တိုက်ခိုက်မှုစွမ်းရည် ဆယ်ဆတိုးခြင်း
Vol. 14 Ch. 135
ကျန်းချန် စုဆောင်းရရှိထားသော စနစ်အမှတ်ပမာဏမှာ အဆင့်မြှင့်တင်ရန် လိုအပ်ချက်ထက် များစွာကျော်လွန်နေပြီဖြစ်သည်။ ထို့ကြောင့် စနစ်မျက်နှာပြင်ကိုဖွင့်၍ အမှတ်သန်းတစ်ရာကို အသုံးပြုကာ စနစ်အား နောက်တစ်ဆင့်သို့ မြှင့်တင်လိုက်သည်။
စနစ်အဆင့်- ၇
လိုအပ်သော အမှတ်- ၀ / ၁,၀၀၀,၀၀၀,၀၀၀
လက်ရှိအမှတ်- ၂၅၈,၇၄၆,၆၃၂
လက်ရှိစွမ်းရည်- လက်ခံသူသည် မည်သည့်ပစ်မှတ်ကိုမဆို တစ်ကြိမ် ပြန်လည်ရှင်သန်စေနိုင်မည်ဖြစ်ပြီး ပြန်လည်အသုံးပြုနိုင်သည့်ကြာချိန်မရှိ။
မှတ်ချက်- ပစ်မှတ်၏ ကျင့်စဉ်အဆင့်မြင့်လေ သို့မဟုတ် သေဆုံးနေသည့်ကြာချိန်ကြာမြင့်လေ အမှတ်ပိုမိုကုန်ကျလေဖြစ်သည်
နောက်ထပ်စွမ်းရည်- စနစ်အမှတ်များအသုံးပြု၍ နောက်တစ်ကြိမ်တိုက်ခိုက်မှုခွန်အားကို ဆယ်ဆတိုးစေမည်။ တစ်ရက်လျှင်တစ်ကြိမ်သာ အသုံးပြုနိုင်သည်။
မှတ်ချက်- လက်ခံသူ၏ ကျင့်စဉ်အဆင့်မြင့်လေ အမှတ်ကုန်ကျမှုပိုများလေဖြစ်သည်
ကျန်းချန်သည် ဤစွမ်းရည်သစ်ကိုမြင်တွေ့ရသောအခါ အံ့အားသင့်သွား၏။ သာမန်ကျင့်ကြံသူတစ်ဦးအတွက်မူ ဤစွမ်းရည်မှာ အလွန်တရာအဖိုးထိုက်တန်လှသည်။ အကယ်၍ သူ၏ နောက်ဆုံးတိုက်ခိုက်မှုသည် ဆယ်ဆပိုမိုပြင်းထန်ခဲ့ပါက သူတော်စင်အဆင့်ပညာရှင်သုံးဦးအား နိယာမတန်ပြန်ဒဏ်ကိုပင် စောင့်ဆိုင်းနေစရာမလိုဘဲ စိတ်ဝိညာဉ်မုန်တိုင်း တစ်ချက်တည်းဖြင့်ပင် အပြီးတိုင်ချေမှုန်းနိုင်ပေမည်။
သို့သော် ကျန်းချန်သည် မျှော်လင့်သလောက် စိတ်လှုပ်ရှားခြင်းမရှိပေ။ သူ သန်မာလာလေလေ သေဆုံးရန်ခက်ခဲလေလေဖြစ်မည်ကို စိုးရိမ်နေ၏။
မသေဆုံးနိုင်ပါက ပြန်လည်ရှင်သန်ခြင်းမှရရှိမည့်ဆုလာဘ်များကို လက်လွှတ်ရမည်မဟုတ်ပါလား။ ဝိညာဉ်တစ်သိန်း၏အတွေ့အကြုံများကြောင့် သူ၏စွမ်းအားမှာ များစွာမြင့်တက်ခဲ့ပြီးဖြစ်ရာ ဤစွမ်းရည်တွင် အချိန်စောင့်ဆိုင်းရန်လိုအပ်ချက်ရှိနေသည်ကိုပင် သူကကျေနပ်နေမိသည်။
ကျန်းချန်သည် ပုယွီမြင့်မြတ်နယ်မြေအား လှည့်လည်ကြည့်ရှုစစ်ဆေးလိုက်၏။ ဤနယ်မြေသည် အချင်းမိုင်တစ်သိန်းခန့် ကျယ်ဝန်းပြီး အဆင့် ၆ ဝိညာဉ်သွေးကြောတည်ရှိရာ နေရာကောင်းတစ်ခုဖြစ်သည်။
ကျင့်ကြံခြင်းဆိုင်ရာ အဆောက်အဦးများ၊ ရတနာတိုက်များနှင့် အစီအရင်များမှာလည်း အပြည့်အစုံရှိနေသဖြင့် ၎င်းသည် စံပြလျှို့ဝှက်နယ်မြေတစ်ခုဖြစ်သည်။ သူသည် အစီအရင်များကိုထိန်းချုပ်ကာ နယ်မြေအား ခေတ္တမျှချိတ်ပိတ်ထားလိုက်သည်။
ပြင်ပမှကျင့်ကြံသူများမှာ ထွက်ပြေးတိမ်းရှောင်ကုန်ကြပြီဖြစ်ရာ ပုယွီမြင့်မြတ်နယ်မြေ ပျက်စီးသွားသည်ကို မည်သူမျှမသိရှိကြသေးပေ။
"ကြီးကျယ်တာတွေလုပ်ပြီးရင် ဘယ်သူမှမသိတာ ငါလိုအေးအေးဆေးဆေးနေတတ်တဲ့လူတွေအတွက် ထူးခြားတဲ့အတွေ့အကြုံပဲ"
ကျန်းချန်က မိမိကိုယ်ကိုကျေနပ်စွာပြောဆိုရင်း ပျံသန်းထွက်ခွာလာခဲ့သည်။
အခြားတစ်ဖက်တွင်လန်ယီသည် ကျန်းချန်ပြန်လည်ရောက်ရှိမလာသေးသဖြင့် အလွန်အမင်း စိုးရိမ်ပူပန်နေသည်။ မိုချန်နှင့် အဝါလေးတို့မှာမူ အေးဆေးတည်ငြိမ်စွာပင် ကျောက်ခဲဖမ်းတမ်း ကစားနေကြ၏။ မိုချန်သည် အဝါလေး၏ ထူးခြားသောစွမ်းရည်များကို သိရှိထားပြီးဖြစ်ရာ အနာဂတ်တွင်အရေးပါမည့်သူများနှင့် ရင်းနှီးအောင် ကြိုတင်ပေါင်းသင်းနေခြင်းပင်။
မိုချန်က စိုးရိမ်နေသောလန်ယီကို ရယ်မောလျက် နှစ်သိမ့်သည်။
"ဂိုဏ်းချုပ်သွားတာ တစ်နာရီမကြာသေးဘူး၊ စိတ်အေးအေးထားပါ မိန်းကလေး"
မိုချန်၏အမြင်တွင် ကျန်းချန်သည် ကံတရား၏စောင့်ရှောက်မှုကိုခံရသူဖြစ်သဖြင့် ပုယွီမြင့်မြတ်နယ်မြေအား အလွယ်တကူအောင်နိုင်မည်မှာ မြေကြီးလက်ခတ်မလွဲပင်။
လန်ယီကမူ မိုချန်၏ အေးဆေးလွန်းသောအမူအရာကို နားမလည်နိုင်ဘဲ ကျန်းချန်အား သွားရောက်ကူညီရန် ပြင်ဆင်လေသည်။ ထိုအခါ မိုချန်က
"ငါက အောက်ဘုံကိုသက်ဆင်းလာတဲ့ အင်မော်တယ်တစ်ဦးဖြစ်တဲ့အတွက် ကံကြမ္မာကို နည်းနည်းတွက်ချက်ကြည့်နိုင်တယ်... ဂိုဏ်းချုပ်က ဘေးအန္တရာယ်ကင်းရှင်းပါလိမ့်မယ်"
ဟုဆိုလေသည်။
"ရှင်ကအင်မော်တယ်ဟုတ်လား"
လန်ယီက အံ့အားသင့်စွာမေးလေ၏။
ကမ္ဘာ့နိယာမများအရ အင်မော်တယ်နယ်မြေမှပညာရှင်များ ဤကမ္ဘာသို့ဆင်းသက်ရန် မဖြစ်နိုင်သလောက်ခက်ခဲသဖြင့် လန်ယီက သံသယဖြစ်နေခြင်းဖြစ်သည်။
မိုချန်သည် ခပ်ပြုံးပြုံးပင် သူ၏အင်မော်တယ်ဝိညာဉ်အရှိန်အဝါကို အနည်းငယ်ထုတ်ဖော်ပြသလိုက်ရာ လန်ယီမှာဆွံ့အသွားရတော့သည်။