← Chapters

အခန်း (၁၀၃-၁၀၄)

Vol. 8 Ch. 103-104

အခန်း (၁၀၃-၁၀၄)

Vol. 8 Ch. 103-104

အခန်း (၁၀၃)- ကျားကိုမောင်း၍ ဝံပုလွေအား မျိုစေခြင်း၊ အားလုံး ကုချန်ကြောင့်သာ

‎

‎

‎

‎" မို့တိ... ငါတို့ ဘာလုပ်သင့်တယ်လို့ မင်းထင်လဲ "

‎

‎

‎ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီ၏ စိတ်မှာ ကသောင်းကနင်းဖြစ်နေသော်လည်း ဖြေရှင်းချက်တစ်ခုကို စဉ်းစား၍မရချေ။ သူသည် တိတ်ဆိတ်လျက်ရှိသော မို့တိထံသို့သာ အကြည့်ပို့နိုင်တော့ပြီး မို့တိက ဖြေရှင်းချက်တစ်ခု ပေးနိုင်လိမ့်မည်ဟု မျှော်လင့်နေမိသည်။

‎

‎

‎မည်သို့ပင်ဆိုစေကာမူ... ယွမ်ကျွင်းမဟာဧကရာဇ်၏ ကံကြမ္မာမှာ မသိရသေးဘဲ... ယွမ်ကျွင်း မရှိသည့်အခါ ဧကရာဇ်မဟာမိတ်အတွင်းရှိ ကိစ္စရပ်အများစုကို မို့တိက ဆုံးဖြတ်လေ့ရှိသည်။ ထို့ကြောင့်ပင် ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီသည် မို့တိအပေါ်၌သာ မျှော်လင့်ချက်များ ထားနိုင်ခြင်း ဖြစ်သည်။

‎

‎

‎" ဘာလုပ်ရမှာလဲ "

‎

‎

‎မို့တိက လှောင်ရယ်လိုက်သည်။

‎

‎

‎" ဘာမှလုပ်စရာမလိုဘူး။ ငါတို့က အဆုံးမဲ့ကမ္ဘာမှာရှိတဲ့ တစ်ခုတည်းသော ဧကရာဇ်အဆင့်တွေ မဟုတ်ဘူး။ နတ်ဆိုးနယ်မြေရဲ့ ကျူးကျော်မှုက ငါတို့တစ်ဖွဲ့တည်း စိုးရိမ်ရမှာ မဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ "

‎

‎

‎ဟင်... မို့တိက ဘာကိုဆိုလိုချင်တာလဲ.....

‎

‎

‎ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီသည် ကြောင်သွားပြီး သူမ၏မျက်ခုံးများမှာ အနည်းငယ် တွန့်သွား၏။ သူမ ပထမဆုံး တွေးမိလိုက်သူမှာ ကုချန်ပင် ဖြစ်သည်။

‎

‎

‎မို့တိက ကုချန်နှင့်ပတ်သက်၍ တစ်စုံတစ်ခု ကြံစည်နေတုန်းလား။

‎

‎

‎မဖြစ်နိုင်ပေ။ ကုချန်သည် ယခုအခါ အဆုံးမဲ့ကမ္ဘာတစ်ခုလုံးရှိ သက်ရှိအားလုံး၏ အမြင်တွင် သစ္စာဖောက်တစ်ဦးအဖြစ် သတ်မှတ်ခံထားရသည်။ ထို့အပြင် ထိုအချိန်က တာအိုရောင်းရင်း ယွမ်ကျွင်း၏ 'အသရေဖျက်'မှုနှင့် မေးခွန်းထုတ်မှုများကို ရင်ဆိုင်ရာတွင် သူသည် ငြင်းဆန်ရန်ပင် ဝန်မလေးခဲ့ပေ။

‎

‎

‎ဤသို့သော အခြေအနေမျိုးတွင် ကုချန်သည် အဆုံးမဲ့ကမ္ဘာ၏ လူသားများအတွက် ရှေ့ထွက်၍ မည်သို့ တိုက်ခိုက်ပေးမည်နည်း။

‎

‎

‎" မို့တိ ဆိုလိုတာက... ရှင်သန်ခြင်းတားမြစ်နယ်မြေတွေထဲက ရှေးဟောင်းအရှင်သခင်တွေကို သုံးမလို့လား။ 'ကျားကိုမောင်းပြီး ဝံပုလွေကို မျိုခိုင်း' မလို့လား "

‎

‎

‎သူတို့အနားတွင် ရှိနေသော နဂါးရင်းမြစ်မဟာဧကရာဇ်သည် မို့တိ၏ အဓိပ္ပာယ်ကို နားလည်သွားဟန်တူပြီး တွေးတွေးဆဆ မေးလိုက်သည်။

‎

‎

‎" ဒါပဲ "

‎

‎

‎မို့တိက ခေါင်းအနည်းငယ် ညိတ်လိုက်၏။

‎

‎

‎" တားမြစ်နယ်မြေတွေထဲက ရှေးဟောင်းအရှင်သခင်တွေကို အားကိုးမယ် "

‎

‎

‎ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီ၏ မျက်ခုံးများသည် ချက်ချင်း တွန့်ချိုးသွားပြီး သူသည် ချက်ချင်းပင် တုံ့ပြန်လိုက်သည်။

‎

‎

‎" သူတို့ကို ဘယ်လိုလုပ် ယုံကြည်လို့ရမှာလဲ။ သူတို့သာ ယုံကြည်ရမယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်ကိုးသောင်းတုန်းက ကုချန်တစ်ယောက်တည်း နတ်ဆိုးနယ်မြေရဲ့ မိစ္ဆာဆိုးတွေကို သွားပြီး ကာကွယ်စောင့်ရှောက်နေမှာ မဟုတ်ဘူး "

‎

‎

‎ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီသည် မို့တိ၏ အကြံအစည်မှာ အလွန်နုံအလွန်းသည်ဟု ခံစားရ၏။

‎

‎

‎ကုချန်သည် နှစ်ကိုးသောင်း ကြာပြီးမှသာ စိတ်ပျက်သွားပြီး အဆုံးမဲ့ကမ္ဘာ၏ လူသားများကို ဂရုမစိုက်တော့ခြင်း ဖြစ်လျှင်... တားမြစ်နယ်မြေအသီးသီးတွင် ခိုအောင်းနေကြသော ထိုရှေးဟောင်းအရှင်သခင်များသည် သူတို့ တားမြစ်နယ်မြေများတွင် နေထိုင်ခဲ့သည့် ပထမဆုံးနေ့မှစ၍... အဆုံးမဲ့ကမ္ဘာ၏ လူသားများကို ဖုန်မှုန့်သဖွယ် သဘောထားကာ စွန့်ပစ်ခဲ့ကြပြီး ဖြစ်သည်။

‎

‎

‎အမှန်စင်စစ်... သူတို့၏သက်တမ်းကို ရှည်စေရန်အတွက် ကြာမြင့်စွာ တည်ရှိခဲ့သော အချို့သော ရှေးဟောင်းအရှင်သခင်များသည် တားမြစ်နယ်မြေများမှ ထွက်ခွာကာ... ကမ္ဘာလောကကို သတ်ဖြတ်ရန် ဝန်မလေးဘဲ... သက်ရှိအားလုံး၏ သွေးကို အသုံးပြု၍ မိမိတို့၏ သက်တမ်းကို ဆွဲဆန့်ကြသည်ပင်။

‎

‎

‎ဤသို့သော သတ္တဝါများသည် အဆုံးမဲ့ကမ္ဘာ၏ လုံခြုံရေးဟု ခေါ်ဆိုသောအရာကို မည်သို့ ဂရုစိုက်မည်နည်းဟု မေးခွန်းထုတ်ရမည်ဖြစ်သည်။

‎

‎

‎အကယ်၍... ဤရှေးဟောင်းအရှင်သခင်များသည် အဆုံးမဲ့ကမ္ဘာ၏ လူသားများအတွက် အမှန်တကယ် လှုပ်ရှားပေးရန် ဆန္ဒရှိခဲ့ပါက... လွန်ခဲ့သော နှစ်ကိုးသောင်းက ကုချန်သည် နတ်ဆိုးနယ်မြေတစ်ခုလုံးကို တစ်ဦးတည်း ရင်ဆိုင်ခဲ့ရမည် မဟုတ်ပေ။

‎

‎

‎" သာမန်အခြေအနေတွေမှာတော့ ဒီတားမြစ်နယ်မြေအရှင်သခင်တွေက ယုံကြည်ရမှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီလိုအချိန်မျိုးမှာတော့ သူတို့က ယုံကြည်ရတယ် "

‎

‎

‎မို့တိက အဓိပ္ပာယ်ပါစွာ ပြောလိုက်သည်။

‎

‎

‎" သူတို့ကို လှုပ်ရှားစေဖို့ သင့်တော်တဲ့ တွန်းအားတစ်ခုတော့ ရှိရမှာပေါ့။ တာအိုရောင်းရင်း ခရမ်းရောင်ဧကရီ ခင်ဗျား ထင်သလား... ဒီတားမြစ်နယ်မြေအရှင်သခင်တွေက ရှင်သန်ခြင်းတားမြစ်နယ်မြေတွေမှာ အဆုံးမဲ့နှစ်တွေကြာအောင် ခိုအောင်းနေတာက... ကမ္ဘာကြီးမှာ မဖြစ်စလောက်လေး ရှင်သန်နေထိုင်ဖို့အတွက်ပဲလို့ "

‎

‎

‎" မဟုတ်ဘူးပေါ့ "

‎

‎

‎ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီသည် ချက်ချင်း တုံ့ပြန်လိုက်သည်။

‎

‎

‎" ဒီတားမြစ်နယ်မြေအရှင်သခင်တွေက တားမြစ်နယ်မြေတွေမှာ ခိုအောင်းနေတာက ဒဏ္ဍာရီလာ... လက်လှမ်းမမီနိုင်တဲ့ အင်မော်တယ်တက်လှမ်းခြင်း အခွင့်အရေးကို စောင့်ဆိုင်းဖို့ သက်သက်ပဲ "

‎

‎

‎အင်မော်တယ်တက်လှမ်းခြင်း အတွက်သာ မဟုတ်ပါက... ဤတားမြစ်နယ်မြေအရှင်သခင်များသည် အဆုံးမဲ့နှစ်များစွာကြာအောင်... အဘယ်ကြောင့် အိပ်စက်နေရန် ဆန္ဒရှိမည်နည်း။

‎

‎

‎" မှန်တယ်... သူတို့အားလုံးက အင်မော်တယ်တက်လှမ်းခြင်းအတွက်ပဲ "

‎

‎

‎မို့တိက လက်ခုပ်တီးလိုက်ပြီး လှောင်ရယ်လိုက်သည်။

‎

‎

‎" ဒါပေမယ့်... တကယ်လို့ သူတို့က အင်မော်တယ်တက်လှမ်းခြင်းအခွင့်အရေးက သူတို့မျက်စိရှေ့မှာပဲ ကျရောက်တော့မယ်ဆိုတာကို တွေ့ရှိသွားခဲ့ရင်... နတ်ဆိုးနယ်မြေရဲ့ ကျူးကျော်မှုက အောင်မြင်သွားပြီး အဆုံးမဲ့ကမ္ဘာကြီးသာ ပျက်စီးသွားမယ်ဆိုရင်... သူတို့ရဲ့ ရှေးကျတဲ့ စောင့်ဆိုင်းမှုတွေအားလုံးက အချည်းနှီး ဖြစ်သွားလိမ့်မယ်။ အဲ့ဒီအခါ သူတို့ ဘာလုပ်မယ်လို့ ခင်ဗျား ထင်လဲ "

‎

‎

‎" သေချာပေါက် သူတို့မှာ လှုပ်ရှားဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူး "

‎

‎

‎ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီ မတုံ့ပြန်နိုင်မီမှာပင်... သူတို့အနားရှိ နဂါးရင်းမြစ်မဟာဧကရာဇ်၏ မျက်လုံးများမှာ အရောင်တောက်လာပြီး ပြောလိုက်သည်။

‎

‎

‎" ကောင်းတယ်... ကောင်းတယ်! ဒီလိုသာဆိုရင်... အဲ့ဒီတားမြစ်နယ်မြေအရှင်သခင်တွေ အကုန်လုံး ထွက်လာကြလိမ့်မယ်လို့တောင် ငါယုံကြည်တယ် "

‎

‎

‎တာအိုလမ်းစဉ်အတွက် ယှဉ်ပြိုင်ရသည့် ရန်ငြိုးမှာ ဖြေရှင်း၍မရနိုင်ပေ။ သံသယဖြစ်ဖွယ်မရှိသည်မှာ... အကယ်၍ တစ်စုံတစ်ဦးက ဤတားမြစ်နယ်မြေအရှင်သခင်များ၏ အင်မော်တယ်လမ်းကို ပိတ်ဆို့ရန် သတ္တိရှိပါက... ရန်သူသည် မည်သူပင်ဖြစ်နေပါစေ... သူတို့သည် သဘောတူမည် မဟုတ်ချေ။

‎

‎

‎" ဒါပေမယ့် ဒီတားမြစ်နယ်မြေအရှင်သခင်တွေကို အင်မော်တယ်တက်လှမ်းခြင်းအခွင့်အရေးက သူတို့မျက်စိရှေ့မှာပဲလို့ ယုံလာအောင် ငါတို့က ဘယ်လိုလုပ်ကြမလဲ "

‎

‎

‎ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီသည် မျက်မှောင်ကြုတ်လိုက်ပြီး နားမလည်နိုင် ဖြစ်သွား၏။

‎

‎

‎" ဟက်... အဲ့ဒါအတွက်တော့ တာအိုရောင်းရင်း ခရမ်းရောင်ဧကရီ စိတ်ပူစရာမလိုပါဘူး "

‎

‎

‎မို့တိက အေးစက်စက် ပြောဆိုလိုက်ပြီးနောက် သူ၏ပုံရိပ်သည်လည်း တိတ်ဆိတ်စွာ ပျောက်ကွယ်သွား၏။

‎

‎

‎မို့တိ၏ ပျောက်ကွယ်သွားသော ပုံရိပ်ကို ကြည့်ရင်း ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီ၏ မျက်လုံးများထဲတွင် ရှားရှားပါးပါး သံသယနှင့် တည်ကြည်လေးနက်မှု အရိပ်အယောင်တစ်ခု ပေါ်လာ၏။ ဤ မို့တိသည် အလွန်ပင် လျှို့ဝှက်ဆန်းကြယ်ပြီး နားလည်ရ ခက်လွန်းလှသည်။

‎

‎

‎ထို့အပြင်... တားမြစ်နယ်မြေများရှိ ထိုရှေးဟောင်းအရှင်သခင်များသည် မို့တိ၏ ဆန္ဒအတိုင်း... အရာအားလုံးကို အမှန်တကယ် လုပ်ဆောင်ကြမည်လော။

‎

‎

‎" တာအိုရောင်းရင်း မို့တိမှာ နည်းလမ်းရှိမှတော့... ဒါက အကောင်းဆုံးပေါ့ "

‎

‎

‎နဂါးရင်းမြစ်မဟာဧကရာဇ်သည် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး များစွာ စိတ်သက်သာရာ ရသွား၏။

‎

‎

‎သူ၏ မျိုးဆက်ဖြစ်သော ဧကရာဇ်မျိုးနွယ် နဂါးမိသားစုသည် နှစ်သောင်းပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်ပြီးနောက်... မရေမတွက်နိုင်သော မျိုးဆက်များနှင့် သွေးမျိုးဆက်များ ရှိလာခဲ့ပြီး... ရှင်သန်ခြင်းရှေးဟောင်းကြယ်တစ်လုံးကိုပင် သီးခြားပိုင်ဆိုင်ကာ ထိုနေရာတွင် အုပ်စိုးလျက်ရှိသည်။ ယခု နတ်ဆိုးနယ်မြေ၏ ကျူးကျော်မှုနှင့်အတူ... ပစ်မှတ်မှာ ကြီးမားလွန်းသောကြောင့် နဂါးရင်းမြစ်မဟာဧကရာဇ်ပင်လျှင် နဂါးမိသားစုတစ်ခုလုံးကို မကာကွယ်နိုင်တော့ပေ။

‎

‎

‎သို့သော် ယခု မို့တိက သူ့တွင် နည်းလမ်းရှိသည်ဟု ဆိုလာသောအခါ... ဤသည်မှာ အကောင်းဆုံးပင် ဖြစ်တော့သည်။

‎

‎

‎...

‎

‎

‎အဆုံးမဲ့တိုက်ကြီး အရှေ့ပိုင်းစွန့်ပစ်ဒေသ တာအိုနယ်မြေ.....

‎

‎

‎အထက်ကောင်းကင်တားမြစ်နယ်မြေမှ မကြာသေးမီကမှ ထွက်ခွာလာခဲ့သော ကုချင်းရွဲ့နှင့် ယဲ့ယင်းယင်းတို့သည်လည်း ကုချန်ထံမှ သတင်းစကားတစ်ခု လက်ခံရရှိခဲ့ပြီး... သူတို့ကို အထက်ကောင်းကင်သို့ ယာယီပြန်လာရန် သတိပေးထားသည်။ ကုချန်၏ ဤလုပ်ရပ်သည် သေချာပေါက် ထိုမိန်းကလေးနှစ်ဦး၏ လုံခြုံရေးကို ကာကွယ်ရန်အတွက် ဖြစ်သည်။

‎

‎

‎မကြာမီအချိန်အတွင်း နတ်ဆိုးနယ်မြေစစ်တပ်သည် အဆုံးမဲ့တိုက်ကြီးသို့ ရောက်ရှိလာနိုင်ပေသည်။ ထိုမိန်းကလေးနှစ်ဦးသည် အထက်ကောင်းကင်တားမြစ်နယ်မြေသို့ ပြန်လာမှသာ... ကုချန်သည် သူတို့၏ လုံခြုံရေးကို ကာကွယ်ပေးနိုင်မည် ဖြစ်သည်။

‎

‎

‎အထက်ကောင်းကင်တားမြစ်နယ်မြေ၏ အပြင်ဘက်ရှိ အဆုံးမဲ့နယ်မြေငါးခုတွင်... သတ်ဖြတ်မှုများ မည်မျှ သွေးထွက်သံယို ဖြစ်နေမည်ကိုမူ... သူ လုံးဝ ဂရုမစိုက်ခဲ့ပေ။

‎

‎

‎မိန်းကလေးနှစ်ဦးမှာ လုံးဝ ရှုပ်ထွေးနေကြသော်ငြား... သူတို့အားလုံးသည် ကုချန်၏ အမိန့်ကို နာခံစွာ လိုက်နာခဲ့ကြပြီး... အထက်ကောင်းကင်တားမြစ်နယ်မြေသို့ ပြန်သွားခဲ့ကြသည်။ အပြန်လမ်းတွင်... ကုချင်းရွဲ့၏ မျက်နှာအမူအရာမှာ အနည်းငယ် တည်ကြည်လေးနက်နေသည်ကို သိသာစွာ တွေ့နေရသည်။

‎

‎

‎ဘိုးဘေးက သူတို့ကို ရုတ်တရက် အထက်ကောင်းကင်သို့ ပြန်လာရန် တောင်းဆိုခြင်းကြောင့် အရေးကြီးသည့် တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့ပြီဖြစ်ကြောင်း သူမ သိလိုက်သည်။

‎

‎

‎ဒါပေမဲ့ တကယ်ပဲ ဘာတွေဖြစ်နေတာလဲ......

‎

‎

‎...

‎

‎

‎အဆုံးမဲ့ကမ္ဘာ၏ နယ်စပ်... ထျန်းချိုကြယ်၏ အထက်တွင်.....

‎

‎

‎ဤအခိုက်အတန့်တွင်... ထျန်းချိုကြယ်တစ်ခုလုံးသည် မီးခိုးများနှင့် မီးတောက်များဖြင့် ဖုံးလွှမ်းနေ၏။ မရေမတွက်နိုင်သော နတ်ဆိုးနယ်မြေစစ်တပ်သည် ဒီရေအလား... ရှေးဟောင်းကြယ်၏ နေရာဒေသအသီးသီးသို့ တိုးဝင်လျက်ရှိသည်။ သူတို့ တွေ့ဆုံခဲ့သော သက်ရှိအားလုံးသည် ခြွင်းချက်မရှိ သွေးအိုင်ထဲသို့ လဲကျကာ ဝမ်းနည်းဖွယ် သေဆုံးသွားကြရသည်။

‎

‎

‎ငိုကြွေးသံများနှင့် နာကျင်စွာ အော်ဟစ်သံများသည် ရှေးဟောင်းကြယ်တစ်ခုလုံးတွင် ပဲ့တင်ထပ်နေပြီး... ထိုကြောက်မက်ဖွယ်ရာကို စကားလုံးများဖြင့် ဖော်ပြ၍ မရနိုင်ချေ။

‎

‎

‎" ဘယ်သူ ငါတို့ကို ကယ်မှာလဲ...! ဘယ်သူ ငါတို့ကို ကယ်မှာလဲ "

‎

‎

‎" ငရဲဂိုဏ်း၊ ပေါင်းစည်းခြင်းလမ်းစဉ်ဂိုဏ်း... သူတို့ ဘယ်မှာလဲ "

‎

‎

‎" ဧကရာဇ်မဟာမိတ်အဖွဲ့က ဧကရာဇ်တွေ ဘယ်မှာလဲ။ နတ်ဆိုးနယ်မြေ ကျူးကျော်လာပြီ။ ဧကရာဇ်မဟာမိတ်အဖွဲ့က မဟာဧကရာဇ်တွေကို ဆင်းသက်ပြီး ကျွန်တော်တို့ကို ကယ်တင်ပေးဖို့ တောင်းဆိုပါတယ်! "

‎

‎

‎" ဧကရာဇ်မဟာမိတ်အဖွဲ့ မဟာဧကရာဇ်တွေကို ဆင်းသက်ပြီး... သက်ရှိအားလုံးကို ဒီဒုက္ခကနေ ကယ်တင်ပေးဖို့ တောင်းပန်ပါတယ်! "

‎

‎

‎သွေးအိုင်ထဲတွင်... မရေမတွက်နိုင်သော သက်ရှိများသည် ဧကရာဇ်မဟာမိတ်အဖွဲ့၏ လူသားမျိုးနွယ်ဧကရာဇ်များ ဆင်းသက်လာပြီး... သက်ရှိအားလုံးကို သူတို့၏ ဒုက္ခဆင်းရဲမှ ကယ်တင်ပေးရန် မျှော်လင့်လျက်... အော်ဟစ်တောင်းဆိုနေကြသည်။

‎

‎

‎လွန်ခဲ့သော ခဏက... ထိုကောင်းကင်ပြင်ပေါ်တွင်... ဧကရာဇ်မဟာမိတ်၏ ဧကရာဇ်က ကုချန်သည် လူသားမျိုးနွယ်၏ လူယုတ်မာ၊ သစ္စာဖောက်တစ်ဦးဖြစ်ပြီး... ဧကရာဇ်မဟာမိတ်အဖွဲ့က မဟာဧကရာဇ်များသာလျှင် ဤနှစ်များတစ်လျှောက်လုံး နတ်ဆိုးနယ်မြေကို စောင့်ရှောက်ခဲ့သူများဖြစ်သည်ဟု ပြောခဲ့သည် မဟုတ်ပါလော။

‎

‎

‎သို့ဖြစ်လျှင်... အဘယ်ကြောင့် ယခုအခါတွင် နတ်ဆိုးနယ်မြေ၏ မိစ္ဆာဆိုးများကို တန်းတန်းမတ်မတ် ချီတက်ခွင့်ပေးကာ... အဆုံးမဲ့ကမ္ဘာအား ကျူးကျော်ခွင့် ပေးထားရသနည်း။

‎

‎

‎ကုချန်သည် ဧကရာဇ်မဟာမိတ်၏ ဧကရာဇ်အချို့ကို သတ်ဖြတ်ခဲ့သောကြောင့်... ဧကရာဇ်မဟာမိတ်အဖွဲ့၏ အင်အားကို ထိခိုက်စေခဲ့ပြီး... ထို့ကြောင့် သူတို့သည် နတ်ဆိုးနယ်မြေ ရှေ့တန်းကို မထိန်းထားနိုင်တော့ခြင်းလော။

‎

‎

‎ဒါတွေအားလုံး ကုချန်၏ အမှားပင်တည်း.....

‎

‎

‎ဤသို့ တွေးမိသောအခါ... ထျန်းချိုကြယ်ပေါ်ရှိ သက်ရှိများစွာ၏ နှလုံးသားထဲတွင်... ကုချန်အပေါ်ထားသော အမုန်းတရားသည် အဆပေါင်းများစွာ ပိုမို နက်ရှိုင်းသွားတော့သည်။

‎

‎အခန်း (၁၀၄)- အသက်လုရုန်းကန်ခြင်း၊ အင်မော်တယ်အစီအစဉ်၊ သူတို့ ဘယ်မှာလဲ

‎

‎

‎

‎ထျန်းချိုကြယ်ပေါ်တွင်.....

‎

‎

‎“ လတ်ဆတ်တဲ့သွေးရဲ့အရသာက... တကယ်ကို မူးယစ်စေတာပဲ ”

‎

‎

‎နတ်ဆိုးနယ်မြေမှ နတ်ဆိုးတစ်ကောင်သည် သူ၏ရှေ့မှ ပြင်းပြင်းထန်ထန် ထွက်ပြေးနေသော လူသားမျိုးနွယ် ကျင့်ကြံသူအား ကြည့်လိုက်ရာ... သူ၏ ကြက်သွေးရောင်မျက်လုံးများထဲတွင် ရက်စက်အေးစက်သော အလင်းရောင်တစ်ခု ပေါ်လာ၏။

‎

‎

‎သူသည် လက်ထဲရှိ ဓားရှည်ကို မြှောက်လိုက်ပြီး ရက်စက်စွာ ရှေ့သို့ ခုတ်ပိုင်းလိုက်၏။ ဓားအလင်းရောင်တစ်ချက် လက်သွားပြီးနောက်... ထိုလူသားမျိုးနွယ် ကျင့်ကြံသူများသည် ချက်ချင်းပင် တစ်ပိုင်းစီ ပြတ်သွားကာ သွေးများ ပက်ဖျန်းသွားတော့လေ၏။

‎

‎

‎ထိုနတ်ဆိုးသည် လတ်ဆတ်သောသွေးများဖြင့် ရေချိုးလိုက်ရသကဲ့သို့ ဖြစ်သွားပြီး... မည်သည့်သနားငဲ့ညှာမှုမျှ မခံစားရရုံသာမက... သူ၏မျက်နှာပေါ်တွင် အတော်လေး ပျော်မွေ့နေသော အမူအရာတစ်ခုပင် ပေါ်လာ၏။

‎

‎

‎သူသည် ပျော်ရွှင်မှုကို ခံစားလိုက်ရပြီး... သူ၏ခွန်အား တိုးလာသည့် လက္ခဏာများကိုလည်း ခံစားလိုက်ရ၏။

‎

‎

‎သူသည် နတ်ဆိုးနယ်မြေ နယ်စပ်ကို ဤမျှကြာအောင် စောင့်ရှောက်ခဲ့ရခြင်းမှာ... ဤနေ့ကို စောင့်ဆိုင်းနေခြင်းကြောင့် မဟုတ်လော။

‎

‎

‎နတ်ဆိုးနယ်မြေ သတ္တဝါများသည် နယ်ပယ်အားလုံးကို သိမ်းပိုက်ရန်... အဘယ်ကြောင့် ဤမျှ စိတ်အားထက်သန်နေကြသနည်း။

‎

‎

‎နတ်ဆိုးနယ်မြေ အရှင်သခင်၏ အမိန့်များအပြင်.....

‎

‎

‎ပိုမိုကြီးမားသော အကြောင်းရင်းတစ်ခုမှာ... ဤနတ်ဆိုးနယ်မြေ သတ္တဝါများသည် အခြားနယ်ပယ်များမှ သတ္တဝါများကို သတ်ဖြတ်သည့်အခါ... သူတို့သည်လည်း အကျိုးကျေးဇူးများစွာကို ရရှိကြသောကြောင့် ဖြစ်သည်။

‎

‎

‎“ နတ်ဆိုးတွေ... နတ်ဆိုးတွေပဲ ”

‎

‎

‎“ ဘယ်သူက ငါတို့ကို ကယ်မှာလဲ! ”

‎

‎

‎“ ဧကရာဇ်မဟာမိတ်အဖွဲ့ မဟာဧကရာဇ်က ဘာလို့ အခုထိ ဆင်းမလာသေးတာလဲ! ”

‎

‎

‎ဤရှေးဟောင်းအရှင်သခင် နတ်ဆိုးသည် သွေးများဖြင့် ရေချိုးလျက်... ကောင်းကင်နှင့်မြေကြီးကြားတွင် နတ်ဆိုးဘုရားတစ်ပါးကဲ့သို့ ရပ်နေသည်ကို မြင်သောအခါ... အနီးအနားရှိ သတ္တဝါများသည် ထိတ်လန့်တုန်လှုပ်သွားကြပြီး... ဦးတည်ရာမဲ့စွာ အရပ်လေးမျက်နှာသို့ ပြင်းပြင်းထန်ထန် ထွက်ပြေးကြလေသည်။

‎

‎

‎သို့သော်... ထိုနတ်ဆိုးနယ်မြေမှ နတ်ဆိုး၏ မျက်လုံးများထဲတွင်မူ... ၎င်းသည် အချည်းနှီးသော ရုန်းကန်မှုတစ်ခုမျှသာ ဖြစ်သည်။

‎

‎

‎ထွက်ပြေးမည်လော။ သူတို့ ဘယ်ကို ထွက်ပြေးနိုင်မည်နည်း။

‎

‎

‎ယခု... ဤရှင်သန်ခြင်းရှေးဟောင်းကြယ်ပေါ်တွင်... နေရာတိုင်း၌ နတ်ဆိုးနယ်မြေစစ်တပ်များ ရှိနေသည်။ ဤနေရာမှ ထွက်ပြေးလျှင်လည်း... အခြားနေရာများရှိ အပေါင်းအပါများ၏ သတ်ဖြတ်ခြင်းကို ခံရဦးမည်သာ ဖြစ်ပြီး... ရလဒ်မှာ လုံးဝ ပြောင်းလဲသွားမည် မဟုတ်ပေ။

‎

‎

‎ထျန်းချိုကြယ်၏ ကောင်းကင်ဘုံကိုးခုအထက်တွင်.....

‎

‎

‎နတ်ဆိုးနယ်မြေ အရှင်သခင်အချို့သည် ကောင်းကင်ယံ၌ မြင့်မားစွာ ရပ်နေကြပြီး... ထျန်းချိုကြယ်ပေါ်ရှိ သွေးထွက်သံယို မြင်ကွင်းကို အပေါ်မှ ငုံ့ကြည့်နေကြကာ... သူတို့၏ မျက်နှာအမူအရာများမှာ ပုံမှန်အတိုင်းပင် ဖြစ်ပြီး... စကားစမြည်ပြောကာ ရယ်မောနေကြသည်ပင်။

‎

‎

‎သူတို့အတွက်မူ... ဤအဆုံးမဲ့ကမ္ဘာရှိ သတ္တဝါများသည်... ပုရွက်ဆိတ်များသဖွယ် ဖြစ်ကြသည်။

‎

‎

‎သူတို့သည် ပုရွက်ဆိတ်များ၏ အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းကို မည်သို့ ဂရုစိုက်နိုင်မည်နည်း။

‎

‎

‎“ ကောင်းတယ်... ငါတို့ကို ဒီလောက်နှစ်တွေကြာအောင် ဖိနှိပ်ထားပြီးမှတော့... ငါတို့တွေ စိတ်ဒေါသကို သေချာ ဖြေလျှော့သင့်တာပေါ့ ”

‎

‎

‎“ ဒီပုရွက်ဆိတ်တွေ မျှော်လင့်ချက်မဲ့ပြီး အော်ဟစ်နေတာကို မြင်ရတာထက်... ဒီအရှင်သခင်ကို ပိုပြီး ပျော်ရွှင်စေတာ ဘာမှမရှိဘူး ”

‎

‎

‎“ အရင်ဆုံး နေ့တစ်ဝက်လောက် သတ်လိုက်... ဒီရှေးဟောင်းကြယ်ပေါ်က သတ္တဝါအားလုံးကို သတ်ဖြတ်ပြီးရင်... နောက် ရှင်သန်ခြင်းရှေးဟောင်းကြယ်တစ်ခုဆီ ဆက်သွားကြတာပေါ့ ”

‎

‎

‎နတ်ဆိုးနယ်မြေ အရှင်သခင်အချို့၏ အသံများသည် အေးစက်နေပြီး... ထျန်းချိုကြယ်ပေါ်ရှိ သတ္တဝါများ၏ ကြေကွဲဖွယ် အခြေအနေကို လုံးဝ စိတ်မဝင်စားကြပေ။

‎

‎

‎အမှန်စင်စစ်... သူတို့အတွက်မူ ထျန်းချိုကြယ်ကို ခြေတစ်ဖက်တည်းဖြင့် ရိုးရှင်းစွာ နင်းခြေဖျက်ဆီးနိုင်ပြီး... ဤနေရာရှိ သက်ရှိအားလုံးကို ပျက်စီးသွား‌စေရန် ပြုလုပ်နိုင်၏။

‎

‎

‎သို့သော် ဤနတ်ဆိုးနယ်မြေ အရှင်သခင်များသည် ထိုသို့ မလုပ်ခဲ့ကြဘဲ... သက်ရှိအားလုံးကို သတ်ဖြတ်ရန်... သူတို့၏ နှလုံးသားထဲရှိ နှစ်ပေါင်းများစွာ စုပုံနေသော နာကြည်းမှုနှင့် ဒေါသများကို ဖြေလျှော့ရန်အတွက်... သန်းနှင့်ချီသော နတ်ဆိုးနယ်မြေစစ်တပ်ကို လှုပ်ရှားခွင့် ပေးခဲ့ကြဟန်တူသည်။

‎

‎

‎“ ကောင်းကင်ဘုံအရှင်သခင်က တကယ်ပဲ ပေါ်လာမှာ မဟုတ်ဘူးနဲ့တူတယ်..... ”

‎

‎

‎အခြား နတ်ဆိုးနယ်မြေ အရှင်သခင်များက ထျန်းချိုကြယ်ပေါ်တွင် ဖြစ်ပျက်နေသမျှ အရာအားလုံးကို စိတ်ဝင်တစား ကြည့်ရှုနေစဉ်.....

‎

‎

‎မိုယွဲ့အရှင်၏ အကြည့်မှာမူ အဆုံးမဲ့ကမ္ဘာ စကြဝဠာ၏ နက်ရှိုင်းရာဆီသို့ တိတ်ဆိတ်စွာ လှည့်သွားပြီး... သိမ်မွေ့သော စိတ်သက်သာရာရမှု အရိပ်အယောင်တစ်ခုကို ဖော်ပြနေသည်။

‎

‎

‎အကယ်၍ ထိုလူသားမျိုးနွယ် ကုကောင်းကင်ဘုံဧကရာဇ်က သူတို့ကို တားဆီးလိုခဲ့ပါက... နတ်ဆိုးနယ်မြေစစ်တပ်သည် အဆုံးမဲ့ကမ္ဘာသို့ ကျူးကျော်ဝင်ရောက်ခါနီး အချိန်တွင်ပင် သူသည် လှုပ်ရှားခဲ့မည်ဖြစ်ပြီး.... သူတို့ကို အဆုံးမဲ့ကမ္ဘာသို့ ဗြောင်ကျကျ ကျူးကျော်ဝင်ရောက်ခွင့် ပေးခဲ့မည် မဟုတ်သည်မှာ သေချာ၏။

‎

‎

‎ယခုမူ... ထိုကုကောင်းကင်ဘုံဧကရာဇ်သည် ပေါ်မလာသေးသဖြင့်... သူသည် နောင်လည်း ပေါ်လာတော့မည် မဟုတ်ပေ။

‎

‎

‎သို့ဖြစ်လျှင်... ဤအဆုံးမဲ့ကမ္ဘာအား ကျူးကျော်မှုသည် ပိုမို ချောမွေ့သွားမည် ဖြစ်သည်။

‎

‎

‎မိုယွဲ့အရှင်သည် သက်ပြင်းတစ်ချက် ချလိုက်သည်။ နတ်ဆိုးနယ်မြေ နယ်စပ်ကို နှစ်ပေါင်းများစွာ စောင့်ရှောက်ရင်း... ကုချန်သည် သူ၏နှလုံးသားထဲတွင် ပြောမပြနိုင်သော အရိပ်မည်းတစ်ခုကို ကာလရှည်ကြာစွာ ထားရစ်ခဲ့ပြီး ဖြစ်သည်။

‎

‎

‎မိုယွဲ့အရှင်၏ အမြင်အရ... သူသည် ထိုကုချန်နှင့် မတွေ့ဆုံခြင်းသည်သာ အကောင်းဆုံးပင် ဖြစ်သည်။

‎

‎

‎မည်သို့ပင်ဖြစ်စေ... မမျှော်လင့်ထားသော အခြေအနေများ ရှိမလာနိုင်လောက်တော့ဟု... မျှော်လင့်ရ၏။

‎

‎

‎မိုယွဲ့အရှင်သည် ထျန်းကျွင်းအဆင့်အရှင်ထံသို့ လှမ်းကြည့်လိုက်ပြီး... စိတ်အနည်းငယ် ပိုမို တည်ငြိမ်သွားသည်ကို ခံစားလိုက်ရသည်။

‎

‎

‎ဤတစ်ကြိမ်သည် လွန်ခဲ့သော နှစ်ကိုးသောင်းကနှင့် မတူတော့ပေ။ ယခု အဆုံးမဲ့ကမ္ဘာကို ကျူးကျော်ရာတွင်... ဤနတ်ဆိုးနယ်မြေ အရှင်သခင်များအပြင်... ရွှမ်ယိုနန်းတော်မှ ထျန်းကျွင်းအဆင့်လည်း အတူ လိုက်ပါလာသည်။

‎

‎

‎ထျန်းကျွင်းအဆင့်အရှင် ရှိနေသဖြင့်... မည်သည့် မတော်တဆမှုမျှ ဖြစ်လာတော့မည် မဟုတ်ပေ။

‎

‎

‎…………

‎

‎

‎အဆုံးမဲ့ကမ္ဘာ စကြဝဠာအတွင်းရှိ ရှင်သန်ခြင်းတားမြစ်နယ်မြေ အားလုံး၏ အတွင်း၌.....

‎

‎

‎နတ်ဆိုးနယ်မြေ၏ ကျူးကျော်မှုနှင့်အတူ... တားမြစ်နယ်မြေများတွင် အိပ်စက်နေသော ရှေးဟောင်းအရှင်သခင် အများအပြားဟာ တုန်လှုပ် နိုးထလာကြပြီး... ဤသတင်းကို သိရှိသွားကြသည်။

‎

‎

‎“ နတ်ဆိုးနယ်မြေ ကျူးကျော်မှုဟုတ်လား... သေစမ်းကွာ... ဘာလို့ ဒီအချိန်ကိုမှ ရွေးရတာလဲ..... ”

‎

‎

‎“ အင်မော်တယ်တက်လှမ်းခြင်းအတွက် မျှော်လင့်ချက်က ငါ့မျက်စိရှေ့မှာတင် ရောက်နေပြီ။ ဒီလို အခိုက်အတန့်မျိုးမှာ... ဘယ်သူမှ ဒီအရှင်သခင်ရဲ့ အင်မော်တယ်တက်လှမ်းခြင်း အစီအစဉ်ကို လာနှောင့်ယှက်ဖို့ မျှော်လင့်မနေနဲ့ ”

‎

‎

‎“ အားလုံးပဲ... ငါတို့ လှုပ်ရှားကြမလား ”

‎

‎

‎တားမြစ်နယ်မြေများ အတွင်းရှိ အရှင်သခင်များအားလုံး ဒေါသထွက်နေကြပြီး... အချို့ အရှင်သခင်များမှာ နတ်ဆိုးနယ်မြေကို ခုခံရန် အသင့်ပြင်ထားကြပြီး ဖြစ်သည်။

‎

‎

‎ဟုတ်ပါသည်။ ဤသည်မှာ တားမြစ်နယ်မြေများ အတွင်းရှိ ဤရှေးဟောင်းအရှင်သခင်များက စိတ်ပြောင်းသွားပြီး အဆုံးမဲ့ကမ္ဘာ၏ သတ္တဝါများအတွက် တစ်ခုခု လုပ်ပေးရန် ဆုံးဖြတ်လိုက်ခြင်းကြောင့် မဟုတ်ဘဲ... သူတို့၏ စူးစမ်းရှာဖွေမှုများနှင့် တွက်ချက်မှုများအရ... အင်မော်တယ်နယ်မြေသို့ ဦးတည်သည်ဟု... ကောလာဟလ ထွက်ပေါ်နေသော အင်မော်တယ်လမ်းသည် မကြာမီ ပွင့်ဖွင့်လာနိုင်ခြေ များသောကြောင့် ဖြစ်သည်။

‎

‎

‎သူတို့သည် မည်သူ့ကိုမျှ သူတို့၏ အင်မော်တယ်တက်လှမ်းခြင်း အစီအစဉ်ကို နှောင့်ယှက်ခွင့် ပြုမည် မဟုတ်ပေ။

‎

‎

‎သို့သော်... ဤတားမြစ်နယ်မြေ အရှင်သခင်များ၏ ဒေါသသည် ခဏမျှသာ ကြာမြင့်ခဲ့ပြီး... ထို့နောက် သူတို့အားလုံး တည်ငြိမ်သွားကြသည်။

‎

‎

‎ဤအချိန်တွင်... မူလ‌ရှေးဟောင်းတွင်းနက်မှ ရှေးဟောင်းအရှင်သခင်တစ်ဦးက စကားပြောလာသည်။

‎

‎

‎“ တာအိုရောင်းရင်းတို့... ခင်ဗျားတို့ ခန့်မှန်းထားတဲ့ အင်မော်တယ်လမ်းက ဘယ်မှာ ပွင့်မှာလဲ ”

‎

‎

‎ဤစကားကို ကြားသောအခါ... အခြား တားမြစ်နယ်မြေများမှ အရှင်သခင်များက တုံ့ပြန်ကြသည်။

‎

‎

‎“ ဒီအရှင်သခင် တွက်ချက်မိသလောက်... အင်မော်တယ်လမ်း ပွင့်မယ့်နေရာက အဆုံးမဲ့တိုက်ကြီးပေါ်မှာပဲ ”

‎

‎

‎“ ဟုတ်တယ်... ဒီအရှင်သခင်ရဲ့ တွက်ချက်မှု ရလဒ်ကလည်း အတူတူပဲ ”

‎

‎

‎“ ဒီလိုသာဆိုရင်တော့.....”

‎

‎

‎မူလ‌ရှေးဟောင်းတွင်းနက်မှ ရှေးဟောင်းအရှင်သခင်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။

‎

‎

‎“ အဲ့ဒီ နတ်ဆိုးနယ်မြေ သတ္တဝါတွေက အင်မော်တယ်လမ်း မပွင့်ခင် အဆုံးမဲ့နယ်မြေငါးခုကို မနစ်မြုပ်စေသရွေ့... ငါတို့ စိုးရိမ်စရာမလိုဘူး ”

‎

‎

‎“ ဒီအဆုံးမဲ့ကမ္ဘာ စကြဝဠာရဲ့ တခြားအစိတ်အပိုင်းတွေကတော့... အားလုံး ပျက်စီးသွားရင်တောင်... အရေးမကြီးဘူး ”

‎

‎

‎ဤစကားကို ကြားသောအခါ... အခြား တားမြစ်နယ်မြေများမှ အရှင်သခင်များသည် ဦးစွာ ကြောင်သွားကြပြီး... ထို့နောက် သူတို့အားလုံး တည်ငြိမ်သွားကြသည်။

‎

‎

‎ဟုတ်သည်... အဘယ်ကြောင့် သူတို့သည် ထိုနတ်ဆိုးနယ်မြေမှ နတ်ဆိုးများကို တားဆီးရန်... ယခုချက်ချင်း လှုပ်ရှားရန် လိုအပ်မည်နည်း။

‎

‎

‎အဆုံးမဲ့တိုက်ကြီး တည်ရှိနေသရွေ့... ဤအဆုံးမဲ့ကမ္ဘာရှိ အခြားနေရာများအားလုံး ပျက်စီးသွားလျှင်ပင်... မည်သို့ အရေးကြီးမည်နည်း။ ၎င်းသည် သူတို့၏ အင်မော်တယ်တက်လှမ်းခြင်း အစီအစဉ်ကို မည်သို့မျှ ထိခိုက်စေမည် မဟုတ်ပေ။

‎

‎

‎ဆန့်ကျင်ဘက်အနေဖြင့်... ထိုနတ်ဆိုးနယ်မြေမှ နတ်ဆိုးများကို ယခု သွားရောက်တိုက်ခိုက်ခြင်းသည် သူတို့၏ အဖိုးတန်သော စွမ်းအားများကို ကုန်ဆုံးစေနိုင်ပြီး... ၎င်းသည် သူတို့ မလိုချင်သောအရာ ဖြစ်သည်။

‎

‎

‎ယခုမူ... မူလ‌ရှေးဟောင်းတွင်းနက်မှ အရှင်သခင်၏ သတိပေးမှုကြောင့်... အခြား တားမြစ်နယ်မြေများမှ အရှင်သခင်များသည်လည်း ရုတ်တရက် နားလည်သွားကြသည်။

‎

‎

‎ဟုတ်သည်... အဘယ်ကြောင့် သူတို့သည် ထိုနတ်ဆိုးနယ်မြေမှ နတ်ဆိုးများကို တားဆီးရန်... ချက်ချင်း လှုပ်ရှားရန် လိုအပ်မည်နည်း။

‎

‎

‎အင်မော်တယ်လမ်းသည် အဆုံးမဲ့တိုက်ကြီးပေါ်တွင် ပွင့်မည်ဖြစ်သောကြောင့်... သူတို့အတွက် အဆုံးမဲ့တိုက်ကြီး မပျက်စီးစေရန်သာ လိုအပ်ပြီး... အဆုံးမဲ့တိုက်ကြီးပေါ်ရှိ သက်ရှိအားလုံး သေဆုံးသွားလျှင်ပင် အရေးမကြီးပေ။

‎

‎

‎အဆုံးမဲ့ကမ္ဘာ စကြဝဠာ၏ အခြား အစိတ်အပိုင်းများအတွက်မူကား.....

‎

‎

‎လုံးဝ ပျက်စီးသွားလျှင်ပင်... ဤရှေးဟောင်းအရှင်သခင်များကို တစ်ချက်မျှ မျက်မှောင်ကြုတ်စေမည် မဟုတ်ပေ။

‎

‎

‎" ဒီလိုသာဆိုရင်... ဒီအတိုင်းပဲ ထားလိုက်ကြတာပေါ့ ”

‎

‎

‎သဘောတူညီမှုတစ်ခု ရရှိပြီးနောက်... တားမြစ်နယ်မြေ အသီးသီးမှ ရှေးဟောင်းအရှင်သခင်များအားလုံးသည် အိပ်စက်ခြင်းသို့... ပြန်လည် ဝင်ရောက်သွားကြတော့သည်။

‎

‎

‎…………

‎

‎

‎ထျန်းချိုကြယ်.....

‎

‎

‎“ အဲ့ဒီ အဆုံးမဲ့ဧကရာဇ်မျိုးနွယ်တွေ ဘယ်မှာလဲ... ဧကရာဇ်မဟာမိတ်အဖွဲ့ မဟာဧကရာဇ်တွေ ဘယ်မှာလဲ... ဘာလို့ သူတို့ အခုထိ ဆင်းမလာသေးတာလဲ... သူတို့ ငါ့ရဲ့ ထျန်းချိုကြယ်ကို စွန့်ပစ်လိုက်ကြပြီလား ”

‎

‎

‎ပေါင်းစည်းခြင်းလမ်းစဉ်ဂိုဏ်းချုပ်ကြီးသည် သူ၏ တပည့်များအားလုံး ကြေကွဲဖွယ် သေဆုံးသွားသည်ကို ကြည့်ရင်း... ကောင်းကင်နှင့်မြေကြီးကို သွေးများ စိမ့်ဝင်ပျံ့နှံ့နေသည်ကို မြင်နေရကာ... သူ၏မျက်လုံးများမှာ သွေးမျက်ရည်များဖြင့် ပြည့်နှက်နေပြီး မျှော်လင့်ချက်မဲ့စွာ ဟိန်းဟောက်လိုက်သည်။

‎

‎

‎နတ်ဆိုးနယ်မြေ ကျူးကျော်မှု၏ ပထမဆုံး အခိုက်အတန့်တွင်... သူတို့သည် အဆုံးမဲ့ဧကရာဇ်မျိုးနွယ်များထံ အကူအညီ တောင်းခံခဲ့ပြီး ဖြစ်သည်။

‎

‎

‎သို့သော် ယခုအချိန်အထိ... မည်သည့် အားဖြည့်တပ်မျှ ပေါ်မလာသေးပေ။

‎

‎

‎နှစ်သောင်းပေါင်းများစွာကြာအောင်... ဧကရာဇ်မဟာမိတ်နှင့် အဆုံးမဲ့ဧကရာဇ်မျိုးနွယ်များသည် နတ်ဆိုးနယ်မြေ ကျူးကျော်မှုကို အမြဲတမ်း ခုခံတွန်းလှန်နေခဲ့ကြသည်ဟု သူတို့ ပြောခဲ့သည် မဟုတ်ပါလော။

‎

‎

‎ယခု... နတ်ဆိုးနယ်မြေ ကျူးကျော်မှုသည် ထျန်းချိုကြယ်ပေါ်ရှိ သက်ရှိအားလုံးနီးပါးကို သတ်ဖြတ်လုနီးပါး ဖြစ်နေပြီ။

‎

‎

‎

‎ထို အဆုံးမဲ့ဧကရာဇ်မျိုးနွယ်များ... ထို ဧကရာဇ်မဟာမိတ်အဖွဲ့မှ မဟာဧကရာဇ်များ ဘယ်မှာလဲ။

‎

All Chapters