အခန်း (၄၈၆-၄၉၀)
Vol. 33 Ch. 486-490
အခန်း (၄၈၆) မဟူရာသတ္တုတုတ်ကို သိမ်းပိုက်ခြင်း။
ချင်ယွင်သည် သူ၏စိတ်ထဲတွင် ရယ်မောလိုက်မိပါသည်။ သေမျိုးကမ္ဘာရှိ ကျင့်ကြံသူ များသည် အင်မော်တယ်အဆင့်ပစ္စည်းများနှင့်ပတ်သက်ပြီး အသိပညာဗဟုသုတမှာ အကန့်အသတ်များ ရှိနေဆဲ ဖြစ်ပါသည်။ (လက်နက်ဟုမပြန်ဆိုဘဲ ပစ္စည်းဟုပြန်ဆိုရ ခြင်းမှာ ဓား,လှံ,စသောလက်နက်များသာမက အခြားရတနာပစ္စည်းများကိုပါ ရည်ညွန်းထား၍ ဖြစ်ပါသည်။)
သူတို့၏အမြင်မှာ၊ အင်မော်တယ်အဆင့် ပစ္စည်းများသည် သေမျိုးအဆင့် ပစ္စည်းများ ထက် ပို၍ အစွမ်းထက်၏ဟူ၍သာ သိထားကြပါသည်။ အင်မော်တယ်အဆင့်ပစ္စည်း များတွင် သာမန်အင်မော်တယ်အဆင့်ပစ္စည်းများနှင့် အကြီးမြတ်ဆုံး အင်မော်တယ် အဆင့်ပစ္စည်းများကြားတွင် ခြားနားမှုကြီးရှိနေသည်ကို သူတို့ မသိထားကြပါ။
လက်နက်များကို အဆင့်လေးဆင့် ခွဲခြားထားပါသည်- သေမျိုးအဆင့် လက်နက်များ၊ အင်မော်တယ်အဆင့်လက်နက်များ၊ အကြီးမြတ်ဆုံး အင်မော်တယ်အဆင့် လက်နက် များနှင့် ဖရိုဖရဲအင်မော်တယ်အဆင့်လက်နက်များ ဖြစ်ကြပါသည်။ ၎င်းတို့ထဲတွင် အင်မော်တယ်အဆင့် လက်နက်များနှင့် အကြီးမြတ်ဆုံးအင်မော်တယ်အဆင့် လက်နက်များကို အဆင့်မြင့်အဆင့်, အလယ်လတ်အဆင်, အဆင့်နိမ့်အဆင့်ဟူ၍ ခွဲခြားထားပြန်ပါသည်။ (ဤနေရာ၌ လက်နက်များကို တိုက်ရိုက်ရည်ညွှန်းခြင်း ဖြစ်သည့်အတွက် လက်နက်ဟု ပြန်ဆိုပါသည်။ နောက်အခန်းများတွင် ရတနာပစ္စည်း အပေါ်မူတည်ပြီး ပစ္စည်း သို့မဟုတ် လက်နက်ဟု ပြန်ဆိုသွားပါမည်။)
ပုံမှန်အားဖြင့်၊ သေမျိုးကမ္ဘာ၌ပျံ့နှံ့နေသော ထိုအင်မော်တယ်အဆင့်လက်နက်များနှင့် အင်မော်တယ်အဆင့်ချပ်ဝတ်တန်ဆာများသည် အဆင့်နိမ့်အဆင့် အင်မော်တယ် လက်နက်များသာ ဖြစ်ပါသည်။ ဥပမာအားဖြင့် တုလုံကျွန်းမှာတုန်းက ချင်ယွင် ရရှိခဲ့သော အစိမ်းရောင်အင်မော်တယ်အဆင့်ဓားသည် အဆင့်နိမ့်အဆင့်အင်မော်တယ် ဓားတစ်လက် ဖြစ်ပါသည်။
အကြီးမြတ်ဆုံး အင်မော်တယ်အဆင့် ပစ္စည်းနှင့်ပတ်သက်လျှင် ပစ္စည်းဝိညာဉ်ကို ပိုင်ဆိုင်ထားသော အင်မော်တယ်အဆင့် ပစ္စည်းများကိုပင် အကြီးမြတ်ဆုံး အင်မော်တယ်အဆင့်ပစ္စည်းဟု ခေါ်ခြင်းဖြစ်ပါသည်။ ချင်ယွင်သည် ၎င်းလက်နက်မျိုး ကို ယခင်က တစ်ကြိမ်သာ မြင်ဖူးပါသည်။ ဧကရာဇ်ကျောင်းတော်မှ ကျိထျန်းချန် ပိုင်ဆိုင်ထားသော အဆင့်နိမ့်အဆင့် အင်မော်တယ်ဓားသည် ဓားဝိညာဉ်တစ်ခုကို ပိုင်ဆိုင်ထားပြီး ဖြစ်ပါသည်။
သို့သော် ထိုဓားဝိညာဉ်သည် အနည်းငယ် မကောင်းဆိုးဝါး ဆန်ပုံရပါသည်။ သူအသုံးပြုလိုက်သည့် အချိန်တိုင်း ဓားဝိညာဉ်သည် သူ၏အသက်ကို ဝါးမြိုသွားပါလိမ့် မည်။ ထို့ကြောင့် ကျိထျန်းချန်သည် ၎င်းကို ထိန်းချုပ်လိုပါက မဖြစ်နိုင်သလောက်ပင်။ ယင်းဓားကို အသုံးပြုခြင်းသည် သူကိုယ်သူ သေသည်အထိ ဝါးမြိုခိုင်းခြင်းသာ ဖြစ်ပါလိမ့်မည်။
အကယ်၍ ချင်ယွင်၏ခန့်မှန်းချက်သည် မှားယွင်းခြင်းမရှိပါက၊ သူ၏ရှေ့မှာရှိနေသော ဤမဟူရာသတ္တုတုတ်သည် အဆင့်မြင့်အဆင့် အင်မော်တယ်လက်နက်တစ်ခု ဖြစ်သည်မှာ သေချာပါသည်။ အထဲမှာရှိနေသောပစ္စည်းသည် နှစ်တစ်သောင်းထက် မနည်း သက်တမ်းရှိလောက်ပါပြီ။
ဤလက်နက်သည် အင်မော်တယ်ကမ္ဘာမှာပင်၊ ပြိုင်ဘက်ကင်း အင်မော်တယ်အဆင့် လက်နက်တစ်ခု ဖြစ်နိုင်ပါသည်။ ထွက်ပေါ်လာသည်နှင့်၊ ၎င်းသည် သွေးထွက်သံယို တိုက်ပွဲကြီးများဖြစ်သည်အထိ ဆွဲဆောင်နိုင်ပါလိမ့်မည်။
အရေးအကြီးဆုံးကတော့၊ ဤအဆင့်ရှိပစ္စည်းဝိညာဉ်သည် အသိဉာဏ်ရှိနေသည်မှာ ကြာလှပါပြီ။ ၎င်းပစ္စည်းဝိညာဉ်၏ ကိုယ်ပိုင်မောက်မာမူဖြင့်ဆို၊ ၎င်းပစ္စည်းဝိညာဉ်သည် ပို၍သန်မာသော သို့မဟုတ် ပို၍အလားအလာရှိသော ပိုင်ရှင်ကို သဘာဝအတိုင်း ရွေးချယ်မည် ဖြစ်ပါသည်။ ထို့အပြင်၊ ဤကျင်းယွန်သည် မဟူရာသတ္တုတုတ်အတွက် ၎င်းပစ္စည်းဝိညာဉ်၏ ပိုင်ရှင်အဖြစ် အသိအမှတ်ပြုရန် အရည်အချင်းမပြည့်မီကြောင်း ထင်ရှားပါသည်။
ကျောက်ဝူကျင်းသည် ဤမဟူရာသတ္တုတုတ်ကို ဤနေရာတွင် ချထားရခြင်း၏ အကြောင်းရင်းမှာလည်း မဟူရာသတ္တုတုတ်သည် ၎င်း၏ပိုင်ရှင်ကို အသိမှတ်ပြုအောင် မစွမ်းဆောင်နိုင်ခဲ့ခြင်းကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။
ဤမဟူရာသတ္တုတုတ်သည် မည်သည့်နေရာမှ ရောက်ရှိလာပါသနည်း။
ကျောက်ဝူကျင်းသည် အဆုံးမဲ့ချောက်နက်ကြီးထဲရှိ အင်မော်တယ်နန်းတော်ထဲသို့ ဝင်ရောက်ဖူးမည်ဟု ချင်ယွင် မှန်းဆလိုက်မိသည်။ သူသည် ဤမဟူရာသတ္တုတုတ်ကို ၎င်းအင်မော်တယ်နန်းတော်ထံမှ ရရှိလာခြင်း ဖြစ်သင့်သည်။
လူသည် အပြစ်ကင်းသော်လည်း ရတနာပစ္စည်းကြောင့် အပြစ်ရှိလာနိုင်သည်။
ကျောက်ဝူကျင်းသည် ဤအဆင့်မြင့်အဆင့် အင်မော်တယ်အဆင့်လက်နက်ကို ၎င်း၏ ပိုင်ရှင်အဖြစ် အသိအမှတ်ပြုအောင် မစွမ်းဆောင်နိုင်ခဲ့သောကြောင့် အင်မော်တယ် ကမ္ဘာသို့ ယူဆောင်သွားပြီး ဘေးဥပါဒ်များဖြစ်စေမည့်အစား၊ ဤလက်နက်ကို ဤနေရာမှာ ထားခဲ့ပြီး ကံကြမ္မာရေစက်ရှိသည့်လူတစ်ယောက်ကို စောင့်ဆိုင်းခြင်းက ပိုကောင်းသည်ဟု တွေးမိလိမ့်မည်။ ထိုသို့မဟုတ်လျှင် ကျောက်ဝူကျင်းကိုယ်တိုင် သည်လည်း ဓားကို အသုံးပြုသူ ဖြစ်သင့်ပါသည်။ သူသည် ဤတုတ်လက်နက်ကို စိတ်မဝင်စားသည့်အတွက် သဘာဝအတိုင်း ထားခဲ့ရန် ဆန္ဒရှိခြင်မျိုးလည်း ဖြစ်နိုင်ပါသည်။
ယခု ကျင်းယွန်သည် ဤမဟူရာသတ္တုတုတ်ကို အတင်းအကြပ် ရယူလိုသောကြောင့်၊ အကြီးမြတ်ဆုံးအင်မော်တယ်အဆင့် ပစ္စည်းဝိညာဉ်၏ စိတ်နေသဘောထားအရ၊ ၎င်းသည် သေချာပေါက် ကန်ထုတ်ခံရပါလိမ့်မည်။ ထို့ကြောင့် ဤမြင်ကွင်းသည် ချင်ယွင်၏ မျှော်မှန်းချက်ထဲတွင် ရှိနေပြီးသား ဖြစ်ပါသည်။
“ဝှီး…. ဝှီး..။
မဟူရာသတ္တုတုတ်ချောင်းထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်သည် ကျင်းယွန်ဆီသို့ တစ်ဖန် ဦးတည်သွားပြန်ပါသည်။ ၎င်းသည် ကျင်းယွန်ကို ထပ်မံ တိုက်ခိုက်တော့မည့်ပုံ ပေါ်သည်။
ကျင်းယွန်၏အမူအရာသည် သိသိသာသာ ပြောင်းလဲသွားခဲ့ပါသည်။ ဤကြောက်စရာ ကောင်းသော အင်မော်တယ်အဆင့်ပစ္စည်းကို ရရှိပိုင်ဆိုင်ရန် သူသည် စဉ်းတောင် မစဉ်းစားတော့ပေ။ အကယ်၍ နောက်တကြိမ် တိုက်ခိုက်လာမည်ဆိုလျှင် သူသည် အသက်လွတ်မြောက်နိုင်ခြင်း ရှိမရှိကိုသာ ပြောရပါတော့မည်။
သူသည် နည်းနည်းလေးမှ တုန့်ဆိုင်းမနေတော့ဘဲ ရွှေရောင်အလင်းတန်း အဖြစ် ပြောင်းလဲပြီး အဝေးမှ ထွက်ပေါက်ဆီ ထွက်ပြေးသွားပါတော့သည်။
မဟူရာသတ္တုတုတ်သည် ကျင်းယွန်ကို ခြောက်လှန့်ရန်သာ ကြိုးစားလိုက်ပုံရပြီး သူ့နောက်သို့ လိုက်သွားရန် ရည်ရွယ်ချက် ရှိပုံမရပေ။ မဟူရာသတ္တုတုတ်သည် လေထဲတွင်လွင့်မျောနေကာ ထွက်ပြေးသွားသော ကျင်းယွန်ကို လှောင်ပြောင်နေ သကဲ့သို့ လှုပ်ယမ်းနေလေသည်။
ဇီရှန် နှင့် နင်ရှင်းတို့သည် အံသြသွားကြပါသည်။ သူမတို့၏မှတ်ဉာဏ်များတွင်၊ အင်မော်တယ်ပစ္စည်းတစ်ခုသည် အစွမ်းထက်သော်လည်း၊ ၎င်းသည် အသက်မဲ့ အရာဝတ္ထုတစ်ခု ဖြစ်နေဆဲ ဖြစ်ပါသည်။ သို့သော် သူမတို့ရှေ့တွင်ရှိနေသော ဤမဟူရာသတ္တုတုတ်သည် အသက်ရှင်နေပုံရသည်။ ၎င်းသည် စနောက်ကျီစားရန်နှင့် လှောင်ပြောင်သရော်ရန်ကိုပင် အမှန်ပင် သိနေပါသည်။
သို့သော် ထိုအခိုက်တန့်တွင်၊ မဟူရာသတ္တုတုတ်သည် သူ၏ထိပ်ဖျားကို ဇီရှန်နှင့် အခြားသူများဆီသို့ လှည့်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော သတ္တုစွမ်းရည် အငွေ့အသက်က လေထဲမှာ ပြည့်လျှံသွားခဲ့သည်။
“ဝှီး…..။”
မဟူရာသတ္တုတုတ်သည် ကောင်းကင်ယံမှ ပျံထွက်သွားပြီး ဇီရှန်ဆီကို ပြေးသွားသည်။ မဟူရာသတ္တုတုတ်တွင်ပါရှိသော ရွှေရောင်စွမ်းအားသည် မြင်ရသူလူတစ်ယောက်၏ နှလုံးသားကို ကြောက်ရွံ့မှုဖြင့် တုန်လှုပ်စေသည်။
ဇီရှန်၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။ မဟူရာသတ္တုတုတ်သည် သူမကို အမှန်တကယ် တိုက်ခိုက်လိမ့်မည်ဟု သူမ မမျှော်လင့်ထားပါဘူး။ သူမသည် မဟူရာသတ္တုတုတ်၏ တိုက်ခိုက်မှုကို ဟန့်တားရန်အတွက် သူမ၏ နတ်ဆိုးအနှစ်သာရ စွမ်းအင်အားလုံးကို အလျင်အမြန် စုစည်းလိုက်ပါသည်။
ကျင်းယွန်နှင့် ဇီရှန်တို့သည် စွမ်းအားအရာမှာ အဆင့်တူဖြစ်ကြပါသည်။ သို့သော်လည်း ကျင်းယွန်သည် ဤမဟူရာသတ္တုတုတ်ကို ပြန်လည်တိုက်ခိုက်ရန်ပင် ခွန်အားမရှိခဲ့ပေ။ အကယ်၍ ဇီရှန်က တိုက်ခိုက်မည်ဆိုလျှင်ပင် သူမသည် တားနိုင်မည် မဟုတ်သည်မှာ သိသာပါသည်။
ဇီရှန်သည် သူမ၏အံသွားများကို တင်းတင်းကြိတ်လိုက်ပြီး အသေခံတိုက်ခိုက်ရန် ပြင်ဆင်နေချိန်တွင် သူမနောက်တွင်ရပ်နေသော ချင်ယွင်သည် ရုတ်တရက် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ သူမရှေ့တွင် ရပ်လိုက်ပါသည်။
"လင်းယွင် ထွက်သွားစမ်း၊ မင်း အရိုက်ခံရလိမ့်မယ်!" ချင်ယွင် ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည့်အခါ ဇီရှန်က ထိတ်လန့်စွာ အော်ပြောလိုက်ပါသည်။
သို့သော် ချင်ယွင်သည် ဇီရှန်၏ စကားများကို လုံးလုံးမကြားပုံရပါသည်။ လျင်မြန်စွာ ချဉ်းကပ်လာသော မဟူရာသတ္တုတုတ်ကို ကြည့်လိုက်တော့ သူ၏မျက်လုံးထဲတွင် အပြုံးတစ်ခု ပေါ်လာပါသည်။
“ဘုန်း”
ချင်ယွင်၏ ခန္ဓာကိုယ်မှ ကြီးမားသော အငွေ့အသက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာပါ သည်။ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုက ခန်းမတစ်ခုလုံးကို ချက်ချင်း လွှမ်းမိုးသွားခဲ့ပြီ။ ခန်းမတွင်းရှိလူတိုင်းသည် မြင့်မားသော နတ်တောင်တန်းကြီး တစ်ခုကို သူတို့ကိုယ်ပေါ်သို့ ပြိုကျလာသည့်အလား အနှိုင်းမဲ့ဖိအားကို ချက်ချင်း ခံစားလိုက်ရပါသည်။ ကြီးကျယ်ခမ်းနားသော အငွေ့အသက်သည် အလွန် ပြင်းထန်လွန်းသဖြင့် အသက်ရှူမဝပင် ဖြစ်စေပါသည်။
"ဘယ်လောက်တောင်မှ ကြောက်စရာကောင်းလိုက်တဲ့ အငွေ့အသက်လဲ။" ဇီရှန်၏ မျက်လုံးများသည် ဖော်ပြ၍ပင်မရသည့် ထိတ်လန့်တုန်လှုပ်သော အမူအရာတစ်ခု ချက်ချင်း ပေါ်လာလေသည်။ ဤအခိုက်အတန့်တွင် သူမသည် ချင်ယွင်၏နောက်တွင် ရပ်နေသော်လည်း ဒူးထောက်ရန်တွန်းအားကို မထိန်းနိုင်ဘဲ ခံစားလိုက်ရသည်။ ချင်ယွင်၏ရုပ်ရည်အသွင်အပြင်သည် ချက်ချင်းပင် အရပ်မြင့်မားလာပြီး သူမကို မော့ကြည့်ရစေသည်။
နင်ရှင်းဆိုလျှင် ဤကြောက်စရာကောင်းသော ဖိအားကို ပို၍ပင် ခံစားရသည်။ သူမ၏ ခြေထောက်တွေ အားနည်းသွားသည်။ အကယ်၍ သူမသာ အတင်းအကြပ် ထောက်ကန်မပေးထားပါက သူမသည် မြေကြီးပေါ်မှာ ဒူးထောက်ပြီး လှဲနေရလိမ့်မည်။
မူလက ဒေါသတကြီး ပြေးဝင်လာသော မဟူရာသတ္တုတုတ်သည် ဤကြောက်စရာ ကောင်းသော ဖိအားကို ခံစားမိပုံရသည်။ သူ၏ လျင်မြန်စွာ ပြေးဝင်လာသော ကိုယ်သည် ချက်ချင်း ရပ်တန့်သွားခဲ့သည်။ ၎င်းသည် ရပ်တန့်သွားသည်နှင့် ထိုနေရာမှာပင် တုန်ရီနေသည်။ ယခုတော့ ဤကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်က သူ့ကို ကြောက်ရွံ့ထိတ်လန့်မှုကို ဖြစ်ပေါ်စေပုံရသည်။
ထိုမြင်ကွင်းကို မြင်လျှင် ချင်ယွင်၏အပြုံးက ပို၍ပင် ကြည်လင်တောက်ပလာပါသည်။
မှန်ပါသည်။ ယခုအချိန်မှာ သူသည် ရှေးဟောင်းတာအိုဆရာသခင်ထံမှ အင်မော်တယ် ဧကရာဇ်တစ်ပါး စွမ်းအားကို ထုတ်လွှတ်နေခြင်း ဖြစ်ပါသည်။ ၎င်းသည် အနည်းငယ်မျှသာ ဖြစ်သော်လည်း၊ ပစ္စည်းဝိညာဉ်ကို ဖိနှိပ်ရန်အတွက် လုံလောက်ပါ သည်။
ပစ္စည်းဝိညာဉ်သည် ပြိုင်ဘက်ကင်း မဟုတ်ပေ။ ပြင်းထန်သော စိတ်ဝိညာဉ်စွမ်းအားက သူ့ကို ချေမှုန်းနိုင်ပါသေးသည်။ ထို့ကြောင့်၊ ချင်ယွင်ထံမှ ထုတ်လွှတ်သော အင်မော်တယ်ဧကရာဇ်တစ်ပါး၏ စွမ်းအားသည် မဟူရာသတ္တုတုတ် ပစ္စည်းဝိညာဉ်၏ အကြောက်တရားကို နက်ရှိုင်းစွာ လှုံ့ဆော်ပေးနိုင်ခဲ့ပါသည်။ ထိုပစ္စည်းဝိညာဉ်သည် ချင်ယွင်က သူ့ကို လုံးလုံးလျားလျား ဖျက်ဆီးလိုက်မည်ကို ကြောက်ရွံ့သည့်အတွက် ချင်ယွင်ကို သဘာဝအတိုင်း ကြောက်ရွံ့နေပါသည်။
"ကြောက်နေတာလား?" မဟူရာသတ္တုတုတ်ကို အံ့အားသင့်နေသော မျက်နှာ အမူအယာဖြင့် စိုက်ကြည့်နေရင်း ဇီရှန်၏မျက်လုံးများသည် ဝင်းလက် တောက်ပ လာပါသည်။
နင်ရှင်းသည်လည်း စကားမပြောနိုင်လောက်အောင် မှင်သက်အံ့ဩနေမိသည်။
"ဒီကိုလာခဲ့ပါ!" ချင်ယွင်က ရုတ်တရက် ပြောလိုက်သည်။
မဟူရာသတ္တုတုတ်သည် အမိန့်ကိုကြားလိုက်ပုံရပြီး ချင်ယွင်၏ဘက်သို့ ချက်ချင်း ပြေးသွားလေသည်။ ချင်ယွင်သည် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်နှင့် မဟူရာသတ္တုတုတ်သည် ချင်ယွင်၏လက်ဆီသို့ အလိုအလျောက် ပျံတက်သွားသည်။
ချင်ယွင်သည်လည်း အပြုံးနှင့်အတူ မဟူရာသတ္တုတုတ်၏ကိုယ်ထည်ကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။
မဟူရာသတ္တုတုတ်သည်လည်း အလိုလိုက်ကြိုက်ဆောင်၍ ပျက်ဆီးနေသော ကလေးဆိုးကြီးတစ်ယောက် ငိုရှိုက်သကဲ့သို့ တဝှီးဝှီးမြည်သံများ ထွက်ပေါ်လာပါသည်။
သူ၏ဘေးမှာ ရပ်နေသော ဇီရှန်သည် အံသြမှင်သက်နေပြီဖြစ်သည်။ ယခုအချိန်မှာ သူမ၏ ခံစားချက်တွေကို မည်သို့ဖော်ပြရမှန်းတောင် မသိတော့ပါဘူး။
ယခင်က အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ် အထွက်အထိပ်အဆင့်ရှိ ကျင်းယွန်ကို လွင့်ထွက်သွားအောင် ဒေါသတကြီး ရိုက်နှက်ခဲ့သော မဟူရာသတ္တုတုတ်သည် ယခု ချင်ယွင်၏လက်ထဲတွင် ပျက်ဆီးနေသော ကလေးဆိုးကြီးကဲ့သို့ ပြုမူနေသည်။ ဤကဲ့သို့ ကြီးမားသော ခြားနားချက်ကို ဇီရှန်သည်ပင် တခဏတာအတွင်း လက်သင့် ခံနိုင်ခြင်း မရှိခဲ့ပါဘူး။
နင်ရှင်းဆို ပို၍ပင် ဆိုးပါသေးသည်။ သူမ၏မေးစေ့သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျနေခဲ့သည်။ သူမ၏ နူးညံ့သိမ်မွေ့သော မျက်နှာသည် ချင်ယွင်ကို အံသြမှင်သက်သော အမူအရာဖြင့် ကြည့်နေလေသည်။
"ငါက မင်းရဲ့သခင်မဟုတ်ဘူး၊ ဒါပေမယ့် မင်းအတွက် ပိုသင့်တော်တဲ့ သခင်တစ်ယောက်ကို ငါရှာပေးမယ်။" ချင်ယွင်က မဟူရာသတ္တုတုတ်ကို ပြောလိုက် သည်။ သူသည် မဟူရာသတ္တုတုတ်ကို ရှောင်ကျင်းအား ပေးဆောင်ရန် ပြင်ဆင်ထား ခြင်း ဖြစ်ပါသည်။
မဟူရာသတ္တုတုတ်သည် ချင်ယွင်၏စကားကို အလွန်နာခံသည့်ဟန်ဖြင့် ၎င်း၏ထိပ်ဖျား ကို လူသားတစ်ဦး၏ပုံစံဖြင့် ခေါင်းညိတ်လိုက်သည်။
ချင်ယွင်၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။ သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး မဟူရာသတ္တုတုတ်ကို ကောင်းကင်ဘုံကိုးအလွှာကြယ်စင်စုပုံကြမ်းထဲတွင် သိမ်းဆည်း ထားလိုက်သည်။ ထို့နောက် ချင်ယွင်သည် ရွှေရေကန်ကို စိုက်ကြည့်လိုက်သည်။
"ရွှေရောင်အနှစ်သာရအရည်လား။ " သူက ရေကန်ရှိရာသို့ ပျံသန်းသွားရင်း ချင်ယွင်၏ မျက်လုံးများတွင် အပြုံးတစ်ခု ပေါ်လာပါသည်။
အခန်း (၄၈၇)။ ဧကရာဇ်ပျားအုံ။
ချင်ယွင်သည် ရေကန်ဆီသို့ ပျံသန်းသွားနေစဉ်မှာပင် ရေကန်ထဲတွင်ပါရှိနေသည့် ကြွယ်ဝသော ရွှေဒြပ်စင်စွမ်းအင်ကို ချက်ချင်း ခံစားလိုက်ရသည်။
ချင်ယွင်၏ မျက်နှာသည် ချက်ချင်းပင် ရွှင်မြူးသွားသည်။ ဤရွှေရောင်အနှစ်သာရ အရည်သည် သူ၏ခန္ဓာကိုယ်ကို ကြံ့ခိုင်သန်မာစေနိုင်ပါသည်။ ယခု၊ ဤနေရာတွင် ရှိနေသော ရွှေရောင်အနှစ်သာရအရည် ရေကန်တစ်ခုသည် သူ၏ခန္ဓာကိုယ်အား ပထမအဆင့်ဖြစ်သော တောင်ရွေ့လျားခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိရန် သေချာပေါက် ခွင့်ပြုပေးနိုင်မည် ဖြစ်ပါသည်။
ချင်ယွင်သည် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်၏ အစောပိုင်းအဆင့်ကို ဖြတ်ကျော် ရန်အတွက် အစီအစဉ်မရှိခဲ့ပါဘူး။ သူသည် အဆင့်ချိုးဖြတ်မူကို သူအလိုရှိသည်နှင့် အချိန်မရွေး ဖြတ်ကျော်နိုင်ပါသည်။ သို့သော်လည်း သူ အဆင့်ချိုးဖြတ်ပြီးသည်နှင့် သူသည် ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်ကပ်ဘေးဒုက္ခကြီးကို မလွဲမသွေ ဆွဲဆောင်နိုင်မည် ဖြစ်ပါသည်။
ယခင် ကောင်းကင်ကပ်ဘေးဒုက္ခနှင့် ပတ်သက်ပြီး ချင်ယွင်သည် ကြောက်ရွံ့ထိတ်လန့် မူကို ခံစားရနေရဆဲ ဖြစ်ပါသည်။ အနက်ရောင်လျှပ်စီးနဂါးငယ်လေး၏ အကူအညီ ကြောင့်သာ၊ ထိုသို့မဟုတ်ပါက ချင်ယွင်သည် လျှပ်စီးကပ်ဘေးဒုက္ခအောက်တွင် ပေါက်ကွဲပြီး ပြာအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။
အထူးသဖြင့် ကိုးခုမြောက် လျှပ်စီးကပ်ဘေးဖြစ်သည့်၊ ဓားပုံစံလျှပ်စီးကပ်ဘေး ဖြစ်ပါသည်။ ယခုအချိန် ပြန်တွေးလိုက်လျှင်ပင် သူသည် အနည်းငယ် ကြောက်နေပါ သေးသည်။ ဤကပ်ဘေးဒုက္ခသည် သူ သိုင်းဧကရာဇ်နယ်ပယ်ကို ဖြတ်ကျော်စဉ် တုန်းက သူကြုံတွေ့ခဲ့ရသော လျှပ်စီးကပ်ဘေးဒုက္ခသာ ဖြစ်ပါသေးသည်။
အကယ်၍ ယခုတစ်ကြိမ် သူ အဆင့်ချိုးဖြတ်လိုက်မည်လျှင် သူကြုံတွေ့ရမည့် လျှပ်စီး ကပ်ဘေးဒုက္ခသည် မည်သို့သော မြင်ကွင်းမျိုးဖြစ်မည်ကို သူ အမှန်တကယ် မသိပါဘူး။ ထို့ကြောင့် ချင်ယွင်သည် ကပ်ဘေးဒုက္ခကို အလွယ်တကူ မဖြတ်ကျော်ဝံ့ပေ။ သူ၏ စွမ်းအားက ပို၍မြင့်မားလေ၊ သူ့အနေဖြင့် ကပ်ဘေးဒုက္ခကို ဖြတ်ကျော်နိုင်မည်ဟု ယုံကြည်မူ ပိုရှိလေ ဖြစ်ပါသည်။
သူ၏ရှေ့မှာရှိနေသော ရွှေရောင်အနှစ်သာရအရည်ပမာဏသည် ချင်ယွင်၏ ပထမအဆင့်ဖြစ်သော တောင်ရွေ့လျားခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ဖြတ်ကျော်နိုင်ရန်အထိ ကူညီပေးနိုင်ပါသည်။ ဤသည်မှာ ချင်ယွင်အတွက် ကြီးမားသော ရိတ်သိမ်းမှုကြီးတစ်ခု ဖြစ်ပါသည်။
တုန့်ဆိုင်းနေခြင်းမရှိတော့ဘဲ၊ ချင်ယွင်သည် ကျောက်စိမ်းပုလင်းများကိုထုတ်ကာ ရွှေရောင်အနှစ်သာရအရည်များကို စတင် သိမ်းဆည်းလိုက်ပါသည်။
ဇီရှန်လည်း လျှောက်လာခဲ့သည်။ ချင်ယွင်၏ စိတ်လှုပ်ရှားနေသော အမူအရာကို မြင်လိုက်ရလျှင် သူမသည် သိချင်စိတ်ပြင်းပြနေပြီး မနေနိုင်ဘဲ “အဲဒါက ဘာလဲ”ဟု မေးလိုက်ပါသည်။
"ဒါကို ရွှေရောင်အနှစ်သာရအရည်လို့ ခေါ်ပါတယ်။ အစ်မဇီရဲ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို တိုးပွားအောင် အသုံးပြုလို့ ရတယ်။ တကယ်လို အစ်မဇီလိုအပ်တယ်ဆိုရင် ကျွန်တော် သိမ်းဆည်းပြီးသွားတာနဲ့ တစ်ဝက်ခွဲ ပေးမယ်လေ။" ချင်ယွင်က နည်းနည်းလေးမှ ဖုံးကွယ်မထားဘဲ ပြောလိုက်ပါသည်။ ဇီရှန်ကို တစ်ဝက်ပေး လိုက်ရခြင်းက သူ့ကို အနည်းငယ် နာကျင်စေသော်လည်း ဇီရှန်က သူ့ကို အကြိမ်ကြိမ် ကယ်တင်ပေးခဲ့သည်။ ဤခင်မင်ရင်းနှီးမှုကပင် ချင်ယွင်၏နှလုံးသားတွင် ရွှေရောင် အနှစ်သာရအရည်ထက် ပို၍ အဖိုးတန်နေပြီ ဖြစ်ပါသည်။
"ငါ မလိုချင်ဘူး။ ငါ မင်းကို အားလုံးပေးပါ့မယ်။" ဇီရှန်သည် ရုပ်ခန္ဓာကိုယ်အား ကြံ့ခိုင်သန်မာစေရန်အတွက် ရွှေရောင်အနှစ်သာရအရည်ကို အသုံးပြုရကြောင်း ကြားရ သည့်အခါ သူမသည် ချက်ချင်းပင် စိတ်ဝင်စားမှု ကင်းမဲ့သွားပါသည်။
ဇီရှန်က ရွှေရောင်အနှစ်သာရအရည်ကို စိတ်မဝင်စားကြောင်း တွေ့လိုက်ရသောအခါ ချင်ယွင်သည် စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်း ချလိုက်မိပါသည်။
"အစ်မဇီ၊ အစ်မဇီက ဒီရွှေရောင်အနှစ်သာရအရည်ကို မလိုချင်ဘူးဆိုမှတော့ ဒီ အပြာရောင်ရေခဲနှလုံးသားခြင်ဆီပုလင်းကို ကျွန်တော် ပေးပါ့မယ်။" ချင်ယွင်သည် သူ၏သိုလှောင်လက်စွပ်ထဲမှ အပြာရောင်ရေခဲနှလုံးသားခြင်ဆီပုလင်းကိုထုတ်ပြီး ဇီရှန် အား ပေးရင်း ပြောလိုက်သည်။
ချင်ယွင်သည် သိုင်းဧကရာဇ်နယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့စဉ်တုန်းက သူသည် ပုလင်းကိုးပုလင်းကို အသုံးပြုခဲ့ရသည်။ အခု တစ်ပုလင်းသာ ကျန်ပါတော့ သည်။ မူလက ချင်ယွင်သည် ဤတစ်ပုလင်းကို လင်းဝူရွှန်းကို ပေးရန် ချန်ထား ချင်ခဲ့သော်လည်း ယခု ပြန်တွေးကြည့်လိုက်တော့ ဇီရှန်အတွက် အသင့်တော် ဆုံးဟု သူထင်သည်။
သေချာသည်မှာ၊ ဇီရှန်သည် အပြာရောင်ရေခဲနှလုံးသားခြင်ဆီကို တွေ့ရသောအခါ သူမသည် ချစ်စဖွယ်ကောင်းသောအပြုံးကို ထုတ်ဖော်လာခဲ့သည်။ သူမ၏ မျက်လုံးများက တောက်လောင်နေသော အပူရှိန်များပင် ထွက်ပေါ်နေပါသည်။ သူမသည် ကျင့်ကြံထားသော နတ်ဆိုးအနှစ်သာရများသည် ရေခဲ၏အအေးစွမ်းရည် ဖြစ်သည်။ ဤအပြာရောင်ရေခဲနှလုံးသားခြင်ဆီက သူမအတွက် တကယ်ကို အသုံးဝင် ပါသည်။
"ကျေးဇူးတင်ပါတယ်၊ ကျွန်တော်ကလည်း ကျေးဇူးတင်ပါတယ် အစ်မဇီ။ ယူလိုက်ပါ။" ဇီရှန်သည် ပြုံးပြီး ချင်ယွင်၏လက်ထဲမှ အေးစိမ့်သော အပြာရောင်ရေခဲ့နှလုံးသားခြင်ဆီ ပုလင်းကို ယူလိုက်ပါသည်။
"အစ်မဇီ၊ ကျွန်တော်လည်း အတူတူပါပဲ။ အစ်မဇီနှင့်ယှဉ်ရင် ကျွန်တော်က အစ်မဇီအပေါ် အခွင့်ကောင်းယူသလို ဖြစ်နေတုန်းပါပဲ။ ဒီရွှေရောင်အနှစ်သာရအရည် က အပြာရောင်ရေခဲနှလုံးသားခြင်ဆီထက် အများကြီး အဖိုးတန်ပါတယ်။" ချင်ယွင်က အမှန်အတိုင်းပြောလိုက်သည်။
ဇီရှန်က ခေါင်းညိတ်ပြလိုက်ပြီး သူမ၏မျက်နှာမှာ ပန်းတစ်ပွင့်လို အပြုံးတွေနှင့် ဝေဆာ နေပါသည်။ ချင်ယွင်၏ ရိုးသားမှုက သူမအား အလွန်ပင် ကျေနပ်အားရစေသည်။
"ငါရော။ ငါအတွက်ရော။" နင်ရှင်းက အဝေးမှ ပြေးလာပြီး အော်ပြောလိုက်လေသည်။
သို့သော် ချင်ယွင်က သူမကို တစ်ချက်ကြည့်ကာ "မရှိဘူး" ဟု ပြန်ဖြေလိုက်လေသည်။
နင်းရှင်း၏ ပါးပြင်သည် ချက်ချင်းပင် ဒေါသအရိပ်လွှမ်းခြုံသွားကာ "တွန့်တိုလိုက်တာ" ဟု ရေရွတ်ရင်း ချင်ယွင်ကို စကားမပြောတော့ပေ။
ချင်ယွင်သည် ဤမိန်းကလေးကို အာရုံစိုက်ရန်ပင် ပျင်းလွန်းလှသည်။ သူသည် ရွှေရောင်အနှစ်သာရအရည် အားလုံးကို ကျောက်စိမ်းပုလင်းထဲသို့ ထည့်လိုက်ပြီး နောက်ဆုံးတွင် ပုလင်းနှစ်ဆယ်ရှိကြောင်း တွေ့ရှိရသည်။
အကယ်၍ သူသည် ဤရွှေရောင်အနှစ်သာရအရည်ကို အင်မော်တယ်ကမ္ဘာတွင် ရောင်းချမည်ဆိုလျှင်ပင် ဈေးနှုန်းအမျိုးအစားကို မသိသေးပေ။ ၎င်းသည် အဆင့်နိမ့်အဆင့် အကြီးမြတ်ဆုံးအင်မော်တယ်အဆင့် ပစ္စည်းတစ်ခုနှင့် ညီမျှပေမည်။
"နောက်ခန်းမကို သွားရအောင်။ ဒီခန်းမက တတိယထပ်ကိုသွားမယ့် ဝင်ပေါက် မရှိဘူး။" ချင်ယွင်က ပြောလိုက်ပါသည်။
ဇီရှန်သည်လည်း ခေါင်းညိတ်လိုက်သည်။ သူမသည် လှိုဏ်ဂူအကြောင်းကို တိကျ သေချာစွာ နားလည်ထားသည်။ လှိုဏ်ဂူကို အထပ်သုံးထပ်ခွဲထားပြီး နောက်ဆုံး ရတနာသည် တတိယထပ်တွင်ဖြစ်ကြောင်း သူမ သိပါသည်။
ထို့ကြောင့် ချင်ယွင် နှင့် ဇီရှန်တို့သည် နောက်ထပ်ခန်းမတစ်ခုဆီသို့ လျှောက်လာခဲ့ သည်။ ဧရာမဝေလငါးနန်းတော်၏ မင်းသမီးလေးသည်လည်း ခန်းမထဲသို့ တစ်ယောက် တည်း မဝင်ဝံ့သောကြောင့် ချင်ယွင်တို့နောက်မှ လိုက်ပါလာခဲ့သည်။
ခန်းမများကြားတွင် ရှည်လျားသောစင်္ကြံများ ရှိလေသည်။ အကယ်၍ ချင်ယွင်နှင့် အခြားလူများသည် နောက်ခန်းမထဲကို ဝင်ချင်သည်ဆိုလျှင် ထိုရှည်လျားသော စင်္ကြံတစ်ခုကို ဖြတ်ကျော်ရပါလိမ့်မည်။
“ဘုန်း”..။
သို့သော် ချင်ယွင်နှင့် အခြာလူများသည် နောက်ခန်းမတစ်ခုထဲသို့ ဝင်ခါနီးတွင် ကျယ်လောင်သောအသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာပြီး မြေပြင်တစ်ခုလုံး တုန်ခါသွားသည်။
“တစ်ယောက်ယောက်က တိုက်ခိုက်နေတာများလား”။
ချင်ယွင် နှင့် ဇီရှန်တို့၏ အမူအရာများ ပြောင်းလဲသွားပြီး ပင်မခန်းမဆီသို့ အမြန် ပြေးသွားလိုက်ကြသည်။
ချင်ယွင် နှင့် အခြာလူများသည် ပင်မခန်းမထဲသို့ ဝင်သွားရောက်သွားသောအခါတွင် သူတို့မျက်လုံးများထဲသို့ ဝင်ရောက်သွားသော မြင်ကွင်းကြောင့် သူတို့သည် အံ့အားသင့် သွားကြရသည်။
"ဒါ...ဧကရာဇ်ပျားအုံတစ်ခုလား?" ချင်ယွင်သည် ချက်ချင်းပင် အေးစက်သောလေကို ရှုရှိုက်လိုက်မိပါသည်။
ဇီရှန်၏အမူအရာသည်လည်း ပြောင်းလဲသွားပြီး အံ့အားသင့်နေသည့် အမူအရာ ဖြစ်ပေါ်နေပါသည်။ သိသာထင်ရှားသည်မှာ သူမသည်လည်း သူမရှေ့မှာရှိနေသည့် ဤအရာကို မှတ်မိပါသည်။
ခန်းမအလယ်တွင် ကြီးမားသော အနက်ရောင်ဉကြီးတစ်ခုက တွဲလောင်းကြီး ရှိနေပါသည်။ သို့သော်လည်း ထိုအရာသည် တကယ့်ဥကြီးတစ်ခု မဟုတ်ပါဘူး။ ၎င်းဉကြီးတွင် ထူထပ်များပြားသော အပေါက်များလည်း ရှိနေခဲ့ပါသည်။
ရံဖန်ရံခါဆိုသလို လက်သီးအရွယ်ရှိ အနက်ရောင်ဧကရာဇ်ပျား တစ်ကောင် သို့မဟုတ် နှစ်လုံးသည် ထိုအပေါက်များထဲမှ ထွက်ပေါ်ပျံသွားတတ်ပါသည်။
အဆိုပါ အရွယ်ရောက်ပြီးသော အနက်ရောင်ဧကရာဇ်ပျားများသည် လက်သီးဆုပ် အရွယ်အစားမျှသာ ရှိသော်လည်း ၎င်းတို့၏အစွမ်းသည် အဆင့်ငါး၏ အထွတ်အထိပ် တွင် ရှိနေပါသည်။
အဆင့်ငါးအထွက်အထိပ်သည် ကြောက်စရာမဟုတ်သော်လည်း အဆိုပါ အနက်ရောင် ဧကရာဇ်ပျားများနှင့်ပတ်သက်ပြီး အကြောက်ရဆုံးအရာမှာ ၎င်းတို့၏ အရေအတွက် ဖြစ်ပါသည်။
ဧကရာဇ်ပျားအုံတိုင်းတွင် ဧကရာဇ်ပျားများအားလုံးကို အမိန့်ပေးနိုင်သော ဧကရာဇ်ပျားဘုရင်မ တစ်ပါးလည်း ရှိပါသည်။
ဧကရာဇ်ပျားဘုရင်မ၏ခွန်အား တိုးလာသည်နှင့်အမျှ ဧကရာဇ်ပျားအုံ၏ အရွယ်အစား သည်လည်း တဖြည်းဖြည်း တိုးလာမည် ဖြစ်ပါသည်။ ဧကရာဇ်ပျားအုံကြီး ကြီးမားလေ၊ အဆင့်ငါး အထွက်အထိပ် အနင်ရောင်ဧကရာဇ်ပျား အရေအတွက်ကလည်း များပြားလေ ဖြစ်ပါသည်။
ယခုအချိန်တွင် ဧကရာဇ်ပျားအုံသည် အနည်းဆုံး အဆင့်ငါး အထွက်အထိပ် အနက်ရောင်ဧကရာဇ်ပျား တစ်သောင်းပါဝင်ပြီး အိမ်တစ်လုံး၏ အရွယ်အစားဟု ခန့်မှန်းရသည်။
အရေတွက်တစ်သောင်းလား? အဆင့်ငါးအထွက်အထိပ် ဆိတ်သုဉ်းခြင်းသားရဲ အရေတွက် တစ်သောင်းကျော်။ အကယ်၍ သင်သည် အမှန်တရားသို့ပြန်လည်ခြင်း နယ်ပယ်မှာ ရှိနေမည်ဆိုလျှင်ပင် ဘာများတတ်နိုင်မည်နည်း။ တခဏအတွင်းမှာ သင်သည် အရိုးအစအန မကျန်တော့သည်အထိ ဝါးမျိုးခံရပါလိမ့်မည်။
ထို့အပြင် ဧကရာဇ်ပျားဘုရင်မ၏ ခွန်အားများ တိုးလာသည်နှင့်အမျှ ဤအနက်ရောင် ဧကရာဇ်ပျားများသည်လည်း ကြီးထွားလာမည်ဖြစ်ကာ ၎င်းတို့၏ ခွန်အားများလည်း တိုးလာမည် ဖြစ်ပါသည်။
ချင်ယွင်သည် သူ၏စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြု၍ ဧကရာဇ်ပျားအုံကြီးကို စူးစမ်းလေ့လာကြည့်ရာ ဧကရာဇ်ပျားဘုရင်မသည် အထဲမှာ အိပ်ပျော်နေကြောင်း တွေ့ရှိခဲ့ရသည်။ သူမ၏ခွန်အားသည် အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ်၏ နှောင်းပိုင်းအဆင့်သို့ အမှန်တကယ် ရောက်ရှိနေခဲ့ပါပြီ။
ဧကရာဇ်ပျားဘုရင်မသည် အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ်၏ နှောင်းပိုင်းအဆင့် တွင်သာရှိသည်ဟု လျှော့မတွက်သင့်ပေ။ သူမ၏ တိုက်ခိုက်ရေးစွမ်းအားသည် ကြောက်စရာမဟုတ်သော်လည်း၊ သူမ၏ လက်အောက်ငယ်သားများကို ပေါင်းထည့် လိုက်ခြင်းဖြင့် ၎င်းသည် တုနှိုင်းမဲ့ကြောက်စရာပင် ဖြစ်လာပါလိမ့်မည်။ သာမန် အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူများသည်ပင် သူမ မမြင်တွေ့သောနေရာ၌ ပုန်းအောင်းနေကြမည် ဖြစ်ပါသည်။ အမှန်တရားသို့ ပြန်လည်ခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူများ ရှင်းလင်းသုတ်သင်ခံရမည်ကို စကားထဲပင် ထည့်ပြောစရာ မလိုပါချေ။
ချင်ယွင်သည် အင်မော်တယ်ကမ္ဘာတွင် အစောပိုင်း လျိုအင်မော်တယ်အဆင့် ဧကရာဇ် ပျားဘုရင်မတစ်ကောင်ကို တစ်ကြိမ်တွေ့ခဲ့ဖူးသည်။ ရာနှင့်ချီသော အစစ်အမှန် အင်မော်တယ်အဆင့် ဧကရာဇ်ပျားများနှင့်အတူ၊ သူမသည် လျှိုအင်မော်တယ် နယ်ပယ်၏ အထွက်အထိပ်အဆင့် ကျွမ်းကျင်ပညာရှင်ကိုပင် ချေမှုန်းပစ်ခဲ့သည်။ လျှိုအင်မော်တယ်နယ်ပယ်၏ အထွက်အထိပ်အဆင့် ကျွမ်းကျင်ပညာရှင်တောင်မှ လက်တုံ့ပြန်ရန် နေရာမရှိပါပေ။
ထိုအချိန်တွင် ခန်းမထဲမှာ အခြားလူတစ်ယောက်လည်း ရှိနေပါသည်။ ဧရာမဝေလငါး နန်းတော်မှ ဆံပင်ဖြူ အဘိုးကြီးဖြစ်ပါသည်။
သူသည် အနက်ရောင်ဧကရာဇ်ပျားများ၏ ဝိုင်းရံခြင်းကို ခံနေရပြီး ကျဉ်းထဲကျပ်ထဲ အခြေနေမျိုး ဖြစ်နေသည်။ အစောပိုင်းက အုတ်အုတ်ကျက်ကျက်အသံသည် ထိုအနက်ရောင်ဧကရာဇ်ပျားတွေကို သုတ်သင်ရန်အတွက် သူ၏တိုက်ခိုက်ခြင်းကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။
နောက်ဆုံးတွင်၊ ထိုဆံပင်ဖြူအဘိုးကြီးသည် အမှန်တရားသို့ ပြန်လည်ခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပါပြီ။ သူ၏တိုက်ခိုက်မှုသည် အလွန် ပြင်းထန်လွန်းသည်။ တစ်ချက်တစ်ချက် ထိုးနှက်ချက်ကြောင့် အနက်ရောင် ဧကရာဇ်ပျား အများအပြား သေဆုံးပြီး ဒဏ်ရာရရှိကြသည်။ အနက်ရောင် ဧကရာဇ်ပျားများ၏ အလောင်းတွေက ဆက်တိုက်ဆိုသလို ပြုတ်ကျနေပါသည်။
"ဟား၊ ဟား၊ အဲဒါက အဆင့်ငါး ဆိတ်သုဉ်းခြင်းသားရဲလေး တစ်စုပဲလေ။ မင်းတို့က ငါ့ကို ဘာများ ဒုက္ခပေးနိုင်မှာလဲ၊ မင်းတို့ လာချင်သလောက်သာလာ ငါ အကုန် သတ်ပစ် မယ်" ဆံပင်ဖြူအဘိုးကြီးသည် အန္တရာယ်ကျရောက်နေပြီဟု ရှင်းရှင်းလင်းလင်း မသိလိုက်ဘဲ သူ၏အောင်မြင်မှုများအတွက် ဂုဏ်ယူကျေနပ်နေလေသည်။
ထိုမြင်ကွင်းကိုမြင်ရလျှင် ချင်ယွင်သည် မျက်မှောင်ကြုတ်ပြီး စိတ်ထဲမှာ သက်ပြင်းချကာ ပြောလိုက်ပါသည် "မကောင်းတော့ဘူး!"။
သေချာသည်မှာ ဧကရာဇ်ပျားအုံထဲမှာ အိပ်ပျော်နေသော ဧကရာဇ်ပျားဘုရင်မသည် ရုတ်တရက် မျက်လုံးပွင့်လာပါသည်။
အခန်း (၄၈၈) ဧကရာဇ်ပျားဘုရင်မ။
ဘန်း….။
ချက်ချင်းပင် ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာသည်။ ဤလှိုင်းလုံးကြီး ထွက်ပေါ်လာပြီးနောက်တွင်၊ ဧရာမဝေလငါးနန်းတော်မှ ဆံပင်ဖြူ အဖိုးအိုအား အနှောင့်ယှက်ပေးကာ တိုက်ခိုက်နေကြသည့် အနက်ရောင် ဧကရာဇ်ပျား များသည် အမိန့်ကို လက်ခံလိုက်ရပုံပေါ်ပြီး အားလုံးသည် ပျားအုံကြီးဆီသို့ ပြန်ပြေး သွားကြပါသည်။
အမွှေးအတောင်ပါသည့် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လှပသော အမျိုးသမီး တစ်ဦးသည် ပျားအုံကြီးထဲမှ ပေါ်လာပါသည်။ သူမ၏ အသားအရေသည် ဆီသုတ်ထား သည့်အလား ပြောင်ချောနေပြီး နှင်းဖြူရောင်အတွင်းမှာ ပန်းရောင် သမ်းနေသည်။ သူမ၏ ရုပ်ရည်အသွင်အပြင်သည် ကောင်းကင်အင်မော်တယ်တစ်ပါးကဲ့သို့ပင် လှပနေ ပြီး ဇီရှန်အောက် နည်းနည်းလေးမှ မနိမ့်ကျပေ။
သို့သော် ထိုအချိန်တွင် ထိုအမျိုးသမီး၏ မျက်လုံးများသည် နီရဲနေပြီး အမျက်ဒေါသများ ပြည့်နှက်နေခဲ့သည်။ အထူးသဖြင့် အနက်ရောင် ဧကရာဇ်ပျားအလောင်းများ မြေပြင်ပေါ်တွင် ပျံ့ကြဲနေသည်ကို မြင်လိုက်ရသောအခါတွင် သူမ၏ အကြည့်များသည် ရေခဲကဲ့သို့ အေးစက်သွားလေသည်။
သူမသည် လူအုပ်ကို အချိန်အတော်ကြာအောက် လှည့်ပတ်ကြည့်ရူပြီးနောက် ဧရာမဝေလငါးနန်းတော်မှ ဆံပင်ဖြူ အဘိုးအိုဆီကို လှည့်ကြည့်လိုက်ပါသည်။
"မင်းက ငါ့ကလေးတွေ အများကြီးကို သတ်နေတာလား" အနီရောင်ဝတ် အမျိုးသမီးက အေးစက်စွာ မေးလိုက်သည်။
"အဲတော့ ဘာဖြစ်လဲ?" ဆံပင်ဖြူအဘိုးကြီးသည် အန္တရာယ်ကို သတိမပြုမိသေးဘဲ မထီမဲ့မြင်ပြုသည့် အမူအရာဖြင့် ပြောလိုက်သည်။
ချင်ယွင်သည် ထိုစကားကိုကြားသောအခါတွင်၊ သူသည် ချက်ချင်းပင် စိတ်ထဲတွင် ကျိန်ဆဲလိုက်မိသည် "အရူးပဲ!"။
ဇီရှန်သည်လည်း ဆံပင်ဖြူ အဘိုးကြီးသည် ထိုကဲ့သို့စကားမျိုး မပြောသင့်ဟု ခံစားမိသည့်အလား မျက်မှောင် ကြုတ်လိုက်မိသည်။
သေချာပါသည်။ ဆံပင်ဖြူအဘိုးကြီးပြောပြီးသည်နှင့် အနီရောင်ဝတ် အမျိုးသမီး၏ မျက်လုံးတွေက ချက်ချင်းကျဉ်းသွားပြီး သတ်ဖြတ်လိုသည့်ဆန္ဒ တစွန်းတစက သူမမျက်လုံးများ၏ နက်ရှိုင်းရာအရပ်မှ ထွက်ပေါ်လာပါသည်။
ထိုအခြင်းအရာကို ချင်ယွင် မြင်လိုက်သည်နှင့် ဧကရာဇ်ပျားဘုရင်သည် သတ်ပစ်လို စိတ်ရှိနေပြီဆိုသည်ကို ချက်ချင်း သူ သိလိုက်ပါပြီ။ သူသည် ဤအရှုပ်ရှင်းထဲ မပါဝင်ချင်သောကြောင့် ဇီရှန်နှင့်အတူ ထွက်ခွာရန် ပြင်ဆင်လိုက်ပါသည်။
သို့သော် ဤအခိုက်အတန့်တွင် သူသည် ပျားလပို့ကြီး၏ နောက်ကွယ်မှာ မြေပြင် အောက်ထပ်ဆီသို့ ဦးတည်နေသော လှေကားထစ်တစ်ခုကို မြင်လိုက်ရပါသည်။ ထိုအရာသည် မြေအောက်တတိယထပ်၏ ဝင်ပေါက် ဖြစ်နေပါသည်။
"ဟင်း…သေလိုက်စမ်းပါ။ ဘာလို့ ဒီခန်းမထဲမှာမှ မြေအောက် တတိယထပ်ကို သွားတဲ့ ဝင်ပေါက် ရှိနေရတာလဲ" ချင်ယွင်က သူ၏စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါသည်။
ဤဧကရာဇ်ပျားဘုရင်မသည် ရန်စရန် လွယ်ကူသော ပစ်မှတ်တစ်ခု မဟုတ်သည်မှာ သေချာပါသည်။ ယခုအချိန်တွင် ဆံပင်ဖြူအဘိုးကြီးသည် သူမအား ရန်စီနေပြီး ဖြစ်နေပြီ ဖြစ်သောကြောင့် တိုက်ပွဲတစ်ခု မလွဲမသွေ ဖြစ်လာမည်ကို သူ ကြောက်ရွံ့ နေမိသည်။ ထိုအချိန်ရောက်လျှင် ချင်ယွင်နှင့် အခြားသူများသည် သူတို့၏ အလောင်းများကို မီးသင်္ဂြိုဟ်ရဖို့ အလားအလာ အလွန်များသည်။ ယခုအချိန်မှာ ဉာဏ်ပညာအရှိဆုံး ရွေးချယ်မှုက ထွက်ခွာသွားရန် ဖြစ်ပါသည်။
သို့သော် မြေအောက် တတိယထပ်သို့ ဝင်ပေါက်သည် ဧကရာဇ်ပျားအုံနောက်တွင် ရှိနေပြန်သည်။ ထို့ကြောင့် ချင်ယွင် အနည်းငယ် တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေသည်။
"မေ့လိုက်ပါ၊ ဘာဖြစ်မလဲ အရင်စောင့်ကြည့်ရအောင်!" ချင်ယွင်က သူ့ကိုယ်သူ တွေးလိုက်သည်။
ချင်ယွင်၏နောက်တွင်ရှိသော နင်ရှင်းသည် ဆံပင်ဖြူ အဘိုးအိုကို တွေ့လိုက်ရသည်။ မူလက သူမသည် ထိုအဘိုးအိုဆီသို့ အပြေးအလွှား ပြေးသွားခဲ့သော်လည်း ချင်ယွင်က သူမကို လှမ်းဆွဲပြီး တားဆီးလိုက်သည်။ ဆံပင်ဖြူအဘိုးကြီးနှင့်အတူ ဤမိန်းကလေး အချည်းနှီး သေသွားမည်ကို သူ မမြင်ချင်ပါဘူး။
“ဒီအဘိုးကြီးကို ကယ်တင်ရမှာလား?”။
ချင်ယွင်မှာ ထိုကဲ့သို့တာဝန်မျိုး မရှိသလို သူကိုယ်တိုင်သည်လည်း ထိုကဲ့သို့ အတွေးမျိုး မရှိခဲ့ပေ။ ထို့အပြင်၊ ဆံပင်ဖြူအဖိုးအိုသည် အင်မော်တယ်နန်းတော်၏ သော့အတွက် ဤနေရာသို့ ရောက်ရှိလာခဲ့သည်။ တစ်နည်းအားဖြင့်၊ ဆံပင်ဖြူ အဘိုးကြီးလည်း ချင်ယွင်၏ ပြိုင်ဘက် ဖြစ်ပါသည်။
"ဟမ့်၊ မင်းက ငါ့သားသမီးတွေ အများကြီးကို သတ်ဖြတ်ခဲ့တယ်။ ဒီနေ့ မင်းအနေနဲ့ အသက်လျက် ထွက်မသွားနိုင်တော့ဘူး" အနီရောင်ဝတ် အမျိုးသမီးက အေးစက်စွာ အော်ပြောလိုက်သည်။ သူမ၏ခန္ဓာကိုယ်ပေါ်ရှိ အမွေးအတောင်နီရောင်ဝတ်စုံသည် ချက်ခြင်း ငြိမ်သက်လာပြီး ထူးခြားသော စွမ်းအင်အတက်အကျလှိုင်းတစ်ခု ချက်ချင်း ပျံ့နှံ့သွားသည်။
"အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ်ရဲ့ နှောင်းပိုင်းအဆင့်လေးနဲ့ မင်းက ငါ့ကို အနိုင်ယူချင်နေသေးတာလဲ။ ငါ မင်းကို ပြောပြလိုက်မယ်။ ငါက အမှန်တရားသို့ ပြန်လည်ခြင်းနယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်ကို ရောက်နေပြီ။ တကယ်လို့ မင်းအနေနဲ့ ဉာဏ်ကောင်းတယ်ဆိုရင် မင်းရှေ့ကနေ လမ်းဖယ်ပေးပြီး ငါ့ကို ဖြတ်ကျော်သွားခွင့် ပြုလိုက်ပါ" ဆံပင်ဖြူ အဘိုးကြီးသည် အနီရောင်ဝတ်စုံဝတ် အမျိုးသမီး၏ ကျင့်ကြံမူအဆင့်က သူလောက် မမြင့်မားသည်ကို မြင်လိုက်ရစဉ်မှာ မောက်မာစွာ အော်ပြောလိုက်ပါသည်။
အနီရောင်ဝတ် အမျိုးသမီးသည် နှားခေါင်းရှုံ့လိုက်သော်လည်း မည်သည့်စကားမှ ပြန်မပြောတော့ပေ။ သူမ၏လက်ကို တချက်ဝှေ့ယမ်းလိုက်သည်နှင့် မမြင်နိုင်သော စွမ်းအင်လှိုင်း အတက်အကျတစ်ခု ပျံ့နှံ့သွားခဲ့သည်။
“ဝှီး….ဝှီး….။
မမြင်နိုင်သော စွမ်းအင်အတက်အကျလှိုင်းများ ပျံ့နှံ့လာသည်နှင့်အမျှ အနီရောင်ဝတ် အမျိုးသမီး၏ နောက်ကွယ်ရှိ ပျားအုံကြီးသည်လည်း ပြင်းထန်စွာ တုန်ခါလာပါသည်။
အနက်ရောင်ဧကရာဇ်ပျားများသည် ပျားအုံထဲမှ စတင်ထွက်ပေါ်လာပြီး အနီရောင်ဝတ် အမျိုးသမီး၏ ဦးခေါင်းထက်တွင် ထူထပ်သိပ်သည်းစွာ ပေါ်လာပါသည်။ ကြည့်လိုက်ရင် ၎င်းတို့သည် ၅၀၀၀ ထက်မနည်း ရှိပါလိမ့်မည်။
"ဟမ့်၊ ဒီကောင်သေးသေးလေးတွေနဲ့ ထပ်ပြီး ရင်ဆိုင်ခိုင်းမလို့လား။ အသုံးမဝင်ဘူး။ ဒီကောင်လေးတွေက အားနည်းလွန်းတယ်။ မင်း ပို့လွှတ်ပေးသလောက် ငါ သတ်ဖြတ် ပေးမယ်။" ဆံပင်ဖြူ အဘိုးအိုသည် လှောင်ပြောင်လိုက်ပြီး အမှန်တရားသို့ ပြန်လည်ခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်ရှိ သူ၏ အငွေ့အသက်က အနီရောင်ဝတ် အမျိုးသမီးဆီကို ချက်ချင်း ဖိနှိပ်လိုက်သည်။
“သွား”…။
အနီရောင်ဝတ် အမျိုးသမီးက အေးစက်စွာ အော်လိုက်သည်။
အနက်ရောင် ဧကရာဇ်ပျားသည် ဆံပင်ဖြူ အဘိုးအိုဆီသို့ တဟုန်ထိုး ပစ်ဝင်သွား ကြပါသည်။
ဆံပင်ဖြူ အဘိုးကြီးသည် အေးစက်စွာ အော်ဟစ်မာန်သွင်းလိုက်သည်။ ကြောက်မက်ဖွယ်ရာ စွမ်းအင်အတက်အကျလှိုင်းတစ်ခု သူ၏လက်ထဲတွင် ပေါ်လာပြီး ဧကရာဇ်ပျားဘုရင်မဆီသို့ ပစ်လွှတ်လိုက်သည်။
သူ၏ထင်မြင်ယူဆချက်အရဆို၊ ထိုလက်သီးချက်သည် အနည်းဆုံး အနက်ရောင် ဧကရာဇ်ပျား ရာပေါင်းများစွာကို သတ်ပစ်နိုင်ပါသည်။ အနက်ရောင်ဧကရာဇ်ပျား များသည် အရေအတွက် များပြားသော်လည်း၊ သူသည် သူတို့ကို ဆယ်ကြိမ်အတွင်း သတ်ပစ်နိုင်ပါလိမ့်မည်။
သို့သော် သူ အမှားကြီး မှားသွားခဲ့ပါပြီ။ သူသည် ထွက်ပေါ်လာသည့်ရလာဒ်ကို လက်သင့်ခံနိုင်ဖွယ် မရှိခဲ့ပေ။
သူ့ထံမှ လက်သီးချက်ထွက်ပေါ်လာသည်နှင့် အနက်ရောင်ဧကရာဇ်ပျား အစုအဝေး သည် ကွဲထွက်သွားခဲ့ပြီး ဆံပင်ဖြူအဘိုးအို၏ ထိုလက်သီးချက်အား လိမ္မာပါးနပ်စွာ ရှောင်တိမ်းသွားခဲ့ကြပါသည်။
ဆံပင်ဖြူ အဘိုးကြီးသည်လည်း ထိတ်လန့်သွားပါသည်။ ဤပျားကောင်များသည် ၎င်းတို့အနေဖြင့် မည်သို့ရှောင်တိမ်းရမည်ကို အမှန်တကယ် သိနေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ သူ၏လက်သီးချက်သည် အနက်ရောင်ဧကရာဇ်ပျား တစ်ကောင် တစ်လေကိုတောင်မှ မသတ်နိုင်ခဲ့ပါဘူး။
"ဟမ့်၊ ငါ မင်းတို့ကို မသတ်နိုင်ဘူးဆိုတာ ငါ မယုံဘူး"။
ဆံပင်ဖြူ အဘိုးကြီးသည် လက်မခံနိုင် ဖြစ်သွားခဲ့သည်။ နတ်ဆိုးအနှစ်သာရ စွမ်းအင်များသည် သူ၏ခန္ဓာကိုယ်မှ အဆက်မပြတ် ပျံ့နှံ့လာခဲ့ပြီး သူ၏လက်သီးသည် မုန်တိုင်းတစ်ခုလို ဖြစ်နေသည်။
သို့သော် သူ၏လက်သီးသည် မည်မျှပင်လျင်မြန်ပြီး အားကောင်းနေပါစေ အနက်ရောင် ဧကရာဇ်ပျားများသည် ထပ်ထပ်အခါခါ ရှောင်တိမ်းနေပါသေးသည်။
"ဒါက ဘယ်လို ဖြစ်ရတာလဲ?" ဆံပင်ဖြူ အဘိုးကြီးသည် အနည်းငယ် စိတ်ပူသွားသည်။ သူသည် အနက်ရောင်ဧကရာဇ်ပျား တစ်ကောင်ကိုပင် မသတ်နိုင်ခဲ့ပေ။
အကယ်၍ ဤအတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် သူသည် အနက်ရောင် ဧကရာဇ်ပျားအစုအဝေးကို မသတ်ဖြတ်နိုင်ခင်မှာ သူ၏ နတ်ဆိုးအနှစ်သာရ စွမ်းအင်တွေအားလုံး ကုန်ခမ်းသွားလိမ့်မည်။
ထိုအချိန်တွင် သေခြင်းတရားက သူ့ကို စောင့်ကြိုနေပါလိမ့်မည်။
ချင်ယွင်ကတော့ ထိုမြင်ကွင်းကြောင့် အံ့သြသွားခြင်းမျိုး မရှိခဲ့ပါဘူး။ ဧကရာဇ်ပျား ဘုရင်မ ထိန်းချုပ်ထားသော လက်အောက်ခံ ဧကရာဇ်ပျားနှင့် ဧကရာဇ် ပျားဘုရင်မ မထိန်းချုပ်ထားသည့် လက်အောက်ခံဧကရာဇ်ပျား နှစ်ခုသည် လုံးဝ ကွဲပြားခြားနား သည့် အဆင့်နှစ်ခုဟု သူ ပြောနိုင်ပါသည်။
ဧကရာဇ်ပျားဘုရင်မ ထိန်းချုပ်မှုမရှိလျှင် အနက်ရောင်ဧကရာဇ်ပျားသည် မည်မျှပင် များပြားနေပါစေ၊ ၎င်းတို့သည် အဆင်းငါး ဆိတ်သုဉ်းခြင်းသားရဲ အုပ်စုတစ်ခုသာ ဖြစ်ပါသည်။ တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် အစောင်ပိုင်းအဆင့်ရှိ ကျင့်ကြံသူ တစ်ဦးသည်ပင် ၎င်းတို့အားလုံးကို သတ်ဖြတ်နိုင်ပါသည်။
သို့ရာတွင် ဧကရာဇ်ပျားဘုရင်မသည် လက်အောက်ခံ အနက်ရောင်ဧကရာဇ်ပျားများကို ထိန်းချုပ်ထားသည်။ ဧကရာဇ်ပျားဘုရင်မ ထိန်းချုပ်ထားသော ထိုလက်အောက်ခံ အနက်ရောင်ဧကရာဇ်ပျားများသည် လုံးလုံးလျားလျား တသားတည်းဖြစ်သွားခဲ့ပြီး ဧကရာဇ်ပျားဘုရင်မ၏ အမိန့်ကို တစ်ပုံစံတည်း လိုက်နာကြပါသည်။
၎င်းသည် စစ်ချီတက်ရာ၌ ဒရမ်နဖူးစည်းကို ကပ်ထားရသည့် အကြောင်းရင်းနှင့် တူညီပါသည်။ စည်းလွတ်ဝါးလွတ်ဖြစ်နေသော စစ်သည်တော်များသည် လှည့်ပတ်၍ မိမိဘာသာ တိုက်ခိုက်ကြသည်။ ထိုသို့တိုက်ခိုက်ကြမည်ဆိုလျှင် ၎င်းတို့သည် စစ်တပ်၏ အကြီးကျယ်ဆုံး စွမ်းအားကို ပြသနိုင်မည် မဟုတ်ပေ။ အတူတကွ ပူးပေါင်းလုပ်ဆောင်သော အဖွဲ့သည်သာလျှင် ၎င်းတို့၏ တိုက်ခိုက်ရေး အင်အားကို နှစ်ဆတိုးစေပြီး ပြသနိုင်မည် ဖြစ်ပါသည်။
ယခုအချိန်တွင် ဤဧကရာဇ်ပျားအုပ်စုသည် စည်းစနစ်ကျသော စစ်တပ်တစ်ခု ဖြစ်နေပါသည်။ ထိုမျှတင်မကဘဲ သူတို့မှာ စည်းလုံးသည့် ဦးနှောက်တစ်ခုလည်း ရှိနေပါပြီ။ ၎င်းတို့ကို ဧကရာဇ်ပျားဘုရင်မက လုံးဝ ထိန်းချုပ်ထားပါသည်။ ထို့ကြောင့် ဤဧကရာဇ်ပျားများသည် လက်မောင်းတစ်ချက်ဝှေ့ယမ်းရုံဖြင့် အမိန့်ပေးနိုင်သော ဧကရာဇ်ပျားဘုရင်မ၏ ကိုယ်ပွားများကဲ့သို့ပင် ဖြစ်နေပါသည်။
"မင်းအားလုံးကို ငါ သတ်မယ်။" ဆံပင်ဖြူအဘိုးကြီး၏ မျက်လုံးများသည် အနည်းငယ် နီရဲနေပြီ။ သူ၏ တိုက်ခိုက်မှုများသည် လုံးဝ အသုံးမဝင်ခဲ့ပေ။ သူသည် မည်သို့ စိတ်မပူဘဲ နေနိုင်တော့မည်နည်း။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်သည် ရူးသွပ်သွားသည့်အလား ထွက်ပေါ်လာခဲ့ပြီး သူ၏စွမ်းအားများက ခန်းမထဲမှာ ပြည့်လျှံသွားကာ ဧကရာဇ်ပျားဘုရင်မဆီသို့ အဆက်မပြတ် ပြေးဝင်နေလေသည်။
ဧကရာဇ်ပျားဘုရင်မသည် ဆံပင်ဖြူအဘိုးအို စိုးရိမ်ပူပန်စိတ်ဝင်လာသည်ကို မြင်သောအခါတွင် သူမ၏မျက်လုံးများတွင် မထီမဲ့မြင်ပြုသည့် အရိပ်အယောင်များ ပေါ်လာသည်။
“သတ်……”။
အနီရောင်ဝတ် အမျိုးသမီးသည် စကားလုံးတစ်လုံးတည်းကို အော်ပြောလိုက်ပြီး လက်အောက်ခံ ဧကရာဇ်ပျားများ၏ အမြီးဆူးအပ်များသည် တစ်ချိန်တည်းတွင် ပစ်လွှတ် လိုက်ကြလေသည်။
အနက်ရောင် တောက်ပြောင်နေသော အမြီးဆူးအပ်များသည် မိုးရွာသကဲ့သို့ သွန်ကျလာလေသည်။
ဆံပင်ဖြူ အဘိုးအို၏ အမူအရာသည် ပြောင်းလဲသွားခဲ့ပြီး အမြီးအပ်များကို ပိတ်ဆို့ တားဆီးရန်အတွက် အကာအကွယ် အကာအရံတစ်ခု ဖန်တီးရန် သူ၏ နတ်ဆိုး အနှစ်သာရကို အလျင်အမြန် အသုံးပြုလိုက်သည်။
ဤအနက်ရောင် ဧကရာဇ်ပျားများသည် အဆင့်ငါး နှောင်းပိုင်းတွင် ရှိနေဆဲဖြစ်ပြီး သူ၏ နတ်ဆိုးအနှစ်သာရဖြင့် ဖွဲ့စည်းထားသော အကာအကွယ်ကို မထိုးဖောက်နိုင်ဟု သူ ယုံကြည်ထားပါသည်။
သို့သော် သူသည် နောက်တကြိမ် မှားသွားပြန်ပါပြီ။ ဆံပင်ဖြူ အဘိုးအို၏ နတ်ဆိုး အနှစ်သာရဖြင့် ဖန်တီးထားသော မူလဒိုင်းကို အနက်ရောင်အမြီးဆူးအပ်များက ထိမှန်သွားသောအခါ၊ ဒိုင်းသည် ပြိုကျသွားပုံရပြီး အပေါက်ကြီးများ ဖြစ်ပေါ်လာပါ သည်။ အမြီးဆူးအပ်တွေက သူ၏ခန္ဓာကိုယ်ထဲကို ချက်ချင်း ထိုးဖောက် ဝင်ရောက်သွားပါသည်။
“အား……….”
ဆံပင်ဖြူ အဘိုးကြီးသည် သနားစရာကောင်းသော အော်သံဖြင့် အော်ဟစ်လိုက်ပြီး ချက်ချင်းပင် ဖြူကောင်တစ်ကောင်ကဲ့သို့ ဖြစ်သွားပါလေသည်။
ထိုတင်မကသေးဘဲ သူ၏မျက်နှာက ချက်ချင်းပင် ခရမ်းရောင် ပြောင်းသွားပါသည်။ သူသည် အဆိပ်မိသွားသည်မှာ သိသာပါသည်။
အခန်း (၄၈၉) ကျောက်ရုပ်ထု တိုက်ခိုက်ခြင်း။
“ဒေါင်”..။
ဆံပင်ဖြူ အဘိုးကြီးသည် လုံးဝမလှုပ်နိုင်ဘဲ နောက်သို့ ပစ်လဲကျသွားပါသည်။ သူ၏ ပါးစပ်မှ သွေးများ ဆက်လက် စီးကျနေသော်လည်း သွေးများက မည်းနက်နေပါသည်။
နောက်ဆုံးတော့ သူသည် မလှုပ်ရှားနိုင်တော့ဘဲ သေဆုံးသွားခဲ့ပါသည်။
ချင်ယွင်သည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ မထိန်းနိုင်ဘဲ အံသြသွားမိပါသည်။
ဂုဏ်သိက္ခာကြီးမားလှသော အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ်၏ အထွက်အထိပ် အဆင့် ကျွမ်းကျင်သူတစ်ဦးသည် ထိုကဲ့သို့ အသတ်ခံခဲ့ရပြီး ဧကရာဇ်ပျားဘုရင်မ ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားခြင်းပင် မရှိခဲ့ချေ။ ဤအရာက ချင်ယွင်ကို မယုံကြည်နိုင် အောင် ဖြစ်စေခဲ့ပါသည်။
ဇီရှန်၏ မျက်လုံးများသည်လည်း ဖြူကောင်နှင့်တူနေသော ဆံပင်ဖြူအဖိုးကြီးကို လှမ်းကြည့်ရင်း ဖော်မပြနိုင်လောက်သည့် အံ့အားသင့်သည့် အမူအရာ ပေါ်လာနေပါ သည်။ သူမ၏စိတ်ထဲမှာ မည်သည့်အရာများ တွေးတောနေသည်ကို မည်သူမျှ မသိနိုင်ပေ။
သေချာသည်မှာ နင်ရှင်းကတော့ ထိတ်လန့်တုန်လှုပ်ဆုံး လူတစ်ယောက် ဖြစ်နေပါ သည်။ ထိုအချိန်တွင် သူမ၏ မျက်နှာသည် မယုံကြည်နိုင်သည့် အမူအယာ များဖြင့် ပြည့်နှက်နေပါသည်။ ဆံပင်ဖြူ အဘိုးအိုကို အဆင့်ငါး ဆိတ်သုဉ်းခြင်းသားရဲ အုပ်စုတစ်စုက သတ်ပစ်သွားခဲ့ကြောင်း သူမ မယုံကြည်နိုင်သေးပါ။ ဤအမြီးဆူး အပ်များသည် ဤမျှပင် ကြောက်စရာကောင်းနေသည်လား?။
“ဟမ့်”..။
အနီရောင်ဝတ် အမျိုးသမီးသည် အေးစက်စွာ နှာခေါင်းရှုံ့ပြီး သူမ၏ ဝတ်စုံ လက်မောင်းကို ဝှေ့ယမ်းလိုက်ပါသည်။
အနက်ရောင်ဧကရာဇ်ပျားများသည် ကောင်းကင်မှ ချက်ချင်းဆိုသလို ဆံပင်ဖြူ အဘိုးအို၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာခဲ့ပါသည်။ ချက်ချင်းဆိုသလိုပင် ဆံပင်ဖြူ အဘိုးကြီး၏ ခန္ဓာကိုယ်သည် လုံး၀ ဝါးမြိုခြင်း ခံလိုက်ရပါသည်။
နင်ရှင်းသည် မထိန်းနိုင်ဘဲ သူမပါးစပ်ကို အုပ်ပြီး ငိုကြွေးမိသည်။
ချင်ယွင် နှင့် ဇီရှန်တို့သည် အနည်းငယ် မျက်မှောင်ကြုတ်သွားကြသည်။ သူတို့သည် နတ်ဆိုးသားရဲကမ္ဘာရှိ တောတွင်းဥပဒေများနှင့် လိုက်လျောညီထွေ ရှိနေကြသော် လည်း၊ ဤမြင်ကွင်းသည် ကြောက်စရာကောင်းသော ခံစားချက်ကို ပေးစွမ်းနေဆဲ ဖြစ်ပါသည်။
“အယ်”…။
ထိုအချိန်တွင် ချင်ယွင်သည် ရုတ်တရက် သူ၏ကျောပြင်သည် ဖျတ်ခနဲ အေးစိမ့်သွား သည်ကို ခံစားလိုက်ရပါသည်။ သူသည် ရုတ်တရက် ခေါင်းကို မော့လိုက်ချိန်မှာ အနီရောင်ဝတ်စုံဝတ် အမျိုးသမီးသည် သူမ၏ ပါးစပ်ထောင့်မှ လှောင်ပြောင် သရော်နေသည့်အကြည့်ဖြင့် သူ့ကို ကြည့်နေသည်ကို တွေ့လိုက်ရပါသည်။
ဇီရှန်သည် ချက်ခြင်းပင် သတိထားလာသလို နင်ရှင်းသည်လည်း ချက်ခြင်း ငိုရပ်သွားပါသည်။
ချင်ယွင်က ချက်ချင်း ပြောလိုက်ပါသည် "ပျားဘုရင်မကို စော်ကားဖို့ ကျွန်တော်တို့မှာ ရည်ရွယ်ချက် မရှိပါဘူး။ ကျွန်တော်တို့က ဒီလှေကားကို ဖြတ်ကျော်ပြီး ဝင်ချင်ရုံပါပဲ။ သခင်မပျားဘုရင်မက ကျွန်တော်တို့ကို ဖြတ်ကျော်ခွင့် ပေးနိုင်ပါ့မလားလို့ တွေးမိပါ တယ်။"
"ဖြတ်ကျော်သွားဖို့လား။ ဟမ့်၊ ဖြစ်နိုင်မယ်လို့ရော မင်းထင်လား" အနီရောင်ဝတ် အမျိုးသမီးက လှောင်ပြောင်ပြီး ချင်ယွင်ကို လှည့်ကြည့်လိုက်သည်။ သူမသည် ချင်ယွင် ကို စိုက်ကြည့်ကာ တုန့်ခနဲရပ်သွားပါသည်။
ချင်ယွင်က သူ့ကို သားကောင်အဖြစ် ခေါ်ဆောင်သွားသလို ခံစားလိုက်ရပြီး သူ၏ တစ်ကိုယ်လုံး အလွန်အမင်း ပုံမှန်တိုင်းမဟုတ်သလို ခံစားလိုက်ရပါသည်။
အနီရောင်ဝတ် အမျိုးသမီးက ရုတ်တရက် ပြုံးပြီး ပြောသည် " ဘယ်လောက်တောင်မှ အစွမ်းထက်တဲ့ သွေးစွမ်းအင်တွေလဲ။ တကယ်လို့ ငါသာ မင်းကို ဝါးမျိုနိုင်မယ်ဆိုရင် အမှန်သို့ပြန်လည်ခြင်းနယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်ကို ရောက်နိုင်မှာ သေချာတယ် " ။
ထိုစကားကို ပြောပြီးပြီးချင်း ချင်ယွင်၏ မျက်ခုံးတွေက နက်ရှိုင်းစွာ တွန့်သွားခဲ့ပါသည်။
ဧကရာဇ်ပျားဘုရင်မသည် သူမ၏စိတ်ထဲတွင် သူ၏အသွေးအသားများကို ဝါးမြိုရန် အတွေးမျိုး အမှန်တကယ် ရှိနေသည်ကို သူ မည်သို့မျှ မခန့်မှန်းနိုင်ဘဲ နေမည်နည်း။
အမှန်တကယ်လည်း ချင်ယွင်၏ ခန္ဓာကိုယ်သည် တကယ့်ကို အဖိုးမဖြတ်နိုင်သော ရတနာတစ်ခု ဖြစ်နေပါပြီ။ သူသည် ဖရိုဖရဲအစိမ်းရောင်ကြာပန်း၏သွေးမျိုးဆက်နှင့် မီးနဂါးသွေးမျိုးဆက်နှစ်မျိုးစလုံးကို ပိုင်ဆိုင်ထားပါသည်။ ထို့အပြင်၊ သူသည် လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာကိုလည်း ကျင့်ကြံထားပါသည်။ လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်ချီဖြင့် နှစ်ခြင်းခံပြီးနောက်၊ သူ၏ခန္ဓာကိုယ်တွင် ပါရှိသော သွေးစွမ်းအင်များသည် အကန့်အသတ်မရှိသော သမုဒ္ဒရာတစ်စင်းကဲ့သို့ပင် ဖြစ်နေပြီဟု ဆိုနိုင်ပါသည်။
ယခုအချိန်တွင် သူ၏အသားအသွေးသည် တန်ဘုန်းကြီးနှင့် ဆင်တူနေပါသည်။ အကယ်၍ တစ်စုံတစ်ယောက်သည် စားလိုက်မည်ဆိုလျှင် အစဉ်ထာဝရ အသက်မရှင်နိုင်သော်လည်း ထိုလူ၏ ကျင့်ကြံမူအဆင့်သည် သိသိသာသာ တိုးလာနိုင်ပါသည်။
"ကောင်စုတ်။ မင်း ဘယ်လိုထင်လဲ၊ ငါ သူမတို့ကို လွှတ်ပေးလိုက်မယ်လေ။ မင်းက ဒီမှာနေခဲ့ရမယ်။ ဒါဆိုရင် ဘယ်လိုလဲ" အနီရောင်ဝတ် အမျိုးသမီးက ပြုံးပြုံးရွှင်ရွှင်နှင့် ပြောသည်။
"မဖြစ်နိုင်ဘူး!" သို့သော်လည်း ချင်ယွင် စကားမပြောမီတွင် ဇီရှန် နှင့် နင်ရှင်း တို့သည် တစ်ပြိုင်နက် ပြောဆိုလိုက်ကြသည်။
ဤအရာက ချင်ယွင်ကို အံ့အားသင့်သွားစေခဲ့သည်။ ဇီရှန် နှင့် နင်ရှင်းတို့သည် သူ့အတွက် မြေအောက်တတိယထပ်သို့ ဝင်ရောက်ရန် အခွင့်အရေးကို အမှန်တကယ် စွန့်လွှတ်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ ယင်းက ချင်ယွင် လှုပ်ရှားသွားစေသည်။
"အို၊ ကောင်လေး၊ မင်းက တော်တော်ကံကောင်းပုံရတယ်။ ဒီအလှပိုင်ရှင်လေး နှစ်ယောက်က မင်းအတွက်နဲ့ မြေအောက်တတိယထပ်ကို ဝင်ဖို့ အခွင့်အရေးကိုတောင် စွန့်လွှတ်ပစ်လိုက်တယ်။" အနီရောင်ဝတ် အမျိုးသမီးက ပြုံးပြုံးရွှင်ရွှင်နှင့် ပြောသည်။
အနီရောင်ဝတ် အမျိုးသမီး၏ စကားကိုကြားလျှင် ဇီရှန် နှင့် နင်ရှင်းတို့၏ မျက်နှာများ နီရဲလာကြပါသည်။
ချင်ယွင်သည် အနည်းငယ် ဝေခွဲမရဖြစ်သွားပါသည်။ အကယ်၍ ဇီရှန်သာ သူ့အတွက် ဆက်နေမည်ဆိုလျှင် သူ နားလည်နိုင်မည် ဖြစ်ပါသည်။ နောက်ဆုံးတွင် ဇီရှန်သည် သူ့ကို အကြိမ်ပေါင်းများစွာ ကယ်တင်ပေးခဲ့ပါသည်။ သို့သော် နင်ရှင်းနှင့် ပတ်သက်ပြီး ပြောရလျှင် ချင်ယွင်သည် နားမလည်နိုင်ခဲ့ပါဘူး။
ထို့ကြောင့် ချင်ယွင်က နင်ရှင်းဘက်ကို လှည့်ကြည့်လိုက်သည်။
နင်ရှင်း၏နဂိုကပင် နီမြန်းနေသော မျက်နှာသည် ချင်ယွင်လှည့်ကြည့်လာသည်ကို မြင်သောအခါ ချက်ချင်းပင် နီမြန်းလာလေသည်။ သူမက ကမန်းကတန်း ရှင်းပြလိုက်သည် "အရင်က နင်က ငါ့အသက်ကို ကယ်ခဲ့တယ်၊ ငါ နင့်ကို ဘယ်လိုလုပ် တစ်ယောက်ထဲ ထားခဲ့လို့ ဖြစ်မလဲ။ ကျေးဇူးရှိခြင်းနဲ့ ကျေးဇူးကန်းခြင်းတို့ကြားက ကွာခြားချက်ကိုတော့ ငါ သိပါသေးတယ်။"
ချင်ယွင် ခေါင်းညိတ်လိုက်သည်။ ဤအကြောင်းပြချက်ကို သူ လက်ခံနိုင်ပါသည်။ အကယ်၍ နင်ရှင်းက သူ့ကို သဘောကျနေသည်ဟု ပြောလျှင် သူ့ကို သေသည်အထိ ရိုက်နှက်ပြောရင်တောင် ချင်ယွင်က ယုံကြည်မှာ မဟုတ်ပါဘူး။
တကယ်တော့ နင်ရှင်းကိုယ်တိုင်လည်း သူမသည် အဘယ့်ကြောင့် ဤစကားမျိုး ပြောမိသည်ကို မသိလိုက်ပါဘူး။ သူမ၏ ယခင်အပြုမူများသည် လုံးဝ မသိစိတ်ကြောင့် ဖြစ်ပါသည်။
"ဟား…..။ ဟား…။ ကောင်းပြီလေ။ မင်းဘယ်သူမှ မထွက်ခွာချင်ဘူးဆိုမှတော့ အားလုံး နေခဲ့နိုင်ပြီ" အနီရောင်ဝတ် အမျိုးသမီးက စကားစမြည်ပြောရင်း ပြုံးသည်။ သူမ ပြောပြီးသည့်နောက်တွင် သူမ၏ခန္ဓာကိုယ်မှ ထူးဆန်းသော စွမ်းအင် အတက်အကျလှိုင်းတစ်ခု ထွက်ပေါ်လာပြန်သည်။
အနက်ရောင်ဧကရာဇ်ပျားများသည် ချင်ယွင်နှင့် အခြားလူများဆီသို့ ချက်ချင်းပင် ဦးလှည့်သွားကာ ချင်ယွင်နှင့် အခြားသူများကို ကြည့်နေစဉ် သူတို့၏ မျက်လုံးများသည် လောဘမီးလျှံများနှင့် ပြည့်နှက်နေသည်။
ချင်ယွင်သည် လေးလေးနက်နက်ပင် မျက်မှောင်ကြုတ်လိုက်မိသည်။ သူသည် ဧကရာဇ်ပျားဘုရင်မကို တိုက်ခိုက်ရန် အမှန်တကယ် ဆန္ဒမရှိခဲ့ပေ။ ယင်းက သေချာပေါက် ခေါင်းကိုက်စရာ ကိစ္စဖြစ်သည်။ သို့သော်လည်း သူ၏ရှေ့မှ အခြေအနေအရ တိုက်ခိုက်ရန်မှလွဲပြီး ရွေးချယ်စရာ မရှိတော့ပါဘူး။
“ဝှမ်း…”
မျှော်လင့်ထားသည့်အတိုင်းပင် အနီရောင်ဝတ်အမျိုးသမီးက သူမ၏လက်ကို ဝှေ့ယမ်း လိုက်သည်နှင့် အနက်ရောင်ဧကရာဇ်ပျားများသည် ချင်ယွင်နှင့် အခြားသူများဆီသို့ အစုလိုက် တိုးဝင်သွားကြသည်။
ဇီရှန်၏မျက်နှာပေါ်မှာ အေးစက်နေသော အရိပ်အယောင်တစ်ခု ပေါ်လာရင်း သူမလက်ထဲတွင် အေးစက်နေသော ရေခဲအနှစ်သာရစွမ်းအင်တွေက ပျံ့နှံ့လာခဲ့သည်။
နင်ရှင်းသည်လည်း ဤတစ်ကြိမ်တွင် သူမ၏သတ္တိကို စုစည်းထားပုံရသည်။ သူမထံမှလည်း သွေးနီရောင်စွမ်းအင် အတက်အကျလှိုင်းကို အမှန်တကယ် ထုတ်လွှတ်နေခဲ့သည်။
သို့သော် ချင်ယွင်သည် အလျင်စလို လှုပ်ရှားခြင်း မရှိခဲ့ပေ။ ယင်းအစား သူက အဝေးမှာရှိနေသော အနီရောင်ဝတ် အမျိုးသမီးကို စိုက်ကြည့်နေသည်။
ဤအနက်ရောင်ဧကရာဇ်ပျားများကို တိုက်ခိုက်ခြင်းသည် အသုံးမဝင်ကြောင်း သူ သိသည်။ ၎င်းတို့တွင် များပြားလွန်းသဖြင့် ၎င်းတို့အားလုံးကို သတ်ဖြတ်ရန်မှာ ခက်ခဲလွန်းလှသည်။ ထို့အပြင် အနက်ရောင်ဧကရာဇ်ပျားများ သေဆုံးပြီးသည်နှင့် အခြားသော အနက်ရောင်ဧကရာဇ်ပျားများသည် ပျားအုံကြီးထဲမှ ပျံသန်းလာကြလိမ့် သည်။ သူတို့ကို သတ်ဖို့ဆိုသည်မှာ မဖြစ်နိုင်သလောက်ပင်။ တစ်ခုတည်းသော နည်းလမ်းမှာ အနက်ရောင် ဧကရာဇ်ပျားများ၏ ဦးနှောက်ဖြစ်သော မိခင် ဧကရာဇ် ပျားဘုရင်မ တိုက်ခိုက်ရန် ဖြစ်သည်။
ဧကရာဇ်ပျားဘုရင်မကို သတ်လိုက်မှသာလျှင် လက်အောက်ခံဧကရာဇ်ပျားများသည် ဦးခေါင်းမဲ့သွားမည် ဖြစ်ပါသည်။
သို့သော် ဤလက်အောက်ခံဧကရာဇ်ပျားများ ရှောင်လွှဲပြီး ဧကရာဇ်ပျားဘုရင်မထံ ချဉ်းကပ်ရန်မှာလည်း မဖြစ်နိုင်သလောက်ပင်။
“ဝီ… ဝီ…”။
ယခုအချိန်တွင် အနက်ရောင်ဧကရာဇ်ပျားများသည် ချင်ယွင်တို့ဆီသို့ ခုန်ဆင်းလာနေပြီ ဖြစ်သည်။
ချင်ယွင်သည် သူ၏ခါးပေါ်ရှိ မြူနှင်းချောက်နက်ဓားကို ချက်ခြင်း ဆွဲထုတ်ပြီး ဓားတချက် ခုတ်ပိုင်းလိုက်သည်။ ပြင်းထန်သောလေပြင်းများက အရပ်မျက်နှာ အသီးသီးသို့ တိုးထွက်သွားခဲ့သည်။
သို့သော် ဤဧကရာဇ်ပျားများသည် ချင်ယွင်၏တိုက်ခိုက်မှုကို လိမ္မာပါးနပ်စွာဖြင့် ရှောင်ရှားနိုင်ပုံရသည်။
ဇီရှန် နှင့် နင်ရှင်းတို့လည်း အလားတူပင် ဖြစ်သည်။ ဤဧကရာဇ်ပျားများသည် လှိုင်းလုံး သုံးဆင့်ခွဲ၍ သီးခြားစီ တိုက်ခိုက်ကြသည်။ ထို့ကြောင့် သူတို့၏ တိုက်ခိုက်မှုများသည် ဤဧကရာဇ်ပျားများကို ထိမှန်ခြင်းမရှိတော့ပေ။
"မျှော်လင့်ထားသလိုပဲ၊ အဲဒါက အသုံးမဝင်ဘူး။" ချင်ယွင်သည် သူ့ကိုယ်သူ တွေးနေသည်။
“ဝှီး…”။
ချင်ယွင် တွေးတောနေစဉ်မှာပဲ လက်အောက်ခံဧကရာဇ်ပျား၏ အမြီးဆူးအပ်များသည် ကောင်းကင်ယံကို ဖုံးလွှမ်းသွားသလို သူ့ဆီသို့ ထိုးကျလာသည်။
ချင်ယွင်၏ အမူအရာသည် ပြောင်းသွားခဲ့သည်။ သူသည် ဆံပင်ဖြူ အဘိုးအို၏ စံနမူနာ အတိုင်း လိုက်ပါလုပ်ဆောင်ပြီး ခုခံကာကွယ်သည့် ဝိညာဉ်စွမ်းအင်ဒိုင်းကို ဖန်တီးခြင်းမရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် လက်အောက်ခံ ဧကရာဇ်ပျားများ၏ အမြီးဆူးအပ်များသည် နတ်ဆိုးအနှစ်သာရနှင့် ဝိညာဉ်စွမ်းအင်များကို ချေဖျက်နိုင် သည်ကို သူသိထားသောကြောင့် ဖြစ်သည်။
ထို့ကြောင့် သူသည် အစီအရင်ဝင်္ကပါ၏ စွမ်းအားဖြင့် မမြင်နိုင်သော တံတိုင်းတစ်ခုကို ဖွဲ့စည်းရန်အတွက် အစီအရင်ဝင်္ကပါ၏ စွမ်းအားကို ချက်ချင်း စုစည်းလိုက်ပါသည်။
သေချာသည်မှာ ဤအမြီးထိုးအပ်များသည် ချင်ယွင်ဖန်တီးထားသော တံတိုင်းနံရံကို ထိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိခဲ့ပေ။
ခပ်ဝေးဝေးမှ အနီရောင်ဝတ် အမျိုးသမီး၏ မျက်နှာပေါ်တွင် အံ့အားသင့်သွားသည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။ ချင်ယွင်ကို ဆံပင်ဖြူအဘိုးကြီးလို အဖြူကောင်ဖြစ်အောင် အမြီးဆူးအပ်များဖြင့် ထိုးဖောက်ခံရမည်ဟု သူမသည် မူလက ထင်ထားခဲ့သော်လည်း ချင်ယွင်သည် အမှန်တကယ် တားဆီးနိုင်လိမ့်မည်ဟု သူမ မျှော်လင့်ခဲ့ပေ။
"ဒါက အစီအရင်ဝင်္ကပါရဲ့ စွမ်းအားလား”။ ဧကရာဇ်ပျားဘုရင်မသည် အံ့အားသင့်သော အမူအရာကို ထုတ်ဖော်လာခဲ့သည်။
ချင်ယွင်က လှောင်ပြောင်ဟန်ဖြင့် ပြောလိုက်သည် " ငါက အစီအရင်ဝင်္ကပါတွေအပြင် အခြားအရာတွေကိုလည်း သိသေးတယ်။ ဥပမာ…"
ထိုစကားပြောပြီးနောက် ချင်ယွင်သည် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် လှံကိုင်ထားသော ကျောက်ရုပ်ထုကြီးသည် ချင်ယွင်၏နောက်မှာ ပေါ်လာသည်။
အနီရောင်ဝတ်ထားတဲ့ အမျိုးသမီးက ကျောက်ရုပ်ထုကြီးကို မြင်သောအခါ သူမ၏အမူအရာက ချက်ချင်း ပြောင်းလဲသွားခဲ့သည်။
"သွား!"
အဓိပ္ပာယ်မရှိသည့်စကားတွေ ပြောမနေတော့ဘဲ ချင်ယွင်သည် ကျောက်ရုပ်ထုကြီးကို ထိန်းချုပ်ရန် သူ၏စိတ်ဝိညာဉ်စွမ်းအားကို တိုက်ရိုက် စုစည်းလိုက်ပြီး အနီရောင်ဝတ် အမျိုးသမီးဆီကို တဟုန်းပြေးဝင်ခိုင်းလိုက်ပါသည်။
ကျောက်ရုပ်ထုကြီးသည် ဒူးကိုကွေးပြီး ၎င်း၏ကြီးမားသော ခန္ဓာကိုယ်ကို ပစ်လွှတ် ဝင်ရောက်လိုက်သည်။ လက်ထဲတွင်ရှိသော ဧရာမလှံကြီးသည် အနီရောင် ၀တ်ထားသော အမျိုးသမီးဆီသို့ တိုက်ရိုက် ထိုးစိုက်သွားသည်။
အခန်း (၄၉၀) ဧကရာဇ်ပျားဘုရင်မ၏စောင့်ထိန်းမူ။
ဧရာမ ကျောက်ရုပ်ထုကြီးသည် အမှန်တရားသို့ ပြန်လည်ခြင်းနယ်ပယ်၏ အထွတ် အထိပ်တွင် ရှိနေပြီး ဤဧကရာဇ်ပျားများ၏ တိုက်ခိုက်ခြင်းကို မကြောက်ရွံ့ပါဘူး။
ကျောက်လှံကြီး တစ်စင်းသည် ဧကရာဇ်ပျားဘုရင်မဆီကို တည့်တည့်ပစ်ဝင်သွားသည်။ ၎င်း၏ကြီးမားလှသော ခန္ဓာကိုယ်သည် ရှေ့သို့ ပစ်ဝင်လိုက်သည်နှင့် မရပ်တန့်နိုင်သော အရှိန်အဟုန်ကို သယ်ဆောင်လာသည်။ လှံသည် ကောင်းကင်ယံ၌ ပျံသန်းနေသော နဂါးတစ်ကောင်နှင့် တူပြီး ဧကရာဇ်ပျားဘုရင်မထံ တိုက်ရိုက် တိုးဝင်သွားခဲ့သည်။
ဧကရာဇ်ပျားဘုရင်မ၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားပြီး၊ မြေကြီးကိုပင် ဖြိုခွင်းနိုင်သော ဤလှံထိုးချက်မှ ရှောင်တိမ်းရန်အတွက် သူမ၏ရုပ်အသွင်အပြင်သည် ပုံရိပ်ယောင်များအဖြစ် ပြောင်းလဲသွားခဲ့သည်။
လှံချက်သည် ကြမ်းပြင်ကိုထိလိုက်သည်နှင့် ကြမ်းပြင်က ချက်ချင်း ပေါက်ကွဲသွားပြီး အပျက်အစီးတွေက နေရာအနှံ့ ပျံ့သွားသည်။
ဇီရှန် နှင့် နင်ရှင်းတို့သည် ဧရာမကျောက်ရုပ်ထုကြီးကို တွေ့လိုက်သောအခါတွင် သူမတို့၏ မျက်နှာများသည် အံ့အားသင့်သွားကြသည်။ ဇီရှန်က အဆင်ပြေပါသေး သည်။ ချင်ယွင်သည် ဧရာမကျောက်ရုပ်ထုကြီးကို သူ၏လေဟာနယ်ရတနာထဲတွင် သိမ်းဆည်းထားကြောင်း သူမသိပါသည်။ သို့သော် ချင်ယွင်သည် ဤဧရာမ ကျောက်ရုပ်ထုကြီးကို ထိန်းချုပ်နိုင်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။
နင်ရှင်းသည် ဧရာမကျောက်ရုပ်ထုကြီးကို မှင်သေသေ စိုက်ကြည့်နေရင်း လုံးလုံး တုန်လှုပ်ခြောက်ခြားနေခဲ့သည်။
ချင်ယွင်၏စိတ်သည် ဧရာမကျောက်ရုပ်ထုကြီးနှင့် ဆက်သွယ်မူရှိနေခဲ့ပြီး သူ၏စိတ်က လှုပ်ရှားနေခဲ့သည်။ (ဤနေရာ၌ စိတ်လှုပ်ရှားခြင်းကို မဆိုလိုပါ။ စိတ်ထဲကနေ စေခိုင်းပြီး လှုပ်ရှားခိုင်းခြင်းကို ဆိုလိုပါသည်)။
ဧရာမကျောက်ရုပ်ထုကြီး၏ လက်ထဲမှလှံသည် ချက်ချင်း ပြန်ရုတ်သိမ်းသွားပြီး မူလက ကြမ်းပြင်ထဲကို ထိုးစိုက်ထားသည့် လှံထိပ်က ချက်ချင်းဆိုသလို ပြန်ထွက်လာသည်။ ဧရာမကျောက်ရုပ်ထုကြီးကို အလင်းတန်းတစ်ခုအဖြစ် လှုံ့ဆော်လိုက်ပြီး ဧကရာဇ်ပျား ဘုရင်မဆီသို့ ပျံသန်းသွားစေခဲ့သည်။
ဧကရာဇ်ပျားဘုရင်မ၏ ရုပ်အသွင်အပြင်သည် ပုံမှန်အတိုင်းဖြစ်ပြီး၊ သူမ၏ အနီရောင် မျက်လုံးများက ဝင်းလက်တောက်ပလာကာ သူမလက်ထဲတွင် သွေးနီရောင် ဓါးနှစ်ချောင်း ပေါ်လာသည်။
ဓားတစ်ချက် ခုတ်ပိုင်းလိုက်သည်နှင့် အနီရောင်အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်လာသည်။
၎င်းအလင်းတန်းသည် ဧရာမကျောက်ရုပ်ထုကြီးကို တိုက်ရိုက် အပိုင်းပိုင်း ဖြစ်အောင် ပိုင်းဖြတ်သည်။
ချင်ယွင်သည် ဧရာမကျောက်ရုပ်ထုကြီးကို ဆက်လက်ထိန်းထားပြီး လှံကို ဝှေ့ယမ်း လိုက်သည်။
ထိတ်လန့်တုန်လှုပ်ဖွယ် လှိုင်းလုံးကြီးတစ်ခု ဆင်းသက်လာပြီး လှံသည် လေထဲတွင် လှပသော လမ်းကြောင်းတစ်ခုကို ဆွဲငင်ကာ အနီရောင်၀တ်ထားသော အမျိုးသမီးဆီသို့ ပြင်းထန်စွာ တိုးဝင်သွားလေသည်။
သာမန် အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ် အထွက်အထိပ်အဆင့် ကျွမ်းကျင် ပညာရှင်များပင်လျှင် ဤမျှကြောက်စရာကောင်းသော ခွန်အားကို ခုခံဝံ့မည် မဟုတ်ပေ။
“ချွင်”…။
ဧကရာဇ်ပျားဘုရင်မသည် ဓားတစ်ချောင်းဖြင့် နောက်ပြန် တိုက်ခိုက်ရင်း ဧရာမ ကျောက်ရုပ်ထုကြီး၏ လှံချက်ကို ပိတ်ဆို့လိုက်သည်။
ကြမ်းပြင်တစ်ခုလုံး ကွဲကြေသွားပြီး ချက်ချင်းပင် နစ်မြုပ်သွားခဲ့သည်။ ဖှုန်မှုန့်တွေက မြူနှင်းတွေအလား မြင့်တက်သွားသည်။
ဧကရာဇ်ပျားဘုရင်မ၏ အဝတ်အစားများက လေထဲတွင် တဖျတ်ဖျတ်ခတ်နေပြီး သူမ၏ အငွေ့အသက်သည် ဒီရေကဲ့သို့ တဟုန်ထိုး လှိမ့်တက်လာနေပြီး သူမသည် ကျောက်စိမ်းတောင်ကြီးကဲ့သို့ မတ်တပ်ရပ်နေကာ ဧရာမကျောက်ရုပ်ထုကြီး၏ တွန်းအားကြောင့် လုံးဝ ဖိနှိပ်ခြင်း မခံခဲ့ရပေ။
"ဘယ်လောက်ထိ ကြောက်စရာကောင်းလိုက်တဲ့ စွမ်းအားလဲ။ ဧကရာဇ်ပျားဘုရင်မရဲ့ စွမ်းအားက ဒီလောက်ကြီးမားနေမယ်လို့ ဘယ်သူထင်မှာလဲ။" ချင်ယွင်၏ နှလုံးသား သည်လည်း လှိုင်းလုံးကြီးတစ်ခုလို လှိမ့်နေ၏။
ထိုအချိန်တွင် သူ၏စိတ်သည် ဧရာမကျောက်ရုပ်ထုကြီးနှင့် ချိတ်ဆက်နေလေသည်။ ဧရာမ ကျောက်ရုပ်ထုကြီး၏ ဧရာမလှံကြီး၏စွမ်းအားသည် မည်မျှ ကြောက်စရာ ကောင်းသည်ကို သဘာဝကျကျ သူသိထားသည်။ သို့သော် ဧကရာဇ်ပျားဘုရင်မသည် ၎င်းကို ဓားတိုတစ်ချောင်းဖြင့် ခုခံနိုင်ခဲ့သည်။
ဧကရာဇ်ပျားဘုရင်မ၏ စွမ်းအားသည် အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ်၏ နှောင်းပိုင်းအဆင့်တွင် ရှိနေကြောင်း သူ သိထားသည်။ သူမသည် အမှန်တရားသို့ ပြန်လည်ခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ ဝေးတော့သည်။ သို့သော်လည်း ဧကရာဇ် ပျားဘုရင်မ၏ ခွန်အားသည် အမှန်တရားသို့ ပြန်လည်ခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်တွင် ရှိနေလေပြီ။
ဤအခိုက်အတန့်တွင် ချင်ယွင်သည် အစောပိုင်းအဆင့် လျှိုအင်မော်တယ် ဧကရာဇ်ပျားဘုရင်မသည် အဘယ်ကြောင့် အထွတ်အထိပ်အဆင့်ရှိ လျှိုအင်မော်တယ် ကျွမ်းကျင်ပညာရှင်တစ်ဦးကို အဘယ့်ကြောင့် သတ်ဖြတ်နိုင်ခဲ့သနည်းဆိုသည်ကို သူ နားလည်သွားခဲ့ပါသည်။ သူမသည် ဆိတ်သုဉ်းခြင်းသားရဲတပ်ကြီးကို အားကိုးနိုင်ရုံသာ မက သူမ၏ အစွမ်းထက်လှသော စွမ်းအားကိုလည်း အားကိုးနိုင်ပါသည်။
ချင်ယွင်သည် သူသည် ဧကရာဇ်ပျားဘုရင်မကို လျှော့တွက်နေဆဲဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။
ဧကရာဇ်ပျားဘုရင်မ၏ ဆွဲမက်စရာကောင်းသော နှုတ်ခမ်းတစ်စုံပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာပြန်သည်။ သူမ၏ မျက်ခုံးကြားတွင် မျက်ရည်စက် သုံးစက်နှင့်တူသော သွေးနီရောင် အမှတ်အသားတစ်ခု ပေါ်လာပြီး သူမ၏ ဆွဲမက်ဖွယ် မျက်နှာကို ပို၍ပင် လှပသွားစေသည်။
သို့သော် ဤအရာသည် အရေးကြီးဆုံး မဟုတ်ပေ။ ဤအမှတ်အသား ပေါ်လာပြီးနောက်တွင် ဧကရာဇ်ပျားဘုရင်မ၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် ကောင်းသော အငွေ့အသက်များ ထွက်ပေါ်လာသည်။ သူမ၏ လက်ထဲတွင် အနီရောင် ဓားတိုနှစ်ချောင်းသည် အနီရောင် အလင်းတန်းများဖြင့် ဖုံးလွှမ်းသွားသည်။
“ချွင်…”။
ဧကရာဇ်ပျားဘုရင်မ၏ ရုပ်ရည်အသွင်အပြင်သည် အလွန်ဝေဝါးသွားခဲ့ပြီး အနီရောင်ပုံရိပ်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူမလက်ထဲမှ သွေးနီရောင်ဓားကို ခုတ်ပိုင်းလိုက်သည်နှင့် ဧရာမကျောက်ရုပ်ထုကြီးပေါ်မှာ အက်ကွဲရာကြီးတစ်ခု ကျန်နေခဲ့ပါသည်။
ချင်ယွင်သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားသော အမူအရာကို ချက်ချင်း ထုတ်ဖော်လိုက်ပါသည်။
ဤဧကရာဇ်ပျားဘုရင်မသည် ဧရာမကျောက်ရုပ်ထုကြီးကို အမှန်တကယ် ထိခိုက် ဒဏ်ရာ ရစေနိုင်ခဲ့ပါသလား။
ဧရာမကျောက်ရုပ်ထုကြီးကို ပြုလုပ်ထားသောပစ္စည်းများသည် ဥက္ကာပျံသံမဏိကဲ့သို့ အလွန်မာကျောလှသည်။ အစီအရင်ဝင်္ကပါများ၏ ထောက်ပံ့ကောင်းချီးပေးမူများနှင့် အတူ၊ သာမာန် အဆင့်နိမ့်အဆင့် အင်မော်တယ်ပစ္စည်းများပင်လျှင် ဧရာမ ကျောက်ရုပ်ထုကြီးကို အနည်းငယ်မျှ ထိခိုက်ဒဏ်ရာရအောင် မလုပ်နိုင်ပေ။
ယခင်က ဇီရှန်သည် ဧရာမကျောက်ရုပ်ထုကြီးကို အကြိမ်ပေါင်းများစွာ တရစပ် တိုက်ခိုက်ရန် သူမ၏စွမ်းအားအားလုံးကို အသုံးပြုခဲ့ဖူးသည်။ ယခုအခါတွင် ဧကရာဇ်ပျားဘုရင်မသည် သူမ၏စွမ်းအားကို အားကိုးပြီး ဧရာမကျောက်ရုပ်ထုကြီး တွင် ဤမျှကြီးမားသော အက်ကွဲကြောင်းကြီးကို ချန်ထားခဲ့နိုင်ပြီ ဖြစ်သည်။
"သူမရဲ့လက်ထဲကဓားဟာ အလယ်အလတ်အဆင့် ဒါမှမဟုတ် ဒီထက်မြင်တဲ့ အင်မော်တယ်လက်နက်တစ်ခုဆိုတာ သေချာပါတယ်။ အဲဒါက အဆင့်မြင့်အဆင့် အင်မော်တယ်လက်နက်တစ်ခုတောင် ဖြစ်နိုင်တယ်။" ချင်ယွင် အံ့သြသွားသည်။
“ဝှီး…ဝှီး..”။
နောက်ထပ် အသံအနည်းငယ် ထွက်ပေါ်လာမူနှင့်အတူ၊ ဧကရာဇ်ပျားဘုရင်မ၏ ရုပ်အသွင်အပြင်သည် အလွန်နူးညံ့သိမ်မွေ့နေသော်လည်း သူမ၏လက်ရှိ သွေးနီရောင်ဓားများသည် အလွန်ထက်မြက်သည်။
ဓားခုတ်ပိုင်းချက် တစ်ချက်စီတိုင်းသည် ဧရာမကျောက်ရုပ်ထုကြီးတွင် အက်ကွဲကြောင်း ကြီးတစ်ခုစီ ချန်ထားရစ်ခဲ့သော်လည်း ဧရာမကျောက်ရုပ်ထုကြီး၏ လှံချက်သည် ဧကရာဇ်ပျားဘုရင်မကို အနည်းငယ်မျှ မထိခိုက်စေနိုင်ခဲ့ပေ။
"မဟုတ်ဘူး၊ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် ဧရာမကျောက်ရုပ်ထုကြီးက အနှေးနဲ့အမြန် သူမရဲ့ဓားချက်ကြောင့် ပျက်စီးသွားလိမ့်မယ်။" ချင်ယွင်သည် မျက်မှောင်ကြုတ်ကာ ဧရာမကျောက်ရုပ်ထုကြီးကို ပြန်ဆုတ်ခွာလိုက်ပြီး ကောင်းကင်ဘုံကိုးလွှာ ကြယ်စင်စုပုံကြမ်းထဲသို့ ပြန်ထည့်လိုက်သည်။
ဤဧရာမကျောက်ရုပ်ထုကြီးသည် ယခုအချိန်အတွင် ချင်ယွင်၏ ရတနာဖြစ်ပါသည်။ အကယ်၍ ဧကရာဇ်ပျားဘုရင်မသည် ယခုလိုပုံစံမျိုးဖြင့် သုံးစားမရအောင် ဖျက်ဆီး လိုက်မည်ဆိုလျှင် ချင်ယွင်သည် အမှန်တကယ် နာကျင်ခံစားရလိမ့်ပါမည်။
ဧကရာဇ်ပျားဘုရင်မသည် သူ့နောက်သို့လိုက်ပါတိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိပေ။ သူမလက်ထဲမှ သွေးနီရောင်ဓားများသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွား ခဲ့ပြီး ပျောက်ကွယ်သွားခဲ့သည်။ ဧကရာဇ်ပျားဘုရင်မသည် သူမ၏ သွယ်လျသော လက်ချောင်းများကို ဆန့်ထုတ်ကာ သူမ၏ မျက်ခုံးကြားရှိ ဆွဲဆောင်မှုရှိသော အနီရောင် အမှတ်အသားကို ပွတ်သပ်လိုက်ပါသည်။ သို့သော်လည်း သူမ၏ ပါးစပ်ထောင့်တွင် ဆွဲဆောင်မှုရှိသော အပြုံးတစ်ခု ခိုတွဲကာ သူမမျက်လုံးများက ချင်ယွင်ကို ကြည့်နေသေးသည်။
မူလက ဇီရှန်နှင့် အပြင်းအထန် တိုက်ခိုက်နေကြသော အနက်ရောင်ဧကရာဇ် ပျားများသည် ပြန်လည်ပျံသန်းသွားကြပြီး ဧကရာဇ်ပျားဘုရင်မ၏ နောက်ကွယ်မှာ ကောင်းမွန်စွာ လေ့ကျင့်ထားသည့် စစ်သည်တော်တွေအလား ပျံဝဲနေကြသည်။
နှစ်ဖက်စလုံးသည် ရှေ့မတိုးနောက်မဆုတ်သာအခြေအနေမျိုး ဖြစ်သွားကြရပြန်သည်။
"ငါ မင်းကို လျှော့တွက်မိခဲ့တယ်။ မင်းရဲ့ ခွန်အားက တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် အစောပိုင်းအဆင့်လောက်သာ ရှိနေမယ်လို့ ငါထင်ခဲ့တယ်။ မင်းမှာ နည်းလမ်းတွေ အများကြီးရှိနေမယ်လို့ ငါ မမျှော်လင့်ထားဘူး။ မင်းမှာ အစီအရင်ဝင်္ကပါ စွမ်းအားနဲ့ ကျောက်ရုပ်ထုကြီးတစ်ခုလည်း ရှိနေတယ်။ မင်းရဲ့ ရှားပါးပြီး အဖိုးမဖြတ်နိုင်တဲ့ ခန္ဓာကိုယ်ကိုပါ ပေါင်းထည့်လိုက်ရင်၊ ငါ မင်းကိုသတ်ရမှာ နည်းနည်း ဝန်လေးနေပြီ" ဧကရာဇ်ပျားဘုရင်မက ချင်ယွင်ကို ချစ်စရာကောင်းစွာ ကြည့်ရင်း ပြောလိုက်သည်။
"ဒါဆို ငါတို့ကို လွှတ်ပေးဖို့အတွက် မင်းအနေနဲ့ အတိအကျ ဘာလိုအပ်လဲ" ချင်ယွင်က မေးသည်။
""တကယ်တော့ ငါက မင်းတို့ရဲ့အကျိုးအတွက် မင်းတို့ကို သွားခွင့်မပေးတာပါ။ ဒီလှေကားက ဘယ်လောက်အန္တရာယ်ကြီးလဲ မင်းသိလား? ဒီလှေကားကို ငါတောင် မဆင်းဝံ့ဘူး။ အခု မင်းကို အခွင့်အရေးတစ်ခု ပေးလိုက်မယ်။ အခုချိန် ထွက်သွားမယ်ဆို ဘာမှမဖြစ်ခဲ့ဖူးသလို ဟန်ဆောင်လိုက်မယ်။ ဒါပေမယ့် မင်းအနေနဲ့ တတိယထပ်ကို ဆက်သွားချင်ရင်တော့ ငါ့ကို အနိုင်ယူရမယ်။" ဧကရာဇ်ပျားဘုရင်မက အပြုံးနှင့်အတူ ပြောလေသည်။
ချင်ယွင် နှင့် အခြားသူများ ဆုံးဖြတ်ချက်ချသည်ကို မြင်လိုသည့်ဟန်ဖြင့် သူမ၏မျက်လုံးတစ်စုံသည် ချင်ယွင်နှင့် အခြားသူများကို ကြည့်လိုက်သည်။
ချင်ယွင် နှင့် ဇီရှန်တို့၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားသည်။ ဧကရာဇ်ပျား ဘုရင်မသည် လိမ်နေပုံမပေါ်ကြောင်း သူတို့ ခံစားနိုင်ပါသည်။
ယခုတိုက်ပွဲမှ ဧကရာဇ်ပျားဘုရင်မ၏ ခွန်အားသည် အမှန်တရားသို့ ပြန်လည်ခြင်း နယ်ပယ်တွင် သေချာပေါက် ပြိုင်ဘက်ကင်းဖြစ်ကြောင်း ပြသခဲ့ပြီး ဖြစ်သည်။ သို့သော် သူမ၏စွမ်းအားဖြင့်ပင် တတိယအဆင့်သို့ ခြေတစ်လှမ်းမျှ မချဝံ့ပေ။ အောက်ခြေမှာ မည်မျှ ကြောက်စရာကောင်းသည့်အရာ ရှိနေသနည်း။
ဇီချန်၏မျက်နှာပေါ်တွင် တွန့်ဆုတ်ခြင်း အရိပ်အယောင် ပေါ်လာသည်။ သူမသည် တတိယထပ်မှ ရတနာကို အမှန်တကယ် ရယူလိုသော်လည်း ၎င်းကိုရရှိရန် သူတို့၏ အသက်များ ပေးဆပ်ရန် လိုအပ်နေသေးသည်။ အကယ်၍ သူတို့မှာ အသက်မရှိ တော့ဘူးဆိုလျှင် ရတနာတစ်ခုရရှိလာလျှင်တောင် မည်သို့ အသုံးပြုနိုင်တော့မည်နည်း။
ချင်ယွင်လည်း အတွေးထဲတွင် ပျောက်ဆုံးသွားခဲ့သည်။ သို့သော် ဤသည်မှာ ပြဿနာ လုံးဝမဟုတ်ပေ။ ယင်းအစား ဧကရာဇ်ပျားဘုရင်မသည် အဘယ်ကြောင့် သူတို့ကို ဤနေရာမှ စွန့်ခွာသွားစေရန် ကြင်နာသော စိတ်နှလုံး ရုတ်တရက် ရှိလာရသနည်းဟု သူ တွေးတောနေမိသည်။ သူမသည် ဧရာမကျောက်ရုပ်ထုကြီးကို တွန်းလှန်နိုင်ခဲ့ သည်မှာ ထင်ရှားသည်။ သူမသည် အားသာချက်များစွာ ရှိနေပြီဖြစ်သော်လည်း ယခု ရပ်တန့်ရန် ရွေးချယ်လိုက်ကို သူ နားမလည်နိုင်လောက်အောင် ဖြစ်ခဲ့ရသည်။
"ဘာလုပ်ရမလဲဆိုတာ မင်း စဉ်းစားပြီးပြီလား" ဧကရာဇ်ပျားဘုရင်မက အပြုံးနှင့် မေးလိုက်ပါသည်။
ထိုအချိန်တွင် ချင်ယွင်သည် တစ်ခုခုကို တွေးမိသွားပုံရပြီး သူ၏မျက်လုံးများသည် ချက်ချင်း တောက်ပလာသည်။ သူက ဧကရာဇ်ပျားဘုရင်မ ကြည့်ပြီး ပြုံးကာ ပြောလိုက်သည် "ငါတို့အနေနဲ့ ဘယ်လိုလုပ် လွယ်လွယ်ကူကူနဲ့ အရှုံးပေးနိုင်မှာလဲ။ ငါတို့ ရှေ့ဆက်ဖို့ ရွေးချယ်တယ်"။
"ဒါဆို မင်းတို့အားလုံး ငရဲကိုသွားလိုက်ကြတော့"
သေချာပါသည်။ ဧကရာဇ်ပျားဘုရင်မသည် ချင်ယွင်၏ စကားကို ကြားပြီးနောက် သူမ၏မျက်နှာပေါ်မှ အပြုံးသည် ချက်ချင်း အေးခဲသွားပြီး သူမ၏ မျက်လုံးထဲတွင် ပြင်းထန်သော သတ်ပစ်ချင်စိတ်တွေ ထွက်ပေါ်လာခဲ့ပါသည်။