တည်ငြိမ်သွားပြီ
Vol. 14 Ch. 139
ပင်လယ်ရပ်ခြားရှိ ထုံယိုကျွန်းပေါ်တွင် မြင့်မြတ်နယ်မြေရှစ်ခုမှ ဂိုဏ်းချုပ်များနှင့် အဆင့်မြင့်အကြီးအကဲများ စုရုံးရောက်ရှိနေ၏။ သူတို့သည် ပုယွီမြင့်မြတ်နယ်မြေတွင်ဖြစ်ပွားခဲ့သော အဖြစ်အပျက်များကို ဆွေးနွေးနေကြခြင်းဖြစ်သည်။
"ဖေးရှန်ဂိုဏ်းကို ဒီအတိုင်းလွှတ်ထားလို့မဖြစ်ဘူး"
စီယွမ်မြင့်မြတ်နယ်မြေ၏ဂိုဏ်းချုပ် အရှင်မြတ်ဝူဟွမ်း၏ စကားတစ်ခွန်းကပင် ဤလျှို့ဝှက်အစည်းအဝေး၏လားရာကို သတ်မှတ်ပေးလိုက်သည်။ လီကွမ်း မြင့်မြတ်နယ်မြေ၏ အကြီးအကဲချုပ် အရှင်မြတ်ချန်းဝူကလည်း
"သူတို့က နိယာမတွေကိုချိုးဖောက်လိုက်ပြီ။ မြင့်မြတ်နယ်မြေတစ်ခုကို ဖျက်ဆီးလိုက်တာဟာ တန်ဖိုးတစ်ခုပေးဆပ်ရမယ်"
ဟု ထောက်ခံပြောဆို၏။
အမှန်စင်စစ် ဤဂိုဏ်းကြီးများမှာ အချင်းချင်းညီညွတ်နေကြသည်မဟုတ်။ နေ့စဉ်နှင့်အမျှ ပဋိပက္ခများနှင့် အားပြိုင်မှုများရှိနေကြသည်။ သူတို့သည် ပုယွီမြင့်မြတ်နယ်မြေအတွက် လက်စားချေပေးချင်၍ ယခုကဲ့သို့ဒေါသထွက်နေကြခြင်းမဟုတ်ဘဲ ချင်လင်နယ်မြေ၏အာဏာစက်ကို မည်သည့်ပြင်ပလူကိုမျှ ဝေမျှမပေးချင်သောကြောင့်ပင်။
ကျန်းချန်၏ ဖေးရှန်ဂိုဏ်းမှာ သူတို့သတ်မှတ်ထားသော ကစားပွဲစည်းကမ်းများကို လိုက်နာမည့်သူမဟုတ်ကြောင်း သိထားကြသည်။ ထို့ကြောင့် ဤမတည်ငြိမ်သောအင်အားစုကို အမြန်ဆုံးဖယ်ရှားရန် သဘောတူညီမှုရရှိသွား၏။
သို့သော် ဆွေးနွေးမှုမှာ အချိန်အတော်ကြာသည်အထိ ရှေ့မတိုးနိုင်ဘဲဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် မည်သည့်ဂိုဏ်းချုပ်ကမျှ ကျန်းချန်ကို သွားရောက်တိုက်ခိုက်ရန် ဦးမဆောင်ရဲကြသောကြောင့်ပင်။
ပုယွီမြင့်မြတ်နယ်မြေမှာ သူတို့နှင့်အင်အားချင်းတူသော်လည်း တစ်ရက်တည်းနှင့် အမြစ်ပြတ်သုတ်သင်ခံလိုက်ရသည်။ ၎င်းမှာ ဖေးရှန်ဂိုဏ်း၏နောက်ကွယ်တွင် သူတော်စင်အဆင့်ပညာရှင်တစ်ဦးရှိနေကြောင်း သက်သေပြနေသကဲ့သို့ဖြစ်နေသည်။
သူတော်စင်အဆင့်ကို သူတော်စင်အဆင့်ချင်းသာရင်ဆိုင်နိုင်သည်။ ထို့ကြောင့်သူတို့သည် ထုံယိုမြင့်မြတ်နယ်မြေ၏ အကြီးအကဲချုပ် သူတော်စင်ပိဖုန်းကို အားကိုးလိုကြသည်။
ထုံယိုဂိုဏ်းချုပ် အရှင်မြတ်ရွှင်ကွမ်းက
"အကြီးအကဲချုပ်ရဲ့ ဓမ္မခန္ဓာက ခရီးထွက်နေပြီး မူလခန္ဓာကတော့ တံခါးပိတ်ကျင့်ကြံနေတယ်"
ဟု အသိပေးသည်။
သူတော်စင်အဆင့်ပညာရှင်များသည် နယ်မြေကျော်ဖြတ်ရာတွင် ကမ္ဘာ့နိယာမများ၏ဖိနှိပ်မှုကို ခံရတတ်သော်လည်း သူတို့၏ ဓမ္မခန္ဓာမှာမူ ထိုဒဏ်ကိုမခံရဘဲ လွတ်လပ်စွာသွားလာနိုင်သည်။
ရုတ်တရက် အရှင်မြတ်ရွှင်ကွမ်းသည် တစ်စုံတစ်ဦးနှင့်စကားပြောနေသကဲ့သို့ မျက်စိမှိတ်၍ငြိမ်သက်သွားသည်။ ခေတ္တအကြာတွင် သူကပြုံးလျက်
"အားလုံးပဲ ပြန်ကြပါတော့။ ဖေးရှန်ဂိုဏ်းက စိုးရိမ်စရာမရှိတော့ပါဘူး။ အကြီးအကဲချုပ်က အားလုံးကို စီစဉ်ပြီးပါပြီ"
"ဒါဆိုရင်တော့ စိတ်ချရပြီ"
"သူတော်စင်ကြီးကိုယ်တိုင် ပါဝင်လာပြီဆိုတော့ ဖေးရှန်ဂိုဏ်းတော့သွားပြီပဲ"
အားလုံးမှာသက်ပြင်းချနိုင်သွားပြီး ပြန်သွားကြတော့သည်။
တစ်ချိန်တည်းမှာပင် မင်ရှင်းမြင့်မြတ်နယ်မြေရှိ နှလုံးသားဌာနသို့ ဂုဏ်သရေရှိဧည့်သည်တစ်ဦး ရောက်ရှိလာ၏။ ထိုသူမှာ အသက် ၃၀ ခန့်သာ ရှိပုံရသော်လည်း သူ၏အရှိန်အဝါမှာ ကောင်းကင်နှင့် မြေကြီး၏ အလယ်ဗဟိုကဲ့သို့ ထည်ဝါလှသည်။
ထိုသူမှာ သူတော်စင်ပိဖုန်းဖြစ်သည်။ နှလုံးသားမျိုးနွယ်စု၏ခေါင်းဆောင် ချင်းစော့က
"သူတော်စင် ပိဖုန်း... ဒီကို ဘာကိစ္စနဲ့ ကြွလာတာလဲ"
ဟု သတိကြီးစွာဖြင့်မေးမြန်းသည်။
ပိဖုန်းက ခပ်ပြုံးပြုံးပင်
"အရင်က ငါတို့ဆွေးနွေးခဲ့တဲ့ ပူးပေါင်းဆောင်ရွက်မှုကို အပြောင်းအလဲနည်းနည်းလုပ်ဖို့ လာတာပါ"
သူဆိုလိုသော ပူးပေါင်းဆောင်ရွက်မှုမှာ အင်မော်တယ်နယ်မြေတံခါးကိုဖွင့်ရန်အတွက် မှော်ရတနာကိုးပါးကို စုစည်းရမည့်ကိစ္စဖြစ်၏။ ထိုရတနာကိုးပါးအနက် ရှစ်ပါးမှာ ရှေးဟောင်းမျိုးနွယ်စုရှစ်စုထံတွင်ရှိပြီး နှလုံးသားမျိုးနွယ်စု၏ နှလုံးသားထိုးဖောက်ကန်တော့မှာ တစ်ခုအပါအဝင်ဖြစ်သည်။
စုန်းမျိုးနွယ်စု၏ အရိုးချေဖျက်အလံမှာမူ လွန်ခဲ့သောနှစ်ပေါင်းသန်းချီကတည်းက သူတော်စင်ပိဖုန်း၏လက်ထဲသို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။