အခန်း (၉၇-၉၈)
Vol. 7 Ch. 97-98
အခန်း (၉၇)- အတိတ်က အငြိုးအတေးများ၊ ကောင်းကင်ဘုံအရှင်သခင်ကိုးပါးနှင့် သေစေနိုင်သောထောင်ချောက်
အဆုံးမဲ့ကမ္ဘာ၏ အပြင်ဘက်... ဟွမ်သွမ့်ပင်လယ်တွင် သေလောက်အောင် တိတ်ဆိတ်လျက်ရှိ၏။ ထိုနေရာတွင် ပုံရိပ်နှစ်ခုသာ ရပ်တည်လျက်ရှိသည်... ကုချန်နှင့် ဧကရာဇ်မဟာမိတ်အဖွဲ့မှ ယွမ်ကျွင်းမဟာဧကရာဇ်တို့ပင် ဖြစ်သည်။
ရံဖန်ရံခါတွင် မိုင်ပေါင်းရာနှင့်ချီ၍ အချင်းရှိသော တောက်ပသည့် ဥက္ကာခဲကြီးတစ်လုံး ဖြတ်ပြေးသွားတတ်သော်လည်း ထိုသူနှစ်ဦးအနီးသို့ ချဉ်းကပ်နိုင်ခြင်း မရှိပေ။ မိုင်ပေါင်းသောင်းနှင့်ချီသော အကွာအဝေးမှပင် ၎င်းတို့၏ အထွတ်အထိပ်ဧကရာဇ်အရှိန်အဝါကြောင့် ကြောက်ရွံ့တုန်လှုပ်ကာ ပြာမှုန့်အဖြစ်သို့ ပြောင်းလဲသွားလေ၏။
" ယွမ်ကျွင်း? ငါကိုယ်တော် မင်းကို အရင်က မြင်ဖူးတယ်ရယ်လို့ မမှတ်မိပါလား " ကုချန်သည် ယွမ်ကျွင်းမဟာဧကရာဇ်အား အကဲခတ်လိုက်၏။ သူ၏အသံမှာ တည်ငြိမ်၍ ခံစားချက်ကင်းမဲ့လျက်ရှိသည်။
သူသည် ယခင်က ကောင်းကင်ပြင်ပေါ်တွင် ယွမ်ကျွင်းမဟာဧကရာဇ်၏ ချီစွမ်းအင်ကို ခံစားမိခဲ့သော်လည်း ရှင်းလင်းခြင်း မရှိခဲ့ပေ။ ယခု ယွမ်ကျွင်း၏ကိုယ်အစစ်သည် သူ့ရှေ့မှောက်သို့ ရောက်ရှိလာသောအခါ... ကုချန်သည် ရှင်းလင်းသော ဆုံးဖြတ်ချက်တစ်ခုကို ချနိုင်ခဲ့သည်။ သူသည် ဤ ယွမ်ကျွင်းမဟာဧကရာဇ်အား ယခင်က တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
သို့ဖြစ်လျှင် သူတို့နှစ်ဦးကြားတွင် အဘယ်သို့သော အတိတ်က အငြိုးအတေးများ ရှိနိုင်မည်နည်း။
" ကုချန်မဟာဧကရာဇ်... ခင်ဗျားက တကယ်ကို မေ့လွယ်တဲ့ သူတစ်ယောက်ပဲ..... " ယွမ်ကျွင်းမဟာဧကရာဇ်သည် ကုချန်အား စိုက်ကြည့်နေ၏။ သူ၏မျက်လုံးများထဲတွင် နက်ရှိုင်းသော အမုန်းတရားတို့ ရှိနေခဲ့သည်။
သူသည် သူ၏လက်ကို မြှောက်လိုက်ပြီး မျက်နှာအား ပွတ်သပ်လိုက်သည်။ သူ၏ မူလ အိုမင်းရင့်ရော်နေသော မျက်နှာသည် တဖြည်းဖြည်း နုပျိုလာခဲ့ပြီး သူ၏ ချီစွမ်းအင်သည်လည်း ယခင်ကနှင့် အနည်းငယ် ကွဲပြားသွားခဲ့သည်။
" မင်းရဲ့ သရုပ်မှန်ကို မင်းကိုယ်တိုင်ပဲ ဖော်ပြပါ... ငါကိုယ်တော်က မင်းဘယ်သူဖြစ်တယ်ဆိုတာကို ခန့်မှန်းဖို့ စိတ်မဝင်စားဘူး " ကုချန်က ခံစားချက်ကင်းမဲ့စွာ ပြောလိုက်၏။
သူသည် ယွမ်ကျွင်းမဟာဧကရာဇ်အား ဤမျက်နှာဖြင့် ယခင်က မြင်ဖူးခဲ့နိုင်သော်လည်း သူ့အတွက်မူ... တစ်ဖက်သားသည် အရေးကြီးသော ပုဂ္ဂိုလ်တစ်ဦး မဟုတ်သည်မှာ သေချာလှသည်... ထို့ကြောင့် ကုချန်၏ စိတ်ထဲတွင် မည်သည့် အမှတ်သညာမျှ ကျန်ရစ်ခဲ့ခြင်း မရှိပေ။
" မင်း တကယ် မေ့သွားတာပဲ... လွန်ခဲ့တဲ့ နှစ်ကိုးသောင်းက ငါ့နာမည်က ဂျွန်ယွမ်။ ငါ မင်းနဲ့ ဧကရာဇ်အဆင့်အတွက် တစ်ခါ ယှဉ်ပြိုင်ခဲ့ဖူးပြီး နောက်ပိုင်း မင်းရဲ့လက်ချက်နဲ့ သေဆုံးခဲ့ရတယ်..... " ယွမ်ကျွင်းမဟာဧကရာဇ်၏ အသံထဲတွင် အဆိပ်အတောက်သဖွယ် အမုန်းတရားနှင့် နက်ရှိုင်းသော ရှုံးနိမ့်မှု ခံစားချက်တို့ ပါဝင်နေသည်။
မိမိက သေပြိုင်သေဘက် ရန်သူအဖြစ် သတ်မှတ်ထားသော်လည်း အခြားတစ်ဖက်က မိမိဘယ်သူမှန်းပင် မသိခြင်းထက် ပို၍ စိတ်ပျက်စရာ ကောင်းသည့်အရာ အဘယ်မှာ ရှိနိုင်ဦးမည်နည်း။
" ဂျွန်ယွမ်..... " ကုချန်သည် သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်။ ခဏမျှ ပြန်လည်စဉ်းစားလိုက်သော်လည်း ထိုအမည်အား မှတ်မိလာခြင်း မရှိသေးပေ။
သူသည် လွန်ခဲ့သော နှစ်ကိုးသောင်းက ပေါ်ထွက်လာခဲ့ပြီး လောကကြီး၏ ပါရမီရှင်များအား တိုက်ခိုက်ရှင်းလင်းကာ သူ၏ ခေတ်ပြိုင် ပြိုင်ဘက်အားလုံးကို အနိုင်ယူခဲ့သည်။ သူ၏ လက်ချက်ဖြင့် ကျဆုံးခဲ့ရသော သို့မဟုတ် အသတ်ပင် ခံခဲ့ရသော ပါရမီရှင်များမှာ ရာဂဏန်း ထောင်ဂဏန်းမျှမကချေ။
ဤ ယွမ်ကျွင်းမဟာဧကရာဇ်သည် ထိုသူများထဲတွင် အလွန်တရာ မထင်မရှားရှိသူ တစ်ဦးဖြစ်ခဲ့ရမည်မှာ သေချာ၏။ ထို့ကြောင့် သူသည် ကုချန်အပေါ် မည်သည့် အမှတ်သညာမျှ ထားရစ်ခဲ့ခြင်း မရှိခြင်း ဖြစ်သည်။
သို့သော် အခြားတစ်ဖက်သားက လွန်ခဲ့သော နှစ်ကိုးသောင်းက သူ၏လက်ချက်ဖြင့် သေဆုံးခဲ့ပြီဟု ပြောဆိုခဲ့သည်ဖြစ်ရာ အဘယ်ကြောင့် သူသည် မသေဆုံးဘဲ ရှိနေရသနည်း။ ထို့အပြင် ဤပုဂ္ဂိုလ်၏ စွမ်းအားဖြင့် သူသည် ယခုအချိန်အထိ အသက်ရှင်နိုင်စွမ်း ရှိမည် မဟုတ်ပေ။
ကုချန်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွား၏။ ဤ ယွမ်ကျွင်းမဟာဧကရာဇ်၏ နောက်ကွယ်တွင် လျှို့ဝှက်ချက်များစွာ ရှိနေရမည် ဖြစ်ကြောင်း သူသိလိုက်၏။
" အဲ့ဒီအချိန်က ငါကိုယ်တော်က ကံကောင်းစွာနဲ့ သက်စောင့်အဆောင်တစ်ခုကို ရရှိခဲ့တယ်... အ့ဒီဟာကပဲ ငါ့ကို သေသယောင်ပြခဲ့ပြီး ဘေးကပ်က လွတ်မြောက်စေခဲ့တာပဲ " ကုချန် မမေးမြန်းမီမှာပင် ယွမ်ကျွင်းမဟာဧကရာဇ်က မိမိသဘောအလျောက် ရှင်းပြလိုက်၏။
" နောက်ပိုင်းမှာ စိတ်ပျက်အားငယ်စွာနဲ့ ငါကိုယ်တော်က ဟွမ်သွမ့်ပင်လယ်ထဲကို စွန့်စားထွက်ခွာသွားခဲ့တယ်... ဒါပေမဲ့ အဲ့ဒီနေရာမှာပဲ မင်း ဘယ်တုန်းအခါကမှ စိတ်ကူးမယဉ်နိုင်တဲ့ ကံကြမ္မာကြီးတစ်ခုကို ငါ ရရှိခဲ့တယ်..... "
" ဟားဟားဟား... ကုချန်... ငါကိုယ်တော် ဘာကို ရရှိခဲ့တယ်ဆိုတာကို မင်း ဘယ်တော့မှ သိမှာမဟုတ်သလို မင်း ဘာကို လွဲချော်သွားခဲ့တယ်ဆိုတာကိုလဲ ဘယ်တော့မှ သိမှာမဟုတ်ဘူး "
ယွမ်ကျွင်းမဟာဧကရာဇ်၏ အကြည့်များသည် အနည်းငယ် ရူးသွပ်လာခဲ့ပုံရ၏။
" ငါကိုယ်တော် ထင်ခဲ့တာက အဲ့ဒီ အထွတ်အထိပ် ကံကြမ္မာနဲ့သာဆိုရင် မင်းကို လုံးလုံးလျားလျား ချေမှုန်းနိုင်လိမ့်မယ်လို့ပဲ... ဒါပေမဲ့ ငါ အဆုံးမဲ့ကမ္ဘာကို ပြန်လည်ရောက်ရှိလာတဲ့အခါ မင်းက တာအိုကို ရရှိပြီး ဧကရာဇ်တစ်ပါး ဖြစ်နေပြီးတာကို သိခဲ့ရတယ် "
" ကုချန်... ဘာ့ကြောင့် မင်းက ငါကိုယ်တော်ထက် အမြဲ ခြေတစ်လှမ်းသာနေရတာလဲ... ဘာ့ကြောင့် မင်းက ငါကိုယ်တော်ထက် အမြဲ ပိုသန်မာနေရတာလဲ " ယွမ်ကျွင်းမဟာဧကရာဇ်၏ အသံသည် အဆိပ်အတောက်တမျှ ခါးသီးလွန်းသော အမုန်းတရားများ၊ ရူးသွပ်မှုများဖြင့် ပြည့်နှက်နေ၏။
" နှစ်ကိုးသောင်း ကြာမြင့်ပြီးသည့်တိုင်အောင် မင်းက သရဲတစ်ကောင်လို တွယ်ကပ်နေတုန်းပဲ... အသက်ရှင်လျက် ကျန်းမာနေတုန်းပဲ... ငါကိုယ်တော်ရဲ့ အသက်ရှည်ခြင်းအစီအစဉ်ကိုတောင် ခြိမ်းခြောက်နေတုန်းပဲ။ မင်း ပြောစမ်းပါ... မင်းမသေရင် ငါကိုယ်တော် ဘယ်လိုလုပ် ကျေနပ်နိုင်မှာလဲ "
ဒါပဲလော။ ဤမျှသာလော။
ကုချန်သည် ယွမ်ကျွင်းမဟာဧကရာဇ်၏ အသက်ရှည်ခြင်းအစီအစဉ်က သူနှင့် မည်သို့သက်ဆိုင်နေသည်ကို သိရှိခဲ့ခြင်း မရှိသော်လည်း... ယွမ်ကျွင်းမဟာဧကရာဇ်က သူ့အပေါ် အဘယ်ကြောင့် ဤမျှ ကြီးမားသော ရန်ငြိုးနှင့် အမုန်းတရားများ ထားရှိရသည်ကိုမူ သူနောက်ဆုံးတွင် နားလည်သွားခဲ့သည်။
" ဒါဆို ဧကရာဇ်ဂိတ်မှာ ငါကိုယ်တော်ကို နောက်ကျောက ဓားနဲ့ထိုးခဲ့တဲ့ ဧကရာဇ်အဆင့်ပညာရှင်... ပြီးတော့ ငါ့ ကုမိသားစုကို ဖျက်ဆီးဖို့ အဲ့ဒီ ဧကရာဇ်တပိုင်းလေးကို လျှို့ဝှက်ညွှန်ကြားခဲ့တာတွေကလည်း မင်းလွှတ်လိုက်တာပဲပေါ့ " ကုချန်က ခံစားချက်ကင်းမဲ့စွာ မေးမြန်းလိုက်၏။
" ဟက်... သေတော့မယ့်လူတစ်ယောက်က ဒီလောက်အများကြီး သိဖို့မလိုပါဘူး " ယွမ်ကျွင်းမဟာဧကရာဇ်သည် ခံစားချက်ကင်းမဲ့စွာ သူ၏လက်ကို မြှောက်လိုက်ပြီး လက်ထဲရှိ အမိန့်လွှာစာလိပ်အား မြှောက်ကိုင်လိုက်သည်။
" အစကတော့ မင်းသာ လိမ္မာပါးနပ်ပြီး ဧကရာဇ်ဂိတ်ကို ငြိမ်ငြိမ်လေး သွားစောင့်မယ်ဆိုရင် ကိုယ်တော်က မင်းအသက်ကို ချမ်းသာပေးဖို့ စဉ်းစားကောင်း စဉ်းစားမိမှာ..... "
" ဒါပေမဲ့ မင်းက... မင်းအတွက် ဘာကကောင်းလဲ မသိမှတော့ သေလိုက်တော့ "
" ဝှစ် ! "
သူ၏အသံ ရပ်သွားသည်နှင့် တွေဝေမနေဘဲ သူ၏လက်ထဲရှိ အမိန့်လွှာအား တိုက်ရိုက် ဖြန့်လိုက်တော့သည်။
" ဟားဟားဟား...ကုချန် ဒီ သက်ရှည်အမိန့်လွှာက မင်းအတွက် ငါကိုယ်တော်က မရေမတွက်နိုင်တဲ့ အခက်အခဲတွေကြားက ပြင်ဆင်ထားခဲ့တာ... မင်း မကျဆုံးခင် ဘယ်လောက်ကြာကြာ ခံနိုင်မလဲဆိုတာ ငါ သိချင်ပါသေးတယ် " ယွမ်ကျွင်းမဟာဧကရာဇ်က မဲ့ပြုံးပြုံးလျက် ဆိုလိုက်၏။
အမိန့်လွှာ ဖြန့်ကျက်သွားသည်နှင့် ဖော်ပြမရနိုင်အောင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုသည် အမိန့်လွှာအတွင်းမှ ချက်ချင်း တိုးထွက်လာကာ ဟွမ်သွမ့်ပင်လယ်ကြီးအား လွှမ်းမိုးသွားတော့သည်။
" ဘုန်း...! "
ဤသည်မှာ မယုံနိုင်လောက်အောင် အံ့ဩဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ခဲ့သည်။
အမိန့်လွှာ ဖြန့်ကျက်သွားပြီး လျှို့ဝှက်ဆန်းကြယ်သော ချီစွမ်းအင်တစ်ခု လည်ပတ်သွားကာ... ဤနေရာအား ဟွမ်သွမ့်လျှပ်စီးပင်လယ်အဖြစ်သို့ အမှန်တကယ် ပြောင်းလဲသွားစေခဲ့သည်။ လျှပ်စီးတန်းများ တဟုန်ထိုးစီးဆင်းသွားပြီး... မိုးခြိမ်းသံများမှာ ပင်လယ်ကဲ့သို့ ဟိန်းဟောက်လျက်ရှိကာ... မျက်စိကျိန်းလောက်အောင် တောက်ပသော လျှပ်စီးအလင်းတန်းများက အရာအားလုံးကို ဆွဲဖြဲလျက်ရှိသည်။
ထိုအရာသည် အဆုံးအဆမရှိ ကြောက်မက်ဖွယ်ကောင်းသော ဟွမ်သွမ့်လျှပ်စီးပင်လယ် ဖြစ်ခဲ့သည်။ သာမန် ဧကရာဇ်အဆင့် ပညာရှင်များပင်လျှင် ၎င်းကို မြင်တွေ့ပါက လက်တွန့်သွားမည်ဖြစ်ပြီး ဖြေရှင်းရာတွင်လည်း အနည်းငယ် ခြေချော်လက်ချော်ဖြစ်ရုံမျှဖြင့် ဒဏ်ရာရသွားနိုင်၏။
ဧကရာဇ်အဆင့်အောက် ပုဂ္ဂိုလ်များအတွက်မူ ခုခံကာကွယ်ရန် အခွင့်အရေး ရှိမည်မဟုတ်ပေ။ ဧကရာဇ်တပိုင်းတစ်ဦးပင်လျှင် ဟွမ်သွမ့်နတ်ဘုရားလျှပ်စီး တစ်ချက်တည်းဖြင့် ချက်ချင်း ပြာမှုန့်အဖြစ်သို့ လျော့ကျသွားမည်ဖြစ်သည်။
အဆုံးမဲ့လျှပ်စီးပင်လယ်သည် သက်ရှည်အမိန့်လွှာမှ ပေါ်ထွက်လာသည်နှင့်... လျှပ်စီးအလင်းတန်းများ ရစ်ပတ်သွားပြီး... တာအိုစည်းမျဉ်းများ စုစည်းသွားကာ... ဤ ဟွမ်သွမ့်လျှပ်စီးပင်လယ်အတွင်း၌ မျက်စိကျိန်းလောက်အောင် တောက်ပထွန်းလင်းသော လူသဏ္ဍာန်အလင်းပုံရိပ်များ အမှန်တကယ် ဖွဲ့စည်းဖြစ်ပေါ်လာခဲ့၏။
ထို လူသဏ္ဍာန်အလင်းပုံရိပ်များသည် ခမ်းနားထည်ဝါပြီး... မျက်စိကျိန်းလောက်အောင် တောက်ပနေကာ... လျှပ်စီးဒုက္ခတာအိုစည်းမျဉ်းများဖြင့်သာ လုံးလုံးလျားလျား ဖွဲ့စည်းထားသော်ငြား... ၎င်းတို့သည် ကိုယ်ပိုင်အသိစိတ် ပိုင်ဆိုင်ထားပုံရသည်။
တစ်ဦးစီတိုင်းသည် ရှေးကျသော တာအိုဝတ်ရုံများနှင့် ဧကရာဇ်ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး သူတို့၏ အကြည့်များမှာ ကောင်းကင်နှင့် တာအိုကဲ့သို့... မြင့်မြတ်သော ကောင်းကင်ဘုံအရှင်သခင်များကဲ့သို့ ခံစားချက်ကင်းမဲ့နေကာ... သက်ရှည်အမိန့်လွှာကို လည်ပတ်လျက် ကုချန်အား ငုံ့ကြည့်နေကြသည်။
ထိုကဲ့သို့သော လျှပ်စီးပုံရိပ် ကိုးခုအထိပင် အမှန်တကယ် ရှိနေခဲ့သည်။
အင်မော်တယ်များ အစုလိုက်အပြုံလိုက်ပင်.....
ထို လျှပ်စီးလူသဏ္ဍာန် ကိုးဦးတို့၏ အနှစ်သာရသည် အလွန်နက်ရှိုင်းလှသဖြင့် ၎င်းသည် အထွတ်အထိပ် တုယောင်ဧကရာဇ်အဆင့်ကို ကျော်လွန်သွားခဲ့ပြီး ဒဏ္ဍာရီလာ ကောင်းကင်ဘုံအရှင်သခင်တစ်ပါး၏ နယ်ပယ်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။
ကောင်းကင်ဘုံအရှင်သခင်ကိုးပါး၏ ဒုက္ခအလင်းတန်းများ ကျဆင်းလာပြီး ကုချန်အား ဝိုင်းရံတိုက်ခိုက်ကြ၏။ ဤသည်မှာ သေစေနိုင်သော တိုက်ခိုက်မှုတစ်ခု ဖြစ်သည်။
" နည်းနည်း စိတ်ဝင်စားဖို့ကောင်းသားပဲ "
ကုချန်က တိုးတိုးလေး ရေရွတ်လိုက်သည်။ သူသည် နောက်ဆုံးတွင် အနည်းငယ် တုံ့ပြန်မှုပြသလာပုံရပြီး... သူ၏မျက်လုံးများထဲတွင် စိတ်ဝင်စားမှု အရိပ်အယောင်တစ်ခု ပေါ်လာခဲ့၏။
ဤ လျှပ်စီးလူသဏ္ဍာန် ကိုးဦးတို့သည် တကယ့် ကောင်းကင်ဘုံအရှင်သခင်များ ကျဆင်းလာခြင်း မဟုတ်သော်လည်း...၎င်းတို့သည် သူတို့၏ တာအိုနှင့် နည်းလမ်းများကို အတုယူထားခြင်း ဖြစ်ကာ... အမှန်တကယ် ကောင်းကင်ဘုံအရှင်သခင်များ မဟုတ်ကြသော်လည်း... ၎င်းတို့သည် အထွတ်အထိပ်အဆင့်ထက် များစွာ သာလွန်နေသေး၏။
ကောင်းကင်ဘုံအရှင်သခင် ပုံရိပ်ယောင်ကိုးပါး၏ ကြောက်မက်ဖွယ် စွမ်းအားသည် ပို၍ပင် စိတ်ကူးမယဉ်နိုင်စရာ ကောင်းလှသည်။
" သေစမ်း ! "
ကောင်းကင်ဘုံအရှင်သခင် ပုံရိပ်ယောင်ကိုးပါးတို့သည် တစ်ချိန်တည်း ကျဆင်းလာကြပြီး အနည်းငယ်မျှ တွေဝေခြင်းမရှိဘဲ ကုချန်အား အရပ်မျက်နှာပေါင်းစုံမှ တိုက်ခိုက်ကြလေသည်။
ကောင်းကင်ဘုံအရှင်သခင်တစ်ပါးက သူ၏ လက်ဖဝါးအား မြှောက်လိုက်ရာ အဆုံးမဲ့ တာအိုပုံစံများသည် သူ၏ လက်ဖဝါးအတွင်း၌ ဝေ့ဝဲသွားကာ... နဂါးဟိန်းသံတစ်ချက် ထွက်ပေါ်လာပြီးနောက်... နဂါးအစစ်တစ်ကောင်သည် သူ၏ လက်ဖဝါးအတွင်းမှ အမှန်တကယ် ပျံထွက်လာခဲ့ပြီး... မယုံနိုင်လောက်အောင် တန်ခိုးကြီးမားစွာဖြင့် ကုချန်အား လေထဲတွင် တိုက်ခိုက်လေသည်။
အခြားသော ကောင်းကင်ဘုံအရှင်သခင်များသည်လည်း သူတို့၏ အံ့ဖွယ်နည်းစနစ်များကို ထုတ်လွှတ်လိုက်ကြပြီး ကောင်းကင်ဘုံကိုးခုမှ အင်မော်တယ် ဇာမဏီငှက်များ၊ ကြယ်တာရာမြစ်မှ ကြမ်းတမ်းသောကျားများနှင့် ကမ္ဘာလောကကိုဖိနှိပ်သော လိပ်နက်ကြီးများ၏ ပုံရိပ်များအဖြစ်သို့ ပြောင်းလဲသွားကြသည်။
သူတို့၏ တောက်ပမှုမှာ မရေမတွက်နိုင်အောင် များပြားလှပြီး ဤ အဆုံးမဲ့သော ဟွမ်သွမ့်လေဟာနယ်ကြီးအား ပြည့်နှက်သွားလုနီးပါး ဖြစ်ခဲ့သည်။
ဤသည်မှာ အမှန်တကယ်ပင် သေစေနိုင်သော ထောင်ချောက်တစ်ခု ဖြစ်သည်။
အခန်း (၉၈)- အရာအားလုံးကို တိုက်ခတ်ရှင်းလင်းခြင်း၊ ယွမ်ကျွင်း ကျဆုံးခြင်း၊ အားလုံးမှာ အရုပ်များသာ ဖြစ်ကြခြင်း
ကောင်းကင်ဘုံအရှင်သခင်ကိုးပါး အတူတကွ ကျဆင်းလာပြီး... လူတစ်ဦးအား ပူးပေါင်း၍ ကွပ်မျက်ကြခြင်း... ဤသည်မှာ မည်မျှ တုန်လှုပ်ဖွယ်ရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပါသနည်း။
သမိုင်းတစ်လျှောက်လုံးတွင် အဆုံးမဲ့ကမ္ဘာ၌ ကုချန်သည် ဤကဲ့သို့သော နယ်ပယ်တစ်ခု တည်ရှိသည်ဟူ၍ တစ်ခါမျှ မကြားဖူးခဲ့ပေ။ အများစုမှာ အထွတ်အထိပ်အဆင့်နှင့် တုယောင်ဧကရာဇ်အဆင့်မျှသာ ဖြစ်ကြသည်။
ယခုမူ ဤလူသဏ္ဍာန် အလင်းပုံရိပ်ကိုးခုသည် လျှပ်စီးဒုက္ခစည်းမျဉ်းဖြင့် ဖွဲ့စည်းထားသော်ငြား... ၎င်းတို့သည် စစ်မှန်သော ကောင်းကင်ဘုံအရှင်သခင်များ၏ တာအိုအား အတုယူ၍... ထွင်းထုထားခြင်း ဖြစ်ကြသည်။
တစ်နည်းအားဖြင့် ဆိုရလျှင် ဖန်တီးမှုနှင့်ပင် ယှဉ်နိုင်သော... အထွတ်အထိပ်အဆင့်အား ကျော်လွန်သော... ကြီးမားကျယ်ပြန့်သော... လူ့လောကကြီးအား အပေါ်စီးမှ ကြည့်ရှုနေသော... ဤကဲ့သို့သော သတ္တဝါကိုးဦး အမှန်တကယ် တည်ရှိနေသည်ဟု ဆိုလိုခြင်းပင် ဖြစ်သည်။
သို့သော် ကောင်းကင်ဘုံအရှင်သခင်ကိုးပါးနှင့် တိုက်ခိုက်နေသည့်တိုင်အောင် ကုချန်သည် ကြောက်ရွံ့ခြင်းမရှိခဲ့ချေ။
ယခုအခါ... သူသည် ဧကရာဇ်တစ်ပါး ဖြစ်နေပြီဖြစ်ရာ... သူသည် အရာအားလုံးကို နှိမ်နင်းပြီး တွန်းဖယ်ဖြတ်သန်းသွားမည် ဖြစ်သည်။
ကောင်းကင်ဘုံအရှင်သခင် သတ်ဖြတ်ခြင်းတပ်ဖွဲ့လော.....
စစ်မှန်သော ကောင်းကင်ဘုံအရှင်သခင်ကိုးပါး ကျဆင်းလာသည့်တိုင်အောင် သူတစ်ဦးတည်းဖြင့် ၎င်းတို့အား နှိမ်နင်းနိုင်သည်ဟု သူ ယုံကြည်မှုရှိသည်။
" အချည်းနှီးပဲ... အသုံးမဝင်ဘူး "
ကုချန်က ဤသို့ဆိုလျက် ခံစားချက်ကင်းမဲ့စွာ မှတ်ချက်ပေးလိုက်သည်။
တစ်ချိန်တည်းမှာပင် သူသည်လည်း လှုပ်ရှားလိုက်ပြီး လက်ဖဝါးနှစ်ဖက်ဖြင့် ရိုက်ထုတ်လိုက်ရာ နေ၊ လနှင့် စကြာဝဠာအား ရှေ့သို့ တွန်းပို့နေသကဲ့သို့ပင် ကောင်းကင်ဘုံအရှင်သခင်ကိုးပါး၏ သတ်ကွက်များဆီသို့ တိုးဝင်သွားလေသည်။
" ဘုန်း ! "
သူတို့၏ တိုက်ခိုက်မှုများ ထိတိုက်မိချိန်တွင် ကောင်းကင်မြေကြီး ပျက်စီးသကဲ့သို့ ကြောက်မက်ဖွယ်ရာ ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားခဲ့သည်။
အဆုံးမဲ့ လျှပ်စီးဒုက္ခတို့ သောင်းကျန်းနေပြီး... ခရမ်းရောင်လျှပ်စီးများမှာ ဒီရေကဲ့သို့ တိုးတက်လာကာ... မိုးကြိုးအလင်းရောင်သည် ပင်လယ်တစ်ခုသဖွယ် ဤ ဟွမ်သွမ့်နယ်မြေအား လုံးဝ မြုပ်သွားစေလုနီးပါး ဖြစ်ခဲ့သည်။
" သက်ရှည်အမိန့်လွှာအောက်မှာ မင်းရဲ့ ဒီခေတ်က အောင်မြင်မှုတွေ ဘယ်လောက်ပဲ ကြီးမားပါစေ... မင်းက မြေဝါတစ်ဆုပ်အဖြစ် ပြောင်းလဲသွားပြီး... နောင်တတရားတွေပဲ ထာဝရကျန်ခဲ့မှာပဲ "
ယွမ်ကျွင်းမဟာဧကရာဇ်က မဲ့ပြုံး ပြုံးလိုက်သည်။ သူသည် ရလဒ်ကို ကြိုတင်မျှော်လင့်ထားပြီးဖြစ်ဟန်တူ၏။ ဤ သက်ရှည်အမိန့်လွှာသည် သူ အလွန်တရာ ခက်ခဲစွာဖြင့် ရယူထားခဲ့ရသော အရာတစ်ခု ဖြစ်သည်။
၎င်းတွင် စစ်မှန်သော ကောင်းကင်ဘုံအရှင်သခင်ကိုးပါး၏ တာအိုအနှစ်သာရတို့ဖြင့် ထွင်းထုထားသည်။ ၎င်းအား ထုတ်လွှတ်လိုက်သည်နှင့် ကောင်းကင်ဘုံအရှင်သခင်အဆင့်အောက်ရှိ မည်သူတစ်ဦးတစ်ယောက်မျှ ၎င်းအား ခံနိုင်ရည်ရှိမည် မဟုတ်ဟု ဆိုနိုင်သည်။
သူ၏ မူလအတွေးမှာ... အကယ်၍ ကုချန်က ဧကရာဇ်ဂိတ်သို့ နာခံစွာ သွားရောက်၍ နှိမ်နင်းပေးမည်ဆိုပါက... သူသည် ဤ အဆုံးစွန်လက်နက်အား မိမိအတွက် သိမ်းဆည်းထားရန် ဖြစ်သည်။
သို့သော် ကုချန်သည် ဤမျှလောက် ကျေးဇူးကန်းလိမ့်မည်ဟု... မည်သူက ထင်မည်နည်း... ထိုသို့ဖြစ်မှတော့ ဤ သက်ရှည်အမိန့်လွှာအား အသုံးပြုရသည့်တိုင်အောင် သူသည် ကုချန်အား ကွပ်မျက်ရမည် ဖြစ်သည်။
ယွမ်ကျွင်းမဟာဧကရာဇ်၏ မျက်လုံးများ လင်းလက်သွားပြီး ကြီးမားကျယ်ပြန့်သော မိုးကြိုးပင်လယ်အား ဖြတ်ကျော်၍ ကြည့်လိုက်သည်။ ကုချန် ခုခံနိုင်စွမ်းမရှိဘဲ နောင်တတရားဖြင့် သေဆုံးသွားသည်ကို သူ မြင်တွေ့လိုနေ၏။
သို့သော် သူ၏ မျက်စိရှေ့မှ မြင်ကွင်းသည် သူ့အား တုန်လှုပ်ခြင်း၊ ရှုပ်ထွေးခြင်းတို့ဖြင့် ပြည့်နှက်သွားစေခဲ့ပြီး... သူသည် အလိုအလျောက်ပင် ကျယ်လောင်စွာ ထုတ်ပြောလိုက်မိ၏။
" ဒါ... မဖြစ်နိုင်ဘူး "
သူ ဘာကို မြင်လိုက်ရသနည်း။
ထို အဆုံးမဲ့ပြီး ကြီးမားကျယ်ပြန့်လှသော လျှပ်စီးဒုက္ခ သတ်ဖြတ်ခြင်းတပ်ဖွဲ့ကြီးအတွင်း၌ ကုချန်သည် အထွတ်အထိပ် ကောင်းကင်ဘုံဧကရာဇ်တစ်ပါးသဖွယ် ရှိနေ၏။ သူ၏ ပတ်ပတ်လည်တွင် အစိမ်းရောင်နဂါး၊ ကြက်သွေးရောင်ဇာမဏီငှက်၊ လိပ်နက်ကြီးနှင့် ကျားဖြူတို့က ဝန်းရံလျက်ရှိပြီး... သူ၏ ခန္ဓာကိုယ်သည် မယုံနိုင်လောက်အောင် တန်ခိုးကြီးမားလှကာ... မည်သူမျှ တည့်တည့် မကြည့်ဝံ့အောင် ရှိနေလျက်... ကောင်းကင်ဘုံအရှင်သခင် ပုံရိပ်ယောင်ကိုးပါးအား ပြင်းထန်စွာ တိုက်ခိုက်နေလေသည်။
" ဘန်း ! "
လက်ဖဝါးတစ်ချက်ဖြင့်... သူသည် ကောင်းကင်ဘုံအရှင်သခင် ပုံရိပ်ယောင်တစ်ဦး၏ တိုက်ခိုက်မှုကို ချေမှုန်းလိုက်ပြီး... ၎င်း၏ ရင်ဘတ်အတွင်းသို့ အတင်းအကျပ် ထိုးသွင်းကာ... ထုတ်ချင်းဖောက် ဝင်သွားလေသည်။
ထပ်မံ၍ ဧကရာဇ်လက်သီးတစ်ချက် ထိုးချလိုက်ရာ အခြား ကောင်းကင်ဘုံအရှင်သခင် ပုံရိပ်ယောင်တစ်ဦးမှာလည်း ခုခံနိုင်စွမ်းမရှိသကဲ့သို့ ဖြစ်သွားပြီး ခြောက်သွေ့သောပေါင်းပင်၊ ဆွေးမြေ့သောသစ်သားကဲ့သို့ လွင့်စင်သွား၏။ ဧကရာဇ်လက်သီးသည် ၎င်း၏ နဖူးတည့်တည့်သို့ ထိမှန်သွားပြီး သူ၏ ဦးခေါင်းခွံအား ပေါက်ကွဲသွားစေခဲ့သည်။
ကုချန် တစ်ကြိမ် လှုပ်ရှားလိုက်တိုင်းတွင် ကောင်းကင်ဘုံအရှင်သခင် ပုံရိပ်ယောင်တစ်ဦး ဆုတ်ခွာကာ ပျက်စီးသွားရ၏။ လျှပ်စီးများ သောင်းကျန်းနေပြီး အင်မော်တယ်အလင်းရောင်များ တောက်ပလျက်ရှိသည်။
ဤအခိုက်အတန့်တွင် ကုချန်သည် ဤလောက၌ တစ်ဦးတည်းသော အထွတ်အထိပ်သခင်အဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ ထင်ရပြီး ရန်သူအားလုံးကို တိုက်ခတ်ရှင်းလင်းနေလေသည်။
အဘယ်ကြောင့်... အဘယ်ကြောင့်နည်း.....
ယွမ်ကျွင်းမဟာဧကရာဇ်သည် လုံးဝ ကြက်သေသေသွားခဲ့သည်။ သူ၏ မျက်စိရှေ့မှ မြင်ကွင်းအား သူ မယုံကြည်နိုင် ဖြစ်နေလေသည်။
ကောင်းကင်ဘုံအရှင်သခင် ပုံရိပ်ယောင်ကိုးပါးသည် ကုချန်၏ ရှေ့မှောက်တွင် အနည်းငယ်မျှ ခုခံနိုင်စွမ်းပင် မရှိဘဲ ခြောက်သွေ့သောပေါင်းပင်၊ ဆွေးမြေ့သောသစ်သားတို့ကဲ့သို့ တိုက်ခတ်အချေမှုန်းခံလိုက်ရသည်။
ထိုသူများမှာ ကောင်းကင်ဘုံအရှင်သခင်များ ဖြစ်ကြသည်.....
ယွမ်ကျွင်းသည် သူ၏ စိတ်ထဲတွင် ရူးသွပ်စွာ ဟစ်ကြွေးနေမိသည်။
၎င်းတို့သည် လျှပ်စီးဒုက္ခ ပုံရိပ်ယောင်များမျှသာ ဖြစ်သည့်တိုင်အောင်... ဧကရာဇ်တို့၏ ကိုယ်အစစ်မှ စည်းမျဉ်းတာအို တံဆိပ်တုံးအား ၎င်းတို့အပေါ်တွင် ထည့်သွင်းထွင်းထုထားခြင်းဖြစ်ပြီး... သာမန် ဧကရာဇ်အဆင့်တစ်ဦး ခံနိုင်ရည်ရှိမည့် အရာမျိုး မဟုတ်သည်မှာ သေချာလှသည်။
ထိုမျှမက... ယခုအခါတွင် ကောင်းကင်ဘုံအရှင်သခင် ပုံရိပ်ယောင် ကိုးပါးအထိပင် ကျဆင်းလာခဲ့ခြင်း ဖြစ်သည်။
" ပျင်းစရာကောင်းလိုက်တာ "
ငရဲမှ ပဲ့တင်သံတစ်ခုကဲ့သို့ တည်ငြိမ်၍ ခံစားချက်ကင်းမဲ့သော အသံတစ်ခုကြောင့် ယွမ်ကျွင်းမဟာဧကရာဇ်မှာ ကြောက်ရွံ့တုန်လှုပ်သွားရသည်။
အသက်ရှူချိန် နှစ်ကြိမ်မျှ အချိန်အတွင်းမှာပင် အဆုံးမဲ့သော မိုးကြိုးပင်လယ်ကြီးသည် ငြိမ်သက်သွားခဲ့ပြီး ကောင်းကင်ဘုံအရှင်သခင် ပုံရိပ်ယောင်ကိုးပါးတို့သည်လည်း တစ်ဦးတစ်ယောက်မျှ မကျန်အောင် ကုချန်၏ နှိမ်နင်းသတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။
မူလက မျက်စိကျိန်းလောက်အောင် တောက်ပနေခဲ့သော သက်ရှည်အမိန့်လွှာသည် ယခုအခါတွင်... ၎င်း၏ စွမ်းအားအားလုံး ကုန်ဆုံးသွားပြီ ဖြစ်သဖြင့်... သူ၏ တောက်ပမှုအားလုံး ဆုံးရှုံးသွားပြီး... ဟွမ်သွမ့်ပင်လယ်အတွင်းသို့ အားအင်မဲ့စွာ လွင့်ကျသွားလေ၏။
ကြက်သေသေလျက် ရပ်နေသော ယွမ်ကျွင်းမဟာဧကရာဇ်အား ကြည့်ရင်း ကုချန်သည် အနည်းငယ် ပျင်းရိသလို ခံစားလိုက်ရသည်။
ဤ ကောင်းကင်ဘုံအရှင်သခင် ပုံရိပ်ယောင်ကိုးပါးသည် ဤ အဆုံးမဲ့ကမ္ဘာအတွင်းရှိ ဧကရာဇ်အဆင့်ဟု ခေါ်ဆိုကြသူများထက် များစွာ ပိုမိုသန်မာသော်လည်း ယခု သူ့အတွက်မူ ၎င်းတို့သည် သွေးပူလေ့ကျင့်ခန်းမျှပင် မဖြစ်စေခဲ့ပေ။
ဖြစ်နိုင်သည်မှာ စစ်မှန်သော ကောင်းကင်ဘုံအရှင်သခင်တစ်ပါး ကျဆင်းလာမှသာ သူ၏ စိတ်ဝင်စားမှုကို အနည်းငယ် နှိုးဆွနိုင်ပြီး သူ ပို၍ ပျော်ရွှင်နိုင်မည် ဖြစ်သည်။
"ငါကိုယ်တော် ပြောခဲ့သားပဲ... မင်းရဲ့ ခုခံမှုအားလုံးက အချည်းနှီးပဲ... အသုံးမဝင်ဘူးလို့ "
ကုချန်သည် သူ၏ အကြည့်အား အနည်းငယ် မြှင့်လိုက်ပြီး ယွမ်ကျွင်းမဟာဧကရာဇ်အား တည်ငြိမ်စွာ ကြည့်လိုက်သည်။ မည်သည့် စကားအပိုမျှ မဆိုတော့ဘဲ... သူ၏ ဧကရာဇ်လက်ဖဝါးကို ဆန့်တန်းထုတ်လွှတ်လိုက်ပြီး ယွမ်ကျွင်းမဟာဧကရာဇ်ထံသို့ ဖိနှိပ်ချလိုက်သည်။
" ဟင့်အင်း..... "
ယွမ်ကျွင်းမဟာဧကရာဇ်သည် ယခုမှ အိပ်မက်မှ နိုးထလာသကဲ့သို့ ရှိပြီး... အလျင်အမြန် ထွက်ပြေးရန် ကြိုးစားသော်လည်း... နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
သူသည် အထွတ်အထိပ်အဆင့်မျှသာ ရှိပြီး... သူနှင့် ကုချန်ကြားမှ ကွာဟချက်မှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ပင် ဖြစ်သည်။
ကောင်းကင်ဘုံအရှင်သခင် ပုံရိပ်ယောင်ကိုးပါးပင်လျှင်... ကုချန်၏ လက်ထဲတွင် သံသယရှိစရာမလိုဘဲ နှိမ်နင်းသတ်ဖြတ်ခံခဲ့ရသည်ဖြစ်ရာ... ယွမ်ကျွင်းလောက်က သူ၏ လက်ဖဝါးအတွင်းမှ မည်သို့ လွတ်မြောက်နိုင်မည်နည်း။
ယွမ်ကျွင်းမဟာဧကရာဇ်သည် ရုန်းကန်၏... ဟိန်းဟောက်၏... ပြီးလျှင် လွတ်မြောက်ရန် အစွမ်းကုန်ပင် ကြိုးစားခဲ့၏။ သို့သော် အရာအားလုံးမှာ အချည်းနှီးဖြစ်ပြီး အသုံးမဝင်ခဲ့ပေ။
ကုချန်၏ ဧကရာဇ်လက်ဖဝါး ကျဆင်းလာပြီး... ဖျက်ဆီးချေမှုန်းသော အနေအထားဖြင့် သူ၏ ခုခံမှုအားလုံးကို ချေဖျက်ပစ်လိုက်ကာ... ယွမ်ကျွင်းမဟာဧကရာဇ်၏ ဧကရာဇ်ကိုယ်ခန္ဓာအား ကြေမွသွားစေပြီး... သူ၏ နတ်ဘုရားဝိညာဉ်အား လက်ဖဝါးထဲတွင် ချေမွပစ်လိုက်သည်။
ဤအခိုက်အတန့်တွင်... ယွမ်ကျွင်းမဟာဧကရာဇ်သည် သူ မည်သို့မျှ မလွတ်မြောက်နိုင်တော့ကြောင်း... သဘောပေါက်သွားပုံရသည်။
သူသည် ကုချန်အား စေ့စေ့စိုက်ကြည့်ကာ ရူးသွပ်စွာ ရယ်မောလိုက်သည်။
" ဟားဟားဟား... ကုချန်... ကုချန်... မင်း ဒီလောက်တောင် သန်မာလိမ့်မယ်လို့ ငါ တစ်ခါမှ မထင်ခဲ့ဘူး... ဒီလောက်တောင် သန်မာတာ..... "
" ဒါပေမဲ့ ဘာဖြစ်လဲ... အစကနေ အဆုံးထိ... မင်းရော ငါရောက... သနားစရာ အရုပ်လေးတွေထက် မပိုပါဘူး "
" အင်မော်တယ်လမ်းကြောင်း၊ နတ်ဆိုးနယ်မြေ၊ နယ်စပ်ကို စောင့်ကြပ်ခြင်း၊ ဟားဟားဟားဟား... လွန်ခဲ့တဲ့ နှစ်ကိုးသောင်းက အမှန်တရားကို မင်း ဘာတစ်ခုမှတောင် မသိဘူး "
" သနားစရာပဲ... ဝမ်းနည်းစရာပဲ... ဟားဟားဟား "
ယွမ်ကျွင်းမဟာဧကရာဇ်သည် ရူးသွပ်သွားပုံရပြီး... ကုချန်အား သူ၏ နတ်ဘုရားဝိညာဉ်အား သန့်စင်ရန် အခွင့်အရေးပင် မပေးဘဲ.. သူ၏ နတ်ဘုရားဝိညာဉ်အား ပြတ်ပြတ်သားသား ကိုယ်တိုင် ဖျက်ဆီးလိုက်တော့သည်။
ဧကရာဇ်အဆင့်တည်ရှိမှုတစ်ဦး၏ နတ်ဘုရားဝိညာဉ်အား ကိုယ်တိုင် ဖျက်ဆီးခြင်းသည် မိုင်ပေါင်းထောင်နှင့်ချီသော ကြယ်တာရာကောင်းကင်အား ဖျက်ဆီးပစ်နိုင်ရန် လုံလောက်သည်။
သို့သော် ကုချန်အတွက်မူ ၎င်းသည် ဘာမျှမဟုတ်ပေ။ သူသည် သူ၏ လက်ဖဝါးအား အနည်းငယ် ဆုပ်လိုက်ရုံမျှဖြင့်... ယွမ်ကျွင်းမဟာဧကရာဇ်၏ ဧကရာဇ်ဝိညာဉ်အား ဖျက်ဆီးခြင်းကြောင့် ဖြစ်ပေါ်လာသော ဖျက်ဆီးမှုလှိုင်းလုံးများအားလုံး... သူ၏ လက်ဖဝါးအတွင်း၌ပင် ချေဖျက်ခြင်း ခံလိုက်ရသည်။
သို့သော်... ယွမ်ကျွင်းမဟာဧကရာဇ်၏ နတ်ဘုရားဝိညာဉ်အား ကိုယ်တိုင် ဖျက်ဆီးခြင်းသည် အလွန်တရာ ပြတ်သားကာ... သူသည် အသက်ရှင်ကျန်ရစ်ရန် လုံးဝ ဆန္ဒမရှိသည့်ဟန် ဖြစ်နေပြီး... ၎င်းသည် ကုချန်အတွက် အတော်လေး မျှော်လင့်မထားသော အရာ ဖြစ်ခဲ့သည်။
သူ မူလက ထင်ထားခဲ့သည်မှာ... ယွမ်ကျွင်းမဟာဧကရာဇ်သည် မည်သို့ပင်ဖြစ်စေ... အနည်းငယ်မျှ အသက်ရှင်ကျန်ရစ်ရန် ရုန်းကန်ဦးမည်ဟု ဖြစ်သည်။
သို့သော် တစ်ဖက်လူသည် ထိုသို့သော ရည်ရွယ်ချက် မရှိသည့်ဟန်... သူ၏ ကိုယ်ပိုင်အသက်ကိုပင် လုံးဝ ဂရုမစိုက်သည့်အလား ဖြစ်နေလိမ့်မည်ဟု သူ တစ်ခါမျှ မထင်ထားခဲ့ပေ။
ထို့အပြင်... ယွမ်ကျွင်းမဟာဧကရာဇ်၏ သေခါနီးစကားများသည် ကုချန်၏ နှလုံးသားအား ပို၍ပင် ထိခတ်သွားစေသည်။
လွန်ခဲ့သော နှစ်ကိုးသောင်းမှ အမှန်တရား.....
ဖြစ်နိုင်သည်မှာ... လွန်ခဲ့သော နှစ်ကိုးသောင်းက ဖြစ်ပျက်ခဲ့သမျှအားလုံးသည် တစ်စုံတစ်ယောက်က တိတ်တဆိတ် ဝင်ရောက်စွက်ဖက်ပြီး ကြိုးကိုင်ခြယ်လှယ်ခဲ့ခြင်း၏ ဖြစ်နေနိုင်သလော.....
နောက်ကွယ်မှ ပုဂ္ဂိုလ်သည် ဤ သက်ရှည်အမိန့်လွှာ၏ ပိုင်ရှင်နှင့် ပတ်သက်နေသလော.....
ကုချန်သည် ခဏမျှသာ တွေးတောလိုက်ပြီးနောက်... ဤအရာအားလုံးကို ခေတ္တ ဘေးဖယ်ထားလိုက်သည်။
လက်ရှိ သူသည် လွန်ခဲ့သော နှစ်ကိုးသောင်းမှ သူ မဟုတ်တော့ပေ။
သူ၏ စိတ်အခြေအနေ သို့မဟုတ် သူ၏ စွမ်းအား... နှစ်ခုစလုံးသည် ကောင်းကင်မြေကြီး ပြောင်းပြန်လန်သွားသကဲ့သို့သော ပြောင်းလဲမှုများကို ယခင်ကတည်းက ဖြတ်သန်းခဲ့ပြီး ဖြစ်သည်။
တစ်ချိန်က သူ့အား ချည်နှောင်နိုင်ပြီး ဩဇာလွှမ်းမိုးနိုင်ခဲ့သော အရာများသည် ယခုအခါ သူ့အပေါ်တွင် မည်သည့် သက်ရောက်မှုမျှ မရှိတော့ပေ။
သူသည် ယွမ်ကျွင်းမဟာဧကရာဇ်ထံမှ အသုံးဝင်သော သတင်းအချက်အလက်တစ်ခုမျှ မရရှိခဲ့သော်ငြား စိတ်ပျက်သွားခြင်း မရှိခဲ့ပေ။
အကြောင်းမှာ... ယွမ်ကျွင်းအား သတ်လိုက်ပြီးနောက်... သူ၏ နောက်ကွယ်မှ ပုဂ္ဂိုလ်သည် နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ... မိမိသဘောအလျောက် ခုန်ထွက်လာလိမ့်မည်ကို သူသိနေသောကြောင့် ဖြစ်သည်။
ထိုအချိန်ကျရောက်သောအခါ အမှန်တရားအားလုံးသည် သူ့အလိုလိုပင် ပေါ်ထွက်လာပေလိမ့်မည်။