အခန်း (၄၇၆-၄၈၀)
Vol. 32 Ch. 476-480
အခန်း (၄၇၆) လှိုင်းလုံးအဆင့်ဆင့်ဓားသိုင်းပညာရပ်။
အေးစိမ့်နေသည့် အအေးဓာတ်က ချင်ယွင်ကို လွှမ်းခြုံထားပြီး သူ့ကို လှုပ်ရှားလို့မရ ဖြစ်စေပါသည်။
ထိုကြောက်မက်ဖွယ်ရာ အေးဓာတ်သည် ချင်ယွင်၏ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားသည်။ ချင်ယွင်၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင် စီးဆင်းမှုသည်ပင် အနှိုင်းမဲ့ နှေးကွေးသွားကာ သူ၏ သွေးများပင် သွေးခဲခြင်း လက္ခဏာများ ပြသနေပါသည်။
"ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့ အအေးဓာတ်လဲ။"
ချင်ယွင်၏ ခန္ဓာကိုယ်သည် ဆက်လက်တုန်ယင်နေပြီး ဤကြောက်စရာကောင်းသော အေးဓာတ်အောက်တွင် သူ၏စိတ်များ လေးလံထိုင်းမှိုင်းလာသည်။
"ဟား….။ ဟား……။ ငါ့တို့ရေခဲဝိညာဉ်မျိုးနွယ်စုတွေက ကောင်းကင်နဲ့ ကမ္ဘာမြေကြီး ကြားက ရေခဲနှင်းစွမ်းအင်တွေရဲ့ ချစ်ခင်နှက်သက်ခြင်း ခံရသူတွေပဲ။ တာအို အငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်ရဲ့ အစောပိုင်းအဆင့်မှာရှိနေတဲ့ နတ်ဆိုးသားရဲလေး တစ်ကောင်က ငါ့ရဲ့ရေခဲနှင်းစွမ်းအင်ကို ဘယ်လိုလုပ် တွန်းလှန်နိုင်မှာလဲ။ ဘယ်လိုလဲ၊ ရေခဲနှင်းစွမ်းအင်နဲ့ တိုက်ခိုက်ခံရတာ ခံစားလို့မကောင်းဘူးလား။?" ရေခဲဝိညာဉ် မျိုးနွယ်စုဝင် အမျိုးသားက ကျယ်လောင်စွာ ရယ်မောပြီး အဝေးမှ လေထဲတွင် လွင့်မျှောနေပါသည်။ သူသည် သူ၏ရင်ဘတ်ကို လက်နှစ်ဖက်ဖြင့် ဖြတ်ကာ (လက်ပိုက်ကာ) မျက်နှာပေါ်တွင် ကျီစားလိုသည့် အမူအရာ ရှိနေသည်။
ချင်ယွင်သည် သူ၏သွားတွေကို တင်းတင်းကြိတ်လိုက်ပြီး သူ၏နှလုံးသားသည် မကျေနပ်ချက် နာကြည်းမှုတွေနှင့် ပြည့်နှက်နေသော်လည်း သူ၏ခန္ဓာကိုယ်က အနှိုင်းမဲ့ တောင့်တင်းနေပြီး မလှုပ်ရှားနိုင်တော့ပါဘူး။
"မဟုတ်ဘူး၊ ငါ ဒီအတိုင်း သေချာပေါက် ဆက်သွားလို့မရဘူး" ချင်ယွင်သည် သူ၏ စိတ်ထဲတွင် ဟစ်ကြွေးလိုက်မိပါသည်။ သူသည် ဤအေးဓာတ်၏ တိုက်ခိုက်မှုကို ခုခံတွန်းလှန်ရန်အတွက် ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်ကို အလျင်အမြန် ဖြန့်ကျက်လိုက်ပါသည်။ သို့သော်လည်း ချင်ယွင်၏ ကျင်ကြံမှု အခြေခံသည် အလွန်အားနည်းနေပါသေးသည်။ သူ၏ဝိညာဉ်စွမ်းအင်သည် သိုင်းဧကရာဇ်အဆင့်တွင် ရှိနေဆဲဖြစ်သောကြောင့် ဤအအေးဓာတ်ကို တွန်းလှန်ရန် အလွန်ခက်ခဲပါသည်။
တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်နှင့် အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ်အကြား အကြီးမားဆုံး ကွာခြားချက်မှာ လူတစ်ဦး၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များ ပြောင်းလဲသွားခြင်းပင် ဖြစ်ပါသည်။ တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျင့်ကြံသူ တစ်ဦးသည် အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ် ဖြတ်ကျော်ဝင်ရောက်သွားသည့် အခါ၊ ထိုလူ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များသည် အစစ်အမှန် အနှစ်သာရ အဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်ပြီး နတ်ဆိုးသားရဲ ကျင့်ကြံသူများသည် အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ်သို့ ဝင်ရောက်လာသော အခါတွင်၊သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ နတ်ဆိုးစွမ်းအင်များသည်လည်း နတ်ဆိုးအနှစ်သာရအဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်ပါသည်။
အစစ်အမှန်အနှစ်သာရ သို့မဟုတ် နတ်ဆိုးအနှစ်သာရ မည်သည့်အရာပင် ဖြစ်စေ အရည်အသွေးသည် ဝိညာဉ်စွမ်းအင်နှင့် နတ်ဆိုးစွမ်းအင်တို့အထက်မှာ သေချာပေါက် ရှိနေပါသည်။
ယခုအချိန်တွင်၊ ချင်ယွင်၏ ခန္ဓာအတွင်းကိုယ်ရှိ ဝိညာဉ်ချီသည် သိုင်းဧကရာဇ် အဆင့်တွင်သာ ရှိပါသေးသည်။ ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်၏ အရည်အသွေးသည် မည်မျှပင် မြင့်မားပါစေ၊ ရေခဲဝိညာဉ်မျိုးနွယ်စုဝင် ကျွမ်းကျင်သူ၏ ခန္ဓာကိုယ်အတွင်းမှ အစွမ်းထက်သော ရေခဲ အစစ်အမှန်အနှစ်သာရကို ခုခံနိုင်စွမ်း မရှိခဲ့ပါဘူး။
"အနှစ်ငါးရာအတွင်း ငါ ဘယ်သူ့ကိုမှ မသတ်ခဲ့ဘူး။ မင်းက နှစ်ပေါင်းငါးရာအတွင်းမှာ ငါသတ်ခဲ့တဲ့ ပထမဆုံးလူဖြစ်ရတာ ဂုဏ်ယူသင့်ပါတယ်လေ" ရေခဲဝိညာဉ်မျိုးနွယ်စုဝင် အမျိုးသားက လှောင်ရယ်ပြီး သူ၏မျက်နှာမှာ မောက်မာမူတွေနှင့် ပြည့်နေသည်။
ယခုအချိန်တွင် ချင်ယွင်သည် သူ၏မျက်လုံးထဲတွင် လူတစ်ဦး မဟုတ်တော့ပေ။ ယင်းအစား သူ အချိန်မရွေး သတ်ပစ်နိုင်တဲ့ စဉ်းလှီးတုံးပေါ်က ငါးတစ်ကောင် ဖြစ်နေသည်။
"ကောင်လေး၊ သေခြင်းတရားကို ကျေကျေနပ်နပ်ကြီး လက်ခံလိုက်ပါကွာ!"
ရေခဲဝိညာဉ်မျိုးနွယ်စုဝင် အမျိုးသားသည် လှောင်ရယ်ရယ်မောကာ ချင်ယွင်ဆီသို့ ပြေးလာစဉ် အပြာရောင်ရေခဲ အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
ချင်ယွင်၏ အမူအရာ သိသိသာသာ ပြောင်းလဲသွားခဲ့ပါပြီ။ သူသည် 'လျှို့ဝှက်ဆန်း ကြယ်သောအဝါရောင်နတ်ဆိုးပညာ'နှင့် ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်း ပညာရပ်တို့ကို ချက်ချင်းပင် အဆုံးစွန်ထိရောက်အောင် ဖြန့်ကျက်လှည့်ပတ်လိုက်ပါ သည်။
ဝိညာဉ်စွမ်းအင်နှင့် ရုပ်ခန္ဓာကိုယ်ခွန်အား၏စွမ်းအင်တို့သည် သူ၏ခန္ဓာကိုယ်မှ တဟုန်ထိုး ထိုးထွက်လာတော့သည်။
"အကြွင်းမဲ့လေဓားသတ်ဖြတ်ခြင်း!"
ချင်ယွင်သည် အော်ဟစ်လိုက်ပြီး သူ၏လက်ထဲမှ မြူနှင်းချောက်နက်ဓားကို ချက်ချင်း ခုတ်ပိုင်းပစ်လိုက်သည်။
လေဆန္ဒက ချက်ချင်းပင် ပျံ့နှံ့လာခဲ့ပြီး တဝှီးဝှီးမြည်ဟီးနေသော လေထုအတွင်းမှ အနှိုင်းမဲ့ ထက်ရှသော ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒသည် ကြယ်များကဲ့သို့ ပေါက်ကွဲသွားပြီး၊ ဧရာမလေနဂါးကြီး ကဲ့သို့ ရေခဲဝိညာဉ်မျိုးနွယ်စုဝင် အမျိုးသားဆီသို့ ပြေးဝင် တိုက်ခိုက်သည်။
"ဟမ့်၊ အသုံးမဝင်တဲ့လှည့်ကွက်နဲ့များ။"
ရေခဲဝိညာဉ်မျိုးနွယ်စုဝင် အမျိုးသားက လှောင်ပြောင်လိုက်သည်။ သူ၏လက်ထဲမှ အပြာရောင် အစစ်အမှန်အနှစ်သာရက ချက်ချင်း လွင့်ထွက်သွားပြီး အပြာရောင် ရေခဲဓားကြီးအဖြစ် ခုတ်ပိုင်းချလိုက်သည်။
လေဟာနယ်သည် အစိတ်စိတ်မြွှာမြွာ ဆုတ်ပြဲသွားပုံရပြီး ရေခဲပြာရောင် အလင်းတန်းသည် ချင်ယွင်၏ အကြွင်းမဲ့လေဓားသတ်ဖြတ်ခြင်း ဓားချက်နှင့် အပြင်းအထန် ထိပ်တိုက်ဆုံမိသွားသည်။
“ဘုန်း…”။
ရေခဲအလင်းတန်းသည် ပေါက်ကွဲသွားပြီး လေပြင်းတွေက အရပ်မျက်နှာအသီးသီးဆီသို့ တိုက်ခတ်သွားလေသည်။
အနီးနားရှိ နံရံများနှင့် မြေပြင်များ ချက်ချင်းပင် အစိတ်စိတ်မြွှာမြွှာ ကွဲအက်သွားကာ ကြီးမားသော အက်ကွဲကြောင်းများ ဖြစ်ပေါ်လာပါသည်။
ဝှီး….။
ရေခဲဝိညာဉ်မျိုးနွယ်စုဝင် အမျိုးသားသည် လေပြင်းမုန်တိုင်းကဲ့သို့ ပွင့်ထွက်သွားပြီး သူ၏ပုံသဏ္ဍာန်သည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ သူသည် သူ၏ အပြရောင်ရေခဲဓားကို ဆွဲထုတ်ကာ လေထဲတွင် လှပသော နက်ပြာရောင် လမ်းကြောင်းတစ်ခုကို ရေးဆွဲသွားပြီး ချင်ယွင်၏ မျက်ခုံးမွှေးနှစ်ခုကြား နေရာ တည့်တည့်ကို ချိန်ရွယ်ထားသည်။
ချင်ယွင်၏ မျက်နှာသည် ပြောင်းလဲသွားရင်း သူ၏ မျက်လုံးများထဲမှ ဓားဆန္ဒက ရုတ်တရက် ပေါက်ကွဲထွက်လာလေသည်။ ချင်ယွင်၏လက်ထဲမှ မြူနှင်းချောက်နက် ဓားသည် တုနှိုင်းမရသည့် ထက်မြက်သော ဓားအလင်းတစ်ခု ထွက်ပေါ်လာမူနှင့်အတူ အဆက်မပြတ် တုန်ခါနေသည်။
“ချွင်…”
ချင်ယွင်၏ မြူနှင်းချောက်နက်သည် ရေခဲဝိညာဉ်မျိုးနွယ်စုဝင် အမျိုးသား၏ အပြာရောင်ရေခဲဓားနှင့် အပြင်းအထန် တိုက်မိသွားသည်။
“ဘုန်း”.။
အေးစက်သော အပြာရောင်ရေခဲအလင်းတန်းတစ်ခုသည် လျှပ်တပြက် ဖြတ်သွားခဲ့ပြီး ချင်ယွင်၏ရင်ဘတ်သည် နောက်တကြိမ် အက်ကွဲသွားပြန်သည်။ ကြောက်မက်ဖွယ် ကောင်းသော အအေးဓာတ်သည် ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွား ပြန်သည်။
“ဖူး…”။
ချင်ယွင်၏ ရင်ဘတ်မှာ ဒဏ်ရာရသွားပြီး အေးစက်သောရေခဲအငွေ့အသက်က တိုးဝင်လာကာ သူသည် ချက်ချင်းပင် သွေးတပွက် ထွေးထုတ်လိုက်ရပြီး သူ၏ လှုပ်ရှားမှုများက နှေးကွေးလာသည်။
"ဟား၊ ဟား၊ ကောင်စုတ်လေး၊ မင်းက ငါ့ပြိုင်ဘက် မဖြစ်နိုင်ဘူး၊ သေလိုက်တော့!"
သူ၏လက်ထဲတွင်ရှိသော အပြာရောင်ရေခဲကို ချင်ယွင်၏ လည်ပင်းဆီသို့ ခုတ်ပိုင်း လိုက်ရင်း ရေခဲဝိညာဉ်မျိုးနွယ်စုဝင် အမျိုးသားသည် ကျယ်လောင်စွာ ရယ်မောလိုက် ပါသည်။
သူ၏အရှိန်အဟုန်သည် မယုံနိုင်စရာကောင်းလောက်အောင် မြန်ဆန်ပြီး အပြာရောင် အလင်းတန်းတစ်ခုက တစ္ဆေသရဲအလင်းတန်း တစ်ခုလို ဖြတ်သွားခဲ့သည်။
ချင်ယွင်၏မျက်နှာသည် ချက်ချင်း ဖြူဖျော့သွားသည်။ ဤတစ္ဆေအလင်းတန်းသည် မြန်ဆန်လွန်းပြီး ၎င်းတွင်ပါရှိသော စွမ်းအင်အတက်အကျလှိုင်းများသည် ယခင်က ထက်ပင် ပို၍ အေးစိမ့်လာခဲ့သည်။ ဤအခိုက်အတန့်တွင် ချင်ယွင်သည် သေခြင်းတရား နီးကပ်လာသည်ကို လုံး၀ ခံစားရနိုင်သည်။
"မဟုတ်ဘူး၊ ငါသေချာပေါက် မသေနိုင်ဘူး!"
ချင်ယွင်သည် သူ၏စိတ်ထဲမှာ ဟစ်ကြွေးရင်း သူသည် သွေးလောင်ကျွမ်းခြင်း လျှို့ဝှက်ချက်ပညာရပ်ကို ချက်ခြင်းပင် ထုတ်ဖော်လိုက်ပြီး သူ၏အရှိန်အဟုန်သည် တဟုန်ထိုး မြင့်တက်လာခဲ့သည်။
“ဝှီး…။
ချင်ယွင်သည် လျင်မြန်စွာ နောက်ဆုတ်သွားသော်လည်း အပြာရောင်ရေခဲ အလင်း သည် မြန်ဆန်လွန်းလှသည်။ ချင်ယွင်၏ ဘယ်ဘက်မျက်နှာကို အပြာရောင် ရေခဲဓား ဖြင့် လှီးဖြတ်သွားပြီး နက်ရှိုင်းသော သွေးထွက်သံယို ဒဏ်ရာများ ကျန်ရစ်ခဲ့သည်။
"အယ်….။ သူ တကယ်ရှောင်သွားတာလား။" ရေခဲဝိညာဉ်မျိုးနွယ်စုဝင်အမျိုးသားက အံ့အားတသင့် ရေရွတ်လိုက်သည်။ သူနှင့် ခပ်ဝေးဝေးအရပ်သို့ လျင်မြန်စွာ ဆုတ်ခွာ သွားသော ချင်ယွင်ကို ကြည့်လိုက်ရင်း သူ၏မျက်လုံးများက အလွန် အံ့အားသင့် နေသည့် အမူအရာ ပေါ်လာသည်။
ချင်ယွင်သည် လေထဲတွင် မတ်တပ်ရပ်နေပြီး သူ၏ဘယ်ဘက်မျက်နှာရှိ စွန်းထင်းနေသောသွေးများကို လက်ဖြင့် သုတ်ပစ်လိုက်သည်။ သူ၏မျက်လုံးများတွင် ပြင်းထန်သော ဒေါသပေါက်ကွဲသည့်အမူအယာ ချက်ခြင်းပင် ပေါ်လာသည်။
သတ်ဖြတ်လိုစိတ်က ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်သို့ တဟုန်ထို့ ထိုးတက်လာခဲ့ပြီး သူ၏မျက်လုံးများသည် နှင်းခဲများကဲ့သို့ အေးစက်သွားသည်။
"ခွင့်မလွှတ်ဘူး!" ချင်ယွင်က ဒေါသတကြီး အော်လိုက်သည်။
ရွှေရောင်အလင်းတန်းများသည် ချက်ချင်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်မှ လင်းလက် တောက်ပလာကာ သူသည် ရွှေရောင်အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး ရေခဲဝိညာဉ်မျိုးနွယ်စုဝင် အမျိုးသားဆီသို့ ပြေးသွားတော့သည်။
“ချွင်… ချွင်”။
ချင်ယွင်၏လက်ထဲရှိ မြူနှင်းချောက်နက်ဓားသည် အနှိုင်းမဲ့ ရက်စက်ကြမ်းကြုတ်လာ ခဲ့ပြီး ဓားအလင်းက အဆက်မပြတ် တောက်လောင်နေသည်။ ဓားသည် အလွန် လျင်မြန်ပြီး ကောင်းကင်ယံတစ်ခုလုံးကိုပင် ပုံရိပ်ယောင်များအသွင်ဖြင့် ပြည့်နှက်သွား စေသည်။
ချင်ယွင်၏ တိုက်ခိုက်မှုကို အစွမ်းကုန်တားဆီးရန် သူ၏ အပြာရောင်ရေခဲဓားကို အဆက်မပြတ် ဝှေ့ယမ်းရင်း ရေခဲဝိညာဉ်မျိုးနွယ်စုဝင် အမျိုးသား၏မျက်နှာသည် အနည်းငယ် ပြောင်းလဲသွားသည်။
"လှိုင်းလုံးအဆင့်ဆင့်ဓားသိုင်းပညာရပ်!"
ချင်ယွင်သည် သူ၏လက်ထဲရှိ မြူနှင်းချောက်ဓားကို တစ်ချက်ပြီးတစ်ချက် ထုတ်ဖော်ခုတ်ပိုင်းရင်း အော်ဟစ်လိုက်သည်။ ဓားချက်တစ်ချက်ချင်းစီ၏ စွမ်းအားသည် ကြီးမားပြီး ဓားချက်များသည် တစ်ချက်ပြီးတစ်ချက် ပို၍ သန်မာလာသည်။ သို့သော်လည်း ၎င်းဓားချက်များသည် ရေခဲဝိညာဉ်မျိုးနွယ်စုဝင် အမျိုးသားကို အမှန်တကယ် ဖိနှိပ်ပြီး ထိန်းထားနိုင်ရုံသာ စွမ်းနိုင်ခဲ့ပါသည်။
ရေခဲဝိညာဉ်မျိုးနွယ်စုဝင် အမျိုးသား၏ပုံရိပ်သည် ဆက်လက် ဆုတ်ခွာနေရပြီး ပထမအကြိမ်အဖြစ် သူ၏မျက်လုံးများတွင် လေးနက်သော အမူအရာတစ်ခု ပေါ်လာပါသည်။ သူ၏ ရှေ့မှာရှိနေသည့် ဤတာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကောင်လေးသည် ဤမျှအစွမ်းထက်သော စွမ်းအားတွေနှင့် ရုတ်တရက် ပေါက်ကွဲ လာလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ခဲ့မိပါဘူး။
ဓားချက်များ သူ၏ရေခဲဓားပေါ် ကျရောက်လာတိုင်း သူ၏လက်ကို ထုံကျင်သွားစေ သည်။
“ချွင်…”။
နောက်ထပ် ထိတ်လန့်တုန်လှုပ်ဖွယ် ဓားတိုက်ခိုက်မူတစ်ခု။
ဓားသွားသည် ရေခဲဓားနှင့် အပြင်းအထန် တိုက်မိပြီး ကြောက်စရာကောင်းသည့် အင်အားတစ်ခုက ချက်ချင်း ပေါက်ကွဲ ထွက်ပေါ်လာပါသည်။
“ဖျစ်… ဖျစ်..”။
ရေခဲဓားမှ ထွက်ပေါ်လာသောအသံသည် ခပ်တိုးတိုး အသံလေးမျှသာ ဖြစ်သော်လည်း ရေခဲဝိညာဉ်မျိုးနွယ်စုဝင် အမျိုးသား၏ နားထဲတွင် မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာသည်။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?" ရေခဲဝိညာဉ်မျိုးနွယ်စုဝင် အမျိုးသားသည် အလွန် တုန်လှုပ်ချောက်ချားသော အမူအရာတစ်ခုကို ထုတ်ဖော်လိုက်သည်။
သို့သော် ထိုအချိန်တွင် ချင်ယွင်သည် နောက်တစ်ကြိမ် ထပ်မံ ခုတ်ပိုင်းလိုက်သည်။
ဓားချီသည် ပစ္စည်းတစ်ခုကို စားပွဲပေါ်သို့ တဟုန်ထိုး ပစ်ချလိုက်စဉ် လှိုင်းလုံးကြီး ထွက်ပေါ်လာသကဲ့သို့ ကောင်းကင်ယံကို တုန်ခါစေလောက်သည့် လှိုင်းလုံးကြီးများ တဟုန်ထိုး ပျံ့နှံ့သွားသည်။
“ချွင်။.”
ရေခဲဝိညာဉ်မျိုးနွယ်စုဝင် အမျိုးသားသည် ထိုဓားချက်ကို တောင့်ခံနိုင်ရုံသာ ရှိခဲ့ပါသည်။ မယုံကြည်နိုင်စရာ ကောင်းလောက်အောင်ပင် ရေခဲဓားသည် လုံးလုံး ကွဲအက်သွားပြီး ရေခဲဝိညာဉ်မျိုးနွယ်စုဝင် အမျိုးသားသည် ချက်ချင်းပင် တုန်လှုပ်သွားပြီး သူ့ကိုယ်သူ နောက်ပြန် ဆုတ်သွားခဲ့သည်။
“သေလိုက်တော့”။
ချင်ယွင်သည် စကားတစ်ခွန်းကို ညှစ်ထုတ်လိုက်ရင်း သူ၏ခန္ဓာကိုယ်သည် ချက်ချင်းပင် ရေခဲဝိညာဉ်မျိုးနွယ်စုဝင်အမျိုးသားနှင့် နီးကပ်လာပြီး သူ၏ ရင်ဘတ်ကို လက်သီးဖြင့် ထိုးချလိုက်သည်။
သူ၏လက်သီးသည် ဧရာမနဂါးကြီးတစ်ကောင် ဟောက်သံနှင့်တူပြီး သူ၏ခွန်အား သည် တောင်များပြိုကျသလိုပင်။
“ဘုန်း”။
ရေခဲဝိညာဉ်မျိုးနွယ်စုဝင် အမျိုးသားသည် ကာကွယ်လိုက်သော်လည်း ချင်ယွင်၏ လက်သီးချက်သည် သူ၏ရင်ဘတ်ကို ထိမှန်သွားခဲ့သည်။
ရေခဲဝိညာဉ်မျိုးနွယ်စုဝင် အမျိုးသား၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူ၏ ရင်ဘတ်သည် ဧရာမတူကြီးနှင့် ထုနှက်ခံလိုက်ရသလိုပင်။ သူ၏မျက်လုံးများသည် မယုံကြည်နိုင်သည့် အမူအယာများဖြင့် ပြည့်နေသည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုသည် သူ၏ရင်ဘတ်တွင် ပေါက်ကွဲသွားသည်။
သူ၏ခန္ဓာကိုယ် တစ်ခုလုံးသည် ဧရာမကျောက်တုံးကြီးတစ်ခုလို မြေပြင်ပေါ်သို့ ပြိုလဲကျသွားပြီး ကြီးမားသော တွင်းနက်ကြီးတစ်ခု မြေပြင်ပေါ်တွင် ချက်ချင်းပင် ဖြစ်ပေါ်လာခဲ့သည်။
“သတ်”။
ချင်ယွင်၏ မျက်လုံးများသည် ကျဉ်းမြောင်းလာပြီး သူ၏ခန္ဓာကိုယ်သည် လျင်မြန်စွာ ပျံထွက်သွားလေသည်။ သူ၏လက်ထဲမှ မြူနှင်းချောက်နက်ဓားသည် ပင်လယ်ထဲမှ ထွက်ပေါ်လာသော ဧရာမနဂါးကြီးကဲ့သို့ ရေခဲဝိညာဉ်မျိုးနွယ်စုဝင် အမျိုးသား၏ ရင်ဘတ်ကို ထိုးစိုက်လာသေည်။
မြူနှင်းချောက်နက်ဓားသည် ဥက္ကာပျံကဲ့သို့ ကောင်းကင်ယံမှ ဆင်းသက်လာသည်။ ဓားအလင်းသည် လေထုကို ဖြတ်သွားကာ စူးရှတောက်ပသော အလင်းရောင်ကို ထုတ်လွှတ်လိုက်သည်။ ဓားထံမှထုတ်လွှတ်နေသော ပြင်းထန်သော အငွေ့အသက် သည် ရေခဲဝိညာဉ်မျိုးနွယ်စုဝင် အမျိုးသားအပေါ် ဖိနှိပ်ထားသော မြင့်မားသော တောင်ကြီးတစ်ခုနှင့် တူနေလေသည်။
အခန်း (၄၇၇) ရေခဲနှင့်နှင်းနဂါး။
“လုံလောက်ပြီ”။
လျင်မြန်စွာနီးကပ်လာသော ဓားအလင်းတန်းကို မျှော်ကြည့်ရင်း ရေခဲဝိညာဉ် မျိုးနွယ်စုဝင်အမျိုးသားက ဟိန်းဟောက်လိုက်သည်။ ပြင်းထန်သော အေးစက်မှုတစ်ခု က သူ၏ခန္ဓာကိုယ်မှ ချက်ချင်း ထွက်ပေါ်လာသည်။
အအေးဓာတ်သည် နှင်းထူထပ်စွာကျဆင်းနေသော နှင်းတောင်ကဲ့သို့ ပေါက်ကွဲသွားပြီး ခန်းမတစ်ခုလုံး၏ ကြမ်းပြင်ပေါ်တွင် ချက်ချင်းပင် ထူထဲသော ရေခဲအလွှာများ စုပုံလာသည်။ နှင်းများနှင့်လေပြင်းများသည် ကောင်းကင်ယံမှ တိုတ်ခတ်လာပြီး ခန်းမတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။
ဒါဇင်ပေါင်းမြောက်များစွာသော ဧရာမ ရေခဲပန်းဆွဲများသည် မြေပြင်မှ ရုတ်တရက် ထွက်ပေါ်လာပြီး ချင်ယွင်ဆီသို့ လျင်မြန်စွာ ထိုးစိုက်လိုက်ကြသည်။
ချင်ယွင်၏ အမူအရာသည် ပြောင်းသွားခဲ့၏။ ထိုးထွက်လာသော ရေခဲပန်းဆွဲများသည် ချက်ချင်းပင် ခြေရာပြန်ကောက်လာခဲ့ပြီး သူ၏ခန္ဓာကိုယ်သည် လေထဲတွင် နောက်တစ်ကြိမ် လည်ပြီး ရှောင်တိမ်းလိုက်ရပါသည်။ သူသည် မြေပြင်မှ ရုတ်တရက် ထိုးထွက်လာသော ရေခဲပန်းဆွဲကြီးများကို ကျဉ်းမြောင်းစွာ ရှောင်တိမ်းလိုက်ရပြီး သူ၏ခန္ဓာကိုယ်သည် အဝေးသို့ လွင့်မျောသွားခဲ့သည်။
ဒါဇင်နှင့်ချီသော ဧရာမရေခဲပန်းဆွဲကြီးတွေဟာ မြင့်မားသော တောင်တန်းကြီးများ ကဲ့သို့ ဖြတ်ကျော်လာခဲ့ပြီး ရေခဲဝိညာဉ်မျိုးနွယ်စုဝင်အမျိုးသားကို ဝန်းရံထားပါသည်။
“ဖျစ်”။
ရေခဲပန်းဆွဲများ ကွဲအက်သွားပြီး ရေခဲဝိညာဉ်မျိုးနွယ်စုဝင် အမျိုးသား၏ ပုံသဏ္ဍာန်သည် သူ့အလိုလို ပေါ်လာပါသည်။
ယခုအချိန်တွင်၊ ရေခဲဝိညာဉ်မျိုးနွယ်စုဝင် အမျိုးသားသည် အနည်းငယ် စိတ်ဆင်းရဲစရာ အနေထားမျိုး ဖြစ်နေပါသည်။ သူ၏ မူလက အပြာရောင်၀တ်ရုံသည် အပိုင်းပိုင်း စုတ်ပြတ်သွားပြီး ဖြစ်သည်။ သူ၏ချောမောသော မျက်နှာပေါ်တွင် သွေးထွက်သံယို ဒဏ်ရာအနည်းငယ်ရှိကာ သူ၏ပါးစပ်ထောင့်စွန်းတွင် သွေးစသွေးနများပင် စီးကျနေပါသည်။
သူ၏ အပြာရောင်မျက်လုံးများသည် ရေခဲသည်အထိ အေးစက်နေ၏။ အကြည့် တစ်ချက်ဖြင့်ပင် မြင်ရသူအား ကျောရိုးတွေ အေးစိမ့်သွားသလို ခံစားရစေသည်။ ဤအခိုက်အတန့်တွင် သူသည် ချင်ယွင်ကို လုံးဝ အမျက်ထွက်သွား ခဲ့သည်မှာ ထင်ရှားပါသည်။
"မင်းက ငါ့ဒေါသကို အောင်အောင်မြင်မြင် နှိုးဆွနိုင်ခဲ့ပြီ။ မူလကတော့ မင်းကို ကောင်းမွန်တဲ့အချိန်တစ်ခုပေးပြီး ကိုယ့်ကိုယ်ကို သတ်သေခွင့် ပေးချင်ခဲ့မိတယ်။ အခု ရက်စက်ကြမ်းကြုတ်ပြီး သနားညှာတာစိတ် ကင်းမဲ့တယ်ဆိုပြီး ငါ့ကို အပြစ်မတင် နဲ့တော့။
"ပြင်းထန်သော နှင်းမုန်တိုင်းများကြားမှ ထွက်ပေါ်လာသော ရေခဲဝိညာဉ်မျိုးနွယ်စုဝင် အမျိုးသားသည် သူ၏နောက်မှာ နှင်းမုန်တိုင်းကြီးက အဆက်မပြတ် မြင့်တက်လာပြီး သူ၏ပတ်ဝန်းကျင်မှာ အဆက်မပြတ် သိပ်သည်းနေသည်။ လွင့်မျောနေသော အဖြူရောင်နှင်းပွင့်များသည် အဆက်မပြတ် စုရုံးလာပြီး နောက်ဆုံးတွင် ဧရာမရေခဲ နဂါးကြီးအဖြစ်သို့ ပေါင်းစပ်သွားခဲ့သည်။
ရေခဲနဂါးကြီးသည် ပေတစ်ရာရှည်လျားပြီး ၎င်း၏ ကိုယ်ခန္ဓာတစ်ခုလုံးသည် တောက်ပြောင်ပြီး ဝင်းလက်နေကာ ၎င်းသည် မယုံကြည်နိုင်လောက်သည့် ခံစားချက် ကို ပေးစွမ်းသည်။
ထိုအချိန်တွင်၊ ရေခဲနဂါး၏ အပြာရောင်မျက်လုံးတစ်စုံသည် ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်နေသည်။ ၎င်း၏ကြီးမားလှသော ခြေသည်းကြီးသည် မြေပြင်ပေါ်သို့ ခုန်တက်သွားပြီး မြေပြင်ပေါ်ရှိ ကိုးပေထူသော ရေခဲပြင်ကြီးသည် ချက်ချင်းပင် အက်ကွဲကြီး ကွဲထွက်သွားခဲ့သည်။
“ဝေါင်း”…
ရေခဲနဂါးကြီးသည် ပါးစပ်ကိုဖွင့်ပြီး ဟိန်းဟောက်လိုက်သည်။ ဟိန်းဟောက်သံသည် ကောင်းကင်နှင့်မြေကြီးကိုပင် တုန်လှုပ်စေခဲ့၏။ လေပြင်းနှင့် ဆီးနှင်းများ ရောထွေး နေသော ကြီးမားသော မုန်တိုင်းကြီးတစ်ခုသည် ချင်ယွင်၏ မျက်နှာကို ရိုက်ခတ်သွား သည်။ ချင်ယွင်တောင်မှ နာကျင်ကိုက်ခဲမှုကို ခံစားရလိုက်ရသည်။
ချင်ယွင်၏ အမူအရာက လေးနက်ပြီး သူ၏မျက်လုံးများက စူးရှသည်။
ဤရေခဲဝိညာဉ်မျိုးနွယ်စုဝင် အမျိုးသားသည် အမှန်တကယ်ပင် ကိုင်တွယ်ရန် ခက်ခဲလွန်းသည်။ သူ၏လက်ရှိအင်အားသည် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်နေပြီ ဖြစ်သည်။ သွေးအနှစ်သာရလောင်ကျွမ်းခြင်း နည်းပညာရပ်ကို သုံးပြီးနောက်၊ သူသည် သာမန် အစောပိုင်းအဆင့် အမှန်တရားသို့ ပြန်လည်ခြင်းနယ်ပယ် ကျွမ်းကျင်သူနှင့် နှိုင်းယှဉ်နိုင်သည်။ အချို့သော ဓားသိုင်းပညာ ရပ်နှင့်ဆိုပါက သာမန် အစောပိုင်းအဆင့် အမှန်တရားသို့ပြန်လည်ခြင်း နယ်ပယ် ကျွမ်းကျင်သူသည် သူ့အတွက် ပြိုင်ဘက်မဟုတ်ဟုပင် သူ ယုံကြည်သည်။
သို့သော်၊ ဤရေခဲဝိညာဉ်မျိုးနွယ်စုဝင် အမျိုးသားသည် အလွန်ပြင်းထန်သော ရေခဲချီ ကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် သူ၏ကျင့်ကြံမူအခြေခံသည် အလယ်အလတ်အဆင့် အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ဦးနှင့် ယှဉ်နိုင်လုနီးပါး ဖြစ်နေပြီ။ ပြီးပြည့်စုံသော သွေးအနှစ်သာရလောင်ကျွမ်းခြင်း နည်းပညာရပ်ကို အသုံးမပြုလျှင် ချင်ယွင်သည် သူ့ကိုသတ်ရန် အလွန် ခက်ခဲပေလိမ့်မည်။
သို့သော်လည်း ဤနည်းအားဖြင့်ဆို၊ ချင်ယွင်၏ခွန်အားသည် လာမည့်ခန်းမ အနည်းငယ်အတွင်းမှာ သိုင်းဧကရာဇ်နယ်ပယ်သို့ လုံးဝ ပြန်လည် ရောက်သွားမည် ဖြစ်သည်။ ထိုအချိန်ရောက်လျှင်၊ သူသည် အောက်ထပ်ခန်းမသို့ သွားမည့် လှေကားကို ဆက်ဆင်းနိုင်ရန် အသာထား၊ ဤလှိုဏ်ဂူထဲမှ အသက်ရှင်လျက် ထွက်လာနိုင်ရန်ပင် ပြဿနာကြုံရလိမ့်မည်။
"မဟုတ်ဘူး၊ ပြီးပြည့်စုံတဲ့ သွေးအနှစ်သာရလောင်ကျွမ်းခြင်းနည်းပညာရပ်ကို ငါ လုံးဝ အသုံးမပြုနိုင်ဘူး။ တခြားနည်းလမ်းရှိရဦးမယ်" ချင်ယွင်သည် သူ့ကိုယ်သူ တွေးနေ သည်။
ရှေးဟောင်းတာအို ဆရာသခင်ထံမှ အကူအညီ တောင်းခံရန်အတွက်တော့၊ ချင်ယွင်သည် နောက်ဆုံး သေခြင်းရှင်ခြင်းအခိုက်တန့် မရောက်မချင်း ယင်းကို သေချာပေါက် မလုပ်နိုင်ပေ။
နှလုံးသားနတ်ဆိုးကို သူသတ်ဖြတ်စဉ်တုန်းက ချင်ယွင်သည် ရှေးဟောင်းတာအို ဆရာသခင်ကို လုံးဝ အားကိုး၍မရမှန်း သိလာခဲ့သည်။ အရာရာတိုင်းအတွက် သူ့ကိုယ်သူ အားကိုးရမည်။ တစ်နေ့မှာ ရှေးဟောင်းတာအိုဆရာသခင်သည် သူ၏ ဘေးမှာ မရှိခဲ့လျှင် သူ မည်သို့လုပ်မည်နည်း။
"ကလေး၊ ငါ့ရဲ့ရေခဲနဲ့နှင်းနဂါး အရသာကို မြည်းစမ်းကြည့်စမ်း" ရေခဲဝိညာဉ် မျိုးနွယ်စု ဝင် အမျိုးသားသည် ကျယ်လောင်စွာ အော်ပြောလိုက်သည်။ သူ၏နောက်မှ နဂါးကြီး သည် ချက်ချင်းပင် လေထဲသို့ ပျံတက်သွားပြီး ကြီးမားလှသော နဂါးခြေသည်းကြီးသည် ချင်ယွင်ဆီသို့ တိုက်ရိုက် ရောက်ရှိလာလေသည်။
ဤရေခဲနဂါးကြီးသည် ကြီးမားသော်လည်း ၎င်း၏အမြန်နှုန်းမှာ မယုံနိုင်လောက်အောင် မြန်ဆန် လွန်းလှသည်။
ကြီးမားလှသော နဂါးခြေသည်းကြီးက သူ့အပေါ်ကို ပြင်းထန်စွာ ဆောင့်ချလိုက်ပြီး ယင်းကြောင့် ပတ်ဝန်းကျင်လေထုသည် ပြင်းထန်စွာ တုန်ခါသွားစေသည်။
သူသည် သူ၏လက်ထဲမှ မြူနှင်းချောက်ဓားကို လျင်မြန်စွာ ခုတ်ပိုင်းလိုက်ရင်း ချင်ယွင်၏ မျက်နှာသည် ပြောင်းလဲသွားသည်။
ချွင်!။
ဓားနှင့်နဂါးခြေသည်းတို့ ပြင်းပြင်းထန်ထန် တိုက်မိသွားပြီး ရေခဲအစအန အနည်းငယ်သာ ပြတ်တောက်သွားခဲ့သည်။
ထိုမျှသာမကဘဲ နဂါးခြေသည်းကြီးမှ ကြီးမားသော အင်အားသည် ချင်ယွင်ကို လွင့်ပျံစေခဲ့သည်။
"ဘယ်လောက်ကြောက်စရာကောင်းလဲ။"
ချင်ယွင်၏ မျက်နှာသည် အလွန်လေးနက်သော အမူအရာ ပေါ်လွင်နေသော်လည်း သူမှာ စဉ်းစားရန် အချိန်များစွာ မရှိပေ။
“ဝှီး…”။
နဂါးအမြီးကြီးသည် ဧရာမ နှင်တံကြီးကဲ့သို့ ချင်ယွင်ဆီသို့ ပြင်းထန်စွာ ရိုက်ခတ် သွားသည်။
ချင်ယွင်သည် ချက်ချင်းပင် ထိတ်လန့်သွားပြီး ရှောင်တိမ်းရန်အတွက် ရွှေရောင် အလင်းတန်း အဖြစ်သို့ အလျင်အမြန် ပြောင်းလဲသွားသည်။
နဂါးအမြီးကြီးသည် လွဲချော်သွားခဲ့ပြီး နောက်မှနံရံကြီးကို ရိုက်ချိုး ပစ်လိုက်ပါသည်။
နံရံကြီးသည် ရှည်လျားသောတွင်းနက်ကြီးအဖြစ် ကွဲထွက်သွားကာ ကျိုးပဲ့သွားသော ကျောက်တုံးအစအနများက ဆက်လက်ပြိုဆင်းလာပြီး ခန်းမတစ်ခုလုံး ပြင်းပြင်း ထန်ထန် တုန်လှုပ်သွားလေသည်။
"ဘယ်လောက်တောင် ပှံမှန်မဟုတ်လိုက်လဲ" ထိုမြင်ကွင်းကိုမြင်ရလျှင် ချင်ယွင်၏ မျက်နှာက ထိတ်လန့်တကြား ဖြစ်သွားခဲ့ရသည်။
ဤနဂါး၏စွမ်းအားသည် အလယ်အလတ်အဆင့် အမှန်တရားသို့ပြန်လည်ခြင်း နယ်ပယ် အစစ်အမှန် ကျွမ်းကျင်သူနှင့် နှိုင်းယှဉ်နေပြီ ဖြစ်သည်။ အဓိကချက်မှာ ၎င်းသည် ထိုးဖောက်၍မရဖြစ်နေခြင်း ဖြစ်သည်။ ၎င်းသည် နာကျင်မှုကို မသိသလို မြူနှင်းချောက်နက်ဓားတောင်မှ သူ၏ခန္ဓာကိုယ်ကို ဖြတ်မသွားနိုင်ခဲ့ပါဘူး။ သူသည် ဤရေခဲနဂါးကြီး မည်သို့ တိုက်နိုင်မည်နည်း။
“ဘုန်း…”
ပြင်းထန်သည့် နောက်တကြိမ် နဂါးအမြီးရိုက်ချက်က မြေပြိုသည့်အလား ပြင်းထန်စွာ ထွက်ပေါ်လာသည်။
ချင်ယွင်သည် အဆက်မပြတ် ရှောင်တိမ်းနိုင်ရန်အတွက် သူ၏ လျှင်မြန် သွက်လက် သော ခန္ဓာကိုယ်နှင့် လျင်မြန်သော လှုပ်ရှားမှုပညာရပ်ကို အားကိုးပြီး ကြောက်မက်ဖွယ် ကောင်းသော ဤနဂါးအမြီးရိုက်ချက်မှ ခွေးလေခွေးလွင့် တစ်ကောင်ကဲ့သို့ လွတ်မြောက်ခဲ့ရသည်။
ချင်ယွင်သည် အပေါ်ကို ခုန်ပြီး ရေခဲနဂါးကြီး၏ ခေါင်းပေါ်သို့ တိုက်ရိုက် ခုန်တက်လိုက်သည်။
“ဘုန်း”..။
ချင်ယွင်သည် သူ၏ခန္ဓာကိုယ်ရှိ ခွန်အားအားလုံးကို အသုံးပြု၍ ထိုးနှက် တိုက်ခိုက် သည်။
ဧရာမနဂါးကြီး၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ခါသွားပြီး ခဏမျှ ရပ်တန့်သွား သည်။ နဂါးခေါင်းပေါ်ရှိ ရေခဲတုံးကြီးတစ်ခု ကွဲကြေသွားသော်လည်း လုံးဝ အကျိုးသက် ရောက်မူ မရှိပေ။
ထိုမြင်ကွင်းကိုမြင်ရလျှင် ချင်ယွင်၏မျက်နှာသည် ထိတ်လန့်တကြား ဖြစ်သွားခဲ့ရပါ သည်။
ဤရေခဲနဂါး၏ ခုခံမှုစွမ်းရည်သည် အမှန်တကယ်ပင် လုံးဝကို ပုံမှန်မဟုတ်ပေ။ ချင်ယွင်၏ တိုက်ခိုက်မှုများသည် ဤရေခဲနဂါးကို အမှန်တကယ် ထိခိုက်မှုတစ်စုံတစ်ရာ မဖြစ်စေနိုင်ခဲ့ပါ။
“ဘုန်း..”
ချင်ယွင်သည် တွေဝေမှိန်းနေသကဲ့သို့ဖြစ်နေစဉ်မှာ ဤနဂါးကြီးသည် ချင်ယွင်ကို အမှန်တကယ် ခေါ်ဆောင်လာပြီး နံရံပေါ်သို့ ပစ်တိုက်ချလိုက်သည်။
နံရံသည် ချက်ခြင်း ပေါက်ကွဲသွားပြီး ချင်ယွင်၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ နာကျင်သွားရသည်။ ဤပစ်တိုက်မိမှုက ချင်ယွင်၏ တစ်ကိုယ်လုံးကို ကြေမွလုနီးပါး ဖြစ်သွားစေသည်။ ဤကြောက်မက်ဖွယ်ကောင်းသော တိုက်မိမှုကြောင့် ချင်ယွင်၏ ရင်ဘတ်ပေါ်ရှိ နံရိုးသုံးချောင်းတောင် ကျိုးသွားခဲ့ရသည်။
“ဘန်း”
ရက်စက်ကြမ်းကြုတ်သော နဂါးခြေသည်းကြီးသည် ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်သို့ နောက်တကြိမ် ထိုးကျလာပြန်သည်။
ချင်ယွင်၏ခန္ဓာကိုယ်သည် ချက်ချင်းဆိုသလိုပင် ဘောလုံးတစ်လုံးကဲ့သို့ လွင့်ထွက်သွား ခဲ့ပြီး မြေကြီးထဲသို့ ပြင်းပြင်းထန်ထန် ရိုက်ခတ်ကာ ကြီးမားသော တွင်းကြီးတစ်ခု ဖန်တီးဖြစ်ပေါ်လာသည်။
ချင်ယွင်သည် နက်ရှိုင်းသောတွင်းနက်ကြီးထဲတွင် လဲလျောင်းနေရပြီး သူ၏ အဝတ်အစားများက စုတ်ပြတ်သတ်နေကာ ဒဏ်ရာများကလည်း ဆက်တိုက် ဖြစ်ပေါ်နေပြီး သူ၏ရင်ဘတ်သည် တုနှိုင်းမရသည့် နာကျင်မူကို ခံစားနေသည်။
“ဖူး..”။
ချင်ယွင်သည် သွေးတစ်လုတ် ထွေးထုတ်လိုက်ရပြီး သူ၏ အငွေ့အသက်သည် ချက်ချင်းပင် ညှိုးနွမ်းသွားသည်။ သွေးလောင်ကျွမ်းခြင်းလျှို့ဝှက်ပညာရပ်အတွက် ကုန်ဆုံးရန်အချိန် ကျရောက်လာခဲ့ပါပြီ။ ထိုအခိုက်တန့်တွင် ချင်ယွင်သည် သူ၏ ခန္ဓာကိုယ်မှ ပြင်းထန်သော အားနည်းမှုကို ခံစားလာရလေသည်။
ဧရာမရေခဲနဂါးကြီးသည် ဆက်လက် တိုက်ခိုက်ခြင်း မရှိပေ။ ယင်းအစား၊ သူသည် ရေခဲဝိညာဉ်မျိုးနွယ်စုဝင် အမျိုးသား၏ နောက်ကျောဘက်သို့ ပြန်သွားပြီး အလွန်ကြီးမားသော နဂါးမျက်လုံးကြီး တစ်စုံဖြင့် ချင်ယွင်ကို စိုက်ကြည့်နေခဲ့သည်။
ဧရာမတွင်းနက်ကြီးထဲမှာ ခြေလှမ်းဒယီဒယိုင်ဖြစ်နေသော ချင်ယွင်ကိုကြည့်ရင်း ရေခဲဝိညာဉ်မျိုးနွယ်စုဝင် အမျိုးသားသည် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ၏ အပြာရောင်မျက်လုံးများသည် ပြင်းထန်သော လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေ ပါသည်။
"ကောင်လေး၊ မင်းနဲ့ငါ့ကြားက ခြားနားချက်ကို မင်း သိတယ်မဟုတ်လား။ ငါ့မျက်လုံး ထဲမှာတော့ မင်းက ပုရွက်ဆိတ်တစ်ကောင် သာသာပါပဲ။ တကယ်လို့ ငါမင်းကို သတ်ချင်တယ်ဆိုရင် အချိန်တစ်မိနစ်ပဲ ကြာလိမ့်မယ်။ မင်းကများ ငါ့ကို သတ်ချင် နေသေးတယ်။ ဟမ့်၊ ငါလင်းဝူရွှန်းက သက်သတ်လွတ်သမားလို့ မင်းတကယ် ထင်နေတာလား"။ ရေခဲဝိညာဉ်မျိုးနွယ်စုဝင် အမျိုးသား၏ နှုတ်ခမ်းထောင့်စွန်းသည် အထင်သေးဟန်ဖြင့် တွန့်ကွေးသွားကာ သူ၏လက်ထဲတွင် အပြာရောင် ရေခဲဓား တစ်ချောင်းကို တစ်ဖန်ပြန်လည် သိပ်သည်းလိုက်ပါသည်။ သူသည် ချင်ယွင်ဆီသို့ ခြေတစ်လှမ်းချင်း လှမ်းလိုက်သည်။ သူ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း သူ၏ ခန္ဓာကိုယ်ပေါ်မှ အငွေ့အသက်က အမှတ်တစ်ခုအနေဖြင့် တိုးလာခဲ့သည်။
ရေခဲဝိညာဉ်မျိုးနွယ်စုဝင်အမျိုးသားသည် ခြေလှမ်းတစ်ချင်း လှမ်းလာသည်ကို ချင်ယွင် သည် စောင့်ကြည့်နေသည်။ သူ၏မျက်လုံးများတွင် မလိုလာသည့် ပြင်းထန်သောဆန္ဒ က တဟုန်ထိုး ပျံ့နှံ့ ထွက်ပေါ်လာသည်။ ချင်ယွင်သည် ဤနေရာ၌ သေဆုံးရန် မည်သို့ ဆန္ဒရှိမည်နည်း။ သို့သော်လည်း သူ၏ခန္ဓာကိုယ်သည် ယခုအချိန်တွင် ပြိုကျလုနီးပါး ဖြစ်နေရသည်။ တစ်ချက်လှုပ်လိုက်ရုံဖြင့်ပင် သူ့အား အလွန် နာကျင်ကိုက်ခဲစေခဲ့သည်။
"ဟမ့်၊ သေလိုက်တော့" ရေခဲဝိညာဉ်မျိုးနွယ်စုဝင်အမျိုးသားသည် အေးစက်စွာ ဟစ်အော်လိုက်သည်။ သူ၏ပုံသဏ္ဍာန်သည် ရေခဲ့အပြာရောင် အလင်းတန်းများ အဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏လက်ထဲတွင်ရှိသော အပြာရောင် ရေခဲဓားသည် ချင်ယွင်၏ နှလုံးသားထဲသို့ တည့်တည့် တိုးဝင်သွားသည်။
"ငါချင်ယွင်က ရှုံးနိမ့်မှုကို ဘယ်တော့မှ ဝန်ခံမှာ မဟုတ်ဘူး" ချင်ယွင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ဘုန်း”။
ဤအခိုက်တန့်တွင်၊ ထိုးထွင်းသိမြင်ဉာဏ်အလင်းနှင့် ပြည့်စုံနေသည့်အလား ချင်ယွင်၏ ခန္ဓာကိုယ်ထဲသို့ အင်အားကြီးမားသော စွမ်းအားတစ်ခု တိုးဝင် ရောက်ရှိလာခဲ့သည်။ သူ၏ခြေဖဝါးအောက်မှ ရေခဲတွေက ချက်ခြင်း ကွဲအက်သွားပြီး ဧရာမစွမ်းအားကြီးတစ်ခုက မုန်တိုင်းတစ်ခုလို သူ၏ခန္ဓာကိုယ်တစ်ဝိုက်မှာ လျင်မြန်စွာ လည်ပတ်နေပါသည်။
အခန်း (၄၇၈) အသက်၏စိတ်ဝိညာဉ်။
ကြီးမားလှသော စွမ်းအားကြီးတစ်ခုသည် ချင်ယွင်၏ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် တိုးဝင်လာခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်သည် အချိန်အတော် ကြာအောင် ဆောင်းခိုနေသော ရှေးဟောင်းသားရဲကြီး၏ ရုတ်တရက် ပေါက်ကွဲသံကဲ့သို့ ဖြစ်ပုံရသည်။ အလွန် ကြောက်စရာကောင်းလွန်းသည်။
မူလက ချင်ယွင်ကို လုံးဝသတ်ပစ်ရန် စီစဉ်ခဲ့သည့် လင်းဝူရွှန်းသည် ချက်ချင်းပင် သူ၏အမူအရာက ပြောင်းလဲသွားကာ နောက်ပြန် ဆုတ်သွားခဲ့သည်။
သို့သော်လည်း ချင်ယွင်၏ မျက်လုံးတစ်အစုံသည် ဒေါသတကြီးဖြစ်နေသော ခြင်္သေ့တစ်ကောင်ကဲ့သို့ လင်းဝူရွှန်းကို စိုက်ကြည့်နေသည်။ လင်းဝူရွှန်းကို လောက်တစ်ကောင်အလား ထင်မှတ်ထားပုံရသည်။
“ဘုန်း…”
ချင်ယွင်၏ ခြေဖဝါးအောက်မှ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်သည် ချက်ချင်းပင် ပေါက်ကွဲ ထွက်သွားသည်။ သူ၏အရှိန်အဟုန်သည် အရမ်းမြန်ဆန်လွန်းတာကြောင့် လင်းဝူရွှန်းသည် ပုံရိပ်ယောင်လောက်ကိုသာ မြင်နိုင်ပါ သည်။
"ရေခဲနဲ့ နှင်းနဂါး!" လင်းဝူရွှန်းက ကမန်းကတန်း အော်လိုက်သည်။
သူ၏နောက်မှ ဧရာမ နဂါးကြီးသည် ချက်ချင်းပင် ရွေ့လျားသွားပြီး သူ၏ ကြီးမားသော ခန္ဓာကိုယ်ကြီးသည် ပျံထွက်သွားခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော နဂါးခြေသည်း ကြီးများက မြှောက်ကြွလာပြီးကာ ချင်ယွင်ဆီသို့ ပြင်းထန်စွာ ရိုက်ချ လိုက်သည်။
ချင်ယွင်၏မျက်လုံးများသည် အလွန်စူးရှပြီး သူ၏မျက်လုံးများသည် ပြင်းထန်သော သတ်လိုသော ဆန္ဒများဖြင့် ပြည့်နှက်နေသည်။
“ဘုန်း..”
ချင်ယွင်၏ လက်သီးချက်သည် အလွန်ကြီးမားသော နဂါးခြေသည်းကြီးနှင့် တိုက်ရိုက် ထိမှန်သွားသည်။
ချင်ယွင်သည် ရေခဲနဲ့ နှင်းနဂါးကြီးကို သူ၏လက်သီးဖြင့် အမှန်တကယ် ထိပ်တိုက် ရင်ဆိုင်နေသည်ကို လင်းဝူရွှန်းက မြင်လိုက်ရလျှင် သူသည် ချင်ယွင် လွင့်ပျံသွားမည့် အချိန်ကို စောင့်ဆိုင်းနေသကဲ့သို့ သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ချက်ချင်း ပေါ်လာသည်။
သို့သော် ချင်ယွင်သည် နောက်ပြန် လွင့်ထွက်သွားသည်ကို အချိန်အတော်ကြာသည် အထိ မမြင်ရလျှင် သူ၏မျက်နှာပေါ်ရှိ အပြုံးများသည် အေးခဲသွားခဲ့သည်။
"ဖျစ်"
ဤအခိုက်တွင်၊ ကောင်းကင်ဘုံကိုးခုမှ ကျဆင်းလာသော မိုးခြိမ်းသံကဲ့သို့ သူ၏ နားထဲတွင် ရေခဲကွဲအက်သံများ ထွက်ပေါ်လာသည်။
ဧရာမနှင်းရေခဲနဂါးကြီး၏ နဂါးခြေသည်းကြီးသည် ချင်ယွင်၏ လက်ချက်ဖြင့် တစ်လက်မချင်းစီ အက်ကွဲသွားခဲ့သည်။ နဂါးခြေသည်းကြီး တစ်ခုလုံးသည် ရေခဲအပိုင်းအစများ ဖြစ်သွားပြီး မြေပြင်ပေါ်သို့ ပြိုလဲကျသွားသည်။
"ဘယ်လို...ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"။
လင်းဝူရွှန်းသည် သူ၏မျက်လုံးတွေကိုပင် မယုံနိုင်ဟုပင် အခိုင်အမာ ပြောနိုင်သည်။ ဧရာမနှင်းရေခဲနဂါးကြီးသည် သူ၏ ဂုဏ်အယူဆုံး သိုင်းကွက် ဖြစ်သည်။ ဤ ဧရာမနှင်းရေခဲနဂါးကြီးသည် ပင်လယ်ကြမ်းပြင်မှ နှင်းခဲစွမ်းအင်ကို နှစ် ၅၀၀ ကြာ စုပ်ယူပြီးနောက် သူ သိပ်သည်ထားသော သိုင်းကွက်တစ်ခု ဖြစ်သည်။ ထိုသိုင်းကွက်သည် ယခုလိုပုံစံမျိုးဖြင့် ပြိုကျသွားလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။
“ဖျစ်”…
သို့သော် ထိုအခိုက်အတန့်တွင် ကောင်းကင်ယံမှ နောက်ထပ် ပေါက်ကွဲသံတစ်ခု ထပ်မံ ထွက်ပေါ်လာသည်။
ချင်ယွင်သည် အပေါ်ကို ခုန်တက်ပြီး နှင်းရေခဲနဂါး၏ဦးခေါင်းကို ဥက္ကာပျံကဲ့သို့ ထိုးကြိတ်နေသည်။
နှင်းရေခဲနဂါးကြီးသည် ချက်ချင်းပေါက်ကွဲသွားပြီး ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်ကြီး သည် မရေမတွက်နိုင်သော ရေခဲအပိုင်းအစများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
လင်းဝူရွှန်းသည် လုံးဝကို ထိတ်လန့်သွားခဲ့ရပြီ။ သူ၏နှင်းရေခဲနဂါးကြီးကို ဖြိုခွဲရန် အတွက် တစ်စုံတစ်ယောက်သည် သူ၏လက်သီးများကို အသုံးပြု၍ ရနိုင်သည်ကို သူ မယုံကြည်နိုင်ပေ။ ဤခွန်အားသည် မည်မျှ ကြောက်စရာကောင်းလိုက်မည်နည်း။
“ဖျစ်”..
ချင်ယွင်၏ လက်သီးများက နှင်းရေခဲနဂါးကြီးကို ဖြိုခွဲလိုက်ပြီး လင်းဝူရွှန်းဆီသို့ တစ်လှမ်းချင်း လျှောက်လာခဲ့သည်။ သူလျှောက်လှမ်းလိုက်သည့် ခြေလှမ်းတိုင်းသည် လင်းဝူရွှန်း၏နှလုံးသားကို တက်နင်းလိုက်သလို ဖြစ်ပြီး သူ့ကို အလွန်ထိတ်လန့် သွားစေသည်။
“မင်း…. မလားနဲ့။ မလာနဲ့နော်။
လင်းဝူရွှန်းသည် အမှန်တကယ်ပင် ကြောက်လန့်နေခဲ့မိသည်။ ယခုအချိန်တွင် ချင်ယွင်သည် သူ၏မျက်လုံးထဲတွင် နတ်ဆိုးနတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်ပြီး အလွန် ကြောက်စရာကောင်းနေသည်။ အထူးသဖြင့် ချင်ယွင်၏ အရာအားလုံးကို လျစ်လျူရှုသော အကြည့်များက သူ့ကို နှလုံးသားအောက်ခြေအထိ ကြောက်ရွံ့မှု ဖြစ်ပေါ်စေသည်။
သို့သော် ချင်ယွင်သည် သူ၏စကားကို ကြားပုံမပေါ်ပေ။ သူ၏ ခြေဖဝါးအောက်တွင် တစ္ဆေသရဲအလင်းတန်းတစ်ခု လင်းလက်သွားပြီး သူ၏ရုပ်အသွင်အပြင်သည် လေပြင်းကဲ့သို့ တိုက်ခတ်သွားကာ လင်းဝူရွှန်း၏ရှေ့တွင် ပေါ်လာသည်။
လင်းဝူရွှန်း၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး နောက်ပြန်ဆုတ်ခွာရန် သူ၏ အစစ်အမှန်အနှစ်သာရကို အလျင်အမြန် စည်းရုံးလိုခဲ့သည်။
သို့သော်လည်း ချင်ယွင်သည် ရုတ်တရက် လျှပ်စီးလက်သလို လည်ပင်းကို ဖမ်းဆွဲပြီး လင်းဝူရွှန်းကို ရှေ့သို့ အမြန်ဆွဲခေါ်လာခဲ့သည်။
လင်းဝူရွှန်းသည် လုံးဝ မှင်သက်သွားခဲ့ရပြီ။ သူ၏နှလုံးသားက ကြောက်ရွံ့မှုအပြည့် ဖြစ်နေလေပြီ။ သူသည် ချင်ယွင်၏လက်ထဲမှ လွတ်မြောက်ချင်သော်လည်း ချင်ယွင်၏ လက်သည် ရှေးဟောင်းသားရဲကြီး၏ ကြောက်စရာကောင်းသော ခြေသည်းကြီးနှင့် တူကြောင်း သူ တွေ့ရှိခဲ့ရပါသည်။ သူသည် ထိုလက်ကြောင့် မလှုပ်ရှားနိုင်ဘဲ ချင်ယွင် ၏ ဖိအားအောက်တွင် အလျင်အမြန် နောက်ပြန်ပါသွားခဲ့ရသည်။
“ဘုန်း..”
လင်းဝူရွှန်း၏ ရုပ်အသွင်အပြင်သည် ချင်ယွင်၏ နံရံဆီသို့ ဖိတွန်းခြင်းကို ခံလိုက်ရ သည်။
နံရံသည် ချက်ခြင်း ကွဲအက်သွားပြီး လင်းဝူရွှန်း၏ ခန္ဓာကိုယ်တစ်ခုလုံး နံရံထဲသို့ နစ်မြုပ်သွားခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော ရိုက်ခတ်မှု အရှိန်ကြောင့် သူ၏ ပါးစပ်မှ သွေးများ စီးထွက်လာသည်။
ချင်ယွင်၏ အေးစက်သော မျက်လုံးများက သူ့ကို နှလုံးသား အောက်ခြေမှ ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေသည်။
"မင်းက...ဘယ်သူလဲ?" လင်းဝူရွှန်းသည် အလွန်ကြောက်လန့်နေပြီ ဖြစ်သည်။ သူ၏ ရှေ့မှ လူငယ်ကို ကြည့်လိုက်တော့ ထိုလူငယ်သည် လုံးဝ ပြောင်းလဲသွားသလို ခံစားရ သည်။
"မင်း ငါ့ကိုရှာဖွေတွေ့ရှိဖို့ လုံလောက်တဲ့ ဉာဏ်ပညာ ရှိနေလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး" ချင်ယွင်၏ပါးစပ်ထောင့်ကို ဖွင့်လိုက်ပြီး အေးစက်စွာ ပြုံးလိုက် သည်။ သို့သော်၊ လင်းဝူရွှန်း၏ မျက်လုံးများတွင် ၎င်းအပြုံးသည် ငရဲဘုရင်၏ ဒေါသမျက်လုံးများထက်ပင် ပို၍ ကြောက်စရာကောင်းနေပါသည်။
ထိုးစကားကိုကြားရလျှင် လင်းဝူရွှန်း၏ သူငယ်အိမ်တွေက ချက်ခြင်း ကျုံ့သွားပြီး သူ၏ မျက်နှာမှာ အလွန်တုန်လှုပ်နေသော အမူအရာ ပေါ်လာပါသည်။
"မင်းက ဘယ်သူလဲ၊ မင်းနဲ့ ရန်ငြိုးရန်စလည်း ရှိပုံမပေါ်ပါဘူး" လင်းဝူရွှန်းက ပြောသည်။
"ရန်ငြိုးရန်စ မရှိဘူးလား။ အမုန်းအာဃာတ မရှိဘူးလား၊ မျိုးမစစ်ကောင်၊ ဒီခန္ဓာကိုယ် ပိုင်ရှင်က ငါ့တပည့်ပဲ၊ မင်းနဲ့ငါ့ကြားမှာ ရန်ငြိုးရန်စမရှိဘူး၊ အမုန်းအာဃာတမရှိဘူးလို့ မင်းထင်လား" ချင်ယွင်က ပြောသည်။
"တပည့်လား?" လင်းဝူရွှန်း၏ မျက်နှာသည် ချက်ချင်း ဖြူဖျော့သွားသည်။ သူ၏ရှေ့ရှိ ဤလူငယ်လေးမှာ ဤမျှလောက် အစွမ်းထက်သည့် ဆရာသခင်တစ်ဦး ရှိနေလိမ့် မည်ဟု သူ မမျှော်လင့်ထားပါဘူး။
ချင်ယွင်သည် အေးစက်စွာ ပြုံးလိုက်ပြီး လင်းဝူရွှန်းကို တစ်ချက်ငေးကြည့်ရင်း သူ၏ အကြည့်များတွင် လှောင်ပြောင်ခြင်းများဖြင့် ပြည့်နှက်နေသည်။
မှန်ပါသည်။ ယခုအချိန်တွင် ချင်ယွင်သည် "ချင်ယွင်” အစစ်အမှန် မဟုတ်တော့ပေ။ ယင်းအစား၊ ၎င်းသည် ချင်ယွင်၏ခန္ဓာကိုယ်ကို သိမ်းပိုက်နိုင်သော စိတ်ဝိညာဉ် စွမ်းအားတစ်ခု ဖြစ်နေပါသည်။ ဤအရာသည် အချိန်အကြာကြီး အိပ်သွားပြီးနောက် ရှေးဟောင်းတာအိုဆရာသခင် စုဆောင်းထားသော စွမ်းအားဖြစ်ပါသည်။
ချင်ယွင်၏အသက်သည် အန္တရာယ်အတွင်းထဲ ကျရောက်နေသည်ကို မြင်လိုက်ရတော့ ရှေးဟောင်းတာအိုဆရာသခင်သည် မတိုက်ခိုက်ဘဲ မနေနိုင်ခဲ့ပါဘူး။
"မသတ်နဲ့၊ ငါ့ကိုမသတ်နဲ့။ ကျေးဇူးပြုပြီး ငါ့ကို မသတ်ပါနဲ့" လင်းဝူရွှန်းက သနား ညှာတာပေးရန် ဆောလျင်စွာ တောင်းပန်လိုက်ပါသည်။ ဤအခိုက်အတန့်တွင် သူသည် တကယ်ကို ထိတ်လန့်သွားခဲ့သည်။ သူ့မှာ ခုခံရန်စိတ်ကူးလေးပင် မရှိတော့ပါဘူး။
ယခုလေးတင် ချင်ယွင်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အငွေ့အသက်သည် လင်းဝူရွှန်းကို အနှိုင်းမဲ့ ထိတ်လန့်သွားစေခဲ့သည်။
"ငါ မင်းကို မသတ်ရဘူးလား။ ဒါဆို ငါ့တပည့်က ဒီအစီအရင်ဝင်္ကပါကြီးကနေ ဘယ်လိုလုပ် ရုန်းထွက်နိုင်ပါတော့မလဲ" ချင်ယွင်သည် သူ၏မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ရှိနေသေးသည်။
သူသည် မလှုပ်ရှားခဲ့သည်မှာ အချိန်အတော်ကြာပြီ။ ယခုတကြိမ် ထွက်ပေါ် လာခြင်း သည် သူ၏စိတ်ဝိညာဉ်မျှတန်း တစ်ခုမျှသာ ဖြစ်သော်လည်း ထွက်လာသည်နှင့် သူ့အား အနှိုင်းမဲ့လွတ်လပ်ခြင်းကို ခံစားလိုက်ရသည် မဟုတ်ပါလား။
ထိုစကားကိုကြားလျှင် လင်းဝူရွှန်း၏ မျက်နှာသည် ချက်ချင်း ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး သူ၏မျက်နှာက ပြာနှမ်းနှမ်း ဖြစ်သွားပါသည်။
“ မင်း ဒူးထောက်လိုက်စမ်း”။
သို့သော် လင်းဝူရွှန်းသည် သူသေတော့မည်ဟု တွေးနေသည့်အခိုက်မှာ ရှေးဟောင်း တာအိုဆရာသခင်၏ အသံသည် သူ၏နားထဲတွင် ထပ်၍ ထွက်ပေါ်လာပြန်သည်။
ဤအသံသည် သူ၏နားထဲ ဝင်ရောက်လာခဲ့ပြီး သဘာဝတရားကြီး၏ အသံနှင့်ပင် တူလွန်းလှသည်။ လင်းဝူရွှန်း၏ မျက်နှာသည် စိတ်အားတက်ကြွသည့် အသွင်အပြင် ချက်ချင်း ပေါ်လွင်လာသော်လည်း ရှေးဟောင်းတာအိုဆရာသခင်၏ နောက်စကား သည် သူ၏မျက်နှာ ပြန်လည် ဖြူဖျော့သွားစေပြန်သည်။
ရှေးဟောင်းတာအိုဆရာသခင်က လှောင်ပြောင်ဟန်ဖြင့် ပြောလိုက်သည် "မင်းရဲ့ စိတ်ဝိညာဉ်အမျှင်တန်းတစ်ခုကို လွှဲပေးလိုက်ပါ။
"မွေးရာပါ ကံကြမ္မာရဲ့ စိတ်ဝိညာဉ်လား? ဒါက မဖြစ်နိုင်ဘူး" လင်းဝူရွှန်းက ချက်ချင်း ငြင်းဆိုလိုက်ပါသည်။
သူ၏အသက်သွေးကြောစိတ်ဝိညာဉ်ကို လွှဲပြောင်းပေးခြင်းသည် မိမိ၏အသက်ကို အခြားသူတစ်ဦးထံ လွှဲပြောင်းပေးခြင်းနှင့် ညီမျှသည်။ ၎င်းကို အခြားသူတစ်ဦးမှ လုံးဝထိန်းချုပ်ထားပြီး ထိုပုဂ္ဂိုလ်အား သခင်အဖြစ် အသိအမှတ်ပြုခြင်းနှင့် ညီမျှသည်။ လင်းဝူရွှန်းသည် အခြားသူတစ်ဦး၏ ထိန်းချုပ်ခံဖြစ်ရန် မည်သို့ ဆန္ဒရှိနိုင်မည်နည်း။
သို့သော် သူ၏ဘဝသည် အခြားသူ၏လက်ထဲတွင် ရှိနေဆဲဖြစ်သည်ကို သူသည် မေ့လျော့သွားခဲ့သည်။
"ဒါဆိုလည်း သွားသေလိုက်တော့" ရှေးဟောင်းတာအိုဆရာသခင်က အေးစက်စွာ ပြောလိုက်သည်။ သူပြောပြီးသည်နှင့် သူသည် လင်းဝူရွှန်း၏လက်ကို ဆုပ်ကိုင်လိုက်ပြီး ခွန်အားကို ဖြည့်သွင်းလိုက်သည်။ လင်းဝူရွှန်းသည် ချက်ခြင်း အသက်ရှူကြပ်သွား သည်။
လင်းဝူရွှန်း၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားရင်း "ငါ လွှဲပေးမယ်၊ ငါ လွှဲပေးပါ့မယ်။ ငါ့ကို မသတ်ပါနဲ့" အလောတကြီး ပြောလိုက်ရသည်။
သူ၏စကားကို ကြားလျှင် ရှေးဟောင်းတာအိုဆရာသခင်၏ နှုတ်ခမ်းတွေက အေးစက်သည့် အပြုံးနှင့်အတူ တွန့်ကွေးသွားပြီး လက်ဖဝါးကို ထုတ်လိုက်သည်။
လင်းဝူရွှန်းသည် အမှန်တကယ်ပင် ကြောက်လန့်နေခဲ့သည်။ သူ၏မျက်ခုံးကြားမှ စိတ်ဝိညာဉ်တစွန်းတစ လွင့်ထွက်လာခဲ့ပြီး ၎င်းကို ရှေးဟောင်းတာအိုဆရာသခင်က ဖမ်းဆုပ်လိုက်ပါသည်။
ရှေးဟောင်းတာအိုဆရာသခင်က သူ၏စိတ်ဝိညာဉ်ကို ဖမ်းဆွဲထားချိန်မှာ လင်းဝူရွှန်းက စောင့်ကြည့်နေသည်။ သူ၏နှလုံးသားထဲတွင် စိုးရိမ်သောကလှိုင်းတစ်ခုကို ခံစားလိုက်ရ သည်။ ရှေးဟောင်းတာအိုဆရာသခင်သည် သူ၏စိတ်ဝိညာဉ်ကို မတော်တဆ ဖိချေမိ သွားခဲ့ရင် သေ၏စိတ်ဝိညာဉ်လေး အမှန်တကယ် ဆုံးရှုံးသွားမည်ကို သူ တကယ်ကို ကြောက်နေမိပါသည်။
"စီနီယာ၊ ဒီအစီအရင်ဝင်္ကပါက ဘာလဲ" လင်းဝူရွှန်းက စိုးရိမ်တကြီး မေးသည်။
လင်းဝူရွှန်း၏ စကားကိုကြားတော့ ရှေးဟောင်းတာအိုဆရာသခင်က မထီမဲ့မြင် ပြုံးကာ သူ၏လက်ကို ဝှေ့ယမ်းလိုက်ပါသည်။ မြူနှင်းချောက်နက်ဓားသည် ဥက္ကာပျံကဲ့သို့ ပစ်လွှတ်လိုက်ပြီး ခန်းမအလယ်ဗဟိုရှိ တိမ်မြုပ်နေသော အလင်းစက်တစ်ခုအား တိုက်ရိုက် ထိမှန်သွားခဲ့သည်။
အလင်းအစက်သည် ချက်ခြင်း ကွဲအက်သွားပြီး မူလက ခန်းမကြီးတစ်ခုလုံးကို လွှမ်းခြုံထားသော အစီအရင်ဝင်္ကပါ သည်လည်း ကွယ်ပျောက်သွားခဲ့သည်။
"ချိုးဖျက်လိုက်တာလား?" လင်းဝူရွှန်းသည် သူ၏ပတ်ဝန်းကျင်ရှိ အစီအရင်ဝင်္ကပါများ ပျောက်ကွယ်သွားသည်ကို ကြည့်ပြီး သူ၏မျက်နှာတွင် အံ့အားသင့်နေသည့် အမူအယာတစ်ခု ပေါ်လာသည်။
အခန်း (၄၇၉) ကောင်းကင်နှင့်လူသားပေါင်းစည်းခြင်း။
အစီအရင်ဝင်္ကပါကြီးကို ချိုးဖျက်ပြီးနောက် ချင်ယွင်သည် မြေပြင်ပေါ်တွင် တိုက်ရိုက် ထိုင်ချလိုက်ပြီး သူ၏တစ်ကိုယ်လုံးသည် အလွန်အားနည်းသော အခြေအနေသို့ ရောက်ရှိသွားသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် ချင်ယွင်၏ ဆရာကြီးသည် ချင်ယွင်၏ ခန္ဓာကိုယ်မှ ထွက်ခွာသွားပြီဖြစ်ကြောင်း လင်းဝူရှန်က ချက်ချင်း သိလိုက်ပါသည်။ အကြောင်းမှာ သူ့အား လွှမ်းခြုံထားသည့် အငွေ့အသက်သည်လည်း ပျောက်ကွယ် သွားခဲ့သောကြောင့် ဖြစ်ပါသည်။
သို့သော်လည်း လင်းဝူရွှန်းသည် ပေါ့ပေါ့ဆဆ ပြုမူဝံ့ခြင်း မရှိပေ။ ပထမအချက်မှာ ချင်ယွင်သည် သူ၏အသက်သွေးစိတ်ဝိညာဉ်ကို သူ၏လက်ထဲတွင် ဆုပ်ကိုင် ထားသေး သောကြောင့် ဖြစ်ပါသည်။
ချင်ယွင်သည် ယခုချိန်မှာ အလွန်အားနည်းနေသော်လည်း သူ သူ့ကို မသတ်နိင်ခင်မှာ သူ၏စိတ်ဝိညာဉ်ကို သေချာပေါက် ချေမွပစ်နိုင်ပါသေးသည်။
ဒုတိယအချက်အနေဖြင့်၊ ထိုကြောက်စရာကောင်းသည့် သူ၏ဆရာသခင်သည် ချင်ယွင်၏ ခန္ဓာကိုယ်ကို စွန့်ခွာထားခဲ့ပြီးသား ဖြစ်သော်လည်း သူပြန်ပေါ်လာလိမ့်မည် မဟုတ်ဟု အာမခံရန် ခက်ခဲပါသည်။ အကယ်၍ သူ မဆင်မခြင် ပြုမူဝံ့သရွေ့ ထိုကြောက်မက်ဖွယ်ကောင်းသော ဆရာသခင်သည် ခုန်ထွက်လာခဲ့ပြီး သူ့ကို နောက်တကြိမ် သတ်ပစ်ပေလိမ့်မည်။ ထိုအချိန်ရောက်လျှင် သူသည် အမှန်တကယ် ရွေးချယ်စရာမရှိတော့ပေ။
သူသည် အခြားသူများကို သူ၏ဘဝကို ထိန်းချုပ်ခွင့် မပေးလိုသော်လည်း သူ့မှာ အခြားရွေးချယ်စရာမရှိပေ။ နောက်ဆုံးတော့ သူသည် မသေချင်သေးပါဘူး။
တစ်ချိန်တည်းမှာပင်၊ ချင်ယွင်သည် ရှေးဟောင်းတာအိုဆရာသခင်နှင့်လည်း စကားပြောဆိုနေသည်။
"ကျွန်တော့်ကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ် ဆရာကြီး။ ဆရာကြီးကြောင့်သာ မဟုတ်ရင် ကျွန်တော့်ရဲ့ အစစ်အမှန်ခန္ဓာကိုယ်က သေခံပြီးသား ဖြစ်သွားလောပြီ " ချင်ယွင်က စိတ်ပိုင်းဆိုင်ရာဆက်သွယ်ပြီး ပေးပို့လိုက်ပါသည်။
ရှေးဟောင်းတာအိုဆရာသခင်သည် အစောပိုင်းက သူ၏ခန္ဓာကိုယ်ကို သိမ်းပိုက်ထား သော်လည်း ထိုအချိန်မှာ သူ၏အသိစိတ်က ရှိနေဆဲဖြစ်ပြီး အစောပိုင်းက ဖြစ်ပျက် သမျှကို သူ မြင်လိုက်ရပါသည်။
ရှေးဟောင်းတာအိုဆရာသခင်သည် ဤတိုက်ခိုက်မှုတွင် စိတ်ဝိညာဉ်စွမ်းအားများစွာကို အသုံးချခဲ့ကြောင်းနှင့် သူပြန်မထနိုင်မီ အချိန်အတော်ကြာအောင် အိပ်မောကျတော့ မည်ဖြစ်ကြောင်း သူသိသည်။
"ကောင်လေး၊ မင်းမှာ အသိစိတ်လေး ဘာလေးတော့ ရှိနေတုန်းပဲ။ စိတ်မပူပါနဲ့၊ ဒီတိုက်ခိုက်မှုက ငါ့ကို အရမ်းမထိခိုက်ပါဘူး။ ငါလည်း ပြန်အိပ်နေစရာ မလိုတော့ဘူး။" ရှေးဟောင်းတာအိုဆရာသခင်၏ အသံက ထွက်ပေါ်လာသည်။
ချင်ယွင်၏ နှလုံးသားသည် နွေးထွေးလာသည်။ ရှေးဟောင်းတာအိုဆရာသခင်ကို သူ၏ ဆရာသခင်အဖြစ် ခံယူပြီးကတည်းက ရှေးဟောင်းတာအိုဆရာသခင်သည် သူ့ကို အရမ်းကို ကြမ်းကြမ်းတမ်းတမ်း ပြောဆိုဆက်ဆံခဲ့သော်လည်း သူ အန္တရာယ်ကြုံတိုင်း ရှေးဟောင်းတာအိုဆရာသခင်သည် လှုပ်ရှားပေးရန် တွန့်ဆုတ်မနေခဲ့ပါဘူး။ ဤအရာက ချင်ယွင်၏ နှလုံးသားကို ကျေးဇူးတင်ခြင်းများဖြင့် ပြည့်နှက်စေခဲ့သည်။
ချင်ယွင်သည် ဤသေမျိုးကမ္ဘာသို့ သူ၏ခမည်းတော်၏ ရိုက်နှက်ပို့ဆောင်ခြင်းကို ခံခဲ့ရပြီးနောက် သူ၏နှလုံးသားသည် သူ၏မိသားစုအပေါ် ရန်ငြိုးထားခြင်း အမြဲတမ်း ရှိနေခဲ့သည်။ သူသည် ရှေးဟောင်းတာအိုဆရာသခင်နှင့် ပူးပေါင်းမိခဲ့လျှင်ပင် သူ၏ နှလုံးသားထဲတွင် ကြိုတင်စာရင်းမှတ်ထားမှုများ ရှိနေသေးသည်။
သို့သော်လည်း ဤနှလုံးသားနတ်ဆိုး၏ ရှုံးနိမ့်သွားမှုနှင့်အတူ ရှေးဟောင်းတာအို ဆရာသခင်၏ တိုက်ခိုက်မှုကြောင့် ချင်ယွင်၏ ယုံကြည်မှုနှင့် ရှေးဟောင်းတာအို ဆရာသခင်အပေါ် သူ၏လေးစားမှုကို ပို၍ပင် ကြီးမားလာစေခဲ့သည်။ သူ၏ စိတ်ထဲတွင် ရှေးဟောင်းတာအိုဆရာသခင်ကို သူ၏မိသားစုနှင့် ဖခင်အဖြစ်ပင် ဆက်ဆံလာခဲ့သည်။
တချိန်က ယစ်ထုတ်အဘိုကြီးပြောခဲ့ဖူးသော “တစ်ရက်ဆရာ ဖြစ်ဖူးရင်၊ တသက်တာ ဖခင်ပါပဲ” ဟူသောစကားကို ယခုအချိန်မှာ ယစ်ထုတ်အဘိုးကြီးကိုယ်တိုင် သူ၏နား အနားထဲတွင် တိုးတိုးလေး လာပြောနေသကဲ့သို့ပင်။
ထိုအချိန်တွင် ချင်ယွင်သည် ရှေးဟောင်းတာအိုဆရာသခင်ကို သူ၏ဖခင်အဖြစ် စတင် ဆက်ဆံလာခဲ့သည်။
"ဆရာကြီး၊ ကျွန်တော် အစစ်အမှန် အင်မော်တယ်နယ်ပယ်ကို ဖြတ်ကျော်ပြီး ဆရာကြီးရဲ့ ခန္ဓာကိုယ်ကို ပြန်ကောင်းအောင် ကူညီပေးမှာပါ" ချင်ယွင်က စိတ်ထဲတွင် ပြောလိုက်သည်။
တခဏသာ တိတ်ဆိတ်သွားပြီးနောက်၊ ရှေးဟောင်းတာအိုဆရာသခင်က "ကောင်လေး၊ မင်းအနေနဲ့ မင်းအရင်ဆုံး ကိုယ့်ကိစ္စကိုယ် ဖြေရှင်းသင့်တယ်။ မင်းရဲ့ ရုပ်ခန္ဓာကိုယ်ကို အရင်ဆုံး ပြန်လည်ကုစားလိုက်ပါဦး။ မင်း မင်မော်တယ်ကမ္ဘာအထိ တက်လှမ်းပြီးမှ ဒီအကြောင်းကို ငါတို့ပြောကြတာပေါ့"။
ချင်ယွင်သည်လည်း ခေါင်းညိတ်လိုက်ပါသည်။ တကယ်တော့ ဤအကြောင်းတွေ ပြောဖို့ စောလွန်းနေပါသေးသည်။ သို့သော်၊ ရှေးဟောင်းတာအိုဆရာသခင် သူ၏ ဘဝတစ်သက်တာတွင် သူ၏သွေးအသားခန္ဓာတစ်ခုကို ပြန်လည်ရရှိရန် သေချာပေါက် ကူညီပေးမည်ဟု သူ၏နှလုံးသားထဲတွင် သွေးသစ္စာ ကျိန်ဆိုထားပြီး ဖြစ်ပါသည်။
"စကားမစပ် ဆရာကြီး၊ လင်းဝူရှန်ကို ဘာလို့ မသတ်ခဲ့တာလဲ၊ အဲဒီအစား၊ သူ့စိတ်ဝိညာဉ်ကို ယူထားလိုက်တယ်။ ဒါက ဘာကိုဆိုလိုတာလဲ။" ချင်ယွင်သည် သူ၏ စိတ်ထဲတွင် သံသယတွေ တိုးလာပါသည်။
"ဒီလင်းဝူရွှန်းက အသုံးဝင်မူအချို့ ရှိနေသေးတယ်။ မင်းအနေနဲ့ သူ့ကို မင်းရဲ့ ဘက်တော်သားတစ်ယောက်အနေနဲ့ အရင်ဆုံး ထိန်းချုပ်သင့်တယ်။ အဲဒါက အနာဂတ်မှာ အရမ်းကို အသုံးဝင်လိမ့်မယ်" ရှေးဟောင်းတာအိုဆရာသခင်က ပြောပြသည်။
ချင်ယွင်သည် သူ၏စိတ်ထဲတွင် ရှုပ်ထွေးနေသော်လည်း သူ သဘောတူလိုက်ပါ သေးသည်။
ရှေးဟောင်းတာအိုဆရာသခင်က လင်းဝူရွှန်းကို အသုံးဝင်သည်ဟု ပြောဆိုကတည်းက သူ၏တည်ရှိနေမူက တန်ဖိုးရှိသည်မှာ သေချာပါသည်။ ထို့အပြင် သူ၏စိ တ်ဝိညာဉ်သည် ယခု သူ၏လက်ထဲတွင် ရှိနေပါသည်။ လင်းဝူရွှန်းက သူ့ကို ပုန်ကန်ချင် သည်ဆိုလျှင်ပင် သူသည် ကြီးကြီးမားမား ရိုက်ခတ်မူကြီး တစ်ခုမှ မဖြစ်ပေါ်စေ နိုင်ပါဘူး။
ချင်ယွင်က မျက်လုံးဖွင့်ပြီး လင်းဝူရွှန်းကို ကြည့်လိုက်ပါသည်။
ချင်ယွင်က သူ့ကိုကြည့်နေသည်ကို မြင်ရလျှင် လင်းဝူရွှန်းသည် အရမ်းကြောက်သွားပြီး နောက်ပြန် ဆုတ်သွားရှာသည်။ ထင်ရှားသည်မှာ၊ သူသည် ရှေးဟောင်းတာအို ဆရာသခင်၏ အရိပ်အောက်မှ ရုန်းမထွက်နိုင်သေးပေ။
ဤမြင်ကွင်းကို မြင်သောအခါ ချင်ယွင်သည် ပြုံးလိုက်ပြီး လင်းဝူရွှန်း၏ စိတ်ဝိညာဉ် မျှင်တန်းကို သူ၏နဖူးထဲသို့ တွန်းထည့်လိုက်သည်။ ချက်ခြင်းပင် သူ၏စိတ်ထဲတွင် လင်းဝူရွှန်းနှင့် ဆက်စပ်မှု သဲလွန်စတစ်ခု ရှိလာခဲ့သည်။
လင်းဝူရွှန်း၏ ခန္ဓာကိုယ်သည်လည်း တုန်လှုပ်သွားသည်။ သူ၏စိတ်နှင့် သူ၏ရှေ့ရှိ ချင်ယွင်အကြား ဆက်စပ်မှု အရိပ်အယောင်ကိုလည်း သူ ခံစားမိသည်။ သူ၏ဘဝသည် ယခုအချိန်တွင် သူ၏ရှေ့ရှိ လူငယ်၏ လက်ထဲတွင် လုံးလုံးလျားလျား ရှိနေသည်ကို သူ သိလိုက်ပြီး အကူအညီမဲ့သည့် အရိပ်အယောင်များ သူ၏မျက်နှာပေါ်တွင် ချက်ချင်း ပေါ်လာပါသည်။
"မင်းနာမည်က လင်းဝူရွှန်း မဟုတ်လား။ စိတ်မပူပါနဲ့၊ အရင်က ပဋိပက္ခကြောင့် မင်းကို ငါက တမင်တကာ ပစ်မှတ်ထားမှာ မဟုတ်ဘူး။" ချင်ယွင်က ပြောသည်။
လင်းဝူရွှန်းက သက်ပြင်းချလိုက်သည်။ ချင်ယွင်က သူ့ကို တမင်တကာ ပစ်မှတ်ထားမှာ ကို သူ အမှန်တကယ် ကြောက်နေခဲ့မိသည်။ ယခု သူ၏အသက်သည် ချင်ယွင်၏ လက်ထဲတွင် ရှိနေသည်။ ချင်ယွင်က သူ့ကို ခြိမ်းခြောက်မည်ဆိုရင်လည်း သူ့မှာ မည်သည့် နည်းလမ်းမှ မရှိပါဘူး။
"ကျေးဇူး... ကျေးဇူးတင်ပါတယ် သခင်" လင်းဝူရွှန်းသည် သူစကားပြောရန် ခက်ခဲနေသည်ကို တွေ့လိုက်ရသည်။ ရေခဲဝိညာဉ်မျိုးနွယ်စု၏ အဖွဲ့ဝင်တစ်ဦးအနေဖြင့် သူသည် သဘာဝအတိုင်း မာနကြီးသူ ဖြစ်သည်။ သူသည် လူသားတစ်ယောက်ကို သူ၏သခင်အဖြစ် မည်သို့ လက်ခံနိုင်မည်နည်း။
"ငါ့ကို သခင်လို့ ခေါ်စရာ မလိုပါဘူး၊ ငါ့ကို သခင်လေးလို့ပဲ ခေါ်ပါ" ချင်ယွင်က ပြောသည်။ လင်းဝူရွှန်းသည် သူ့ကို သခင်ဟု ခေါ်ရန် အနည်းငယ် ဝန်လေးနေမှန်း သူသိသည်။ ထို့အပြင် လင်းဝူရှုအား ကျွန်အဖြစ်ဆက်ဆံရန် သူ မရည်ရွယ်ထားခဲ့ပေ။ သူ့ကို သွေးသစ္စာခံကြေးစားအုပ်စုအဖွဲ့ထဲသို့ ရိုးရိုးရှင်းရှင်း သွင်းထားလိုက်ပြီး ဖြစ်သည်။ သွေးသစ္စာခံအဖွဲ့ဝင်များကဲ့သို့ပင် သူ့ကို သခင်လေး ဟုခေါ်နိုင်သည်။
"ဟုတ်ကဲ့ပါ၊ သခင်လေး!" လင်းဝူရွှန်းက လေးလေးစားစားနှင့် ပြောသည်။
သူသည် ချင်ယွင်ကို အနည်းငယ် ယုံကြည်လာသည်။ မူလက အကယ်၍ ချင်ယွင်သာ သူ့ကို အရှက်တကွဲဖြစ်အောင် အတင်းအကြပ်လုပ်ခဲ့မည်ဆိုလျှင် သူသည် သေသည် အထိ တိုက်ပွဲဝင်ရန် အသင့်ရှိနေခဲ့သည်။ သို့သော်လည်း ချင်ယွင်က သူ့ကို အရှက်မရ စေရုံသာမက သူ့အတွက် အခက်အခဲတွေ မဖြစ်စေရန် သူ့ကို သခင်လေးဟု နာမည် ပြောင်းခေါ်ခိုင်းခဲ့သည်။
နောက်ဆုံးတွင်၊ “သခင်လေး”ဟူသော အသုံးနှုန်းသည် “သခင်”ဟူသော အသုံးထက် ပို၍ သက်တောင့်သက်သာရှိသောကြောင့် သူ့အတွက် သိပ်ပြီး အရှက်ရစရာ မဟုတ်ပေ။
"ကောင်းပြီ၊ ငါ့ဒဏ်ရာတွေက မသေးဘူး။ ငါ အခုပဲ ကျင့်ကြံပြီး ပြန်လည်ကုစားဖို့ လိုတယ်။ မင်း ငါ့အနားမှာနေပြီး ငါ့ကို ကာကွယ်ပေးပါ။ ဘယ်သူ့ကိုမှ အနားမကပ်စေဖို့ လည်း မမေ့နဲ့ဦး။" ချင်ယွင်က လင်းဝူရွှန်းကို ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ သခင်လေး!" လင်းဝူရွှန်းက လေးလေးစားစား ပြန်ပြောပြီး သံမဏိ မျှော်စင်ကဲ့သို့ ချင်ယွင် ရှေ့မှာ ရပ်နေသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် ချင်ယွင်သည် အနည်းငယ် ခေါင်းညိတ်လိုက်ပြီး လင်းဝူရွှန်းကို လျစ်လျူရှုလိုက်ပါသည်။ သူသည် မျက်လုံးမှိတ်ပြီး သူ၏တာအို နှလုံးသားကို နားလည်ရန် ကြိုးစားလိုက်ပါသည်။ သူ၏ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာတွေကို ကုန်သရန်အတွက်တော့ သူ၏အသက်စွမ်းအားကို ပေးပို့ရန်သာ လိုအပ်ပါသည်။ ယခု သူ အမှန်တကယ် ဂရုစိုက်ထားသည်မှာ သူအရင်က နားလည်ခဲ့သည့် တာအို နှလုံးသား ၏ သဲလွန်စပဲ ဖြစ်ပါသည်။
ယခင်က ချင်ယွင်သည် နှလုံးသားနတ်ဆိုးကို သတ်လိုက်သည့်အခါတွင် သူသည် သူ၏ တာအိုနှလုံးသားကို ခံစားမိပြီ ဖြစ်သည်။ သို့သော် ထိုအချိန်တုန်းက ဤခံစားချက်သည် တခဏအတွင်း လျှပ်တပြက် ဉာဏ်ပွင့်သွားသည့် ခံစားချက် အမျှင်တန်းလေးတစ်ခုသာ ဖြစ်ပြီး ချင်ယွင်က ၎င်းကို ဖမ်းဆုပ်နိုင်ခြင်း မရှိခဲ့ပေ။
သို့သော် ယခုလေးတင်၊ ချင်ယွင်သည် သူ၏နှလုံးသားထဲမှာ စွဲလမ်းနေသောအရာက ရှေးဟောင်းတာအိုဆရာသခင်ကို လုံးလုံးလျားလျား စတင်လက်ခံလိုက်ခြင်း ဖြစ်သည် ဟု အမှန်သိလိုက်ရသည့်အခါ၊ ထိုယခင်က ခံစားချက်သည် တစ်ဖန် ပြန်ပေါ်လာပါ သည်။
“တာအိုနှလုံးသား”ဟု ခေါ်ဆိုရသည့်အရာသည် ကောင်းကင်နှင့် မြေကြီးကြားမှာ သဟဇာတဖြစ်ပြီး ပေါင်းစည်းခြင်း တစ်မျိုးဖြစ်ပါသည်။ ၎င်းသည် သင်၏ ကျင့်ကြံခြင်း နှလုံးသားနှင့် ကောင်းကင်နှင့်မြေကြီး၏ တော်ဝင်တာအိုအကြားမှာ ပဲ့တင်ထပ်ခြင်း လည်း ဖြစ်ပါသည်။
ချင်ယွင် ယခုလုပ်ဆောင်ရမည့်အရာမှာ သူ၏နှလုံးသားနှင့် ကောင်းကင်နှင့်မြေကြီး ကြားမှ စစ်မှန်သော သဟဇာတဖြစ်ပြီး ပေါင်းစည်းမှုကို အပြည့်အဝ ဆုပ်ကိုင်ထားကာ ကောင်းကင်နှင့်လူသား၏ စစ်မှန်သော ပေါင်းစည်းမူကို ရရှိရန် ဖြစ်ပါသည်။
အချိန်တွေက တရွေ့ရွေ့ဖြင့် ကုန်ဆုံးသွားခဲ့ပါပြီ။
“ဝှီး…..။”
သို့သော်လည်း ယခုအခိုက်အတန့်တွင် ချင်ယွင်၏ကိုယ်ခန္ဓာမှ ကောင်းကင်တာအို၏ စွမ်းအင်အတက်အကျလှိုင်းလုံးများ ရုတ်တရက် ပျံ့နှံ့သွားခဲ့ပြီး ကောင်းကင်မြေကြီးနှင့် အတူ ပဲ့တင်ထပ်နေပါသည်။
"ကောင်းကင်နှင့် လူသားပေါင်းစပ်မူလား?"
ဘုန်းတော်ကြီးတစ်ပါးကဲ့သို့ ငြိမ်သက်စွာ ထိုင်နေသော ချင်ယွင်ကို ကြည့်ရင်း လင်းဝူရွှန်း၏ မျက်နှာသည် တစ္ဆေသရဲကို မြင်လိုက်ရသကဲ့သို့ တုန်လှုပ် ခြောက်ခြားသော အမူအယာ ချက်ချင်း ပေါ်လာလေသည်။
သို့သော်လည်း ယခုအချိန်တွင် ချင်ယွင်သည် လုံးဝလျှို့ဝှက်ဆန်းကြယ်သော အခြေအနေသို့ ရောက်ရှိနေခဲ့ပြီး သူ၏စိတ်သည် ကောင်းကင်မြေကြီးနှင့် လိုက်လျော ညီထွေ ရှိနေပုံရပါသည်။
အခန်း (၄၈၀) ရိုးရှင်းပြီးအလှဆင်မထားသော တာအိုနှလုံးသား။
တာအိုဟူသည် ကောင်းကင်နှင့်လူသားတို့ တစ်ခုတည်းအဖြစ် ပေါင်းစည်းထားခြင်း သောကြောင့် သဘာဝတရား ဖြစ်ပါသည်။ မှန်ပါသည်၊ ချင်ယွင် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေမျိုး ဖြစ်ပါသည်။
သူ၏စိတ်သည် အနှိုင်းမဲ့ တည်ငြိမ်နေ၏။ သူသည် ကောင်းကင်နှင့်မြေကြီး၏ စည်းချက်ကို ခံစားနိုင်သလို သဘာဝတရား၏ အသက်ရှုသံကိုလည်း ခံစားနိုင်ပါသည်။ သူ၏ မြင့်မြတ်သော စိတ်ဝိညာဉ်သည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး ကောင်းကင်ယံ၌ ရပ်တန့်နေကာ သက်ရှိသတ္တဝါ အားလုံးကို အပေါ်စီးမှ ငုံ့ကြည့်နေ၏။
ဤအခိုက်အတန့်တွင် သူ၏မျက်လုံးထဲမှာ လူတို့သည် သေးငယ်သော ပုရွက်ဆိတ် များကဲ့သို့ အလွန်သေးငယ်လှသည်။ တိုက်ကြီးနှင့် သမုဒ္ဒရာတို့သည် ကျယ်ပြောလှ သော်လည်း တစ်ချက်ကြည့်လိုက်ရုံဖြင့် အဆုံးကို မြင်နိုင်သေးသည်။
သူ၏ဦးခေါင်းထက်မှာ မြူခိုးတွေက ထူထပ်နေပါသည်။ နေရောင်ခြည်သည် ပိတ်ဖုံးကာ ဆီးခံထားရပြီး အက်ကြောင်းများမှတဆင့် နေရောင်အနည်းငယ်သာ ပြောက်တိ ပြောက်ကျား ထိုးဆင်းနေသည်။
"အတိအကျ ငါ ဘာအတွက် ကျင့်ကြံနေတာလဲ" ချင်ယွင်သည် ကမ္ဘာပေါ်ရှိ အရာအားလုံးကို အပေါ်စီးမှ ကြည့်နေသော်လည်း သူ၏စိတ်ထဲမှာ ထိုမေးခွန်းကို တွေးနေမိသည်။
သူသည် သေမျိုးကမ္ဘာသို့ ရာထူးလျှော့ချခြင်းမခံရမှီ အချိန်အခါက သူ့ခမည်းတော်၏ သဘောကျနှစ်သက်ခြင်းနှင့် သူ၏ခမည်းတော် အင်မော်တယ်ဧကရာဇ် ချင်ဟန်ကဲ့သို့ အကြီးမြတ်ဆုံး တည်ရှိမူတစ်ယောက် ဖြစ်လာရန် သူ ကျင့်ကြံခဲ့သည်။
ထိုနောက်မှာတော့ သူသည် ဘဝ၏အချိုးအကွေ့များကို ခံစားရပါသည်။ သူ၏ မှတ်ဉာဏ်တွေကို ခြောက်နှစ်ကြာအောင် စည်းတံဆိပ်ပိတ်ကာ ချိတ်ပိတ်ခံခဲ့ရပြီးမှ သူသည် ကျင့်ကြံခြင်းလမ်းကြောင်းအပေါ် ခြေပြန်ချခဲ့ပါသည်။ သူသည် အင်မော်တယ် ကမ္ဘာသို့ ပြန်သွားနိုင်ရန်နှင့် သူပိုင်ဆိုင်ထားသမျှသော အရာအားလုံးကို ပြန်လည် သိမ်းပိုက်နိုင်ရန် အစွမ်းကုန်ကြိုးစားခဲ့ပါသည်။ သူသည် ရေခဲတမျှ အေးစက်သော အင်မော်တယ်မင်းဆက်ကို လုံးလုံးလျားလျား ဖြိုခွဲလိုခဲ့သည်။ သူ့ကို နာကျင်စေခဲ့သော လူအားလုံးကို ထာဝရ ပြန်လည်ဝင်စားခြင်းသို့ ကျရောက်စေလိုခဲ့သည်။
သို့သော် ချင်ယွင်သည် သူ၏ကိုယ်ပိုင် တာအိုနှလုံးသားနှင့် အမှန်တကယ် ရင်ဆိုင်လိုက်သောအခါ၊ ချင်ယွင်သည် နောက်တကြိမ် အကြံအိုက်ပြီး ခေါင်းကိုက်နေ ခဲ့သည်။
“သူသည် ကလဲ့စားချေရန်အတွက်သာ ကျင့်ကြံနေခြင်း ဖြစ်နေမလား။
အကယ်၍ သူ လက်စားချေပြီးသွားရင်ကော။
သူရဲ့ ကျင့်ကြံမှု နှလုံးသားက အတိအကျ ဘာလဲ။
ကောင်းကင်နှင့်မြေကြီး အတွက်ကြောင့်လား၊ သက်ရှိလူသားအားလုံး အတွက်ကြောင့် လား၊ မျိုးရိုးစဉ်ဆက် ငြိမ်းချမ်းရေးအတွက်ကြောင့်လား?။
ချင်ယွင်သည် ခေါင်းခါယမ်းလိုက်မိပါသည်။ ဤသည်မှာ ယစ်ထုတ်အဘိုးကြီး၏ တာအို နှလုံးသားဖြစ်ပြီး သူ၏တာအိုနှလုံးသားမဟုတ်ပေ။
သူ့မှာ ထိုမျှလောက် ကြီးကျယ်ခမ်းနားသည့် ရည်မှန်းချက်မျိုး မရှိခဲ့ပါဘူး။ သူသည် ငြိမ်းချမ်းသော ဘဝဖြင့်သာ နေချင်မိပါသည်။ သူချစ်သည့်လူတွေနှင့် အေးချမ်း သာယာသော ဘဝလေးမှာ ပျော်ပျော်ရွှင်ရွှင်သာ နေထိုင်ချင်ခဲ့ပါသည်။
သူ၏အမေ၊ လျူရန်ယွင်၊ ကျန်းရွှန်ရှင်း၊ ရန်စီချီ၊ ရှေးဟောင်းတာအိုဆရာခသင် … ဤနာမည်တွေက ချင်ယွင်၏ စိတ်ထဲမှာ ပဲ့တင်ထပ်နေပါသည်။ ဤလူများ အားလုံးသည် ချင်ယွင်အတွက် အလွန်အရေးကြီးသော ပုဂ္ဂိုလ်များ ဖြစ်ပါသည်။ သူသည် သူတို့နှင့်အတူရှိနေလျှင် ဤမျှလောက် ပြင်းပြင်းထန်ထန် တိုက်ခိုက် နိုင်မည်လား။
သူတို့ကို ကာကွယ်နိုင်စွမ်းရှိရန် သက်သက်အတွက်ပဲလား။ ထိုသို့ဆိုလျှင် ယခုမှစပြီး ပျော်ရွှင်သောဘဝဖြင့် ရှင်သန်နေထိုင်နိုင်ရန်အတွက် ဤကမ္ဘာလောကကြီး၏ အငြင်းပွားမှုများကြောင့် နှိပ်စက်ညှဉ်းပန်းခြင်း မခံတော့ဘူးလား။
ဟိုအရင်တုန်းက သူသည် ကျင့်ကြံခြင်း အထွတ်အထိပ်သို့ ရောက်ရှိရန် မျှော်လင့်ချက် ကြီးကြီးမားမား ရှိနေဆဲ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ယခုတော့ သူသည် သာမာန် ပို၍ဆန်လာလေ ပို၍မှန်လာလေဆိုသည်ကို သူ နားလည်လာခဲ့ပါပြီ။ အကယ်၍ ကိုယ့်ချစ်ခင်သည့် လူများကိုတောင် မကာကွယ်နိုင်ခဲ့ဘူးဆိုလျှင် တော်ဝင်တာအိုကို ထိန်းချုပ်မယ့်စကား ဘာလို့ပြောနေဦးမှာလဲ။
အင်မော်တယ် ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းလာသူ အများအပြားတွင် အင်မော်တယ်ဧကရာဇ်ကိုယ်တိုင်နှင့် အင်မော်တယ်ဧကရာဇ်မင်း၏ အေးစက်သော ပလ္လင်မှလွဲပြီး သူ့တွင် စကားပြောဆိုရန် လူတစ်ဦးတစ်ယောက်မျှပင် မရှိတော့ပေ။
အကယ်၍ သူသည် သတ်ဖြတ်နိုင်သည့် စွမ်းအားတွေ ပိုင်ဆိုင်ထားလျှင်ပင် မည်သူမှ သူ့ကို ချစ်ခင်လိမ့်မည် မဟုတ်ပေ။ အဆုံးမှာတော့ ဤအဖြစ်မျိုးသည် ဝမ်းနည်းစရာ ကောင်းလွန်းသည်။
အကယ်၍ သင်သည် ကောင်းကင်ဘုံ၏ အထွတ်အထိပ်သို့ တက်လှမ်းသွားပြီး ပြိုင်ဘက်ကင်းလှပသည့် ရှုခင်းများကို ကြည့်ရှုရန်အတွက် သင့်နောက်မှ မည်သူမျှ အဖော်မလိုက်ပါနိုင်ဘူးဆိုလျှင်၊ ဤအရာသည် မည်သို့ အဓိပ္ပာယ်ရှိတော့မည်နည်း။
ထို့ကြောင့် သူသည် သူချစ်ခင်ရသူအားလုံးနှင့် ကမ္ဘာကြီးကို လှည့်ပတ်သွားလာချိန်မှာ, မျိုးဆက်သစ်အားလုံး၏ ကြွယ်ဝချမ်းသာမူကို မြင်ပြီး သက်ရှိသတ္တဝါအားလုံးကို ငုံ့ကြည့်နိုင်ရန်အတွက် အမြင့်မားဆုံးတောင်ထိပ်ပေါ်သို့ တက်လှမ်းသည့်အချိန်မှာ သူနောက်ပြန်ကြည့်လိုက်စဉ် နူးညံ့သော အပြုံးကို သူ မြင်လိုပါသေးသည်။ ဤသည်မှာ ချင်ယွင် အမှန်တကယ် လိုချင်နေသည့် ဘဝဖြစ်သည်။
ချင်ယွင်သည် သူ၏လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ထားပြီး သူ၏ မူလက စိတ်ရှုပ်ထွေးနေသော မျက်လုံးများသည် ယခုအခါတွင် ဆုံးဖြတ်ချက် ပြတ်သားမူများ ဖြင့် ပြည့်နှက်နေပါသည်။
“ငါချင်ယွင်က ကမ္ဘာလောကကြီး အကျိုးအတွက် ကျင့်ကြံနေခြင်းလည်း မဟုတ်သလို ကောင်းကင်တာအိုရဲ့ အထွတ်အထိပ်သို့ တက်ရန်အတွက် ကျင့်ကြံနေခြင်းမျိုးလည်း မဟုတ်ဘူး။ ကိုယ်ချစ်ရသူတွေနှင့် အမြဲထာဝရ ရှင်သန်နေနိုင်စေဖို့အတွက် ကျင့်ကြံနေ ခြင်း ဖြစ်တယ်။ ဒါသည်ပင် ငါ့ရဲ့ တာအိုနှလုံးသားပဲ။
သူ၏ဦးခေါင်းထက်မှ အခိုးအငွေ့တွေက ရုတ်တရက် ကွယ်ပျောက်သွားပြီး နေရောင်သည်လည်း ပြန်လည်တောက်ပလာသည်။ ၎င်းသည် သန့်ရှင်းသော အလင်းအလွှာဖြင့် သူ့အား ဖုံးလွှမ်းထားသကဲ့သို့ ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်တွင် တောက်ပနေခဲ့သည်။
သူ၏တာအိုနှလုံးသားသည် ထိတ်လန့်တုန်လှုပ်စရာ မကောင်းသလို ကမ္ဘာကြီးကို လှုပ်လှုပ်ရှားရှား ဖြစ်စေလောက်သည့် အရာမျိုးလည်း မဟုတ်ခဲပါ။ ၎င်းသည် ချင်ယွင် ၏ နှလုံးသားထဲတွင် အမှန်ကန်ဆုံးနှင့် အရိုးရှင်းဆုံးအသံ ဖြစ်ပါသည်။
ချင်ယွင်သည် သက်ရှိသတ္တဝါအားလုံးကို ငုံ့ကြည့်နေဆဲဖြစ်သော်လည်း သူ၏ရှေ့မှ မြင်ကွင်းက ပြောင်းလဲသွားခဲ့ပါပြီ။ အဲဒီလူတွေကလည်း ပုရွက်ဆိတ်တွေ မဟုတ်တော့ဘူး။
ရယ်မောသံတွေနှင့် ပျော်ရွှင်ကြည်ဖွယ်အသံတွေက သူ၏နားထဲမှာ ပြည့်နေခဲ့သည်။ သားသမီးတွေကို ကြိုဆိုနေသည့် မိဘများ၏ ဝမ်းမြောက်ဝမ်းသား ဖြစ်နေသည့် မြင်ကွင်း၊ တပည့်တွေကို ဆရာသမားတွေက ဆုံးမသြဝါဒပေးနေသည့်မြင်ကွင်း၊ လူအိုအဘိုးအဘွားတွေကို ထောက်ပံ့ပေးနေကြသည့် သားသမီးများ၏ ကြည်ညိုမှု၊ ချစ်သူရည်စားများ၏ နှစ်ကိုယ်တူပေါင်းသင်းရန်အတွက် ကျိန်ဆိုနေသည့်မြင်းကွင်းမျိုး၊ စသဖြင့် ပျော်ရွှင်ကြည်နူးဖွယ် မြင်ကွင်းအမျိုးမျိုးရှိနေခဲ့ပါသည်။
ဤအသံများသည် ချင်ယွင်၏နားထဲသို့ ဝင်ရောက်လာခြင်း ဖြစ်သော်လည်း ချင်ယွင်၏ နှလုံးသားထဲသို့ အနွေးဓာတ်အမျှင်တန်းများကဲ့သို့ စီးဆင်းသွားကာ ချင်ယွင်၏ နှလုံးသားထဲတွင် နွေးထွေးမှုအပြည့် ရှိနေသည်။
ချင်ယွင်၏ ပါးစပ်ထောင့်တွင် နူးညံ့သောအပြုံး တဖြည်းဖြည်း ပျံ့နှံ့လာနေပါသည်။ ယခုအချိန်မှာ သူ၏စိတ်သည် အမှန်တကယ် သက်သာရာရသွားခဲ့ပါသည်။ အတိတ်၏ မုန်းတီးတရားများသည် သူ၏စိတ်ဝိညာဉ်ထဲတွင် ဖျောက်ဖျက်၍မရသော ဒဏ်ရာ အမာရွတ်တစ်ခုအဖြစ် ကျန်ရစ်ခဲ့သော်လည်း၊ ချင်ယွင်သည် ဤအမာရွတ်ကို ကြည့်လိုက်သောအခါတွင် သူ၏နှလုံးသားသည် အနှိုင်းမဲ့ တည်ငြိမ်သွားခဲ့သည်။
အမုန်းတရားတွေက ရှိပြီးသားဖြစ်နေပြီ။ အတိတ်၏အရှက်တရားကို ပြန်လည် ကုစားရန် လိုအပ်နေပါသေးသည်။ သို့သော်လည်း ဤအရာများသည် ချင်ယွင်၏ နှလုံးသားတွင် အရေးအကြီးဆုံး အစိတ်ပိုင်းအနေဖြင့် လွမ်းမိုးနိုင်စွမ်း မရှိတော့ပါဘူး။ ဤအခိုက်အတန့်တွင် သူသည် ရန်စီချီ နှင့် လျူရန်ယွင်တို့ကို ပြန်လည်ရယူရန်၊ ကျန်းရွှန်ရှင်းကို ပြန်လည်အသက်သွင်းရန်နှင့် အင်မော်တယ်ကမ္ဘာသို့ သွားပြီး သူ၏ အမေကို အမြန်ဆုံးတွေ့ဆုံနိုင်ရန်တွက် အဆုံးမဲ့ချောက်နက်ကြီး၏ အမှောင်ထုထဲသို့ သွားနိုင်ရန်အတွက်သာ သူသည် ဖြစ်နိုင်သမျှ စွမ်းအားကို ပိုလိုချင်မိခြင်း ဖြစ်ပါသည်။
ချင်ယွင်၏ မျက်လုံးများသည် တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်များသည် တုနှိုင်းမရအောင် လင်းလက်လာခဲ့ပါ သည်။
ခန်းမအတွင်းမှာ၊ လင်းဝူရွှန်းသည် ထိုနေရာတွင် ထိုင်နေဆဲဖြစ်သော ချင်ယွင်ကို ကြည့်ရင်း သူ၏အမူအရာက အမြဲ ပြောင်းလဲနေပါသည်။
အစောပိုင်းလေးမှစပြီး ယခုအချိန်ထိ ချင်ယွင်၏အငွေ့အသက်သည် အမြဲ ပြောင်းလဲနေပါသည်။ အစမှစ၍ လက်ရှိအချိန်အထိ၊ ချင်ယွင်၏ စိတ်ဝိညာဉ်သည် ရေစီးကြောင်း၌ စီးမျောပါသွားသလို ခံစားရပြီး သူ၏တစ်ကိုယ်လုံးသည် အငွေ့ပျံ ပြီးနောက် ပြန်ခဲလာပုံရသည်။
အထူးသဖြင့် ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်သို့ ကောင်းကင်တာအို၏ စွမ်းအင် အတက်အကျလှိုင်းများ ဆင်းသက်လာသောအခါ၊ ချင်ယွင်၏ တစ်ကိုယ်လုံးသည် သာလွန်ထူးကဲသော သတ္တိတစ်ယောက်ကဲ့သို့ ဖြစ်နေပြီး သူ၏ အငွေ့အသက်သည် ဖုန်မှုန့်များကဲ့သို့ ရိုးရှင်းပါသည်။
"ကောင်းကင်နှင့်လူသားပေါင်းစည်းခြင်းသည် သိုင်းဧကရာဇ်အဆင့် ကျွမ်းကျင်သူများ တာအိုအငွေ့ရည်ဖွဲ့ခြင်းနယ်ပယ်သို့ ဝင်ရောက်ချိန်မှာ ဖြစ်ပေါ်လာသည့် မြင်ကွင်း မဟုတ်ပါလား။ ထို့အပြင်၊ ဤမျိုးကွင်းမျိုးသည် လူသားကျင့်ကြံသူများမှာသာ ရှိပေသည်။ အစောပိုင်းအဆင့် တာအိုအငွေ့ရည်ဖွဲ့ခြင်းနယ်ပယ် နတ်ဆိုးသားရဲလေး တစ်ယောက်က ကောင်းကင်နှင့်လူသားပေါင်းစည်းခြင်း အဆင့်သို့ မည်သို့ ရောက်နိုင်ရ သနည်း ?" လင်းဝူရွှန်း၏ နှလုံးသားသည် သံသယများဖြင့် ပြည့်နှက်နေသည်။
နတ်ဆိုးသားရဲကျင့်ကြံသူများသည် စိတ်ပိုင်းဆိုင်ရာ အခြေအနေနှင့် ဆင်တူသည့် ယခုလို ကောင်းကင်နှင့်လူသားပေါင်းစည်းခြင်းအဆင့်သို့ ရောက်ရှိနိုင်မည် မဟုတ်ပေ။ သူတို့သည် သန့်စင်သော အာဏာရှင်လမ်းစဉ်ကိုသာ လျှောက်လှမ်းကြပြီး လူသား ကျင့်ကြံသူများကဲ့သို့ ရှုပ်ထွေးခြင်း မရှိကြပေ။
ဤကဲ့သို့ ကျင့်ကြံသူများမှာလည်း အားသာချက်နှင့် အားနည်းချက်များ ရှိသည်မှာ သေချာပါသည်။ အားသာချက်ကတော့ ယခုလိုကျင့်ကြံခြင်းမျိုးသည် အလွန် ရိုးရှင်းပါသည်။ သူတို့စွမ်းအား လုံလောက်သရွေ့ မြင့်မားသော နယ်ပယ်သို့ တက်လှမ်းရန် လွယ်ကူပါလိမ့်မည်။ ဤအရာသည် ကျင့်ကြံရာမှာ လူသားများထက် ပိုမိုလွယ်ကူသည်ဟု ယူဆနိုင်သည်။
အားနည်းချက်မှာ သူတို့သည် ခွန်အားကို ကျင့်ကြံကြခြင်း ဖြစ်ပြီး ကောင်းကင်တာအို ကို ကျင့်ကြံခြင်းမျိုး မဟုတ်ကြပေ။ အဆုံးတွင် သူတို့သည် အသေးစား တာအိုတစ်ခုကို သာ ကျင့်ကြံကြသည်။ ထို့ကြောင့်၊ အကယ်၍ သူတို့မှာ ကြီးမြတ်သော သွေးမျိုး ဆက်ကိုပိုင်ဆိုင်ထားခြင်း မရှိဘူးဆိုလျှင် နတ်ဆိုးသားရဲ ကျင့်ကြံသူများသည် ဤကြီးမြတ်သော နယ်ပယ်သို့ရောက်ရှိရန် အလွန် ခက်ခဲပါသည်။
"ငါက နတ်ဆိုးသားရဲတစ်ကောင်လို့ ဘယ်တုန်းက ပြောခဲ့ဖူးလို့လဲ၊ နောက်ပြီး ငါ့ရဲ့ ကျင့်ကြံမူအခြေခံက တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်ကို ရောက်နေပြီလို့လည်း ငါ မပြောခဲ့ပါဘူး" လင်းဝူရွှန်းတစ်ယောက် ပဟေဠိဖြစ်နေချိန်မှာ ချင်ယွင်က ရုတ်တရက် မျက်လုံးဖွင့်ပြီး ပြုံးလိုက်ပါသည်။
လင်းဝူရွှန်း၏ ခန္ဓာကိုယ်သည် တခဏမျှ ထိတ်လန့်မှင်သက်သွားခဲ့ပြီး ချင်ယွင်အား ထိတ်လန့်တုန်လှုပ်သည့်အမူအယာဖြင့် မျက်လုံးကို ပြူးကျယ်စွာဖွင့်ကာ ကြည့်လိုက် ရင်း ပြောသည် "ဒါဆို သခင်လေးက လူသားလို့ ဆိုလိုတာလား။ သခင်လေးရဲ့ ကျင့်ကြံမူ..."
"မှန်တယ်၊ ငါက လူသားတစ်ယောက်ပဲ၊ ငါ့ရဲ့ကျင့်ကြံမှုအခြေခံက သိုင်းဧကရာဇ် နယ်ပယ်ရဲ့ အထွတ်အထိပ်မှာပဲ ရှိသေးတယ်။" ချင်ယွင်က ပြုံးပြီး ပြန်ဖြေလိုက်ပါ သည်။
လင်းဝူရွှန်း၏ မေးစေ့သည် ချက်ချင်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ချင်ယွင်သည် လူသားတစ်ယောက်ဖြစ်နေခြင်းသည် တုန်လှုပ်စေလောက်သည့်အရာ မဟုတ်သော် လည်း၊ ချင်ယွင်သည် သိုင်းဧကရာဇ်နယ်ပယ် အထွတ်အထိပ် ကျင့်ကြံမူအဆင့်တွင် သာရှိသေးသည်ဟု ပြောလာချိန်မှာ သူ၏နှလုံးသားထဲတွင် လက်ခံရန် ခဲယဉ်းနေ ပါလိမ့်မည်။
အထွက်အထိပ်အဆင့်မှာရှိနေသော သိုင်းဧကရာဇ်တစ်ပါးသည် အမှန်တရားသို့ ပြန်လည်ခြင်းနယ်ပယ်၏ အစောပိုင်းအဆင့်တွင်ရှိနေသာ ရေခဲဝိညာဉ်မျိုးနွယ်စုဝင် တစ်ဦးကို ဤမျှအချိန်ကြာအောင် မည်သို့ တိုက်ခိုက်နိုင်မည်နည်း။
အထွတ်အထိပ် သိုင်းဧကရာဇ်တစ်ဦးသည် အဆုံးစွန်သော လှုပ်ရှားမှုအဖြစ် ရေခဲနှင်းနဂါးသိုင်းကွက်ကို အသုံးပြုရန်ပင် သူ့ကို တွန်းအားပေးနိုင်ခဲ့သည်လား။
အကယ်၍ သူ၏မျက်စိဖြင့် ကိုယ်တိုင်မမြင်ရလျှင် သူ့ကိုသတ်မည်ဟု ပြောလျှင်ပင် လင်းဝူရွှန်းသည် ယင်းစကားကို ယုံကြည်မှာ မဟုတ်ပါဘူး။
“မွန်းစတားတစ်ကောင်၊ မွန်းစတားတစ်ကောင်ထက်ပင် ပို၍မွန်းစကားဆန်နေတဲ့ သားရဲတစ်ကောင်ပဲ။" လင်းဝူရွှန်းသည် မနေနိုင်ဘဲ မှတ်ချက်ပေးလိုက်မိသည်။ ဤအခိုက်အတန့်တွင် သူ၏နှလုံးသားထဲတွင် ချင်ယွင်၏အဆင့်တန်းက ကြီးမားစွာ မြင့်တက်လာခဲ့သည်။ အထွက်အထိပ်အဆင့် သိုင်းဧကရာဇ်တစ်ပါးက အစောပိုင်း အဆင့် အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦးကို အရှုံးမရှိဘဲ တိုက်ခိုက်ခဲ့သည်။ ဤအရာသည် ပါရမီရှင်ဟု ခေါ်ဝေါ်ရုံလောက် အရာမဟုတ်သည်မှာ သေချာပါသည်။
သို့သော်၊ ချင်ယွင်မှာ ကြောက်စရာကောင်းသော ဆရာသခင်တစ်ဦးရှိနေသည်ကို သူတွေးလိုက်သောအခါတွင် သူသည် အနည်းငယ် စိတ်သက်သာရာ ရသွားပါသည်။ သို့သော်လည်း သူ၏စိတ်က အချိန်အတော်ကြာအောင် တည်ငြိမ်နိုင်ခြင်း မရှိသေးပါဘူး။
ချင်ယွင်သည် ပြုံးလိုက်မိသည်။ လင်းဝူရွှန်း အံ့အားသင့်သွားမည်ကို သူသိသည်။ လင်းဝူရွှန်းက သူ့အား စိတ်ပါလက်ပါ အညံ့ခံစေရန်အတွက် သူသည် ဤအရာအား လုံးကို ပြောပြခြင်း ဖြစ်ပါသည်။
အကယ်၍ သူသာ ထင်သာမြင်သာသောအရာအချို့ကို ထုတ်မပြပါက မာနကြီးသော ဤရေခဲဝိညာဉ်မျိုးနွယ်စုသည် အဘယ်ကြောင့် သူ့ထံ အညံ့ခံအရှုံးပေးမည်နည်း။
"တစ်ယောက်ယောက် လာနေတယ်!"
သို့သော် ထိုအချိန်တွင် ချင်ယွင်၏အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားသည်။ သူသည် လင်းဝူရွှန်းကို တစ်ခုခုပြောပြီးနောက် လင်းဝူရွှန်းကို ကောင်းကင်ဘုံကိုးအလွှာ ကြယ်စင်စုပုံကြမ်းထဲကို တိုက်ရိုက် ထည့်လိုက်ပါသည်။
စာစဉ် (၃၂) ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။