အခန်း (၅၁၁-၅၁၅)
Vol. 35 Ch. 511-515
အခန်း (၅၁၁) ကောင်းကင်မီးလျှံကပ်ဘေးဒုက္ခ။
"ဘုန်း……..!"
ကောင်းကင်ကြီးသည် ချက်ခြင်းပင် ကွဲအက်သွားခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင်လျှပ်စီးကြောင်းသည် အလွန်လျင်မြန်သော အရှိန်ဖြင့် ကောင်းကင်ယံမှ ဆင်းသက်လာကာ အနက်ရောင်ဓားတစ်ချောင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
အနက်ရောင်လျှပ်စီးဓားသည် ဖော်ပြ၍မရနိုင်လောက်အောင်ပင် ကြောက်မက်ဖွယ် ကောင်းပြီး လျှပ်စီးဖျက်စီးခြင်း အငွေ့အသက်များကို ထုတ်လွှတ်နေသည်။
"သေချာပါတယ်၊ အဲဒါက ဓားပုံသဏ္ဍာန် မိုးကြိုးလျှပ်စီးတစ်ခုပဲ။" ချင်ယွင်သည် အံ့သြသွားသည့် အမူအရာကို ထုတ်ဖော်လိုက်မိပါသည်။
လျှပ်စီးကပ်ဘေးဒုက္ခအတွင်းမှာ ဓားအမျိုးအစား လျှပ်စီးကြောင်းတစ်ခု ရှိလာမည်ဟု သူ ခန့်မှန်းခဲ့သည်မှာ ကြာလှပါပြီ။ အဘယ့်ကြောင့်ဆိုသော် ထိုဓားအမျိုးအစား လျှပ်စီးကြောင်းသည် နောက်ဆုံးအကြိမ်တုန်း သူ့အား သတ်လုနီးပါးအထိ ဖြစ်ခဲ့ရသည့် လျှပ်စီးကြောင်း ဖြစ်နေသောကြောင့် ဖြစ်ပါသည်။ မူလကတော့ သူသည် ဤဓားအမျိုးအစား လျှပ်စီးကြောင်းသည် ကပ်ဘေးဒုက္ခအတွင်း၌ ရှစ်ခုမြောက် လျှပ်စီး ကြောင်းတွင် ထွက်ပေါ်လာမည်ဟု ထင်ထားခဲ့ပြီး ယခုလို ခုနှစ်ခုမြောက် လျှပ်စီး ကြောင်းမှာ ထွက်ပေါ်လာမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ရှစ်ခုမြောက်နှင့် ကိုးခုမြောက်လျှပ်စီးကြောင်းများသည် ကြောက်စရာကောင်းသည့် မည်သို့သော လျှပ်စီးကြောင်းများ ဖြစ်ပေါ်လာမည်ကို သူ တကယ် မသိတော့ပါဘူး။
ပတ်ဝန်းကျင်မှာရှိ လူများသည်လည်း အံ့သြသွားကြပါသည်။ ထင်ရှားသည်မှာ၊ သူတို့သည် ဤမျှ ထူးဆန်းသော ကောင်းကင်ကပ်ဘေးဒုက္ခကို တစ်ကြိမ်တစ်ခါမျှ မတွေ့ဖူးသည်မှာ ထင်ရှားပါသည်။
"မေ့လိုက်ပါ၊ အရင်ဆုံး ဒီလျှပ်စီးကြောင်းကို တားဆီးဖို့အကြောင်း ပြောရမယ်။ နောက်ဆုံးအကြိမ်က ငါ့ကို အသက်ရှင်သန်အောင် ကူညီပေးခဲ့တာက အနက်ရောင် လျှပ်စီးနဂါးငယ်လေး ဖြစ်တယ်။ ဒီတစ်ခါတော့ ဒီတိုက်ခိုက်မှုကို ငါကိုယ်တိုင် တားဆီးရမယ်။" ချင်ယွင်၏ မျက်လုံးများတွင် ဆုံးဖြတ်ချက် ပြတ်သားသည့် အမူအရာ တစ်ခု ထွက်ပေါ်လာပါသည်။ သူသည် ဤလျှပ်စီးဓားကို အပြင်းအထန် လှုပ်ခါနိုင်ရန် အတွက် သူ၏ ဓားသိုင်းပညာရပ်ကို အသုံးပြုလိုသည်။
မြူနှင်းချောက်နက်ဓားသည် သူ၏လက်ထဲတွင် ပေါ်လာပြီး ချင်ယွင်၏ ခန္ဓာကိုယ်မှ အကန့်အသတ်မဲ့ ဓားဆန္ဒတစ်ခု ထွက်ပေါ်လာသည်။ တလှိမ့်လှိမ့်တက်လာနေသော ဓားဆန္ဒသည် ပင်လယ်လှိုင်းလုံးကြီးကဲ့သို့ လမ်းကြောင်းတိုင်းသို့ လွင့်ပျံသွားခဲ့သည်။
ချင်ယွင်၏ မျက်လုံးများသည် ထက်ရှသော ဓားအလင်းဖြင့် ဝင်းလက်သွားသည်။ သူ၏ခန္ဓာကိုယ်ရှိ ဝိညာဉ်စွမ်းအင်အားလုံးကို မြူနှင်းချောက်နက်ဓားထဲသို့ တခဏ အတွင်း သွန်းလောင်းထည့်လိုက်သည်။ ချက်ချင်းပင်၊ မြူနှင်းချောက်နက်ဓားသည် မြင်ရသူလူအများ၏ နှလုံးသားကို တုန်လှုပ်သွားစေသည့် လှိုင်းလုံးကြီးများဖြင့် ပြည့်နှက်သွားသည်။
"ကောင်းကင်ကိုအံတုတဲ့ဓား!" ချင်ယွင်က ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ သူ၏ခြေထောက်အောက်ရှိ ကျွန်းလေးသည် ချက်ခြင်းပင် ပေါက်ကွဲသွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် လျင်မြန်စွာကျဆင်းလာနေသော အနက်ရောင်လျှပ်စီး ဓားဆီသို့ ဦးတည်သွားကာ အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
"ဘုန်း…..!"
ချင်ယွင်၏လက်ထဲရှိ မြူနှင်းချောက်နက်ဓားနှင့် အနက်ရောင်လျှပ်စီးဓားတို့သည် ပြင်းထန်စွာ တိုက်မိသွားကြသည်။ အနှိုင်းမဲ့ ထက်ရှသော ဓားချီသည် လျှပ်စီးကြောင်း ၏ အဖျက်စွမ်းအားနှင့် ထိပ်တိုက်ဆုံမိပြီး ဂြိုဟ်တစ်လုံး ပေါက်ကွဲသွားသည့်အလား နောက်ဆက်ရိုက်ခတ်မူအဖြစ် ကောင်းကင်ယံတွင် ကြီးမားသော ရောင်ခြည်စက်ဝန်း ကြီးတစ်ခု ဖြစ်ပေါ်စေခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အတက်အကျလှိုင်းများသည် မိုင်တစ်ရာ ပတ်လည်ကို ရွေ့လျားသွားသည့် ပြင်းထန်သော မုန်တိုင်းတစ်ခုအဖြစ် ဖြစ်ပေါ်လာလေ သည်။
လင်းဝူရွှန်းနှင့် အခြားလူများ၏ ခန္ဓာကိုယ်ပေါ်ရှိ ဝတ်စုံများသည်ပင် ပြင်းထန်သော မုန်တိုင်းကြောင့် တဖျပ်ဖျပ်ခတ်သွားသည်။ သူတို့၏ မျက်နှာများသည် တုန်လှုပ် ခြောက်ခြားမှုများဖြင့် ပြည့်နှက်နေသည်။ သူတို့သည် ချင်ယွင် နှင့် ဆယ်မိုင်ခန့်အကွာ တွင်ရှိနေသော်လည်း နောက်ပိုင်းရိုက်ခတ်မူကြောင့် သူတို့၏မျက်နှာများတွင် အလွန် နာကျင်နေပါသေးသည်။
ချင်ယွင်၏ ရုပ်အသွင်အပြင်သည် ဤကြောက်မက်ဖွယ်ကောင်းသော မုန်တိုင်းကြီး ကြောင့် ပို၍ပင် ထိခိုက်ခဲ့ရပါသည်။ သူ၏တစ်ကိုယ်လုံးသည် ဥက္ကာပျံကဲ့သို့ ဖြစ်သွားပြီး ထိုကျွန်းငယ်လေးပေါ်သို့ ပြင်းထန်စွာ ပစ်ရိုက်ကျသွားလေသည်။
ဒေါင်!
ကျယ်လောင်သော ပေါက်ကွဲသံတစ်ချက်နှင့်အတူ ကျွန်းငယ်လေးတစ်ကျွန်းလုံးသည် ကြေမွသွားကာ ပင်လယ်ရေပြင်ထက်ရှိ အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားပြီး ပင်လယ်ရေမျက်နှာပြင် တစ်ခုလုံးတွင် လှိုင်းလုံးများ ပြင်းထန်စွာ ပြိုလဲသွားကြသည်။
"သခင်လေး….!" လင်းဝူရွှန်းနှင့် ဧကရာဇ်ပျားဘုရင်မတို့သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ချက်ချင်းပင် ထိတ်လန့်သွားပြီး ချင်ယွင် ပြုတ်ကျသည့် ဦးတည်ရာဆီသို့ ပျံသန်းသွားတော့မည် ဖြစ်သည်။
"စိတ်မပူပါနဲ့၊ သခင်လေးက မသေသေးပါဘူး။ တကယ်လို့ အခုချိန် မင်းတို့ သွားလိုက်မယ်ဆိုရင် ကောင်းကင်ကပ်ဘေးဒုက္ခရဲ့ အာရုံကို ဆွဲဆောင်မိပြီး သူ့ရဲ့ စွမ်းအားကို တိုးမြင့်စေသလို ဖြစ်သွားလိမ့်မယ်။" ဟောင်ခွန်က သူတို့ကို အမြန် တားလိုက်သည်။
လင်းဝူရွှန်းနှင့် ဧကရာဇ်ပျားဘုရင်မတို့သည် သူ့စကားကိုကြားသောအခါ သူတို့သည် လက်လျော့လိုက်ပြီး ချင်ယွင်ပြုတ်ကျသည့်နေရာကို စိုးရိမ်တကြီး ကြည့်နေကြသည်။
"ဟား…၊ ဟား၊ အစ်ကိုကြီး၊ မင်း မင်းပြောမှန်တယ်။ ဒီကောင်စုတ်လေးက ငါတို့ အကူအညီမပါဘဲ ဒီကောင်းကင်ကပ်ဘေးဒုက္ခကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။ ဒါက ခုနှစ်ခုမြောက် ကောင်းကင်ကပ်ဘေးဒုက္ခပဲရှိသေးတယ်။ အခု သူက တစ်ဝက်လောက် သေနေပြီ။ နောက်ကပ်ဘေးဒုက္ခ နှစ်ခုက ပိုလို့တောင် အစွမ်းထက်ဦးမယ်။ သူ ခံနိုင်ရည်မရှိမှာကိုတောင် ငါကြောက်မိတယ်။" အောင်းဖန်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
အောင်းယွန်သည် ချင်ယွင်၏ ပြုတ်ကျမှုကြောင့် ပျက်စီးသွားသော ကျွန်းလေးကို ကြည့်လိုက်ရင်း သူ၏ပါးစပ်ထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။
အကယ်၍ သူ မလှုပ်ရှားရလျှင် အကောင်းဆုံး ဖြစ်သည်။ ဒါဆို သူလည်း ထိုလူသား ကျွမ်းကျင်ပညာရှင်နှင့် တိုက်ခိုက်စရာ မလိုတော့ပေ။
ထိုအချိန်တွင် ချင်ယွင်၏ ခန္ဓာကိုယ်သည် ပင်လယ်ရေထဲတွင် နစ်မြုပ်နေပြီ ဖြစ်သည်။ သူ၏တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေပါသည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းရိုက်ခတ်မှုသည် သူ၏ခန္ဓာကိုယ်ရှိ အရိုးများအားလုံးကို ကွဲလုနီးပါး ဖြစ်သွားစေခဲ့သည်။ ယခုတောင် သူ့အရိုးတွေ တော်တော်ကျိုးနေပါပြီ။
"ဒီဓားပုံသဏ္ဍာန်လျှပ်စီးကြောင်းက တကယ့်ကို နှိုင်းယှဉ်ပြလို့ မရလောက်အောင်ကို ကြောက်စရာကောင်းလွန်းတယ်။ ငါ့ခွန်အားတွေ အကုန်လုံး အသုံးပြုခဲ့ပြီးပြီ၊ ဒါပေမယ့် ငါဟာ သနားစဖွယ်ကောင်းတဲ့အထိ တရစပ် တိုက်ခိုက်ခံရတုန်းပဲ" ချင်ယွင်သည် သူ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ရန် အတတ်နိုင်ဆုံးကြိုးစားပြီး ပင်လယ်မျက်နှာပြင်ဆီသို့ လွင့်ပျံလာသည်။
ဘန်း…။
ချင်ယွင်သည် ရေမျက်နှာပြင်ပေါ်သို့ ပြန်လည်ရောက်ရှိလာစဉ်မှာပင် သူ၏ဦးခေါင်း အထက်ရှိ ကောင်းကင်ကပ်ဘေးဒုက္ခသည် တစ်ဖန် ပြောင်းလဲသွားပြီး အလွန် ကြောက်စရာကောင်းပြီး အလွန်အမင်း လောင်မြိုက်နေသော အငွေ့အသက်က ကောင်းကင်ယံမှ ထွက်ပေါ်လာသည်။
အလွန်လျင်မြန်သော အရှိန်အဟုန်ဖြင့် နီမြန်းသော ဧရာမမီးလုံးကြီးတစ်လုံးသည် ကောင်းကင်ယံမှ ဆင်းသက်လာခဲ့ပါသည်။ ဤကြောက်မက်ဖွယ်ကောင်းသော အပူချိန်ကြောင့် ကမ္ဘာကြီးတစ်ခုလုံး တွန့်လိမ့်သွားခဲ့သည်။ ချင်ယွင်၏ ခြေဖဝါးအောက်ရှိ ပင်လယ်ရေပြင်သည် နီမြန်းသော မီးလုံးကြီးပေါ်လာသည်နှင့်ပင် ပြင်းထန်စွာ ဆူပွက်လာသည်။
"ကောင်းကင်မီးလျှံကပ်ဘေးဒုက္ခလား? ဒါက ဒဏ္ဍာရီလာ ကောင်းကင်မီးလျှံ ကပ်ဘေးဒုက္ခလား….?"
ဟောင်ခွန်သည် အလွန်လျင်မြန်သော အရှိန်အဟုန်ဖြင့် ကျဆင်းလာနေသော ကောင်းကင်ယံရှိ ကြီးမားလှသော မီးလုံးကြီးကို ကြည့်ရင်း အံ့အားသင့်စွာဖြစ် မထိန်းနိုင်ဘဲ အော်ပြောလိုက်မိသည်။ သူ၏မျက်လုံးများက နှိုင်းယှဉ်ပြလို့မရသည့် အံ့အားသင့်နေသည့် အမူအရာကို ပေါ်လွင်စေသည်။
"ကောင်းကင်မီးလျှံကပ်ဘေးဒုက္ခဆိုတာ ဘာလဲ" လင်းဝူရွှန်းက အံ့သြစွာ မေးလိုက်ပါသည်။
"ဒီကောင်းကင်မီးလျှံကပ်ဘေးဒုက္ခဆိုတာကလည်း ကောင်းကင်ကပ်ဘေးဒုက္ခ တစ်မျိုး ဖြစ်တယ်။ ကောင်းကင်ကပ်ဘေးဒုက္ခတွေကို လျှပ်စီးကြောင်းကပ်ဘေးဒုက္ခတစ်ခု တည်းနဲ့ ကန့်သတ်ထားတာ မဟုတ်ဘူး။ ဒါ့အပြင်၊ လျှပ်စီးကြောင်းကပ်ဘေးဒုက္ခ ဆိုတာကလည်း ကပ်ဘေးဒုက္ခထဲမှာ အဖြစ်အများဆုံးနဲ့ အတွေ့ရများဆုံး ကပ်ဘေး ဒုက္ခအမျိုးအစား တစ်ခု ဖြစ်တယ်။ ဒါကြောင့် လူအများစုက ကောင်းကင်ကပ်ဘေးဒုက္ခ ပြောလိုက်ရင် လျှပ်စီးကပ်ဘေးဒုက္ခကိုခေါ်တယ်လို့ပဲ ထင်မြင်ကြတော့တာ။ ထို့အပြင် လေကပ်ဘေးဒုက္ခ၊ ကောင်းကင်မီးလျှံကပ်ဘေးဒုက္ခ၊ ကောင်းကင်ရေကပ်ဘေးဒုက္ခတို့ အပါဝင် ကောင်းကင်ကပ်ဘေးဒုက္ခ အမျိုးအစားပေါင်း များစွာရှိသေးတယ်။ ဒါပေမယ့် အဲဒီထူးဆန်းတဲ့ ကောင်းကင်ကပ်ဘေးဒုက္ခတွေက ပေါ်လာမှာ မဟုတ်တော့ဘူး”။ ဟောင်ခွန်က ပြောလေသည်။
"ကျွန်မ နားလည်ပါပြီ။ အကိုကြီးဟောင်၊ ဒါပေမယ့် ဒီကောင်းကင်ကပ်ဘေးဒုက္ခက ကောင်းကင်မီးလျှံကပ်ဘေးဒုက္ခဆိုတာ အစ်ကြီးဟောင် ဘယ်လိုလုပ် သိတာလဲ။" ဧကရာဇ်ပျားဧကရီက စပ်စုမေးသည်။
"ရှေးဟောင်းစာအုပ်တစ်အုပ်မှာ ငါ ဖတ်ဖူးခဲ့တာ။ ဒဏ္ဍာရီတွေအရတော့ အဲဒီ ကောင်းကင်ကပ်ဘေးဒုက္ခမျိုးစုံဟာ ရှေးဟောင်းနတ်ဘုရား နတ်ဆိုးခေတ်တွေမှာ အဖြစ်များတယ်လို့ ဆိုထားတယ်။ ဒါပေမယ့် နတ်ဘုရား နတ်ဆိုးတွေ ပျောက်ကွယ် သွားတာကြောင့် အဲဒီကြောက်စရာကောင်းပြီး ထူးဆန်းတဲ့ ကောင်းကင်ကပ်ဘေးဒုက္ခ တွေလည်း ပျောက်ကွယ်သွားခဲ့ရတယ်။ လွန်ခဲ့တဲ့ အနှစ်တစ်သောင်းကျော်က ငါတို့ရဲ့ တိုက်ကြီးထဲမှာ ပြိုင်ဘက်ကင်းပါရမီရှင်တစ်ဦးဟာ အင်မော်တယ်အသွင်ကူးပြောင်း ခြင်း ကပ်ဘေးဒုက္ခကိုခံယူနေစဉ်အတွင်းမှာ အဲဒီကောင်းကင်မီးလျှံ ကပ်ဘေးဒုက္ခကို ဆွဲဆောင်နိုင်ခဲ့တယ်လို့ ပြောကြဖူးတယ်။ အနှစ်တစ်သောင်းကြာပြီးတဲ့နောက် အဲဒီကောင်းကင်မီးလျှံကပ်ဘေးဒုက္ခက နောက်တကြိမ် အမှန်တကယ် ပြန်ပေါ်လာ လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး” ဟောင်ခွန်သည် စိတ်လှုပ်ရှားစွာ သက်ပြင်းချ လိုက်သည်။
လင်းဝူရွှန်းနှင့် ဧကရာဇ်ပျားဘုရင်မတို့သည် အံ့အားသင့်ဟန်ဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြပါသည်။
အဝေးမှာရှိနေကြသည့် အောင်းညီအစ်ကို သုံးယောက်သည်လည်း အလားတူ တုန်လှုပ် သွားကြပါသည်။ အထူးသဖြင့် အောင်းယွန်သည် ကောင်းကင်မီးလျှံကပ်ဘေးဒုက္ခကို မြင်သောအခါတွင် သူ၏မျက်လုံးများသည် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။
"ဒီလင်းယွင်က သေကိုသေရမယ်။ ငါတို့ သူ့ကို လုံးဝ အသက်ရှင်ခွင့် မပေးနိုင်ဘူး။ မဟုတ်ရင် နောင်အနာဂတ်မှာ အဆုံးမဲ့ ဒုက္ခတွေ ဖြစ်ပေါ်လာလိမ့်မယ်။" အောင်းယွန် သည် သတ်ဖြတ်လိုစိတ် ပြည့်နေသောမျက်လုံးတစ်စုံဖြင့် ချင်ယွင်၏ ရုပ်အသွင်အပြင် ကို ကြည့်ရင်း သူ့ကိုယ်သူ တီးတိုးရေရွတ်လိုက်သည်။
ချင်ယွင်သည် ကောင်းကင်ယံမှ ကျဆင်းလာနေသော ကောင်းကင်မီးလျှံကပ်ဘေး ဒုက္ခကို ကြည့်လိုက်ရင်း သူ၏မျက်ခုံးများက တွန့်သွားခဲ့ပါသည်။ ကောင်းကင်မီးလျှံ ဘေးဒုက္ခကို အမှန်တကယ် ဆွဲဆောင်နိုင်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
ချင်ယွင်၏ ကောင်းကင်ကပ်ဘေးဒုက္ခများအပေါ် နားလည်မှုသည် ဟောင်ခွန်ထက် မြင့်မားပါသည်။ ဟောင်ခွန်သည် ကောင်းကင်ကပ်ဘေးဒုက္ခကို အမျိုးအစားများစွာကို မှန်မှန်ကန်ကန်ဖြင့် ခွဲခြားပြောဆိုနိုင်သည် ပြောဆိုနိုင်သည်။
သို့သော် သူပြောသည်မှာ မှားယွင်းနေပါသည်။ ကောင်းကင်မီးလျှံကပ်ဘေးဒုက္ခသည် လျှပ်စီးကြောင်းကပ်ဘေးဒုက္ခထက် ပို၍ပြင်းထန်သည်ဟု မဆိုလိုပါဘူး။ ကောင်းကင် ကပ်ဘေးဒုက္ခ အမျိုးအစားတိုင်းတွင် ပြင်းထန်သောတန်ခိုးစွမ်းအားများ ပါရှိပြီး အနိမ့်အမြင့် ခြားနားချက်မျိုး မရှိခဲ့ပါဘူး။
သို့သော်၊ လျှပ်စီးကြောင်းကပ်ဘေးဒုက္ခများသည် အများအပြား ဖြစ်ပေါ်လာလေ့ရှိပြီး ကောင်းကင်မီးလျှံဘေးဒုက္ခများနှင့် ကောင်းကင်လေကပ်ဘေးဒုက္ခများသည် ဖြစ်ပေါ် လာရန် အလွန်ရှားပါးပါသည်။ အချို့သော အခြေအနေများအောက်တွင် သို့မဟုတ် ကြီးကြီးမားမား အလားအလာရှိသော ကျွမ်းကျင်ပညာရှင်များ ကပ်ဘေးဒုက္ခများကို ရင်ဆိုင်ကြုံတွေ့ရသောအခါမှသာ မတူညီသော ကောင်းကင်ကပ်ဘေးဒုက္ခ အမျိုးအစား နှစ်မျိုးထက်ပို၍ ဖြစ်ပေါ်လာပါလိမ့်မည်။ ချင်ယွင်သည် ဤကောင်းကင် မီးလျှံဘေးဒုက္ခကို ဆင်းသက်လာစေသောကြောင့် ကောင်းကင်ဘုံသည် ချင်ယွင်နှင့် ပတ်သက်ကြီး ကြီးမားသော ခြိမ်းခြောက်မှုကို ခံစားခဲ့ရခြင်းဖြစ်ကြောင်း အတိအကျ ဖြစ်နိုင်ပါသည်။
"ဘုန်း….!"
ကြီးမားသော မီးတောက်ကြီးသည် နေဝင်ချိန်နေမင်းကြီးကဲ့သို့ ကောင်းကင်ယံမှ ဆင်းသက်လာသည်။ ကောင်းကင်ပြင်တစ်ခုလုံးမှာ ကြောက်မက်ဖွယ်ကောင်းသော အပူချိန်များဖြင့် ပြည့်နှက်နေသည်။
ချင်ယွင် မျက်မှောင်ကြုတ်လိုက်မိသည်။ အကယ်၍ လျှပ်စီးကြောင်းကပ်ဘေးဒုက္ခ ဆိုလျှင် သူသည် တွန်းလှန်ရန် အခွင့်အရေးရှိသေးပြီး အနက်ရောင် လျှပ်စီးနဂါးလေး သည် ထွက်ပေါ်လာကာ ၎င်းကို ဝါးမျိုးသွားနိုင်သေးသည်။ ယခုတော့ သူကိုယ်တိုင်သာ ကောင်းကင်မီးလျှံဘေးဒုက္ခကို တွန်းလှန်ရပါတော့မည်။
သို့သော် မီတာထောင်ပေါင်းများစွာ အကွာအဝေးမှာပင် ဧရာမမီးလုံးကြီးပေါ်ရှိ အပူချိန် သည် သူ၏အရေပြားပေါ်တွင် ဖော်ပြ၍ပင်မရနိုင်လောက်အောင် ပြင်းထန်သော နာကျင်မူ ဝေဒနာကို ခံစားနေရပြီ။
"ငါ ဘာလုပ်သင့်လဲ၊ ငါ ဘာလုပ်ရမလဲ?" ချင်ယွင်သည် အလွန် စိုးရိမ်နေခဲ့သည်။ အကယ်၍ ကောင်းကင်ယံမှ မီးလုံးကြီးသည် သူ့အပေါ်ကို ပြုတ်ကျသွားမည်ဆိုလျှင် သူသည် ပြာဖြစ်သည်အထိ လောင်ကျွမ်းသွားပါလိမ့်မည်။
အခန်း (၅၁၂) အနှိုင်းမဲ့ဝမ်းနည်းစရာမြင်ကွင်း။
"ဟား…ဟား၊ ဒီကောင်စုတ်လေးက ဒီကောင်းကင်မီးလျှံကပ်ဘေးဒုက္ခအောက်မှာ ရှင်သန်နိုင်မှာ မဟုတ်တော့ဘူး။" အောင်းဖန်သည် အဝေးတွင် ရပ်နေရင်း ဤမြင်ကွင်းကို မြင်သောအခါ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ ချင်ယွင်ကို မပြောနှင့်၊ ကောင်းကင်မီးလျှံ၏ စွမ်းအားကို သူကိုယ်တိုင်ပင် တွန်းလှန်ရန် မဝံ့ရဲခဲ့ပေ။
သူ၏ထင်မြင်ချက်အရ ချင်ယွင်သည် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်မီးလျှံကြောင့် ပြာအဖြစ် လောင်ကျွမ်းသွားပေလိမ့်မည်။
ထိုအချိန်တွင် ချင်ယွင်သည် အမှန်တကယ်ပင် စိုးရိမ်နေပါသည်။ ဤကောင်းကင် မီးလျှံ၏တန်ခိုးအစွမ်းသည် သူ့ခန္ဓာကိုယ်၏ ခံနိုင်ရည်ထက် ကျော်လွန်နေပြီ ဖြစ်ပါ သည်။ သူ၏အစောပိုင်းအဆင့် ကောင်းကင်ဘုံခွဲခြင်းနယ်ပယ် ရုပ်ခန္ဓာကိုယ် ကျင့်ကြံမူ အခြေခံ ဖြင့်ပင်လျှင် ခံနိုင်ရည်မရှိခဲ့ပါ။
"မဟုတ်ဘူး၊ ငါသေမှာကို ထိုင်စောင့်နေလို့ မရဘူး" ချင်ယွင်သည် သူ့ကိုယ်သူ တွေးလိုက်မိသည်။
"မင်းလိုတုံးအတဲ့ တပည့်တစ်ယောက်ကို ငါ ဘယ်လိုလုပ် ရထားရပါလိမ့်။ ဒီသေးငယ်တဲ့ ကောင်းကင်မီးတောက်လေးတစ်ခုက မင်းကို အရမ်းကြီး စိုးရိမ်စိတ်တွေ ဝင်လာစေတယ်ပေါ့" ရှေးဟောင်းတာအိုဆရာသခင်၏ အသံက ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။
ချင်ယွင်သည် ရှေးဟောင်းတာအိုဆရာသခင်၏အသံကို ကြားလိုက်ရသောအခါ အလွန်ပျော်ရွှင်သွားသည့် အမူအရာကို ချက်ချင်း ထုတ်ဖော်လိုက်သည်။ ရှေးဟောင်း တာအိုဆရာသခင်သည် ဤကောင်းကင်မီးလျှံကပ်ဘေးဒုက္ခကို ကာကွယ်ရန်အတွက် သူ့ကို ကူညီနိုင်မည့် နည်းလမ်းရှိမည်မှာ သေချာကြောင်း သူသိပါသည်။
"ဆရာကြီး၊ မြန်မြန်ကယ်ပါဦး။ ဒီကောင်းကင်ဘုံမီးလျှံကပ်ဘေးဒုက္ခကို တွန်းလှန်ဖို့ ဆရာကြီးဆီမှာ နည်းလမ်းရှိနေရမယ်။" ချင်ယွင်က စိတ်ပိုင်းဆိုင်ရာဖြင့် အလျင်အမြန် ပို့လွှတ်လိုက်သည်။
"ခုခံဖို့အတွက် မင်းခန္ဓာကိုယ်ကို အသုံးပြုပေါ့" ရှေးဟောင်းတာအိုဆရာသခင်၏ စကားသံက ထပ်မံ ထွက်ပေါ်လာသည်။
"ခုခံဖို့အတွက် ခန္ဓာကိုယ်ကို အသုံးပြုရမှာလား။ ဒါဆို ကျွန်တော် ပြာဖြစ် မသွားနိုင် ဘူးလား။ ဆရာကြီး၊ နောက်ပြောင်နေတာကို ရပ်လိုက်ပါ" ချင်ယွင်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ ထိုကောင်းကင်မီးတောက်သည် သူနှင့် မီတာတစ်ထောင်လောက်သာ ဝေးပါတော့သည်။ ရှေးဟောင်းတာအိုဆရာသခင်က ခုံခံရန်အတွက် သူ၏ခန္ဓာကိုယ်ကို အသုံးပြုရန် ပြောခြင်းနှင့်ပတ်သက်ပြီး သူသည် ယင်းစကားကို နောက်ပြောင် ပြောဆို ခြင်းဟု လုံးလုံးတွေးထင်ထားသည်။
"ငါ နောက်နေတာ မဟုတ်ပါဘူးကွ၊ အခုအချိန်မှာ ဒီကောင်းကင်မီးလျှံကို တွန်းလှန်ဖို့ မင်းရဲ့ခန္ဓာကိုယ်ကိုပဲ အသုံးပြုလို့ရနိုင်တယ်။" ရှေးဟောင်းတာအိုဆရာသခင်၏ အသံက လေးနက်လာသည်။
"ဒါပေမယ့်" ချင်ယွင်သည် တုံ့ဆိုင်းနေရဆဲပင်။
'ဟမ့်, ကောင်စုတ်လေး, ဒုတိယအဆင့်ဖြစ်တဲ့ 'လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာ'မှာ ပြောထားတဲ့စကားတွေကို မေ့သွားပြီလား? တကယ်လို့ မင်းအနေနဲ့ ဒီနယ်ပယ်ကို ဖြတ်ကျော်ချင်တယ်ဆိုရင်တော့ မင်းရဲ့ခန္ဓာကိုယ်ကို သန့်စင်ဖို့အတွက် ပြင်ပစွမ်းအင်ကို ရင်ဆိုင်ကြုံတွေ့ရလိမ့်မယ်။ အခုအချိန်မှာ ဒီကောင်းကင်မီးလျှံက မင်းရဲ့ခန္ဓာကိုယ်ကို သန့်စင်ဖို့အတွက် အကောင်းဆုံး ရွေးချယ်မှုပဲ။" " ရှေးဟောင်းတာအိုဆရာသခင်က တင်းမာစွာ ပြောလိုက်သည်။
ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ ဤ'လျှို့ဝှက်ဆန်း ကြယ်သောအဝါရောင်နတ်ဆိုးပညာ'မှာ အမှန်ပင် ဤသို့ ဆိုထားပါသည်။ ပထမအဆင့်တွင် သူသည် အနှစ်သာရမူလစွမ်းအင်ကို စုပ်ယူခြင်းဖြင့် ဖြတ်ကျော် သွားနိုင်ခဲ့သည်။
သို့သော်၊ ဒုတိယအဆင့်ဖြစ်သော ကောင်းကင်ဘုံခွဲခြင်းနယ်ပယ်သို့ ရောက်ရှိရန် အတွက်၊ သိမ်မွေ့နက်နဲသော အဝါရောင်ချီတစ်ခုတည်းကို စုပ်ယူမည်ဆိုလျှင် အလွန့် အလွန် ခက်ခဲပါလိမ့်မည်။ ထို့ကြောင့် မိမိခန္ဓာကိုယ်ကို သန့်စင်ရန်အတွက် ပြင်ပအားကို မှီခိုနေရပါသည်။ သို့သော် သူသည် ဒုတိယအဆင့်ဖြစ်သော ကောင်းကင် ဘုံခွဲခြင်းနယ်ပယ်သို့ ယခုမှ တက်လှမ်းပြီးခါစ ဖြစ်သည်။ မူလက သူသည် သူ၏ နယ်ပယ်သည် တည်ငြိမ်အောက်လုပ်ပြီး တဖြည်းဖြည်း တိုးတက်လာသောအခါတွင် သူ၏ခန္ဓာကိုယ်ကို သန့်စင်ရန်အတွက် တစ်စုံတစ်ရာကို ရှာဖွေရန် စီစဉ်ခဲ့သော်လည်း ယခုအခါတွင်မူ ၎င်းကို ဖြည်းညှင်းစွာ ပြုလုပ်ရန် ခွင့်မပြုနိုင်တော့ဟန်တူသည်။
"အားလုံးထွက်လာစမ်း!" သူသည် လေထဲတွင် တင်ပျဉ်ခွေထိုင်နေစဉ် ချင်ယွင်၏ မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်မှုအရိပ်အယောင် ထွက်ပေါ်လာပြီး ကောင်းကင် မီးလျှံများ သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာခြင်းကို ခွင့်ပြုလိုက်သည်။
"သခင်လေး၊ သခင်လေး ရူးသွားပြီလား။ သူ တကယ်ကို မခုခံတော့ဘူးလား။ အကာအကွယ် တစ်ခုတစ်လေတောင်မှ မလုပ်တော့ဘူးလား" လင်းဝူရွှန်းသည် ချင်ယွင်က ကျဆင်းလာနေသော ကောင်းကင်မီးလျှံကို အမှန်တကယ် လျစ်လျူရှုပြီး အမှန်တကယ် တင်ပျဉ်ခွေထိုင်နေသည်ကို မြင်လိုက်ရလျှင် ချက်ချင်းပင် စိတ်လှုပ်ရှားစွာ ပြောလိုက်မိသည်။
"သခင်လေးမှာ သူ့အတွေးနဲ့သူ ရှိသင့်ပါတယ်" ဟောင်ခွန်၏ မျက်ခုံးများသည် တင်းကျပ်စွာ တွန့်သွားခဲ့သည်။ သူသည် ထိုကဲ့သို ပြောသာပြောလိုက်ရသော်လည်း သူ၏နှလုံးသားက တင်းကြပ်သွားခဲ့သည်။
ယခုအချိန်တွင်၊ သူတို့၏စိတ်ဝိညာဉ်များအားလုံးသည် ချင်ယွင်၏အစစ်အမှန် ခန္ဓာကိုယ်နှင့် ချိတ်ဆက်နေပါသည်။ ချင်ယွင် သေဆုံးသွားသည်နှင့် သူတို့သုံးဦးသည် လည်း သူနှင့်အတူ သေဆုံးကြရမည် ဖြစ်ပါသည်။
"ဟား…ဟား၊ ဒီကောင်စုတ်လေးက လက်လျော့ အရှုံးပေးလိုက်ပြီပဲ။ ကောင်းကင်မီးလျှံ ကပ်ဘေးဒုက္ခက မလွတ်မြောက်နိုင်ဘူးဆိုတာ သူ သိသွားပြီ။၊ ဒါကြောင့် သူက သေခြင်းတရားကို ထိုင်စောင့်နေတယ်။" အောင်းဖန်သည် အလွန် ပျော်ရွှင်စရာ ကောင်းသည့်အရာကို တွေ့လိုက်ရသကဲ့သို့ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
အောင်းရှင်းသည် ဤမြင်ကွင်းကိုမြင်သောအခါ သက်ပြင်းတစ်ချက် ချလိုက်မိပါသည်။ သူသည် သူ့ကိုယ်သူ တွေးလိုက်မိသည် "ငါ တကယ်ကို အတွေးလွန်နေတာ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ အထွက်အထိပ်အဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျင့်ကြံသူ လေးတစ်ယောက်က ငါတို့ နဂါးကောင်းကင်နန်းတော်ကို ခြိမ်းခြောက်လာ လိမ့်မယ်လို့ ငါ ဘာလို့ သံသယဖြစ်နေရတာလဲ"။
အောင်းယွန်၏ ပါးစပ်ထောင့်တွင်လည်း အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။ ကောင်းကင်ကပ်ဘေးဒုက္ခအောက်တွင် ချင်ယွင်၏ သေဆုံးခြင်းက ပြီးပြည့်စုံသော အဆုံးသတ်ဖြစ်မည်မှာ သေချာပါသည်။
"ဘုန်း….!"
ကောင်းကင်ယံ၌ ဧရာမမီးလုံးကြီးသည် ဤအခိုက်အတန့်တွင် ဆင်းသက်လာခဲ့ပြီး ချင်ယွင်၏ ခန္ဓာကိုယ်ကို လုံးလုံးလျားလျား လွှမ်းခြုံသွားခဲ့သည်။
ဤကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်မီးလျှံသည် ချင်ယွင်၏အရေပြားကို ထိလိုက်သည့်အခိုက်တွင်၊ ချင်ယွင်၏အရေပြားသည် အလွန်အမင်း နာကျင်မူကို ခံစားလိုက်ရပါသည်။ သူ၏ နဂိုက ဖြူစင်သော အသားအရေသည် တဖြည်းဖြည်း နီမြန်းလာပါသည်။
သူ၏ခန္ဓာကိုယ်ပေါ်ရှိအဝတ်အစားများသည် ပြာဖြစ်သွားသည်။ ထိုမျှတင်မကသေးဘဲ သူ၏ခေါင်းပေါ်ရှိ အနက်ရောင်ဆံပင်တွေတောင် ပြာကျသွားလေပြီ။
"အင်း...နာတယ် နာတယ်!"
ချင်ယွင်၏ ပါးစပ်မှ သနားစဖွယ်ကောင်းသော အော်သံတစ်ခု ထွက်ပေါ်လာသည်။ ဤကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်မီးလျှံအောက်တွင် သူ၏အရေပြား သည် ကြီးမားသောပူဖောင်းကြီးများအဖြစ် တစ်လုံးပြီးတစ်လုံး ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော အပူချိန်ကြောင့် ချင်ယွင်၏ခန္ဓာကိုယ်သည် အလွန် နီရဲသွားကာ သူ၏တစ်ကိုယ်လုံး ချက်ချင်းပင် မီးတောက်လောင်နေသော မီးလူသား အဖြစ်သို့ ပြောင်းလဲသွားပါသည်။
"လျှို့ဝှက်ဆန်းကြယ်သောအဝါရောင်နတ်ဆိုးပညာရပ်ကို လှည့်ပတ်လိုက်။ 'လျှို့ဝှက် ဆန်းကြယ်သောအဝါရောင်နတ်ဆိုးပညာ'ရပ်ကို လှည့်ပတ်လိုက်" ရှေးဟောင်းတာအို ဆရာသခင်၏အသံသည် ချင်ယွင်၏ စိတ်ထဲတွင် ထပ်ခါထပ်ခါ ပဲ့တင်ထပ်နေသည်။ အကယ်၍ သူသာ ကောင်းကင်မီးလျှံကို ဤကဲ့သို့ ဆက်လက်တောက်လောင်စေခဲ့ပါက ချင်ယွင်သည် အမှန်တကယ်ပင် ပြာဖြစ်သွားပေလိမ့်မည်။
သို့သော်လည်း ပြင်းထန်သော နာကျင်မှုသည် ချင်ယွင်၏ ဦးနှောက်ကို ပြည့်လုနီးပါး ဖြစ်သွားခဲ့သည်။ ရှေးဟောင်းတာအိုဆရာသခင် ပြောသည့်စကားတွေကို ချင်ယွင် မကြားလိုက်ပါဘူး။ သူသည် အခြေခံတွေးခေါ်နိုင်စွမ်းကိုပင် ဆုံးရှုံးနေပြီ ဖြစ်ပါသည်။
"ဟား….ဟား၊ ဒီကောင်စုတ်လေးက အခု ဆုံးခန်းတိုင်သွားပြီ။ သူ့မှာ ထူးခြားတဲ့ လှုပ်ရှားမှုလေးတွေ ရှိနေဦးမယ်လို့ ငါ ထင်ထားခဲ့တယ်၊ ဒါပေမယ့် သူက သေခြင်းတရားကို အမှန်တကယ် စောင့်မျှော်နေလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။" အောင်းဖန်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
အောင်းယွန် နှင့် အောင်းရှင်းတို့သည် ထပ်ခါတလဲလဲ လှောင်ပြောသရော်ကာ ပြောဆိုနေကြသည်။ အရာအားလုံး ပြီးဆုံးသွားခဲ့ပါပြီ။
"အကိုကြီးဟောင်၊ ကျွန်မတို့ ဘာလုပ်ရမှာလဲ" ဧကရာဇ်ပျားဘုရင်မ နှင့် လင်းဝူရွှန်း တို့လည်း စိုးရိမ်ပူပန်နေကြပါသည်။ သူတို့သည် ချင်ယွင်၏ စိတ်ဝိညာဉ်က တဖြည်းဖြည်း အားနည်းလာကာ သူ၏ အငွေ့အသက်ကလည်း အဆက်မပြတ် ကျဆင်းလာနေသည်ကို ခံစားရနိုင်သည်။
"ငါတို့ ဘာမှလုပ်လို့ မရဘူး။ ဒါက ကောင်းကင်ကပ်ဘေးဒုက္ခလေ။၊ ဘယ်သူမှ ကယ်လို့မရဘူး။" ဟောင်ခွန်သည် ကူရာမဲ့ဟန်ဖြင့် ခေါင်းကို ခါယမ်းလိုက်သည်။ သူ၏မျက်လုံးထဲတွင် စိတ်ပျက်လက်ပျက်ဖြစ်သည့်အမူအရာများ ပြည့်နေသည်။
"ဖြစ်သမျှ အရာအားလုံးက ကောင်းကင်ဘုံရဲ့ အလိုတော်တိုင်းပဲ ဖြစ်နိုင်ပါတယ်လေ။ ဝမ်အာရေ၊ ငါ မင်းနောက်လိုက်ပြီး အဲဒီကို အရောက်လာခဲ့မယ်။" ဟောင်ခွန်သည် သူ၏စိတ်ထဲတွင် သူ့ကိုယ်သူ ရေရွတ်လိုက်မိသည်။ သူ၏ပါးစပ်ထောင့်က စိတ်ပျက်လက်ပျက်ဖြစ်ဟန် ပြုံးရိပ်တစ်ခု ထွက်ပေါ်နေသည်။
"အောင်း……..!"
ချင်ယွင်သည် ကောင်းကင်မီးလျှံကြောင့် ပြာအဖြစ်သို့ လုံးလုံးလျားလျား ပြောင်းလဲ သွားတော့မည်ဟု လူတိုင်းက ထင်နေကြစဉ်မှာ ချင်ယွင်၏ ခန္ဓာကိုယ်မှ နဂါးဟိန်း ဟောက်သံက ရုတ်တရက် ထွက်ပေါ်လာသည်။ ချင်ယွင်၏နောက်ကျောမှ ဖော်မပြနိုင် လောက်အောင် ကြီးမားသော ဧရာမတောင်ပံကြီးတစ်စုံသည် ဆန့်ထွက်လာခဲ့သည်။ ၎င်းတောင်ပံကြီးများသည် ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ မီးတောက်အားလုံးကို စုပ်ယူလိုက်ပြီး မနှိုင်းယှဉ်နိုင်လောက်အောင်ပင် အနီတောက်တောက် နီမြန်းနေ ခဲ့သည်။
"အယ်…။ သခင်လေးက မသေသေးဘူးပဲ!" လင်းဝူရွန်း နှင့် အခြားသူများသည် ဤမြင်ကွင်းကို ချက်ချင်း သတိပြုမိကြပြီး သူတို့၏ မျက်နှာများသည် စိတ်အား တက်ကြွမူများဖြင့် ပြည့်နှက်နေသည်။
ကြီးမားလှသော မီးလျှံတောင်ပံကြီးတစ်စုံသည် ချင်ယွင်ကို ဝန်းရံထားပြီး ကောင်းကင်မီးလျှံများကို မီးလျှံတောင်ပံကြီးမှ သီးသန့်ခွဲထုတ်ထားသည်။
ဟောင်ခွန်သည် လင်းဝူရွှန်း၏ အော်ဟစ်သံကို ကြားပြီးနောက် ချင်ယွင်ရှိသည့် ဦးတည်ရာသို့ ချက်ချင်း ကြည့်လိုက်သည်။ ချင်ယွင် မသေကြောင်းကို သူမြင်သောအခါ သူ၏ ပြတ်သားပြီး အေးစက်သောမျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပါသည်။
"မဖြစ်နိုင်ဘူးမလား?" အောင်းဖန်လည်း ထိတ်လန့်သွားသည်။ သေချာသည်မှာ၊ ချင်ယွင်သည် ကောင်းကင်မီးလျှံကိုပင် မကြောက်ရွံ့သော ဧရာမ အတောင်ပံကြီး နှစ်ဖက်ကို အမှန်တကယ် ပေါက်ဖွားနိုင်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့သည်မှာ ထင်ရှား ပါသည်။
အောင်းရှင်း နှင့် အောင်းယွန်တို့လည်း မျက်မှောင်ကြုတ်လိုက်မိသည်။
"နဂါးတောင်ပံတွေ၊ တကယ်တော့ ဒီနဂါးတောင်ပံတွေက ငါ့ကို ကယ်တင်ခဲ့တာပဲ" ချင်ယွင်၏အသိစိတ်က တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာပါသည်။ နဂါး အတောင်ပံများက သူ၏ခန္ဓာကိုယ်ကို ရစ်ပတ်ထားသည်ကို မြင်လိုက်ရသောအခါ သူ၏ မျက်နှာသည်လည်း အံ့အားသင့်သွား၏။
မီးနဂါးသည် မူလကတည်းက မီးစွမ်းရည်ကို ပိုင်ဆိုင်ထားသည့် မျိုးနွယ်စုဖြစ်သည်။ ချင်ယွင်သည် ကောင်းကင်မီးလျှံဖြင့် လောင်ကျွမ်းနေသည့်အခိုက် ချင်ယွင်၏ ခန္ဓာကိုယ်အတွင်းရှိ မီးနဂါး၏သွေးမျိုးဆက်သည် လုံးလုံးလျားလျား အသက်ဝင်လာခဲ့ သည်။ ဤနေရာတွင် မီးနဂါးနှင့်အတူရှိနေသမျှ ကောင်းကင်မီးလျှံသည် ချင်ယွင်ကို နောက်တစ်ကြိမ် သတ်ပစ်ရန် မဖြစ်နိုင်တော့ပေ။
"ဒါပေမယ့် အခု ငါ့ပုံစံက နည်းနည်းတော့ စိတ်ဆင်းရဲစရာ ဖြစ်နေပုံရတယ်။" ချင်ယွင် က သူ့ကိုယ်သူ ကြည့်လိုက်လျှင် သူ၏ခန္ဓာကိုယ်က ပုပ်ပွနေပြီဆိုသည်ကို တွေ့လိုက် ရပါသည်။ သူ၏ခန္ဓာကိုယ် အစိတ်အပိုင်းအများအပြားသည် အနက်ရောင် ဖြစ်သည် အထိ မီးလောင်ကျွမ်းနေပြီး သူ၏ဆံပင်များလည်း မီးလောင် ပျက်စီးသွားခဲ့သည်။ သူသည် ချောမောသောလူငယ်တစ်ယောက်အဖြစ်မှ ရုပ်ဆိုးဆိုး ထိပ်ပြောင်ပြောင် လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲနေပြီ ဖြစ်သည်။
"ဒါကို မေ့လိုက်ပါ၊ မေ့ထားလိုက်ပါ၊ ငါရဲ့ကိုယ်ခန္ဓာကို သန့်စင်ဖို့အတွက် အရင်ဆုံး ကောင်းကင်မီးလျှံ သုံးကြည့်ရအောင်။" ချင်ယွင်က သူ့ကိုယ်သူ တွေးလိုက်သည်။ သူသည် နဂါးအတောင်ပံများကို အလျင်အမြန်ဖြန့်ကားကာ သူ၏ခန္ဓာကိုယ်ကို ကောင်းကင်မီးလျှံနှင့် ထိတွေ့လိုက်ပါသည်။ တစ်ချိန်တည်းမှာပင် သူသည် 'လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာ' ရပ်ကို စတင် လှည့်ပတ်လိုက် သည်။
အစပိုင်းတွင် ကောင်းကင်မီးလျှံ၏ ကြောက်မက်ဖွယ် လောင်ကျွမ်းမှုကြောင့် သူသည် တိတိကျကျ မလှည့်ပတ်နိုင်ခဲ့ပေ။ သို့သော် ချင်ယွင်သည် ဆက်လက် လှည့်ပတ် နေသည်နှင့်အမျှ သူ၏စိတ်သည် တဖြည်းဖြည်း နစ်မြုပ်သွားခဲ့ပြီး ကောင်းကင် မီးလျှံသည် သူ့အား ခြိမ်းခြောက်မှု လုံးဝမပြုနိုင်တော့ပေ။
အခန်း (၅၁၃) သန်မာသောကျွမ်းကျင်သူများ စုစည်းလာခြင်း။
ဧရာမကောင်းကင်မီးလျှံလုံးကြီးသည် ချင်ယွင်၏ပတ်ပတ်လည်မှာ ရစ်ပတ်နေပါသည်။ ကြောက်မက်ဖွယ်ကောင်းသော အပူချိန်ကြောင့် ပင်လယ်ရေသည် ပြင်းထန်စွာ ပွက်ပွက်ဆူလာပြီး ကောင်းကင်နှင့် မြေကြီးသည်ပင် ခြောက်သွေ့ပူနွေးသော အငွေ့အသက်များဖြင့် ပြည့်နှက်နေပါသည်။
ချင်ယွင်သည် ကောင်းကင်မီးလုံးကြီး၏ အလယ်ဗဟိုတွင် အခိုင်အမာ ထိုင်နေပါသည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အတက်အကျလှိုင်းများက သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ တောက်လောင်နေသော ကောင်းကင်မီးလျှံများသည် ချင်ယွင်၏ အရေပြားကို အဆက်မပြတ် လောင်ကျွမ်းနေခဲ့သည်။ သူ၏အသားအရည်အားလုံး ယိုယွင်းပျက်ဆီနေပါပြီ။
သို့သော်လည်း ချင်ယွင်သည် ယခင်ကလောက် နာကျင်ခြင်းမျိုး မရှိခဲ့ပေ။ သူ၏ခန္ဓာကိုယ်မှ ထူးဆန်းသော တက်လိုက်ကျလိုက် မတည်မငြိမ်ဖြစ်နေသည့် အနေထားတစ်ခုက ဖြစ်ပေါ်လာပါသည်။ အကန့်အသတ်မရှိသော ချီ နှင့် သွေးများသည် သူ၏ခန္ဓာကိုယ်ထဲတွင် အဆက်မပြတ် ကြီးထွားလာနေပြီး သူ၏ခန္ဓာကိုယ်ရှိ ဆဲလ်များသည် အဆက်မပြတ် ခွဲထွက်ကာ ကြီးထွားလာနေသည်။
ဤအခိုက်အတန့်တွင် ကြွက်သားများ သို့မဟုတ် အရိုးများပင်ဖြစ်စေကာမူ ချင်ယွင်၏ ဆဲလ်သိပ်သည်းဆသည် ကြောက်မက်ဖွယ်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။
ကောင်းကင်မီးလျှံသည် ချင်ယွင်အတွက် သေစေမည့်အရာတစ်ခု မဟုတ်တော့ပါဘူး။ သို့သော်၊ ၎င်းသည် သူ့ခန္ဓာကိုယ်ကို သန့်စင်ရန်အတွက် သူ့အတွက် အကြီးမြတ်ဆုံး ရတနာတစ်ခု ဖြစ်လာခဲ့ပါသည်။ ချင်ယွင်၏ဆဲလ်များ ပိုမိုလောင်ကျွမ်းလေလေ ကောင်းကင်နှင့်မြေကြီး၏ အဝါရောင်ချီကို ပို၍စုပ်ယူလေ ဖြစ်ပါသည်။ သူ၏ ခန္ဓာကိုယ် သည်လည်း တဖြည်းဖြည်း သန်မာလာပါသည်။
ဘန်း….။
ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ သွေးနီရောင်အငွေ့အသက်သည် ပိုမို၍ပင် ထူထပ် သိပ်သည်းလာပါသည်။ ကောင်းကင်မီးလျှံ၏ လောင်ကျွမ်းခံရပြီးနောက်၊ သူ၏ ရုပ်ခန္ဓာကိုယ်သည် ဒုတိယအဆင့်ဖြစ်သော ကောင်းကင်ဘုံခွဲခြင်းနယ်ပယ်၏ အစောပိုင်းအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။ သူသည် ဒုတိယ အဆင့်ဖြစ်သော ကောင်းကင်ဘုံခွဲခြင်းနယ်ပယ်၏ အလယ်လတ်အဆင့်သို့ ဖြတ်ကျော် ဝင်ရောက်ရန် ခြေတစ်လှမ်းသာ ဝေးပါတော့သည်။
ယခုအချိန်တွင်၊ အထူးသဖြင့် ကောင်းကင်မီးလျှံသည် ချင်ယွင်ကို လုံးဝ အန္တရာယ် မပြုနိုင်တော့ကတည်းက သူ၏ခန္ဓာကိုယ်သည် အဆုံးမဲ့ စွမ်းအားများစွာကို ထုတ်လွှတ် နေပါသည်။
ထိုမျှတင်မကဘဲ ချင်ယွင်၏ နဂါးတုံ့ပြန် သွေးမျိုးဆက် အတောင်ပံတွေကလည်း တိုးတက်ပြောင်းလဲလာနေပုံရပါသည်။ မူလက အနီရောင်နက်နက် နဂါးတုံ့ပြန်ဆန္ဒ သည် ယခုအခါ ကြက်သွေးရောင်အဖြစ်သို့ လုံလုံးလျားလျား ပြောင်းလဲသွားခဲ့ပြီး ၎င်းပေါ်ရှိ အစင်းကြောင်းများသည် မီးတောက်ကဲ့သို့ လောင်ကျွမ်းနေသော အပူဓာတ်ကို ထုတ်လွှတ်နေသည်။ (နဂါးတုန့်ပြန်ဆန္ဒဟူသည် မီးနဂါးသွေးမျိုးဆက်မှ ပါဝင်နေသော နဂါးစိတ်ဆန္ဒကို ဆိုလိုဟန်တူပါသည်။)
"ဖျတ်….ဖျတ်..!"
ချင်ယွင်၏ နဂါးတုံ့ပြန်အတောင်ပံများ ခတ်လိုက်သည်နှင့် သူ၏ခန္ဓာကိုယ်ကို ဖုံးလွှမ်းနေသော ကောင်းကင်မီးလျှံများသည် လွင့်ထွက်သွားခဲ့ပြီး ကမ္ဘာကြီးထဲသို့ ပျံ့လွင့်သွားသည်။
ချင်ယွင်သည် လေထဲတွင် ရပ်နေသည်။ သူ၏ မူလက ပုပ်ပွပြီး အမည်းရောင်သမ်း နေသော အသားအရေသည် တဖြည်းဖြည်း ပြိုကျလာပြီး သူ၏ နူးညံ့သိမ်မွေ့သော အသားအရေက ပြန်လည် ဖြစ်ပေါ်လာသည်။ ၎င်းသည် အရေပြားတစ်လွှာလုံး ကျွတ်ထွက်သွားသလိုပင်။ သို့သော်လည်း နူးညံ့သိမ်မွေ့သော ဤအသားအရေသည် မတွန်းလှန်နိုင်သည့် ခံစားချက်မျိုး ထုတ်လွှတ်နေသည်။
ချင်ယွင်၏ မူလက လောင်ကျွမ်းထားသော ဆံပင်များသည် သူ၏အသက်စွမ်းအား ပျံ့နှံ့သွားသည်နှင့်အမျှ ထင်သာမြင်သာသောအမြန်နှုန်းဖြင့် ပြန်ပေါက်လာသည်။ သူသည် သူ၏ချောမောသောအသွင်အပြင်ကို တစ်ဖန်ပြန်လည်ရရှိပြီး ယခင်ကထက် ပိုမိုခိုင်မာသည့် အငွေ့အသက်ကို ရရှိပိုင်ဆိုင်သွားခဲ့သည်။
လင်းဝူရွှန်းနှင့် ခပ်လှမ်းလှမ်းမှ အခြားလူများသည် ထိတ်လန့်သွားကြသည်။ ချင်ယွင်၏ တစ်ကိုယ်လုံးသည် ပို၍ပင်ကြီးမြတ်သောအငွေ့အသက်များ ထွက်ပေါ်လာသည်ကို သူတို့ သတိပြုမိကြသည်။
ထိုအရာသည် ကောင်းကင်မီးလျှံ၏ စွမ်းအားဖြစ်ပါသည်။ မှန်ပါသည်။ ထို ကောင်းကင် မီးလျှံနှင့် သူ၏ခန္ဓာကိုယ်ကို သန့်စင်လိုက်ခြင်းကြောင့် ချင်ယွင်၏ ခန္ဓာကိုယ်သည် အများကြီး ကြံ့ခိုင်းသန်မာလာရုံတင်ကမဘဲ သူ၏ခန္ဓာကိုယ်ထဲရှိ မီးနဂါး၏ သွေးမျိုးဆက်သည်လည်း ပို၍ပင် တိုးတက်လာခဲ့ပါသည်။ ဤအခိုက်အတန့်တွင် ချင်ယွင်၏ခန္ဓာကိုယ်ပေါ်ရှိ နဂါးတစ်ကောင်၏ လွှမ်းမိုးကြီးစိုးမှုရှိသော အငွေ့အသက် သည် ပို၍ပင် ထူထပ်သိပ်သည်းလာခဲ့ပါသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် အဝေးမှာရှိနေသော အောင်းမျိုးနွယ်စု၏ ညီအစ်ကို သုံးယောက်သည် သူတို့၏မျက်နှာပေါ်မှာ လေးနက်သော အရိပ်အယောင်တွေ ပေါ်လွင် နေပြီး သူတို့မျက်လုံးတွေက သတ်ဖြတ်ချင်စိတ်များဖြင့် ဝင်းလက်တောက်ပနေသည်။
ချင်ယွင်သည် သူ၏လက်သီးတွေကို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်ပြီး သူ၏ မျက်လုံးတွေမှာ မောက်မာမူတွေနှင့် ပြည့်နှက်နေပါသည်။
ယခုအချိန်တွင် အဋ္ဌမမြောက် ကောင်းကင်ကပ်ဘေးဒုက္ခကြီးသည် ပြီးဆုံးသွားခဲ့ပြီး ဤနောက်ဆုံး ကောင်းကင်ကပ်ဘေးဒုက္ခကြီးတစ်ခုသာ ကျန်ရှိပါတော့သည်။ သို့သော် ဤနောက်ဆုံး ကောင်းကင်ကပ်ဘေးဒုက္ခကြီးသည် ကြောက်စရာအကောင်းဆုံး ဖြစ်ပါလိမ့်မည်။
ချင်ယွင်သည် ကောင်းကင်တွင် ကြီးမားနေဆဲဖြစ်သော ကပ်ဘေးဒုက္ခတိမ်တိုက်ကြီးကို ကြည့်ရန် သူ၏ခေါင်းကို မော့လိုက်ပါသည်။ ဤကပ်ဘေးဒုက္ခတိမ်တိုက်ကြီးတွင် ကြောက်မက်ဖွယ် စွမ်းအားများ ပါရှိနေပါသည်။
"ဒီနောက်ဆုံး ကောင်းကင်ကပ်ဘေးဒုက္ခက ဘာများဖြစ်မလဲဆိုတာ ငါ သိချင်မိတယ်။" ချင်ယွင်သည် သူ့ကိုယ်သူ တွေးလိုက်သော်လည်း မည်သို့ပင်ဖြစ်စေ သူသည် ဤကောင်းကင်ကပ်ဘေးဒုက္ခကို ခံနိုင်ရည်ရှိသရွေ့ လုံးလုံး ကျော်လွှားနိုင်မည် ဖြစ်ပါသည်။
ဝှီး….!
သို့သော် ဤအခိုက်အတန့်တွင် အဝေးမှ လေထုကိုခွဲထွက်လာသော နောက်ထပ် အသံတစ်ခုထွက်ပေါ်လာပါသည်။ မလှမ်းမကမ်းတွင် မိုးပြာရောင် ပုံရိပ်တစ်ခု ပုံပေါ်လာ ပါသည်။
အပြာရောင်ပုံရိပ်ပေါ်လာသည်နှင့် လူတိုင်း၏ မျက်ခုံးများသည် ချက်ချင်း တွန့်သွား ကြသည်။
"လိပ်နက်နန်းတော်ရဲ့နန်းတော်သခင်းလား?" အောင်းညီအစ်ကို သုံးယောက်က မိုးပြာရောင်ပုံရိပ် ထွက်ပေါ်လာသည်ကို တွေ့လိုက်ရလျှင် သူတို့၏ မျက်နှာတွေက အံ့ဩသွားသည့်အမူအရာ ပေါ်လာကြသည်။
ဟောင်ခွန်သည်လည်း အေးစက်စက် အမူအရာဖြင့် ထိုမိုးပြာရောင်ပုံရိပ်ကို ကြည့်လိုက်သည်။ ထို့နောက် သူသည် လေးလေးနက်နက် မျက်မှောင်ကြုတ်လိုက် မိသည်။ ရုတ်တရက် ထွက်ပေါ်လာသော ဤမိုးပြာရောင်ပုံရိပ်သည် အင်မော်တယ် အသွင်ကူးပြောင်းခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပါပြီ။
"သူက လိပ်နက်နန်းတော်ရဲ့ နန်းတော်သခင် ဖြစ်သင့်တယ်။ လင်းဝူရွှန်းက မျက်မှောင် ကြုတ်ကာ ပြောလိုက်သည်။
"သခင်လေးဆီ လာတာမဟုတ်ဖို့ ကျွန်မတော့ မျှော်လင့်တာပဲ။" ဧကရာဇ်ပျားဘုရင်မ က စိုးရိမ်တကြီး လေသံဖြင့် ပြောသည်။
ယခုအချိန်မှာ သူတို့အတွက် အခြေအနေက ပိုဆိုးလာပါသည်။ နဂါးကောင်းကင် နန်းတော်မှ လူများသာဆိုလျှင် ဟောင်ခွန်သည် ၎င်းတို့ကို သူတစ်ယောက်တည်းဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်သော်လည်း လိပ်နက်နန်းတော်မှ နန်းတော်သခင်ကိုပါ ထပ်ပေါင်းထည့်လိုက်ပါ ခက်ခဲလာမည် ဖြစ်ပါသည်။
ကံကောင်းထောက်မစွာပင်၊ လိပ်နက်နန်းတော်၏နန်းတော်သခင် ထွက်ပေါ်လာပြီး နောက်တွင် သူသည် လှုပ်ရှားလိုသည့် မည်သည့် အရိပ်အယောင်မျှ မပြခဲ့ပေ။ သူသည် လူစုလူဝေးကို တချက်မျှသာ ဝှေ့ယမ်းကြည့်လိုက်ပြီး စူးစမ်းလိုသည့်အလား ချင်ယွင်ဆီ ကို စိုက်ကြည့်လိုက်သည်။
လင်းဝူရွှန်း နှင့် အခြားလူများသည် ဤမြင်ကွင်းကိုမြင်သောအခါ သက်ပြင်းချမိ ကြသည်။ သခင်လေး၏ကပ်ဘေးဒုက္ခကို မနှောင့်ယှက်သရွေ့ အရာအားလုံးက လွယ်ကူသွားမည်ဟု ပြောလို့ရပါသည်။
"ဟား…၊ ဟား…၊ မင်းတို့အားလုံး ဒီမှာရှိနေဖို့ ငါမမျှော်လင့်ထားဘူး!"။
သို့သော် ဤအခိုက်အတန့်တွင် ကောင်းကင်ယံ၌ ရယ်မောသံတစ်ခု ထွက်ပေါ်လာ သည်။ သွေးနီရောင်၀တ်စုံကို ၀တ်ဆင်ထားသည့် အသက်လတ်ပိုင်းအရွယ် အမျိုးသား တစ်ဦးနှင့် လှပသော မိန်းကလေးတစ်ဦးသည် လူတိုင်း၏ အမြင်အာရုံထဲတွင် ပေါ်လာပါသည်။
"အို ဝေလငါးအိုကြီး၊ မင်းလည်း လာဖို့ ငါ မမျှော်လင့်ထားဘူး။" လျှို့ဝှက် ဆန်းကြယ်သော လိပ်နက်နန်းတော်၏ နန်းတော်သခင် အသံက ထွက်ပေါ်လာသည်။
"ဟား…၊ဟား…၊ မင်းလိပ်အိုကြီးတောင် ရောက်လာနိုင်ရင် ငါကရော မဖြစ်နိုင်ဘူးလား၊ ဒါက လျှို့ဝှက်ဆန်းကြယ်လိပ်နက်နန်းတော်ရဲ့ ပိုင်နက်မဟုတ်ဘူးလေ" ဧရာမ ဝေလငါးနန်းတော်၏ နန်းတော်သခင်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပါသည်။
"ဝေလငါးအိုကြီး၊ ဒီကိစ္စကို မင်း ဘယ်လိုထင်လဲ။ ကပ်ဘေးဒုက္ခကို ဖြတ်ကျော်နေတဲ့ လူက နဂါးကောင်းကင်နန်းတော်ထဲက တစ်ယောက် ဖြစ်ပုံရတယ်။ အစောပိုင်းက ကပ်ဘေးဒုက္ခကို မင်းလည်း မြင်ရလိမ့်မယ်။ ဒီလို ကြောက်စရာကောင်းတဲ့ ကပ်ဘေး ဒုက္ခကို ဆွဲဆောင်နိုင်တဲ့ အထွတ်အထိပ်အဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် နတ်ဆိုးသားရဲလေးတစ်ကောင်က အနာဂတ်မှာ ကြီးမားတဲ့ခြိမ်းခြောက်မှုကြီး တစ်ခုဖြစ်လာလိမ့်မယ်လို့ ငါ ထင်တယ်။" လျှို့ဝှက်ဆန်းကြယ်သော လိပ်နက် နန်းတော်၏ နန်းတော်သခင်သည် သူ၏ပါးစပ်ထောင့်တွင် မိန်းမဆန်ဆန် အေးစက်မူမျိုး ရှိနေပါသည်။
"အိုး..ငါ ကြည့်ပါရစေဦး….!" ဧရာမဝေလငါးနန်းတော်၏ နန်းတော်သခင်က ပြော သည်။ သူသည် ချင်ယွင်ဘက်ကို လှည့်ကြည့်လိုက်ပါသည်။ ချင်ယွင်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော သန်မာသော နဂါးတစ်ကောင်၏ ခမ်းနားထည်ဝါသော အငွေ့အသက်ကို သူမြင်လိုက်သောအခါတွင် သူ၏မျက်နှာသည်လည်း ရက်စက် ကြမ်းကြုတ်သည့် အရိပ်အယောင် ပေါ်လွင်လာသည်။
"ဒီကလေးက တကယ်ကို ထိန်းချုပ်လို့မရနိုင်ဘူး။" ဧရာမ ဝေလငါးနန်းတော် နန်းတော်သခင်၏မျက်လုံးများတွင် သတ်ဖြတ်လို့သည့် အရိပ်အယောင် ပေါ်လာပါ သည်။
"မဟုတ်ဘူး၊ ဘာလို့ဒီမှာ လူသားတွေရှိနေတာလဲ၊ သူတို့က တကယ်ကို အင်မော်တယ် အသွင်ကူးပြောင်းခြင်းနယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်ကို ရောက်နေတာလား" ဧရာမဝေလငါးနန်းတော်၏ နန်းတော်သခင်က သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
"အယ်…။ လင်းယွင်ပါလား….။ သူက တကယ်ပဲ ကပ်ဘေးဒုက္ခကို ဖြတ်ကျော်နေသူ လား" သို့သော် ဤအခိုက်တွင် ဧရာမဝေလငါးနန်းတော် နန်းတော်သခင်ဘေးအနားရှိ မိန်းကလေးသည် ရုတ်တရက် စကားပြောလာကာ သူမ၏ မျက်လုံးကြီးများသည် အံ့သြမှုဖြင့် တောက်ပနေသည်။
"သမီးက သူ့ကို သိလို့လား?" ဧရာမဝေလငါးနန်းတော် နန်းတော်သခင်က သူ၏သမီးကို ကြည့်ပြီး သံသယစိတ်ဖြင့် မေးလိုက်ပါသည်။
"သိတယ်လေ၊ သမီး သူ့ကို သိပါတယ်။ သူက သမီးကို ကယ်တင်ခဲ့တယ်လို့ သမီး ပြောဖူးတဲ့ လူငယ်ပေါ့။ အဲဒီဆံပင်ဖြူနဲ့လူကို ကြည့်လိုက်ဦး။ သူက လင်းယွင်ကို အညံ့ခံအရှုံးပေးခဲ့တယ်လို့ သမီးပြောဖူးတဲ့ အင်မော်တယ်အသွင်ကူးပြောင်းခြင်း နယ်ပယ် ကျွမ်းကျင်ပညာပဲပေါ။ အဖေက ဘာလို့ အခုချိန်ထိ သမီးကို မယုံရတာလဲ" ဧရာမဝေလငါးနန်းတော် နန်းတော်သခင်၏သမီးဖြစ်သူက လေသံတိုးတိုးဖြင့် ပြောလိုက်ပါသည်။
"ဒီဆံပင်ဖြူနဲ့လူက အဲဒီလူငယ်လက်အောက်က လူလား။"
ဧရာမဝေလငါးနန်းတော်၏ နန်းတော်သခင်သည် ချက်ချင်းပင် မျက်မှောင်ကြုတ်သွား သည်။ သမီးဖြစ်သူပြောသမျှ အမှန်ဖြစ်မည်ဟု သူ မမျှော်လင့်ထားပေ။ ဤလူငယ်သည် ဤမျှကြောက်စရာကောင်းသော ကောင်းကင်ကပ်ဘေးဒုက္ခကို ဆွဲဆောင်နိုင်ခဲ့သည်မှာ အံ့ဩစရာမဟုတ်ပေ။ အကယ်၍ သူ့သမီးပြောသည့်အတိုင်း အမှန်တကယ် ဖြစ်ခဲ့ပါက၊ ဤသည်မှာ ဤကဲ့သို့သော ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်ကပ်ဘေး ဒုက္ခကို ဆွဲဆောင်နိုင်သည့် ဤလူငယ်အတွက် ထူးဆန်းမည် မဟုတ်ပေ။
ရုတ်တရက်၊ ဧရာမဝေလငါးနန်းတော်၏ နန်းတော်သခင်သည် တစ်ခုခုကို တွေးနေပုံရ ပါသည်။ သူသည် နဂါးကောင်းကင်နန်းတော်၏ ညီအစ်ကို သုံးယောက်ကို လှည့်ကြည့် လိုက်စဉ် လင်းယွင်ကို ကြည့်လိုက်သော သူတို့၏ မျက်လုံးများသည် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရပါသည်။
"သေချာပေါက် ပြပွဲကောင်းတစ်ခုကို ကြည့်ရတော့မယ်နဲ့တူတယ်။ ဒါပေမယ့် ဒါကလည်း မင်းကိုကြိုးနဲ့ချည်နှောင်အတွက် တကယ်ကို အခွင့်အရေးကောင်းတစ်ခုပဲ။ ကောင်လေး….၊ မင်းက ငါ့သမီးကို ကယ်တင်ခဲ့တဲ့အတွက် ဒီတစ်ခါ မင်းကို ငါ ပြန်ကူညီပေးလိုက်မယ် ဟား…..ဟား……။" ဧရာမဝေလငါးနန်းတော် နန်းတော်သခင်၏ နှုတ်ခမ်းထောင့်စွန်းမှာ ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ချိတ်ဆွဲထားလေ သည်။
နဂါးကောင်းကင်နန်းတော်မှ အောင်းယွန်သည် သံသယများသူတစ်ဦးဖြစ်ကြောင်း သဘာဝအတိုင်း သူသိပါသည်။ သူသည် ယခုလို အရည်အချင်းရှိသည့် ကောင်လေးတစ်ယောက် ကြီးထွားလာပြီး သူ၏နေရာကို ခြိမ်းခြောက်လာမှာကို သူသည် မည်သို့ ခွင့်ပြုနိုင်မည်နည်း..။ လိပ်နက်နန်းတော်၏နန်းတော်သခင်လည်း ထိုနည်းအတိုင်းပင် ဖြစ်ပါလိမ့်မည်။ သူတို့သည့် ချင်ယွင်ကို သတ်ပစ်ရန် သေချာပေါက် ဆုံးဖြတ်ထားပါလိမ့်မည်။
ချင်ယွင်၏ဘက်မှာ၊ အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်၏ အထွတ်အထိပ် အဆင့် ကျွမ်းကျင်ပညာရှင်သည် ဟောင်ခွန်တစ်ယောက်သာ ရှိပါသည်။ အများဆုံး သူသည် အောင်းမျိုးနွယ်စု၏ညီအစ်ကိုသုံးယောက် သို့မဟုတ် လျှို့ဝှက်ဆန်းကြယ် သော လိပ်နက်နန်းတော်၏ နန်းတော်သခင်ကိုသာ တားဆီးနိုင်ပြီး အခြားတဖက် အဖွဲ့က ချင်ယွင်ကို အလွယ်တကူ သတ်ဖြတ်နိုင်သည်။
သို့သော်၊ အကယ်၍ သူသာ ချင်ယွင်ကို ကူညီလိုက်မည်ဆိုပါလျှင် အခြေအနေက ခြားနားသွားပါလိမ့်မည်။
ဤသည်မှာ အဖြူရောင်နှင်းထဲတွင် မီးသွေးရောင်ကို ရေးခြစ်လိုက်သမျိုး သံသယ ဖြစ်စရာမလိုပေ။ ထို့ကြောင့် ချင်ယွင်သည် သူ၏ ဧရာမဝေလငါးနန်းတော်၏ ကြင်နာမှုကို အမှတ်ရနေသရွေ့၊ ချင်ယွင် ကြီးပြင်းလာသောအခါ၊ ဤအရာသည် အတိုင်းအဆမရှိသော ကြွယ်ဝမှုတစ်ခု ဖြစ်လာမည် ဖြစ်ပါသည်။
အခန်း (၅၁၄) လွှမ်းမိုးကြီးစိုးနိုင်သောစွမ်းအင်။
"ဘုန်း….!"
ထိုအချိန်တွင် နဝမမြောက် ကောင်းကင်ကပ်ဘေးဒုက္ခသည် နောက်ဆုံးတွင် တုံ့ပြန်လာခဲ့ပါသည်။
ကောင်းကင်ယံတွင် ဖုံးလွှမ်းနေသော တိမ်စိုင်တိမ်မည်းများသည် ယခုအချိန်တွင် ကြောက်မက်ဖွယ်ရာ မီးတောက်မီးလျှံများဖြင့် လင်းလက်နေပုံရသည်။ ကောင်းကင်တွင် အကန့်အသတ်မရှိသော စွမ်းအားများ ပေါက်ဖွားလာခဲ့သည်။
"အောင်း….!"
ကောင်းကင်မီးလျှံမှ လုံးလုံးလျားလျား ဖြစ်ပေါ်လာသော မီးနဂါးကြီးသည် တိမ်စိုင် တိမ်မည်းများကို ဖြိုခွဲကာ ကောင်းကင်ယံမှ ခုန်ဆင်းသွားသည်။
ဧရာမမီးနဂါးကြီးသည် ပေရာပေါင်းများစွာ ရှည်လျားပြီး သက်ရှိထင်ရှား ဖြစ်နေပုံရ သည်။ ၎င်းသည် နဂါးအစစ်နှင့် လုံးဝနီးပါးတူညီပြီး ၎င်းမှထုတ်လွှတ်သည့် အပူချိန်သည် ယခင်က ကောင်းကင်မီးလျှံလုံးကြီးထက်ပင် ပို၍ ကြောက်စရာ ကောင်းသည်။
"ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ကောင်းကင်မီးလျှံကပ်ဘေးဒုက္ခကြီး လဲ။ တကယ်လို့ သာမန် အထွက်အထိပ်အဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်သာ ဆိုရင် အဲဒီကမီးပွားလေး ထိမိရုံနဲ့တင် ချက်ချင်း ပြာဖြစ်သွားနိုင်တယ်။" လူတိုင်းသည် သူတို့စိတ်ထဲမှာ သက်ပြင်းချမိကြသည်။ ကောင်းကင်ယံမှ ပျံတက်လာနေသော ကောင်းကင်မီးလျှံနဂါးကြီးကိုကြည့်ရင်း သူတို့၏ နှလုံးသားထဲတွင် အံ့အားသင့်မူက ပေါက်ကွဲထွက်ပေါ်လာသလို ခံစားလိုက်ရသည်။
သို့သော် ချင်ယွင်သည် သူ၏မျက်လုံးများတွင် ကြောက်ရွံ့မှု အနည်းငယ်မရှိဘဲ ကောင်းကင်ယံရှိ ကောင်းကင်မီးလျှံနဂါးကြီးကို ကြည့်လိုက်သည်။
နဂါး၏အတောင်များက ဖြန့်ထွက်လာခဲ့ပြီး သူ၏ခန္ဓာကိုမှ နဂါးတစ်ကောင်၏ တန်ခိုးအစွမ်းများ ထွက်လာပေါ်သည်။
မီးနဂါးများသည် မူလကတည်းက မီးလျှံများ၏ ချစ်မြတ်နိုင်ခြင်း ခံရသူဖြစ်ပါသည်။ သူတို့သည် သူတို့၏ဘဝတွင် မီးတောက်မီးလျှံများကို အချစ်မြတ်နိုးဆုံး ဖြစ်ပါသည်။ မီးတောက်မီးလျှံများ အားကောင်းလေ၊ သူတို့၏ သွေးမျိုးဆက်များက ပို၍အစွမ်းထက် လေ ဖြစ်ပါသည်။ ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်မီးလျှံသည် အခြားသူများကို သေစေနိုင်ပါသည်။ သို့သော် ချင်ယွင်၏ မျက်လုံးထဲတွင် ဤကောင်းကင်မီးလျှံများသည် အဖိုးမဖြတ်နိုင်သော ရတနာတစ်ခု ဖြစ်နေပါသည်။
ဝှီး…..!
ချင်ယွင်သည် သူ၏နောက်ကျောမှ နဂါးအတောင်ပံများကို တဖျတ်ဖျတ် ခတ်ရင်း လေးညှိ့မှပစ်လွှတ်လိုက်သော မြှားတစ်စင်းကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် ကောင်းကင်မီးလျှံနဂါးကြီးဆီကို တည့်တည့်မတ်မတ် တဟုန်ထိုး ပြေးဝင်သွားခဲ့ပါသည်။
"အောင်း……….!"
ကောင်းကင်မီးလျှံနဂါးကြီးဆီမှ နဂါးတစ်ကောင်၏ ဟိန်းဟောက်သံတစ်ချက် ထွက်ပေါ်လာပါသည်။ သူ၏ပါးစပ်မှ မီးတောက်သည် ချင်ယွင်ဆီသို့ တိုက်ရိုက် ပြေးဝင်သွားသည်။
ချင်ယွင်၏ ပါးစပ်ထောင့်စွန်းသည် အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွား သည်။ သူ၏ခန္ဓာကိုယ်သည် ရှောင်တိမ်းခြင်းမရှိဘဲ၊ ကောင်းကင်မီးလျှံနဂါးကြီး၏ ခန္ဓာကိုယ်နှင့် တိုက်ရိုက်ဝင်တိုက်သွားသည်။
"ဘုန်း…..!"
ကောင်းကင်မီးလျှံများသည် ချင်ယွင်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့ပြီး တိုက်ရိုက် ပေါက်ကွဲသွားသည်။ မီးတောက်မီးလျှံများသည် ကောင်းကင်ယံကို ပြည့်လျှံသွားစေပြီး ချင်ယွင်၏ ခန္ဓာကိုယ်ကို ချက်ချင်း ဝါးမြိုသွားခဲ့သည်။
ဝှီး…..!
ချင်ယွင်သည် မီးတောက်မီးလျှံများပြည့်နေသော ကောင်းကင်ယံမှ ပြေးထွက်သွားပြီး မဟူရာသတ္တုတုတ်သည် သူ၏လက်ထဲတွင် ပေါ်လာနေပြီး ဖြစ်နေပါသည်။
မဟူရာသတ္တုတုတ်သည် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ကို ထုတ်လွှတ် နေသည်။ မဟူရာသတ္တုတုတ်တစ်ခုလုံးသည် ကောင်းကင်ထောက်တိုင်ကြီးတစ်ခုကဲ့သို့ ချက်ချင်းဆိုသလို ကြီးမားလာခဲ့ပြီး ပြိုဆင်းသွားကာ မီတာတစ်ရာကျော်ရှည်သော ကောင်းကင်မီးလျှံနဂါး၏ ဦးခေါင်းဆီသို့ ပြိုကျသွားသည်။
"ဘုန်း….!"
ကောင်းကင်ယံ၌ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ မဟူရာသတ္တုတုတ်သည် ကောင်းကင်မီးလျှံနဂါးကြီးနှင့် ထိပ်တိုက်ဆုံမိသွားပါသည်။
"အောင်း……….!"
ကောင်းကင်မီးလျှံနဂါးသည် မဟူရာသတ္တုတုတ်၏ရိုက်ချက်ကြောင့် ချက်ချင်းပင် တစ်ဝက်စီ ကွဲထွက်သွား၏။
သို့သော် ကောင်းကင်မီးလျှံများသည် ပျောက်ကွယ်သွားခြင်း မရှိခဲ့ပေ။ ကွဲထွက်သွားသော ကောင်းကင်မီးလျှံများသည် အမှန်တကယ်ပင် နဂါးငယ် နှစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပြီး ချင်ယွင်ဆီသို့ တစ်ဖန် ပစ်ဝင်လာခဲ့သည်။
ချင်ယွင်သည် သူ၏လက်ကောက်ဝတ်ကို လှည့်လိုက်ပြီး သူ၏ခွန်အားအားလုံးကို သူ၏ လက်မောင်းမှာ စုစည်းလိုက်ပါသည်။ သူသည် မဟူရာသတ္တုတုတ်ကို ဝှေ့ယမ်းလိုက်ပြီး ကောင်းကင်မီးလျှံနဂါးလေးတစ်ကောင်ကို ရိုက်ခွဲပစ်လိုက်၏။ မဟူရာသတ္တုတုတ်၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြောင့် နဂါးငယ်လေးသည် ချက်ခြင်း ကွဲကြေသွားခဲ့ပါသည်။
"ဘုန်း…….!"
ကောင်းကင်မီးလျှံနဂါးနောက်တစ်ကောင်သည် ထိုအခွင့်အရေးကို အရယူပြီး ချင်ယွင်၏ခန္ဓာကိုယ်ကို ဝင်တိုက်ရန် ကြိုးစားလိုက်ပါသည်။ ချင်ယွင်၏ ခန္ဓာကိုယ် သည် ချက်ချင်း နောက်ပြန် ဆုတ်သွားသည် ။ သို့သော် ဤအရာသည် အဆုံးသတ် မဟုတ်ခဲ့ပေ။ ကောင်းကင်မီးလျှံနဂါးသည် သူ့နောက်ကို အလျင်အမြန် လိုက်သွားခဲ့ပြီး ချင်ယွင်ကို သူ၏ဝမ်းဗိုက်ထဲကို တိုက်ရိုက် မျိုချပစ်သည်။
ချင်ယွင်သည် မီးပင်လယ်ကြီးထဲတွင် ချက်ချင်း ရပ်လိုက်ပါသည်။ ကြောက်မက်ဖွယ် ကောင်းသော အပူချိန်ကြောင့် ချင်ယွင်၏ခန္ဓာကိုယ်သည် တစ်ဖန်ပြိုကျသည့် အရိပ်အယောင်များ ပြသလာသည်။
"ဟမ့်၊ ငါချင်ယွင်က၊ ကောင်းကင်ကြီးကိုတောင် ပြိုကျအောင် လုပ်ပစ်ဦးမယ်!"
ချင်ယွင်သည် သူ၏ခန္ဓာကိုယ်မှ နဂါးအငွေ့အသက်များ တဟုန်ထိုး ပေါက်ကွဲ ထွက်လာစဉ် ကျယ်လောင်စွာ ဟစ်အော်လိုက်ပြီး သူ၏နောက်မှ နဂါးအတောင်ပံ များသည် နှလုံးခုန်ရင်တုန်စေသော အငွေ့အသက်တစ်ခုနှင့်အတူ ထွက်ပေါ်လာပြန် သည်။
လူတိုင်း၏ ထိတ်လန့်တုန်လှုပ်သော အကြည့်များအောက်တွင် မီးလျှံနဂါးသည် ဘာမှမကျန်အောင် ကွဲအက်သွားခဲ့ပြီး ကိုးကြိမ်မြောက် ကောင်းကင်ကပ်ဘေးဒုက္ခ ကြီးသည်လည်း မိုးကုတ်စက်ဝိုင်းထဲသို့ လုံးဝ ပျောက်ကွယ်သွားခဲ့တော့သည်။
ကောင်းကင်ယံမှာ တိမ်စိုင်တိမ်မည်းတွေ တဖြေးဖြေး ပျောက်ကွယ်သွားပြီး နေဝန်းက တဖန်ပြန်လည် တောက်ပလာကာ အတိတ်က ကြည်လင်မှုကို ပြန်လည်ရရှိစေပါသည်။
ချင်ယွင်၏ရုပ်အသွင်အပြင်သည် လေထဲတွင် လွင့်မျောနေသေးသည်။ ဤတစ်ကြိမ်၊ ကောင်းကင်ကပ်ဘေးဒုက္ခသည် သူ၏ရိတ်သိမ်းမှုကို ကြီးကြီးမားမား ဖြစ်စေခဲ့ပါသည်။
ဤကောင်းကင်မီးလျှံကပ်ဘေးဒုက္ခသည် သူ၏ခန္ဓာကိုယ်အတွင်းရှိ မီးနဂါး၏ သွေးမျိုးဆက်ကို ပိုမိုအားကောင်းလာစေခဲ့ပါသည်။ မီးတောက်မီးလျှံများဖြင့် တိုက်ခိုက်မှုမှန်သမျှ ချင်ယွင်အပေါ် သက်ရောက်မှု အနည်းငယ်သာ ရှိပါလိမ့်မည်။ ထို့အပြင်၊ ဤကောင်းကင်မီးလျှံကပ်ဘေးဒုက္ခကြီး ပြီးဆုံးနောက်၊ သူသည် ကောင်းကင် မီးလျှံကို အမှန်တကယ် အသုံးပြုနိုင်ခဲ့သည်ကို ချင်ယွင် တွေ့ရှိလိုက်ရပါသည်။
သူ၏လက်ကို တစ်ချက်လှန်လိုက်သည်နှင့် သူ၏လက်ထဲမှာ ကြက်သွေးရောင် မီးတောက်တစ်ခု လွင့်ပျံလာသည်။ မီးတောက်က ကြောက်စရာကောင်းသော အပူချိန်ကို ထုတ်လွှတ်နေပါသည်။
ယခုအချိန်တွင်၊ ချင်ယွင်၏ ကျင့်ကြံမူအဆင့်သည် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး 'လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာ'ရပ်သည်လည်း ဒုတိယအဆင့်ဖြစ်သော ကောင်းကင်ဘုံခွဲခြင်း နယ်ပယ်၏ အစောပိုင်းအဆင့် အထွတ်အထိပ်သို့ ဖြတ်ကျော်သွားခဲ့သည်။
ယခုအချိန်တွင်၊ သူသည် မဟူရာသတ္တုတုတ်၏ စွမ်းအားကို အသုံးမပြုခဲ့လျှင်တောင်မှ အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်ရှိ ကျွမ်းကျင်သူသည် သူ၏ ပြိုင်ဘက်ဖြစ်နိုင်နေပါပြီ။ အကယ်၍ သူသည် မဟူရာသတ္တုတုတ်၏ စွမ်းအားကို အသုံးပြုမည်ဆိုလျှင် သူသည် အစောပိုင်းအဆင့် အင်မော်တယ်အသွင်ကူးပြောင်းခြင်း နယ်ပယ် ကျွမ်းကျင်သူတစ်ဦးကို တိုက်ခိုက်ရန်မှာ မဖြစ်နိုင်မျိုး မဟုတ်တော့ပေ။
ချင်ယွင်အတွက်၊ ဤအဆင့်ချိုးဖြတ်မှုသည် မရည်ရွယ်ဘဲ ကြီးမားလွန်းလှသည်။
သို့သော် ချင်ယွင်သည် စိတ်လက်သက်သာ နေလို့မရသေးပေ။ သူသည် ဤကောင်းကင်ကပ်ဘေးဒုက္ခကြီးကို ကျော်လွှားနိုင်ခဲ့သော်လည်း၊ သူနောက်ထပ် ကြုံတွေ့ရမည့်အရာသည် ပို၍ကြီးမားသော အကျပ်အတည်းတစ်ခု ဖြစ်နေပါသည်။
နန်းတော်ကြီးသုံး၏နန်းတော်သခင်များသည် သူ၏ ကောင်းကင်ကပ်ဘေးဒုက္ခကြောင့် ထိတ်လန့်နေကြပြီ ဖြစ်ပြီး၊ သူသည် သူ့ကိုသတ်ဖြတ်ရန်အတွက် ၎င်းတို့အား ဆွဲဆောင်မိကောင်း ဆွဲဆောင်မိနိုင်ပါသည်။
၎င်းတို့အနက်၊ လျှို့ဝှက်ဆန်းကြယ်သော လိပ်နက်နန်းတော်၏ နန်းတော်သခင်နှင့် ဧရာမဝေလငါးနန်းတော်၏ နန်းတော်သခင်တို့သည် အင်မော်တယ်အသွင်ကူးပြောင်း ခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်တွင် ရှိနေခဲ့ကြပါသည်။ နဂါးကောင်းကင် နန်းတော်၏ နန်းတော်သခင်သုံးယောက်သည် အင်မော်တယ်အသွင်ကူးပြောင်းခြင်း နယ်ပယ်၏ နှောင်းပိုင်းအဆင့်တွင် ရှိနေကြသော်လည်း သူတို့သည် အင်မော်တယ် အသွင်ကူးပြောင်းခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့် ကျွမ်းကျင်ပညာရှင်ကို တွန်းလှန်ရန်အတွက် အထူးနည်းလမ်းအချို့ ရှိနေသည်ဟု ချင်ယွင် မှန်းဆထားသည်။ ထိုသို့မဟုတ်ပါက သူတို့၏လက်ရှိခွန်အားဖြင့် လျှို့ဝှက်ဆန်းကြယ်သော လိပ်နက် နန်းတော်၊ ဧရာမဝေလငါးနန်းတော်တို့နှင့် တန်းတူရပ်တည်ရန် မဖြစ်နိုင်ပေ။
အိုး!
ထိုအချိန်တွင် ကောင်းကင်ယံမှ ကြောက်မက်ဖွယ်ရာ စွမ်းအင်အတက်အကျလှိုင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ပုံရိပ်တစ်ခုသည် ချင်ယွင်၏ရှေ့တွင် တစ္ဆေသရဲ တစ်ကောင်ကဲ့သို့ ရုတ်တရက် ပေါ်လာပါသည်။
ချင်ယွင် ၏အမူအရာသည် သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး သူသည် ချက်ခြင်းပင် ရှောင်တိမ်းချင်ခဲ့သည်။ သို့သော်လည်း တစ်ဖက်လူ၏ လှုပ်ရှားမှုများသည် မြန်ဆန်လွန်းသဖြင့် ချင်ယွင်သည် အချိန်မှီ မတုံ့ပြန်နိုင်ခဲ့ပေ။ ထိုပုံရိပ်သည် ချင်ယွင်၏ ရင်ဘတ်ကို တိုက်ရိုက် ထိုးချလိုက်သည်။
ချင်ယွင်သည် ချက်ချင်းပင် ပါးစပ်ထဲမှ သွေးများ အန်ထုတ်လိုက်ရပြီး ကြီးမားသော တောင်ကြီးတစ်ခု၏ ရိုက်နှက်ခံလိုက်ရသကဲ့သို့ နောက်သို့ လွင့်ထွက်သွားလေသည်။
အနောက်သို့ လွင့်ပျံစဉ် ချင်ယွင်သည် ထိုလူ၏မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ဤလူသည် နဂါးကောင်းကင်နန်းတော်၏ တတိယနန်းတော်သခင် အောင်းဖန်မှလွဲ၍ အခြားသူ မဟုတ်ပေ။
"အယ်…။ မင်းက တကယ် မသေသေးဘူးလား။ မင်းခန္ဓာကိုယ်က ပုံမှန်ထက်ကို မာကြောနေပုံရတယ်။ မင်းက ငါ့လက်သီးချက်ကိုတောင် တကယ် ခုခံနိုင်ခဲ့တယ်" အောင်းဖန်၏ မျက်နှာတွင် အံ့သြမှု အရိပ်အယောင် ပေါ်လာသော်လည်း အေးစက်သော အပြုံးတစ်ခုက သူ၏မျက်နှာပေါ်တွင် ချက်ချင်း ပေါ်လာသည်။
"ကြည့်ရတာ ငါ မင်းကို အသက်ရှင်ခွင့် မပေးသင့်ဘူးထင်တယ်!" အောင်းဖန်က အေးစက်စွာ အော်ပြောလိုက်သည်။ သူ၏ပုံရိပ်သည် တဖျပ်ဖျပ် လင်းလက်တောက်ပ သွားပြီး ပုံရိပ်ယောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ သူသည် ချင်ယွင်ရှိရာဘက်သို့ ထပ်မံ ပစ်ဝင်သွားသည်။ သူ၏လက်ထဲတွင် ဓားတိုတစ်လက်ပေါ်လာပြီး ၎င်းကို နတ်ဆိုးအနှစ်သာရဖြင့် လွှမ်းခြုံထားကာ ကြောက်မက်ဖွယ် အငွေ့အသက်တစ်ခုက လင်းလက်တောက်ပနေသည်။
ချက်ချင်းပင် ချင်ယွင်၏ မျက်လုံးများတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ပေါ်လာသည်။ နဂါးကောင်းကင်နန်းတော်သည် သူ့အပေါ် ဤမျှလောက် ပြင်းထန် သော သတ်ဖြတ်လိုစိတ် ရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပါဘူး။ စကား တစ်ခွန်းမှ မပြောဘဲ ထိုလူသည် တိုက်ရိုက် တိုက်ခိုက်ခဲ့သည်။
အောင်းဖန်၏ ခန္ဓာကိုယ်အရှိန်သည် အလွန်အမင်း ထူးဆန်းလွန်းသည်။ သူသည် လွင့်ပျံနေသော ချင်ယွင်ကို တိုက်ရိုက် မှီသွားသည်။ သူ၏လက်ထဲမှ ဓားမြှောင်သည် ချင်ယွင်၏ခေါင်းဆီကို အလျင်အမြန် ဖြတ်သန်းသွားသည် သူသည် ချင်ယွင်ကို တစ်ချက်တည်းဖြင့် သတ်ပစ်ချင်နေသည်။
"ဟမ့်၊ မင်းက ငါ့သခင်လေးကို နှိပ်စက်ဝံ့တာလား၊ မင်းက သေချင်နေတာလား”။
အောင်းဖန်၏ဓားတိုသည် ချင်ယွင်၏လည်ပင်းကို ထိခါနီးတွင်၊ ပုံရိပ်တစ်ခုသည် ချက်ခြင်း ရောက်ရှိလာပြီး ချင်ယွင်၏ လမ်းကြောင်းရှေ့မှာ ပိတ်ဆို့ကာ အောင်ဖန်း၏ ရင်ဘတ်ကို လက်ဖဝါးဖြင့် ရိုက်ချလိုက်လေသည်။
အောင်းဖန်၏ရင်ဘတ်သည် ချိုင့်ဝင်သွားခဲ့ပြီး သွေးတွေက ဖျန်းကနဲ လွင့်စင်သွားခဲ့ပြီး သူ၏ခန္ဓာကိုယ်သည် ဧရာမ ကျောက်တုံးကြီးကဲ့သို့ နောက်ပြန် လွင့်သွားခဲ့သည်။
"တတိယညီလေး" အောင်းရှင်း နှင့် အောင်းယွန်တို့သည် နောက်ပြန် လွင့်ထွက်လာ သော အောင်းဖန်ကို လှမ်းဖမ်းနိုင်ရန်အတွက် သူတို့၏ ခန္ဓာကိုယ်များသည် ဖျတ်ခနဲ လင်းလက်သွားစဉ် သံပြိုင် အော်လိုက်ကြသည်။
ဟောင်ခွန်သည် ချင်ယွင်၏ရှေ့မှာ ရပ်နေပြီး နဂါးကောင်းကင်နန်းတော်မှ အောင်းမျိုးနွယ် ညီအစ်ကိုသုံးယောက်ကို အေးစက်စွာ စိုက်ကြည့်နေသည်။ သူက အေးစက်စွာ အော်ပြောလိုက်သည် "ငါ့သခင်လေးက နဂါးကောင်းကင်နန်းတော်နဲ့ ရန်သူ မဖြစ်ချင်ဘူး၊ ဒါပေမယ့် မင်းတို့က ငါ့သခင်လေးကို သတ်ချင်ရင်ဆိုရင်တော့ ငါ့ကို ရိုင်းစိုင်းတဲ့အတွက် အပြစ်မတင်နဲ့။"
သူ၏အသံသည် မိုးခြိမ်းသံကဲ့သို့ ကောင်းကင်ယံတစ်ခုလုံး ပဲ့တင်ထပ်နေကာ အနှိုင်းမဲ့ လွှမ်းမိုးကြီးစိုးနေသော အငွေ့အသက်ကို ထုတ်လွှတ်နေပါသည်။
အခန်း (၅၁၅) လျှို့ဝှက်ဆန်းကြယ်သော လိပ်နက်နန်းတော်၏နန်းတော်သခင်။
အောင်းညီအစ်ကိုများသည် ဟောင်ခွန်၏စကားကို ကြားသောအခါ သူတို့၏ မျက်လုံးများသည် ပြင်းထန်သော ဒေါသများဖြင့် ပြည့်နှက်နေကြသည်။
နောက်ဆုံးတွင်၊ သူတို့ညီအစ်ကိုသုံးယောက်သည် ပင်လယ်အတွင်းရှိ ကြီးမားသော အင်အားစုကြီးသုံးခု၏ ခေါင်းဆောင်များ ဖြစ်ကြပါသည်။ သူတို့ကို ယခုလိုစကားမျိုး မည်သူမှ မပြောရဲကြပေ။ ယခု သူတို့ရှေ့မှဤလူသားသည် သူ့တို့ကို တိုက်ရိုက် ရန်စရန်ပင် သတ္တိရှိနေခဲ့သည်။ ယင်းက သူတို့ကို မည်သို့ ဒေါသမထွက်စေဘဲ နေမည်နည်း။
"ဟမ့်၊ ဒီလင်းယွင်က မူလကတည်းက ငါတို့နဂါးကောင်းကင်နန်းတော်က အဖွဲ့ဝင် တစ်ယောက်ပဲ။ သူက တပ်မှူးတစ်ယောက်အနေနဲ့၊ တပ်မှူးကြီးနဲ့ တပ်မှူးကြီး လက်အောက်က သူတွေကို သတ်ဖြတ်ခဲ့တယ်။ ငါတို့နဂါးကောင်းကင်နန်းတော်ရဲ့ စည်းမျဉ်းစည်းကမ်းတွေအရ ငါတို့က သူ့ကို အရေးယူရမယ်။ လူသား၊ ငါတို့အနေနဲ့ ဒီကိစ္စကို လျစ်လျူရှုထားဖို့ မင်းကို အကြံပေးချင်တယ်။ မဟုတ်ရင် မင်းအသက်ပါ ဆုံးရှုံးမှ ငါတို့ကို အပြစ်မတင်နဲ့။"
အောင်းဖန်သည် ဟောင်ခွန်၏ လက်သီးချက်က သူ၏ရင်ဘတ်ကို ထိသွားသည့် အတွက် သူ၏စိတ်နှလုံးသည် ဒေါသများဖြင့် ပြည့်နှက်နေသည်။ ဤအခိုက်တွင်၊ ဟောင်ခွန်၏ စကားများကို ကြားရသောအခါ သူ၏ မျက်လုံးများသည် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ချက်ချင်း ထွက်ပေါ်လာသည်။
"မင်းတို့ တပ်မှူးကြီးကို ငါကိုယ်တိုင် သတ်ပစ်ခဲ့တာ။ မင်းတို့က သူ့အတွက် တရားမျှတမှုကို ပြန်လိုချင်တယ်ဆိုရင် မင်းတို့အနေနဲ့ ငါ့ဆီကို လာနိုင်တယ်" ဟောင်ခွန်က အေးစက်စွာ ပြောလိုက်ပြီး သူ၏လေသံက အေးစက်နေဆဲပင် ဖြစ်သည်။
"မင်း... ငါတို့က မင်းကို တကယ်ကြောက်နေတယ်လို့ ထင်နေတာလား" အောင်းဖန်က ဒေါသတကြီး ပြောလိုက်သည်
ဟောင်ခွန်၏ အမူအရာသည် အေးစက်ပြီး မာနကြီးလွန်းသည်။ သူသည် အောင်းဖန်ကို သူ၏မျက်လုံးထဲမှာ လုံးဝ မထည့်ထားခဲ့ပါဘူး။ ယခင်တုန်းကလိုဆိုလျှင် ဟောင်ခွန် သည် စကားတခွန်းမှ မပြောဘဲ တိုက်ရိုက် တိုက်ခိုက်မိလိမ့်မည်။ သို့သော်လည်း ယခု အရေးကြီးဆုံးအချက်မှာ ချင်ယွင်၏ လုံခြုံရေးကို သေချာစေရန် ဖြစ်သည်။
"ဟမ့်၊ မင်းက လူသားတစ်ယောက်ဖြစ်တယ်။ ဒါ့အပြင် မင်းက ငါတို့ နဂါးကောင်းကင် နန်းတော်ရဲ့ဂုဏ်သိက္ခာကို ထပ်ခါထပ်ခါ စိန်ခေါ်နေခဲ့တယ်။ ဒီနေ့ မင်း ဘယ်သူပဲ ဖြစ်နေပါစေ မင်း အသက်မရှင်နိုင်တော့ဘူး။" အေးစက်မှုအရိပ်အယောင် တစွန်းတစ သည် အောင်းယွန်၏မျက်နှာပေါ်သို့ ပျံ့နှံ့လာခဲ့ပြီး သူ၏မျက်လုံးများတွင် သတ်ဖြတ်ချင် စိတ်များ ဖျတ်ခနဲ တောက်ပလာသည်။
"အစ်ကိုကြီး၊ သူနဲ့ အဓိပ္ပာယ်မရှိတာတွေေ ပြောမနေနဲ့တော့။ တိုက်ခိုက်ကြရအောင်" အောင်းဖန်က ပြောသည်။
"တိုက်!" အောင်းယွန်သည် အေးစက်စွာ အော်ဟစ်လိုက်ပြီး ချက်ချင်းပင် ဦးဆောင်လိုက်သည်။
အောင်းဖန်သည် သူ၏အစ်ကိုကြီး လှုပ်ရှားရန် သဘောတူသည်ကို မြင်လိုက်ရသော အခါ အေးစက်သော အပြုံးတစ်ခုက သူ၏ပါးစပ်ထောင့်စွန်းမှာ ချက်ချင်း ထွက်ပေါ် လာပါသည်။ သူသည်လည်း အလျင်အမြန် လိုက်ပါသွားခဲ့ပါသည်။ အောင်းရှင်းသည် အနည်းငယ် မျက်မှောင်ကြုတ်သွားသော်လည်း သူလည်း နောက်မှ လိုက်ပါသွားသေး သည်။
သူတို့သုံးယောက်သည် ဟောင်ခွန်ဆီသို့ ပြေးသွားကြသည်။
ချင်ယွင် နှင့် ဟောင်ခွန်တို့၏ မျက်နှာများသည် လေးနက်မှု အရိပ်အယောင် ပေါ်လွင်နေ သည်။ နဂါးကောင်းကင်နန်းတော်သည် သူ့ကိုသတ်ပစ်ရန်အတွက် အမှန်တကယ် စိတ်ပိုင်းဖြတ်ထားပုံရပါသည်။
"သခင်လေး၊ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ!" ဟောင်ခွန်သည် ချင်ယွင်ဆီသို့ လှည့်ပြီး ချင်ယွင်ကို သတိပေးစကား ပြောလိုက်သည်။ ထို့နောက် သူ၏ရုပ်အသွင်အပြင်သည် ဖျတ်ခနဲ လင်းလက်သွားပြီး ပစ်လွှတ်သွားကာ သူ့ကို တိုက်ခိုက်ရန်လာသူများကို တိုက်ရိုက် ကြိုဆိုလိုက်သည်။
အောင်းမျိုးနွယ်စု၏ညီအစ်ကိုသုံးယောက်ကို ချက်ချင်း တိုက်ခိုက်ရန်အတွက် ဟောင်ခွန်၏ ခန္ဓာကိုယ်မှ ဓားချီသည် တဟုန်ထို့း ပျံ့နှံ့ထွက်ပေါ်လာသည်။
အောင်းမျိုးနွယ်စု၏ ညီအစ်ကို သုံးယောက်သည် မတူညီသော လမ်းကြောင်းသုံးခုမှ တစ်ချိန်တည်းတွင် ဟောင်ခွန်ကို ပြေးဝင် တိုက်ခိုက်ကြသည်။ သူတို့ အသီးသီး၏ လက်ထဲတွင် မီးခိုးရောင်ဆေဘာတစ်ချောင်းဆီ ရှိနေကြပါသည်။ ဆေဘာများသည် သေခြင်းတရား၏ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များပါ၀င်ပြီး ဆေဘာတစ်ချောင်းချင်းစီမှ သေမင်း၏အနံ့ကို ထုတ်လွှတ်နေသည်။
"ဒါက အဆင့်မြင့်အဆင့် အင်မော်တယ်လက်နက်တွေ မဟုတ်ဘူးလား။" ချင်ယွင်သည် မထိန်းနိုင်ဘဲ အံ့သြတကြီး မေးလိုက်မိပါသည်။
အောင်းမျိုးနွယ်စု၏ ညီအစ်ကိုသုံးယောက်သည် သူတို့၏ လက်ထဲတွင် အဆင့်မြင့်အဆင့် အင်မော်တယ်လက်နက်များ အမှန်တကယ် ရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ ထို့အပြင် တစ်ချိန်တည်းတွင် သူတို့သုံးဦးယောက်စလုံးသည် တစ်ချောင်းစီကို ပိုင်ဆိုင်ထားကြသည်။ အောင်းမျိုးနွယ်စု၏ ညီအစ်ကိုသုံးယောက် သည် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ မရောက်ရှိသေးသော်လည်း နှစ်ပေါင်းများစွာကြာအောင် နဂါးကောင်းကင်နန်းတော်ကို အမိန့်ပေးနိုင်ခဲ့သည်မှာ အံ့ဩစရာမရှိတော့ပေ။ ၎င်းသည် ဤအဆင့်မြင့်အဆင့် အင်မော်တယ် ဓားသုံးချောင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါသည်။
သူတို့သုံးယောက်သည် မူလကတည်းက ရင်းနှီးသောညီအစ်ကိုများဖြစ်သည်ဟူသော အချက်ကို ထပ်လောင်းပြောကြားရင်း သူတို့အကြား ပူးပေါင်းဆောင်ရွက်မှုသည် ချို့ယွင်းချက်မရှိတော့ဟု ဆိုနိုင်ပါသည်။ ဟောင်ခွန်ပင်လျှင် သူတို့ သုံးယောက်လုံးနှင့် ခေတ္တခဏမျှ ရင်ဆိုင်တိုက်ခိုက်နေရပါသည်။
ဟောင်ခွန်၏ ဓားသိုင်းပညာရပ်သည် အလွန်ကြောက်စရာ ကောင်းလွန်းသည်။ ဤအခိုက်အတန့်တွင် သူသည် ချင်ယွင်ပေးထားသော ကြယ်နက်ဓားကို ကိုင်ဆောင်ကာ အောင်းမျိုးနွယ်စု၏ ညီအစ်ကိုသုံးယောက်ကို သုံးယောက် တစ်ယောက်အနေထားဖြင့် ရင်ဆိုင်တိုက်ခိုက်နေပါသည်။ သူက နည်းနည်းလေးမှ အားနည်းချက် မရှိခဲ့ပေ။
"လျှို့ဝှက်ဆန်းကြယ်သော လိပ်နက်နန်းတော်သခင်၊ ခင်ဗျား အခုချိန်မလှုပ်ရှားရင် ဘယ်အချိန်ထိ စောင့်နေဦးမှာလဲ"
ဤအခိုက်အတန့်တွင် အောင်းယွန်သည် ရုတ်တရက် ကျယ်လောင်စွာအော်လိုက်ပြီး သူ၏အသံသည် တစ်ကမ္ဘာလုံးအနှံ့ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
ထိုစကားကိုကြားလိုက်ရလျှင် ဟောင်ခွန်၏ အမူအရာသည် ပြောင်းလဲသွားရုံတင်မက အဝေးမှာရှိနေသော ချင်ယွင်သည်ပင် လေးနက်သော အမူအရာ ပေါ်လာပါသည်။
"ဟား…၊ ဟား၊….။ ငါက မလိုအပ်ဘူးလို့ အစက ထင်ထားခဲ့တာ၊ ဒါပေမယ့် နောက်ဆုံးမှာ ငါကို လှုပ်ရှားရဦးမယ်လို့ မမျှော်လင့်ထားခဲ့ဘူး။" လျှို့ဝှက်ဆန်းကြယ် လိပ်နက်နန်းတော်၏ နန်းတော်သခင်၏ နှုတ်ခမ်းထောင့်စွန်းများက ပြုံးယောင်သမ်း နေ၏။
"လိပ်နက်နန်းတော်သခင်၊ ငါတို့က ဒီလူသားကို ထိန်းချုပ်ထားရင်း ခင်ဗျားကို ကူညီပေးမယ်။ အဲဒီကောင်စုတ်ကိုတော့ ခင်ဗျားကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းဖို့ ကျုပ်ထားပေးလိုက်မယ်။ သူ့ကို အခုချိန် မသတ်ဘူးဆိုရင် နောင်အနာဂတ်မှာ သေချာပေါက် ကြီးမားတဲ့ ကပ်ဘေးဆိုးတစ်ခု ဖြစ်လာလိမ့်မယ်။" အောင်းယွန်က ဆက်ပြောသည် ။
"စိတ်မပူပါနဲ့၊ ငါကိုယ်တိုင် လှုပ်ရှားပြီဆိုမှတော့ ဒီကောင်စုတ်လေး သေချာပေါက် သေရမှာပါ" လျှို့ဝှက်ဆန်းကြယ်သော လိပ်နန်းတော်သခင်သည် ကျယ်လောင်စွာ ရယ်မောကာ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပါသည်။ ချက်ခြင်းပင်၊ သူသည် ချင်ယွင် ဘက်သို့ ပြေးသွားခဲ့သည်။
ချင်ယွင်သည် လျှို့ဝှက်ဆန်းကြယ်သော လိပ်နက်နန်းတော်၏ နန်းတော်သခင်သည် သူ့ဆီကို အလျင်အမြန် ပြေးလာသည်ကို သတိထားစောင့်ကြည့်နေရင်း သူ၏ မျက်လုံးထဲတွင် အေးစက်သည့် အလင်းရောင်တစ်ခုက ချက်ချင်းဆိုသလို ဝင်းလက် တောက်ပ သွားခဲ့ပါသည်။
သေချာပါသည်မှာ သူမှန်းဆထားသည့်အတိုင်း ဖြစ်လာခဲ့ပါသည်။ နဂါးကောင်းကင် နန်းတော်၏ နန်းတော်သခင်သည် လျှို့ဝှက်ဆန်းကြယ်သော လိပ်နက်နန်းတော်၏ နန်းတော်သခင်နှင့် ပူးပေါင်းပြီး သူ့ကိုသတ်ဖြတ်ရန် တိတ်တဆိတ် ဆွေးနွေးထားခဲ့ကြ သည်။
ထို့ကြောင့် ချင်ယွင်သည် တုံ့ဆိုင်းမနေဘဲ အဝေးသို့ ထွက်ပြေးသွားခဲ့သည်။ သူသည် လင်းဝူရွှန်းနှင့် ဧကရာဇ်ပျားဘုရင်မတို့ကိုလည်း သူတို့အနားသို့ ဖြတ်သွားစဉ်မှာ ကောင်းကင်ဘုံကိုးလွှာကြယ်စင်စုပုံကြမ်းထဲသို့ တိုက်ရိုက် ထည့်သွင်းလိုက်သည်။
ဤအဆင့်တိုက်ပွဲမှာ သူတို့သည် တစ်ချက်လေးပင် လှုပ်ရှားနိုင်မှာ မဟုတ်သည့် အတွက် သူတို့အနေဖြင့် အဓိပ္ပါယ်မရှိပေ။
"ကောင်စုတ်လေး၊ မင်း လက်လျော့လိုက်ပါ။ မင်း မလွတ်မြောက်နိုင်ပါဘူး။" ချင်ယွင် က ထွက်ပြေးချင်နေသည်ကို မြင်လိုက်ရလျှင် လျှို့ဝှက်ဆန်းကြယ်သော လိပ်နက် နန်းတော်၏ နန်းတော်သခင်သည် ချက်ချင်း မထီမဲ့မြင်ပြုကာ လှောင်ပြောင် လိုက်ပါ သည်။ သူ၏ရုပ်အသွင်အပြင်သည် ဖျတ်ခနဲလင်းလက်သွားခဲ့ပြီး သူ၏ အမြန်နှုန်းက ချက်ချင်း မြင့်တက်သွားခဲ့သည်။
ချင်ယွင်သည် သူ၏နောက်မှ လေပြင်းတစ်ချက် ရိုက်ခတ်သွားသည်ကို ခံစားလိုက်ရ သည်။ သူသည် ပြန်လှည့်ကြည့်လိုက်တော့ လျှို့ဝှက်ဆန်းကြယ်သော လိပ်နက် နန်းတော်၏ နန်းတော်သခင်သည် သူ၏နောက်သို့ ရောက်နေပြီဖြစ်ကြောင်း သိလိုက်ရသည်။
ချင်ယွင်၏အမူအရာသည် သိသိသာသာ ပြောင်းလဲသွားပြီး သူ၏ခန္ဓာကိုယ်တွင်းရှိ ခွန်အားအားလုံးကို အလျင်အမြန် စုဆောင်းကာ နောက်သို့ ပစ်ထိုးတော့မည်။
သို့သော် သူ၏ခန္ဓာကိုယ်ရှိ ခွန်အားအားလုံးသည် သူ၏လက်သီးပေါ်သို့ မရောက်ခင်မှာ ပင် သူ၏ရင်ဘတ်မှ စူးရှသော နာကျင်မှုတစ်ခု ထွက်ပေါ်လာသည်။
လျှို့ဝှက်ဆန်းကြယ်လိပ်နက်နန်းတော်၏ နန်းတော်သခင်သည် ချင်ယွင်၏ရင်ဘတ်ကို ထိုးညွှန်လိုက်ခြင်း ဖြစ်သည်။ ချင်ယွင်၏ရင်ဘတ်ကို ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးအနှစ်သာရက ချက်ချင်း ထိုးဖောက်သွားကာ ကြက်ဥအရွယ်အစားရှိ သွေးထွက်သံယို အပေါက်တစ်ခုကို ဖြစ်ပေါ်လာစေသည်။
"ဟမ်၊ အခု ငါရွှမ်းလင်ကိုယ်တိုင် လှုပ်ရှားနေတာ။ ဒါတောင် မင်းက ထွက်ပြေး ချင်သေးတယ်ဆိုရင်တော့ မင်း အိပ်မက်မက်နေတာပဲ" လျှို့ဝှက်ဆန်းကြယ်သော လိပ်နက်နန်းတော်၏ နန်းတော်သခင်က လှောင်ပြောင်ပြောဆိုလိုက်ပြး သူ၏ လက်ချောင်းများက ပုံရိပ်ယောင်များအဖြစ်သို့ ပြောင်းသွားရင်း ချင်ယွင်၏ ရင်ဘတ်ဆီ ကို ထပ်ခါထပ်ခါ ထိုးညွှန်လိုက်လေသည်။
ချင်ယွင်၏ရင်ဘတ်ကို သူ့လက်ချောင်းများမှ ထွက်လာသော နတ်ဆိုးအနှစ်သာရက ချက်ချင်း ထိုးဖောက်သွားသည်။ သူ၏ဝတ်စုံတစ်ခုလုံး အနီရောင်သွေးတွေ စွန်းထင်းသွားခဲ့သည်။
ပြင်းထန်သော နာကျင်မှုသည် ချင်ယွင်၏ ဦးနှောက်တစ်ခုလုံးကို ပြည့်လုနီးပါး ဖြစ်သွားသည်။
ဤလျှို့ဝှက်ဆန်းကြယ်သော လိပ်နက်နန်းတော်၏ နန်းတော်သခင်သည် သူ့ကို မသတ်သေးဘဲ နှိပ်စက်ချင်နေသည်မှာ ရှင်းလင်းနေသည်။
"ဖေဖေ၊ ကယ်ပါဦး!" အဝေးမှကြည့်နေသော နင်ရှင်းသည် လျှို့ဝှက်ဆန်းကြယ် လိပ်နက်နန်းတော် နန်းတော်သခင်၏ အနိုင်ကျင့်နှိပ်စက်ခြင်းခံနေရသော ချင်ယွင်ကို ကြည့်ရင်း ပြောလိုက်သည်။ သူမသည် ဧရာမဝေလငါးနန်းတော် နန်းတော်သခင်၏ လက်ကို အမြန်ဆွဲကိုင်လိုက်ပြီး လှုပ်ယမ်းလိုက်သည်။ သူမ၏ လှပသော မျက်နှာသည် စိုးရိမ်စိတ်များ ပြည့်နှက်နေပြီး မျက်ဝန်းတစ်စုံတွင် မျက်ရည်များပင် စီးကျလာသည်။
"သမီး ဘာလို့ သူ့အတွက် အရမ်းစိတ်ပူနေရတာလဲ" ဧရာမဝေလငါးနန်းတော်၏ နန်းတော်သခင်သည် သမီးဖြစ်သူ ငိုနေသည်ကို မြင်သောအခါ လှောင်ပြောင်ရယ်မော ခြင်း မပြုဘဲ မနေနိုင်တော့ပေ။
"ဖေဖေ၊ အဖေ ဘာလို့ ဒီလိုပြောရတာလဲ။ အခု သူက သေလုနီးပါး ဖြစ်နေပြီလေ။ သူ့ကို ကယ်ပါဦး၊ သူက အဖေ့သမီးရဲ့ အသက်သခင် ကျေးဇူးရှင်ပဲ၊ တကယ်လို့ သူသေသွားရင် သမီး အဖေကို စကားမပြောတော့ဘူး!" နင်ရှင်းက ဒေါသတကြီး ဟစ်အော်လိုက်သည်။
ဧရာမဝေလငါးနန်းတော်၏ နန်းတော်သခင်သည် သူ၏သမီး အရမ်းစိတ်ဆိုးနေသည်ကို မြင်ရသည့်အခါ ကူကယ်ရာမဲ့ဟန်ဖြင့် ပြုံးပြီး ခေါင်းယမ်းလိုက်မ်သည်။ "စိတ်မပူပါနဲ့၊ သူ သေမှာမဟုတ်ပါဘူး။ သမီး အဖေ့ကို မယုံရင် တစ်ချက် ကြည့်လိုက်စမ်း။"
"တကယ်လား?" နင်ရှင်းသည် ထိုစကားကို မယုံသော်လည်း သူမအဖေ လက်ညှိုး ညွန်ရာအရပ်ကို လှမ်းကြည့်မိလိုက်ဆဲ ဖြစ်သည်။
လိပ်နက်နန်းတော် နန်းတော်သခင်၏ အနိုင်ကျင့်ခြင်းကို ခံနေခဲ့ရသော ချင်ယွင်သည် ရုတ်တရက် ပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒတစ်ခု ထွက်ပေါ်နေလေသည်။ နက်မှောင်နေသော ခရမ်းရောင်အလင်းတန်းတစ်ခု သူ၏ခန္ဓာကိုယ်မှ ရုတ်တရက် ထွက်ပေါ်လာသည်။ နက်မှောင်နေသော ခရမ်းရောင်အလင်းတန်းများ ထွက်ပေါ် လာသည်နှင့်အမျှ ချင်ယွင်၏ ထိုးဖောက်ခံထားရသော ရင်ဘတ်သည် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် အမှန်တကယ် ပျောက်ကင်းသွားပါသည်။
ထိုမျှတင်မကဘဲ လိပ်နက်နန်းတော် နန်းတော်သခင်၏ နတ်ဆိုးအနှစ်သာရက ချင်ယွင်၏ခန္ဓာကိုယ်ကို ထိမှန်သွားခဲ့ပါသည်။ သို့သော် ဤတစ်ကြိမ်တွင်၊ နတ်ဆိုးအနှစ်သာရသည် ချင်ယွင်၏ခန္ဓာကိုယ်ကို ထပ်မံထိုးဖောက်ရန် ပျက်ကွက်သွား ခဲ့သည်။ နက်မှောင်သော ခရမ်းရောင်အငွေ့အသက်သည် အဆုံးမဲ့ လွှမ်းမိုး ချုပ်ကိုင်နိုင်သော အငွေ့အသက်ကို ထုတ်လွှတ်သည်။
လျှို့ဝှက်ဆန်းကြယ်သော လိပ်နက်နန်းတော်၏ နန်းတော်သခင်သည် ချင်ယွင်၏ ထူးဆန်းသော အသွင်အပြင်ကို သတိပြုမိပြီး ချက်ချင်း နောက်ပြန်ဆုတ်သွားခဲ့သည်။
သို့သော် ချင်ယွင်သည် ရုတ်တရက် ခေါင်းကို မော့လိုက်ပြီး သူ၏မျက်လုံးများတွင် ပြင်းထန်သော ခရမ်းရောင်ဆန္ဒတစ်ခုက ပေါက်ကွဲထွက်ပေါ်လာသည်။ သူသည် လျှို့ဝှက်ဆန်းကြယ်သော လိပ်နက်နန်းတော်ခန်းမ၏ နန်းတော်သခင် သတ်ဖြတ်လို သော ဆန္ဒဖြင့် စိုက်ကြည့်နေသည်။
"ငါ မင်းကို သေစေချင်တယ်!" ချင်ယွင်သည် သူ၏သွားများကြားမှ စကားလုံး လေးလုံးကို ညှစ်ထုတ်လိုက်ပြီး သူ၏ပုံရိပ်သည် ချက်ချင်းပင် ပေါက်ကွဲ ထွက်လာသည်။ သူ၏အရှိန်အဟုန်သည် အမှန်တကယ်ပင် လျှို့ဝှက်ဆန်းကြယ်သော လိပ်နက် နန်းတော်၏ နန်းတော်သခင်ထက်ပင် သာလွန်နေလေသည်။