အခန်း (၉၉-၁၀၀)
Vol. 8 Ch. 99-100
အခန်း(၉၉) - လူအများ၏ ပစ်မှတ်ဖြစ်လာခြင်း၊ ကိုယ်ပွားသည် ဧကရာဇ်ဂိတ်အား ပြန်လည်ပြုပြင်ရန် ပြန်လာခြင်း
ယွမ်ကျွင်းမဟာဧကရာဇ်အား ကွပ်မျက်ပြီးနောက် ကုချန်သည် ချက်ချင်းပင် အဆုံးမဲ့ကမ္ဘာသို့ ပြန်လည်ရောက်ရှိလာခဲ့လေ၏။
ကုချန်သည် အဆုံးမဲ့ကမ္ဘာသို့ ပြန်လည်ရောက်ရှိလာသည့်အခါ တားမြစ်နယ်မြေများအတွင်းရှိ ရှေးဟောင်းအရှင်သခင်တို့၏ အာရုံစိုက်မှုကို ချက်ချင်းပင် ဆွဲဆောင်လိုက်နိုင်ခဲ့သည်။ ကောင်းကင်နှင့်မြေကြီးကို တုန်ခါစေသော ကြောက်မက်ဖွယ်ရာ အကြည့်များသည် ကုချန်အပေါ်သို့ ကျရောက်လာခဲ့ပြီး အားလုံးမှာ တည်ကြည်မှုနှင့် အံ့အားသင့်မှုတို့ဖြင့် ပြည့်နှက်နေကြ၏။
" ပြန်လည်ရောက်ရှိလာသူက ကောင်းကင်ဘုံအရှင်သခင် ဖြစ်နေတာပဲ..... "
" ကမ္ဘာ့အပြင်ဘက် ဟွမ်သွမ့်ပင်လယ်မှာ... ဘာတွေများဖြစ်ခဲ့တာလဲ... ယွမ်ကျွင်းမဟာဧကရာဇ် ကျဆုံးသွားခဲ့တာလား "
" ပြောဖို့တော့ခက်ခဲလှတယ်... ဒါပေမဲ့ ပြန်လည်ရောက်ရှိလာသူက ကောင်းကင်ဘုံအရှင်သခင် ဖြစ်နေတဲ့အတွက်... ယွမ်ကျွင်းမဟာဧကရာဇ်ရဲ့ ကံကြမ္မာကတော့ ကောင်းမွန်မှာ မဟုတ်ဘူး "
အထွတ်အထိပ်ပုဂ္ဂိုလ်တို့၏ အတွေးများသည် ကြယ်တာရာကောင်းကင်၏ လေဟာနယ်အတွင်း၌ စုစည်းမိကြ၏။ အတွေးတိုင်းသည် အံ့အားသင့်မှုဖြင့် ပြည့်နှက်နေ၏။
အခြားအကြောင်းကြောင့်မဟုတ်ဘဲ... ကုချန်၏ ပြန်လာခြင်းမှာ အလွန်အမင်း လျင်မြန်လွန်းသောကြောင့်ပင်။ သူ အဆုံးမဲ့ကမ္ဘာမှ ထွက်ခွာသွားသည်မှာ... လက်ဖက်ရည်တစ်ခွက်သောက်စာ အချိန်မျှပင် မရှိသေးပေ။ ဤ ရှေးဟောင်းအရှင်သခင်တို့သည် မည်သို့လျှင် တုန်လှုပ်ခြင်းမရှိဘဲ နေနိုင်မည်နည်း။
ဤ တားမြစ်နယ်မြေများမှ ရှေးဟောင်းအရှင်သခင်တို့၏ အမြင်တွင်.... ထို ယွမ်ကျွင်းမဟာဧကရာဇ်သည် ဤ ကောင်းကင်ဘုံအရှင်သခင်၏ ပြိုင်ဘက်တစ်ဦး မဖြစ်သင့်သော်လည်း... အခြားတစ်ဖက်သားက ကုချန်အား ဟွမ်သွမ့်ပင်လယ်တွင် တိုက်ပွဲတစ်ခုသို့ ဖိတ်ခေါ်ရဲခဲ့သည့်အတွက်... သူ့ထံတွင် အားကိုးအားထားရာ တစ်စုံတစ်ရာ ရှိရမည်ဟု ထင်ခဲ့ကြသည်။
သို့သော် ဤမျှ လျင်မြန်စွာ ပြီးဆုံးသွားခဲ့၏.....
" ထားလိုက်ပါတော့... ကုချန်က ငါတို့ရဲ့ တားမြစ်နယ်မြေတွေကို ထပ်ပြီး ပစ်မှတ်မထားသရွေ့... ူ့ကို ဆွပေးတာ နည်းနိုင်သမျှ နည်းတာက အကောင်းဆုံးပဲ "
ရှေးဟောင်းအရှင်သခင်တစ်ပါးက သက်ပြင်းချလျက် ပြောလိုက်၏။ သူ၏အသံသည် အနည်းငယ် စိုးရိမ်ပူပန်နေဟန်ရှိ၏။
ကုချန်က နောက်ပိုင်းတွင် တားမြစ်နယ်မြေအသီးသီးအတွက် ဒုက္ခများ ဆက်လက် ပေးနေမည်ကို စိုးရိမ်နေသောကြောင့် ဖြစ်သည်။
" ဟက်... ငါတို့က သူ့ကို သွားမဆွသရွေ့... သူက ငါတို့ကို အနှောင့်အယှက်ပေးဖို့ စိတ်ဝင်စားမှာ မဟုတ်ဘူး "
အခြား တားမြစ်နယ်မြေ အရှင်သခင်တစ်ပါးက မဲ့ပြုံးပြုံးလျက် ထပ်မံပြောလိုက်၏။
" ဘယ်လိုပဲဖြစ်ဖြစ် သူက အတိတ်က လူသားမျိုးနွယ် ဧကရာဇ် မဟုတ်တော့ဘူး "
ဤစကားများ ထွက်ပေါ်လာသည်နှင့် တားမြစ်နယ်မြေ အရှင်သခင်အသီးသီးတို့သည် တိတ်ဆိတ်သွားကြ၏။ ထို့နောက် တစ်စုံတစ်ရာကို တွေးမိသွားကြသကဲ့သို့ အားလုံးပင် စိတ်သက်သာရာရသွားကြ၏။
မှန်ပေသည်... လက်ရှိ ကုချန်သည် လွန်ခဲ့သော နှစ်ကိုးသောင်းက အဆုံးမဲ့ကမ္ဘာနှင့် လူသားမျိုးနွယ်အား... ကာကွယ်စောင့်ရှောက်ခဲ့သော ကုချန်မဟာဧကရာဇ် မဟုတ်တော့ပေ။
လက်ရှိ ကုချန်သည် ကောင်းကင်ဘုံအရှင်သခင် ဖြစ်သည်။ သူသည် သူတို့ကဲ့သို့ပင် အထွတ်အထိပ် တားမြစ်နယ်မြေများတွင် စိုးစံလျက်ရှိသော အရှင်သခင်တစ်ပါး ဖြစ်သည်။
အကယ်၍ လွန်ခဲ့သော နှစ်ကိုးသောင်းမှ ကုချန်သည် ယခုကဲ့သို့ ကြောက်မက်ဖွယ်ရာ စွမ်းအားကို ပိုင်ဆိုင်ခဲ့ပါလျှင်... သူသည် သက်ရှိအားလုံးအတွက် ဝှက်ကွယ်နေသော အန္တရာယ်အားလုံးကို ဖယ်ရှားပစ်ရန်နှင့် တားမြစ်နယ်မြေအားလုံးကို ရှင်းလင်းဖယ်ရှားရန် ရည်ရွယ်လျက်... ရှေးယခင်ကပင် တစ်ဦးချင်းအား ခေါ်ဆိုခဲ့ပြီးဖြစ်လိမ့်မည်။
သို့သော် ယခုမူ... ကုချန်ကိုယ်တိုင်ကပင် နတ်ဆိုးနယ်မြေသို့ သစ္စာဖောက်ခြင်းဟု ခေါ်ဆိုကြသော အရာအား... ရှင်းပြရန်ပင် စိတ်မပါတော့ပေ။
ဤကဲ့သို့သော ကုချန်သည် ဤလောက၏ သက်ရှိများအတွက် အခြားသော တားမြစ်နယ်မြေများထံသို့ အဘယ်သို့ ထပ်မံ၍ ဒုက္ခသွားပေးနိုင်မည်နည်း။
သူတို့က သူ့အား သွားရောက် မဆွပေးသရွေ့ တားမြစ်နယ်မြေတို့သည် ဘေးကင်းလုံခြုံနေပေလိမ့်မည်။
တစ်ခဏအတွင်းမှာပင် ရှေးဟောင်းအရှင်သခင်အသီးသီးတို့သည် စိတ်အေးချမ်းစေသော ဆေးလုံးတစ်လုံးအား သောက်သုံးလိုက်ကြရသကဲ့သို့ သူတို့၏ အတွေးများနှင့် အကြည့်များကို ပြန်လည်ရုပ်သိမ်းလိုက်ကြသည်။
ဤ တားမြစ်နယ်မြေများအတွင်းရှိ ရှေးဟောင်းအရှင်သခင်တို့နှင့် နှိုင်းယှဉ်ပါက... အဆုံးမဲ့ကမ္ဘာ၏ သက်ရှိသတ္တဝါများသည် ကုချန် အဆုံးမဲ့ကမ္ဘာသို့ မထီမဲ့မြင် ပုံစံဖြင့် ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရှိလိုက်ရသောအခါ... အားလုံး သက်ပြင်းချမိကြပြီး ကုချန်အပေါ် သူတို့၏ ဒေါသများမှာ ပိုမို ပြင်းထန်လာခဲ့သည်။
မူလက ကုချန်၏ နတ်ဆိုးနယ်မြေသို့ သစ္စာဖောက်မှုနောက်ကွယ်တွင်... ဝှက်ကွယ်ထားသော အကြောင်းပြချက် တစ်စုံတစ်ရာ ရှိနေနိုင်မည်လောဟု... မရေရာသော အတွေးများ ရှိနေခဲ့သော သတ္တဝါအချို့ပင်လျှင်... ယခုအခါတွင် ကုချန်က အဆုံးမဲ့ကမ္ဘာအား လုံးလုံးလျားလျား သစ္စာဖောက်ခဲ့ပြီ ဖြစ်ကြောင်း... ခိုင်ခိုင်မာမာ ယုံကြည်သွားကြတော့သည်။
အကြောင်းမှာ... ယနေ့တွင် ကုချန်သည် ဧကရာဇ်မဟာမိတ်အဖွဲ့မှ ဧကရာဇ်တစ်ပါးအား... ထပ်မံ၍ သတ်ဖြတ်လိုက်သောကြောင့် ဖြစ်သည်။
ဤကဲ့သို့သော လုပ်ရပ်သည် အဆုံးမဲ့ကမ္ဘာအား သစ္စာဖောက်ခြင်း မဟုတ်လျှင် အခြား အဘယ်အရာ ဖြစ်နိုင်ဦးမည်နည်း။
...
" ဘိုးဘေး ပြန်လာပြီ "
ကုချန်သည် ကောင်းကင်ဘုံအထက်ပိုင်း တားမြစ်နယ်မြေသို့ ပြန်လည်ရောက်ရှိလာသောအခါ စိုးရိမ်ပူပန်နေခဲ့ကြသော ကုမိသားစုဝင်အားလုံးပင် ဝမ်းမြောက်စွာ ဟစ်ကြွေးလိုက်ကြသည်။ သူတို့၏ စိုးရိမ်ပူပန်နေသော နှလုံးသားများမှာ နောက်ဆုံးတွင် တည်ငြိမ်သွားခဲ့သည်။
" ဘိုးဘေး ပြန်လာတာ ကောင်းပါတယ်..... "
ကောင်းကင်ဘုံအထက်ပိုင်း တားမြစ်နယ်မြေ၏ အပြင်ဘက်တွင် ကုချင်းရွဲ့သည်လည်း သက်ပြင်းတစ်ချက်အား တိတ်တဆိတ် ချလိုက်မိသည်။
ဆရာသခင်က ယွမ်ကျွင်းမဟာဧကရာဇ်၏ ပရိယာယ်များအားလုံးမှာ ဘိုးဘေးအပေါ်တွင် သက်ရောက်မှု ရှိမည် မဟုတ်ကြောင်း ကြိုတင် ပြောကြားခဲ့သော်လည်း ကုချင်းရွဲ့သည် ကုချန်၏ ဘေးကင်းလုံခြုံမှုအတွက် စိုးရိမ်ပူပန်နေဆဲ ဖြစ်၏။
အကြောင်းမှာ... ယခု ကုမိသားစုရှိ အရာအားလုံးသည် ဘိုးဘေး၏ လက်ထဲတွင် တည်ရှိနေကြောင်း... သူမ သိရှိနေသောကြောင့် ဖြစ်သည်။
အကယ်၍ ဘိုးဘေးသာ မတော်တဆမှု တစ်စုံတစ်ရာ ကြုံတွေ့ခဲ့ရပါလျှင်... ကုမိသားစုတစ်ခုလုံးအတွက် တစ်ခုတည်းသော ရလဒ်သာ ရှိပေလိမ့်မည်။ ထိုအရာမှာ ဘိုးဘေးနှင့်အတူတကွ မြှုပ်နှံခံရရန်ဖြစ်ပြီး တစ်ဦးတစ်ယောက်မျှ အသက်ရှင်ကျန်ရစ်မည် မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ... ယခုအခါတွင် ဘိုးဘေး ဖြစ်စေ... ကုမိသားစု ဖြစ်စေ.... အဆုံးမဲ့ကမ္ဘာ၏ သက်ရှိသတ္တဝါတို့၏ နှလုံးသားထဲတွင် သူတို့သည် အရှက်ရဖွယ် သစ္စာဖောက်များအဖြစ်သို့... ပြောင်းလဲသွားခဲ့ပြီး ဖြစ်သည်။ သက်ရှိသတ္တဝါတို့က ယခု သူတို့၏ ဒေါသအား ထုတ်ဖော်ပြောဆိုရန် မရဲရခြင်းမှာ... ဘိုးဘေး၏ စွမ်းအားကို ကြောက်ရွံ့ခြင်းကြောင့်သာလျှင် ဖြစ်သည်။
" ယင်းယင်း... ဘိုးဘေးက နတ်ဆိုးနယ်မြေကို သစ္စာဖောက်ပြီး ဝင်ရောက်သွားတယ်ဆိုတာကို မင်း ယုံကြည်လား "
ကုချင်းရွဲ့သည် သူမ၏ ခေါင်းကို လှည့်လိုက်ပြီး သူမ၏ ဘေးရှိ ယဲ့ယင်းယင်းအား မေးမြန်းလိုက်၏။
" မယုံကြည်ပါဘူး "
ယဲ့ယင်းယင်းသည် သူမ၏ ခေါင်းကို ပြတ်ပြတ်သားသား ခါယမ်းလိုက်သည်။ သူမ၏ အသံမှာလည်း တည်ငြိမ်လျက်ရှိသည်။
" ဒါပေမဲ့ သခင်က နတ်ဆိုးနယ်မြေကို ကူညီဖို့... တကယ်ပဲ ရည်ရွယ်ထားတယ်ဆိုရင်တောင်... ကျွန်မမှာ ကန့်ကွက်စရာ ဘာမှ မရှိပါဘူး "
" သက်ရှိအားလုံးက အသိဉာဏ်မဲ့လှတယ်... သူတို့ရဲ့ အတွေးတွေ စကားလုံးတွေနဲ့ လုပ်ရပ်တွေအားလုံးက.... သူတို့ မကြာခင် ကြုံတွေ့ရမယ့် ဒုက္ခဝေဒနာတွေနဲ့ ခံစားထိုက်ပါတယ် "
ဤစကားကို ကြားသောအခါ ကုချင်းရွဲ့သည် တိတ်ဆိတ်သွားခဲ့၏။ ယဲ့ယင်းယင်း၏ အဖြေအတွက် အံ့ဩသွားပုံ မရပေ။
မည်သို့ပင်ဖြစ်စေ... ယဲ့ယင်းယင်းအတွက်မူ သူမသည် လူသားမျိုးနွယ်၏ သစ္စာဖောက်ခံရခြင်း အရသာကို... ဤမျှ ငယ်ရွယ်သော အရွယ်မှာပင် တွေ့ကြုံခံစားခဲ့ရပြီး ဖြစ်သည်။
အတိတ်ကာလတွင်... မြင့်မြတ်ခန္ဓာ မျိုးဆက်သည် လူသားမျိုးနွယ်အား ကာကွယ်ခဲ့ပြီး... သူတို့အတွက် သွေးနှင့်မျက်ရည်များ သွန်ချပေးခဲ့သည်။
သို့သော် ယခုအခါတွင် သူတို့၏ သွေးသားမျိုးဆက်များမှာ... လွတ်မြောက်စရာမရှိအောင် လိုက်လံအမဲလိုက်ခံနေရပြီး... ကူညီပေးလိုသူ တစ်ဦးတစ်ယောက်မျှပင် ရှိမနေခဲ့ပေ။
ဤကဲ့သို့သော အတွေ့အကြုံသည် နှလုံးသားအား အေးစက်မသွားစေဘဲ နေနိုင်မည်နည်း။
" ဘာပဲဖြစ်ဖြစ်... ဒီတစ်ကြိမ် ကျွန်မတို့ အပြင်ထွက် စူးစမ်းရှာဖွေတဲ့အခါ... ကျွန်မတို့နှစ်ယောက်စလုံး ပိုပြီး သတိထားရမယ် "
ကုချင်းရွဲ့က သတိပေးစကား ဆိုလိုက်သည်။
ယနေ့ လောကကြီး၏ အခြေအနေမှာ အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပြီး... ကုမိသားစုသည် လူအားလုံး၏ ပစ်မှတ် ဖြစ်လာခဲ့သည်။ ထို့ကြောင့် ဤတစ်ကြိမ် စွန့်စားထွက်ခွာရာတွင်... သူတို့သည် အလွန်အမင်း သတိထားရမည် ဖြစ်သည်။
...
တစ်ရက် ကြာပြီးနောက်... အဆုံးမဲ့သော ဟွမ်သွမ့်ပင်လယ်အတွင်း၌ ထျန်းကျွင်းအဆင့်အရှင်သည် နတ်ဆိုးနယ်မြေ အရှင်သခင်ငါးဦးနှင့် နတ်ဆိုးနယ်မြေ စစ်တပ်တစ်သန်းအား ဦးဆောင်လျက်... ဟွမ်သွမ့်ပင်လယ်အား ဖြတ်သန်းလာကာ အဆုံးမဲ့ကမ္ဘာဆီသို့ ဦးတည်လျက် ရှိသည်။ ခန့်မှန်းရသည်မှာ အဆုံးမဲ့ကမ္ဘာသို့ ရောက်ရှိရန်... တစ်ရက် သို့မဟုတ် နှစ်ရက်ထက် ပိုမကြာမြင့်နိုင်တော့ပေ။
ထိုအချိန်မှာပင် နတ်ဆိုးနယ်မြေ၏ နယ်စပ်ဒေသများတွင်... ကြက်သွေးရောင်မြွေနဂါးအရှင်သည် မူလက တိတ်ဆိတ်စွာ ပုန်းကွယ်နေခဲ့သော်ငြား... ရုတ်တရက် သူသည် တစ်စုံတစ်ရာကို ခံစားမိလိုက်ဟန်ရှိပြီး... သူ၏ လှပသော မျက်လုံးများမှာ ရုတ်တရက် ပွင့်လာခဲ့ကာ ဟွမ်သွမ့်ပင်လယ်ဘက်သို့ ကြည့်လိုက်လေသည်။
ဤမျှ ကြာမြင့်ပြီးနောက်.... သူသည် သူ၏ ကိုယ်ပွား၏ အရှိန်အဝါကို... အမှန်တကယ်ပင် ထပ်မံ၍ ခံစားမိခဲ့သည်။
သူမ ယခင်က စေလွှတ်ခဲ့သော ကိုယ်ပွားသည် အမှန်တကယ် ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ကြက်သွေးရောင်မြွေနဂါးအရှင်သည် စိတ်လှုပ်ရှားစွာဖြင့် မတ်တတ်ထရပ်လိုက်သည်။ မကြာမီပင် ကိုယ်ပွားသည် သူ၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့ပြီး စကားတစ်ခွန်းမျှ မဆိုဘဲ ပင်မကိုယ်ထည်နှင့် ပေါင်းစပ်သွား၏။
တစ်ချိန်တည်းမှာပင် မှတ်ဉာဏ် အပိုင်းအစများသည် ကြက်သွေးရောင်မြွေနဂါးအရှင်၏ စိတ်ထဲသို့ စီးဝင်လာခဲ့၏။
" ကိုယ်ပွားက ထျန်းကျွင်းအဆင့်အရှင်နဲ့ တခြားသူတွေကို မတွေ့ခဲ့ဘူးလား... ဟုတ်သားပဲ ဟွမ်သွမ့်ပင်လယ်က အဆုံးမရှိလောက်အောင် ကျယ်ပြန့်တယ်... သူတို့ကို တကယ် တွေ့ဆုံမိဖို့က ဖြစ်နိုင်ခြေ နည်းပါးတဲ့ ကိစ္စတစ်ခုပဲ "
ကြက်သွေးရောင်မြွေနဂါးအရှင်သည် ကိုယ်ပွား၏ မှတ်ဉာဏ်များကို အဆက်မပြတ် လက်ခံစုပ်ယူနေခဲ့သည်။ သူ၏ ကိုယ်ပွားသည် ဟွမ်သွမ့်ပင်လယ်အတွင်း၌... ထျန်းကျွင်းအဆင့်အရှင်နှင့် အခြားသူများကို မတွေ့ဆုံခဲ့ဘဲ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း ရှာဖွေတွေ့ရှိလိုက်ရသောအခါ... သူမသည် အနည်းငယ် စိတ်ပျက်သွားခဲ့၏။
မည်သို့ပင်ဖြစ်စေ... အကယ်၍ သူ၏ ကိုယ်ပွားသည် ထျန်းကျွင်းအဆင့်အရှင်နှင့် အခြားသူများကို တွေ့ဆုံနိုင်ခဲ့ပါလျှင်... သူသည် အဆုံးမဲ့ကမ္ဘာနှင့် ထို ကုကောင်းကင်ဘုံဧကရာဇ်တို့နှင့် သက်ဆိုင်သော သတင်းအချက်အလက်အားလုံးကို သူတို့အား လျင်မြန်စွာ ပြောပြနိုင်ခဲ့မည် ဖြစ်သည်။
သို့သော် ဤ စိတ်ပျက်မှု အရိပ်အယောင်သည် တစ်ခဏမျှသာ ကြာမြင့်ခဲ့ပြီး... ကြက်သွေးရောင်မြွေနဂါးအရှင်သည် ကိုယ်ပွား၏ ယခင် မှတ်ဉာဏ်များကို စတင်၍ ကြည့်ရှုလိုက်လေသည်။
ခဏအကြာတွင်.....
ကြက်သွေးရောင်မြွေနဂါးအရှင်သည် နောက်ဆုံးတွင် သူ၏ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်၏။
သူ၏ အကြည့်သည် တုန်လှုပ်မှုဖြင့် ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။
" ကုကောင်းကင်ဘုံဧကရာဇ်..... "
ကြက်သွေးရောင်မြွေနဂါးအရှင်သည် ထျန်းကျွင်းအဆင့်အရှင်က လက်ဖဝါးတစ်ချက်တည်းဖြင့် ဖြိုခွင်းခဲ့သော ဧကရာဇ်ဂိတ်အား ကြည့်လိုက်မိသည်။ ထို့နောက် အခြားစကားတစ်ခွန်းမျှ မဆိုဘဲ ၎င်း၏ရှေ့သို့ ပျံသန်းသွားပြီး ပျက်စီးနေသော ဧကရာဇ်ဂိတ်အား အမှန်တကယ်ပင် စတင်၍ ပြန်လည်ပြုပြင်နေလေသည်။
အခန်း (၁၀၀)- တိတ်ဆိတ်စွာ ဆုတောင်းခြင်း၊ အရှက်တရားအား ဆေးကြောခြင်း၊ နတ်ဆိုးများ ရောက်လာပြီ
" ကြက်သွေးရောင်မြွေနဂါးအရှင် ဘာလုပ်နေတာလဲ "
နတ်ဆိုးနယ်မြေ၏ နယ်စပ်တွင် တပ်စွဲထားဆဲဖြစ်သော နတ်ဆိုးစစ်သည်အချို့သည် ကြက်သွေးရောင်မြွေနဂါးအရှင်၏ လုပ်ဆောင်ချက်များအား နားမလည်နိုင်သော မျက်လုံးများဖြင့် ကြည့်နေကြ၏။
ထျန်းကျွန်းအဆင့်အရှင်က ဒီဧကရာဇ်ဂိတ်ကို လွန်ခဲ့တဲ့ ခဏလေးကမှ ရိုက်ချိုးဖျက်ဆီးသွားတာ မဟုတ်ဘူးလား။
အဘယ်ကြောင့် ကြက်သွေးရောင်မြွေနဂါးအရှင်က ယခု ဤဧကရာဇ်ဂိတ်အား ပြန်လည်ပြုပြင်နေရသနည်း။
ဤနတ်ဆိုးစစ်သည်များသည် လုံးဝနားမလည်နိုင်အောင် ရှုပ်ထွေးနေကြသော်လည်း မေးမြန်းဝံ့ခြင်းမရှိဘဲ မိမိတို့၏ စိတ်ထဲတွင်သာ တိတ်ဆိတ်စွာ တွေးတောခန့်မှန်းနေကြ၏။
ဧကရာဇ်ဂိတ်၏ ရှေ့တွင်မူ ကြက်သွေးရောင်မြွေနဂါးအရှင်သည် ဧကရာဇ်ဂိတ်အား ပြုပြင်နေရင်း တီးတိုး ရေရွတ်နေခဲ့သည်။
" ပိုမြန်ရမယ်... ငါ ပိုမြန်မှရမယ်..... "
ကုကောင်းကင်ဧကရာဇ်သည် ဤမျှ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု မည်သူက တွေးထင်နိုင်မည်နည်း။
ဧကရာဇ်ဂိတ်အား ပြုပြင်နေရင်း... သူ၏ကိုယ်ပွားထံမှ ပြန်လည်ရရှိလာသော မှတ်ဉာဏ်များအား ပြန်လည်စဉ်းစားမိသည့်အခါ... ကြက်သွေးရောင်မြွေနဂါးအရှင်သည် စိတ်လှုပ်ရှားမှုဖြင့် သက်ပြင်းချမိလိုက်သည်။
ထင်ရှားသည်မှာ... အတိတ်ကာလက ကုကောင်းကင်ဧကရာဇ် ဧကရာဇ်ဂိတ်အား စောင့်ကြပ်နေစဉ်... ပြသခဲ့သည့်အရာမှာ သူ၏ တကယ့်အစစ်အမှန် တိုက်ခိုက်ရေးစွမ်းရည်အပြည့် မဟုတ်သေးပေ။
ထျန်းကျွင်းအဆင့်အရှင်နှင့် တာအိုမိတ်ဆွေ နတ်ဆိုးအကြီးအကဲတို့ အန္တရာယ်ကျရောက်နေလေပြီ။
ကြက်သွေးရောင်မြွေနဂါးအရှင်၏ မျက်ဝန်းများတွင် စိုးရိမ်သောကရောက်သည့် အရိပ်အယောင်တစ်ခု ပေါ်ပေါက်လာသည်။
မူလ ကိုယ်ပွား၏ မှတ်ဉာဏ်များအရ... ကုကောင်းကင်ဘုံဧကရာဇ်သည် အဆုံးမဲ့ကမ္ဘာတစ်ခုလုံးနှင့် ၎င်းတွင်နေထိုင်သူများအား... လုံးဝအလေးမထားခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သည်။
ဤအဆုံးမဲ့ကမ္ဘာအား ကျူးကျော်သည့်အခါ သူတို့အနေဖြင့်... ကုကောင်းကင်ဧကရာဇ်နှင့် အထက်ကောင်းကင်တားမြစ်နယ်မြေအား ရှောင်ရှားနေသမျှ ကာလပတ်လုံး... အဆုံးမဲ့ကမ္ဘာအား သတ်ဖြတ် ဖြတ်ကျော်ရန်မှာ လွယ်ကူသော တာဝန်တစ်ခု ဖြစ်လိမ့်မည်။
သို့သော် ပြဿနာမှာ ထျန်းကျွင်းအဆင့်အရှင်နှင့် မိုယွဲ့အရှင်တို့က ဤအချက်ကို မသိခြင်းပင် ဖြစ်သည်။
ထို့အပြင်... ထျန်းကျွင်းအဆင့်အရှင် မထွက်ခွာမီက သူ၏ အမူအရာအား ကြည့်ရသည်မှာ... သူသည် ကုကောင်းကင်ဧကရာဇ်အား သူ၏ မျက်လုံးထဲသို့ပင် ထည့်သွင်းထားခြင်း မရှိပုံရသည်။
ထို့ကြောင့် သူတို့ အဆုံးမဲ့ကမ္ဘာသို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက်... ထျန်းကျွင်းအဆင့်အရှင်နှင့် အခြားသူများသည် ကုကောင်းကင်ဘုံဧကရာဇ်အား ဒေါသထွက်အောင် သွားစမိလိုက်ပြီထင်သည်။
ဤအတွေးအား တွေးမိလိုက်စဉ်... ကြက်သွေးရောင်မြွေနဂါးအရှင်သည် အလွန်ပင် တုန်လှုပ်သွား၏။
ဧကရာဇ်ဂိတ်အား နှစ်ပေါင်းများစွာ စောင့်ကြပ်ခဲ့သည့်အလျောက်... ကြက်သွေးရောင်မြွေနဂါးအရှင်သည် ကုချန်၏ အပြုအမူ၊ လုပ်ဆောင်ပုံအား ကောင်းစွာ သိရှိလေသည်။
ဤယခင် လူသားမျိုးနွယ် ကုကောင်းကင်ဧကရာဇ်၏ လုပ်ဆောင်ချက်များသည် လုံးဝပြတ်သားလှပြီး... သူသည် အငြိုးအတေးများအား အမြဲတစေ ပြန်လည်ပေးဆပ်တတ်သူ ဖြစ်သည်။
သူသည် အဆုံးမဲ့ကမ္ဘာအား မကာကွယ်ဟု ဆိုခဲ့သောကြောင့်... အဆုံးမဲ့ကမ္ဘာတစ်ခုလုံး သတ်ဖြတ်မှုကြောင့် ဇောက်ထိုးမှောက်ခုံ ဖြစ်သွားသော်လည်း... သူ မျက်တောင်တစ်ချက် ခတ်မည်မဟုတ်ပေ။
သို့သော်.....
အကယ်၍ သူ့အား အကြောင်းမဲ့သက်သက် ဒေါသထွက်အောင်လုပ်ခံရပါက... သူသည် လုံးဝ တုံ့ဆိုင်းနေမည်မဟုတ်ဘဲ... ရက်စက်ကြမ်းကြုတ်စွာပင် ပြုမူလိမ့်မည်။
ထျန်းကျွင်းအဆင့်အရှင် ဧကရာဇ်ဂိတ်အား ရိုက်ချိုးဖျက်ဆီးခြင်းမှာ မည်သို့မျှ မဟုတ်ပေ... သို့သော် သူ အဆုံးမဲ့ကမ္ဘာသို့ သွားပြီး ကုကောင်းကင်ဧကရာဇ်အား မထင်မှတ်ဘဲ... ထပ်မံ၍ ဆွမိပြီး ဒေါသထွက်အောင်လုပ်မိပါက.....
ကြက်သွေးရောင်မြွေနဂါးအရှင်သည် နောက်ဆက်တွဲ ဖြစ်လာမည့်အရာအား ဆက်လက်မတွေးတောဝံတော့ချေ။
ထင်ရှားသည်မှာ... ထျန်းကျွင်းအဆင့်အရှင်နှင့် အခြားသူများသည် အဆုံးမဲ့ကမ္ဘာသို့ ရောက်ရှိတော့မည်ဖြစ်သည်။ သူ ချက်ချင်းပင် ထွက်ခွာ၍ သတိပေးလျှင်ပင် အချိန်နှောင်းသွားပြီ ဖြစ်သည်။ သူ အဆုံးမဲ့ကမ္ဘာသို့ ရောက်ရှိသည့် အချိန်တွင် အရာအားလုံးသည် ပြီးဆုံးသွားလောက်ပြီ ဖြစ်သည်။
ဤအခြေအနေတွင် သူ ဘာလုပ်နိုင်မည်နည်း။
ကြက်သွေးရောင်မြွေနဂါးအရှင်သည် သူ၏ရှေ့မှ တဖြည်းဖြည်းချင်း ပြုပြင်ပြီးစီးနေသော ဧကရာဇ်ဂိတ်အား တိတ်ဆိတ်စွာ လှမ်းကြည့်လိုက်သည်။ ယခုအချိန်တွင်... သူသည် ဤဧကရာဇ်ဂိတ်အား ပြုပြင်ရန်သာ တတ်နိုင်တော့သည်။ ကုကောင်းကင်ဧကရာဇ်က အနာဂတ်တွင်... သူ့အပေါ်သို့ ဒေါသများ မကျရောက်စေရန် မျှော်လင့်ရုံသာ တတ်နိုင်သည်။
ဟုတ်ပါသည်... အကယ်၍ ထျန်းကျွင်းအဆင့်အရှင်နှင့် အခြားသူများ အနိုင်ရခဲ့ပါလျှင်... ၎င်းမှာ ရိုးရှင်းပေလိမ့်မည်။ သူတို့မပြန်လာမီ ဤဧကရာဇ်ဂိတ်အား ထပ်မံဖျက်ဆီးရန်သာ လိုအပ်ပေမည်။
သို့သော် ကြက်သွေးရောင်မြွေနဂါးအရှင်သည် ထျန်းကျွင်းအဆင့်အရှင်နှင့် အခြားသူများတွင် အနိုင်ရရန် အခွင့်အရေး များစွာရှိလိမ့်မည်ဟု မထင်ခဲ့ပေ။
သူသည် သူတို့ ကုကောင်းကင်ဘုံဧကရာဇ်အား သွားရောက်၍ ဒေါသထွက်အောင် မလုပ်မိကြစေရန်သာ မျှော်လင့်နေမိသည်.....
ကြက်သွေးရောင်မြွေနဂါးအရှင်သည် သူ၏စိတ်ထဲတွင် တိတ်ဆိတ်စွာ တွေးတောနေမိ၏။
...
အဆုံးမရှိသော ဟွမ်သွမ့်ပင်လယ် အတွင်း၌.....
" ရှေ့နည်းနည်းဆက်သွားရင် အဆုံးမဲ့ကမ္ဘာ ရောက်လောက်တော့မယ် "
ထျန်းကျွင်းအဆင့်အရှင်သည် မော့ကြည့်လိုက်ရာ မိုင်သောင်းပေါင်းများစွာ ဝေးကွာပုံရသော ဧရာမကမ္ဘာ့အတားအဆီးကြီး၏ ပုံရိပ်တစ်ခုအား မှိန်ပျပျ မြင်တွေ့လိုက်ရသည်။ ထိုအတားအဆီး၏ နောက်ကွယ်တွင် ခမ်းနားထည်ဝါလှသော ကမ္ဘာကြီးတစ်ခု ပုန်းကွယ်နေသည့်အလားပင် ခံစားရ၏။
" နောက်ဆုံးတော့ ရောက်ပြီကွ "
မိုယွဲ့အရှင်နှင့် အခြားသူများအားလုံး၏ မျက်နှာများတွင် စိတ်လှုပ်ရှားနေသော အမူအရာများ ထင်ဟပ်နေသည်။
အဆုံးမဲ့ကမ္ဘာ... မိုယွဲ့အရှင်နှင့် အခြားသူများအတွက် ဤသည်မှာ သူတို့ 'အိပ်မက်ထဲတွင် တမ်းတ' နေခဲ့ရသော နေရာတစ်ခုပင် ဖြစ်သည်။
တိတိကျကျ ဆိုရလျှင်... လွန်ခဲ့သော နှစ်ကိုးသောင်းက အဆုံးမဲ့ကမ္ဘာအား ကျူးကျော်မှုတွင်... မိုယွဲ့အရှင်နှင့် သူ၏အဖွဲ့အတွက် မည်သည့် အရာမျှ လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိချေ။
ထိုစဉ်က အဆုံးမဲ့ကမ္ဘာအား ကျူးကျော်ခဲ့သော နတ်ဆိုးနယ်မြေ အရှင်များအဖွဲ့သည် ကုချန်၏လက်ချက်ဖြင့် ထိုအချိန်ကတည်းက သေဆုံးသွားခဲ့ကြသည်။ မဟုတ်လျှင် နောက်ပိုင်းတွင် ဧကရာဇ်ဂိတ်၌ တိုက်ပွဲဝင်ရင်း သေဆုံးခဲ့ကြသည်။ အချို့မှာမူ သူတို့၏ သက်တမ်းကုန်ဆုံးသွားပြီး အိုမင်းကာ ကွယ်လွန်သွားခဲ့ကြသည်။
မိုယွဲ့အရှင်နှင့် အခြားသူများသည် နှစ်သောင်းပေါင်းများစွာကြာအောင် အဆုံးမဲ့ကမ္ဘာအား ကျူးကျော်ရန် တာဝန်ပေးခံခဲ့ရသော်လည်း... သူတို့သည် ဧကရာဇ်ဂိတ်တွင် ကုချန်၏ တားဆီးခြင်းကို အမြဲခံခဲ့ရသည်။ အဆုံးမဲ့ကမ္ဘာအား ကျူးကျော်ရန် မဆိုထားနှင့် ၎င်း၏ အရိပ်အယောင်ကိုပင် သူတို့ မမြင်တွေ့ခဲ့ရပေ။
မိုယွဲ့အရှင်နှင့် အခြားသူများအတွက် ဤသည်မှာ ဂုဏ်သိက္ခာကျဆင်းမှုတစ်ခု ပင်ဖြစ်သည်။
ယခုအခါ အဆုံးမဲ့ကမ္ဘာသည် သူတို့၏ မျက်စိရှေ့တွင် ရောက်ရှိနေပြီဖြစ်ရာ... သူတို့သည် အလွန်အမင်းပင် စိတ်လှုပ်ရှားနေကြ၏။
အဘယ်ကြောင့်ဆိုသော် နှစ်ထောင်ပေါင်းများစွာ ကြာမြင့်ခဲ့သော အရှက်တရားအား ဆေးကြောရန် အခွင့်အရေးသည် နောက်ဆုံးတွင် ရောက်ရှိလာခဲ့ပြီ ဖြစ်သောကြောင့်တည်း။
" အဆုံးမဲ့ကမ္ဘာကို ခြေမွှပစ်...! နေထိုင်သူတွေကို သတ်ဖြတ်ပစ်...! ဒါ ဒီနေ့ပဲ "
ရွှမ်းရှအရှင်သည် တိုးညှင်းစွာ ပြောလိုက်သည်... သူ၏မျက်ဝန်းများတွင်လည်း လက်ရှိတွင်... လက်စားချေရတော့မည်ဟူသော စိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေခဲ့သည်။
မိုယွဲ့အရှင်ထက်ပင် ပိုရှေးကျသော အရှင်တစ်ပါးအနေဖြင့်... ရွှမ်းရှအရှင်သည် ကမ္ဘာဖျက်ဆီးရေး စစ်ဆင်ရေးတစ်ခုထက်မက ပါဝင်ခဲ့ဖူးသည်။
သူ သိထားသည်မှာ... ကမ္ဘာများစွာအား သိမ်းပိုက်ခြင်းနှင့် ဖျက်ဆီးခြင်းသည် နတ်ဆိုးနယ်မြေရှိ... အမြင့်မြတ်ဆုံးသော တည်ရှိမှုမှ ထုတ်ပြန်ထားသော အမိန့်တစ်ခု ဖြစ်သည်ဟူ၍ပင်။
နှစ်သောင်းပေါင်းများစွာကြာအောင် ရွှမ်းရှအရှင်သည် ဤညွှန်ကြားချက်အား တစ်သမတ်တည်း ခိုင်မာစွာ အကောင်အထည်ဖော်ခဲ့သည်။
မူလကတော့... အရာအားလုံးသည် အဆင်ပြေချောမွေ့နေခဲ့၏။ နှစ်တစ်သောင်းကြာ သိမ်းပိုက်ပြီးနောက်... ကမ္ဘာများစွာသည် တစ်ခုပြီးတစ်ခု ဆက်တိုက် ကျဆုံးခဲ့၏။
သူသည် နောက်ထပ် ကမ္ဘာအနည်းငယ်ကိုသာ ဖျက်ဆီး၍... ကောင်းမှုကုသိုလ်များ လုံလောက်စွာ စုဆောင်းမိလာလျှင်... ရွှမ်ယိုနန်းတော်တွင် ထျန်းကျွင်းအဆင့်သို့ တစ်ရှိန်ထိုး တက်လှမ်းနိုင်လိမ့်မည် ဖြစ်သည်။
သို့သော် ဤအရာအားလုံးသည် ကုချန်ကြောင့် ပြောင်းလဲသွားလိမ့်မည်ဟု မည်သူက တွေးထင်ခဲ့မည်နည်း။
ကုချန်၏ တည်ရှိမှုကြောင့်... နှစ်ပေါင်း ကိုးသောင်းတိတိ ကြာမြင့်သည်အထိ... ရွှမ်းရှအရှင်သည် နတ်ဆိုးနယ်မြေ၏ နယ်စပ်မှ ခြေတစ်လှမ်းပင် လှမ်းနိုင်ခြင်း မရှိခဲ့ပေ။
" ဒီအဆုံးမဲ့ကမ္ဘာက သတ္တဝါတွေရဲ့ သွေးတွေကသာ ဒီအရှင်ရဲ့ အရှက်တရားကို ဆေးကြောနိုင်လိမ့်မယ် "
ရွှမ်းရှအရှင်၏ မျက်ဝန်းများ တောက်ပလာသည်။ သူသည် ခဏမျှပင် စိတ်မရှည်နိုင်တော့ချေ။
...
အဆုံးမဲ့ကမ္ဘာ၏ အပြင်ဘက်... ဟွမ်သွမ့်နယ်စပ်တွင်.....
ဟွမ်သွမ့်ပင်လယ်အား လှုပ်ခတ်စေလျက် အလင်းတန်းနှစ်ခု ဖြတ်သန်းသွားသည်နှင့်အမျှ ဧကရာဇ်တပိုင်းအဆင့် စွမ်းအင် ထုတ်လွှတ်နေသော ပုံရိပ်နှစ်ခုသည် အဆုံးမဲ့ကမ္ဘာမှ ပျံသန်းထွက်ခွာလာပြီး ဤဟွမ်သွမ့်ပင်လယ်အား ဂရုတစိုက် စူးစမ်းရှာဖွေနေသည်။
" ငါတို့ ဧကရာဇ်မဟာမိတ်အဖွဲ့က မဟာဧကရာဇ် ဘာဖြစ်သွားလဲ မသိဘူး "
ခရမ်းရောင်ဝတ်ရုံဝတ်ဧကရာဇ်တပိုင်းက ဤဟွမ်သွမ့်ပင်လယ်အား စူးစမ်းနေရင်း စိုးရိမ်စွာဖြင့် ပြောလိုက်သည်။
" ကောင်းကင်ဘုံအရှင်သခင်က အဆုံးမဲ့ကမ္ဘာကနေ ထွက်သွားတာ အချိန်ခဏလေးပဲ ရှိသေးတယ်... ဖြစ်နိုင်တာက ငါတို့ ဧကရာဇ်မဟာမိတ်အဖွဲ့က မဟာဧကရာဇ် မနိုင်ခဲ့ရင်တောင်မှ... သူ အောင်အောင်မြင်မြင် ထွက်ပြေးနိုင်လောက်တယ် "
အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အခြား ဧကရာဇ်တပိုင်းအဆင့် ပုဂ္ဂိုလ်တစ်ဦးက သူ့အား နှစ်သိမ့်လိုက်သည်။
သူတို့နှစ်ဦးစလုံးသည် ဧကရာဇ်မဟာမိတ်အဖွဲ့၏ ဧကရာဇ်တပိုင်းအဆင့် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ယွမ်ကျွင်းမဟာဧကရာဇ်သည် ယခင်က ကုချန်အား ဟွမ်သွမ့်အပြင်ဘက်တွင် တိုက်ပွဲတစ်ခုသို့ ဖိတ်ခေါ်ခဲ့ပြီး... ရလဒ်မှာ လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ဖုံးလွှမ်းနေသောကြောင့်... သူတို့သည် သဲလွန်စအချို့ ရှာဖွေတွေ့ရှိရန် မျှော်လင့်လျက်... ဟွမ်သွမ့်ပင်လယ်သို့ စုံစမ်းရန် လာခဲ့ခြင်း ဖြစ်သည်။
" မင်းပြောကြည့်... အဲ့ဒီ ကုချန်က ငါတို့ ဧကရာဇ်မဟာမိတ်အဖွဲ့က ဧကရာဇ် ပြောသလိုမျိုး တကယ်ပဲ အဆုံးမဲ့ကမ္ဘာရဲ့ သစ္စာဖောက်တစ်ယောက်ဖြစ်ပြီး... နတ်ဆိုးနယ်မြေဘက် ကူးသွားတာလား "
ခရမ်းရောင်ဝတ်ရုံဝတ်ဆင်ထားသော ဧကရာဇ်တပိုင်းအဆင့် ပုဂ္ဂိုလ်က မေးလိုက်သည်။
ယွမ်ကျွင်းမဟာဧကရာဇ်၏ အစောပိုင်းက ကောင်းကင်ပြင်ပေါ်မှ ပြောစကားများသည် ဤဧကရာဇ်မျိုးနွယ်စုများပင်လျှင် လုံးဝ ယုံကြည်သွားစေခဲ့သည်။
" ဧကရာဇ်မဟာမိတ်အဖွဲ့က မဟာဧကရာဇ်ပြောတာက ဘယ်လိုလုပ် အမှားဖြစ်နိုင်မှာလဲ "
အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသော ဧကရာဇ်တပိုင်းအဆင့် ပုဂ္ဂိုလ်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
" အဲ့ဒီ ကုချန်က လူသားမျိုးနွယ်ရဲ့ လူယုတ်မာ သစ္စာဖောက်တစ်ယောက် ဖြစ်နေတာ ကြာပြီ "
" ဒါပေမဲ့ ဒီလိုလူမျိုးက ဘာလို့ ဒီလောက်တောင် အစွမ်းထက်တဲ့ခွန်အားကို ပိုင်ဆိုင်နိုင်ရတာလဲ... မသိဘူး ဟမ်း... ဒါက ငါတို့ အဆုံးမဲ့ကမ္ဘာအတွက် ကောင်းချီးမင်္ဂလာ မဟုတ်ဘူး "
အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသောဧကရာဇ်တပိုင်းအဆင့်ပုဂ္ဂိုလ်က သက်ပြင်းချလိုက်သည်။
ခရမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားသောဧကရာဇ်တပိုင်းအဆင့် ပုဂ္ဂိုလ်မှာမူ ဤနေရာအား စူးစမ်းရှာဖွေရာတွင်... မည်သည့်အရာမျှ မတွေ့သည့်အတွက်ကြောင့် ဟွမ်သွမ့်ပင်လယ်၏ အခြားနေရာတစ်ခုသို့ ဖြတ်ကျော်ကာ... ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်ရန် ကြံရွယ်လိုက်သည်။
သို့သော် သူသည် ဟွမ်သွမ့်မြူခိုးတစ်စုအား တွန်းဖယ်လိုက်စဉ် သူ၏အကြည့်သည် ရုတ်တရက် ရပ်တန့်သွားတော့သည်။
" မင်း... မြန်မြန်ကြည့်! အဲ့ဒါ... ဘာကြီးလဲ "
ခရမ်းရောင်ဝတ်ရုံဝတ်ဝတင်ထားသော ဧကရာဇ်တပိုင်းအဆင့်ပုဂ္ဂိုလ်၏ အသံမှာ တင်းမာနေပြီး... သူ၏အဖော်အား သတိပေးလိုက်သည့်အလား ဖြစ်နေ၏။
သူ ဘာကို မြင်လိုက်ရသနည်း။
ဟွမ်သွမ့်ပင်လယ်အတွင်းတွင် ကောင်းကင်မြစ်ကြီး သွန်ချလိုက်သကဲ့သို့... ကြောက်မက်ဖွယ် နတ်ဆိုးချီစွမ်းအင်များသည် ဟွမ်သွမ့်င်လယ်အား တိုက်စားဖြတ်သန်းလာပြီး... အရှိန်အဟုန်ဖြင့် လျင်မြန်စွာ ချဉ်းကပ်လာနေသည်။
ထိုကြောက်မက်ဖွယ် နတ်ဆိုးချီစွမ်းအင်များ အလယ်တွင်... ရှေးဟောင်းစစ်သင်္ဘောကြီးများရှိကာ... ထိုပေါ်၌ ကြောက်မက်ဖွယ် နတ်ဆိုးသတ္တဝါပေါင်း သန်းနှင့်ချီ၍ သယ်ဆောင်လာသည်။
ထိုမျှသာမက ထိုသန်းနှင့်ချီသော ကြောက်မက်ဖွယ် နတ်ဆိုးသတ္တဝါများ၏ နောက်ကွယ်... မြင်နိုင်ရန် ခက်ခဲသော အဆုံးမရှိသည့် နတ်ဆိုးချီစွမ်းအင်များ အတွင်း၌... ကြီးမားလှသော ကြောက်မက်ဖွယ် တည်ရှိမှုကြီးများ ရှိနေဟန်ရှိပြီး... ခံစားချက်ကင်းမဲ့၍ ကြောက်မက်ဖွယ်ကောင်းသော သွေးနီရောင်မျက်လုံးတစ်စုံစီသာ ထင်ရှားပေါ်လွင်လျက်... အဆုံးမဲ့ကမ္ဘာ၏ ဦးတည်ရာဘက်သို့ စိုက်ကြည့်နေကြသည်။
နတ်ဆိုးနယ်မြေတပ်မတော်ကြီး ရောက်ရှိလာပြီ.....