အခန်း (၅၀၁-၅၀၅)
Vol. 34 Ch. 501-505
အခန်း (၅၀၁) မောက်မာသောညီအစ်ကိုနှစ်ယောက်။
ကျင်းယွန် နှင့် ယန်ဟန်တို့သည် လှိုဏ်ဂူအပြင်ဘက်တွင် သူ့ကို စောင့်မျှော်နေလိမ့် မည်ဟု ချင်ယွင် မထင်ထားခဲ့ပေ။ ယင်းက ချင်ယွင်ကို ရယ်စရာကောင်းသည်ဟု ခံစားရစေသည်။ ယန်ဟန်၏ခန္ဓာကိုယ်ပေါ်ရှိ အင်မော်တယ် ဝိညာဉ်ကျောက်စိမ်းတုံး အကြောင်း သူ တွေးလိုက်မိသေးသည်။
အင်မော်တယ်ဝိညာဉ်ကျောက်စိမ်းသည် ကောင်းမွန့်သည့်အရာ ဖြစ်သည်။ အကယ်၍ ချင်ယွင်သာ ပိုင်ဆိုင်လိုက်မည်ဆိုလျှင် သူ၏ ကျင့်ကြံမူအဆင့်သည် ကြီးမားသော အနားသတ်ဖြင့် တိုးလာမည်မှာ သေချာပါသည်။ သို့သော် အကယ်၍ ယန်ဟန်သည် အင်မော်တယ်ဝိညာဉ်ကျောက်စိမ်းတုံးကို လိပ်နက်နန်းတော်သို့ ယူဆောင်သွားခဲ့မည် ဆိုလျှင် သူ့တွင် ရွေးချယ်စရာမရှိတော့ပေ။ ယခု ယင်ဟန်ကို ပြန်တွေ့လိုက်ရစဉ်မှာ ချင်ယွင်သည် ယန်ဟန်၏ခန္ဓာကိုယ်မှာရှိနေသော အင်မော်တယ်ဝိညာဉ်ကျောက်စိမ်း တုံးကို သဘာဝအတိုင်း ပြန်လုချင်စိတ်ဖြစ်လာမိသည်။
ဟောင်ခွန်နှင့်ဆိုလျှင်၊ ယန်ဟန်နှင့် ကျင်းယွန်တို့သည် အသတ်ခံရပြီး ဖြစ်နေပါပြီ။
သို့သော် ယင်ဟန်နှင့် ကျင်းယွန်တို့သည် သူတို့ အန္တရာယ်အတွင်း ကျဆင်းသွားသည်ဟု လုံးဝ မခံစားရပေ။ ချင်ယွင် နှင့် အခြားနှစ်ယောက် လှိုဏ်ဂူထဲမှ ထွက်လာကြသည်ကို တွေ့လိုက်သောအခါတွင်၊ ချင်ယွင်သည် အိုးထဲသို့ဝင်ရောက်လာသော လိပ်တစ်ကောင် ဖြစ်နေသည့်အလား သူတို့၏မျက်လုံးများက ထူထဲသော အပြုံးတစ်ခု ထွက်ပေါ်လာပါ သည်။
မှန်ပါသည်။ ချင်ယွင်သည် လှိုဏ်ဂူမှ မထွက်ခွာမီတွင် ဟောင်ခွန်ကို ကောင်းကင်ဘုံကိုးလွှာကြယ်စင်စုပုံကြမ်းနှင့် ဧကရာဇ်ပျားဘုရင်မကို အစိမ်းရောင် ကြာပန်းစည်းတံဆိပ်၏ လေဟာနယ်ထဲတွင် သိမ်းဆည်းထားပြီး ဖြစ်ပါသည်။ ထို့ကြောင့် ကျင်းယွန် နှင့် ယန်ဟန်တို့သည် ချင်ယွင် ၊ ဇီရှန် နှင့် နင်ရှင်း တို့ကိုသာ မြင်တွေ့ရပါသည်။
ကျင်းယွန်နှင့် ယန်ဟန်တို့ကို တွေ့လိုက်ရသောအခါ ဇီရှန် နှင့် နင်ရှင်းတို့၏ အမူအရာများသည် ပြောင်းလဲသွားကြပါသည်။ သို့သော်၊ ချင်ယွင်တွင် အလွန် အစွမ်းထက်သော လက်အောက်ငယ်သားတစ်ဦး ရှိနေသည်ကို ပြန်တွေးလိုက်စဉ် သူမတို့၏အမူအရာများသည် ချက်ချင်းပင် တည်ငြိမ်သွားပါသည်။
"ဟမ့်၊ ကောင်စုတ်လေး၊ ငါတို့ မင်းကို စောင့်နေတာ တော်တော်လေးကြာနေပြီ။၊ နောက်ဆုံးတော့ မင်း ထွက်လာပြီပေါ့။" ယန်ဟန်သည် ချင်ယွင်ကို တွေ့မြင်လိုက်သည့် အခိုက်တွင် သူ၏မျက်လုံးများက ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ပေါက်ထွက်သွားသည်။
ချင်ယွင်ကို မြင်သောအခါ ချင်ယွင်၏ လက်တစ်ဖက်ကို ဖြတ်လိုက်သည့် မြင်ကွင်းကို တွေးတောရင်း သူ၏ရင်ဘတ်ထဲတွင် ဒေါသများ တိုးလာသည်။
"အိုး။ မင်းတို့ ဘာများလုပ်စရာရှိလို့လဲ။ မင်းတို့က ငါ့သားတွေ ဖြစ်ချင်လို့လား။ ဒါပေမယ့် ငါ့မှာ မင်းတို့လို သစ္စာမဲ့တဲ့သားမျိုး မရှိဘူး" ချင်ယွင်က တခစ်ခစ်ရယ်သည်။
"ဘယ်သူက မင်းရဲ့သား ဖြစ်ချင်လို့လဲ။" ယန်ဟန်က ဒေါသတကြီး ပြောသည်။
"ဒါဆို မင်းတို့က ငါ့မြေးဖြစ်ချင်တာ ဖြစ်ရမယ်။ ဒါက ပိုတောင် ဆိုးသွားသေးတယ်။ မင်းတို့လို သစ္စာမဲ့တဲ့မြေးလည်း ငါမလိုချင်။" ချင်ယွင်က ကူကယ်ရာမဲ့ဟန်ဖြင့် ခေါင်းယမ်းရင်း ပြောလိုက်သည်။
"ခစ်….!" ချင်ယွင်၏ စကားကိုကြားသောအခါ နင်ရှင်းသည် မထိန်းနိုင်ဘဲ ရယ်လိုက်မိသည်။
ယခု ချင်ယွင်၏ပါးစပ်သည် တဖြည်းဖြည်းနှင့် ပိုပိုပြီး ဈေးပေါလာသည်ကို သူမ သဘောပေါက်လိုက်သည်။
"မင်း" ယန်ဟန်သည် ချင်ယွင်၏စကားကြောင့် ဒေါသအရမ်းထွက်သွားကာ ချင်ယွင်၏ ခန္ဓာကိုယ်ကို အစိတ်အပိုင်း တစ်သောင်းဖြစ်သွားသည်အထိ နုပ်နုပ်စဉ်းပစ်ရန်ပင် ဆန္ဒရှိနေပြီး ချက်ခြင်းဆိုသလိုပင် အမြန်ပြေးထွက်သွားချင်နေသည်။
တစ်ဖက်တွင်မူ၊ ကျင်းယွန်က လှောင်ပြောင်ရယ်မောကာ ယန်ဟန်၏ပခုံးကို ဖိထားရင်း သူ့ကို စိတ်မလှုပ်ရှားစေရန် အချက်ပြလိုက်သည်။ ထို့နောက် သူက လှည့်ကြည့်ကာ ချင်ယွင်ကို တိုက်ရိုက် လျစ်လျူရှုလိုက်သည်။ သူသည် ဇီရှန်ဘက်သို့ လှည့်ပြီး ပြောသည် " ဇီရှန် မင်းကို အခွင့်အရေး ငါ ပေးမယ်။ မင်း ငါ့နောက်ကို လိုက်ဖို့ ကတိပေးရင် မင်းအသက်ကို ငါ ချမ်းသားပေးလို့ရတယ်။ မင်း ဘယ်လိုထင်လဲ"။
ဇီရှန်သည် ကျင်းယွန်၏ စကားကို ကြားသောအခါ သူမ၏ မျက်လုံးများသည် ချက်ချင်း အေးစက်သွားသည်။ သူမ၏ ခရမ်းရောင်မျက်လုံးများတွင် ပြင်းထန်သော အေးစက်မှုက ပေါ်လာပါသည်။
ချင်ယွင်သည်လည်း အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ ဤကျင်းယွန်သည် အမှန်တကယ်ပင်အစ်မဇီအကြောင်း တွေးမိနေဆဲဖြစ်ပြီး၊ ယင်းက သူ၏ နှလုံးသားထဲ တွင် ကျင်းယွန်ကို သတ်ဖြတ်လိုစိတ် ဖြစ်ပေါ်စေခဲ့သည်။
"ဟမ့်၊ မင်းက အစ်မဇီနဲ့ အတူရှိနေချင်ရအောင် မင်းက မင်းကိုယ်မင်း သိပ်ကို ကြီးကြီးမားမား တွေးထားရာ ကျမနေဘူးလား" ချင်ယွင်သည် ချက်ချင်းပင် အေးစက်စွာ အော်ပြောလိုက်သည်။
"ထွက်သွားစမ်း။ အခု ငါ ဇီရှန်နဲ့ စကားပြောနေတာ။ အနှောင့်အယှက်ပေးဖို့ မင်းအလှည့် မကျသေးဘူး" ကျင်းယွန် ဒေါသတကြီး အော်လိုက်သည်။
ချင်ယွင်၏အမူအရာသည် ငြိမ်သက်ပြီး တိတ်ဆိတ်သွားသည်။ သို့သော် သူ၏ မျက်လုံးများက အေးစက်နေမှုကို ထင်ရှားစေသည်။
"ကျင်းယွန်၊ ကျွန်မအနေနဲ့ ရှင့်နောက်လိုက်ဖို့က မဖြစ်နိုင်ပါဘူး။ ရှင့်မှာ ဒီလိုစိတ်မျိုး ရှိနေရုံနဲ့တင် ရှင်သေသင့်နေပြီ" ဇီရှန်က အေးစက်စွာ ပြောသည်။
ကျင်းယွန်သည် ဇီရှန်၏ စကားကိုကြားသောအခါ သူ၏မျက်နှာသည် ချက်ချင်း မည်းမှောင်သွားသည်။ သူ၏လက်ဖဝါးကိုလှန်လိုက်သည်နှင့် ကျင်းယွန်၏လက်ထဲတွင် ဆေးလုံးတစ်လုံး ပေါ်လာပါသည်။
"အဆင့်တစ်အင်မော်တယ်အဆင့် ဆေးပြားလား?" ဇီရှန်၊ချင်ယွင်နှင့် တခြားလူများ သည် ကျင်းယွန်၏လက်ထဲမှ ဆေးပြားကို တွေ့လိုက်သည့်အခါ သူတို့ မျက်နှာတွေမှာ အံ့အားသင့်နေသော အမူအရာတွေ ဖြစ်ပေါ်လာပါသည်။
'"မှန်တယ်။ ဒါက အဆင့်တစ် အင်မော်တယ်အဆင့် မြင့်မြတ်သော အသွင်ပြောင်းခြင်း ဆေးပြားပဲ။ ဒီဆေးကို ငါသောက်လိုက်တာနဲ့ ငါရဲ့ကျင့်ကြံမူအဆင့်က အင်မော်တယ် အသွင်ကူးပြောင်းခြင်းနယ်ပယ်ကို ချက်ချင်း ဝင်ရောက်သွားလိမ့်မယ်။ ငါ့မှာ အမွှေးတိုင် တစ်ချောင်းထွန်းချိန်စာပဲ အချိန်ရှိတယ်ဆိုပေမယ့် ဒီအချိန်က မင်းတို့အားလုံးကိုသတ်ဖို့ လုံလောက်တယ်။ " ကျင်းယွန်က တဟားဟား ရယ်မောကာ ပြောလိုက်သည်။
ဇီရှန်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ကျင်းယွန်သည် သူမ၏အသက်ကို ချမ်းသားပေးမည်ဟု အဘယ်ကြောင့် ဤမျှ ရိုင်းစိုင်းစွာ ပြောဆိုဝံ့သည်ကို သူမ နောက်ဆုံး နားလည်သွားခဲ့သည်။ ကြည့်ရသည်မှာ ဤဆေးကြောင့် ဖြစ်ပုံရသည်။
ချင်ယွင်၏ မျက်လုံးများတွင် အေးစက်မှုသည် ပို၍ပင် အေးစက်လာသည်။
ဇီရှန်ကိုကြည့်နေရင်း ကျင်းယွန်သည် မျက်မှောင်ကြုတ်သွားမိသည်။ ဇီရှန်က ကြောက်ရွံ့သွားသည်ဟု သူထင်ပြီး သူ၏ပါးစပ်ထောင့်ရှိ အပြုံးက ပို၍ပင် ဆော့ကစား လိုဟန် ဖြစ်လာခဲ့သည်။
'"ဇီရှန်၊ ငါ နင့်ကို နောက်တစ်ကြိမ် ထပ်မေးပါရစေ၊ မင်း ငါ့နောက် လိုက်မလား၊ မလိုက်ဘူးလား?။ တကယ်လို့ မင်းအနေနဲ့ အခုချိန်မှာ ငါ့နောက်ကို လိုက်ဖို့ ရွေးချယ် မယ်ရင် ငါက မင်းကို သိမ်သိမ်မွေ့မွေ့ ဆက်ဆံနိုင်ပေမယ့် မင်းငြင်းဆန်ရင်တော့ ဟီ….ဟီး ငါ မင်းကို ငါ့ရဲ့ကစားစရာဖြစ်အောင် လုပ်ရလိမ့်မယ်။" ကျင်းယွန်က လှောင်ပြောင် ရယ်မောလိုက်သည်။
ကျင်းယွန်၏နောက်တွင်ရှိနေသော ယန်ဟန်သည်လည်း ပြဇာတ်တစ်ခုကို ကြည့်နေသလိုမျိုး ထပ်ခါထပ်ခါ လှောင်ပြောင်နေပါသည်။
"ရှင်က အရှက်မဲ့လွန်းတာပဲ!" ဇီရှန်၏ လှပသော မျက်နှာသည် ချက်ချင်းပင် ဒေါသ ထွက်သွားသည်။ သူမ မည်မျှပင် တည်ငြိမ်နေပါစေ ကျင်းယွန်၏ အရှက်ခွဲမူကိုတော့ သူမ သည်းခံနိုင်စွမ်းမရှိတော့ပေ။
ချင်ယွင်၏ ဖီးနစ်မျက်လုံး တစ်စုံသည် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာနေသည်၊ အထူးသဖြင့် သူသည် 'ကစားစရာ' ဟူသော စကားလုံးကို ကြားလိုက်ရစဉ်မှာ သူ၏ နှလုံးသားထဲတွင် သတ်ပစ်လိုသောဆန္ဒက ကြီးမားသော လှိုင်းလုံးကြီးတစ်ခုကဲ့သို့ တဟုန်ထိုး လှိမ့်တက်လာခဲ့သည်။
"ဒီကျင်းယွန် ဒီနေ့ သေရမယ်" ချင်ယွင်သည် သူ၏သတ်ဖြတ်လိုသည့်ဆန္ဒကြောင့် လုံး၀ တုန်တုန်ယင်ယင် ဖြစ်သွားရသည်။ ဘာပဲဖြစ်ဖြစ် ဤကျင်းယွန်ကို ဒီနေ့ အသက်ရှင်လျှက် ပြန်သွားခွင့်မပြုဖို့ သူ စိတ်ပိုင်းဖြတ်လိုက်ပါပြီ။
"မဟုတ်ဘူးလို့ ပြောလိုက်တာလား။ ဒါဆိုလည်း မယဉ်ကျေးတဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့။" ကျင်းယွန်သည် ရယ်မောလိုက်ပြီး အဆင့်တစ် အင်မော်တယ်အဆင့် ဆေးပြားကို သူ၏ပါးစပ်ထဲသို့ ထည့်ပါတော့မည်။
"ခဏနေပါဦး!"
ထိုအချိန်မှာ ချင်ယွင်က ရုတ်တရက် အော်လိုက်ပါသည်။
ချင်ယွင်၏အော်သံကြောင့် လူတိုင်း အံ့အားသင့်သွားကြပြန်သည်။ ကျင်းယွန်သည် သူ၏ပါးစပ်ထဲသို့ ထည့်တော့မည့် အင်မော်တယ်ဆေးလုံးကို ချလိုက်သည်။
"ကောင်စုတ်လေး၊ မင်းမှာ နောက်ဆုံးပြောစရာ စကားရှိလို့လား" ကျင်းယွန်က စိတ်မရှည်စွာ ပြောသည်။
"မင်း နောက်ဆုံးစကား ကြားချင်တာလား? ဒီအင်မော်တယ်ဆေးပြားကို မင်းအတွက် အသုံးပြုလိုက်တာက အရမ်းကို ဖြုန်းတီးရာလွန်းတယ်လို့ ငါခံစားရတယ်။" ချင်ယွင်က ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး အေးစက်သော အပြုံးဖြင့် ပြောလိုက်သော်လည်း သူ၏မျက်လုံးများ၏ နက်ရှိုင်းသော နေရာတွင် ပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒ က ရှိနေပါသည်။
"ဟမ့်၊ မင်းက တစ်ခုခုပြောတော့မယ်လို့ ငါထင်ခဲ့တာ။ ဒါဆို မင်းက တမင်တကာ အချိန်ဆွဲရုံသက်သက်ပေါ့။ ကောင်စုတ်လေး၊ အခြေအနေက ဒီလိုဖြစ်လာမှတော့ မင်းကို ငါ အရင်ဖြေရှင်းရတော့မယ်။" ကျင်းယွန်က ဒေါသတကြီး ပြောလိုက်သည်။
ချင်ယွင် မည်သည့်အရာဆိုလိုမှန်း သူ နားမလည်ပေ။ ချင်ယွင်က ရည်ရွယ်ချက်ရှိရှိနှင့် တမင်တကာ အချိန်ဆွဲနေသည်ဟု သူထင်နေသည်။ အမှန်တကယ်တော့ ချင်ယွင်က ဒီအင်မော်တယ်ဆေးလုံးကို အမှန်တကယ် လိုချင်နေသည်ကို သူ မသိရှာခဲ့ပါဘူး။
"အစ်ကိုကြီး၊ ငါလုပ်ပါရစေ။ ဒီကောင်က ငါ့လက်တစ်ဖက်ကို ခုတ်ဖြတ်ပစ်ခဲ့တယ်။ ငါ သူ့ကို အပိုင်းပိုင်း ခုတ်ဖြတ်ချင်နေတာကြာပြီ၊ သူ့ကို ငါ့အတွက် ထားပေးပါ" ယန်ဟန် က ရုတ်တရက် ထွက်လာပြီး ပြောလိုက်သည်။
"ကောင်းပြီလေ၊ ဒီတိုက်ပွဲကို မြန်မြန်ပြီးအောင် တိုက်ခိုက်လိုက်ပါ။ ဓါးတစ်ချက်နဲ့ ခုတ်ပိုင်းနိုင်ပါစေ။" ကျင်းယွန်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ အစ်ကိုကြီး!" ယန်ဟန်က ကမန်းကတန်း ပြန်ဖြေလိုက်ပြီး ချင်ယွင်ကို သူ၏မျက်လုံးများတွင် ရက်စက်စွာ ပြုံးပြနေဟန်ဖြင့် လှည့်ကြည့်လိုက်သည်။
ချင်ယွင်သည် ထိုမြင်ကွင်းကိုမြင်လျှင် တားဆီးခြင်းမရှိခဲ့ပေ။ နောက်ဆုံးတော့ ဘယ်သူ အရင် တိုက်ခိုက်တိုက်ခိုက် အရင်တိုက်ခိုက်သည့်လူက အရင်သေရမည်ဟူသော မေးခွန်း၏ အဖြေမျိုးဖြစ်သည်။
"ကောင်စုတ်လေး… သေလိုက်တော့!"
ယန်ဟန်က ကျယ်လောင်စွာ ဟစ်အော်လိုက်သည်။ သူ၏ကျန်လက်ထဲတွင် ငွေဖြူ ရောင် ဓားရှည်တစ်လက် ပေါ်လာပြီး ချင်ယွင်ဆီသို့ လှမ်းထိုးလိုက်သည်။ ၎င်း၏ အရှိန်အဟုန်သည် ပို၍ပင် ကြောက်စရာကောင်းပြီး လျင်မြန်သည်။
သို့သော်လည်း ချင်ယွင်က ဘာမှမဖြစ်သကဲ့သို့ ယင်ဟန်ကို အေးဆေးစွာ ကြည့်နေသည်။ သူ၏မျက်နှာမှာ အပြုံးတစ်ခု ရှိနေပါသည်။
ချင်ယွင်က သူ၏တိုက်ခိုက်မှုကို မရှောင်တိမ်းသည်ကို ယန်ဟန်မြင်လိုက်ရသောအခါ သူသည် ချက်ချင်းပင် စိတ်အားတက်ကြွသည့်အမူအယာ ပေါ်လာပါသည်။
ကျင်းယွန်သည် ဤမြင်ကွင်းကို အဝေးမှလှည့်ကြည့်ရင်း သူ၏ ပါးစပ်ထောင့်စွန်းတွင် မထီမဲ့မြင်ပြုသည့်လှောင်ပြောင်ဟန်တစ်ခု ပေါ်လာပါသည်။
"ဟား….။ဟား…..၊ ကောင်စုတ်လေး၊ ငါ့တိုက်ခိုက်မှုကြောင့် မင်း ကြောက်နေရပြီပေါ့။ အခုတော့ ဘယ်လိုရှောင်တိမ်းရမှန်းတောင် မသိတော့ဘူးလား။ ဒီနေ့ မင်းကို နောက်ပိုင်းကျမှခံစားရတဲ့ ဝေဒနာကို မြည်းစမ်းကြည့်ခိုင်းမယ်။" ယန်ဟန်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ၏လက်ထဲတွင်ရှိသော ငွေရောင်ဓားသည် တောက်ပစွာ လင်းလက်တောက်ပနေပြီး ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်နှင့်အတူ ချင်ယွင်၏လက်မောင်းဆီသို့ ခုတ်ပိုင်းလာနေသည်။
"နောက်ပိုင်းမှခံစားရတဲ့ နာကျင်မူလား"
ယန်ဟန်၏ဓား ချင်ယွင်ကို ခုတ်ပိုင်းတော့မည့်အချိန်တွင် ချင်ယွင်၏ ပါးစပ်ထောင့် သည် မထီမဲ့မြင်ပြုဟန် တွန့်ကွေးတစ်ခုအဖြစ် ရုတ်တရက် ကွဲထွက်သွားသည်။
တစ်ချိန်တည်းမှာပင် ယန်ဟန်၏ဓားကို လက်ချောင်းနှစ်ချောင်းကြားတွင် ဖမ်းညှပ် ထားလိုက်သည်။
အခန်း (၅၀၂) ကျင်းယွန်၏ကြေကွဲဖွယ်အဆုံးသတ်။
လက်ချောင်းနှစ်ချောင်းသည် လျှပ်စီးလက်သလို ပေါ်လာခဲ့ပြီး ယန်ဟန်၏ ငွေဓားကို ချက်ခြင်းပင် ပြုတ်တူဖြင့်ညှပ်သလို ညှပ်ထားလိုက်သည်။ ထို့နောက် ဟောင်ခွန်၏ ခန့်ညားသော ရုပ်အသွင်အပြင်သည် ချင်ယွင်၏ရှေ့တွင် ပေါ်လာသည်။
ယခုအချိန်တွင် ဟောင်ခွန်သည် သန့်ရှင်းစင်ကြယ်သော အဝတ်အစားများကို ပြောင်းလဲထားပြီး ဖြစ်ပါသည်။ ရှုပ်ပွနေသော အဖြူရောင်ဆံပင်ကိုလည်း သူ၏နောက်တွင် ချည်နှောင်ထားသည်။ သူ၏မျက်နှာက ချောမောပြီး အဖြူရောင် ဝတ်ရုံက တဖျပ်ဖျပ်ခတ်နေပါသည်။ သူသည် ဖော်ပြ၍မရနိုင်သည့် အင်မော်တယ် တစ်ပါးကဲ့သို့ ဖြစ်နေပါသည်။
ယင်ဟန်သည် ရုတ်တရက် ထွက်ပေါ်လာသည့် ဟောင်ခွန်ကို ကြည့်ရင်း အံ့သြသည့် အမူအရာ ပေါ်လာပါသည်။ ဤနေရာ၌ တစ်စုံတစ်ယောက် အဘယ်ကြောင့် ရုတ်တရက် ပေါ်လာရသည်ကို သူနားမလည်ပါ။ သို့သော် သူ၏ငွေဓားကို ဆွဲထုတ်ချင်သော်လည်း သူ၏ငွေဓားကို တောင်ကြီးတစ်ခုမှ ဖိနှိပ်ထားပုံရပြီး သူသည် လုံးဝ မလှုပ်ရှားနိုင်တော့ကြောင်း တွေ့ရှိလိုက်ရသည်။
"ကျွမ်းကျင်ပညာရှင်တစ်ယာက်၊ သေချာပေါက် ကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်ရမယ်။" ယန်ဟန်သည် တုံးအသူတစ်ယောက် မဟုတ်ပေ။ သူသည် သူ၏ ဓားရှည်ကို အလျင်အမြန် လွှတ်လိုက်ပြီး နောက်သို့ အမြန် ပြန်ဆုတ်သွားခဲ့သည်။
သို့သော် သူထွက်မပြေးနိုင်ခင်မှာ ဟောင်ခွန်၏လက်က သူ၏လည်ပင်းကို ဆွဲကိုင်ကာ ကြက်တစ်ကောင်လို လက်ထဲတွင် ဆုပ်ကိုင်ထားသည်။
ယန်ဟန်သည် အသည်းအသန် ရုန်းကန်ရင်း မေးလိုက်သည် “စီနီယာ… စီနီယာ၊ စီနီယာက…”
"နောက်မှခံစားရတဲ့ ဝေဒနာ…!"
သို့သော် သူ၏စကားမဆုံးခင်မှာ အဝေးမှာရှိနေသော ချင်ယွင်ထံမှ စကားလုံးနှစ်လုံးကို ပြောဆိုလိုက်သည်ကို ကြားလိုက်ရသည်။
ယန်ဟန်သည် တခဏမျှ မှင်သက်သွားခဲ့သော်လည်း နောက်အခိုက်အတန့်တွင် သူ၏မျက်နှာက လုံးဝကို ထိတ်လန့်သွားတော့သည်။ သူ၏ရှေ့မှ အဖြူရောင်ဆံပင်နှင့် အမျိုးသားသည် သူ၏လက်ကို လှန်လိုက်သည်နှင့် သူ၏လက်ထဲတွင် ငွေရောင်ဓားတို ကို ပေါ်လာပြီး ယန်ဟန်၏ ခန္ဓာကိုယ်ဆီသို့ တိုက်ရိုက် ဟက်တက်ခွဲလိုက်သည်။
"အား….အား…အား…"
အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။
ယန်ဟန်သည် မမြင်နိုင်သော စွမ်းအားတစ်ခုဖြင့် လေထဲတွင် ချုပ်နှောင်ခံထားရသည်။ ဟောင်ခွန်သည် သူ၏လက်ထဲတွင် ငွေရောင်ဓားတိုကို ကိုင်ထားသည်။ ဓားအလင်းသည် မရေမတွက်နိုင်သော ပုံရိပ်ယောင်များအဖြစ်သို့ ပြောင်းလဲသွားပြီး ယန်ဟန်၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် ကျရောက်လာသည်။ ဓားချက်တိုင်းသည် အသွေးအသားနှင့် အပိုင်းအစများကို ဖြတ်တောက်ပစ်သည်။
မကြာခင်မှာပင် ယန်ဟန်၏ တစ်ကိုယ်လုံး သွေးစွန်းပြီး မှုန်ဝါးလာသည်။ ဓါးမှ စူးရှသော နာကျင်မှုသည် သူ့ကို မူးမေ့လဲလုနီးပါး ဖြစ်သွားစေသည်။
ပို၍ပင် မုန်းစရာကောင်းသည်မှာ ဘေးမှာရှိနေသော ချင်ယွင်သည် အချက်ရေကို ရေတွက်နေဆဲဖြစ်ပြီး ယင်းက ယန်ဟန်ကို သေလုနီးပါး ဒေါသထွက်စေသည်။
နင်ရှင်းသည် ဤသွေးစွန်းသောမြင်ကွင်းကြောင့် ထိတ်လန့်နေပြီ ဖြစ်သည်။ သူမ၏ မျက်နှာက ဖြူဖျော့နေပြီး မကြည့်ဝံ့သဖြင့် ဇီရှန်၏နောက်မှာ ပုန်းနေလိုက်သည်။
ဇီရှန်သည်လည်း အနည်းငယ် မျက်မှောင်ကြုတ်သွားမိသည်။ သို့သော် သူမသည် နူးညံ့သိမ်မွေ့သော လူတစ်ယောက်မဟုတ်ပေ။ အကယ်၍ ချင်ယွင်သည် ဟောင်ခွန်၏ ကာကွယ်ပေးမှုမခံရဘဲ တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် အစောပိုင်းအဆင့်တွင် နတ်ဆိုးသားရဲလေး တစ်ကောင်သာ ဖြစ်ခဲ့ပါက၊ ယခုအချိန်တွင် ချင်ယွင်သည် ယခုလို နှေးကွက်ဖြင့် ပြသခံနေသူ ဖြစ်ကောင်းဖြစ်နိုင်သည်ကို သူမ သိပါသည်။
ကျင်းယွန်သည်လည်း ထိတ်လန့်သွားသည်။ သူ၏ရှေ့က မြင်ကွင်းက ဤမျှလောက် မြန်မြန်ဆန်ဆန် ပြောင်းလဲသွားမည်ဟု သူ မမျှော်လင့်ထားပါဘူး။ ဝမ်းနည်းစွာ အော်ဟစ်နေသော သူ၏ညီလေးကို ကြည့်လိုက်သည်။ ထို့နောက် သူသည် ရုတ်တရက် ပေါ်လာသော ဟောင်ခွန်ကို ကြည့်လိုက်သည်။ သူ၏မျက်လုံးများတွင် တွန့်ဆုတ်သည့် အရိပ်အယောင် ပေါ်လာသည်။
မှန်ပါသည်။ ဟောင်ခွန်သည် သူ၏ အငွေ့အသက်ကို ထိန်းချုပ်ထားသော်လည်း၊ ၎င်းသည် ကျော်ဖြတ်ရန် မဖြစ်နိုင်အောင် မြင့်မားသော တောင်ကြီးတစ်တောင် ဖြစ်ကြောင်း ကျင်းယွန်ကို ခံစားရစေသည်။ ထို့ကြောင့် သူသည် သူ့ညီငယ်ကို ကယ်တင်ရန် စိတ်ကူးကို ချက်ချင်းပင် စွန့်လွှတ်လိုက်သည်။
"ပြေး!" ဤသည်မှာ ကျင်းယွန်အတွက် တစ်ခုတည်းသော အတွေးဖြစ်သည်။ ထို့နောက် ကျင်းယွန်သည် ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ အဝေးသို့ ပြေးသွားခဲ့သည်။
ချင်ယွင်သည် အဝေးသို့ ထွက်ပြေးသွားနေသော ကျင်းယွန်ကို ကြည့်လိုက်ရင်း သူ၏မျက်လုံးများမှ အထင်အမြင်သေးမှု အရိပ်အယောင် ထွက်ပေါ်လာသည်။
ကျင်းယွန်သည် သူ့ညီငယ်၏အသက်ကို စွန့်လွတ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ တကယ်ကို 'ညီရင်းအစ်ကိုချစ်ခင်ခြင်း' မျိုး ဖြစ်ပါပေသည်။
"သူ့ကို မလွတ်စေနဲ့။" ချင်ယွင်က အမိန့်ပေးသည်။
ဟောင်ခွန်၏ မျက်လုံးများသည် ကျင်းယွန်၏ ဦးတည်ရာသို့ ချက်ချင်း ကြည့်လိုက်ရင်း သူ၏ပါးစပ်ထောင့်တွင် မထီမဲ့မြင်ပြုသော နှာခေါင်းရှုံ့တစ်ခု ထွက်ပေါ်လာပြီး တစ်ဝက်တစ်ပျက် သေဆုံးနေပြီဖြစ်သော ယန်ဟန်ကို ဘေးတစ်ဖက်သို့ လွှင့်ပစ်လိုက်သည်။
ဝှမ်း…..!
ဟောင်ခွန်၏ ခန္ဓာကိုယ်သည် တုန်ခါသွားခဲ့ပြီး သူ၏ပုံရိပ်သည် သူရှိနေသည့်နေရာမှ ပျောက်ကွယ်သွားသည်။ သူသည် ကီလိုမီတာထောင်ပေါင်းများစွာ အကွာမှာ ပြန်ပေါ်လာပြီး အနည်းငယ်မျှသော အခိုက်အတန့်တွင် ကျင်းယွန်ကို ဖမ်းမိသွားသည်။
"ဘယ်လောက်မြန်လဲ" ချင်ယွင်က အံ့သြစွာ ပြောလိုက်မိသည်။
ချင်ယွင်သည်သာမကဘဲ၊ ဇီရှန်း နှင့် နင်ရှင်းတို့သည်လည်း လွန်စွာ ထိတ်လန့် တုန်လှုပ်နေသော အမူအရာများ ထုတ်ဖော်ကြသည်။ ယခင်ကတည်းက သူမတို့သည် ချင်ယွင်၏အနားရှိလူသည် အလွန်အစွမ်းထက်သည်ဟုသာ ခံစားခဲ့ရသော်လည်း သူသည် ဤမျှလောက် အစွမ်းထက်နေလိမ့်မည်ဟု မထင်ခဲ့ကြပေ။
ကျင်းယွန်သည် မီတာတစ်သောင်းအကွာအဝေးထိ ထွက်ပြေးသွားခဲ့ပြီး ဖြစ်ပါသည်။ သူနောက်ကို ပြန်လှည့်ကြည့်လိုက်စဉ်မှာ သူ၏နောက်သို့ မည်သူမှ လိုက်လာသည်ကို မတွေ့ရပါဘူး။ သူသည် စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းတစ်ချက်ပင် ချလိုက်မိပါသည်။ သို့သော်လည်း သူ ရှေ့ပြန်ကြည့်လိုက်စဉ်မှာ အကြောက်တရားက သူ၏စိတ်ဝိညာဉ်ထဲမှာပင် ပေါ်လာပါသည်။ အဖြူရောင်ဆံပင်နှင့် အမျိုးသားက သံမဏိမျှော်စင်လို သူ၏ရှေ့မှာ ရပ်နေသည်ကို မြင်လိုက်ရပါသည်။
ထိုအချိန်တွင် ကျင်းယွန်သည် သူ၏နှလုံးကို တစ်စုံတစ်ယောက်က ပြင်းထန်စွာ ဆွဲထုတ်လိုက်သကဲ့သို့ ခံစားလိုက်ရပြီး ဖော်မပြနိုင်သော အကြောက်တရားတစ်ခုက ဖြစ်ပေါ်လာပါသည်။
"ဘုန်း…!"
အဖြူရောင်ဆံပင်နှင့် အမျိုးသားသည် သူ၏လက်ဖဝါးဖြင့် ကျင်းယွန်၏ရင်ဘတ်ကို တရစပ် ရိုက်နှက်ချလိုက်သည်။
ကျင်းယွန်သည် ချက်ချင်းဆိုသလို သူ၏ရင်ဘတ်သို့တိုးဝင်လာသော ကြီးမားသော စွမ်းအားကို ခံစားလိုက်ရသည်။ တခဏအတွင်းမှာပင် သူ၏ခန္ဓာကိုယ်သည် နောက်သို့ လျင်မြန်စွာ ဆုတ်ခွာသွားလိုက်ပြီး ပင်လယ်ရေပြင်ထဲမှာ ရွှေရောင်အလင်းတန်း အဖြစ်ပင် ပြောင်းလဲသွားပါသည်။
နောက်သို့ အလျင်အမြန် ဆုတ်ခွာနေရင်း ကျင်းယွင်၏ အမူအရာက သတိလစ်ဟင်း မရှိပေ။ သူ့ရှေ့မှာရှိနေသော ပတ်ဝန်းကျင်ရှုခင်းကို လျင်မြန်စွာ ဖြတ်ကျော်သွားကာ လေဟာနယ်နှင့် အချိန်တို့မှတဆင့် ကူးပြောင်းသွားစဉ်မှာ ဖြစ်ပေါ်လာသော ပုံရိပ်ယောင်များကဲ့သို့ သူ့ကို ခံစားရစေသည်။
"ဘုန်း…..!"
ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ လျင်မြန်စွာ နောက်ပြန် ဆုတ်သွားသော ကျင်းယွန်၏ ရုပ်အသွင်အပြင်သည် နောက်ဆုံးတွင် ကျဆင်းသွားခဲ့ပြီး လှိုဏ်ဂူအတွင်းရှိ ကျောက်တုံးများထဲသို့ တိုက်ရိုက် ပစ်ကျသွားခဲ့သည်။
ကျောက်တုံးများသည် ချက်ချင်း ပေါက်ကွဲသွားပါသည်။ ထိုမျှသာမကဘဲ အင်မော်တယ် လှိုဏ်ဂူကြီးတစ်ခုလုံးလည်း ပြင်းထန်စွာ တုန်ခါသွားသည်။ သူ၏နောက်က နံရံတွေ ကွဲအက်သွားပြီး ကြီးမားသော ကျောက်တုံးကြီးတွေ ပြိုကျလာပါသည်။
"ဖူး……..!"
ကျင်းယွန်သည် ပါးစပ်ထဲက သွေးများ ထွေးအန်လိုက်ရပြီး မြေပြင်ပေါ် လဲကျသွားသည်။
သူက ခေါင်းကိုမော့ပြီး ဇီရှန်၊ ချင်ယွင်နှင့် သူထံသို့ အလွန်နီးကပ်စွာ ရောက်လာကြသော တခြားသူတွေကို ကြည့်လိုက်ပါသည်။ ထိတ်လန့် တုန်လှုပ်ခြင်း အပြင် သူ၏မျက်နှာက ကြောက်ရွံ့မှုတွေပါ ပြည့်နှက်နေခဲ့သည်။
ယခုလေးတင် သူသည် လွတ်မြောက်ရန်အတွက် အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် လက်ဖဝါးတစ်ချက် ထိမှန်သွားခဲ့သည်။
"အလွန်ကြောက်စရာ ကောင်းလွန်းတယ်။ ဒီကျွမ်းကျင်ပညာရှင်က ဘယ်အဆင့် ရောက်နေပြီလဲ" ကျင်းယွန်၏ စိတ်နှလုံးသည် တုန်ယင်နေပြီး သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အမွှေးတိုင်းမှာပင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။
ဝှမ်း….။
ထိုအချိန်မှာပင် လှိုင်းလုံးကြီးတစ်ချက် ရိုတ်ခတ်သွားပြီး ပုံရိပ်တစ်ခုက သူ့နောက်သို့ နီးကပ်စွာ လိုက်ပါလာသည်။
ထိုပုံရိပ်၏မျက်နှာကို မြင်သောအခါ သူ၏တစ်ကိုယ်လုံး တုန်လှုပ်သွားပါသည်။ သူ၏ မူလက ကြိုတင်ပြင်ဆင်ထားသော ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ ပြန်လဲကျသွားပြီး သူ၏မျက်လုံးများတွင် ပြင်းထန်သော အကြောက်တရားများဖြင့် ပြည့်နေသည်။
“စီနီယာ… စီနီယာ၊ ကျွန်တော် စီနီယာကို ဘယ်လိုများ စော်ကားမိလဲ မသိပါဘူး။ စီနီယာက ကြီးမြတ်လွန်းပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို လွှတ်….. လွှတ်ပေးပါ” ကျင်းယွန်က မြေပြင်ပေါ်တွင် ကမန်းကတန်း ဒူးထောက်လိုက်ပြီး ပြောလိုက်သည်။
သို့သော် ဟောင်ခွန်သည် ၎င်းကို မကြားသလို လျစ်လျူရှုထားခဲ့သည်။
ကျင်းယွန်သည် ချက်ချင်းပင် စိုးရိမ်စိတ်ဖြစ်လာပြီး ကြိမ်ဖန်များစွာ ဦးတိုက်နေကာ သူ၏နဖူးကြောင့် မြေပြင်၌ အပေါက်ကြီးတစ်ခုပင် ဖြစ်လာခဲ့သည်။
"သူ့ကိုသတ်လိုက်ပါ!"
ထိုအချိန်တွင် အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။
ကျင်းယွန်သည် ရုတ်တရက် ခေါင်းမော့လိုက်ပြီး စကားပြောလာသော ချင်ယွင်ကို လှမ်းကြည့်လိုက်သည်။ ပြင်းထန်သော ဒေါသက သူ၏မျက်လုံးထဲတွင် ပေါက်ကွဲ ထွက်လာခဲ့ပြီး ဒေါသတကြီး အော်ဟောက်လိုက်သည် "ထွက်သွားစမ်း၊ ဒီမှာ ငါ စီနီယာနဲ့ စကားပြောနေတာ။ မင်း နှောက်ယှက်မယ့်အလှည့် မရောက်သေးဘူး။"
သူ၏ရှေ့မှာရှိနေသော ဤပြိုင်ဘက်ကင်း ကျွမ်းကျင်ပညာရှင်သည် လင်းယွင်ဟု ခေါ်သော ဤကောင်လေးနှင့် မည်သို့မျှ ပတ်သက်ခြင်းမှရှိနိုင်ဟု ကျင်းယွန် တွေးထားခဲ့ သည်။ ယန်ဟန်၏လုပ်ရပ်ကြောင့် ဖြတ်သွားဖြတ်လာ ကျွမ်းကျင်ပညာရှင်တစ်ဦးကို အမျက်ဒေါသ ထွက်စေခဲ့ခြင်းဖြစ်ပြီး ဤဘေးဆိုးကြီးကို ဖြစ်ပေါ်စေခဲ့သည်ဟု သူ ယုံကြည်ထားသည်။
သို့သော်လည်း ယခုတစ်ကြိမ်မှာတော့ ကျင်းယွန်သည် တကယ်ကို မှားယွင်းသွား ခဲ့ပါသည်။ သူ့ရှေ့မှာရှိနေသည့် ကျွမ်းကျင်ပညာရှင်ကို သူ မည်သို့ တောင်းပန်ရ မည်နည်း စဉ်းစားနေတုန်းမှာပင် အေးစက်စက်အသံတစ်ခု သူ၏နားထဲမှာ ရုတ်တရက် ထွက်ပေါ်လာပါသည်။
"ဟုတ်ကဲ့ပါ.. သခင်လေး!"
၎င်းသည် စကားလုံး သုံးလုံးမျှသာဖြစ်ပြီး အသံက မကျယ်သော်လည်း ကောင်းကင်ဘုံ ကိုးပါးမှ မိုးကြိုးတစ်စင်းအလား ကျင်းယွန်ကို ထိမှန်သွားခဲ့ပါသည်။
ကျင်းယွန်သည် မြေပြင်ပေါ်သို့ ပြိုလဲကျသွားပြီး သူ၏မျက်နှာက မှုန်မှိုင်းမူနှင့်အတူ ဖြူဖပ်ဖြူရော် ဖြစ်သွားလေသည်။
"သခင်လေးလား၊ ဒီပြိုင်ဘက်ကင်းကျွမ်းကျင်ပညာရှင်က သူ့ကို သခင်လေးလို့ ခေါ်လိုက်တာလား" ကျင်းယွန်၏ စိတ်ထဲတွင် ထိုအသံက ပဲ့တင်ထပ်လာသည်။ ဒီပြိုင်ဘက်ကင်းကျွမ်းကျင်ပညာရှင်က ချင်ယွင်ကို အဘယ့်ကြောင့် သခင်လေးဟု ရုတ်တရက် ခေါ်လိုက်သည်ကို သူ နားမလည်နိုင်ခဲ့ပေ။
"ဘန်း…."
ကျယ်လောင်သာ အသံတစ်ခု ထွက်ပေါ်လာသည်။
ကျင်းယွန်၏ အကြည့်များသည် လုံးဝကို အသက်မဲ့သွားခဲ့သည်။ သူသည် ဤမေးခွန်းကို ဘယ်တော့မှာ နားလည်နိုင်မှာ မဟုတ်တော့ပါဘူး။
ဟောင်ခွန်၏ လက်ဖဝါးသည် ကျင်းယွန်၏ ခေါင်းပေါ်သို့ တိုက်ရိုက် ထိမှန်သွား သောကြောင့် ကျင်းယွန်၏ ဦးခေါင်းခွံသည် တိုက်ရိုက် ပေါက်ကွဲသွားခဲ့ပြီး သူ၏ ဦးခေါင်းနှင့် နီဝမ်နန်းတော်ရှိ စိတ်ဝိညာဉ်တို့သည် ချက်ချင်း ပြိုကျသွားခဲ့သည်။ တစ်နည်းဆိုရသော် ကျင်းယွန်သည် လုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့ပြီး ဤကမ္ဘာမြေကြီးတွင် မတည်ရှိနိုင်တော့ပြီ။
"ဘန်း….!"
ကျင်းယွန်၏ ခန္ဓာကိုယ်သည် မလှုပ်မယှက် မြေပြင်ပေါ်သို့ လဲကျသွားသည်။
ထိုမြင်ကွင်းကို ထွက်သက်တစ်ချက်ပဲကျန်တော့သည့် ယန်ဟန်သည် အဝေးမှ မြင်လိုက်ရလျှင် ကြောက်လွန်းသဖြင့် ပါးစပ်ကြီးပွင့်ဟသွားသော်လည်း မည်သည့် စကားမှ ပြန်မပြောနိုင်ခဲ့ပါဘူး။
အခန်း (၅၀၃) နှလုံးသားလောင်ကျွမ်းညှင်းပန်းနှိပ်စက်ခြင်း။
ထိုကဲ့သို့ပင်၊ ကျင်းယွန် နှင့် ယန်ဟန် ညီအစ်ကိုတို့သည် အကြင်နာတရားကင်းမဲ့စွာ ဆက်ဆံခံခဲ့ရပြီး ချင်ယွင်သည်လည်း ယန်ဟန်ရရှိထားသော အင်မော်တယ်ဝိညာဉ် ကျောက်စိမ်းတုံးနှင့် ကျင်းယွန်၏ အဆင့်တစ်အင်မော်တယ်အဆင့် ဆေးလုံးတို့ကို သူ၏သိုလှောင်အိတ်ထဲတွင် သိမ်းဆည်းထားလိုက်ပါသည်။
ကျင်းယွန်သည် ချင်ယွင်နှင့် အခြားသူများကို ရင်ဆိုင်ရန်အတွက် ဤအင်မော်တယ်အဆင့်ဆေးကို အသုံးပြုရန် စီစဉ်ခဲ့သော်လည်း နောက်ဆုံးတွင် အင်မော်တယ်အဆင့်ဆေးကို သုံးရန် အခွင့်အရေးပင် မရှိခဲ့ပေ။ ယင်းက သူ့အတွက် အလွန်ဝမ်းနည်းစရာကောင်းသော ကိစ္စတစ်ခု ဖြစ်သွားရသည်။
နင်ရှင်း နှင့် ဇီရှန်တို့သည်လည်း တွေဝေမှင်သက်နေကြသည်။ အထူးသဖြင့် ဇီရှန် ဖြစ်လေသည်။ သူမသည် ကျင်းယွန်နှင့် အဆင့်တူဖြစ်သည်။ ထို့ကြောင့် သူမသည် ပို၍ လေးနက်စွာ ခံစားခဲ့ရသည်။
သူမရှေ့မှ ဤလူငယ်များကို သူမအနေနဖြင့် ထွင်းဖောက်မမြင်နိုင်တော့ကြောင်း သူမ တွေ့ရှိခဲ့ရသည်။ သူမသည် သူ့ကို ပထမဆုံး တွေ့ဆုံလိုက်စဉ်ကတည်းက သူ၏ ခန္ဓာကိုယ်ကို မြူခိုးတွေဖုံးလွှမ်းနေသလို ခံစားခဲ့ရသည်။ ထို့နောက်တွင်၊ ချင်ယွင်သည် ရက်စက်ကြမ်းကြုတ်သော လိပ်နက်ဘိုးဘေးကို သတ်ခြင်းမှစ၍ အင်မော်တယ် အသွင် ကူးပြောင်းခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်တွင် ရှိနေသော ကျွမ်းကျင်ပညာရှင် ကျွန်တစ်ဦးကို ပိုင်ဆိုင်ခြင်းအထိ၊ ယခုလို ထိတ်လန့်စရာ အဖြစ်အပျက်အားလုံးက သူမ၏မှတ်ဉာဏ်ထဲ တစ်ခုပြီးတစ်ခု ပြန်လည်ပေါ်လာခဲ့သည်။
"အတိအကျ သူက ဘယ်သူလဲ" ဇီရှန်သည် စိတ်ရှုပ်ထွေးစွာဖြင့် သူမကိုယ်သူမ ရေရွတ်လိုက်မိပါသည်။
ချင်ယွင်သည် အခြားသူများ မည်သို့တွေးသည်ကို ဂရုမစိုက်ပေ။ သူသည် ဤ ကရုဏာမဲ့သောခန်းမကြီးကို လုံးလုံးဖျက်ဆီးပစ်ပြီး အတွင်းမှာရှိသည့် အရာအားလုံးကို လုံးလုံးလျားလျား နှစ်မြှုပ်ပစ်ဖို့ ဟောင်ခွန်ကို အမိန့်ပေးလိုက်သည်။
ထို့နောက် ချင်ယွင် နှင့် ဇီရှန်တို့သည် အတူတကွ ပလက်တီနမ်လှိုင်ဂူဆီသို့ အပြေးအလွှား ပြန်လာခဲ့ကြသည်။ နင်းရှင်းအတွက်မူ သူမသည် သဘာဝအတိုင်း သူမ၏ ဧရာမဝေလငါးနန်းတော်သို့ ပြန်သွားခဲ့ပါပြီ။
ချင်ယွင်သည် သူမ၏လုံခြုံရေးအတွက် စိတ်မပူပါ။ အဆုံးမဲ့တွင်းနက်ကြီးထဲမှ သူမ ထွက်ခွာသွားနိုင်သည်နှင့် ကျန်တစ်ဖက်သည် သူမ၏ ဧရာမဝေလငါးနန်းတော် ပိုင်ဆိုင်သောနယ်မြေ ဖြစ်ပါသည်။ ဧရာမဝေလငါးနန်းတော်၏ နယ်မြေတွင် သူမကို ထိဝံ့သူသည် သံသယမရှိ သေခြင်းတရားကို တောင်းခံနေသူ ဖြစ်ပေလိမ့်မည်။
ချင်ယွင် နှင့် ဇီရှန်တို့သည် အတူတူ လမ်းလျှောက်လာခဲ့ကြသည်။ ဇီရှန်သည် မြေအောက်တတိယထပ်မှာ ဖြစ်ပျက်ခဲ့သည့် အဖြစ်ပျက်များနှင့် အင်မော်တယ် နန်းတော်၏သော့အကြောင်းကို ချင်ယွင်အား မေးမြန်းစုံစမ်းခြင်း မရှိခဲ့ပါဘူး။ ချင်ယွင်သည်လည်း သဘာဝအတိုင်း တိတ်ဆိတ်နေရန် ရွေးချယ်ထားပါသည်။
အင်မော်တယ်နန်းတော်၏သော့သည် အလွန်ရှုပ်ထွေးသည့် ကိစ္စရပ်ကြီးများ ပါဝင် ပတ်သက်လာနိုင်ပါသည်။ ဤသတင်း ပြန့်သွားသည်နှင့် အလွန်အစွမ်းထက်သော အင်အားစုကြီးသုံးခုသည်ပင် သူ့ကို စောင့်ကြည့်လာဖွယ်ရှိပြီး နဂါးကောင်းကင် နန်းတော်၏ နန်းတော်သခင်သုံးပါးသည်ပင် အင်မော်တယ်နန်းတော် သော့အပ်ရန် ချင်ယွင်ကို သေချာပေါက် တွန်းအားပေးလာမည် ဖြစ်ပါသည်။
ချင်ယွင်သည် သူ၏ဘေးမှာ ဟောင်ခွန်ရှိနေသည့်အတွက် သူတို့ကို မကြောက် သော်လည်း ယခုအချိန်တွင် အလွန်အမင်း ဒုက္ခမများချင်သေးပေ။
သူတို့နှစ်ဦးသည် လမ်းတစ်လျှောက်လုံး တိတ်ဆိတ်နေပြီး လမ်းခရီးတွင်သာ နှစ်မြှုပ်ထားကြသည်။ များမကြာမီ သူတို့သည် ပလက်တီနမ်လှိုဏ်ဂူသို့ ရောက်ရှိလာ ကြသည်။
ရှောင်ဘိုင်နှင့်ရှောင်ကျင်းတို့ကို သူနောက်ဆုံးတွေ့ခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပါပြီ။ ချင်ယွင်သည်လည်း သူတို့ကို အရမ်းလွမ်းနေမိသည်။ သို့သော်လည်း သူ ပလက်တီနမ်လှိုဏ်ဂူသို့ အပြေးအလွှား ရောက်လာသောအခါ ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့၏ အငွေ့အသက်များ ရှိမနေသည်ကို သူ တွေ့ရှိလိုက်ရပါသည်။
ယုတ္တိဗေဒနည်းအရ ပြောရလျှင်င် ရှောင်ဘိုင် နှင့် ရှောင်ကျင်းတို့သည် အကယ်၍ လှိုဏ်ဂူထဲမှာ ရှိနေသည်ဆိုလျှင် သူတို့သည် ချင်ယွင် ရောက်ရှိလာသည်ကို အချိန်ကြာမြင့်စွာကတည်းက သတိပြုမိသင့်ပါသည်။ သူတို့သည် သူ့ကို ကြိုဆိုရန် တံခါးနားအဝင်မှာ မတ်တပ်ရပ်ရှိနေသင့်သော်လည်း ယခု ရှောင်ဘိုင် နှင့် ရှောင်ကျင်း တို့ကို မည်သည့်နေရာမှာမှ မတွေ့ခဲ့ရပေ။
ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိပါသည်။ သူ၏နှလုံးသားထဲမှာ ဆိုးရွားသော ကြိုတင်သတိပေးချက်တစ်ခု ရှိလာခဲ့သည်။
ထို့ကြောင့် ချင်ယွင်သည် ပလက်တီနမ်လှိုဏ်ဂူဆီသို့ အမြန်ပြေးသွားခဲ့သည်။ ဇီရှန် သည်လည်း တစ်ခုခုမှားနေပြီဟု ခံစားရပြီး ကမန်းကတန်း လိုက်ပါလာခဲ့သည်။
သို့သော် သူတို့ ခန်းမထဲသို့ ပြေးဝင်သွားချိန် မြင်လိုက်ရသောမြင်ကွင်းက ချင်ယွင်၏ မျက်ခုံးများကို တင်းတင်းကျပ်ကျပ် တွန့်သွားစေခဲ့သည်။
ခန်းမအတွင်း၌ အရာအားလုံးသည် ရှုပ်ပွနေပါသည်။ ပစ္စည်းတွေက ကွဲအက်ပြီး မြေပြင်အနှံ့ ပြန့်ကျဲနေသည်။ ကျောက်တိုင်ကြီးလေးတိုင်လည်း ကျိုးပဲ့နေသည်။ နံရံတွေမှာ ကွဲအက်နေသော နေရာအများလည်း ရှိနေသည်။ ပြင်းထန်သောတိုက်ပွဲကို တွေ့ကြုံခဲ့ကြသည်မှာ ထင်ရှားပါသည်။
"တပ်မှူးလင်း..."
ချင်ယွင်သည် ဤနေရာတွင် ဖြစ်ပျက်နေသည်ကို နားမလည်နိုင် ဖြစ်နေစဉ်မှာ အားနည်းသော ခေါ်သံက ထောင့်တစ်နေရာမှ ရုတ်တရက် ထွက်ပေါ်လာသည်။
ချင်ယွင်သည် ချက်ချင်း ကြည့်လိုက်လျှင် ထောင့်တစ်နေရာမှာ လဲလျောင်းနေပြီး သေဆုံးလုနီးပါးဖြစ်နေသော လူတစ်ယောက်ကို တွေ့လိုက်ရ၏။
ချင်ယွင်သည် ဘေကျန်းဘေးမှာ တခဏအတွင်း ပေါ်လာပြီး ဘေကျန်း၏ ခန္ဓာကိုယ် ထဲသို့ အသက်စွမ်းအားကို ထည့်သွင်းပေးလိုက်ကာ ဒဏ်ရာအချို့ကို ပြန်လည် ကောင်းမွန်လာစေရန် ကူညီပေးလိုက်ပါသည်။
အသက်စွမ်းအားကို ဖြည့်သွင်းပေးခြင်းဖြင့် ဘေကျန်း၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း တိုးတက်လာသည်။
"ဘေကျန်း၊ မင်း သက်သာရဲ့လား” ချင်ယွင်က ကမန်းကတန်း မေးလိုက်သည်။ ယခုအချိန်မှာ ရှောင်ဘိုင် နှင့် ရှောင်ကျင်း တို့၏ နေရာနှင့်ပတ်သက်ပြီး သူ စိတ်ပူနေ မိ၏။
သူ၏စိတ်ဝိညာဉ်သည် ရှောင်ဘိုင် ၊ ရှောင်ကျင်း တို့နှင့် ချိတ်ဆက်ထားသဖြင့် ရှောင်ဘိုင် နှင့် ရှောင်ကျင်းတို့ မသေသေးကြောင်း သူခံစားနိုင်သည်။ သို့သော်လည်း ရှောင်ဘိုင် နှင့် ရှောင်ကျင်းတို့သည် ယခုအချိန်တွင် သူ၏အကွာအဝေးအနီးအတွင်းမှာ ရှိမနေခဲ့ပေ။
ချင်ယွင်သည် မရေမရာဝေဝေဝါးဝါး ဦးတည်ရာအရပ်မျှသာ ခံစားသိရှိနိုင်သည်။ သူသည် ရှောင်ဘိုင် နှင့် ရှောင်ကျင်းတို့ကို သေချာပေါက် ရှာမှာဖြစ်ပေမယ့် ဤကိစ္စ တိုင်ခင်မှာ ချင်ယွင်သည် အဖြစ်အပျက်တွေကို မေးမြန်းရပါလိမ့်ဦးမည်။
ဘေကျန်းသည် ချင်ယွင်၏ စိတ်လှုပ်ရှားနေသော အမူအရာကို မြင်သောအခါ၊ သူက ချက်ချင်း ပြောသည် "တပ်မှူးလင်း၊ မကောင်းတော့ဘူး။ မကောင်းတော့ဘူး။ ကြီးမြတ်သောကာကွယ်သူနဲ့ ဒုတိယကာကွယ်သူတို့ တစ်ခုခု ဖြစ်သွားတယ်။"
"အတိအကျ ဘာဖြစ်တာလဲ?" ချင်ယွင်က ကမန်းကတန်း မေးလိုက်သည်။
"ကြီးမြတ်သောကာကွယ်သူနဲ့ ဒုတိယကာကွယ်သူတို့က ဟောင်ကူကို သတ်ဖြတ်ခဲ့ တယ်။" ဘေကျန်းက စိတ်လှုပ်ရှားစွာ ပြောသည်။
"ပြီးတော့ရော?" ချင်ယွင်က ဆက်မေးသည်။ ရှောင်ဘိုင် နှင့် ရှောင်ကျင်းတို့ ဟောင်ကူ ကို သတ်ခဲ့သည့်အကြောင်း သူ သိထားသည်။ ၎င်းတို့ထဲမှ တစ်ဝက်ကို ချင်ယွင်က အကြံပေးလှုံ့ဆော်ခဲ့ခြင်း ဖြစ်သည်။ ဤကိစ္စကြောင့်များ ဖြစ်နိုင်မလား။
"ကြီးမြတ်သောကာကွယ်သူနဲ့ ဒုတိယကာကွယ်သူတို့ဟာ ဆူးသုံးချောင်းလှိုဏ်ဂူက ကြီးမြတ်သောကာကွယ်သူ ဟောင်ကူကို သတ်ပစ်ခဲ့တယ်။ ဒီကိစ္စကို ကြက်သွေးရောင် လှိုင်ဂူရဲ့ ကြီးမြတ်သော ကာကွယ်သူဖြစ်တဲ့, ကြက်သွေးရောင် မျက်လုံးသုံးလုံးငါးက ရှာဖွေတွေ့ရှိခဲ့တယ်။ ဘေကျန်းက ဆက်ပြောသည် "ကြက်သွေးရောင်လှိုဏ်ဂူရဲ့ ကြီးမြတ်သောကာကွယ်သူနဲ့ ဟောင်ကူတို့ကြားမှာ အတော်လေးကောင်းမွန်တဲ့ ဆက်ဆံရေးရှိနေခဲ့တယ်။ ဒါကြောင့် ဒီကိစ္စကို တပ်မှူးကြီးထံ အစီရင်ခံခဲ့တယ်။ နောက်ဆုံးမှာတော့ တပ်မှူးတစ်ယောက်က မဟာတပ်မှူးကြီးဆီ အပြစ်ရှိကြောင်း ဝန်ခံဖို့အတွက် သူတို့ကို ခေါ်ဆောင်သွားကြတယ်။ မဟာကာကွယ်သူနှင့် ဒုတိယကာကွယ်သူတို့က ဝန်ခံရန်ငြင်းဆန်လိမ့်မယ်လို့ သူတို့အနေနဲ့ မမျှော်လင့်ထား ကြဘူး။ ဒါကြောင့် မဟာတပ်မှူးကြီးကလည်း နှလုံးသားလောင်ကျွမ်း ညှင်းပန်း နှိပ်စက်ခြင်းနဲ့ စစ်ဆေးမေးမြန်းရန်အတွက် ခေါ်ဆောင်သွားမယ်လို့ ပြောတယ်။”
နောက်ဆုံးတော့ ချင်ယွင်သည် အဖြစ်ပျက်တွေကို နားလည်သွားခဲ့ပါပြီ။ ဤသည်မှာ မဟာတပ်မှူကြီးအုပ်စုအား အတိုက်အခံလုပ်ခဲ့သော အဖြူလေးနှင့် ရွှေလေးတို့ကြောင့် ဖြစ်သည်။ ထို့နောက် နှစ်ဖက်အကြား ပဋိပက္ခများ ဖြစ်ပွားခဲ့ကြသည်။ ဤရူထောင်မှ တဆင့် အဖြူလေး နှင့် ရွှေလေးတို့သည် ဒဏ်ရာအပြင်းအထန်ရသွားကြဖို့ ဖြစ်နိုင်ချေ အလွန်များသည်။
ချင်ယွင်၏ မျက်လုံးများသည် ပြင်းထန်သော အေးစက်မှုနှင့်အတူ ချက်ချင်း ဝင်းလက်လာခဲ့သည်။
"နှလုံးသားလောင်ကျွမ်းညှင်းပန်းနှိပ်စက်ခြင်းဆိုတာ ဘာလဲ" ချင်ယွင်က မေးလိုက်သည်။
ဘေကျန်းက သူမသိနားမလည်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါသည်။
"နှလုံးသားလောင်ကျွမ်းညှင်းပန်းနှိပ်စက်ခြင်းဆိုတာက အလွန်ပြင်းထန်တဲ့ ညှဉ်းပန်း နှိပ်စက်ခြင်း ပုံစံတစ်ခုဖြစ်တယ်။ အမှန်အတိုင်းပြောရန် တွန်းအားပေးရန်အတွက် လူတစ်ယောက်ရဲ့စိတ်ဝိညာဉ်ကို လောင်ကျွမ်းစေနိုင်တဲ့ ကျောက်တုံးကို မီးရှို့ အသုံးပြုရန် လိုအပ်တယ်။ အခြေခံအနေနဲ့ ပြောရရင် သာမန်လူတွေကတော့ အဲဒီ ညှဉ်းပန်းနှိပ်စက်မှုကို ခံနိုင်ရည် မရှိကြဘူး။" ဇီရှန်၏အသံက ခန်းမအပြင်ဘက်မှ ထွက်ပေါ်လာပါသည်။
ချက်ခြင်းပင် ချင်ယွင်၏ မျက်လုံးများတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်တစ်ခု ထွက်ပေါ်လာပြီး ခန်းမတစ်ခုလုံး ပြည့်သွားခဲ့သည်။ ဘေကျန်း၏ မျက်နှာသည် ဖြူဖျော့နေပြီး သူ၏မျက်လုံးများတွင် ထိတ်လန့်မှု အပြည့်ရှိနေသည်။
ဤအခိုက်အတန့်တွင် ချင်ယွင်သည် အမှန်တကယ်ပင် ဒေါသတကြီး ဖြစ်နေလေသည်။ "စိတ်ဝိညာဉ်လောင်ကျွမ်းခြင်း"ဟူသော စကားလုံးကို ကြားလိုက်ရသောအခါ သူ၏ စိတ်ထဲ၌ ဒေါသမထွက်ဘဲ မနေနိုင်တော့ပေ။
တစ်ချိန်တုန်းက သူသည် ကျန်းရွှန်ရှင်းအတွက် သူ၏စိတ်ဝိညာဉ်ကို လောင်ကျွမ်းခဲ့ဖူး ပြီး သူခံစားခဲ့ရသော ဝေဒနာကို သူ သိသည်။
ထို့အပြင်၊ ရှောင်ဘိုင် နှင့် ရှောင်ကျင်းတို့သည် ဟောင်ကူကိုသတ်ရခြင်း၏ အကြောင်းရင်း အစစ်အမှန်ကို ဖော်ပြမည်မဟုတ်ကြောင်းကိုလည်း သူ ယုံကြည်ထား သည်။ ဤနည်းအားဖြင့် ရှောင်ဘိုင် နှင့် ရှောင်ကျင်းတို့သည် ဤကဲ့သို့ လူမဆန်စွာ နှိပ်စက်နာကျင်မှုကို ခံစားရမည်မှာ သေချာပါသည်။
"ရှောင်ဘိုင်နဲ့ရှောင်ကျင်းတို့က ဘယ်မှာလဲ" ချင်ယွင်သည် ရူးသွပ်နေသော ဝံပုလွေ တစ်ကောင်ကဲ့သို့ အရူးအမူး အော်ဟစ်မေးလိုက်သည်။
ဇီရှန်၏အမူအရာသည် ချက်ချင်းပြောင်းလဲသွားသည်။ သူမသည် မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်"နဂါးကောင်းကင်နန်းတော်၊ နဂါးကောင်းကင်နန်းတော်တစ်ခုတည်း မှာပဲ နှလုံးသားလောင်ကျွမ်းကျောက်တုံးတွေရှိတယ်။ မင်းရဲ့ညီနှစ်ယောက်ကို နဂါး ကောင်းကင်နန်းတော်ဆီကို ခေါ်သွားတာဖြစ်ရမယ်"
"နဂါးကောင်းကင်နန်းတော်လား!" ချင်ယွင်သည် အံသွားကြားမှ စကားလုံးလေးလုံးကို ညှစ်ထုတ်ပြောလိုက်ပြီး ပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒက ထွက်ပေါ်လာသည်။ သူသည် ပြောပြီးသည်နှင့် ခန်းမထဲမှ အပြေးအလွှား ထွက်ပြေးသွားတော့မည်။
"မင်း ဘာလုပ်ချင်လို့လဲ။ မင်းက နဂါးကောင်းကင်နန်းတော်ကို သတ်ဖြတ်ချင်နေ တာတော့ မဟုတ်ဘူးမလား? မင်းမှာ ပြိုင်ဘက်ကင်း ကျွမ်းကျင်ပညာရှင် တစ်ယောက်ရဲ့အကာအကွယ်ကို ရထားရင်တောင် နဂါးကောင်းကင်နန်းတော်မှာ ကျွမ်းကျင်ပညာရှင်တွေက တိမ်တွေလို ပေါ်များလွန်းတယ်။ မင်းအနေနဲ့ မင်းရဲ့ ညီတွေကို ကယ်တင်နိုင်မှာ မဟုတ်ဘူး။ မင်းသေရုံပဲ ရှိလိမ့်မယ်။" ဇီရှန်က ချင်ယွင်၏ လမ်းကို အမြန်ပိတ်လိုက်သည်။
သူ၏ညီနှစ်ယောက်အတွက် ချင်ယွင်သည် နဂါးကောင်းကင်နန်းတော်ကိုသွားပြီး သတ်ဖြတ်မှာကို သူမ အမှန်တကယ် ကြောက်နေခဲ့မိသည်။ ချင်ယွင်၏ လက်ရှိ စွမ်းအားကိုလည်း သူမသိသည်။ အကယ်၍ သူ့ကို ဒီအတိုင်း လွှတ်ထားလိုက်မည် ဆိုလျှင် ကြီးစွာသော ဖရိုဖရဲအခြေနေကြီး ဖြစ်သွားနိုင်ပါသည်။
ဇီရှန်၏ စကားကိုကြားလျှင် ချင်ယွင်သည် ငြိမ်သက်သွားခဲ့ပြီး ဇီရှန်ကို ကျေးဇူးတင်စိတ်ဖြင့် ကြည့်လိုက်ပါသည်။
သို့သော်လည်း သူ၏အကြည့်တွေက တင်းမာနေဆဲပင်။ သူက ဘေကျန်းဘက်လှည့်ပြီး မေးလိုက်သည် "သူတို့ သွားတာ ဘယ်လောက်ကြာပြီလဲ?"
"နှစ်ရက်!" ဘေကျန်းက ပြန်ပြောသည် ။
"ကောင်းပြီ၊ ဒီကနေ နဂါးကောင်းကင်နန်းတော်ကို ရောက်ဖို့ ငါးရက်လောက်ကြာ လိမ့်မယ်။ ဆိုတော့ သူတို့ နဂါးကောင်းကင်နန်းတော်ကို မရောက်ခင် ငါ တားရလိမ့်မယ်။" ချင်ယွင်၏ မျက်လုံးများသည် အေးစက်စွာ တဖျတ်ဖျတ် ခတ်နေသည်။
အခန်း (၅၀၄) တပ်မှူးကြီး။
ချင်ယွင်သည် ရပ်တန့်ခြင်းမရှိဘဲ အရှိန်ဟုန်ပြင်းပြင်းဖြင့် နဂါးကောင်းကင် နန်းတော်ဆီသို့ ဦးတည်သွားခဲ့သည်။
သူ့မှာ အချိန်သုံးရက်သာ ကျန်ပါတော့သည်။ တပ်မှူးကြီးက နဂါးကောင်းကင် နန်းတော်သို့ ခေါ်ဆောင်မသွားမီ ရှောင်ဘိုင်နှင့်ရှောင်ကျင်းတို့ကို ကယ်တင်ရမည် ဖြစ်ပါသည်။ ထိုသို့မဟုတ်ရင် ရှောင်ဘိုင်နှင့်ရှောင်ကျင်းတို့ကို နောက်တစ်ကြိမ် ကယ်တင်ရန်အတွက် အလွန်ခက်ခဲပါလိမ့်မသည်။
ဇီရှန်သည်လည်း ချင်ယွင် နောက်သို့ သဘာဝအတိုင်း လိုက်သွားခဲ့ပါသည်။ ချင်ယွင်သည် ထိုတပ်မှူးကြီးကို ဒေါသတကြီးဖြစ်ပြီး သတ်လိုက်မည်ဆိုလျှင် ကိစ္စက ပို၍ပင် ကြီးထွားလာမည်ကို သူမ ကြောက်နေမိသည်။
ထိုအချိန်ရောက်လျှင် ဤကိစ္စသည် နဂါးကောင်းကင်နန်းတော်၏ အထက်ပိုင်းမှ အကြီးအကဲများ၏ အာရုံစိုက်မှုကို သေချာပေါက် ဆွဲဆောင်နိုင်ပြီး နန်းတော်သခင် သုံးဦးကိုပင် အသိပေးသလို ဖြစ်သွားနိုင်ပါသည်။ ထိုအနေထားထိ ရောက်ရှိသွားမည် ဆိုလျှင် အကယ်၍များ သူမသည် ချင်ယွင်အတွက် စကားပြောလိုလျှင်ပင် သူမ လုပ်နိုင်သောအရာ ရှိတော့မည် မဟုတ်ပေ။
သို့သော် ချင်ယွင်၏အရှိန်အဟုန်သည် မြန်လွန်းလှသည်။ သူသည် အနည်းငယ်မျှပင် အနားယူခြင်းမရှိဘဲ သူ၏ကိုယ်ပွားနှစ်ခုကို ကြားထဲမှာ အပြန်ပြန် အလှန်လှန် ပြောင်းလဲ အသုံးပြုခဲ့သည်။ ဇီရှန်သည်ပင်လျှင် ဤအရာကို မလုပ်နိုင်ဘဲ ချင်ယွင်၏ နောက်တွင်သာ ကျန်ရစ်ခဲ့ရသည်။
နှစ်ရက်ခွဲ ခရီးထွက်ပြီးနောက်၊ ချင်ယွင်သည် တပ်မှူးကြီးနှင့် အခြားသူများသည် နဂါးကောင်းကင်နန်းတော်သို့ မရောက်ရှိမီ ၎င်းတို့ကို ရပ်တန့်လိုက်နိုင်သည်။
သို့သော်လည်း ချင်ယွင်သည် ရှောင်ဘိုင်နှင့်ရှောင်ကျင်းတို့၏ အခြေအနေကို မြင်လိုက်ရသောအခါတွင် သူ၏မျက်လုံးများသည် ချက်ချင်းပင် နီမြန်းလာခဲ့သည်။
ရှောင်ဘိုင်နှင့်ရှောင်ကျင်းတို့ကို သံကြိုးများဖြင့် ဧရာမလိပ်ကြီး၏ နောက်ကျောပေါ် တွင် ချည်နှောင်ထားသည်။ သူတို့၏ အငွေ့အသက်များသည် သေခါနီးဆဲဆဲတွင် ရှိနေပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားသည်မှာ ထင်ရှားပါသည်။
ထိုအချိန်တွင် လူနှစ်ယောက်သည် ဧရာမလိပ်ကြီး၏နောက်ဘက်တွင် ရပ်နေသည်။ တစ်ယောက်သည် မျက်လုံးသုံးလုံးရှိပြီး နှစ်လုံးက နီရဲနေပါသည်။ သူသည် အတော်လေး အရပ်ပုပြီး အခြားလူ၏နောက်တွင် အနည်းငယ် ရှိနေရသည်။ ထင်ရှားသည်မှာ၊ ထိုလူသည် ဘေကျန်းပြောခဲ့သည့် ကြက်သွေးရောင် မျက်လုံး သုံးလုံးငါး ဖြစ်ပါလိမ့်မည်။
အခြားလူကမူ အရပ်ပိုမြင့်မားပြီး ထင်ရှားပြတ်သားပြီး တင်းမာသော မျက်နှာအမူအယာ ရှိသည်။ သူသည် အနက်ရောင်ချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားပြီး သူ၏လက်များက သူ၏ရင်ဘတ်ကို ဖြတ်ကာ(လက်ပိုက်ထားကာ) သူ၏တစ်ကိုယ်လုံး အထံမှ လွှမ်းမိုးနိုင်စွမ်းကြီးမားသော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။ သူ၏ ကျင့်ကြံမူအဆင့်သည် အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့် သို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။
အကယ်၍ ချင်ယွင်၏ ခန့်မှန်းချက်သာ မှန်ပါက၊ သူ၏ရှေ့တွင်ရှိနေသော ဤအနက်ရောင် ချပ်ဝတ်တန်ဆာဝတ်ဆင်ထားသူသည် နဂါးကောင်းကင်နန်းတော်၏ တပ်မှူးကြီးဟန်ကွမ်း ဖြစ်သင့်ပါသည်။
ဟန်ကွမ်း၏ အဓိကပင်မခန္ဓာကိုယ်မှာ ကျားနက်ငါးမန်း ဖြစ်သည်။ သူသည် ရက်စက် ကြမ်းကြုတ်ပြီး အာဏာရှင်ဆန်လွန်းသူ ဖြစ်ကာ သူ၏အသွင်အပြင်ကလည်း အမြဲတမ်း ရက်စက်ကြမ်းကြုတ် ဖြစ်သည်။ သူ၏လက်ထဲသို့ ကျရောက်သွားသည့် အကျဉ်းသား ဒါမှမဟုတ် ရန်သူမှန်သမျှသည် အကောင်းဖြင့်ဆုံးသတ်ခြင်းမျိုး မရှိခဲ့ပါဘူး။
ဤအခိုက်အတန့်တွင်၊ ရုတ်တရက် သူ၏လမ်းကြောင်းကို ပိတ်ဆို့ထားသော ဤလူငယ်အား ဟန်ကွမ်၏ မျက်လုံးများက စူးစူးစိုက်စိုက် ကြည့်ရင်း သူ၏ မျက်လုံးများက ရက်စက်ကြမ်းကြုတ်သော အမူအရာ ပေါ်လာသည်။
"မင်းက ဘယ်သူလဲ၊ မင်းက ငါ့လမ်းကို ဘယ်လိုလုပ် ပိတ်ဆို့ရဲရတာလဲ။" ဟန်ကွမ်းက အေးစက်စွာ ပြောသည်။ သူ၏အသံသည် လွှမ်းမိုးနိုင်စွမ်းရှိလွန်းပြီး အားကောင်းလှသ ဖြင့် ပတ်ဝန်းကျင်ရှိ ဆိတ်သုဉ်းခြင်းသားရဲများသည် ကြွက်များကဲ့သို့ ထွက်ပြေးသွား စေရန်အထိ ကြောက်ရွံ့နေကြသည်။
ဟန်ကွမ်း၏ဂုဏ်သိက္ခာသည် နဂါးကောင်းကင်နန်းတော် တစ်ခုလုံးတွင်ပင် ထင်ရှား ကျော်ကြားပါသည်။ နဂါးကောင်းကင်နန်းတော် တစ်ခုလုံးတွင်၊ နန်းတော်မှ အပြင်ကို ထွက်လာသော မည်သူမဆို သူ့အား မလေးမစား ပြုလုပ်ရဲမည် မဟုတ်ပေ။ သူ အနည်းငယ် မကျေမနပ်ဖြစ်လျှင် ပြင်းထန်သော ဒဏ်ရာရခြင်းဖြင့် ပြီးဆုံးသွားရပေလိမ့်မည်။
ဟန်ကွမ်းလမ်းကို တစ်စုံတစ်ယောက်က ပိတ်ဆို့တားဆီးရန် သတ္တိရှိသည်ကို မြင်လိုက် ရလျှင် ဆိတ်သုဉ်းခြင်းသားရဲများသည် ဖော်မပြနိုင်လောက်အောင်ပင အံ့သြသွားကြ၏။ သူတို့သည် အဝေးကြီးရောက်သည်အထိ ထွက်မပြေးကြဘဲ ခပ်ဝေးဝေးမှာ ပုန်းပြီး စောင့်ကြည့်နေကြသည်။
"တပ်မှူးကြီး၊ ဒီလူက အဲဒီလူနှစ်ယောက်ရဲ့ အစ်ကိုအကြီးဆုံး လင်းယွင်ဆိုသူပဲ" ချင်ယွင်က မည်သည့်စကားမျှ ပြန်မပြောခင် ဟန်ကွမ်း၏နောက်ကွယ်မှ ကြက်သွေးရောင်မျက်လုံးသုံးလုံးငါးက ပြောလိုက်ပါသည်။
ကြက်သွေးရောင် မျက်လုံးသုံးလုံးငါးကို ကြက်သွေးရောင် မျက်လုံးသုံးလုံးငါးဟု ခေါ်ရခြင်း၏ အကြောင်းအရင်းက သူတို့သည် သတင်းအချက်အလက် အမျိုးမျိုးကို စုဆောင်းရာမှာ အတော်ဆုံးဖြစ်သောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် သူသည် ချင်ယွင်၏ အချက်အလက်များကို သူ၏လက်ဖမိုးကဲ့သို့ သိနေပါသည်။
ချင်ယွင်သည် ဟန်ကွမ်းနောက်ကွယ်မှ အနီရောင်မျက်လုံးများနှင့် လူကို တစ်ချက် ကြည့်လိုက်ပါသည်။ သူ၏မျက်လုံးများတွင် သတ်ပစ်လိုသော အရိပ်အယောင်များ ပေါ်လာပါသည်။ အကယ်၍ ဤအကောင်ကြောင့်သာ မဟုတ်ပါက ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့သည် ထိုကဲ့သို့အခြေအနေမျိုးသို့ ကျရောက်သွားလိမ့်မည် မဟုတ်သလို ဟန်ကွမ်း၏ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားလိမ့်မည်လည်း မဟုတ်ပေ။
"တပ်မှူးကြီး၊ ကျွန်တော်က အကြီးအကဲဇီ ခန့်အပ်ထားတဲ့ တပ်မှူး လင်းယွင်ပါ။ ဒီနှစ်ယောက်ကလည်း ကျွန်တော့်ညီတွေပါပဲ၊ သူတို့က ဘာရာဇ၀တ်မှုတွေများ ကျူးလွန်ထားတယ်ဆိုတာ ကျွန်တော်လည်း မသိရပါဘူး၊ ဒါပေမယ့် တပ်မှူးကြီးက သူတို့ကို နဂါးကောင်းကင်နန်းတော်ဆီ အတင်းအကျပ် ခေါ်သွားခဲ့တယ်" ချင်ယွင်က ပြောလိုက်ပါသည်။
ချင်ယွင်၏အသံကို ကြားလိုက်ရသည်နှင့် ရှောင်ဘိုင်နှင့်ရှောင်ကျင်းတို့၏ မျက်လုံးများ သည်လည်း အနည်းငယ် ပွင့်လာပါသည်။
"အကိုကြီး၊ မင်း ဘာလို့ ဒီကိုရောက်နေတာလဲ" ရှောင်ဘိုင်သည် စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မူ ပေးပို့လိုက်သော်လည်း သူ၏အသံမှာ အနည်းငယ် အားနည်းနေသေး သည်။
"ဟုတ်တယ် အစ်ကိုကြီး၊ ငါတို့အတွက် စိတ်မပူနဲ့။ မင်း အခု ထွက်သွားသင့်ပြီ။ မင်းက ဟန်ကွမ်းရဲ့ ပြိုင်ဘက် မဟုတ်သေးဘူး" ရှောင်ကျင်းကလည်း စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မူ ပေးပို့လိုက်ပြန်သည်။
"မင်းတို့ နှစ်ယောက် အဆင်ပြေနေတာ ကောင်းလိုက်တာ။ ကျန်တာကို ငါ့တာဝန် ထားလိုက်ပါ။ စိတ်မပူနဲ့၊ ငါ အဆင်ပြေသွားပါလိမ့်မယ်။ မင်းတို့နှစ်ယောက်ကို သေချာပေါက် ငါ ကယ်တင်မယ်" ချင်ယွင်က စိတ်ပိုင်းဆိုင်ရာ ပေးပို့လိုက်သည်။
သူသည် နဂါးကောင်းကင်နန်းတော်နှင့် ရန်သူမဖြစ်ချင်သေးပေ။ ထိုသို့မဟုတ်ပါက သူသည် ဟန်ကွမ်းနှင့် ဆွေးနွေးခြင်းမရှိဘဲ ဟောင်ခွန်ကို အလျင်စလို ပြေးခိုင်းပြီး ဟန်ကွမ်းကိုသတ်ကာ ရှောင်ဘိုင်နှင့်ရှောင်ကျင်းတို့ကို ကယ်တင်ရန် အမိန့်ပေးခဲ့ပြီး ဖြစ်ပါလိမ့်မည်။
"ဒါပေမယ့်" ရှောင်ကျင်းက တစ်ခုခု ပြောချင်နေသေးသည်။
"ဒါပေမယ့်ဆိုတာ မရှိဘူး၊ ဘာလဲ၊ မင်းက မင်းအစ်ကိုကြီးကို မယုံတာလား" ချင်ယွင် က စိတ်ပိုင်းဆိုင်ရာဖြင့် ပြန်ပြောလိုက်သည်။
"ငါတို့ အစ်ကိုကြီးကို ယုံကြည်ပါတယ်။ ဒါပေမယ့် အစ်ကိုကြီး အန္တရာယ်ရှိမှန်း သိတာနဲ့ ချက်ချင်း ထွက်ပြေးပါ။ ကျန်တာကို ငါတို့အတွက်ပဲ ထားခဲ့လိုက်ပါ။" ရှောင်ဘိုင်က စိတ်ပိုင်းဆိုင်ရာဖြင့် ပြန်ပြောလိုက်သည်။
ချင်ယွင်သည် သူ၏နှလုံးသားထဲတွင် ကူကယ်ရာမဲ့မူကို ခံစားလိုက်ရသည်။ သူသည် ရှောင်ဘိုင်နှင့် ရှောင်ကျင်းထံသို့ စိတ်ပိုင်းဆိုင်ရာဆက်သွယ်ခြင်း မပြုတော့ပေ၊ အဘယ့်ကြောင့်ဆိုသော် ထိုအချိန်တွင် ဟန်ကွမ်းသည် သူ့ဆီသို့ တစ်ဖန် ပြန်ကြည့်နေ သောကြောင့် ဖြစ်ပါသည်။
'"ဟမ့်၊ မင်းက တပ်မှူးတစ်ယောက် ဟုတ်ဟုတ်/မဟုတ်ဟု ငါ ဂရုမစိုက်ဘူး။ အခု လစ်လိုက်တော့။ ငါဟန်ကွမ်းရဲ့ ကိစ္စတွေကို မင်းအနေနဲ့ ဂရုစိုက်စရာမလိုဘူး။ တာအို အငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် အစောပိုင်းအဆင့် ကျွမ်းကျင်သူလေးမှ တပ်မှူး တစ်ယောက် ဖြစ်လာနိုင်တယ်။ ဇီရှန် ဘာလုပ်နေလဲဆိုတာ ငါ တကယ်ကို မသိတော့ဘူး။" ချင်ယွင်ကို အထင်အမြင်သေးစွာဖြင့် ကြည့်ရင်း ဟန်ကွမ်းက အေးစက်စွာ ဟစ်အော်လိုက်သည်။
သူ၏နောက်တွင်ရှိနေသော ကြက်သွေးရောင် မျက်လုံးသုံးလုံးငါးကသည် သူ၏မျက်နှာ ပေါ်တွင် အေးစက်သော အပြုံးတစ်ခုရှိပြီး ချင်ယွင်ကိုကြည့်နေသည့် သူ့မျက်လုံးများ တွင် လှောင်ပြောင်မှု အပြည့် ရှိနေပါသည်။
ချင်ယွင်၏ မျက်နှာသည် ခက်ထန်လာသည်။ မူလကတော့ ဇီရှန်၏မျက်နှာကို ထောက်ပြီး ဟန်ကွမ်းအနေဖြင့် ဆက်ဆံရာမှာ ပို၍ယဉ်ကျေးလိမ့်မည်ဟု သူ ထင်ထားခဲ့သည်။ ဤနည်းဖြင့် ဤစကားဝိုင်းကို ဆက်လက်ဆွေးနွေးနိုင်လိမ့်မည်။ သို့သော်၊ ဟန်ကွမ်းသည် ဇီရှန်ကို မျက်လုံးထဲပင် ထည့်ထားပုံမပေါ်ပေ။ ဤအရာက ဤဟန်ကွမ်းသည် အနည်းငယ် ရာထူးရှိသည်ဟု ချင်ယွင်ကို ခံစားရစေသည်။
"တကယ်ကို တခြားနည်းလမ်း မရှိတော့ဘူးပဲ။ ဒါဆိုလည်း ဟောင်ခွန်ကို လှုပ်ရှားခွင့် ပေးလိုက်ရတော့မှာပဲ။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။
သို့သော် ဤအခိုက်အတန့်တွင် ခရမ်းရောင်အလင်းတန်းတစ်ခု လျင်မြန်စွာ ချဉ်းကပ်လာသည်။
"ဟန်ကွမ်း၊ ပလက်တီနမ်ဂူရဲ့ ကာကွယ်သူနှစ်ယောက်ကို အခုချက်ခြင်း လွှတ်ပေးဖို့ မင်းကို ငါ အမိန့်ပေးခဲ့တယ်၊ ဟောင်ကူကို အချွန်သုံးချောင်းဂူထဲမှာ ငါ သတ်လိုက်တာ" ဇီရှန်၏အသံသည် လူတိုင်း၏နားထဲတွင် ထွက်ပေါ်လာပြီးနောက် ဇီရှန်၏ ရုပ်အသွင်အပြင်သည်လည်း ချင်ယွင်၏အနားတွင် ပေါ်လာသည်။
ဟန်ကွမ်းသည် ဇီရှန်ကိုမြင်လိုက်သည့်အခိုက်တွင် သူသည် မည်သည့် လေးစားမှုမှ မပြဘဲ သူ၏မျက်လုံးများသည်လည်း ခက်ထန်သည့် အရိပ်အယောင်များ ထွက်ပေါ်လာ သည်။
"သူတို့ကို လွှတ်ပေးရမှာလား”။ အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ကြက်သွေးရောင် မျက်လုံးသုံးလုံးငါးက ဟောင်ကူကို သူတို့ကိုယ်တိုင် သတ်ဖြတ်နေတာကို သူ့မျက်စိနဲ့ ကိုယ်တိုင်ကိုယ်ကျ မြင်ခဲ့တယ်။ အခု အကြီးအကဲဇီက သူ့ကို သတ်လိုက်တာလို့ ပြောနေပြန်တယ်။ တကယ်လို့ အကြီးအကဲဇီသာ သက်သေပြနိုင်ရင် သူတို့ကို ကျုပ် ချက်ချင်း လွှတ်ပေးလိုက်မယ်။ ." ဟန်ကွမ်းက လှောင်ပြောင်ဟန်ဖြင့် ပြောလိုက်သည်။
"ငါက တစ်ယောက်ယောက်ကို သတ်လိုက်တာလေ။ ဒါကို ဝန်ခံဖို့အတွက် သက်သေ အထောက်အထားတွေ လိုနေသေးလား" ဇီရှန်သည် အနည်းငယ် မျက်မှောင် ကြုတ်လိုက်မိသည်။
"ဟုတ်တယ်၊ အကြီးအကဲဇီလည်း သက်သေအထောက်ထား သေချာပေါက် လိုတာပေါ့။ အကြီးအကဲဇီက တကယ့်လူသတ်သမားကို အကာအကွယ်ပေးပြီး ငါတို့ နဂါး ကောင်းကင်နန်းတော်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လျစ်လျူရှူထားတယ်လေ။ ဒီနေ့ အကြီးအကဲဇီ ဘာပဲပြောပြော ကျုပ်ကတော့ ဒီနှစ်ယောက်ကို ညှဉ်းပန်းနှိပ်စက်ဖို့ ခေါ်သွားပြီး သူတို့ရဲ့ ရာဇ၀တ်မှုတွေကို သူတို့ကိုယ်တိုင် ဝန်ခံစေရမယ်။" ဟန်ကွမ်းက အေးစက်စွာ အော်ပြောလိုက်သည်။
ဇီရှန်၏နှလုံးသည်လည်း လေးလံနေ၏။ သူမသည် မူလက အပြစ်ကို သူမအပေါ် ပုံချခြင်းဖြင့် ချင်ယွင်၏ညီနှစ်ယောက်ကို ကယ်တင်ပြီး ချင်ယွင်ကို ကူညီပေးနိုင်မည်ဟု သူမ ထင်ခဲ့သော်လည်း ဟန်ကွမ်းသည် သူမအား မျက်လုံးထဲတွင် လုံးဝ ထည့်မထား ခဲ့ပေ။ ယင်းက သူမကို အနည်းငယ် အကူအညီမဲ့သလို ခံစားရစေသည်။
ချင်ယွင်သည် ဇီရှန်၏ကြင်နာမှုကို သိရှိပြီးနောက် ဟန်ကွမ်းဘက်ကို လှည့်မကြည့်မီ ကျေးဇူးတင်သောအကြည့်ဖြင့် သူမကို တစ်ချက်ကြည့်လိုက်သည်။
ဇီရှန်သည် တစ်ခုခုပြောချင်နေပုံရသော်လည်း သူမသည် မည်သို့ ဖျောင့်ဖြပြောဆိုရမှန်း မသိ ဖြစ်နေပါသည်။ ထို့နောက် သူမသည် သက်ပြင်း အနည်းငယ်ချလိုက်ပြီး စကားတစ်ခွန်းမှ မပြောတော့ဘဲ ဘေးနားမှာသာ ရပ်နေလိုက်သည်။
"ကောင်စုတ်လေး၊ မင်း ဘာပြောစရာရှိလို့လဲ၊ အခု မင်းမှာ ပြောစရာမရှိတော့ရင် လစ်လိုက်တော့။ ငါ့အချိန်တွေကို လာမဖြုန်းပါနဲ့" ဟန်ကွမ်းက အထင်သေးစွာ ပြောလိုက်သည်။
"တပ်မှူးကြီး၊ ငါက ဟောင်ကူကို သတ်ဖို့ သူတို့ကို အမိန့်ပေးခဲ့တာ။ မင်း ငါ့ကိုရော မဖမ်းချင်ဘူးလား။" ချင်ယွင်က သရော်ဟန်ဖြင့်ရယ်ပြီး ပြောလိုက်သည်။
ထိုစကားတွေ ပြောပြီးသည်နှင့် ရောက်ရှိနေကြသူ ပရိသတ်အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပါသည်။
အခန်း (၅၀၅) ပြတ်သားစွာခွဲခွာခြင်း။
ချင်ယွင်၏ စကားများပြီးဆုံးသည်နှင့် အနီးပတ်ဝန်းကျင်မှာ ချက်ချင်းပင် ဆွေးနွေးသံများ ထွက်ပေါ်လာကြပါသည်။
"ဒီကောင်စုတ်လေးက လူတုံးလူအတစ်ယောက်ရော မဖြစ်နိုင်ဘူးလား၊ သူ့ကိုယ်သူ ရတနာတွေကို ခိုးယူပါတယ်လို့ ဘယ်လို ပြန်စွပ်စွဲရတာလဲ။ ကိုယ့်ကိုယ်ကို ရတနာတွေကို ခိုးယူပါတယ်လို့ ပြန်စွပ်စွဲတဲ့လူမျိုးကို တစ်ခါမှ မတွေ့ဖူးသေးဘူး။"
"ဟင်း…..၊ ဒီကောင်စုတ်လေးက သေခြင်းတရားကို တောင်းဆိုလိုက်တာပဲ။ တကယ်လို့ သူသာ ဟန်ကွမ်းလက်ထဲ ရောက်သွားမယ်ဆိုရင် အသက်ရှင်ဖို့ အခွင့်အလမ်း မရှိတော့ဘူး"
"ငါလည်း မထင်ထားမိဘူး၊ ဒီအကြီးအကဲဇီက သူ့ကို ကာကွယ်ပေးနေတာ သိသာပါ တယ်။ နောက်ဆုံးတော့ ဟန်ကွမ်းက အကြီးအကဲဇီမျက်နှာကြောင့် သူ့ကို အသက်ချမ်းသာပေးကောင်းပေးနိုင်တယ်"။
"ဒါက ဒီကိစ္စထဲ သူ့ကိုယ်သူ တမင်ကို ပစ်ဝင်လိုက်တာပဲ” ဒီဟန်ကွမ်းက သူ့ရဲ့ မောက်မာမူကြောင့် နာမည်ကြီးတယ်။ အစောလေးက အကြီးအကဲဇီကို မျက်နှာသာ မပေးခဲ့တာကို မင်း မတွေ့လိုက်ဘူးလား၊ ငါ မင်းကို ပြောပြချင်တယ်။ ဒီကောင်စုတ်လေးကို ကယ်လို့မရတော့ဘူး။ သူက သူ့ကိုယ်သူ ဒီကိစ္စထဲ ဆွဲချသွားခဲ့ပြီ။"
ပတ်ဝန်းကျင်မှ ဆိတ်သုဉ်းခြင်းသားရဲများနှင့် နတ်ဆိုးသားရဲများသည် အချင်းချင်း တီးတိုးတီးတိုး ပြောဆိုဝေဖန်နေကြပါသည်။
ဟန်ကွမ်းလည်း ချင်ယွင်ကို တအံ့တသြ ကြည့်လိုက်မိသည်။ ထို့နောက် အေးစက်စက် အပြုံးတစ်ခုက သူ၏ပါးစပ်ထောင့်မှာ ပေါ်လာပြီး ပြောသည်" ဒါဆို မင်းက သူတို့ကို ဟောင်ကူကို သတ်ဖို့ အမိန့်ပေးလိုက်တာပေါ့။"
"မှန်တယ်!" ချင်ယွင်က အမှန်အတိုင်း ပြန်ဖြေသည်။
ဟန်ကွမ်းသည် အမှန်တကယ် သူ့နားသူပင် မယုံတော့ချေ။ သူတို့ရဲ့ ရာဇ၀တ်မှုကို ဝန်ခံသည့် လူတွေတောင် ရှိနေခဲ့လေပြီ။
ကြက်သွေးရောင်မျက်လုံးနှင့်လူသည်လည်း လင်းယွင်သည် တခဏသာ စိတ်ရှုပ်ထွေး သွားသည်ဟု ထင်ကာ အဆုံးမရှိ လှောင်ရယ်နေလေသည်။
"ဟား ဟား၊ မင်းက သူတို့ကို အမိန့်ပေးတယ်လို့ ပြောရင်တောင် မင်းအနေနဲ့ သူတို့ကို မကယ်နိုင်ဘူးဆိုတာ မင်း သိထားရမယ်။ အခု သူတို့တင် သေရမှာမဟုတ်တော့ဘူး၊ မင်းလည်း သေရတော့မယ်။ ဒါပေမယ့် မင်း အခုမှ နောင်တရမယ်ဆိုရင်လည်း အရမ်းကို နောက်ကျသွားခဲ့ပြီ။ မင်းက ဝန်ခံပြီးသား ဖြစ်သွားခဲ့ပြီ။" ဟန်ကွမ်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ချင်ယွင်ကိုကြည့်သည့် သူ၏ပုံစံက အရူးတစ်ယောက်လို ကြည့်နေသလိုမျိုးပင်။
"ငါ နောင်တမရဘူး။" ချင်ယွင်က ပြောလိုက်သည်။
"ဒါဆို မင်း ငါနဲ့လိုက်ခဲ့လို့ရပြီ။ နဂါးကောင်းကင်နန်းတော်ကို အတူတူသွားရအောင်" ဟန်ကွမ်းက အေးစက်သော အပြုံးဖြင့် ပြောသည်။ ထိုသို့ပြောပြီးနောက် သူသည် ချင်ယွင်ဆီသို့ ပြေးသွားခဲ့သည်။
ချင်ယွင်၏ ပါးစပ်ထောင့်က အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့ပြီး သူ၏မျက်လုံးများက ချက်ချင်း ကျဉ်းမြောင်းသွားသည်။
ထိုမြင်ကွင်းကိုမြင်လျှင် ဇီရှန်သည် သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ သူမ စိုးရိမ်နေသည့်အရာသည် နောက်ဆုံးတွင် ဖြစ်ပျက်သွားခဲ့လေပြီ။ ထို့နောက်တွင်၊ နဂါးကောင်းကင်နန်းတော်တစ်ခုလုံးသည် ငြိမ်းချမ်းစွာ နေထိုင်နိုင်မည် မဟုတ်တော့ ပေ။
"ဟမ့်၊ ကောင်စုတ်လေး၊ မင်းက ငါ့လမ်းကို စောစောပိတ်ထားတယ်။ မင်းက ငါ့ကို အရင်ဒုက္ခပေးတာပဲ။" ဟန်ကွမ်းက လှောင်ပြောင်ပြောဆိုရင်း ချင်ယွင်၏ရှေ့မှာ ပေါ်လာပါသည်။ ထို့နောက် သူသည် ချင်ယွင်၏ ရင်ဘတ်ကို ထိုးလိုက်သည်။
"မျှော်လင့်ထားသလိုပဲ၊ မင်းက အမှန်တကယ်ကို ရက်စက်ကြမ်းကြုတ်ပြီးရင်း ရက်စက် ကြမ်းကြုတ်တဲ့လူတစ်ယောက်ပဲ။" ချင်ယွင်သည် လုံးဝ မလှုပ်မယှက် ရပ်နေရင်း သူ၏ ပါးစပ်ထောင့်များသည် အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့ပါသည်။
"ဘုန်း….!"
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့ပါပြီ။
ပင်လယ်ရေသည် ချက်ခြင်း ပေါက်ကွဲသွားပြီး လူသားဆန်ဆန်ပုံသဏ္ဍာန်တစ်ခုသည် နောက်သို့ လျင်မြန်စွာ လွင့်ပျံသွားခဲ့သည်။
လူတိုင်းက ခေါင်းယမ်းပြီး သက်ပြင်းချလိုက်ကြသည်။ "ဟင်း…..၊ ဒီကောင်စုတ်လေးက သေခြင်းတရားကို သွားရှာတာလေ။ အခုတော့ သူ ဒုက္ခရောက်နေရပြီပေါ့။"
သို့သော်၊ ချင်ယွင်သည် ဟန်ကွမ်းကြောင့် ပြင်းထန်စွာ ဒဏ်ရာရသွားသည်ဟု လူတိုင်းက ထင်နေကြစဉ်မှာ၊ တစ်စုံတစ်ယောက်က ရုတ်တရက် "မဟုတ်ဘူး၊ နောက်ပြန် လွင့်သွားတဲ့လူက ဟန်ကွမ်းပဲ" ဟု ရုတ်တရက် အော်ပြောလိုက်လေသည်။
ထိုအလန့်တကြား အော်ဟစ်သံကိုကြားရလျှင် လူတိုင်းသည် နောက်ပြန် လွင့်ပျံနေသော ရုပ်အသွင်အပြင်ကို ကြည့်လိုက်ကြပါသည်။
"တကယ်ကို ဟန်ကွမ်းပါလားဟ!" လူတိုင်းသည် ထိတ်လန့်စွာ အော်ဟစ်လိုက် ကြသည်။
လက်သီးချက်ကို ထိုးလိုက်သူမှာ ဟန်ကွမ်းဖြစ်ပြီး လွင့်ထွက်သွားသူမှာလည်း အမှန်တကယ်ပင် ဟန်ကွမ်း ဖြစ်နေသည်ကို သူတို့ မယုံကြည်နိုင် ဖြစ်နေကြပါသည်။
ဟန်ကွမ်းသည် အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်မှာ ရှိနေသည်ကို သိထားရပါလိမ့်မည်။
ထို့ကြောင့်၊ လူတိုင်းသည် ချင်ယွင်ရှိနေသည့် အရပ်ဆီသို့ ကြည့်လိုက်ကြသည်။ ထိုအချိန်တွင် ချင်ယွင်၏ရှေ့မှာ တစ်စုံတစ်ယောက် ထွက်ပေါ်လာပြီးဖြစ်နေကြောင်း သူတို့ သတိထားမိလိုက်ကြပါသည်။
"ဒီလူက ဘယ်သူဖြစ်မလဲ" လူတိုင်း စိတ်ထဲဝေခွဲမရ ဖြစ်ခဲ့ကြသည်။
တစ်ဖက်တွင်မူ၊ ဇီရှန်၏ အကြည့်သည် တည်ငြိမ်နေပြီး ချင်ယွင်၏ ရှေ့တွင် ရပ်နေသူမှာ ဟောင်ခွန်ဖြစ်ကြောင်းကို သူမ သိရှိထားပြီး ဖြစ်ပါသည်။
"သူ့ကို သတ်လိုက်!" ချင်ယွင်၏အသံသည် ကောင်းကင်ဘုံကိုးခုမှ ကျဆင်းလာသော မိုးကြိုးလျှပ်စီးကဲ့သို့ အေးစိမ့်ပြီး အရိုးဖောက်သွားသလိုမျိုး ခံစားရသည်။
"ဟုတ်ကဲ့ပါသခင်လေး!" ဟောင်ခွန်သည် ပြန်ပြောပြီးသည်နှင့် သူ၏တစ်ကိုယ်လုံး ဖျတ်ခနဲ လင်းလက်ကာ ဟန်ကွမ်းဆီသို့ ပြေးသွားခဲ့သည်။
ချင်ယွင်သည် ဟန်ကွမ်းကို လှည့်ပင်မကြည့်တော့ချေ။ ဟန်ကွမ်း၏ ကံကြမ္မာသည် ဆုံးခန်းတိုင်ပြီဖြစ်ကြောင်း သူသိသည်။ သူသည် ကြက်သွေးရောင်မျက်လုံးနှင့်လူဆီကို လှည့်ကြည့်လိုက်သည်။
ချီမူသည် ချင်ယွင်၏အသွင်အပြင်ကို မြင်သောအခါတွင် အေးစက်သောအပြုံးတစ်ခု ပေါ်လာသည်။
"ဟမ့်၊ ကောင်စုတ်လေး။ မင်းရဲ့စွမ်းအားက တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်ရဲ့ နှောင်းပိုင်းအဆင့်ကို ရောက်နေပြီဆိုတာ ငါသိတယ်။ မင်းက လိပ်နက်ဘိုးဘေးကို သတ်ခဲ့တယ်။ ဒါပေမယ့် ငါက လိပ်နက်ဘိုးဘေး မဟုတ်ဘူး။ ငါ့ရဲ့ စွမ်းအားက တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်ကို ရောက်နေပြီကွ။ မင်းက ငါ့ပြိုင်ဘက် မဖြစ်နိုင်ဘူး။" ကြက်သွေးရောင်မျက်လုံးနှင့်လူက ရယ်မော လိုက်သည်။
"ဟုတ်လား?" ချင်ယွင်လည်း ရယ်မောရင်း ကြက်သွေးရောင်မျက်လုံးနှင့်လူဆီသို့ ခြေတစ်လှမ်းခြင်း လှမ်းလာနေသည်။
"မင်းရဲ့သတင်းအချက်အလက်တွေက နောက်ကျလွန်းနေပြီ။ ဂေါ့ရှန်းက ငါ့လက်ထဲမှာ သေသွားခဲ့တယ်ဆိုတာ မင်း မသိသေးဘူး ထင်တယ်။" ချင်ယွင်က ရယ်မောလိုက်ပြီး ကြက်သွေးရောင်မျက်လုံးနှင့်လူဆီသို့ တစ်လှမ်းချင်း ချဉ်းကပ်လာသည်။
ဤကြက်သွေးရောင်မျက်လုံးနှင့်လူသည် ဟန်ကွမ်းထံသို့ အချက်အလက်များကို အစီရင်ခံခဲ့သောကြောင့် ရှောင်ဘိုင်နှင့်ရှောင်ကျင်းတို့သည် ပြင်းထန်သော ဒဏ်ရာများ ကို ခံစားခဲ့ရသည်။ သူသည် သူ့ကို မည်သို့ အလွှတ်ပေးနိုင်မည်နည်း။
"အလို.. ဂေါ့ရှန်း၊ ဘယ်က ဂေါ့ရှန်းလဲ" ကြက်သွေးရောင်မျက်လုံးနှင့်လူက မတုန့်ပြန် နိုင်သေးပေ။
ရုတ်တရက် သူ အံ့အားသင့်သွားသည်။ သူသည် ချင်ယွင်ကို အံ့သြစွာ ကြည့်ကာ "မင်းက တပ်မှူးဂေါ့ရှန်းကို ဆိုလိုတာလား။"ဟု မေးလိုက်လေသည်။
"မှန်တာပေါ့!" ချင်ယွင်က တဟားဟား ရယ်မောလိုက်သည်။
"မဖြစ်နိုင်ပါဘူး။ တပ်မှူးဂေါ့ရှန်းက အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ်ရဲ့ အစောပိုင်းအဆင့် ကျွမ်းကျင်သူတစ်ဦးပဲလေ။ အစောပိုင်းအဆင့် တာအိုအငွေ့အရည်ဖွဲ့ ခြင်းနယ်ပယ်ရှိ ကျွမ်းကျင်သူတစ်ယောက်က ဘယ်လောက်ပဲ ကောင်းကင်ဘုံကို အံတုနိုင်ပါစေ အစောပိုင်းအဆင့် အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ် ကျွမ်းကျင်သူ ကို အနိုင်ယူဖို့က လုံးဝ မဖြစ်နိုင်ပါဘူး။" ကြက်သွေးရောင်မျက်လုံးနှင့်လူက မယုံနိုင်သည့် မျက်နှာအမူအယာဖြင့် ပြောလိုက်လေသည်။ သို့သော် သူ၏ ခန္ဓာကိုယ်က အလွန်ရိုးသားလွန်းပြီး ခြေတစ်လှမ်းချင်း နောက်ပြန် ဆုတ်သွားခဲ့လေသည်။ (
ချင်ယွင်က လှောင်ပြောင် ရယ်မောလိုက်သည်။ သို့သော် မြူနှင်းချောက်နက်ဓားသည် သူ၏လက်ထဲတွင် ပေါ်လာပြီး သူ၏ရုပ်အသွင်အပြင်သည် ချက်ချင်းပင် ပုံရိပ်ယောင်များအဖြစ် ပြောင်းလဲသွားခဲ့သည်။
"အကြွင်းမဲ့လေဓားသတ်ဖြတ်ခြင်း!"
ချင်ယွင်၏အသံသည် တစ္ဆေသရဲအော်ကဲ့သို့ ပဲ့တင်ထပ်နေကာ သူသည်လည်း အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
သူ၏အရှိန်အဟုန်သည် အလွန်မြန်ဆန်လွန်းသည်။ ထို့ကြောင့် ကြက်သွေးရောင် မျက်လုံးနှင့်လူတောင် ရှင်းရှင်းလင်းလင်း မမြင်လိုက်ရပါဘူး။
“မဟုတ်ဘူး” သနားစရာကောင်းသော အော်သံတစ်ခု ထွက်ပေါ်လာပါသည်။
သို့သော် အရာအားလုံးသည် ဖြစ်ပျက်နေပြီး ဖြစ်ပါသည်။ ကြက်သွေးရောင် မျက်လုံးနှင့်လူသည် တုံ့ပြန်နိုင်စွမ်းပင် မရှိခဲ့ပေ။ ဓားချက်က တိုက်ရိုက် ခေါင်းဖြတ်သွားခဲ့ပြီး သွေးများ ထောင်ပန်းသွားသည်။
"အား……..!"
တစ်ချိန်တည်းမှာပင် တစ်ဖက်မှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
ချင်ယွင်သည် အသံထွက်ပေါ်ရာလမ်းကြောင်းကို ကြည့်လိုက်ရာ ဟောင်ခွန်သည် ဟန်ကွမ်းကို ဓားတစ်ချောင်းဖြင့် သူ၏နှလုံးသားကို ထိုးစိုက်ထားသည်ကို တွေ့လိုက်ရ သည်။ ထိုနည်းတူစွာပင် ဟန်ကွမ်းသည်လည်း တုံ့ပြန်နိုင်စွမ်း အနည်းငယ်မျှပင် မရှိခဲ့ပေ။
မသေဆုံးမီတွင် ဟန်ကွမ်းသည် ချင်ယွင်အား ဒေါသနှင့်အတူ မလိုလားသည့် မျက်လုံးတစ်စုံဖြင့် စိုက်ကြည့်နေခဲ့သေးသည်။
သို့သော် အရာအားလုံးနှင့် ပြီးဆုံးသွားသည်နှင့် နောက်ဆုံးတွင် သူတို့သည် ဖုန်မှုန့်များ အဖြစ်သို့ ပြောင်းလဲသွားကြပါသည်။
အဝေးမှာရှိနေကြသော ဆိတ်သုဉ်းခြင်းသားရဲများသည် တုန်လှုပ်သွားကြသည်။ ဤလူငယ်သည် ဟန်ကွမ်း၏လက်ချက်နှင့် သေဆုံးတော့မည်ဟု သူတို့သည် ဆွေးနွေး နေကြဆဲဖြစ်သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပဲ ဟန်ကွမ်းသည် မြေပေါ်သို့ လဲကျပြီး သေဆုံးသွားခဲ့ပါသည်။
ချင်ယွင်သည် ပတ်ဝန်းကျင်လူများ၏ အကြည့်များကို လျစ်လျူရှုထားလိုက်သည်။ ယင်းအစား၊ သူသည် ရှောင်ဘိုင်နှင့်ရှောင်ကျင်းတို့ကို ကယ်တင်ခဲ့ပြီး သူတို့ကို ကောင်းကင်ဘုံကိုးလွှာကြယ်စင်စုပုံကြမ်းထဲတွင် ထည့်ထားလိုက်ကာ သစ်သား စွမ်းရည်၏ကိုယ်ပွားသည် သူတို့၏ဒဏ်ရာများကို ကုသပေးသည်။ တစ်ချိန်တည်းမှာပင် သူသည် ဟောင်ခွန်ကိုလည်း အထဲမှာ ထည့်လိုက်သည်။
ဤအရာအားလုံးပြီးဆုံးပြီးနောက် ချင်ယွင်သည် ဇီရှန်ဆီကို လှည့်ကြည့်လိုက်ပါသည်။
"ကျေးဇူးတင်ပါတယ် အစ်မဇီ" ချင်ယွင်က ပြောသည်။
“အယ်၊ မင်းအနေနဲ့ ငါ့ကို ကျေးဇူးတင်စရာ အကြောင်းမရှိပါဘူး၊ နောက်ဆုံးတော့ ငါ မင်းကို ဘာမှ မကူညီနိုင်သေးဘူးလေ။ အခု မင်းက လူတွေအများကြီးရှေ့မှာ ဟန်ကွမ်းကို သတ်လိုက်ပြီ။ နန်းတော်သခင်တွေက ဒီအကြောင်းကို မကြာခင် သိသွားလိမ့်မယ်။ ဒီနေရာကနေ မြန်မြန်ထွက်သွားတော့" ဇီရှန်က ပြောသည်။
"အင်း!" ချင်ယွင်က ခေါင်းညိတ်ပြီး လှည့်ထွက်သွားသည်။
ဇီချန်၏မျက်နှာပေါ်တွင် ရှုပ်ထွေးနေသောအမူအရာ ပေါ်လာသည်။ လှည့်ထွက်သွား သော ချင်ယွင်ကို ကြည့်ရင်း သူမက "မင်း ဘယ်သွားမယ်ဆိုတာ ငါ့ကို ပြောပြလို့ ရမလား" ထိုစကားမပြောခင် သူမသည် ခဏလောက် တွန့်ဆုတ်နေခဲ့သေးသည်။
"ကျွန်တော်တို့ မကြာခင် ပြန်တွေ့ကြမယ် ထင်ပါတယ်" ချင်ယွင်က ပြန်လှည့် ကြည့်ရင်း ပြုံးကာ ပြောလိုက်ပါသည်။