အခန်း (၄၆၁-၄၆၅)
Vol. 31 Ch. 461-465
အခန်း(၄၆၁)ဒါဆိုမင်းကရောဘာသောက်သုံးကျလို့လဲ။
သူသည် ဤမြင်ကွင်းနှင့် ပတ်သက်ပြီး သူ တကယ်ဖြေချင်သည့်စကားကို သိုဝှက်ထား လိုက်ပါသည်။
ချင်ယွင်သည် သူ၏စိတ်ထဲမှာ ဤမင်းသမီးလေးကို ရန်မစရန် ဆုံးဖြတ်ထားခဲ့သည်။ သို့သော်လည်း ထိုဆုံးဖြတ်လိုက်သည့် တခဏအတွင်းလေးမှာင် ဤမင်းသမီးလေး သည် ချင်ယွင်ကို ရန်စလာခဲ့ပြီး သူတို့တွေ့သည့် အခိုက်တန့်မှာပင် သူ့ကို လှောင် ပြောင်လာခဲ့ပါသည်။
ချင်ယွင်သည် မာနကြီးသူတစ်ဦး ဖြစ်သောကြောင့် အခြားသူများ၏ ကဲ့ရဲ့လှောင်ပြောင် ခြင်းကို ခံရသောအခါတွင် သူ၏မျက်နှာပေါ်တွင် ပြုံးရယ်နေရန်မှာ သဘာဝအတိုင်း မဖြစ်နိုင်ပေ။ ထို့ကြောင့် သူသည် ခေါင်းကိုဘေးတဘက်သို့လှည့်ကာ မင်းသမီးလေးကို လျစ်လျူရှုထားလိုက်ပါသည်။
သို့သော်လည်း ချင်ယွင်သည် သူ၏လုပ်ရပ်များက မောက်မာပြီး မာနကြီးသော မင်းသမီးလေးကို ရန်စသလို ဖြစ်သွားလိမ့်မည်ဟု သူလည်း မမျှော်လင့်ထားပေ။
"ဟိတ် ကောင်စုတ်၊ ဒီမင်းသမီးလေက နင်နဲ့ စကားပြောနေတာလေ။ နင့်ရဲ့ အမူအယာက ဘာဖြစ်ရတာလဲ။" ဧရာမ ဝေလငါး နန်းတော်၏ မင်းသမီးငယ်လေးသည် ချင်ယွင်အား ဒေါသတကြီး စိုက်ကြည့်လာသည်။
သို့သော် ချင်ယွင်သည် ဘာမှမကြားသလို ဟန်ဆောင်နေသေးသည်။ သူသည် စူးစမ်း လိုသည့်ဟန်ဖြင့် ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်ပါသည်။
ဤအမူအယာက ဧရာမဝေလငါးနန်းတော်၏ မင်းသမီးလေးကို တကယ်ကို ဒေါသ ထွက်စေခဲ့သည်။ သူမသည် ဧရာမဝေလငါးနန်းတော်၏ ကြီးကျယ်ခမ်းနားသော မင်းသမီးလေးတစ်ပါး ဖြစ်သည်။ မိုင်ပေါင်း ရာနှင့်ချီသော ပင်လယ်ပြင်ကြီးတွင် သူမကို မြင်သူတိုင်း ဦးညွတ်ကြရသည်။ လူအများပြားကပင် သူမနောက်သို့ လိုက်ပါပြီး သူမ၏ ချွေးရနံ့ကိုပင် ရှူရှိုက်ကြသည်။
သို့သော်၊ သူမရှေ့မှာရှိနေသည့် ဤအစောပိုင်းအဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်း နယ်ပယ် နတ်ဆိုးသားရဲလေး တစ်ကောင်သည် အမှန်တကယ်ပင် သူမကို လျစ်လျူရှု ဝံ့သည်။ ဤအရာကို သူမသည် မည်သို့ သည်းခံနိုင်မည်နည်း။
"ဟေ့ကောင်စုတ်လေး၊ ငါ နင့်ကို ပြောနေတာလေ။ နင် နားကန်းနေသလား”။ ဧရာမ ဝေလငါးနန်းတော်၏ မင်းသမီးလေးသည် ဒေါသတကြီး အော်လိုက်သည်။
ထိုအချိန်တွင် ချင်ယွင်သည် ဧရာမဝေလငါးနန်းတော်၏ မင်းသမီးလေးကို ကြည့်ရင်း မသိသလို ဟန်ဆောင်ကာ ပြောလိုက်သည် “ မင်း … မင်းက ငါ့ကို ပြောနေတာလား”။
"နင့်ကို မခေါ်ရင် ငါက ဘယ်သူ့ကို ဘယ်သူ့ကို ခေါ်ရမှာလာ?” ဧရာမဝေလငါး နန်းတော်၏ မင်းသမီးလေးသည် ဒေါသအထွက်လွန်ပြီး အခိုးငွေ့များပင် ထွက်တော့ မည်။
"မင်းက သူ့ကို ခေါ်နေတာလို့ ငါထင်သွားလို့ပါ" ချင်ယွင်က သူ၏အနားမှ တပ်မှူး ဂေါ့ရှန်းကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
"နင်….." ဧရာမဝေလငါးနန်းတော်၏ မင်းသမီးလေးသည် အလွန်ဒေါသထွက်ကာ စကားပင် မပြောနိုင်တော့ပေ။ သူမသည် သူမ၏ အနီရောင်မျက်လုံးတစ်စုံကို အသုံးပြုပြီး ချင်ယွင်ကို အရှင်လတ်လတ် ဝါးမျိုချင်ဟန်ဖြင့် စိုက်ကြည့်နေခဲ့သည်။
တပ်မှူးဂေါ့ရှန်းလည်း ဒေါသတကြီး ဖြစ်နေသည်။ ချင်ယွင်က သူ့ကို သွယ်ဝိုက်သည့် ပုံစံဖြင့်ကြိမ်းမောင်းနေ၏။
ဇီရှန်သည် ပြုံးရင်း ခေါင်းကို အသာအယာ ခါလိုက်မိသည်။ သူမသည် ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်ရင်း အံ့အားသင့်သွား ခဲ့ရသည်။
သူမအမြင်အရဆို၊ ချင်ယွင်သည် လေးလေးနက်နက်ရှိသော လူတစ်ယောက် မဟုတ်သော်လည်း အနည်းဆုံးတော့ သူသည် အပြောင်အပြက်ပြောတတ်သူ မဟုတ်ပေ။ သို့သော်လည်း ဧရာမဝေလငါးနန်းတော်၏ မင်းသမီးလေး၏ နှိမ့်ချသော အပြုအမူ ကြောင့် ချင်ယွင်သည် တမင်တကာ ဒေါသထွက်အောင်လုပ်နေသည်ကို သူမ မြင်သောအခါ၊ သူမသည် ချင်ယွင်ကို လျှော့တွက်မိကြောင်း သူမ သိလိုက်ရသည်။
ချင်ယွင်၏ မျက်လုံးများသည် အပေါ့စားဆန်သည့် အပြုံးတချက်နှင့်အတူ ဝင်းလက် တောက်ပလာသည်။ မှန်ပါသည်၊ သူသည်လည်း ဧရာမဝေလငါးနန်းတော်၏ မင်းသမီးလေးကို တမင်တကာ စိတ်ဆိုးအောင် ပြုမူနေခဲ့သည်။ သူ့ကို ပစ်မှတ်ထားရန် မည်သူက ပြောထားပါသနည်း။
သူမကိုယ်တိုင်ကလည်း အလိုက်ထားသဖြင့် ဆိုးသွမ်းနေသည့် မင်းသမီးလေးတစ်ပါး မဟုတ်ပေဘူးလား။ တစ်ကမ္ဘာလုံးက သူမဆန္ဒအတိုင်း လုပ်ဆောင်ပေးရမည်ဟု သူမ တကယ်ထင်နေပါသလား။
ဧရာမဝေလငါးနန်းတော်၏ မင်းသမီးလေးသည် ချင်ယွင်၏ မျက်နှာတွင် အပေါ့စား ဆန်သည့် အပြုံးကို မြင်လိုက်ရသည်။ သူမသည် လှည့်စားခံလိုက်ရကြောင်း မည်သို့ မသိဘဲ နေမည်နည်း။ သူမ၏ နှလုံးသားထဲတွင် ချက်ချင်းပင် ဒေါသအကြီးအကျယ် ထွက်ပေါ်လာသည်။ “လန်ယဲ့၊ သွားပြီး အဲဒီအကောင်ကို ငါ့အတွက် အရေခွံခွာပေးစမ်း” ဟု ကျယ်လောင်စွာ အော်ပြောလိုက်ပါသည်။
"ဟုတ်ကဲ့ပါ။ မင်းသမီးလေး” လန်ယဲ့က ကမန်းကတန်း ပြန်ဖြေလိုက်ပြီး သူသည် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။
"ကောင်စုတ်လေး၊ မင်းက ငါတို့မင်းသမီးလေးကို ဒေါသထွက်အောင် လုပ်လိုက်တယ်။ မင်း သေရမယ်” ချင်ယွင်ကိုကြည့်ရင်း လန်ယဲ့၏ မျက်လုံးများသည် ပို၍ပင် အေးစက် လာသည်။ သူမသည် ချင်ယွင်ကို တိုက်ခိုက်တော့မည်ဖြစ်ကာ အမှန်တရားသို့ ပြန် လည်ခြင်းနယ်ပယ်၏ အလယ်အလတ်အဆင့် စွမ်းအင်အငွေ့အသက်က ချင်ယွင်ဆီသို့ တိုက်ရိုက်သက်ရောက်လာနေသည်။
ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ မျက်လုံးများတွင် သတိထားသည့် အရိပ်အယောင်များ ပေါ်လာသည်။
သို့သော်၊ ဇီရှန်သည် ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး ချင်ယွင်၏ရှေ့ လမ်းကြောင်းကို အရင်ဆုံး ပိတ်ဆို့တားဆီးလိုက်သည်။ သူမ၏ အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်ရှိ အငွေ့အသက်သည် ရုတ်တရက် ထွက်ပေါ်လာပြီး လန်ယဲ့၏ အငွေ့အသက်ကို ဖိနှိပ်လိုက်သည်။ “ဟမ့်၊ ငါတို့လူတွေကို ဂရုတစိုက် ဆုံးမဖို့က မင်းရဲ့ ဧရာမဝေလငါးနန်းတော်နဲ့ ဘာမှမသက်ဆိုင်ဘူး” ဟုပြောလိုက်သည်။
လန်ယဲ့ဟုခေါ်သော အသက်လတ်ပိုင်းအရွယ် အမျိုးသား၏အမူအရာသည် ချက်ချင်း ပြောင်းလဲသွားသည်။ သူသည် ဇီရှန်ကို အံ့အားသင့်စွာဖြင့် ကြည့်ကာ နောက်တစ်ကြိမ် လှုပ်ရန်မဝံ့ပေ။
လန်ယဲ့သည် အလွန်ကြောက်လန့်သွားပြီး တစ်ချက်လေးတောင် မလှုပ်ဝံ့သည်ကို မြင်လျှင် မင်းသမီးလေး၏ မျက်နှာသည် ချက်ချင်းပင် အမျက်ဒေါသက ပျံ့နှံ့လာခဲ့ သည်။ သူမက အေးစက်စွာ နှာခေါင်းရှုံ့ပြီး ပြောလိုက်သည် “ အသုံးမကျတဲ့ အမှိုက်ပဲ။ ဘေးကို ဖယ်စမ်း”။
လန်ယဲ့၏ မျက်နှာသည် ပြင်းထန်သော မလိုလာသည့် အမူအရာဖြင့် ပြည့်နေသည်။ သူက ချင်ယွင်ကို အဆိပ်ပြင်းသည့် အကြည့်ဖြင့် တစ်ချက်ပြန်ကြည့်ရင်း တစ်ဖက်ကို ပြန်ဆုတ်သွားသည်။ ဤကောင်လေးကြောင့်သာ မဟုတ်ဘူးဆိုလျှင် သူသည် မင်းသမီးလေး၏ ဆူပူကြိမ်းမောင်းခြင်းကို မည်သို့ ခံရနိုင်မည်နည်း။
“မင်ယု၊ မင်း သွားစမ်း” မင်းသမီးလေးက သူမ၏ဘေးမှာရှိနေသည့် ထွားကျိုင်း သန်မာသည့်လူကို ပြောလိုက်သည်။ မင်းသမီးလေး၏နာမည် အော်ခေါ်သံကို ကြားရသောအခါ ထွားကျိုင်းသန်မာသော အမျိုးသား၏ မျက်နှာသည် ရှုံ့မဲ့သွားသည်။ သူက “ကျွန်တော်က သူမပြိုင်ဘက် မဟုတ်ဘူး"ဟု အားတင်းပြီး ပြောလိုက်ရသည်။
မင်းသမီးလေးသည် ဒေါသအထွက်လွန်ကာ မျက်နှာများပင် နီးမြန်းသွားလေသည် “အမှိုက်တွေ၊ အမှိုက်တွေ၊ အားလုံး အသုံးမကျတဲ့ အမှိုက်တွေပဲ။ ဒီအမှိုက်တွေက ဘယ်လိုရတနာမျိုးတွေကို သိမ်းယူချင်သေးတာလဲ၊ အိမ်ကို စောစော ပြန်ကြစမ်း” ဟု ကျယ်လောင်စွာ အော်ဟစ် ကျိန်းမောင်းလေသည်။
လန်ယဲ့နှင့် မန်ယုတို့သည် မင်းသမီးလေးက သူတို့ကို ရိုင်းရိုင်းစိုင်းစိုင်း အပြစ်တင် ရှုတ်ချသော်လည်း ခွန်းတုန့်ပြန်ရန် မဝံ့ရဲခဲ့ကြပေ။
ချင်ယွင်သည် ရယ်စရာကောင်းသည်ဟု ခံစားရသည်။ ဤမင်းသမီးလေးသည် တကယ့်ကို ရှင်းရှင်းဘွင်းဘွင်း ပြောတတ်သူ ဖြစ်သည်။ သူမက 'ရတနာတချို့ကို တောင် မသိမ်းယူနိုင်မှတော့ စောစော အိမ်ပြန်ပါ'ဟူသော စကားကိုတောင် ပြောလိုက် ပါသေးသည်။
"ဟား ၊ ဟား၊ ငါတို့မင်းသမီးလေးကို ဘယ်သူက ဒေါသထွက်အောင် လုပ်တာလဲ"
မင်းသမီးလေးသည် ဒေါသအထွက်လွန်ပြီး အရူးအမူး ဖြစ်တော့မည့် အခိုက်တွင် အဝေးမှ ကျယ်လောင်သော အော်ရယ်သံတစ်ခု ထွက်ပေါ်လာပြီး ဆံပင်ဖြူ အဘိုးကြီး တစ်ဦးသည် အဝေးမှ ပြေးလာခဲ့သည်။
ချင်ယွင် နှင့် ဇီရှန်တို့၏ အမူအရာများ ပြောင်းလဲသွားသည်။ ဧရာမဝေလငါးနန်းတော်၏ ကျွမ်းကျင်သူများ ဤနေရာတွင် ရှိနေလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားပေ။ ယခု ရောက်ရှိလာသော လူများ၏ ကျင့်ကြံခြင်း အဆင့်များသည်လည်း အမှန်တရားသို့ ပြန်လည်ခြင်းနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဧရာမဝေလငါးနန်းတော်၏ မင်းသမီးလေးသည် ဆံပင်ဖြူအဘိုးကြီးကို တွေ့လိုက်ရ သည့် အခိုက်တွင် သူမ၏ မျက်နှာသည် ရွှင်လန်းသော အမူအရာ ပေါ်လာသည် “အဘိုးဝေ၊ ကျွန်မကို အနိုင်ကျင့်တဲ့လူက သူပဲ၊ ဟုတ်တယ်၊ သူမလည်းပါတယ်။ အဘိုးဝေက ကျွန်မအတွက် ဒေါသဖြေပျောက်အောင် လုပ်ပေးရမယ်နော်”။
"ကောင်းပြီ၊ ကောင်းပြီ၊ ကောင်းပါပြီ၊ အဘိုးဝေက၊ မင်းသမီးလေးရဲ့ဒေါသ ဖြေဖျောက် အောင် လုပ်ပေးပါ့မယ်။ ငါတို့ရဲ့ ရွှမ်းအားလေးကို ဘယ်သူက အနိုင်ကျင့်ခဲ့တာလဲဆိုတာ ငါ ကြည့်ချင်တယ်” ဆံပင်ဖြူ အဘိုးကြီးသည် ပြုံးကာ ချင်ယွင်နှင့် အခြားသူများကို လှည့်ကြည့်လိုက်သည်။
သို့သော် ဆံပင်ဖြူအဘိုးကြီးသည် ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးကို မြင်သောအခါ တခဏတာ အံ့အားသင့်သွားသည်။ သူက စကားပြောလိုက်ရင်း သူ၏မျက်လုံးထဲတွင် လေးနက်မှု အရိပ်အယောင်များ ပေါ်လာပါသည် “တကယ်ကို မင်းပါလား။ မန်ယုက ဒီကိစ္စမှာ အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူ ပါဝင်နေတယ်လို့ပြောတာ အံ့ဩစရာ မရှိတော့ပါဘူး။ ဇီရှန်၊ လူသားကျွမ်းကျင်ပညာရှင် တစ်ယောက်ရဲ့ လှိုဏ်ဂူထဲမှာ မင်းကိုဆွဲဆောင်နိုင်တဲ့ အရေးကြီး ရတနာတချို့ ရှိနိုင်ပါ့ မလား"။
"အဓိပ္ပာယ်မရှိတဲ့ စကားတွေ ဖြတ်လိုက်ရအောင်။ ဧရာမဝေလငါးနန်းတော်က ရှင့်ကို ဒီနေရာကို ပို့လိုက်ပြီဆိုမှတော့ ဒီကောလာဟလသတင်းကို သူတို့လည်း လက်ခံရရှိ သွားပြီဆိုတာ သေချာပါတယ်။" ဇီရှန်က အေးစက်စွာ ပြောလိုက်သည်။
“မှန်ပါတယ်။ နန်းတော်သခင်က ဒီသတင်းကို သူရရှိခဲ့လို့ ငါ့ကို ဒီနေရာကို အတိအကျ စေလွှတ်လိုက်တာပဲ။ ဒါပေမယ့် ကောလဟာလတွေက မှန်တယ်လို့ ငါ မယုံဘူး။ အဆုံးမဲ့ ချောက်နက်ကြီးအောက်မှာ ဝှက်ထားတဲ့ အင်မော်တယ် တစ်ပါးရဲ့ ရတနာ နန်းတော်တစ်ခု ရှိတယ်တဲ့။ အဲဒီလူသားရဲ့ လှိုဏ်ဂူထဲမှာ အင်မော်တယ်ရတနာ နန်းတော်ကို ဖွင့်ဖို့ သော့ရှိတယ်တဲ့။ ဒါပေမယ့် ဒီသတင်းစကားတွေက အတုအယောင် တွေလို့ ငါ ထင်တယ်။” ဆံပင်ဖြူ အဘိုးကြီးက ပြောသည်။
"ဒါဆို ရှင် ပြန်လို့ရပြီလေ" ဇီရှန်က ဂရုမစိုက်ဟန်ဖြင့် ပြောသည်။ “ငါတို့အားလုံး ဒီကို ရောက်နေကြပြီဆိုမှတော့ သေချာပေါက် တချက်တော့ သွားကြည့်ရမယ်။ မဟုတ်ရင် နန်းတော်သခင်ကို ငါ ဘယ်လိုပြန်ရှင်းပြရမလဲ” ဆံပင်ဖြူ အဘိုးကြီးက ပြောသည်။
"ဒါဆို ရှင်ဘာတွေ လျှောက်ပြောနေတာလဲ” ဇီရှန်က အထင်အမြင်သေးစွာဖြင့် အော်ပြောလိုက်သည်။
ဆံပင်ဖြူ အဘိုးကြီးသည် ဇီရှန်၏ စကားကိုကြားသောအခါ သူ၏ မျက်နှာသည် ချက်ချင်းပင် အဆင်မပြေ ဖြစ်သွားသည်။
ချင်ယွင်သည် မထိန်းနိုင်ဘဲ ပြူးကျယ်သော မျက်လုံးတစ်စုံဖြင့် စိုက်ကြည့်နေမိသည်။ ဤစကားလုံးများသည် ဇီရှန်၏ပါးစပ်မှ ထွက်လာသည်ကို သူ မယုံကြည်နိုင်ပေ။
"ဟား၊ ဟား၊ ငါတို့နဂါးကောင်းကင်နန်းတော်ရဲ့ နံပါတ်တစ် အလှပိုင်ရှင်က “ရှင် အခုဒီလို ရူးကြောင်ကြောင်စကားမျိုး ပြောမနေနဲ့”ဆိုတဲ့ ပုံစံမျိုးနဲ့ ယခုလိုစကားမျိုး ပြောထွက်လိမ့်မယ်လို့ ငါ တကယ်ကို မထင်ထားခဲ့မိဘူး။ ဝေဖန်း၊ ခင်ဗျားကြည့်ရတာ တကယ်ကို အသက်ကြီးနေပုံရတယ်”။
ထိုအချိန်တွင် ကောင်းကင်မှ ကျယ်လောင်သော ရယ်မောသံ ထွက်ပေါ်လာသည်။ ပုံရိပ်နှစ်ခုသည် အလင်းတန်းများအဖြစ်ဖြင့် အလျှင်အမြန် ပြေးဆင်းလာခဲ့သည်။
ချင်ယွင်၏ရှေ့မှာ လူငယ်နှစ်ယောက် ပေါ်လာပါသည်။ တစ်ယောက်က ရွှေရောင် သံချပ်ကာဝတ် ဝတ်ဆင်ထားပြီး နောက်တစ်ဦးမှာ ငွေရောင်သံချပ်ကာဝတ် ဝတ်ဆင် ထားသည်။ ထိုငွေရောင်ချပ်ဝတ်တန်ဆာဝတ်လူငယ်ကို ဇီရှန်ကို ရင်ဆိုင်ရန် အတွက် မန်ယုနှင့် အတူတူပူးပေါင်းအလုပ်လုပ်ခဲ့သည့် ယင်ဟန်သည်ကို ချင်ယွင် မှတ်မိပါ သည်။
ချင်ယွင် အမှန်တကယ် သတိပြုမိသည်မှာ ဤရွှေရောင်သံချပ်ကာဝတ် လူငယ်၏ ကျင့်ကြံမှုအဆင့်သည် ငွေရောင်သံချပ်ကာဝတ် လူငယ်ထက် သာလွန်နေပြီး သူသည် အမှန်တရားသို့ ပြန်လည်ခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေခြင်း ပင် ဖြစ်သည်။
အခန်း(၄၆၂)စကြာဝဠာပိတ်ဆို့ခြင်းနဂါးအစီအရင်ဝင်္ကပါ။
"ကျင်းယွန်၊ မင်းက တိုက်ပွဲရှာနေတာ မဟုတ်လား?" ဆံပင်ဖြူ အဘိုးအိုသည် ရွှေရောင် သံချပ်ဝတ်အမျိုးသားကို မြင်သောအခါ သူ၏မျက်နှာပေါ်မှာ ဒေါသ အရိပ်အယောင်များ ချက်ချင်း ထွက်ပေါ်လာသည်။
"ဟမ့်၊ အဘိုးကြီးဝေ၊ ကျုပ်က အမှန်တိုင်း ပြောနေတာလေ။ ပင်လယ်ပြင်တစ်ခုလုံးက ခင်ဗျားအဘိုးကြီးဝေဟာ အရှက်ကင်းမဲ့ဆုံးလူဆိုတာကို လူတိုင်း သိကြတယ်လေ။ ခင်ဗျားကို ကြီးကျယ်ခမ်းနားတဲ့ ခရမ်းရောင်အလှပိုင်က ရူးကြောင်ကြောင်လုပ်နေ တယ်လို့ ခင်ဗျား အပြစ်မတင်နဲ့။" ရွှေရောင်သံချပ်ဝတ်အမျိုးသားက လှောင်ပြောင် ပြောလိုက်သည်။
“ မင်း” ဆံပင်ဖြူ အဘိုးကြီးသည် ချက်ခြင်း ဒေါသထွက်သွားသည်။
ရွှေရောင်သံချပ်ဝတ်အမျိုးသားက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ရှင်တို့နှစ်ယောက် လှိုဏ်ဂူကို သွားချင်လား၊ မသွားချင်ဘူးလား။ တကယ်လို့ ရှင်တို့ မသွားချင်ဘူးဆိုမှတော့ ငါဇီရှန်က ရှင်တို့ကို အဖော်ပြုနေမှာ မဟုတ်တော့ဘူး" ဇီရှန်က အေးစက်စွာ အော်ပြောလိုက်သည်။
ဆံပင်ဖြူအဘိုးအိုနှင့် ရွှေရောင်သံချပ်ဝတ် အမျိုးသားတို့သည် ချက်ချင်းပင် ပါးစပ် ပိတ်ကာ စကားများတာကို ချက်ချင်း ရပ်လိုက်ကြသည်။
ရလာဒ်အနေဖြင့် သူတို့ထဲမှ လူအနည်းငယ်သည် လူသားကျွမ်းကျင် ပညာရှင်၏ လှိုဏ်ဂူဆီသို့ ပျံသန်းသွားကြသည်။ လမ်းတစ်လျှောက်တွင် မင်းသမီးလေးသည် ဆံပင်ဖြူ အဘိုးအိုအား အဘယ်ကြောင့် လက်စားမချေရသနည်း- ? ဟုမေးရာ ဆံပင်ဖြူ အဘိုးအိုသည် ရှက်ရွံ့သွားလေသည်။
သူသည် ဇီရှန်ကို အနိုင်ယူနိုင်သည်၊ မနိုင်မယူသည်ဆိုသည်ကို အသာထား၊ လက်ရှိ အခြေအနေသည် လှုပ်ရှားရမည့် အချိန်မဟုတ်ပေ။ သူသည် ဇီရှန်ကို တိုက်ခိုက် လိုက်သည်နှင့် လိပ်နက်နန်းတော်သည် တံငါသည်များ၏ အခွင့်အရေးကို သေချာပေါက် အသုံးချသွားမည် ဖြစ်သည်။ ထို့ကြောင့် ရတနာကို အမှန်တကယ် သိမ်းပိုက်ရန် အချိန်မရောက်မီ သူတို့အနက်မှ မည်သူတစ်ဦးတစ်ယောက်မျှ လှုပ်ရှားရန် မဖြစ်နိုင်ပေ။
ဟုတ်ပါသည်။ အနှိုင်းမဲ့ အဖိုးတန်သော ရတနာအချို့အတွက် ရင်ဆိုင်ရတော့မည် ဆိုလျှင် မည်သူမျှ ထိန်းထားနိုင်မည် မဟုတ်ပေ။ ထိုအချိန်တွင် သူတို့သည် သေသည်အထိ တိုက်ခိုက်ကြမည်မှာ သေချာပါသည်။
လူသားကျွမ်းကျင်ပညာရှင်၏ လှိုဏ်ဂူသို့ ဝင်ပေါက်သည် ချင်ယွင်၊ အခြားသူများ တည်ရှိရာနေရာနှင့် အလှမ်းမဝေးလှပေ။ ပျံသန်းရန်အတွက် အမွှေးတိုင် တစ်ချောင်းစာ ထွန်းချိန်လောက်သာ အချိန်ယူရလိမ့်မည်။
သို့သော် ချင်ယွင်သည် လှိုဏ်ဂူဝင်ပေါက်ဝသို့ အမှန်တကယ် ချဉ်းကပ်လာသောအခါ တွင် သူသည် အံ့အားသင့်သော အမူအရာ ပေါ်လာပါသည်။
မူလက ချောမွေ့ပြီး သပ်ရပ်သော ကမ်းပါးနံရံကြီးကို အပေါက်ကြီးတစ်ခု အနေဖြင့် ထွင်းထုထားသည်။ အပေါက်၏ရှေ့တွင် မူလကတည်းက ဖြောင့်တန်းပြီး နေရာ အလွတ်ဖြစ်နေသော ချောက်ကမ်းပါးကြီးနှင့်အပြိုင် အက်ကြောင်းကြီး တစ်ခုကြားတွင် ကျယ်ပြန့်စွာ ဖွင့်လှစ်ထားသော လေဟာနယ် တစ်ခုရှိနေပါသည်။
“ဒါက လူသားကျွမ်းကျင်ပညာရှင်ရဲ့ လိုဏ်ဂူဝင်ပေါက်ပဲ။ ဒါပေမယ့် သူက အဝင်ဝမှာ ပုံရိပ်ယောင် အစီအရင်တစ်ခုနဲ့ ထောင်ချောက်အစီအရင်တစ်ခုကို ခင်းကျင်းထား ခဲ့တယ်။ မူလကတော့ ပုံရိပ်ယောင်အစီအရင်ဟာ ဒီလှိုဏ်ဂူဝင်ပေါက်ရဲ့ တည်နေရာကို ဖုံးကွယ်ထားဖို့ ဖြစ်တယ်။ ဒါပေမယ့် အခုချိန်မှာတော့ ပုံရိပ်ယောင် အစီအရင်က ကျိုးပျက်သွားခဲ့ပြီး။ တကယ်လို့ လှိုဏ်ဂူထဲကို ဝင်ချင်တယ်ဆိုရင် ထောင်ချောက် အစီအရင်ကို ဖြတ်ကျော်ရလိမ့်မယ်။" ဇီရှန်က ချင်ယွင်၏ နားကြားရုံလေသံဖြင့် ပြောလိုက်ပါသည်။
ချင်ယွင်လည်း ခေါင်းညိတ်ပြလိုက်သည်။ ဇီရှန်သည် ဤစကားများကို ယခင်က ပြောထားဖူးသော်လည်း ၎င်းတို့ကို သူ၏မျက်လုံးများနှင့် ကိုယ်တိုင် မမြင်ရသည့် အနည်းငယ် ဝေဝါးသွားသလို ခံစားလိုက်ရသည်။
ယခု သူ၏မျက်လုံးများဖြင့် ကိုယ်တိုင် မြင်လိုက်ရသောအခါ၊ ချင်ယွင်သည် သူ၏ ပတ်ဝန်းကျင်ရှိ ဝင်္ကပါအစီအရင်၏ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားကို အမှန်တကယ် ခံစားနိုင်ခဲ့ပါသည်။
"တကယ်ကို အစွမ်းထက်တဲ့ ဝင်္ကပါတစ်ခုပဲ။ ဒါက သေချာပေါက် အဆင့်ရှစ် ဝင်္ကပါတစ်ခု ဖြစ်ရမယ်” ချင်ယွင်က အံ့အားတသင့် ပြောသည်။
ဤလှိုဏ်ဂူ၏ပိုင်ရှင်သည် အင်မော်တယ် အသွင်ကူးပြောင်းခြင်း နယ်ပယ်ရှိ ကျွမ်းကျင်သူတစ်ဦး ဖြစ်ကြောင်း ယခင်ကတည်းကသူ ကြားသိခဲ့ရသော်လည်း၊ ၎င်းသည် ထိုကျွမ်းကျင်ပညာရှင်သည် အစီအရင်ဝင်္ကပါ ကျင့်ကြံမူလမ်းစဉ်၏ အဆင့်ရှစ်သို့ ရောက်ရှိနိုင်သည်ဟု မဆိုလိုပါ။
အစီအရင်ဝင်္ကပါ ကျင့်ကြံမူလမ်းစဉ်သည် စိတ်ဝိညာဉ်စွမ်းအားအဆင့်နှင့်သာ သက်ဆိုင် ပါသည်။ သို့သော်လည်း ယင်းသည် လူတစ်ယောက်၏ စိတ်ဝိညာဉ်အဆင့်သည် အင်မော်တယ် အသွင်ကူးပြောင်းခြင်းနယ်ပယ်သို့ ရောက်ရှိသည်နှင့် ထိုလူ၏အစီအရင် ဝင်္ကပါကျင့်ကြံမူအဆင့်သည် အဆင့်ရှစ်သို့ ရောက်ရှိနိုင်သည်ဟု မဆိုလိုပါ။
စိတ်ဝိညာဉ်အဆင့်သည် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်သို့ ရောက်ရှိ သည်နှင့် သင်သည် အဆင့်ရှစ် အစီအရင်ဝင်္ကပါများကို ဖွဲ့စည်းနိုင်စွမ်းရှိပြီဟု ဆိုလိုပါ သည်။ ထိုသို့မလုပ်ဆောင်မီတွင် သင်သည် အဆင့်ရှစ် အစီအရင်ဝင်္ကပါများကို ဦးစွာ နားလည်ထားရပါဦးမည်။ အကယ်၍ အဆင့်ရှစ် အစီအရင်ဝင်္ကပါကို နားမလည် ထားဘူးဆိုလျှင် သင်သည် အဆင့်ရှစ် အစီအရင်ဝင်္ကပါကို ဖန်တီးနိုင်မည် မဟုတ်ပေ။ သူ၏ရှေ့မှာရှိနေသည့် ဤအဆင့်ရှစ် အစီအရင်ဝင်္ကပါသည် အစောပိုင်း အဆင့်ရှစ် အစီအရင်ဝင်္ကပါတစ်ခု ဖြစ်သည် ဆိုလျှင်ပင် ဤအရာသည် အစောပိုင်း အဆင့်ရှစ် အစီအရင် ဝင်္ကပါတစ်ခု ဖြစ်နေပါသေးသည်။ ဟိုအတိတ်ချိန်တုန်းကဆို ချင်ယွင်သည် အစောပိုင်း အဆင့်ရှစ် အစီအရင်ဝင်္ကပါကို နားလည်ရန်အတွက် သုံးလနီးပါး အချိန်ယူခဲ့ရသည်။
သူ၏မျက်လုံးထဲမှာ ဤအဆင့်ရှစ် အစီအရင်ဝင်္ကပါသည် မည်သည့်အမျိုးအစား ဖြစ်သည်ကို ရှင်းရှင်းလင်းလင်း သူမသိမချင်း ချင်ယွင်သည် အစီအရင်ဝင်္ကပါထဲကို မဝင်သေးဘဲစောင့်စားနေသေးသည်။
ချင်ယွင်သည် ဇီရှန် နှင့် အခြားလူများနောက်မှ လိုက်ပါလာရင်း စင်မြင့်တစ်ခု အထက် တွင် လွင့်မျောနေခဲ့သည်။ သူသည် စင်မြင်ပေါ်သို့ ခြေမချသေးပေ။ အဘယ့်ကြောင့် ဆိုသော် သူစင်မြင့်ပေါ်သို့ ခြေချလိုက်သည်နှင့် အစီအရင်ဝင်္ကပါထဲသို့ ချက်ခြင်း ကျရောက်သွားမည်ဖြစ်သောကြောင့်ပင်။
လှိုဏ်ဂူထဲသို့ ဝင်ရန်အတွက် စင်မြင်ကို ဖြတ်ကျော်ရမည် ဖြစ်ပါသည်။ တစ်နည်းဆို ရသော် ချင်ယွင် နှင့် အခြားသူများသည် လှိုဏ်ဂူထဲသို့ ဝင်လိုပါက၊ စင်မြင့်ပေါ်ရှိ အစီအရင်ဝင်္ကပါကို ဦးစွာ ချိုးဖျက်ရမည် ဖြစ်ပါသည်။
" အစီအရင်ဝင်္ကပါက ဘယ်မှာလဲ၊ ဒီစင်မြင့်ပေါ်မှာ ဘာမှလည်း မရှိပါလား။ ပြောပြော နေတဲ့ အစီအရင်ဝင်္ကပါက ဘယ်ကရောက်လာမှာလဲ” ဧရာမဝေလငါးနန်းတော်၏ မင်းသမီးလေးသည် လွတ်နေသော စင်မြင့်ကို ကြည့်ကာ ရှုပ်ထွေးသော အမူအရာဖြင့် မေးသည်။
"မင်း နားမလည်ရင် အဓိပ္ပါယ်မဲ့ စကားတွေ လျှောက်ပြောမနေနဲ့။ မင်းက အစီအရင် ဝင်္ကပါအမျိုးစားကို ဒီလိုလွယ်လွယ်နဲ့ မြင်နိုင်မှာတဲ့လား” ဘေးမှာရပ်နေသော ချင်ယွင်က အထင်သေးဟန်ဖြင့် ပြောလိုက်သည်။
ဧရာမဝေလငါးနန်းတော်၏ မင်းသမီးလေးသည် ချင်ယွင်အပေါ် နဂိုကတည်းက ဆိုးဝါးသည့် အမြင်သဘောထားနှင့် ပြည့်နှက်နေခဲ့ပါသည်။ ယခုအချိန်မှာ ချင်ယွင်က သူမကို အထင်မြင်သေးကြောင်းစကား ပြောသည်ကို ကြားလိုက်ရလျှင် သူမသည် ချက်ခြင်းပင် အထင်အမြင်သေးစွာ အော်ပြောလိုက်သည် “ကြည့်ရတာ နင်ကတော့ တော်တော်နားလည်တယ်ပေါ့။ တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် အစောပိုင်းအဆင့် ကလေးတစ်ယောက်က ဒီမင်းသမီးလေးကို သင်ခန်းစာတစ်ခု သင်ပေးရဲတယ်ပေါ့။"
ချင်ယွင်သည် မာနသာကြီးပြီး ဘာမှမသိနားမလည်သော ဤမင်းသမီးလေးနှင့် ငြင်းခုံရန်ပင် အလွန်ပျင်းလွန်းလှသည်။
ဧရာမဝေလငါးနန်းတော်၏ မင်းသမီးလေးသည် သူမကို လျစ်လျူရှုထားသော ချင်ယွင်၏ အမူအယာကို ထပ်မံမြင်လိုက်ရသောအခါ ဒေါသတကြီး ခြေထောက်ကို ချက်ချင်း ဆောင့်နင်းလိုက်သည်။ သူမ၏ နှလုံးသားထဲတွင် ချင်ယွင်နှင့် ပတ်သက်ပြီး အမုန်းတရားများဖြင့် ပြည့်နှက်နေခဲ့သည်။ လှိုဏ်ဂူထဲသို့ဝင်ပြီးနောက် သူမသည် ဤကောင်စုတ်ကို သင်ခန်းစာတစ်ခု သင်ကြားပေးနိုင်ရန် အခွင့်အရေးကောင်းတစ်ခု ရှာရမည်ကြံစည်နေမိသည်။
"သွားကြရအောင်။ အဲဒါက ထောင်ချောက်အစီအရင်တစ်ခုလေးပါပဲ။ ဘာအန္တရာယ် မရှိပါဘူး။ အတူတူဝင်ပြီး အဲဒီအစီအရင်ကို ဖောက်ထွက်ကြရအောင်” ရွှေရောင်သံချပ် ကာ ဝတ်အမျိုးသားက ပြောသည်။ သူသည် ပြောပြီးသည်နှင့် ရှေ့မှ ဦးဆောင်ကာ အစီအရင် ဝင်္ကပါထဲသို့ ပြေးဝင်သွားလေသည်။ ယန်ဟန်သည် သဘာဝအတိုင်း ထိုအမျိုးသား၏ နောက်မှ အနီးကပ်လိုက်သွားသည်။
အလားတူပင်၊ ဆံပင်ဖြူအဖိုးအိုသည် ဧရာမဝေလငါးနန်းတော်၏ မင်းသမီးငယ်လေး နှင့် အခြားသူများကို ဦးဆောင်ကာ အစီအရင်ဝင်္ကပါထဲသို့ ခေါ်ဆောင်သွားလေသည်။
"အထဲဝင်ရအောင်” ဇီရှန်သည် စင်မြင့်ဆီသို့ ပျံသန်းသွားစဉ် ပြောလိုက်သည်။
ချင်ယွင် နှင့် ဂေါ့ရှမ်းတို့သည် သဘာဝအတိုင်း သူမနောက်မှ လိုက်ပါကြသည်။
ဝှမ်း…….!
ချင်ယွင်သည် စင်မြင့်ပေါ်သို့ တက်လှမ်းလိုက်သည်နှင့် သူ၏ရှေ့ရှိ မြင်ကွင်းသည် ချက်ချင်းပင် ပြောင်းလဲလာသည်။
မူလကရှိနေသည့် လှိုဏ်ဂူသည် ပျောက်ကွယ်သွားခဲ့ပြီ။ စင်မြင့်ကြီးသည်လည်း ပျောက်ကွယ်သွားခဲ့ပြီ။ ပတ်ဝန်းကျင်မှ ပင်လယ်ရေတွေတောင် ပျောက်သွားသည်။ ယင်းတို့အစား အချင်း မီတာတစ်ရာခန့်ရှိသော စက်ဝိုင်းပုံစံ စင်မြင့်တစ်ခုဖြင့် အစားထိုး ဝင်ရောက်လာခဲ့သည်။
စင်မြင့်ပတ်လည်တွင် ကြီးမားသော ကျောက်စာတိုင် ကိုးတိုင်ရှိသည်။ ဤကျောက်စာ တိုင် ကိုးတိုင်သည် လုံးပတ်နှင့်အချင်း နှစ်မီတာနှင့် အမြင့်မီတာ တစ်ရာရှိသည်။ ကျောက်စာတိုင်တစ်ခုစီတွင် ကြီးမားသော နဂါးရုပ်တုကြီး တစ်ခုစီကို ထွင်းထုထားပြီး လျှပ်စီးများလက်သည့် ပြင်းထန်သော လျှပ်စီးကြောင်းများက ကျောက်စာတိုင်များကို ပတ်ပတ်လည်မှာ လွှမ်းခြုံ ရစ်ပတ်ထားသည်။
"ဒါက စကြာဝဠာပိတ်ဆို့ခြင်း နဂါးအစီအရင်ဝင်္ကပါ” ရွှေရောင်သံချပ်ကာဝတ် အမျိုးသားက ပြောသည်။
လူတိုင်း တုန်လှုပ်သွားကြသည်။ သူတို့အားလုံးသည် ရွှေရောင်သံချပ်ကာဝတ် အမျိုးသားကို စူးစူးစိုက်စိုက် ကြည့်နေကြသည်။ ပတ်၀န်းကျင်ရှိ လူများသည် အစီအရင် ဝင်္ကပါများအကြောင်း ဘာမှမသိခဲ့ကြသည်မှာ ထင်ရှားသော်လည်း ဤရွှေရောင် သံချပ်ကာဝတ် အမျိုးသားသည် တစ်ခုခုကို သိနေပုံရသည်။
“ဒီစကြာဝဠာပိတ်ဆို့ခြင်း နဂါးအစီအရင်ဝင်္ကပါက အစောပိုင်းအဆင့် အဆင့်ရှစ် အစီအရင် ဝင်္ကပါတစ်ခု ဖြစ်တယ်။ ဒီအစီအရင်ဝင်္ကပါဟာ ကောင်းကင်နဲ့မြေကြီးမှ မိုးကြိုးလျှပ်စီး စွမ်းအားကို စုပ်ယူနိုင်အတွက် မိုးကြိုးလျှပ်စီးရဲ့စွမ်းအားကို အခြေခံ အုတ်မြစ်အဖြစ် အသုံးပြုထားတယ်။ မိုးကြိုးလျှပ်စီး စွမ်းအားကြောင့် ဖြစ်ပေါ်လာတဲ့ လျှပ်စီးကွန်ယက်ထဲမှာ ရန်သူက ကျရောက်သွားလိမ့်မယ်။ ဒီအစီအရင်ဝင်္ကပါရဲ့ အခြေခံ အုတ်မြစ်ကို ဖျက်ဆီးနိုင်သမျှ ကာလပတ်လုံး ငါတို့အနေနဲ့ ဒီအစီအရင် ဝင်္ကပါဖွဲ့စည်းပုံကို ချိုးဖျက်နိုင်မှာပါ” ရွှေရောင်သံချပ်ကာဝတ် အမျိုးသားက ပြောသည်။
"ဒါဆို ဒီအစီအရင်ဝင်္ကပါရဲ့ အခြေခံအုတ်မြစ်က ဘာလဲ။" ဇီရှန်က မေးသည်။
"တကယ်လို့ ငါ့ရဲ့ ခန့်မှန်းချက်သာ မှန်ကန်မယ်ဆိုရင် ဒီကျောက်စာတိုင် ကိုးတိုင်ဟာ ဒီအစီအရင်ဝင်္ကပါရဲ့ အခြေခံအုတ်မြစ် ဖြစ်သင့်တယ်” ရွှေရောင်ချပ်ကာဝတ် အမျိုးသားက ဆက်ပြောသည်။ သူသည် ဇီရှန်ကို သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် ကြည့်လိုက်ရင်း သူ၏မျက်လုံးများတွင် လေးစားမှု အရိပ်အယောင်များလည်း ဖြစ်ပေါ် နေသည်။
"ဒါဆို ဘာကိုစောင့်နေတာလဲ။ ကျောက်စာတိုင်ကိုးလုံးကို အရင်ချိုးဖျက်ကြရအောင်" ဆံပင်ဖြူ အဘိုးကြီးက ပြောသည်။
လူတိုင်းလည်း ခေါင်းညိတ်ပြကြပြီး ပတ်ပတ်လည်ရှိ ကျောက်စာတိုင်တွေကို တိုက်ခိုက်ရန်အတွက် နတ်ဆိုးစွမ်းအင်ကို စုစည်းလိုက်ကြသည်။
သို့သော် အစီအရင်ဝင်္ကပါထဲ ရောက်စဉ်ကတည်းက နှုတ်ဆိတ်နေသော ချင်ယွင်သည် အားလုံးက ကျောက်စာတိုင်ကို တိုက်ခိုက်တော့မည်ဟု ပြောလိုက်သည့်အခါတွင် သူ၏ အသိအာရုံများ ပြန်လည်ရရှိလာခဲ့သည်။ သူ၏မျက်နှာပေါ်တွင် စိုးရိမ်တကြီးဖြစ်သည့် အမူအရာ ပေါ်လာပြီး အလောတကြီး အော်ပြောလိုက်သည် “ရပ်လိုက်ကြ၊ ခင်ဗျားတို့ အဲဒီကျောက်တိုင်တွေကို တိုက်ခိုက်လို့ မရဘူး”။
"ဘုန်း.....!"
သို့သော် သူသည် ခြေတစ်လှမ်း နောက်ကျသွားပါသေးသည်။ ဧရာမဝေလငါး နန်းတော်၏ မင်းသမီးလေးသည် နတ်ဆိုးအလင်းတန်းတစ်ခုကို ပစ်လွှတ်ကာ အဝေးက ကျောက်စာတိုင်ကြီးကို ရိုက်ချိုးလိုက်ပြီး တိုက်ခိုက်မူကို ဦးဆောင်နေပြီ ဖြစ်သည်။
နတ်ဆိုးအလင်းတန်းသည် ကျောက်စာတိုင်ကြီးကို ထိမှန်မိပြီး ကျောက်စာတိုင် ကြီးထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားသည်။
“ကျိုးပျက်သွားပြီ” ချင်ယွင်သည် တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။
ဧရာမဝေလငါးနန်းတော်၏ မင်းသမီးလေးသည် သူမ၏တိုက်ခိုက်မှုသည် ကျောက်စာ တိုင်ကို မချိုးဖျက်နိုင်ကြောင်း မြင်လိုက်ရသည်။ သူမ၏ခွန်အားက မလုံလောက် သေးဟုထင်ပြီး သူမသည် ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်တော့မည် ဖြစ်သည်။ သို့သော်လည်း ချင်ယွင်က အခြေအနေမကောင်းသည့်ဟန်ဖြင့် ပြောလိုက်သည်ကို သူမ ကြားလိုက်ရလျှင် သူမသည် ချက်ချင်းပင် စိတ်ထဲ မကျေမနပ် ဖြစ်သွားခဲ့ပါသည်။ သူမက နောက်ပြန်လှည့်ပြီး ချင်ယွင်ကို အော်ပြောလိုက်သည် “ဘာဖြစ်နေတာလဲ၊ နင်ဆိုတဲ့ကောင်က ဘာအကူအညီမှ မပေးနိုင်တဲ့ အစောပိုင်းအဆင့် တာအိုအငွေ့ အရည်ဖွဲ့ခြင်းနယ်ပယ် နတ်ဆိုးသားရဲလေး တစ်ကောင်ပဲလေ။ နင်က ဘေးနားကနေ လာအော်နေသေးတယ်။ ဒါက ကောင်းသလား?၊ နင့်ပါးစပ်ကို မစုတ်ဖြဲမိအောင် နင် သတိထားနေနော်”။
ဧရာမဝေလငါးနန်းတော်၏ မင်းသမီးလေး၏ ဟိန်းဟောက်သံကို ကြားသည်နှင့် လူတိုင်းက ချင်ယွင်ကို ချက်ချင်း လှည့်ကြည့်ကြသည်။ အထူးသဖြင့် ဇီရှန်သည် စိတ်ရှုပ်ထွေးနေသည့် အမူအရာဖြင့် ချင်ယွင်ကို ချက်ချင်း ကြည့်လိုက်မိပါသည်။
အခန်း (၄၆၃) လန်ယဲ့သေဆုံးရခြင်း။
"ဘာတွေဖြစ်နေတာလဲ?" ဇီရှန်က ချင်ယွင်ကို ကြည့်ပြီး မေးလိုက်ပါသည်။
ချင်ယွင်က ဧရာမဝေလငါးနန်းတော်၏ မင်းသမီးလေးကို စိုက်ကြည့်ကာ "ဒါက ထောင်ချောက် အစီအရင်ဝင်္ကပါတစ်ခု မဟုတ်သလို စကြာဝဠာပိတ်ဆို့ခြင်း နဂါးအစီအရင် ဝင်္ကပါလည်း မဟုတ်ဘူး” ဟုပြောလိုက်ပါသည်။
ချင်ယွင်က ထိုစကားများကို ပြောပြီးသည်နှင့် လူတိုင်း၏ မျက်ခုံးများသည် ချက်ချင်း တွန့်သွားကြသည်။ အထူးသဖြင့် ရွှေရောင်သံချပ်ကာဝတ် အမျိုးသား၏ မျက်လုံးများ သည် အေးစက်သော အရိပ်အယောင်များဖြင့် တောက်ပနေသည်။
"ထောင်ချောက် အစီအရင်ဝင်္ကပါတစ်ခု မဟုတ်ဘူးလား၊ ဒါဆို အဲဒါက ဘယ်လို အစီအရင် ဝင်္ကပါအမျိုးစားလဲ။" ဇီရှန်က ချင်ယွင်ကို စိတ်ဝင်တစား မေးသည်။
"သတ်ဖြတ်ခြင်း အစီအရင်ဝင်္ကပါတစ်ခုပဲ” ချင်ယွင်သည် စကားလုံးနှစ်လုံးကို ထုတ်ပြောလိုက်သည်။
သတ်ဖြတ်ခြင်းအစီအရင်ဝင်္ကပါတစ်ခုလား?
လူတိုင်း မျက်မှောင်ကြုတ်သွားကြသည်။ ထောင်ချောက်အစီအရင်ဝင်္ကပါတစ်ခုနှင့် သတ်ဖြတ်ခြင်း အစီအရင်ဝင်္ကပါတစ်ခုသည် မတူညီသော သဘောတရားနှစ်ခု ဖြစ်ပါသည်။
အများစုမှာ ထောင်ချောက်အစီအရင်ဝင်္ကပါများသည် လူများကို ထောင်ချောက် ဆင်နိုင်ပြီး ၎င်းတို့၏ အသက်အန္တရာယ်လည်း ရှိမည်မဟုတ်ပေ။ သို့သော် သတ်ဖြတ်ခြင်း အစီအရင်ဝင်္ကပါများသည် ကွဲပြားပါသည်။ သတ်ဖြတ်ခြင်းအစီအရင် ဝင်္ကပါတစ်ခုသည် သတ်ဖြတ်လိုသည့် ဆန္ဒများဖြင့် ပြည့်နှက်နေပြီး တစ်စုံတစ်ယောက် သည် အထဲသို့ ကျဆင်းသွားသည်နှင့် တည်ငြိမ်အောင် မထိန်းနိုင်ခင်မှာ အသက်ဆုံးရှုံး နိုင်ခြေများပါသည်။
အကယ်၍ သူတို့ရှေ့မှ ဤအစီအရင်ဝင်္ကပါသည် အမှန်တကယ် အဆင့်ရှစ် သတ်ဖြတ် ခြင်း အစီအရင်ဝင်္ကပါတစ်ခု ဖြစ်ခဲ့မည်ဆိုလျှင် ဇီရှန် ၊ ဆံပင်ဖြူအဖိုးအိုနှင့် ရွှေရောင် သံချပ်ကာဝတ်အမျိုးသားတို့အပါအဝင် ဤနေရာမှာရှိနေသည့် လူတွေအားလုံးသည် အန္တရာယ်ရှိနိုင်ပါသည်။
တကယ်တော့၊ ချင်ယွင်သည် အစပိုင်းမှာ ဤအစီအရင်ဝင်္ကပါသည် အဆင့်ရှစ် ထောင်ချောက် အစီအရင်ဝင်္ကပါတစ်မျိုးဟုသာ ထင်ခဲ့သော်လည်း သူသည် ဤအစီအရင် ဝင်္ကပါထဲသို့ တကယ်ဝင်ရောက်လာသည့် အခါမှာတော့ တစ်ခုခု မှားနေပြီ ဆိုသည်ကို သိလိုက်ရပါသည်။
ဤနေရာ၌ အပြင်အဆင်သည် ရွှေရောင်သံချပ်ကာဝတ်အမျိုးသား ပြောခဲ့သည့် စကြာဝဠာပိတ်ဆို့ခြင်း နဂါးအစီအရင်ဝင်္ကပါနှင့် အလွန်ဆင်တူပုံရသော်လည်း လက်တွေ့တွင်မူ ထိုသို့ မဟုတ်ပေ။
"ဟား၊ ဟား၊ နင်က တစ်ခုခုပြောနိုင်မယ်လို့ ငါထင်ထားခဲ့တာ။ ဒါပေမယ့် နင်က ဒီမှာလာပြီး အဓိပ္ပာယ်မရှိ လျှောက်ပြောနေလိမ့်လို့ ငါ မမျှော်လင့်ထားဘူး။" ဧရာမဝေလငါးနန်းတော်၏ မင်းသမီးလေးသည် ချက်ချင်းပင် မထီမဲ့မြင်ပြုသော အပြုံးကို ထုတ်ဖော်လာသည်။
ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးသည်ပင် ချင်ယွင်ကို မယုံကြည်နိုင်စွာ ကြည့်နေကြသည်။ သူတို့သည် အစီအရင်ဝင်္ကပါအကြောင်းကို နားမလည်ကြသော်လည်း ထောင်ချောက် အစီအရင်ဝင်္ကပါနှင့် သတ်ဖြတ်ခြင်းအစီအရင်ဝင်္ကပါကြားတွင် ခွဲခြားနိုင်ပါသေးသည်။ ဇီရှန်သည်ပင် ချင်ယွင်၏ စကားကို သံသယဝင်နေသည့်အလား မျက်မှောင်ကြုတ် လိုက်မိသည်။
"ငါက အဓိပ္ပာယ်မရှိတဲ့စကားမျိုး ဘယ်တောမှ လျှောက်မပြောဘူး။ ဒါက သတ်ဖြတ် ခြင်း အစီအရင်ဝင်္ကပါတစ်ခုပဲ။" သူ့ကို မည်သူမှ မယုံသည်ကို မြင်လျှင် ချင်ယွင်က ရှင်းပြလိုက်သည်။
တစ်ချိန်တုန်းက အဆင့်ကိုးထိ ရောက်ခဲ့ဖူးသော အစီအရင်မှော်ပညာရှင် တစ်ယောက် အနေဖြင့် သူသည် သတ်ဖြတ်ခြင်း အစီအရင်ဝင်္ကပါနှင့် ထောင်ချောက် အစီအရင် ဝင်္ကပါတို့ကြား ခြားနားမူကို မည်သို့မျှ ခွဲခြားမသိမြင်ဘဲ ရှိမည်နည်း။ သူ၏ရှေ့မှာရှိနေ သည့် ဤအစီအရင်ဝင်္ကပါသည် လူတိုင်း မြင်နေရသလောက် မရိုးရှင်းပါဘူး။
သို့သော် ချင်ယွင်၏ စကားများသည် အပြန်အလှန် တုန့်ပြန်ပြောဆိုမူ ခံနေရဆဲ ဖြစ်သည်။ ပတ်ဝန်းကျင်မှ လူများသည် သူ့ကို လှောင်ပြောင်ကြသည်။ ဧရာမ ဝေလငါးနန်းတော်၏ မင်းသမီးလေးသည် အထင်သေးဟန်ဖြင့် နှာခေါင်းရှုံ့ပြီး လှောင်ပြောင်ပြောသည် "ဒါကို သတ်ဖြတ်ခြင်း အစီအရင်ဝင်္ကပါလို့ နင်က ပြောတယ်။ ဒါဆို သတ်ဖြတ်လိုတဲ့ ဆန္ဒက ဘယ်မှာလဲ။ သတ်ဖြတ်ခြင်း အစီအရင် ဝင်္ကပါတစ်ခုမှာ သတ်ဖြတ်လိုတဲ့ ဆန္ဒ မရှိနိုင်ဘူးလား။ ဘာလို့ အန္တရာယ်အငွေ့အသက်ကို ငါ မမြင်ရတာလဲ"
ဧရာမဝေလငါးနန်းတော်၏ မင်းသမီးလေးသည် ထိုစကားကို ပြောလိုက်သည်နှင့် အားလုံး ရုတ်တရက် နားလည်သွားကြသည်။
ဟုတ်ပါသည်။ ဘယ်မှာလဲ သတ်ဖြတ်လိုတဲ့ ဆန္ဒက။
ဤအရာသည် သတ်ဖြတ်ခြင်းအစီအရင် ဝင်္ကပါတစ်ခု ဖြစ်ခဲ့လျှင် သတ်ဖြတ်လိုသည့် ဆန္ဒများနှင့် ပြည့်နေသင့်သည် မဟုတ်ပါလော။
သို့သော်၊ ဤအစီအရင်ဝင်္ကပါသည် တည်ငြိမ်အေးချမ်းပြီး မည်သည့်လှုပ်ရှားမှု တစ်ခုတစ်လေမှ မရှိခဲ့ပါဘူး။
ဇီရှန်သည် မျက်မှောင်ကြုတ်ကာ စကားမပြောဘဲ ဘေးမှာ ရပ်နေလိုက်သည်။
တစ်ဖက်တွင်၊ ဂေါ့ရှန်းသည် ချင်ယွင်သည် လူတိုင်း၏ လှောင်ပြောင်သရော်ခြင်း ခံနေရသည်ကို မြင်ရလျှင် သူ၏စိတ်ထဲတွင် အလွန်ပျော်ရွှင်နေပြီး ရယ်မောလိုက်မိ သည်။
ရွှေရောင်သံချပ်ကာဝတ် အမျိုးသားသည် မတ်တပ်ရပ်လိုက်ပြီး အေးစက်စွာ အော်ပြောလိုက်သည် "ဟမ့်၊ အစောပိုင်းအဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် နတ်ဆိုးသားရဲလေးကတောင် အဓိပ္ပာယ်မရှိတဲ့စကား ပြောရဲနေပြီပေါ့။ ငါကျင်းယွန်ဟာ အစီအရင်မှော်ပညာရှင်တစ်ယောက် မဟုတ်ပေမယ့်၊ အစီအရင်ဝင်္ကပါနှင့် ပတ်သက်တဲ့ စာအုပ်တချို့ကို ဖတ်ဖူးပြီး နားလည်မှု တချို့ကိုလည်း ရရှိခဲ့သည်။ မင်းက ဒီအစီအရင်ဝင်္ကပါကို စကြာဝဠာပိတ်ဆို့ခြင်း နဂါးအစီအရင်ဝင်္ကပါ မဟုတ်ဘူးလို့ အတည်ပေါက်ကြီးနဲ့ ပြောနေတော့ ငါကျင်းယွန်က အသိပညာဗဟုသုတ မရှိဘူးလို့ မင်းက လှောင်ပြောင်နေတာလား”။
"ဒါက တကယ်ပဲ စကြာဝဠာပိတ်ဆို့ခြင်း နဂါးအစီအရင်ဝင်္ကပါ မဟုတ်ဘူး။ ချင်ယွင်က ဆက်ပြောသည်။
အစီအရင်ဝင်္ကပါနှင့်ပတ်သက်၍ ချင်ယွင်သည် အမြဲတမ်း စေ့စပ်သေချာသည်။ ဤသည်မှာ ယဇ်ထုတ်အဘိုးကြီး၏ သြဇာလွမ်းမိုးနိုင်မူကြောင့်လည်း ဖြစ်သည်။
တစ်ခုသည် တစ်ဖြစ်သည်၊ နှစ်ခုသည် နှစ်ဖြစ်သည်၊ ဤသည်မှာ မရေမရာ မပြတ်မသား စကားမျိုးပြောရန် နေရာမရှိပေ။
"ကောင်လေး၊ မင်း ငါ့ကို ရန်စနေတယ်လို့ ငါတယ်ထင်တယ်" ရွှေရောင်သံချပ်ကာဝတ် အမျိုးသားသည် ချက်ချင်း ဒေါသတကြီး ပြောလိုက်သည်။ သူစကားပြောပြီးသည်နှင့် သူက ဇီရှန်ဘက်လှည့်ပြီး ပြောသည် "အကြီးအကဲဇီ၊ ဖြစ်နိုင်တာက မင်းရဲ့နဂါး ကောင်းကင်နန်းတော်ဟာ လိမ်ညာလှည့်ဖျားပြီး ဘယ်လိုကစားရမလဲဆိုတာကိုပဲ သိတာလား"
ဇီရှန်းသည် မျက်မှောင်ကြုတ်လိုက်မိသည်။ သူမ စကားပြောခါနီးတွင် ဂေါ့ရှန်းက ပြောလိုက်သည်၊ “လူကြီးမင်းကျင်း၊ ကျွန်တော်တို့ နဂါးကောင်းကင်နန်းတော်က ဘယ်လိုလုပ် အဲဒီလိုမျိုး ဖြစ်နိုင်မှာလဲ၊ သူက ကျွန်တော်တို့ နဂါးကောင်းကင်နန်းတော် ရဲ့ အဖွဲ့ဝင်ဖြစ်ဖို့ မထိုက်တန်ပါဘူး။ တကယ်လို့ သူသာ အကြီးအကဲဇီရဲ့ မျက်နှာသာ ပေးမူကို ခံရဖို့ လုံလောက်အောင် ကံမကောင်းခဲ့ဘူးဆိုရင် သူက ကျွန်တော်တို့ နဂါး ကောင်းကင်နန်းတော်ရဲ့ တပ်မှူးတစ်ယောက် ဖြစ်လာနိုင်ပါ့မလား"
"ပါးစပ်ပိတ်ထားစမ်း!" ဇီရှန်က ဂေါ့ရှန်းကို ချက်ချင်း စိုက်ကြည့်နေသည်။
ဂေါ့ရှန်းသည် ပါးစပ်ပိတ်ထားလိုက်သော်လည်း သူ၏မျက်နှာတွင် အပြုံးတစ်ခု ရှိနေသည်။ သူသည် သူပြောချင်သည့်စကားကို ပြောပြီးသွားပါပြီ။
လိပ်နက်နန်းတော်မှကျင်းယွန်သည် နဂါးကောင်းကင်နန်းတော်၏ ခရမ်းရောင်ဆံပင် နှင့်အမျိုးသမီးကို နှစ်သက်သဘောကျကြောင်း ရေအောက်နတ်ဆိုးသားရဲကမ္ဘာ တစ်ခုလုံးက သိကြသည်။ သူတို့နှစ်ဦး၏ ထိလွယ်ရှလွယ်သော နောက်ခံ ကိုယ်ရေး အချက်အလက်များကြောင့်သာ၊ ထိုသို့မဟုတ်ပါက ကျင်းယွန်သည် လွန်ခဲ့သော အချိန်ကြာမြင့်စွာကတည်းကပင် ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီးကို လိုက်ပို့ရန် သတ္တိရှိပေလိမ့်မည်။
ယခုအချိန်တွင် ချင်ယွင်သည် ဇီချန်၏ နှစ်သက်သဘောကျမူဖြင့် တပ်မှူးရာထူးကို ရယူခဲ့ကြောင်း ကျင်းယွန်က ကြားသိလိုက်ရပြီး။ သူသည် မည်ကဲ့သို့ ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။
သေချာသည်မှာ၊ ကျင်းယွန်သည် ဂေါ့ရှန်း၏စကားကိုကြားပြီးနောက်၊ သူသည် ချင်ယွင်ကို သူ၏မျက်လုံးများတွင် ပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒများဖြင့် ထပ်မံ ကြည့်ရှုလိုက်သည်။
ကျင်းယွန်၏ ရည်မှန်းချက်သည် အလွန်ကြီးမားသည်။ သူသည် ယခုအချိန်တွင် ဇီရှန်ကို အရမယူနိုင်သေးသော်လည်း၊ တစ်နေ့ သူသည် လျှို့ဝှက်ဆန်းကြယ် လိပ်နက် နန်းတော်၏နန်းတော်သခင်ကို ကျော်တက်နိုင်မည့်အချိန်ကို စိတ်အား ထက်သန်စွာဖြင့် စောင့်ဆိုင်းနေခဲ့သည်။ သို့သော်လည်း နဂါးကောင်းကင်နန်းတော် သည် ဇီရှန်ကို တွန်းအားပေးခဲ့သည်။ ထိုအချိန်တွင် မည်သူက သူ့ကို တားရဲမည်ကို သူမြင်ချင်မိသည်။
ထို့ကြောင့် ဇီရှန်ထံ ချဉ်းကပ်လာသော မည်သည့်လူကိုမဆို သူသည် သတ်ပစ်ရန် အတတ်နိုင်ဆုံး ကြိုးစားမည် ဖြစ်ပြီး ချင်ယွင်သည်လည်း ခြွင်းချက်မဟုတ်ပေ။
ဇီရှန်သည် ခေါင်းကိုက်လာမိသည်။ အခြေအနေတွေက ဤအနေထားထိ အဘယ့် ကြောင့် ကြီးထွားသွားရသနည်းဆိုသည်ကို သူမမသိသလို ချင်ယွင်က အဘယ့်ကြောင့် ရုတ်တရက် အဓိပ္ပါယ်မဲ့စကားတွေ ပြောဆိုလာသနည်းဆိုသည်ကိုလည်း သူမ နားမလည်နိုင်တော့ပါဘူး။ ဤအရာသည် ထောင်ချောက်အစီအရင်ဝင်္ကပါတစ်ခုသာ ဖြစ်ပြီး သတ်ဖြတ်ခြင်းအစီအရင်ဝင်္ကပါတစ်ခု မဟုတ်ဟုပင် သူမလည်း ထင်ထားခဲ့ သည်။
သို့သော်လည်း ယခုအချိန်တွင် ချင်ယွင်သည် ကောင်းကင်ကြီးဆီသို့ မော့ကြည့်ကာ ခေါင်းကို မော့ထားရင်း တီးတိုး ရေရွတ်လိုက်သည်။ "အချိန်နီးလာပြီ။"
"ဘာအချိန်လဲ?" ဇီရှန်သည် ချင်ယွင်နှင့် အနီးဆုံးမှာ ဖြစ်နေသောကြောင့် ထိုစကားကို သဘာဝအတိုင်း အရှင်းလင်းဆုံး ကြားလိုက်ရသည်။
သို့သော်လည်း ချင်ယွင် အဘယ်ကြောင့် ထိုသို့ပြောသည်ကို သူမ နားမလည်သလိုပင် ဖြစ်နေစဉ်မှာ မူလက တိတ်ဆိတ်နေသော ကျောက်စာတိုင် ကိုးတိုင်မှ မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။ ခရမ်းရောင်လျှပ်စီးများသည် လျှပ်စီးမြွေများကဲ့သို့ လှိုင်းထလာပြီး နောက်ဆုံးတွင် ချင်ယွင် နှင့် အခြားသူများ၏ ဦးခေါင်းထက်တွင် စုရုံးလာခဲ့သည်။
"ဘာတွေဖြစ်နေတာလဲ?"
ရုတ်တရက် အဖြစ်အပျက်က လူတိုင်းကို အံ့သြသွားစေသည်။
သို့သော်လည်း လူအုပ်ကြီးသည် အဖြစ်အပျက်တွေ နားမလည်ခင်မှာ စုဝေးနေသော မိုးကြိုးလျှပ်စီး မြွေကိုးကောင်သည် ရုတ်တရက် ဆင်းသက်လာပြီး ဧရာမဝေလငါး နန်းတော်၏ မင်းသမီးလေးဆီသို့ ပစ်လွှတ်လိုက်လေသည်။
"မင်းသမီးလေး၊ သတိထား၊ " ဧရာမဝေလငါးနန်းတော် မင်းသမီးလေး၏ အနားတွင် ရပ်နေသော လန်ယဲ့သည် ရုတ်တရက် ထိတ်လန့်စွာ အော်ဟစ်လိုက်ပြီး ဧရာမဝေလငါး နန်းတော်၏ မင်းသမီးလေးကို တွန်းထုတ်လိုက်သည်။
"ဘုန်း…..!"
ဧရာမဝေလငါးနန်းတော်၏ မင်းသမီးငယ်လေးသည် လန်ယဲ့က တွန်းဖယ်လိုက်သည့် အခိုက်မှာ၊ လန်ယဲ့၏ခန္ဓာကိုယ်ကို လျှပ်စီးလင်းလက်နေသော လျှပ်စီးမြွေကြီးများက ချက်ချင်းထိုးဖောက်သွားသည်။
လန်ယဲ့၏ သူငယ်အိမ်များသည် အရောင်လွင့်ပျယ်သွားခဲ့ပြီး မြေပြင်ပေါ်သို့ လဲကျသွားကာ သူသည် သေဆုံးသွားခြင်း မပြုမီ သူ၏ခန္ဓာကိုယ်သည် အကြိမ်အနည်းငယ် လှုပ်ယမ်းသွားခဲ့သည်။
ဤရုတ်တရက် မြင်ကွင်းကြောင့် လူတိုင်း အံ့ဩသွားကြသည်။
အလယ်အလတ်အဆင့် အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦး သည် ထိုကဲ့သို့ပင် မိုးကြိုးလျှပ်စီးမြွေများ၏ သတ်ဖြတ်ခြင်း ခံလိုက်ရလေသည်။
“ထောင်ချောက် အစီအရင်ဝင်္ကပါတစ်ခုပါလို့ ခင်ဗျားတို့ ပြောခဲ့ကြတယ် မဟုတ်ဘူးလား”။
“သတ်ဖြတ်လိုတဲ့ဆန္ဒ မရှိဘူးလို့ ခင်ဗျားတို့ ပြောခဲ့ကြတယ် မဟုတ်ဘူးလား”။
“ဒီအစီအရင်ဝင်္ကပါက စကြာဝဠာပိတ်ဆို့ခြင်း နဂါးအစီအရင်ဝင်္ကပါ ဖြစ်တယ်လို့ ခင်ဗျား ပြောခဲ့တယ် မဟုတ်လား”။
ယခုအချိန်မှာ လူတိုင်းသည် သူတို့မျက်နှာပေါ်မှာ ပူစပ်ပူလောင်ဖြစ်သည့် ဝေဒနာကို ခံစားလိုက်ရသည်။ အထူးသဖြင့် ရွှေရောင်သံချပ်ကာဝတ် အမျိုးသားဆိုလျှင် သူ၏ မျက်နှာက နီမြန်းနေပါသည်။ သူသည် ပြေးပုန်းရန်အတွက် တွင်းတူးပြီး အပေါက် တစ်ခုပင်ရှာချင်နေမိသည်။
"လန်ယဲ့" ဧရာမဝေလငါးနန်းတော်၏ မင်းသမီးလေးသည် လန်ယဲ့၏ အလောင်းကို ကြောင်တက်တက်အမူအယာဖြင့် ကြည့်နေမိသည်။ သေချာသည်မှာ သူမသည် ဤရုတ်တရက် မြင်ကွင်းကြောင့် ထိတ်လန့်သွားခဲ့ပါသည်။
"အတိအကျ ဘာဖြစ်နေတာလဲ?" ဆံပင်ဖြူ အဖိုးအိုက စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် ပြောသည်။
ဇီရှန်းက တစ်ခုခုကို သတိရသွားပုံရသည်။ သူက ချင်ယွင်ကို အလျင်အမြန် လှည့်ကြည့်လိုက်ပြီး မေးလိုက်သည် "အစီအရင်ဝင်္ကပါက ဘာဖြစ်သွားလဲဆိုတာ မင်း သိတယ်မလား"။
"ဒါက သတ်ဖြတ်ခြင်း အစီအရင်ဝင်္ကပါတစ်ခုပါလို့ ကျွန်တော် ပြောခဲ့ပြီးပြီလေ။ ဒါပေမယ့် သူတို့က ကျွန်တော့်ကို မယုံကြည်ကြဘူး။" ချင်ယွင်က သူ၏လက်ချောင်း တွေကိုဖြန့်ပြီး ပြောလိုက်ပါသည်။
ထိုစကားကို ကြားလျှင် လူတိုင်း ရှက်ရွံ့သွားကြလေသည်။
"ဒါဆို ဒီအစီအရင်ဝင်္ကပါက ဘယ်လိုအမျိုးအစားလဲ မင်း သိလား" ဇီရှန်က ဆက်မေး လိုက်သည်။
ထိုစကားကိုကြားလျှင် ချင်ယွင်သည် မျက်လုံးတွေကို မှေးကျဉ်းလိုက်ပြီး စကားလုံး ငါးလုံးကို ဖြည်းဖြည်းချင်း ထုတ်ပြောလိုက်ပါသည် "မိုးကြိုးသတ်ဖြတ်ခြင်း အစီအရင် ဝင်္ကပါ!"
အခန်း(၄၆၄)အစီအရင်ဝင်္ကပါချိုးဖျက်ခြင်းနည်းစနစ်။
"မိုးကြိုးသတ်ဖြတ်ခြင်း အစီအရင်ဝင်္ကပါလား?" လူတိုင်းသည် မနေနိုင်ဘဲ မျက်မှောင် ကြုတ်သွားမိကြသည်။
မိုးကြိုးသတ်ဖြတ်ခြင်း အစီအရင်ဝင်္ကပါဟူသော အမည်သည် ပြန်းထန်သော သတ်ဖြတ်လိုသည့် ဆန္ဒကို ပေးစွမ်းနေပါသည်။
“မှန်တယ်။ ဒီမိုးကြိုးသတ်ဖြတ်ခြင်း အစီအရင်ဝင်္ကပါက အဆင့်ရှစ် အခြေခံ သတ်ဖြတ် ခြင်း အစီအရင်ဝင်္ကပါတစ်ခုသာ ဖြစ်ပေမဲ့ အဆင့်ရှစ် ကနဦးအဆင့် အစီအရင် ဝင်္ကပါတွေထဲမှာ ထိပ်တန်းတည်ရှိမှု တစ်ခုအဖြစ် ရှိနေဆဲပဲ။ အပေါ်ယံမှာ၊ ဒီအစီအရင်ဝင်္ကပါက အကြီးအကဲ ကျင်းယွန် ပြောခဲ့ဖူးတဲ့ စကြာဝဠာပိတ်ဆို့ခြင်း နဂါးအစီအရင်ဝင်္ကပါနဲ့ အလွန်ဆင်တူတယ်။ ဒါပေမယ့် ဒီအစီအရင်ဝင်္ကပါနှစ်ခုက တစ်ခုနဲ့တစ်ခု ဘာမှမသက်ဆိုင်ဘူး။ ဒါ့အပြင် ဒီမိုးကြိုးသတ်ခြင်းအစီအရင်ဝင်္ကပါက ပိုလို့တောင် အားကောင်းသေးတယ်”။
ချင်ယွင်သည် တစ်ဖက်မှ ကျင်းယွန်ကို မော့မကြည့်မီ တစ်ခဏမျှ ရပ်တန့်လိုက် သေးသည်။
ကျင်းယွန်သည် ရှက်ရွံ့သွားသော်လည်း သူ၏မျက်လုံးများ၏ အနက်ရှိုင်းဆုံး နေရာတွင် သတ်ဖြတ်လိုသည့် ဆန္ဒများ ရှိနေသည်။
ချင်ယွင်က ရယ်မောလိုက်ပြီး ကျင်းယွန်၏ သတ်ဖြတ်လိုသည့် အကြည့်ကို လျစ်လျူရှုကာ သူက ဆက်ပြီးပြောလိုက်သည်" မိုးကြိုးသတ်ဖြတ်ခြင်း အစီအရင် ဝင်္ကပါရဲ့ အကြီးမားဆုံးလက္ခဏာက သတ်ဖြတ်လိုတဲ့ ဆန္ဒက ပြင်းထန်လွန်း တာပဲ" ၎င်းရဲ့စွမ်းအားက ကြီးမားလွန်းလှတယ်။ ပုံမှန်အားဖြင့်ဆို၊ အထွတ်အထိပ်အဆင့် အမှန်တရားသို့ ပြန်လည်ခြင်းနယ်ပယ် ကျွမ်းကျင်သူတွေတောင်မှ ၎င်းအစီအရင် ဝင်္ကပါကို မရပ်တန့်နိုင်ဘူး။ ကံကောင်းတာက၊ ဒီမိုးကြိုးသတ်ဖြတ်ခြင်း အစီအရင် ဝင်္ကပါဟာ မိုးကြိုးလျှပ်စီးရဲ့ စွမ်းအားကို စုဆောင်းဖို့အတွက် အမွှေးတိုင်တစ်ချောင်း ထွန်းချိန်စာလောက် အချိန်ယူရတယ်။ ဒါ့ကြောင့် နောက်တစ်ကြိမ် တိုက်ခိုက်ခြင်း မကျရောက်ခင် အနည်းဆုံး အမွှေးတိုင်တစ်ချောင်းထွန်းချိန်စာ အချိန်ရလိမ့်မယ်။ တကယ်လို့ ငါတို့သာ အဲဒီအစီအရင်ဝင်္ကပါကို မချိုးဖျက်နိုင်ဘူးဆိုရင် နောက်ထပ် တစ်ယောက်ယောက် သေသွားမှာကို ငါကြောက်မိတယ်"
ချင်ယွင်က 'သေခြင်း' ဟူသော စကားလုံးကို ပြင်းပြင်းထန်ထန် ဖိပြောလိုက်သည်။ သေချာသည်မှာ သူပြောသည်ကို ကြားလိုက်သောအခါ လူတိုင်း၏ အမူအရာများ ပြောင်းလဲသွားခဲ့ကြသည်။
ချင်ယွင်၏ အမူအရာသည်လည်း ဖော်ပြ၍မရအောင်ပင် အေးစက်နေသည်။ ဤ အင်မော်တယ် အသွင်ကူးပြောင်းခြင်းနယ်ပယ် လူသားကျွမ်းကျင်ပညာရှင်သည် လှိုဏ်ဂူထဲသို့ အခြားသူများကို မဝင်လာစေချင်သည့်အတွက် အပေါက်ဝတွင် ဤမျှ ကြောက်စရာကောင်းသော သတ်ဖြတ်ခြင်း အစီအရင်ဝင်္ကပါတစ်ခုကို တပ်ဆင်ထား မည်ဟု သူ မထင်ထားခဲ့ပေ။ အကယ်၍ သူသည် အခြားလူများကို မဝင်စေချင်လျှင် ထောင်ချောက်အစီအရင်ဝင်္ကပါတစ်ခုကိုသာ တပ်ဆင်ထားသင့်သည်။ သူသည် အဘယ့်ကြောင့် ယခုလိုပြင်းထန်သည့် သတ်ဖြတ်ခြင်း အစီအရင်တစ်ခုကို တပ်ဆင်ထားရန် လိုအပ်မည်နည်း။
ယင်းက ချင်ယွင်ကို ဆိုးရွားသည့် ကြိုတင်သတိပေးချက်တစ်ခု ဖြစ်ပေါ်စေခဲ့သည်။ ဤလှိုဏ်ဂူသို့သွားမည့် ခရီးစဉ်သည် သူတို့ထင်ထားသလို မရိုးရှင်းလောက်ပေ။
"ဒါဆို ငါတို့ အရင်ဝင်လာတုန်းက ဘာလို့ မတုံ့ပြန်ရတာလဲ”။ ထိုစကားကို ပြောလိုက်သည့်လူက ဧရာမဝေလငါးနန်းတော်၏ မင်းသမီးလေး ဖြစ်ပါသည်။ ယခုအချိန်မှာသူမ၏ မျက်နှာအမူအယာသည်လည်း ကြောက်ရွံ့ထိတ်လန့်သည့် အမူအရာတွေ ရှိနေပါသည်။ အကယ်၍ လန်ယဲ့သာ သူမကိုကူညီရန်အတွက် သူ့အသက်ကို မစတေးခဲ့ဘူးဆိုလျှင် ယခုအချိန်တွင် သူမသည် လဲလျောင်းနေရ လောက်ပြီ။
ထိုမင်းသမီးလေး၏ ပြောစကားကိုကြားလျင် ချင်ယွင်သည် ချက်ခြင်းပင် သူမကို ပြင်းပြင်းထန်ထန် စိုက်ကြည့်ရင်း ဒေါသတကြီး အော်ပြောလိုက်သည် "ဒါက မင်းကြောင့် မဟုတ်ဘူးလား။ တကယ်လို့ မင်းသာ စောစောလေးက ကျောက်စာတိုင် ကို တိုက်ခိုက်ပြီး ဒီအစီအရင်ဝင်္ကပါကို အသက်သွင်းလိုက်တာ မဟုတ်ရင် လန်ယဲ့က သေမှာမဟုတ်ဘူး။"
ချင်ယွင်၏ အေးစက်စက်အော်သံက ဧရာမဝေလငါးနန်းတော် မင်းသမီးလေး၏ နှလုံးသားကို ကြီးမားသော သံတူကြီးနှင့် ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်သကဲ့သို့ ထိမှန်သွားပါသည်။ မင်းသမီးလေးသည် တစ်စုံတစ်ခုကို ရှင်းပြချင်သည့်အလား အလိုအလျောက် ပါးစပ်ကိုဖွင့်ပြီး ခေါင်းညိတ်ပြလိုက်သော်လည်း ယင်းက အမှန်တရား ဟု သူမတွေးမိလိုက်စဉ်မှာ သူမ၏ကိုယ်ပိုင်အကြောင်းပြချက်အတွက် သူမသည် ပြောစရာစကားမဲ့သွားရသည်။ သူမ၏ မျက်လုံးများတွင် မျက်ရည်စများပင် ရှိနေသည်။
ထိုမြင်ကွင်းကို ချင်ယွင် မြင်လိုက်ရသောအခါတွင် အံ့အားသင့်သည့် အရိပ်အယောင် များက သူ၏မျက်နှာအနှံ့ ပေါ်လာလေသည်။ ဒေါင်းတစ်ကောင်ထက်တောင် မာနကြီးသည့် ဤမင်းသမီးလေးသည် အမှန်တကယ် ငိုကြွေးလိမ့်မည်ဟု သူ မမျှော် လင့်ထားပေ။ မူလက သူသည် ဧရာမဝေလငါးနန်းတော်၏ မင်းသမီးငယ်လေးအား စကားအနည်းငယ်ပြောပြီး အပြစ်တင်ချင်သေးသော်လည်း သူ၏စိတ်နှလုံးက ချက်ချင်းပင် ပျော့ပြောင်းသွားရပြီး အခြားဘာမှ ထပ်မပြောတော့ပေ။
"ဒါဆို ဒီအစီအရင်ဝင်္ကပါကို ချိုးဖျက်ဖို့ နည်းလမ်းရှိလား" ဇီရှန်က အရေးကြီးသော မေးခွန်းတစ်ခုကို မေးလိုက်ပါသည်။
အားလုံးကလည်း ချင်ယွင်၏ အဖြေကို စောင့်နေကြသလိုမျိုး ချင်ယွင်ကို ပြန်ကြည့် နေကြပါသည်။
ဤအခိုက်အတန့်တွင် သူတို့အမြဲတမ်း နှိမ့်ချခဲ့ဖူးသော တာအိုအငွေ့အရည်ဖွဲ့ခြင်း နယ်ပယ်၏ အစောပိုင်းအဆင့် နတ်ဆိုးသားရဲလေးသည် သူတို့၏ ပင်မကျောရိုးတစ်ခု ဖြစ်လာခဲ့ကြောင်း သူတို့ကိုယ်တိုင်ပင် သတိထားမိခြင်း မရှိခဲ့ကြပါချေ။
"ငါ အဖြေကို စဉ်းစားလို့ မရသေးဘူး။"
ချင်ယွင်၏ စကားကြောင့် လူတိုင်း၏ နှလုံးသားများ ချိုင့်ကြီးတစ်ခုထဲသို့ ချက်ခြင်း ထိုးကျသွားခဲ့သည်။ ချိုးဖျက်ရန် နည်းလမ်းမရှိသေးဘူးတဲ့။ ၎င်းသည် မိုးကြိုး သတ်ဖြတ်ခြင်း အစီအရင်ဝင်္ကပါက ခဏအတွင်း အသက်ပြန်ဝင်လာဦးမည်ဟု ဆိုလိုသည် မဟုတ်ပါလား။ ကြောက်စရာကောင်းသည့် မိုးကြိုးလျှပ်စီးတွေ ဆင်းလာသောအခါ မည်သူက တားဆီးနိုင်မည်နည်း။
"တကယ်လို့ ငါတို့သာ အဲဒီကျောက်စာတိုင်တွေကို တိုက်ခိုက်လိုက်မယ်ဆိုရင် ဒီမိုးကြိုးသတ်ဖြတ်ခြင်း အစီအရင်ဝင်္ကပါကကို ငါတို့ ချိုးဖျက်နိုင်မှာလား။" ဆံပင်ဖြူအဖိုးအိုက ချင်ယွင်ကို ကြည့်ကာ ပြောလိုက်သည် ။
"ဒါက အသုံးမဝင်ဘူး။ ကျောက်စာတိုင်တွေကို တိုက်ခိုက်တာက မိုးကြိုးသတ်ဖြတ် ခြင်းအစီအရင်ဝင်္ကပါကို မချိုးဖြတ်နိုင်တဲ့အပြင် မိုးကြိုးသတ်ဖြတ်ခြင်း အစီအရင် ဝင်္ကပါရဲ့ စွမ်းအားကိုတောင် တိုးမြင့်သွားစေလိမ့်မယ်။" ချင်ယွင်က ခေါင်းခါယမ်း လိုက်သည်။
"ဒါဆို ငါတို့ ဘာလုပ်ရမလဲ၊ ငါတို့အားလုံး ဒီမှာသေဖို့ စောင့်နေရမှာလား" ဆံပင်ဖြူ အဘိုးကြီးကပြောသည်။
အားလုံးလည်းတိတ်ဆိတ်သွားကြသည်။
ချင်ယွင်လည်း မျက်မှောင်ကြုတ်သွားသည်။
အမှန်တော့၊ မိုးကြိုးသတ်ဖြတ်ခြင်းအစီအရင်ဝင်္ကပါသည် ၎င်းကို ဖြိုခွဲရန်နည်းလမ်း မရှိပေ။ ကျောက်စာတိုင်များကို ဖြိုခွဲခြင်းသည် အမှန်ပင် နည်းလမ်းတစ်ခု ဖြစ်ပါသည်။ သို့သော်လည်း လက်ရှိလူများထဲတွင် တစ်ဦးတစ်ယောက်မျှ လုံလောက်အောင် သန်မာမူမရှိကြပေ။ သူတို့သည် ကျောက်စာတိုင်များကို မချိုးဖျက်နိုင်ရုံသာမက မိုးကြိုးကျောက်စာတိုင်များသည် သူတို့၏ စွမ်းအားများကိုပင် အတွင်းသို့ စုပ်ယူနိုင်ပြီး အစီအရင်ဝင်္ကပါကို ပို၍ပင် အားကောင်းစေလိမ့်မည်။
အကယ်၍ သူတို့သည် ကျောက်စာတိုင်ကို တိုက်ရိုက်ချိုးဖျက်ပြီး ကောင်းကင်နှင့် မြေကြီး၏ လျှပ်စီးစွမ်းအားကို စုပ်ယူနိုင်သော ကျောက်စာတိုင်အတွင်းရှိ အစီအရင် ဝင်္ကပါအုတ်မြစ်ကို ဖျက်စီးနိုင်လောက်အောင် အားကောင်းနေပါက၊ သူတို့သည် အစီအရင်ဝင်္ကပါကို သဘာဝအားဖြင့် ကိုယ်တိုင် အနိုင်ယူနိုင်ကြမည် ဖြစ်သည်။ သို့သော်၊ ယခုအချိန်တွင် ချင်ယွင်နှင့် အခြားလူများသည် ဤအရာကို ပြီးမြောက် အောင်ဆောင်ရွက်နိုင်သည့် စွမ်းအားမျိုး မရှိကြပေ။
ချင်ယွင်သည်လည်း ခဏတာအတွင်း အတွေးထဲမှာ လွင့်မျောသွားခဲ့သည်။
မိနစ်နှင့်စက္ကန့်တွေက တရွေ့ရွေ့ကုန်ဆုံးသွားခဲ့ပြီး အမွှေးတိုင်တစ်ချောင်းစာ အချိန်တွေကလည်း မြန်မြန်ဆန်ဆန်ဖြင့် ကုန်ဆုံးသွားခဲ့ပါပြီ။ မျှော်လင့်ထားသည့် အတိုင်းပင်၊ အစီအရင်ဝင်္ကပါကလည်း ပြန်လည်စတင်လာခဲ့ပါပြီ။
ဖျစ်………!
ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးအလင်းတန်းများသည် ပတ်ဝန်းကျင်၌ ပဲ့တင်ထပ်ထွက်ပေါ်နေပါသည်။ ကျောက်စာတိုင် ကိုးတိုင်ပေါ်မှ ကြောက်မက်ဖွယ် မိုးကြိုးလျှပ်စီးများသည် တိုင်အသီးသီး၏ ဦးထိပ်ပေါ်အလယ်ဗဟိုသို့ ရောက်ရှိ လာပါသည်။ နောက်ဆုံးတွင် လျှပ်စီးမြွေကိုးကောင်သည် စုရုံးလာကြသည်။
လူတိုင်းသည် ဤကြောက်မက်ဖွယ်လျှပ်စီးကြောင်းကို တွန်းလှန်ရန်အတွက် သူတို့၏ နတ်ဆိုးစွမ်းအင်များကို လှုံ့ဆော်လိုက်ကြပြီး အသက်ပြင်းပြင်း ရှူသွင်းလိုက်ကြသည်။
လျှပ်စီးကြောင်းတွေက ကြုံရာကျပန်း ကျလာနိုင်သည်။ ထို့ကြောင့် လူတိုင်းသည် အပြုံးလေးတချက်အတွင်းမှာ မိုးကြိုးလျှပ်စီးကြောင့် သတ်ဖြတ်ခံရနိုင်သည်။
"ဘုန်း……..!"
ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ….။
ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးလျှပ်စီးများက ချက်ခြင်း ကျလာခဲ့ပြီး ၎င်း၏ ပစ်မှတ်မှာလည်း ချင်ယွင် ဖြစ်နေလေသည်။
ချင်ယွင်၏ သူငယ်အိမ်များသည် ချက်ချင်းဆိုသလို ကျုံ့သွားခဲ့ပြီး သူ၏ မျက်လုံးထဲတွင် ရန်လိုသည့် အရိပ်အယောင်များ ပေါ်လာပါသည်။
ဤမိုးကြိုးလျှပ်စီးသည် သူ့ဆီသို့ အမှန်တကယ် ရောက်လာလိမ့်မည်ဟု သူ မမျှော်လင့် ထားပါဘူး။ သူ၏လက်ရှိ ရုပ်ခန္ဓာကိုယ်ကြံ့ခိုင်မှုဖြင့်ပင် ဤကြောက်မက်ဖွယ်ကောင်း သော မိုးကြိုးလျှပ်စီးကို ခံနိုင်ရည်ရှိရန် မဖြစ်နိုင်ပေ။
သို့သော် မိုးကြိုးလျှပ်စီးသည် မြန်လွန်းလှသည်။ ဤကြောက်စရာကောင်းသည့် မိုးကြိုးလျှပ်စီးသည် သူအရင်က ကြုံတွေ့ခဲ့ဖူးသည့် မိုးကြိုးလျှပ်စီးထက်ပင် ပို၍ ကြောက်စရာကောင်းနေပါသည်။
"မြေနိုးတွေ၊ ထွက်သွားစမ်း…! အကြွင်းမဲ့လေဓားသတ်ဖြတ်ခြင်း!"
ချင်ယွင်၏ နှလုံးသားသည် ဒေါသနှင့်အတူ ခုန်ပေါက်သွားသည်။ တခဏအတွင်းမှာ၊ သူသည် 'လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာ' ရပ်နှင့် ရှေးဟောင်း ခေတ် အစိမ်းရောင်ကြာပန်းပညာရပ်ကို အလွန်မင်းလျင်မြန်စွာ ဖြန့်ကျက်လိုက်သည်။ အဆိုပါ ကြောက်စရာကောင်းသော မိုးကြိုးလျှပ်စီးကို ရင်ဆိုင်ရန်အတွက် သူသည် အထွက်အထိပ်ဓားဆန္ဒကို မြူနှင်းချောက်နက်ဓားနှင့် တိုက်ရိုက်အသုံးပြုလိုက်ပါ သည်။
သို့သော် မိုးကြိုးလျှပ်စီးသည် ပြင်းထန်လွန်း၏။ ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးနှင့် ဓားတို့သည် ချက်ချင်းပင် လွင့်ထွက်သွားသည်။ ကြောက်စရာကောင်းသော မိုးကြိုး လျှပ်စီးသည် ချင်ယွင်၏ ခန္ဓာကိုယ်ထဲသို့ လျင်မြန်စွာ ဝင်ရောက်လာပြီး ချင်ယွင်၏ အတွင်းအင်္ဂါများနှင့် ဦးနှောက်ရှိ ချီစွမ်းအင်လမ်းကြောင်းများကို ဖျက်ဆီးပစ်တော့မည် ဖြစ်သည်။
"လင်းယွင်…..!"
ချင်ယွင် မိုးကြိုးလျှပ်စီး ပစ်ခံရသည်ကိုမြင်လျှင် ဇီရှန်သည် ချက်ချင်းပင် ထိတ်လန့် တကြား အော်ဟစ်လိုက်သည်။ သူမ၏ခန္ဓာကိုယ်သည် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားပြီး ချင်ယွင်ကို သူမ၏ရင်ခွင်ထဲတွင် တိုက်ရိုက်ပွေ့ဖက်ထားသည်။
ချင်ယွင်၏ ပါးပြင်များကို ခရမ်းရောင်ဝတ်ရုံနှင့် တိုက်ရိုက်ဖိထားပြီး မွှေးကြိုင်သော ရနံ့များ ထွက်ပေါ်လာနေသည်။
ယခုအချိန်တွင် ချင်ယွင်သည် ထိုအရာများကို ဂရုမစိုက်နိုင်တော့ပေ။ ထိုအချိန်တွင် ထိုလျှပ်စီးမြွေများသည် သူ၏ခန္ဓာကိုယ်ထဲတွင် ပြေးလွှားနေသည်။ နောက်အခိုက် အတန့်မှာ ၎င်းတို့သည် သူ၏ဦးနှောက်ကိုပင် ကျူးကျော်ဝင်ရောက်တော့မည်။ သူ၏ဦးနှောက်ထဲသို့ ကျူးကျော်ခံရသည်နှင့် ချင်ယွင်သည် တိုက်ရိုက် သေဆုံး သွားလိမ့်မည်။
"ဟင့်၊ ငါ ဒီလိုပဲ သေရတော့မှာလား။" ချင်ယွင်သည် သူ၏စိတ်ထဲတွင် မလိုလားသည့် အမူအယာဖြင့်ဟစ်ကြွေးလိုက်မိသည်။
သို့သော်လည်း မိုးကြိုးလျှပ်စီးမြွေများသည် သူ၏ နီဝမ်နန်းတော်ဆီသို့ လျင်မြန်စွာ စူးစူးဝါးဝါး ပြေးလာနေပြီး သူ၏ ဟိန်းဟောက်သံကို လျစ်လျူရှုထားသည်။
"ဝေါင်း…..!"
လျှပ်စီးမြွေများသည် ချင်ယွင်၏ နီဝမ်နန်းတော်ထဲသို့ တိုးဝင်တော့မည့်အခိုက်တန့်မှာ ချင်ယွင်၏ ခန္ဓာကိုယ်မှ နဂါးဟိန်းဟောက်သံက ရုတ်တရက် ထွက်ပေါ်လာသည်။
လျှပ်စီးလင်းလက်နေသည့် အနက်ရောင်နဂါးလေးတစ်ကောင်သည် ချက်ချင်း ပေါ်လာသည်။ သူသည် လေထဲကို တချက်ရှုရှိုက်ရင်း ကြောက်စရာကောင်းသည့် လျှပ်စီးမြွေများသည် အနက်ရောင်လျှပ်စီးနဂါးငယ်လေး ဝါးမျိုးခြင်းကို ခံလိုက်ရ လေသည်။
ဤရုတ်တရက်မြင်ကွင်းကြောင့် ချင်ယွင်သည် အံ့အားသင့်သွားခဲ့ရပြီး ထို့နောက်တွင် ပြင်းပြသော ပျော်ရွှင်သည့် အမူအရာ ပေါ်လာပါသည်။
ဤထူးဆန်းသောအနက်ရောင်လျှပ်စီးနဂါးလေးသည် သူ၏ လျှပ်စီးစွမ်းရည်ကိုယ်ပွား ၏ ခန္ဓာကိုယ်အတွင်း၌ အမြဲရှိနေခဲ့သည်။ ၎င်းက ဘာလဲဆိုသည်ကို သူမသိ သော်လည်း ဤအနက်ရောင်လျှပ်စီးနဂါးလေးသည် ထူးထူးခြားခြား ဖြစ်ရလိမ့်မည်။
အနက်ရောင် လျှပ်စီးနဂါးလေးသည် ကိုယ်ပိုင်အသိဥာဏ် ရှိရုံသာမက လျှပ်စီးကြောင်း များကိုလည်း ဝါးမြိုသွားနိုင်ပါသည်။
"မိုးကြိုးလျှပ်စီးများကို ဝါးမျိုးလိုက်တာလား?" ချင်ယွင်သည် သူ့ကိုယ်သူ တွေးနေမိသည်။
ရုတ်တရတ် သူသည် မျက်လုံးများကို ဖွင့်လိုက်ပြီး စိတ်လှုပ်ရှားစွာ အော်ပြော လိုက်သည် "ငါ အစီအရင်ဝင်္ကပါကို ဘယ်လိုချိုးဖြတ်ရမလဲဆိုတာ ငါ သိပြီ!"
သို့သော် ဤစိတ်လှုပ်ရှားမှုကြောင့် သူ၏မျက်နှာသည် သူ မထိသင့်သည့်နေရာကို သွားထိမိသွား၏။
ယင်းကြောင့် ဇီရှန်၏မျက်နှာသည် ချက်ချင်းပင် နီရဲသွားလေသည်။
အခန်း(၄၆၅)အစီအရင်ဝင်္ကပါကိုချိးဖျက်ခြင်း။
ချင်ယွင်သည် သူ၏မျက်နှာသည် ဇီရှန်၏ကိုယ်ခန္ဓာနှင့် ယခုလို ရင်းနှီးစွာ ထိတွေ့ မိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူ၏မျက်နှာပေါ်ရှိ နူးညံ့သိမ်မွေ့သည့်ထိတွေ့မူက သူ့ကို သက်တောင့်သက်သာ ဖြစ်စေသည်။ ချင်ယွင်သည် ဇီရှန်၏ ခန္ဓာကိုယ်မှ သင်းပျံ့သော ရနံ့ကိုပင် ရူရှိုက် နိုင်သည်။
ဇီရှန်၏ လှပသော မျက်နှာသည် နီရဲသွားသည်။ သူမသည် ကော်လာနိမ့်သော (လည်ဟိုက်)ဖြစ်သော၀တ်စုံကို ဝတ်ဆင်ထားပြီးဖြစ်သည်။ ထိုအချိန်တွင် ချင်ယွင်၏ မျက်နှာသည် သူမ၏ အရေပြားကိုပင် ထိသွားသည်။ သူမ၏အရေပြားမှတဆင့် မမြင်ရသော ထူးဆန်းသော ခံစားမှုသည် သူမ၏ ခန္ဓာကိုယ်ကို အနည်းငယ် တုန်လှုပ် သွားစေခဲ့သည်။ သူ၏လည်ချောင်းမှ ထုံကျင်သလိုခံစားလာပြီး သူမသည် မထိန်းနိုင်ဘဲ တိုးတိုးလေးပင် ညီးညူသံထွက်သွားသည်။
ဘေးမှာရှိနေသည့် ကျင်းယွန်သည် ထိုမြင်ကွင်းကိုမြင်လိုက်ရလျှင် သူ၏ မျက်လုံးများ သည် ပြင်းထန်သောဒေါသများဖြင့် ပေါက်ထွက်သွားသည်။ သူသည် ယခုအချိန်တွင် ချင်ယွင်၏ခန္ဓာကိုယ်ကို အစိတ်ပိုင်းတစ်သောင်းအဖြစ် ဖြတ်ဖြဲပစ်နိုင်ရန်ပင် ဆန္ဒရှိနေ ခဲ့သည်။
ဇီရှန်သည် ချစ်စရာကောင်းပြီး စွဲမက်ဖွယ်ကောင်းသော ၀တ်စုံကို ဝတ်ဆင်လေ့ရှိ သော်လည်း သူမလက်ကိုပင် ယောက်ျားတစ်ဦးတစ်ယောက်မှ မထိကိုင်ခဲ့ဖူးပေ။
သို့သော်၊ ချင်ယွင်သည် သူ၏မျက်နှာတစ်ခုလုံးကို ဇီရှန်၏ရင်ခွင်ပေါ်တွင် ကပ်ထား၏။ ဤမြင်ကွင်းက သူ့ကို မည်သို့ ဒေါသထွက်အောင် မလုပ်ဘဲ နေနိုင်မည်နည်း။
"လင်းယွင် မင်းကို ငါသတ်ရမယ်!" ကျင်းယွန် အသက်ပြင်းပြင်း ရှူလိုက်သည်။ မနာလိုမှုနှင့် ဒေါသတို့သည် သူ၏မျက်လုံးထဲတွင် ရောယှက်နေသည်။
ဇီရှန်သည် ထိုထူးဆန်းသောခံစားချက်မှ ပြန်လည်ကောင်းမွန်လာပြီး ချင်ယွင်ကို အမြန် ပစ်ချလိုက်သည်။
မူလက ချင်ယွင်သည် နူးညံ့သိမ်မွေ့သောကျေးလက်တောရွာလေးထဲတွင် နှစ်မြုပ်နေ သေးသော်လည်း ဇီရှန်သည် ရုတ်တရက် လွှတ်ချလိုက်ပြီးနောက် သူ၏ ခေါင်းနောက် ဘက်(နောက်စေ့) သည် မြေပြင်သို့ တိုက်ရိုက် ထိသွားသည်။ သူသည် မနာကျင်သော် လည်း သူ၏စိတ်ထဲမှာ ဗလာကျင်းနေသလို ခံစားရသည်။
"အစ်မဇီ၊ ဟုတ်ပါတယ်။... ကျွန်တာ် တောင်းပန်ပါတယ်!" ချင်ယွင်က လန့်ဖျတ်ပြီး ပြောလိုက်သည်။
သူသည် ရေမရောက်ဖူးသေးသည့် အသစ်စက်စက် လူငယ်တစ်ဦး မဟုတ်တော့ သော်လည်း ဇီရှန်၏ ကိုယ်နေဟန်အမူအယာမှာ အမှန်တကယ် ဝင့်ကြွားလွန်း လှသည်။ အထူးသဖြင့် သူမ၏ အသားအရေသည် နှင်းဖြူကဲ့သို့ဖြူဖွေးပြီး ချောမွတ်နေ သည်။ ချင်ယွင်နှင့်ထိတွေ့သွားသည့် အခိုက်တန့်မှာ သူမသည် သိုးသားဆီဥနှင့် နွေးထွေးသော ကျောက်စိမ်းကဲ့သို့ ဖြစ်နေသောကြောင့် သူသည် သူ့ကိုယ်ကိုယ် မထိန်းနိုင်ဘဲ နစ်မြောသွားခဲ့မိပါသည်။
ဇီရှန်း၏မျက်နှာသည်လည်း နီမြန်းလာသည်။ သူ၏ဆွဲမက်ဖွယ်ကောင်းပြီး ဖြစ်သော မျက်နှာက ချစ်စရာကောင်းနေပြီး သက်ရှိသတ္တဝါအားလုံးအတွက် ပို၍ပင် ဆွဲဆောင်မှု ဖြစ်လာစေသည်။ သူမ၏ပတ်ဝန်းကျင်ရှိလူတိုင်းသည်ပင် အံသြသွားကြသည်။ ဆံပင်ဖြူအဘိုးအို၏ နွေဦးနန်းတော် အချစ်ဇာတ်ကြောတွင် သေလုမျောပါး ခံစားသွားရသကဲ့သို့ သူ၏စူးရှသော မျက်လုံးများသည် တောက်ပသည့် အရိပ်အယောင် များဖြင့် ဝင်းလက် တောက်ပ နေခဲ့သည်။
"အစီအရင်ဝင်္ကပါကို ချိုးဖျက်ဖို့ နည်းလမ်းတစ်ခု ရှာတွေ့တယ်လို့ မင်း ပြောလိုက်တာ လား။" ဇီရှန်သည် လူတိုင်း၏အကြည့်များကြောင့် အနည်းငယ် ရှက်သွားမိသည်။ ထို့ကြောင့် သူမသည် ချက်ချင်းပင် အကြောင်းအရာကို ပြောင်းလိုက်သည်။
ဇီရှန်၏ထွက်ပေါ်လာသော စကားလုံးများကြောင့် အားလုံးသည် ချင်ယွင်ကို လှည့်ကြည့်လိုက်ကြသည်။
ဤအခိုက်အတန့်ရောက်မှ ချင်ယွင်သည် ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးမြွေ၏ တရစပ်တိုက်ခိုက်မှုမှ လွတ်မြောက်ခဲ့ကြောင်း သူတို့ သတိရသွားမိပါသည်။
အစောပိုင်းအဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျွမ်းကျင်သူလေးတစ်ဦးသည် အဆင့်ရှစ် အစောပိုင်းအဆင့် အစီအရင်ဝင်္ကပါတစ်ခု လျှပ်စီးကြောင်း တိုက်ခိုက်မှုကို မည်သို့ ခံနိုင်ရည်ရှိရသနည်း။
"မှန်ပါတယ်၊ ငါက အစီအရင်ဝင်္ကပါကို ချိုးဖျက်ဖို့ နည်းလမ်းကို ရှာတွေ့ခဲ့ပါတယ်။ ဒါပေမယ့် ဒါက ငါခန့်မှန်းချက်သက်သက်ပဲရှိသေးတယ်။ ဒါ့အပြင် အဲဒါက သေချာ ပေါက် အလုပ်ဖြစ်မဖြစ် မသေချာဘူး။ နောက်ပြီး၊ အဲဒါကို ငါတစ်ယောက်တည်းပဲ လုပ်နိုင်တယ်။" ချင်ယွင်က ပြောသည်။
"ဒါဆိုလည်း တစ်ချက်လောက် စမ်းကြည့်စမ်းပါဦး။ အဆင်ပြေမပြေ ငါ ကြည့်ရ အောင်။" ဆံပင်ဖြူ အဘိုးကြီးက စိုးရိမ်တကြီး ပြောသည်။
ချင်ယွင်သည် ဆံပင်ဖြူ အဘိုးအို၏ စိုးရိမ်တကြီး အသွင်အပြင်ကို ကြည့်ပြီး ရယ်ချင် နေမိသည်။ ဇီရှန်သည် အဘယ့်ကြောင့် ဤအဘိုးကြီးကို စကား ကောင်းကောင်း မပြေဘဲ ကျိန်ဆဲရလဲဆိုသည်ကို နောက်ဆုံးတော့ သူ နားလည်သွားခဲ့ပါပြီ။ ဤအဘိုးကြီးသည် အမှန်တကယ်ပင် ထိပ်တန်းအဆင့် အဘိုးကြီးတစ်ယောက် ဖြစ်နေပါပြီ။ (ကောက်ကျစ်သည့်နေရာမှာဆိုလိုဟန်)။
"ဘာအန္တရာယ်မှ ရှိမှာမဟုတ်ဘူး ဟုတ်တယ်မလား" ဇီရှန်က စိုးရိမ်စိတ်ဖြင့် မေးလိုက်သည်။
"စိတ်မပူပါနဲ့ အစ်မဇီ၊ ကျွန်တော် အဆင်ပြေမှာပါ" ဇီရှန်၏ သူနှင့်ပတ်သက်ပြီး ဆက်ဆံမူကို ချင်ယွင်ကြားသောအခါ၊ သူသည် သူမကို ညင်သာစွာ ပြုံးပြသည်။
ချင်ယွင်၏ အပြုံးကိုမြင်လျှင် ဇီရှန်သည် လတ်တလော အဖြစ်အပျက်ကို ပြန်မတွေးမိ ဘဲ မနေနိုင်ခဲ့။ သူမ၏ တည်ငြိမ်သော စိတ်ခံစားမူသည် တစ်ဖန် ပြန်လည် နိုးကြားလာ ကာ သူမ၏ မျက်နှာသည် အမှန်တကယ် နီရဲနေသည့် အရိပ်အယောင်များပင် ထွက်ပေါ်လာပြန်သည်။
ချင်ယွင်သည် အနည်းငယ် ရှက်ရွံ့သွားပုံရပြီး သူသည် ခေါင်းကို အမြန်လှည့်ကာ မထင်မှတ်ဘဲ ကျောက်စာတိုင် ကိုးတိုင်ထဲမှ တစ်ခုဆီသို့ လျှောက်သွားလိုက်သည်။
အားလုံးက ချင်ယွင်ကို စူးစူးစိုက်စိုက်ကြည့်ကာ သူ မည်သည့်အရာ ဆက်လုပ်မည်ကို မှန်းဆမရဘဲဖြစ်နေကြသည်။
ချင်ယွင်သည် ကျောက်စာတိုင်ဆီသို့ သူ၏လက်ကို ဆန့်ထုတ်ရင်း သူ၏ မျက်နှာပေါ်တွင် လေးနက်သောအမူအရာ ဖြစ်ပေါ်နေသည်။ အနက်ရောင် လျှပ်စီးများသည် သူ၏ လက်ဖဝါးကို ဖုံးလွှမ်းသွားသည်။
"မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ၊ မင်း အခုလို လုပ်လိုက်တာက အစီအရင်ဝင်္ကပါက လျှပ်စီးကြောင်းတွေကို စုပ်ယူဖို့ အချိန်ပိုပြီး တိုသွားစေမှာ မဟုတ်ဘူးလား။ မင်းက လူတိုင်းကို အန္တရာယ်ပြုဖို့ ကြိုးစားနေတာလား။" ချင်ယွင်သည် လျှပ်စီးများ ဖုံးလွှမ်းနေသော လက်ဖဝါးကို ကျောက်စာတိုင်ဆီသို့ အမှန်တကယ် ဖိနှိပ်ထားသည်ကို တွေ့သောအခါ ကျင်းယွန်သည် အလျင်အမြန်ထကာ အော်ဟစ်လိုက်သည်။
လူတိုင်းလည်း ပဟေဋ္ဌိဖြစ်သွားကြသည်။ ဤကျောက်စာတိုင်ကို ကောင်းကင်နှင့် မြေကြီးမှ မိုးကြိုးလျှပ်စီးစွမ်းအားများကို စုပ်ယူရန်အတွက် အသုံးပြုထားသည်။ ယခု ချင်ယွင်သည် ကျောက်စာတိုင်ဆီသို့ လျှပ်စီးစွမ်းအားကို တွန်းပို့လိုက်သည်။ ၎င်းသည် သူ၏ခန္ဓာကိုယ်မှ မိုးကြိုးလျှပ်စီးများကို ကျောက်စာတိုင်မှ စုပ်ယူကာ မိုးကြိုးလျှပ်စီး၏ စွမ်းအားကို စုပ်ယူပြီးသည်နှင့် အစီအရင်ဝင်္ကပါ၏ အရှိန်က ပို၍ပင် အရှိန်မြှင့်လာ မည်ဟု ဆိုလိုရာ မရောက်ပေဘူးလော။
"မင်း နားမလည်ရင် စကားလာမပြောနဲ့။" ချင်ယွင်က ဒေါသတကြီး အော်ငေါက်ပြီး အဝေးမှာရှိနေသည့် ကျင်းယွန်ကို စိုက်ကြည့်လိုက်သည်။
ဤကျင်းယွန်သည် ယခင်က သူ့အား သတ်ဖြတ်လိုသည့်ဆန္ဒကို ရှင်းရှင်းလင်းလင်း ပြသခဲ့သည်။ ချင်ယွင်သည် ၎င်းကို သတိပြုမိနေပြီဖြစ်သောကြောင့် ချင်ယွင်သည် ကျင်းယွန်အား သဘာဝအတိုင်း မယဉ်ကျေးနိုင်တော့ပေ။
"မင်းက သေချင်နေတာဘဲ!" ကျင်းယွန်၏ မျက်လုံးများသည် ချက်ချင်းပင် ဒေါသ အမျက်ထွက်လာသည်။ တာအိုအငွေ့အရည်ဖွဲ့ခြင်း နယ်ပယ် အစောပိုင်းအဆင့်ရှိ နတ်ဆိုးသားရဲလေး တစ်ကောင်က သူ့အား ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုလာသည်ကို သူ မည်သို့ ခံနိုင်ရည်ရှိမည်နည်း။
"ဟမ့်၊ မင်း အစီအရင်ဝင်္ကပါကို ချိုးဖျက်ချင်နေသေးလား။ တကယ်လို့ မင်းအနေနဲ့ အစီအရင်ဝင်္ကပါကို ချိုးဖျက်နိုင်တယ်ဆိုရင် ထွက်လာလိုက်ပါ။" ချင်ယွင်က ဒေါသ တကြီးအော်လိုက်သည်။
ကျင်းယွန်သည် အမြင့်ဆုံးအဆင့် အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ် ကျွမ်းကျင်သူ ဖြစ်သော်လည်း ချင်ယွင်မပါဘဲ ဤအစီအရင်ဝင်္ကပါကို မည်သူမျှ မကျော်ဖြတ် နိုင်သောကြောင့် ကျင်းယွန်သည် သူ့အား တိုက်ခိုက်ရန် မည်သူမှ ခွင့်ပြုမည် မဟုတ်ပေ။
သေချာသည်မှာ၊ ချင်ယွင်၏ ထိုစကားထွက်လာသည်နှင့် ဇီရှန်နှင့် ဆံပင်ဖြူ အဘိုးကြီးတို့က ကျင်းယွန်ကို စိုက်ကြည့်နေကြပါသည်။
"ကျင်းယွန်၊ ရှင် ပါးစပ်ပိတ်ထားရင် ပိုကောင်းမယ်။ လင်းယွင်ကို မနှောင့်ယှက်နဲ့။" ဇီရှန်က ယဉ်ယဉ်ကျေးကျေး ပြောဆိုးခြင်းမရှိဘဲ အေးစက်စွာ အော်ပြောလိုက်သည်။
ဇီရှန်၏ စကားကိုကြားတော့ ကျင်းယွန်၏ အမူအရာသည် ယင်ကောင်တစ်ကောင်ကို စားလိုက်မိသကဲ့သို့ရုပ်ဆိုးသွားသည်။
"အစ်ကိုကြီး စိတ်မပူနဲ့။ ဒီကောင်လေး အစီအရင်ဝင်္ကပါကို ချိုးဖျက်ပြီး လှိုဏ်ဂူထဲကို ဝင်လိုက်တာနဲ့ သူနဲ့ ရန်ဆိုင်ဖို့ အခွင့်ရေးကောင်း ရှာလို့ရပါလိမ့်မယ်" ယန်ဟန်က ကျင်းယွန်၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။
"ဟမ့်၊ ငါ သူ့ကို ခဏလောက် ဂုဏ်ယူဝင့်ကြွားခွင့် ပေးလိုက်ဦးမယ်။ သူ လှိုဏ်ဂူထဲကို ဝင်ပြီးတာနဲ့ ဒါက သူရဲ့သေဆုံးခြင်း ဖြစ်လိမ့်မယ်။ ငါကျင်းယွန်ကို စော်ကားခြင်းရဲ့ အကျိုးဆက်တွေကို သူ့ကို သိစေရမယ်။ ကျင်းယွန်၏ မျက်လုံးများသည် ရက်စက် ကြမ်းကြုတ်စွာဖြင့် တောက်ပလာခဲ့သည်။
ကျင်းယွန် ပေါက်ကွဲသွားသည်ကို မြင်သောအခါ ချင်ယွင်က ရယ်မောလိုက်သည်။
ကျင်းယွန်သည် သူ့ကိုသတ်ရန် ရည်ရွယ်ချက် ရှိပြီးသားဖြစ်သည်။ ထို့ကြောင့် ယခု သူလုပ်နေသည့်အရာမှန်သမျှသည် သူ၏မုန်းတီးမှုကိုသာ တိုးပွားစေလိမ့်မည်။
"ဒါပေမယ့် လှိုဏ်ဂူထဲကို ဝင်ပြီးရင် ငါ ဒီကျင်းယွန်ကို သတိထားရမယ်။" ချင်ယွင်က သူ့ကိုယ်သူတွေးနေသည်။
ထို့နောက်တွင်တော့ သူသည် မည်သည့်အကြောင်းကိုမျှ မတွေးတော့ဘဲ လျှပ်စီးလင်းလက်နေသည့် သူ၏လက်ဖဝါးကို ကျောက်စာတိုင်ဆီသို့ ဖိလိုက်သည်။
ချင်ယွင်သည် ကျောက်စာတိုင်ဆီကို လက်ဖဝါးနှင့် ဖိလိုက်သောအခါ သူ၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။ ထို့နောက် ကျောက်စာတိုင်မှ ကြောက်မက်ဖွယ်ရာ စုပ်ယူမှုစွမ်းအားတစ်ခု ထွက်ပေါ်လာပြီး သူ၏လက်ဖဝါးပေါ် ရစ်ပတ်လွှမ်းခြုံနေသော အနက်ရောင်လျှပ်စီးကြောင်းသည် မိုးကြိုးလျှပ်စီးတိုင်ထဲသို့ တိုက်ရိုက် မျိုချသွားခံရသည်။
ထိုတင်မကဘဲ၊ သူ၏လက်သည် ကျောက်စာတိုင်မှာ ခိုင်ခံ့စွာ ချိတ်ဆက်သွား ပုံရသည်ကို ချင်ယွင် သိလိုက်ရသည်။ သူ၏ခန္ဓာကိုယ်မှ အနက်ရောင်လျှပ်စီးကြောင်း စွမ်းအင်များသည် ကျောက်စာတိုင်ဆီသို့ အရူးအမူး ခုန်ဆင်းတော့သည်။
ထိုမြင်ကွင်းကို လူအုပ်ကြီး မြင်သောအခါ သူတို့၏ မျက်နှာတွေက တုနှိုင်းမရသော အလေးအနက်ထာသည့် အမူအရတွေ ပေါ်လာပါသည်။
ချင်ယွင်သည် ဤကဲ့သို့သာ ဆက်လက်လုပ်ဆောင်နေပါက၊ မိုးကြိုးသတ်ဖြတ်ခြင်း အစီအရင်ဝင်္ကပါ၏ လုပ်ငန်းကို ပြန်လည်စတင်ရန် အမွှေးတိုင်တစ်ချောင်းထွန်းစာ အချိန်ထက် ပိုကြာမည် မဟုတ်တော့ပေ။ ထို့အပြင် ၎င်း၏စွမ်းအားသည် ပို၍ပင် ကြောက်စရာ ကောင်းလာပေလိမ့်မည်။
"ထွက်ခဲ့စမ်း၊ မြန်မြန်ထွက်ခဲ့စမ်း!" ချင်ယွင်၏ စိတ်ထဲတွင် အော်ခေါ်လိုက်သည်။
"ဝေါင်း………!"
သေချာပါသည်၊ ချင်ယွင်၏ခန္ဓာကိုယ်ထဲမှ အနက်ရောင်လျှပ်စီးကြောင်းများကို လုံး၀ အကုန်စုပ်ယူခါနီးမှာ နဂါးဟန်းဟောက်သံက ချင်ယွင်၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့ ပါသည်။
ထို့နောက်တွင် အနက်ရောင်လျှပ်စီး နဂါးငယ်လေးသည် ချင်ယွင်၏ပခုံးမှ ပျံထွက်လာပြီး ကျောက်စာတိုင်ထဲသို့ တိုက်ရိုက် နစ်မြုပ်သွားခဲ့သည်။
မူလက ကြောက်စရာကောင်းသော မိုးကြိုးလျှပ်စီးများကို ထုတ်လွှတ်နေခဲ့သော ကျောက်စာတိုင်သည် ချက်ချင်းပင် မှေးမှိန်သွားခဲ့ပြီး၊ ၎င်းစုစည်းထားသည့် မိုးကြိုးလျှပ်စီးစွမ်းအင်တွေဟာလည်း တခဏအတွင်းမှာ သဲလွန်စမရှိဘဲ ပျောက်ကွယ် သွားခဲ့ပါသည်။
"အခုပဲ!"
ချင်ယွင်၏ မျက်လုံးများသည် ပြင်းထန်သော အလင်းရောင်များဖြင့် လင်းလက်သွား သည်။ သူ၏ခွန်အားအားလုံးက သူ၏လက်သီးမှာ စုစည်းသွားခဲ့ပြီး သူ၏ လက်သီးကို ထိုးလွှတ်လိုက်ပါသည်။
"ဘုန်း……!"
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ၊ မြင့်မားသော မိုးကြိုးတိုင်ကြီးသည် ချက်ချင်း ပေါက်ကွဲသွားပြီး မိုးကြိုးသတ်ဖြတ်ခြင်း အစီအရင်ဝင်္ကပါသည်လည်း ကျိုးပျက်သွား ခဲ့ပါသည်။ ပတ်ဝန်းကျင်မြင်ကွင်းသည် စင်မြင်ပုံသဏ္ဍာန်သို့ ပြန်လည် စတင်လာခဲ့ပြီး လှိုဏ်ဂူပေါက်ဝသည် လူတိုင်း၏အမြင်တွင် ပြန်ပေါ်လာခဲ့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရတော့ အားလုံး၏ မျက်လုံးတွေက အံ့အားသင့်သည့်ပြီး ပျော်ရွှင်သည့် အမူအယာများဖြင့် ပြည့်နှက်နေခဲ့သည်။
"ကျိုး…..၊ ကျိုး……..ကျိုးပျက်သွားပြီ!" ဧရာမဝေလငါးနန်းတော်၏ မင်းသမီးလေး သည် ပျော်ရွှင်စွာ ခုန်ပေါက်လိုက်ရင်း အံ့အားသင့်သည့် အမူအရာကို ဖော်ပြနေ လေသည်။
စာစဉ် (၃၁) ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။