← Chapters

အခန်း (၈၉-၉၀)

Vol. 7 Ch. 89-90

အခန်း (၈၉-၉၀)

Vol. 7 Ch. 89-90

အခန်း (၈၉) - ကောင်းကင်ဘုံအရှင်ကုထျန်းကျွင်း ၊ ထာဝရအသက်ရှင်ခြင်း၏ အခြားရွေးချယ်မှုနှင့် ဧကရာဇ်အဆင့်အား သုံးသပ်ခြင်း

‎

‎

‎

‎ဧကရာဇ်မဟာမိတ်အဖွဲ့၏ များပြားလှသော ရှေးဟောင်းဧကရာဇ်များထဲတွင် အချို့မှာ အသက်ရှင်လျက် ရှိနေသေးသည်။

‎

‎

‎ယွမ်ကျွင်းမဟာဧကရာဇ်၏ ရှင်းပြချက်ကို ကြားလိုက်ရသောအခါ ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီနှင့် နဂါးရင်းမြစ်မဟာဧကရာဇ် နှစ်ဦးစလုံးသည် အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။

‎

‎

‎သူတို့သည်လည်း ဧကရာဇ်မဟာမိတ်အဖွဲ့အတွင်းမှ ဧကရာဇ်များ ဖြစ်ကြသော်လည်း ဤကဲ့သို့သော လျှို့ဝှက်ချက်မျိုးကို ပထမဆုံးအကြိမ် ကြားသိရခြင်းပင် ဖြစ်၏။

‎

‎

‎" ဧကရာဇ်မဟာမိတ်အဖွဲ့က ရှေးဟောင်းဧကရာဇ်တွေ အသက်ရှင်နေတုန်း ရှိသေးတာလား... တာအိုရောင်းရင်းယွမ်ကျွင်း ဆိုလိုတာက... ငါတို့ ဧကရာဇ်မဟာမိတ်အဖွဲ့ရဲ့ ရှေးဟောင်းဧကရာဇ်တချို့က သူတို့ရဲ့တိုက်ခိုက်ရေးစွမ်းအားကို ဖိနှိပ်ပြီး ရှင်သန်ခြင်းတားမြစ်နယ်မြေထဲမှာ အိပ်စက်နေကြတယ်လို့ ပြောတာလား... ဒါပေမဲ့ အဲ့ဒီတားမြစ်နယ်မြေအရှင်သခင်တွေတောင်မှ ဟို ကုမိသားစု မဟာဧကရာဇ်ကို ယှဉ်နိုင်မှာ မဟုတ်ဘူးလေ! "

‎

‎

‎နဂါးရင်းမြစ်မဟာဧကရာဇ်သည် အနည်းငယ် စိတ်ရှုပ်ထွေးကာ နားမလည်နိုင် ဖြစ်သွားခဲ့၏။

‎

‎

‎ဤကမ္ဘာလောကတွင် ခေတ်ကာလများတစ်လျှောက် ရှားပါးစွာ အသက်ရှင်သန်နိုင်သော ရှေးဟောင်းဧကရာဇ်များမှာ ထိုရှေးဟောင်း တားမြစ်နယ်မြေအရှင်သခင်များသာ ဖြစ်သင့်သည်။

‎

‎

‎သို့သော် သူတို့ကဲ့သို့သော မျက်မှောက်ခေတ် ဧကရာဇ်များပင် ထို ကုမိသားစု မဟာဧကရာဇ်အား ယှဉ်နိုင်စွမ်းမရှိလျှင် တားမြစ်နယ်မြေအရှင်သခင်များက မည်သို့ဖြစ်မည်နည်း။ ကောင်းကင်မြှုပ်နှံရှေးဟောင်းဧကရာဇ်၏ ကံကြမ္မာသည် အကောင်းဆုံး ဥပမာဖြစ်၏။

‎

‎

‎မျှော်လင့်မထားဘဲ... နဂါးရင်းမြစ်မဟာဧကရာဇ် စကားအဆုံးတွင် ယွမ်ကျွင်းမဟာဧကရာဇ်က ဖြည်းညင်းစွာ ခေါင်းခါလိုက်ပြီး ပြောလေသည်။

‎

‎

‎" ငါပြောတဲ့ ဧကရာဇ်မဟာမိတ်အဖွဲ့ရဲ့ ရှေးဟောင်းဧကရာဇ်တွေက လက်ရှိမှာ ရှင်သန်ခြင်းတားမြစ်နယ်မြေတွေထဲမှာ ရှိမနေဘူး "

‎

‎

‎ရှင်သန်ခြင်းတားမြစ်နယ်မြေထဲမှာ ရှိမနေဘူးလား... ဒါက ဘာအဓိပ္ပာယ်လဲ။

‎

‎

‎နဂါးရင်းမြစ်မဟာဧကရာဇ်သည် တုန်လှုပ်သွားပြီး ဖြစ်နိုင်ခြေတစ်ခုအား တွေးတောမိဟန်ရှိ၏။

‎

‎

‎ယွမ်ကျွင်းမဟာဧကရာဇ် ပြောဆိုခဲ့သော ဧကရာဇ်မဟာမိတ်အဖွဲ့၏ ရှေးဟောင်းဧကရာဇ်များသည် ဧကရာဇ်အဆင့်အား ဖောက်ထွက်ပြီး သက်တမ်းကန့်သတ်ချက်များမှ လွတ်မြောက်ကာ လူ့လောကတွင် ထာဝရအသက်ရှင်ခြင်းကို ရရှိသွားခဲ့ကြပြီလော.....!

‎

‎

‎နဂါးရင်းမြစ်မဟာဧကရာဇ်က ဆက်လက်မေးမြန်းရန် ပြင်လိုက်စဉ်မှာပင် ယွမ်ကျွင်းမဟာဧကရာဇ်၏ လက်ဝှေ့ယမ်းတားဆီးခြင်းကို ခံလိုက်ရသည်။

‎

‎

‎" အချိန်တန်တဲ့အခါ မင်းတို့အားလုံး အရာရာကို အလိုလို သိလာကြလိမ့်မယ်။ အခု ငါက ကုချန်ကို နောက်ပိုင်း ရင်ဆိုင်ဖို့အတွက် ပြင်ဆင်မှုတစ်ချို့ အရင်လုပ်ရဦးမယ်။ မင်းတို့မှာ တခြားကိစ္စမရှိဘူးဆိုရင် လောလောဆယ် လူခွဲလိုက်လို့ရပြီ "

‎

‎

‎ယွမ်ကျွင်းမဟာဧကရာဇ်သည် စကားပြောပြီးသည်နှင့် သူ၏ခန္ဓာပုံသဏ္ဍာန်အား လျင်မြန်စွာ ပျောက်ကွယ်စေလိုက်၏။

‎

‎

‎ဤသည်ကို မြင်သောအခါ နဂါးရင်းမြစ်မဟာဧကရာဇ်၊ ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီနှင့် အခြားသူများသည်လည်း တစ်ဦးပြီးတစ်ဦး ထွက်ခွာသွားကြပြီး ယွမ်ကျွင်းမဟာဧကရာဇ်၏ နောက်တစ်ကြိမ် ဆင့်ခေါ်မှုကို စောင့်ဆိုင်းနေရုံသာ ရှိတော့သည်။

‎

‎

‎....................

‎

‎

‎အဆုံးမဲ့ကမ္ဘာ၏ အပြင်ဘက် အဆုံးမဲ့ ဟွမ်သွမ့်ပင်လယ်အတွင်း၌.....

‎

‎

‎သံချေးတက်နေသော ရှေးဟောင်းကြေးသင်္ဘောတစ်စီးပေါ်တွင်... တာအိုဝတ်ရုံ ဝတ်ဆင်ထားသော ယွမ်ကျွင်းမဟာဧကရာဇ်သည် မျက်လုံးများ ဖွင့်လိုက်ကာ... သူ၏မျက်ဝန်းများထဲ၌ လေးနက်သော အမူအရာတစ်ခု ပေါ်လာခဲ့သည်။

‎

‎

‎" ကုချန်... မင်းဘာလို့ အသက်ရှင်နေသေးရတာလဲ... ပြီးတော့ မင်းရဲ့အစွမ်းက ဘာလို့ ဒီလောက်တောင် ကြောက်စရာကောင်းနေရသေးတာလဲ...? "

‎

‎

‎ယွမ်ကျွင်းမဟာဧကရာဇ်သည် တီးတိုးရေရွတ်လိုက်ပြီး... သူ၏စကားလုံးများထဲတွင် မပြေပျောက်နိုင်သော အမုန်းတရားများ ပါဝင်နေခဲ့၏။

‎

‎

‎အချိန်မည်မျှ ကြာမြင့်သွားသည်မသိ... ကြေးသင်္ဘော‌သည်တော့ ဖြည်းညင်းစွာ ရပ်တန့်သွားခဲ့၏။

‎

‎

‎ယွမ်ကျွင်းမဟာဧကရာဇ်၏ မျက်စိထဲသို့ ဝင်ရောက်လာသည်မှာ ခမ်းနားထည်ဝါလှသော မြင်ကွင်းကြီးတစ်ခုပင် ဖြစ်သည်။

‎

‎

‎အဆုံးမဲ့ဟွမ်သွမ့်ပင်လယ်၏ နက်ရှိုင်းရာတစ်နေရာတွင် အဆုံးမရှိသော ကောင်းကင်မြစ်ကြီးတစ်စင်း ပြိုကျလာသကဲ့သို့ ဟွမ်သွမ့်ကောင်းကင်ရေကန်ကြီးတစ်ခု ဖြစ်ပေါ်နေ၏။

‎

‎

‎မျက်စိကျိန်းဖွယ် အဖြူရောင် အင်မော်တယ်အလင်းတန်းများသည် ကျယ်ပြောလှသည့် အမည်မသိနေရာတစ်ခုမှ ကျဆင်းလာပြီး ဟွမ်သွမ့်ကောင်းကင်ရေကန်ထဲတွင် ပေါက်ကွဲနေကြ၏။

‎

‎

‎ယွမ်ကျွင်းမဟာဧကရာဇ်သည် မျက်စိကျိန်းလောက်အောင် ထွန်းလင်းတောက်ပနေသော အင်မော်တယ်အလင်းတန်းများကို မော့ကြည့်လိုက်ရာ သူ၏မျက်ဝန်းများထဲတွင် နက်ရှိုင်းသော တောင့်တမှုတစ်ခု ထင်ဟပ်လာခဲ့၏။

‎

‎

‎ထိုအခိုက်အတန့်မှာပင်... မရေမတွက်နိုင်သော ဟွမ်သွမ့်ချီ စီးကြောင်းများသည် ယွမ်ကျွင်းမဟာဧကရာဇ်၏ ရှေ့မှောက်တွင် ရုတ်တရက် ယှက်နွယ်စုစည်းသွားပြီး ရှေးဟောင်းတာအိုဝတ်ရုံ ဝတ်ဆင်ထားသည့် ဝေဝါးသော ပုံရိပ်တစ်ခုအဖြစ် ပေါ်လာ၏။ မျက်လုံးတစ်စုံကိုသာ ဖော်ပြထားပြီး... ထိုအကြည့်မှာ ခံစားချက်ကင်းမဲ့လျက်... အေးစက်စွာဖြင့် ယွမ်ကျွင်းမဟာဧကရာဇ်အား ငုံ့ကြည့်နေလေသည်။

‎

‎

‎" ကောင်းကင်ဘုံအရှင်ထျန်းကျွင်းကို ဂါရဝပြုပါတယ် "

‎

‎

‎မိမိရှေ့မှ ဟွမ်သွမ့်ပုံရိပ်အား မြင်လိုက်ရသောအခါ... ယွမ်ကျွင်းမဟာဧကရာဇ်သည် လျင်မြန်စွာပင် ဂါရဝပြု ဦးညွှတ်လိုက်၏။

‎

‎

‎အကယ်၍... နဂါးရင်းမြစ်မဟာဧကရာဇ်နှင့် အခြားသူများသာ ဤမြင်ကွင်းကို မြင်တွေ့လိုက်ရပါက... သူတို့သည် မလွဲမသွေ အံ့အားသင့်သွားကြမည် ဖြစ်၏။

‎

‎

‎အကြောင်းမှာ... ဧကရာဇ်မဟာမိတ်အဖွဲ့၏ ဧကရာဇ်များထဲတွင် ယွမ်ကျွင်းမဟာဧကရာဇ်သည် တာအိုကို ရရှိခဲ့သည်မှာ အချိန်အကြာဆုံးဖြစ်ရုံသာမက... အစွမ်းခွန်အား၌လည်း အနက်ရှိုင်းဆုံးဖြစ်သောကြောင့်ပင်ဖြစ်၏။

‎

‎

‎ပုံမှန်အားဖြင့် နဂါးရင်းမြစ်အရှင် ၊ ခရမ်းရောင်ဧကရီနှင့် အခြားသူများသာ ယွမ်ကျွင်းမဟာဧကရာဇ်အား လေးစားရိုသေစွာ ဆက်ဆံကြရသည်။

‎

‎

‎ယွမ်ကျွင်းမဟာဧကရာဇ်က အခြားမည်သူ့ကိုမဆို ဤသို့ လေးလေးစားစား ဦးညွှတ်သည်ကို သူတို့ မည်သည့်အခါက မြင်ဖူးခဲ့ကြမည်မဟုတ်ပေ။

‎

‎

‎" ဘာကိစ္စရှိလို့လဲ "

‎

‎

‎ကောင်းကင်ဘုံအရှင်ထျန်းကျွင်းဟု ခေါ်တွင်သော ပုဂ္ဂိုလ်က ခံစားချက်ကင်းမဲ့သော အကြည့်ဖြင့်ကြည့်လျက် မေးမြန်းလိုက်၏။

‎

‎

‎" ကောင်းကင်ဘုံအရှင်ကို သတင်းပို့စရာ ရှိပါတယ်... အဆုံးမဲ့ကမ္ဘာအတွင်းမှာ ကျွန်တော်မျိုးရဲ့ ထိန်းချုပ်နိုင်စွမ်းထက် အနည်းငယ် ကျော်လွန်သွားတဲ့ ကိစ္စတစ်ခု ဖြစ်ပွားခဲ့ပါတယ်..... "

‎

‎

‎ယွမ်ကျွင်းမဟာဧကရာဇ်သည် သွားကြိတ်လိုက်ပြီး ကုချန်၏ ဇာတ်လမ်းမှ အစိတ်အပိုင်းအချို့ကို ရွေးချယ်ကာ ပြန်လည်ပြောပြလိုက်သည်။

‎

‎

‎" ကျွန်တော်မျိုး ဒီတစ်ခေါက် လာခဲ့တာက ကောင်းကင်ဘုံအရှင်ဆီကနေ သက်ရှည်အမိန့်ပြန်တမ်းတစ်ခု လာတောင်းတာပါ... ဒါမှ ကုချန်ကို နောက်ပိုင်း ရင်ဆိုင်တဲ့အခါ အရာအားလုံး အမှားအယွင်းမရှိ သေချာမှာ ဖြစ်ပါတယ် "

‎

‎

‎" ကုချန်..... "

‎

‎

‎ယွမ်ကျွင်းမဟာဧကရာဇ်က ကုချန်၏အမည်ကို ဖော်ပြလိုက်သောအခါ ကောင်းကင်ဘုံအရှင်ထျန်းကျွင်း၏ အကြည့်မှာ အနည်းငယ် တုန်ခါသွားပြီး ယွမ်ကျွင်းမဟာဧကရာဇ်အား ကြည့်သော သူ၏မျက်ဝန်းများထဲတွင် မကျေနပ်မှု အရိပ်အယောင်တစ်ခု ရှိလာခဲ့၏။

‎

‎

‎" ငါ မှတ်မိသလောက်တော့... လွန်ခဲ့တဲ့ နှစ်ကိုးသောင်းက သက်ရှည်ကိုယ်စားလှယ်လောင်းက ဒီ ကုချန်ပဲ မဟုတ်လား.....

‎

‎နောက်ပိုင်း ကုချန်က ထူးထူးဆန်းဆန်းနဲ့ ပေါ်ပေါ်ထင်ထင် ပြုမူတာတွေကြောင့် ခန်းမထဲက ကောင်းကင်ဘုံအရှင် အတော်များများရဲ့ မကျေနပ်မှုကို ဖြစ်စေခဲ့တယ်... ပြီးတော့ ငါကလဲ ပြင်းပြင်းထန်ထန် ထောက်ခံတာနဲ့ ပေါင်းပြီး သက်ရှည်ကိုယ်စားလှယ်လောင်း နေရာကို မင်းဆီ လွှဲပြောင်းပေးခဲ့တာ.....

‎

‎အခု နှစ်ကိုးသောင်း ကြာသွားပြီ... ဒါပေမဲ့ မင်းက ငါ့ကို ကုချန် အသက်ရှင်နေတုန်းဆိုတာတင်မကဘူး... မင်းတောင်မှ သူ့ကို ရင်ဆိုင်ဖို့ နည်းလမ်းမရှိဘူးလို့ ပြောနေတာလား "

‎

‎

‎ကောင်းကင်ဘုံအရှင်ထျန်းကျွင်း၏ စကားများမှာ တည်ငြိမ်နေသော်လည်း... စကားလုံးတိုင်းသည် ယွမ်ကျွင်းမဟာဧကရာဇ်၏ နှလုံးသားအား တူကြီးတစ်လက်ဖြင့် ထုနှက်လိုက်သကဲ့သို့ ဖြစ်နေပြီး... သူ၏နဖူးပြင်တွင် ချွေးစေးများ အလိုအလျောက် ထွက်လာစေခဲ့၏။

‎

‎

‎" ဒီနှစ်ကိုးသောင်းအတွင်း ကုချန် ဘာတွေကြုံတွေ့ခဲ့လဲ ကျွန်တော်မျိုးလည်း မသိပါဘူး... ဒါပေမဲ့ သူ့ရဲ့ လက်ရှိ တိုက်ခိုက်ရေးစွမ်းအားက တကယ်ကို ကြောက်စရာကောင်းလောက်အောင် ဆိုးရွားနေပါတယ်။ ကျွန်တော်မျိုး စိုးရိမ်တာက... ဒီလူရဲ့ တည်ရှိမှုက ကောင်းကင်ဘုံအရှင်တွေရဲ့ အစီအစဉ်တွေကို အပြောင်းအလဲဖြစ်‌အောင် နှောင့်ယှက်နိုင်တဲ့အရာတစ်ခု ဖြစ်လာမှာကိုပါပဲ... အဲ့ဒါကြောင့် သူ့ကို အမြန်ဆုံး ရှင်းပစ်ချင်ခဲ့တာပါ..... "

‎

‎

‎ယွမ်ကျွင်းမဟာဧကရာဇ်မှ လေးနက်စွာ ရှင်းပြလေ၏

‎

‎

‎" ဟက်... မင်းက သူ မင်းရဲ့ သက်ရှည်ကိုယ်စားလှယ်လောင်း နေရာကို လုယူသွားမှာ ကြောက်နေတာ မဟုတ်လား "

‎

‎

‎ကောင်းကင်ဘုံအရှင်ထျန်းကျွင်းသည် ယွမ်ကျွင်းမဟာဧကရာဇ်၏ ရှင်းပြချက်ကို လုံးဝ နားမထောင်ဘဲ သူ့အား အဓိပ္ပာယ်ပါသော အကြည့်တစ်ခုဖြင့်သာ ကြည့်လိုက်လေ၏။

‎

‎

‎" ငါ မင်းကို သက်ရှည်အမိန့်ပြန်တမ်း ပေးလိုက်လို့ရတယ်.....

‎

‎ဒါပေမဲ့... ကုချန်ရဲ့ ကိစ္စကို ဖြေရှင်းပြီးတဲ့နောက်မှာတော့... အဓိကလုပ်ငန်းကို ကြန့်ကြာအောင် မလုပ်လိုက်မိစေ‌နဲ့ "

‎

‎

‎အဓိကလုပ်ငန်းလော.....

‎

‎

‎ယွမ်ကျွင်းမဟာဧကရာဇ်သည် တုန်လှုပ်သွားပြီးနောက်... ကောင်းကင်ဘုံအရှင်ထျန်းကျွင်း၏ 'အဓိကလုပ်ငန်း' ဆိုသည်မှာ ဘယ်အရာကို ရည်ညွှန်းကြောင်း သိရှိသွားဟန်ရကာ လျင်မြန်စွာ မေးမြန်းလိုက်၏။

‎

‎

‎" ကောင်းကင်ဘုံအရှင် ဆိုလိုတာက ဒီတစ်ခေါက်... အချိန်စောလိုက်မှာလား "

‎

‎

‎" အင်း "

‎

‎

‎မေ့ကူကောင်းကင်ဘုံအရှင်သည် ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး တည်ငြိမ်စွာ ညွှန်ကြားလိုက်၏။

‎

‎

‎" စည်းမျဉ်းအဟောင်းအတိုင်းပဲ... အသေးစိတ်ကျတဲ့ ကိစ္စတွေကိုတော့ မင်းကိုပဲ ကိုင်တွယ်ဖို့ ထားခဲ့မယ်။ မင်းသာ ဒီကိစ္စကို လှလှပပ ကိုင်တွယ်နိုင်ခဲ့ရင်... အဲ့ဒီအချိန်ကျ မင်း အဆင့်တက်နိုင်တာမျိုး မရှိသေးရင်တောင်မှ... ငါက ဒီအောင်မြင်မှုအပေါ် အခြေခံပြီး မင်းကို ပြင်းပြင်းထန်ထန် ထောက်ခံပေးနိုင်တယ်... မင်းရဲ့ဘွဲ့နာမည်ကနေ 'ကိုယ်စားလှယ်လောင်း' ဆိုတာကို ဖယ်ရှားဖို့ ကြိုးစားပြီး... မင်းကို သက်ရှည်အဖွဲ့ဝင်တွေရဲ့ အဆင့်ထဲ မြန်မြန်ဆန်ဆန် ဝင်ရောက်နိုင်အောင် လုပ်ပေးမယ် "

‎

‎

‎သက်ရှည်အဖွဲ့ဝင်များ၏ အဆင့်သို့ ဝင်ရောက်ခြင်းလား!

‎

‎

‎ကောင်းကင်ဘုံအရှင်ထျန်းကျွင်း၏ စကားများသည် ယွမ်ကျွင်းမဟာဧကရာဇ်၏ မျက်ဝန်းများကို ထက်သန်မှုဖြင့် တောက်လောင်စေခဲ့ပြီး... သူ၏အကြည့်ထဲတွင် နက်ရှိုင်းသော တောင့်တမှုတစ်ခု ပေါ်လာခဲ့၏။

‎

‎

‎" ကောင်းပြီ... မင်း သွားပြီး မြန်မြန် ပြင်ဆင်လိုက်တော့။ ငါက ကုချန်ရဲ့ကိစ္စကို ဖြေရှင်းဖို့... မင်းအတွက် သက်ရှည်အမိန့်ပြန်တမ်းကို သွားယူလိုက်မယ် "

‎

‎

‎ကောင်းကင်ဘုံအရှင်ထျန်းကျွင်းသည် ညွှန်ကြားချက်တစ်ခု ပေးလိုက်ပြီး... ဟွမ်သွမ့်ချီ စီးကြောင်းများမှ ဖွဲ့စည်းထားသော ပုံရိပ်သည်လည်း တဂျိမ်းဂျိမ်းမြည်သံနှင့်အတူ ပျောက်ကွယ်သွားခဲ့တော့သည်.....

‎

‎

‎ယွမ်ကျွင်းမဟာဧကရာဇ် တစ်ဦးတည်းသာ နေရာတွင် ရပ်လျက် ကျန်ရစ်ခဲ့ပြီး... အချိန်အတော်ကြာ အတွေးထဲ နစ်မြုပ်နေကာ တစ်စုံတစ်ခုကို တွေးတောနေဟန်တူ၏.....

‎

‎

‎....................

‎

‎

‎အထက်ကောင်းကင်တားမြစ်နယ်မြေ.....

‎

‎

‎ရှေးဟောင်းခန်းမအတွင်း၌ ကုချန်သည် လျှို့ဝှက်ဆန်းကြယ်သော ခေါင်းတလားအဖုံးပေါ်တွင် တင်ပျဉ်ခွေထိုင်လျက် သူ၏မျက်လုံးများကို အနည်းငယ် မှိတ်ထားကာ ကျင့်ကြံနေဟန်တူသည်။

‎

‎

‎ခေါင်းတလားအဖုံးပေါ်တွင် ထွင်းထုထားသော အင်မော်တယ် တာအိုအစီအရင်စာလုံးများသည်လည်း ဤအခိုက်အတန့်တွင် မှိန်မှိန်လေး လင်းလက်နေကာ ကုချန်အား လွှမ်းခြုံထားလေသည်။

‎

‎

‎အချိန်မည်မျှ ကြာမြင့်သွားသည်မသိ... ကုချန်သည် ရုတ်တရက် မျက်လုံးများ ဖွင့်လိုက်ပြီး... သူ၏အောက်ရှိ ခေါင်းတလားအဖုံးကို ကြည့်လိုက်ရာ... သူ၏အကြည့်ထဲတွင် တုန်လှုပ်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။

‎

‎

‎" ဒီအင်မော်တယ်တာအို အစီအရင်စာလုံးတွေနဲ့ တည်ဆောက်ထားတဲ့ နယ်ပယ်ထဲမှာ... အမြင့်မြတ်ဆုံး သိုင်းပညာရဲ့ တာအိုသဲလွန်စတွေတင်မကဘဲ... တန်ဖိုးကြီးမားလှတဲ့ ကျင့်ကြံခြင်းဆိုင်ရာ သတင်းအချက်အလက်တွေ အများကြီး ရှိနေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး..... "

‎

‎

‎ကုချန်သည် တီးတိုးရေရွတ်လိုက်၏။

‎

‎

‎လွန်ခဲ့သော ခဏအတွင်း၌ သူသည် အင်မော်တယ်တာအို အစီအရင်စာလုံးများ၏ အကြောင်းအရာ တစ်စိတ်တစ်ပိုင်းအား အဓိပ္ပာယ်ဖော်နိုင်ခဲ့ပြီး... ယင်းမှတစ်ဆင့် ဧကရာဇ်အဆင့် ကျင့်ကြံခြင်း၏ ပိုင်းခြားမှုများနှင့် သက်ဆိုင်သော လျှို့ဝှက်ချက်များအားလုံးကို မြင်တွေ့ခဲ့ရခြင်း ဖြစ်၏...!

‎

‎

‎ဤသည်မှာ သူ၏လက်ရှိအဆင့်နှင့် ခွန်အားကို ရှင်းရှင်းလင်းလင်းနှင့် နက်နက်နဲနဲ နားလည်သဘောပေါက်သွားသော ပထမဆုံးအကြိမ်လည်း ဖြစ်လေသည်.....

‎

‎အခန်း (၉၀) - ဧကရာဇ်၏ ဒဏ္ဍာရီ၊ ရှင်သန်ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် အတူတကွ လျှောက်လှမ်းနေသော အမျိုးသမီးနှစ်ဦး

‎

‎

‎

‎" ဒါဆို ဒါက... ဧကရာဇ်အဆင့်အထွတ်အထိပ်ရဲ့ စစ်မှန်တဲ့ စွမ်းအားပဲ " ကုချန်သည် အမှန်ပင် နားလည်သဘောပေါက်သွားသော အမူအရာဖြင့် ညင်သာစွာ ရေရွတ်လိုက်၏။

‎

‎

‎ဤအခိုက်အတန့်၌သာလျှင် သူသည် ခေါင်းတလားအဖုံးပေါ်တွင် ထွင်းထုထားသော အင်မော်တယ် အစီအရင်စာလုံးများမှတစ်ဆင့် ဧကရာဇ်အဆင့်၏ တိကျသော ပိုင်းခြားမှုများကို စစ်မှန်စွာ နားလည်သဘောပေါက်သွားခဲ့တော့၏...!

‎

‎

‎အင်မော်တယ်အစီအရင်စာလုံးများရှိ မှတ်တမ်းများအရ... ယနေ့ အဆုံးမဲ့ကမ္ဘာရှိ ဧကရာဇ်အဆင့်ဟု ခေါ်တွင်ကြသော တည်ရှိမှုများသည် တုယောင်ဧကရာဇ်များသာလျှင် ဖြစ်ကြ၏။ သူတို့၏ စစ်မှန်သော အဆင့်မှာ အရှင်သခင်အဆင့်သာ ဖြစ်သင့်သည်။

‎

‎

‎အတိတ်ကာလ၌ဖြစ်စေ... ပစ္စုပ္ပန်ကာလ၌ဖြစ်စေ... အဆုံးမဲ့ကမ္ဘာတွင် မွေးဖွားခဲ့သော ဧကရာဇ်အဆင့်ပုဂ္ဂိုလ် အများစုသည် အရှင်သခင်နယ်ပယ်အတွင်း၌သာ ရှိနေခဲ့ကြသည်။

‎

‎

‎ထို့ပြင် အရှင်သခင်နယ်ပယ်အား ကျော်လွန်၍ ဖောက်ထွက်နိုင်ခဲ့လျှင် ထိုသူအား ကောင်းကင်ဘုံအရှင်ဟု ခေါ်ဆိုနိုင်ပေ၏...!

‎

‎

‎အရှင်သခင်တစ်ဦး၏ သက်တမ်းမှာ နှစ်သုံးသောင်းမှ ငါးသောင်းအထိသာ ဖြစ်သည်။ ကောင်းကင်ဘုံအရှင်တစ်ဦး၏ သက်တမ်းမှာမူ နှစ်တစ်သိန်း ဖြစ်၏...!

‎

‎

‎ကုချန်သည် ဧကရာဇ်ဂိတ်အား နှစ်ကိုးသောင်းကြာတိုင် မသေဆုံးဘဲ စောင့်ကြပ်နိုင်ခဲ့ခြင်း အကြောင်းရင်းမှာ... ဧကရာဇ်ဂိတ်အား စောင့်ကြပ်နေစဉ်ကာလအတွင်း သူ၏အဆင့်သည် အရှင်သခင်အဆင့်မှ ဒဏ္ဍာရီလာ ကောင်းကင်ဘုံအရှင်နယ်ပယ်သို့ တိတ်တဆိတ် ဖောက်ထွက်သွားခဲ့သောကြောင့်ဖြစ်ပြီး... ဤသည်ကပင် သူ့အား ယခုအချိန်အထိ အသက်ရှင်နေစေခဲ့ခြင်း ဖြစ်သည်။

‎

‎

‎ကောင်းကင်ဘုံအရှင်အဆင့်အား ဖောက်ထွက်ခြင်းသည် ဒဏ္ဍာရီလာ အင်မော်တယ်နယ်ပယ်သို့ ပို့ဆောင်ပေးခြင်းဖြစ်ပြီး... ထို‌နေရာတွင် လူတစ်ဦး၏ သက်တမ်းသည် ကောင်းကင်နှင့်အမျှ ရှည်ကြာသည်ဟု ဆို၏။ သို့သော် မည်သို့ဖောက်ထွက်ရမည်ဆိုသည့် အချက်အား အင်မော်တယ် အစီအရင်စာလုံးများတွင် မှတ်တမ်းတင်ထားခြင်းကို မတွေ့ခဲ့သည်ကြောင့်... ကုချန်သည် ခေါင်းတလားအဖုံးပေါ်ရှိ အင်မော်တယ်အစီအရင်စာလုံးများအပေါ် သူ၏အဓိပ္ပာယ်‌ဖော်မှုမှာ ပြည့်စုံမှုမရှိသေးသောကြောင့် ရှာဖွေမတွေ့ရှိသေးခြင်း ဖြစ်မည်ဟု သံသယရှိနေခဲ့၏။

‎

‎

‎ထို့အပြင် ခေါင်းတလားအဖုံးပေါ်ရှိ မှတ်တမ်းများအရ... ကောင်းကင်ဘုံအရှင်အဆင့်၏ ကန့်သတ်ချက်များကို ချိုးဖျက်နိုင်သော်လည်း... အင်မော်တယ်တက်လှမ်းခြင်းသို့ မရောက်ရှိသေးသူများသည် ဒဏ္ဍာရီလာ 'ဧကရာဇ်' များ ဖြစ်ကြ၏။

‎

‎

‎ဧကရာဇ်တစ်ဦးအနေဖြင့် ကောင်းကင်နှင့် မြေကြီးထံမှ သက်ရှည်အရာဝတ္ထုများကို သိမ်မွေ့စွာ ပေါင်းစပ်ဖွဲ့စည်းနိုင်ပြီး... သက်တမ်း၏ ချည်နှောင်မှု သံကြိုးများအား ချိုးဖျက်ကာ ထာဝရတည်ရှိနိုင်သော ဘဝမျိုးကို ရရှိနိုင်ပေသည်...!

‎

‎

‎'ဧကရာဇ်' ဟူသော စကားလုံးသည် ဒဏ္ဍာရီတစ်ခုဖြစ်သလို ဂုဏ်ကျက်သရေတစ်ခုလည်း ဖြစ်သည်။ ကျယ်ပြောလှသော အင်မော်တယ်နယ်ပယ်၌ပင် ဧကရာဇ်အဆင့်သို့ ရောက်ရှိနိုင်သူ များများစားစား မရှိဟု ဆိုကြသည်။

‎

‎

‎ဧကရာဇ်တစ်ဦးသည် အင်မော်တယ်တစ်ဦး မဟုတ်သေးသော်ငြား စစ်မှန်သော အင်မော်တယ်တစ်ဦးနှင့် အပြိုင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည်! အချို့သည် အင်မော်တယ်များကိုပင် ကျော်လွန်နိုင်ပြီး အင်မော်တယ်အားလုံးအပေါ် အထက်စီးမှ ကြည့်ရှုနိုင်ကြသည်!

‎

‎

‎ခေါင်းတလားအဖုံးပေါ်တွင် စစ်မှန်သော ဧကရာဇ်အဆင့်အကြောင်း များစွာ ဖော်ပြထားခြင်း မရှိခဲ့ပေ။ ဧကရာဇ်အဆင့်သည် လွန်စွာ အစွမ်းထက်ပြီး မကြုံဖူးသော အဆုံးစွန်အဆင့်တစ်ခုဖြစ်ကြောင်းနှင့် ဧကရာဇ်အဆင့်မှ အင်မော်တယ်နယ်ပယ်သို့ တက်လှမ်းသူများ၏ အနာဂတ်အောင်မြင်မှုများသည် တိုင်းတာ၍မရနိုင်ကြောင်းကိုသာ ဝေဝေဝါးဝါး ဖော်ပြထားခဲ့သည်။

‎

‎

‎သို့သော် ဧကရာဇ်အဆင့်၏ အထက်စီးဆန်သော သဘာဝကြောင့် ကောင်းကင်နှင့် မြေကြီးတစ်ခုတည်း၏ အဆုံးမဲ့တာအိုများသည် ဧကရာဇ်တစ်ဦးတည်းကိုသာ မွေးဖွားခွင့်ပြု၏။

‎

‎

‎ဥပမာအားဖြင့်... ကုချန် နေထိုင်ရာ အဆုံးမဲ့ကမ္ဘာတွင် ယခု သူသည် ဧကရာဇ်အဆင့်အထွတ်အထိပ်၌ ရှိနေပြီဖြစ်ရာ သူသာ ပျက်စီးမသွားပါက အဆုံးမဲ့ကမ္ဘာတွင် ဒုတိယမြောက် ဧကရာဇ်တစ်ဦး မွေးဖွားလာရန် မဖြစ်နိုင်တော့ပေ။

‎

‎

‎သူအသက်ရှင်လျှင် အခြားသူများ သေဆုံးရမည်။ သူသေဆုံးမှသာ အခြားသူများ အသက်ရှင်နိုင်မည်။ ဧကရာဇ်နှစ်ဦးသည် ဆုံတွေ့ကြမည် မဟုတ်ချေ! ဤသည်ပင် စစ်မှန်သော ဧကရာဇ်အဆင့် ဖြစ်သည်!

‎

‎

‎" ဒီ အဆုံးမဲ့ကမ္ဘာထဲက ဧကရာဇ်အဆင့်လို့ခေါ်တာတွေက ဘယ်နေရာက ကြားလာမှန်းမသိတဲ့ 'ဧကရာဇ်' ဆိုတဲ့ စကားလုံးကို သူတို့ဘာသာသူတို့ ပေးအပ်ထားကြတဲ့ ဘွဲ့နာမည်တစ်ခုသက်သက်ပဲ ဖြစ်ရမယ် " ကုချန်က အမှန်ကိုသိသွားကာ ရယ်မောလိုက်၏။

‎

‎

‎အဆုံးမဲ့ကမ္ဘာရှိ ဧကရာဇ်အဆင့် ကျင့်ကြံသူအားလုံးသည် တုယောင်ဧကရာဇ်များသာ ဖြစ်နေခဲ့ကြသည်တည်း.....

‎

‎

‎ရှင်သန်ခြင်းတားမြစ်နယ်မြေများတွင် ရှင်သန်ကျန်ရစ်နေသော ထိုရှေးဟောင်းတည်ရှိမှုများကဲ့သို့ပင် သူတို့အား အရှင်သခင်များဟုသာ ခေါ်ဆိုနိုင်မည်ဖြစ်၏။

‎

‎

‎ယန်ဧကရာဇ်ကဲ့သို့သော သူတစ်ဦးသည်ပင် ကောင်းကင်ဘုံအရှင်အဆင့်ကို အရိပ်အယောင်မျှပင် မမြင်ဖူးခဲ့သည်ဖြစ်ရာ... ဒဏ္ဍာရီလာ ဧကရာဇ်အဆင့်ကိုကား ဆိုဖွယ်ရာမရှိတော့ချေ။

‎

‎

‎သူတို့နှစ်ဦးကြားရှိ အဆင့်ကွာခြားမှုမှာ အလွန်အမင်း ကြီးမားလွန်းသည်ကြောင့် သူသည် ယန်ဧကရာဇ်အား ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်ခဲ့သည်မှာ အံ့ဩစရာမရှိတော့ချေ။

‎

‎

‎ဧကရာဇ်အဆင့်၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်ပြီးနောက်တွင်... ကုချန်သည် သူ၏လက်ရှိအဆင့်ကြောင့် မာနထောင်လွှားခြင်း သို့မဟုတ် မိမိကိုယ်မိမိ ကျေနပ်နှစ်သိမ့်ခြင်း မဖြစ်သွားခဲ့ပေ။ ထိုအစား သူသည် မျက်လုံးများမှိတ်လျက် တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံခြင်း၌သာ စိတ်ရောကိုယ်ပါ မြှုပ်နှံထားဆဲဖြစ်သည်။

‎

‎

‎ကျင့်ကြံခြင်း၏ လမ်းခရီးသည် အဆုံးမရှိကြောင်း သူသိ၏။ ဒဏ္ဍာရီလာ ဧကရာဇ်အဆင့်သည်ပင်လျှင် ရှည်လျားလှသော ကျင့်ကြံခြင်းခရီး၏ အဆုံးသတ် လုံးဝမဟုတ်ချေ...!

‎

‎

‎... ... ... ...

‎

‎

‎မျက်စိတစ်မှိတ်အတွင်း ရက်အနည်းငယ် ကုန်လွန်သွားခဲ့သည်။

‎

‎

‎ကောင်းကင်ဘုံတားမြစ်နယ်မြေ၏ အဓိကနေရာတွင် ကုမိသားစုတပည့် အများအပြားသည် ကျင့်ကြံနေကြခြင်း သို့မဟုတ် သူတို့၏ နတ်စွမ်းအင်နည်းစနစ်များကို ထက်မြက်အောင် လေ့ကျင့်နေကြခြင်းများ ပြုလုပ်လျက်ရှိရာ အလွန်ပင် စည်ကားသိုက်မြိုက်လျက် ရှိသည်။

‎

‎

‎ကုတောက်လင်းသည် သူ၏ဘေးရှိ အားမာန်အပြည့်နှင့် တက်ကြွလန်းဆန်းနေသော ကုမိသားစုတပည့်များစွာကို ကြည့်လိုက်ပြီး သူ့မျက်နှာပေါ်တွင် ပေါ်လာသော အပြုံးသည် သူ၏မျက်လုံးထောင့်ရှိ အရေးအကြောင်းအနည်းငယ်ကိုပင် ပြေပျောက်သွားစေခဲ့သည်။

‎

‎

‎ဘိုးဘေးကြီးသည် အဆုံးမဲ့ကမ္ဘာသို့ ပြန်လည်ရောက်ရှိလာပြီး... ကုမိသားစုတစ်ခုလုံးအား ကောင်းကင်ဘုံတားမြစ်နယ်မြေအတွင်းသို့ ပြောင်းရွှေ့ရန် ဦးဆောင်ခဲ့သည့် အချိန်မှစ၍... ကုတောက်လင်းသည် နေ့ရက်တိုင်းအား အိပ်မက်တစ်ခုထဲ၌ ရှင်သန်နေရသကဲ့သို့ ခံစားခဲ့ရသည်။

‎

‎

‎ယခုအခါ ကုမိသားစုတပည့်များအားလုံးသည် ဘိုးဘေးကြီးမှ လက်ဆင့်ကမ်းပေးခဲ့သော နိဗ္ဗာနဧကရာဇ်ကျမ်း တစ်စောင်စီ ရရှိရုံသာမက... သူတို့၏ ကျင့်ကြံအဆင့်နှင့် သင့်လျော်သော ကျင့်ကြံဆေးလုံးအမျိုးမျိုးနှင့် ပစ္စည်းများကိုပါ နေ့စဉ် လက်ခံရရှိကြသည်။

‎

‎

‎ကုမိသားစုတပည့်များအားလုံး၏ ခွန်အားသည် လျင်မြန်စွာ ခုန်ပျံတိုးတက်လျက် ရှိသည်။ နတ်နဂါးအသွင်ပြောင်းခြင်းအဆင့်နှင့် ကောင်းကင်တက်လှမ်းခြင်းအဆင့်ရှိ ကုမိသားစုအကြီးအကဲ အများအပြားပင်လျှင် သူတို့၏အဆင့်များကို ဆက်တိုက် ဖောက်ထွက်နိုင်ခဲ့ကြပြီး ကုမိသားစု၏အင်အားကို အတိုင်းအတာတစ်ခုအထိ တိုးမြှင့်ပေးခဲ့သည်။

‎

‎

‎ထိုမျှသာမက... အဝေးဘိုးဘေး ကုဝူရှန် ပြန်လည်ရောက်ရှိလာခြင်းက ကုမိသားစု၏ အခြေခံအုတ်မြစ်အား များစွာ ပိုမိုတောင့်တင်းခိုင်မာစေခဲ့သည်။ အနာဂတ်တွင်... အကယ်၍ ဘိုးဘေးကြီးသည် အကြောင်းတစ်ခုခုကြောင့် ကုမိသားစုမှ ထွက်ခွာသွားရလျှင်ပင်... ကုဝူရှန်က တာဝန်ယူရန်ရှိနေပါက ကုမိသားစုသည် မည်သည့်အရာကိုမဆို ကိုင်တွယ်ဖြေရှင်းရန် ယုံကြည်မှု ရှိနေမည်ဖြစ်သည်။

‎

‎

‎အကယ်၍ ကုမိသားစုသည် လက်ရှိအရှိန်အဟုန်အတိုင်း ဆက်လက်တိုးတက်နေမည်ဆိုပါက... တစ်နေ့တွင် ဘိုးဘေးကြီး မရှိသည့်တိုင်အောင်... ကုမိသားစု၏အင်အားသည် ထို ဧကရာဇ်မျိုးနွယ်ကြီးများအား ချေမှုန်းနိုင်စွမ်းရှိသည်ကို သူအမှန်တကယ် မြင်တွေ့ရနိုင်သည်ဟု ခန့်မှန်းမိ၏။

‎

‎

‎" မိသားစုခေါင်းဆောင်... ကျွန်မတို့ ကောင်းကင်ဘုံတားမြစ်နယ်မြေကနေ အချိန်ကာလတစ်ခုလောက် ခဏထွက်သွားဖို့ လိုအပ်ပါတယ် "

‎

‎

‎ကုတောက်လင်းသည် ကုမိသားစု၏ အနာဂတ်အား ပျော်ရွှင်စွာ စိတ်ကူးပုံဖော်နေစဉ်မှာပင် ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာပြီး သူ၏အတွေးစများအား ဖြတ်တောက်လိုက်သည်။

‎

‎

‎ကုတောက်လင်းသည် အလိုအလျောက်ပင် အသံလာရာဘက်သို့ ကြည့်လိုက်ရာ... ကုချင်းရွဲ့နှင့် ယဲ့ယင်းယင်းတို့ အတူတကွ လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရသည်။ သူ့အား ယခုလေးတင် စကားပြောလိုက်သူမှာ ကုမိသားစု၏ မျိုးဆက်သစ်မှ ထူးချွန်သောတပည့်တစ်ဦးဖြစ်သည့် ကုချင်းရွဲ့ ဖြစ်လေသည်။

‎

‎

‎" ကုချင်းရွဲ့... မင်း... အပြင်ထွက်ပြီး စွန့်စားမလို့လား "

‎

‎

‎ကုတောက်လင်းသည် အမျိုးသမီးနှစ်ဦးအား လှမ်းကြည့်လိုက်သလို... သူ၏စိတ်ထဲတွင်လည်း အကြမ်းဖျင်း သဘောပေါက်နားလည်လိုက်သည်။

‎

‎

‎" ဟုတ်ကဲ့ " ကုချင်းရွဲ့က တောက်ပစွာ ပြုံးလျက် ပြောလိုက်သည်။ " အခု ကုမိသားစုက ဘေးကင်းနေပြီဆိုတော့ ကျွန်မမှာ စိတ်ပူစရာ ဘာမှမရှိတော့ဘူးလေ... ဒါကြောင့် အပြင်ထွက်ပြီး လောကအတွေ့အကြုံ ယူဖို့ အခွင့်အရေးကောင်းတစ်ခုပါပဲ "

‎

‎

‎" အင်း... ဒါလည်း ကောင်းတာပါပဲ "

‎

‎

‎ကုတောက်လင်းသည် ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး ကုချင်းရွဲ့၏ ရွေးချယ်မှုအပေါ် မည်သည့်မနှစ်သက်မှုမျှ မပြသည့်အပြင် သဘောတူညီကြောင်းကိုပင် ဖော်ပြခဲ့သည်။

‎

‎

‎အဆုံးမရှိသော ကျင့်ကြံခြင်း အရင်းအမြစ်များဖြင့် ကောင်းကင်ဘုံတားမြစ်နယ်မြေအတွင်း၌ အဆက်မပြတ် ကျင့်ကြံနေခြင်းသည် ဘေးကင်းလုံခြုံမှုနှင့် လျင်မြန်သော ကျင့်ကြံတိုးတက်မှုတို့ကို အာမခံနိုင်သော်ငြား ဖန်လုံအိမ်ထဲမှ ပန်းပွင့်များအဖြစ်သာ အဆုံးသတ်သွားပေလိမ့်မည်။ အပြင်သို့ မထွက်... ကြမ်းတမ်းမှုများဖြင့် သွေးတိုးစမ်းခြင်း မခံယူ... သေရေးရှင်ရေး တိုက်ပွဲများတွင် မပါဝင်ဘဲ မည်သို့လျှင် အမှန်တကယ် ကြီးထွားနိုင်မည်နည်း။

‎

‎

‎သမိုင်းတစ်လျှောက်တွင်... ကျင့်ကြံခြင်းလမ်းခရီး၏ အဆုံးသို့ ရောက်ရှိသွားသူတိုင်းသည် ကျင့်ကြံရုံသက်သက်ဖြင့် ထိုသို့ဖြစ်လာခြင်း မဟုတ်ကြောင်း ကုတောက်လင်း ကောင်းစွာသိ၏။ အဆက်မပြတ် စွန့်စားရှာဖွေခြင်းနှင့် ကြမ်းတမ်းမှုများဖြင့် သွေးတိုးစမ်းခြင်းများမှသာလျှင် စစ်မှန်သော အစွမ်းထက်သူများအား မွေးထုတ်ပေးနိုင်ပေသည်။

‎

‎

‎" အခု ဒီကျယ်ပြောလှတဲ့ ကောင်းကင်တစ်ခုလုံးရဲ့ မျက်လုံးတွေက ငါတို့ ကုမိသားစုအပေါ်မှာပဲ စုနေကြတယ်။ မင်းတို့ အပြင်ထွက် စွန့်စားတဲ့အခါ ကိုယ့်လုံခြုံရေးကို ဂရုစိုက်ဖို့ သတိရကြဦး "

‎

‎

‎ကုချင်းရွဲ့နှင့် အခြားသူများ မထွက်ခွာမီတွင်... ကုတောက်လင်းသည် သူတို့အား ထပ်မံ၍ သတိပေးစကားဆိုလိုက်ရသည်။

‎

‎

‎ယခုအခါ ကုမိသားစုသည် ကောင်းကင်ဘုံတားမြစ်နယ်မြေအတွင်း၌ နေထိုင်လျက် ရှားပါးသော ငြိမ်းချမ်းမှုနှင့် တည်ငြိိမ်မှုတို့ကို ခံစားနေရသော အရာအားလုံးသည် ဘိုးဘေးကြီး တည်ရှိနေသောကြောင့်သာဖြစ်ပြီး... ထို ဧကရာဇ်မျိုးနွယ်ကြီးများနှင့် အခြားသော မသမာသည့် အင်အားစုများ မဆင်မခြင် ပြုမူခြင်းမှ တားဆီးထားနိုင်ခြင်းဖြစ်သောကြောင့် ဖြစ်သည်ကို ကုတောက်လင်း နက်နက်ရှိုင်းရှိုင်းပင် သိရှိနေ၏။

‎

‎

‎ထို့ကြောင့် ကုချင်းရွဲ့နှင့် အခြားသူများ ကောင်းကင်ဘုံတားမြစ်နယ်မြေမှ ထွက်ခွာခြင်း၊ ဘိုးဘေးကြီး၏ အမြင်အာရုံအောက်မှ ထွက်သွားခြင်းသည် အန္တရာယ်မရှိဟု ဆိုလျှင် လုံးဝပင် မှားယွင်းပေလိမ့်မည်။

‎

‎

‎" မိသားစုခေါင်းဆောင် စိတ်ချပါ။ ဘိုးဘေးကြီး ပေးသနားထားတဲ့ အသက်ကယ်ဂါထာလက်ဖွဲ့တွေနဲ့ဆို... ကျွန်မတို့ကို ကြံစည်ရဲတဲ့ ဘယ်သူမဆို သေလမ်းရှာတာနဲ့ အတူတူပါပဲ "

‎

‎

‎ကုချင်းရွဲ့သည် သူမ၏လက်ထဲရှိ ဂါထာလက်ဖွဲ့အား မြှောက်ပြလိုက်ပြီး ချိုသာစွာ ပြုံးပြလိုက်ကာ ယဲ့ယင်းယင်းနှင့်အတူ ထွက်ခွာသွားလေသည်။

‎

‎

‎... ...

‎

‎

‎ထိုအချိန်တွင်... အဆုံးမဲ့ကမ္ဘာအတွင်းရှိ လျှို့ဝှက်ဆန်းကြယ်သော ကြယ်တာရာကောင်းကင်တစ်ခု၌.....

‎

‎

‎ရှေးဟောင်းခန်းမတစ်ခုအတွင်းရှိ ပလ္လင်များစွာပေါ်တွင် အလင်းများ ရုတ်တရက် တောက်ပလာ၏။

‎

‎

‎ယွမ်ကျွင်းမဟာဧကရာဇ်သည် ခရမ်းရောင်ဝတ်ရုံဝတ် မဟာဧကရီ၊ နဂါးရင်းမြစ်မဟာဧကရာဇ်နှင့် အခြားသူများအား ကြည့်လိုက်ပြီး... သူ၏အကြည့်မှာ လေးနက်လျက် " လူကြီးမင်းတို့... အရာအားလုံး အသင့်ဖြစ်ပါပြီ။ ကျွန်ုပ်တို့ အခုပဲ ဆင်းသက်ကြပြီး... ဟို ကုချန်ကို အဆုံးမဲ့ကမ္ဘာကနေ ထွက်သွားအောင် လုပ်ကြပါစို့! " ဟု ဆိုလိုက်လေ၏။

All Chapters