အခန်း (၁၀၁-၁၀၂)
Vol. 8 Ch. 101-102
အခန်း(၁၀၁) - ဧကရာဇ်တပိုင်းအဆင့်အား သတ်ဖြတ်ခြင်း၊ အားလုံးမှာ ပုရွက်ဆိတ်များသာ၊ အဆုံးမဲ့ကမ္ဘာအား ကျူးကျော်ခြင်း
ခရမ်းရောင်ဝတ်ရုံဝတ်ဆင်ထားသောဧကရာဇ်တပိုင်းအဆင့်ပုဂ္ဂိုလ်၏ မျက်ဝန်းများမှာ တောက်ပသွားခဲ့ပြီး... သူသည် တစ်ခဏမျှ အမြင်မှားယွင်းနေခြင်း ဖြစ်သည်ဟူ၍ပင် ထင်မြင်မိလိုက်လေသည်။
ထို ကြောက်မက်ဖွယ်ကောင်းပြီး နတ်ဆိုးဆန်လှသော ပုံရိပ်များမှာ အဘယ်သူများ ဖြစ်ကြသနည်း။
ဒဏ္ဍာရီလာ နတ်ဆိုးနယ်မြေ တပ်မတော်ကြီး ဖြစ်နိုင်ပါမည်လော.....
ခရမ်းရောင်ဝတ်ရုံဝတ်ဆင်ထားသော ဧကရာဇ်တပိုင်းအဆင့်ပုဂ္ဂိုလ်သည် နားမလည်နိုင်အောင် ဖြစ်သွားခဲ့ပြီး... သူ၏ သတိပေးမှုအပြီးတွင် နတ်ဆိုးနယ်မြေ တပ်မတော်ကြီး၏ မြင်ကွင်းအား တွေ့မြင်လိုက်ရသော... အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် ဧကရာဇ်တပိုင်းအဆင့် အဖော်ဖြစ်သူမှာလည်း တစ်ချိန်တည်းပင် မှင်သက်သွားခဲ့ရလေသည်။
“ ဒါ… ဒါက ဒဏ္ဍာရီထဲက နတ်ဆိုးစစ်သည်တွေလား….. ”
အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသော ဧကရာဇ်တပိုင်းအဆင့် ပုဂ္ဂိုလ်၏ အသံမှာ တုန်ယင်လျက် ရှိနေခဲ့သည်။
ဤအဆုံးမဲ့ကမ္ဘာ၏ သာမန်သတ္တဝါများနှင့် မတူညီဘဲ... အဆုံးမဲ့ ဧကရာဇ်မျိုးနွယ်စု၏ အဖွဲ့ဝင်တစ်ဦးအနေဖြင့်... အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသော ဧကရာဇ်တပိုင်းအဆင့် ပုဂ္ဂိုလ်သည်... နတ်ဆိုးနယ်မြေ၏ တည်ရှိမှုနှင့် စိမ်းကားနေသူတစ်ဦး မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ... ဤအဆုံးမဲ့ကမ္ဘာ၏ အပြင်ဘက်တွင် တည်ဆောက်ထားသော ဟွမ်သွမ့်တာအိုစင်မြင့်မှာ... အမည်ခံအားဖြင့် နတ်ဆိုးနယ်မြေ၏ လှုပ်ရှားမှုများအား စောင့်ကြည့်ရန် ထူထောင်ထားခြင်း ဖြစ်သည်။
ဧကရာဇ်တပိုင်းအဆင့် ပုဂ္ဂိုလ်များအနေဖြင့်... အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသော ဧကရာဇ်တပိုင်းအဆင့် ပုဂ္ဂိုလ်သာမက... ခရမ်းရောင်ဝတ်ရုံဝတ်ဆင်ထားသော ဧကရာဇ်တပိုင်းအဆင့်ပုဂ္ဂိုလ်သည်လည်း... တစ်ချိန်က ထိုနေရာတွင် အလှည့်ကျ တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။
ထို့ကြောင့်... ကြီးမားကျယ်ပြန့်လှသော အဆုံးမရှိသည့် နတ်ဆိုးနယ်မြေ တပ်မတော်ကြီးအား မြင်တွေ့လိုက်ရသည်နှင့်... ဤဧကရာဇ်တပိုင်းအဆင့် ပုဂ္ဂိုလ်နှစ်ဦး၏ စိတ်ထဲသို့ ပထမဆုံး ဝင်ရောက်လာသောအရာမှာ... နတ်ဆိုးနယ်မြေ၏ တည်ရှိမှုပင် ဖြစ်သည်။
သို့သော်... သူတို့သည် ဤဖြစ်နိုင်ခြေအား ထည့်သွင်းစဉ်းစားခဲ့ကြသော်လည်း... ၎င်းအား ယုံကြည်ရန် ခက်ခဲနေကြသည်။
နတ်ဆိုးစစ်သည်... အဲ့ဒါတွေက... နတ်ဆိုးစစ်သည်တွေပဲ။
လွန်ခဲ့သော နှစ်ကိုးသောင်းက အဆုံးမဲ့ကမ္ဘာတစ်ခုလုံးအား ဟွမ်သွမ့်ပင်လယ်နှင့် ဒုက္ခဆင်းရဲများအတွင်းသို့ နစ်မြုပ်လုနီးပါး ဖြစ်စေခဲ့သော နတ်ဆိုးစစ်သည်တွေ ဖြစ်သည်။
နှစ်ကိုးသောင်းကြာအောင် အဆုံးမဲ့ကမ္ဘာသည် ငြိမ်းချမ်းလျက် ရှိခဲ့သော်လည်း... နတ်ဆိုးနယ်မြေ၏ တည်ရှိမှုသည် အဆုံးမဲ့ကမ္ဘာအပေါ်၌ အရိပ်တစ်ခုကဲ့သို့ လွှမ်းခြုံလျက် ရှိနေခဲ့သည်။
ယခုအခါ နတ်ဆိုးနယ်မြေသည် အမှန်တကယ် တိုက်ခိုက်လာပြီ ဖြစ်ရာ... ဤဧကရာဇ်တပိုင်းအဆင့် ပုဂ္ဂိုလ်နှစ်ဦးသည် မည်သို့လျှင် တုန်လှုပ်ခြင်းမရှိဘဲ နေနိုင်မည်နည်း။
“ မြန်မြန်... ဧကရာဇ်မျိုးနွယ်စုဆီ ဒီကိစ္စကို သတင်းပို့ဖို့ အမြန်ပြန်ကြစို့ ”
ခဏတာ တုန်လှုပ်မှင်သက်သွားပြီးနောက်... ခရမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားသောဧကရာဇ်တပိုင်းအဆင့်ပုဂ္ဂိုလ်သည် နောက်ဆုံးတွင် အိပ်မက်မှ လန့်နိုးလာသကဲ့သို့ ဖြစ်သွားပြီး... ဤကိစ္စအား ဧကရာဇ်မဟာမိတ်အဖွဲ့ထံ သတင်းပို့ရန် အဆုံးမဲ့ကမ္ဘာသို့ ချက်ချင်း ပြန်သွားလိုတော့သည်။
သူသည် ထိုဧကရာဇ်မဟာမိတ်အဖွဲ့ ဧကရာဇ်၏ ကံကြမ္မာအား ဂရုမစိုက်တော့ချေ။
နတ်ဆိုးနယ်မြေ၏ ကျူးကျော်မှုနှင့် နှိုင်းယှဉ်လိုက်ပါက... ထိုဧကရာဇ်မဟာမိတ်အဖွဲ့ ဧကရာဇ်၏ ကံကြမ္မာမှာ လုံးဝ အရေးမပါတော့ပေ။
“ အရမ်း နောက်ကျသွားပြီ..… ”
သို့သော် ခရမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားသောဧကရာဇ်တပိုင်းတဆင့်ပုဂ္ဂိုလ်သည် သူ၏အဖော်အား လျင်မြန်စွာ ထွက်ခွာရန် သတိပေးမည် ပြုလိုက်စဉ်မှာပင်... အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသော ဧကရာဇ်တပိုင်းအဆင့် ပုဂ္ဂိုလ်၏ အိပ်မက်ထဲမှ တီးတိုးရေရွတ်သကဲ့သို့သော အသံအား ကြားလိုက်ရလေသည်။
သူသည် အသံလာရာ လမ်းကြောင်းအတိုင်း အလိုလို ကြည့်လိုက်မိသည်။
သူ မြင်လိုက်ရသည်မှာ အဆုံးမရှိသော နတ်ဆိုးနယ်မြေ တပ်မတော်ကြီး တည်ရှိရာ ဟွမ်သွမ့်ပင်လယ်၏ နက်ရှိုင်းသောနေရာမှ ဧရာမ ဟွမ်သွမ့်လက်ဝါးကြီးတစ်ဖက်သည် ချက်ချင်းဆိုသလို သူတို့၏ ရှေ့မှောက်သို့ ဆင်းသက်လာခြင်းပင် ဖြစ်သည်။
ထိုဧရာမလက်ဝါးကြီးမှာ ရက်စက်မှုကင်းမဲ့လှပြီး... ကောင်းကင်မှ ဆင်းသက်လာကာ... ဤဧကရာဇ်မျိုးနွယ် ဧကရာဇ်တပိုင်းအဆင့် ပုဂ္ဂိုလ်နှစ်ဦးအား ထွက်ပြေးရန် အခွင့်အရေး တစ်စုံတစ်ရာ မပေးဘဲ... တစ်ခဏအတွင်းမှာပင် သူတို့နှစ်ဦးစလုံးအား အသားတစ်ပုံအဖြစ်သို့ ကြိတ်ချေပစ်လိုက်လေသည်။
ဧကရာဇ်မျိုးနွယ် ဧကရာဇ်တပိုင်းအဆင့် ပုဂ္ဂိုလ်နှစ်ဦး သေဆုံးခဲ့လေပြီ။
…
“ ရွှမ်းရှအရှင် ခင်ဗျားမှာ ချီစွမ်းအင်တွေ တော်တော်များတာပဲ ”
နတ်ဆိုးနယ်မြေ အရှင်တစ်ပါးသည် သူ၏ သွေးစွန်းနေသော လက်အား ပြန်လည်ရုပ်သိမ်းလိုက်သော ရွှမ်းရှအရှင်အား ကြည့်လိုက်ပြီး ပြုံးလျက် နောက်ပြောင်လိုက်သည်။
သူတို့သည် အဆုံးမဲ့ကမ္ဘာသို့ပင် မရောက်ရှိသေးဘဲ... ရွှမ်းရှအရှင်မှာမူ လှုပ်ရှားရန် စိတ်အားထက်သန်နေလေပြီ။
“ သူတို့က ဧကရာဇ်တပိုင်းအဆင့် နှစ်ယောက်နဲ့ တူတယ်... တာအိုမိတ်ဆွေ ရွှမ်းရှ ခင်ဗျား ခုနကသာ အရမ်းမလောခဲ့ဘူးဆိုရင်... ဒီအဆုံးမဲ့ကမ္ဘာထဲက အခြေအနေတွေအကြောင်း မေးမြန်းစုံစမ်းဖို့ သူတို့ကို ဖမ်းဆီးထားလို့ ရနိုင်လောက်တယ်... တကယ် နှမြောစရာပဲ ”
အခြား နတ်ဆိုးနယ်မြေ အရှင်တစ်ပါးက နှမြောတသဟန်ဖြင့် အနည်းငယ် ပြောဆိုလိုက်၏။
“ ဘာတွေ မေးမြန်းစုံစမ်းစရာ ရှိလို့လဲ... ဘယ်လိုပဲဖြစ်ဖြစ် ဒီတစ်ကြိမ် ဒီအဆုံးမဲ့ကမ္ဘာကို ကျူးကျော်လာတာမှာ... သူတို့ကို ငါအရှင်က အသက်ရှင်ခွင့်ပေးမှာ မဟုတ်ဘူး ”
ရွှမ်းရှအရှင်သည် သူ၏ လက်ချောင်းထိပ်မှ သွေးတစ်စအား ဖယ်ရှားလိုက်ရင်း... ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။
“ ဟီးဟီး ...ဒါလည်း ဟုတ်တာပဲ... သူတို့က နည်းနည်းပိုသန်မာတဲ့ ပုရွက်ဆိတ်နှစ်ကောင်ပါပဲ... သတ်လိုက်တော့လည်း သတ်လိုက်တာပေါ့ ”
ဤစကားများ ထွက်ပေါ်လာသည်နှင့်အမျှ အခြား နတ်ဆိုးနယ်မြေ အရှင်များအားလုံး ရယ်မောလိုက်ကြသည်။
အမှန်ပင် သူတို့သည် ဧကရာဇ်တပိုင်းအဆင့် ပုဂ္ဂိုလ်နှစ်ဦးမျှသာ ဖြစ်သည်။ သူတို့၏ မျက်လုံးထဲတွင် ၎င်းတို့အား အနည်းငယ် ပိုမို အစွမ်းထက်သော ပုရွက်ဆိတ်များအဖြစ်သာ သတ်မှတ်နိုင်ပေသည်။
ထိုဧကရာဇ်တပိုင်းအဆင့် ပုဂ္ဂိုလ်နှစ်ဦးသာမက... ဤအဆုံးမဲ့ကမ္ဘာ အတွင်းရှိ သက်ရှိသတ္တဝါအားလုံးသည် ဤနတ်ဆိုးနယ်မြေ အရှင်များ၏ မျက်လုံးများထဲတွင်... အတူတူပင် ဖြစ်သည်။အားလုံးမှာ ပုရွက်ဆိတ်များသာ ဖြစ်ကြသည်။
မည်သူကမျှ ပုရွက်ဆိတ်များ၏ အသက်ရှင်ခြင်း သို့မဟုတ် သေဆုံးခြင်းအား ဂရုစိုက်မည် မဟုတ်ပေ။
သူတို့၏ အသက်များဖြင့် ၎င်းတို့အား ပျော်ရွှင်စေနိုင်ခြင်းသည်ပင်... ကြီးမားလှသော ဂုဏ်ယူဖွယ်ရာတစ်ခု ဖြစ်နေလေပြီ။
… … … …
“ တိုက်ခိုက်ကြ...! ”
ခဏအကြာတွင် ထျန်းကျွင်းအဆင့်အရှင်၏ ဦးဆောင်မှုဖြင့်... နတ်ဆိုးနယ်မြေ အရှင်ငါးပါးနှင့် သန်းချီသော နတ်ဆိုးနယ်မြေ တပ်မတော်ကြီးသည် နောက်ဆုံးတွင်... အဆုံးမဲ့ကမ္ဘာ၏ နယ်နိမိတ်နံရံရှေ့သို့ ရောက်ရှိလာခဲ့သည်။
မည်သို့မျှ တုံ့ဆိုင်းခြင်းမရှိဘဲ... ထျန်းကျွင်းအဆင့်အရှင်သည် ပထမဆုံး လှုပ်ရှားလိုက်ပြီး... အဆုံးမဲ့ကမ္ဘာအတွင်းသို့ ခြေလှမ်းဝင်လိုက်သည်။
သူ၏နောက်တွင်... ကြောက်မက်ဖွယ် နတ်ဆိုးချီစွမ်းအင်များ ထုတ်လွှတ်လျက်ရှိသော သန်းချီသည့် နတ်ဆိုးနယ်မြေ တပ်မတော်ကြီးသည် အနီးကပ် လိုက်ပါလာခဲ့ပြီး... စီးကြောင်းတစ်ခုကဲ့သို့ အဆုံးမဲ့ကမ္ဘာအတွင်းသို့ အားလုံး တိုးဝင်သွားကြလေသည်။
“ အဆုံးမဲ့ကမ္ဘာရဲ့ စွမ်းအင်က ငါအရှင်ရဲ့ သွေးကြောထဲမှာ တုန်ခါမှုတစ်ခုကို နိုးထစေလိုက်ပြီ... ငါအရှင် စိတ်မရှည်နိုင်တော့ဘူး... စပြီးသတ်ချင်နေပြီ ”
နတ်ဆိုးနယ်မြေ အရှင်တစ်ပါးသည် သူ၏ နှုတ်ခမ်းအား လျှာဖြင့်သပ်လိုက်၏။ သူ၏ မျက်ဝန်းများမှာ ရက်စက်ကြမ်းကြုတ်ပြီး စိတ်လှုပ်ရှားနေသော အလင်းရောင်များဖြင့် တောက်ပနေသည်။
နတ်ဆိုးနယ်မြေမှ မွေးဖွားလာသော သူ၏အမြင်တွင်... ဤသည်မှာ သူ မဆင်မခြင် ပြုမူနိုင်ပြီး မည်သည့် စိုးရိမ်ကြောင့်ကြမှု သို့မဟုတ် အကျိုးဆက်အား ထည့်သွင်းစဉ်းစားရန် မလိုအပ်သော.... ကမ္ဘာတစ်ခု ဖြစ်သည်။
ဤနတ်ဆိုးနယ်မြေ အရှင်၏ နတ်ဘုရားအာရုံသည် ပျံ့နှံ့သွားပြီး.... သူသည် နယ်နိမိတ်နံရံအနီးရှိ ရှင်သန်ခြင်းရှေးဟောင်းကြယ်တစ်လုံး၏ တည်ရှိမှုအား... ခဏမျှအကြာတွင် တွေ့ရှိလိုက်သည်။
ဤရှင်သန်ခြင်းရှေးဟောင်းကြယ်သည် အလွန်တရာ ခြောက်သွေ့လျက်ရှိပြီး... အခြေအနေများမှာ ကြမ်းတမ်းလှကာ ၎င်းအပေါ်တွင် နေထိုင်သော သက်ရှိသတ္တဝါများ များများစားစား မရှိပေ။
သို့သော် ထိုသို့ဖြစ်လင့်ကစား... တိတ်ဆိတ်ငြိမ်သက်နေသော ကြယ်တာရာနယ်ပယ် အလယ်တွင် သက်ရှိများအား... ခိုလှုံခွင့်ပေးထားသော ဤရှေးဟောင်းကြယ်သည် အတောက်ပဆုံးသော တည်ရှိမှုတစ်ခု ဖြစ်နေဆဲပင်။
“ ဟက်... ”
ဤနတ်ဆိုးနယ်မြေ အရှင်သည် လှောင်ရယ်လိုက်ပြီး... သူ၏ နတ်ဘုရားအာရုံမှာ အနည်းငယ် လှုပ်ရှားသွားကာ... သူသည် ဤရှင်သန်ခြင်းရှေးဟောင်းကြယ်၏ အထက်သို့ ရောက်ရှိသွား၏။
ထို့နောက် သူသည် သူ၏ ခန္ဓာကိုယ်အတွင်းမှ နတ်ဆိုးချီစွမ်းအင်အား အသက်သွင်းလိုက်ပြီး... ချက်ချင်းဆိုသလို ကြယ်တာရာနယ်ပယ်အား ကျော်လွန်၍ မြင့်တက်သွားသော အဆုံးမရှိသည့် ခန္ဓာကိုယ်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲလိုက်ကာ... သူ၏ မျက်ဝန်းများမှာ ခံစားချက်ကင်းမဲ့လျက် သူ၏ ခြေဖဝါးအောက်ရှိ ရှင်သန်ခြင်းရှေးဟောင်းကြယ်အား အပေါ်မှ ငုံ့ကြည့်လိုက်သည်။
ဤအခိုက်အတန့်တွင် ရှေးဟောင်းကြယ်ပေါ်ရှိ ပြန့်ကျဲနေသော သက်ရှိသတ္တဝါများသည် မည်သည်တို့ ဖြစ်ပျက်နေသည်ကို နားမလည်နိုင်သော အမူအရာဖြင့် မော့ကြည့်နေကြဆဲ ဖြစ်သည်။
“ အဆုံးမရှိတဲ့ ခန္ဓာကိုယ်ကြီးပါလား... အဲ့ဒါ ဘယ်က အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်ကြီးလဲ... ပြီးတော့ ဘာလို့ သူက ဒီလို ခြောက်သွေ့တဲ့မြေပေါ်ကို ဆင်းသက်လာရတာလဲ ”
“ ဒီလောက် ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအင်တွေနဲ့ ဒီလူက... ဘာလို့ ငါတို့ အဆုံးမဲ့ကမ္ဘာက ဧကရာဇ်အဆင့် ပုဂ္ဂိုလ်တစ်ယောက်နဲ့ လုံးဝ မတူသလို ခံစားနေရတာလဲ... ”
“ ဘုရားရေ...ဒါက ဒဏ္ဍာရီလာ နတ်ဆိုးနယ်မြေက တည်ရှိမှုတစ်ခုများလား..... ”
“ နတ်ဆိုးနယ်မြေ... မဖြစ်နိုင်ပါဘူး... ငါတို့ကမ္ဘာက နှစ်ကိုးသောင်းလောက် ငြိမ်းချမ်းနေခဲ့တာ... နတ်ဆိုးနယ်မြေကို တစ်ခါမှ မမြင်ဖူးပါဘူး… ”
သူ၏ ခြေဖဝါးအောက်မှ ပုရွက်ဆိတ်များ၏ တီးတိုးစကားများအား နားထောင်ရင်း... နတ်ဆိုးနယ်မြေ အရှင်သည် အတန်ငယ် ရယ်စရာကောင်းသည်ဟု တွေးမိ၏။
ဤအဆုံးမဲ့ကမ္ဘာ၏ ပုရွက်ဆိတ်များသည် အမှန်ပင် ငြိမ်းချမ်းလျက် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ကြရသည်။ ယခု သူတို့သည် နတ်ဆိုးနယ်မြေ၏ တည်ရှိမှုအား မေ့လျော့သွားကြပြီလော။
သို့သော် နတ်ဆိုးနယ်မြေ အရှင်တစ်ပါးအနေဖြင့်... သူသည် ဤပုရွက်ဆိတ်များအား သူ၏ ဇာစ်မြစ်နှင့် မည်သူမည်ဝါ ဖြစ်ကြောင်းအား... ထုတ်ဖော်ပြောကြားရန်ပင် အလေးမထားခဲ့ပေ။
သူသည် မည်သည့်စကားလုံးကိုမျှ ပြောဆိုခြင်း မရှိခဲ့ဘဲ... အဆုံးမရှိသော ခန္ဓာကိုယ်အား ရိုးရှင်းစွာ ထိန်းချုပ်လိုက်ပြီး... ခြေတစ်ဖက်အား မြှောက်လိုက်ကာ လျင်မြန်စွာနှင့် ရက်စက်မှုကင်းမဲ့စွာ နင်းချလိုက်လေသည်။
" ဘုန်း...! "
ဤရှင်သန်ခြင်းရှေးဟောင်းကြယ်ပေါ်ရှိ များစွာသော သက်ရှိသတ္တဝါများ၏ ကြောက်လန့်တကြား အော်ဟစ်သံများ အလယ်တွင်... နတ်ဆိုးနယ်မြေ အရှင်၏ ခြေဖဝါးသည် ဆင်းသက်လာပြီး... ဤရှေးဟောင်းကြယ်အား ချက်ချင်းပင် အစအနများအဖြစ်သို့ ကြိတ်ချေပစ်လိုက်သည်။
မည်သည့် စိတ်လှုပ်ရှားဖွယ်ရာမျှ မရှိခဲ့သလို... မည်သည့် ခက်ခဲသည့် အခြေအနေမျှလည်း မရှိခဲ့ပေ။
ကြယ်တစ်လုံးမျှသာ ဖြစ်ပြီး... နတ်ဆိုးနယ်မြေ အရှင်၏ မျက်လုံးထဲတွင် တစ်ခဏအတွင်း ခြေမွှပစ်နိုင်ပေသည်။
ဤရှေးဟောင်းကြယ်ပေါ်ရှိ သက်ရှိသတ္တဝါများ၏ အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းအတွက်မူကား... ဤနတ်ဆိုးနယ်မြေ အရှင်သည် လုံးဝပင် ဂရုစိုက်မည် မဟုတ်ပေ!
“ အား..... ”
“ ဘုရားရေ... ရှေးဟောင်းကြယ်ကြီး ကွဲသွားပြီ... မဟုတ်ဘူး...! ”
ကြောက်လန့်တကြား အော်ဟစ်သံများသည် ဤရှေးဟောင်းကြယ်မှ ပဲ့တင်ထပ် ထွက်ပေါ်လာ၏။
လူများသည် ခြေဖဝါးကြီး ဆင်းသက်လာသည်အား ကူကယ်ရာမဲ့စွာ ကြည့်နေခဲ့ကြရပြီး... မြေကြီးများ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားသည်။ကောင်းကင်ကြီး ပြိုကျလာပြီး မြေပြင်မှာ နိမ့်ဆင်းသွားသည်အား ကူကယ်ရာမဲ့စွာ ကြည့်နေခဲ့ကြရသည်။ခုခံရန် မည်သည့် နည်းလမ်းမျှ မရှိဘဲ သူတို့သည် မျှော်လင့်ချက်ကင်းမဲ့စွာဖြင့်သာ ကြည့်ရှုနိုင်ပြီး... မျှော်လင့်ချက်ကင်းမဲ့စွာ သေဆုံးရန် စောင့်ဆိုင်းနေရုံသာ တတ်နိုင်သည်။
မီးတောင်များ ပေါက်ကွဲထွက်လာပြီး... မြေကြီးများ တုန်ခါလာ၏။
ရှေးဟောင်းကြယ်ကြီး စုတ်ပြဲသွားခြင်းကြောင့် ဖြစ်ပေါ်လာသော သဘာဝဘေးအန္တရာယ်များသည် ဤကြယ်ပေါ်ရှိ လူများ၏ ထက်ဝက်ကျော်အား ချက်ချင်းပင် အသက်ဆုံးရှုံးစေခဲ့သည်။
ထို့အပြင် အံ့ဩဖွယ်ရာ အသက်ရှင်ကျန်ရစ်သူများအတွက်မူ... သူတို့၏ ကံကြမ္မာသည်လည်း မယုံနိုင်လောက်အောင် ကြေကွဲဖွယ်ရာ ဖြစ်လာရန် သတ်မှတ်ခံထားရပြီးဖြစ်ကာ... မည်သည့် ကံကောင်းခြင်းမျှ ရှိတော့မည် မဟုတ်ပေ။
အခန်း(၁၀၂)- သွေးစွန်းသော အစ၊ လျစ်လျူရှုမှု၊ အကျပ်အတည်း
မိမိ၏ခြေဖဝါးအောက်ရှိ ကြေမွပျက်စီးသွားသော ရှေးဟောင်းကြယ်ကြီးများကို ငုံ့ကြည့်လျက်ရှိသည့် နတ်ဆိုးနယ်မြေရဲ့အရှင်၏ မျက်ဝန်းများထဲတွင် သနားညှာတာမှု အရိပ်အယောင်တစ်စွန်းတစ်စမျှ မရှိခဲ့ပေ။ စိတ်ခံစားချက် အနည်းငယ်မျှ လှုပ်ရှားခြင်းပင် မရှိခဲ့ချေ။
သူ့အတွက်မူ အဆုံးမဲ့ကမ္ဘာမှ သက်ရှိသတ္တဝါများ နာကျင်စွာ မြည်တမ်းအော်ဟစ်နေကြသည်ကို ကြည့်ရှုရခြင်း၊ ရုန်းကန်ရင်း မကျေမနပ်ဖြင့် သေဆုံးသွားကြသည်ကို မြင်တွေ့ရခြင်းသည် ရှားပါးလှသော ဖျော်ဖြေမှုတစ်မျိုးပင် ဖြစ်သည်။
" ပုရွက်ဆိတ်တစ်စုပဲ... မင်းတို့ရဲ့သေဆုံးခြင်းက တန်ဖိုးရှိမှာပါ "
ရှေးဟောင်းနတ်ဆိုးနယ်မြေရဲ့အရှင်သည် ခနဲ့တဲ့တဲ့ပြုံးလိုက်ပြီးနောက် သူ၏ပါးစပ်ကို ဖွင့်၍ ရှိုက်သွင်းလိုက်သည်။ ထိုရှင်သန်ခြင်း ရှေးဟောင်းကြယ်ပေါ်ရှိ သေဆုံးသွားပြီဖြစ်သော မရေမတွက်နိုင်သည့် သတ္တဝါတို့၏ အသက်များအားလုံးသည် စုစည်းစုပ်ယူခံလိုက်ရ၏။ ၎င်းတို့သည် နဂါးတစ်ကောင်အသွင်သို့ ပြောင်းလဲသွားကာ သူ၏ပါးစပ်နှင့် နှာခေါင်းပေါက်များမှတစ်ဆင့် ဝင်ရောက်သွားပြီး သူ၏မြင့်မြတ်ဝိညာဉ်နှင့် သက်တမ်းအား ပြုစုပျိုးထောင်ရန် အာဟာရအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။
အဆုံးမဲ့ကမ္ဘာ၏ နယ်စပ် ထျန်းကျောင်း ရှေးဟောင်းကြယ်.....
ဤသည်မှာ အဆုံးမဲ့ကမ္ဘာ၏ အပြင်ဘက်ဒေသနှင့် ထိစပ်နေသော အတော်အတန်ကြီးမားသည့် ရှင်သန်ခြင်း ရှေးဟောင်းကြယ်တစ်လုံး ဖြစ်သည်။ ဤနေရာတွင် သက်ရှိသတ္တဝါ သန်းပေါင်းဆယ်နှင့်ချီ၍ နေထိုင်ကြပြီး ၎င်းတို့အထဲမှ အများစုမှာ လူသားမျိုးနွယ်စုများ ဖြစ်ကြသည်။
ယခုအချိန်တွင် ထျန်းကျောင်း ရှေးဟောင်းကြယ်ပေါ်ရှိ လူသားမျိုးနွယ်စုမှာ ဒေါသတကြီး ကျိန်ဆဲတိုင်းထွာနေကြဆဲဖြစ်ပြီး အနီးသို့ ချဉ်းကပ်လာနေသော အန္တရာယ်ကိုမူ လုံးဝ သတိမမူမိကြပေ။
" အမလေး... အဲဒီ ကုမိသားစု မဟာဧကရာဇ်... မဟုတ်ဘူး ကောင်းကင်ဘုံအရှင်သခင်... သူ လူသားမျိုးနွယ်ကို သစ္စာဖောက်တဲ့လုပ်ရပ်ကို ငါတို့လူသားမျိုးနွယ်ရဲ့ အရှက်တရားတိုင်မှာ သံမှိုနဲ့ ရိုက်ထားရမယ်... ဒါမှ နှစ်ထောင်ပေါင်းများစွာ ကြာသွားရင်တောင် နောင်လာနောက်သားတွေက သူ့ကို ဆက်ပြီး ရှုတ်ချနေကြမှာ "
" ဒါပေါ့... ငါတို့ဂိုဏ်းချုပ်က ဒီကိစ္စကို ဂိုဏ်းသမိုင်းမှာ မှတ်တမ်းတင်ဖို့ လူတစ်ယောက်ကို အမိန့်ပေးထားပြီးပြီ... ငါတို့ ' ပေါင်းစည်းခြင်းလမ်းစဉ် ' ဂိုဏ်း ရှိနေသေးသရွေ့... ကောင်းကင်ဘုံအရှင်သခင်ရဲ့ ညစ်ညမ်းတဲ့လုပ်ရပ်တွေကို ထာဝရ လက်ဆင့်ကမ်း ပြောသွားကြမှာ..... "
" အံ့ရော... အံ့ရော... ဂိုဏ်းချုပ်လျူက တကယ့်ကို ဖြောင့်မတ်တာပဲ... ဒါက တကယ်လုပ်သင့်တဲ့ အလုပ်ပဲ... ငါတို့လူသားမျိုးနွယ်ကို သစ္စာဖောက်တဲ့သူတွေရဲ့ ကံကြမ္မာ ဘယ်လောက်တောင် ဆိုးရွားသလဲဆိုတာ... နောင်လာနောက်သားတွေ မြင်တွေ့ရပြီး မျိုးဆက်ပေါင်းတစ်သောင်း ရှုတ်ချခံရအောင်လို့..... "
" ဟက်... ငါတို့ ' နက်ဗလာ ' ဂိုဏ်းကိုလည်း ထည့်တွက်လိုက်! ငါပြန်ရောက်တာနဲ့ ဂိုဏ်းထဲက အကြီးအကဲတွေကို ဒီကောင်းကင်ဘုံအရှင်သခင်ရဲ့အကြောင်း မှတ်တမ်းတင်ပြီး... ဖြန့်ဝေခိုင်းရမယ် "
ထျန်းကျောင်း ရှေးဟောင်းကြယ်၏ အထွတ်အထိပ် ပင်မခန်းမကြီးအတွင်း၌... မသေမျိုးဂိုဏ်းပေါင်းစုံမှ ဂိုဏ်းချုပ်များသည် ထိုင်နေကြကာ... ကုချန်အား ဒေါသတကြီး ထုတ်ဖော်ရှုတ်ချနေကြသည်။
ဂိုဏ်းချုပ်အများအပြား သဘောတူညီမှုတစ်ခု ရရှိသွားသည့်အခိုက်တွင်... တပည့်တစ်ဦးသည် အပြင်မှ အခန်းမတွင်းသို့ ရုတ်တရက် ပြေးဝင်လာပြီး... အသည်းအသန် သတင်းပို့လေသည်။
" ဂိုဏ်းချုပ်တို့...မကောင်းတော့ဘူး... မကောင်းတော့ဘူး..... "
" ဘာဖြစ်လာတာလဲ...ဘာလို့ ဒီလောက်တောင် အကြောက်အလန့်ဖြစ်နေရတာလဲ..... "
' ပေါင်းစည်းခြင်းလမ်းစဉ် ' ဂိုဏ်းမှ ဂိုဏ်းချုပ်လျူသည် မျက်မှောင်ကြုတ်လိုက်ပြီး... သူ၏တပည့်အား ကြည့်လိုက်ကာ... ထိုသူ့အား ဆူပူကြိမ်းမောင်းရန် ဟန်ပြင်လိုက်သည်။
သို့သော် နောက်တစ်ခဏ၌ပင်... အလွန်အမင်းဖိစီးနိုင်သော နတ်ဆိုးချီစွမ်းအင်တစ်ခု ကျဆင်းလာရာ... ခန်းမအတွင်းရှိ ဂိုဏ်းချုပ်အများအပြားမှာ ချက်ချင်းပင် ကြက်သေသေသွားကြသည်။
သူတို့သည် ပင်မခန်းမမှ အလိုအလျောက် ထွက်ခွာလာခဲ့ကြပြီး... နတ်ဆိုးချီစွမ်းအင် ထွက်ပေါ်လာရာ အရပ်သို့ ကြည့်လိုက်ကြသည်။
အဆုံးမဲ့ကောင်းကင်၏ အစွန်းတစ်ဖက်တွင် အမှောင်ထုဖုံးလွှမ်းနေသော... အရာအားလုံးကို ကြိတ်ချေဖျက်ဆီးနိုင်သည့် ဧရာမလှိုင်းလုံးကြီးတစ်ခုသည် ကမ္ဘာကြီးတစ်ခုလုံးကို အဝေးမှ တိုက်စားလာနေသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။ ၎င်းသည် လမ်းတစ်လျှောက်ရှိ အရာအားလုံးကို ကြိတ်ချေဖျက်ဆီးလျက်ရှိ၏။
အဲ့ဒါက ဘာလဲ.....
ဂိုဏ်းချုပ်အများအပြားမှာ အလွန်တရာ တုန်လှုပ်ခြောက်ခြားသွားပြီး... စကားတစ်ခွန်းမျှ မဆိုနိုင်ဘဲ ဖြစ်သွားကြသည်။
၎င်းသည် အနက်ရောင် ဧရာမလှိုင်းလုံးကြီးတစ်ခု မည်သို့ဖြစ်နိုင်မည်နည်း... ဤသည်မှာ တဟုန်ထိုးတက်လာသော နတ်ဆိုးမြူခိုးများဖြင့် ဖုံးလွှမ်းနေသည့်... မရေမတွက်နိုင်သော ကြမ်းတမ်းကြောက်မက်ဖွယ် နတ်ဆိုးမိစ္ဆာများသာ ဖြစ်၏။
ဤမသေမျိုးဂိုဏ်းချုပ်များသည် ကမ္ဘာကြီး၏ အစွန်းအဖျားဆီမှ မျှော်လင့်ချက်ကင်းမဲ့စွာ အော်ဟစ်ငိုယိုသံများနှင့် ကြောက်လန့်တကြား အော်ဟစ်သံများကို ကြားနေရသည်။
" ကယ်ကြပါ...ကယ်ကြပါ...တစ်ယောက်ယောက် ကျွန်တော့်ကို ကယ်တင်ကြပါ..... "
" ဒီနတ်ဆိုးတွေက တကယ် ကြောက်စရာကောင်းလိုက်တာ... ဧကရာဇ်မျိုးနွယ်တွေကို အကူအညီတောင်းခံပါတယ် "
" ဧကရာဇ်မဟာမိတ်အဖွဲ့က မဟာဧကရာဇ်တွေ ဘယ်ရောက်နေကြတာလဲ... ကျေးဇူးပြုပြီး ဒီနတ်ဆိုးမိစ္ဆာတွေကို သတ်ဖြတ်ပေးကြပါ! "
" ဟင့်အင်း...မလုပ်ကြပါနဲ့! "
ပြတ်တောင်းပြတ်တောင်း ကြားလိုက်ရသော နာကျင်စွာ အော်ဟစ်ငိုယိုသံများကြောင့် ဤမသေမျိုးဂိုဏ်းချုပ်များ၏ မျက်နှာများမှာ ချက်ချင်းပင် ဖြူဖျော့သွားခဲ့သည်။
ဘာတွေဖြစ်ကုန်တာလဲ.....
ထိုအဆုံးအစမရှိသော နတ်ဆိုးမိစ္ဆာများသည်... ဒဏ္ဍာရီလာ နတ်ဆိုးနယ်မြေမှ သတ္တဝါတွေများလား.....
" မြန်မြန်သွားကြ...ဧကရာဇ်မျိုးနွယ်တွေဆီက အကူအညီ သွားတောင်း..... "
မသေမျိုးဂိုဏ်းချုပ်တစ်ဦးသည် ပထမဆုံး သတိပြန်လည်ဝင်ရောက်လာပြီး... သူ၏မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားကာ... အဆုံးမဲ့ကမ္ဘာ ဧကရာဇ်မျိုးနွယ်စုများထံမှ အကူအညီရယူနိုင်မည့် နည်းလမ်းကို အလျင်အမြန် စဉ်းစားလိုက်သည်။
အခြားသော မသေမျိုးဂိုဏ်းချုပ်များကလည်း အလားတူ တုံ့ပြန်မှုများ ရှိကြသည်။
နတ်ဆိုးနယ်မြေ တပ်မတော်ဟု သံသယရှိရသော ဤတပ်ဖွဲ့အား ရင်ဆိုင်ရာတွင်... အဆုံးမဲ့ကမ္ဘာ ဧကရာဇ်မျိုးနွယ်စုများသာလျှင်... ၎င်းတို့အား ခုခံတွန်းလှန်နိုင်မည် ဖြစ်ကြောင်း သူတို့ သိရှိကြသည်။
...
အဆုံးမဲ့ကမ္ဘာ... အထက်ကောင်းကင်ဘုံတားမြစ်နယ်မြေအတွင်းတွင်.....
အထက်ကောင်းကင် ပင်မခန်းမအတွင်း၌... ကုချန်သည် ခေါင်းတလားအဖုံးပေါ်တွင် အေးအေးဆေးဆေး သက်တောင့်သက်သာ ထိုင်နေပြီး... မသေမျိုး တာအိုအစီအရင်များအတွင်းမှ လျှို့ဝှက်ချက်များကို သဘောပေါက်နားလည်ရန် ကြိုးပမ်းလျက်ရှိသည်။
အချိန်အခိုက်အတန့်တစ်ခုတွင်... သူသည် တစ်စုံတစ်ခုကို ခံစားမိလိုက်ဟန်တူကာ... ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး... အဝေးသို့ လှမ်းမျှော်ကြည့်လိုက်သည်။ သူ၏အကြည့်သည် အဆုံးမဲ့ကမ္ဘာကြီးကို ဖြတ်ကျော်သွားပြီး... အဆုံးမဲ့ကမ္ဘာ စကြဝဠာ၏ နက်ရှိုင်းရာအရပ်ဆီသို့ ကြည့်ရှုနေဟန်ရှိသည်။
" နောက်ဆုံးတော့... သူတို့ ရောက်လာကြပြီပဲ..... "
ကုချန်သည် တိုးညှင်းစွာ ရေရွတ်လိုက်ပြီး... သူ၏အသံထဲတွင် ရှုပ်ထွေးသော ခံစားမှုအရိပ်အယောင်တစ်ခု ပါဝင်နေ၏။
သူသည် ဧကရာဇ်အဆင့်အထွက်အထိပ်၌ ရှိနေပြီး... သူ၏ မြင့်မြတ်အသိစိတ်သည် စကြဝဠာတစ်ခုလုံးကို ဖုံးလွှမ်းထားနိုင်စွမ်းရှိသည်။
နတ်ဆိုးနယ်မြေ တပ်မတော်သည် အဆုံးမဲ့ကမ္ဘာအတွင်းသို့ ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက်... ၎င်းတို့၏ မဖုံးကွယ်ထားသော အငွေ့အသက်များက ကုချန်အား ချက်ချင်းပင် သတိပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။
သူ ဧကရာဇ်ဂိတ်ကို စွန့်ခွာလိုက်ပြီးနောက်... ထိုနတ်ဆိုးနယ်မြေမှ မိစ္ဆာများသည် ဧကရာဇ်ဂိတ်ကို နောက်ပိုင်းတွင် ဖောက်ထွက်လာပြီး... အဆုံးမဲ့ကမ္ဘာအား ကျူးကျော်ဝင်ရောက်လာကြလိမ့်မည်ကို သူ သိရှိထားပြီး ဖြစ်သော်လည်း.....
ကုချန်သည် ဤနေ့ရက် ဤမျှ လျင်မြန်စွာ ရောက်ရှိလာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
သို့သော်.....
ကုချန်သည် အဝေးသို့ လှမ်းမျှော်ကြည့်လိုက်သည်။ ထျန်းကျောင်း ရှေးဟောင်းကြယ်ပေါ်ရှိ သက်ရှိသတ္တဝါအများအပြားသည် နတ်ဆိုးနယ်မြေ တပ်မတော်၏လက်အောက်တွင် သွေးပင်လယ်ငရဲအတွင်းသို့ ကျရောက်နေကြသည့် ကြောက်မက်ဖွယ်မြင်ကွင်းကို မြင်နေရဟန်ရှိသော်လည်း သူ၏အကြည့်များမှာမူ အနည်းငယ်မျှပင် လှုပ်ရှားပြောင်းလဲသွားခြင်း မရှိခဲ့ပေ။
အကယ်၍ လွန်ခဲ့သော နှစ်ပေါင်းကိုးသောင်းကသာ ဖြစ်ခဲ့ပါလျှင်... သူသည် ဤအဖြစ်အပျက်အားလုံးကို ဤသို့ လက်ပိုက်ကြည့်နေမည် မဟုတ်သည်မှာ သေချာပါသည်။ အဆုံးမဲ့ကမ္ဘာ၏ လူသားမျိုးနွယ်စုများ ဒုက္ခရောက်နေပါက... လူသားမျိုးနွယ်စု၏ မဟာဧကရာဇ်တစ်ပါးအနေဖြင့်... သူသည် မည်သည့်အရာမျှ မလုပ်ဘဲ ရပ်ကြည့်နေနိုင်မည်နည်း။
သို့သော် ယခုမူ အရာအားလုံး ပြောင်းလဲသွားခဲ့ချေပြီ။
ကုချန်၏ နှလုံးသားသည် အေးစက်သွားသည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။
ဤအဆုံးမဲ့ကမ္ဘာမှ သက်ရှိသတ္တဝါများသည် ကယ်တင်ခြင်းနှင့် မထိုက်တန်ကြတော့ပေ။
သူ၏အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး... ကုချန်သည် ခေါင်းတလားအဖုံးပေါ်တွင် ကမ္ပည်းထိုးထားသော မသေမျိုး တာအိုအစီအရင်များ၏ လျှို့ဝှက်ချက်များကို လေ့လာခြင်း၌... ဆက်လက် နှစ်မြှုပ်ထားလိုက်သည်။
မမြင်လျှင်... စိတ်မပူပေ။
နတ်ဆိုးနယ်မြေက ကျူးကျော်လာတာလား... ဖြစ်ချင်ရာသာဖြစ်.....
ဤနတ်ဆိုးနယ်မြေမှ သတ္တဝါများသည် သူ့အား လာရောက် ရန်ရှာရန် မမိုက်မဲကြသရွေ့... ကုချန်သည်လည်း ၎င်းတို့အား ဂရုစိုက်နေရန်... စိတ်ဝင်စားမှု ရှိမည်မဟုတ်ပေ။
ထိုနတ်ဆိုးနယ်မြေမှ သတ္တဝါများနှင့် နှိုင်းယှဉ်ပါက... ဤခေါင်းတလားအဖုံးပေါ်ရှိ မသေမျိုး တာအိုအစီအရင်များကို လေ့လာခြင်းက... များစွာ ပို၍ အရေးကြီးလှသည်။
...
အဆုံးမဲ့ကမ္ဘာအတွင်းရှိ လျှို့ဝှက်ဆန်းကြယ်သော နေရာတစ်ခု၌.....
ထျန်းကျောင်း ရှေးဟောင်းကြယ်ပေါ်ရှိ မသေမျိုးဂိုဏ်းပေါင်းစုံမှ လျှို့ဝှက်နည်းလမ်းများဖြင့်... အဆုံးမဲ့ကမ္ဘာ၏ ဧကရာဇ်မျိုးနွယ်စုများထံသို့ အကူအညီတောင်းခံကြသောအခါ.....
သတင်းရရှိကြသော ဧကရာဇ်မျိုးနွယ် အသီးသီးသည်လည်း ပေါ့ဆရဲခြင်း မရှိကြဘဲ... ဤသတင်းကို ဧကရာဇ်မဟာမိတ်အဖွဲ့ထံသို့ အလျင်အမြန် သတင်းပို့ကြသည်။
ထို့ကြောင့် ဧကရာဇ်များ၏ ခန်းမဆောင်အတွင်း၌ ပုံရိပ်များ တစ်ခုပြီးတစ်ခု အလျင်အမြန် ပေါ်ထွက်လာကြသည်။
၎င်းတို့မှာ ခရမ်းရောင်ဝတ်ရုံဝတ် မဟာဧကရီ၊ နဂါးရင်းမြစ် မဟာဧကရာဇ်နှင့် မို့တိမဟာဧကရာဇ် တို့ပင် ဖြစ်ကြသည်။
" နတ်ဆိုးစစ်သည်တွေ ရောက်လာပြီ "
ခရမ်းရောင်ဝတ်ရုံဝတ် မဟာဧကရီက ပြောလိုက်သည်။ သူ၏မျက်နှာပေါ်တွင် ကြောက်ရွံ့မှု အရိပ်အယောင်အချို့ ထင်ဟပ်နေ၏။
သူ ဧကရာဇ်ဂိတ်မှ ပြန်လည်ရောက်ရှိလာပြီး... ရက်အနည်းငယ်မျှသာ ကြာမြင့်သေးချိန်တွင်... နတ်ဆိုးနယ်မြေ တပ်မတော်သည် အခြေအနေကို အသာစီးရယူကာ... ဤမျှ လျင်မြန်စွာ တဟုန်ထိုး ဝင်ရောက်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
" ငါကိုယ်တော် သိပြီးသား "
မို့တိ၏အသံမှာ ခံစားချက်ကင်းမဲ့စွာ အေးစက်လျက်ရှိသည်။ သူ၏ခန္ဓာကိုယ်အား ဟွမ်သွမ့်မြူခိုးများဖြင့် ဖုံးလွှမ်းထားသဖြင့် သူ၏မျက်နှာအမူအရာမှာ မည်သည့်ကို တွေးတောနေသည်ကို ခွဲခြားသိမြင်ရန် ခက်ခဲလှသည်။
" သိနေတော့ရော ဘာကောင်းကျိုး ရှိမှာမို့လို့လဲ..... "
ခရမ်းရောင်ဝတ်ရုံဝတ် မဟာဧကရီ၏ အသံသည် ပုံမှန်ထက် အနည်းငယ် မြင့်တက်သွားပြီး... အတော်ပင် စိတ်အနှောင့်အယှက်ဖြစ်နေဟန်တူ၏။
" အခု တကယ် ဆိုးရွားကုန်ပြီ... အစကသာ နတ်ဆိုးနယ်မြေ ကျူးကျော်မှုဖြစ်ခဲ့ရင်... ကုချန်က သူတို့ကို တားဆီးဖို့ ဝင်ရောက်စွက်ဖက်နိုင်သေးတယ်.....
ဒါပေမဲ့ အခုတော့... တာအိုမိတ်ဆွေ ယွမ်ကျွင်းက အသက်ရှင်လား သေလား မသေချာရုံတင်မကဘူး... ကုချန်ကလည်း အဆုံးမဲ့ကမ္ဘာရဲ့ သစ္စာဖောက်အဖြစ် စွပ်စွဲခံထားရပြီ။ ဒီအခြေအနေမှာ... ကုချန်က ဒီအဆုံးမဲ့ကမ္ဘာက သက်ရှိသတ္တဝါတွေအတွက် လုံးဝ ဝင်ရောက်လှုပ်ရှားပေးတော့မှာ မဟုတ်ဘူး "
ခရမ်းရောင်ဝတ်ရုံဝတ် မဟာဧကရီသည် မိုက်မဲနေဦးတောင်မှ ဤအခြေအနေတွင်... ကုချန်အား နတ်ဆိုးမျိုးနွယ်စုကို တိုက်ခိုက်စေလိုခြင်းသည် လုံးဝမဖြစ်နိုင်တော့ကြောင်း သဘောပေါက်၏။
အကယ်၍ ကုချန်သာ မလှုပ်ရှားခဲ့ပါလျှင်... ဧကရာဇ်မဟာမိတ်အဖွဲ့မှ မဟာဧကရာဇ်များဖြစ်ကြသော သူတို့သည် တကယ်ပင် တာဝန်ယူ ရင်ဆိုင်ရတော့မည်လော.....
ဧကရာဇ်ဂိတ် မတိုင်မီ သူ ကြုံတွေ့ခဲ့ရသည့် အရာအားလုံးသည် သူ၏မှတ်ဉာဏ်ထဲတွင် ထင်ရှားစွာ ရှိနေဆဲဖြစ်သည်။
သို့သော် သူတို့ မလှုပ်ရှားဘဲ နေရမည်ဆိုပါက... ထိုနတ်ဆိုးနယ်မြေမှ သတ္တဝါများအား အဆုံးမဲ့ကမ္ဘာကို ချေမှုန်းဖျက်ဆီးခွင့် ပြုလိုက်ရမည်လော.....
ထို့အပြင် အသိုက်ပျက်လျှင် မည်သည့်ဥမျှ လွတ်မည်မဟုတ်ပေ။
ထိုနတ်ဆိုးနယ်မြေမှ သတ္တဝါများ၏ ပန်းတိုင်မှာ... အဆုံးမဲ့ကမ္ဘာတစ်ခုလုံးကို ချေမှုန်းဖျက်ဆီးရန်ဖြစ်ပြီး... ဧကရာဇ်အဆင့် ကျင့်ကြံသူများဖြစ်ကြသော သူတို့သည်လည်း... ၎င်းတို့၏ ပစ်မှတ်များထဲတွင် ပါဝင်နေကြသည်။
တိုက်ခိုက်လျှင်လည်း မနိုင်နိုင်ပေ။
ထွက်ပြေးလျှင်လည်း လွတ်မြောက်နိုင်မည် မဟုတ်ပေ။
အသေခံ တိုက်ခိုက်ရမည်။သို့မဟုတ် သေဆုံးရန် စောင့်ဆိုင်းနေရမည်။
ဤအခိုက်အတန့်တွင် ခရမ်းရောင်ဝတ်ရုံဝတ် မဟာဧကရီသည် ရှေ့တိုးမရ နောက်ဆုတ်မရ အကျပ်အတည်းဟူသော အဓိပ္ပာယ်ကို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်သွားခဲ့တော့သည်။