အခန်း (၉၅-၉၆)
Vol. 7 Ch. 95-96
အခန်း (၉၅) - အဆုံးမဲ့ကမ္ဘာအား သတ်ဖြတ်ခြင်း၊ ဧကရာဇ်ဂိတ်အား ဖျက်ဆီးခြင်း၊ ကုချန် သေထိုက်သည်
“ ငါအရှင်သခင်နဲ့အတူ လိုက်ပါလာပြီး... အဆုံးမဲ့ကမ္ဘာကို ဝင်ရောက်နင်းခြေလော့ ”
ထျန်းကျွင်းအဆင့်အရှင်သည် ကျယ်လောင်စွာ ပြောဆိုလိုက်ရာ... သူ၏အသံသည် အဆုံးမဲ့တာအို၏ စွမ်းအားဖြင့် ချဲ့ထွင်သွားပြီး... ကောင်းကင်နှင့်မြေကြီးအကြား ပဲ့တင်ထပ်သွားကာ... သန်းပေါင်းများစွာသော နတ်ဆိုးနယ်မြေတပ်မတော်ကြီးအား စိတ်ဓာတ်တက်ကြွရန် လှုံ့ဆော်ပေးလိုက်သကဲ့သို့ ဖြစ်သွားလေသည်။
သူတို့ အဆုံးမဲ့ကမ္ဘာအား နောက်ဆုံးအကြိမ် ကျူးကျော်တိုက်ခိုက်ခဲ့သည်မှာ... နှစ်ပေါင်းမည်မျှ ကြာမြင့်ခဲ့ပြီနည်း။ နှစ်ပေါင်းကိုးသောင်း အတိအကျပင်တည်း.....
ဤနေရာ၌ တပ်စွဲထားသော နတ်ဆိုးနယ်မြေတပ်မတော်သည် အကြိမ်ပေါင်းများစွာ ပြောင်းလဲခဲ့ပြီးဖြစ်သည်။ သို့ရာတွင်... နယ်မြေနှစ်ခုအကြား ကန့်လန့်ဖြတ်တည်ရှိနေသော ဧကရာဇ်ဂိတ်သည်ကား... ဖြတ်ကျော်၍မရနိုင်သော ကောင်းကင်ဘုံချောက်နက်ကြီးတစ်ခုကဲ့သို့ပင် ဖြစ်လျက်... နတ်ဆိုးနယ်မြေတပ်မတော်အားလုံး၏ ချီတက်လာမှုအား တားဆီးလျက်ရှိ၏။
ယခုအခါ နှစ်ပေါင်းကိုးသောင်း ကြာမြင့်ပြီးနောက်... နတ်ဆိုးနယ်မြေသည် အဆုံးမဲ့ကမ္ဘာအား ကျူးကျော်တိုက်ခိုက်ရန်... သူ၏တပ်မတော်အား တစ်ဖန် ပြန်လည်စုစည်းနေခဲ့ပြီ ဖြစ်သည်။
ဤအချက်သည်... ဤနတ်ဆိုးနယ်မြေ သက်ရှိသတ္တဝါများအား... မည်သို့လျှင် စိတ်လှုပ်ရှားတက်ကြွခြင်း မရှိစေဘဲ နေနိုင်မည်နည်း။
“ ဟေး ... ငါတို့နောက်ဆုံးတော့ အဆုံးမဲ့ကမ္ဘာကို တိုက်ခိုက်ရတော့မယ်... ဒီတစ်ခါတော့ ငါတို့ အဆုံးမဲ့ကမ္ဘာက သက်ရှိတွေရဲ့သွေးကို ဝဝလင်လင် သောက်ကြမယ်! ”
“ ငါ့ဘိုးဘေးတွေရဲ့ မပြည့်ဝခဲ့တဲ့ဆန္ဒကို ငါက ဆက်ခံရမယ်... အဆုံးမဲ့ကမ္ဘာကို ကျူးကျော်ပြီး သွေးချောင်းစီးစေရမယ်...! ”
“ သတ်...!သတ်...!သတ်...! ”
နတ်ဆိုးမီးတောက်များသည် ကောင်းကင်သို့ ထိုးတက်သွားခဲ့ပြီး... တိုက်ပွဲ၏ အော်ဟစ်သံများသည် နားများပင် ကွဲလုမတတ် ဖြစ်စေကာ... ကောင်းကင်နှင့်မြေကြီးတစ်ခွင်လုံး၌ ပဲ့တင်ထပ်သွားလေသည်။
“ မင်းတို့အားလုံးလဲ ငါအရှင်သခင်နောက်ကို လိုက်ခဲ့ကြ! ”
စိတ်လှုပ်ရှားနေသော နတ်ဆိုးနယ်မြေတပ်မတော်အား တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက်... ထျန်းကျွင်းအဆင့်အရှင်သည် မိုယွဲ့အရှင်နှင့် အခြားသူများဘက်သို့ ကြည့်လိုက်ကာ လျစ်လျူရှုစွာပင် အမိန့်ပေးလိုက်သည်။
“ အမိန့်အတိုင်းပါ...! ”
မိုယွဲ့အရှင်နှင့် အခြားသူများသည် မနာခံဘဲ မနေဝံ့ကြကာ တညီတညွတ်တည်း သဘောတူလိုက်ကြသည်။
ကြက်သွေးရောင်မြွေနဂါးအရှင် တစ်ဦးတည်းသာ အနည်းငယ် တုံ့ဆိုင်းသွားပြီး.....
“ ထျန်းကျွင်းအဆင့်အရှင်... တကယ်လို့ ကျွန်မတို့အားလုံးသာ သွားလိုက်ကြမယ်ဆိုရင်... နယ်စပ်က ဗလာကြီး ဖြစ်သွားပါလိမ့်မယ်... ပြီးတော့ လူသားမျိုးနွယ် ကုချန်က ဒီအခွင့်အရေးကို အသုံးချမှာ မဟုတ်ဘူးလို့ အာမခံဖို့ ခက်ခဲပါတယ်...
တကယ်လို့ သူသာ အခွင့်ကောင်းယူပြီး ကျွန်မတို့ နတ်ဆိုးနယ်မြေကို ကျူးကျော်ခဲ့မယ်ဆိုရင်... ကုချန် သေခဲ့ရင်တောင် သူက နတ်ဆိုးနယ်မြေကို တော်တော်လေး ပျက်စီးဆုံးရှုံးမှုဖြစ်စေမှာ သေချာပါတယ်...
မမျှော်လင့်ထားတဲ့ အခြေအနေတစ်ခုခု ဖြစ်လာခဲ့ရင်... ဒီနေရာကို စောင့်ကြပ်ဖို့ ကျွန်မကို နေခဲ့ခွင့် ပြုပါ ” ဟု တောင်းဆိုလိုက်၏။
ကြက်သွေးရောင်မြွေနဂါးအရှင်၏ စကားများအား ကြားလိုက်ရသောအခါ... မိုယွဲ့အရှင်နှင့် အခြားသူများအားလုံးသည် ထူးဆန်းသော အမူအရာများ ပြသလာကြသည်။
နယ်စပ်အား စောင့်ကြပ်ရန် နေရစ်ခဲ့မည်လော။ သို့ဆိုလျှင် အဆုံးမဲ့ကမ္ဘာအား မျိုးဖြုတ်သုတ်သင်ခြင်းအတွက် ရရှိမည့် ဂုဏ်ကျေးဇူးသည် သူနှင့် သက်ဆိုင်တော့မည် မဟုတ်ပေ။
အဆုံးမဲ့ကမ္ဘာ ပျက်စီးသွားပြီးနောက်... ရွှမ်ယိုနန်းတော်မှ ဂုဏ်ကျေးဇူးများအတွက် ဆုလာဘ်များ ချီးမြှင့်သည့်အခါ... သူသည် ဝေစုတစ်စုံတစ်ရာ ရရှိမည် မဟုတ်ပေ။
“ မင်းက နေခဲ့ဖို့ ရည်ရွယ်မှတော့... ငါအရှင်သခင်က မင်းကို အတင်းအကျပ် မလုပ်တော့ဘူး... ဒါပေမဲ့ အဆုံးမဲ့ကမ္ဘာကို ဖျက်ဆီးခြင်းရဲ့ ဂုဏ်ကျေးဇူးအတွက် ချီးမြှင်မဲ့ ဆုလာဘ် ကိုတော့ မင်းရမှာမဟုတ်ဘူး ”
ထျန်းကျွင်းအဆင့်အရှင်သည် ဤသည်ကို ကြားသောအခါ... ကြက်သွေးရောင်မြွေနဂါးအရှင်အား လျစ်လျူရှုစွာ တစ်ချက် ကြည့်လိုက်ပြီး... သူ၏တောင်းဆိုမှုအား ငြင်းပယ်ခြင်း မပြုခဲ့ပေ။
ကြက်သွေးရောင်မြွေနဂါးအရှင်သည် နက်ရှိုင်းသောနတ်ဆိုးနယ်မြေတွင် ရှိနေသော်လည်း... သူ့တွင် အခြားသော နတ်ဆိုးနယ်မြေတစ်ခုရှိ အမြင့်မြတ်ဆုံး အင်အားစုတစ်ခုနှင့် ရှုပ်ထွေးသော ဆက်သွယ်မှုများ ရှိနေခဲ့သည်။ ထျန်းကျွင်းအဆင့်အရှင်သည် ရွှမ်ယိုနန်းတော်၏ ထျန်းကျွင်းတစ်ပါး ဖြစ်နေခဲ့လျှင်ပင်... သူသည် မြွေနဂါးအရှင်အပေါ် အလွန်အမင်း ဖိအားပေးရန် ဆန္ဒမရှိခဲ့ပေ။
“ အဆုံးမဲ့ကမ္ဘာကို ဖျက်ဆီးဖို့အတွက် ထျန်းကျွင်းအဆင့်အရှင်နဲ့ ကျန်တဲ့အရှင်သခင်တွေ ရှိနေရင် လုံလောက်ပါပြီ... ကျွန်မကို မလိုအပ်ပါဘူး ”
ကြက်သွေးရောင်မြွေနဂါးအရှင်သည် နှိမ့်ချစွာ ပြောဆိုလိုက်၏။
“ ဟက်...ဒီလိုဆိုမှတော့ မင်းတို့အားလုံး ငါအရှင်သခင်နောက်ကို လိုက်ခဲ့ကြတော့ ”
ထျန်းကျွင်းအဆင့်အရှင်၏ အကြည့်များသည် မိုယွဲ့အရှင်နှင့် အခြားသူများအပေါ်သို့ ဝေ့ဝဲသွားခဲ့ပြီး... လျစ်လျူရှုစွာ အမိန့်ပေးလိုက်သည်။ ထို့နောက် ကောင်းကင်နှင့်မြေကြီးအား လွှမ်းခြုံသွားနိုင်သော ကြောက်မက်ဖွယ်ရာ နတ်ဆိုးအလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ... ဧကရာဇ်ဂိတ် တည်ရှိရာ လားရာဘက်သို့ ပျံသန်းသွားလေတော့သည်။
အခြားသော နတ်ဆိုးနယ်မြေအရှင်သခင်များသည်လည်း နောက်မှ တသွေမတိမ်း လိုက်ပါသွားကြသည်။
ထို့ပြင်... ဤနေရာ၌ နှစ်ပေါင်းသောင်းနှင့်ချီ၍ တိတ်ဆိတ်စွာ ရှိနေခဲ့သော နတ်ဆိုးနယ်မြေတပ်မတော်ကြီးသည်လည်း သူတို့၏ စစ်သင်္ဘောများနှင့် ကောင်းကင်ပျံလှေများပေါ်သို့ တက်ရောက်ကြလျက်... သူတို့၏ သံချပ်ကာများသည် တလက်လက်တောက်ပနေကာ... ထျန်းကျွင်းအဆင့်အရှင်နှင့် နတ်ဆိုးနယ်မြေအရှင်သခင်ငါးပါးတို့၏ နောက်မှ အဆုံးမဲ့ကမ္ဘာအား တိုက်ခိုက်ရန် လိုက်ပါသွားကြလေတော့သည်။
" ခွမ်း..... "
ထျန်းကျွင်းအဆင့်အရှင်သည် မရေမတွက်နိုင်သော နတ်ဆိုးနယ်မြေတပ်မတော်အား ဧကရာဇ်ဂိတ်သို့ ဦးဆောင်လာခဲ့သည့်အခါ... ခမ်းနားထည်ဝါလှသော ဧကရာဇ်ဂိတ်၏ မျက်နှာပြင်သည် ရုတ်တရက် မှိန်ဖျော့သော အလင်းရောင်တစ်ခုအား ထုတ်လွှတ်လိုက်ရာ... ပြောပြ၍မရနိုင်သော ဖိနှိပ်ချုပ်ချယ်မှု စွမ်းအားတစ်ခုသည် ဧကရာဇ်ဂိတ်မှနေ၍ လှိုက်တက်လာခဲ့၏။ ၎င်းမှာ ပြိုင်ဘက်ကင်း ကြမ်းတမ်းရက်စက်သော သားရဲကြီးတစ်ကောင် နိုးထလာခဲ့သကဲ့သို့ပင်တည်း။
ထိုအရာသည် မည်သည့် သိုင်းကွက်ပုံစံမျှ မဟုတ်သကဲ့သို့... တစ်စုံတစ်ဦးမှ ကာကွယ်စောင့်ရှောက်နေခြင်းလည်း မဟုတ်ဘဲ... ဧကရာဇ်ဂိတ်၏ အလိုအလျောက် နိုးထလာမှုပင် ဖြစ်သည်။
ကုချန်သည် ဧကရာဇ်ဂိတ်အား နှစ်ပေါင်းကိုးသောင်း အတိအကျ ကာကွယ်စောင့်ရှောက်ခဲ့ရာ... ဤဧကရာဇ်ဂိတ်အား သူ၏ ချီစွမ်းအင်များဖြင့် အချိန်ကြာမြင့်စွာ ပေါင်းစပ်ပေးခဲ့ပြီး ဖြစ်သည်။
ဤနှစ်ပေါင်းသောင်းနှင့်ချီသော ကာလအတွင်း မရေမတွက်နိုင်သော နတ်ဆိုးနယ်မြေ သက်ရှိသတ္တဝါတို့၏ သွေးများဖြင့် ရေသွင်းပေါင်းသင်ခဲ့ရခြင်းနှင့် ပေါင်းစပ်လိုက်သောအခါ... ၎င်းသည် ဧကရာဇ်ဂိတ်အား အသိစိတ် အရိပ်အယောင်တစ်ခုအား ရရှိစေခဲ့ပြီး... နတ်ဆိုးနယ်မြေ သက်ရှိသတ္တဝါများ ချဉ်းကပ်လာသည်ကို အာရုံခံမိသည့်အခါ အလိုအလျောက် နိုးထလာစေခဲ့ခြင်း ဖြစ်သည်။
မိုယွဲ့အရှင်နှင့် အခြားသူများအားလုံးသည် ဧကရာဇ်ဂိတ်မှ ထုတ်လွှတ်လိုက်သော မှိန်ဖျော့သော ချီစွမ်းအင်အား အာရုံခံမိလိုက်သည်နှင့် သူတို့၏ နှလုံးသားများ တုန်ခါသွားခဲ့ကြပြီး သူတို့၏ အမူအရာများသည် ပြောင်းလဲသွားကြသည်။
ဧကရာဇ်ဂိတ်သည် ယခုအခါ ဗလာနတ္ထိဖြစ်နေပြီး... ကုကောင်းကင်ဧကရာဇ်၏ တည်ရှိမှု ကင်းမဲ့နေကြောင်း သူတို့ သိရှိကြသော်လည်း... ဧကရာဇ်ဂိတ်ပေါ်ရှိ ကုချန်၏ ကျန်ရစ်နေသေးသော ချီစွမ်းအင် အစအနများအား အာရုံခံမိသည့်အခါ... ကုချန်၏ ဖိနှိပ်ချုပ်ချယ်မှုအောက်တွင် နှစ်ပေါင်းသောင်းနှင့်ချီ၍ နေခဲ့ရသော ဤ နတ်ဆိုးနယ်မြေအရှင်သခင်များသည် ဖိနှိပ်မှုအား ခံစားနေရဆဲ ဖြစ်သည်။
“ ဟမ့်...ဖျက်သိမ်းခံထားရတဲ့ ဂိတ်တစ်ခုလောက်ကများ ငါတို့ကို လာတားဆီးရဲတယ် ”
ကုချန်နှင့် မည်သည့်အခါမျှ မတွေ့ဆုံခဲ့ဖူးသော ထျန်းကျွင်းအဆင့်အရှင် တစ်ဦးတည်းသာလျှင် ဘာမျှခံစားခဲ့ရခြင်း မရှိခဲ့ပေ။
သူသည် သူ၏ရှေ့မှ ဧကရာဇ်ဂိတ်အား လျစ်လျူရှုစွာ တစ်ချက် ကြည့်လိုက်ပြီးနောက်... လက်တစ်ဖက်အား ဆန့်တန်းကာ ပေါ့ပေါ့ပါးပါးပင် ပွတ်ဆွဲလိုက်သည်။
နောက်တစ်ခဏ၌ ကောင်းကင်နှင့်မြေကြီး၏ အဆုံးမဲ့တာအို စွမ်းအားများသည် စုစည်းသွားခဲ့ပြီး... ကောင်းကင်အား ဖုံးလွှမ်းသွားနိုင်လောက်သော ဧရာမ လက်ဝါးကြီးတစ်ဖက်အား ဖွဲ့စည်းကာ... ဧကရာဇ်ဂိတ်၏ တစ်ဝက်အား တိုက်ရိုက်ပင် ပြိုကျသွားစေခဲ့သည်။
“ သွား..... ”
ဧကရာဇ်ဂိတ်အား လက်ဝါးတစ်ချက်တည်းဖြင့် ပြိုကျစေပြီးနောက်... ထျန်းကျွင်းအဆင့်အရှင်၏ အမူအရာသည် ယခင်အတိုင်းပင် လျစ်လျူရှုလျက် ရှိနေဆဲဖြစ်သည်။
ဆန့်ကျင်ဘက်အားဖြင့် သူ၏နောက်မှ မိုယွဲ့အရှင်နှင့် အခြားသူများအားလုံးသည် ရှုပ်ထွေးသော အမူအရာများ ပြသလျက်ရှိကြသည်။
ကုချန်၏ ကာကွယ်စောင့်ရှောက်မှု မရှိပါက... ဤဧကရာဇ်ဂိတ်သည် သာမန် အဆောက်အအုံတစ်ခုမျှသာ ဖြစ်ကြောင်း သူတို့ သိရှိကြသော်လည်း... နှစ်ပေါင်းကိုးသောင်းတိုင်တိုင် ဤဧကရာဇ်ဂိတ်သည် ကောင်းကင်ဘုံချောက်နက်ကြီးတစ်ခုကဲ့သို့ ရပ်တည်လျက်... မရေမတွက်နိုင်သော နတ်ဆိုးနယ်မြေတပ်မတော်၏ လမ်းကြောင်းအား ပိတ်ဆို့ထားခဲ့သည် မဟုတ်ပါလော။
ယခုအခါ ဧကရာဇ်ဂိတ်သည် ပြိုကျသွားခဲ့ပြီဖြစ်ရာ... သူတို့သည် ရှုပ်ထွေးသော ခံစားမှုမျိုးအား မည်သို့လျှင် မခံစားရဘဲ နေနိုင်မည်နည်း။
“ ဧကရာဇ်ဂိတ် ပြိုကျသွားခဲ့ပြီ..... ”
ထျန်းကျွင်းအဆင့်အရှင်မှ ခမ်းနားထည်ဝါသော ဧကရာဇ်ဂိတ်အား လက်ဝါးတစ်ချက်တည်းဖြင့် ပေါ့ပေါ့ပါးပါး ပြိုကျသွားစေသည်ကို ကြည့်ရှုရင်း... နတ်ဆိုးနယ်မြေ နယ်စပ်တွင် ကျန်ရစ်ခဲ့သော ကြက်သွေးရောင်မြွေနဂါးအရှင်သည် ရှုပ်ထွေးသော အမူအရာအား မပြဘဲ မနေနိုင်ခဲ့ပေ။
သူ၏ ကိုယ်ပွားသည် ပြန်လည်ရောက်ရှိလာခြင်း မရှိသေးသော်လည်း... သူသည် အကယ်၍ ကုကောင်းကင်ဧကရာဇ်က နတ်ဆိုးနယ်မြေအား ဆက်လက်တားဆီးရန် ရည်ရွယ်ချက် မရှိတော့ပါလျှင်... သူတို့သည် အဆုံးမဲ့ကမ္ဘာအား ကျူးကျော်တိုက်ခိုက်မည် ဆိုလျှင်ပင်... မလိုအပ်သော ပြဿနာများအား ရှောင်ရှားနိုင်ရန်အလို့ငှာ... သူ့အား လုံးဝ သွားရောက် မဆွသင့်ကြောင်းကို ခံစားနေမိဆဲ ဖြစ်သည်။
သို့သော် ယခုအခါ... ထျန်းကျွင်းအဆင့်အရှင်သည် ကုကောင်းကင်ဘုံဧကရာဇ်အား သူ၏မျက်စိထဲတွင် လုံးဝ ထည့်သွင်းထားဟန်မတူဘဲ... ဧကရာဇ်ဂိတ်အား ဤကဲ့သို့ပင် ပြိုကျသွားစေခဲ့သည်။
သူတို့၏ ဤတစ်ကြိမ် အဆုံးမဲ့ကမ္ဘာသို့ ခရီးစဉ်သည် ချောမွေ့ပါစေဟုသာ သူ မျှော်လင့်မိသည်။
ကြက်သွေးရောင်မြွေနဂါးအရှင်သည် သူ၏နှလုံးသားထဲ၌ တိတ်တဆိတ် ဆုတောင်းလိုက်သည်။
…………
တစ်ချိန်တည်းမှာပင်... အဆုံးမဲ့ကမ္ဘာ အတွင်း၌
ယွမ်ကျွင်းမဟာဧကရာဇ်၏ အစောပိုင်း အစီအစဉ်များကြောင့် ကောင်းကင်မျက်နှာပြင် သည် အဆုံးမဲ့တိုက်ကြီး ပေါ်တွင်သာ ထင်ဟပ်နေသည် မဟုတ်ဘဲ... အဆုံးမဲ့ကမ္ဘာ အတွင်းရှိ အခြားသော သက်ရှိရှေးဟောင်းကြယ်တာရာ များစွာတို့အပေါ်၌လည်း ထွက်ပေါ်လျက်ရှိသည်။
မရေမတွက်နိုင်သော သက်ရှိသတ္တဝါများသည် ကောင်းကင်မျက်နှာပြင်အား မော့ကြည့်ကြလျက်.... ယွမ်ကျွင်းမဟာဧကရာဇ်မှ ကောင်းကင်ဘုံအရှင်သခင်အား စစ်ဆေးမေးမြန်းနေသည့် ဖြစ်စဉ်အား ကြည့်ရှုနေကြပြီး... သူတို့၏ မျက်လုံးများမှာ ဒေါသများဖြင့် ပြည့်နှက်နေခဲ့သည်။
သူတို့သည် ယခင်က လူသားမျိုးနွယ်မဟာဧကရာဇ်ဖြစ်ခဲ့သော ကုချန်တွင် ဤကဲ့သို့သော စိတ်သဘောထား ရှိနေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြပေ။
အဆုံးမဲ့ကမ္ဘာ၏ အပြင်ဘက်အစွန်အဖျားအနီးတွင် ‘ထျန်းကျောင်း’ ဟု အမည်ရသည့် သက်ရှိရှေးဟောင်းကြယ်တာရာ တစ်လုံး တည်ရှိသည်။
ဤ သက်ရှိရှေးဟောင်းကြယ်တာရာသည် အဆုံးမဲ့တိုက်ကြီး နှင့် နှိုင်းယှဉ်ပါက များစွာ ပို၍ အထီးကျန်ဆန်ကာ ခြောက်သွေ့လျက်ရှိသော်လည်း... ၎င်းသည် လူသားမျိုးနွယ် သက်ရှိသတ္တဝါ ဆယ်သန်းနီးပါး၏ နေအိမ် ဖြစ်နေသေးသည်။
ထို့ပြင် ဤအခိုက်အတန့်တွင် ထျန်းကျောင်းရှေးဟောင်းကြယ်တာရာပေါ်ရှိ လူသားမျိုးနွယ် သက်ရှိသတ္တဝါအားလုံးသည် သူတို့၏အထက်ရှိ ကောင်းကင်မျက်နှာပြင်အား စူးစိုက်စွာ ကြည့်ရှုနေကြသည်။
အသံအမျိုးမျိုးသည် ထျန်းကျောင်းရှေးဟောင်းကြယ်တာရာ တစ်ခွင်လုံး၌ ပဲ့တင်ထပ်လျက်ရှိ၏။
“ ဒီ ကုချန်မဟာဧကရာဇ်က ဒီလိုလူစားမျိုး ဖြစ်နေလိမ့်မယ်လို့... ကျွန်တော် မထင်ခဲ့ဘူး ”
“ ဘာ ကုချန်မဟာဧကရာဇ်လဲ...? သူက လူသားမျိုးနွယ်ရဲ့ သစ္စာဖောက်ပဲ! ”
“ ဟုတ်တယ်...! ဒီလို လူသားမျိုးနွယ် သစ္စာဖောက်တစ်ယောက်က မဟာဧကရာဇ်လို့ ဘယ်လိုလုပ် ခေါ်တွင်ခံထိုက်ဦးမှာလဲ...! ငါထင်တာတော့ သူက တားမြစ်နယ်မြေတွေထဲက ရှေးဟောင်းအရှင်သခင်တွေထက်တောင် ပိုဆိုးသေးတယ် ”
“ ကြည့်ရတာ ဧကရာဇ်မဟာမိတ်အဖွဲ့ကမှ ငါတို့ အဆုံးမဲ့ကမ္ဘာရဲ့ သက်ရှိသတ္တဝါတွေကို အမှန်တကယ် ကာကွယ်ပေးနေတဲ့သူတွေပဲ ”
“ ဟုတ်တယ်! အဲ့ဒီ ဧကရာဇ်မဟာမိတ်အဖွဲ့က မဟာဧကရာဇ်တွေက တကယ်ကို ကြိုးစားရုန်းကန်နေကြရတာ... နတ်ဆိုးနယ်မြေကို တားဆီးရုံတင်မကဘူး... ဒီ ကျိန်စာသင့်နေတဲ့ ကုချန်ကိုလည်း သတိထားနေရသေးတယ် ”
“ ဒီ ကုချန်က တကယ်ကို သေသင့်တာ ”
“ ဟုတ်တယ် ဒီ ကုချန်က တကယ်ပဲ သေသင့်တယ် ”
အခန်း (၉၆) - အရှိန်အဝါကို ထုတ်ဖော်ခြင်း၊ မည်သူက အမဲလိုက်သူ၊ မည်သူက အမဲဖြစ်မည်နည်း၊ နယ်မြေပြင်ပတွင် တိုက်ပွဲချိန်းဆိုခြင်း
ထျန်းကျောင်းရှေးဟောင်းကြယ်တာရာပေါ်ရှိ လူသားမျိုးနွယ်စုများသည် ကုချန်အား ယခင်က မမြင်ဖူးခဲ့ကြချေ။ သူ၏အမည်ကိုသာ ကြားဖူးခဲ့ကြသည်။ သို့သော် ယွမ်ကျွင်းမဟာဧကရာဇ်၏ စကားအနည်းငယ်မျှဖြင့်ပင် သူတို့သည် ကုချန်က လူသားမျိုးနွယ်အား အမှန်တကယ် သစ္စာဖောက်ခဲ့ပြီး သေဒဏ်ထိုက်တန်သည်ဟု လုံးဝယုံကြည်သွားကြလေသည်။
ဧကရာဇ်မဟာမိတ်အဖွဲ့နှင့် ဧကရာဇ်မဟာမိတ်အဖွဲ့၏ မဟာဧကရာဇ်တို့ကသာလျှင် အဆုံးမဲ့ကမ္ဘာ၏ စစ်မှန်သော အစောင့်အရှောက်များ ဖြစ်ကြသည်။
တစ်ခဏအတွင်းမှာပင် ထျန်းကျောင်းရှေးဟောင်းကြယ်တစ်ခုလုံးတွင် 'ကုချန် သေရမည်' ဟူသော ဟစ်ကြွေးသံများမှာ ပိုမိုကျယ်လောင်လာခဲ့သည်။
ဤမြင်ကွင်းသည် ထျန်းကျောင်းရှေးဟောင်းကြယ်တာရာပေါ်တွင်သာမက နယ်မြေကြီးငါးခုနှင့် အခြားသော သက်ရှိရှေးဟောင်းကြယ်များတို့တွင်လည်း ဖြစ်ပျက်လျက်ရှိသည်။
ခမ်းနားထည်ဝါသော ကောင်းကင်ယံမြင်ကွင်းထက်တွင်... ယွမ်ကျွင်းမဟာဧကရာဇ်၏ မျက်နှာအမူအရာသည် အနည်းငယ် မှောင်မိုက်နေခဲ့သည်။
အဆုံးမဲ့ကမ္ဘာမှ လူထု၏တုံ့ပြန်မှုသည် သူ့အား အံ့ဩသွားစေခြင်း မရှိခဲ့ပေ။ အမှန်တကယ်တွင် သူမျှော်လင့်ထားသည်ထက်ပင် ပို၍ကောင်းမွန်နေသေးသည်။ သူမျှော်လင့်မထားခဲ့သော တစ်ခုတည်းသောအရာမှာ ကုချန်၏ သဘောထားပင် ဖြစ်သည်။
လူထု၏ အထင်လွဲမှားမှုနှင့် ရင်ဆိုင်ရသော်လည်း သူသည် စိတ်အနှောင့်အယှက် မဖြစ်ခဲ့သလို ငြင်းခုံခြင်းလည်း မရှိခဲ့ပေ။ အထင်လွဲမှားမှုကို ဖြေရှင်းရန် မည်သည့်ရည်ရွယ်ချက်မျှ မရှိသည့်ဟန်နှင့် ဤမျှ လွယ်ကူစွာပင် ဝန်ခံလိုက်သေး၏။
သူသည် အမှန်တကယ်ပင် အဆုံးမဲ့ကမ္ဘာမှ လူထုအား ဂရုမစိုက်တော့သည်လော။ အဆုံးမဲ့ကမ္ဘာတစ်ခုလုံးရှိ သက်ရှိပေါင်း ဘီလီယံချီ၏ ထင်မြင်ယူဆချက်များကို ဂရုမစိုက်တော့သည်လော။ မည်မျှ ထူးဆန်းလိုက်သနည်း။
ယွမ်ကျွင်းမဟာဧကရာဇ်သည် အနည်းငယ် ခါးသက်သွား၏။ လူထု၏ ပိုမိုကြီးမားသော အကျိုးစီးပွားဟူသော အကြောင်းပြချက်ဖြင့်... ကုချန်အား ဧကရာဇ်ဂိတ်ကို ပြန်လည်စောင့်ကြပ်စေခိုင်းရန်မှာ... မဖြစ်နိုင်တော့ကြောင်း ထင်ရှားနေလေသည်။
" တာအိုရောင်းရင်း ယွမ်ကျွင်း... ဘာဆက်လုပ်သင့်လဲ "
ယွမ်ကျွင်းမဟာဧကရာဇ်၏ ဘေးတွင် ခရမ်းရောင်ဝတ်ရုံဝတ် မဟာဧကရီနှင့် နဂါးရင်းမြစ် မဟာဧကရာဇ် နှစ်ဦးစလုံး၏ မျက်နှာအမူအရာများမှာ တည်ကြည်နေကြ၏။ ကုချန်၏ တုံ့ပြန်မှုသည် ယွမ်ကျွင်းမဟာဧကရာဇ် တစ်ဦးတည်းကသာ မျှော်လင့်မထားခဲ့ခြင်း မဟုတ်ဘဲ ခရမ်းရောင်ဝတ်ရုံဝတ် မဟာဧကရီနှင့် နဂါးရင်းမြစ် မဟာဧကရာဇ်တို့အတွက်လည်း မျှော်လင့်မထားခဲ့သော အရာဖြစ်နေခဲ့သည်။
ထို့ကြောင့် ယခုအခါတွင် သူတို့ပင်လျှင် နောက်ဘာဆက်လုပ်ရမည်ကို မသိကြတော့ချေ။
" နောက်ဆက်တွဲကိစ္စအတွက် တာအိုရောင်းရင်းနှစ်ယောက်ကို ဒုက္ခမပေးတော့ပါဘူး... ကျွန်တော်တစ်ယောက်တည်း ဖြေရှင်းနိုင်ပါတယ် "
ယွမ်ကျွင်းမဟာဧကရာဇ်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။ သူ၏မျက်လုံးများထဲတွင် မမြင်တွေ့နိုင်သော ရက်စက်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။
ပထမနည်းလမ်းမှာ အသုံးမဝင်တော့သည့်အတွက် သူသည် အရန်အစီအစဉ်ကို အသက်သွင်းရတော့မည် ဖြစ်သည်။
" ကုချန်...မင်းက ဒီလောက်တောင် ခေါင်းမာနေမှတော့ ငါက ဒီနေ့ ကောင်းကင်ကိုယ်စား ဒီအဆုံးမဲ့ကမ္ဘာက သက်ရှိအားလုံးအတွက် မင်းကို သတ်ရတော့မယ် "
ယွမ်ကျွင်းမဟာဧကရာဇ်က ဟစ်ကြွေးလိုက်သည်။
" မင်းမှာ လူသားမျိုးနွယ်အပေါ် အရင်က သံယောဇဉ် နည်းနည်းလေးများ ရှိနေသေးရင်... ငါနဲ့အတူ ကမ္ဘာ့အပြင်ဘက်က ဟွမ်သွမ့်ပင်လယ်ကို လိုက်ခဲ့... ဒီအဆုံးမဲ့ကမ္ဘာထဲက မရေမတွက်နိုင်တဲ့ အပြစ်မဲ့သက်ရှိတွေ မထိခိုက်အောင် တိုက်ကြတာပေါ့ "
" မင်းကို ကမ္ဘာ့အပြင်ဘက်က ဟွမ်သွမ့်ပင်လယ်မှာ စောင့်နေမယ် "
ဤစကားများကို ပြောဆိုနေစဉ် ယွမ်ကျွင်းမဟာဧကရာဇ်သည် သူ၏ကိုယ်ပိုင်ချီစွမ်းအင်နှင့် သိသိသာသာ ကွဲပြားခြားနားသော ဧကရာဇ်အဆင့် ချီစွမ်းအင်အား တိတ်တဆိတ် ထုတ်လွှတ်လိုက်ပြီး ကောင်းကင်ဘုံအထက်ပိုင်း တားမြစ်နယ်မြေဘက်သို့ တိုးဝင်သွားစေလိုက်သည်။
ဤ ဧကရာဇ်အဆင့် ချီစွမ်းအင်သည် အလွန်ပင် မရင်းနှီးလှဘဲ သိရှိထားသော အဆုံးမဲ့ကမ္ဘာ ဧကရာဇ်အဆင့် မည်သူတစ်ဦးတစ်ယောက်မျှ ပိုင်ဆိုင်ခြင်း မရှိပေ။ သို့သော် ယွမ်ကျွင်းမဟာဧကရာဇ်၏ နှုတ်ခမ်းပေါ်တွင် မသိသာသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။ ကုချန်သာ ဤချီစွမ်းအင်အား ခံစားမိသည်နှင့် သူသည် ကျိန်းသေ 'ငါးစာကို ဟပ်' လိမ့်မည်ဟု သူသိနေသည်။
...
ကောင်းကင်ဘုံ တားမြစ်နယ်မြေအတွင်း၌... ယွမ်ကျွင်းမဟာဧကရာဇ်က ထိုမရင်းနှီးသော ဧကရာဇ်အဆင့် ချီစွမ်းအင်အား ထုတ်လွှတ်လိုက်ချိန်တွင် ကုချန်၏ မျက်လုံးများထဲ၌ စူးရှသော အလင်းရောင်တစ်ခု ပေါ်လာခဲ့သည်။
အကြောင်းမှာ... ဤချီစွမ်းအင်သည် သူနှင့် အလွန်အမင်း ရင်းနှီးနေသောကြောင့် ဖြစ်သည်။ ဤ ဧကရာဇ်အဆင့် ချီစွမ်းအင်သည် အစောပိုင်း ဧကရာဇ်ဂိတ်တွင် သူ့အား နောက်ကျောမှ ဓားဖြင့်ထိုးခဲ့ပြီး ထာဝရ ဧကရာဇ်တပိုင်းအား ကုမိသားစုကို မျိုးဖြုတ်သုတ်သင်ရန် တိတ်တဆိတ် ညွှန်ကြားခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် ဧကရာဇ်အဆင့်ပုဂ္ဂိုလ်နှင့် သက်ဆိုင်နေသောကြောင့် ဖြစ်သည်။
နောက်ဆုံးတော့ မင်းမျက်နှာကို ပြပြီပေါ့.....
ကုချန် မဲ့ပြုံး ပြုံးလိုက်သည်။ အဆုံးမဲ့ကမ္ဘာသို့ ပြန်လည်ရောက်ရှိလာသည့် အချိန်မှစ၍... သူသည် ထိုလျှို့ဝှက်ဆန်းကြယ်သော ဧကရာဇ်အဆင့်၏ သတင်းအချက်အလက်များကို တမင်ပင် မစုံစမ်းခဲ့ပေ။ ယခုမူ ဤလူသည် မိမိသဘောအလျောက် ပေါ်ထွက်လာခဲ့သည်တကား။
သို့သော် ထိုလျှို့ဝှက်ဆန်းကြယ်သော ဧကရာဇ်အဆင့်သည် သူ၏လက်ချက်ဖြင့် ဧကရာဇ်ဂိတ်အထက်၌ သေဆုံးခဲ့ပြီးဖြစ်၏။ ယခုမူ ယွမ်ကျွင်းမဟာဧကရာဇ်က ဤလူ၏ ချီစွမ်းအင်ကို တမင်တကာ ထုတ်ဖော်ပြသခဲ့သည်။ ကုမိသားစုအား ပစ်မှတ်ထားသော ထိုလျှို့ဝှက်ဆန်းကြယ်သည့် ဧကရာဇ်အဆင့်နှင့် ယွမ်ကျွင်းသည် မည်သို့သော ပတ်သက်မှု ရှိနေသနည်း။
ကုချန်၏ မျက်လုံးများ ကျဉ်းမြောင်းသွား၏။ ယွမ်ကျွင်းမဟာဧကရာဇ်က ဤအချိန်တွင် လျှို့ဝှက်ဆန်းကြယ်သော ဧကရာဇ်အဆင့် ချီစွမ်းအင်ကို ထုတ်ဖော်ပြသရခြင်း၏ ရည်ရွယ်ချက်မှာ သူ့အား 'ငါးစာဟပ်' စေရန် မျှားခေါ်နေခြင်း ဖြစ်ကြောင်း သူသိနေသည်။
ယွမ်ကျွင်းသည် သူသာ ဤချီစွမ်းအင်ကို ခံစားမိပါက လွယ်လွယ်နှင့် လက်လွှတ်မည်မဟုတ်ကြောင်း သိထားပုံရ၏။
ငါကိုယ်တော့်ကို ' မျှား' ချင်တယ်ပေါ့.....
ကုချန်သည် မဲ့ပြုံးပြုံးလိုက်၏။ မည်သူက အမဲလိုက်သူဖြစ်ပြီး မည်သူက သားကောင်ဖြစ်မည်ကို မသိနိုင်သေးချေ။
ကောင်းကင်ယံမြင်ကွင်း ပျောက်ကွယ်သွားသည်ကို မြင်သောအခါ ကုချန်သည် တစ်ခဏမျှပင် တွေဝေမနေတော့ဘဲ ထရပ်လိုက်၏။ သူသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ မဟာစကြာဝဠာကြီးအား ဖြတ်ကျော်၍ အဆုံးမဲ့ကမ္ဘာ၏ အပြင်ဘက်ရှိ ဟွမ်သွမ့်ပင်လယ်ဘက်သို့ ဦးတည်သွားလေသည်။
ယွမ်ကျွင်းမဟာဧကရာဇ်ထံ၌ ဘယ်လိုအကြံအစည်ပင် ရှိနေပါစေ သူဂရုမစိုက်ခဲ့ပေ။ အကြောင်းမှာ... အကြံအစည်များနှင့် ပရိယာယ်များအားလုံးသည် အကြွင်းမဲ့ ဖိနှိပ်နိုင်စွမ်းရှိသော စွမ်းအား၏ ရှေ့မှောက်တွင်... စက္ကူကဲ့သို့ပင် ကြေမွလွယ်သောကြောင့် ဖြစ်သည်။
ထို့အပြင် ဒုက္ခပေါင်းတစ်သောင်း သတ်ဖြတ်ခြင်းအစီအရင်ကြီး တည်ရှိနေသောကြောင့် ယွမ်ကျွင်းထံ၌ 'ကျားကိုတောင်ပေါ်မှ မျှားခေါ်' လိုသော ရည်ရွယ်ချက် ရှိနေသည့်တိုင်အောင် ကုချန်သည် ကြောက်ရွံ့ခြင်း မရှိခဲ့ပေ။
ဧကရာဇ်မဟာမိတ်အဖွဲ့အတွင်းမှ ဤဧကရာဇ် အနည်းငယ်မျှဖြင့် ကောင်းကင်ဘုံအထက်ပိုင်း တားမြစ်နယ်မြေ၏ သတ်ဖြတ်ခြင်းတပ်ဖွဲ့ကြီးအား ဖောက်ထွင်းနိုင်မည် မဟုတ်ပေ။
ထိုသို့ဖြစ်နေလည်း သူ့အနေဖြင့် စိုးရိမ်စရာ တစ်စုံတစ်ရာ မရှိတော့ပေ။ ဤသည်မှာ ယွမ်ကျွင်းအား ဖမ်းဆီးပြီး သေသေချာချာ စစ်ဆေးမေးမြန်းရန် အခွင့်အရေးကောင်းတစ်ခုပင် ဖြစ်သည်။
" ဘိုးဘေး ထွက်သွားပြီ..... "
ကုချင်းရွဲ့သည် ကုချန်၏ ထွက်ခွာသွားသော နောက်ကျောအား ကြည့်ရင်း... သူမ၏ လှပသော မျက်လုံးများမှာ စိုးရိမ်ပူပန်မှုတို့ဖြင့် ပြည့်နှက်နေ၏။ တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု သူမက ထက်မြက်စွာ ခံစားမိလိုက်သည်။
ဘိုးဘေး၏ စွမ်းအားကို အဆုံးမဲ့ကမ္ဘာတစ်ခုလုံး မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရပြီး ဖြစ်သည်။ ကောင်းကင်သင်္ချိုင်းကျွန်း ရှေးဟောင်းဧကရာဇ်နှင့် ယန်ဧကရာဇ်တို့ ဆက်တိုက် ကျဆုံးခဲ့ခြင်းက ဤအချက်အား ပိုမို သက်သေထူခဲ့သည်။
ယခုအခါ ဤ ယွမ်ကျွင်းမဟာဧကရာဇ်သည် ဘိုးဘေးအား အနိုင်တိုက်နိုင်သည်ဟု ဤမျှ ယုံကြည်မှု ရှိနေသည်လော။ သူသည် ဘိုးဘေးအား ကမ္ဘာ့အပြင်ဘက် ဟွမ်သွမ့်ပင်လယ်တွင် တိုက်ခိုက်ရန် ရဲဝံ့စွာ ဖိတ်ခေါ်ရဲသည်လော။
ထောင်ချောက်တစ်ခုခု ပါဝင်နေသလော။ ယွမ်ကျွင်းမဟာဧကရာဇ်က ကမ္ဘာ့အပြင်ဘက် ဟွမ်သွမ့်ပင်လယ်တွင် သတ်ဖြတ်ခြင်းအစီအရင် တစ်ခုခု သို့မဟုတ် ချုံခိုတိုက်ခိုက်မှုတစ်ခုခုကိုသာ ကြိုတင်ပြင်ဆင်ထားခဲ့လျှင်.....
" ဘာတွေတွေးနေတာလဲ ကောင်မလေး "
ကုချင်းရွဲ့ စိုးရိမ်ပူပန်နေစဉ် သူမ၏ လက်ချောင်းပေါ်မှ သိုလှောင်လက်စွပ်သည် လင်းလက်လာခဲ့ပြီး... ကောင်းကင်နတ်သမီး ရှောင်းယွဲ့၏ ခပ်တိုးတိုးအသံက သူမ၏ နားအတွင်းသို့ ပဲ့တင်ထပ်လာသည်။
" ဘယ်လို အကြံအစည် ပရိယာယ်မဆို... တကယ့် ဧကရာဇ်တစ်ပါးရှေ့မှာ မှိန်ဖျော့ပြီး ရယ်စရာကောင်းသွားတာပဲ "
" ဒီယွမ်ကျွင်းက ကမ္ဘာ့အပြင်ဘက် ဟွမ်သွမ့်ပင်လယ်မှာ တုယောင်ဧကရာဇ် ဆယ်ယောက်ကျော်နဲ့ ချုံခိုတိုက်ရင်ကော ဘယ်လိုလုပ်မတုန်း... မင်းတို့ ဘိုးဘေးအတွက် သူတို့ကို သတ်ပစ်ဖို့က လက်တစ်ဖဝါးစာတောင် မရှိဘူး "
" တုယောင်ဧကရာဇ်တစ်ယောက်နဲ့ တကယ့် မဟာဧကရာဇ်တစ်ပါးကြားက ကွာဟချက်က... မင်းထင်ထားတာထက် အစပေါင်းများစွာ ပိုကြီးမားတယ် "
ယွမ်ကျွင်းမဟာဧကရာဇ်က ကုချန်အား ကမ္ဘာ့အပြင်ဘက် ဟွမ်သွမ့်ပင်လယ်တွင် တိုက်ခိုက်ရန် ဖိတ်ခေါ်လိုက်ခြင်းသည် အဆုံးမဲ့ကမ္ဘာ၏ တားမြစ်နယ်မြေအသီးသီးရှိ ရှေးဟောင်းအရှင်သခင်တို့ကိုပါ တပ်လှန့်လိုက်သကဲ့သို့ ဖြစ်စေခဲ့သည်။ သူတို့သည် ကုချန် ထွက်ခွာသွားသော အရပ်မျက်နှာသို့ ကြည့်လိုက်ကြပြီး အားလုံးမှာ အံ့ဩခြင်းနှင့် ရှုပ်ထွေးခြင်း အမူအရာများဖြင့် ရှိနေကြသည်။
မို့တိ အစောပိုင်းက စီစဉ်ခဲ့သော ဧကရာဇ်ရှစ်ပါး သတ်ဖြတ်ခြင်းအစီအရင်သည် အဆုံးတွင် အသုံးမပြုခဲ့ရပေ။ ဤ ဧကရာဇ်မဟာမိတ်အဖွဲ့မှ မဟာဧကရာဇ်သည် ရူးသွပ်သွားသည်လော။ သူသည် ကောင်းကင်ဘုံအရှင်သခင်အား တစ်ကိုယ်တည်းဖြင့် စိန်ခေါ်လိုသည်လော။
ဤသည်မှာ သေလမ်းရှာနေခြင်း မဟုတ်ပါလော။
" ဒီလူမှာ တခြားနည်းလမ်းတွေ ရှိနိုင်တယ်... ဒါပေမဲ့ တိုက်ပွဲကို မကြည့်ရတာတော့ နှမြောစရာပဲ "
ရှေးဟောင်းအရှင်သခင်တစ်ပါးက နှမြောတသစွာဖြင့် ပြောလိုက်သည်။
ကမ္ဘာ့အပြင်ဘက်ရှိ ဟွမ်သွမ့်ပင်လယ်သည် အဆုံးမဲ့ကမ္ဘာနှင့် အလွန်အမင်း ကွာဝေးလှ၏။ ထို့အပြင် သူတို့ကြားတွင် ကမ္ဘာ့အကာအကွယ်တစ်ခုက ခြားနားထားသဖြင့် နတ်ဘုရားအာရုံကို ထုတ်လွှတ်၍ ကြည့်ရှုရန် မဖြစ်နိုင်ပေ။ တိုက်ပွဲကို ကြည့်ရှုလိုပါက ကမ္ဘာ့အပြင်ဘက် ဟွမ်သွမ့်ပင်လယ်သို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ရမည် ဖြစ်သည်။
သို့သော် သူတို့သာ မဆင်မခြင် လိုက်သွားပါက ထို ကောင်းကင်ဘုံအရှင်သခင်က ရူးသွပ်သွားပြီး သူတို့ကိုပါ အကုန် သတ်ပစ်မည်... မသတ်ပစ်မည်ကို မည်သူ သိနိုင်မည်နည်း။ ဤ ရှေးဟောင်းအရှင်သခင်တို့သည် အသက်ရှည်ခြင်းအလို့ငှာ ကမ္ဘာလောကကြီးထဲတွင် မရေမတွက်နိုင်သော နှစ်များစွာကြာအောင် ရှင်သန်နေထိုင်ခဲ့ကြပြီး ခဏတာ စပ်စုစိတ်တစ်ခုကြောင့် သူတို့၏ အသက်ရှည်ခြင်းလမ်းကြောင်းအား စတေးလိုကြမည် မဟုတ်ပေ။
...
အဆုံးမဲ့ကမ္ဘာ၏ အပြင်ဘက်... ဟွမ်သွမ့်ပင်လယ်အတွင်း၌.....
ယွမ်ကျွင်းမဟာဧကရာဇ်၏ ကိုယ်အစစ်သည် ဤနေရာတွင် ရပ်နေပြီး အဆုံးမဲ့ကမ္ဘာအတွင်းမှ ချဉ်းကပ်လာသော ကုချန်အား ကြည့်နေ၏။ သူ၏ အိုမင်းရင့်ရော်သော မျက်နှာပေါ်တွင် ထိတ်လန့်မှု အရိပ်အယောင် တစ်စိုးတစ်စိမျှ မရှိပေ။ ထိုအစား အကြံအစည် အောင်မြင်သွားသော ကျေနပ်မှုဖြင့် ပြည့်နှက်နေသည်။
" ကုချန်... မင်း တကယ် လိုက်လာတာပဲ... မင်းက ဧကရာဇ်ဂိတ်ကို မစောင့်ချင်ဘူးဆိုမှတော့... ငါလဲ မင်းကို ဒီမှာ သတ်ပြီး... အတိတ်က အငြိုးအတေးတွေအားလုံးကို ရှင်းပစ်လိုက်ရုံပဲ "
ယွမ်ကျွင်းမဟာဧကရာဇ်၏ မျက်နှာအမူအရာမှာ ခံစားချက်ကင်းမဲ့နေကာ အေးစက်စွာ မဲ့ပြုံးလိုက်သည်။
ထို့အပြင်... မျက်နှာပြင်တွင် ငှက်မွေးသဏ္ဍာန် အင်မော်တယ်ပုံစံတို့ဖြင့် အလှဆင်ထားပြီး... ရှေးကျကျယ်ပြောလှသော အရှိန်အဝါတို့ ထွက်ပေါ်နေကာ... တင်းတင်းကျပ်ကျပ် ပိတ်ထားသည့် ဧကရာဇ်အမိန့်လွှာတစ်ခုအား... သူ၏ လက်ဖဝါးထဲတွင် ယခုအခါ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလေသည်။