ထွက်ပြေးသွားသောတပည့်
Vol. 2 Ch. 20
အခန်း (၂၀) ထွက်ပြေးသွားသောတပည့်
တပည့်များကို သွန်သင်ရခြင်းမှာ ရှည်လျား၍ ခက်ခဲကြမ်းတမ်းသော တာဝန်ဖြစ်သည်။
လုကျိုး မတ်တတ်ရပ်ပြီး လက်နောက်ပစ်လျက် ရှုခင်းကြည့်ဆောင်အပြင်ဘက်ရှိ ရှုခင်းကို လှမ်းကြည့်လိုက်သည်။ ဤကမ္ဘာကူးပြောင်းမှုသည် ကောင်းချီးပေးခြင်းလော ကျိန်စာလော သူ မသိတော့ပေ။
စကြဝဠာ ခရီးသွားများကြား မည်သူ ကံအဆိုးဆုံးလဲယှဉ်ကြည့်သည့် ပြိုင်ပွဲရှိလျှင် သူသည်ပြိုင်ဘက်မရှိ ချန်ပီယံဖြစ်လိမ့်မည်ဟု ယုံကြည်သည်။
သိပ်မကြာခင်ပင် ရှောင်ယွမ်အာက ရှုမျှော်နန်းဆီ မင်ရှစ်ရင်နှင့်တွမ့်မူရှန်းအား ခေါ်လာခဲ့သည်။
"ရှစ်စွင်း"
"ရှစ်စွင်း"
လုကျိုး လှည့်ကြည့်လိုက်ပြီး တပည့်နှစ်ယောက်အပေါ် အကြည့်ရောက်သွားသည်။ မင်ရှစ်ရင်၏ သစ္စာရှိမှုသည် ၅၉ ရာခိုင်နှုန်းတွင် ဖြစ်နေသေးကြောင်း မြင်လိုက်ရသည်။ တပည့်သည် ခုနတုန်းက သူ့ကို ယာယီ လေသံပျော့နေသော်ငြား သူ့ရှစ်စွင်းကို သံသယ ရှိနေသေးဆဲဆိုတာ ပေါ်လွင်ပေသည်။ တွမ့်မူရှန်းမှာ အနည်းငယ် ပိုသာသည်။ သူ့ သစ္စာရှိမှုသည် ၆၅ ရာခိုင်နှုန်းတွင် တည်ရှိနေသေးပြီး အတော်လေးတည်ငြိမ်လှသည်။
ရှောင်ယွမ်အာ၏သစ္စာရှိမှုသာလျှင် အမြဲမြင့်နေဆဲဖြစ်ကာ လုကျိုးလည်း သူမကို ပိုမိုယုံကြည်မိသည်။
"ငါမင်းတို့ကို ဒီခေါ်ရတာက ငါ့အတွက် ကိစ္စတချို့ လုပ်ပေးစေချင်လို့"
"ရှစ်စွင်း၊ ကျေးဇူးပြုပြီး ဘာလိုအပ်သလဲ ကျွန်တော်တို့ကို ပြောပါ၊ ပြီးတော့ တာဝန်တွေ ပြီးမြောက်စေဖို့ ကျွန်တော်တို့ လုံးဝ စိတ်ကိုမြှုပ်နှံထားမှာပါ"
တွမ့်မူရှန်းက ခေါင်းငုံ့ပြီးပြောလိုက်သည်။
"ကျိုးကျစ်ဖုန်းက ကောင်းကင်ဓားဂိုဏ်းကနေ ထွက်ခွာသွားပြီ၊ မင်း သူ့နောက် ခြေရာခံပြီး စုံစမ်းဖို့ တာဝန်ရှိတယ်၊ သူ့အခုလက်ရှိ အဆင့်အတန်းနဲ့ အနေအထားအရ ဂိုဏ်းသစ်ဝင်ဖို့က ပြဿနာရှိမှာမဟုတ်ဘူး၊ မင်း သတင်းတစ်ခုခုရရင် ငါ့ကိုချက်ချင်းသတင်းတင်ပြ"
"လောင်စစ်"
"ဟုတ်ကဲ့ ရှစ်စွင်း"
"ငါ မင်းကို အတော်လေးထူးခြားတဲ့ မစ်ရှင်တစ်ခုပေးမယ်...၊ ငါ့ဘဝမှာ ဆိုးရွားတဲ့ ကိစ္စရပ်တွေကို ကျူးလွန်ခဲ့ပြီးတော့ လောကကြီးကို လှုပ်ယမ်းခဲ့တဲ့ နတ်ဆိုးတပည့်၃ ယောက်ကို သင်ကြားပေစခဲ့တယ်၊ အဲဒါကြောင့် ငါလောကကြီးရဲ့ ဝေဖန်ခြင်းကို ခံခဲ့ရတာပေါ့၊ ငါတို့ဂိုဏ်းထဲက ကပ်ဆိုးကို မင်း ရှင်းပစ်စေချင်တယ်"
"ကပ်ဆိုးကို ရှင်းရမယ်" ထိုအရာက မင်ရှစ်ရင်အား ကြောက်လန့်သွားစေသည်။ အလျင်အမြန်ပင် သူ ဒူးထောက်ချသွားလေ၏။
"ရှစ်စွင်း၊ ကျွန်တော့်ကျင့်ကြံဆင့်က နတ်ဒေဝါဦးတည်နယ်ပယ်ဆိုပေမဲ့ တာ့ရှစ်ရှိုး... ယွီကျန့်ဟိုင်နဲ့ အာ့ရှစ်ရှိုး ယွီရှန်းရုန်... ထက် အများကြီး အားနည်းပါတယ်၊ တကယ်တမ်းကျ ရှစ်မေ့ထျန်းရှင်းနဲ့တောင် မယှဉ်သာပါဘူး၊ သူမက ကောင်းကင်အဆင့်ရတနာဖြစ်တဲ့ ရမ္မက်ကွင်းကို ပိုင်ထားသလို မရေမတွက်နိုင်အောင်လည်း လူသတ်ဖူးတယ်၊ သူမက နတ်ဝိညာဉ် ဝဋ်ကြွေးချေနယ်ပယ် အဆင့်တက်လှမ်းသွားပြီတောင် စိုးမိတယ်"
သူက အမှန်တရားကို ပြောနေခြင်းပင်။
သူတို့ပိုင်ဆိုင်ထားသော လက်နက်များနှင့် ကြောက်လန့်စရာ ကျင့်ကြံဆင့်များ ပေါင်းစပ်လိုက်သောအခါ သူတို့ဆရာဆီမှခွဲထွက်လာသော တပည့်များသည် ကမ္ဘာကြီးကို လွှမ်းမိုးနိုင်ကာ နေရာတစ်နေရာ ရယူထားနိုင်ပြီး တစ်ကမ္ဘာလုံးကြားဖူးကြသည့် နာမည်များပိုင်ရှင် မကောင်းဆိုးဝါးလူဆိုးများ ဖြစ်လာကြ၏။ ပြီးတော့ တွမ့်မူရှန်း၊ မင်ရှစ်ရင်နှင့် ကျောင်းယွဲ့တို့ ထွက်မသွားရခြင်းက ကျိထျန်းတောက် သူတို့ကို လက်နက်များနှင့် ကျင့်ကြံစဉ်နည်းလမ်းအပြည့်အစုံ မပေးခဲ့၍ပင်။
တပည့်ကြီး ယွီကျန့်ဟိုင်က ကောင်းကင်အဆင့် ရတနာတစ်ပါးဖြစ်သော နဂါးသွဲ့ကျောက်ဓားရှည်ကို ပိုင်ဆိုင်သည်။ အစွမ်းအထွတ်အထိပ်တွင် ထိုဓားရှည်က သူနှင့် နယ်ပယ်တူ နတ်ဝိညာဉ် ဝဋ်ကြွေးချေနယ်ပယ်၏ စိတ်ဝိညာဉ် သဏ္ဌာန်ကိုပင် ဖြိုခွဲနိုင်သည်။
ဒုတိယတပည့် ယွီရှန်းရုန်ကလည်း ကောင်းကင်အဆင့်ရတနာဖြစ်သော သက်ရှည်ဓားကိုပိုင်ဆိုင်သည်။ ပြောကြသည်ကတော့ ဓားနှင့်ခုတ်ခံရသည့် လူအရေအတွက်တိုင်း ခပ်ပါးပါးစွမ်းအင်ရရှိကာ ပို၍ သန်မာသထက် သန်မာလာစေသည်။ ပြီးလျှင် တစ်နေ့ သူပေါင်းစည်းချိန် အမတ လျှို့ဝှက်ချက်ကိုပါ အဓိပ္ပာယ်ဖော်နိုင်မည်။
ဆဋ္ဌမမြောက်တပည့် ယဲ့ထျန်းရှင်းကလည်း ကောင်းကင်အဆင့်ရတနာဖြစ်သော ရမ္မက်ကွင်းကို ပိုင်ဆိုင်ထားသည်။ သူမက ရှောင်ယွမ်အာ ဂိုဏ်းထဲမဝင်မီ ကျိထျန်းတောက်နှစ်သက်သော တပည့်ဖြစ်သည်။ တတိယနှင့် စတုတ္ထတပည့်များကို မည်သည့်ရတနာမျှ မပေးခင်မှာပင် ကျိထျန်းတောက်က သူမအပေါ် ဘက်လိုက်မှုပြသကာ ကွင်းကိုပေးခဲ့သည်။ ယခုဆိုလျှင် ယဲ့ထျန်းရှင်းသည် လရောင်ဆွတ်နန်းဆောင်၏ နန်းဆောင်သခင်ပင်ဖြစ်နေချေပြီ။
မင်ရှစ်ရင်သည် ဒီတပည့်ဆိုး ၃ယောက်နှင့် ယှဉ်လျှင် အမှန်ပင် အားနည်းလှ၏။
"လောင်ပါ့ရဲ့ ကျင့်ကြံဆင့်က နတ်ဒေဝါဦးတည်နယ်ပယ်ရဲ့ တောက်ထိန်းချုပ်အဆင့်မှာပဲရှိသေးတယ်၊ မင်းက တောက်သဏ္ဌာန်ပြောင်းအဆင့်မှာလေ၊ မင်း သူနဲ့အရင်စ"
လုကျိုးက ခပ်ယဲ့ယဲ့ပြောသည်။
"အာ..."
နတ်ဒေဝါဦးတည်နယ်ပယ်တွင် အဆင့်၃ဆင့်ခွဲထား၏။ တောက်သဏ္ဌာန်ဖြစ်တည်အဆင့်၊ တောက်ထိန်းချုပ်၊ တောက် သဏ္ဌာန်ပြောင်းအဆင့် ဖြစ်ပြီး နောက်ဆုံးကတော့ အမြင့်ဆုံးအဆင့်ဖြစ်သည်။
သူ့ အဋ္ဌမတပည့် ကျူးဟုန်ကုန်းသာလျှင် နတ်ဒေဝါ ဦးတည်နယ်ပယ်တွင် တောက်ထိန်းချုပ်အဆင့် ဖြစ်ကာ မည်သည့် ကောင်းကင်အဆင့်ရတနာမျှမပိုင်ဆိုင်ချေ။
"မင်းလောင်ပါ့နဲ့ သိပ်မကြာခင်က တွေ့ခဲ့တယ်မဟုတ်လား"
"ဟုတ်ပါတယ်၊ ကျွန်တော် ကျားတောင်ရိုးဆီ သွားခဲ့ပေမဲ့... လောင်ပါ့က အရမ်းတုံးအလွန်းလို့ သူ ဂိုဏ်းကနေ စွန့်ခွာသွားအောင် ချီရှစ်တိ အပျော့ဆွဲပြောလိုက်တာလို့ ကျွန်တော် သံသယဖြစ်မိတယ်၊ သူ သေဖို့ မထိုက်တန်ပါဘူး"
တိတ်ဆိတ်မှုသည် ရှုခင်းကြည့်ဆောင်သို့ ကျရောက်လာ၏။ လုကျိုးမှာ ဘာစကားမှ ချက်ချင်းမဆိုဘဲ မင်ရှစ်ရင်ကို ကျောပေးထားသည်။ တစ်အောင့်ကြာတိတ်ဆိတ်ပြီးနောက် သူက ဖြည်းဖြည်းချင်း လှည့်လာပြီး စိုက်ကြည့်ရင်း ခံစားချက်မပါသည့်လေသံဖြင့် ပြောလိုက်သည်။
"ဒီကိုလာခဲ့"
"ရှစ်.. ရှစ်စွင်း..." မင်ရှစ်ရင် တုန်ယင်နေသည်။ သူရွေးချယ်စရာမရှိတော့ဘဲ မတ်တတ်ထရပ်ပြီး လုကျိုးဆီ လျှောက်လာခဲ့သည်။ သူလမ်းလျှောက်စဉ် စိတ်လှုပ်ရှားကာ ခြေထောက်မှခွန်အားများ ထွက်သွားသကဲ့သို့ ခံစားရပြီးမှ နောက်ဆုံးတော့ လုကျိုးဆီ ရောက်လာခဲ့သည်။
"ငါ့မျက်လုံးကိုကြည့်..."
"ရှစ်စွင်း..."
မင်ရှစ်ရင်၏ နှလုံးခုန်နှုန်းမှာ ပို၍မြန်ဆန်လာကာ မျက်နှာလည်းနီရဲလာသည်။
"မင်း မျက်လုံးတွေ ဂနာမငြိမ်ဖြစ်နေတာက မင်းအရမ်း စိတ်လှုပ်ရှားနေတယ်ဆိုတာ ပြနေတယ်...၊ ပြီးတော့လည်း မင်းဆီက ခပ်ဖျော့ဖျော့စွမ်းအင်မတည်မငြိမ်ဖြစ်နေတာ အာရုံခံမိတာ၊ မင်းကို ငါတိုက်ခိုက်မှာ ကြောက်နေတာလား"
ပလွတ်
မင်ရှစ်ရင် ဒူးထောက်ချတော့၏။
"ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ၊ ရှစ်စွင်း... ရှစ်စွင်းရဲ့ ကျင့်ကြံဆင့်က နက်နဲလှပါတယ်၊ ကျွန်တော်က ပြိုင်ဘက်မဟုတ်တာသိပါတယ်၊ အကာအကွယ်အပြုအမူက သဘာဝအလျောက်ပါ၊ မရည်ရွယ်တဲ့ အပြုအမူပါလို့"
သူ့နဖူးတွင် ချွေးစေးများကျလာသည်။ သူ အမှန်တကယ်ကို ကြောက်ရွံ့နေပြီ။
မင်ရှစ်ရင်၏ အပြုအမူကို မြင်ချိန် လုကျိုး ရင်ထဲ ခံစားချက်များနှင့် သက်ပြင်းမချဘဲ မနေနိုင်ပေ။ ကျိထျန်းတောက်သည် အရင်က သူ့တပည့်များကို ဆုံးမရာတွင် တစ်နည်းတည်းသာ သုံးခဲ့ကြောင်းသိသည်။ ထိုနည်းကတော့ ရက်ရက်စက်စက် ရိုက်နှက်ခြင်းပင်။
ခေတ်သစ်မှလာသည့် လူတစ်ယောက်အနေနှင့် လုကျိုးမှာ ထိုသို့ပြုမူခြင်း၏ အကျိုးဆက်သည် ရေရှည်တွင် မည်သို့ဖြစ်လာမည်မှန်း ကောင်းကောင်းသိသည်။ တပည့်များ၏ နှလုံးသားသည် အကြောက်တရား၊ အမုန်းနှင့် ပြည့်နေပြီး တစ်နေ့တွင် သူတို့ ရှစ်စွင်းနှင့် ယှဉ်ပြိုင်နိုင်ရန် ခွန်အားရောက်သည့် အချိန်တစ်နေ့တွင် သူတို့ သူ့ကို သတ်ကောင်းသတ်နိုင်သည်။
ကိစ္စများက ဒီနေ့လို အခြေအနေထိရောက်လာမည်မှာ မလွဲမသွေပေ။
ထို့ကြောင့် လုကျိုးမှာ တပည့်များ၏ဘက်ပြောင်းမှုနှင့်ပတ်သက်၍ သိပ်ပြီးဒေါသမထွက်ပေ။
"မင်း ဘာတွေတွေးနေလဲ သိတယ်... ဒါကြောင့် ငါမင်းကို အခုအခွင့်အရေးပေးနေတာ"
သူက လက်ဖက်ရည်စားပွဲပေါ်တွင် တင်ထားသော စာရွက်အပိုင်းအစလေးကို လက်ညှိုးထိုးပြလိုက်သည်။
"အဲစာရွက်ပေါ်မှာ သစ်သားပြာကျင့်စဉ်ရဲ့ နောက်ဆုံးကျမ်းပဲ၊ ငါမင်းကိုအခုပေးနေတာ၊ အဲဒါနဲ့ဆို မင်းကျင့်ကြံဆင့်က တစ်ဆင့် ရှေ့တက်ပြီး နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ်ဆီတောင် တက်လှမ်းလို့ရချင်ရမှာ"
မင်ရှစ်ရင်၏မျက်လုံးများ ပြူးကျယ်သွားပြီး စာရွက်အပိုင်းကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိရင်း ယူသင့်မယူသင့် စဉ်းစားနေ၏။
'ရှစ်စွင်းရဲ့ နည်းလမ်းအဟောင်းအရဆိုရင်တော့ ငါယူလိုက်ရင် အနည်းဆုံး လက်ကျိုးလောက်တယ်...'
'ဒါပေမဲ့ ရှစ်စွင်းက ထိပ်တန်းကျင့်ကြံသူ ဆယ်ယောက်ကို နှိမ်နင်းပြီးတည်းက သူ့အကျင့်စရိုက်က တော်တော်လေးပြောင်းလဲသွားတာ၊ ပြီးတော့ သူ့လမ်းစဉ်ပါ ပြောင်းသွားသေးတယ်...'
'ပြောရရင်... ငါ ယူလို့ရတာလား'
မင်ရှစ်ရင် တံတွေးမျိုချလိုက်သည်။ သူ မတ်တတ်ရပ်တော့မဲ့ဆဲဆဲ လုကျိုးက စာရွက်ကို ကောက်ယူပြီး လက်ဝှေ့ယမ်းကာ သူ့ရှေ့ ညင်သာစွာ ကျစေလိုက်သည်။ သူ့ခွန်အား ပြန်မကောင်းသေးတာတောင် စာရွက်အပိုင်းကို ထိန်းချုပ်ရန်ကတော့ လွယ်လွန်းသေးသည်။
မင်ရှစ်ရင်သည် သစ်သားပြာကျင့်စဉ်၏ နောက်ဆုံးကျမ်းကိုမြင်လိုက်ရချိန် အပျော်လွန်ကာ အလျင်အမြန် ဦးတိုက်လိုက်သည်။
"ကျေးဇူးတင်ပါတယ်ရှစ်စွင်း ကျွန်တော် သေချာပေါက် ဂိုဏ်းထဲက ကပ်ဆိုးကို ရှင်းပစ်ဖို့ သေချာပေါက် မခိုမကပ်ဘဲ အစွမ်းကုန်အားထုတ်ပါ့မယ်"
သူ့သစ္စာရှိမှုမှာ ချက်ချင်းပင် ၆၉ရာခိုင်နှုန်းထိ ၁၀ရာခိုင်နှုန်း မြင့်တက်သွားခဲ့သည်။
လုကျိုး စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။
"တင်း မင်ရှစ်ရင်ကို စည်းကမ်းထိန်းသိမ်းပြီးပြီဖြစ်လို့ ဆုလာဘ်အမှတ် နှစ်ရာ ချီးမြှင့်ပါတယ်"
မင်ရှစ်ရင်၏ ယခုလက်ရှိ ခွန်အားနှင့် ကျင့်ကြံဆင့်နှင့်သာဆိုလျှင် ဂိုဏ်းထဲမှကပ်ဆိုးကို အပြီးသတ် ရှင်းပစ်ရန် ခဲယဉ်းကြောင်း လုကျိုးသိသည်။ ထို့ကြောင့် အတင်းကြီး ဖိအားပေးမနေတော့ပေ။
"မင်း အခုသွားလို့ရပြီ"
မင်ရှစ်ရင်သည် နာခံစွာပင် ထွက်သွားတော့သည်။
တွမ့်မူရှန်းနှင့် ရှောင်ယွမ်အာတို့ကတော့ လုကျိုးကို အားကျမနာလိုသောအကြည့်များနှင့် ကြည့်နေသည်။
သူတို့နှစ်ယောက်လုံး လက်နက်လိုချင်ကြသည်။ ထိုသို့တိုင် ကျိထျန်းတောက်၏ ပစ္စည်းများအားလုံး ကုန်သွားပြီဖြစ်၍ သူတို့ဆန္ဒများကို လောလောဆယ် ဖြည့်တင်းပေးရန် မဖြစ်နိုင်ပေ။
"မင်းတို့ အလုပ်ကို ကောင်းကောင်းလုပ်ပြီး ငါ့ကိုစိတ်မပျက်စေဖို့ မျှော်လင့်တယ်"
"ကျွန်တော်နားလည်ပါပြီ၊ ရှစ်စွင်း" တွမ့်မူရှန်းသည် လက်သီးဆုပ်ပြီး ဂါဝရပြုပြီးနောက် ရှုခင်းကြည့်ဆောင်မှ ထွက်သွားတော့၏။
သူတို့ပုံရိပ်များ ပျောက်ကွယ်သွားတော့မှ ရှောင်ယွမ်အာက နှုတ်ခမ်းဆူပြီး တီးတိုးရေရွတ်သည်။
"ရှစ်စွင်း၊ ကျွန်မလည်း တာဝန်ထမ်းဆောင်ချင်တယ်"
"မင်းက ငယ်ပြီး အတွေ့အကြုံ မရှိသေးဘူး၊ ငါနဲ့ပဲနေဦး"
လုကျိုး သူ့ကိုယ်သူကာကွယ်ရန် သူမအားလိုအပ်သေးသည်။
"ရှစ်စွင်း၊ ကျိုးကျစ်ဖုန်းကို ထောက်လှမ်းမဲ့တာဝန်က ရှစ်ကျဲကျောင်းယွဲ့ပေါ် ပေးထားတာမဟုတ်လား"
"ကျောင်းယွဲ့ရဲ့ တာဝန်ထမ်းဆောင်တဲ့ပုံက သိပ်ကို တစ်သမတ်တည်းမရှိတာပဲ၊ တည်ငြိမ်မှု မလုံလောက်ဘူး... သူက တာဝန်ပြီးသွားတာ နှစ်ရက်ရှိပြီကို ပြန်မလာသေးဘူး၊ ပြန်မလာနိုင်တာလားပဲ"
"အာ" ရှောင်ယွမ်အာထိတ်လန့်သွားပြီး မယုံကြည်နိုင်စွာ ပြောလိုက်သည်။
"ဖြစ်နိုင်တာက... ရှစ်ကျဲ ပြန်မလာချင်တော့တာများလား"