← Chapters

အခန်း (၄၉၆-၅၀၀)

Vol. 34 Ch. 496-500

အခန်း (၄၉၆-၅၀၀)

Vol. 34 Ch. 496-500

အခန်း(၄၉၆) ရှုပ်ထွေးရစ်နွယ်နေသောရန်ငြိုးများ။

"လွှတ်ချလိုက်ရမှာလား။ မင်းက အပြောသက်သက်ဆိုတော့ အရမ်းကို လွယ်လွန်း တာပေါ့။ အဲဒီတုန်းက ဝမ်အာက မင်းအတွက်နဲ့ အသက်ဆုံးရှုံးသွားခဲ့ရတယ်။ မင်းမှာ အပြစ်ရှိတယ်လို့ မခံစားရရုံတင် မကဘူး၊ အခု မင်းက ငါ့ကို စည်းရုံးဖို့ ကြိုးစားနေတယ်။ မင်းက တကယ်ကို ကျောက်ဝူကျင်းဆိုတဲ့အတိုင်းပဲ” ဟောင်ခွန်က အော်ဟစ်ပြော ဆိုရင်း သူ၏အကြည့်တွေက အမုန်းတရာတွေနှင့် ပြည့်နှက်နေသည်။

ဟောင်ခွန်၏ စကားကိုကြားလျှင် ကျောက်ဝူကျင်း၏ မျက်နှာပေါ်တွင် အပြုံးများ လျော့ပါးလာသည်။ "မှန်ပါတယ်၊ ဝမ်အာက ငါ့ကြောင့် တကယ် သေသွားခဲ့ရပါတယ်။ ငါလည်း အရမ်းကို ဝမ်းနည်းရတယ်။ ဝမ်အာက ဆုံးပါးသွားပြီဆိုမှတော့ မင်းက ဝမ်းနည်းပြီး အလွန်နာကျင်နေရင်တောင် အဲဒါက ဘာအသုံးကျမှာလဲ။ မင်းအသက်နဲ့ အလဲလှယ်လုပ်နိုင်လို့လား ?"။

"မင်းက အရမ်းဝမ်းနည်းရတယ်၊ ဟုတ်လား။ ဒါဆို ဝမ်အာအတွက် လက်စားချေဖို့ ကောင်းကင်ဘုံဂိုဏ်းက အပေါင်းအဖော်တွေကို ဘာလို့ မသတ်လိုက်ရတာလဲ" ဟောင်ခွန်သည် ကျောက်ဝူကျင်းကို စိုက်ကြည့်ရင်း သူ၏ မျက်လုံးများက မေးခွန်း ထုတ်လိုက်လေသည်။

ကျောက်ဝူကျင်းသည် မျက်မှောင်ကြုတ်ပြီး တိတ်ဆိတ်နေခဲ့သည်။

'"ဟမ့်၊ မင်း ကောင်းကင်နဂါးတိုက်ကြီးမှာ နံပါတ်တစ် ပါရမီရှင်အဖြစ် ချီးမြှောက်ခံရပြီး အစီအရင်ဝင်္ကပါတာအိုနဲ့ ဓားတာအိုနှစ်ခုစလုံးမှာ ကျွမ်းကျင်ခဲ့တယ်။ ဒါပေမယ့် မင်းက မိုးကောင်းကင်အောက်မှာ နံပါတ်တစ် ကြောင်သူတော်တစ်ယောက်လို့ ငါထင်တယ်။ မင်းရဲ့အပြစ်မဲ့သွေးတွေနဲ့ ကမ္မတရားတွေ အရမ်းကို များပြားလွန်းပြီး မင်းရဲ့ ကပ်ဘေးဒုက္ခကို မကျော်လွှားနိုင်မှာ စိုးကြောက်နေခဲ့တာ မဟုတ်ဘူးလား။ ဝမ်အာ မင်းကို ကယ်တင်တဲ့အချိန်တုန်းက သူမဟာ တကယ်ကို မျက်စိအမြင် ကန်းနေလို့ ဖြစ်ရမယ်” ဟောင်ခွန်က အထင်သေးဟန်ဖြင့် ပြောလိုက်သည်။

"မင်းရဲ့ နှလုံးသားထဲမှာ မုန်းတီးမှုတွေကြောင့် မျက်စိကွယ်နေပြီ။ ​​ ဟောင်ခွန်, မင်းရဲ့ အရည်အချင်းက မူလက ငါ့ထက်သာပါတယ်၊ ဓားပညာရပ်မှာဆိုရင်လည်း မင်းက ငါ့ထက် အများကြီး သာလွန်ခဲ့တယ်" ဒါပေမယ့် မင်းက ဘာလို့ အင်မော်တယ် အသွင်ကူးပြောင်းခြင်းနယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်မှာ နှစ်ပေါင်းငါးရာကြာအောင် ရှိနေရတာလဲ။ ဘာလို့ မင်းရဲ့ ကောင်းကင်ကပ်ဘေးဒုက္ခကို ခံစားလို့ မရသေးတာလဲ။ အခု ငါဆို အင်မော်တယ်ကမ္ဘာအထိတောင် တက်လှမ်းသွားခဲ့ပြီ။ ဘာကြောင့်လဲ ဆိုတော့ မင်းနှလုံးသားမှာ အမုန်းတရားတွေ လွန်ကဲနေတာကြောင့်ပဲ။ မင်းနှလုံးသားမှာ အမုန်းတရားတွေရဲ့ ချည်နှောင်ရစ်ပတ်မှုကို မကျော်လွှား နိုင်တာကြောင့် ဖြစ်တယ်။ မင်း တနေ့နေ့ တချိန်ချိန်မှာ နားလည်နိုင်စေဖို့ ငါက မင်းကို ဒီနေရာမှာ ပိတ်လှောင်ထားခဲ့တာ ဖြစ်တယ်။ ဒါပေမယ့် မင်းက ဒီထက်ပိုပြီး နက်ရှိုင်းစွာ နစ်မြုပ်နေဦးမယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။" ကျောက်ဝူကျင်းက အေးစက်စွာ ပြောလိုက်ပါသည်။

"ဟမ့်၊ တကယ်လို့ မင်းသာ ငါ့ကို ဒီမှာ ပိတ်လှောင်မထားခဲ့ဘူးဆိုရင်၊ ငါ အဲဒီ လူအိုကြီးတွေ အားလုံးကိုသတ်ပြီး သူတို့ရဲ့သွေးတွေကို ဝမ်အာအတွက် ယဇ်ပူဇော် ပြီးပြီပေါ့။ အခုအချိန်အထိ သူတို့ကို ဘယ်လိုလုပ် လွတ်လွတ်လပ်လပ် နေထိုင်ခွင့် ပေးထားနိုင်မှာလဲ" ဟောင်ခွန်က အေးစက်စွာ ဟစ်အော်လိုက်ပြီး သူ၏ မျက်လုံးတွေက သတ်ဖြတ်လိုစိတ်ဖြင့် ဝင်းလက်နေသည်။

ချင်ယွင်သည် အနားမှာ ရပ်နေရင်း သူတို့နှစ်ယောက်ကြား ပြောစကားတွေကို နားထောင်နေခဲ့သည်။ ထိုအခိုက်တန့်တွင် သူသည် သူတို့နှစ်ယောက်ကြားက အဖြစ်ပျက်တွေကို နောက်ဆုံး နားလည်သွားခဲ့ပါသည်။

ပြောစကားအရဆို ဝူကျင်းနှင့် ဟောင်ခွန်တို့ နှစ်ယောက်စလုံးသည် ဝမ်အာဟုခေါ်သည့် အမျိုးသမီးတစ်ယောက်ကို ချစ်မိသွားကြသည်။ သို့သော် ဝူကျင်းကြောင့် ဝမ်အာသည် ကောင်းကင်ဘုံဂိုဏ်းမှ လူအိုကြီးများ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။

ကျောက်ဝူကျင်းသည် ​​တော်ဝင်တာအိုသာ အာရုံစိုက်ထားခဲ့ပြီး အကုသိုလ်ကမ္မ တရားတွေနှင့် ပါဝင်ပတ်သက်ခြင်းမျိုး မလိုချင်ခဲ့ပေ။ ထို့ကြောင့် သူသည် နောက်ဆုံးတွင် ရွေးချယ်မူတစ်ခု ပြုလုပ်ခဲ့ပြီး ဝမ်အာအတွက် လက်စားချေပေးမူကို စွန့်လွှတ်ခဲ့သည်။ သို့သော် ဟောင်ခွန်က ဝမ်အာအတွက် လက်စားချေလိုသည့် ဆန္ဒကို လက်လျှော့ရန် စိတ်မကူးခဲ့ပေ။ နောက်ပိုင်းမှာတော့ ကျောက်ဝူကျင်းသည် သူ အင်မော်တယ်ကမ္ဘာသို့ မတက်လှမ်းခင်မှာ ဟောင်ခွန်ကို ဤနေရာတွင် အကျဉ်းချထားခဲ့ပြီး ယနေ့ ဤမြင်ကွင်းကို တွေ့မြင်ရခြင်း ဖြစ်ပါသည်။

သူတို့ကြားက ပတ်သက်မူတွေက ရှုပ်ထွေးလှသည်။ သို့သော် ကျောက်ဝူကျင်းသည် ဟောင်ခွန်အား ကလဲ့စားချေလိုခြင်းအရိပ်ဆိုးကြီးမှ လွတ်မြောက်ရန်အတွက် ဤနေရာတွင် အကျဉ်းချထားခြင်း ဖြစ်လေသလား။ သို့မဟုတ် သူ့မှာ အခြားရည်ရွယ်ချက် တစ်ခုခုများ ရှိနေဦးမလား ချင်ယွင် နားမလည်ပါ။

သို့သော် ထိုအချိန်တွင်၊ ကျောက်ဝူကျင်းသည် ချင်ယွင်အား စိုက်ကြည့်ကာ ရယ်မောရင်း ပြောလိုက်ပါသည် "မင်းက အင်မော်တယ်နန်းတော်သော့ကို ယူချင်နေတာမလား။ အဲဒီအင်မော်တယ် နန်းတော်ရဲ့သော့က သူ့အောက်မှာရှိနေတဲ့ ကျောက်တိုင်ကြီးထဲမှာ ရှိတယ်။ မင်းက ကျောက်တိုင်ကြီးကို ချိုးဖျက်နိုင်တာနဲ့၊ အင်မော်တယ်နန်းတော်ရဲ့သော့က ပေါ်လာလိမ့်မယ်၊ မင်း ရနိုင်/မရနိုင်ကတော့ မင်းရဲ့ ကိုယ်ပိုင် အစွမ်းအစပေါ်မှာပဲ မူတည်လိမ့်မယ်။"။

ချင်ယွင် အံ့အားသင့်သွားသည်။ အင်မော်တယ်နန်းတော်၏ သော့သည် ဟောင်ခွန်ထိုင်နေသော ကျောက်တိုင်ကြီးအောက်မှာ ရှိနေပါသလား။

ဤအတိုင်းဆိုလျှင် ယခုကိစ္စသည် ကိုင်တွယ်ရ ခက်လာလိမ့်မည်။ ကျောက်တိုင်ကြီးကို ချိုးဖျက်နိုင်ဖို့ဆိုလျှင် ဟောင်ခွန်၏ အနီးမှာရှိနေရန် လိုအပ်သည်။ ဟောင်ခွန်၏ စွမ်းအားဖြင့်ဆိုလျှင် သူသည် သူ့ကို ချက်ခြင်း သတ်နိုင်လိမ့်မည်။

ဟောင်ခွန်ကို အင်မော်တယ်နန်းတော်သော့ဖြင့် ဆွဲတောင်ပြီး ဖယ်ထုတ်ရန်မှာ ပို၍ပင် မဖြစ်နိုင်ပေ။

ဟုတ်ပါသည်, ဟောင်ခွန်သည် ကျောက်ဝူကျင်း၏ စကားကိုကြားသည်နှင့် ဒေါသထွက်သည့် အမူအရာ ချက်ချင်း ပေါ်လာပါသည်။ သူက အေးစက်စွာ နှာခေါင်းရှုံ့ပြီး ပြောလိုက်သည် "ဟမ့်, ကျောက်ဝူကျင်း, မင်းက နောက်ဆုံးတော့ မင်းရဲ့ အကျင့်စရိုက်အမှန်ကို ထုတ်ဖော်ပြသလာခဲ့ပြီပေါ့။ အဲဒီအချိန်တုန်းက ဝမ်အာဟာ မင်းနောက်ကိုလိုက်ဖို့အတွက် အတင်းအကြပ် တွန်းအားပေးခံခဲ့ရတယ်။ သူမ အမှန်တကယ် သဘောကျခဲ့တဲ့လူက ငါဖြစ်နေသေးတာပဲ။ မင်းက ငါ့ကို အမုန်းတရားတွေနဲ့ အမြဲတမ်း ဖုံးလွှမ်းနေသူလို့ ပြောခဲ့ပြီး၊ အဲဒီအမုန်းတရားတွေကို ဖယ်ရှားဖို့အတွက် ဒီနေရာမှာ ပိတ်လှောင်ထားခဲ့တယ် ဟုတ်လား။ ဒါ့အပြင် မင်းက ငါ့နှလုံးသားထဲက အထုံအဖွဲ့တွေကို ဖြတ်ကျော်ရာမှာ ငါ့ကို ကူညီပေးနေသလိုနဲ့ ပြောနေသေးတယ်။ မင်းက တကယ်ကို ကြောင်သူတော် တစ်ယောက်ပဲ"။

ဟောင်ခွန်၏စကားတွေဟာ ကျယ်လောင်ပြီး ပဲ့တင်သံထပ်နေကာ သူ၏အသံက အထင်မြင်သေးမူ နာကျည်းမူတွေနှင့် ပြည့်နှက်နေခဲ့သည်။

ဟောင်ခွန်၏ စကားကိုကြားလျှင် ကျောက်ဝူကျင်းသည် သူ၏မျက်လုံးတွေကို အနည်းငယ် မှေးကျဉ်းလိုက်ပါသည်။ နောက်ဆုံးမှာတော့ သူက မထီမဲ့မြင်ဟန်ဖြင့် ပြုံးပြီး ပြောသည် "မှန်ပါတယ်၊ ငါ မင်းကို တကယ်ကို သတ်ပစ်ချင်နေခဲ့တာ။ တကယ်လို့ ဝမ်အာသာ ငါ့ကိုထားသွားပြီး မင်းနဲ့အတူနေဖို့ မတောင်းဆိုခဲ့ ဘူးဆိုရင်၊ ကောင်းကင်ဘုံဂိုဏ်းက အဲဒီလူအိုကြီးတွေ သူမကို သတ်ပစ်တဲ့အချိန်မှာ ငါက တမင်သက်သက် ခွင့်ပြုမှာတဲ့လား။ ဟမ့်၊ ငါ လုံးဝ မရနိုင်တဲ့အရာကို တခြားဘယ်သူမှ လည်း မရစေရဘူး”။

ဆိုတော့၊ မင်းက ဒီအကြောင်းပြချက်တွေကြောင့် ဒီအရာအားလုံးကို လုပ်ခဲ့တာပေါ့။ မင်းခွေးမသား၊ ကံမကောင်းစွာပဲ၊ ဝမ်အာဟာ အဲဒီတုန်းက မင်းအပေါ် အပြစ်ရှိသလို ခံစားခဲ့ရပြီး မင်းအတွက် အဲဒီဓားချက်ကို တားဆီးပေးခဲ့သေးတယ်။ ငါ မင်းကို သတ်ပစ်မယ်…” ဟောင်ခွန်သည် အရူးအမူး အော်ဟစ်နေသည်။ သူ ဒေါသ အရမ်းထွက်နေသည်မှာ သိသာလှပါသည်။

“ဟား…။ ဟား၊ ငါ့ကို သတ်လိုက်ပါ။ ဟုတ်ပြီလား။ ငါရဲ့ကိုယ်ခန္ဓာအစစ်အမှန်က အင်မော်တယ်ကမ္ဘာ ရောက်နေပြီ။ မင်းက ငါ့ကို သတ်ချင်နေတယ်။ ဖြစ်နိုင်တယ်လို့ ရော မင်းထင်လား။ ဟမ့်၊ မင်းရဲ့နှလုံးသားထဲမှာ အမုန်းတရားတွေ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်စေဖို့အတွက် ငါ မင်းကို ဒီနေရာမှာ နှစ်ငါးရာလောက် ပိတ်ထားခဲ့တယ်။ ဘယ်လိုလဲ? အမုန်းတရားတွေ ဝါးမျိုခံရတာ ကြည်နူးဖို့ကောင်းတယ် မဟုတ်လား?" ကျောက်ဝူကျင်းသည် ကျယ်လောင်စွာဖြင့် ရက်စက် ကြမ်းကြုတ်စွာ ရယ်မော လိုက်လေသည်။

"ငါ မင်းကို သတ်ချင်တယ်" ဟောင်ခွန်သည် အရူးအမူး ဟစ်အော်ရင်း သူ၏ တစ်ကိုယ်လုံးသည် ရူးသွပ်သွားလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

ကျောက်ဝူကျင်းပြောသကဲ့သို့ပင်၊ ဟောင်ခွန်သည် အမုန်းတရားတွေနှင့် တဖြည်းဖြည်း ဝါးမျိုခံနေရပြီ။ သူ၏မျက်လုံးထဲမှာ အမုန်းတရားများသာ ရှိတော့သည်။

'ဟား…။ ဟား၊ မင်းအနေနဲ့ မင်းရဲ့နှလုံးသားနတ်ဆိုး ဝါးမျိုးခြင်း ဖြစ်စဉ်ကို ဖြည်းဖြည်းချင်း ခံစားနိုင်ပြီ။ မင်း နတ်ဆိုးတာအိုထဲ ကျရောက်သွားတာနဲ့၊ မင်းဘဝမှာ ကောင်းကင်ကပ်ဘေးဒုက္ခကို ဘယ်တော့မှ ကျော်လွှားနိုင်မှာ မဟုတ်တော့ဘူး။ တကယ်လို့ မင်းသာ ကောင်းကင်ကပ်ဘေးဒုက္ခကို မကျော်လွှားနိုင်ဘူးဆိုရင် မင်းဘဝမှာ ဝမ်အာအတွက် ဘယ်တော့မှ လက်စားချေနိုင်မှာ မဟုတ်တော့ဘူး။" ကျောက်ဝူကျင်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"ငါ မင်းရဲ့အရိုးတွေကို ပြာဖြစ်အောင် ဖိချေပြီး ဝမ်အာအတွက် လက်စားချေပေးမယ်။" ဟောင်ခွန်သည် ဟစ်အော်နေသော်လည်း သူ၏ခန္ဓာကိုယ်သည် သံကြိုးများဖြင့် ပိတ်မိနေခဲ့ပြီး လုံးဝ မလှုပ်ရှားနိုင်ပေ။

ယခုအချိန်မှာ သူ၏မျက်လုံးတွေက သွေးတွေနှင့်ပြည့်နေသည့်အလား နီရဲလာပြီး ဆင်ခြင်တုံတရားတွေကလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားတော့မည်။ နှလုံးသား နတ်ဆိုးသည် သူ၏စိတ်ဝိညာဉ်ကို တဖြည်းဖြည်း ဝါးမြိုလာသည်။ နှလုံးသားနတ်ဆိုး က သူ့ကို အောင်မြင်စွာ ဝါးမျိုးလိုက်သည်နှင့်၊ သူသည် လုံးဝ နတ်ဆိုးတစ်ယောက် ဖြစ်သွားပြီး သတ်ဖြတ်ခြင်းကိုသာ သိသည့် နတ်ဆိုးတစ်ယောက် ဖြစ်လာမည် ဖြစ်ပါသည်။

'"ဟား…. ဟား၊ ငါ့ကို လာသတ်လိုက်စမ်းပါ။ အင်မော်တယ်ကမ္ဘာမှာ ရှိနေတဲ့ ငါ့ရဲ့ အစစ်အမှန်ခန္ဓာကိုယ်ကို မပြောနဲ့ဦး။ စိတ်ဝိညာဉ်အမျှင်တန်းအဖြစ် မင်းရှေ့မှာ ရပ်နေတဲ့ ငါ့ကိုတောင် မင်း သတ်လို့မရပါဘူး။ ဟောင်ခွန်, မင်းရဲ့အရည်အချင်းတွေက ငါ့ထက်သာလွန်ခဲ့တယ် မဟုတ်ဘူးလား။ အဆုံးမှာတော့ မင်းက ငါ့ရဲ့အကျဉ်းသား တစ်ယောက် ဖြစ်လာရတာပဲ မဟုတ်လား”။ ကျောက်ဝူကျင်းက ဆက်ပြီး လှောင်ပြောင် ရယ်မောနေသည်။

"ငါ မင်းကို သတ်မယ်!" ဟောင်ခွန်သည် ပို၍ပင် ရူးသွပ်လာခဲ့သည်။ ရက်စက် ကြမ်းကြုတ်သော လှုံ့ဆော်မှုအောက်တွင်၊ ဟောင်ခွန်၏ အမုန်းတရားများသည် ပိုမိုနက်ရှိုင်းလာသည်နှင့်အမျှ အတွင်းနတ်ဆိုးကလည်း ပိုမိုအားကောင်းလာမည် ဖြစ်ကာ၊ သူ့ကို ပိုမိုမြန်ဆန်စွာ ဝါးမျိုနိုင်မည် ဖြစ်ပါသည်။

'"ငါ မင်းကို နောက်ထပ် သတင်းလေးတစ်ခု ပြောပြပါရစေ၊ အဲဒီတုန်းက ငါ ဝမ်အာကို ကြိုက်လို့ လက်ထပ်ခဲ့တာ မဟုတ်ဘူး။ နေရာတိုင်းမှာ ငါ့ထက် သာလွန်နေတဲ့ မင်းကို မြင်ရတာ သည်းမခံနိုင်လို့ လက်ထပ်ဖြစ်ခဲ့တာပဲ။ ငါက သူမအဖေကို ငါနဲ့လက်ထပ်ဖို့ အတွက် အတင်းအကြပ် ဖိအားပေးခိုင်းလိုက်တာ။ ဒါဆိုရင် မင်းက သူမကို ဘယ်တော့မှ မရနိုင်တော့ဘူးပေါ့။ ဝမ်အာက သူမမသေခင်မှာ မင်းနာမည်ကို ပြောသွားခဲ့တယ်။ ဒီလောက်နဲ့ မင်း ပျော်သင့်ပြီ မဟုတ်မလား။” ကျောက်ဝူကျင်းက ရက်စက်ယုတ်မာစွာ ပြုံးလိုက်ပါသည်။

"မဟုတ်ဘူး" ဟောင်ခွန်သည် ကောင်းကင်ယံသို့မော့ကာ ဟစ်အော်ရင်း လုံးလုံး ရူးသွပ်သွားခဲ့သည်။ သူ၏ ရူးသွပ်နေသော အငွေ့အသက်သည် ဒီရေလှိုင်းကဲ့သို့ တိုးမြင့်လာခဲ့ပြီး ပြင်းထန်သော သွေးရနံ့ကို ထင်ရှားစေသည်။

ကျောက်ဝူကျင်းသည် ဤမြင်ကွင်းကို မြင်လိုက်ရတော့ သူ၏ပါးစပ်ထောင့်များမှ ဘဝင်ခိုက်နေသည့် အပြုံးတစ်ခု ထွက်ပေါ်လာသည်။"

“ဖတ်!"

ထိုအချိန်တွင် ဓားအလင်းတစ်ခု လင်းလက်လာပြီး ကျောက်ဝူကျင်း၏ ပုံရိပ်ယောင်သဏ္ဍာန်ဖြစ်နေသော ရုပ်အသွင်အပြင်သည် ဓားတစ်ချက်ထိုးဖောက်ပြီး တစ်ဝက်စီ အက်ကွဲသွားခဲ့သည်။

"မင်း" ရက်စက်သော အတွေးတွေက လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။

"ခင်ဗျားလိုလူမျိုးတွေကို ကျုပ် သိပ်မုန်းတယ်။" ချင်ယွင်၏ အသံက အေးစက်မူနှင့် ပြည့်နေခဲ့သည်။

ပြင်းထန်သော မလိုလားမူနှင့်အတူ အမျက်ဒေါသများက ကျောက်ဝူကျင်း၏ ခက်ထန်နေသော မျက်နှာပေါ်မှာ ပျံ့နှံ့တက်လာခဲ့သည်။ သို့သော်လည်း နောက်ဆုံးမှာ တော့ သူသည် စိတ်ဝိညာဉ်အမျှင်တန်း တစ်ခုသာ ဖြစ်နေခဲ့ပြီး ချင်ယွင်၏ဓားဖြင့် ခုတ်သတ်ခံခဲ့ရပြီးနောက် ချက်ချင်းဆိုသလို ဘာမှမရှိသည်၏အဖြစ်သို့ ပြိုကွဲသွားလေ သည်။

အခန်း (၄၉၇)။ အစိမ်းရောင်ကြာပန်းစည်းတံဆိပ်၏ လေဟာနယ်(နေရာလွတ်)။

ချင်ယွင်၏ဓားသည် ကျောက်ဝူကျင်း၏ စိတ်ဝိညာဉ်အမျှင်တန်းကို ဖြိုခွဲလိုက်သည့် အချိန်တွင် ချောမောခန့်ငြားသည့် လူတစ်ယောက်သည် အင်မော်တယ်ကမ္ဘာ၏ ခန်းမတစ်ခုအတွင်းမှာ ရုတ်တရက် မျက်လုံးပွင့်လာသည်။ သူ၏မျက်လုံးများသည် ပြင်းထန်သော အမျက်ဒေါသများဖြင့် ပြည့်နှက်နေသည်။

ဤလူ၏ရုပ်ရည်အသွင်အပြင်သည် ကျောက်ဝူကျင်း၏ပုံစံနှင့် အတိအကျ တူပြီး ၎င်းသည် ကျောက်ဝူကျင်း အစစ်အမှန် ဖြစ်ပါသည်။

"အမိုက်စား ပုရွက်ဆိတ်ကောင်လေး၊ မင်းက ငါ့စိတ်ဝိညာဉ် အမျှင်တန်းကို တကယ် သတ်ဝံ့တယ်ပေါ့။ မင်း အင်မော်တယ်ကမ္ဘာကို ရောက်မလာရင် ကောင်းလိမ့်မယ်။ တကယ်လို့ မင်းသာ အင်မော်တယ်ကမ္ဘာကို ရောက်လာမယ်ဆိုရင် မင်းကို ငါ သေချာပေါက် သေအောင်လုပ်ပစ်မယ်။" ကျောက်ဝူကျင်းက ဒေါသတကြီး ပြောပြီး သူ၏လက်သီးတွေကို တင်းတင်း ဆုပ်ထားသည်။

ချင်ယွင်သည် ကျောက်ဝူကျင်း၏ အစိတ်စိတ်မြွှာမြွာပြန့်ကြဲသွားသော စိတ်ဝိညာဉ် အမျှင်တန်းကို လျစ်လျူရှုလိုက်ပြီး အသိစိတ်လုံးဝ ပျောက်ဆုံးသွားသော ဟောင်ခွန်ကို လှည့်ကြည့်လိုက်ပါသည်။

"သတ်!"

ဟောင်ခွန်သည် အော်ဟစ်လိုက်ပြီး သူ၏မျက်လုံးတွေက ချင်ယွင်ကို စိုက်ကြည့်နေရင်း သ‌ေ၏ခန္ဓာကိုယ်ပေါ်ရှိ သွေးနီရောင် အငွေ့အသက်တွေက အဆက်မပြတ် မြင့်တက်လာနေကာ အလွန် ကြောက်မက်ဖွယ် ကောင်းနေပါသည်။

အကယ်၍ သူသာ မတော်တဆ ထိမှန်သွားမည်ဖြစ်ကာ ဒဏ်ရာအပြင်းအထန်ရပြီး ချော်ရည်ကန်ထဲသို့ လဲကျသွားမည် ဖြစ်ပါသည်။

ချင်ယွင်သည် စင်မြင့်ပေါ်မှ အမြန်ပြန်ဆုတ်သွားပြီး လုံးလုံးရူးသွပ်သွားသော ဟောင်ခွန် ကို ကြည့်လိုက်ပါသည်။

အမှန်တော့၊ ကျောက်ဝူကျင်းနှင့် ဟောင်ခွန်တို့၏ စကားဝိုင်းကို နားထောင်ပြီးနောက်၊ ချင်ယွင်၏ နှလုံးသားသည် ဟောင်ခွန် ဖြစ်ပျက်ကြုံတွေ့ခဲ့ရသည့်အရာများတွက် စာနာစိတ်ဖြင့် ပြည့်နှက်နေသည်။

ဟောင်ခွန်၏ အချစ်လှစွာသော အမျိုးသမီးကို သူ၏အစ်ကိုဖြစ်သူက သိမ်းပိုက်သွားရုံ သာမက၊ သူ၏အစ်ကိုသည် သူ၏ချစ်လှစွာသော အမျိုးသမီးကို သတ်ဖြတ်ရန်အတွက် ထောင်ချောက်တစ်ခုကိုပင် ဖန်တီးခဲ့ပြီး သူ့ကိုလည်း ပင်လယ်ကြမ်းပြင်၏ နက်ရှိုင်းသောနေရာမှာ အနှစ် ၅၀၀ ချုပ်နှောင်ထားခဲ့သည်။ (အစ်ကို-ဟူသည် ညီအစ်ကိုလို ရင်းနှီးသူကို ဆိုလိုဟန်တူ)။

ဤဖြစ်ရပ်ကို မည်သူမှ လက်ခံနိုင်မှာ မဟုတ်ပါဘူး။

"အတွေးတစ်ချက်နဲ့ အင်မော်တယ်တစ်ပါး ဖြစ်လာနိုင်သလို၊ အတွေးတစ်ချက်နဲ့ နတ်ဆိုးတစ်ယောက် ဖြစ်သွားနိုင်တယ်။ ဒီရက်စက်ကြမ်းကြုတ်တဲ့လူက ဒီလူကို လှည့်စားခဲ့တာလို့ ပြောလို့ရပါတယ်။ ဒီကောင်စုတ်လေးကို ဒီနေရာမှာ နှစ် ၅၀၀ လောက် အမုန်းတရားတွေ ဖြည်းဖြည်းချင်း ကြီးထွားအောင် တွန်းပို့ထားခဲ့တယ်။ သူက အခု အရေးကြီးတဲ့ အခိုက်တန့်ကို ရောက်ရှိသွားခဲ့ပြီ။ ဒီကောင်စုတ်လေးရဲ့ စိတ်စွမ်းအားက အားနည်းလွန်းတယ်။ ဒါကြောင့်လည်း အဲဒီရက်စက်ကြမ်းကြုတ်တဲ့ လူက သူ့ကို တစ်ကြိမ်တည်းနဲ့ ပြင်းပြင်းထန်ထန် ရိုက်ချလိုက်တာပဲ။ သူ့အတွက် မကောင်းဆိုးဝါးလမ်းစဉ်ထဲ ကျရောက်သွားရတာ မထူးဆန်းပါဘူး။” ရှေးဟောင်း တာအိုဆရာသခင်၏အသံသည် ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။

ချင်ယွင်သည်လည်း သူ၏စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။ ဤကျောက်ဝူကျင်း၏ အကြံအစည်တွေက တကယ်ကို ကြောက်စရာကောင်းလွန်းပါသည်။ သူသည် ဟောင်ခွန်ကို ကိုယ်တိုင်ကိုယ်ကျ မသတ်ခဲ့သော်ငြားလည်း ဟောင်ခွန်သည် နတ်ဆိုးတာအိုထဲသို့ ကျရောက်သွားသည်နှင့် သူ့အား စောင့်မျှော်နေသောအရာမှာ သေလမ်းတစ်ခုသာ ဖြစ်ပါလိမ့်မည်။

တစ်ချိန်တည်းမှာပင် ချင်ယွင်သည် သူ၏စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။ ရှေးဟောင်းတာအိုဆရာသခင်အနေဖြင့် သူဟောင်ခွန်ကို ကောင်စုတ်လေးဟု ခေါ်သည်မှာ ဖြစ်နိုင်ပါသည်။ ဟောင်ခွန်ကဲ့သို့ တစ်စုံတစ်ယောက်သည် အနည်းဆုံး အနှစ်ငါးရာ နေထိုင်ခဲ့ဖူးသူဖြစ်ပြီး သူ၏ အသက်သည် ချင်ယွင်ထက် အဆပေါင်းများစွာ ကြီးမားပါသည်။

"ဆရာ၊ သူ့ကို ကယ်တင်ဖို့ နည်းလမ်းမရှိလား" ချင်ယွင်က စိတ်ပိုင်းဆိုင်ရာ ပေးပို့လိုက်သော်လည်း သူ၏မျက်လုံးတွေက ရူးသွပ်သွားသော ဟောင်ခွန်ကို စိုက်ကြည့်နေပါသည်။

ဟောင်ခွန်သည် ဤကဲ့သို့ နတ်ဆိုးတာအိုထဲသို့ ကျရောက်သွားသည်ကို သူ မမြင်ချင်ပါဘူး။ ယင်းက ကျောက်ဝူကျင်းအတွက် သိပ်ကို စျေးပေါလွန်းသွားမည် မဟုတ်ပါလား။

"ယုတ္တိဗေဒအရပြောရရင် လူတစ်ယောက်ကို နှလုံးသားနတ်ဆိုးက ချုပ်ကိုင် လိုက်တာနဲ့ သူ့ကို ကယ်တင်ဖို့ နည်းလမ်းမရှိတော့ဘူး။ ဒါကလည်း သူရဲ့စိတ်ဝိဥာဉ်ကို နှလုံးသားနတ်ဆိုးက ဝါးမျိုလုနီးပါး ဖြစ်နေလို့ပါ။ ဒါပေမယ့် ရှေ့မှာရှိနေတဲ့ ဒီကောင်စုတ်လေးရဲ့ စိတ်ဝိညာဉ်ကိုတော့ လုံး၀ ဝါးမျိုသွားတာမျိုး မရှိသေးဘူး။ သူ့ရဲ့စိတ်ဆန္ဒကို ပြန်ထိန်းချုပ်နိုင်သရွေ့ သူ့ကို ကယ်တင်နိုင်မယ်ဆိုတာ သေချာတယ်။ အဆုံးသတ်မှာတော့ သူ သတိပြန်လည်နိုင်ခြင်း ရှိ/မရှိ ဆိုတာက မင်းအပေါ်မှာ မူတည်နေတယ်။” ရှေးဟောင်းတာအိုဆရာသခင်က စိတ်ပိုင်းဆိုင်ရာဆက်သွယ်မူဖြင့် ပြန်လည် ပေးပို့လိုက်ပါသည်။

"ကျွန်တော့်အပေါ်မှာ မူတည်နေတာလား?" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက် ပါသည်။

"မှန်တယ်။ မင်းအပေါ်မှာ မူတည်နေတယ်။ တကယ်လို့ ငါသာ အထွတ်အထိပ် အခြေအနေမှာရှိနေမယ်ဆိုရင် သူ့နှလုံးသားနတ်ဆိုးတွေကို နှိမ်နင်းဖို့ ငါ ကူညီနိုင် လိမ့်မယ်၊ ဒါပေမယ့် အခု ငါ မလုပ်နိုင်ဘူး၊ မင်းက ငါ့ကို လုပ်စေချင်တာလား" ရှေးဟောင်းတာအိုဆရာသခင်က စိတ်ပိုင်းဆိုင်ရာ ပို့လွှတ်လိုက်ပါသည်။

"ဆရာ၊ ဆရာတောင် မလုပ်နိုင်ဘူးဆိုမှတော့ ကျွန်တော်က ဘယ်လိုလုပ် လုပ်နိုင်မှာ လဲ" ချင်ယွင်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"တုံးအလိုက်တဲ့ကောင်ပဲ။ မင်းမှာ အစိမ်းရောင်ကြာပန်းစည်းတံဆိပ် ရှိနေသေးတာကို မေ့သွားပြီလား။ အဲဒါက ဖရိုဖရဲအင်မော်တယ်အဆင့်မှာရှိတဲ့ စိတ်ဝိညာဉ်အမျိုးအစား မှော်ဆန်တဲ့ ရတနာတစ်ခုပဲ။ သဘာဝအတိုင်း၊ အဲဒါက သူ့အတွင်းစိတ် နှလုံးသားနတ်ဆိုးတွေကို ဖိနှိပ်ရာမှာ ကူညီပေးနိုင်တယ်ကွ" ရှေးဟောင်းတာအို ဆရာသခင်က ချက်ချင်း အော်လိုက်ပါသည်။

"ဒါပေမယ့် အစိမ်းရောင်ကြာပန်းစည်းတံဆိပ်က ကျွန်တော့်စကားကို လုံးဝ နားမထောင်ဘူးမလား?" ချင်ယွင်က ရှင်းပြသည်။

သူသည် အမှန်အတိုင်း ပြောနေခြင်း ဖြစ်သည်။ အစိမ်းရောင်ကြာပန်းစည်းတံဆိပ်သည် အလွန်အစွမ်းထက်ကြောင်း သူသိသော်လည်း ၎င်းကို မည်သို့ ထိန်းချုပ်ရမည်ကို သူ မသိပေ။ သူအန္တရာယ်ကြုံတိုင်း အစိမ်းရောင်ကြာပန်းစည်းတံဆိပ်သည် သူ၏သခင်ကို အလိုအလျောက် ကာကွယ်ပေးပြီး ထိုထူးဆန်းသောစွမ်းအင်ကို ထုတ်လွှတ်ပေးသည်။ သူသည် သူ့ဘာသာသူဆို ၎င်းကို အမှန်တကယ် အသုံးမပြုနိုင်ချေ။

"ဒါက အရင်တုန်းကလေ။ အခု မင်းရဲ့စိတ်အခြေအနေက ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း နယ်ပယ်ထဲကို ရောက်နေရှိပြီ၊ ဒီအစိမ်းရောင်ကြာပန်း စည်းတံဆိပ်ကို မင်းအနေနဲ့ သဘာဝအတိုင်း ထိန်းချုပ်နိုင်ပြီပေါ့။ တကယ်လို့ မင်း ငါပြောတာကို မယုံရင် မင်းရဲ့စိတ်ဝိညာဉ်စွမ်းအားကို စုစည်းပြီး အစိမ်းရောင်ကြာပန်း စည်းတံဆိပ် အနား တိုးကပ်ဖို့ ကြိုးစား ကြည့်နိုင်တယ်။" ရှေးဟောင်းတာအိုဆရာသခင်က စိတ်ပိုင်းဆိုင်ရာ ပို့လွှတ်လိုက်သည်။

"တကယ်လား?" ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းပင် ဝင်းလက်သွားသည်။ အစိမ်းရောင် ကြာပန်းစည်းတံဆိပ်နှင့် ပတ်သက်ပြီး သူ၏စိတ်ထဲတွင် စိုးရိမ်ပူပန် နေခဲ့သည်။ ထိုကဲ့သို့ တန်ခိုးကြီးသော ရတနာတစ်ခုကို အသုံးမပြုနိုင်သည့်အတွက် အလွန် စိတ်မကောင်းလည်း ဖြစ်မိသည်။ သူ၏ ကျင့်ကြံမူအဆင့်သည် တာအို အငွေ့ရည်ဖွဲ့ခြင်းနယ်ပယ်သို့ ဖြတ်ကျော်ပြီး ကောင်းကင်ကပ်ဘေးဒုက္ခကို ဖြတ်ကျော် ပြီးသည့် နောက်မှသာ အစိမ်းရောင်ကြာပန်းစည်းတံဆိပ်ကို အသုံးပြုနိုင်မည်ဟု မူလက သူ ထင်ထားခဲ့ပါသည်။

ယခု သူသည် ရှေးဟောင်းတာအိုဆရာသခင်၏ စကားကို ကြားလျှင် အစိမ်းရောင် ကြာပန်းစည်းတံဆိပ်ဆီသို့ ပို့လွှတ်ကြည့်ရန်အတွက် သူ၏ စိတ်ဝိညာဉ်စွမ်းအားကို ချက်ချင်း စုစည်းရန် ကြိုးစားလိုက်သည်။

"ဘုန်း!"

ချင်ယွင်၏ စိတ်ဝိညာဉ်စွမ်းအားသည် အစိမ်းရောင်ကြာပန်း စည်းတံဆိပ်ကို ထိတွေ့ လိုက်သည့်အခိုက်တွင်၊ ချင်ယွင်၏စိတ်တစ်ခုလုံးကို အစိမ်းရောင်ကြာပန်း စည်းတံဆိပ် ထဲသို့ ချက်ချင်း ဆွဲငင်သွားသည်။

ထိုအချိန်တွင် ချင်ယွင်သည် လေဟာနယ်တစ်ခုကို ဆွဲဖြဲလိုက်သည်။ ကြယ်များသည် သူ၏ပတ်ဝန်းကျင်တွင် ရှိနေသည်။ သူသည် ဤစကြဝဠာ၏ လေဟာနယ်ထဲ ရောက်သွားသလိုပင်။ သူ၏ခြေဖဝါးအောက်တွင် ကြီးမားသော အစိမ်းရောင်ကြာပန်း ပင်ကြီး တစ်ပင်ရှိပြီး သူ၏ပတ်ဝန်းကျင်ရှိ ကြယ်များထက်ပင် ပို၍ကြီးမား၏။

ရှောင်ဟေးနှင့် ရှောင်ဟောင်တို့သည် အဝေးမှာရှိနေသည့် ကြာပန်းအရွက်များပေါ်တွင် အိပ်ပျော်နေကြသည်။

"ဒါက အစိမ်းရောင်ကြာပန်းစည်းတံဆိပ်ရဲ့ လေဟာနယ်လား။" ချင်ယွင်သည် သူ့ကိုယ်သူ ရေရွတ်လိုက်မိသည်။ အစိမ်းရောင်ကြာပန်းစည်းတံဆိပ်အတွင်းမှာ လေဟာနယ်တစ်ခုရှိနေသည်ကို သူသည် ဟိုးယခင်ကတည်းက သိခဲ့သော်လည်း တစ်ခါမှ မဝင်ခဲ့ဘူးပေ။ အခု သူသည် အမှန်တကယ် ဝင်လို့ရလိမ့်မည်ဟု မျှော်လင့် မထားခဲ့ပေ။

သို့သော်လည်း အစိမ်းရောင်ကြာပန်းစည်းတံဆိပ်သည် တစ်စုံတစ်ရာ ပျောက်ဆုံးနေပုံ ပေါ်သည်ဟု သူ ခံစားမိသေးသည်။

"ပစ္စည်းဝိညာဉ်!" ထိုစကားနှစ်​ခွန်းက ချင်​ယွင်​စိတ်​ထဲ ချက်​ချင်း​ပေါ်လာသည်​။

မှန်ပါသည်။ ဤအရာသည် ပစ္စည်းဝိညာဉ်တွေ ကင်းမဲ့နေပါသည်။ အကြီးမြတ်ဆုံး အင်မော်တယ်အဆင့်ပစ္စည်းများသည်ပင်လျှင် ရှေး ပစ္စည်းဝိညာဉ်တွေ ရှိကြပါသည်။ ဖရိုဖရဲအင်မော်တယ်ပစ္စည်းတစ်ခုအနေဖြင့် အစိမ်းရောင်ကြာပန်းစည်းတံဆိပ်တွင် ပစ္စည်းဝိညာဉ်တစ်ခု မည်သို့ မရှိနိုင်ဘဲ နေမည်နည်း။

သို့သော်လည်း ထာဝရမိုးပြာဧကရာဇ်သည် အစိမ်းရောင်ကြာပန်း စည်းတံဆိပ်၏ ပစ္စည်းဝိညာဉ် ဖြစ်သည်ဟု ရှေးဟောင်းတာအိုဆရာသခင် တခါတုန်းက ပြောခဲ့ဖူး သည်ကို ချင်ယွင် သတိရမိသွားသည်။ ထိုအချိန်တုန်းက မိုးပြာဧကရာဇ်ကိုပင် သေကျေပျက်စီးစေခဲ့သော တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့ပုံရသည်။ ယခု၊ အစိမ်းရောင် ကြာပန်းစည်းတံဆိပ်သည် ပစ္စည်းဝိညာဉ် ရှိပုံမပေါ်ချေ။

"မေ့လိုက်ပါ၊ အစိမ်းရောင်ကြာပန်းစည်းတံဆိပ်ကို ဘယ်လို နားလည်အောင် လုပ်ရမလဲ ဆိုတာ အရင်ဆုံး ကြည့်ကြရအောင်။" ချင်ယွင်သည် အစိမ်းရောင်ကြာပန်း စည်းတံဆိပ် ကို ထိန်းချုပ်နည်းကို စတင်လေ့လာရင်း သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

အတွေးတစ်ချက်ဖြင့် အစိမ်းရောင်အလင်းတန်းများသည် အရပ်ရပ်မှ ပျံဝဲလာပြီး ချင်ယွင်၏လက်ထဲတွင် စုရုံးရောက်ရှိလာသည်။ တခဏအတွင်းမှာပင် ချင်ယွင်၏ လက်ထဲမှာ အစိမ်းရောင်ကြာပန်း တစ်ပွင့်ပေါ်လာပါသည်။

အစိမ်းရောင်ကြာပန်းသည် အသက်ဝင်နေပုံရပြီး ကျောက်စိမ်းကဲ့သို့ စိမ်းလန်းနေသည်။

နောက်ထပ် အတွေးတချက်နှင့်အတူ အစိမ်းရောင်ကြာပန်းသည် ရနံ့များသင်းပျံ့ပြီး မိုးပြာရောင်အဆင်းဖြင့် ပွင့်လန်းလာသည်။

သင်းရနံ့သည် ချင်ယွင်၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသောအခါတွင် သူ၏ စိတ်ဝိညာဉ်သည် ပိုမိုအားကောင်းလာသကဲ့သို့ ဖော်မပြနိုင်လောက်အောင် လန်းဆန်း သွားခဲ့သည်။

"သေချာပါတယ်၊ ဒါက အဲဒီတုန်းက စည်းတံဆိပ်ခတ်ထားကို ငါ့အတွက် ဖြေပေးခဲ့တဲ့ ထူးခြားတဲ့ စွမ်းအားပဲ။ ဒီစွမ်းအားကို အတွေးတစ်ချက်တည်းနဲ့ ရယူနိုင်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။" ချင်ယွင်သည် ဝမ်းသာအားရ ပြုံလိုက်မိသည်။

"ဒီထူးခြားတဲ့ စွမ်းအားကလည်း ကြီးမားတဲ့စိတ်ဝိညာဉ်အဖြစ် ပြောင်းလဲနိုင်ပုံပဲ။ ငါ့ရဲ့စိတ်ဝိညာဉ်ကို ကျင့်ကြံဖို့အတွက် အစိမ်းရောင်ကြာပန်း စည်းတံဆိပ်ရဲ့ လေဟာနယ်ထဲကို ငါလာရလိမ့်မယ်" ချင်ယွင်သည် အလွန် စိတ်လှုပ်ရှားသွားခဲ့သည်။

ယခုအချိန်တွင် ဤထူးခြားသောစွမ်းအားသည် အစိမ်းရောင်ကြာပန်းစည်းတံဆိပ်၏ လုပ်ဆောင်ချက်များထဲမှ တစ်ခုသာ ဖြစ်ပါသည်။ အစိမ်းရောင်ကြာပန်း စည်းတံဆိပ် တွင် နတ်ဆိုးသားရဲများကို ကျွန်အဖြစ် ခိုင်းစေခြင်းကဲ့သို့သော အစွမ်းထက်သော လုပ်ဆောင်ချက်များစွာလည်း ရှိနေပါသေးသည်။ ချင်ယွင် မည်မျှ ပင်ကြိုးစားသည် ဖြစ်စေ ၎င်းတို့ကို အသုံးမချနိုင်ခဲ့ပေ။

"ငါ့ရဲ့ကျင့်ကြံမူအဆင့်က မလုံလောက်ဘူး ထင်တယ်။ ငါ့ရဲ့ ကျင့်ကြံမူအဆင့် တိုးလာတာနဲ့အမျှ အစိမ်းရောင်ကြာပန်းစည်းတံဆိပ်ရဲ့ လုပ်ဆောင်ချက်တွေကို ငါရလိမ့်မယ် ထင်တယ်။" ချင်ယွင်သည် သူ၏စိတ်ထဲတွင် အနည်းငယ် ဝမ်းနည်းသွားခဲ့သည်။

အကယ်၍ အစိမ်းရောင်ကြာပန်းစည်းတံဆိပ်၏ ကျွန်ပြုခြင်းလုပ်ဆောင်မူကို သူ ထိန်းချုပ်နိုင်ခဲ့ပါက သူသည် ရေအောက်နတ်ဆိုးသားရဲကမ္ဘာတစ်ခုလုံးကို နှိမ်နင်းရန် တစ်မိနစ်ပင် အချိန်ယူရမည် မဟုတ်တော့ပေ။ ထိုအချိန်ရောက်လျှင်၊ သူသည် နဂါးကောင်းကင်နန်းတော်မှ နန်းတော်သခင်သုံးဦးကို တိုက်ရိုက် ကျွန်အဖြစ် ခိုင်းစေနိုင်လိမ့်မည်ည်။ သို့သော် လက်တွေ့ဘဝက သူထင်သလောက် လှပမည် မဟုတ်ပေ။

"မေ့လိုက်ပါလေ။ ဟောင်ခွန်ရဲ့ အတွင်းစိတ်နတ်ဆိုးတွေကို အရင်ဆုံး ဖိနှိပ်ဖို့ ဒီစွမ်းအားကို သုံးကြည့်ရအောင်။" ချင်ယွင်က သူ့ကိုယ်သူ စိတ်ထဲမှာ ရေရွတ် လိုက်ပါသည်။ အတွေးတစ်ချက်ဖြင့် သူ၏စိတ်သည် အစိမ်းရောင်ကြာပန်း စည်းတံဆိပ် လေဟာနယ်ထဲမှ ဆုတ်ခွာလာခဲ့သည်။

အခန်း (၄၉၈) ဟောင်ခွန်ကို ဖိနှိပ်ခြင်း။

ချင်ယွင်၏စိတ်သည် အစိမ်းရောင်ကြာပန်း၏လေဟာနယ်မှ ဆုတ်ခွာသွားပြီးနောက် နတ်ဆိုးတာအိုထဲသို့ လုံးဝ ကျသွားတော့မည့် ဟောင်ခွန်ကို ကြည့်လိုက်ပါသည်။

"ဆရာ၊ ဟောင်ကွမ်းကို ဖိနှိပ်ဖို့ နည်းလမ်းရှိလား" ချင်ယွင်သည် ဟောင်ခွန်၏ ကြီးကျယ်ခမ်းနားသော အငွေ့အသက်ကို ကြည့်ပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်ပါ သည်။

"ဟမ့်၊ တကယ်လို့ သူသာ သူ့ရဲ့အထွတ်အထိပ်အခြေအနေမှာ ရှိနေရင်၊ ငါ့ရဲ့ လက်ရှိ အခြေအနေအရ သူ့ကို ငါကိုယ်တိုင် ဖိနှိပ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် သူ့လက်တွေ ခြေတွေကို ချည်နှောင်ထားပြီး သူ့ရဲ့စိတ်အခြေအနေကလည်း ကျိုးကြောင်း ဆင်ခြင် နိုင်စွမ်း ဆုံးရှုံးသွားခဲ့ပြီ။ တကယ်လို့ ဒီလိုအခြေအနေမျိုးမှာတောင် ငါ သူ့ကို မဖိနှိပ်နိုင်ဘူးဆိုရင် ငါ တကယ်ကို အသက်ရှင်နေဖို့ မလိုအပ်တော့ဘူး။" ရှေးဟောင်း တာအိုဆရာသခင်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်တယ်။

ချင်ယွင်၏ ပါးစပ်ထောင့်စွန်းများသည် ပေါ့ပါးသော အပြုံးတစ်ခု ပေါ်လာပါသည်။ ထို့အပြင် သူသည် စိတ်သက်သာရာ ရသွားပါသည်။

"ဘုန်း……..!"

ရေတံခွန်ကဲ့သို့ အကန့်အသတ်မရှိသော အင်အားတစ်ခုက ချင်ယွင်၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လာပါသည်။

"ဘယ်လောက်တောင် ပြင်းထန်လိုက်တဲ့ စွမ်းအားလဲ!" ချင်ယွင်သည် လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ထားပြီး သူ၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။

ဤအခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်သည် အကန့်အသတ်မရှိသော စွမ်းအားများဖြင့် ပြည့်နေသကဲ့သို့ ခံစားရသည်။ သူ လင်းဝူရှန်ကို နောက်ဆုံးအကြိမ် တိုက်ခိုက်ခဲ့ စဉ်တုန်းကလည်း ရှေးဟောင်းတာအိုဆရာသခင်သည် သူ့အား သူ၏ခွန်အားကို သွန်းလောင်းပေးခဲ့ဖူးသည်။

သို့သော်လည်း ထိုအချိန်တုန်းက သူ၏ခန္ဓာကိုယ်ကို ထိန်းချုပ်ထားသူမှာ ရှေးဟောင်းတာအိုဆရာသခင် ဖြစ်သည့်အတွက် ချင်ယွင်သည် ထိုစွမ်းအားကို ကိုယ်တိုင်ကိုယ်ကျ မခံစားနိုင်ခဲ့ပါဘူး။ ယခုမူ၊ ရှေးဟောင်းတာအိုဆရာသခင်သည် ချင်ယွင်သို့ သူ၏စွမ်းအားကို သွန်းလောင်းပေးခြင်းဖြင့်၊ ချင်ယွင်သည် ဤစွမ်းအား၏ ကြီးကျယ်မှုကို လုံးလုံး ခံစားနိုင်ပြီ ဖြစ်ပါသည်။ သူသည် သူ၏ အရင်က အထွတ်အထိပ် အခြေအနေကို ပြန်ရောက်သွားသလိုပင်။

ချင်ယွင်၏၀တ်စုံသည် လေထဲတွင် အဆက်မပြတ် တဖျပ်ဖျပ်ခတ်ကာ လှုပ်လှုပ်ရှားရှား ဖြစ်နေပါသည်။ သူ၏အဝတ်အစားများက တဖျပ်ဖျပ်ခတ်နေပြီး သူ၏ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်က ပို၍ပင် လွှမ်းမိုးကြီးစိုးနိုင်စွမ်း ရှိလာနေပါသည်။

"ဟမ့်၊ ငါ မင်းကို မကြောက်တော့ဘူး" ချင်ယွင်သည် အနှိုင်းမဲ့ ရက်စက် ကြမ်းကြုတ်နေသော ဟောင်ခွန်ကို ကြည့်ကာ သူ၏ပါးစပ်ထောင့်မှ ပေါ့ပါးသော အပြုံးတစ်ခု ထွက်ပေါ်လာသည်။

"ဘုန်း…….!"

ချင်ယွင်၏ခြေဖဝါးအောက်တွင် အကန့်အသတ်မရှိသော အင်အားတစ်ခု ပေါက်ကွဲထွက်သွားပြီး ဟောင်ခွန်ဆီသို့ ပြေးထွက်သွားစဉ် သူ၏ရုပ်အသွင်အပြင်သည် မရေမတွက်နိုင်သော ပုံရိပ်ယောင်များအဖြစ်သို့ ပြောင်းလဲသွားသည်။

"ဝေါင်း………!"

ဟောင်ခွန်၏ မျက်လုံးများသည် သွေးကဲ့သို့ နီရဲနေ၏။ ချင်ယွင် သူ့ဆီသို့ လာနေသည်ကို မြင်လျှင် သူသည် ချက်ချင်း ဟိန်းဟောက်လိုက်ပါသည်။

ကြောက်မက်ဖွယ်ကောင်းသော သူ၏လည်ချောင်းမှထွက်ပေါ်လာသော အသံသည် ဆွံ့အနားမကြားဖြစ်သွားနိုင်ပြီး တောင်ကြီးဖြင့်ဖိနှိပ်ကဲ့သို့ ရက်စက်ကြမ်းကြုတ်ပြီး ကြီးကျယ်ခမ်းနားသော အငွေ့အသက်ကို သယ်ဆောင်လာပါသည်။

သို့သော် ချင်ယွင်က လှောင်ရယ်လိုက်ပြီး မဟူရာသတ္တုတုတ်က သူ၏လက်ထဲတွင် ပေါ်လာကာ ကြောက်မက်ဖွယ် ဟိန်းဟောက်သံကို တိုက်ရိုက်ရင်ဆိုင်လိုက်ပါသည်။

ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်သည် ချင်ယွင်၏ ခန္ဓာကိုယ်ကို မုန်တိုင်း တစ်ခုလို တိုးဝင်လာခဲ့သည်။ သို့သော်လည်း ချင်ယွင်သည် တည်ငြိမ်နေပြီး သူ၏ ရုပ်ရည်အသွင်အပြင်ကို အနည်းငယ်မျှ အနှောင့်ယှက်ဖြစ်ဟန် မရှိပေ။ သူသည် ဟောင်ခွန်ဘေးမှာ ချက်ချင်း ပေါ်လာသည်။

"ဘုန်း….!"

ချင်ယွင်သည် မဟူရာသတ္တုတုတ်ကို ဖြတ်ရိုက်လိုက်ပြီး ဟောင်ခွန်၏ ဝမ်းဗိုက်ကို တိုက်ရိုက် ထိမှန်သွားခဲ့သည်။

အလွန်ကြောက်စရာကောင်းသော စွမ်းအားသည် ဟောင်ခွန်၏ဝမ်းဗိုက်ပေါ်သို့ ကျဆင်း သွားခဲ့သည်။

သံကြိုးများသည် ချက်ချင်းပင် တင်းကျပ်သွားသည်။ ဟောင်ခွန်သည် ပါးစပ်ထဲမှ သွေးတွေ စီးထွက်လာပြီး သူ၏ခန္ဓာကိုယ်သည် နောက်ပြန်ဆုတ်သွားသည်။ သို့သော် သံကြိုးတွေကို တင်းတင်းကျပ်ကျပ် ဆွဲထားဆဲသည်။

"အား……..!"

ချင်ယွင်၏ ရိုက်ချက်ကြောင့် ဟောင်ခွန်သည် ဒေါသထွက်နေပုံရသည်။ ကြောက်မက်ဖွယ်ကောင်းသော အနီရောင် အန္တရာယ်အငွေ့အသက်သည် သူ၏ ခန္ဓာကိုယ်မှ ဖြာထွက်လာပြီး ချင်ယွင်ဆီသို့ တိုက်ရိုက် ဖြတ်သန်းသွားသော သွေးနီရောင် ဓားကြီးတစ်လက်အဖြစ် ပြောင်းလဲသွားခဲ့သည်။

အနီရောင်ဓားအလင်းသည် ကြောက်မက်ဖွယ်ကောင်းသော သွေးရောင်အငွေ့အသက် ကို သယ်ဆောင်ထားပြီး ၎င်း၏စွမ်းအားသည် အနှိုင်းမဲ့ ကြောက်မက်ဖွယ် ကောင်းလှ၏။

အနီရောင်ဓားအလင်း ထွက်ပေါ်လာသည်နှင့် သူ၏ခြေထောက်အောက်ရှိ ချော်ရည်များ သည် ပြင်းထန်စွာ ပေါက်ကွဲစ ပြုလာသည်။

ချင်ယွင်၏ မျက်လုံးများသည် လေးနက်မှု အရိပ်အယောင်များဖြင့် ပြည့်နှက်လာသည်။ ဟောင်ခွန်သည် ကျောက်ဝူကျင်း ပြောခဲ့သည့်အတိုင်း အမှန်ပင် ဖြစ်သည်။ သူသည် ဓားတာအိုတွင် အလွန်ခိုင်မာသည့် ပါရမီစွမ်းရည်ကို ပိုင်ဆိုင်ထားသည်။ ထိုဓားချက်သည် တကယ်တော့ ဓား၏အနှစ်သာရ ဖြစ်သည်။

သူသည် ယင်းဓားချက်ကို သူ၏ မသိစိတ်ဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူသာ သတိရှိရှိဖြင့် ထုတ်ဖော်တိုက်ခိုက်မည်ဆိုလျှင် ထိုဓားချက်၏ စွမ်းအားက ပို၍ပင် ပြင်းထန်လာပါလိမ့်မည်။

ချင်ယွင်၏လက်ထဲမှာ စွမ်းအားများ ရုတ်တရက် တိုးမြင့်လာခဲ့ပြီး သူသည် မဟူရာသတ္တုတုတ်ကို ဝှေ့ယမ်းကာ သွေးနီရောင်ဓားကို တိုက်ခိုက် ရိုက်ချ လိုက်လေသည်။

"ဘုန်း…….!"

မဟူရာသတ္တုတုတ်သည် သွေးနီရောင်ဓားနှင့် ဆုံတိုက်မိသွားခဲ့သည်။

အကန့်အသတ်မရှိ နောက်ဆက်တွဲ စွမ်းအင်ရိုတ်ခတ်မူများ ပျံ့နှံ့သွားခဲ့ပြီး သူတို့ အောက်မှာရှိနေသော ချော်ရည်များသည် နဂါးများကဲ့သို့ ပေါက်ကွဲသွားကြသည်။

အနီရောင်ချော်ရည်များသည် မိုးရွာသကဲ့သို့ ကျဆင်းလာသည်။ ချင်ယွင်သည် မဟူရာသတ္တုတုတ်ကို သူ၏လက်ထဲတွင် ကိုင်ထားပြီး ရှောင်တိမ်းခြင်း မရှိဘဲ ရပ်နေလိုက်သည်။ အနီရောင်ချော်ရည်များသည် သူ့ကိုယ်ပေါ်သို့ ကျဆင်းလာ ခဲ့သော်လည်း ဒဏ်ရာအမှတ်သား တချက်လေးမှ ကျန်ရစ်ခဲ့ခြင်း မရှိပေ။

"ဟမ့်၊ ငါ မင်းကို မထိန်းချုပ်နိုင်ဘူးဆိုတာ ငါ မယုံဘူး" ချင်ယွင်က အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ၏ရုပ်အသွင်အပြင်က ပုံရိပ်ယောင်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏လက်ထဲမှ မဟူရာသတ္တုတုတ်က ဟောင်ခွန်ဆီသို့ အကန့်အသတ်မဲ့ အရှိန်အဟုန်ဖြင့် ပြေးသွားခဲ့သည်။

ဟောင်ခွန်၏ မျက်လုံးများသည် နီမြန်းလာပြီး သူ၏ သွေးနီရောင် အန္တရာယ် အငွေ့အသက်များက တဟုန်ထိုး ထိုးထွက်လာနေကာ ချင်ယွင်၏ မဟူရာသတ္တု တုတ်ကို တိုက်ရိုက် ကိုက်လိုက်သော ဧရာမနဂါးကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။

ဝှီး…..!

နဂါးကြီးကိုက်လိုက်သည်နှင့် ချင်ယွင်သည် မဟူရာသတ္တုတုတ်နှင့် ချက်ချင်း ရိုက်ထုတ် လိုက်သည်။

ထို့နောက် ချင်ယွင်သည် အမြန်ပြန်ဆုတ်သွားရသည်။ နောက်ဆုံးတွင် သူ၏ခန္ဓာကိုယ် တစ်ခုလုံးသည် ချော်ရည်ကန်အထက်မှာ လွင့်မျောလိုက်ရပြီး သူသည် ချော်ရည်ကန်ထဲ ကျလုနီးပါးပင် ဖြစ်သွားရသည်။

"ဟောင်ခွန်က ဒီလောက်တောင် သန်မာလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ သူ့လက်တွေ ခြေတွေကို ချည်နှောင်ထားတာတောင် သူက ဒီလောက် ပြင်းထန်တဲ့ တိုက်ခိုက်မှုကို အသုံးချနိုင်တုန်းပဲ။" ချင်ယွင် အံ့သြသွားသည်။

သို့သော် ပို၍ခက်ခဲလေ၊ ချင်ယွင်၏ တိုက်ခိုက်လိုစိတ်က ပို၍ နိုးကြားလာလေလေ ဖြစ်သည်။

ချင်ယွင်၏ နှလုံးသားထဲတွင် ပြင်းထန်သော တိုက်ခိုက်လိုသည့်ဆန္ဒ ပေါ်လာပါသည်။ ချင်ယွင်၏ ခန္ဓာကိုယ်မှ အဆုံးမရှိသော အငွေ့အသက်တစ်ခုက ချက်ချင်း ထွက်ပေါ် လာသည်။ သူ၏ခြေဖဝါးအောက်ရှိ ချော်ရည်များသည် ရေဝဲတစ်ခုကဲ့သို့ ချက်ခြင်း လှည့်ပတ်သွားကာ မဟူရာသတ္တုတုတ်ကို ကိုင်ထားသည့် သူ၏လက်သည် လှပသော အဖြူရောင်အလင်းတန်းတစ်ခုဖြင့် ဖုံးလွှမ်းသွားပုံရသည်။

ဝှီး……!

ချင်ယွင်၏ခြေချောင်းများက လေဟာနယ်ကို တစ်ချက် ထိတွေ့လိုက်သည်နှင့် သူ၏ ရုပ်အသွင်အပြင်သည် ပုံရိပ်ယောင်အများအဖြစ်သို့ တဖန် ပြောင်းသွားပြန်သည်။ သူ၏လက်ထဲမှ မဟူရာသတ္တုတုတ်သည် ချက်ချင်းဆိုသလို လှည့်ပတ်သွားကာ ကျယ်လောင်သည့် ပေါက်ကွဲသံတချက် ဖြစ်ပေါ်စေသည်။

ဟောင်ခွန်သည် ချင်ယွင်ကို တိုက်ခိုက်ရန်အတွက် ခြိမ်းခြောက်နိုင်စွမ်းကြီးမားသော နဂါးကြီးကို ထိန်းချုပ်ထားရင်း အရူးအမူး အော်ဟစ်နေသေးသည်။

"ဘုန်း……..!"

မဟူရာသတ္တုတုတ်သည် ရန်လိုနေသော အနီရောင်နဂါးကြီး၏ ကိုယ်ခန္ဓာကို တိုက်ရိုက် ထိမှန်သွားပြီး ရန်လိုနေသော အနီရောင်နဂါးကြီးကို ချက်ချင်း ပြိုကွဲသွားစေသည်။

တစ်ချိန်တည်းမှာပဲ, ချင်ယွင်၏ မဟူရာသတ္တုတုတ်သည် ဟောင်ခွန်၏ ရင်ဘတ်ကို တစ်ဖန် ထိမှန်သွားပြန်သည်။

"ဖူး………!"

ဟောင်ခွန်သည် ချက်ချင်းပင် ပါးစပ်ထဲ သွေးများ လွင့်ထွက်သွားသည်။

"အခုပဲ!" ချင်ယွင်က အေးစက်စွာ အော်လိုက်သည်။

သူ၏ရုပ်အသွင်အပြင်က ပုံရိပ်ယောင်တစ်ခုအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားပြီး ဟောင်ခွန်ရှေ့မှာ ပေါ်လာသည်။ သူသည် သူ၏လက်ဖဝါးကို လှန်လိုက်ပြီးနောက် ထူးခြားသော စွမ်းအားအပြည့်ဖြင့် ဖန်တီးထားသော ကြာစိမ်းတစ်ပွင့်က ဟောင်ခွန်၏ မျက်ခုံးကြားကို တိုက်ခိုက်လိုက်သည်။

ဟောင်ခွန်၏ ခန္ဓာကိုယ်သည် တစ်ခဏမျှ ရပ်တန့်သွားပြီး ပြင်းပြင်းထန်ထန် အော်ဟစ်သံ ထွက်ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အနီရောင် အန္တရာယ် အငွေ့အသက်များသည် အထိန်းကွပ်မဲ့စွာဖြင့် အရူးအမူး ထွက်ပေါ်နေသည်။ သူ၏ ခြေဖဝါးအောက်က ချော်ရည်များသည် ထိုကြောက်စရာကောင်းသော အငွေ့အသက်၏ ဆွဲထုတ်မူနှင့်အတူ ချက်ချင်း တုန်လှုပ်သွားကြသည်။ ကျောက်တိုင်ကို ဗဟိုပြု၍ ကြီးမားသော လေပွေမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။

ထိုမြင်ကွင်းကိုမြင်လျှင် ချင်ယွင်သည် စင်မြင့်ပေါ်ကို အမြန် ပြန်ဆုတ်သွားသည်။

ယခုလေးတင် သူသည် ထိုထူးဆန်းသောစွမ်းအင်ကို ဟောင်ခွန်၏ နီဝမ်နန်းတော်ထဲသို့ ပေးပို့ခဲ့ပြီးဖြစ်ကာ ကျန်အရာအားလုံးမှာ ရလာဒ်ကို စောင့်စားရန်ဖြစ်သည်။

"အား………."

ဟောင်ခွန်သည် ပြင်းထန်စွာ အော်ဟစ်လိုက်သည်။ သူ၏ခန္ဓာကိုယ်သည် အရူးအမူး တွန့်လိမ်နေပြီး မြေအောက်ခန်းမတစ်ခုလုံးကို ပြင်းပြင်းထန်ထန် တုန်ခါနေပါသည်။ သိသာထင်ရှားသည်မှာ၊ ထိုထူးခြားသောစွမ်းအားသည် နှလုံးသားနတ်ဆိုးကို တိုက်ခိုက် နေပြီဖြစ်ပြီး ဤနာနာကျင်ကျင် အော်ဟစ်အသံသည် နှလုံးသားနတ်ဆိုးထံမှ ထွက်ပေါ် လာသည်မှာ ထင်ရှားလှသည်။

ဟောင်ခွန်သည် အော်ဟစ်ခြင်းမရပ်မီအထိ အချိန်တစ်နာရီခန့် ကြာသွားပါသည်။ သူ၏ခွန်အားတွေ ကုန်ဆုံးသွားသကဲ့သို့ သူ၏တစ်ကိုယ်လုံးသည် ငြိမ်သက်သွား ခဲ့ပါသည်။

ဟောင်ခွန်သည် သူ၏ခေါင်းကို အနည်းငယ် မော့လိုက်ပြီး သူ၏မျက်လုံးတွေက အရင်ကလို ပြန်လည်ကြည်လင်နေပါပြီ။

"ကျေးဇူးတင်ပါတယ်!" ဟောင်ခွန်သည် စကားနှစ်လုံးကို ထုတ်ပြောလိုက်သည်။

ဟုတ်ပါသည်၊ သူကြုံတွေ့ခဲ့ရသည့်အရာတွေကို သူ သိပါသည်။ ယခုလေးတင် ချင်ယွင်က သူ့ကို ကယ်တင်ပေးခဲ့သည့် မြင်ကွင်းကို သူမြင်ပါသည်။ သို့သော်လည်း သူ အမှန်တကယ် ကျေးဇူးတင်ရသည့် အကြောင်းအရင်းကတော့ ချင်ယွင်က သူ့အပေါ်မှာ ရှိနေသည့် ကျောက်ဝူကျင်း၏ အကြံအစည်တွေကို သတ်ဖြတ်ပေးခဲ့လို့ ဖြစ်ပါသည်။

ဟောင်ခွန်ကို ကြည့်ရင်း ချင်ယွင်၏နှုတ်ခမ်းများက တွန့်ကွေးပြီး ပြုံးလိုက်ပြီး ဆက်ပြောလိုက်သည် "ဟောင်ခွန်၊ ဒီနေရာကနေ ထွက်သွားချင်လား။ ကလဲ့စားချေဖို့ ကောင်းကင်ဘုံဂိုဏ်းကို သွားချင်လား။ ဘာအချက်အလက်မှမရှိဘဲ ကလဲ့စားချေဖို့ အင်မော်တယ်ကမ္ဘာကို သွားချင်လား "။

ကောင်းကင်ဘုံဂိုဏ်းနှင့် ကျောက်ဝူကျင်းဆိုသည့်အသံကို ကြားလိုက်ရသည်နှင့် ဟောင်ခွန်၏ မျက်လုံးများသည် ပြင်းထန်သော သတ်ဖြတ်လိုသည့် အရိပ်အယောင်များဖြင့် ချက်ချင်း တောက်ပလာသည်။

"သွားချင်တယ်။ ဒါပေမယ့် ငါ့အတွင်းနတ်ဆိုးတွေက ရှိနေတုန်းပဲ။ အင်မော်တယ် အသွင်ကူးပြောင်းခြင်း ကပ်ဘေးဒုက္ခကို မကျော်လွှားနိုင်ဘဲ အင်မော်တယ်ကမ္ဘာကို တက်လှမ်းနိုင်ခြင်းမရှိမှာ ငါကြောက်မိတယ်။" ဟောင်ခွန်က ပြန်ပြောသည် ။

"မင်းရဲ့အတွင်းစိတ်ထဲမှာရှိနေတဲ့ နှလုံးသားနတ်ဆိုးတွေကို ဖယ်ရှားဖို့ ငါကူညီပေးနိုင် ပေမယ့် အခြေအနေတစ်ခုကိုတော့ မင်း သဘောတူရမယ်။" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည်။

"ပြောပါ၊ ဘယ်လို အခြေအနေမျိုးလဲ" ဟောင်ခွန်က တိုက်ရိုက် ပြောသည်။

ချင်ယွင်က ပြုံးပြီး စကားလေးခွန်း ထုတ်ပြောလိုက်သည် "ငါ့ကို သခင်အဖြစ် အသိအမှတ်ပြုလိုက်ပါ!"။

အခန်း (၄၉၉) အဖြူရောင်ကျောက်စိမ်းဆွဲသီး

"ကောင်းပြီလေ!" ဟောင်ခွန်က တိုက်ရိုက်ပင် တုန့်ပြန်လိုက်သည် ။

"အယ်?" ချင်ယွင် အံ့သြသွားသည်။

ဟောင်ခွန်က တကယ်ကြီး သဘောတူလိုက်တာလား။

ဖြစ်နိုင်တာက ချင်ယွင်က သူ့ကို အတွင်းနှလုံးသားဆိုးတွေကို ဖယ်ရှားရာမှာ ကူညီပေးနိုင်သည်ဟု သူ သံသယဖြစ်သွားတာများလား။ ချင်ယွင်က သူ့ကို အတွင်းနတ်ဆိုးတွေကို ဖယ်ရှားရာမှာ ကူညီပေးနိုင်သည့်အတွက် သခင်အဖြစ် အသိအမှတ် ဖြစ်ခဲ့သည်ဆိုလျှင်ပင် ဤသည်မှာ ကြီးမားသည့် ကိစ္စကြီးတစ်ခု ဖြစ်နေပါပြီ။ သူသည် ခဏလောက်သာ စဉ်းစားခဲ့သည်ဟု ပြောဆိုသည်သေးသည် မဟုတ်ပါလား။ ထို့အပြင် ချင်ယွင်က သူ့ကို သူ၏သခင်အဖြစ် အသိအမှတ်ပြုရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ တခြားလူတစ်ယောက်၏ အန္တရာယ်အတွင်း ကျရောက်နေသည်ကို အခွင့်ကောင်းယူပြီး လုပ်ဆောင်ခဲ့ခြင်းလည်း ဖြစ်ပေသည်။ သူ၏ ဒေါသကြီးသော စိတ်သဘောထားဖြင့်ဆို ငြင်းပယ်သင့်သည် မဟုတ်ပါလော။

ချင်ယွင်၏စိတ်ထဲက သံသယစိတ်တွေကို မြင်ဟန်ရပြီး ဟောင်ခွန်က ပြုံးပြီး ပြောသည် "မင်းက ငါ့အတွင်းနှလုံးသားနတ်ဆိုးတွေကို ဖိနှိပ်နိုင်တဲ့အတွက် မင်းက ငါ့ရဲ့အတွင်းနှလုံးသားနတ်ဆိုးတွေကို လုံးဝ ဖယ်ရှားနိုင်မယ်လို့ ငါယုံကြည်တယ်။ မင်းကို သခင်အဖြစ် အသိအမှတ်ပြုရမယ်ဆိုရင်တောင် ဘာဖြစ်လဲ။ ဟမ့်၊ ငါဟောင်ခွန် က ဝမ်အာအတွက် ကျောက်ဝူကျင်းကို သူ့အသွေးနဲ့ ယဇ်ပူဇော်ပြီး လက်စား ချေချင်နေတယ်။ တကယ်လို့ လက်စားသာချေနိုင်မယ်ဆိုရင် အစေခံတစ်ယောက် အဖြစ် အသာထား အခုဓားနဲ့ခုတ်ပြီး သေရမယ်ဆိုရင်တောင် ငါဆန္ဒရှိတယ်"။

ဟောင်ခွန်က၏ စကားကိုကြားသောအခါ ချင်ယွင်သည်လည်း တုန်လှုပ်သွားပါသည်။ သူက ခိုင်မာသည့်လေသံဖြင့် ပြောလိုက်သည် "စိတ်မပူပါနဲ့၊ မင်း ငါ့နောက်လိုက် နေသမျှ မင်းရဲ့ဆန္ဒကို ငါ သေချာပေါက် အကောင်အထည်ဖော်ပေးမှာပါ"။

ဟောင်ခွန်က ခေါင်းညိတ်လိုက်ပြီး မျက်လုံးကို မှိတ်လိုက်သည်။ ထို့နောက် သူ၏မျက်ခုံးကြားမှ အလင်းတန်းတစ်ခုကို ဆွဲထုတ်လိုက်ပြီးနောက် ချင်ယွင်၏ လက်ထဲကို ပျံသန်းသွားသည်။ ဤသည်မှာ ဟောင်ခွန်၏ စိတ်ဝိညာဉ်အမျှင်တန်းတစ်ခု ဖြစ်ပါသည်။

တကယ်တော့ ဟောင်ခွန်သည် ချင်ယွင်ကို သိပ်ကိုယုံကြည်ရသည့် အကြောင်းရင်းက ချင်ယွင်သည် သူ၏သိုင်းဧကရာဇ် ကျင့်ကြံမူအဆင့်ဖြင့် သူ၏တိုက်ခိုက်မူကို ခံနိုင်ရည် ရှိနေသည်ကို သူ တွေ့လိုက်ရခြင်းကြောင့် ဖြစ်ပါသည်။ သူ၏လက်နှင့်ခြေများကို ချည်နှောင်ထားသော်လည်း၊ ဤအရာကို သူ၏သိုင်းဧကရာဇ်အဆင့် ကျင့်ကြံမှုဖြင့် ပြုလုပ်နိုင်သည်ကို အမှန်တကယ် စိတ်ကူးလို့ပင်မရပါချေ။

ထို့အပြင် သူဟောင်ခွန်ကိုယ်တိုင်ကလည်း မူလကတည်းက မွန်းစတားတစ်ယောက် အဖြစ် ချီးကျူးခံခဲ့ရသူ ဖြစ်ပါသည်။ ဝမ်အာသေဆုံးသွားခြင်းကြောင့်သာ၊ ထိုသို့မဟုတ်လျှင် သူ့အပေါ်မှာ နှလုံးသားနတ်ဆိုးကို စိုက်ပျိုးခွင့်ပြုမှာ မဟုတ်သလို အညှာတာကင်းမဲ့စွာ လုပ်ကြံခြင်း ခံရမည်လည်း မဟုတ်ပေ။ ယခုအချိန်တွင် သူသည် အင်မော်တယ်ကမ္ဘာအထိ တက်လှမ်းသွားပြီး ဖြစ်နေလောက်ပါပြီ။

သို့သော် မွန်းစတားတစ်ယောက်အဖြစ် သူ့ကိုယ်သူသိသော သူသည်ပင် ချင်ယွင်ကဲ့သို့ သိုင်းဧကရာဇ်ကျင့်ကြံမူအဆင့်ဖြင့် အထွတ်အထိပ်အဆင့် အင်မော်တယ် အသွင်ကူးပြောင်းခြင်းနယ်ပယ် ကျွမ်းကျင်ပညာရှင်တစ်ဦးကို တွန်းလှန်တိုက်ခိုက် နိုင်မည် မဟုတ်ကြောင်း သူသာ သိပါသည်။ အစောပိုင်းအဆင့် တာအိုအငွေ့အရည် ဖွဲ့ခြင်းနယ်ပယ် ကျွမ်းကျင်ပညာရှင်ကို တွန်းလှန်နိုင်လျှင်ပင် ထိပ်တန်း ပါရမီရှင်တစ်ဦး အဖြစ် သတ်မှတ်ခံရပြီး ဖြစ်ပါလိမ့်မည်။

ချင်ယွင်သည် အနည်းငယ်မျှ တုန့်ဆိုင်းခြင်းမရှိဘဲ ဟောင်ခွန်၏ စိတ်ဝိညာဉ် အမျှင်တန်းကို သူ၏ နီဝမ်နန်းတော်ထဲသို့ တိုက်ရိုက် ထည့်သွင်းလိုက်ပါသည်။ ချက်ခြင်းတွင် ချင်ယွင်၏ စိတ်ထဲတွင် ဟောင်ခွန် နှင့် ဆက်သွယ်နေသည့် သဲလွန်စ ထွက်ပေါ်လာသည်။

"သခင်!" ဟောင်ခွန်ကက သူ၏စိတ်ဝိညာဉ်ကို ချင်ယွင်က ချည်နှောင်ထားသည်ကို ခံစားမိသော်လည်း သူသည် လုံးဝ နောင်တမရပေ။ သူသည် ရိုသေလေးစားစွာ ခေါ်လိုက်သည်။

"ကောင်းပြီ၊ မင်းက ငါ့ကို သခင်လို့ ခေါ်နေစရနေမလိုဘူး။ မင်း ငါ့ကို သခင်လေးလို့ ခေါ်လို့ရတယ်။" ချင်ယွင်က ပြောသည်။

"ဟုတ်ကဲ့ပါ သခင်လေး" ဟောင်ခွန်က လေးလေးစားစားနှင့် ပြောလိုက်ပါသည်။

ချင်ယွင်က ခေါင်းညိတ်ပြပြီး သူ၏မျက်နှာသည် ရေကဲ့သို့ ငြိမ်သက်နေသည်။

အမှန်တကယ်မှာတော့ ချင်ယွင်၏ နှလုံးသားထဲမှာ ပျော်ရွှင်မှုတွေနှင့် ပြည့်နှက် နေခဲ့ပါပြီ။ သူသည် သေမျိုးကမ္ဘာတွင် အမြင့်ဆုံး ကျင့်ကြံမူအဆင့်တွင် ရှိနေသည့် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်ရှိ လက် အောက်ငယ်သားတစ်ဦးကို ရရှိခဲ့ခြင်း ဖြစ်ပါသည်။ အနာဂတ်မှာ၊ သူသည် သေမျိုးကမ္ဘာ တစ်ခုလုံးကို အလျားလိုက်ရော ဒေါင်လိုက်ပါ စိတ်တိုင်းကျ သွားလာနိုင်မည် မဟုတ်ပါလား။

ဟုတ်ပါသည်။ ချင်ယွင်သည် ဟောင်ခွန်ကို လက်အောက်ခံအဖြစ် ထိန်းချုပ်လိုရသည့် အရေးကြီးဆုံး အကြောင်းရင်းတစ်ခုကတော့ သူသည် သိပ်မကြာခင်မှာ ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ရတော့မည့် အကြောင်းအရင်းကြောင့်လည်း ဖြစ်ပါသည်။ ထိုအချိန်တွင် သူကြောင့်ဖြစ်ပေါ်လာသော အရှိန်အဟုန်သည် ပင်လယ်ပြင်တစ်ခုလုံးကို တုန်လှုပ်စေမည်မှာ သေချာသည်။ အကယ်၍ သူသည် အစွမ်းထက်သော အစောင့်ကြပ်ပေးမည့်သူ မရှိပါက ကပ်ဘေးဒုက္ခကို ဖြတ်ကျော်သည့် ဖြစ်စဉ်အတွင်းမှာ သူ သေဆုံးသွားဖွယ် ရှိပါသည်။

"ကောင်းပြီ ဒီသံကြိုးတွေကို ငါဖြတ်ပြီး မင်းကို အခုပဲ လွှတ်ပေးမယ်။" ချင်ယွင်က ပြောသည်။

"သခင်လေး၊ ဒီသံကြိုးတွေကို ကြက်သွေးရောင်မီးလျှံအဆီအနှစ်သံမဏိ နဲ့ ပြုလုပ်ထား တာပါ။ အစီအရင်ဝင်္ကပါရဲ့ ပံ့ပိုးမှုနဲ့အတူ၊ ၎င်းတို့ရဲ့ မာကျောမှုက အဆင့်နိမ့်အဆင့် အင်မော်တယ်ပစ္စည်းတစ်ခုနဲ့ ယှဉ်နိုင်လုနီးပါးပဲ။ ဖြတ်တောက်ဖို့က အရမ်းကို ခက်ခဲပါတယ်။" ဟောင်ခွန်က သတိပေးလိုက်သည်။

"အလွန်ခက်ခဲတာလား?" ချင်ယွင်က မထီမဲ့မြင် ပြုံးပြီး သူ၏ခါးမှ မြူနှင်းချောက်နက် ဓားကို ထုတ်လိုက်ပါသည်။

ဝှီး.........!

ချင်ယွင်၏ ရုပ်အသွင်အပြင်သည် သံကြိုးတစ်ချောင်းဆီသို့ တိုက်ရိုက် ပျံသန်းနေ သကဲ့သို့ ထွက်ပေါ်လာသည်။ ဓားချီက တဟုန်ထိုး ထွက်ပေါ်လာပြီး ခုတ်ပိုင်း ပစ်လိုက်သည်။

"ဖန်း.......!"

သံကြိုးက ချက်ချင်း ပြတ်သွားပါသည်။

ဟောင်ခွန်သည် ချက်ချင်းပင် မယုံကြည်နိုင်သော အမူအရာ ထုတ်ဖော်လိုက်လေသည်။

ထို့နောက် ချင်ယွင်သည် ထိုနည်းအတိုင်းလုပ်ဆောင်ပြီး ကျန်သံကြိုးလေးချောင်းကို လည်း ထိုနည်းအတိုင်း တိုက်ရိုက် ဖြတ်တောက်ပစ်လိုက်သည်။

"ဟား...။ဟား.....၊ နောက်ဆုံးတော့ ငါ လွတ်မြောက်သွားပြီ။" ဟောင်ခွန်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ချည်နှောင်ထားခြင်း မရှိတော့သည့် လက်ခြေ များကို ကြည့်ကာ သူ၏မျက်နှာက စိတ်အားတက်ကြွနေသည့် အမူအယာ ပေါ်လာပါသည်။

ချင်ယွင်သည် သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့်အနှင့် လေထဲတွင် လွင့်မျောနေ လေသည်။

ဒီနေ့ကစပြီး သူ့လက်ထဲမှာ နောက်ထပ် စစ်သူကြီးတစ်ယောက် ရှိလာလေပြီ။

ဒီလှိုဏ်ဂူကို တစ်ယောက်တည်း ခရီးထွက်လာသည့်အကြောင်းကို ပြန်စဉ်းစားရင်း ချင်ယွင်သည် သူ၏လက်အောက်ငယ်သား သုံးယောက်ကို အနိုင်ယူနိုင်ခဲ့သည်။

ရေခဲဝိညာဉ်မျိုးနွယ်စု၏ အဖွဲ့ဝင်တစ်ဦးအနေဖြင့် လင်းဝူရွှန်း၏ စွမ်းရည်သည် အကန့်အသတ် မရှိပေ။ ဧကရာဇ်ပျားဘုရင်မသည်လည်း ကြီးထွားခြင်း မရှိသေးပေ။ သူမ၏ခွန်အားများ တိုးလာသည်နှင့်အမျှ သူမသည် နတ်ဆိုးသားရဲစစ်တပ်ကို ဖန်တီးနိုင်ပါလိမ့်မည်။ ဟောင်ခွန်အနေဖြင့်မူ၊ သူ၏စွမ်းအားသည် အင်မော်တယ် အသွင်ကူးပြောင်းခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်ကို ရောက်ရှိနေပါပြီ။ သူ့ကို ယခုလောလောဆယ်မှာ နှလုံးသားနတ်ဆိုးမှ ဖိနှိပ်ထားသော်လည်း၊ သူသည် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ မရောက်ရှိ သေးသည့် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ် နှောင်းပိုင်းအဆင့်ရှိ ကျွမ်းကျင်ပညာရှင်များကို ချက်ခြင်း သတ်ပစ်နိုင်မည် ဖြစ်ပါသည်။

ချင်ယွင်အနေဖြင့်၊ ဤလှိုဏ်ဂူသို့ သွားသည့်ခရီးစဉ်သည် အကျိုးအမြတ် ကြီးမားလှပါသည်။

သို့သော် သူရိတ်သိမ်းချိန်ရောက်လာစဉ်မှာ ချင်ယွင်သည် ဟောင်ခွန်၏အောက်ရှိ ကျောက်တိုင်ဆီသို့ လှည့်ကြည့်လိုက်ပါသည်။

ဟောင်ခွန်သည် ချင်ယွင်၏ ဆိုလိုရင်းကို ချက်ခြင်း နားလည်သွားပါသည်။ သူ၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး သူ၏အောက်ရှိ ကျောက်တိုင်ကို တိုက်ရိုက် ရိုက်ခွဲလိုက်ပါသည် ။

"ဘုန်း.................... !"

ကြောက်စရာကောင်းသော အင်အားတစ်ခုက ကျောက်စာတိုင်ကို ချက်ချင်း တိုက်ခိုက်သည်။ ကျောက်စာတိုင်သည် ပေါက်ကွဲသွားပြီး လူတိုင်း၏ အမြင်အာရုံထဲတွင် တောက်ပသော အလင်းရောင်တစ်ခု ပေါ်လာပါသည်။

အဖြူရောင်ကျောက်စိမ်းဆွဲသီးတစ်ခုသည် လေထဲတွင် လွင့်ပျံနေပြီး အင်မော်တယ် စွမ်းအင်အမျှင်တစ်ခု ထွက်ပေါ်နေသော သန့်စင်သော အလင်းရောင်တစ်ခုကို ထုတ်လွှတ်သည်။

"အင်မော်တယ်နန်းတော်သော့!"

ချင်ယွင်လည်း ရွှင်မြူးသောအမူအရာ ဖြစ်ပေါ်လာပြီး ကျောက်စိမ်းဆွဲသီးကို သူ၏ လက်ထဲတွင် ချက်ချင်း ဆုပ်ကိုင်လိုက်သည်။

ကျောက်စိမ်းဆွဲသီးသည် ရေခဲလိုအေးစက်နေပြီး ၎င်းမှထုတ်လွှတ်သော အင်မော်တယ် ဝိညာဉ်စွမ်းအင်သည် လန်းဆန်းတက်ကြွစေပါသည်။

"နဂါးကိုးကောင် အရိုအသေပေးနေတာလား?" ချင်ယွင်သည် အဖြူရောင် ကျောက်စိမ်း ဆွဲသီးပေါ်ရှိ ပုံစံကိုကြည့်ပြီး အံ့အားသင့်သော အမူအရာ ပေါ်လာသည်။

အဖြူရောင် ကျောက်စိမ်းဆွဲသီးကို အရှေ့အရပ်ကိုလှည့်ကာ ဂါရဝပြုနေသော ဧရာမ နဂါးကြီးကိုးကောင် ပုံစံဖြင့် ထွင်းထုထားပြီး ၎င်းတို့သည် တန်ခိုးကြီးသည့်ပုဂ္ဂိုလ်တစ်ဦး ကို ကိုးကွယ်နေသလိုပင်။ ဤပုံစံသည် တုလုံကျွန်းတွင် ချင်ယွင်မြင်ခဲ့ဖူးသည့် နဂါးကိုးကောင် အရိုအသေပေးနေသည့်ပန်းချီနှင့် အတိအကျ တူသည်။

"ကြည့်ရတာ၊ အင်မော်တယ်ဘုရင်နန်းတော်ရဲ့ ပိုင်ရှင်ဟာ နဂါးမျိုးနွယ်စုနဲ့ အလွန် ဆက်စပ်မှုရှိပုံရသည်။" ချင်ယွင်သည် သူ့ကိုယ်သူ တွေးလိုက်မိသည်။

နဂါးကိုးကောင် အရိုသေပေးနေသည့်ပန်းချီဘဲ ဖြစ်ဖြစ်၊ တုလုံကျွန်းမှာ ဖိနှိပ်ခံထားရသော မီးနဂါးကြီး၊ သို့မဟုတ် ထိုမီးနဂါးကြီး၏ပါးစပ်မှ ဖော်ပြထားသော နဂါးဘုရင်၏ ကျောက်စိမ်းတံဆိပ်ဘဲဖြစ်ဖြစ်၊ ဤအရာအားလုံးသည် အင်မော်တယ် ဘုရင်နန်းတော် ၏ ပိုင်ရှင်သည် နဂါးမျိုးနွယ်စုဝင်ဖြစ်ကြောင်း ညွှန်ပြနေပါသည်။

"ဒီအကြောင်း မပြောနဲ့တော့။ အရင် အပြင်ထွက် ကြည့်ရအောင်။ အဆုံးမဲ့ ချောက်နက်ကြီးထဲမှာရှိနေတဲ့ အင်မော်တယ်ဘုရင်နန်းတော်အတွက်ကတော့၊ ငါ အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်ကို ဝင်ရောက်ပြီးတဲ့အထိ စောင့်ရဦးမယ်။ ငါ့ရဲ့လက်ရှိ ခွန်အားနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မှာ မဟုတ်ဘူး။" ချင်ယွင်သည် သူ့ကိုယ်သူတွေးလိုက်ပြီး အဖြူရောင်ကျောက်စိမ်းဆွဲသီးကို ကောင်းကင်ဘုံကိုးအလွှာ ကြယ်စင်စုပုံကြမ်းထဲသို့ ထည့်လိုက်ပါသည်။

ချင်ယွင်သည် ဟောင်ခွန်ကို သူ၏ကောင်းကင်ဘုံကိုးအလွှာကြယ်စင်စုပုံကြမ်းထဲသို့ မထည့်တော့ဘဲ သူ့နောက်မှ လိုက်ကာ ဒုတိယထပ်ကို လျှောက်သွားစေပါသည်။

ယခုအချိန်အတွင် ဧကရာဇ်ပျားဘုရင်မနှင့် အခြားသူများသည် ဒုတိယထပ်တွင် ရှိနေသေးသည်။ ထို့ကြောင့် ချင်ယွင်သည် သူတို့နှင့်အတူ အပြင်သို့ ထွက်ရလိမ့်မည်။

လှိုဏ်ဂူ၏ ဒုတိယထပ်ရှိ ခန်းမဆောင်တွင်၊ ဧကရာဇ်ပျားဘုရင်မသည် စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေခဲ့ပြီး တစ်ခါတစ်ရံ လှေကားထစ်များဘက်ကို မော့ကြည့်လိုက်၊ ရံဖန်ရံခါ တင်ပျဉ်ခွေထိုင်နေသော လျှပ်စွမ်းစွမ်းရည်ကိုယ်ပွားဖြစ်သော ချင်ယွင်ကို ကြည့်လိုက် ဖြင့် ဂနာမငြိမ် ဖြစ်နေလေသည်။

ဒေါင်!

ထိုအချိန်တွင် လှေကားမှ အသံတစ်ခု ထွက်ပေါ်လာသည်။ ဧကရာဇ်ပျားဘုရင်မသည် ချက်ချင်းပင် ထိတ်လန့်တကြား ထရပ်လိုက်သည်။

နင်ရှင်း နှင့် ဇီရှန်တို့သည် ခပ်အုတ်အုတ်အသံကို ကြားလိုက်သည်နှင့် လှေကားထစ်ကို ကြည့်ရန် မျက်လုံးဖွင့်လိုက်ကြပါသည်။

ချင်ယွင်၏ရုပ်အသွင်အပြင် ထွက်ပေါ်လာသည်ကို တွေ့လိုက်သောအခါ အားလုံးက ပြုံးလိုက်ကြသည်။

အထူးသဖြင့် ဧကရာဇ်ပျားဘုရင်မက သက်ပြင်းတစ်ချက်ချကာ ချင်ယွင်ကို ပြုံးပြပြီး ပြောသည် "သခင်၊ သခင်က တတိယထပ်မှာရှိတဲ့ အဲဒီနတ်ဆိုးကို သတ်လိုက် တာလား။"

သို့သော် သူမပြောပြီးသည်နှင့် သူမ၏ မျက်နှာသည် ပြောင်းလဲသွားသည်။ ချင်ယွင်၏ နောက်တွင် ဆံပင်ဖြူနှင့်အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို သူမ တွေ့လိုက်ရပါသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်များက သူမကို ဖော်ပြ၍ပင် မဖြစ်နိုင်အောင် ကြောက်ရွံ့စေသည်။ ဤအငွေ့အသက်သည် တတိယထပ်တွင်ရှိသော နတ်ဆိုးကောင်၏ အငွေ့အသက်ဖြစ်ကြောင်း သူမကို ချက်ချင်း သဘောပေါက် သွားစေပါသည်။

ဇီရှန် နှင့် နင်ရှင်းတို့သည်လည်း အသက်လတ်ပိုင်းအရွယ် အမျိုးသားကို သတိထားနေသော မျက်နှာထားဖြင့် ကြည့်လိုက်ကြသည်။ ဆံပင်ဖြူနှင့် အသက်လတ်ပိုင်းအရွယ် အမျိုးသားက သူမတို့ကို ကြောက်စရာကောင်းသည့် ခံစားချက်မျိုးကို ပေးနေခဲ့ပါသည်။

သို့သော် ဟောင်ခွန်၏ နောက်ထပ်စကားက ရောက်ရှိနေသူအားလုံးကို အံ့အား သင့်စေခဲ့ပြီး သူတို့၏မေးရိုးများ မြေပြင်ပေါ်သို့ ပြုတ်ကျလုနီးပါး ဖြစ်သွားကြသည်။

"သခင်လေး...၊ ဒီလူတွေအားလုံးက သခင်လေးရဲ့သူငယ်ချင်းတွေလား" ဟောင်ခွန်က မေးသည်။

"သခင်လေးလား.....?" ဧကရာဇ်ပျားဘုရင်မနှင့် ဇီရှန်တို့သည် ဤအခေါ်အဝေါ်ကို ကြားသောအခါတွင် သူမတို့၏နားရွက်များ ကွဲသွားသည်ဟု ထင်မှတ်သွားရကာ ဂယောင်ချောက်ချား ဖြစ်နေကြသည်။

ပြိုင်ဘက်ကင်းကျွမ်းကျင်ပညာရှင်တစ်ဦးက ချင်ယွင်ကို တကယ်ကြီး "သခင်လေး"ဟု ခေါ်တိုက်တာလား?။

အခန်း(၅၀၀) ကစားစရာအချို့ရှိနေသေးသည်။

ဧကရာဇ်ပျားဘုရင်မ နှင့် ဇီရှန်တို့သည် ဤကျွမ်းကျင်ပညာရှင်က ချင်ယွင်ကို သခင်လေးဟု ခေါ်လိုက်သောကြောင့် အံ့သြတုန်လှုပ်နေစဉ်မှာ လှိုဏ်ဂူ၏အပြင်ဘက် စင်မြင့်ပေါ်တွင် လူနှစ်ယောက် မတ်တပ်ရပ်နေပါသည်။

သူတို့ထဲမှ တစ်ယောက်သည် ရွှေရောင်ချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားပါသည်။ ကျန်တစ်ယောက်က ငွေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး လက်တစ်ဖက် ပြတ်နေပါသည်။

မှန်ပါသည်။ သူတို့နှစ်ဦးကတော့ စောစောလေးက လွတ်မြောက်သွားကြသည့် ကျင်းယွန်နှင့် ချင်ယွင်၏လက်တစ်ဖက်ဖြတ်တာ ခံလိုက်ရသည့် ယန်ဟန်တို့ ဖြစ်ကြပါသည်။

"အစ်ကိုကြီး၊ မင်း လင်းယွင်ကို ဒီအတိုင်း လွှတ်ထားလို့မရဘူးနော်။ သူက ငါ့လက်တစ်ဖက်ကို ဖြတ်ပစ်လိုက်တယ်။ ဒီရန်ကြွေးကို သေချာပေါက် လက်စားချေပေးရမယ်။" ယန်ဟန်က ဒေါသတကြီး ပြောသည်။ ချင်ယွင်က သူ၏ လက်တစ်ဖက်ကို ဖြတ်ပစ်လိုက်သည်ကို ပြန်တွေးရင်း သူသည် မုန်းတီးစွာဖြင့် သူ၏သွားတွေကို တင်းတင်းကြိတ်လိုက်မိပါသည်။

သူ၏အဓိအခန္ဓာကိုယ်သည် ငွေရောင်မုတ်ဆိတ် ဓားသွားငါးမန်းကြီးတစ်ကောင် ဖြစ်ပြီး ပြတ်သွားသောလက်မောင်းတစ်ဖက်ကို ပြန်လည်ဖြစ်ပေါ်လာရန် လုပ်ဆောင်နိုင်စွမ်း မရှိပေ။ သူ၏ ကျင့်ကြံမူအဆင့်သည် အစစ်အမှန် အင်မော်တယ်နယ်ပယ်သို့ ရောက်ရှိပြီး၊ အင်မော်တယ်သားရဲအဖြစ် သူ၏ အင်မော်တယ် ခန္ဓာကိုယ်ကို ပုံပြန်သွင်းနိုင်ခြင်းမရှိဘူးဆိုလျှင် သူ၏လက်သည် အမြဲတမ်း ကျိုးသွားနေပါလိမ့်မည်။

လျှို့ဝှက်ဆန်းကြယ်လိပ်နန်းတော်၏ တပ်မှူးကြီးဖြစ်သော သူသည် လက်တစ်ဖက် တည်းသာ ကျန်ရှိတော့ည့်အဖြစ်ပျက်ကို တွေးတောရင်း၊ သူသည် အနာဂတ်တွင် လူစုလူဝေးမှာ မည်သို့ ယုံကြည်မူ ရှိနိုင်တော့မည်နည်း။ ပို၍ပင် မုန်းတီးစရာ ကောင်းသည်မှာ တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်၏ အစောပိုင်းအဆင့်မှာ ရှိနေသော နတ်ဆိုးသားရဲတစ်ကောင်က သူ၏လက်ကို ပိုင်းဖြတ်လိုက်ခြင်း ဖြစ်နေတာကိုပါ။ အကယ်၍ ဤသတင်းသာ ပျံ့နှံ့သွားမည်ဆိုလျှင် သူသည် မည်သူ့ကိုမျှ မျက်နှာပြဝံ့တော့မည် မဟုတ်ပေ။

"ဟမ့်၊ တကယ်လို့ ဇီရှန်သာ ရုတ်တရက် ပေါ်မလာခဲ့ရင်၊ အဲဒီကောင်စုတ်လေးက အသက်မသေသေးတဲ့ ငါ့လက်အောက်ငယ်သားအစေခံ ဖြစ်နေလောက်ပြီ။ သူက အခုအချိန်အထိ ဘယ်လိုလုပ် အသက်ရှင်နေဦးမှာလဲ။" ကျင်းယွန်သည်လည်း အေးစက်စွာ အော်ပြောလိုက်သည်။ သူ၏နှလုံးသားသည် ချင်ယွင်ကို သတ်ဖြတ်လို သည့်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။

"အစ်ကိုကြီး၊ ငါတို့ အခုဘာလုပ်ကြမလဲ" ယန်ဟန် မေးလိုက်သည်။

"ဒီမှာ ခဏစောင့်ရအောင်။ ဒီနေရာက ဒီလှိုင်ဂူရဲ့ တစ်ခုတည်းသော ဝင်ပေါက်ပဲ။ သူတို့ အထဲမှာ မသေဘူးဆိုရင် ဒီဂူထဲကနေ သေချာပေါက် ထွက်လာလိမ့်မယ်။ အချိန်တန်ရင် ငါတို့ အတူတူလက်တွဲပြီး ဖြေရှင်းကြမယ်" ကျင်းယွန်က တင်းမာစွာ ပြောလိုက်ပြီး သူ၏ရွှေရောင်မျက်လုံးများက သတ်ဖြတ်လိုစိတ်များ ပြည့်နေသည်။

"ဒါပေမယ့် သူတို့မှာ ဇီရှန်နဲ့ဧရာမဝေလငါးနန်းတော်ရဲ့ ဆံပင်ဖြူအဘိုးကြီး ဝေဖန်းတို့ ရှိနေတယ်လေ။ သူတို့ပူးပေါင်းလိုက်ရင် ငါတို့က သူ့တို့အတွက် ပြိုင်ဘက်မဟုတ်မှာကို ငါကြောက်မိတယ်။" ယန်ဟန်က စိုးရိမ်တကြီး ပြောလိုက်ပါသည်။

ကျင်းယွန်သည် ထိုစကားကိုကြားလျှင် သူက ပြုံးပြီး ပြောပြပါသည် "စိတ်မပူပါနဲ့။ ဧရာမဝေလငါးနန်းတော်ရဲ့ဝေဖန်းက သေသွားခဲ့ပြီ။ အရင်က လိုဏ်ဂူထဲမှာ ဝေဖန်းနဲ့ ငါ တိုက်ခိုက်ဖြစ်သေးတယ်။ သူ့ခန္ဓာကိုယ်မှာ ငါ့ရဲ့စိတ်ဝိညာဉ် အမှတ်အသားကို တိတ်တဆိတ် ထားခဲ့လိုက်တယ်။ မူလကတော့ သူ ဒဏ်ရာပြင်းပြင်းထန်ထန် ရနေချိန်မှာ သူ့ကိုကိုင်တွယ်ရန် ဒီအခွင့်အရေးကို ရယူဖို့ ငါ စီစဉ်ထားခဲ့တာပါ”

"သေပြီလား။ ဒါဆို ဧရာမဝေလငါးနန်းတော်ရဲ့မင်းသမီးလေးရယ်၊ ဇီရှန် နဲ့ လင်းယွင် တို့ပဲ ဒီလှိုဏ်ဂူထဲမှာ ကျန်တော့တာပေါ့" ယန်ဟန်၏ မျက်လုံးများ ချက်ချင်း ဝင်းလက် တောက်ပလာသည်။

"မှန်တယ်။ ဇီရှန်ကို ငါ တားဆီးနိုင်တာနဲ့ လင်းယွင်နဲ့ ဧရာမဝေလငါးနန်းတော်ရဲ့ မင်းသမီးလေးကို ကိုင်တွယ်ဖြေရှင်းဖို့က မင်းအတွက် ပြဿနာမဖြစ်သင့်ဘူး မဟုတ်လား" ကျင်းယွန်၏ နှုတ်ခမ်းများသည် အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားသည်။

"သေချာတာပေါ့။ လင်းယွင်က ငါ့လက်တစ်ဖက်ကို ဖြတ်လိုက်ပေမဲ့ အဲဒါက အရင်က ငါ သတိမထားမိလိုက်လို့ပါ။ ဒီတစ်ခါတော့ ငါယန်ဟန်က ဘယ်လောက် အစွမ်းထက် တယ်ဆိုတာ သူ့ကို ပြောပြရမှာတော့ပေါ့။" ယန်ဟန်က စိတ်လှုပ်ရှားစွာ ပြောလိုက်ရင်း

ကျန်နေသည့် သူ၏လက်မောင်းတဖက်ကို တဖျစ်ဖျစ်မြည်အောင် ဆုပ်လိုက်ပါသည်။

ကျင်းယွန်၏ အထင်သေးဟန်အပြုံးက ပို၍ပို၍ပင် ကြီးမားလာရင်း သူက သတိပေးစကား ပြေလိုက်သည် “သိပ်ပြီး သတိမပေါ့လျော့မိစေနဲ့။ အဲဒီ ကောင်စုတ်လေးက ဂေါ့ရှန်းကို သတ်ပစ်လိုက်တာ။ သူရဲ့ခွန်အားက အမှန်တရားသို့ ပြန်လည်ခြင်းနယ်ပယ် အစောပိုင်းအဆင့်နဲ့ မကလောက်ဘူး။ ဒါ့အပြင်၊ သူ့မှာ နည်းလမ်းပေါင်း မြောက်များစွာလည်း ရှိနေသေးတယ်။ မင်းသတိပေါ့ဆလိုက်တာနဲ့ နောက်တကြိမ် သူ့လက်ခုတ်ထဲကို ပြန်ရောက်သွားလိမ့်မယ်။"။

"စိတ်မပူပါနဲ့ အကိုကြီး။ ဒီတစ်ခါတော့ စွမ်းအားအကုန် သုံးရမယ်ဆိုတာ ငါ သေချာပေါက် သိပါပြီ။ ဒီလင်းယွင်ရဲ့အသားကို ဓားနဲ့လှီးဖြတ်ပြီး နောက်ကျမှ ခံစားရတဲ့ဝေဒနာက ဘာကိုဆိုလိုလဲဆိုတာ ငါ သူ့ကို သိခွင့်ပေးမယ်။ ဧရာမဝေလငါး နန်းတော်ရဲ့ မင်းသမီးလေးအတွက်လား။ ဟမ့်၊ သူမက ဘာတိုက်ပွဲ အတွေ့အကြုံမှ မရှိတဲ့ မိန်းကလေးတစ်ယောက် သာသာပါပဲ။ သူမက ငါ့ဓားတစ်ချက်ကိုတောင် ခံနိုင်ရည်ရှိမှာ မဟုတ်ပါဘူး” ယန်ဟန်က ‌အထင်သေးဟန်ဖြင့် ပြောလိုက်သည်။

ကျင်းယွန်က ခေါင်းညိတ်လိုက်သည်။ သူ့ညီငယ်၏ ခွန်အားကို သူ ယုံကြည်ပါသည်။ လက်တစ်ဖက် ပြတ်သွားသော်လည်း သူသည် အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ် ၏ နှောင်းပိုင်းအဆင့်တွင် ရှိနေပါသေးသည်။ လိပ်နက်နန်းတော်၏ တပ်မှူးကြီးတစ်ဦး ဖြစ်လာနိုင်စွမ်းပင်ရှိခဲ့သည့် သူ၏ခွန်အားသည် ထူးထူးခြားခြား ရှိနေရမည် ဖြစ်ပါသည်။ သူသည် အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ်၏ အစောပိုင်းအဆင့်မှာရှိနေသော နတ်ဆိုးသားရဲနှစ်ကောင်ကို ရင်ဆိုင်ရန် လုံလောက်ပါသည်။

"အစ်ကိုကြီး၊ ဇီရှန်နဲ့ပတ်သက်ပြီး ဘာလုပ်ဖို့ စီစဉ်ထားလဲ" ယန်ဟန်က ကမန်းကတန်း မေးလိုက်သည်။

ဇီရှန်က ​​ပြဿနာကြီးတစ်ခု ဖြစ်သည်။ ယခုတစ်ကြိမ်မှာ သူတို့သည် ဧရာမ ဝေလငါးနန်းတော်၏ မင်းသမီးလေးကို တိုက်ခိုက်ခဲ့ကြသည်။ ဤကိစ္စသည် အပြင်ကို ပြန့်လို့မရပေ။ အကယ်၍ အပြင်ကို ပြန့်သွားသည်နှင့် သူတို့သည် ဧရာမ ဝေလငါးနန်းတော်၏ နန်းတော်သခင်ကိုယ်တိုင် လိုက်လံဖမ်းဆီးကို သေချာပေါက် ဆွဲဆောင်သလို ဖြစ်သွားလိမ့်မည်။ ထို့ကြောင့် သူတို့သည် မည်သူ့ကိုမျှ အသက်ရှင်လျှက် ထွက်သွားခွင့် ပြုလို့မရပေ။

ထို့အပြင် အကယ်၍ ဤအကြောင်းကို မည်သူမျှ မသိခဲ့ဘူးဆိုလျှင်၊ ဧရာမဝေလငါး နန်းတော်၏ မင်းသမီးငယ်လေးသည် ဤလှိုဏ်ဂူ၏ အစီအရင်ဝင်္ကပါများအောက်တွင် သေဆုံးသွားပြီဖြစ်ကြောင်း အခိုင်အမာ ပြောကြားနေသမျှ ကာလပတ်လုံး ဧရာမဝေလငါးနန်းတော်၏ နန်းတော်သခင်သည်ပင် သူတို့ကို အလွှတ်ပေးဖို့ သေချာပေါက် ရွေးချယ်ရပါလိမ့်မည်။

သို့သော်လည်း၊ အကယ်၍ ဤသတင်းတွေသာ ပြန့်သွားမည်ဆိုလျှင်တော့ အခြေအနေက မတူတော့ပါဘူး။ ထိုအချိန်တွင် ဧရာမဝေလငါးနန်းတော်၏ နန်းတော်သခင်မှာ သေချာသည့် အကြောင်းပြချက် ရှိသွားမည် ဖြစ်ပါသည်။ သူသည် သူတို့ကို သေချာပေါက် သတ်ပါလိမ့်မည်။ နန်းတော်နှစ်ခုကြား စစ်ပွဲဆင်နွှဲရန်ပင် ဖြစ်နိုင်ချေ ရှိပါသည်။ ထိုအချိန်မျိုးရောက်လာလျှင်၊ လျှို့ဝှက်ဆန်းကြယ်သော လိပ်နက် နန်းတော်သည် သူတို့အား လွှဲပြောင်းပေးရန် သေချာပေါက် ရွေးချယ်သွားမည် ဖြစ်ပါသည်။

ဧရာမဝေလငါးနန်းတော်၏ မင်းသမီးလေးကို လွှတ်ပေးလိုက်ရန်မှာ ပို၍ပင် မဖြစ်နိုင်ပါဘူး။

ယခင်က ကျင်းယွန်သည် ဧရာမဝေလငါးနန်းတော်၏မင်းသမီးလေးကို သတ်ပစ်ရန် အစပြုခဲ့ပြီး ဖြစ်သည်။ ဧရာမဝေလငါးနန်းတော်၏ မင်းသမီးလေးသည် ဤကြောင်းကို သူမ၏ဖခင်ထံ တိုင်ကြားလိုက်သည်နှင့် ဧရာမဝေလငါးနန်းတော်သည် လိပ်နက် နန်းတော်သို့သွားပြီး လိပ်နက်နန်းတော်၏ အဓိကပုဂ္ဂိုလ်ကို သွားတွေ့မည် ဖြစ်သည်။ သူတို့နှစ်ယောက်သည်လည်း ဒုက္ခရောက်ကြရလိမ့်မည်။

ထို့ကြောင့် သူတို့သည် ဧရာမဝေလငါးနန်းတော်၏ မင်းသမီးလေးကို သတ်ပစ်ရန် ရည်ရွယ်ချက်မရှိသော်လည်း မည်သူမျှ သတိမပြုမိရန်အတွက် သတ်ပစ်ရပါလိမ့်မည်။

"ဒီအချက်ကို ငါ စဉ်းစားထားပြီးသားပါ၊ ဒီကိစ္စကို ဖြေရှင်းဖို့ ငါ့မှာ အစီအစဉ်တွေ ရှိနေပါတယ်။" ကျင်းယွန်သည် သူ၏စိတ်ထဲမှာ ဆုံးဖြတ်ချက်ချပြီး ဖြစ်သည့်အလား တဟားဟား ရယ်မောလိုက်ပါသည်။

"ဘာနည်းလမ်းတွေများလဲ?" ယန်ဟန်က မေးသည်။

"ဒါက ဘာလဲလို့ မင်းထင်လဲ?" ကျင်းယွန်က ပြုံးပြီး ပြောလိုက်သည်။ ထို့နောက် သူ၏လက်ထဲတွင် ဆေးပြားတစ်ပြား ပေါ်လာပါသည်။

"အဆင့်တစ် အင်မော်တယ်အဆင့် မြင့်မြတ်သောအသွင်ပြောင်းခြင်းဆေးပြားလား!" ယန်ဟန်က အံ့သြစွာ ပြောလိုက်သည်။

'"မှန်တယ်။ ဒါက အဆင့်တစ် အင်မော်တယ်အဆင့် မြင့်မြတ်သောအသွင်ပြောင်းခြင်း ဆေးပြားပဲ။ စောစောလေးကမှ ဒီလှိုင်ဂူထဲကနေ ငါ ရခဲ့တာ။ ဒီဆေးပြားကို ငါသောက်လိုက်တာနဲ့ ငါက အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်ထဲကို အချိန်တိုအတွင်း ဝင်ရောက်နိုင်တယ်။ အမွှေးတိုင်တစ်ချောင်း ထွန်းညှိချိန်စာ အချိန်က ဇီရှန်ကို ကိုင်တွယ်ဖြေရှင်းဖို့ လုံလောက်ပါတယ်။ အချိန်ရောက်တာနဲ့ ငါက ဇီရှန်ရဲ့ နတ်ဆိုးအနှစ်သာရကို စည်းတံဆိပ်ခတ်လိုက်ပြီး သူမကို ငါ့ရဲ့ ကျေးကျွန်ဖြစ်အောင် လုပ်လိုက်မယ်။ ကျင်းယွန်၏ နှုတ်ခမ်းတစ်စုံသည် ယုတ်မာသော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားရင်း သူ၏မျက်လုံးများသည် ညစ်ညမ်းသော ဟန်ပန်နှင့်အတူ ဝင်းလက် တောက်ပလာသည်။

ယင်ဟန်၏ မျက်လုံးများသည်လည်း ပြင်းထန်သော ဝင်းလက်တောက်ပမူဖြင့် ပေါက်ကွဲထွက်လာခဲ့ပါသည်။ သူသည် မူလက ဤစစ်ဆင်ရေးနှင့်ပတ်သက်ပြီး အနည်းငယ် စိုးရိမ်နေခဲ့သည်။ အခု သူ၏အစ်ကိုကြီးမှာ ဒီအဆင့်တစ် အင်မော်တယ်အဆင့် မြင့်မြတ်သောအသွင်ပြောင်းခြင်းဆေးပြား ရှိနေပြီဆိုမှတော့ ဤစစ်ဆင်ရေးက သံသယမရှိ သေချာသွားပြီဟု ပြောနိုင်ပါပြီ။

"ဟီး…။ ဟီး…..။ လင်းယွင်၊ လင်းယွင်၊ မင်း ခဏစောင့်နေလိုက်ဦး။ အချိန်ကျတဲ့အခါ ငါ့အစ်ကိုကြီးက မင်းရဲ့အစ်မဇီကို ဘယ်လောက်ထိ ချစ်ခဲ့လဲဆိုတာကို မင်းမျက်စိနဲ့ ကိုယ်တိုင်ကိုယ်ကျ မြင်စေရမယ်။ အဲဒီအချိန်ရောက်ရင် မင်းရဲ့အမူအရာက အရမ်းကို အံ့ဩနေလိမ့်မယ်လို့ ငါယုံကြည်တယ်။" ယန်ဟန်က သူ့ကိုယ်သူ ရေရွတ်လိုက်ပြီး သူ့အကြည့်တွေက ပို၍ပင် ပြင်းထန်လာလေသည်။

ကျင်းယွန်လည်း သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေသည်။ သူသည် ဇီရှန်ကို အချိန်အတော်ကြာကတည်းက မက်မောခဲ့ရသူဖြစ်ပြီး အခုတော့ သူ၏အိပ်မက်တွေကို အကောင်အထည် ဖော်နိုင်ပါတော့မည်။

"ဟမ့်၊ ဇီရှန်၊ မင်းက အနှေးနဲ့အမြန် ငါကျင်းယွန်ရဲ့အပိုင် ဖြစ်လာလိမ့်မယ်လို့ ငါပြောခဲ့ဖူးပါတယ်၊ သိပ်ပြီးမကြာခင်မှာပဲ ငါကျင်းယွန်က ပြောတဲ့စကားအတိုင်း အမြဲတမ်း တည်အောင်လုပ်တယ်ဆိုတာ မင်း သိရပါလိမ့်မယ်။" ကျင်းယွန်သည် သူ၏နှလုံးသားထဲမှာ လှောင်ရယ်နေမိပါသည်။

ကျင်းယွန် နှင့် ယန်ဟန်တို့သည် လှိုင်ဂူအဝင်ဝတွင် ရပ်နေကြပြီး ချင်ယွင်နှင့် အခြားလူများ ထွက်ပေါ်လာမည်အချိန်ကို တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့ကြသည်။

အချန်သုံးနာရီလောက် ကြာသွားခဲ့ပါပြီ။ အနည်းငယ် စိတ်မရှည်တော့သော ယန်ဟန် သည် ဂူပေါက်ဝကို ရုတ်တရက် ကြည့်လိုက်ပြီး ကျင်းယွန်အား စိတ်လှုပ်ရှားစွာ ပြောလိုက်ပါသည် "အကိုကြီး၊ ကြည့်ရတာ သူတို့ ထွက်လာတော့မယ်ထင်တယ်"။

ကျင်းယွန်သည် ထိုစကားကိုကြားသောအခါ ချက်ချင်းပင် သူ၏ မျက်လုံးများကို ဖွင့်ကာ လှိုဏ်ဂူဆီသို့ လှမ်းကြည့်လိုက်သည်။ သူ၏မျက်လုံးထဲတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ပေါ်လာပါသည်။

ချင်ယွင် နှင့် သူ၏အဖွဲ့သည် လှိုဏ်ဂူဝင်ပေါက်မှ ထွက်လာခဲ့ပါပြီ။

ချင်ယွင်သည် ကျင်းယွန်နှင့် ယင်ဟန်တို့ကို မြင်လိုက်ရသည့်အခိုက်တွင် သူသည် အံ့အားသင့်၍ မဆုံးနိုင်တော့ပေ။ ဤညီအကိုနှစ်ယောက်သည် အမှန်တကယ် ထွက်ခွာသွားခြင်း မရှိခဲ့ပေ။ ယင်းအစား သူ မမျှော်လင့်ထားသည်မှာ၊ သူတို့သည် သူတို့ကို သတ်ဖြတ်ရန်အတွက် လှိုဏ်ဂူပေါက်ဝမှာပင် စောင့်နေခဲ့ကြသည်။

"ကြည့်ရတာ နောက်ထပ် ကစားစရာတစ်ခု ရှိလာပုံရတယ်။" ချင်ယွင်၏ နှုတ်ခမ်းများသည် ဆော့ကစားလိုသော သရော်ဟန်တစ်ခုအဖြစ် တွန့်ကွေးသွား ခဲ့ပါသည်။

All Chapters