← Chapters

အရူးအမူးအဆင့်တက်ခြင်း

Vol. 14 Ch. 133

အရူးအမူးအဆင့်တက်ခြင်း

Vol. 14 Ch. 133

အခြားတစ်ဖက်တွင်မူ ပုယွီမြင့်မြတ်နယ်မြေမှ အမာခံခေါင်းဆောင်များသည် အလွန်စိတ်လှုပ်ရှားနေကြသည်။ ပိုးစုန်းကြူးများကဲ့သို့ သေဆုံးသူများ၏ဝိညာဉ်များ တစ်နေရာတည်းသို့စုရုံးနေသည်ကိုကြည့်ပြီး ဘာဖြစ်နေမှန်းမသိကြပေ။

"သူတို့... သူတို့ ဘယ်သွားနေကြတာလဲ"

"သူတော်စင်အဆင့်အောက်ကဝိညာဉ်တွေ ဒီလိုထင်ရှားလာတာဟာ အံ့ဖွယ်ဖြစ်ရပ်ပဲ"

"သူတို့တွေမကျေမနပ်ဖြစ်လွန်းလို့ ကောင်းကင်ကြီးကသနားပြီး ဒီလိုအံ့ဖွယ်အမှုကို ဖန်ဆင်းပေးလိုက်တာဖြစ်ရမယ်"

"ကောင်းကင်က ငါတို့ ပုယွီမြင့်မြတ်နယ်မြေကို စွန့်ခွာမှာမဟုတ်ပါဘူး။ ဒါဟာ ကောင်းကင်က ငါတို့ကို နှစ်သိမ့်ပေးလိုက်တာပဲ..."

လောကီရေးရာများကို ကျွမ်းကျင်လှသော အရှင်မြတ်ယွီချူပင်လျှင် သူ၏ မှုန်ရီသောမျက်လုံးများမှ မျက်ရည်များစီးကျလာသည်။ ဤမြင်ကွင်းသည် သူတို့အတွက် အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းလှသည် မဟုတ်ပါလား။

အဆင့်မြင့်အကြီးအကဲသည် ရုတ်တရက် ထူးဆန်းသောအပြုအမူတစ်ခုကို ပြုလုပ်လိုက်၏။ သူသည် ဟင်းလင်းပြင်တွင် ဒူးထောက်လိုက်ပြီး ဝိညာဉ်များစုရုံးနေသောနေရာသို့ သုံးကြိမ်တိုင်တိုင် ဦးချလိုက်သည်။

အဆင့်မြင့်အကြီးအကဲ တစ်ယောက်အနေဖြင့် တပည့်ပေါင်းများစွာမှာ တစ်သက်လုံး သူ့ကို ဖူးတွေ့ခွင့်ပင် ရကြသည်မဟုတ်ပေ။ ယခုမူ သူက ထိုဝိညာဉ်များကို ဦးချနေခြင်းမှာ စိတ်လှုပ်ရှားမှုကြောင့်ဖြစ်သည်။

"သွားကြ... သွားကြပါတော့..."

ဂိုဏ်းချုပ် အရှင်မြတ်ကျင့်ယွမ်လည်း ဒူးထောက်လိုက်သည်။

"မင်းတို့ရဲ့ဝိညာဉ်တွေက ငါတို့ ပုယွီမြင့်မြတ်နယ်မြေကို ပြန်လည်ထွန်းတောက်လာအောင် စောင်မပေးကြပါ"

အကြီးအကဲချုပ် အရှင်မြတ်ကျင့်ဟွမ်းလည်း ဒူးထောက်လိုက်ပြန်သည်။

"ငါတို့ကို ပထမဆုံးတိုက်ပွဲမှာ အောင်ပွဲခံနိုင်အောင်၊ မင်ရှင်းမြင့်မြတ်နယ်မြေကို ချေမှုန်းနိုင်အောင်နဲ့ စုန်းမလန်ယီကို ထာဝရနှိမ်နင်းနိုင်အောင် ကူညီပေးကြပါ"

သူတို့နောက်မှ ကျန်သောအကြီးအကဲ ၅၀ ခန့်နှင့် တပည့်သုံးထောင်လုံး ဒူးထောက်လိုက်ကြသည်။ သူတို့အားလုံးသည် ကျန်းချန်၏ဝိညာဉ်ရှိရာသို့ ကြည်ညိုလေးမြတ်စွာဖြင့် ဦးချနေကြ၏။

ကံဆိုးသည်မှာ အစ်ကိုကြီးချန်သည် ယခုအချိန်တွင် ဤမြင်ကွင်းကို ကြည့်ရှုခံစားရန် အချိန်မရှိပေ။ သူသည် နာကျင်မှုနှင့် သာယာမှုကြားတွင် ရောက်ရှိနေသည်။

နာကျင်ရခြင်းမှာ ဝိညာဉ်ပေါင်းတစ်သိန်း၏ အတွေ့အကြုံများ သူ၏စိတ်ဝိညာဉ်ထဲသို့ အလုံးအရင်းနှင့် တိုးဝင်လာသောကြောင့်ဖြစ်သည်။ လူတစ်သိန်း၏ ဘဝအတွေ့အကြုံ၊ နှစ်ပေါင်းသန်းချီသော ကျင့်ကြံမှုများနှင့် နေ့စဉ်လူမှုရေးကိစ္စများမှာ အလွန်များပြား၏။ အကယ်၍ စနစ်ကသာကူညီမပေးခဲ့လျှင် ကျန်းချန်မှာ လူသုံးယောက်စာအတွေ့အကြုံနှင့်တင် ရူးသွပ်သွားပေလိမ့်မည်။

စနစ်၏အကူအညီကြောင့် သူသည် ထိုအတွေ့အကြုံများကို အကုန်အစင်စုပ်ယူလိုက်သည်။ သူ၏ စိတ်ဝိညာဉ်အဆင့်မှာ သူတော်စင်အဆင့်တံခါးကို ကျော်ဖြတ်သွားသော်လည်း ရပ်တန့်မသွားပေ။

သူတော်စင်အဆင့် ၁... သူတော်စင်အဆင့် ၂... သူတော်စင်အဆင့် ၃...

ဝိညာဉ်တစ်သိန်း၏စွမ်းအားမှာ အလွန်ကြီးမားလွန်းလှသည်။ အထူးသဖြင့် တာအိုနန်းတော်အဆင့်ပညာရှင် ထောင်နှင့်ချီပါဝင်နေခြင်းကြောင့်ဖြစ်သည်။

သူတော်စင်အဆင့် ၄... ၅.... ၆...

ကျန်းချန်သည် သူတော်စင်အဆင့်အဆင့်သို့ တစ်ခါမှမရောက်ဖူးသဖြင့် ဤအရာများကိုနားမလည်ပေ။ သူသိသည်မှာ သူ၏စိတ်ဝိညာဉ်မှာ ကန်ရေပြင်အငယ်စားလေးမှသည် သမုဒ္ဒရာကြီးအလား ကျယ်ပြောလာခြင်းပင်ဖြစ်သည်။

သူတော်စင်အဆင့် ၇... ၈... ၉

ဘုန်း

သူ၏ရှေ့မှောက်၌ အရာအားလုံးဖြူဖွေးသွားပြီး ကမ္ဘာသစ်တစ်ခုရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။ ဝိညာဉ်ခွဲထုတ်ခြင်းအဆင့်မှစတင်၍ ကျင့်ကြံသူများသည် စိတ်ဝိညာဉ်ကို လေ့ကျင့်ကြသော်လည်း ယခုအခါတွင်မူ သူ၏စိတ်ဝိညာဉ်မှာ အရည်အသွေးပိုင်းအရ လုံးဝပြောင်းလဲသွားချေပြီ။

သူ၏စိတ်ဝိညာဉ်သည် သူတော်စင်အဆင့်သို့ တရားဝင်ရောက်ရှိသွား၏။ ဝိညာဉ်တစ်သိန်းလုံး ပေါင်းစည်းသွားပြီးနောက် သူ၏စိတ်ဝိညာဉ်မှာ သူတော်စင်အဆင့်တွင် ခိုင်မာစွာအခြေချလိုက်သည်။

"ဒင်... လက်ခံသူ အသက်ပြန်ရှင်ပါပြီ"

ဤတစ်ကြိမ် အသက်ပြန်ရှင်ခြင်းမှာ အကြာဆုံးဖြစ်ပြီး နှစ်မိနစ်ခန့်ကြာ၏။ အသက်ပြန်ရှင်ပြီးနောက် အကြီးအကဲအားလုံး သူ့ရှေ့တွင်ဒူးထောက်နေသည်ကို မြင်လိုက်ရသည်။

"ဒါ ဘာတွေလဲ... မင်းတို့ဘာလုပ်နေကြတာလဲ..."

"ငါ မင်းတို့အားလုံးကိုသတ်တော့မယ်ဆိုတာသိလို့ ကြိုပြီး ဒူးထောက်တောင်းပန်နေကြတာလား..."

ဤစကားနှစ်ခွန်းကြောင့် လူတိုင်းထိတ်လန့်သွားကြသည်။ အရှင်မြတ်ယွီချူနှင့် အရှင်မြတ်ကျင့်ယွမ်တို့ အမြန်ထရပ်လိုက်ကြသော်လည်း သူတို့ရှေ့ကလူငယ်ကိုမမှတ်မိကြပေ။

"မင်းက ဘယ်သူလဲ"

"မင်းက ငါတို့တပည့်တစ်သိန်းရဲ့ဝိညာဉ်တွေ ပေါင်းစည်းပြီးဖြစ်လာတဲ့ကိုယ်ပွားလား"

ယခုအခါ ကျန်းချန်သည် သူ၏မူလရုပ်သွင်ကို ပြန်လည်ရရှိထားပြီဖြစ်သည်။ သူ၏ ရုပ်ရည်၊ အရှိန်အဝါနှင့် လျှို့ဝှက်ဆန်းကြယ်မှုများမှာ ယခင်က ပါရမီရှင်အားလုံးကို ကျော်လွန်နေ၏။ ဝိညာဉ်တစ်သိန်းပေါင်းစည်းမှသာ ဤကဲ့သို့သောထူးခြားသူတစ်ဦး ပေါ်ထွက်လာနိုင်မည်ဟု သူတို့တွေးနေကြသည်။

သို့သော် အရှင်မြတ်ကျင့်ဟွမ်း၏ အော်ဟစ်သံက သူတို့၏အတွေးကို ဖြတ်တောက်လိုက်သည်။

"မင်းပဲ... မင်း... ဒီသူခိုးပဲ"

သူ ကျန်းချန်ကိုမှတ်မိသည်။ မင်ရှင်းမြင့်မြတ်နယ်မြေကိုတိုက်ခိုက်စဉ်က အခြားသူများက လန်ယီကို အာရုံစိုက်သော်လည်း သူကတော့ ဤကောင်လေးကိုသာ သတ်ချင်နေခဲ့ခြင်းဖြစ်သည်။

"ငါ စောစောကတည်းက သိသင့်တာ... မင်းက တကယ်ကို ယုတ်မာကောက်ကျစ်တဲ့ကောင်ပဲ"

အဘိုးကြီး၏မျက်လုံးများတွင် ဒေါသတောက်လောင်နေပြီး သူ၏နယ်ပယ်ကို ထပ်မံဖြန့်ကျက်လိုက်သည်။

"ဘာ... သူက ရန်သူလား"

အခြားပညာရှင်များမှာ အံ့သြသွားကြပြီး သူတို့၏ ရတနာများနှင့် တာအိုနန်းတော်များကို ထုတ်ဖော်ကာ ကျန်းချန်ကို ဝိုင်းလိုက်ကြသည်။

"အခုမှ ပုံမှန်ဖြစ်သွားတာ... ခင်များတို့ကသာ ဒူးထောက်တောင်းပန်နေရင် ကျုပ်ဘယ်လိုလုပ်ပြီး အစွမ်းပြလို့ရတော့မှာလဲ"

ကျန်းချန်ပြုံးလိုက်သည်။

"အရှင်မြတ်ကျင့်ဟွမ်း အယောင်ဆောင်ခဲ့တာ မင်းလား"

အဆင့်မြင့်အကြီးအကဲက အေးစက်စွာမေးလိုက်သည်။

"ဟုတ်တယ်... ကျုပ်က ကောင်းတာလုပ်ရင် အမြဲနာမည်ချန်ခဲ့တဲ့လူလေ"

ကျန်းချန်က ရိုးသားစွာဖြေလိုက်သည်။

"မင်း ဘာလို့အသက်ရှင်နေသေးတာလဲ... ဂိုဏ်းသားတစ်သိန်းကိုသတ်ခဲ့တဲ့မင်းကို ကောင်းကင်ကတောင်လက်မခံလို့ ငါတို့လက်နဲ့နှိပ်စက်ခိုင်းနေတာဖြစ်ရမယ်..."

ကျန်းချန်က အရှင်မြတ်ယွီချူ၏စကားကို ပြန်တုံ့ပြန်လိုက်သည်။

"ဟေး... အဘိုးကြီး၊ ခင်များမှားနေပြီ။ ခုနက လူနှစ်သောင်းကိုသတ်ခဲ့တာ ခင်များတို့ကိုယ်တိုင်လေ။ လက်စားချေချင်ရင်တော့ ကိုယ့်ကိုယ်ကိုယ်သတ်သေလိုက်ကြပေါ့။ ခင်များတို့က တကယ့်လူသတ်သမားတွေပဲ မဟုတ်လား"

ဤစကားတစ်ခွန်းကြောင့် အကြီးအကဲများမှာ ဒေါသထွက်လွန်းသဖြင့် ရင်ဘတ်အောင့်ကုန်၏။ သို့သော် သူတို့မငြင်းနိုင်ပေ။ သူတို့သာ အနည်းငယ် ပို၍စိတ်ရှည်ခဲ့လျှင် လူနှစ်သောင်းသေဆုံးမည်မဟုတ်။

All Chapters