← Chapters

ကမ္ဘာတုန်လောက်ဖွယ် အပြောင်းအလဲများ

Vol. 14 Ch. 137

ကမ္ဘာတုန်လောက်ဖွယ် အပြောင်းအလဲများ

Vol. 14 Ch. 137

"ဒါ... ဒါကို ရှင်ဘယ်လိုလုပ်လိုက်တာလဲ"

လန်ယီသည် သူမ၏စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်ရာ အရှင်မြတ်ကျင့်ယွမ်နှင့် အရှင်မြတ်ကျင့်ဟွမ်းတို့၏ ရုပ်အလောင်းများကို မြင်တွေ့လိုက်ရသည်။ ထိုသူနှစ်ဦးမှာ လွန်ခဲ့သောဆယ်စုနှစ်က သူမ၏မျိုးနွယ်စုအား ကျူးကျော်တိုက်ခိုက်ခဲ့သော နောက်ကွယ်မှတရားခံများဖြစ်သဖြင့် သူမ ကောင်းကောင်းမှတ်မိနေသည်။

ထိုသူများမှာ သူမအတွက် နှစ်ရှည်လများ အိပ်မက်ဆိုးများဖြစ်ခဲ့သော်လည်း ယခုမူ အားလုံးမှာအသက်မဲ့နေကြလေပြီ။ အဆင့်မြင့်အကြီးအကဲ အရှင်မြတ်ယွီချူပင် ကင်းလွတ်ခွင့်မရဘဲ သေဆုံးသွားခဲ့၏။

ကျန်းချန်က ပခုံးတွန့်ပြကာ

"ငါ့အစွမ်းနဲ့ပေါ့"

ဟု ခပ်ပေါ့ပေါ့ပင် ဖြေကြားလိုက်သည်။

လန်ယီသည် "ရှင်တစ်ယောက်တည်းနဲ့လား" ဟု မေးမြန်းချင်သော်လည်း မျက်မြင်တွေ့ရှိနေရသော အချက်အလက်များက မည်သည့်အရာထက်မဆို ပိုမိုခိုင်လုံနေသည်။

ပြင်ပအင်အားစုတစ်ခုကတိုက်ခိုက်ခြင်း ဖြစ်နိုင်သလားဟု သူမတွေးတောမိသော်လည်း ပင်မနန်းဆောင်ဝန်းကျင်၌သာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းနှင့် အဆောက်အဦးများမှာ ပျက်စီးခြင်းမရှိဘဲ နဂိုအတိုင်းရှိနေခြင်းတို့ကြောင့် ထိုအတွေးကိုလက်လျှော့လိုက်ရသည်။

သူမသည် ကျန်းချန်ကို မည်သည့်နည်းလမ်းသုံးခဲ့သနည်းဟု မမေးမြန်းတော့ဘဲ သူ၏ အနားသို့ ဖြည်းညင်းစွာ လျှောက်လှမ်းသွားသည်။ ထို့နောက် ကြောင်အမ်းအမ်းဖြစ်နေသော အစ်ကိုကြီးချန်ကို တင်းကျပ်စွာပွေ့ဖက်လိုက်ပြီး...

"ကျေးဇူးတင်ပါတယ်"

ဟု တိုးညင်းစွာပြောဆိုလိုက်သည်။

နူးညံ့သိမ်မွေ့သော အလှပဂေးလေးအား ရင်ခွင်ထဲ၌ပွေ့ဖက်ထားရသဖြင့် ကျန်းချန်၏စိတ်အာရုံများ ခေတ္တမျှဝေဝါးသွား၏။ သို့သော် လန်ယီ၏ခန္ဓာကိုယ်တုန်ယင်နေခြင်းနှင့် သူ၏ပခုံးပေါ်တွင် မျက်ရည်များစိုစွတ်နေခြင်းတို့ကို သတိပြုမိလိုက်သောအခါမှ သူ၏မဟုတ်မဟတ်အတွေးများ ပျောက်ကွယ်သွားတော့သည်။

သူသည် လန်ယီ၏ကျောပြင်ကို ညင်သာစွာပုတ်ပေးရင်း သက်ပြင်းချလိုက်မိသည်။ အစွမ်းပြရုံထက်ကျော်လွန်၍ ကောင်းမှုတစ်ခုကို အမှန်တကယ်လုပ်ဆောင်ပေးလိုက်နိုင်ပြီဟု ပထမဆုံးအကြိမ် ခံစားလိုက်ရခြင်းဖြစ်သည်။

သို့သော် ကျန်းချန် ချက်ချင်းပင် စိတ်ပျက်သွားပြန်သည်။ ဤမျှအထိဖြစ်နေပါသော်လည်း စနစ်က လန်ယီကို သူ၏လူအဖြစ်သတ်မှတ်ကြောင်း အသိပေးချက်မတက်လာသေးပေ။

ဒီလောက်ထိဖြစ်နေတာတောင် ငါ့လူမဖြစ်သေးဘူးလား။ သူမက တကယ့် သရုပ်ဆောင်ကောင်းတစ်ယောက်ပဲ ဖြစ်ရမယ်...

သူတွေးမိသည်။

"ဟေး... ဒီအလောင်းတွေကို ဘယ်လိုလုပ်မလဲ၊ မြေမြှုပ်ပေးလိုက်ရမလား"

လန်ယီက သူမ၏နီမြန်းနေသော မျက်လုံးများကိုပွတ်သပ်ရင်း ကျန်းချန်နှင့် ခပ်ခွာခွာရပ်လိုက်သည်။

"ကျွန်မလုပ်လိုက်မယ်"

ဟုဆိုကာ သူမ၏မျက်လုံးများအေးစက်သွားပြီး ခရမ်းရောင်မီးတောက်များဖြင့် အလောင်းအားလုံးကို ပြာအဖြစ်ပြောင်းလဲပစ်လိုက်၏။

ထိုသို့ သန့်ရှင်းရေးလုပ်ဆောင်ပြီးနောက် ကျန်းချန်သည် သူ၏သမီးငယ် ပျောက်ကွယ်သွားပြန်သည်ကို သတိပြုမိသည်။ ချက်ချင်းဆိုသလိုပင် ထိုနေရာရှိဝိညာဉ်စွမ်းအားသိပ်သည်းဆမှာ အရှိန်အဟုန်ဖြင့် ထိုးတက်လာတော့သည်။ သမီးဖြစ်သူရှိနေမှုကြောင့် လျှို့ဝှက်နယ်မြေအတွင်းရှိ ဝိညာဉ်သွေးကြောမှာ အဆင့် ၈ သို့ ရောက်ရှိသွားချေပြီ။

အောက်ကမ္ဘာတွင် အဆင့် ၈ ဝိညာဉ်သွေးကြောမှာ မရှိသလောက်ရှားပါးလှ၏။ ထိုပြောင်းလဲသွားမှုကြောင့် တောင်ကုန်းများပေါ်ရှိသစ်ပင်များမှာ ဆေးဘက်ဝင်အပင်များအဖြစ် ပြောင်းလဲသွားပြီး တောရိုင်းတိရစ္ဆာန်များပင် အဆင့်တက်ကုန်ကြသည်။

"အင်မော်တယ်စွမ်းအားတွေမရှိသေးပေမဲ့ ဒီနေရာမှာကျင့်ကြံတာဟာ အင်မော်တယ်နယ်မြေရဲ့ အချို့နေရာတွေထက်တောင်ပိုသာနေပြီ"

ဟု မိုချန်ကချီးကျူးလေ၏။

ကျန်းချန်သည် ဂိုဏ်းနေရာသစ်နှင့် ရင်းနှီးစေရန်အတွက် ရွှမ်ကျီရုပ်ပုံအတွင်းရှိတပည့်အားလုံးကို အပြင်ထုတ်ပေးလိုက်သည်။ ထိုအခါ သူ၏စနစ်အမှတ်များမှာ ၃၆၃ သန်းအထိ တဟုန်ထိုးမြင့်တက်သွားသဖြင့် အံ့အားသင့်သွား၏။ တပည့်များကိုလေ့ကျင့်ပေးခြင်းမှာ ဂိုဏ်းတစ်ခုကိုဖျက်ဆီးခြင်းထက်ပင် အမှတ်ပိုရရှိစေသည်မဟုတ်ပါလား။

"ဂိုဏ်းချုပ်"

"ဂိုဏ်းချုပ်ကြီး... နောက်ဆုံးတော့ သမီးတို့ကိုသတိရပြီပေါ့"

"အဟင့်... အထဲမှာနေ့တိုင်းကျင့်ကြံနေရတာ ရူးတော့မှာပဲ"

တပည့်များမှာ အပြင်သို့ရောက်လာသည်နှင့် ကျန်းချန်ကိုဝိုင်းအုံကာ ဖက်တွယ်ကြတော့သည်။ ကျိလင်းဟန်နှင့် လင်းနင်တို့ကမူ ကျန်းချန်အား အချိန်အကြာကြီးပစ်ထားခဲ့သည့်အတွက် ရန်တွေ့လိုသောမျက်လုံးများဖြင့် ကြည့်နေကြသည်။

တပည့်များ၏ကျင့်စဉ်အဆင့်များမှာလည်း လွန်စွာတိုးတက်လာခဲ့လေပြီ။ ကျိလင်းဟန်နှင့် လင်းနင်တို့မှာ တာအိုနန်းတော်အဆင့် ၉ သို့ ရောက်ရှိနေကြပြီး အခြားတပည့် ၅၅ ဦးမှာလည်း တာအိုနန်းတော်အဆင့်သို့ ရောက်ရှိနေကြသည်။ ကျန်သောတပည့်အားလုံးမှာလည်း ကောင်းကင်ကံကြမ္မာအဆင့် ၉ တွင် တစ်ဆို့နေကြ၏။

ဤသို့တိုးတက်မှုမှာ လန်ယီအတွက်မူ မယုံနိုင်စရာဖြစ်နေသည်။ လွန်ခဲ့သောလဝက်ခန့်က မြင်တွေ့ခဲ့စဉ်က သူတို့မှာ အခြေခံအဆင့်များတွင်သာရှိနေသေးသော်လည်း ယခုအားလုံးမှာ သူမနှင့်အဆင့်တူ သို့မဟုတ် သူမထက်ပင် အဆင့်မြင့်နေကြလေပြီ။

"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

လန်ယီက အထိတ်တလန့်ရေရွတ်မိ၏။

ကျန်းချန်ကမူ လန်ယီ၏ အံ့သြနေသောအမူအရာကိုကြည့်ပြီး ကျေနပ်နေသည်။

"အစ်ကိုကြီးချန်ရဲ့လူဖြစ်ရတာ ဘယ်လောက်အကျိုးကျေးဇူးများလဲဆိုတာ အခုသိပြီမလား"

ဟုဆိုကာ မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။

တပည့်များမှာလည်း ပတ်ဝန်းကျင်ကိုကြည့်ပြီး ထူးဆန်းနေကြသည်။

"ဒီမှာ ဝိညာဉ်စွမ်းအားတွေက ဘာလို့ဒီလောက်များနေတာလဲ"

"ဒါ ဖေးရှန်တောင်မဟုတ်ဘူး၊ ဒီနေရာက တော်တော်ကြီးတာပဲ"

"ဂိုဏ်းချုပ်... သမီးတို့ဘယ်ကိုရောက်နေတာလဲ"

တပည့်များ၏မေးခွန်းကို ကျန်းချန်က ခပ်တည်တည်ဖြင့်ဖြေကြားလိုက်သည်။

"ဘာမှမဟုတ်ပါဘူး၊ မြင့်မြတ်နယ်မြေတစ်ခုကို ဖျက်ဆီးပစ်လိုက်ပြီး အသေးအဖွဲလေးတွေ လုပ်လိုက်ရုံပါပဲ"

All Chapters