရာဇ်အဆင့်အထွတ်အထိပ်သို့ တက်လှမ်းခဲ့သည့် အချိန်မှစ၍... သူသည် ဤ သက်ရှည်ခြင်းဓာတ်အား သာမန်လောကီဘုံ၌ စုစည်းနိုင်ကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။
ဤ သက်ရှည်ခြင်းဓာတ်အား ပိုင်ဆိုင်ထားခြင်းဖြင့် သူ၏ သက်တမ်းအား များစွာ တိုးမြှင့်ပေးနိုင်ပြီး... သက်တမ်းကန့်သတ်ချက်၏ ချုပ်နှောင်မှုများမှ လွတ်မြောက်နိုင်စေ၏။
ကုချန်၏ ခန့်မှန်းချက်အရ သူ၏ အဆင့်သည် နောက်ထပ် မတိုးတက်တော့လျှင်ပင်... အဆက်မပြတ် စုစည်းနေသော သက်ရှည်ခြင်းဓာတ်အား အမှီပြုရုံဖြင့်... ဤ အဆုံးမဲ့ကမ္ဘာကြီးတွင် နောက်ထပ် နှစ်သန်းပေါင်းများစွာ အသက်ရှင်နေထိုင်ရန်မှာ ပြဿနာတစ်ရပ် မဟုတ်တော့ပေ။
ကုဝူရှန့် အသက်ရှင်သန်နိုင်ခဲ့ရသည့် အကြောင်းရင်းမှာ... ထိုစဉ်က သူ့အား ထိမှန်ခဲ့သော အင်မော်တယ်အလင်းတန်းသည်... အင်မော်တယ်မြင့်မြတ်ဆေးဝါးများတွင် တွေ့ရှိရသည်ထက် များစွာ ပိုမိုကြွယ်ဝသော သက်ရှည်ခြင်းဓာတ်များ ပါဝင်နေသောကြောင့် ဖြစ်သည်။
သက်ရှည်ခြင်းဓာတ်၏ အာဟာရ ဖြည့်တင်းမှုနှင့် ပြုပြင်ပေးမှုအား အမှီပြုလျက်... သူသည် နှစ်ပေါင်း ငါးသောင်း ကြာမြင့်ပြီးနောက်တွင် တစ်ဖန် ပြန်လည်နိုးထလာနိုင်ခဲ့ပြီး... သူ၏ သက်တမ်းသည်လည်း ပေါများလာခြင်း ဖြစ်သည်။
" အင်မော်တယ်အလင်းတန်း..... "
ကုချန်သည် တွေးတောစဉ်းစားနေမိသည်။ ကုဝူရှန့်၏ ဖော်ပြချက်အရ... သူသည် ဟွမ်သွမ့်ပင်လယ်၏ အတွင်းနက်ပိုင်းရှိ လျှို့ဝှက်ဆန်းကြယ်သော နေရာတစ်ခုသို့ မတော်တဆ ဝင်သွားခဲ့သည်။
၎င်းသည် ကျယ်ပြန့်လှသော ဟွမ်သွမ့်မိုးကြိုးရေကန်တစ်ခု ဖြစ်ဟန်တူပြီး... မကြာခဏဆိုသလို မမြင်နိုင်သော နေရာတစ်နေရာမှ... အင်မော်တယ်အလင်းတန်း အစင်းကြောင်းများသည် ထိုမိုးကြိုးရေကန်အတွင်းသို့ ထိုးဆင်းလာကာ ထိမှန်လျက်ရှိသည်။
ထိုသို့သာဆိုလျှင်.....
ယခု အင်မော်တယ်အလင်းတန်း တစ်စင်းတည်း၌ပင် ဤမျှ ကြွယ်ဝသော သက်ရှည်ခြင်းဓာတ်များ ပါဝင်နေသည်ဖြစ်ရာ... ထို ဟွမ်သွမ့်မိုးကြိုးရေကန်သည် မည်မျှ လျှို့ဝှက်ဆန်းကြယ်ပြီး အမြင့်မြတ်ဆုံးသော နေရာ ဖြစ်မည်နည်း။
ကုချန်၏ မျက်လုံးများတွင် ထူးဆန်းသော အသွင်တစ်ရပ် ပေါ်လာခဲ့သည်။
အဆုံးမဲ့ကမ္ဘာ၏ ပြင်ပရှိ ဟွမ်သွမ့်ပင်လယ်အတွင်း၌ ကြီးမားသော လျှို့ဝှက်ချက်များ အမှန်ပင် ဖုံးကွယ်လျက် ရှိနေသည်တကား.....
အခန်း (၈၈)- ငါ့ထံမှ သင်ယူသူ အသက်ရှင်လိမ့်မည်၊ ယွမ်ကျွင်း တစ်ကိုယ်တည်းကျင့်ကြံရာမှ ထွက်လာခြင်း၊ ဧကရာဇ်မဟာမိတ်၏ လျှို့ဝှက်ချက်
ကုဝူရှန့်ပြောဆိုသော ဟွမ်သွမ့်မိုးကြိုးရေကန်အား ကုချန်သည် အလွန်စိတ်ဝင်စားလျက်ရှိ၏။
သို့သော် အချိန်များစွာ ကုန်လွန်သွားခဲ့ပြီဖြစ်ပြီး... ထိုစဥ်အခါက ကုဝူရှန့်သည် ဟွမ်သွမ့်ပင်လယ်အတွင်းရှိ ထိုလျှို့ဝှက်ဆန်းကြယ်သောနေရာကို... မတော်တဆ တွေ့ရှိခဲ့ခြင်းသာ ဖြစ်သည်။ ယခုအခါတွင် သူသည်... ဟွမ်သွမ့်မိုးကြိုးရေကန် မည်သည့်နေရာ၌ ရှိသည်ကို မသိတော့သဖြင့်... ကုချန်အနေဖြင့် ဤကိစ္စအား လောလောဆယ် ဘေးဖယ်ထားလိုက်ရုံသာ တတ်နိုင်တော့သည်။
" မင်းပြောတာ အဲ့ချိန်က... မင်း ငါကိုယ်တော်ရဲ့ ကောင်းကင်ဧကရာဇ်ကျမ်းကို ဧကရာဇ်တပိုင်းအဆင့်အထိ ကျင့်ကြံခဲ့တယ်... ပြီးတော့ ငါကလည်း ကောင်းကင်ဧကရာဇ်ကျမ်းရဲ့ နောက်ဆက်တွဲ ဧကရာဇ်တာအိုအခန်းတွေကို ချန်ထားခဲ့တာပဲ... ဒါဖြင့် မင်းဘာလို့ ဧကရာဇ်အဆင့်ကို မတက်လှမ်းနိုင်ခဲ့ရတာလဲ "
ကုချန်၏ မျက်လုံးများ နိမ့်ကျသွားကာ သူ၏အသံထဲတွင် သိချင်စိတ်နှင့် ရှုပ်ထွေးမှု အရိပ်အယောင်တို့ ပါဝင်နေ၏။
သူ၏ ကောင်းကင်ဧကရာဇ်ကျမ်းသည် အရာအားလုံးကို လွှမ်းခြုံထားပြီး နက်နဲခက်ခဲလှသည်။
သို့သော်... ၎င်းအား တကယ်တမ်း အောင်မြင်အောင် ကျင့်ကြံနိုင်ခဲ့သည်နှင့်တပြိုင်နက်... ၎င်းသည် အခြားသော ဧကရာဇ်ကျမ်းများစွာထက် များစွာ သာလွန်သွားပေသည်။
ကုချန်၏ ခန့်မှန်းချက်အရမူ ကောင်းကင်ဧကရာဇ်ကျမ်းအား ဧကရာဇ်တပိုင်းအဆင့်အထိ ကျင့်ကြံနိုင်ခြင်းသည် ဧကရာဇ်အဆင့်သို့ ဆက်လက်၍ ဖောက်ထွက်တက်လှမ်းနိုင်စေလိမ့်မည် ဖြစ်သည်။
ဤသည်မှာလည်း ထာဝရဧကရာဇ်တပိုင်းက ကုမိသားစုအား အန္တရာယ်ပြုလျက် ဖိအားပေးရမည့်အရေးကိုပင် မမှုဘဲ ကောင်းကင်ဧကရာဇ်ကျမ်းကို ရရှိလိုခဲ့ခြင်း၏ အကြောင်းရင်းပင် ဖြစ်သည်။
သို့သော် လွန်ခဲ့သော နှစ်ငါးသောင်းက အဘယ်ကြောင့် ကုဝူရှန့်သည် ဧကရာဇ်တပိုင်းအဆင့်၌ ရပ်တန့်နေခဲ့ပြီး ရှေ့ဆက်မတိုးတော့ဘဲ ရှိနေခဲ့သနည်း။
" ပြောရတာ ရှက်စရာကောင်းလိုက်တာ..... "
ဘိုးဘေးမှ ဤမေးခွန်းအား မေးသည်ကို ကြားလိုက်ရသောအခါ ကုဝူရှန့်၏ မျက်နှာပေါ်၌ ရှက်ရွံ့မှုအရိပ်အယောင်တစ်ခု ချက်ချင်း ဖြတ်ပြေးသွား၏။
" အဲ့ချိန်က ကျွန်တော် ကောင်းကင်ဧကရာဇ်ကျမ်းကို ကျင့်ကြံတာ အောင်မြင်ခဲ့ပြီး... ကျင့်ကြံမှုကလည်း ဧကရာဇ်တပိုင်းအဆင့် အထွတ်အထိပ်ကို နီးကပ်တဲ့အထိတောင် ရောက်ခဲ့တယ်... ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကလဲ အလွန်အမင်း တိုးပွားလာခဲ့တယ်.....
ကျွန်တော်တွေးမိတာက ဘိုးဘေးချန်ထားခဲ့တဲ့ လမ်းအတိုင်း တစ်လှမ်းချင်း လိုက်လျှောက်လို့ မဖြစ်ဘူးပေါ့... ဧကရာဇ်ဖြစ်ဖို့ ဒီခြေလှမ်းမှာ ကျွန်တော် လုံးဝ ကိုယ့်လမ်းကိုယ် ဖောက်မှ ဖြစ်မယ်... အဲ့ဒီလိုမှသာ အနာဂတ်မှာ ပိုပြီး အပြောင်းအလဲတွေနဲ့ ဖြစ်နိုင်ခြေတွေ ရှိမှာလေ..... "
ကုဝူရှန့်၏ ရှင်းပြပြောဆိုမှုကို နားထောင်ရင်း... ကုချန်သည် အကြောင်းရင်းကို သိရှိသွားပြီဖြစ်သော်ငြား ကုတောက်လင်းမှာမူ အလွန်ပင် အံ့အားသင့်သွားခဲ့သည်။
လွန်ခဲ့သော နှစ်ငါးသောင်းမှ သူ၏ဘိုးဘေးသည် ဤသို့သော အတွေးများနှင့် ရည်မှန်းချက်များ ရှိလိမ့်မည်ဟု သူ မည်သည့်အခါမျှ မျှော်လင့်မထားခဲ့ပေ။
ကုဝူရှန့် လုပ်ချင်ခဲ့သည်မှာ... ဘိုးဘေးချန်ထားခဲ့သော လမ်းအတိုင်း တစ်လှမ်းချင်း လိုက်လျှောက်ရန် မဟုတ်ဘဲ... ဖောက်ထွက်၍ ကိုယ်ပိုင်လမ်းကို ဖောက်လုပ်ရန် ဖြစ်သည်။
တစ်နည်းအားဖြင့် ဆိုရသော်... သူလုပ်ချင်ခဲ့သည်မှာ ဒုတိယဘိုးဘေးတစ်ယောက် ဖြစ်လာရန် မဟုတ်ဘဲ... ဘိုးဘေးအား ကျော်လွန်သွားရန် ဖြစ်သည်။
ဤသို့သော ရည်မှန်းချက်... ဤသို့သော ယုံကြည်မှု.....
ကုဝူရှန့်၏အမည်သည် ကုမိသားစု၏သမိုင်းတွင် ဤမျှကြီးမားသော မှတ်တိုင်တစ်ခု ချန်ထားခဲ့နိုင်ခြင်းမှာ အံ့ဩစရာမဟုတ်ပေ။
ကုဝူရှန့်သည် တစ်ဆက်တည်း ပြောပြီးသွားသောအခါ... သူသည် အပြစ်ရှိသလို ခံစားရကာ... ခေါင်းကို အနည်းငယ် ငုံ့ထားလိုက်သည်။
ယခုမှသာ သူသည် ဘိုးဘေးအား ကျော်လွန်ရန်မှာ မည်မျှ ခက်ခဲပြီး မဖြစ်နိုင်သည်ကို နားလည်သွားတော့သည်။ အတိတ်က သူသည် အလွန်နုံအလွန်းခဲ့သည်... ပို၍ တိတိကျကျဆိုရလျှင် မိုက်မဲခဲ့သည်။
ဘိုးဘေးက သူ့ကို အပြစ်တင်မှာ မဟုတ်ဘူးမလား... ဟုတ်တယ်မလား.....
" မင်း တော်တော်ကို ကောင်းကောင်း လုပ်ခဲ့တာပဲ "
ကုဝူရှန့် အံ့အားသင့်သွားသည်မှာ... ဘိုးဘေးသည် သူ့အား အပြစ်တင်ခြင်း မပြုရုံသာမက... သူ၏စကားများတွင် သဘောကျမှုနှင့် အသိအမှတ်ပြုမှု အရိပ်အယောင်ပင် ပါဝင်နေသေးသည်။
" ငါ့ဆီက သင်ယူသူက ရှင်သန်ပြီး... ငါ့ကိုတုပသူက သေလိမ့်မယ်.....
ကောင်းကင်ဧကရာဇ်ကျမ်းက ငါကိုယ်တော် ချန်ထားခဲ့တဲ့ အမွေအနှစ်တစ်ခုပဲ... ပြီးတော့ ချည်နှောင်မှုတစ်မျိုးလည်း ဟုတ်တယ်... ဒီချည်နှောင်မှုကို ချိုးဖျက်နိုင်မှသာ တကယ်တမ်း တစ်ခုခုကို အောင်မြင်နိုင်မှာ "
ကုချန်သည် ကုဝူရှန့်၏ လုပ်ရပ်များအား သဘာဝကျကျပင် အားပေးထောက်ခံခဲ့သည်။
သူချန်ထားခဲ့သော လမ်းကို မျက်စိမှိတ်လိုက်လျှောက်ခြင်းသည် နောက်ဆုံးတွင် ဧကရာဇ်တစ်ပါး ဖြစ်လာလျှင်ပင်... ဝေးဝေးသွားနိုင်ရန် မရှိဘဲ သူတစ်ချိန်က ဖြစ်ခဲ့ဖူးသည့် အခြေအနေကိုပင် ရောက်နိုင်မည် မဟုတ်ပေ။
တာအိုမရရှိမီကပင် ကုဝူရှန့်သည် ဧကရာဇ်ဖြစ်လာမည့် သွေးဆောင်မှုကို တွန်းလှန်နိုင်ခဲ့ပြီး သူ၏ကိုယ်ပိုင်လမ်းကို ဖောက်လုပ်ရန် အခိုင်အမာ တောင်းဆိုခဲ့သည်။ ဤဇွဲလုံ့လနှင့် ဆုံးဖြတ်ချက်ချနိုင်မှု တစ်ခုတည်းကပင် သူ၏အနာဂတ်အောင်မြင်မှုများသည် တိုင်းတာ၍မရနိုင်ကြောင်း ဆုံးဖြတ်ပေးလိုက်ပြီဖြစ်သည်။
" ကောင်းကင်ဘုံက မင်းကို နောက်တစ်ခါ ပြန်စဖို့ အခွင့်အရေးပေးမှတော့... မင်းရဲ့လမ်းကို ဆက်လျှောက်လိုက်ပေါ့... မင်းရဲ့ဇွဲလုံ့လက ဆုလာဘ်တွေ ရလဒ်တွေ ရလိမ့်မယ်လို့ ငါကိုယ်တော် ယုံကြည်တယ် "
ကုချန်သည် ရယ်မောလိုက်ကာ ကုဝူရှန့်အား အနည်းငယ် အားပေးလိုက်သည်။
ကုမိသားစု၏ ဘိုးဘေးဖြစ်သော ကုချန်အတွက်မူ... ကုမိသားစု၏ နောက်မျိုးဆက်များထဲတွင် ကုဝူရှန့်ကဲ့သို့ အရည်အချင်းရှိသော မျိုးဆက်သစ်တစ်ဦး ပေါ်ထွက်လာသည်ကို မြင်တွေ့ရခြင်းသည် နှစ်သိမ့်မှုတစ်ခု ဧကန်မလွဲ ဖြစ်သည်။
… … … …
အဆုံးမဲ့ကမ္ဘာ၏ နက်ရှိုင်းသော အတွင်းပိုင်း နယ်နိမိတ်မဲ့ ကြယ်တာရာများ ပြည့်နေသော ကောင်းကင်ယံ၌.....
ရှေးဟောင်း ဧကရာဇ်များ၏ ခန်းမဆောင်အတွင်းဝယ် လေထုသည် သေလောက်အောင် တိတ်ဆိတ် ဖိစီးနေ၏။
ခရမ်းရောင်ဝတ်ရုံဝတ်ဧကရီ၊ နဂါးရင်းမြစ်မဟာဧကရာဇ်နှင့် မို့တိဧကရာဇ်တို့သည် သက်ဆိုင်ရာပလ္လင်များပေါ်တွင် ထိုင်နေကြပြီး သူတို့၏မျက်လုံးများမှာ တလက်လက်တောက်ပလျက် မည်သည်တို့ကို တွေးတောနေကြသည် မသိချေ။
" ယန်ဧကရာဇ် သေသွားပြီ... ဒီကိစ္စကို ဒီအတိုင်းပဲ ထားလိုက်တော့မှာလား "
နဂါးရင်းမြစ်မဟာဧကရာဇ်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။
" ဒါဖြင့် ဘာဆက်လုပ်လို့ရဦးမှာလဲ...ရှင်က ကျွန်မတို့ကို အထက်ကောင်းကင်ဘုံတားမြစ်နယ်မြေကို သွားပြီး အသေခံခိုင်းချင်တာလား..... "
ခရမ်းရောင်ဝတ်ရုံဝတ်ဧကရီသည် နဂါးရင်းမြစ်မဟာဧကရာဇ်အား စူးစိုက်ကြည့်လိုက်သည်။
ဒီငတုံး... သူ ကုမိသားစု မဟာဧကရာဇ်က ဘယ်လောက်တောင် ကြောက်စရာကောင်းလဲဆိုတာ အခုထိ နားမလည်သေးဘူးလား။
နဂါးရင်းမြစ်အရှင်ကို ထားလိုက်ဦး... ဧကရာဇ်မဟာမိတ်တစ်ခုလုံးမှာ ရှိသမျှ ဧကရာဇ်တွေအားလုံး ပေါင်းလိုက်ရင်တောင်... ကုချန်ကို ယှဥ်နိုင်မှာ မဟုတ်ဘူး။
" မို့တိဧကရာဇ် ခင်ဗျားကရော ကျွန်တော်တို့ ဘာလုပ်သင့်တယ်လို့ ထင်သလဲ..... "
ခရမ်းရောင်ဝတ်ရုံဝတ်ဧကရီ၏ လှောင်ပြောင်မှုကို ခံလိုက်ရပြီးနောက်... နဂါးရင်းမြစ်အရှင်၏ စွမ်းအင်များ ရပ်တန့်သွားကာ သူ၏အကြည့်ကို မို့တိဧကရာဇ်ထံသို့ လွှဲပြောင်း၍ မေးမြန်းလိုက်သည်။
" တာအိုမိတ်ဆွေ ယွမ်ကျွင်းက တကိုယ်တည်းကျင့်ကြံရာက ထွက်လာပြီး... မကြာခင် ရောက်လာတော့မှာ... ခင်ဗျားတို့နှစ်ယောက် ယွမ်ကျွင်း တာအိုမိတ်ဆွေရဲ့ သဘောထားကို နားထောင်သင့်တယ် "
မို့တိဧကရာဇ်သည် များများစားစား မပြောဘဲ... ယွမ်ကျွင်းမဟာဧကရာဇ် ရောက်ရှိလာတော့မည့် သတင်းကိုသာ ပြောကြားလိုက်ပြီးနောက်... သူ၏ပလ္လင်ပေါ်တွင် တည်ငြိမ်စွာ ဆက်ထိုင်နေကာ စကားဆက်မပြောတော့ပေ။
ဤသည်ကိုမြင်သော် ခရမ်းရောင်ဝတ်ရုံဝတ်ဧကရီနှင့် နဂါးရင်းမြစ်မဟာဧကရာဇ်တို့သည် စိတ်ရှည်စွာသာ စောင့်ဆိုင်းနေနိုင်တော့သည်။
ခဏအကြာတွင်.....
ဧကရာဇ်ခန်းမဆောင်အတွင်းရှိ ရှေးဟောင်းပလ္လင်တစ်ခုပေါ်တွင် ဟွမ်သွမ့်ချီ အမျှင်အတန်းများ ရစ်ခွေပေါ်ထွက်လာသည်။
ထို့နောက် ငွေရောင်ဆံနွယ်များဖြင့် ရှေးဟောင်းတာအိုဝတ်ရုံကို ဝတ်ဆင်ထားသော ယွမ်ကျွင်းမဟာဧကရာဇ်၏ ပုံရိပ်သည် ထိုရှေးဟောင်းပလ္လင်ရှေ့တွင် ပေါ်လာ၏။
" ကုချန်ရဲ့ကိစ္စအကြောင်း အားလုံးကို ငါကိုယ်တော် သိပြီးသွားပြီ "
ယွမ်ကျွင်းမဟာဧကရာဇ် ပေါ်လာသည်နှင့် ချက်ချင်း စကားဆို၏။
" ငါကိုယ်တော်ရဲ့ သဘောထားကတော့ ကုချန်ကို ဟွမ်သွမ့်ပင်လယ်ရဲ့ နက်ရှိုင်းရာအရပ်ဆီ ပြန်သွားပြီး... နတ်ဆိုးနယ်မြေရဲ့ ရှေ့တန်းစစ်မျက်နှာကို စောင့်ကြပ်စေဖို့ နည်းလမ်းရှာရမယ်.... ခင်ဗျားတို့အားလုံး ဘယ်လိုထင်လဲ "
" ဟွမ်သွမ့်ပင်လယ်ကို ပြန်သွားခိုင်းပြီး နတ်ဆိုးနယ်မြေကို နှိမ်နင်းခိုင်းမလို့..... "
နဂါးမူလမဟာဧကရာဇ်သည် မယုံနိုင်စွာဖြင့် ထပ်ခါတလဲလဲ ရေရွတ်မိသည်။
" တာအိုမိတ်ဆွေ ယွမ်ကျွင်း ဒါက လုံးဝကို လေထဲတိုက်အိမ်ဆောက်တာပဲ မဟုတ်ဘူးလား... ကုချန်က အဆုံးမဲ့ကမ္ဘာကို ဒီလောက် ပေါ်ပေါ်တင်တင် ပြန်လာခဲ့တာ... အဆုံးမဲ့ကမ္ဘာရဲ့ ဧကရာဇ်မျိုးနွယ်တွေကိုတောင် ထင်တိုင်း ဖိနှိပ်သတ်ဖြတ်ခဲ့တာ... အခု သူ့မိသားစုတစ်ခုလုံးကို အထက်ကောင်းကင်ဘုံတားမြစ်နယ်မြေထဲ ရွှေ့ပြောင်းလိုက်ပြီ... သူက နတ်ဆိုးနယ်မြေကို သွားနှိမ်နင်းဦးမှာလား....."
ဤသည်မှာ အတွေးကောင်းတစ်ခု ဖြစ်သော်လည်း... ပြဿနာမှာ ဤအတွေးကို အကောင်အထည်ဖော်၍ လုံးဝမရနိုင်ခြင်းပင်။
" ကျွန်မရဲ့ အတွေးတွေကလဲ နဂါးရင်းမြစ်မဟာဧကရာဇ်နဲ့ အတူတူပါပဲ "
ခရမ်းရောင်ဝတ်ရုံဝတ်ဧကရီကလည်း ဘေးမှ ထောက်ခံလိုက်သည်။
အဆုံးမဲ့ကမ္ဘာသို့ မပြန်လာမီက သူသည် သက်ရှိအားလုံး၏ ကြီးမြတ်သောတရားမျှတမှုဟူသော အမည်ကို အသုံးပြု၍ ကုချန်အား ဟွမ်သွမ့်သို့ ပြန်သွားရန်နှင့် နတ်ဆိုးနယ်မြေကို နှိမ်နင်းရန် ဖိအားပေးနိုင်သေးသည်ဟု ထင်ခဲ့သည်။
သို့သော် သူ အဆုံးမဲ့ကမ္ဘာသို့ အမှန်တကယ် ပြန်ရောက်လာပြီး... ဤကာလအတွင်း အဆုံးမဲ့ကမ္ဘာ၌ ကုချန်၏ လုပ်ရပ်များအကြောင်း သိရှိလာသောအခါ... သူသည် တုံ့ဆိုင်းမှုနှင့် နားမလည်နိုင်မှုများ ဖြစ်လာခဲ့သည်။
လက်ရှိ ကုချန်သည် သက်ရှိအားလုံး၏ ကြီးမြတ်သောတရားမျှတမှုဟု ခေါ်ဆိုသောအရာဖြင့် အမှန်တကယ် ချည်နှောင်ထားနိုင်ပါဦးမည်လော။
" ငါကိုယ်တော်မှာ ကိုယ်ပိုင်နည်းလမ်းတွေ ရှိပါတယ် "
နဂါးရင်းမြစ်မဟာဧကရာဇ်နှင့် ခရမ်းရောင်ဧကရီတို့၏ သံသယများကို ရင်ဆိုင်လျက်... ယွမ်ကျွင်းမဟာဧကရာဇ်က တည်ငြိမ်စွာ ပြောလိုက်သည်။
" လွန်ခဲ့တဲ့ နှစ်ကိုးသောင်းက ကုချန်က ဟွမ်သွမ့်ပင်လယ်ရဲ့ နက်ရှိုင်းရာအရပ်ဆီ သွားပြီး နတ်ဆိုးနယ်မြေကို နှိမ်နင်းဖို့ ရွေးချယ်ခဲ့တယ်... ပြီးတော့ နှစ်ကိုးသောင်းကြာ နှိမ်နင်းခဲ့တယ်... ဒါက သူက အဆုံးမဲ့ကမ္ဘာရဲ့ သက်ရှိတွေအပေါ်မှာ နှလုံးသားမရှိဘူးလို့ ပြောလို့မရတာ သဘာဝကျပါတယ်.....
အဲ့ဒီအချိန်ကျရင် ငါတို့က သူ့ကို ကြီးမြတ်တဲ့တရားမျှတမှုနဲ့ ဖိအားပေးရုံပဲ... သူ သွားဖို့ ဆန္ဒမရှိဘူးဆိုရင်... ငါတို့က သူ့ကို အဆုံးမဲ့ကမ္ဘာရဲ့ သက်ရှိတွေကို သစ္စာဖောက်တဲ့ အပြစ်သားအဖြစ် တံဆိပ်ကပ်လိုက်မယ်... အဲ့ကျရင် သူ သဘောမတူလို့ မရတော့ဘူး.....
ဒါ့အပြင် အဲ့ဒီအချိန်မှာ သူက သဘောမတူသေးဘူးဆိုရင်တောင် ငါကိုယ်တော်မှာ နည်းလမ်းတွေ ရှိပါသေးတယ်... ကုချန် သဘောမတူမှာကို စိုးရိမ်စရာ မလိုပါဘူး "
နည်းလမ်း... တခြား ဘာနည်းလမ်းရှိသေးတာလဲ.....
ခရမ်းရောင်ဝတ်ရုံဝတ်ဧကရီနှင့် နဂါးရင်းမြစ်အရှင်တို့ နှစ်ဦးစလုံး အံ့အားသင့်သွားကြသော်ငြား... ယွမ်ကျွင်းမဟာဧကရာဇ်၏ ဆိုလိုရင်းကို ရှင်းရှင်းလင်းလင်း နားမလည်ကြပေ။
" ဧကရာဇ်မဟာမိတ်က ရှေးဟောင်းခေတ်ကတည်းက တည်ရှိခဲ့တာ... ဒီနေ့အထိဆို သမိုင်းက နှစ်ပေါင်း သန်းနဲ့ချီနေပြီ "
ယွမ်ကျွင်းမဟာဧကရာဇ်က လေးနက်သော အဓိပ္ပါယ်ဖြင့် ဖြည်းညင်းစွာ ပြောလိုက်သည်။
" ဒါပေမဲ့ အခု ဒီဧကရာဇ်ခန်းမဆောင်ထဲမှာ ငါတို့နဲ့ အခြားသူနည်းနည်းပဲ ရှိတော့တယ်... အရင် ဧကရာဇ်မဟာမိတ်ရဲ့ ဧကရာဇ်တချို့က ကွယ်လွန်သွားပြီ... ဒါပေမဲ့ တချို့က အသက်ရှင်နေတုန်းပဲ.....
ပြီးတော့... အသက်ရှင်နေတုန်းဖြစ်တဲ့ အဲ့ဒီရှေးဟောင်းဧကရာဇ်တွေက အခုဆိုရင်... ဧကရာဇ်မဟာမိတ်အထက်ကို ကျော်လွန်သွားခဲ့ပြီ "