← Chapters

ညီအစ်ကိုတို့... သတ်ကြစမ်း

Vol. 14 Ch. 131

ညီအစ်ကိုတို့... သတ်ကြစမ်း

Vol. 14 Ch. 131

သူ့နောက်ကလူအုပ်ကြီးမှာ ဆွံ့အသွား၏။ ဝူရုန်၊ ရှုကျိနှင့် ကျန်သည့်လူနှစ်သောင်းလုံးသည် ဘိုးဘေးကြီး၏ကျောပြင်ကိုကြည့်ကာ မှင်သက်နေကြရသည်။

ရင်ခုန်စိတ်လှုပ်ရှားမှုနှင့် ဂုဏ်ယူဝင့်ကြွားမှုများ ပျောက်ကွယ်သွားပြီးနောက် ကြောက်ရွံ့မှုနှင့် ဝေခွဲမရမှုများက အစားထိုးဝင်ရောက်လာသည်။

ဘာတွေဖြစ်ကုန်တာလဲ... ငါတို့ ဘာတွေလုပ်မိလိုက်တာလဲ... အောက်ကညီအစ်ကိုတပည့်တွေနဲ့ အကြီးအကဲတွေကို ငါတို့လက်နဲ့ကိုယ်တိုင်သတ်ပစ်လိုက်တာလား...

သူတို့ခေါင်းထဲမှာ မေးခွန်းပေါင်းသောင်းခြောက်ထောင်ထွက်ပေါ်နေပြီး အတွေးအခေါ်တွေပင် ရပ်တန့်လုနီးပါးဖြစ်နေ၏။ ဤဘိုးဘေးကြီးသာ အလွန်အမင်းရိုသေခံရသူမဟုတ်ပါက သူတို့သည် ဓားကိုလည်ပင်းမှာထောက်ပြီး အော်ဟစ်မေးမြန်းချင်နေကြပြီဖြစ်သည်။

ဘာလို့လဲ... ဒါက အစွမ်းစစ်ဆေးတာဆို... အရှင်ရှိနေလို့ စိတ်ချလက်ချ တိုက်ခိုက်လို့ရတယ်ဆို... အခုတော့ ဘာလို့ဒီလိုဖြစ်သွားရတာလဲ...

သို့သော် သူတို့တွင် မေးမြန်းခွင့်ရတော့မည်မဟုတ်။

"ဘယ်သူလဲ"

"ခွေးမသားတွေ"

"ပြင်ပရန်သူတွေ ကျူးကျော်လာပြီ"

ပင်မနန်းဆောင်အတွင်းရှိ အမာခံအကြီးအကဲ ၅၀ ခန့်မှာ အသက်ရှင်နေကြဆဲ။ သူတို့တွင် သူတော်စင်အဆင့် ပညာရှင်သုံးဦး ရှိနေသည်မဟုတ်ပါလား။ အစုလိုက်အပြုံလိုက်တိုက်ခိုက်မှုမှာ ရုတ်တရက်ဖြစ်သော်လည်း သူတို့တားဆီးနိုင်ခဲ့ကြသည်။ သို့သော် အပြင်ဘက်ရှိ တပည့်များအားလုံးကို ကာကွယ်ပေးရန်အချိန်မမီခဲ့ပေ။

ယခုအခါ ပင်မတောင်ထိပ်တွင် ဤနန်းဆောင်တစ်ခုသာကျန်ရှိတော့ပြီး ကျန်သည့်အရာအားလုံး ပြာအဖြစ်ပြောင်းလဲသွားချေပြီ။ ဂိုဏ်းချုပ် အရှင်မြတ်ကျင့်ယွမ်သည် ပျက်စီးနေသော နန်းဆောင်ထဲမှ ပထမဆုံးပြေးထွက်လာပြီး သူ၏ သူတော်စင်အဆင့် နယ်ပယ်ကို မိုင်ပေါင်းထောင်ချီ ဖြန့်ကြက်လိုက်သည်။

ကျန်ရှိသော အကြီးအကဲ ၅၀ ခန့်မှာလည်း ဒေါသနှင့် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော မျက်လုံးများဖြင့် ထွက်ပေါ်လာကြသည်။ သူတို့အားလုံးမှာ တာအိုနန်းတော်အဆင့် ၉ အထွတ်အထိပ်တွင် ရှိနေကြသူများဖြစ်သဖြင့် လူနှစ်သောင်း၏အစွမ်းထက် မနိမ့်ပါချေ။

ထို့နောက် အရှင်မြတ်ကျင့်ဟွမ်းနှင့် အဆင့်မြင့်အကြီးအကဲ အရှင်မြတ်ယွီချူတို့လည်း သူတို့၏နယ်ပယ်များကို ထုတ်လွှတ်လိုက်ကြပြီး ကောင်းကင်ယံရှိရန်သူများကို ပိတ်လှောင်လိုက်ကြ၏။ သူတို့အားလုံးမှာ ရူးမတတ်နာကျင်ခံစားနေရပြီး ရန်ငြိုးများမှာ အထွတ်အထိပ်သို့ ရောက်နေသည်။

ဂိုဏ်း၏အဆင့်မြင့်ခေါင်းဆောင်များ အသက်ရှင်နေသော်လည်း တပည့်ပေါင်းခုနစ်သောင်းကျော်နှင့် ပါရမီရှင်လူငယ်များစွာ ဆုံးရှုံးသွားရပြီဖြစ်သည်။ ဤဂိုဏ်းတွင် အနာဂတ်မရှိတော့ပေ။

သူတို့ ဘယ်လိုလုပ် စိတ်မပျက်ဘဲနေနိုင်ပါမည်နည်း။ သို့သော် အပြင်ထွက်ကြည့်လိုက်သောအခါ သူတို့မှင်သက်သွားရပြန်သည်။ ရှေ့ကလူအများစုမှာ သူတို့၏ကိုယ်ပိုင်တပည့်များ ဖြစ်နေကြသည်မဟုတ်ပါလား။

ဝူရုန်နှင့် ရှုကျိတို့မှာ ဂိုဏ်းချုပ်နှင့် အကြီးအကဲများ၏ သတ်ဖြတ်လိုစိတ်ကိုမြင်သောအခါ ကြောက်လန့်တကြား ဖြစ်ကုန်ကြသည်။ သူတို့ ရှင်းပြရန်ပြင်လိုက်စဉ်မှာပင် ဟိန်းဟောက်သံကြီးတစ်ခုက ကြားဖြတ်ထွက်ပေါ်လာသည်။

"မင်းကဘယ်သူလဲ"

အရှင်မြတ်ကျင့်ဟွမ်းက ကျန်းချန်ကိုလက်ညှိုးထိုးရင်း အံသြဒေါသဖြစ်စွာ အော်ဟစ်လိုက်သည်။ ဤလူက သူ့ပုံစံနှင့် လုံးဝတူနေရုံသာမက သူတော်စင်အဆင့်အရှိန်အဝါပင် ထပ်တူကျနေသည်။ ဤရုပ်ဖျက်အတတ်မှာ နတ်ဘုရားများပင် မသိနိုင်လောက်အောင် အစွမ်းထက်၏။

"ငါ ဘယ်သူလဲဟုတ်လား။ ငါက မင်းတို့ရဲ့ဘိုးဘေးကြီးပဲလေ"

ကျန်းချန်က ဟန်ဆောင်မှုပြီးဆုံးတော့မည်ကိုသိသဖြင့် တစ်ဖက်လူကို စကားပြောခွင့်မပေးဘဲ သူ့နောက်က လူနှစ်သောင်းကိုအမိန့်ပေးလိုက်သည်။

"နှလုံးသားဌာနက ညီအစ်ကိုမောင်နှမတို့... ရန်သူကရှေ့မှာပဲ... ဟန်ဆောင်နေစရာမလိုတော့ဘူး... သတ်ကြစမ်း"

ဝူရုန်နှင့် ရှုကျိတို့မှာ ယခုမှ အမှန်တရားကိုသိလိုက်ရသည်။ ဤလူမှာ အတုဖြစ်နေ၏...

သူတို့သည် လူလိမ်တစ်ယောက်၏အမိန့်အောက်တွင် မိမိတို့ဂိုဏ်းသားအချင်းချင်းကို သတ်မိခဲ့ကြလေပြီ။ သူတို့ နောင်တနှင့် မုန်းတီးမှုများ ပြည့်နှက်သွားပြီး ကျန်းချန်ကို အပိုင်းပိုင်းဖြတ်ပစ်ချင်နေကြပြီဖြစ်သဖြင့် အမိန့်ကိုနာခံရန် မဖြစ်နိုင်တော့ပေ။

သို့သော် သူတို့မလှုပ်ရှားမီမှာပင် ကျန်းချန်ကဦးဆောင်၍ ပြေးဝင်တိုက်ခိုက်လိုက်သည်။ သူက နှလုံးသားဌာနစစ်တပ်ကို ဦးဆောင်နေသကဲ့သို့ပင်။

ဤမြင်ကွင်းကိုမြင်သောအခါ အရှင်မြတ်ကျင့်ယွမ်၊ ကျင့်ဟွမ်းနှင့် ယွီချူတို့ သုံးဦးစလုံး ပြိုင်တူတိုက်ခိုက်လိုက်ကြသည်။ အနောက်မှ အကြီးအကဲ ၅၀ လည်း မတွန့်ဆုတ်တော့ပေ။

ကျန်းချန်သာမက ဝူရုန်နှင့် ရှုကျိတို့ပါ တိုက်ခိုက်မှုအတွင်းပါဝင်သွားသည်။ အရှင်မြတ်ကျင့်ဟွမ်းအတုရှိနေပါက ကျန်လူနှစ်သောင်းမှာလည်း အတုများသာဖြစ်ရမည်ဟု သူတို့ယူဆလိုက်၏။ ကိုယ့်အချင်းချင်းဆိုလျှင် ဤမျှအထိရက်စက်သောလုပ်ရပ်ကို လုပ်ဝံ့ပါမည်လား။

"သေစမ်း"

"ကွဲကြေစမ်း"

"ပြတ်တောက်စမ်း"

သူတော်စင်အဆင့်သုံးဦးက စကားအမိန့်တော်ကို ပြိုင်တူသုံးလိုက်ကြသည်။ ပထမစကားလုံး ထွက်လာသည်နှင့်တစ်ပြိုင်နက် လူနှစ်သောင်းထဲမှ တာအိုနန်းတော်အဆင့်အောက်ရှိ ကျင့်ကြံသူအားလုံး ချက်ချင်းသေဆုံးသွား၏။ ကျင့်စဉ်အဆင့်ကွာခြားမှုက အလွန်ကြီးမားလွန်းလှသည်။

တာအိုနန်းတော်အဆင့်ကျင့်ကြံသူ ရာဂဏန်းမှာလည်း အခြေအနေမကောင်းပေ။ အချို့မှာ လက်ပြတ်သွားပြီး အချို့မှာ ခန္ဓာကိုယ်၌ ဒဏ်ရာပေါင်းများစွာ ဖြစ်ပေါ်လာသည်။ ဝိညာဉ်များလည်း အကြီးအကျယ် ပျက်စီးကုန်သည်။ သူတို့၏ တာအိုနန်းတော်များကိုပင် ထုတ်ဖော်ရန်အချိန်မရဘဲ သေဆုံးကုန်ကြသည်။

ကျန်းချန်မှာ အဓိကပစ်မှတ်ဖြစ်သဖြင့် တိုက်ခိုက်မှုများ၏ ဗဟိုချက်တွင်ရှိနေသည်။ သို့သော် စကားအမိန့်တော်မှာ သူ့အပေါ် သက်ရောက်မှု အလွန်နည်းပါး၏။

သူဝတ်ဆင်ထားသောမှော်ရတနာက စိတ်ဝိညာဉ်တိုက်ခိုက်မှုများကို ကာကွယ်ပေးထားသောကြောင့်ဖြစ်သည်။ သူအဓိကခံစားရသည်မှာ သူတော်စင်အဆင့် နယ်ပယ်သုံးခု၏ ဖိအားပင်။

ဤနယ်ပယ်အတွင်းတွင် သူကျင့်သားရနေသော နိယာမများအားလုံး ပြောင်းလဲသွားပြီး ပင့်ကူအိမ်ထဲတွင် ပိတ်မိနေသကဲ့သို့ ခံစားရသည်။ သို့သော် သူ၏ကိုးရောင်ခြယ်တာအိုနန်းတော်မှာမူ အတင်းအဓမ္မရုန်းထွက်နေဆဲ။ အင်မော်တယ်အဆင့်မြစ်နှစ်စင်းမှာ ဆူပွက်နေသောရေကဲ့သို့ ဖြစ်နေပြီး နယ်ပယ်ကိုဖောက်ထွက်ရန်ကြိုးစားနေသည်။

"ဟေး... ငါက ဒီလောက်တောင်သန်မာတာလား"

ကျန်းချန် အံ့သြသွားသည်။ သူတော်စင်အဆင့်အောက်ကလူတွေဟာ ပုရွက်ဆိတ်တွေပဲလို့ သူ ကြားဖူးထားသော်လည်း သူကတော့ ချက်ချင်းသေမသွားပေ။ သို့သော် သူက သေချင်နေသည် မဟုတ်ပါလား။

သူတော်စင်အဆင့်သုံးဦးက သူ့ကိုအာရုံအပြည့်ထား၍ တိုက်ခိုက်လိုက်သောအခါ ဟင်းလင်းပြင်မှာပင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည်။ ကျန်းချန်၏ ကိုးရောင်ခြယ်တာအိုနန်းတော်မှာ တဖြည်းဖြည်းပြိုကွဲလာပြီး...

ဘုန်း

ကျန်းချန်သည် နယ်ပယ်၏ ဖိညှစ်မှုအောက်တွင် ပေါက်ကွဲ၍သေဆုံးသွား၏။ သူ သေဆုံးသွားသည်နှင့် စစ်ပွဲလည်းပြီးဆုံးသွားသည်။

"နောက်ဆုံးတော့ ဒီသူခိုးတွေကိုအမြစ်ဖြတ်နိုင်ပြီ"

"နှလုံးသားဌာနက လူယုတ်မာတွေ... ငါတို့ကိုတိုက်ဝံ့တယ်ပေါ့"

"ကြည့်ကြစမ်း... သူတို့တွေ ဘယ်သူ့ပုံစံတွေပြောင်းထားကြသလဲဆိုတာ"

All Chapters