အခန်း (၉၁-၉၂)
Vol. 7 Ch. 91-92
အခန်း (၉၁) - ကောင်းကင်မျက်နှာပြင်ထက် ပုံရိပ်ထင်ဟပ်ခြင်း၊ ကုချန်အား အပြစ်ဖို့ခြင်း၊ အမှားနှင့်အမှန် ရှုပ်ထွေးသွားခြင်း
" ဒီလောက်တောင် အလျင်လိုစရာ လိုလို့လား "
ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီသည် မျက်မှောင်ကြုတ်လိုက်ပြီး မမေးမြန်းဘဲ မနေနိုင်ခဲ့ပေ။ " တာအိုရောင်းရင်း ယွမ်ကျွင်းမှာ ကုချန်ကို ရင်ဆိုင်ဖို့ အမှားအယွင်းမရှိတဲ့ အစီအစဉ် ရှိနေလို့လား "
ဤတစ်ကြိမ် ဟွမ်သွမ့်ပင်လယ်မှ ပြန်လာပြီးနောက်တွင် ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီသည် ကုချန် မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းသည်ကို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်သွားခဲ့၏။ ထို့ကြောင့် သူမတွင် အကြွင်းမဲ့သေချာမှု မရှိသေးမီ ကုချန်အား သွားရောက် လှုံ့ဆော်လိုသော ဆန္ဒ မရှိခဲ့ပေ။
" စိတ်ချပါ... ဒီတစ်ခေါက် ကိုယ်တော်တိုင် မင်းတို့အားလုံးနဲ့အတူ သွားမှာဖြစ်ပြီး... အမှားအယွင်းမရှိတဲ့ အစီအစဉ်လဲ ကိုယ်တော့်မှာ ရှိပြီးသားပါ " ယွမ်ကျွင်းမဟာဧကရာဇ်က လေးနက်သော အသံဖြင့် ပြောကြားလိုက်သည်။ " ဒါ့အပြင် ဒီတစ်ကြိမ်မှာ မင်းတို့အားလုံး ကုချန်နဲ့ တိုက်ရိုက် ထိပ်တိုက်တွေ့ဖို့ မလိုအပ်ဘူး... အခုပြောမဲ့အတိုင်းသာ လုပ်ဆောင်ကြ... "
ယွမ်ကျွင်းမဟာဧကရာဇ်သည် ထိုသို့ပြောကြားလိုက်ပြီးနောက် ညွှန်ကြားချက်အချို့ ပေးလိုက်၏။ နဂါးရင်းမြစ်မဟာဧကရာဇ်နှင့် ခရမ်းရောင်ဝတ်ရုံဝတ် မဟာဧကရီတို့သည် ထိုအရာများကို နားထောင်ပြီးနောက် စိတ်သက်သာရာရသွားကာ သဘောတူညီကြောင်း ခေါင်းညိတ်လိုက်ကြသည်။
" ဘယ်သူမှ ကန့်ကွက်စရာ မရှိဘူးဆိုရင် ဒီအတိုင်း ဆက်လုပ်ကြတာပေါ့ "
ယွမ်ကျွင်းမဟာဧကရာဇ်သည် ခံစားချက်ကင်းမဲ့စွာ ပြောကြားလိုက်သော်ငြား သူ၏မျက်လုံးများ၌မူ ဖုံးကွယ်ထားသော အလျင်လိုမှု အရိပ်အယောင်တစ်ခု ရှိနေခဲ့သည်။
သူသည် ကုချန်အား ပစ်မှတ်ထားရန် ဤမျှ ဇွတ်တရွတ်တောင်းဆိုနေရခြင်း၏ အကြောင်းရင်းမှာ... ကုချန်အား အဆုံးမဲ့ကမ္ဘာမှ နှင်ထုတ်ပြီး နတ်ဆိုးနယ်မြေအား စောင့်ကြပ်စေရန် တွန်းအားပေးချင်ရုံမျှသာ မဟုတ်ခဲ့ပေ။ အခြားသော အကြောင်းပြချက်များနှင့် ရည်ရွယ်ချက်များလည်း ရှိနေသေးသည်။
...
ကျယ်ပြောသောတိုက်ကြီး အရှေ့ပိုင်းစွန့်ပစ်ဒေသ တာအိုနယ်မြေ.....
ကုချင်းရွဲ့နှင့် ယဲ့ယင်းယင်းတို့သည် အထက်ကောင်းကင်တားမြစ်နယ်မြေမှ ထွက်ခွာလာပြီးနောက် အတူတကွ စွန့်စားခန်းထွက်ရန် ပြင်ဆင်လိုက်ကြသည်။
သို့သော် ထိုအမျိုးသမီးနှစ်ဦးသည် အဝေးကြီး မသွားရသေးမီမှာပင် သူတို့၏ အမြင်အာရုံများ ရုတ်တရက် မှောင်ကျသွားသည်ကို ခံစားလိုက်ကြရ၏...!
" ဒါက...! "
အမျိုးသမီးနှစ်ဦးစလုံး တုန်လှုပ်သွားကြပြီး ကောင်းကင်သို့ အလိုအလျောက် မော့ကြည့်လိုက်ကြသည်။
မည်သည့်အချိန်ကတည်းကမှန်း မသိလိုက်စွာ ကောင်းကင်၏ ကျယ်ပြောသော နယ်ပယ်တွင် ကြီးမားလှပြီး တစ္ဆေပုံရိပ်ကဲ့သို့ ကောင်းကင်မျက်နှာပြင်ကြီးတစ်ခု ပေါ်ပေါက်လာကာ ကောင်းကင်ယံအား ဖုံးကွယ်သွားခဲ့သည်တည်း...!
ကောင်းကင်မျက်နှာပြင်ကြီးသည် လွန်စွာ ကျယ်ပြောလှသဖြင့် ကျယ်ပြောသော နယ်မြေကြီးငါးခုရှိ သက်ရှိသတ္တဝါအားလုံး ယင်းအား မြင်တွေ့နိုင်ကြပေ၏။
ထိုမျှသာမက... အဆုံးမဲ့ကမ္ဘာအတွင်းရှိ ကျယ်ပြောသောတိုက်ကြီးအပြင် အခြားသော ရှင်သန်ခြင်းရှေးဟောင်းကြယ်များပေါ်၌လည်း ထပ်တူကျသော တစ္ဆေပုံရိပ်ကဲ့သို့ ကောင်းကင်မျက်နှာပြင်ကြီးတစ်ခု ပေါ်လာခဲ့ပြီး ကောင်းကင်ဘုံကိုးခု၏ အထက်တွင် ပျံဝဲနေသည်ကို သက်ရှိသတ္တဝါများအားလုံး မြင်တွေ့နိုင်ကြ၏...!
" ဒါ ဘာကြီးလဲ?! "
" ဟမ်... ဒါက သက်ရှိအားလုံး မြင်နိုင်ဖို့ အမြင့်မြတ်ဆုံး တည်ရှိမှုတစ်ခုက ဖော်ပြလိုက်တဲ့ ပုံရိပ်ပြသမှုတစ်ခုနဲ့ တူလိုက်တာ... တကယ့်ကို ခမ်းနားကြီးကျယ်တဲ့ လုပ်ရပ်ပဲ! "
ဤအခိုက်အတန့်တွင် မရေမတွက်နိုင်သော သက်ရှိသတ္တဝါများသည် ကောင်းကင်သို့ အလိုအလျောက် မော့ကြည့်လိုက်ကြပြီး... သူတို့၏မျက်လုံးများအားလုံးသည် တစ္ဆေပုံရိပ်ကဲ့သို့သော ကောင်းကင်မျက်နှာပြင်ကြီးပေါ်သို့ စုစည်းရောက်ရှိသွားကြသည်။
" အုမ်..... "
မရေမတွက်နိုင်သော အကြည့်များ စုစည်းလာသည်နှင့်အမျှ ကောင်းကင်မျက်နှာပြင်သည် ဖြည်းညင်းစွာ လှိုင်းဂယက်ထသွား၏။
နောက်တစ်ခဏတွင် အဆုံးမဲ့ချောက်နက်သဖွယ် ငရဲကဲ့သို့သော ပုံရိပ်လေးခုစလုံးသည် ကောင်းကင်မျက်နှာပြင်ပေါ်တွင် ထင်ဟပ်လာကြ၏။
ဤလေးဦးမှာ ဧကရာဇ်မဟာမိတ်အဖွဲ့၏ ဧကရာဇ်လေးပါးဖြစ်ကြသော ယွမ်ကျွင်း၊ နဂါးရင်းမြစ်အရှင်၊ ခရမ်းရောင်ဧကရီနှင့် မို့တိ တို့မှလွဲ၍ အခြားမဟုတ်ကြပေ...!
" ကုချန်... မင်းရဲ့အပြစ်ကို မင်းသိရဲ့လား "
ဧကရာဇ်မဟာမိတ်အဖွဲ့ မဟာဧကရာဇ်လေးပါး၏ ပုံရိပ်များ ပေါ်ထွက်လာသည်နှင့်အမျှ ခမ်းနားထည်ဝါပြီး ရှေးကျသော အသံတစ်ခုသည် ယွမ်ကျွင်းမဟာဧကရာဇ်၏ ပါးစပ်မှ ထွက်ပေါ်လာကာ ကျယ်ပြောသော နယ်မြေကြီးငါးခုအနှံ့ ပျံ့နှံ့သွားပြီး အဆုံးမဲ့ကမ္ဘာအတွင်းရှိ အခြားသော ရှင်သန်ခြင်းရှေးဟောင်းကြယ်များပေါ်မှ သက်ရှိသတ္တဝါအားလုံး၏ နားထဲသို့ ရောက်ရှိသွားခဲ့သည်။
ကောင်းကင်ဘုံအရှင်သခင်ကို စွပ်စွဲပြစ်တင်နေတာလား ?!
တစ်ခဏအတွင်း... သက်ရှိအားလုံးသည် ဤအချင်းအရာကို ကြားလိုက်ရသောအခါ အံ့အားသင့်သွားကြ၏...!
" ဧကရာဇ်မဟာမိတ်အဖွဲ့က မဟာဧကရာဇ်တွေပဲ! "
" ဟားဟား... နောက်ဆုံးတော့ မဟာဧကရာဇ်တွေက ကောင်းကင်ဘုံအရှင်သခင်ကို ဒဏ်ခတ်အရေးယူဖို့ ဆုံးဖြတ်လိုက်ကြပြီလား "
" ကုမိသားစု... မင်းတို့ရဲ့ နေ့ကောင်းတွေ ကုန်ဆုံးသွားပြီ! "
အဆုံးမဲ့ကမ္ဘာအတွင်းရှိ ဧကရာဇ်မျိုးနွယ်များသည် ဧကရာဇ်မဟာမိတ်အဖွဲ့အတွင်းမှ ဧကရာဇ်များက ကောင်းကင်ဘုံအရှင်သခင်အား နောက်ဆုံးတွင် ပစ်မှတ်ထားရန် လှုပ်ရှားမှုပြုလိုက်ပြီဟု ခံစားမိကြသဖြင့် အားလုံးပင် ဝမ်းမြောက်အော်ဟစ်ကာ စိတ်လှုပ်ရှားနေကြသည်။
သို့သော် အဘယ်ကြောင့် ဧကရာဇ်မဟာမိတ်အဖွဲ့ မဟာဧကရာဇ်များသည် သူတို့၏ ပုံစံအမှန်ဖြင့် ဆင်းသက်မလာဘဲ ပုံရိပ်ထင်ဟပ်ခြင်းပုံစံဖြင့်သာ ပေါ်လာခဲ့ကြသနည်း။
ဧကရာဇ်မျိုးနွယ်များ၏ အဖွဲ့ဝင်အချို့သည် တွေးတောခြင်းအား မတားဆီးနိုင်ခဲ့ကြပေ။
...
" ဒါ ဘိုးဘေးကြီးကို တကယ် ပစ်မှတ်ထားတာပဲ! "
ယွမ်ကျွင်းမဟာဧကရာဇ် ပြောလိုက်သည်ကို ကြားသောအခါ ကုချင်းရွဲ့သည် မျက်မှောင်ကြုတ်လိုက်၏။
သို့သော် သူမ နားမလည်ခဲ့ပေ။ ဤ ဧကရာဇ်မဟာမိတ်အဖွဲ့ ဧကရာဇ်များက သူတို့၏ ပုံစံအမှန်ဖြင့် ဆင်းသက်လာလျှင်ပင် သူတို့သည် ဘိုးဘေးကြီးအား ယှဉ်နိုင်ကြမည် မဟုတ်ပေ။ ယခု ပုံရိပ်များ ထင်ဟပ်စေရုံမျှဖြင့် မည်သို့ယှဉ်နိုင်မည်နည်း။
" လွန်ခဲ့တဲ့ နှစ်ကိုးသောင်းက ဧကရာဇ်မဟာမိတ်အဖွဲ့က မင်းကို နယ်ပယ်တွေရဲ့ အပြင်ဘက်က ဟွမ်သွမ့်ပင်လယ်ကို သွားပြီး နတ်ဆိုးနယ်မြေကို နှိမ်နင်းဖို့၊ အဆုံးမဲ့ကမ္ဘာက သက်ရှိသတ္တဝါတွေကို ကာကွယ်ဖို့ ဆုံးဖြတ်ခဲ့တယ်.....
ဒါပေမဲ့ မင်းက နတ်ဆိုးနယ်မြေနဲ့ ပူးပေါင်းဖို့ ကြံစည်တယ်... သူတို့ရဲ့ အဖွဲ့ထဲ ဝင်တယ်... ပြီးတော့ သူတို့အတွက် အမှုထမ်းခဲ့တယ်။ ဧကရာဇ်မဟာမိတ်အဖွဲ့က မင်း အဆုံးမဲ့ကမ္ဘာအတွက် အတိတ်က ပေးဆပ်ခဲ့တာတွေကို သတိရပြီး မင်းရဲ့နာမည်ကို မညှိုးနွမ်းစေချင်လို့... သက်ရှိအားလုံးက မင်းကို မုန်းတီးတာမျိုး မဖြစ်စေချင်လို့... ဒီသတင်းကို ဖုံးကွယ်ထားပေးခဲ့တယ်.....
ဘယ်သူက သိမှာလဲ... အခု မင်းက အဆုံးမဲ့ကမ္ဘာကို ပြန်လာရဲရုံတင်မကဘဲ အဆုံးမဲ့ကမ္ဘာက ဧကရာဇ်တွေကို မဆင်မခြင် သတ်ဖြတ်တယ်... နတ်ဆိုးနယ်မြေရဲ့ နောက်ဆက်တွဲ ကျူးကျော်မှုအတွက် ဖိအားလျော့ချဖို့နဲ့ လမ်းရှင်းပေးဖို့ ကြိုးစားနေတယ်။ ဒီလိုလုပ်ရပ်တွေက နတ်ဘုရားတွေရော လူတွေပါ ရွံရှာမုန်းတီးစရာပဲ။ ကုချန်... မင်းရဲ့အပြစ်ကို မင်းသိရဲ့လား?! "
ယွမ်ကျွင်းမဟာဧကရာဇ်သည် အထက်ကောင်းကင်တားမြစ်နယ်မြေ၏ ဦးတည်ရာဘက်သို့ မျက်နှာမူလျက် ဖြောင့်မတ်တည်ကြည်လျက် လေးနက်ခမ်းနားစွာ ပြောကြားလိုက်သည်။
ဤစကားလုံးများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ချက်ချင်းပင် လှိုင်းတံပိုးပေါင်း ထောင်သောင်းကို လှုံ့ဆော်လိုက်သကဲ့သို့ အဆုံးမဲ့ကမ္ဘာတစ်ခုလုံးအနှံ့ ကြီးမားသော ဂယက်ရိုက်ခတ်မှုကြီးတစ်ခု ဖြစ်ပေါ်စေခဲ့၏။
" ဒီလူအိုကြီးက အသရေဖျက်နေတာ! ဘိုးဘေးကြီးကို ဒီလောက် ဆိုးဆိုးဝါးဝါး စွပ်စွဲရဲတယ်! "
အထက်ကောင်းကင်တားမြစ်နယ်မြေရှိ ကုမိသားစုတွင် မရေမတွက်နိုင်သော ကုမိသားစုတပည့်များသည် မခံမရပ်နိုင်သော ဒေါသများဖြင့် ပြည့်နှက်နေကြပြီး... သူတို့၏မျက်နှာများမှာ အမျက်ဒေါသများဖြင့် ပြည့်နေကာ ယွမ်ကျွင်းမဟာဧကရာဇ်၏ ပါးစပ်အား ဆွဲဖြဲပစ်လိုက်ချင်စိတ်များ ပေါက်နေကြသည်။
လွန်ခဲ့သော နှစ်ကိုးသောင်းက ဘိုးဘေးကြီးအား ဟွမ်သွမ့်ပင်လယ်သို့ စေလွှတ်၍ နတ်ဆိုးနယ်မြေအား နှိမ်နင်းရန်မှာ ဧကရာဇ်မဟာမိတ်အဖွဲ့၏ ဆုံးဖြတ်ချက်ကြောင့်လော။ ဤသည်မှာ လုံးဝ အဓိပ္ပာယ်မရှိသော စကားပင်! အဆုံးမဲ့ကမ္ဘာရှိ သက်ရှိသတ္တဝါအားလုံးအတွက် ဘိုးဘေးကြီးက မိမိသဘောဆန္ဒအလျောက် ဟွမ်သွမ့်ပင်လယ်အတွင်းသို့ သွားရောက်ကာ နတ်ဆိုးနယ်မြေအား နှိမ်နင်းခဲ့ခြင်းဖြစ်သည်။ ဧကရာဇ်မဟာမိတ်အဖွဲ့က ဘိုးဘေးကြီးအား မည်သို့ အမိန့်ပေးနိုင်မည်နည်း။
ထို့အပြင် နတ်ဆိုးနယ်မြေနှင့် ပူးပေါင်းသည်ဟူသော စွပ်စွဲချက်သည် ဘိုးဘေးကြီးအပေါ် အကြီးမားဆုံး အသရေဖျက်မှုပင် ဖြစ်၏...! ဤသည်မှာ အမည်းကို အဖြူဖြစ်အောင် လိမ်ညာလှည့်ဖြားနေခြင်းသာ ဖြစ်သည်။
ကုမိသားစုတပည့်များအားလုံး ဒေါသထွက်နေကြသည်။
ထို့ပြင် အဆုံးမဲ့ကမ္ဘာရှိ သက်ရှိသတ္တဝါအားလုံးသည်လည်း ယခုအခါ ဂယက်ရိုက်ခတ်ကာ တုန်လှုပ်ခြောက်ခြားနေကြသည်။
ယွမ်ကျွင်းမဟာဧကရာဇ်မှ ထုတ်ဖော်လိုက်သော သတင်းသည် အလွန်အမင်း ပေါက်ကွဲအားပြင်းလွန်းလှသဖြင့် သက်ရှိသတ္တဝါများအားလုံး လွယ်လွယ်ကူကူ မယုံကြည်ရဲကြပေ။
ယခင်က ကုချန်မဟာဧကရာဇ်... ယခု ကောင်းကင်ဘုံအရှင်သခင်သည် အဆုံးမဲ့ကမ္ဘာအား အမှန်တကယ် သစ္စာဖောက်ပြီး နတ်ဆိုးနယ်မြေ၏ ခိုင်းခွေးတစ်ကောင် ဖြစ်သွားခဲ့ပြီလော ?!
" မဖြစ်နိုင်ဘူး... ကောင်းကင်ဘုံအရှင်သခင်က အနည်းဆုံးတော့ လူသားမျိုးနွယ်စု မဟာဧကရာဇ်တစ်ပါးပဲ... သူက ဘယ်လိုလုပ် အဆုံးမဲ့ကမ္ဘာနဲ့ သူ့ရဲ့ လူသားမျိုးနွယ်တွေကို သစ္စာဖောက်နိုင်မှာလဲ?! "
" ပြောရခက်တယ်... ပြောရခက်တယ်... ကုချန်မဟာဧကရာဇ် အဆုံးမဲ့ကမ္ဘာကို ပြန်ရောက်လာပြီးနောက်မှာ လုပ်ခဲ့တဲ့ လုပ်ရပ်တိုင်းကို ကြည့်ရင် ဧကရာဇ်မဟာမိတ်အဖွဲ့ ဧကရာဇ်တွေရဲ့ စကားတွေက အခြေအမြစ်မရှိဘဲ ပြောတာတော့ မဟုတ်လောက်ဘူး..... "
တီးတိုးစကားသံများသည် နယ်မြေကြီးငါးခုအနှံ့ ပဲ့တင်ထပ်နေခဲ့၏။
အချို့က ကုချန်သည် အဆုံးမဲ့ကမ္ဘာအား သစ္စာဖောက်ခဲ့သည်ကို မယုံကြည်လိုကြသော်လည်း ကုချန်သည် အဆုံးမဲ့ကမ္ဘာသို့ ပြန်လည်ရောက်ရှိလာသည့် အချိန်မှစ၍ လုပ်ဆောင်ခဲ့သော လုပ်ရပ်တိုင်းသည် ယွမ်ကျွင်းမဟာဧကရာဇ်၏ စကားများအား အမှန်တကယ်ပင် အတည်ပြုနေသကဲ့သို့ ဖြစ်နေ၏...!
" ကုကောင်းကင်ဧကရာဇ်က အဆုံးမဲ့ကမ္ဘာကို သစ္စာဖောက်ပြီး ငါတို့နယ်မြေနဲ့ ပူးပေါင်းလိုက်တယ် ဟုတ်လား "
ဤအခိုက်အတန့်တွင် အရှေ့ပိုင်းစွန့်ပစ်ဒေသ တာအိုနယ်မြေ၌ ပုန်းခိုနေသော ကြက်သွေးရောင်မြွေနဂါးအရှင်သည်လည်း လုံးဝ စိတ်ရှုပ်ထွေးသွားခဲ့သည်။
ကုကောင်းကင်ဧကရာဇ်က ငါတို့နယ်မြေဘက် ပြောင်းရွှေ့သွားတယ် ဟုတ်လား။ ငါ ဘယ်လိုလုပ် မသိရတာလဲ။
ဤသည်မှာ လုံးဝ မဖြစ်နိုင်သည့် အဓိပ္ပာယ်မဲ့သော အရာပင်!
တကယ်လို့ ကုကောင်းကင်ဧကရာဇ်သာ ငါတို့နယ်မြေကို လက်နက်ချခဲ့ရင် ဒီအဆုံးမဲ့ကမ္ဘာက ဟိုးအရင်ကတည်းက ပြားပြားဝပ်သွားလောက်ပြီ!
အစပိုင်း စိတ်ရှုပ်ထွေးပြီးနောက် ကြက်သွေးရောင်မြွေနဂါးအရှင်သည် သူ၏စိတ်အား မနည်းပင် ပြန်လည်စုစည်းလိုက်ရသည်။ ဤသည်မှာ ကုကောင်းကင်ဧကရာဇ်အား 'အသရေဖျက်ရန်' ယွမ်ကျွင်းမဟာဧကရာဇ်၏ နည်းဗျူဟာတစ်ခုမျှသာ ဖြစ်ဟန်တူသည်။
ကုကောင်းကင်ဧကရာဇ် မည်သို့ တုံ့ပြန်မည်နည်း။
ကြက်သွေးရောင်မြွေနဂါးအရှင်သည် အထက်ကောင်းကင်တားမြစ်နယ်မြေဘက်သို့ အလိုအလျောက် လှမ်းမျှော်ကြည့်လိုက်သည်။
ဤကဲ့သို့သော အချိန်မျိုးတွင် သူ၏တုံ့ပြန်မှု၌ အနည်းငယ်မျှသော မှားယွင်းမှုသည်ပင် သူ့အား ယွမ်ကျွင်းမဟာဧကရာဇ် ထောင်ထားသော ထောင်ချောက်ထဲသို့ ကျရောက်သွားစေနိုင်၏။
ကြက်သွေးရောင်မြွေနဂါးအရှင်သည် အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။
သူ၏ ဤခရီးစဉ်၏ ရည်ရွယ်ချက်မှာ ပြည့်ဝတော့မည် ဖြစ်ကြောင်း သူ သိနေခဲ့သည်။
ကုကောင်းကင်ဧကရာဇ်၏ လာမည့်တုံ့ပြန်မှုမှတစ်ဆင့် သူသည် ကုချန်သည် ဤအဆုံးမဲ့ကမ္ဘာနှင့် ယင်း၏ သက်ရှိသတ္တဝါများအပေါ် အမှန်တကယ်ပင် ဂရုစိုက်နေဆဲ ဟုတ်မဟုတ်ကို ဆုံးဖြတ်နိုင်တော့မည် ဖြစ်သည်။
ထို့ပြင် ရလဒ်သည် မည်သို့ပင်ဖြစ်စေကာမူ သူသည် အဆုံးမဲ့ကမ္ဘာမှ ချက်ချင်း ထွက်ခွာပြီး နတ်ဆိုးနယ်မြေသို့ ပြန်ကာ ကုကောင်းကင်ဧကရာဇ်၏ သဘောထားအား သတင်းပို့ရမည်ဖြစ်ပြီး... ထိုမှတစ်ဆင့် နတ်ဆိုးနယ်မြေ၏ နောက်ဆက်တွဲ လုပ်ဆောင်မည့် လမ်းကြောင်းကို ဆုံးဖြတ်မည် ဖြစ်သည်။
သို့သော် နောက်ဆက်တွဲ ဖြစ်ပေါ်လာသော မြင်ကွင်းသည် ကြက်သွေးရောင်မြွေနဂါးအရှင်၏ စိတ်ကူးထဲမှ အရာများထက်ကို လုံးဝ ကျော်လွန်သွားခဲ့ပြီး သူ့အား ထိုနေရာတွင် ချက်ချင်းပင် ကြက်သေသေသွားစေခဲ့သည်။
ကြက်သွေးရောင်မြွေနဂါးအရှင်သည် ဖြစ်နိုင်ခြေများစွာကို စဉ်းစားထားခဲ့၏။
ဒေါသတကြီး ထွက်ပေါ်လာပြီး ကောင်းကင်မျက်နှာပြင်အား ရိုက်ချိုးပစ်ခြင်း၊ သို့မဟုတ် တိတ်ဆိတ်စွာ နေခြင်း၊ သို့မဟုတ် ရှင်းလင်းချက်တစ်ခု ပေးခြင်း.....
ထို ကုကောင်းကင်ဧကရာဇ်သည် ဤအရာများထဲမှ တစ်ခုခုကို ရွေးချယ်နိုင်၏။
သို့သော် ကြက်သွေးရောင်မြွေနဂါးအရှင် မည်သည့်အခါမျှ မျှော်လင့်မထားခဲ့သည်မှာ.....
ယွမ်ကျွင်းမဟာဧကရာဇ်၏ အသရေဖျက်မှုနှင့် ရင်ဆိုင်ရသောအခါ ထို ကုကောင်းကင်ဧကရာဇ်သည် ခံစားချက်ကင်းမဲ့စွာဖြင့် ဤသို့သာ ပြောကြားခဲ့သည်.....
" မင်းတို့က အဲ့ဒီလို ထင်ရင်... အဲ့ဒီလိုပဲလို့ မှတ်ထားလိုက်ပေါ့ "
ထိုအသံသည် ခံစားချက်ကင်းမဲ့ပြီး တည်ငြိမ်လျက် ဒေါသ၏ အရိပ်အယောင်တစ်စွန်းတစ်စမျှ မပါဝင်ပေ။ သူသည် ယွမ်ကျွင်းမဟာဧကရာဇ်၏ စကားလုံးများအား သူ၏နှလုံးသားထဲသို့ လုံးဝ ထည့်သွင်းထားခြင်း မရှိသကဲ့သို့... ရှင်းလင်းချက်ပေးရန်လည်း မည်သည့် ရည်ရွယ်ချက်မျှ မရှိသကဲ့သို့ပင်။
မင်းတို့က အဲ့ဒီလို့ ဆိုရင်တော့... ဟုတ်တယ်လို့ပဲ သဘောထားလိုက်ပေါ့!
အခန်း (၉၂) - လူအုပ်မှာ စိတ်လှုပ်ရှားနေသော်လည်း သူဂရုမစိုက်ချေ၊ သက်သေအထောက်အထားမှာ အခိုင်အမာပင်
“ မင်းက အဲ့လိုဆိုမှတော့ အဲ့လိုပဲပေါ့ ”
ကောင်းကင်ဘုံတားမြစ်နယ်မြေအတွင်းမှ ထွက်ပေါ်လာသော လျစ်လျူရှုသံအား ကြားလိုက်ရချိန်တွင် ခမ်းနားထည်ဝါလှသော ကောင်းကင်ပြင်ပေါ်ရှိ ယွမ်ကျွင်းမဟာဧကရာဇ်၏ ပုံရိပ်သည်ပင်လျှင် ရပ်တန့်သွားခဲ့သည်။
???
ဒါက ဘာအဓိပ္ပာယ်လဲ?
ယွမ်ကျွင်းမဟာဧကရာဇ်သည် ကြောင်အသွားခဲ့၏။
သူသည် ကုချန်၏ တုံ့ပြန်မှုအတွက် ဖြစ်နိုင်ခြေပေါင်းများစွာအား ထည့်သွင်းစဉ်းစားထားခဲ့၏... ဖြစ်နိုင်သည်မှာ သူသည် ပြင်းထန်စွာ ငြင်းခုံလိမ့်မည်... သို့တည်းမဟုတ် သူသည် တိတ်ဆိတ်စွာ နေလိမ့်မည်။ သို့သော် မည်သည့်ရွေးချယ်မှုကိုပင် ပြုလုပ်စေကာမူ... သူသည် ယွမ်ကျွင်းမဟာဧကရာဇ် ပြင်ဆင်ထားခဲ့သော ထောင်ချောက်အတွင်းသို့ ကျရောက်သွားမည်ဖြစ်ပြီး... တဖြည်းဖြည်း နက်ရှိုင်းစွာ နစ်မြုပ်သွားကာ ရုန်းထွက်နိုင်စွမ်း မရှိတော့ဘဲ ဖြစ်သွားလိမ့်မည်။
ယွမ်ကျွင်းမဟာဧကရာဇ်သည် ကုချန်က ဒေါသတကြီးဖြင့် ဤကောင်းကင်ပြင်အား ဖျက်ဆီးပစ်နိုင်သည့် အစွန်းရောက်သော ဖြစ်နိုင်ခြေကိုပင် ထည့်သွင်းစဉ်းစားထားခဲ့သည်။ သူသည် ဖြစ်နိုင်ခြေရှိသော အခြေအနေတိုင်းကို စဉ်းစားထားပြီး ဖြစ်၏။
သို့သော်... ကုချန်က ဤကဲ့သို့သော အဖြေမျိုးအား ရွေးချယ်လိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ပေ!
“ မင်းက အဲ့လိုပြောမှတော့ အဲ့လိုပဲပေါ့? ” သူ့ကို အသရေဖျက် အပုတ်ချခံရတာကို ကြားသိရတာတောင် ကုချန်က အနည်းငယ်လေးတောင် ဒေါသထွက်ခြင်း မရှိခဲ့ဘူးလား...!
ခဏမျှ ယွမ်ကျွင်းမဟာဧကရာဇ်သည် ဆွံ့အသွားသကဲ့သို့ ဖြစ်သွားပြီး နောက်ဆက်တွဲ မည်သို့ပြောရမည်ကိုပင် မသိတော့ချေ။
ဤနေရာ၌... အဆုံးမဲ့ကမ္ဘာ၏ သက်ရှိသတ္တဝါအားလုံးသည် ကုချန်၏ စကားများကို ရှင်းလင်းပြတ်သားစွာ ကြားလိုက်ရသည်။
အမှန်တရားအား သိနှင့်ပြီးဖြစ်သော ယွမ်ကျွင်းမဟာဧကရာဇ်နှင့် မတူညီပေ။
သက်ရှိသတ္တဝါတို့သည် ကုချန်က အဆုံးမဲ့ကမ္ဘာအား သစ္စာဖောက်ခဲ့ခြင်း ရှိ...မရှိကို ယခင်ကတည်းက သံသယဝင်နေခဲ့ကြသည်။ ယခုမူ 'မိမိကိုယ်မိမိ အဆုံးစီရင်' လိုက်သကဲ့သို့သော ကုချန်၏ စကားများကို ကြားလိုက်ရသောအခါ... လူအုပ်ကြီးသည် ချက်ချင်းပင် ဂယက်ရိုက်သွားခဲ့ပြီး ကြီးမားသော ဆူပူအုံကြွမှုကြီး ဖြစ်ပေါ်လာခဲ့တော့သည်။
“ တွေ့လား! ငါ အစကတည်းက ပြောသားပဲ... ဒီ ကုချန်မဟာဧကရာဇ်က လူကောင်းတစ်ယောက် လုံးဝမဟုတ်ဘူးလို့! ”
“ ဘုရားရေ... ကောင်းကင်ဘုံအရှင်သခင်က ငါတို့ကို တကယ်သစ္စာဖောက်ခဲ့တယ်လို့ ဝန်ခံလိုက်တာလား? ”
“ ဟမ့်! အမှန်တရားက ဒီလိုပဲ နေရမှာပေါ့... မဟုတ်လို့ရှိရင် သူက အဆုံးမဲ့ကမ္ဘာကို ပြန်ရောက်လာတဲ့အခါ ဘာဖြစ်လို့ စရိုက်က ဒီလောက်တောင် ပြောင်းသွားရမှာလဲ... ဟိုးအရင်တုန်းက လူသားမျိုးနွယ်မဟာဧကရာဇ်ကနေ ဒီနေ့ရဲ့ တားမြစ်နယ်မြေအရှင်သခင်အဖြစ် ဘယ်လို ပြောင်းလဲသွားရတာလဲ?! ”
အေးစက်ခနဲ့သော မှတ်ချက်စကားများသည် နယ်မြေကြီးငါးခုတစ်ခွင်လုံး၌ ပဲ့တင်ထပ်သွားခဲ့၏။
လူအများအပြားသည် ဒေါသထွက်နေကြပြီး... ကုချန်က အဆုံးမဲ့ကမ္ဘာအား သစ္စာဖောက်ခဲ့ကာ... အဆုံးမဲ့ကမ္ဘာ၏ သစ္စာဖောက်တစ်ဦးဖြစ်သည်ဟု ယုံကြည်နေကြသည်။
သို့ရာတွင် အချို့မှာမူ တိတ်ဆိတ်စွာ နေလျက်ရှိပြီး... ဤကိစ္စမှာ ထင်သလောက် မရိုးရှင်းဘဲ ကောက်ချက်များအား အလျင်အမြန် မချမှတ်သင့်သေးကြောင်း ခံစားမိကြ၏။
.........
အထက်ကောင်းကင်တားမြစ်နယ်မြေ အတွင်း၌.....
ကုမိသားစုဝင်အားလုံးသည် နှုတ်ခမ်းများအား တင်းတင်းကိုက်ထားကြပြီး... သူတို့၏မျက်နှာများမှာ ဒေါသဖြင့် ပြည့်နှက်နေကာ... ယွမ်ကျွင်းမဟာဧကရာဇ်၏ အသရေဖျက်မှုကို လက်မခံနိုင်ဖြစ်နေကြဟန်တူ၏။
“ ဒီ ...ကောင်က တမင်သက်သက် လိမ်နေတာ! ဘိုးဘေးကြီးက သူ့တစ်ဘဝလုံး အဆုံးမဲ့ကမ္ဘာကို ကာကွယ်စောင့်ရှောက်ခဲ့တာ... အခုကျမှ အဆုံးမဲ့ကမ္ဘာရဲ့ သစ္စာဖောက်လို့ အသရေဖျက်ခံနေရတယ်?! ဟမ်?! ”
“ ဒီလူတွေကလည်း တကယ့်ကို အသုံးမကျတဲ့ကောင်တွေပဲ။ ဘိုးဘေးကြီးသာ သူ့အသက်ကိုစတေးပြီး မကာကွယ်ခဲ့ဘူးဆိုရင်... အဆုံးမဲ့ကမ္ဘာက ဒုက္ခပင်လယ်ဝေနေတာ ကြာလှပေါ့။ အခုမှ သူတို့က ဒီနေရာမှာ ဝေဖန်ဖို့ လုပ်ရဲကြတယ်လား?! ”
ကုမိသားစုဝင်တစ်ဦးက ဒေါသတကြီးဖြင့် ပြောဆိုလိုက်၏။
ကုမိသားစုဝင်များအနေဖြင့် ဖြစ်ပျက်ခဲ့သည့်အရာ၏ အမှန်တရားကို အသေအချာပင် သိရှိကြသည်။
သို့သော် ဧကရာဇ်မဟာမိတ်အဖွဲ့မှ ထိုယွမ်ကျွင်းမဟာဧကရာဇ်သည် သက်သေအထောက်အထား တစ်စုံတစ်ရာပင် ပြသခဲ့ခြင်းမရှိဘဲ ရိုးရှင်းသော အသရေဖျက်စကား အနည်းငယ်မျှဖြင့်ပင် လူအများအပြားအား အမှန်တရားဟု ယုံကြည်သွားစေခဲ့သည်။ ဤအချက်ကလည်း ကုမိသားစုအား အနည်းငယ် စိတ်ဓာတ်ကျသွားစေခဲ့သည်။
လက်ရှိအခြေအနေသည် အတိတ်ကာလက ထာဝရဧကရာဇ်တပိုင်းက ကုမိသားစုအား ဖိနှိပ်ခဲ့စဉ်ကနှင့် အလွန်ပင် ဆင်တူလှပေ၏...!
ဖြစ်နိုင်သည်မှာ... ဤများပြားလှသော သက်ရှိသတ္တဝါအပေါင်းတို့သည် ဘိုးဘေးကြီးက သူတို့အတွက် တစ်ချိန်က စတေးခဲ့သမျှနှင့် လုံးဝ မထိုက်တန်တော့ခြင်းပင် ဖြစ်လိမ့်မည်...!
“ ဘိုးဘေးကြီးက တကယ် ဘာတွေ တွေးနေတာပါလိမ့်...? ”
ကုတောက်လင်းသည် တီးတိုးရေရွတ်လိုက်ပြီး... သူ၏အကြည့်များသည် မသိစိတ်ကြောင့် အထက်ကောင်းကင်ခန်းမဆီသို့ ရောက်သွားခဲ့သည်။
ယွမ်ကျွင်းမဟာဧကရာဇ်၏ အသရေဖျက်မှုနှင့် ရင်ဆိုင်နေရသော်လည်း... အဘယ်ကြောင့် ဘိုးဘေးကြီးသည် ဒေါသထွက်ခြင်း သို့မဟုတ် ငြင်းဆိုခြင်း မပြုသည်ကို သူ သိချင်နေမိသည်။
ဘိုးဘေးကြီးက ဘာကို စဉ်းစားနေတာလဲ...?
အထက်ကောင်းကင်ခန်းမ အတွင်း၌.....
ကုချန်သည် အေးဆေးသက်သာစွာ ထိုင်နေခဲ့ပြီး... သူ၏အမူအရာမှာ ယခင်အတိုင်းပင် တည်ငြိမ်နေဆဲဖြစ်ကာ... ယွမ်ကျွင်းမဟာဧကရာဇ်၏ အသရေဖျက်မှုကြောင့် အနည်းငယ်မျှပင် ထိခိုက်ခြင်းမရှိဟန်တူ၏။
အမှန်တကယ်တွင် သူသည် အဆုံးမဲ့ကမ္ဘာ၏ သက်ရှိသတ္တဝါများအပေါ် လုံးဝ စိတ်ပျက်နေသည်မှာ ကြာလှပြီဖြစ်သည်။
အကယ်၍ လွန်ခဲ့သော နှစ်သောင်းပေါင်းများစွာကသာ ဖြစ်ခဲ့ပါလျှင်... ယွမ်ကျွင်းမဟာဧကရာဇ်၏ ဤကဲ့သို့ အသရေဖျက်ခြင်းကို ခံရပါက... သူသည် ပြင်းထန်စွာ ငြင်းဆိုခုခံကာ အလွန်အမင်း ဒေါသထွက်မိလိမ့်မည်ဖြစ်သည်။
သို့သော် ယခုအချိန်တွင်မူ သူ့၌ ဒေါသ၏ အရိပ်အယောင်မျှပင် မရှိတော့ချေ။
ဒေါသဟူသည် ဂရုစိုက်မှုမှ ပေါက်ဖွားလာခြင်း ဖြစ်၏။
ဒေါသထွက်ခြင်းမရှိခြင်းမှာ အမှန်ပင် ဂရုမစိုက်ခြင်းကို ဆိုလိုပေသည်။
အထက်ကောင်းကင်တားမြစ်နယ်မြေနှင့် ကုမိသားစုတို့ လုံခြုံနေသမျှ ကာလပတ်လုံး... အဆုံးမဲ့ကမ္ဘာကြီးတစ်ခုလုံး ပျက်စီးသွားခဲ့လျှင်ပင်... ကုချန်သည် မျက်တောင်တစ်ချက် ခတ်လိမ့်မည်မဟုတ်ပေ။
ထိုသို့ဖြစ်နေမှတော့... ယွမ်ကျွင်းမဟာဧကရာဇ် ပြောဆိုသည့်အရာများကို သူက အဘယ်ကြောင့် ဂရုစိုက်နေရမည်နည်း။
.........
“ ကုချန်! ”
ခဏတာ တိတ်ဆိတ်သွားပြီးနောက်... ယွမ်ကျွင်းမဟာဧကရာဇ်သည် သူ့ကိုယ်သူ အားတင်းကာ ဆက်လက်ပြောဆိုခဲ့သည်။
“ မင်းက ဆက်ပြီး ဖုံးကွယ်ထားလို့ မရတော့ဘူးလို့ ခံစားရလို့ ဒီလို ဟန်ဆောင်ကောင်းအောင် လုပ်နေတာလား...?
ဒါပေမဲ့... ငါတို့ ဧကရာဇ်မဟာမိတ်အဖွဲ့က အမြဲတမ်း ပွင့်ပွင့်လင်းလင်း... ရိုးရိုးသားသား... တရားမျှတမှုရှိရှိပဲ အလုပ်လုပ်တယ်။ ဘယ်သူ့ကိုမှ အကြောင်းရင်းမရှိဘဲ အသရေဖျက်တာ၊ အပြစ်တင်တာမျိုး ဘယ်တော့မှ မလုပ်ဘူး!
ငါကိုယ်တော်က အခု မင်း လုံးဝကို ငြင်းလို့မရအောင်လို့... မင်း အဆုံးမဲ့ကမ္ဘာကို သစ္စာဖောက်ခဲ့တဲ့ သက်သေအထောက်အထားတွေကို တစ်ခုချင်းစီ ချပြမယ်! ”
ကုချန်၏ တုံ့ပြန်မှုသည် ယွမ်ကျွင်းမဟာဧကရာဇ်၏ မျှော်လင့်ချက်များထက် လုံးဝ ကျော်လွန်သွားခဲ့သော်ငြား... သူ၏အစီအစဉ်အတွက် သူသည် အားတင်းကာ ဆက်လက်ပြောဆိုခဲ့သည်။
ယွမ်ကျွင်းမဟာဧကရာဇ် စကားဆုံးသွားသောအခါ... အဆုံးမဲ့ကမ္ဘာ၏ သက်ရှိသတ္တဝါအားလုံးသည် ကောင်းကင်ပြင်ဆီသို့ မော့ကြည့်ရင်း အသက်ရှူအောင့်ထားကြကာ... ယွမ်ကျွင်းမဟာဧကရာဇ်၏ နောက်ထပ်စကားလုံးများကို ကြားသိရရန် စောင့်ဆိုင်းနေခဲ့ကြသည်။
ဤ ကုချန်မဟာဧကရာဇ်သည် အဆုံးမဲ့ကမ္ဘာအား အမှန်တကယ် သစ္စာဖောက်ခဲ့ခြင်း ရှိ... မရှိကို သူတို့ သိရှိလိုကြသည်။
“ တစ်ချိန်တုန်းက... ဧကရာဇ်မဟာမိတ်အဖွဲ့က မင်းကို နတ်ဆိုးနယ်မြေကို ယာယီနှိမ်နင်းထားဖို့ အမိန့်ပေးခဲ့တယ်။ ဧကရာဇ်မဟာမိတ်အဖွဲ့က အင်အားအလုံအလောက် စုဆောင်းပြီးတာနဲ့ အားဖြည့်တပ်တွေ ပို့ပေးမယ်လို့ ကတိပေးခဲ့တယ်လေ။ ဘယ်သူက ထင်မှာလဲ... မင်းက ဘက်ပြောင်းပြီး အဆုံးမဲ့ကမ္ဘာကို သစ္စာဖောက်သွားလိမ့်မယ်လို့! ”
“ စဉ်းစားကြည့်လေ... မင်းသာ နတ်ဆိုးနယ်မြေဘက်ကို ဘက်မပြောင်းခဲ့ဘူးဆိုရင်... မင်းတစ်ယောက်တည်းက နတ်ဆိုးနယ်မြေကို ဒီလောက် အချိန်ကြာကြီး ဘယ်လိုလုပ် နှိမ်နင်းထားနိုင်မှာလဲ? ဒါက လုံးဝ မဖြစ်နိုင်တဲ့ကိစ္စပဲ! ”
“ သက်ရှိအားလုံး... ကြည့်ကြစမ်း! ဒါက ကုချန်ရဲ့ နတ်ဆိုးနယ်မြေနယ်စပ်ကို စောင့်ရှောက်တယ်ဆိုတဲ့ ဟာကြီးပဲ! ”
ယွမ်ကျွင်းမဟာဧကရာဇ်သည် ကျယ်လောင်စွာ ကြွေးကြော်လိုက်ပြီး... ကောင်းကင်းပြင်ပေါ်တွင် ကောင်းကင်ဘုံကိုးခု၏ အလွန်တွင်ရှိသော နယ်စပ် ဧကရာဇ်ဂိတ်၏ မြင်ကွင်းအား ထင်ဟပ်စေခဲ့သည်!
“ ဒါက...? ”
ပုံရိပ်အတွင်းရှိ မြင်ကွင်းအား မြင်တွေ့လိုက်ရသောအခါ... သက်ရှိသတ္တဝါအားလုံးသည် လုံးဝ တုန်လှုပ်ခြောက်ခြားသွားပြီး စကားလုံးများပင် မဆိုနိုင်တော့ချေ!
သူတို့ မည်သည့်အရာကို မြင်တွေ့လိုက်ရသနည်း။
သံခမောက်များဆောင်း၊ သံချပ်ကာများ ဝတ်ဆင်ထားကြသော ကြမ်းတမ်းရက်စက်သည့် နတ်ဆိုးသန်းပေါင်းများစွာတို့သည် ကောင်းကင်ယံတစ်ခွင်၌ တန်းစီလျက်ရှိကြသည်။
သူတို့၏ နောက်ရှိ အနက်ရောင်မြူခိုးများထဲတွင် ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်ငါးခု ရှိနေခဲ့ပြီး... သူတို့၏ ပုံရိပ်များမှာ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေကာ နှလုံးသားအား ထိတ်လန့်တုန်လှုပ်စေသည်။
ထို့ပြင် ထိုနယ်နိမိတ်၏ ရှေ့တွင်မူ... ထီးတည်းကြီး တည်ရှိနေသော မြို့ဟောင်းကြီးတစ်မြို့ ရပ်တည်လျက်ရှိပြီး... ၎င်းသည် ထိုနေရာ၌ မရေမတွက်နိုင်သော နှစ်သောင်းပေါင်းများစွာ ရပ်တည်နေခဲ့ပြီး ဖြစ်သည်!
“ နတ်ဆိုးနယ်မြေက ဒီလောက် ကြောက်စရာကောင်းတဲ့ အင်အားကြီးနဲ့ အခုလို ရပ်တန့်နေတာက ကုချန် ဆောက်ထားတဲ့ ဒီအထီးကျန်မြို့လေးတစ်မြို့ကြောင့်ပဲလား? ”
ယွမ်ကျွင်းမဟာဧကရာဇ်သည် ခနဲ့တဲ့တဲ့ ပြုံးလိုက်သည်။
“ လုံးဝ မှားတယ်! နတ်ဆိုးနယ်မြေက တစ်လှမ်းလေးတောင် ရှေ့ဆက်မတိုးနိုင်ရတဲ့အကြောင်းရင်း... ငါတို့ အဆုံးမဲ့ကမ္ဘာကို ကျူးကျော်ဝင်ရောက်နိုင်ခြင်း မရှိရတဲ့အကြောင်းရင်းက... ငါတို့ ဧကရာဇ်မဟာမိတ်အဖွဲ့က ဧကရာဇ်တွေရဲ့ တိတ်တဆိတ် စတေးခဲ့မှုတွေကြောင့်ပဲ! ”
ယွမ်ကျွင်းမဟာဧကရာဇ်၏ စကားများ ဆုံးသည်နှင့် မြင်ကွင်းသည် တစ်ဖန် ပြောင်းလဲသွားပြန်ပြီး ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီက အခြားနယ်မြေတစ်ခုမှ နတ်ဆိုးနယ်မြေအရှင်သခင်ငါးဦးနှင့် တစ်ဦးတည်း ရင်ဆိုင်ခဲ့ရသည့် အတိတ်မှအဖြစ်အပျက်အား ပြသခဲ့သည်။
သို့သော် ထိုပုံရိပ်သည် ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီ၏ ထိတ်လန့်တကြား ဆုတ်ခွာသွားမှုအား ဖော်ပြမထားဘဲ အရှင်သခင်ငါးဦးနှင့် တစ်ဦးတည်း တိုက်ခိုက်ခဲ့သည်ကိုသာ အသားပေး ဖော်ပြထားသည်။
ထို့ပြင် ထိုပုံရိပ်ထဲ၌... ထိုနတ်ဆိုးနယ်မြေအရှင်သခင်များက သူ့အား 'ကုကောင်းကင်ဧကရာဇ်' ဟု ခေါ်ဝေါ်ခဲ့သည့် မြင်ကွင်း၏ တစ်စိတ်တစ်ပိုင်းအား ရည်ရွက်ချက်ရှိရှိပင် ပြသထားခဲ့၏။
“ မင်းတို့ တွေ့ကြလား? အဲ့ဒီ နတ်ဆိုးနယ်မြေအရှင်သခင်တွေက ကုချန်ကို 'ကုကောင်းကင်ဧကရာဇ်' လို့ ခေါ်ခဲ့ကြတယ်! ပြီးတော့ သူတို့ရဲ့စကားလုံးတွေထဲမှာ လေးစားမှုတွေတောင် ပါနေသေးတယ်... ဒါက ကုချန်က နတ်ဆိုးနယ်မြေနဲ့ ပူးပေါင်းခဲ့ပြီး အဲ့ဒီထဲမှာ အရေးပါတဲ့ ရာထူးတစ်ခုတောင် ရှိနေတယ်ဆိုတာကိုပြသတဲ့ ခိုင်မာလွန်းတဲ့ သက်သေအထောက်အထားပဲ! ”
ယွမ်ကျွင်းမဟာဧကရာဇ်သည် အေးစက်စွာ အော်ဟစ်လိုက်၏။
တုန်လှုပ်ခြင်း!
မယုံနိုင်ခြင်း!
ဒေါသထွက်ခြင်း!
ဤအခိုက်အတန့်တွင်... ကောင်းကင်ပြင်ပေါ်၌ ဆက်တိုက် ပြသနေသော မြင်ကွင်းများကို ကြည့်ရှုရင်း... သက်ရှိသတ္တဝါအပေါင်းတို့သည် အကြီးအကျယ် ဆူပူအုံကြွသွားကြတော့လေသည်...!