← Chapters

အခန်း (၄၉၁-၄၉၅)

Vol. 33 Ch. 491-495

အခန်း (၄၉၁-၄၉၅)

Vol. 33 Ch. 491-495

အခန်း (၄၉၁) ဇီရှန်အဆိပ်သင့်ခြင်း။

ဝှီး….။

အနီရောင်အလင်းတန်းတစ်ခုသည် လျင်မြန်စွာ ဖြတ်ကျော်သွားပြီး ဧကရာဇ်ပျား ဘုရင်မ၏ အနီရောင်ပုံရိပ်သည် အရိပ်တစ်ခုလို ရောက်ရှိလာခဲ့သည်။ သူမလက်ထဲမှ သွေးနီရောင်ဓားသည် ချင်ယွင်၏လည်ပင်းကို တိုက်ရိုက် ခုတ်ပိုင်းလိုသည့်အလား သေမင်းတမန် အနီရောင်အလင်းကို သယ်ဆောင်လာပါသည်။

စကားတစ်ခွန်းသာ ပြောစရာရှိပါသည်။ မြန်သည်၊ တကယ်ကို မြန်လွန်းပါသည်။

ချင်ယွင်သည် သူ၏ရှေ့တွင် လင်းလက်လာသော ဧကရာဇ်ပျားဘုရင်မ၏ သွေးနီရောင် ဓားမြှောင်၏ အနီရောင်အလင်းတန်းတစ်ခုကိုသာ မြင်လိုက်ရပါသည်။

ချင်ယွင်သည် ထိတ်လန့်တုန်လှုပ်သွားပြီး ဤတိုက်ခိုက်မှုကို ရှောင်ရှားရန် သူ၏ ခန္ဓာကိုယ်ရှိ ဝိညာဉ်စွမ်းအင်နှင့် ခွန်အားအားလုံးကို စုစည်းရန် ပြင်ဆင်လိုက်လေသည်။ သို့သော်လည်း ထိုအချိန်တွင် ချင်ယွင်သည် သူ၏နောက်မှ တွန်းအားတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်ကို ခံစားလိုက်ရပြီး သူ၏ခန္ဓာကိုယ်ကို နောက်သို့ အမြန် ဆွဲထုတ်သွားသည်။

ထို့နောက်တွင်၊ ဧကရာဇ်ပျားဘုရင်မ၏ တိုက်ခိုက်မှုကို တိုက်ရိုက် ကြိုဆိုလိုက်သော လှပသောပုံရိပ်တစ်ခုသည် သူ၏ရှေ့တွင် လျင်မြန်စွာ ပေါ်လာပါသည်။

“ချွင်..”

ဇီရှန်၏လက်ထဲမှ ရေခဲဓားသည် ဧကရာဇ်ပျားဘုရင်မ၏ ဓားခုတ်ပိုင်းချက်နှင့် အပြင်းအထန် ထိပ်တိုက်ဆုံမိပြီး ကြောက်စရာကောင်းသော အအေးဓာတ်က ထွက်ပေါ်လာသည်။

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အတက်အကျလှိုင်းများသည် တခဏအတွင်း ပျံ့နှံ့သွားသည်။ ပြန်းထန်သော နတ်ဆိုးအနှစ်သာရစွမ်းအင်နှစ်ခု ထိပ်တိုက်တွေ့မိပြီး ပြင်းထန်သော ဝိညာဉ်စွမ်းအင် မုန်တိုင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။

ချင်ယွင်နှင့် နင်ရှင်းတို့သည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင် အတက်အကျ လှိုင်းများကြောင့် ခြေလှမ်းအနည်းငယ် နောက်ပြန် ဆုတ်သွားကြသည်။

ချင်ယွင် အနည်းငယ် ထိတ်လန့်သွားသည်။ ဇီရှန်က ရုတ်တရက် တိုက်ခိုက်လာမည်ဟု သူ မမျှော်လင့်ထားဘူး။

“ချွင်…။ ချွင်…”။

ဇီရှန်နှင့် ဧကရာဇ်ပျားဘုရင်မတို့သည် ဆက်လက် တိုက်ခိုက်နေခဲ့ကြပြီး ခရမ်းရောင် ရေခဲဓားနှင့် သွေးနီရောင်ဓားတို့သည် အဆက်မပြတ် ရောယှက်ကာ ထိတွေ့နေခဲ့သည်။

ဇီရှန် နှင့် ဧကရာဇ်ပျားဘုရင်မတို့ နှစ်ဦးစလုံးသည် ပြိုင်ဘက်ကင်းပုံရိပ် ရှိကြသူများ ဖြစ်သည်။ သူမတို့၏အလှအပသည် သေမျိုးကမ္ဘာနှင့် နတ်ဆိုးသားရဲကမ္ဘာနှစ်ခုစလုံး မှာပင် ထိပ်တန်းအဆင့် ဖြစ်သည်။ ယခုအချိန်မှာ သူမတို့၏ ဟန်ပန်အမူအယာက ပို၍ပင် ကျော့ရှင်းလှပနေပါသည်။

သူမတို့နှစ်ယောက်ကြားက တိုက်ပွဲက မြေကြီးတုန်ခါသည်အထိ ကြောက်စရာ ကောင်းလွန်းသည်။

လှပသောပုံရိပ်နှစ်ခုသည် ခန်းမထဲတွင် အဆက်မပြတ် ရောယှက်တိုက်ခိုက်နေကာ လေထဲတွင် ပုံရိပ်များစွာကို ချန်ထားရစ်ခဲ့သည်။ ပြည့်လျှံနေသော နတ်ဆိုးအနှစ်သာရ စွမ်းအင်များက ပတ်ဝန်းကျင်နံရံများနှင့် ကြမ်းပြင်ကို ကြီးမားသော အက်ကွဲ ကြောင်းများအဖြစ်သို့ ပြောင်းလဲသွားစေပြီး ခန်းမတစ်ခုလုံးကို ပြင်းထန်စွာ တုန်လှုပ် သွားစေခဲ့သည်။

ချင်ယွင်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ဤဧကရာဇ်ပျားဘုရင်မသည် အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ် နှောင်းပိုင်းအဆင့်ရှိ သူမ၏ ကျင့်ကြံမှုအခြေခံကို အားကိုးခြင်းဖြင့် ဇီရှန်နှင့် တန်းတူရင်ဆိုင် တိုက်ခိုက်နိုင်ခဲ့သည်။ ထို့အပြင် သူမသည် လုံးဝ ရှုံးနိမ့်ခြင်းမရှိပေ။ ဤသည်မှာ အလွန်ရှားပါးသော အရာတစ်ခုဖြစ်သည်။

ချွင်…။

နောက်ထပ် ထိပ်တိုက်တွေ့ဆုံမိတစ်ခု ဖြစ်ပွားခဲ့ပြီးနောက်၊ ဆွဲဆောင်မှုရှိသောပုံရိပ် နှစ်ခုစလုံးသည် အဝေးကို တွန်းကန်သွားကြပြီး နတ်ဆိုးအနှစ်သာရစွမ်းအားက ပေါက်ကွဲသွားစေခဲ့သည်။

ဇီရှန်သည် သူမ၏လက်ထဲတွင် ခရမ်းရောင်ဓားရှည်တစ်ချောင်းကို ကိုင်ဆောင်ထားပြီး သူမ၏ရှည်လျားသော ခရမ်းရောင်ဆံပင်များက တဖျပ်ဖျပ်ခတ်နေကာ သူမ၏ ခန္ဓာကိုယ်တွင် တွယ်ကပ်နေသော ၀တ်စားဆင်ယင်မှုများကြောင့် သူမ၏ ပြီးပြည့်စုံသော ရုပ်ရည်အသွင်အပြင်ကို အလွန်အမင်း ပေါ်လွင်စေသည်။

ဧကရာဇ်ပျားဘုရင်မသည်လည်း လုံးကြီးပေါက်လှ ရုပ်ရည်အသွင်အပြင်ရှိသည်။ သူမ၏ အနီရောင် အမွေးတောင်ပံဝတ်စုံက တဖျပ်ဖျပ်ခတ်ကာ လွင့်ပျံနေပြီး သူ၏မျက်ခုံးနှစ်ခုကြားမှ အနီရောင်အမှတ်သားက တဖျပ်ဖျပ်ခတ်ကာ ပေါ်လိုက် ပျောက်လိုက်ဖြစ်နေသည်။ ယင်းက ညွှန်းဆို၍မရနိုင်အောင်ပင် လှပနေလေသည်။

"သူက မင်းအတွက် ဘယ်လိုလူမျိုးလဲ။ မင်းက သူ့ကို တကယ် ကယ်တယ်ခဲ့ပြီး သူ့အတွက်နဲ့ အခုလို တိုက်ခိုက်နေခဲ့တာလား။" ဧကရာဇ်ပျားဘုရင်မက ပြုံးပြီး ဇီရှန်ကို ကြည့်လိုက်သည်။

ဇီရှန်၏မျက်လုံးများသည် ဆောင်းဦးရေနှင့်တူသော်လည်း ထိုမျက်လုံးထဲတွင် အေးစက်မှု အရိပ်အယောင်များ ရှိနေသည်။ သူသည် ဧကရာဇ်ပျားဘုရင်မ၏စကားကို ပြန်မဖြေ။

ဧကရာဇ်ပျားဘုရင်မက ပြုံးပြီး ဆက်ပြောသည် "သူက မင်းရဲ့ချစ်သူကောင်လေးရော မဖြစ်နိုင်ဘူးလား။ မင်းက သူ့အတွက်နဲ့ မြေအောက်တတိယထပ်ကို ဝင်ဖို့ စွန့်လွှတ် လိုက်တာကို ငါမြင်ရတယ်။ မင်း သူ့အပေါ်မှာ တကယ်ကို ခံစားချက်တွေ ရှိနေတယ်"

"မဟုတ်ဘူး" ဇီရှန်၏မျက်နှာသည် ချက်ချင်း နီရဲလာပြီး ချင်ယွင်ဆီကို တချက်လှည့်ကြည့်ရင်း သူ၏မျက်လုံးများ တဖျပ်ဖျပ်ခတ်ကာ ချင်ယွင်က သူမကို အထင်လွဲသွားသည်ကို စိုးကြောက်နေသည်။

ဧကရာဇ်ပျားဘုရင်မသည် ဇီရှန်အာရုံပြောင်းသွားသည်ကို တွေ့လိုက်ရသည့်အခါ သူမ၏ပါးစပ်ထောင့်စွန်းမှ ချက်ချင်းပင် အေးစက်စက် အပြုံးတစ်ခု ထွက်ပေါ်လာ သည်။ သူမ၏ပုံရိပ်သည် ချက်ချင်းပင် အနီရောင်အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး ဇီရှန်း၏ရှေ့သို့ ချက်ချင်း ရောက်ရှိလာသည်။ ပြီးနောက် သူမ၏လက်ထဲမှ သွေးနီးရောင်ဓားတွေက ဇီရှန်ဆီကို ထပ်ထပ်ခါခါ ခုတ်ပိုင်းလာ လေသည်။

"မကောင်းတော့ဘူး!" ချင်ယွင်က သူ၏စိတ်ထဲမှာ အော်ဟစ်လိုက်မိသည်။

မူလက ဧကရာဇ်ပျားဘုရင်မ၏ စကားကြောင့် ဇီချန်၏ စိတ်အာရုံသည် ပြောင်းလဲ သွားခဲ့သည်။ ရုတ်တရက် ဧကရာဇ်ပျားဘုရင်မ တိုက်ခိုက်လာသည်ကို သူမ မြင်လိုက်ရသည့်အခါ သူမသည် ဧကရာဇ်ပျားဘုရင်မ၏ လှည့်စားခြင်းကို ခံလိုက်ရ ကြောင်း ချက်ချင်း သိလိုက်သည်။

ဧကရာဇ်ပျားဘုရင်မသည် သူမအား အာရုံပြောင်းသွားစေရန် ထိုစကားလုံးများကို တမင်တကာ အသုံးပြုခဲ့သည်။ ထို့ကြောင့် သူမသည် ဧကရာဇ်ပျားဘုရင်မ၏ သွေးနီရောင်ဓားချက်များကို တားဆီးပိတ်ဆို့ရန်အတွက် သူမလက်ထဲမှ ရေခဲဓားကို အလျင်အမြန် ဆွဲထုတ်ပြီး ဝှေ့ရမ်းလိုက်သည်။

သို့သော် သူမသည် အလွန် နောက်ကျသွားခဲ့ပါပြီ။ ကျွမ်းကျင်ပညာရှင်များသည် ပို၍ ကြာရှည်တိုက်ခိုက်လာလေ စိတ်အာရုံတည်ငြိမ်မူက ပို၍အရေးကြီးလာလေ ဖြစ်သည်။

ထို့ကြောင့် ဇီရှန်၏ရေခဲဓားကို မတိုက်ခိုက်မီတွင် ဧကရာဇ်ပျားဘုရင်မ၏ သွေးနီရောင် ဓားသည် ဇီရှန်၏ရင်ဘတ်ကို ဖြတ်သန်းသွားခဲ့သည်။ ချက်ခြင်းပင် ဇီရှန်၏ နှင်းဖြူရောင် အရေပြားပေါ်တွင် သွေးစွန်းနေသော ဒဏ်ရာတစ်ခု ပေါ်လာပြီး သွေးနီရောင် သွေးများ စီးကျလာသည်။

ဤသည်မှာလည်း ဇီရှန်၏တုံ့ပြန်မှုက အလွန်မြန်ဆန်သွားခဲ့သည့် အကြောင်းရင်း ကြောင့် ဖြစ်ပါသည်။ အကယ်၍ သူမ၏တုံ့ပြန်မှုသာ နှေးကွေးသွားပါက သူမသည် ဤဓားချက်ဖြင့် ခုတ်ပိုင်းမိပြီး နှစ်ခြမ်းခွဲသွားပေလိမ့်မည်။

ထိုအဖြစ်ပျက် မပြီးခင်မှာ ဧကရာဇ်ပျားဘုရင်မသည် လေထဲမှပျံသန်းလာပြီး ဇီရှန်၏ ဝမ်းဗိုက်ကို တိုက်ရိုက် ကန်ပစ်လိုက်သည်။

ဇီရှန်၏ပုံရိပ်သည် ချက်ချင်း နောက်ပြန် လွင့်ပျံသွားကာ လေထဲတွင် လှပသော လမ်းကြောင်းတစ်ခုအဖြစ် ဆွဲငင်သွားခဲ့သည်။

ထိုမြင်ကွင်းကိုမြင်လျှင် ချင်ယွင်သည် ရုတ်တရက် ထိတ်လန့်သွားပြီး အလျင်အမြန် ပျံသန်းကာ လွင့်ပျံသွားသော ဇီရှန်ကို သူ၏လက်ဖြင့် ဖမ်းဆွဲရင်း သူ၏ရင်ခွင်ထဲမှာ ပွေ့ဖက်ကာ အလျင်အမြန် နောက်ပြန်ဆုတ်လိုက်သည်။

သို့သော် ယခုအချိန်တွင် ချင်ယွင်သည် ဇီရှန်၏အခြေအနေသည် အလွန် ထူးဆန်းနေသည်ကို သူ တွေ့ရှိရသည်။

ဇီရှန်၏ ပါးစပ်ထောင့်မှ သွေးများများ စီးထွက်လာသည်။ သူမ၏အငွေ့အသက်သည် အလွန်ပင် ညှိုးနွမ်းသွားပြီး သူမ၏ မျက်ခွံများပင် မှေးဆင်းလာသည်။ သူမ၏ မျက်နှာသည် ဖြူဖျော့နေပြီး ခရမ်းရောင် အနည်းငယ် သမ်းနေသည်။

"ဓားမှာ အဆိပ်ပါတယ်" ဇီရှန်သည် အလွန်အားနည်းသော လေသံဖြင့် ပြောလိုက် သည်။

အစောပိုင်းက ဇီရှန်ရရှိထားသော ဓားဒဏ်ရာသည် နက်ရှိုင်းခြင်း မရှိဘဲ သွေးစွန်းသော ဒဏ်ရာတစ်ခုသာ ဖြစ်သည်။ ယုတ္တိဗေဒအရ ပြောရလျှင် ယင်းဒဏ်ရာနှင့် ပတ်သက်၍ ပြင်းထန်ခြင်း မရှိသင့်ပေ။ ယခုအချိန်တွင် ဇီရှန်၏ဒဏ်ရာသည် ခရမ်းရောင် သမ်းနေပြီ။ ထွက်လာသော သွေးများသည်လည်း မည်းနက်နေသည်။

ချင်ယွင်၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားသည်။ သူသည် သူ၏ အသက်စွမ်းအားကို အလျင်အမြန်စုစည်းပြီး သူမ၏ဒဏ်ရာများကို ကုသရန်အတွက် ဇီရှန်၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းလိုက်သည်။

သို့သော်လည်း ချင်ယွင်သည် သူ၏အသက်စွမ်းအားကို ဇီရှန်၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းလိုက်စဉ် အကျိုးသက်ရောက်မှု လုံးဝမရှိခဲ့ပေ။ ကြောက်စရာကောင်းသော အဆိပ်သည် ဇီရှန်၏သွေးမှတစ်ဆင့် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ ကြောက်စရာ ကောင်းသောအဆိပ်သည် ဇီရှန်၏ ကိုယ်တွင်းအင်္ဂါများကို ကျူးကျော် ဝင်ရောက်လာခဲ့ သည်။

ချင်ယွင်သည် မျက်မှောင်ကြုတ်လိုက်မိသည်။ သူ၏ အသက်စွမ်းအားသည် ဤအဆိပ် အပေါ် လုံးဝ သက်ရောက်မှု မရှိခဲ့ပါဘူး။

"ဟား…ဟား၊ အဲဒါက အသုံးမဝင်ဘူး။ ငါ့သွေးဓါးရဲ့အဆိပ်က ငါ့ရဲ့ဝိညာဉ်စွမ်းအင်နဲ့ နှစ်ပေါင်း ငါးရာလောက် ကျင့်ကြံထားခဲ့တာ။ ငါ့ရဲ့အဆိပ်ဖြေဆေးသာ မရှိရင်၊ သူမက အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ် ကျွမ်းကျင်ပညာရှင်ဆိုရင်တောင် သူမ သေရမှာပဲ။ သူမက တစ်နာရီလောက်ပဲ အသက်ရှင်နိုင်မယ်လို့ ငါ ခန့်မှန်းတယ်။ တစ်နာရီအတွင်းမှာ အဆိပ်က သူမရဲ့နှလုံးကို ထိုးဖောက်သွားလိမ့်မယ်။ လျှိုအင်မော်တယ်ကျွမ်းကျင်ပညာရှင်တွေတောင်မှ သူမကို ကယ်တင်နိုင်မှာ မဟုတ်ပါ ဘူး။” အဝေးမှာရှိနေသည့် ဧကရာဇ်ပျားဘုရင်မသည် ချင်ယွင်ကို ဆော့ကစားလိုသော အကြည့်ဖြင့် ကြည့်နေရင်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ချင်ယွင်၏မျက်လုံးများမှ ပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒများ ပေါက်ထွက် လာခဲ့သည်။ ဇီရှန်သည် သူ၏အစ်မအရင်း မဟုတ်ပေမယ့် ဤအချိန်တောအတွင်းမှာ သူ့ကို အမြဲတမ်း ဂရုစိုက်ခဲ့သည်။ သူမသည် သူ့ကို အကြိမ်ကြိမ် ကယ်တင်ပေးခဲ့သည်။ ချင်ယွင်၏နှလုံးသားထဲမှာ ဇီရှန်သည် ​အတိုင်းအတာတစ်ခုအထိ သေချာသော နေရာတစ်ခုကို သိမ်းပိုက်ထားပြီးသား ဖြစ်နေပြီ။

ထိုအချိန်တွင် ဧကရာဇ်ပျားဘုရင်မသည် ဇီရှန်၏ ခန္ဓာကိုယ်ကို အမှန်တကယ် အဆိပ်ခတ်ခဲ့ပြီး သူမသည် အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ ယင်းက ချင်ယွင်ကို မည်သို့ ဒေါသထွက်အောင် မလုပ်နိုင်ဘဲ နေမည်နည်း။

"အဆိပ်ဖြေဆေးကို လွှဲပေးပါ။" ချင်ယွင်က ဧကရာဇ်ပျားဘုရင်မကို ကြည့်ရန် ခေါင်းကို လှည့်လိုက်သည်။ သူ၏မျက်လုံးတွေက အလွန် အေးစက်နေသည်။

"မင်းက အဆိပ်ဖြေဆေး လိုချင်တာလား။ ကောင်းပြီလေ။ လာခဲ့ပါ။ ဒီအစ်မကြီးဆီကို လာခဲ့ပါ" ဧကရာဇ်ပျားဘုရင်မသည် သူမ၏ ပါးစပ်ထောင့်စွန်းကို လက်ကလေးဖြင့် ဖွဖွအုပ်ကာ ချစ်စဖွယ် ရယ်မောလိုက်သည်။

"မင်း အဆိပ်ဖြေဆေးကို လွှဲပေးစေချင်တယ်။" ချင်ယွင်၏ သတ်ဖြတ်လိုစိတ်က ပြင်းထန်စွာ ထွက်ပေါ်လာပြီး ချင်ယွင်က ဒေါသတကြီး အော်ပြောလိုက်သည်။

"ဟမ့်၊ တကယ်လို့ မင်းအနေနဲ့ အဆိပ်ဖြေဆေးကို လိုချင်တယ်ဆိုရင်တော့၊ ငါ့ကို အနိုင်ယူနိုင်အောင် ကြိုးစားလိုက်ပါ။ ဒီလိုမှမဟုတ်ရင် သူမတင်မကဘဲ မင်းတို့အားလုံး သေရလိမ့်မယ်" ဧကရာဇ်ပျားဘုရင်မ၏ နှုတ်ခမ်းစွန်းသည် အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့သည်။

ဧကရာဇ်ပျားဘုရင်မ၏ စကားကိုကြားတော့ ချင်ယွင်၏ မျက်လုံးများသည် အနှစ်တစ်သောင်း သိမ်မွေ့နက်နဲ ရေခဲပြင်ကြီးကဲ့သို့ အေးစက်နေသည်။ သူသည် သူ၏ လက်ထဲမှာရှိနေသော ဇီရှန်ကို နင်ရှင်းအား တိတ်တဆိတ် ပေးလိုက်သည်။

ဇီရှန်သည် အလွန်အားနည်းနေပြီ ဖြစ်သော်လည်း ချင်ယွင်၏ အကြည့်ကို သူမ မြင်သောအခါ ချင်ယွင်က မည်သည့်အရာ လုပ်ချင်နေသည်ကို သူမ သိလိုက်သည်။ သူမက “မင်း… မင်း မြန်မြန်ထွက်သွားလိုက်ပါ။ မင်းက သူမရဲ့ ပြိုင်ဘက်မဟုတ်ဘူး” ဟု အလျင်စလို အကြံပေးလိုက်သည်။

သို့သော် ချင်ယွင်သည် ယင်းအကြံပေးစကားကို ကြားပုံမပေါ်ပေ။ သူသည် ဂရုမစိုက်ဘဲ ဧကရာဇ်ပျားဘုရင်မကို ပြန်လှည့်ကြည့်လိုက်သည်။ သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သော သတ်ပစ်ချင်စိတ်တွေက တဟုန်ထိုး ထွက်ပေါ်လာသည်။ ပြီးနောက် စကားတစ်ခွန်းကို သူ၏ပါးစပ်မှ ထုတတ်ပြောလိုက်သည်။ “ဒါဆိုလည်း အဆိပ်ဖြေဆေး မပေးမချင်း မင်းကို ငါရိုက်ပစ်မယ်”။

အခန်း (၄၉၂)။ လွှဲပေးသည်အထိ။

သတ်ဖြတ်လိုသည့်ဆန္ဒက ခန်းမတစ်ခုလုံးကို ချက်ချင်းပင် ဒီရေလှိုင်းကဲ့သို့ တဟုန်ထိုး ပျံ့နှံ့သွားခဲ့ပါသည်။

ဤအခိုက်အတန့်တွင် ချင်ယွင်၏ မျက်လုံးများတွင် သတ်ဖြတ်လိုသည့် ဆန္ဒသာရှိနေပြီး သူ၏ခန္ဓာကိုယ်တွင် ပြင်းထန်သော အေးစက်မှုများ ရှိနေလေသည်။

ဇီရှန်သည် နင်ရှင်း၏ရင်ခွင်ကိုမှီရင်း ချင်ယွင်၏ နောက်ကျောကို ကြည့်လိုက်သည်။ သူမသည် တစ်ခုခုကို ပြောချင်နေသည့်အလား နှုတ်ခမ်းတွေက အကြိမ်အနည်းငယ် လှုပ်သွားပါသည်။ သို့သော် သူမသည် မည်သည့်စကားမှ မပြောနိုင်ခဲ့ပေ။ သူမ၏ မျက်ဝန်းများသည် ဆောင်းဦးရေကဲ့သို့ စိုစွတ်စ ပြုလာပါသည်။ အဆုံးတွင် သူမသည် အမှန်တကယ် လက်လျော့လိုက်ပြီး သူမ၏ နှုတ်ခမ်းထောင့်စွန်းတွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ပေါ်လာပါသည်။

နင်ရှင်းသည်လည်း ချင်ယွင်၏ နောက်ကျောကို စိုက်ကြည့်နေမိသည်။ ဤအခိုက်အတန့်တွင် ချင်ယွင်၏ နောက်ကျောသည်လည်း သူမကို ခြိမ်းခြောက်နေခဲ့သည်။ ချင်ယွင်၏ နောက်ကျောသည် သူမ၏ မျက်လုံးများတွင် မနှိုင်းယှဉ်နိုင်လောက်အောင်ပင် မြင့်မားနေသည်။

ဧကရာဇ်ပျားဘုရင်မ၏ မျက်လုံးများတွင် အံ့အားသင့်မှု အရိပ်အယောင် ပေါ်လာသည်။ ချင်ယွင်၏ သတ်ဖြတ်လိုသည့်ဆန္ဒ တဟုန်ထိုး ပေါက်ကွဲထွက်ပေါ်လာချိန်မှာ သူမ၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်ကို အမှန်တကယ် ခံစားခဲ့ရသည်။ ဤခံစားမူသည် တခဏမျှသာဖြစ်သော်လည်း ဧကရာဇ်ပျားဘုရင်မကို ထိတ်လန့်သွား စေခဲ့ပါသည်။

သူမသည် နှောင်းပိုင်းအဆင့် အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ်၏ နတ်ဆိုးသားရဲ တစ်ကောင်ဖြစ်ပြီး သူမ၏စွမ်းအားသည် အစွမ်းထက်သော အမှန်တရားသို့ ပြန်လည်ခြင်းနယ်ပယ် အထွက်အထိပ်အဆင့် ကျွမ်းကျင်သူအချို့နှင့်ပင် နှိုင်းယှဉ်နိုင်ပါ သည်။ ဤအခိုက်အတန့်တွင် သူမသည် အစောပိုင်းအဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်း နယ်ပယ် ကောင်စုတ်လေး၏ အငွေ့အသက်ကြောင့် ထိတ်လန့်သွားရသည်။ ဤအကြောင်းကိုသာ ဖြန့်လိုက်ရင် ကမ္ဘာကြီးရှိလူအားလုံးက သူမကို လှောင်ပြောင်ကြပါလိမ့်မည်။

"ဟမ့်၊ တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်ရဲ့ အစောပိုင်းအဆင့်မှာရှိတဲ့ မင်းလိုကောင်လေးက ငါ့ကို အနိုင်ယူချင်သေးလား။ မင်းမှာ လှည့်ကွက်တွေ ရှိရင်နေတောင် မင်းမှာ ငါ့ကို ရင်ဆိုင်နိုင်စွမ်း ရှိတယ်လို့ မထင်လိုက်နဲ့။ ငါ့အတွက် မင်းကိုသတ်ဖို့က အလွယ်လေးပဲ" ဧကရာဇ်ပျားဘုရင်မသည် အေးစက်စွာ အော်ပြောလိုက်ပြီး သူမ၏ မျက်လုံးများတွင် အေးစက်မူ အရိပ်အယောင် ပေါ်လာပါ သည်။

ချင်ယွင်သည် ဧကရာဇ်ပျားဘုရင်မ၏ စကားကို ပြန်လည် မတုန့်ပြန်ခဲ့ပေ။ သူ၏ လက်ကို တချက်လှန်လိုက်သည်နှင့် မဟူရာသတ္တုတုတ်က သူ၏လက်ထဲတွင် ပေါ်လာသည်။

မဟူရာသတ္တုတုတ်သည် အလွန်အေးစက်နေပြီး အတွင်းမှ ပစ္စည်းဝိညာဉ်သည် ချင်ယွင်၏ သတ်ဖြတ်လိုသည့်ဆန္ဒကို သိရှိနေပုံရသည်။

ဤအခိုက်အတန့်တွင် မဟူသတ္တုတုတ်၏ကိုယ်ထည်သည် ကြောက်မက်ဖွယ် ကောင်းသော အအေးဓာတ်နှင့် ပြည့်နှက်နေပြီး ၎င်းမှ ထုတ်လွှတ်လိုက်သော စွမ်းအင် အတက်အကျလှိုင်းများက မြင်ရသူများ၏နှလုံးကို တုန်ခါစေသည်။

ဧကရာဇ်ပျားဘုရင်မသည် မဟူရာသတ္တုတုတ်ကို မြင်လိုက်ရသည့်အခိုက်တွင် သူမ၏ မျက်လုံးများသည် အံ့သြသည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။ သို့သော်လည်း သူမသည် လျင်မြန်စွာ တည်ငြိမ်သွားပြီး သရော်ဟန်ဖြင့် ပြောလိုက်သည် "ဟမ့်၊ မင်းနဲ့ငါကြားက ကွာဟချက်ကို လက်နက်တစ်ခုတည်းနဲ့ ဖြည့်ဆည်းပေးနိုင်မယ်လို့ မင်းထင်နေတာလား။ ဒါက ရယ်စရာ မကောင်းဘူးလား။"

သို့သော် သူမပြောပြီးသည်နှင့် တပြိုင်နက် ပြင်းထန်သော ထိတ်လန့်မှုတစ်ခုက သူ၏မျက်နှာပေါ်သို့ တဖန် ပျံ့နှံ့ရောက်ရှိလာပြန်သည်။

ချင်ယွင်သည် လက်ထဲတွင် မဟူရာသတ္တုတုတ်ကို ကိုင်ထားရင်း လေထဲသို့ ခုန်တက်ကာ သူမဆီသို့ ဦးတည်သွားသည်။ သူ၏လက်ထဲရှိ မဟူရာသတ္တုတုတ်၏ စွမ်းအင် အတက်အကျလှိုင်းတွေက ကြောက်စရာကောင်းလွန်းလှသည်။

သူမ၏ လက်ထဲတွင် သွေးနီရောင်ဓါးများ ပေါ်လာခြင်းနှင့်အတူ ဧကရာဇ်ပျားဘုရင်မ၏ မျက်လုံးများသည် အေးစက်သွားသည်။

ချွင်…။

မဟူရာသတ္တုတုတ်နှင့် သွေးနီရောင်ဓားတို့ တွေ့ဆုံတိုက်မိပြီး ခန်းမတစ်ခုလုံး ပေါက်ကွဲသွားပုံရကာ ချက်ခြင်းပင် ပြိုကျသွားခဲ့သည်။

အရင်က ဧရာမကျောက်ရုပ်ကြီးကိုပင် မတုန်လှုပ်ဖူးခဲ့သော ဧကရာဇ်ပျားဘုရင်မသည် သူမ၏ခြေထောက်တွေက အနည်းငယ် ကွေးညွှတ်သွားကာ မြေပြင်ပေါ်မှာ ဒူးထောက်လုနီးပါးပင် ဖြစ်သွားခဲ့ရသည်။

"ဘာလို့ အဲ့လောက်ထိ ကြောက်စရာကောင်းနေရတာလဲ" ဧကရာဇ်ပျားဘုရင်မ၏ မျက်လုံးများက ထိတ်လန့်တုန်လှုပ်သော အမူအရာ ပေါ်လာသည်။ အစောပိုင်းအဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျွမ်းကျင်သူသည် ဤမျှလောက် အစွမ်းထက်သော ခွန်အားကို အမှန်တကယ် ပိုင်ဆိုင်ထားကြောင်း သူမ မယုံကြည်နိုင်ပေ။

ချင်ယွင်က လှောင်ပြောင်ရယ်လိုက်ပြီး သူ၏လက်ကောက်ဝတ်ကို လှည့်လိုက်သည်။ သူ၏လက်ထဲမှ မဟူရာသတ္တုတုတ်က ချက်ချင်း လှည့်ပတ်ပြီး ဧကရာဇ်ပျား ဘုရင်မဆီကို လှည့်ပတ်သွားပြန်သည်။

ဧကရာဇ်ပျားဘုရင်မ၏ မျက်နှာသည် ပြောင်းလဲသွားပြီး ၎င်းကို တားဆီးပိတ်ဆို့ရန် သူမ၏ သွေးနီရောင်ဓားကို အလျင်အမြန် အသုံးပြုလိုက်ရသည်။

ချွင်….။

မဟူရာသတ္တုတုတ်သည် သွေးနီရောင်ဓားနှင့် နောက်တစ်ကြိမ် တွေ့ဆုံမိပြန်သည်။

သို့သော် သွေးနီရောင်ဓားသည် မဟူရာသတ္တုတုတ်ကို ထိလိုက်သည့်အခိုက်တွင် မဟူရာသတ္တုတုတ်မှ ချက်ချင်းဆိုသလိုပင် မီတာတစ်သောင်းမြင့်သော ချောက်ကမ်းပါးကြီးမှ တဟုန်ထိုး ကျဆင်းလာသော ရေတံခွန်ကဲ့သို့ပင် အကန့်အသတ်မရှိ စွမ်းအားများ ထွက်ပေါ်လာသည်။

ဧကရာဇ်ပျားဘုရင်မ၏ မျက်နှာသည် ချက်ချင်းပင် ဖြူဖျော့သွား၏။ ဤမျှ ကြောက်စရာကောင်းသော စွမ်းအားကို သူမ တကယ်ကို မတားဆီးနိုင်ခဲ့ပါဘူး။

မဟူရာသတ္တုတုတ်သည် သူမ၏ဝမ်းဗိုက်ကို တိုက်ရိုက် ထိမှန်သွားပြီး သူမတစ်ကိုယ်လုံး ပုဇွန်တစ်ကောင်လို ချက်ခြင်း ကွေးညွှတ်သွားလေသည်။

ဖူး….။

ဧကရာဇ်ပျားဘုရင်မသည် ချက်ချင်းပင် သွေးတစ်လုတ်ကို ထွေးထုတ်လိုက်ရကာ ကြိုးပြတ်သွားသော စွန်ကဲ့သို့ သူမ၏ နောက်ကျောဘက်ကို ပစ်လွှင့်သွားခဲ့သည်။

ဧကရာဇ်ပျားဘုရင်မ၏ မျက်လုံးများသည် မယုံနိုင်သည့် အမူအယာများဖြင့် ပြည့်နှက်နေသည်။ အစောပိုင်းအဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျွမ်းကျင်သူလေးက သူမကို လွင့်ထွက်သွားအောင် တိုက်ခိုက်နိုင်လိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပါဘူး။

နင်ရှင်း နှင့် ဇီရှန်တိုသည် ယင်းမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် သူမတို့၏ မျက်နှာများသည် မယုံကြည်နိုင်သည့် အမူအယာများဖြင့် ပြည့်နှက်နေပါသည်။

သို့သော် ယခုအချိန်တွင် ချင်ယွင်သည် ရပ်တန့်ရန် နည်းနည်းလေးမျှ စိတ်ကူးမရှိပါဘူး။ ချင်ယွင်၏ မျက်လုံးများတွင် အေးစက်စက် အငွေ့အသက်က စီးဆင်းလာသည်။ သူ၏ခြေဖဝါးအောက်မှာ လျှပ်စီးများက တဖျပ်ဖျပ်ခတ်သွားပြီး သူသည် အလျှင်အမြန် နောက်မှ လိုက်ပါသွားခဲ့သည်။ သူ၏လက်ထဲရှိ မဟူရာသတ္တုတုတ်သည် ကြောက်စရာကောင်းသော စွမ်းအင်အတက်အကျလှိုင်းတွေကို ထုတ်လွှတ်နေသည်။

ချင်ယွင်က သူ၏လက်ကို လွှဲယမ်းလိုက်ပြီး ဧကရာဇ်ပျားဘုရင်မထံ နောက်တကြိမ် ရိုက်ချလိုက်ပြန်သည်။

သူသည် ဧကရာဇ်ပျားဘုရင်မ အဆိပ်ဖြေဆေးပေးရန် မပြောမချင်း ရိုက်နှက်ရပါ လိမ့်မည်။

ဧကရာဇ်ပျားဘုရင်မသည် ချင်ယွင်က သူမနောက်သို့ လိုက်ပါလာနေသည်ကို တွေ့လိုက်ရသောအခါ သူမ၏မျက်ခုံးတွေကို ချက်ချင်း တင်းတင်းကျပ်ကျပ် တွန့်သွားခဲ့သည်။ အထူးသဖြင့် မဟူရာသတ္တုတုတ်မှ ထုတ်လွှတ်သော အငွေ့အသက်သည် သူမကို ပို၍ပင် ရင်တုန်စေသည်။

သူမသည် မဟူရာသတ္တုတုတ်ကို ယခုလေးတင် ခံစားခဲ့ရပြီးပြီ။ သူမသည် ချင်ယွင်၏ မဟူရာသတ္တုတုတ်ကို မည်သို့ ရင်ဆိုင်ဝံ့တော့မည်နည်း။ ထို့ကြောင့် သူမသည် ချက်ချင်းပင် အနီရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲပြီး အဝေးကို ထွက်ပြေးသွားခဲ့သည်။

ချင်ယွင်သည် အတွင်းအား၊ လေစွမ်းရည်သဘောတရားနှင့် မြန်နှုန်မြင့်လျှပ်စီး သဘောတရားကို အသုံးပြုထားသော်လည်း သူ၏ အရှိန်အဟုန်သည် ဧကရာဇ်ပျား ဘုရင်မ၏ အရှိန်အဟုန်ကို မမီနိုင်သေးပေ။

"ဟား…။ ဟား၊ မင်း ငါ့ကို အမီလိုက်နိုင်တော့မှာ မဟုတ်ဘူး။ မင်းရဲ့လက်နက်က ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ မင်း ငါ့ကို မဖမ်းနိုင်ရင် အသုံးမကျဘူး။ တစ်နာရီလောက်ကြာပြီးတာနဲ့ သူမက သေသွားမှာပဲ" ဧကရာဇ်ပျားဘုရင်မသည် ထွက်ပြေးနေစဉ်တွင် ယုတ်မာရက်စက်စွာ ပြုံးလိုက်သည်။

ချင်ယွင်သည် မျက်မှောင်ကြုတ်လိုက်မိသည်။ ဤသည်မှာ ဖြေရှင်းချက်တစ်ခု မဟုတ်ပါဘူး။ အချိန်ကြာကြာ ဆွဲထားလေ သူ့အတွက်က ပိုဆိုးလေ ဖြစ်နေပါသည်။

"အယ်?"

ထိုအခိုက်တွင် ချင်ယွင်၏ အကြည့်သည် ခန်းမအထက်တွင် ချိတ်ဆွဲထားသော ဧရာမပျားအုံကြီးပေါ်သို့ ကျရောက်သွားခဲ့၏။ ချင်ယွင်၏ ပါးစပ်ထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။ သူသည် ဧကရာဇ်ပျားဘုရင်မနောက်သို့ မလိုက်တော့ဘဲ ဧရာမပျားအုံကြီးဆီသို့ ဦးတည်သွားတော့သည်။

"မဟုတ်ဘူး!"

ဧကရာဇ်ပျားဘုရင်မက ချင်ယွင် သူမနောက်ကို လိုက်မလာကြောင်းကို မြင်သောအခါ သူမသည် အမှန်တကယ်ပင် ဧကရာဇ်ပျားအုံအသိုက်ကြီးဆီသို့ ပြေးသွားခဲ့သည်။ သူမ၏အမူအရာသည် သိသိသာသာ ပြောင်းလဲသွားပြီး ချင်ယွင်ကို တားဆီးချင်ဇောဖြင့် အလင်းတန်းတစ်ခုအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။

ချင်ယွင်သည် ဧကရာဇ်ပျားဘုရင်မ ပျားအုံကြီးထံ ပြန်လည်ပေးဝင်လာသည်ကို မြင်သောအခါ၊ သူ၏မျက်လုံးများတွင် အေးစက်မှု အရိပ်အယောင်များ တစ်ဖန် ပြန်ပေါ်လာသည်။

သူ၏လက်ထဲမှ မဟူရာသတ္တုတုတ်ကို လှည့်လိုက်ပြီး သူသည် ချက်ချင်းပင် လမ်းကြောင်းပြောင်းလိုက်သည်။ မူလက ပျားအုံကြီးအတွက် ရည်ရွယ်ထားသည့် မဟူရာသတ္တုတုတ်သည် ဧကရာဇ်ပျားဘုရင်မဆီသို့ တိုက်ရိုက် ရိုက်ချိုးသွားခဲ့သည်။

ဧကရာဇ်ပျားဘုရင်မသည် သူမ အလှည့်စားခံရကြောင်း ချက်ချင်း သိလိုက်ရသည်။ သို့သော်လည်း ယခုအချိန်တွင် မဟူရာသတ္တုတုတ်သည် သူမဆီသို့ ပစ်ဝင်လာပြီဖြစ်သောကြောင့် သူမသည် ၎င်းကို တွန်းလှန်နိုင်ရုံမျှသာ တတ်နိုင်တော့ သည်။

ချင်ယွင်သည် သွေးအနှစ်သာရလောင်ကျွမ်းခြင်းနည်းပညာရပ်ကို ချက်ချင်း အသုံးပြုလိုက်ပြီး သူ၏ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်ရှိ စွမ်းအင်အားလုံးကို သူ၏လက်ပေါ်တွင် စုစည်းထားပြီး မဟူရာသတ္တုတုတ်၏ အရှိန်အဟုန်သည် မဟူရာသတ္တုတုတ်ကိုယ်တိုင်၏ ကြံ့ခိုင်မှု အပြင် သူ့ထံမှ အလွန်မင်းမြန်ဆန်သော အရှိန်အဟုန်နှင့်ပါ ထည့်ပေါင်းခြင်းဖြင့် တိုက်ရိုက် ရွေ့လျားသွားခဲ့သည်။

ရွေ့လျားသွားနေသော မဟူရာသတ္တုတုတ်သည် လေထဲသို့ ဖြတ်သန်းသွားစဉ် ကောင်းကင်ယံကို တုန်ခါစေသော တဝှီးဝှီးမြည်သံက ထွက်ပေါ်နေသည်။

"မဟုတ်ဘူး!"

ဧကရာဇ်ပျားဘုရင်မ၏ မျက်လုံးများသည် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။ မဟူရာသတ္တုတုတ်ကို ပိတ်ဆို့တားဆီးထားသော ဓါးနှစ်ချောင်းသည် ချက်ချင်းပင် လွှင့်ကန်သွားပြီး သူမလက်ထဲမှ လွှတ်သွားခဲ့သည်။

နောက်တစ်စက္ကန့်တွင် မဟူရာသတ္တုတုတ်သည် ဧကရာဇ်ပျားဘုရင်မ၏ ဝမ်းဗိုက်တွင် တိုက်ရိုက် တံဆိပ်ရိုက်နှိပ်သွားခဲ့သည်။

ကြောက်စရာကောင်းသော စွမ်းအားသည် ကြယ်တစ်လုံး ပေါက်ကွဲသွားသကဲ့သို့ပင်။ ထိုအချိန်တွင် ဧကရာဇ်ပျားဘုရင်မသည် သူမ၏ စိတ်ဝိညာဉ်သုံးခုနှင့် စိတ်ဝိညာဉ်ခုနှစ်ခုစလုံး ရိုက်နှက်ခံရပြီး စိတ်ဝိညာဉ်တစ်ခုတည်းသာ ကြွင်းကျန်တော့ သည့်အလား ခံစားခဲ့ရသည်။ သူမပါးစပ်မှ သွေးများ ဖျန်းခနဲ ထွက်လာပြီး သူမ၏ ခန္ဓာကိုယ်သည် နောက်ဘက်နံရံပေါ်သို့ ကျရောက်သွားသည်။

ဒေါင်!

ခန်းမတစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားပြီး နံရံပေါ်တွင် အပေါက်ကြီးတစ်ခု ပေါ်လာသည်။

ဧကရာဇ်ပျားဘုရင်မ၏ ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း တွင်းနက်ကြီးထဲတွင် ပိတ်မိနေပြီး သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး၏ အရိုးများ ကွဲထွက်သွားပုံရသည်။

"ငါ.. ငါ .အရှုံးပေးတယ်!" ဧကရာဇ်ပျားဘုရင်မ ညည်းညူရင်း သူမ၏ မျက်လုံးများတွင် မယုံကြည်နိုင်သည့် အမူအယာများဖြင့် ပြည့်နေသည်။

နင်ရှင်း နှင့် ဇီရှန်တို့သည် သူမတို့ရှေ့မှ မြင်ကွင်းကြောင့် လုံးဝကို ထိတ်လန့်တုန်လှုပ်သွားကြသည်။

ချင်ယွင်၏ရုပ်အသွင်အပြင်သည် လေထဲတွင် ပုံရိပ်ယောင်အဆင့်ဆင့်ဖြစ် ပြောင်းလဲသွားသည်။ မဟူရာသတ္တုတုတ်သည် ဧကရာဇ်ပျားဘုရင်မ၏ မေးစေ့ပေါ်တွင် ကပ်လျက် အေးစက်စွာ ပြောလိုက်သည် "အဆိပ်ဖြေဆေးကို အခု လွှဲပေးနိုင်ပြီလား?"

သူ၏အသံသည် အလွန်လွှမ်းမိုးနိုင်စွမ်းရှိနေပြီး အနည်းငယ်မျှ မေးခွန်း ပြန်မထုတ်နိုင်လောက်သည့် ခက်ထန်သော အငွေ့အသက်ကို သယ်ဆောင်ထားသည်။

အခန်း (၄၉၃)။ ဤကျွန်မက အမှားကိုသိပါပြီ။

“အဆိပ်ဖြေဆေးကို လွှဲပေးစမ်း”

ချင်ယွင်၏ အေးခဲပမာ အေးစက်စက်အသံသည် ခန်းမတစ်ခုလုံးတွင် ပဲ့တင်ထပ်နေပြီး သူ၏လေသံက ပြင်းထန်နေသည်မှာ သံသယရှိစရာပင် မလိုပါချေ။

"ဟား၊ ဟား၊ ငါက လွှဲမပေးနိုင်ဘူး။ ကဲ အခု မင်း ငါ့ကို ဘာလုပ်နိုင်မလဲ ကြည့်ရအောင်။ လာ… လာစမ်းပါ။ ငါ့ကို သတ်လိုက်စမ်းပါ။ မင်း ငါ့ကို သတ်လိုက်ရင်တောင် သူမကလည်း ငါနဲ့အတူ သင်္ဂြိုဟ်ရမှာပဲ။" ဧကရာဇ်ပျားဘုရင်မသည် ရူးသွပ်စွာ ရယ်မောရင်း သူမ၏ မျက်လုံးများတွင် လှောင်ပြောင်မှုများ ပြည့်နှက်နေသည်။

ချင်ယွင်၏ နှလုံးသားသည် အမျက်ဒေါသများနှင့် ပြည့်နေသည်။ သူ၏မျက်လုံးထဲတွင် သတ်ပစ်ချင်စိတ်တွေက ပျံ့နှံ့ထွက်ပေါ်လာခဲ့သည်။ ဤအခိုက်အတန့်တွင် သူသည် ဧကရာဇ်ပျားဘုရင်မ၏ ခေါင်းကို အစိတ်စိတ်မြွှာမြွှာ ကွဲထွက်သွားသည်အထိ တုတ်ဖြင့် ရိုက်နှက်ချင်စိတ်ပင် ဖြစ်ပေါ်လာသည်။ သို့သော် သူ မလုပ်ရဲချေ။

ဇီရှန်၏အသက်သည် ဧကရာဇ်ပျားဘုရင်မ၏ လက်ထဲတွင် ရှိနေဆဲ ဖြစ်သည်။ အချိန်ကလည်း နာရီဝက်နီးပါးကြာသွားခဲ့ပြီ။ အကယ်၍ သူမသည် နာရီဝက်အတွင်း အဆိပ်ဖြေဆေး မသောက်နိုင်ခဲ့ပါက ဇီရှန်သည် နှလုံးအတွင်းမှာ အဆိပ်သင့်ပြီး လုံးဝ ပျောက်ကင်းနိုင်တော့မည် မဟုတ်ပေ။

ဤသည်မှာ ချင်ယွင် အလွန့်လွန် မမြင်လိုသည့် အရာတစ်ခုဖြစ်ပါသည်။ သို့သော်လည်း ယခုလို ဆက်လက်လုပ်ဆောင်နေခြင်းကလည်း နည်းလမ်းတစ်ခု မဟုတ်သေးပေ။

“မင်း လွှဲပေးမှာလား၊ လွှဲမပေးဘူးလား” ချင်ယွင်က အေးစက်စွာ မေးလိုက်ပါသည်။

"မပေးဘူး!" ဧကရာဇ်ပျားဘုရင်မက ပြတ်ပြတ်သားသားပင် ငြင်းဆိုလိုက်၏။ ယခုအချိန်မှာ သူမသည် ဒဏ်ရာအပြင်းအထန် ရထားခဲ့ပြီး လုံးဝ မလှုပ်ရှားနိုင်ပါဘူး။

"မင်းက မလွဲပေးဘူးပေါ့၊ ဟုတ်လား" ချင်ယွင်၏ နှုတ်ခမ်းစွန်းများသည် ကောက်ကျစ် စဉ်းလဲသော အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ဧကရာဇ်ပျားဘုရင်မ၏ အမူအရာသည် ချက်ချင်းပြောင်းသွားသည်။ သူမသည် "မင်းဘာလိုချင်လို့လဲ" ဟု ကမန်းကတန်း ပြောလိုက်သည်။

"မင်းဘာလိုချင်လဲ၊ ဟုတ်လား။ ငါက မင်းကို အဆိပ်ဖြေဆေး လွှဲခိုင်းနေတာလေ" ဧကရာဇ်ပျားဘုရင်မ၏ ခန္ဓာကိုယ်ဆီသို့ လက်ဖဝါးတဖက်ကို ဆန့်ထုတ်လိုက်ရင်း ချင်ယွင်၏ပါးစပ်ထောင့်သည် အေးစက်သောအပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့သည်။

ဧကရာဇ်ပျားဘုရင်မသည် ဤအခိုက်အတန့်တွင် တကယ်ကို ထိတ်လန့်နေပါသည်။ သူမသည် နတ်ဆိုးမသားရဲတစ်ကောင် ဖြစ်ခဲ့သော်လည်း၊ သူမသည် အမျိုးသမီး ဖြစ်နေဆဲပင်။ ယခုအချိန်မှာ ချင်ယွင်က သူမကို မည်သည့်အရာ လုပ်ချင်နေလဲ ဆိုသည်ကို သူမအနေဖြင့် မည်သို့ နားမလည်နိုင်ဘဲ နေမည်နည်း။ အထူးသဖြင့် ချင်ယွင်၏ တဏှာရာဂစိတ်ထကြွနေသော အပြုံးသည် သူမကို အလွန် ထိတ်လန့်သွား စေခဲ့သည်။

"မဟုတ်ဘူး... မလာနဲ့။" ဧကရာဇ်ပျားဘုရင်မက စိုးရိမ်ကြောက်ရွံ့စွာ ပြောလိုက်သည်။

ချင်ယွင်က ထပ်ခါထပ်ခါ လှောင်ပြောင်ရယ်မောနေသည်။ သူသည် ဧကရာဇ်ပျား ဘုရင်မ၏စကားများကို နားမကြားချင်ယောင်ဆောင်ထားလိုက်သည်။ ထိုလက်သည် ဧကရာဇ်ပျားဘုရင်မ၏ ဂုဏ်ယူဝံ့ကြွားသော ခန္ဓာကိုယ်ဆီသို့ ဆုပ်ကိုင်ရန် ဆက်လက် ရွေ့လျားနေသည်။ သူသည် ဧကရာဇ်ပျားဘုရင်မ၏ ကြောက်ရွံ့မှုကို ခံစားစေရန် သူ၏လှုပ်ရှားမှုများကို တမင်တကာပင် နှေးကွေးထားလေသည်။

သေချာပါသည်။ ဧကရာဇ်ပျားဘုရင်မသည် နောက်ဆုံးတွင် ဤနှိပ်စက်ညှဉ်းပန်းမှုကို ခံနိုင်ရည်မရှိခဲ့တော့ဘဲ ချင်ယွင်ကို အရှုံးပေးရန်မှလွဲပြီး ရွေးချယ်စရာ မရှိတော့ပါဘူး။ "ငါ လွှဲပေးမယ်... ငါ လွှဲပေးပါ့မယ်..."။

ဧကရာဇ်ပျားဘုရင်မသည် သဘောတူပြီးသွားသည်နှင့် ချင်ယွင်သည် ဧကရာဇ်ပျား ဘုရင်မကို မတိုက်ခိုက်တော့ပါဘူး။ သူက သူ၏လက်ဖဝါးကို ပြန်ဆုတ်ခွာလိုက်ပြီး “အဆိပ်ဖြေဆေး ဘယ်မှာလဲ” ဟု မေးလိုက်သည်။

ဧကရာဇ်ပျားဘုရင်မ၏ မျက်လုံးများသည် ရုတ်တရက် ကျဉ်းမြောင်းလာပြီး သူမက ရုတ်တရက် အော်ပြောလိုက်သည် "သေလိုက်တော့!"

သူ့နောက်မှ တိုးဝင်လာသည့် အေးစိမ့်မူကို ခံစားလိုက်ရသဖြင့် ချင်ယွင်၏ မျက်နှာသည် ပြောင်းလဲသွားသည်။

ထောင်ပေါင်းများစွာသော အနက်ရောင်ဧကရာဇ်ပျားများသည် သူ့ဆီသို့ ပျံသန်းလာကြ သည်။

ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်ပြီး ဧကရာဇ်ပျားဘုရင်မ၏လည်ပင်းကို တိုက်ရိုက် ဖမ်းကိုင်ကာ သူ၏မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ ပြန်လည် ပြည့်နှက်လာသည်။

ဧကရာဇ်ပျားဘုရင်မသည် အတူတကွ ပျက်သုဉ်းရန် ပြင်ဆင်ထားပုံရပြီး သူမ၏ မျက်လုံးများသည် ပြင်းထန်သော လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေသည်။

ထိုအချိန်တွင် ချင်ယွင်သည် အနည်းငယ် စိုးရိမ်နေပါသည်။ ယခု သူသည် ဘုရင်ပျားကို သတ်ပစ်လိုက်သည်နှင့် ဤအနက်ရောင် ဧကရာဇ်ပျားများသည် ပြဿနာ မဟုတ်တော့ ပေ။ သို့သော် သူမကိုသတ်လိုက်သည်နှင့် ဇီရှန်ကိုလည်း သူမနှင့်အတူ သင်္ဂြိုဟ်ပေး ရတော့မည် ဖြစ်ပါသည်။

သို့သော် သူသည် သူမကို မသတ်လိုက်ပါက၊ အနက်ရောင် ဧကရာဇ်ပျားများဖြင့် လုံးထွေး တိုက်ခိုက်နေရလိမ့်မည်။ ထိုအချိန်တွင် သူသည် အဆိပ်ဖြေဆေးကို ရရှိလျှင်ပင် အသုံးမဝင်တော့ပေ။

"သတ်!" ချင်ယွင်၏ မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင် ပေါ်လာသည်။

သို့သော် ချင်ယွင်သည် ဧကရာဇ်ပျားဘုရင်မနှင့် ရင်ဆိုင်ရန် သူ၏စိတ်ထဲတွင် ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်သည့်အခိုက်…..။

ချင်ယွင်၏ရင်ဘတ်သည် အစိမ်းရောင်အလင်းတစ်ချက် ရုတ်တရက် တောက်ပ လာသည်။

မိုးပြာရောင်အလင်းတန်း ပေါ်လာသည်နှင့် ချင်ယွင် အံ့အားသင့်သွားသည်။ ဧကရာဇ် ပျားဘုရင်မသည်လည်း အံ့အားသင့်သွားခဲ့သည်။

"ဟင့်၊ ဒီမြင်ကွင်းက နောက်တစ်ခါ ပေါ်လာပြန်ပြီ။" ချင်ယွင်သည် စိတ်ထဲမှာ မငြီးတွားဘဲ မနေနိုင်ခဲ့ပေ။

ထိုမြင်ကွင်းကို သူသည် အရမ်းကို ရင်းနှီးနေခဲ့ပါပြီ။ အလားတူ မြင်ကွင်းမျိုးသည် သူ၏ခန္ဓာကိုယ်တွင် ငါးကြိမ်တိုင်တိုင် ဖြစ်ပွားခဲ့ဖူးပါသည်။ ယခုတစ်ကြိမ်မှာလည်း အမှန်တကယ် ပေါ်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပါဘူး။

သို့သော်လည်း ချင်ယွင် နားမလည်နိုင်သေးပေ။ ဧကရာဇ်ပျားဘုရင်မသည် အလယ်လတ်အဆင့် အထက်မှာရှိသော နတ်ဘုရားသားရဲ သွေးမျိုးဆက်ကို ပိုင်ဆိုင် ထားခြင်းမျိုး ဖြစ်နိုင်ပါသလား။ ထိုသို့မဟုတ်လျှင် အစိမ်းရောင်ကြာပန်းစည်းတံဆိပ် သည် သူမကို လက်အောက်ခံအဖြစ် အဘယ့်ကြောင့် ရွေးချယ်မည်နည်း။

သို့သော် သူမကို ထိန်းချုပ်လိုက်ခြင်းကလည်း ကောင်းပါသည်။ ဤနည်းအားဖြင့်၊ သူသည် အဆိပ်ဖြေဆေးကို လွှဲအပ်ရန် သူမကို တိုက်ရိုက် အမိန့်ပေးနိုင်ပြီး အဆိပ်ဖြေဆေး လွှဲခိုင်းရခြင်း၏ အခက်အခဲကို သက်သာစေပါသည်။

သေချာပါသည်။ အပြာရောင်အလင်းတန်းတွေ ပေါ်ထွက်လာသည်နှင့်အမျှ ဧကရာဇ်ပျားဘုရင်မကို တိုက်ရိုက်လွှမ်းခြုံသွားပြီး အစိမ်းရောင်ကြာပန်းစည်းတံဆိပ် ထဲကို ချက်ချင်း ဝင်ရောက်သွားတော့သည်။

ဧကရာဇ်ပျားဘုရင်မသည် အစိမ်းရောင်ကြာပန်းစည်းတံဆိပ်ထဲသို့ ဝင်ရောက်သွား သည်နှင့်၊ ချင်ယွင်၏စိတ်ထဲတွင် ဧကရာဇ်ပျားဘုရင်မနှင့် အဆက်အသွယ်တစ်ခု ရှိလာခဲ့သည်။

ချင်ယွင်သည် အတွေးတစ်ချက်ဖြင့် ဧကရာဇ်ပျားဘုရင်မအား အစိမ်းရောင်ကြာပန်း စည်းတံဆိပ်ထဲမှ ထုတ်လိုက်ပါသည်။ သို့သော် ဧကရာဇ်ပျားဘုရင်မ၏ ပထမဆုံး စီရင်ခံချက်က သူ့ကို သွေးတစ်လုတ် ထွေးထုတ်ရလုနီးပါး ဖြစ်စေမည်ဟု သူ မမျှော်လင့်ခဲ့ပေ။

"သခင်၊ သခင်က ဒီကျွန်မလေး​ကို အရမ်းကို နာကျင်​​စေခဲ့တယ်​!" ဧကရာဇ်ပျားဘုရင်မ သည် ရှက်ရွံ့သောအမူအရာဖြင့် ပြောသည်။

ချင်ယွင်သည် သူ၏ဆံပင်များ အဆုံးထိ ထောင်နေပြီဟုပင် ခံစားလိုက်ရသည်။ ဤပုံစံဖြင့် ဒုက္ခပေးသည့် စွမ်းရည်မျိုးကို ရှန်ချန်းဇူက ပိုင်ဆိုင်ထားသည်။ (ရှန်ချန်းဇူသည် ပိရှစ်သိုင်းမြို့စားကို ပြောခြင်းဖြစ်ပါသည် နာမည်နှင့်တွဲမိအောင်ပါ)။

အမှန်တော့၊ ဧကရာဇ်ပျားဘုရင်မသည် သူမသည် ချင်ယွင်၏ လက်အောက်ခံ ဖြစ်သွားကြောင်း သိလိုက်ရသည့်အခိုက်တွင် သူမသည် ဖြစ်ပျက်ခဲ့သည်များကို သတိရမိသည်။ ယခုအချိန်တွင် ချင်ယွင်၏နှလုံးသားက လှုပ်ရှားလွန်းနေပြီး သူမ၏ စိတ်ဝိညာဉ်ကို လုံးဝ ချေမွပစ်လိုက်မှာကို သူမ ကြောက်နေခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ချင်ယွင်၏စိတ်နှလုံးကို ပျော့ပျောင်းစေပြီး သူမကို အလွတ်ပေးရန်အတွက် သူမသည် ဤအရာကို လုပ်ဆောင်နေခြင်း ဖြစ်ပါသည်။

သခင်အဖြစ် အသိအမှတ်ပြုပြီး အစေခံဖြစ်သွားရသည့် မည်သူမဆို သခင်သည် ထိုအစေခံ၏စိတ်ဝိညာဉ်ကို ချက်ခြင်း ဖျက်ဆီးနိုင်ပါသည်။

ဧကရာဇ်ပျားဘုရင်မသည် သေခြင်းတရားကို မကြောက်ခဲ့ပေ၊ သို့သော် ၎င်းသည် သူမ၏ စိတ်ဝိညာဉ် ဆုံးရှုံးမှာကို မကြောက်ဘူးဟု မဆိုလိုပါ။

သေဆုံးသွားခြင်းသည် ပြန်လည်ဝင်စားနိုင်သော်လည်း ပျောက်ကွယ်သွားသော စိတ်ဝိညာဉ်များသည် ဤကမ္ဘာကြီးမှ လုံးလုံး ပျောက်ကွယ်သွားခြင်းကို ဆိုလိုပါသည်။

ထို့ကြောင့်၊ သူမ၏ ကျင့်ကြံမူအဆင့် မြင့်မားလာလေ၊ ဧကရာဇ်ပျားဘုရင်မသည် ပို၍ ကြောက်ရွံ့လာလေ ဖြစ်သည်။

"အဓိပ္ပာယ်မရှိတဲ့စကားတွေကို ရပ်လိုက်စမ်း။ အဆိပ်ဖြေဆေး အရင်လွှဲပေးပါ။" ချင်ယွင်က ပြောသည်။

"ဟုတ်ကဲ့ပါ​။ ဒီကျွန်မ​က အခုပဲ လွှဲ​​ပေးပါ့မယ်" ဧကရာဇ်ပျားဘုရင်မသည် စကားပြီးသည်နှင့် သူ၏လက်ဖဝါးကို တချက်လှန်လိုက်ပြီး လက်ထဲတွင် ကျောက်စိမ်းပုလင်းတစ်လုံး ပေါ်လာကာ ချင်ယွင်အား ပေးလိုက်ပါသည်။

ချင်ယွင်သည် ကျောက်စိမ်းပုလင်းကိုယူကာ ဇီရှန်ဆီသို့ အမြန် သွားလိုက်သည်။

ဧကရာဇ်ပျားဘုရင်မသည် သူ့ကို မလိမ်ညာဝံ့ကြောင်း သူ သိပါသည်။ အကယ်၍ ဧကရာဇ်ပျားဘုရင်မမှာ မကောင်းသော ရည်ရွယ်ချက်ရှိနေမည်ဆိုလျှင် ချင်ယွင်သည် ချက်ချင်း သိပါလိမ့်မည်၊ ထို့ကြောင့် ဤအဆိပ်ဖြေဆေးပုလင်းအတု ဖြစ်နေမည်ကို သူ မစိုးရိမ်ပါ။

ချင်ယွင်သည် ပုံရိပ်ယောင်အဖြစ်သို့ ပြောင်းလဲသွားပြီး ဇီရှန် အနားတွင် ပေါ်လာသည်။ ယခုအချိန်တွင် ဇီရှန်သည် အလွန်အားနည်းနေပြီး သူ၏ အငွေ့အသက်သည် အလွန် အားနည်းနေပြီ ဖြစ်ပါသည်။ သူ၏ နဂိုက နှင်းဖြူရောင်မျက်နှာသည် ယခုအခါ ခရမ်းရောင် နက်မှောင်နေပြီး မျက်လုံးများက စတင် မှေးမှိတ်နေပြီ။

ချင်ယွင်သည် ကျောက်စိမ်းပုလင်းထဲမှ အဆိပ်ဖြေဆေးကို ဇီရှန်၏ ပါးစပ်ထဲသို့ အမြန် လောင်းထည့်လိုက်သည်။ ဇီရှန်သည် အဆိပ်ဖြေဆေးကို သောက်ပြီးနောက်တွင် သူမ၏ အမူအရာသည် တဖြည်းဖြည်း ပြောင်းလဲသွားပြီး သူမ၏ ရုပ်ရည် အသွင်အပြင်သည် တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာသည်။

"စိတ်မပူပါနဲ့၊ သခင်၊ သူမ အဆိပ်ဖြေဆေးသောက်ပြီးတာနဲ့ နောက်ထပ် ဆယ်နာရီကြာ ပြီးနောက် သူမ ပြန်လည် သက်သာလာနိုင်ပါတယ်။" ဧကရာဇ်ပျားဘုရင်မ၏ ရုပ်အသွင်အပြင်သည် ချင်ယွင်၏ နောက်တွင် ပေါ်လာပါသည်။

ဧကရာဇ်ပျားဘုရင်မ ပေါ်လာသည်ကိုမြင်လျှင် နင်ရှင်းသည် ချက်ချင်းဆိုသလို သူမ၏မျက်နှာပေါ်တွင် သတိထားသည့် အမူအယာ ပေါ်လာပါသည်။

ဇီရှန် တော်တော်လေး ပြန်လည်သက်သာလာသည်ကို တွေ့လိုက်ရလျှင် ချင်ယွင်သည် ဧကရာဇ်ပျားဘုရင်မကို လှည့်ကြည့်လိုက်သည်။ သူ၏မျက်လုံးတွေက အေးစက်နေ တုန်းပင်။

ဧကရာဇ်ပျားဘုရင်မသည် ချင်ယွင် မည်သည့်အရာပြောချင်သည်ကို သိပုံရပါသည်။ သူမက အလောတကြီး ရှင်းပြလိုက်သည် "သခင်၊ ဒီကျွန်မက သခင်အတွက် ခက်ခဲတဲ့ အရာတွေကို မလုပ်ချင်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်မကို အနိုင်ရတဲ့လူတွေကိုသာ သွားခွင့်ပြုရမယ်လို့ ကျွန်မက ကျောက်ဝူကျင်းရှေ့မှာ ကျိန်ဆိုထားရတာ။ ဒါကြောင့် ကျွန်မကိုယ်တိုင်ကလည်း အတင်းအကြပ် တွန်အားပေးခံထားရတာပါ"။

"သခင်တဲ့လား?" နင်ရှင်းသည် ဤခေါ်သံကို ကြားသောအခါ သူမ၏ မျက်နှာပေါ်တွင် အံ့သြသောအမူအရာတစ်ခု ချက်ချင်း ပေါ်လာပါသည်။

ဤဧကရာဇ်ပျားဘုရင်မသည် ချင်ယွင်ကို သူမ၏သခင်အဖြစ် အဘယ်ကြောင့် အသိအမှတ် ပြုသည်ကို သူမ နားမလည်နိုင်ပါ။

ချင်ယွင်၏ အမူအရာက အေးစက်နေဆဲဖြစ်ပြီး သူက ပြောလိုက်သည် "ကောင်းပြီ၊ မင်းကို ငါ အပြစ်မတင်ပါဘူး၊ ဒါပေမယ့် မြေအောက်တတိယထပ်က ဘာလဲဆိုတာ အတိအကျ ပြောပြစမ်း။ မင်းတောင်မှ အဲဒီထပ်ကို ခြေလှမ်းမလှမ်းဝံ့ဘူးလို့ ဘာလို့ ပြောတာလဲ။" ။

ချင်ယွင်က သူမကို အပြစ်တင်ခြင်း မရှိသည်ကိုမြင်လျှင် ဧကရာဇ်ပျားဘုရင်မသည် သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပါသည်။ ထို့နောက် သူမက လေးနက်သည့်အမူအယာဖြင့် အကြံပေးလိုက်သည် “သခင်၊ သခင်အနေနဲ့ အဲဒီမြေအောက် တတိယထပ်ကို မသွားသင့်ဘူး” ။

ချင်ယွင်လည်း မျက်မှောင်ကြုတ်လိုက်မိသည်။ ဧကရာဇ်ပျားဘုရင်မသည် မြေအောက် တတိယထပ်ကို အလွန်ကြောက်နေလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

"မြေအောက်တတိယမှာ အတိအကျ ဘာများရှိလို့လဲ" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

အခန်း(၄၉၄) မြေအောက်တတိယအထပ်။

ဧကရာဇ်ပျားဘုရင်မ၏ လေးနက်တည်ကြည်နေသည့် အမူအယာအရ မြေအောက် တတိယထပ်တွင် ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုရှိနေပုံရကြောင်း သူ့ကို သဘောပေါက်စေခဲ့ပါသည်။

"အဲဒါက ဘာလဲဆိုတာ ကျွန်မလည်း မသိဘူး၊ ဒါပေမယ့် သူက အရမ်း အစွမ်းထက်တယ်ဆိုတာတော့ ကျွန်မသိတယ်။ သူ့အစွမ်းက ကျွန်မထက် သာလွန်တယ်။" ဧကရာဇ်ပျားဘုရင်မက လေးနက်စွာ ပြောလိုက်သည်။

"မင်းအထက်မှာလား?" ချင်ယွင်သည် မျက်မှောင် ကြုတ်လိုက်မိပါသည်။

ဧကရာဇ်ပျားဘုရင်မသည် နှောင်းပိုင်းအဆင့် အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ဦးဖြစ်ပြီး သူမ၏စွမ်းအားသည် အထွက်အထိပ်အဆင့် အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ဦးနှင့် နှိုင်းယှဉ်နိုင်ပါသည်။ အကယ်၍ ထိုလူသည် သူမထက်သာလွန်၍ သန်မာနေပါက၊ ထိုလူသည် အင်မော်တယ်အသွင်ကူးပြောင်းခြင်း နယ်ပယ်ရှိ ကျွမ်းကျင်သူတစ်ဦး ဖြစ်နေလိမ့်မည် မဟုတ်ပါလော။

ချင်ယွင်သည် လက်ရှိအချိန်တွင် အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ် ကျွမ်းကျင်သူများကို အနိုင်ယူရန် နည်းလမ်းမျိုးစုံကို အသုံးပြုနေခဲ့ရပြီး၊ အမှန်တရားသို့ ပြန်လည်ခြင်းနယ်ပယ် အထွက်အထိပ်အဆင့် စွမ်းအားကို ပိုင်ဆိုင်ထားသော ဧကရာဇ်ပျားဘုရင်မကို ရင်ဆိုင်ရာမှာ ပြင်ပအင်အားစုများကို အားကိုးနေရဆဲ ဖြစ်ပါသည်။

အကယ်၍ သူသည် မဟူရာသတ္တုတုတ်၏ အထူးသဘာ၀စွမ်းအားနှင့် ၎င်း၏ အစွမ်းထက်သော ပစ္စည်းဝိညာဉ်ကြောင့်သာ မဟုတ်ပါက၊ ချင်ယွင်သည် ဤ ဧကရာဇ်ပျားဘုရင်မအတွက် ပြိုင်ဘက်ဖြစ်လိမ့်မည် မဟုတ်ပေ။

သို့တိုင် ချင်ယွင်၏ နည်းလမ်းများသည် စစ်မှန်သော အင်မော်တယ် အသွင်ကူးပြောင်း ခြင်းနယ်ပယ် ကျွမ်းကျင်ပညာရှင်ရှေ့မှာ ပြောဖို့ မထိုက်တန်ပါဘူး။ တစ်ဖက်လူက သူ့ကို ချက်ချင်း သတ်ပစ်နိုင်မည်မှာ သေချာပါသည်။

သို့သော် အင်မော်တယ်နန်းတော်၏သော့သည် မြေအောက်တတိယထပ်တွင် ရှိနေပါသည်။ အကယ်၍ သူသာ မဝင်ခဲ့ဘူးဆိုလျှင် သူသည် ဤလှိုဏ်ဂူထဲကို ဘာအတွက်မှ မဟုတ်ဘဲ လာခဲ့ရသလို ဖြစ်မသွားဘူးလား။ အမှန်တကယ် သူ ဂရုစိုက်ခဲ့သည်မှာလည်း အင်မော်တယ်နန်းတော်၏သော့ ဖြစ်ပါသည်။ အဆုံးမဲ့ ချောက်နက်ကြီးထဲရှိ မြေအောက်အင်မော်တယ်နန်းတော်သည် သူ၏ တကယ့် အစစ်အမှန် ရည်မှန်းချက် ဖြစ်ပါသည်။

“ဒါပေမယ့်” ဧကရာဇ်ပျားဘုရင်မက ပြောသည်။

"ဒါပေမယ့် ဘာဖြစ်လဲ?" ချင်ယွင်က မေးသည်။

"ဒါပေမယ့်၊ အဲဒီအရာက အကျဉ်းချခံထားရပုံပေါ်တယ်။ ကျောက်ဝူကျင်းက သူ့ကို အကျဉ်းချထားပြီး အဲဒီလူ လွတ်မြောက်မှာကိုလည်း ကြောက်နေပုံရတယ်။ တစ်ခါက သိချင်စိတ်နဲ့ ကျွန်မ ဆင်းသွားကြည့်တော့ သံကြိုးမြည်သံကို ကြားလိုက်ရသည်။ ဒါပေမယ့် ကျွန်မ လုံးလုံးလျားလျား မဝင်ရောက်နိုင်ခင်မှာ ကြီးမားသောအင်အားဖြင့် ဖြိုခွင်းခြင်းခံခဲ့ရသည်။" ဧကရာဇ်ပျားဘုရင်မက ပြောပြပါသည်။

"အကျဉ်းထောင်၊ သံကြိုးတွေလား?" ချင်ယွင်က သူ့ကိုယ်သူ ရေရွတ်လိုက်ပြီး သူ၏တစ်ကိုယ်လုံးသည် နက်ရှိုင်းသည့်အတွေးတွေထဲ နစ်မြုပ်သွားပါတော့သည်။

ဧကရာဇ်ပျားဘုရင်မက မြေအောက်တတိယထပ်ရှိအရာအား သံကြိုးများဖြင့် ချုပ်နှောင်ထားသည်ဟု ဆိုသည်။ ထိုအရာသည် သက်ရှိသတ္တဝါ ဖြစ်ရမည်။

လမ်းတစ်လျှောက်တွင် ဧကရာဇ်ပျားဘုရင်မနှင့် လင်းဝူရွှန်းတို့လို ခန်းမထဲတွင် အကျဉ်းကျနေသော နတ်ဆိုးသားရဲများ သို့မဟုတ် အထူးလူသားများစွာကို သူ ကြုံတွေ့ခဲ့ရသည်။ အကယ်၍ ချင်ယွင်၏ခန့်မှန်းချက်သာ မှန်ကန်ပါက၊ ၎င်းတို့ အားလုံးသည် အဆုံးမဲ့ချောက်နက်ကြီးထဲရှိ အင်မော်တယ်နန်းတော်မှ ကျောက်ဝူကျင်း ဖန်တီးထားသည့်အရာများ ဖြစ်ပါလိမ့်မည်။

ထို့ကြောင့်၊ မြေအောက်ကမ္ဘာ တတိယထပ်ရှိ မွန်းစတားများသည် အင်မော်တယ် ဘုရင်၏ နန်းတော်မှ အညှာအတာမဲ့စွာ ခေါ်ထုတ်ခံရခြင်း ဖြစ်နိုင်ပြီး အင်မော်တယ် နန်းတော်တွင် အင်မော်တယ်ဘုရင်က စုဆောင်းထားသည့်အရာများလည်း ဖြစ်နိုင်ပါသည်။ ၎င်းတို့သည် အင်မော်တယ်ပစ္စည်းများ သို့မဟုတ် နတ်ဆိုးသားရဲများ ဖြစ်ပါစေ၊ ၎င်းတို့အားလုံးသည် အလွန်အစွမ်းထက်သော သို့မဟုတ် အကန့်အသတ်မဲ့ စွမ်းရည်များကို ပိုင်ဆိုင်ထားသူများ ဖြစ်ကြလိမ့်မည်။

ဤအချက်ကို လင်းဝူရွှန်း နှင့် ဧကရာဇ်ပျားဘုရင်မတို့ထံမှ တွေ့မြင်နိုင်ပါသည်။

“မေ့လိုက်ပါ၊ ဘာပဲဖြစ်ဖြစ် ဆင်းကြည့်တဲ့အခါ သိနိုင်မှာပါ။ ဆရာသခင် လှုပ်ရှားရလောက်တဲ့အထိတော့ စွမ်းမထက်နိုင်လောက်ပါဘူး။" ချင်ယွင်သည် သူ့ကိုယ်သူ တွေးပြီး အောက်ကိုဆင်းရန် စိတ်ပိုင်းဖြတ်လိုက်ပါသည်။

ချင်ယွင်က အောက်ကိုဆင်းရန် စိတ်ပိုင်းဖြတ်ထားပုံ ပေါ်သည်ကို မြင်ရလျှင် ဧကရာဇ်ပျားဘုရင်မသည် အနည်းငယ် မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည် "သခင်၊၊ သခင်က တကယ်ကို ဆင်းချင်တာလား။ ကောင်းပြီလေ၊ ဒါဆို ကျွန်မလည်း သခင်နဲ့အတူ လိုက်ခဲ့မယ်"။

ယခုအချိန်တွင် သူမသည် ချင်ယွင်ကို သူမ၏သခင်အဖြစ် အသိအမှတ် ပြုထားရသည်။ ချင်ယွင် သေဆုံးသွားသည်နှင့် ဧကရာဇ်ပျားဘုရင်မသည်လည်း လိုက်ပါ သေဆုံးရလိမ့် မည်။

သေချာသည်မှာ၊ သူမသည် စိတ်ညစ်မခံချင်တော့ပါဘူး။ သူမသည် ချင်ယွင်၏ အတွေးများကို မပြောင်းလဲနိုင်ခဲ့ပေ။ ထို့ကြောင့် သူမသည် သူနှင့်အတူလိုက်ပါပြီး အောက်ကိုဆင်းရုံသာ တတ်နိုင်ပါသည်။

ချင်ယွင်က သူ့လက်ကို ဝှေ့ယမ်းပြပြီး ပြောလိုက်သည် " မလိုပါဘူး၊ မင်းက သူတို့ကိုသာ ကောင်းကောင်း ဂရုစိုက်လိုက်ပါ။ သူတို့ တစ်ခုခု ဖြစ်သွားရင် ငါ မင်းကို မေးခွန်းထုတ် ရလိမ့်မယ်။ ဒါပေမယ့် ငါလည်း အခုချက်ချင်း ဆင်းဖို့ ရည်ရွယ်ချက် မရှိဘူး၊ ငါ ငါ့ရဲ့ အခြေအနေကို အကောင်းဆုံးချိန်ညှိဖို့ လိုအပ်သေးတယ်”။

"ချင်ယွင်သည် အစောပိုင်းက ဧကရာဇ်ပျားဘုရင်မကို တိုက်ခိုက်ရာမှာ သွေးအနှစ်သာရ လောင်ကျွမ်းခြင်းနည်းပညာရပ်ကို အသုံးပြုခဲ့သည်။ ၎င်းသည် ပြီးပြည့်စုံသော အခြေအနေမျိုး မဟုတ်သော်လည်း၊ အကျိုးသက်ရောက်မှုအချို့က ရှိနေဆဲ ဖြစ်ပါသည်။ ယခုအချိန်မှာ သူ၏သွေးစွမ်းအင်ကို ပြန်လည်ရယူရန် လိုအပ်နေပါပြီ။

ထို့ကြောင့် ချင်ယွင်သည် တင်ပျဉ်ခွေထိုင်ကာ ကောင်းကင်နှင့်မြေကြီးကြားရှိ သိမ်မွေ့နက်နဲသော အဝါရောင်ချီကို စုပ်ယူရန်အတွက် 'လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာ' ကို စတင်ဖြန့်ချီလိုက်သည်။

'လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာ'ရပ်ကို လှည့်ပတ်လိုက်သည်နှင့် အမျှ ချင်ယွင်၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်း အလွှာတစ်ခု ထွက်ပေါ်လာပြီး ထူးဆန်းသော စွမ်းအင်အတက်အကျလှိုင်းတစ်ခု ပျံ့နှံ့သွားခဲ့သည်။

တစ်ဖက်တွင်မူ၊ ဧကရာဇ်ပျားဘုရင်မသည် ဘေးတစ်ဖက်တွင်ရပ်နေကာ ချင်ယွင်ကို ကြည့်နေသည်။ အမှန်တကယ်တော့ သူမသည် ချင်ယွင်၏ စကားများကို နာခံနေပုံရ သော်လည်း ချင်ယွင်ကို သူမ၏သခင်အဖြစ် အသိအမှတ်ပြုရန် လေးလေးနက်နက် လက်မခံနိုင်သေးဟု သူမ ခံစားရသည်။

အကယ်၍ သူမစိတ်ဝိညာဉ် ဆုံးရှုံးသွားရမှာကိုသာ မကြောက်ဘူးဆိုလျှင် သူမသည် ချင်ယွင်နှင့်အတူတူ ပေါက်ခွဲပြီး သေဆုံးပစ်လိုက်မည် ဖြစ်သည်။

သူမသည် ဧကရာဇ်ပျားဘုရင်မတစ်ပါး ဖြစ်ပြီး ဧကရာဇ်ပျားမျိုးနွယ်တွင် ဧကရာဇ်တစ်ပါးနှင့်တူသော တည်ရှိမှု ဖြစ်သည်။ ထုံးစံအတိုင်း သူမသည် သူမ၏ နှလုံးသားထဲမှာ ကိုယ်ပိုင်မာန်မာနတွေ ရှိနေပါသည်။ သူမသည် နတ်ဆိုးသားရဲ ငယ်လေးထံ မည်သို့ လက်အောက်ခံလိုစိတ် ရှိနိုင်မည်နည်း။

သို့သော် ယခုအချိန်တွင် ချင်ယွင်၏ ကျင့်ကြံခြင်းပညာရပ်ကို သူမမြင်လိုက်ရသော အခါတွင် သူမ၏မျက်နှာသည် ထိတ်လန့်သွားသည့်အလား ပေါ်လွင်လာသည်။

ဤအခိုက်အတန့်တွင်၊ ချင်ယွင်၏ခန္ဓာကိုယ်တွင်းမှ ဖြစ်ပေါ်နေသာ စွမ်းအင် အတက်အကျလှိုင်းများသည် ကမ္ဘာကြီးတစ်ခုလုံးနှင့် ဆက်စပ်နေပုံရပြီး သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်အလင်းတန်းများသည် ကမ္ဘာကြီးနှင့် လိုက်လျောညီထွေ ရှိနေပုံရပါသည်။

ဤလူငယ်၏ ရုပ်ခန္ဓာကိုယ်သည် အဘယ်ကြောင့် ဤမျှ အစွမ်းထက်သော သွေးစွမ်းအင်များဖြင့် ပေါကြွယ်ဝနေရသနည်းဆိုသည်ကို နောက်ဆုံးတွင် သူမ နားလည်ခဲ့ပါပြီ။ ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ရုပ်ခန္ဓာကိုယ်ကို သန့်စင်သည့် နည်းပညာရပ်ဖြင့်ဆိုပါက သူမသည် ကိုယ့်ကိုယ်ကို ကြံ့ခိုင် သန်မာစေရန်အတွက် စကြဝဠာကြီး၏ မူလစွမ်းအားကိုပင် ဝါးမြိုနိုင်ပါသည်။ ဤရုပ်ခန္ဓာကိုယ်သည် မည်သို့ အစွမ်းမထက်ဘဲ နေတော့မည်နည်း။

အဝါရောင်ချီသည် မူလကတည်းက ကောင်းကင်နှင့်မြေကြီး၏ အဓိပ္ပါယ်ဖြစ်ပါသည်။

‘လျှို့ဝှက်ဆန်းကြယ်သောအဝါရောင်နတ်ဆိုးပညာ’ရပ်သည် ရှေးဟောင်းရုပ်ခန္ဓာကိုယ် ကျင့်ကြံခြင်းပညာရပ်များတွင် ၎င်းသည် အကြီးမြတ်ဆုံး ကျင့်ကြံခြင်း နည်းပညာရပ် တစ်ခု ဖြစ်ပါသည်။ ရှေးဟောင်းတာအိုဆရာသခင်သည် အကြောင်းကို ချင်ယွင်အား မပြောပြခဲ့ပါဘူး။

တစ်နာရီကြာပြီးနောက် ချင်ယွင်သည် သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပါသည်။

ထိုအချိန်တွင် ဧကရာဇ်ပျားဘုရင်မသည် သူမအား နှိုင်းယှဉ်ပြလို့မရအောင်ပင် ထိတ်လန့်သွားစေသည့် မြင်ကွင်းတစ်ခုကို မြင်လိုက်ရပါသည်။

လူငယ်တစ်ဦးသည် ချင်ယွင်၏ ခန္ဓာကိုယ်ကို ဖြတ်သန်းထွက်လာပါသည်။ ဤလူသည် တင်ပျဉ်ခွေထိုင်နေသော ချင်ယွင်နှင့် အမှန်တကယ် တူပါသည်။ တစ်ခုတည်းသော ခြားနားချက်မှာ ဤလူငယ်သည် နဂါးကြေးခွံအနက်ရောင်ချပ်ဝတ်ကို ၀တ်ဆင်ထားပြီး သူ၏ခန္ဓာကိုယ်သည် လွှမ်းမိုးကြီးစိုးနိုင်စွမ်းကြီးမားသော မိုးကြိုးလျှပ်စီးအငွေ့အသက် များ ထုတ်လွှတ်နေပါသည်။

ထိုအချိန်တွင် တင်ပျဉ်ခွေထိုင်နေသော ချင်ယွင်သည် မတ်တပ်ထရပ်ပြီး မြေအောက် တတိယထပ်သို့ ဦးတည်သော လှေကားဆီသို့ လျှောက်သွားလိုက်သည်။

မှန်ပါသည်။ အကြောင်းအရာ များစွာကို စဉ်းစားသုံးသပ်ပြီးနောက် ချင်ယွင်သည် ဤနေရာတွင် ကိုယ်ပွားတစ်ခု ချန်ထားခဲ့ခြင်း ဖြစ်ပါသည်။ ဤနည်းဖြင့် သူ၏ အစစ်အမှန်ခန္ဓာကိုယ်သည် ရှောင်လွှဲ၍မရသော အန္တရာယ်တစ်ခုခုကို အမှန်တကယ် ကြုံတွေ့ရမည်ဆိုလျှင်ပင် အနည်းဆုံး သူ၏ကိုယ်ပွားတစ်ခုသည် အသက်ရှင်နေနိုင်ပါ သေးသည်။

အကယ်၍ သူတို့အားလုံးကို သူနှင့်အတူ ယူဆောင်သွားမည်ဆိုလျှင် သူ၏အစစ်အမှန် ခန္ဓာကိုယ် သေဆုံးသွားသည်နှင့် တစ်ပြိုင်နက် ကိုယ်ပွားများသည်လည်း လွတ်မြောက် နိုင်မည် မဟုတ်ပေ။

အားလုံးကိုယူသွားမည့်အစား သူ၏အသက်ကို ကယ်တင်ရန်အတွက် လျှပ်စီးစွမ်းရည် ကိုယ်ပွားတစ်ခုကို ချန်ထားခြင်းက ပိုကောင်းပါသည်။

သို့သော် ဤမြင်ကွင်းက ဧကရာဇ်ပျားဘုရင်မကို အဆုံးမရှိ ထိတ်လန့်သွားစေခဲ့သည်။

သူမသည် သေမျိုးကမ္ဘာမှ မဟုတ်သောကြောင့် သူမ၏ အသိဉာဏ်ရေချိန်များသည် သာမန်နတ်ဆိုးသားရဲများထက် သဘာဝအားဖြင့် များစွာ မြင့်မားပါသည်။ ဤကိုယ်ပွားသည် မည်သည့်အရာကို ဆိုလိုမှန်း သူမသည် သဘာဝကျကျ သိပါသည်။ ထို့အပြင် ဤကိုယ်ပွားသည် သန်မာခြင်းမရှိဟု သူမ ခံစားရသော်လည်း၊ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အငွေ့အသက်က သူမကို အလွန် ကြောက်လန့်စေ ပါသည်။

"သူ့မှာ ဘာလျှို့ဝှက်ချက်တွေများ ရှိနေလဲ" ဧကရာဇ်ပျားဘုရင်မသည် သူမရှေ့တွင် ရှိနေသော ဤသခင်ကို လျှော့တွက်ထားမိပုံပေါ်ကြောင်း ယခုမှပင် သဘောပေါက် သွားခဲ့သည်။

သူ၏ကိုယ်ပွားတစ်ခုနှင့်အတူ အဖိုးတန်ရုပ်ခန္ဓာကိုယ်နှင့် အစီအရင်ဝင်္ကပါများ။ တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်ဖြင့် သူမကိုလည်း အနိုင်ယူနိုင်သည်။ ဤအရာများသည် မတူညီသော လူများ၏ခန္ဓာကိုယ်ပေါ်တွင် ရှိနေမည်ဆိုလျှင် အဆင်ပြေပါသေးသည်။ သို့သော် ယခုတော့ ဤကြောက်မက်ဖွယ်ကောင်းသော အရာများသည် လူတစ်ဦး၏ ခန္ဓာကိုယ်မှာပင် ရှိနေပါသည်။ ၎င်းကိုဖော်ပြရန် စကားလုံး နှစ်လုံးသာရှိပါတော့သည်- "ကြောက်စရာကောင်းလွန်း၏!"

ချင်ယွင်သည် ဧကရာဇ်ပျားဘုရင်မ တွေးနေသည်များကို ဂရုမစိုက်ပါ။ ဤအခိုက်အတန့်တွင် သူသည် မြေအောက်တတိယထပ်သို့ သွားသော လှေကားပေါ်သို့ တက်သွားလေပြီ။

သို့သော် သူသည် လှေကားပေါ်သို့ တက်လိုက်သည့် အခိုက်တွင် ကြောက်ရွံ့မှုကို သူ၏ နှလုံးသား အောက်ခြေမှ ခံစားလိုက်ရသည်။ သူ့ရှေ့မှာ ဧရာမသတ္တဝါကြီးတစ်ကောင်က သူ့ကို စောင့်နေသလိုပင်။

သူသည် အောက်သို့ လှေကားထစ်တစ်ထက် ဆင်းသွားတိုင်း သူ၏ရင်ထဲမှာ ကြောက်ရွံ့မှုတွေက တိုးလာလေသည်။

"ထွက်သွားစမ်း!"

ချင်ယွင်သည် နောက်ဆုံးခြေတစ်လှမ်းသို့ လှမ်းခါနီးတွင် သူ၏နားထဲသို့ စကားလုံး တစ်လုံးက ရုတ်တရက် ဝင်ရောက် ပေါက်ကွဲသွားသည်။

ကြောက်စရာကောင်းသော စွမ်းအင်တစ်ခုက ချင်ယွင်ကို အရူးအမူး ဖိနှိပ်လာပြီး သူ၏ အမူအရာသည် ထိတ်ထိတ်ပျာပျာ ဖြစ်သွားခဲ့ရသည်။

အခန်း (၄၉၅) အရူးအမျိုးသား။

"ထွက်သွားစမ်း!"

စကားလုံးတစ်လုံးတွင် ကောင်းကင်ယံကို တုန်ခါစေသည့် လှိုင်းတစ်ခုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု ပါဝင်နေပြီး ချင်ယွင်၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်း ဝင်ရောက်လာခဲ့ပါသည်။

ချင်ယွင်သည် ၎င်းအား တားဆီးရန်အတွက် သူ၏ စွမ်းအင်အားလုံးကို လျင်မြန်စွာ စုစည်းလိုက်သော်လည်း ဤကြောက်မက်ဖွယ်စွမ်းအားကြောင့် လွင့်ထွက်သွားခဲ့ရပြီး သူ၏နောက်မှ နံရံကို ပစ်ဝင်တိုက်မိကာ တွင်းနက်ဝကြီးတစ်ခု ဖန်တီးဖြစ်ပေါ်လာ သည်။

ချင်ယွင်သည် မြေတွင်းနက်ထဲမှ ထလိုက်သည်။ သူသည် ခါးနားသွားခဲ့ပြီး သူ၏နှလုံးသားသည်လည်း တုန်လှုပ်သွားခဲ့ရသည်။

“တတိယထပ်မှာ ရှိနေသည့် ဤအရာက အတိအကျ ဘာလဲ။ တကယ်ကို အရမ်း ကြောက်စရာ ကောင်းလွန်းတယ်။ ဟိန်းဟောက်သံတစ်ချက်ကပင် သူ့ကို လွင့်ပျံထွက်သွားစေနိုင်တယ်။ သူရဲ့ခွန်အားက အနည်းဆုံး အင်မော်တယ် အသွင်ကူးပြောင်း ခြင်းနယ်ပယ်မှာ ဖြစ်လိမ့်မယ်”။

သို့သော် ချင်ယွင်သည် ဆင်းလာကတည်းက သူ၏ အသက်အန္တရာယ်အတွက် သဘာဝကျကျ ပြင်ဆင်ထားခဲ့ပြီး ဖြစ်ပါသည်။

နည်းနည်းလေးမှ တုန့်ဆိုင်းနေခြင်းမရှိဘဲ ချင်ယွင်သည် လှေကားထစ်အတိုင်း ပြန်ဆင်းလာခဲ့သည်။

"ငါ မင်းကို ထွက်သွားဖို့ ပြောနေတယ်လေ!"

နောက်ထပ် ဒေါသတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး ခန်းမတစ်ခုလုံး ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်နှင့်အတူ တုန်ခါသွားလေသည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် တစ်ဖန် လွှမ်းမိုးသွားပြန်သည်။

"ဟမ့်၊ ငါ မင်းကို မတားနိုင်ဘူးလို့ မယုံဘူး"

ချင်ယွင်က အေးစက်စွာ ဟစ်ကြွေးလိုက်ပြီး မဟူရာသတ္တုတုတ်ချောင်းက သူ၏ လက်ထဲမှာ ပေါ်လာပါသည်။

"ဘုန်း!"

ချင်ယွင်သည် လက်တစ်ဖက်ဖြင့် အောက်ကို ဖိလိုက်ရာ မဟူရာသတ္တုတုတ်ချောင်း၏ ထက်ဝက်ကျော်သည် ကြမ်းပြင်ပေါ်သို့ ချက်ချင်း ကျရောက်သွားသည်။

ကြောက်မက်ဖွယ် စွမ်းအားတစ်ခုက အနီးကပ် လိုက်ပါလာခဲ့သည်။ ချင်ယွင်သည် မဟူရာသတ္တုတုတ်ချောင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး သူ၏ ခန္ဓာကိုယ်သည် အဆက်မပြတ် တုန်ယင်နေသည်။ လှိုင်းလေးပြန်ထန်သော ပင်လယ်ပြင်တွင် ကြောက်မက်ဖွယ် လှိုင်းလုံးကြီးတွေကြား ယိမ်းထိုးလှုပ်ခါနေသော လှေလေးတစ်စင်းကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြောင့် သူသည် လွင့်ထွက်သွားရတော့မည်။

ချင်ယွင်သည် အံကိုတင်းတင်းကြိတ်ကာ ဆက်တိုက် ရိုက်ခတ်လာနေသော ဤကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ကြောင့် သူသည် နောက်ကို လွင့်နေပြီး အချိန်မရွေး လွင့်ထွက်သွားတော့မည် ဖြစ်သော်လည်း မဟူရာသတ္တု တုတ်ချောင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကာ လွှတ်ရန်ငြင်းဆန်ပြီး တောင့်ခံထားဆဲ ဖြစ်ပါသည်။

နောက်ဆုံးတွင်၊ ဤကြီးကျယ်ခမ်းနားသော အငွေ့အသက်သည် လွင့်ပျံ့သွားခဲ့ပါသည်။ ချင်ယွင်လည်း စိတ်သက်သာရဟန်ဖြင့် သက်ပြင်းတစ်ချက် ချလိုက်မိပါသည်။ သူသည် အဝတ်အစား ဖရိုဖရဲဖြစ်နေသော မိန်းမစိုးတစ်ဦးကဲ့သို့ အောက်ကို လျှောက်လှမ်း လာခဲ့ပြီး မီတာငါးဆယ်ခန့်ရှည်လျားသော စင်္ကြံကိုဖြတ်ကျော်ကာ မြေအောက် တတိယထပ်ရှိ ခန်းမကြီးထဲသို့ လျှောက်လာခဲ့ပါသည်။

တတိယထပ်သို့ သူဝင်လိုက်သည်နှင့် တပြိုင်နက် ချင်ယွင်သည် ယှဉ်ပြလို့မရသည့် ပူလောင်သောအငွေ့အသက်ကို ခံစားလိုက်ရပါသည်။

ချင်ယွင် ဝင်လာပြီးသည်နှင့် သူ့ရှေ့တွင် လမ်း မရှိတော့သည်ကို တွေ့လိုက်ရ၏။ သူ၏မျက်လုံးတွေကို နှုတ်ဆက်နေသောအရာက အနီရောင်သမ်းနေသော ရဲရဲတောက် တောက် ချော်ရည်များ ဖြစ်ပါသည်။

လောင်မြိုက်နေသော ချော်ရည်များသည် ဆက်ကာဆက်ကာ အပြင်းအထန် လှုပ်ရှားနေကာ နှလုံးကိုဆောင့်ဆွဲလိုက်သ်ည့် ခံစားချက်မျိုး ဖြစ်ပေါ်စေသော လောင်ကျွမ်းနေသော အပူအရှိန်ကို ထုတ်လွှတ်နေသည်။

ဟုတ်ပါသည်၊ ဤအရာသည် ချင်ယွင်ကို တုန်လှုပ်သွားစေရသည့် အကြောင်းရင်း အစစ်အမှန် မဟုတ်ခဲ့ပါဘူး။ သူ့ကို အမှန်တကယ် အံ့အားသင့်စေသည့် အရာက ချော်ရည်များ၏ အလယ်ဗဟိုမှာ နှစ်မီတာကျယ်သော ကျောက်တိုင် တစ်ခုရှိနေတာကိုပါ။ ထိုအချိန်တွင် ထိုကျောက်တိုင်ပေါ်မှာ လူတစ်ယောက် ထိုင်နေပါသည်။

ထိုလူ၏ဆံပင်တွေက ညစ်ပတ်နေပြီး၊ သူ၏ဆံပင်ဖြူတွေက ချင်ယွင်၏ အမြင်တစ်ဝက်ကို ဖုံးလွှမ်းသွားစေသည်။ သူသည် ထိုလူ၏ ရုပ်ရည်အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သလို ထိုလူ၏ အဝတ်အစားတွေကလည်း စုတ်ပြဲနေသည်။

အရေးအကြီးဆုံးကတော့ ထိုလူ၏လက်တွေ၊ ခြေထောက်တွေနှင့် လည်ပင်းတွေကို သံကြိုးရှည်ကြီးတွေနှင့် ဖမ်းဆီးချုပ်နှောင်ထားခြင်း ဖြစ်ပါသည်။ သံကြိုးများသည် ပေါင်လုံးကဲ့သို့ ထူထပ်ပြီး အနက်ရောင် ရှိပါသည်။ သံကြိုးများကိုလည်း ထူးဆန်းသော အစီအရင်ပုံစံများက လွှမ်းခြုံးထားသည်။ ၎င်းတို့ကို အစီအရင်ပုံစံများဖြင့် ရေးထွင်းထားသောကြောင့် မြင်ရသူလူများကို ၎င်းတို့သည် ချိုးဖြတ်၍မရနိုင်ဟု သေချာပေါက် ခံစားရစေသည်။

သံကြိုးငါးချောင်းသည် မြေအောက်ခန်းမကြီးအထက် နံရံထက်တွင် ချိတ်ဆွဲထားသော ဧရာမနဂါးကြီးငါးကောင်နှင့်တူနေပြီး ကျောက်တုံးကြီးပေါ်တွင် ဆံပင်ဖြူအမျိုးသားကို ခိုင်မြဲစွာ ဖမ်းချုပ်ထားပါသည်။

ဆံပင်ဖြူအမျိုးသားသည် ချင်ယွင်ရောက်ရှိလာခြင်းကို သတိပြုမိပုံရသည်။ ယင်းကိုလည်း နဂိုကတည်းက ခေါင်းကို အနည်းငယ်ငုံ့ထားသည့် ရှုပ်ပွနေသော ဆံပင်စွန်းများကြားမှ သူ၏မျက်လုံးများက ပေါ်လွင်စေသည်။ သူ၏မျက်လုံးတွေက အေးစက်ကာ ရက်စက်ကြမ်းကြုတ်ပြီး သတ်ပစ်ချင်စိတ်တွေနှင့် ပြည့်နှက်နေသလိုပင်။

"အထွတ်အထိပ်အဆင့် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်လား!"

ချင်ယွင်၏ မျက်ခုံးများ ချက်ချင်း တွန့်သွားခဲ့ပြီး သူ၏မျက်နှာမှာ အံ့ဩခြင်းများဖြင့် ပြည့်နှက်နေသည်။

တစ်ချက်ဟိန်းဟောက်ရုံဖြင့် ချင်ယွင်ကို လွင့်ပျံစေနိုင်ခဲ့ခြင်းမှာ အံ့သြစရာ မဟုတ်ပေ။ ဤလူသည် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်နေသည်။

ထိုအခိုက်အတန့်တွင်၊ ဖိုသီဖတ်သီဖြစ်နေသော ဤလူသည် သူနှင့် မီတာတစ်ထောင်ခန့် အကွာတွင် ရှိနေသော်လည်း ချင်ယွင်သည် ဆံပင်ဖြူအမျိုးသားသည်၏ အကြည့်ကို မြင်လိုက်ရသောအခါတွင် သူ၏နှလုံးသားထဲတွင် ကြောက်ရွံ့မှုတစ်ခု ရှိနေပါသေး သည်။

သို့သော် ချင်ယွင်သည် ဤမျှလောက် အစွမ်းထက်သော ပညာရှင်တစ်ဦးအား သံကြိုးများဖြင့် ဤနေရာတွင် အဘယ်ကြောင့် ပိတ်မိနေသည်ကို ချင်ယွင် နားမလည်နိုင်ပါ။ ဤအရာကို ကျောက်ဝူကျင်း လုပ်ခဲ့သည်များ ဖြစ်နိုင်သလား။

"အခု ဒီကိစ္စနှင့်ပတ်သက်ပြီး စိတ်ပူရမယ့် အချိန်မဟုတ်ဘူး။ ငါ သော့ကို အရင် ရှာသင့် တယ်" ချင်ယွင်က သူ့ကိုယ်သူ တွေးပြီး လှည့်ပတ်ကြည့်လိုက်ပါသည်။

သို့သော်လည်း ဤခန်းမကြီးထဲတွင် ဤချော်ရည်ပူတွေအပြင် ထို ဆံပင်ဖြူအမျိုးသား တစ်ယောက်သာ ပိတ်မိနေခဲ့ပါသည်။ တခြားဘာမှ မရှိခဲ့ပါဘူး၊ ဒါပေမယ့် ကျောက်ဝူကျင်းက သော့ကို မြေအောက် တတိယထပ် ခန်းမထဲမှာ ဝှက်ထားကြောင်း ရှင်းရှင်းလင်းလင်း ပြောပြခဲ့သည်။

"ဒီဆံပင်ဖြူအမျိုးသားသည် ထံမှာများ ဖြစ်နေမလား" ချင်ယွင်က သူ၏စိတ်ထဲတွင် မှန်းဆလိုက်မိ သည်။

အကယ်၍ အခြေအနေက ထိုကဲ့သို့ဖြစ်လာမည်ဆိုလျှင် အရာအားလုံးက ကြောက်စရာ ကောင်းလာပါလိမ့်မည်။

ဤ ဆံပင်ဖြူအမျိုးသားသည် အထွက်အထိပ်အဆင့် အင်မော်တယ်အသွင်ကူးပြောင်း ခြင်း နယ်ပယ်၏ ကျွမ်းကျင်သူတစ်ဦး ဖြစ်ပါသည်။ သူသည် မူလကတည်းက ထိုကျောက်တိုင်ပေါ်တွင် အကျဉ်းချခံထားရသော်လည်း ချင်ယွင်ကို သေစေလောက် သည့် ခြိမ်းခြောက်မှုမျိုး မပြုလုပ်နိုင်ပေ။

ဒါပေမယ့် ချင်ယွင်က သူ့အနားကို ရောက်သွားသည်နှင့် အခြေအနေက မတူတော့ပါ ဘူး။ သူသည် ချက်ခြင်း အသတ်ခံရမှာ သေချာပါသည်။ ထိုအချိန်တွင်၊ သူသည် အင်မော်တယ်နန်းတော်သော့ကို ရယူရန်မပြောနှင့် ဤနေရာမှာပင် သူ၏အသက်လေး ဆုံးရှုံးသွားနိုင်ပါသည်။

"အထိပ်အထွက် သိုင်းဧကရာဇ်လား? ဟိတ်.. ကောင်စုတ်လေး…. မင်းက လူသားလားကွ?"

ချင်ယွင်က ထိုအကြောင်းကို တွေးတောနေချိန်မှာပဲ သံကြိုးချည်ခံထားရသော ဆံပင်ဖြူအမျိုးသားက ရုတ်တရက် မေးလိုက်ပါသည်။

သူ၏အသံက နက်ရှိုင်းပြီး ရှေးကျကာ သူ၏လေသံမှာ အံ့သြသင့်သည့် အရိပ်အယောင်တွေ ရှိနေပါသည်။

"ဟုတ်ကဲ့ပါ။ စီနီယာ!" ချင်ယွင်က အမှန်အတိုင်း ပြန်ဖြေသည်။

သူ၏ နတ်ဘုရားအသွင်ပြောင်းပညာရပ်၏ စွမ်းရည်သည် အင်မော်တယ်အသွင်ကူး ပြောင်းခြင်း နယ်ပယ်အောက်ရှိ ကျင့်ကြံသူများအထံမှာသာ ဖုံးကွယ်ထားနိုင်ပါသည်။ အင်မော်တယ်အသွင်ကူးပြောင်းခြင်း နယ်ပယ်အထက်ရှိ ကျင့်ကြံသူများအတွက်မူ၊ ၎င်းကို အကျင့်တချက်ဖြင့်ပင် မြင်တွေ့နိုင်ပါသည်။ သူ၏ရှေ့တွင်ရှိနေသော ဤ ဆံပင်ဖြူအမျိုးသားသည် အင်မော်တယ်အသွင်ကူးပြောင်းခြင်း နယ်ပယ်၏ အထွတ်အထိပ် အဆင့်သို့ရောက်နေပြီ ဖြစ်သောကြောင့် သူ၏ကျင့်ကြံမူအဆင့်ကို သဘာဝအတိုင်း မြင်နိုင်ပါသည်။

ထိုအချက်ကို မြင်သွားပြီဖြစ်သည့်အတွက် သူသည်လည်း ဖုံးကွယ်နေစရာ မလိုတော့ပါ ဘူး။ အရေးအကြီးဆုံးက ချင်ယွင်သည် ဤဆံပင်ဖြူအမျိုးသားသည်လည်း လူသားတစ်ဦး ဖြစ်နေသည်ကို သူ ရှာဖွေတွေ့ရှိခဲ့သည်။

"မင်းလို သိုင်းဧကရာဇ်အဆင့် ကျင့်ကြံသူလေးတစ်ယောက်က ဒီနေရာရောက်အောင် လျှောက်လာနိုင်တာလား။ ပြီးတော့ မင်းက ယခုလေးတင် ငါ့ဟိန်းဟောက်သံနှစ်ခုကို တားဆီးပိတ်ဆို့ လိုက်တာလား" ဆံပင်ဖြူအမျိုးသားသည် သိချင်လာပုံရသည်။

"ဒီကောင်စုတ်လေးက၊ တော်တော်လေးကံကောင်းနေလို့ပါ" ချင်ယွင်က နှိမ့်ချစွာ ပြန်ပြောသည်။

"ဟမ့်၊ မင်းဘာသာ ကံပဲကောင်းကောင်း၊ ဒါမှမဟုတ် ထူးခြားတဲ့ စွမ်းရည်တွေပဲ ရှိရှိ။ ငါ ဂရုမစိုက်ဘူး။ မင်းက လူသားတစ်ယောက်လို့ ငါထင်တယ်။ အခုချိန် ထွက်သွား လိုက်ပါ။ ဒီလိုမှမဟုတ် ငါစိတ်လွတ်ပြီး မင်းကို သတ်မိလိမ့်မယ်" ဆံပင်ဖြူ အမျိုးသားသည် ချက်ချင်းပင် ဒေါသတကြီး အော်ပြောလိုက်ပြီး သူ၏လေသံက ပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒကို ထုတ်လွှတ်နေသည်။

ချင်ယွင်၏ အမူအရာ ပြောင်းသွားသည်။ ဤဆံပင်ဖြူအမျိုးသားသည် အဘယ့်ကြောင့် ရုတ်တရက် ရန်လိုသည့်အသွင် ပြောင်းလဲသွားသည်ကို သူ နားမလည်နိုင်ပါဘူး။

သို့သော် ချင်ယွင်သည် အင်မော်တယ်နန်းတော်သော့ မရရှိသေးဘဲ ထွက်ခွာရန် မည်သို့ ဆန္ဒရှိနိုင်မည်နည်း။

“စီနီယာ…”

“ဟင့်အင်း၊ မင်းက ငါပြောတာကို နားမလည်ဘူးလား”

ချင်ယွင်က စကားပြောခါနီးတွင် ဆံပင်ဖြူအမျိုးသားထံမှ ကောင်းကင်အက်ကွဲ လောက်သည့် ဟိန်းဟောက်သံနှင့် ကြားဖြတ်ပြောလိုက်သည်။ သူ၏အရှိန်က ချင်ယွင်ကို ချက်ခြင်း လွင့်ထွက်သွားစေပြီး သူ၏နောက်မှ နံရံကို ပစ်ဝင်တိုက်သွား သည်။

ချင်ယွင်သည် နာကျင်မှုကို ခံနိုင်ရည်ရှိရန် ကြိုးစားလိုက်ပြီဂ မြေပြင်မှ ထလိုက်သည်။ အေးစက်မှု အရိပ်အယောင်များက သူ၏မျက်လုံးထဲသို့ တိုးဝင်လာခဲ့သည်။

"ဟား…။ ဟား၊ ဟောင်ခွန်၊ အနှစ်ငါးရာတောင် ရှိသွားခဲ့ပြီ။ မင်းရဲ့ဒေါသက အခုချိန်ထိ ဒီလောက်ကြီးနေဦးမယ်လို့ ငါ မမျှော်လင့်ထားဘူး။"

ထိုအချိန်အတွင် ရုတ်​တရက်​​ ​မြေ​အောက်​ခန်းမ​တစ်​ခွင်​တွင်​ အူလှိုက်သည်းလှိုက် ရယ်​မောသံက ထွက်ပေါ်လာသည်​။ ထွင်းဖောက်မြင်နိုင်သော သဏ္ဍာန်တစ်ခုသည် လေထဲတွင် တဖြည်းဖြည်း စုစည်းလာသည်။

ဤရုပ်အသွင်အပြင်ကို မြင်လိုက်ရလျှင် ချင်ယွင်သည် အံ့အားသင့်သော အမူအရာကို ထုတ်ဖော်လိုက်သည်။

"ကျောက်ဝူကျင်း!" ဆံပင်ဖြူအမျိုးသားသည် ဖောက်ထွင်းမြင်ရသည့် ရုပ်အသွင်အပြင် စုစည်းလာသည့် အခိုက်တွင်၊ သူ၏မျက်လုံးထောင့်ရှိ သွေးကြောများ ရုတ်တရက် ပေါက်ထွက်သွားသည်။ သူသည် ရူးသွပ်စွာ ဟစ်အော်ရင်း သူ၏မျက်လုံးများသည် သွေးများဖြင့် ပြည့်နေပုံရသည်။

သူ၏ ရှုပ်ယှက်ခတ်နေသော ဆံပင်များသည် လေထဲတွင် ရိုင်းစိုင်းစွာ ကခုန်နေကာ သူ၏တစ်ကိုယ်လုံး ချက်ခြင်း ပေါက်ကွဲထွက်ကာ ဖြစ်ပေါ်လာသော ရုပ်အသွင်အပြင် ဆီကို တဟုန်ထိုး ပြေးဝင်သွားချင်နေပုံရပါသည်။

သို့သော် သူ၏ခြေလက်လေးချောင်းကို သံကြိုးများဖြင့် ချည်နှောင်ထားပြီး သူသည် ထိုနေရာတွင်သာ ရပ်နေနိုင်ကာ သူ၏သွားများနှင့် ခြေသည်းများကို ခေါက်ထားရုံသာ တတ်နိုင်ခဲ့ပါသည်။

တစ်ဖက်တွင် ချင်ယွင်သည် ကြောက်စရာအဖြစ်ပျက်ကို ကြုံတွေ့ခဲ့ရသည်။ ဤကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ကို တားဆီးရန်အတွက် သူသည် မဟူရာသတ္တုတုတ်ကို အလျင်အမြန် ထုတ်လိုက်ရပါသည်။ သို့သော် ဤကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ကြောင့် သူသည် အကြိမ်ကြိမ် တုန်လှုပ်နေရဆဲ ဖြစ်ပါသည်။

ကျောက်ဝူကျင်း၏ တစ္ဆေသရဲလိုပုံရိပ်သည် ရေစီးကြောင်းနှင့်အတူ လွင့်မျောနေသော လှေငယ်လေးတစ်စင်းကဲ့သို့ လေထဲတွင် ရပ်နေလေသည်။ လေပြင်းတွေ လှိုင်းတွေ က မည်မျှပင် ရိုက်ခတ်နေပါစေ သူ့ကို လွင့်ပျယ်သွားအောင် လုပ်ဆောင်နိုင်စွမ်း မရှိခဲ့ပါဘူး။

"ဟောင်ခွန်၊ နှစ်ပေါင်းငါးရာ ကျော်သွားခဲ့ပြီ။ မင်းက လွှတ်မချနိုင်သေးဘူးလို့ ငါ မမျှော်လင့်ထားဘူး။ အဲဒီအစား မင်းက နစ်မြုပ်သထက် ပိုပြီးနစ်မြုပ်သွားခဲ့တယ်။" ကျောက်ဝူကျင်းက သူ၏မျက်နှာပေါ်တွင် အပြုံးနှင့်အတူ ပြောလိုက်သည်။

သို့သော် ဟောင်ခွန်ဟုခေါ်သော ထိုလူသည် ဒေါသထွက်နေသော ခြင်္သေ့တစ်ကောင်နှင့် တူပြီး သူ့ကို ရက်စက်ကြမ်းကြုတ်စွာ စိုက်ကြည့်နေလေသည်။

စာစဉ်(၃၃) ပြီးပါပြီ။

ဘာသာပြန်သူ နေဇင်။

All Chapters