အခန်း (၄၅၁-၄၅၅)
Vol. 31 Ch. 451-455
အခန်း (၄၅၁) ဟောင်ကူ၏သံသယ။
ဟောင်ကူသည် ရှောင်ဘိုင်နှင့်ရှောင်ကျင်းတို့ ကပ်ဘေးဒုက္ခကို မကျော်ဖြတ်ခင် ကတည်းက ဤနေရာတွင်ရှိခဲ့သည်။ သို့သော်လည်း သူသည် သူ၏မျက်နှာကို ထုတ်ဖော်ပြသခြင်းမရှိဘဲ အမှောင်ထဲတွင် ပုန်းအောင်းနေရန် ရွေးချယ်ခဲ့သည်။
သို့သော် ချင်ယွင်သည် နှောင်းပိုင်းအဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကာကွယ်သူနှစ်ဦးကို သတ်ပစ်လိုက်သည်ကို မြင်သောအခါတွင် ပြင်းထန်သော မနာလိုစိတ်က သူ၏မျက်လုံးများထဲသို့ တိုးဝင်လာသည်။
ယခင်က ချင်ယွင်ကို သရော်လှောင်ပြောင်ခဲ့မိသည်ကို ပြန်တွေးမိလိုက်တိုင်းမှာ သူသည် တစ်စုံတစ်ယောက်၏ ပါးနှစ်ကြိမ်ဆင့်ရိုက်ခြင်း ခံလိုက်ရသကဲ့သို့ ခံစားရလေသည်။
ရုတ်တရက် ဟောင်ကူသည် မျက်မှောင်ကြုတ်လိုက်မိသည်။ ဧရာမဝေလငါးနန်းတော် ကာကွယ်သူကို ချင်ယွင်သတ်ခဲ့သည့် မြင်ကွင်းကို သူ သတိပြန်ရသွားသည်။ ရွှေရောင် အလင်းတန်းက မီးတောက်မီးလျှံတွေနှင့် လွှမ်းခြုံထားသကဲ့သို့ ဖုံးလွှမ်းနေခဲ့သည်။ ယင်းက လူသားတစ်ဦး သူ့ညီဒုတိယကာကွယ်သူကို သတ်ဖြတ်ခဲ့တုန်းက ခေါင်းကြီးငါး မွန်းစတား ထုတ်ဖော်ပြောပြခဲ့သည့် မြင်ကွင်းနှင့် အတူတူပါပင် ဖြစ်နေသည်။
ထိုအချိန်တုန်းက ထိုလူသားသည် ရွှေရောင်အလင်းတန်းများဖြင့် တကိုယ်လုံးကို လွှမ်းခြုံထားခဲ့ပြီး ဓားအင်မော်တယ်တစ်ပါးကဲ့သို့ ဓားတစ်ချောင်းကို ကိုင်ဆောင်ကာ သူ၏ဒုတိယညီဖြစ်သူ ရေဘဝဲငါးမွန်းစတား၏ ဦးခေါင်းကို ဖြတ်တောက်ပစ်ခဲ့သည်။
"ဒီလင်ယွန်းက ဒုတိယညီနဲ့ တတိယညီကို သတ်ခဲ့တဲ့ လူသားများ ဖြစ်နေမလား။"
ဟောင်ကူ၏ မျက်လုံးများသည် ချက်ချင်းပင် စူးရှလာသည်။ ဤသည်မှာ အလွန် လေးနက်သော ပြဿနာတစ်ခု ဖြစ်လာခဲ့ပါသည်။
ဤလင်းယွင်သည် အကယ်၍ ထိုလူသားသာ အမှန်တကယ် ဖြစ်ခဲ့မည်ဆိုလျှင် သူ၏သတ္တိသည် အလွန်ကြီးမားသည်ဟု ပြောရပေလိမ့်မည်။ လူသားတစ်ဦးသည် အမှန်တကယ်ပင် ရေအောက်နတ်ဆိုးသားရဲများ၏ ကျင့်ကြံခြင်းအင်အားစုထဲသို့ ခိုးဝင်ရန်ပင် သတ္တိရှိခဲ့သည်။ ယင်းသည် လူသားများနှင့် ရေအောက်နတ်ဆိုးသားရဲ ကျင့်ကြံခြင်းအင်အားစုများအကြား စစ်ပွဲကြီးအပြီးတွင် ရေးဆွဲထားသည့် စာချုပ်ကို ချိုးဖောက်ပြီးသား ဖြစ်သည်။
စည်းမျဉ်းများအရ၊ ရေအောက်နတ်ဆိုးသားရဲကျင့်ကြံသူများနှင့် ကောင်းကင်နဂါး တိုက်ကြီးမှ လူသားများအားလုံးသည် အခြားလူများ၏ပိုင်နက်အတွင်းသို့ ကျူးကျော် ဝင်ရောက်ခွင့် လုံးဝမရှိပါ။
တစ်နည်းဆိုရသော် လူသားများသည် သူတို့၏ ရည်ရွယ်ချက် မည်သို့ပင်ရှိစေကာမူ ရေအောက်နတ်ဆိုးသားရဲများ သြဇာလွှမ်းမိုးမှုရှိသော ကျင့်ကြံခြင်းနယ်မြေထဲသို့ ဝင်ရောက်လာသည်နှင့် သူတို့သည် ထောက်ထားငဲ့ညှာခြင်းမရှိ သတ်ဖြတ်ခံရနိုင် သည်။ ဤသည်မှာ ရေအောက်နတ်ဆိုးသားရဲတွေအားလုံး သိထားကြသည့် စည်းကမ်းတစ်ခု ဖြစ်သည်။ ထို့ကြောင့် လွန်ခဲ့သည့် နှစ်တစ်ရာအတွင်း ရေအောက် နတ်ဆိုးသားရဲကမ္ဘာတွင် လူသားတစ်ယောက်မှ မရှိခဲ့ပေ။
အကယ်၍ ဤလင်းယွင်သည် အမှန်တကယ် လူသားတစ်ယောက် ဖြစ်နေမည်ဆိုလျှင် တပ်မှူးရာထူးခန့်အပ်ရန် မဖြစ်နိုင်တော့ပေ။ ယင်းအစား သူသည် လူသားများ စေလွှတ်လိုက်သည့် သူလျှိုတစ်ဦးအဖြစ် ရေအောက်နတ်ဆိုးသားရဲအင်အားစုများ၏ သတ်မှတ်စွပ်စွဲခြင်းကို ချက်ချင်း ခံရမည်ဖြစ်သည်။ ထိုအချိန်တွင်၊ ရေအောက် နတ်ဆိုးသားရဲလောကတစ်ခုလုံးတွင် သူ့အတွက် နေရာမရှိနိုင်တော့ပေ။ အင်အားစုကြီး သုံးခုရှိ နတ်ဆိုးသားရဲများအားလုံးသည် သူ့ကို သေသည်အထိ တိုက်ခိုက်ကြလိမ့်မည်။
သို့သော်လည်း လင်းယွင်၏ သက်သေအထောက်ထားကို သွေးစက်ကျောက်တုံးက အတည်ပြုခဲ့သည်။ သူ၏ခန္ဓာကိုယ်ထဲမှာ နတ်ဆိုးသားရဲသွေးမျိုးဆက်မရှိသရွေ့ သူ့ကို သေချာပေါက် ရှာတွေ့နိုင်လိမ့်မည်။ ထို့အပြင် လင်ယွင်၏ ညီအကိုနှစ်ယောက်ကို လည်း သူ မြင်ဖူးသည်။ သူတို့အားလုံးသည် အစွမ်းထက်သော နတ်ဘုရားသားရဲ သွေးမျိုးဆက်များ ပါရှိသော နတ်ဆိုးသားရဲများ ဖြစ်ကြသည်။
ထိုကဲ့သို့သော အစွမ်းထက်သော သွေးမျိုးဆက်များပိုင်ဆိုင်သည့် နတ်ဆိုးသားရဲများ သည် အလွန်မောက်မာသော သတ္တဝါများဖြစ်ကြောင်း သူသိသည်။ လူသားတစ်ဦးကို သူတို့၏ အစ်ကိုအကြီးဆုံးအဖြစ် အသိအမှတ်ပြုရန် သူတို့အတွက် လုံးဝမဖြစ်နိုင်ပေ။
ဟောင်ကူသည် ဖော်ပြလို့မရသည့် ဝေခွဲမရဖြစ်နေသည့် အမူအယာမျိုး ဖြစ်ပေါ်နေ သည်။ သီအိုရီအရဆို၊ လင်းယွင်သည် သူ၏ဒုတိယညီနှင့် တတိယညီငယ်ကို သတ်ခဲ့သော လူသားဖြစ်မည်ဟု သူ မယုံကြည်ပါချေ။
သို့သော်လည်း လင်းယွင်သည် သူ၏ညီနှစ်ယောက်ကို သတ်ခဲ့သည့် လူသား ဖြစ်ကြောင်း သူ ခံစားနေရသည်။
ခေါင်းကြီးငါးမွန်းစတားသည် သူ့ကိုလိမ်လို့မရသလို သူ၏မျက်လုံးတွေကလည်း သူ့ကို လှည့်စားလို့မရပါဘူး။ ထိုရွှေရောင်မီးတောက်မီးလျှံကဲ့သို့ အလင်းရောင်မျိုးကို အတုခိုးလို့ မရနိုင်ပါဘူး။
ထို့အပြင် ထိုလူသားသည် ပင်လယ်ကြမ်းပြင်အောက်သို့ ပြုတ်ကျသွားပြီး မကြာမီ လင်းယွင်သည် ထွက်ပေါ်လာခဲ့သည်။ ထို့အပြင် ဟောင်ကူသည် ထိုလူသား၏ အလောင်းကိုရှာဖွေရန် သွားခဲ့သော်လည်း ထိုလူသား၏ သဲလွန်စများကို မတွေ့ခဲ့ရပေ။ ထို့ကြောင့် ထိုလူသားသည် ထိုအချိန်က သေဆုံးခြင်းမရှိဖို့ ဖြစ်နိုင်ချေများပါသည်။
အကယ်၍ ထိုလူသား သေဆုံးမသွားခဲ့ဘူးဆိုလျှင် ယခု ထိုလူသား မည်သည့်နေရာကို ရောက်သွားပါသနည်း။
တစ်ခုတည်းသော ရှင်းပြနိုင်သည့်အချက်မှာ သူသည် နတ်ဆိုးသားရဲအင်အားစုတစ်ခုခု ထဲသို့ နတ်ဆိုးသားရဲအဖြစ် စိမ့်ဝင်သွားခြင်းပင် ဖြစ်ပါလိမ့်မည်။
ထိုအကြောင်းကိုတွေးတောရင်း ဟောင်ကူ၏ မျက်လုံးများသည် အလွန်အေးစက်သည့် အမူအယာဖြင့် ပြည့်နေလေသည်။
"လင်းယွင်၊ မင်း ငါ့ကိုစောင့်နေပါ၊ ငါ ဒီကိစ္စကို သေသေချာချာကို စုံစမ်းဦးမယ်။ တကယ်လို့ မင်းသာ ငါ့ရဲ့ ဒုတိယညီနဲ့ တတိယညီကို သတ်ခဲ့တဲ့ လူသတ်သမား ဖြစ်ခဲ့မယ်ဆိုရင် မင်းကို ခွေးလေခွေးလွင့်ဖြစ်အောင် ငါ သေချာပေါက်လုပ်ပေးပြီး မင်းကို ဒီရေအောက်နတ်ဆိုးသားကမ္ဘာကြီးထဲမှာ ပုန်းစရာနေရာ မရှိအောင် လုပ်ပေးမယ်။" ဟောင်ကူသည် သူ၏လက်သီးများကို တင်းတင်းဆုပ်ထားပြီး ချင်ယွင် ထွက်ခွာသွားသော လမ်းကြောင်းကို ကြည့်လိုက်ရင်း သူ၏မျက်လုံးများက သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေသည်။
ထိုစကားကို ပြောပြီးနောက် ဟောင်ကူသည် အနီရောင်မြွေတစ်ကောင်အဖြစ်သို့ ပြောင်းလဲကာ ပင်လယ်ထဲသို့ မြုပ်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီး၏ ဦးဆောင်မှုအောက်တွင် ချင်ယွင်တို့ညီအစ်ကိုသုံးယောက်သည် လျှို့ဝှက်ဆန်းကြယ်သော လိပ်နက်လှိုဏ်ဂူကို လျင်မြန်စွာ ရောက်ရှိလာကြသည်။
လိပ်နက်လှိုင်ဂူတွင် လိပ်နက်ဘိုးဘေးနှင့် သူ၏သားတို့အပြင် ဘေကျန်းဟုခေါ်သော အလယ်အလတ်အဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် နတ်ဆိုးသားရဲတစ်ကောင် လည်း ရှိသေးသည်။ သူ၏ ပင်မခန္ဓာကိုယ်မှာ သက်တမ်းတစ်ရာကျော်ရှိသည့် ဂုံးနတ်ဆိုးသားရဲတစ်ကောင် ဖြစ်သည်။ လိပ်နက်ဘိုးဘေး ထွက်ခွာသွားပြီးနောက် သူသည် လိပ်နက်လှိုဏ်ဂူကို စောင့်ရှောက်နေပါသည်။
ထိုအချိန်တွင် ဘေကျန်းသည် ချင်ယွင်နှင့်အတူ ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးကို တွေ့ပြီး သူသည် ရောက်ရှိလာသူများကို ကြိုဆိုရန်အတွက် လှိုဏ်ဂူပေါက်ဝတွင် ချက်ချင်း ဒူးထောက်လိုက်ပါသည်။
သူသည် လိပ်နက်ဘိုးဘေး၏ နောက်သို့လိုက်ပါစဉ်ကတည်းက ဇီရှန်သည် နဂါး ကောင်းကင်နန်းတော်၏ အကြီးအကဲတစ်ဦး ဖြစ်သည်ကို ယခင်ကတည်းက သူသိထားခဲ့သည်။ ထို့ကြောင့် ဇီရှန်ကို မျက်နှာချင်းဆိုင် တွေ့ရသောအခါတွင် သူသည် သူ၏နှလုံးသားထဲမှ လေးစားမှုနှင့်အတူ ကြောက်ရွံ့မှုများ ရှိနေသည်။
ချင်ယွင်နှင့် အခြားလူများက ဇီရှန်၏နောက်မှ လိုက်ပါလာသည်ကို သူမြင်ရလျှင်၊ သူ့အမြင်အရဆို အကြီးအကဲဇီရှန်၏နောက်ကို လိုက်ပါနိုင်သူများသည် အလွန်အစွမ်း ထက်သည့် ပုဂ္ဂိုလ်များဖြစ်မည်မှာ သေချာပါသည်။ ထို့ကြောင့်၊ သူသည် ချင်ယွင်နှင့် အခြားလူများကို လေးစားမူရှိပြီး တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်၏ အစောပိုင်း အဆင့်မှာသာ ရှိသေးသောကြောင့် သူတို့ကို အထင်သေးခြင်း မရှိခဲ့ပေ။
ရှောင်ဘိုင်နှင့်ရှောင်ကျင်းတို့သည် လိပ်နက်လှိုဏ်ဂူ၏ ကာကွယ်သူများဖြစ်မည်ဟု ဇီရှန်က ကြေညာလိုက်သည့်အခါတွင် သူ၏မျက်နှာသည် တုန်လှုပ်ခြောက်ခြား သွားလေသည်။
သို့သော် သူ၏ရှေ့တွင်ရှိနေသည့် အလွန်သာမန်စံသော လူငယ်သည် တပ်မှူးအဆင့် ပုံရိပ်ရှိသူအဖြစ် သူကြားလိုက်ရသောအခါ ပို၍ပင် တုန်လှုပ်သွားလေသည်။ ဤအရာက သူ၏နားထဲမှာ မယုံကြည်နိုင်သည့် ခံစားချက်ကို ဖြစ်ပေါ်စေသည်။
သို့သော်၊ အကြီးအကဲဇီရှန်သည် သူ့ကို ကိုယ်တိုင်ကိုယ်ကျ ခန့်အပ်ထားသောကြောင့်၊ သူ့တွင် ထူးခြားသောအရာတစ်ခု ရှိရမည်။ ထို့ကြောင့်၊ ဘေကျန်းသည် ချင်ယွင်တို့ ညီတော်သုံးယောက်ကို သိရှိပြီးနောက် အနည်းငယ်မျှ မထီမဲ့မြင်ပြုခြင်း သို့မဟုတ် အထင်အမြင်သေးခြင်းမျိုး မပြခဲ့ပေ။
ဤအချက်ကို ချင်ယွင်က သဘာဝအတိုင်း မြင်ရပြီး ဘေကျန်းနှင့်ပတ်သက်ပြီး သူ၏နှလုံးသားထဲတွင် ကောင်းမွန်သည့် အမြင်မျိုးရှိသည်။
အနာဂတ်တွင် သူ၏ ကျင့်ကြံမှုအဆင့် တိုးမြင့်လာသောအခါတွင် သူသည် သူ့ကိုလည်း မြှင့်တင်ရန် ကြိုးစားပေးနိုင်ပုံရသည်။
ပထမတော့ ဇီရှန်သည် ရှောင်ဘိုင်နှင့်ရှောင်ကျင်းတို့ကိုပင် တပ်မှူးများအဖြစ် တိုက်ရိုက် ခန့်အပ်ချင်ခဲ့သည်။ သို့သော် ချင်ယွင်က ၎င်းကို ငြင်းဆိုခဲ့ပါသည်။ ယခုချိန်မှာ သူတို့အားလုံးကို တပ်မှူးအဖြစ် ခန့်အပ်လိုက်မည်ဆိုလျှင်ပင် သူတို့အားလုံးသည် လုံလောက်အောင် သန်မာခြင်း မရှိသေးပေ။ ၎င်းသည် စိန်ခေါ်မှုကြီးမားလွန်းပြီး အခြားလူများ၏ မနာလိုမှုကို ဆွဲဆောင်မိပါလိမ့်မည်။
ချင်ယွင်၏စကားများသည် ကျိုးကြောင်းဆီလျော်သည်ဟု ဇီရှန်လည်း ခံစားမိသည်။ ထိုကြောင့် သူမသည် အတင်းအကြပ် မလုပ်ဆောင်ခဲ့တော့ပေ။
ထိုကဲ့သို့ပင် ရှောင်ဘိုင်သည် လိပ်နက်လှိုဏ်ဂူ၏ တိုက်ရိုက် ကြီးမြတ်သော ကာကွယ်သူဖြစ်လာခဲ့ပြီး ရှောင်ကျင်းသည် သဘာဝအတိုင်း ဒုတိယကာကွယ်သူ ဖြစ်လာခဲ့သည်။ လိပ်နက်လှိုဏ်ဂူကိုလည်း သူ့အတွက်ရည်ရွယ်ပြီး ပလက်တီနမ် လှိုဏ်ဂူဆိုပြီး နာမည်ပြောင်းလိုက်ကြသည်။ ယင်းက သူနှင့် ရှောင်ကျင်းတို့က အတူတူ တာဝန်ယူထားသည်ဟု ဆိုလိုရာရောက်ပါသည်။
ရှောင်ဘိုင်သည် ဩဇာအာဏာကို သိပ်စိတ်မဝင်စားသည့်အတွက် ဘေကျန်းက သူ၏ နေထိုင်ရာနေရာကို မပြန်ခင်မှာ သူနေထိုင်အတွက် နေရာစီစဉ်ပေးရန်ပင် တောင်းဆိုခဲ့ ပါသည်။
တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်အတွင်းသို့ ဝင်ရောက်လာစဖြစ်ကြသည့် သူတို့လို နတ်ဆိုးသားရဲများသည် သူတို့၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများကို နတ်ဆိုး အနှစ်သာရ အဖြစ်သို့ ပြောင်းလဲရန်အတွက် ကျင့်ကြံခြင်းနည်းပညာရပ်များကို ကျင့်ကြံရမည် ဖြစ်သည်။ အခြားနတ်ဆိုးသားရဲများဆိုလျှင် ပြင်ပကမ္ဘာမှ ကျင့်ကြံခြင်း နည်းပညာရပ်များ ရယူရန် လိုအပ်သော်လည်း နတ်ဘုရားသားရဲများ၏ သွေးမျိုးဆက် များကို ပိုင်ဆိုင်ထားသော ရှောင်ကျင်းတို့ကဲ့သို့ နတ်သားရဲများအားလုံးသည် သူတို့၏ စိတ်ထဲတွင် နတ်ဘုရားသားရဲများ၏ ချန်ထားရစ်ခဲ့သော ရှေးဟောင်းအမွေအနှစ်များ ရှိနေပါသည်။ ထိုကျင့်ကြံခြင်းနည်းပညာရပ်များသည် သူတို့အတွက် အသင့်တော်ဆုံး လည်း ဖြစ်ပါသည်။
ရှောင်ကျင်းသည် ဆိုးသွမ်းသောသဘောရှိသူ ဖြစ်သည်။ ထို့ကြောင့် သူသည် သဘာဝအတိုင်း ယခုလောက် ငြိမ်းငြိမ်းချမ်းချမ်း နေမည်မဟုတ်ပေ။ ထို့နောက်၊ သူသည် ချင်ယွင်၏ခွင့်ပြုချက်ရရှိပြီးနောက်၊ သူပထမဆုံးလုပ်သည်မှာ ဘေကျန်းကို ဆွဲခေါ်ပြီး ပလက်တီနမ်လှိုဏ်ဂူ၏ သြဇာလွှမ်းမိုးမှုနယ်မြေအတွင်း ကင်းလှည့်ရန် ခေါ်ဆောင်သွားလေသည်။
ချင်ယွင်အနေဖြင့်မူ၊ သူမမှာ အရေးကြီးကိစ္စ တစ်ခုခုပြောစရာရှိနေသည့်အလား အကြီးအကဲဇီရှန်က သူ့ကို ဆွဲခေါ်သွားသည်။
ချင်ယွင်သည် ဇီရှန်ပြောချင်သည့် အကြောင်းအရာကို ယောင်ဝါးဝါးမှန်းဆရင်း လေးနက်သည့် အမူအရာလည်း ရှိနေပါသည်။
သေချာပါသည်။ ဇီရှန်ထုတ်ပြောလိုက်သည့်အခိုက်တွင် ချင်ယွင်ကို လုံးလုံးလျားလျား ထိုင်မိသွားစေသည်။ အဘယ်ကြောင့်ဆိုသော် ဇီရှန်ပြောသည့် အကြောင်းအရာသည် သူတွေးထားသမျှအတိုင်းသာ ဖြစ်နေသောကြောင့် ဖြစ်ပါသည်။
" လင်းယွင်၊ မင်းလည်း ခန့်မှန်းပြီးလောက်ပြီ။ ငါက ဒီနေရာကို ဖြတ်သွားဖြတ်လာ ရောက်လာတာ မဟုတ်ဘူး၊ မင်းက လုံလောက်အောင် မသန်မာသေးဘူးလို့ ထင်ပြီး မင်းကို ငါ အရင်က မပြောခဲ့တာ" တကယ်လို့ မင်းသွားမယ်ဆိုရင်လည်း မင်း သေသွားလိမ့်မယ်။ အခု မင်းက နှောင်းပိုင်းအဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျွမ်းကျင်ပညာရှင်နှစ်ဦးကိုတောင် သတ်ဖြတ်နိုင်နေပြီ။ ဒါက မင်းရဲ့ကျင့်ကြံမူအဆင့် က အခြေခံအားဖြင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်နဲ့ နီးကပ်နေပြီ ဖြစ်တယ်။ ဒါကြောင့် ဒီအကြောင်းကိုတွေးပြီး ငါ မင်းကို ပြောပြဖို့ ဆုံးဖြတ်လိုက်တာ။ ငါတို့က လျှို့ဝှက်နေရာတစ်ခုကို ရှာတွေ့ထားတယ်။ ဒါပေမယ့် အရမ်း အန္တရာယ်များလွန်းတယ်။ မင်းရဲ့အသက်တောင် ဆုံးရှုံးသွားနိုင်တယ်။ တကယ်ရော မင်းအနေနဲ့ စွန့်စားဖို့ ဆန္ဒရှိရဲ့လားလို့ ငါ သိချင်တယ်?" ဇီရှန်က ခရမ်းရောင်မျက်လုံးတစ်စုံဖြင့် ချင်ယွင်ကို လေးနက်စွာ စိုက်ကြည့်ရင်း မေးလိုက်ပါသည်။
"လျှို့ဝှက်နေရာတစ်ခုလား?"
ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိပါသည်။ ရေအောက် နတ်ဆိုး သားရဲကမ္ဘာကို သူရောက်လာရတဲ့ အကြီးမားဆုံး အကြောင်းရင်းတစ်ခုကတော့ အင်မော်တယ်ဘုရင်တစ်ပါး၏ နန်းတော်လို့ခေါ်တဲ့ အရာကြောင့်ပဲ ဖြစ်သည်။ ယခု ဇီရှန်ပြောခဲ့သည့် အခွင့်အရေးက အင်မော်တယ်ဘုရင်၏နန်းတော်နှင့် ဆက်စပ်မှု ရှိမရှိ သူမသိပါဘူး။
အခန်း (၄၅၂) လျှို့ဝှက်နယ်မြေ။
"လျှို့ဝှက်နယ်မြေလား?" ချင်ယွင်သည် အံ့သြဟန်ဆောင်ကာ မေးလိုက်သည်။
"မှန်တယ်၊ အဲဒါက လျှို့ဝှက်နေမြေတစ်ခုပဲ။ မကြာသေးခင်ကမှ ရှာဖွေတွေ့ရှိခဲ့တာ။ တစ်ချိန်တုန်း ထိပ်တန်းကျွမ်းကျင်ပညာရှင်တစ်ယောက် ကျင့်ကြံခဲ့တဲ့ ဂူတစ်ခုလို့ ပြောလို့ရတယ်။ အဲဒီပညာရှင် ချန်ထားရစ်ခဲ့တဲ့ ရတနာတွေ အများကြီးရှိပုံရတယ်။" ဇီရှန်က ပြောပြပါသည်။
ချင်ယွင် ရုတ်တရက် တုန်လှုပ်သွားသည်။ ထိပ်တန်းကျွမ်းကျင်ပညာရှင်တစ်ယောက်ရဲ့ လှိုဏ်ဂူလား။ အဲဒါက အင်မော်တယ်ဘုရင်တစ်ပါး ချန်ထားရစ်ခဲ့တဲ့ နန်တော်ကြီးများ ဖြစ်နိုင်မလား။
ချင်ယွင် ဆက်မမေးခင်မှာ ဇီရှန် ထပ်ပြောပြပါသည် " အခု ငါတို့ရောက်နေတဲ့ ဒီပင်လယ်ကြီးကို တွင်းနက်မဲ့ပင်လယ်လို့ ဘာလို့ခေါ်လဲ မင်း သိလား?"
ချင်ယွင်သည် ခေါင်းခါပြလိုက်ပါသည်။ သူကိုယ်တိုင်ပင် ဤနာမည်ကို မကြာသေးခင် ကမှ ကြားဖူးခဲ့ခြင်း ဖြစ်ပါသည်။ ဤနာမည်သည် ကောင်းကင်နဂါးတိုက်ကြီးမှ ဆင်းသက်လာသည်ဟု ပြောဆိုသည်။ ဤနာမည်၏နောက်ကွယ်က အဓိပ္ပါယ် အစစ်အမှန်ကို သူလည်း မသိသေးပါဘူး။
“တကယ်တော့ ဒီပင်လယ်ကြီးကို လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးထောင်လောက်က တွင်းနက် မဲ့ပင်လယ်ကြီးလို့ မခေါ်သေးဘူး။ မိုးပြာဒီရေလှိုင်းပင်လယ်ကြီးလို့ပဲ ခေါ်ကြတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့နှစ်ပေါင်း ၅,၀၀၀ လောက်က မိုးပြာဒီရေလှိုင်းပင်လယ်ကြီးထဲမှာ တွင် ကြီးမားတဲ့ငလျင်ကြီးတစ်ခု လှုပ်ခတ်သွားခဲ့တယ်လို့ ဒဏ္ဍာရီတစ်ခုရှိခဲ့တယ်။ အဲဒီငလျင်လှုပ်ခတ်မူကြီးကြောင့် မိုးပြာဒီရေလှိုင်းပင်လယ်ရဲ့အလယ်မှာ ကြီးမားတဲ့ အက်ကွဲကြောင်းကြီးတစ်ခု ပေါ်လာခဲ့တယ်။ အဲဒီအက်ကွဲကြောင်းကြီးက အောက်ခြေ နီးပါးအနက်အထိရှိခဲ့ပြီး မီတာတစ်သောင်းခန့်ရှိတယ်တဲ့။ အဲဒီအချိန်ကစပြီး ဒီပင်လယ်ကြီးကို တွင်းနက်မဲ့ပင်လယ်လို့ နာမည်ပြောင်းခဲ့တာပဲ။ ပင်လယ်ကြီးရဲ့ အလယ်မှာ အဆုံးမဲ့ချောက်နက်ကြီးတစ်ခုရှိတယ်လို့ ဆိုလိုတာပေါ့" ဇီရှန်က ပြောပြသည်။
"မီတာတစ်သောင်းနက်တယ်လား?" ချင်ယွင်သည် ချက်ချင်း အံ့သြသွားခဲ့သည်။ သမုဒ္ဒရာတစ်ခုလုံး၏အနက်သည်ပင် မီတာတစ်သောင်းသာရှိသည်။ ကမ္ဘာ့မြေလွှာ အောက်ရှိ ပင်လယ်ကြမ်းပြင်အောက်မှာ မီတာတစ်သောင်း အနက်ရှိသေးတာလား။ ထိုအရာသည် ဂြိုလ်တစ်ခု၏ဗဟိုချက်နှင့် နီးကပ်ကောင်း နီးကပ်နေပါပြီ။
"အဲဒီအက်ကွဲကြောင်းကြီးရဲ့အောက်ခြေမှာ ဘာတွေရှိလဲ" ချင်ယွင်က ဆက်ပြီး မေးမြန်း ကြည့်လိုက်မိသည်။
အင်မော်တယ်ဘုရင်တစ်ပါး၏နန်းတော်သည် ဤကြီးမားလှသော တွင်းနက်ကြီးထဲ၌ ရှိနေသည်ဟု သူ ခံစားမိသည်။ ထို အင်မော်တယ်ဘုရင်သည် သူမသေခင်မှာ ထိုချောက်နက်ကြီးကို ဖွင့်ထားခဲ့ခြင်း ဖြစ်နိုင်ပါသည်။ ထိုသို့မဟုတ်လျှင် ဤသေမျိုး ကမ္ဘာတွင် ဤမျှလောက် ကောင်းကင်ဘုံကို အံတုနိုင်သည့်စွမ်းအားမျိုး အခြား မည်သူမှာ ရှိမည်နည်း။
“အဲဒီအဆုံးမဲ့ချောက်နက်ကြီးအောက်ခြေမှာ ဘာရှိလဲဆိုတာကို ဘယ်သူမှ မသိကြဘူး။ အဲဒီ အဆုံးမဲ့ချောက်နက်ကြီးအောက်မှာ ယှဉ်ပြလို့မရအောင် ကြောက်စရာ ကောင်းတဲ့ နတ်ဆိုးသားရဲတစ်ကောင် ရှိတယ်လို့တော့ ငါ ကြားဖူးတယ်။ အဲဒီ ချောက်နက်ကြီးထဲ ဆင်းတက်သွားသူမှန်သမျှ ဘယ်သူမှ အသက်ရှင်လျက် ပြန်မလာနိုင်ဘူး။ အဲဒီကြားထဲမှာ အထွတ်အထိပ်အဆင့် အင်မော်တယ်အသွင်ကူး ပြောင်းခြင်းနယ်ပယ် နတ်ဆိုးသားရဲတစ်ကောင် ရှိတယ်လို့လည်း ဆိုကြတယ်။" ဇီရှန် က သူမခေါင်းကို ခါယမ်းပြီး သက်ပြင်းချကာ ပြောလိုက်သည်။ အဆုံးမဲ့ချောက်နက် ကြီးသည် တွင်းနက်မဲ့ပင်လယ်ကြီး၏ ကြောက်စရာကောင်းဆုံးနေရာ ဖြစ်သလို သူတို့နေထိုင်ရာ ဤကမ္ဘာကြီး၏ အဆိုးဝါးဆုံးနေရာတစ်ခုတောင် ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။
ထိုစကားကိုကြားပြီးနောက်၊ ချင်ယွင်သည် သူ၏နှလုံးသားထဲတွင် ကြီးမားသော လှိုင်းလုံးကြီးတစ်ခု လှုပ်ခတ်သွားသလို ခံစားလိုက်ရသည်။ အထွတ်အထိပ်အဆင့် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ် ကျွမ်းကျင်ပညာရှင်တစ်ဦးပင် ထာဝရ ပျောက်ကွယ်သွားနိုင်ပါသည်။ ထိုအဆုံးမဲ့ချောက်နက်ကြီးထဲမှာရှိနေသည့် အန္တရာယ် သည် မည်မျှကြီးမားသည်ကို ခန့်မှန်းကြည့်လို့ ရနိုင်ပါသည်။
ယင်းက အင်မော်တယ်ဘုရင်၏ နန်းတော်သည် ထိုအဆုံးမဲ့ချောက်နက်ကြီးထဲတွင် တည်ရှိနေသည်ဟု ချင်ယွင်ကို သေချာသလို ခံစားရစေသည်။ ထို့အပြင် ဇီရှန်ပြော သည့် နတ်ဆိုးသားရဲ တစ်ကောင်လည်း ရှိသေးသည်။ ချင်ယွင်ကိုယ်တိုင်မှာလည်း ထင်မြင်ချက်အချို့ ရှိနေပါသည်။ ထိုအင်မော်တယ်ဘုရင်၏ နန်းတော်ကြီးတွင် ၎င်းနန်းတော်ကြီးကို စောင့်ကြပ်ပေးနေသူတစ်ဦးလည်း ရှိနေပါသည်။
ဇီရှန်ပြောနေသည့် ထိုနတ်ဆိုးသားရဲကြီးသည် မီးနဂါးကြီးပါးစပ်က ထုတ်ဖော်ပြောဆို ခဲ့သည့် ထိုအစောင့်အကြပ်ကောင်ကြီး ဖြစ်သင့်သည်။
"အင်း၊ အင်မော်တယ် အသွင်ကူးပြောင်းခြင်းနယ်ပယ်သို့ မရောက်မချင်း ငါ အင်မော်တယ်ဘုရင်ရဲ့နန်းတော်ကြီးကို စူးစမ်းရှာဖွေလို့ မရနိုင်လောက်ဘူး ထင်တယ်။" ချင်ယွင်သည် အင်မော်တယ်ဘုရင်၏နန်းတော်ကိစ္စကို တခဏသာ ဘေးဖယ်ထားရန် သူ့ကိုယ်သူ တွေးနေမိသည်။
"အစ်မဇီ ၊ အခု အစ်မဇီတို့ ရှာမယ်လို့ပြောနေတဲ့ လျှို့ဝှက်ရတနာက အဆုံးမဲ့ ချောက်နက်ကြီးနဲ့ ဆက်စပ်နေလား ။" ချင်ယွင်က ဆက်မေးလိုက်သည်။
အဆုံးမဲ့ချောက်နက်ကြီးထဲ ဝင်ရောက်သွားသူများသည် အင်မော်တယ်အသွင်ကူး ပြောင်းခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူများပင် ဘယ်တော့မှ ပြန်မလာတော့ဟု ဇီရှန်က ပြောခဲ့သောကြောင့်၊ ယခု ရှာဖွေမည့် လျှို့ဝှက်နယ်မြေ သည် အဆုံးမဲ့ချောက်နက်ကြီးအောက်ရှိ အင်မော်တယ်ဘုရင်၏နန်းတော်ကို သေချာပေါက် ရည်ညွှန်းနေမည် မဟုတ်ပေ။
"ဟုတ်တယ်၊ ဒါပေမယ့် ဒီလျှို့ဝှက်နယ်မြေက အဆုံးမဲ့ချောက်နက်ကြီးအောက်မှာ ရှိနေတာ မဟုတ်ပါဘူး၊ ဒါပေမယ့်၊ အဲဒီအဆုံးမဲ့ချောက်နက်ကြီးရဲ့ ချောက်ကမ်းပါး ပေါ်မှာ အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ် အထွတ်အထိပ်အဆင့် ထိပ်တန်း ကျွမ်းကျင်ပညာရှင် ကျန်ရစ်ခဲ့တဲ့ ဂူပေါက်တစ်ခု ဖြစ်လိမ့်မယ်ထင်တယ်။ လှိုဏ်ဂူရဲ့ ဝင်ပေါက်မှာ ပုံရိပ်ယောင်အစီအရင်တွေ၊ ထောင်ချောက်အစီအရင်တွေလည်း ရှိနေသေးတယ်၊ ဒါကြောင့် လှိုင်ဂူထဲကို ဝင်ချင်တယ်ဆိုရင်တော့ အဲဒီအစီအရင် ထောင်ချောက်တွေကို အရင်ဆုံး ချိုးဖျက်ရမယ်”။
“ဝင်္ကပါတွေလား။” ကျွန်တော်တို့ ရေအောက်နတ်ဆိုးသားရဲ ကျင့်ကြံသူတွေမှာလည်း ဝင်္ကပါတွေကို သိတဲ့လူတွေ ရှိနေသေးတာလား”။ ချင်ယွင်က စိတ်ရှုပ်ထွေး ဟန်ဖြင့် မေးလိုက်မိသည်။
“မင်းက ဒီလောက် ဉာဏ်ကောင်းမယ်လို့ ငါ မမျှော်လင့်ထားဘူး။ ဟုတ်တာပေါ့။ ငါတို့ရေအောက်နတ်ဆိုးသားရဲ ကျင့်ကြံတွေက ဝင်္ကပါပညာရပ်တွေကို အမှန်တကယ် မသိကြပါဘူး၊ ဒါက အဲဒီလှိုင်ဂူမှာ ကျင့်ကြံခဲ့တဲ့ လူသားပညာရှင်တစ်ယောက်က ချန်ထားခဲ့တာပါ။" ဇီရှန်က ပြုံးရင်း ပြောသည်။ ရှင်းရှင်းပြောရရင်၊ ချင်ယွင်သည် လှိုဏ်ဂူပိုင်ရှင်၏ ကိုယ်ရေးအချက်အလက်ကို ကြိုတင်မှန်းဆ၍ရသောကြောင့် သူသည် ကျေနပ်အားရမိပါသည်။
ချင်ယွင်သည် နောက်တစ်ကြိမ် မျက်မှောင်ကြုတ်မိပြန်သည်။ ထိုလူသားကျွမ်းကျင် ပညာရှင်သည် ပင်လယ်ရေမျက်နှာပြင်အောက်ရှိ နတ်ဆိုးသားရဲများကမ္ဘာတွင် လှိုဏ်ဂူတစ်ခုကို မည်သို့ ဖွင့်နိုင်ခဲ့သနည်း၊ ထို့အပြင် သူသည် အဆုံးမဲ့ချောက်နက် ကြီး၏ ချောက်ကမ်းပါးတွင် ရှိနေဆဲဖြစ်သည်။
ဆိုလိုသည်မှာ ပင်လယ်ကြမ်းပြင်အောက်ရှိ တစ်စုံတစ်ခုသည် ထိုလူသားကျွမ်းကျင် ပညာရှင်ကို ဆွဲဆောင်နိုင်၍သာ ဖြစ်ပါလိမ့်မည်။ ထိုအရာသည်လည်း အဆုံးမဲ့ ချောက်နက်ကြီးအောက်ခြေရှိ အင်မော်တယ်ဘုရင်၏နန်းတော်ကြီး ဖြစ်နိုင်ပါသည်။
“အဲဒီလူသားကျွမ်းကျင်ပညာရှင်က အဆုံးမဲ့ချောက်နက်ကြီးရဲ့ ချောက်ကမ်းပါးပေါ်မှာ လှိုဏ်ဂူတစ်ခုကို ဖွင့်ထားခဲ့တယ်ဆိုမှတော့ သူက အဆုံးမဲ့ချောက်နက်ကြီး အောက် မှာရှိတဲ့ ကမ္ဘာကြီးကို အချိန်အတော်ကြာအောင် စူးစမ်းလေ့လာနေခြင်း ဖြစ်လိမ့်မယ်။ အဲဒီလှိုဏ်ဂူထဲမှာ အင်မော်တယ်ဘုရင်ရဲ့နန်းတော်နဲ့ပတ်သက်တဲ့ အချက်အလက်တွေ ရှိကောင်းရှိနေနိုင်တယ်။ ငါ အဲဒီလူသားကျွမ်းကျင်ပညာရှင်ရဲ့ လှိုဏ်ဂူကို သွားရမယ် ထင်တယ်" ချင်ယွင်သည် သူ၏စိတ်ထဲမှာ မှန်းဆလိုက်ပါသည်။
မူလကတော့ သူသည် ထိုလူသားကျွမ်းကျင်ပညာရှင်၏ စံအိမ်ကြီးကို သိပ်ပြီး စိတ်မဝင်စားခဲ့ပါဘူး။ ဤသေမျိုးကမ္ဘာတွင် သူ၏မျက်လုံးထဲကို ဝင်ရောက်နိုင်သော ရတနာတွေက အလွန်နည်းပါးပါသည်။ သူ အမှန်တကယ် ဂရုစိုက်သည့်အရာက တွင်းနက်မဲ့ ပင်လယ်ကြီးအောက်ရှိ အင်မော်တယ်ဘုရင်၏ နန်းတော်ကြီး ဖြစ်ပါသည်။ နဂါးဘုရင်၏ကျောက်စိမ်းစည်းတံဆိပ်သည်ပင် ကြီးမြတ်သောရတနာတစ်ခု ဖြစ်နေ ပါပြီ။ အင်မော်တယ်နန်းတော်အတွင်းမှာ အင်မော်တယ်ဘုရင်၏ အမွေကိုတောင် ဆက်ခံရရှိနိုင်ပါသေးသည်။
အကယ်၍ သူသာ အင်မော်တယ်ဘုရင်၏ အမွေကို ဆက်ခံခွင့်ရရှိမည်ဆိုလျှင် ယင်းက ကြီးမားသည့် ကံကောင်းမူကြီးတစ်ခု ဖြစ်ပါလိမ့််မည်။
"ကောင်းပြီ၊ အစ်မဇီ၊ ကျွန်တော် အစ်မဇီနဲ့အတူ အဲဒီလျှို့ဝှက်နေရာကို လိုက်ဖို့ သဘောတူတယ်။
"
ချင်ယွင်၏ သဘောတူကြောင်းစကားကို ကြားလိုက်ရသည့်အခါ ဇီရှန်သည် ချစ်စရာ ကောင်းစွာ ပြုံးလိုက်သည်။ ချင်ယွင်ကို ထိုလျှို့ဝှက်နယ်မြေအကြောင်း သူမ ပြောပြရခြင်း၏ အကြောင်းအရင်းမှာ ချင်ယွင်၏ စွမ်းရည်နှင့် အရည်အချင်းများကို သူမ မြင်ထားခြင်းကြောင့် ဖြစ်သည်။ သူသည် စူးစမ်းလေ့လာရန်အတွက် သူမ နောက်သို့ လိုက်ပါနိုင်မည်ဟု သူမ မျှော်လင့်ထားသည်။ သူသည် သူ၏ကျင့်ကြံမူ အတွက် များစွာအထောက်အကူဖြစ်စေမည့် အခွင့်ကောင်းအချို့ကို ရရှိကောင်း ရရှိသွားနိုင်ပေ မည်။
အရင်ကတော့ ထိုလျှို့ဝှက်နယ်မြေက သေဆုံးကောင်းသေဆုံးသွားနိုင်သည်ဟု သူမ ပြောခဲ့ဖူးသည်။ ယင်းက ချင်ယွင်၏ ရဲစွမ်းသတ္တိကို စမ်းသပ်မှုတစ်ခုလည်း ဖြစ်ပါသည်။ အကယ်၍ ချင်ယွင်သည် စွန့်စားရဲသည့် သတ္တိပင် မရှိခဲ့ပါက၊ ချင်ယွင်ကို ပြုစု ပျိုး ထောင်ပေးရန်အတွက် သူမ၏ အကြံအစည်အားလုံးကို လုံးဝစွန့်လွှတ်လိုက်မည် ဖြစ်သည်။ သူမအနားတွင် ရှိနေသမျှ သူမသည် ချင်ယွင်၏အသက်အန္တရာယ်ကို သေချာပေါက် ထိခိုက်စေလိမ့် မဟုတ်ပေ။
" အစ်မဇီ ၊ ကျွန်တော်တို့ ဘယ်တော့ထွက်ကြမလဲ" ချင်ယွင်က မေးသည်။
"အလျင်မလိုပါနဲ့ဦး။ အဲဒီလှိုဏ်ဂူကို စောင့်ကြည့်ဖို့ တစ်စုံတစ်ယောက်ကို စေလွှတ် ထားပြီးသားပါ၊ အခုချိန်မှာ အင်အားစုကြီးသုံးခုစလုံး အဲဒီအင်မော်တယ်လှိုင်ဂူရဲ့ တည်နေရာကို သိထားပြီးပြီ၊ ဧရာမဝေလငါးနန်းတော်နဲ့ လိပ်နက်နန်းတော်တို့က လည်း မူလကတည်းက တပ်မှူးကြီးတွေကို ဒီနေရာကို စေလွှတ်ခဲ့တယ်၊ " ဒါပေမယ့် ဒီရုန်းရင်းဆန်ခတ်မူကြီး ဖြစ်ပြီးတဲ့နောက် ဧရာမဝေလငါးနန်းတော်နဲ့ လိပ်နက် နန်းတော်တို့က နောက်ထပ် လူတွေကို စေလွှတ်ထားမှာ ငါကြောက်တယ်။ ငါတို့ နှစ်ယောက်တည်း ရှေ့ကို အမြန်ပြေးသွားခဲ့ရင် ငါတို့အနေနဲ့ အကြီးအကျယ် ဆုံးရှုံးရ လိမ့်မယ်။ ဒါကြောင့် ငါတို့ကို အမြန်လာရောက်ကူညီပေးနိုင်မယ့် လှိုဏ်ဂူရဲ့ တပ်မှူးတစ်ဦးထံ အကြောင်းကြားစာ ပို့ထားပြီးပြီ။ နောက်သုံးရက်လောက်အတွင်းမှာ သူရောက်လာနိုင်မှာပါ” ဟု ဇီရှန်က ပြောသည်။
ချင်ယွင်သည် ခေါင်းညိတ်ပြီး သူ့ကိုယ်သူ တွေးလိုက်သည် “အခုချိန်ကစပြီး သုံးရက်လား။ အဲဒါလည်း ကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ်၊ ငါက 'လျှို့ဝှက်ဆန်း ကြယ်သောအဝါရောင်နတ်ဆိုးပညာ'ရပ်ရဲ့ ပထမအဆင့်ဖြစ်တဲ့ တောင်ရွေ့လျားခြင်း နယ်ပယ် အလယ်တန်းအဆင့်ရဲ့ အထွက်အထိပ်ကို ရောက်ရှိနေပြီ။ ငါက တောင်ရွေ့ လျားခြင်းနယ်ပယ် နှောင်းပိုင်းအဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းသာ ဝေးတော့တယ်။ ဒီသုံးရက်ကို တောင်ရွေ့လျားခြင်းနယ်ပယ်ရဲ့ နှောင်းပိုင်းအဆင့်ကို ဖြတ်ကျော် ဝင်ရောက်ဖို့ အခွင့်အရေးအဖြစ် အသုံးချနိုင်တယ်။”
“နောက်သုံးရက်အတွင်း တခြားနန်းတော်ကြီးနှစ်ခုရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့် လေ့လာဖို့ ငါ အပြင်ထွက်လိုက်ဦးမယ်။ ငါ ဒီလှိုဏ်ဂူမှာ ရှိနေမှာမဟုတ်ဘူး။ ဒါက ဆက်သွယ်ရေး အဆောင်တစ်ခုပဲ။ ပြောချင်တဲ့အရာအားလုံးကို မင်းဆန္ဒအတိုင်း ဆက်သွယ်ရေး အဆောင်ထဲကို ထည့်ပေးရမှာ။” ဇီရှန်က ကျောက်စိမ်းဆွဲသီးနှင့် တူသည့် အဆောင်တစ်ခုကို ချင်ယွင်ဆီကို လွှဲပေးလိုက်ပါသည်။
"ကျေးဇူးတင်ပါတယ် အစ်မဇီ!" ချင်ယွင်သည် စိတ်ဝိညာဉ်ဆက်သွယ်ရေးအဆောင်ကို သိမ်းဆည်းလိုက်ပါသည်။ သူ့ကိုကာကွယ်ရန် ဆန္ဒရှိသောကြောင့်သာ ဇီရှန်သည် သူ့အား စိတ်ဝိညာဉ်ဆက်သွယ်ရေးအဆောင်ကို ပေးခြင်းဖြစ်ကြောင်း သူ သိသည်။ ဤအဆောင်သည် ချင်ယွင်အတွက် ကြီးမားသည့်အရာတစ်ခု ဖြစ်ပါသည်။
ဇီရှန်သည် ခေါင်းညိတ်ပြပြီးနောက် မည်သည့်စကားမှ မပြောတော့ချေ။ ထို့နောက် သူမသည် ခန်းမဆောင်ထဲမှ လှည့်ထွက်သွားတော့သည်။
အခန်း (၄၅၃) တောင်ရွေ့လျားခြင်းနယ်ပယ် နှောင်းပိုင်းအဆင့်။
အချိန်သုံးရက်သည် အလွန်လျင်မြန်စွာဖြင့် ကုန်ဆုံးသွားခဲ့ပါပြီ။
လွန်ခဲ့သည့် သုံးရက်အတွင်း ကြီးကြီးမားမား အဖြစ်အပျက်မျိုး ဖြစ်ပွားခဲ့ခြင်း မရှိခဲ့ပါဘူး။ အရာအားလုံးသည် လေငြိမ်နေသည့် လှိုင်းလုံးကြီးများကဲ့သို့ ဖြစ်နေဟန် တူပါသည်။
ရှောင်ဘိုင်သည် ပုံမှန်အတိုင်း တံခါးပိတ်ကျင့်ကြံနေဆဲဖြစ်ပြီး ရှောင်ကျင်းသည် လှိုဏ်ဂူနှင့်ပတ်သက်ပြီး စီမံခန့်ခွဲရာတွင် ပို၍ကျွမ်းကျင်လာခဲ့သည်။ ပလက်တီနမ် လှိုဏ်ဂူတစ်ခုလုံးကို စနစ်တကျ စီမံခန့်ခွဲရန်အတွက် စကားထဲပင် ထည့်ပြောစရာ မလိုပါချေ။
ဤသုံးရက်တာကာလအတွင်းမှာ အနှောင့်အယှက်တစ်ခု ဖြစ်ခဲ့ကြောင်း ပြောလို့တော့ ရပါသည်။ အဆင့်ငါး အထွတ်အထိပ်အဆင့် နတ်ဆိုးသားရဲအစောင့်တစ်ဦးသည် ဘေကျန်း၏နားထဲရောက်သည်အထိ အတင်းအဖျင်းပြောနေခဲ့ပြီး ဘေကျန်းသည်ပင် လက်မခံနိုင်အောင် ခံစားရသည်။
အလယ်လတ်အဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျွမ်းကျင်ပညာရှင်ဖြစ်သူ သူသည် အစောပိုင်းအဆင့်မှာရှိသည့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် နတ်ဆိုး သားရဲတစ်ကောင်၏ အမိန့်ကို အမှန်တကယ် နာခံနေသည် ထိုအစောင့်က ဆိုသည်။ ဘေကျန်းကိုပင် ကာကွယ်သူအဖြစ် ထားရှိရန် အကြီးအကဲဇီကို ပြောသင့်သည်ဟု လည်း သူက ပြောသေးသည်။ အဆုံးတွင် ပြောခံရသော ဘေကျန်းသည် သူပြောခဲ့ သောစကားကြောင့် အနည်းငယ် တုန်လှုပ်သွားလိမ့်မည်ဟု ထိုအစောင့်လည်း မထင်ထားခဲ့ပေ။
ရှောင်ကျင်း၏ နံနက်ခင်း ကင်းလှည့်နေစဉ်အတွင်းမှာ အဆင့်ငါးနတ်ဆိုးသားရဲ တစ်ကောင်သည် ခုန်ထွက်လာပြီး ရှောင်ကျင်းကို ပွင့်ပွင့်လင်းလင်း ပစ်မှတ်ထားကာ တိုက်ခိုက်ခဲ့သည်။ အဆုံးတွင် ရှောင်ကျင်းသည် သဲလွန်စများကိုမြင်ပြီးနောက် ချက်ခြင်း ဒေါသထွက်သွားခဲ့သည်။ သူသည် အဆင့်ငါး ထိုနတ်ဆိုးသားရဲကို အသားငါးပိနှယ်ထားသည်အထိ တိုက်ရိုက် ရိုက်သတ်ပစ်လိုက်သည်။ ထိုအချိန် ပေါက်ကွဲထွက်လာသော ထူးဆန်းသော အငွေ့အသက်သည် ဘေကျန်းကိုပင် ခြိမ်းခြောက်နိုင်သည်။
ရှောင်ကျင်းသည် အလွန်အစွမ်းထက်သည်ကို မြင်လိုက်ရသဖြင့် ဘေကျန်းသည် ပုန်ကန်ရန် မဝံ့ရဲခဲ့ပေ။ ထိုကြောင့် သူသည် ရှောင်ကျင်းကို ပို၍ပင် ယုံကြည် လက်ခံလာခဲ့သည်။
"ဟမ့်၊ မင်းတို့အယုတ်တမာကောင်တွေက ဒီတခါ ငါနဲ့လာတွေတာ ကံကောင်းတယ်။ တကယ်လို့ အဲဒီမြွေငတုံးကြီး ဒါမမဟုတ် ငါ့အစ်ကိုကြီးနဲ့တွေ့ရင်တော့ မင်းတို့အားလုံး စိတ်ဆင်းရဲစွာနဲ့ သေကြရလိမ့်မယ်လို့ ငါ ခန့်မှန်းတယ်။ အထူးသဖြင့် ငါ့အစ်ကိုကြီးပဲ။ သူ့ရဲ့ ခွန်အားနဲ့ ဒေါသက ငါ့ထက် သာလွန်တယ်" ရှောင်ကျင်းက တမင်တကာ ပြောလိုက်သည်။ သူသည် တောင်ပေါ်ကကျားကို အောင်အောင်မြင်မြင် မောင်းထုတ်နိုင်ခဲ့ကြောင်း တွေ့လိုက်ရသည်။ (တင်စားပြောခြင်းဖြစ်ပါသည်)။ (ခပ်စွာစွာလူတွေကို ဖိနှိပ်ထားခြင်းကို ရည်ရွယ်ဟန်တူပါသည်)။
အတိအကျပြောရလျှင် ရှောင်ကျင်း၏ ထိုစကားများကြောင့် ဆိတ်သုဉ်းခြင်း သားရဲတွေ ပဲ ဖြစ်ဖြစ် ဘေကျန်းပဲဖြစ်ဖြစ် ချင်ယွင်ကိုမြင်သည်နှင့် တစ္ဆေသရဲကို မြင်ရသကဲ့သို့ ဖြစ်ကုန်သည်။ သူတို့သည် ကြောက်ရွံ့နေကြပြီး၊ အကယ်၍ သူတို့ ပုန်းအောင်း၍ ရနိုင်လျှင် ပုန်းအောင်းကြသည်။ အကယ်၍ မပုန်းအောင်းနိုင်လျှင် မြေပြင်ပေါ် တိုက်ရိုက် ဒူးထောက်ပြီး ဂါရဝပြုကြကုန်သည်။
အစပိုင်းတွင် ချင်ယွင်သည် အနည်းငယ် ထူးဆန်းသေးသည်။ ဤဆိတ်သုဉ်းခြင်း သားရဲများသည် အဘယ်ကြောင့် သူ့ကို အလွန်ကြောက်နေကြသနည်း။ နောက်ပိုင်း ဤကိစ္စ၏ နောက်ကွယ်တွင် ရှောင်ကျင်းရှိနေကြောင်း သူသိလိုက်ရသည့်အခါ ရယ်ရမလား ငိုရမလားပင်မသိဖြစ်ရပြီး တဒင်္ဂ တွေးတောလိုက်ရသည်။
သို့ရာတွင်၊ ဤဆိတ်သုဉ်းခြင်းသားရဲများနှင့်ပတ်သက်၍ သူ၏အမြင်ကို ပြောင်းလဲရန် မကြိုးစားခဲ့ပေ။ ရှောင်ကျင်း ပြောတာမှန်သည်ဟု သူခံစားမိတယ်။ သူတို့သည် ယခုမှ ဩဇာအာဏာပို သိမ်းပိုက်ထားခြင်း ဖြစ်သည်။ ဤအရာသည် သူတို့လိုအပ်သည့် ဂုဏ်သိက္ခာဖြစ်သည်။
ချင်ယွင်သည် ပလက်တီနမ်လှို ဏ်ဂူအပြင်ဘက်ရှိ ပွင့်လင်းသောနေရာလွတ် တစ်ခုတွင် တင်ပျဉ်ခွေထိုင်နေသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ လျှို့ဝှက်ဆန်းကြယ်သော ရွှေရောင် အလင်းတန်းများသည် လျှို့ဝှက်ဆန်းကြယ်သောစာလုံးများကဲ့သို့ သူ၏ပတ်ဝန်းကျင် မှာ စီးဆင်းသွားနေပြီး ကောင်းကင်နှင့်မြေကြီးမှ ရွှေရောင်အလင်းတန်းများသည် ချင်ယွင်၏ ကိုယ်ခန္ဓာ အတွင်းသို့ ပျံနှံ့စီးဝင်နေသည်။
ဤရွှေရောင်အလင်းတန်းများသည် ကောင်းကင်နှင့်မြေကြီးကြားရှိ သိမ်မွေ့ နက်နဲ သော အဝါရောင်ချီများဖြစ်ပြီး သူ၏ခန္ဓာကိုယ်ကို အလွန်တိုးတက်စေသည်။ ပုံမှန်အား ဖြင့် ကျင့်ကြံသူများသည် ဤအံ့ဖွယ်စွမ်းအင်ကို စုပ်ယူနိုင်မည် မဟုတ်ပေ။ သူစုပ်နိုင်သည့် ဤအခိုက်အတန့်တွင်၊ ကောင်းကင်နှင့် မြေကြီးကြားရှိ ဤအံ့ဖွယ် စွမ်းအားကို ခံစားနိုင်စေရန်အတွက် 'လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုး ပညာ'ရပ်ကို အတိအကျပင် လိုအပ်ပါသည်။
ဤရွှေရောင်အလင်းတန်းများသည် ချင်ယွင်၏ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားသော အခါတွင်၊ သူ၏ကြွက်သားများသည် ရွှေရောင်အဆင်းအလွှာတစ်ခုဖြင့် ဖုံးလွှမ်းသွား ခဲ့သည်။ ရွှေရောင်အလင်းတန်းများသည် တဖျပ်ဖျပ်လင်းလက်နေပြီး သူ၏ခန္ဓာကိုယ် ထဲမှ သွေးတွေက တလိမ့်လိမ့် စီးကျနေသည်။
အသားထဲရှိ ဆဲလ်အရေအတွက် တိုးပွားလာသည်နှင့်အမျှ အရိုးများ၏သိပ်သည်းဆ သည်လည်း တိုးမြှင့်လာခဲ့သည်။
ချင်ယွင်၏ အရပ်အမောင်းနှင့် ခန္ဓာကိုယ်ဝုံးဝန်းမူသည် များစွာ ပြောင်းလဲမသွား သော်လည်း သူ၏ကိုယ်အလေးချိန်သည် 'လျှို့ဝှက်ဆန်းကြယ်သောအဝါရောင် နတ်ဆိုးပညာ' ရပ်ကို မလေ့ကျင့်ခင်ကထက် ဆယ်ဆ ပိုကြီးထွားလာခဲ့သည်။ တစ်နည်းဆိုရသော် ချင်ယွင်သည် ၁.၈၅ မီတာ အရပ်ရှည်နေသေးသော်လည်း သူ၏ ကိုယ်အလေးချိန်သည် ဂျင် ၁,၀၀၀ ကျော်အထိ မြင့်တက်လာနေပြီ ဖြစ်သည်။ ဤသည်မှာ သေချာပေါက် ကြောက်မက်ဖွယ်ကောင်းသော ကိုယ်အလေးချိန် ဖြစ်သည်။
သာမန်လူသားတစ်ဦးသည် ကိုယ်အလေးအချိန် ဂျင် ၁,၀၀၀ ကျော် ရှိနေသည်။ ဤအရာသည် မထင်မှတ်ထားသည် အရာတစ်ခုဟု ပြောလို့ရပါသည်။
ဘန်း!
ထိုအချိန်တွင် ချင်ယွင်၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် လှိုင်းလုံးများ ထွက်ပေါ်လာ သည်။ သူ၏ခန္ဓာကိုယ်ပေါ်တွင် မူလကထွန်းလင်းတောက်ပနေသော ရွှေရောင် အလင်းတန်းများသည် တဖြည်းဖြည်း လျော့နည်းလာသည်။
ရွှေရောင်အလင်းတန်းများ တဖြည်းဖြည်း လျော့နည်းလာသည်နှင့်အမျှ ချင်ယွင်၏ ခန္ဓာကိုယ်ရှိ ကြွက်သားများသည် ပို၍ပင် ပြီးပြည့်စုံလာခဲ့သည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အရေပြားသည်လည်း ကြေးဝါရောင်သို့ ဦးတည်လာသည်။ သူ၏ နဂိုက ဖြူစင်သော မျက်နှာသည် ယခုအချိန်တွင် ပြတ်သားသည့် အမူအယာရှိနေသည်။
"ဘုန်း…!"
သူ၏ခန္ဓာကိုယ်တွင်းရှိ အငွေ့အသက်သည် လုံးလုံး ပွက်ပွက်ဆူလာခဲ့ပြီး ပြင်းထန် လှသော တဖျတ်ဖျတ်မြည်အသံကို ထုတ်ဖော်နေသည်။ သူ၏ခန္ဓာကိုယ်ထဲတွင် စီးဆင်းနေသော အနှစ်သာရသွေးများသည် မြစ်ကြီးတစ်စင်းကဲ့သို့ တလှိမ့်လှိမ့် ထိုးထွက်လာခဲ့ပြီး အဆက်မပြတ် မြည်ဟီးနေသည့် အသံများ ထွက်ပေါ်နေပါသည်။
ဝှီး……!
ချင်ယွင်သည် ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ သူ၏မျက်လုံးထဲတွင် ရွှေရောင် အလင်းတန်းတစ်ခု လင်းလက်လာပြီး သူ၏ခန္ဓာကိုယ်ကို ချက်ချင်းဆိုသလို ပစ်လွှတ် လိုက်သည်။ သူ၏ပုံရိပ်န်သည် ရွှေရောင်အလင်းတန်းတစ်ခုကဲ့သို့ လင်းလက်တောက်ပ သွားပြီး အဝေးမှာရှိနေသည့် မီတာတစ်ရာမြင့်သော သန္တာကျောက်တန်းကြီးကို တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားကာ အချင်းမီတာဝက်ရှိသော စက်ဝိုင်းအပေါက် တစ်ခုသာ ကျန်ရှိတော့သည်။
အကယ်၍ ထိုမြင်ကွင်းကိုမြင်ရလျှင် မြင်ဖူးသူတိုင်း အံ့သြသွားမိမှာ သေချာပါသည်။
သာမန်အဆင့်ငါး ဆိတ်ညံသောသားရဲတစ်ကောင်သည် ဤမီတာတစ်ရာမြင့်သော သန္တာကျောက်တန်းကို ဖြိုခွဲနိုင်ပါသည်။ သို့သော် ချင်ယွင်သည် ကျောက်တုံးကြီးကို အသားရေသက်သက်ဖြင့် ထိုးဖောက်သွားခြင်း ဖြစ်ပါသည်။ ထို့အပြင် ယင်းကြောင့် ကျောက်တုံးကြီးများလည်း ပြိုကွဲသွားခြင်းမရှိခဲ့ပေ။
ဤရုပ်ပိုင်းဆိုင်ရာခွန်အားသည် မည်မျှထိတ်လန့်စရာကောင်းပြီး ၎င်းရုပ်ခန္ဓာကိုယ် ခွန်အားအပေါ် သူ၏ထိန်းချုပ်မှုမှာ မည်မျှ ပုံမှန်မဟုတ်သည်ကို သိနိုင်ပါသည်။ တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတွေတောင် ဤအနေထားမျိုး ပြီးမြောက်အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး။
ချင်ယွင်သည် သူ၏နောက်တွင်ကျန်ခဲ့သော စက်ဝိုင်းပုံစံအပေါက်ကို ကြည့်လိုက်ရင်း သူ၏မျက်လုံးများတွင် အပြုံးတစ်ခု တောက်ပလာသည်။
ယခုအချိန်တွင်၊ သူ၏ရုပ်ခန္ဓာကိုယ်သည် တောင်ရွေ့လျားခြင်းနယ်ပယ်၏ နှောင်းပိုင်း အဆင့်သို့ လုံးလုံးလျားလျား ရောက်ရှိသွားခဲ့ပြီး သူ၏လက်ရှိခွန်အားသည် တာအို အငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ချင်ယွင်သည် အစောပိုင်းအဆင့်တွင်ရှိနေသည့် အမှန်တရားသို့ ပြန်လည်ခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦးကို အနိုင်ယူနိုင်မည်ဟု မပြောကြားနိုင်သော်လည်း၊ သူသည် ပြန်လည်တိုက်ခိုက်နိုင်စွမ်း ရှိနေဆဲဖြစ်ပါသည်။
"တောင်ရွေ့လျားခြင်းနယ်ပယ်ရဲ့ နှောင်းပိုင်းအဆင့်ကို ကျော်ဖြတ်ဖို့အတွက် သုံးရက် လောက် အချိန်ယူရမယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။ ဇီရှန်တောင် မကြာခင် ပြန်လာတော့မယ်ထင်တယ်။ ငါ လှိုဏ်ဂူထဲကို အရင်ပြန်သွားတာ ပိုကောင်းပါတယ်။" ချင်ယွင်သည် သူ၏ အဆင့်ချိုးဖြတ်မူမှ စိတ်လှုပ်ရှားမှုကို မျိုသိပ်ရင်း ပလက်တီနမ် လှိုဏ်ဂူဆီသို့ ဦးတည်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ပလက်တီနမ်လှိုဏ်ဂူသည် ဖိတ်ခေါ်မထားသော ဧည့်သည် နှစ်ဦးကိုလည်း ကြိုဆိုနေရသည်။
"တပ်မှူးဂေါ့၊၊ ဒီနေရာပဲ၊ ဒီလျှို့ဝှက်ဆန်းကြယ်လိပ်နက်လှိုဏ်ဂူဟာ မူလကတော့ တပ်မှူးဂေါ့အပိုင် ဖြစ်လာနိုင်ပေမယ့် အခုကတော့ ပလက်တီနမ်လှိုဏ်ဂူ စံအိမ်ကြီး ဖြစ်သွားရပြီ။ ပြီးတော့ တပ်မှူးရဲ့နယ်မြေကို လုယက်ခဲ့တဲ့ လင်းယွင်ကလည်း ဒီမှာပဲ နေထိုင်တယ်။" ဟောင်ကူက ကြံ့ခိုင်သန်မာသောလူတစ်ယောက်နောက်မှာ ရပ်ရင်း ပြောလိုက်သည်။
ကြံ့ခိုင်သန်မာသော အမျိုးသားသည် အရပ် ၁.၉ မီတာရှိပြီး သူ၏ခန္ဓာကိုယ်သည် အလွန်သန်မာပုံရသည်။ သူ၏ ကြွက်သားများသည် နဂါးဦးချိုများကဲ့သို့ ထုထစ်နေကာ ကြောက်ရွံ့ဖွယ်ခံစားချက်ကို ပေးစွမ်းသည်။ သူ၏ သူငယ်အိမ်များသည် နီရဲနေပြီး ဤအခိုက်အတန့်တွင် သူသည် ဒေါသ တဟုန်းဟုန်း တောက်လောင်နေသည်။
မှန်ပါသည်။ သူသည် ဆူးသုံးချောင်းလှိုဏ်ဂူနှင့် လိပ်နက်လှိုဏ်ဂူတို့ကို တာဝန်ယူထား ရသည့် တပ်မှူးဖြစ်ပါသည်။ ထိုဂူများကိုတာဝန်ယူထားရသူတပ်မှူးကို ဂေါ့ရှမ်းဟုခေါ် သည်။ မူလကတော့ သူသည် အကြီးအကဲဇီထံမှ သတင်းစကား ရရခြင်း ဆူးသုံးချောင်း လှိုဏ်ဂူထံသို့ အပြေးအလွှား ပြေးသွားခဲ့သည်။
သို့သော် ဆူးသုံးချောင်းလှိုဏ်ဂူသို့ သူရောက်သောအခါတွင် လိပ်နက်ဘိုးဘေးသည် လင်းယွင်ဟုခေါ်သော အမျိုးသားတစ်ဦး၏သတ်ခြင်းကိုခံရကြောင်း ဟောင်ကူထံမှ ကြားသိရသည်။ လိပ်နက်လှိုဏ်ဂူ၏ ကြီးမြတ်သောကာကွယ်သူရာထူးကိုလည်း အကြီးအကဲဇီမှ လင်းယွင်၏ ညီအကို နှစ်ယောက်ထံ ခန့်အပ်ခဲ့ပြီး ပလက်တီနမ် လှိုဏ်ဂူအား စီမံခန့်ခွဲရန် လင်းယွင်အား လွှဲပြောင်းပေးအပ်ခဲ့သည်။
ဤနည်းဖြင့် ဂေါ့ရှန်းသည် သူ၏လက်အောက်ငယ်သားများကို မမြင်ရသေးခင်မှာပင် အင်မော်တယ်လှိုဏ်ဂူတစ်ခု ဆုံးရှုံးသွားမည်ဖြစ်ပြီး သူထိန်းချုပ်ထားသော သြဇာ အာဏာစက်သည်လည်း အခြားတပ်မှူးများထက် နည်းပါးသွားမည် ဖြစ်သည်။ ဤအရာကို ဂေါ့ရှန်းက မည်သို့ လက်ခံနိုင်မည်နည်း။ ဟောင်ကူသည် မီးပုံထဲသို့ လောင်စာဆီလောင်းထည့်လိုက်သည်နှင့် ဂေါ့ရှန်း၏ ဒေါသသည် ချက်ချင်းပင် တဟုန်းဟုန်းတောက်ကာ ပေါက်ကွဲသွားခဲ့သည်။
စကားတစ်ခွန်းမှ မပြောတော့ဘဲ၊ သူသည် လင်းယွင်နှင့် အနိုင်ယူရန်အတွက် ပလက်တီနမ်လှိုဏ်ဂူသို့ တန်းတန်းမတ်မတ် ပြေးလာခဲ့သည်။
အကြီးအကဲဇီသည် မတရားသဖြင့် ပြုမူခဲ့ပါသည်။ အကြီးအကဲဇီနှင့် ပတ်သက်ပြီး ဂေါ့ရှန်းအနေဖြင့် ဤအကြောင်းကို ပြောဖို့ ခက်ခဲပါသည်။ တပ်မှူးလင်းယွင်သည် နယ်မြေကို ထိန်းချုပ်လိုသည်။ တခြားတပ်မှူးတွေ၏ နယ်မြေများကို လုယက်နိုင် သော်လည်း သူဂေါ့ရှန်း၏ နယ်မြေကိုတော့ လုယက်လို့မရနိုင်ပါဘူး။
ယနေ့တွင် သူသည် လင်းယွင်အား သူ၏နယ်မြေကို ပြန်လွှဲအပ်ပေးရန်အတွက် အတင်းအကြပ် စေခိုင်းရလိမ့်မည်။
ဂေါ့ရှန်းသည် လှိုဏ်ဂူပေါ်တွင် ချိတ်ဆွဲထားသော 'ပလက်တီနမ်လှိုဏ်ဂူ' ဟူသော စာလုံးများကို ကြည့်ပြီး သူ၏မျက်လုံးထဲတွင် ဒေါသမီးလျှံများ တောက်လောင်နေ လေသည်။ သူသည် သူ၏နတ်ဆိုးအနှစ်သာရကို ချက်ချင်းသုံးကာ အော်ပြောလိုက် သည် "လင်းယွင်၊ ဒီကို ထွက်လာခဲ့စမ်း!"
အော်ဟစ်သံက ကျယ်ပြောလှသည့် ပင်လယ်ပြင်ကြီးကို လှုပ်ခါသွားစေသည်။ ပလက်တီနမ်လှိုဏ်ဂူကြီး တစ်ခုလုံးသည် ပြင်းထန်စွာ တုန်လှုပ်သွားသည်။ နံရံမှာ အက်ကွဲကြောင်းတစ်ခုတောင် ပေါ်လာည်။ ဤအခိုက်အတန့်တွင် လှိုင်ဂူအတွင်းရှိ လူတိုင်းသည် ထိတ်လန့်သွားကြသည်။
အခန်း (၄၅၄) ချင်ယွင်၏ဒေါသ။
"ငါ့ပလက်တီနမ်လှိုဏ်ဂူမှာ ဘယ်သူက ရိုင်းရိုင်းစိုင်းစိုင်း ပြုမူဝံ့တာလဲ။"
ရှောင်ကျင်းသည် ပင်မခန်းမထဲတွင် ဘေကျန်းနှင့် စကားပြောနေချိန်မှာ ရုတ်တရက် သူ၏အစ်ကိုကြီးဆီသို့ ဦးတည်လာသည့် ကျယ်လောင်သော အော်ဟစ်သံကို ကြားလိုက်ရသည်။ သူ၏ဒေါသသည် ချက်ချင်းပင် တဟုန်ထိုး ပျံ့နှံ့လာခဲ့ပြီး ချက်ချင်းပင် ကျယ်လောင်စွာ ဟိန်းဟောက်ကာ လှိုဏ်ဂူထဲမှ အမြန်ထွက်လာခဲ့သည်။
နှစ်ပေါင်းများစွာကြာအောင် လိပ်နက်ဘိုးဘေးနောက်သို့ လိုက်ပါခဲ့သော ဘေကျန်း သည် ဤသည်မှာ တပ်မှူးဂေါ့ရှန်း၏ အသံဖြစ်သည်ကို သဘာဝကျကျ မှတ်မိပါသည်။ သို့သော် သူသည် ရှောင်ကျင်းကို သတိမပေးနိုင်ခင်မှာပင် ရှောင်ကျင်း၏ပုံရိပ်ကြီး တဟုန်ထိုး ထွက်သွားသည်ကိုသာ သူ မြင်လိုက်ရတော့သည်။
သုံးရက်ကြာ အတူနေထိုင်ပြီးနောက် ဘေကျန်းသည် ရှောင်ကျင်း၏ ဒေါသကို အတော်ကြာအောင် ရင်းနှီးလာခဲ့သည်။ ဤသူသည် ကမ္ဘာလောကကြီး မငြိမ်မသက် မဖြစ်မှာကိုသာ ကြောက်ရွံ့သော အရှင်သခင်တစ်ယောက်ဖြစ်သည်။ ရှေးဟောင်း သားရဲရှစ်ကောင်နှင့်တောင်မှ သူ၏ဒေါသကို ပြန်ဆွဲထုတ်နိုင်မည် မဟုတ်ပေ။ တပ်မှူးဂေါ့ရှန်း၏ ဒေါသသည်လည်း မီးတောင်ကဲ့သို့ ပူပြင်းလာနေသည်။ အကယ်၍ သူတို့နှစ်ယောက်သာ ထိပ်တိုက်ဆုံမိကြလျှင် ကြီးမားသည့် တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားလိမ့်မည်။
ထိုအကြောင်းကိုတွေးပြီး ဘေကျန်း၏ ခန္ဓာကိုယ်သည် တုန်လှုပ်သွားခဲ့သည်။ သူသည် တပ်မှူးဂေါ့ရှန်းနှင့် လုံးဝမတွေ့ဆုံခင် ရှောင်ကျင်းကို တားဆီးချင်နေသည်။ ထို့ကြောင့် သူသည် တတ်နိုင်သမျှ အမြန်ဆုံး နောက်မှ လိုက်ပါသွားခဲ့သည်။
သို့သော်လည်း ဘေကျန်း၏ အရှိန်အဟုန်သည် ရှောင်ကျင်း၏ အရှိန်အဟုန်ကို လိုက်မမီနိုင်ပေ။ သူ လှိုဏ်ဂူထဲမှ မထွက်ခင် ရှောင်ကျင်းသည် လှိုဏ်ဂူ အပြင်သို့ ရောက်ရှိနေပြီး တပ်မှူးဂေါ့ရှန်းနှင့် လုံး၀ တွေ့ဆုံနေခဲ့ပြီ။
ဘေကျန်းသည် လှိုဏ်ဂူထဲမှ အမြန်ထွက်သွားပြီး ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ အဆုံးတွင် သူသည် ခြေတစ်လှမ်း နောက်ကျနေ သေးသည်။
"မင်းက လင်းယွင်လား။" ဂေါ့ရှန်းသည် ရှောင်ကျင်းကို စိုက်ကြည့်ကာ ဒေါသတကြီး မေးသည်။
ဟောင်ကူသည် ရှောင်ကျင်းကို အမှောင်ရိပ်ထဲမှာ မြင်ဖူးထားသောကြောင့် တပ်မှူး ဂေါ့ရှန်းကို အလျင်စလို သတိပေးလိုက်သည် " တပ်မှူးဂေါ့၊ သူက လင်းယွင် မဟုတ်ပါဘူး။ သူ့နာမည်က ရှောင်ကျင်းပါ၊ သူက လင်းယွင်ရဲ့ညီပါ။ သူက ပလက်တီနမ်လှိုဏ်ဂူရဲ့ ဒုတိယကာကွယ်သူပါ။”။
သူ၏မျက်လုံးထဲ မြင်နေရသည့်လူငယ်က လင်းယွင်မဟုတ်ဟု ဂေါ့ရှန်း ကြားလိုက်ရ သည့်အခါ ချက်ချင်းဆိုသလိုပင် ရှောင်ကျင်းအပေါ် စိတ်ဝင်စားမူ ပျောက်ဆုံးသွား သည်။ သူက အေးစက်စွာ အော်ပြောလိုက်သည် "မင်းက လင်းယွင် မဟုတ်ဘူးဆိုမှ တော့ ဘေးဖယ်နေစမ်း။ လင်းယွင်ကို ထွက်ပြီးလာတွေ့ဖို့ မင်းနဲ့တွေ့ဖို့ သွားပြော လိုက်စမ်း"။
ရှောင်ကျင်းသည် လှိုဏ်ဂူထဲမှာ ရှိနေစဉ်ကတည်းက သူ၏အစ်ကိုကြီးအား တစ်စုံတစ်ယောက်က ရိုင်းရိုင်းစိုင်းစိုင်း ပြောသည်ကို ကြားလိုက်ရသည်။ သူ၏နှလုံးသားထဲမှာ ဒေါသတွေ ပေါက်ထွက်နေသလို ခံစားလိုက်ရသည်။ သူ လှိုဏ်ဂူထဲမှ ထွက်လာသည့်အချိန်၌ “လင်းယွင် ထွက်လာခဲ့”ဟူသော စကားလုံးကို သူ နောက်တကြိမ် ထပ်ပြီးကြားရမည်ဟု သူ မမျှော်လင့်ခဲ့ပေ။ သူ၏ ရွှေရောင်မျက်လုံး များတွင် ပြင်းထန်သော ဒေါသအရိပ်အယောင် ပေါ်လာသည်။ သူသည် သူ၏ လက်သီးတွေကို တင်းတင်း ဆုပ်ထားပြီး သူ၏ခန္ဓာကိုယ်က အဆက်မပြတ် တုန်ခါနေသည်။
ဘေးမှာရပ်နေသော ဘေကျန်းသည် ထိုမြင်ကွင်းကိုမြင်လိုက်ရလျှင် ချက်ခြင်း စိုးရိမ်သွား၏။ ဒုတိယကာကွယ်သူသည် အလွန်အမင်း ဒေါသ ထွက်လာသည့် အခါတိုင်း၊ သူသည် အမြဲလိုလို ဤကဲ့သို့ ဖြစ်နေတတ်သည်။ ဒုတိယကာကွယ်သူ၏ စိတ်နှလုံးထဲတွင် တပ်မှူးလင်းယွင်၏ ရာထူးနှင့်ပတ်သက်လျှင် လုံးဝ သည်းမခံနိုင် ကြောင်း သူသိထားသည်။ ဤအခိုက်တွင် တပ်မှူးဂေါ့ရှန်းသည် တပ်မှူးလင်းယွင်ကို ထွက်လာခိုင်းရန် တောင်းဆိုနေသည့်အတွက် ယင်းက ဒုတိယကာကွယ်သူကို ဒေါသခြောင်းခြောင်း ထွက်စေခဲ့သည်။
သို့သော်၊ ဒုတိယကာကွယ်သူ၏ ခွန်အားသည် တပ်မှူးဂေါ့ရှန်း ထက် သေချာပေါက် အားနည်းပါသည်။ ဤကဲ့သို့ ရှေ့တက်သွားခဲ့လျှင် အချည်းနှီးသာ သေဆုံးရပေလိမ့် မည်။
သူသည် ဒုတိယကာကွယ်သူသည် တပ်မှူးဂေါ့ရှန်း၏ လက်ချက်ကြောင့် သေဆုံးရ မည်ကို ကူရာမဲ့စွာဖြင့် ကြည့်နေလို့မရနိုင်ပေ။ ထိုသို့မဟုတ်လျှင် တပ်မှူးလင်းယွင် ရောက်ရှိလာသည်နှင့် သူ့ကို အရေခွံနွာလိမ့်မည် မဟုတ်ပါလား။
သို့သော် သူသည် ဒုတိယကာကွယ်သူအား စိတ်လျှော့ရန် ဆွဲဆောင်ခါနီးတွင် အပြင်းအထန် ဒေါသထွက်နေပြီဖြစ်သော ရှောင်ကျင်းသည် တပ်မှူးဂေါ့ရှန်း ဦးတည်ရာအရပ်သို့ ရုတ်တရက် ပစ်ဝင်သွားလေပြီ။
ဒုတိယကာကွယ်သူသည် သာမန်အမြင်ရပင် တဖင်လူနှင့် စကားလုံးများဖြင့် မကစားလိုသည်ကို မြင်သောအခါ ဘေကျန်း၏နှလုံးသည် ချက်ချင်းပြိုကျသွားသည်။ ဒုတိယကာကွယ်သူသည် တိုက်ပွဲမစခင် စကားလေး နည်းနည်းပါပါး ပြောဆိုလို့ မရဘူးလား။
စကားတစ်ခွန်းမှ မပြောဘဲ အဘယ့်ကြောင့် တိုက်ခိုက်ရပါသနည်း။
"မင်း ငါ့ကို စော်ကားလို့ရတယ်။ ငါ့အစ်ကိုကြီးကိုတော့ စော်ကားခွင့် မပြုနိုင်ဘူး။"
ရှောင်ကျင်း၏ ဟိန်းဟောက်သံက ကောင်းကင်ယံကိုပင် လှုပ်ခါစေပြီး သူ၏ ကြီးမားလှသော လက်သီးချက်က တပ်မှူးဂေါ့ရှန်းဆီသို့ ဦးတည်သွားသည် ။
တပ်မှူးဂေါ့ရှန်းသည် သူ့ကို တိုက်ခိုက်လာနေသော ရှောင်ကျင်းကို သူ၏မျက်နှာတွင် အထင်အမြင်သေးသည့် အကြည့်ဖြင့် ကြည့်နေသည်။
"ဟမ့်၊ မင်းက သေခြင်းတရားကို တောင်းခံနေတာပဲ။"
တပ်မှူးဂေါ့ရှန်းသည် ဒေါသတကြီး အော်ဟစ်လိုက်သည် သူ၏မျက်လုံးထဲတွင် ဒေါသ အရိပ်အယောင် ပေါ်လာသည်။ အစောပိုင်းအဆင့် အမှန်တရားသို့ပြန်လည်ခြင်း နယ်ပယ် ကျွမ်းကျင်သူတစ်ဦး၏ အငွေ့အသက်က ပေါက်ကွဲထွက်သွားပြီး သူသည် လက်သီးတစ်ချက် ထိုးထုတ်လိုက်သည်။
"ဘုန်း…….!"
ရှောင်ကျင်း၏ လက်သီးချက်သည် တပ်မှူးဂေါ့ရှန်းဆီ မရောက်မီတွင် တပ်မှူး ဂေါ့ရှန်း၏လက်သီးချက်က သူ၏ရင်ဘတ်ကို ထိမှန်သွားခဲ့သည်။ သူ၏ရင်ဘတ်သည် စူးရှသော နာကျင်မှုကို ခံစားလိုက်ရပြီး ခပ်အုပ်အုပ် ညီးညူသံတစ်ချက် ထွက်ပေါ် လာခဲ့သည်။ ဥက္ကာပျံကဲ့သို့ ပါးစပ်အပြည့် သွေးတပွက် ဖြန်းခနဲ ထွက်လာပြီး သူ၏ နောက်ကျောဘက် လှိုဏ်ဂူနံရံသို့ တိုက်ရိုက် ထိုးကျသွားခဲ့သည်။ နံရံတစ်ခုလုံး ချက်ချင်း ပြိုကျသွားသည်။
ရှောင်ကျင်းသည် အပျက်အစီးများထဲသို့ လဲကျသွားပြီး သူ၏ရင်ဘတ်သည် အနည်းငယ် ချိုင့်ဝင်သွားကာ သူ၏ပါးစပ်မှ အဆက်မပြတ် သွေးချောင်းဆိုးနေသည်။ သေချာသည်မှာ၊ ဂေါ့ရှန်း၏ ထိုးချက်ကြောင့် သူသည် ပြင်းပြင်းထန်ထန် ဒဏ်ရာများ ရရှိသွားခဲ့သည်။
"အစောပိုင်းအဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် နတ်ဆိုးသားရဲတစ်ကောင်က ငါ့ရှေ့မှာ ခုန်ပေါက်ဝံ့တယ်ပေါ့။ မင်းကို ခွန်အားအားကိုးနဲ့ အနိုင်ကျင့်တယ်လို့ သူများတွေ ပြောမှာကို ကြောက်နေလို့သာ။ ဒီလိုမမဟုတ်ရင် ငါ မင်းကို တိုက်ရိုက် ရိုက်သတ်ပစ်တယ်။ နဂါးကောင်းကင်နန်းတော်မှာ ကိုယ့်ထက်အားနည်းတဲ့လူကို ပြစ်မှုကျူးလွန်သူ ဘယ်သူမဆို သနားငဲ့ညှာခြင်းမရှိ သတ်ပစ်မယ်လို့ စည်းကမ်း သတ်မှတ်ထားတယ်ဆိုပြီး ငါ မင်းကို ဘာမှမလုပ်ဝံ့ဘူးလို့ မထင်နှင့်။" တပ်မှူး ဂေါ့ရှန်းက အပျက်အစီးများကြားထဲတွင် လဲလျောင်းနေသော ရှောင်ကျင်းကို ငုံ့ကြည့်ရင်း အထင်အမြင်သေးစွာဖြင့် အေးစက်စွာ အော်ဟစ်လိုက်သည်။
ဟောင်ကူ၏ နှုတ်ခမ်းထောင့်စွန်းများသည် အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့သည်။ သူသည် လင်းယွင်ကို နှလုံးသားထဲတွင် မုန်းတီးနေမိသောကြောင့် လင်းယွင်၏ ညီအကိုနှစ်ယောက်ကို တွေ့လိုက်ရအချိန်မှာ အလွန်စိတ်မချမ်းမသာဖြစ်ရသည်။ ဤအခိုက်အတန့်တွင် တပ်မှူးဂေါ့ရှန်းကြောင့် ရှောင်ကျင်း ဒဏ်ရာအပြင်းအထန် ရရှိသွားသည်ကိုမြင်လျှင် သူ အလွန်ပျော်ရွှင်နေပါသည်။ ထို့ကြောင့် သူသည် လင်းယွင် ထွက်လာပြီး တပ်မှူးဂေါ့ရှန်း၏ ပြင်းပြင်းထန်ထန် သင်ခန်းစာပေးခံရမည့်အချိန်ကို စောင့်မျှော်နေမိသည်။
ဝှီး…….!
ထိုအခိုက်တွင် အဖြူရောင်ဝတ်စုံဝတ်ပုံရိပ်တစ်ခုသည် လှိုဏ်ဂူပေါက်ဝတွင် ပေါ်လာ သည်။ သူသည် အဝေးမှာရှိနေသည့် ဂေါ့ရှန်းနှင့် ဟောင်ကူကို လှမ်းကြည့် လိုက်ပြီးနောက် အပျက်အစီးတွေကြားမှာ လဲလျောင်းနေသော ရှောင်ကျင်းကို လှမ်းကြည့်လိုက်တယ်။ သူ၏ အေးစက်သော မျက်လုံးများက ချက်ချင်း ကျဉ်းမြောင်းသွားသည်။
ဘေကျန်းသည် ရှောင်ဘိုင်ထွက်ပေါ်လာသည်ကို မြင်သောအခါ သူ၏မျက်နှာသည် ချက်ချင်းပင် ရွှင်လန်းသည့်အမူအယာ ပေါ်လာသည်။ သူက ကမန်းကတန်း ပြောလိုက် သည် “ကြီးမြတ်သောကာကွယ်သူ၊ ကျေးဇူးပြုပြီး ဒုတိယကာကွယ်သူအား တိုက်ခိုက် ခွင့်မပြုဖို့ ဖျောင်းဖျပေးပါဦး။”
သို့သော် ဘေကျန်း၏ စကားသည် လမ်းတစ်ဝက်တွင် ရပ်တန့်သွားရသည်။
ထိုသို့ဖြစ်ရခြင်းအကြောင်းမှာ ကြီးမြတ်သော ကာကွယ်သူသည် သူ၏စကားများကို လုံးလုံး မကြားရသောကြောင့် ဖြစ်သည်။ သူသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ဂေါ့ရှန်းဆီသို့ ပြေးသွားခဲ့သည်။
ဘေကျန်းသည် တကယ်ကို အော်ငိုမိတော့မည်။ ထိုဒုတိယကာကွယ်သူသည် စိတ်ရှည်သူ မဟုတ်ပေ။ ထို့ကြောင့် သူက မမေးမမြန်းဘဲ တိုက်ရိုက်တိုက်ခိုက်ခြင်း သည် အဆင်ပြေပါသေး၏။ သို့သော် ကြီးမြတ်သောကာကွယ်သူက အမြဲတမ်း တည်ငြိမ်ပြီး ထိန်းထိန်းသိမ်းသိမ်းရှိသူ မဟုတ်ဘူးလား? ဘာလို့ အခုလို မပြောမဆို တိုက်ခိုက်ရတာလဲ။ အနည်းဆုံးတော့ ကျွန်တော့်စကားကို နားထောင်ကြည့်သင့်တယ် မဟုတ်လား။
တကယ်တော့ ဘေကျန်းသည် ချင်ယွင်နှင့် သူ့ညီသုံးယောက်တို့ကြားက ခံစားချက် တွေကို နားမလည်ခဲ့ပါဘူး။ သူတို့သည် အသက်အန္တရာယ်တွေကို အကြိမ်ကြိမ် စွန့်စားပြီး အတူတူကျော်လွှားခဲ့ကြသူများ ဖြစ်သည်။ ရှောင်ဘိုင်သည် ရှောင်ကျင်းနှင့် အမြဲတစေ ငြင်းခုံနေသော်လည်း ရှောင်ကျင်းကို တစ်စုံတစ်ယောက်က နာကျင်အောင် လုပ်ရန် သတ္တိရှိလျှင် သူသည် ပထမဆုံး လှုပ်ရှားသူဖြစ်မည်မှာ သေချာပါသည်။ ရှောင်ကျင်း ဒဏ်ရာအပြင်းအထန်ရနေသည်ကို မြင်လိုက်ရစဉ်မှာ သူသည် မည်သို့ လျစ်လျူရှုနိုင်မည်နည်း ။ သူ၏ပြိုင်ဘက်သည် မည်မျှ သန်မာနေပါစေ၊ သူသည် လှုပ်ရှားလိုက်ဆဲဖြစ်သည်။ ထို့အပြင်၊ ဤလူသည် သူတို့၏အစ်ကိုကြီးအား အမှန်တကယ် စော်ကားခဲ့သည်။
"သေလိုက်တော့!"
ရှောင်ဘိုင်၏ပုံရိပ်သည် လျှပ်စီးလက်သကဲ့သို့ လင်းလက်သွားပြီး ဂေါ့ရှန်း၏ရှေ့တွင် တိုက်ရိုက် ပေါ်လာသည်။ သူ၏လက်သည် ညအမှောင်ထဲတွင် လင်းလက်နေသော ဓားအလင်းကဲ့သို့ အဖြူရောင်ကြေးခွံအလွှာများဖြင့် ဖုံးအုပ်ထားပြီး တပ်မှူးဂေါ့ရှန်း၏ လည်ပင်းဆီသို့ တိုက်ရိုက် ခုတ်ပိုင်းလိုက်လေသည်။
"ဟမ့်၊ နောက်တစ်ယောက်ကလည်း သေချင်နေပြီထင်တယ်!"
တပ်မှူးဂေါ့ရှန်း၏ မျက်လုံးများသည် အေးစက်သွားသည်။ သူ၏မျက်လုံးများတွင် သတ်ဖြတ်လိုသည့် အရိပ်အယောင် ပေါ်လာသည်။ အလားတူပင် သူသည် သူ၏ လက်ကို ဓားတစ်ချောင်းအဖြစ် ပြောင်းလဲကာ ရှောင်ဘိုင်၏ ရင်ဘတ်ထဲသို့ တိုက်ရိုက် ခုတ်ပိုင်းလိုက်သည်။
ရှောင်ဘိုင်၏ ရင်ဘတ်ပေါ်ရှိ အဖြူရောင်အကြေးခွံများသည် ချက်ချင်း ပေါက်ကွဲ သွားသည်။ ကြီးမားသော သွေးထွက်သံယို ဒဏ်ရာကြီးတစ်ခုက သူ၏ရင်ဘတ်တွင် ပွင့်ထွက်သွားပြီး သူ၏ခန္ဓာကိုယ်သည် တခဏအတွင်း နောက်ပြန်ဆုတ်သွားသည်။ သူသည် နံဘေးသို့ လဲကျသွားပြီး လတ်ဆတ်သောသွေးများ အန်ထွက်သွားသည်။
သူတို့နှစ်ယောက်ကြားက ကွာဟချက်က ကြီးမားလွန်းပြီး ရှောင်ဘိုင်သည် တပ်မှူးဂေါ့ရှန်းကို ထိခိုက်အောင် လုံးဝ မလုပ်နိုင်ခဲ့ပါဘူး။
ရှောင်ဘိုင်၏ မျက်လုံးများသည် တပ်မှူးဂေါ့ရှန်းကို ကြည့်နေရင်း အေးစက်နေဆဲ ဖြစ်သည်။ သူ၏ရင်ဘတ်ပေါ်ရှိ ကြီးမားသော သွေးစွန်းကွက်ဒဏ်ရာကြီးကြောင့် သူ၏နှလုံးသားထဲတွင် သတ်ပစ်လိုသောဆန္ဒသည် အနည်းငယ်မျှ လျော့ပါးမသွားခဲ့ ပေ။ သူသည် ပြင်းထန်သောဝေဒနာကို ခံနိုင်ရည်ရှိ၍ ကြိုးစားပြီး မတ်တပ်ထရပ်သည်။ သူ၏လက်ထဲမှ အကြေးခွံတွေက ဆတ်ခနဲ့ လှုပ်ခါသွားပြီး နတ်ဆိုးစွမ်းအင်က တဟုန်ထိုး ပျံ့နှံ့လာကာ နောက်တစ်ကြိမ် ပြေးဝင်တိုက်ခိုက်ရန် အဆင်သင့် ပြင်ဆင်နေသည်။
သို့သော် ထိုအချိန်တွင် တစ်စုံတစ်ယောက်သည် ရုတ်တရက် သူ၏ပခုံးပေါ်ကို ဖိချလိုက်သည်။
ရှောင်ဘိုင်သည် ရုတ်တရက် လှည့်ကြည့်လိုက်လျှင် သူ၏နောက်မှာ ရင်းနှီးနေသော မျက်နှာတစ်ခုကို မြင်လိုက်ရသည်။
"မင်းက သူ့အတွက် ပြိုင်ဘက် မဟုတ်ဘူး။ ငါပဲ လုပ်လိုက်ပါ့မယ်။"
ထိုသို့ပြောပြီးနောက် ချင်ယွင်သည် ရှောင်ဘိုင်၏အဖြေကိုပင် မစောင့်တော့ဘဲ ရှောင်ဘိုင်ပေါ်မှ တိုက်ရိုက် ကျော်တက်သွားသည်။ သူသည် ရှေ့သို့ လျှောက်သွားပြီး တပ်မှူးဂေါ့ရှန်းကို ကြည့်လိုက်ရင်း သူ၏မျက်လုံးများတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။
"မင်း ဘယ်သူလဲဆိုတာ ငါ ဂရုမစိုက်ဘူး။ ဒါပေမယ့် မင်းအနေနဲ့ ရှောင်ဘိုင်နဲ့ ရှောင်ကျင်းတို့ကို မထိခိုက်စေခဲ့သင့်ဘူး။ ဒါကြောင့် မင်းသေရမယ်!" ချင်ယွင်သည် 'သေ' ဟူသော စကားလုံးကို ပြင်းပြင်းထန်ထန် ဖိပြောလိုက်ရင်း သူ၏ပုံရိပ်က ချက်ချင်းပင် ပစ်ဝင်သွားလေသည်။
ဘေးမှာရပ်နေသော ဘေကျန်သည် အော်ဟစ်နေမိသည်။ နောက်ဆုံးတော့ အရင်က ဒုတိယကာကွယ်သူပြောခဲ့သည့် ကြီးမြတ်သောကာကွယ်သူနှင့် တပ်မှူးလင်းယွင်၏ ဒေါသက ပို၍ပင် ကြမ်းတမ်းသည်ဟူသောစကားကို သူ ယုံကြည်လက်ခံလိုက်ပါပြီ။
အခန်း (၄၅၅) ဂေါ့ရှန်းနှင့်တိုက်ခိုက်ခြင်း။
ချင်ယွင်၏ပုံရိပ်သည် ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲခဲ့သည်။ သူ၏အသံက ဂေါ့ရှန်း၏ နားထဲရောက်သွားသည့်အခိုက်မှာပင် သူ၏ပုံရိပ်ကလည်း နောက်မှ အနီးကပ် လိုက်ပါသွားခဲ့သည်။ ပြင်းထန်သော စွမ်းအင်များ ပါဝင်နေသော သူ၏ လက်သီးသည် ဂေါ့ရှန်းကို ဖော်ပြလို့မရသည့်အမြန်နှုန်းဖြင့် တရစပ် တိုက်ခိုက်သည်။
တပ်မှူးဂေါ့ရှန်း၏ မျက်လုံးများသည် ချက်ချင်းပင် စူးရှလာခဲ့ပြီး အေးစက်စက် အော်ဟစ်ကာ တူညီသော အရှိန်အဟုန်ဖြင့် ပြန်လည် ထိုးဖောက် တိုက်ခိုက် လိုက်သည်။
"ဘုန်း!"
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ပင်လယ်ရေပြင်သည် ပေါက်ကွဲသွားပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းရိုက်ခတ်မှုကြောင့် သူတို့ ခြေဖဝါး အောက်ရှိ ပင်လယ်ကြမ်းပြင်သည် ပြင်းထန်စွာ တုန်လှုပ်သွားသည်။
ချင်ယွင်သည် လေထဲသို့ ပျံတက်သွားခဲ့ပြီး ပေဒါဇင်ပေါင်းများစွာ ဆုတ်ခွာသွားရသည်။ သူသည် လှိုဏ်ဂူအထက်တွင် လွင့်မျောနေကာ ဂေါ့ရှန်းကို အေးစက်စွာ ကြည့်လိုက် သည်။
ဂေါ့ရှန်းလည်း ခြေလှမ်းဆယ်လှမ်း ဆက်တိုက်ဆိုသလို နောက်ပြန် ဆုတ်သွားရသည်။ သူလှမ်းလိုက်သည့် ခြေဖဝါးအောက်မြေပြင်ပေါ်မှာ တွင်းနက်ကြီးတစ်ခု ပေါ်လာသည်။ သူသည် ခေါင်းမော့ပြီး အနီးမဝေးမှာရှိနေသော ချင်ယွင်ကို ကြည့်ရင်း သူ၏ မျက်လုံးများတွေက အံ့သြမှုအပြည့် ဖြစ်နေသည်။
သူ၏ရှေ့မှာရှိနေသည့် ဤလူငယ်သည် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်၏ အစောပိုင်းအဆင့်တွင်သာ ရှိသော်လည်း အမှန်တကယ်တွင်မူ သူ့ကို ခြေလှမ်း ဆယ်လှမ်းကို နောက်ပြန်ဆုတ်အောင် တွန်းအားပေးနိုင်ခဲ့သည်။ ဤအရာသည် မည်သို့ ဖြစ်နိုင်မည်နည်း။
ဘေကျန်းသည်လည်း ထိတ်လန့်သွားသည်။ ဒုတိယကာကွယ်သူသည် တပ်မှူး လင်းယွင်က မည်မျှ အစွမ်းထက်သည်ဟု ပြောသည်ကို သူကြားဖူးသော်လည်း လင်းယွင်၏ ကျင့်ကြံမူအခြေခံသည် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်၏ အစောပိုင်း အဆင့်တွင်သာ ရှိပါသေးသည်။ ယင်းက သူ့ကို သံသယ ဖြစ်စေခဲ့သည်။
သို့သော် လင်းယွင်သည် တပ်မှူးဂေါ့ရှန်းထံမှ လက်သီးချက်ကို ခံယူရင်း တပ်မှူး ဂေါ့ရှန်းအား ခြေဆယ်လှမ်းခန့် နောက်ဆုတ်ခိုင်းသည်အထိ တွန်းအားပေးနိုင်သည်ကို မြင်လိုက်ရသောအခါ ဒုတိယကာကွယ်သူ၏စကားကို သူ လုံးလုံး ယုံကြည်သွားခဲ့ သည်။ ချင်ယွင်၏ မောက်မာသော အသွင်အပြင်ကို ကြည့်ပြီး သူသည်လည်း အနှိုင်းမဲ့ လေးစားလာခဲ့သည်။
သို့သော်လည်း ဟောင်ကူသည် မျက်မှောင်ကြုတ်ပြီး သူ့ကိုယ်သူ ဒေါသတကြီး ပြောလိုက်သည် " လင်းယွင်က ဘာဖြစ်နေတာလဲ၊ သူ့ရဲ့ခွန်အားက တကယ်ကို နောက်တကြိမ် တိုးတက်သွားခဲ့ပြန်ပြီ။ တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် အထွက်အထိပ်အဆင့် ကျွမ်းကျင်ပညာရှင်တွေတောင် အခုအချိန်မှာ သူ့ပြိုင်ဘက် မဟုတ်တော့မှာ ငါ ကြောက်မိတယ်"
ဟောင်ကူ၏ နှလုံးသားသည် မနာလိုမှုများနှင့် ပြည့်နှက်နေသည်။ ချင်ယွင်၏ ကျင့်ကြံခြင်း အဆင့်သည် အပေါ်ယံမျက်နှာပြင်ပေါ်တွင် အဘယ့်ကြောင့် ပြောင်းလဲခြင်း မရှိသည်ကို သူနားမလည်နိုင်သော်လည်း သူ၏ ခွန်အားသည် ယခင်ကထက် အများကြီး အားကောင်းလာခဲ့သည်။ ထိုကဲ့သို့ ထူးဆန်းသော အဖြစ်အပျက်က သူ့ကို နားမလည်နိုင်အောင် ဖြစ်စေသည်။
"မင်းက လင်းယွင်လား။" ဂေါ့ရှန်းသည် ချင်ယွင်ကိုကြည့်ရင်း အေးစက်စွာ ပြောလိုက် ပြီး သူ၏မျက်လုံးများတွင် ဒေါသများဖြင့် ပြည့်နှက်နေသည်။
သူ၏အမြင်အရဆို အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ်မှ ကျွမ်းကျင်ပညာရှင်ကြီးများ အားလုံးသည် အစောပိုင်းအဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကောင်လေး တစ်ဦးကြောင့် ခြေလှမ်းဆယ်လှမ်း နောက်ဆုတ်ရမည်ဆိုလျှင် ဤအရာသည် ကြီးစွာသော အရှက်ရစရာ ကိစ္စရပ်ကြီး ဖြစ်ပေသည်။
ချင်ယွင်၏မျက်လုံးများသည် အေးစက်နေသေးပြီး သူသည် ဂေါ့ရှန်း၏ စကားကို ပြန်မဖြေပေ။
ဂေါ့ရှန်းသည် သူ၏စကားအတွက် တုံ့ပြန်မှု တစ်စုံတစ်ရာမရှိသည်ကို မြင်ရသောအခါ နောက်တကြိမ် မြင့်တက်လာသည့် ဒေါသများကို မျိုသိပ်ထားရ ပြန်သည်။
"ဟမ့်၊ ကောင်စုတ်လေး၊ မင်းဆီက လက်ဖဝါးချက်လေး တစ်ချက်က ငါ့ကို ခြေဆယ်လှမ်း နောက်ပြန်ဆုတ်ရဆိုပြီး လုံလောက်ပြီး မထင်လိုက်နဲ့၊ ငါက မင်းကို အမှန်အတိုင်းပြောရမယ်ဆိုလည်း မကြောက်ဘူး၊ စောစောလေးက ငါက ငါ့ခွန်အားရဲ့ တစ်ဝက်လောက်ကိုတောင်မှ မသုံးခဲ့ရသေးဘူး၊ ဒီလိုမှမဟုတ်ရင် မင်းက သူတို့လိုပဲ အဲဒီလက်သီးချက်ကြောင့် ပြန်ထနိုင်တော့မှာ မဟုတ်ဘူး။" တပ်မှူးဂေါ့ရှန်းက အေးစက်စွာ ပြောလိုက်သည်။
ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့အကြောင်း ဂေါ့ရှန်းက ပြောလာသည်ကို ကြားသောအခါ ချင်ယွင်ထံမှ ပြင်းထန်သော သတ်ဖြတ်လိုစိတ်တစ်ခုက ချက်ချင်း ပေါ်လာခဲ့သည်။
ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့သည် သူ၏ ပဋိညာဉ်စာချုပ် ချုပ်ဆိုထားကြသည့် အိမ်မွေးသားရဲများ ဖြစ်ကြသော်လည်း သူတို့သည် သူတို့၏အသက်ကို အကြိမ်ကြိမ် စွန့်စားခဲ့ကြသူများ ဖြစ်သည်။ ထို့ကြောင့် ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့သည် ချင်ယွင်၏ နှလုံးသားထဲတွင် သူ၏ ညီအစ်ကိုများ ဖြစ်နေပြီ ဖြစ်သည်။ ရှောင်ဘိုင်နှင့်ရှောင်ကျင်း တို့သည် သူ့အတွက် ဒဏ်ရာရနေသည်ကို မြင်လိုက်ရလျှင် သူ၏ရင်ထဲမှာ ဒေါသတွေ ပြည့်နှက်လာနေသည်။
အဓိပ္ပါယ်မရှိသည့်စကား နည်းနည်းလေးမှ ပြောဆိုမနေဘဲ၊ ချင်ယွင်၏ပုံရိပ်သည် တစ်ဖန် ပစ်ဝင်သွားပြန်သည်။
ဝှီး….!
သူ၏ခန္ဓာကိုယ်က ရေနဂါးတစ်ကောင်ကဲ့သို့ ဖြစ်ပြီး၊ သူ၏လက်သီးက တောင်ပေါ်မှ ဆင်းလာတဲ့ ကျားရဲတစ်ကောင်လိုပင်။
ချင်ယွင်သည် ဂေါ့ရှန်းကို ကြောက်မက်ဖွယ်ရာ အရှိန်အဟုန်ဖြင့် တိုက်ခိုက်ပြန်သည်။ နှောင်းပိုင်းအဆင့် တောင်ရွေ့လျားခြင်းနယ်ပယ်၏ ခွန်အားအားလုံးသည် သူ၏ လက်သီးပေါ်တွင် စုစည်းလာခဲ့ပြီး ခွန်လွန်တောင်ကိုပင် လက်ဖြင့် လှုပ်ခတ်နိုင်သော စွမ်းအားများသည် ဂေါ့ရှန်းဆီသို့ တိုက်ရိုက် ရောက်ရှိသွားသည်။
သူချင်ယွင်သည် သူ၏ဘဝတွင် သူအလေးထားရသည့် လူများအတွက်သာ တိုက်ပွဲဝင် ခြင်း ဖြစ်သည်။ အကယ်၍ တစ်ယောက်ယောက်က သူ၏ညီအစ်ကိုများကို လက်သီး ဖြင့်ထိုးမည်ဆိုလျှင် ထိုလူသည် ဆယ်ဆပြန်ပေးဆပ်ရမည်မှာ သေချာပါသည်။
ဂေါ့ရှန်းသည်လည်း တကယ်ကို ဒေါသထွက်သွားသည်။ လင်းယွင်သည် သူ၏ စကားတွေကို လျစ်လျူရှုရုံတင်မကဘဲ၊ သူကိုလည်း အကြိမ်ကြိမ် တိုက်ခိုက်လာသည်။ သူဂေါ့ရှန်းသည် ပျော့ပျောင်းသည့် ပန်းသီးတစ်လုံးဟု တကယ်ကို ထင်မှတ်ထားသည် များ ဖြစ်နေမလား။
"မင်းက သေချင်နေမှတော့ ငါ့ကို အပြစ်မတင်နဲ့။"
ဂေါ့ရှန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏အငွေ့အသက်ကလည်း တဟုန်ထိုး ထွက်ပေါ်လာခဲ့သည်။ သူ၏နောက်တွင် ကြီးမားသော သွေးရောင်ပုံရိပ်ကြီး တစ်ခု ထွက်ပေါ်လာခဲ့ပြီး ချင်ယွင်၏ ကြောက်မက်ဖွယ် စွမ်းအားများပါဝင်နေသာ လက်သီးချက်ကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
ဒေါင်!
ခေါင်းလောင်းသံကဲ့သို့ ခပ်အုပ်အုပ်အသံတစ်ချက် ထွက်ပေါ်လာသည်။
ပင်လယ်ကြမ်းပြင်ပေါ်တွင် ကြီးမားသောလှိုင်းလုံးကြီးတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာ ပြီး သူတို့နှစ်ဦး၏ လက်သီးချက်ထိပ်တိုက်တွေ့ဆုံရာ နေရာကို ဗဟိုပြုလျှက် ပတ်ဝန်း ကျင်ဆီသို့ ပြင်းထန်စွာ ရိုက်ခတ် ထွက်ပေါ်လာလေသည်။
သူတို့ဘေးအနားမှာ ကြိုတင်ပြင်ဆင်မှုမရှိဘဲ ရှိနေကြသည့် ဟောင်ကူ နှင့် ဘေကျန်း တို့သည်ပင် ရိုက်ခတ်သွားလေသည်။ သူတို့သည် ကြီးမားလှသော လှိုင်းလုံးကြီး ရိုက်ခတ်မူကြောင့် ပေတစ်ရာအကွာအထိ လွင့်ပျံသွားခဲ့ကြပြီး သွေးတပွက် အန်ထုတ်ရင်း ချောင်းတဟွတ်ဟွတ် ဆိုးနေကြသည်။ သူတို့၏ မျက်နှာများသည် တုန်လှုပ်ခြောက်ခြားမှုများဖြင့် ပြည့်နှက်နေသည်။
ဂေါ့ရှန်း နှင့် ချင်ယွင်တို့သည်လည်း လွင့်ထွက်သွားကြသည်။ ဂေါ့ရှန်းသည် ပေရာ ပေါင်းများစွာ အကွာအထိ ဆက်တိုက် ဆုတ်ခွာသွားရသည်။ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားကြောင့် သူ၏လည်ချောင်းမှ ချက်ချင်းပင် ချိုမြမြ ခံစားလိုက်ရ သည်။ သူသည် ပါးစပ်မှ သွေးအန်လုမတတ် ဖြစ်သွားပြီး ပြင်းထန်စွာ ဖိနှိပ်လိုက် ရသည်။
ထုံးစံအတိုင်းပင် ချင်ယွင်သည်လည်း ပို၍အဆင်ပြေသည့် အနေထားမျိုး ရှိမနေပါဘူး။ သူ၏ပါးစပ်ထောင့်မှာ နီမြန်းသောသွေးစီးကြောင်းများ တွဲလောင်းကျနေသည်။ သူ၏ ညာဘက်လက်သည် ထုံကျင်နေပြီး မလှုပ်ရှားနိုင်ပေ။ သို့သော် သူ၏မျက်လုံးများသည် စူးရှပြီး သတ်ချင်စိတ်များ ပြည့်နှက်နေသေးသည်။
“မင်းက တကယ်ကို သေချင်နေတာပဲ”။
ဂေါ့ရှန်း၏ မျက်လုံးများသည် ချက်ချင်း ကျဉ်းမြောင်းသွားသည်။ သူ၏မျက်လုံးများတွင် သွေးနီရောင်အလင်းတန်းများ တောက်ပလာသည်။ သူ၏မျက်လုံးတွေထဲ သတ်ဖြတ် ချင်စိတ်တွေက စီးမျောနေသည်။ သူ၏လက်ထဲတွင် သွေးနီရောင်လှံတစ်ချောင်းကို ကိုင်ထားပြီး လှံထိပ်ဖျားကို သွေးနီရောင် နတ်ဆိုးအနှစ်သာရဖြင့် ဝန်းရံထားသည်။ ၎င်းလှံသည် သွေးနီရောင်မြွေတစ်ကောင်နှင့် တူသည်။
သူသည် သတ်ဖြတ်လိုသည့်ဆန္ဒနှင့်အတူ လှုပ်ရှားနေ၏။ သူသည် အစောပိုင်းက လက်သီးချက်တွင် သူ၏ခွန်အားအားလုံးကို အသုံးပြုထားပြီးဖြစ်သော်လည်း၊ သူ၏ မျက်လုံးထဲတွင် အထင်မြင်သေးထားသော အစောပိုင်းအဆင့် တာအိုအငွေ့အရည် ဖွဲ့ခြင်းနယ်ပယ် နတ်ဆိုးတစ်ကောင်ကို မသတ်နိုင်သေးပေ။ ယင်းက သူ့ကို လုံးဝ ဒေါသဖြစ်စေခဲ့သည်။
ချင်ယွင်သည်လည်း သူ၏ခါးမှ မြူနှင်းချောက်နက်ဓားပျော့ကို ဆွဲထုတ်လိုက်သည်။ ဝိညာဉ်ချီသည် မြူနှင်းချောက်နက်ဓားထဲသို့ လောင်းထည့်လိုက်သဖြင့် ဓားပျော့သည် ချက်ချင်းပင် ဖြောင့်စင်းသွားသည်။ မိုးပြာရောင်လေဓားများက ၎င်းမြူနှင်းချောက်နက် ဓားပျော့ပတ်ပတ်လည်မှာ ပင်လယ်ရေကို ဖြတ်၍ အဆက်မပြတ် လည်ပတ်နေ၏။
"သေလိုက်တော့"
ချင်ယွင်က တဟုန်ထိုး ထွက်ပေါ်လာသည့် သတ်ဖြတ်လိုသည့်ဆန္ဒနှင့်အတူ သူ၏ ပါးစပ်မှ စကားတစ်ခွန်း ထုတ်ပြောလိုက်သည်။ သူ၏ရုပ်အသွင်အပြင်သည် ပုံရိပ်ယောင်များအဖြစ် ပြောင်းလဲသွားခဲ့ပြီး တပ်မှူးဂေါ့ရှန်းထံ ထပ်မံ ပြေးဝင်သွား ပြန်သည်။
ဂေါ့ရှန်းသည် ချင်ယွင် သူ့ဆီသို့ အပြေးအလွှား ပြေးဝင်လာသည်ကို တွေ့လိုက်ရသော အခါ သူ၏မျက်လုံးများသည် အလွန်စူးရှ ထက်မြက်လာခဲ့သည်။ သူ၏လှံကို လှုပ်ခါလို က်သည်နှင့် ပင်လယ်ရေသည် ချက်ချင်းပင် ကြီးမားသော ရေနဂါးကြီးအဖြစ်သို့ ပြောင်းလဲသွားပြီး ချင်ယွင်ဆီသို့ တိုးဝင်သွားလေသည်။
သွေးနီရောင်လှံသည် ၎င်းရေနဂါးကြီးနောက်မှ အနီးကပ် လိုက်ပါသွားသည်။ သွေးနီရောင်လှံထိပ်သည် ရင်တုန်နှလုံးခုန်စေနေသောလှံအလင်းကို သယ်ဆောင်ပြီး ချင်ယွင်၏နဖူးဆီသို့ တည့်တည့် ထိုးဖောက်သွားသည်။
မိုးပြာရောင်လေဓားကြီးသည် ကြီးမားလှသော ရေနဂါးကြီးနှင့် ထိပ်တိုက်ဆုံမိသွားပြီး ကျယ်လောင်သော မြည်ဟည်း ပေါက်ကွဲသံအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ဂေါ့ရှန်း၏လှံသည် ချင်ယွင်၏ ဓားနှင့် ထိပ်တိုက်ဆုံမိသွားသည်။
တပ်မှူးဂေါ့ရှန်း၏ လှံထိပ်သည် ချင်ယွင်၏ဓားနှင့် တည့်တည့်ထိမှန်သွားသည်နှင့် ချင်ယွင်၏လက်ထဲရှိ မြူနှင်းချောက်နက်ဓားသည် ချက်ချင်း ကွေးညွှတ်သွားသည်။
သွေးနီရောင်လှံထိပ်ဖျားမှ သွေးနီရောင်အလင်းတန်းကို ထုတ်လွှတ်သည်။ မြူနှင်းချောက်နက်ဓားသည်လည်း မိုးပြာရောင်အလင်းတန်းများ ဝိုင်းရံထားသည်။ ထိုအလင်းတန်းနှစ်ခု ထိပ်တိုက်တွေ့ဆုံမိသည်နှင့် လှပသော အလင်းတန်းတစ်ခု ထုတ်လွှတ်သည်။
ရုတ်တရက် ချင်ယွင်၏ မျက်လုံးများတွင် ပြင်းထန်သော ဓားဆန္ဒတစ်ချက် လင်းလက် ထွက်ပေါ်လာသည်။ သူသည် အခြားလက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ဓား၏ မျက်နှာပြင်ကိုယ်ထည်ပေါ်တွင် လက်ညှိုးကို ပွတ်ဆွဲလိုက်သည်။
မြူနှင်းချောက်နက်ဓားသည် ချက်ချင်းပင် ထင်ထင်ရှားရှား ဟစ်ကြွေးသံကို ထုတ်လွှတ်လိုက်ပြီး ၎င်း၏ဓားဆန္ဒသည် အရပ်မျက်နှာအသီးသီးသို့ တိုးဝင် ပျံ့နှံ့သွားသည်။ ၎င်းဓားပျော့သည် ချက်ခြင်းပင် ပြန်လည်တွန်းကန်ပြီး တပ်မှူး ဂေါ့ရှမ်းကို တုန်ခါပြီး နောက်ဆုတ်သွားစေသည်။
သူတို့နှစ်ယောက်သည် တစ်ယောက်ကဓား နောက်တစ်ယောက်က လှံကို အသီးသီး ကိုင်ထားကြသည်။ သူတို့နှစ်ယောက်သည် အချင်းချင်း တိုက်ခိုက်ကြပြီး တခဏ ကွဲကာ ရပ်တန့်သွားပြီးနောက် နောက်တစ်ကြိမ် သတ်ဖြတ်တိုက်ခိုက်ရန် ကြိုးစား ကြပြန်သည်။
"ရပ်လိုက်ကြစမ်း”။
သို့သော် ထိုအချိန်တွင် သူတို့နှစ်ဦးကြားတွင် ခရမ်းရောင်ရုပ်အသွင်အပြင် တစ်ခု ပေါ်လာပါသည်။ အေးစက်နေသော အငွေ့အသက်တစ်ခုက တိုးဝင်လာခဲ့ပြီး နောက်တစ်ကြိမ် ထပ်ပြီး တိုက်ခိုက်ကြတော့မည့် သူတို့နှစ်ဦးကို ချက်ခြင်း တုန်ခါ သွားစေသည်။
ချင်ယွင် နှင့် တပ်မှူးဂေါ့ရှန်းတို့သည် ခရမ်းရောင်ရုပ်အသွင်အပြင်ကို မြင်သောအခါ သူတို့မျက်နှာအမူအယာက အနည်းငယ် ပြောင်းသွားကြသည်။ သူတို့လက်နက်တွေကို ရုတ်သိမ်းပြီး တိုက်ခိုက်တာကို ရပ်လိုက်ကြသည်။
ဇီရှန်က သူတို့နှစ်ယောက်စလုံးကို အေးတိအေးစက် စိုက်ကြည့်နေသည်။ သူမက အေးစက်စွာ အော်ပြောလိုက်သည် "နဂါးကောင်းကင်နန်းတော်မှာ သီးသန့် တိုက်ခိုက် တာတွေကို တားမြစ်ထားတယ်ဆိုတာ မင်းတို့ မသိကြဘူးလား။"
ဂေါ့ရှန်း နှင့် ချင်ယွင်တို့သည် တိတ်ဆိတ် နေကြသည်။
ဇီရှန်သည် မြေပြင်ပေါ်တွင် လဲလျောင်းနေသော ရှောင်ဘိုင်နှင့်ရှောင်ကျင်းတို့ကို ငုံ့ကြည့်လိုက်ပြီးနောက် အေးတိအေးစက်ဖြစ်နေသော ချင်ယွင်ကို ကြည့်လိုက်သည်။ သူမသည် တစ်စုံတစ်ခုကို ချက်ချင်း နားလည်သွားပုံရသည်။ သူမသည် ဂေါ့ရှန်း ဘက်သို့ လှည့်ကာ အေးစက်စွာ ပြောလိုက်သည် "တပ်မှူးဂေါ့ရှန်း၊ ငါက ပလက်တီနမ်ဂူကို တပ်မှူးလင်းယွင်ကို ပေးအပ်လိုက်တယ်။ မင်း ကန့်ကွက်စရာ ရှိလား”။
ဇီရှန်၏ အသံသည် အရိုးထဲထိ အေးစိမ်းသွားကာ ဂေါ့ရှန်းသည်ပင် သူ၏ နှလုံးသား ထဲမှာ ပြင်းထန်သော အေးစက်မှုကို ခံစားလိုက်ရသည်။