အခန်း (၅၁၆-၅၂၀)
Vol. 35 Ch. 516-520
အခန်း (၅၁၆) ကောင်းကင်နှင့်ကမ္ဘာမြေကြီးကိုချေမှုန်းခြင်းဓား။
ချင်ယွင်၏ ရုပ်အသွင်အပြင်သည် ချက်ချင်းပင် ရောက်ရှိလာခဲ့ပြီး ခရမ်းရောင် နက်မှောင်သောအလင်းရောင်ဖြင့် လွှမ်းခြုံထားသော သူ၏ခန္ဓာကိုယ်သည် လျှို့ဝှက် ဆန်းကြယ်သော လိပ်နက်နန်းတော်၏နန်းတော်သခင်၏ရှေ့တွင် တိုက်ရိုက်ပေါ်လာ ပါသည်။
ချင်ယွင်၏ လက်သီးချက်သည် လိပ်နက်နန်းတော် နန်းတော်သခင်၏ ရင်ဘတ်ပေါ်သို့ တိုက်ရိုက် ကျရောက်သွားသည်။
"ဘုန်း……!"
သူ၏အသံသည် မြေကြီးပြိုကျသည့်အလား ထုံထိုင်းစွာ ထွက်ပေါ်လာခဲ့ပြီး သူ၏ ခွန်အားသည်လည်း ကောင်းကင်ကြီး ပြိုကျသလိုမျိုး ပေါက်ကွဲထွက်လာသည်။
လျှို့ဝှက်ဆန်းကြယ်သော လိပ်နက်နန်းတော် နန်းတော်သခင်၏ရင်ဘတ်သည် ချက်ချင်း နစ်မြုပ်ဝင်သွားခဲ့သည်။ သူ၏တစ်ကိုယ်လုံး သွေးတွေ ဖျန်းခနဲ ထွက်သွားပြီး ပုဇွန်တစ်ကောင်လို ကွေးညွှတ်သွားသည်။ တခဏတွင်းမှာပင် သူ၏ခန္ဓာကိုယ်သည် နောက်ပြန် လွင့်စင်သွားခဲ့ပြီး ပင်လယ်ရေမျက်နှာပြင်တလျှောက် လျင်မြန်စွာ လွင့်ပျံသွားခဲ့သည်။
"သူက ဘယ်လိုဖြစ်ပြီး အခုလိုခွန်အားမျိုးနဲ့ ရုတ်တရက် ပေါက်ကွဲထွက်လာရတာလဲ။" လိပ်နက်နန်းတော်၏နန်းတော်သခင်သည် အလွန်တုန်လှုပ်သွားခဲ့သည်။
ယခုလေးတင်၊ ထိုလက်သီးချက်သည် အထွတ်အထိပ်အဆင့် အင်မော်တယ်အသွင်ကူး ပြောင်းခြင်းနယ်ပယ် ကျွမ်းကျင်ပညာရှင်တစ်ဦး၏ တိုက်ခိုက်မူနှင့် ယှဉ်နိုင်လုနီးပါးပင်။ တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် နတ်ဆိုးသားရဲလေးတစ်ကောင်က ထိုကဲ့သို့ ခွန်အားဖြင့် ရုတ်တရက် ပေါက်ကွဲထွက်လာသည်ကို သူ မယုံကြည်နိုင်ပေ။
နင်ရှင်းသည် ဤမြင်ကွင်းကို အဝေးမှမြင်သောအခါ သူမ၏မျက်နှာသည် ထိတ်လန့်တကြား ဖြစ်သွားပါသည်။
တကယ်တော့ နင်ရှင်းတစ်ယောက်တည်း တုန်လှုပ်ခြောက်ခြားသွားခြင်း မဟုတ်ပါဘူး။ ဧရာမဝေလငါးနန်းတော်၏ နန်းတောင်သခင်သည်ပင်လျှင် ထိတ်လန့်သွားခဲ့ပါသည်။ ယခင်က လိပ်နက်နန်းတော်၏ နန်းတော်သခင်သည် ချင်ယွင်ကို နှိပ်စက်ညှဉ်းပန်း နေသောအခါတွင် ချင်ယွင်၏ ခန္ဓာကိုယ်မှ ကြီးမားသော စွမ်းအားတစ်ခု တဟုန်ထိုး ပျံ့နှံ့ထွက်ပေါ်လာသည်ကို သူ ခံစားခဲ့ရသည်။
သို့သော် ဤစွမ်းအားသည် ဤမျှထိတ်လန့်ဖွယ်ကောင်းမည်ဟု သူ မမျှော်လင့်ခဲ့ပေ။ လိပ်နက်နန်းတော်၏နန်းတော်သခင်တောင်မှ သူ၏ပြိုင်ဘက်ကို မသိခဲ့ပါဘူး။
"ဒီလင်းယွင်မှာ လျှို့ဝှက်ချက် အနည်းငယ် ရှိနေပုံရတယ်။ ဒါပေမယ့် ဒီအနေထား ကြည့်ရသလောက်ဆို ငါ့အတွက် လှုပ်ရှားဖို့ ဖြစ်နိုင်ခြေမရှိတော့ပုံပဲ။" ဧရာမဝေလငါး နန်းတော်၏ နန်းတောင်သခင်သည် သူ့ကိုယ်သူ တီးတိုး ရေရွတ်လိုက်သည်။
ထိုအချိန်တွင် ချင်ယွင်သည် နက်မှောင်သော ခရမ်းရောင်အလင်းတန်းများ လွှမ်းခြုံ ထားရင်း လေထဲတွင် လွင့်မျောနေလေသည်။ သူ၏ခန္ဓာကိုယ်သည် ကြောက်မက်ဖွယ် ကောင်းသော အငွေ့အသက်ကို ထုတ်လွှတ်နေကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် အဆုံးမရှိသော စွမ်းအားများဖြင့် ပြည့်နေသည်။
ဟုတ်ပါသည်။ ဤစွမ်းအားတွေက ချင်ယွင်၏ ကိုယ်ပိုင်စွမ်းအားများ မဟုတ်ခဲ့ပါဘူး။ သူ၏ဆရာဖြစ်သော ရှေးဟောင်းတာအိုဆရာသခင်၏ စွမ်းအားများ ဖြစ်ပါသည်။
"ကောင်လေး… ငါ့ခွန်အားတွေ မင်းအတွက် ပေးထားလိုက်ပြီ။ နောက်ပိုင်းကိစ္စက မင်း ကိုယ့်ကိုကိုယ်ပဲ အားကိုးလို့ရတယ်။" ရှေးဟောင်းတာအိုဆရာသခင်၏အသံသည် ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာပြီး သူ၏အသံမှာ အလွန်အားနည်းလုနီးပါး ဖြစ်နေသည်။
ရှေးဟောင်းတာအိုဆရာသခင်သည် တစ်ဖန် နက်ရှိုင်းစွာ ငိုက်မျဉ်းသွားတော့မည်ကို ချင်ယွင် သိနေမိသည်။ ဤအရာသည် ချင်ယွင် မမြင်လိုသော အရာဖြစ်သည်။ ရှေးဟောင်းတာအိုဆရာသခင်သည် အိပ်စက်ရသည်ကို မကြိုက်ဘူးဆိုတာ သူသိပါ သည်။ သို့သော်လည်း ရှေးဟောင်းတာအိုဆရာသခင်သည် စည်းတံဆိပ်ကို အစွမ်းကုန် ဖြတ်ကျော်ချင်နေခဲ့သည်။ သို့သော် သူသည် အချိန်တိုင်းဆိုသလို၊ သူ၏ခန္ဓာကိုယ်ပေါ်ရှိ စွမ်းအားကို ကုန်ဆုံးစေခဲ့သူ ဖြစ်နေသည်။
"ဆရာ၊ ဆရာရဲ့စွမ်းအားတွေကို ကျွန်တော် မလိုချင်ဘူး။ မြန်မြန်ပြန်ယူလိုက်ပါ" ချင်ယွင်က သူ၏စိတ်ထဲမှာ အော်ပြောလိုက်ပါသည်။
ရှေးဟောင်းတာအိုဆရာသခင်သည် သူ့အတွက် အကြိမ်ကြိမ်ပေးဆပ်ခဲ့ပြီး ယင်းက ချင်ယွင်၏စိတ်နှလုံးကို ထိမှန်နေခဲ့သည်မှာ ကြာလှပါပြီ။ ရှေးဟောင်းတာအိုဆရာ သခင်ကို သူ့အတွက်နှင့် ထပ်ပြီး မအိပ်စက်စေချင်တော့ပါဘူး။
"မိုက်... မိုက်မဲလိုက်တာ ကောင်စုတ်လေးရာ... ငါက မင်းကို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံလေ့ရှိပေမယ့် ဒါက မင်းရဲ့ ကိုယ်ကျိုးအတွက်ပဲ။ မင်း အသက်ရှင်မှ ဖြစ်မယ် ဆိုတာ သတိရပါ။ မင်းက ငါ့ရဲ့ သွေးအသားခန္ဓာကိုယ်ကို ပြန်လည်းကောင်းမွန်အောင် ကူညီပေးနိုင်မယ်လို့ ငါ မျှော်လင့်နေတုန်းပဲ။ ပြီးတော့ ဒါက အိပ်စက်လိုက်ရုံ သက်သက်လေးပဲ မဟုတ်လား။ ငါ ဒါကို ဟိုးအရင်ကတည်းက သင်ယူပြီးသားပါ…” ရှေးဟောင်းတာအိုဆရာသခင်၏အသံသည် ထပ်မံ၍ ထွက်ပေါ်လာသော်လည်း လမ်းတစ်ဝက်အရောက်တွင် အသံထွက်မလာတော့ပေ။
“ဆရာ…ဆရာကြီး…”
ချင်ယွင်သည် မည်မျှပင် အော်ဟစ်ခေါ်နေပါစေ နည်းနည်းလေးမှ မတုံ့ပြန်တောပါဘူး။
ရှေးဟောင်းတာအိုဆရာသခင်သည် အိပ်မောကျသွားပြီဆိုသည်ကို ချင်ယွင် သိလိုက်ပါပြီ။
"စိတ်မပူပါနဲ့ ဆရာကြီး။ ကျွန်တော် သေချာပေါက် ကောင်းကောင်းရှင်သန်ပါ့မယ်။ ဆရာရဲ့ခန္ဓာကိုယ်ကို အမြန်ဆုံး ပြန်လည်တည်ဆောက်နိုင်အောင် ကြိုးစားနိုင်ဖို့ အတွက် ကျွန်တော် ကြိုးစားပြီး ကျင့်ကြံပေးပါ့မယ်။" ချင်ယွင်သည် သူ၏စိတ်ထဲမှာ အခိုင်အမာ ပြောလိုက်ပါသည်။ သူသည် သူ၏လက်သီးတွေကို တင်းတင်းကြပ်ကြပ် ဆုပ်ထားလိုက်ပြီး သူ၏လက်ချောင်းတွေက သူ၏လက်ဖဝါးထဲ ထိုးစိုက်သွားကာ သွေးများပင် စိမ့်ထွက်လာပါသည်။
ချင်ယွင်သည် ရုတ်တရက် ခေါင်းမော့လာပြီး ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် လွင့်မျောပါနေပြီဖြစ်သော လျှို့ဝှက်ဆန်းကြယ်သော လိပ်နက်နန်းတော်၏ နန်းတော် သခင်ဆီကို ကြည့်လိုက်ရင်း သူ၏မျက်လုံးများသည် ပြင်းထန်သော သတ်ဖြတ်လိုစိတ် များဖြင့် ပြည့်နှက်နေသည်။
"သတ်!"
ချင်ယွင်၏မျက်လုံးများသည် ရုတ်တရက် အေးစက်သွားသည်။ သူသည် ပင်လယ်ရေ မျက်နှာပြင်ပေါ်ရှိလေဟာနယ်ကို ခြေချောင်းများဖြင့် နှစ်ကြိမ်သုံးကြိမ် တို့ထိလိုက်ပြီး သူ၏အမြန်အနှုန်းက ထပ်ခါထပ်ခါ တိုးမြှင့်လာကာ အသက်တရှိုက် အတွင်းမှာပင် သူသည် ပေတစ်ထောင်အကွာအဝေးကို ဖြတ်ကျော်သွားပြီး လျှို့ဝှက် ဆန်းကြယ်သော လိပ်နက်နန်းတော်၏ နန်းတော်သခင်ဆီသို့ ပြေးသွားခဲ့သည်။
ထိုအချိန်တွင် ချင်ယွင်သည် အမှန်တကယ် သတ်ဖြတ်ရန်အတွက်ပင် သွေးဆောင် ခံနေရသည်။ အကယ်၍ လျှို့ဝှက်ဆန်းကြယ်သော လိပ်နက်နန်းတော်၏ နန်းတော် သခင်သည် သူ့ကို သတ်ဖြတ်လိုသောအချက်ကြောင့်သာ မဟုတ်ပါက၊ ရှေးဟောင်း တာအိုဆရာသခင်သည် သူ့အား သူ၏စွမ်းအားကို ပေးဆောင်စရာမလိုပေ။ ထိုသို့ဆိုလျှင် ရှေးဟောင်းတာအိုဆရာသခင်သည်လည်း နက်ရှိုင်းစွာ အိပ်မောကျမည် မဟုတ်တော့ပေ။
"သေလိုက်တော့…..!"
ချင်ယွင်က အေးစက်စွာ ဟစ်အော်လိုက်သည်။ နက်မှောင်သော ခရမ်းရောင် အလင်းတန်းတစ်ခုက သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် စွမ်းအင် များက သူ၏လက်သီးများပေါ်တွင် စုစည်းထားသည်။ ထိုကြောက်မက်ဖွယ် စွမ်းအင်သည် မတိုက်ခိုက်ခင်မှာပင်၊ ကောင်းကင်နှင့်မြေကြီးကိုပင် တုန်လှုပ်စေသည့် အရိပ်အယောင်များ ပြသနေခဲ့သည်။
"ဟမ့်၊ ငါရွှမ်းလင်က သက်သတ်လွတ်သမားလို့ မင်းက တကယ်ထင်နေတာလား။" လျှို့ဝှက်ဆန်းကြယ်သော လိပ်နက်နန်းတော်၏နန်းတော်သခင်က သူဆီသို့ တဟုန်ထိုး ပြေးဝင်လာသော ချင်ယွင်ကို စောင့်ကြည့်နေရင်း အော်ပြောလိုက်သည်။ သူ၏ ပါးစပ်ထောင့်စွန်းမှ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်လည်း ထွက်ပေါ်လာသည်။ သူ၏ အထွတ်အထိပ်အဆင့် အင်မော်တယ်အသွင်ကူးပြောင်းခြင်း နယ်ပယ် အငွေ့အသက်က ချက်ချင်း ထွက်ပေါ်လာခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုး အနှစ်သာရက သူ၏လက်မှ ပျံ့နှံ့ထွက်ပေါ်လာသည်။
"ဘုန်း…..!"
ချင်ယွင်၏လက်သီးချက်သည် လျှို့ဝှက်ဆန်းကြယ်သော လိပ်နက်နန်းတော် နန်းတော်သခင်၏ လက်သီးနှင့် ထိပ်တိုက်ဆုံသွားခဲ့သည်။ သူတို့၏ ခြေထောက် အောက်မှ ပင်လယ်ပြင်ကြီးသည် ချက်ချင်းပေါက်ကွဲသွားပြီး ပေတစ်ထောင်မြင့်သော လှိုင်းလုံး ကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ပင်လယ်ရေတွေက အရူးအမူး မြင့်တက်လာခဲ့ သည်။
ချင်ယွင်၏လက်များသည် ပုံရိပ်ယောင်များကဲ့သို့ ရွေ့လျားသွားခဲ့ပြီး သူ၏ လက်သီး များနှင့် ခြေထောက်များသည်လည်း လျှို့ဝှက်ဆန်းကြယ်သော လိပ်နက်နန်းတော်၏ နန်းတော်သခင်ဆီသို့ ဓားများအလား တိုးဝင်သွားခဲ့သည်။ လျှို့ဝှက်ဆန်းကြယ်သော လိပ်နက်နန်းတော် နန်းတော်သခင်၏တုံ့ပြန်မှုသည် အလွန်လျင်မြန်ပြီး ချင်ယွင်၏ တိုက်ခိုက်မှုအားလုံးကို တားဆီးရန် အဆက်မပြတ် လှုပ်ရှားနေပါသည်။
"ဘုန်း….!"
သို့သော်လည်း ချင်ယွင်သည် အဆင့်တစ်ဆင့်တစ်ခုအနေဖြင့် အသာစီးရနေဆဲ ဖြစ်ပါသည်။ သူသည် လျှို့ဝှက်ဆန်းကြယ်သော လိပ်နက်နန်းတော် နန်းတော်သခင်၏ ဟာကွက်တစ်ခုကို ဖမ်းဆုပ်ပြီး လျှို့ဝှက်ဆန်းကြယ်သော လိပ်နက်နန်းတော် နန်းတော် သခင်၏ ဝမ်းဗိုက်ကို ဒူးဖြင့် ရက်စက်ကြမ်းကြုတ်စွာ ပစ်တိုက်လိုက်သည်။
လျှို့ဝှက်ဆန်းကြယ်သော လိပ်နက်နန်းတော် နန်းတော်သခင်၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် နောက်သို့ လွင့်ပျံသွားကာ သူ၏ပါးစပ်မှ သွေးစိမ်းရှင်ရှင် ထွက်လာခဲ့ သည်။
ချင်ယွင်၏ နှုတ်ခမ်းတစ်စုံသည် အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့ သည်။ သူ၏ခန္ဓာကိုယ်တစ်ကိုယ်လုံးသည် ဖျတ်ခနဲလင်းလက်သွားပြီး ချက်ချင်းပင် နောက်မှ လိုက်ပါသွားခဲ့ပါသည်။ နောက်ဆုံးတွင်၊ သူသည် အခြားလူတစ်ယောက်၏ စွမ်းအားကို ချေးငှားယူထားခြင်းဖြစ်ပြီး ၎င်းကို ထာဝရ ထိန်းသိမ်းမထားနိုင်ပေ။ ထို့ကြောင့် ချင်ယွင်သည် ဤတိုက်ပွဲကို တတ်နိုင်သမျှ အမြန်ဆုံး ဖြေရှင်းလိုသည်။
ဝှီး…..!
ချင်ယွင်၏အမြန်နှုန်းသည် တဟုန်ထိုး တိုးမြှင့်လာခဲ့ပြီး သူနှင့် လျှို့ဝှက်ဆန်းကြယ် သော လိပ်နက်နန်းတော်၏ နန်းတော်သခင်ကြားရှိ အကွာအဝေးသည် ချက်ချင်း နီးကပ်သွားသည်။
"ဝေါင်း…..!"
ထိုအခိုက်တွင်၊ လျှို့ဝှက်ဆန်းကြယ်သောလိပ်နက်နန်းတော်၏ နန်းတော်သခင်သည် ချင်ယွင် သူ့ဆီသို့ အပြေးအလွှား ပြေးဝင်လာသည်ကို မြင်လိုက်ရလျှင် သူ၏မူလ ခန္ဓာကိုယ်သို့ အမှန်တကယ် ပြောင်းလဲသွားခဲ့သည်။
လိပ်နက်ကြီးတစ်ကောင်သည် ထွက်ပေါ်လာခဲ့ပြီး ပင်လယ်ရေမျက်နှာပြင်အထက်မှာ လွင့်မျောနေသည်။ ၎င်း၏ကြီးမားသော ခန္ဓာကိုယ်ကြီးသည် ဧရာမတောင်ထွတ်ကြီး တစ်ခုနှင့်တူ၏။ ထိုအခိုက်တန့်မှာ ၎င်းသည် သူ၏ပါးစပ်ကြီးကိုဖွင့်ပြီး ဟိန်းဟောက် သည်။ ကောင်းကင်နှင့်မြေကြီးသည် တုန်ခါသွားခဲ့ပြီး ပင်လယ်ရေမျက်နှာပြင်ပေါ်၌ ကြီးမားသော လှိုင်းလုံးကြီးများ မြင့်တက်လာခဲ့သည်။
ဤကြောက်စရာကောင်းသော ဟောက်သံကြောင့် ချင်ယွင်၏အသွင်အပြင်သည် ရပ်တန့်သွားခဲ့သည်။ ဧရာမတောင်ကြီးနှင့်တူသော လိပ်နက်ကြီးကို ကြည့်လိုက်ရင်း သူ၏မျက်ခုံးတွေက အနည်းငယ် တွန့်သွားနေသည်။
ဧရာမဝေလငါးနန်းတော်၏နန်းတော်သခင်သည် ဤမြင်ကွင်းကိုမြင်သောအခါ အလွန် အံ့အားသင့်သွားသည့် အမူအရာကို ဖော်ပြနေသည်။ လျှို့ဝှက်ဆန်းကြယ်သော လိပ်နက်နန်းတော်သခင်သည် သူ၏ပင်မခန္ဓာကိုယ်တောင် ထုတ်သုံးရလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
"ဟမ့်, ကောင်စုတ်လေး, ငါရွှမ်းလင်က လိပ်နက်ရဲ့မျိုးဆက်တစ်ခုပဲ။ မင်းက ငါ့ကို အနိုင်ယူချင်သေးလား? မင်းက ကယောင်ချောက်ချား ဖြစ်နေတာပဲ" လိပ်နက် နန်းတော် နန်းတော်သခင်၏အသံသည် ခပ်အုပ်အုပ် မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာ သည်။
"တကယ်လား?" မြူနှင်းချောက်နက်ဓားကို သူ၏ခါးမှ ဆွဲထုတ်လိုက်ရင်း ချင်ယွင်၏ ပါးစပ်ထောင့်စွန်းက ခပ်ဖျော့ဖျော့အပြုံးတစ်ချက် ပေါ်လာသည်။
"ဟမ့်၊ မင်းရဲ့ဓားက ငါ့ရဲ့အကာကွယ်ကို လုံးဝ ချိုးဖျက်နိုင်မှာ မဟုတ်ဘူး။ လက်လျော့လိုက်ပါ!" ချင်ယွင်က သူ၏ဓားကို ဆွဲထုတ်လိုက်သည်ကို မြင်ရလျှင် လျှို့ဝှက်ဆန်းကြယ်သော လိပ်နက်နန်းတော် နန်းတော်သခင်၏ မျက်လုံးထဲတွင် မထီမဲ့မြင်ပြုသည့် အရိပ်အယောင် ပေါ်လာပါသည်။
"ငါ စမ်းကြည့်ရင် သိနိုင်တာပဲလေ။" ချင်ယွင်၏ ပါးစပ်ထောင့်စွန်းသည် အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့သည်။ ချင်ယွင်၏ ခန္ဓာကိုယ်မှ အဆုံးမရှိသော ဓားဆန္ဒတစ်ခု ထွက်ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်ထဲရှိ စွမ်းအားတွေက မြူနှင်းချောက်နက်ဓားဆီ ဦးတည်သွားသည် မြူနှင်းချောက်နက်ဓားသည် ချက်ချင်းပင် ခရမ်းရောင် အလင်းတန်းဖြင့် ဖုံးလွှမ်းသွားသည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်နှင့်မြေကြီးကြားတွင် တိမ်တိုက်များ လွင့်ပျံလာ ခဲ့သည်။ ကြီးမားသော ခရမ်းရောင်တိမ်တိုက်ကြီးသည် ကောင်းကင်ယံတွင် အမှန်တကယ် ပေါ်လာပါသည်။ ချင်ယွင်၏ ခြေဖဝါးအောက်ရှိ ပင်လယ်ရေပြင်သည် အချင်းပေ ငါးရာနီးပါးရှိသော ဧရာမရေဝဲကြီးတစ်ခုကို ဖြစ်ပေါ်စေသည်။ ကမ္ဘာကြီး တစ်ခုလုံးသည် ကြီးမားသော စွမ်းအင်အတက်အကျ လှိုင်းများဖြင့် ပြည့်နှက်နေသည်။
ထိုအချိန်တွင် ချင်ယွင်သည် သူ၏လက်ထဲတွင် ဓားရှည်တစ်ချောင်းကို ကိုင်ထားသည်။ သူသည် သူ၏ဓားသွားဖြင့် ကမ္ဘာပေါ်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည့် ကြီးမြတ် သော ကျွမ်းကျင်ပညာရှင်တစ်ဦးနှင့် တူနေသည်။
လျှို့ဝှက်ဆန်းကြယ်သော လိပ်နက်နန်းတော်၏ နန်းတော်သခင်သည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ၊ သူ၏သူငယ်အိမ်များသည် လေးနက်သည့် အရိပ်အယောင်ကို ဖော်ထုတ်လာခဲ့သည်။
အဝေးမှာရှိနေသော ဧရာမဝေလငါးနန်းတော်၏ နန်းတော်သခင်သည်လည်း အလား တူပင်ဖြစ်သည်။ ထိုအချိန်တွင် ချင်ယွင်၏လက်ထဲရှိဓားပေါ်မှ စွမ်းအင်အတက်အကျ လှိုင်းများသည် သူတို့၏နှလုံးကိုပင် တုန်လှုပ်စေခဲ့သည်။
"ငရဲကိုသွားလိုက်တော့!"
လျှို့ဝှက်ဆန်းကြယ်သော လိပ်နက်နန်းတော်၏ နန်းတော်သခင်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ဧရာမလိပ်နက်ကြီးသည် ချင်ယွင်ဆီသို့ တိုးကပ်သွားသည်။ ၎င်း၏ ကြီးမားသော ခြေသည်းသည် ဖျက်ဆီးခြင်းအငွေ့အသက်ကို သယ်ဆောင်ထားသည်။
ချင်ယွင်သည် ရုတ်တရက် သူ၏ခေါင်းမော့လိုက်ပြီး သူ့ဆီသို့ ရိုက်ချလာသော ဧရာမခြေသည်းကို ကြည့်လိုက်သည်။ သူ၏ပါးစပ်ထောင့်စွန်းတွင် မထင်မရှား အပြုံးတစ်ခု ထင်ဟပ်နေသည်။
" ကောင်းကင်နှင့်မြေကြီး သုတ်သင်ခြင်းဓား…!"
ချင်ယွင်သည် အော်ဟစ်လိုက်ပြီး သူ၏လက်ထဲမှ မြူနှင်းချောက်နက်ဓားကို ချက်ချင်း ခုတ်ပိုင်းလိုက်သည်။
တစ်ခဏအတွင်းမှာပင် ကမ္ဘာကြီးသည် ရပ်တန့်သွားသလိုပင်။ ခရမ်းရောင် ဓားအလင်းသည် ဓားကိုလွှမ်းခြုံးသွားပြီး လျှို့ဝှက်ဆန်းကြယ်သော လိပ်နက် နန်းတော်၏ နန်းတော်သခင်ဆီသို့ ပျံသန်းသွားကာ ပျံသန်းသွားကာ ရှင်းလင်းသုတ်သင် လိုသောအငွေ့အသက်ကို ထုတ်လွှတ်နေသည်။
အခန်း (၅၁၇) လျှို့ဝှက်ဆန်းကြယ်သောလိပ်နက်နန်းတော်သခင် ကြောက်ရွံ့သွားခြင်း။
ကောင်းကင်နှင့်မြေကြီး သုတ်သင်ခြင်းဓားသည် တစ်ချိန်တုန်းက ချင်ယွင် ဖမ်းဆုပ်နားလည်ဖူးသမျှဓားများထဲတွင် အစွမ်းထက်ဆုံးဓား ဖြစ်သည်။ ၎င်းသည် ထိုစဉ်ကတုန်းက ပြီးပြည့်စုံခြင်းမရှိသော ရှေးဟောင်းဓားကျမ်းတစ်ခုမှ သူ နားလည်ခဲ့ သော ဓားသိုင်းတစ်ကွက်ဖြစ်သည်။
သို့သော် ယခင်က သူသည် သူ၏စွမ်အား မလုံလောက်သောကြောင့် ၎င်းဓားကွက်ကို အသုံးပြုရန် အချိန်မရောက်ခဲ့သေးပေ။ ယခုမှသာလျှင် ချင်ယွင်သည် ရှေးဟောင်း တာအိုဆရာသခင်၏ စွမ်းအားဖြင့် ဤဓားကွက်ကို အသုံးပြုဝံ့ခဲ့သည်။
ဘန်း…..!
ခရမ်းရောင်အလင်းတန်းသည် ကောင်းကင်ကိုဖြတ်သန်းပြီး ထိုးဖောက်ဝင်ရောက်ကာ ကြီးမားသော လေဟာနယ်အက်ကြောင်းကြီးကို ဟက်တက်ခွဲကာ လျှို့ဝှက်ဆန်းကြယ် သော လိပ်နက်နန်းတော်၏ နန်းတော်သခင်ဆီသို့ တိုးဝင်သွားခဲ့သည်။
လျှို့ဝှက်ဆန်းကြယ်သော လိပ်နက်နန်းတော် နန်းတော်သခင်၏ မျက်လုံးများသည် ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သည့်အမူအရာ ထွက်ပေါ်လာသည်။ ဤဓားချက်က ကြောက်စရာကောင်းလွန်း၏။ သေခြင်း၏အငွေ့အသက်ကိုပင် သူခံစားနိုင်လောက် အောင် ကြောက်စရာကောင်းလွန်းသည်။
လျှို့ဝှက်ဆန်းကြယ်သော လိပ်နက်နန်းတော်၏နန်းတော်သခင်သည် သူ၏ ခြေလက် အင်္ဂါနှင့်ဦးခေါင်းကို လိပ်ခွံအောက်သို့ ကမန်းကတန်း ဝင်လိုက်သည်။ ဓားအလင်းသည် လိပ်ခွံကြီးနှင့် ချက်ချင်း တိုက်မိသွားသည်။
"ဘုန်း…..!"
ခရမ်းရောင်ဓားအလင်းသည် လိပ်ခွံကြီးကို ထိလိုက်သည်နှင့် ကောင်းကင်ယံကို တုန်လှုပ်စေသော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။
ဤကျယ်လောင်သော ပေါက်ကွဲသည့် အမှန်တကယ်ပင် တစ်စုံတစ်ခု အက်ကွဲသွားသည့်အသ်နှင့် ရောထွေးနေခဲ့ပါသည်။
ဤကျယ်လောင်သော ပေါက်ကွဲအသံကြောင့် လူတိုင်း ထိတ်လန့်သွားပြီး ချင်ယွင်ကို ကြည့်လိုက်ကြသည်။
လျှို့ဝှက်ဆန်းကြယ်သော လိပ်နက်နန်းတော် နန်းတော်သခင်၏ ကြီးမားသော လိပ်ခွံကြီးကို ကြည့်လိုက်ကြစဉ် အားလုံးသည် ထိတ်လန့်တုန်လှုပ်နေကြသော အမူအရာများကို ထုတ်ဖော်ထားကြသည်။
လူတိုင်းနီးပါး သိထားကြသည့်အတိုင်းပင် လျှို့ဝှက်ဆန်းကြယ်သော လိပ်နက်နန်းတော် နန်းတော်သခင်၏လိပ်ခွံကြီးသည် ဤသေမျိုးကမ္ဘာတွင် လှုပ်ရှား၍ မဖြစ်နိုင်သော အရာဟုပင် ဆိုနိုင်ပါသည်။
သို့သော် ယခုအချိန်တွင် အချင်းငါးမီတာအထိ ကြီးမားသော အက်ကွဲကြောင်းကြီး တစ်ခု ရှိနေပါသည်။ ထိုမျှသာမကဘဲ လိပ်ခွံကြီးတစ်ခုလုံးကိုလည်း အက်ကွဲကြောင်း များဖြင့် လွှမ်းခြုံထားလေသည်။
လူတိုင်းသည် အေးစက်သောလေကို ရှုရှိုက်ကြပြီး သူ၏ဓားကိုကိုင်လျက် ရပ်နေသော ချင်ယွင်ကို လှည့်ကြည့်လိုက်ကြသည်။ သူတို့အားလုံး အံ့အားသင့်ဟန် အမူအရာများကို ထုတ်ဖော်နေကြပါသည်။
"ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့ ဓားချက်လဲ!" ဟောင်ခွန်သည်ပင် ဖော်မပြနိုင်အောင် ထိတ်လန့်သွားသည်။ သူသည်လည်း ဓားသမားတစ်ယောက်ဖြစ်သည်။ သို့သော်လည်း သူ၏စွမ်းအား အပြည့်ဖြင့်ပင် ဤမျှ ကြောက်စရာကောင်းသော စွမ်းအားကို ထုတ်ဖော်ဖြတ်တောက်နိုင်စွမ်း မရှိခဲ့ပေ။
နဂါးကောင်းကင်နန်းတော်မှ အောင်းမျိုးနွယ်စု၏ ညီအစ်ကို သုံးယောက်သည်လည်း လုံးဝ အံ့အားသင့်သွားကြသည်။
သူက တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်မှာပဲ ရှိနေတယ်လို့ မင်းတို့ မပြောခဲ့ကြဘူးလား။ သူက ဒီလောက် ကြောက်စရာကောင်းတဲ့ ဓားသိုင်း ပညာရပ်ကို လျှို့ဝှက်ဆန်းကြယ်သော လိပ်နက်နန်းတော်ရဲ့ နန်းတော်သခင်အပေါ်မှာ ဘယ်လိုလုပ်ပြီး အသုံးပြုနိုင်ရတာလဲ။ မင်းကရော ဒီကောင်စုတ်လေးကို အလွယ်တကူ သတ်ပစ်နိုင်တယ်လို့ မပြောခဲ့ကြဘူးလား။ အခု မင်းရဲ့လိပ်ခွံကို ဘာလို့ ရိုက်ခွဲ ခံလိုက်ရတာလဲ။ လိပ်ခွံကြီးတောင် ကျိုးပဲ့သွားခဲ့ပြီ မဟုတ်ပါလား။
အောင်းမျိုးနွယ်စု ညီအစ်ကိုသုံးယောက်၏ နှလုံးသားထဲတွင် အလားတူ တူညီသော မေးခွန်းမျိုး ထွက်ပေါ်လာသည်။ သူတို့သည် ဤလူသားပညာရှင်ကို ခါးသီးစွာ ထိန်းချုပ်ထားရင်း သေသည်အထိ တိုက်ပွဲဝင်ခဲ့ကြသည်။ လျှို့ဝှက်ဆန်းကြယ်သော လိပ်နက်နန်းတော်၏ နန်းတော်သခင်သည် လင်းယွင်ကို တတ်နိုင်သမျှ အမြန်ဆုံး သတ်ပစ်နိုင်မည်ဟု သူတို့ မျှော်လင့်ခဲ့ကြသော်လည်း နောက်ဆုံးရလာဒ်သည် ယခုလို ဖြစ်လာလိမ့်မည်ဟု သူတို့ မမျှော်လင့်ခဲ့ကြပေ။
ဧရာမဝေလငါးနန်းတော်၏ နန်းတော်သခင်သည်လည်း ဖော်မပြနိုင်အောင် ထိတ်လန့် သွားမိသည်။ ထိုအခိုက်အတန့်တွင် သူသည် ချင်ယွင်ကို အစကတည်းက မတိုက်ခိုက်မိ ခဲ့သည့်အတွက် ဝမ်းမြောက်စပြုလာသည်။ ထိုသို့မဟုတ်လျှင် ထိုဓားချက်သည် သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်နှင့် သူ၏ခန္ဓာကိုသည် အလယ်တစ်ဝက်မှ ဖြတ်ပိုင်းခံရလိမ့်မယ်။ ဧရာမဝေလငါးနန်းတော်၏ နန်းတော်သခင်ဖြစ်သော သူသည် လိပ်နက်ကြီးကဲ့သို့ ခုခံကာကွယ်နိုင်စွမ်း မရှိပေ။
သေချာသည်မှာ၊ ယခုအချိန်တွင် အတုန်လှုပ်ဆုံးကတော့ လိပ်နက်နန်းတော်၏ နန်းတော်သခင်ကိုယ်တိုင်ပဲ ဖြစ်ပါသည်။ ထိုအခိုက်တန့်တွင် သူ၏နှလုံးသားတစ်ခုလုံး သည် တုန်ရီနေပါသည်။ သူ၏လိပ်ခွံကြီး မည်မျှ မာကြောလဲဆိုသည်ကို သူကောင်းကောင်းကြီး သိထားပါသည်။ အကယ်၍ အဆင့်နိမ့်အဆင့် အင်မော်တယ် သံချပ်ကာဖြစ်မည်ဆိုလျှင်ပင်၊ ၎င်းသည် သူ၏လိပ်ခွံကြီးလောက် မာကျောလိမ့်မည် မဟုတ်ပေ။
သို့သော်၊ ဤမျှမာကျောလှသော လိပ်ခွံကြီးကို သူ၏ရှေ့တွင်ရှိနေသော ဤကောင်လေး က ဖြတ်တောက်ပစ်လိုက်သည်။ လျှို့ဝှက်ဆန်းကြယ်သော လိပ်နက်နန်းတော်၏ နန်းတော်သခင်သည် သူ၏စိတ်ထဲတွင် နောင်တရစပြုလာပါသည်။ သူသည် မတိုက်ခိုက်သင့်ဟုပင် နောင်တရမိပါသည်။ ဤကောင်စုတ်လေးသည် နတ်ဆိုးဆန်ပြီး အလွန် ထူးဆန်းလွန်းလှသည်။
"ဘာလဲ၊ မင်းရဲ့လိပ်ခွံကြီးကို ငါ မချိုးနိုင်သေးဘူးလို့ မင်း ထင်နေသေးလား။ ငါ့ဓားကို ထပ်စမ်းကြည့်ချင်သေးလား" ချင်ယွင်၏ ပါးစပ်ထောင့်သည် အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားကာ သူ၏လက်ထဲရှိ မြူနှင်းချောက်ဓားသည် ခရမ်းရောင်အလင်းအလွှာဖြင့် တစ်ဖန် လင်းလက် တောက်ပလာပြန်သည်။
ထိုမြင်ကွင်းကိုမြင်လိုက်ရလျှင် လျှို့ဝှက်ဆန်းကြယ်သော လိပ်နက်နန်းတော်၏ နန်းတော်သခင်သည် သူ၏စိတ်တွေ ပြန့်ကျဲသွားသည်အထိ ချက်ချင်း ထိတ်လန့် သွားခဲသည်။ ဓားတစ်ချက်ခုတ်ပိုင်းမူကပင် သူ၏လိပ်ခွံကြီးပေါ်တွင် အပေါက်ကြီး တစ်ခုကို ဖန်တီးနိုင်ခဲ့သည်။ အကယ်၍ နောက်ထပ် ဓားတစ်ချက်ကို ထပ်မံ အသုံးပြုမည်ဆိုလျှင် သူ့ကိုသတ်ရန် လုံလောက်နေပြီ မဟုတ်ဘူးလား…။
ဒေါင်!
လျှို့ဝှက်ဆန်းကြယ်သော လိပ်နက်နန်းတော်၏ နန်းတော်သခင်သည် ချက်ချင်းပင် လူသားအသွင်ပြောင်းကာ ပင်လယ်ရေထဲသို့ ချက်ခြင်းငုပ်ပြီး အဝေးသို့ လျင်မြန်စွာ ထွက်ပြေးသွားခဲ့သည်။
အဓိပ္ပာယ်မရှိတော့ပေ။ အကယ်၍ သူ ထွက်မပြေးဘူးဆိုလျှင် သူသည် သေသည်အထိ ခုတ်ပိုင်းခံရတော့မည်။
လျှို့ဝှက်ဆန်းကြယ်သော လိပ်နက်နန်းတော်၏ နန်းတော်သခင်သည် ထွက်ပြေးသွား စဉ်မှာ ချင်ယွင်သည် သူ၏ပါးစပ်ထောင့်၌ မသိမသာ အပြုံးတစ်ခု ထုတ်ဖော်လိုက် သည်။
အောင်းညီအစ်ကိုများသည် လျှို့ဝှက်ဆန်းကြယ်သော လိပ်နက်နန်းတော်၏ နန်းတော်သခင် ထွက်ပြေးသွားသည်ကို မြင်လိုက်ရသောအခါ အချင်းချင်း ကြည့်လိုက် ကြသည်။ သို့သော် ထိုအချိန်တွင် ချင်ယွင်သည် သူတို့ဆီသို့ အမှန်တကယ် စိုက်ကြည့်နေသည်ကို သူတို့ တွေ့ရှိလိုက်ရသည်။
သူတို့၏ခန္ဓာကိုယ်များသည် ချက်ချင်းပင် တုန်လှုပ်သွားကြသည်။ အဓိပ္ပါယ်မရှိသည့် တိုက်ခိုက်မူမျိုး နည်းနည်းလေးမှ ပြုလုပ်ခြင်းမှရှိတော့ဘဲ သူတို့သုံးယောက်သည် ပင်လယ်ကြမ်းပြင်ထဲကို ချက်ချင်း ငုပ်လျှိုးပြီး ထွက်ပြေးသွားကြသည်။
ဟောင်ခွန်သည် အောင်းညီအစ်ကို သုံးယောက် ထွက်ပြေးသွားသည်ကို မြင်လိုက်ရ လျှင် သူ၏အကြည့်တွေက အေးစက်နေပြီး သူတို့နောက်ကို အလျင်အမြန် လိုက်သွား ချင်နေမိသည်။
"မလိုက်နဲ့တော့။" ချင်ယွင်က သူ့ကိုတားဆီးဖို့ အသံဆက်သွယ်မူတစ်ခု ပို့လိုက်သည်။
အမှန်တကယ်ဆို ချင်ယွင်သည် ဖော်ပြ၍မရအောင်ပင် အားနည်းသော အခြေအနေ တစ်ခုကို ရောက်ရှိနေပါပြီ။ အစောပိုင်းက ဓားချက်သည် ကြောက်မက်ဖွယ် ကောင်းနေသော်လည်း ၎င်းဓားချက်သည် သူ၏ခန္ဓာကိုယ်တွင်းရှိ စွမ်းအားအားလုံးကို စားဆုံးသွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့်၊ သူသည် လျှို့ဝှက်ဆန်းကြယ်သော လိပ်နက်နန်းတော်သခင်နှင့် နဂါးကောင်းကင်နန်းတော်၏ နန်းတော်သခင်တို့ကို ယခုလေးတင် ခြောက်လှန့်ရန် ကြိုးစားနေခြင်း ဖြစ်ပါသည်။
ဟောင်ခွန်ကို ပြန်ခေါ်လိုက်ရခြင်း၏ အကြောင်းရင်းမှာ လက်ရှိနေရာတွင် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်ရှိ ကျွမ်းကျင် ပညာရှင်တစ်ဦး ရှိနေသေးသောကြောင့် ဖြစ်ပါသည်။ ဧရာမဝေလငါးနန်းတော်၏ နန်းတော်သခင်သည် မည်သည့်အခါမျှ လှုပ်ရှားမှုမရှိခဲ့သော်လည်း၊ ချင်ယွင်သည် ဤကိစ္စနှင့် ပတ်သက်ပြီး သတိထားရန်မှတပါး ရွေးချယ်စရာ မရှိပေ။
"ဧရာမဝေလငါးနန်းတော်ရဲ့ နန်းတော်သခင်က ဒီပွဲကို စောင့်ကြည့်နေတာ ကြာလောက်ရောပေါ့။ ခင်ဗျား ဘာလုပ်ဖို့ စိတ်ကူးထားလဲ ကျုပ် သိချင်မိတယ်" ချင်ယွင်က ဧရာမဝေလငါးနန်းတော် နန်းတော်သခင်သည်၏ ဦးတည်ချက်ကို လေ့လာ ကြည့်ရန်အတွက် ခေါင်းလှည့်ကာ တိုက်ရိုက် ပြောလိုက်သည် ။
"ဟား…ဟား..။ သူရဲကောင်းတွေဆိုတာက လူငယ်တွေထဲက ထွက်ပေါ်တယ်ဆိုတာ တကယ်ကို မှန်တာပဲ။ သခင်လေးလင်းရဲ့ အစောပိုင်းက ဓားချက်ဟာ ဒီကမ္ဘာကြီးကို တုန်လှုပ်စေနိုင်တယ်လို့ ပြောလို့ရပါတယ်။" ဧရာမဝေလငါးနန်းတော်၏ နန်းတော် သခင်သည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး နင်ရှင်းနှင့်အတူ ချင်ယွင်ဆီသို့ လျှောက်လှမ်းသွားသည်။
"ဟမ့်၊ ဧရာမဝေလငါးနန်းတော်ရဲ့ နန်းတော်သခင်၊ ကျုပ် ခင်ဗျားကို ဓားနဲ့ ထပ်ပြီး တိုက်ခိုက်မှာကို ခင်ဗျား မကြောက်ဘူးလား၊ အဲဒီဓားချက်ကို ခင်ဗျား ခံနိုင်ရည်မရှိမှာကို ကျုပ် စိုးရိမ်မိတယ်" ချင်ယွင်က ရယ်မောရင်း ပြောလိုက်ပါသည်။
"မင်း အဲဒီဓားချက်ကို နောက်တစ်ကြိမ် ထပ်ပြီးသုံးနိုင်ရင်၊ လျှို့ဝှက်ဆန်းကြယ်သော လိပ်နက်နန်းတော်ရဲ့ နန်းတော်သခင် ဒီနေ့ ဒီနေမှာ လဲလျောင်းနေမှာကိုတောင် ငါ စိုးရိမ်မိပါတယ်။ အဲဒီကောင်က မင်းရဲ့ဓားချက်ကို အသိဉာဏ်လွတ်သွားသည်အထိ အကြောက်လွန်သွားခဲ့တာ။ တကယ်လို့ သူသာ နောက်ကြောင်းပြန်လှည့် ကြည့် မယ်ဆိုရင် မင်းက သူ့ကိုလိမ်ခဲ့တာကို သေချာပေါက် သိသွားမှာပါ"
ချင်ယွင်၏အမူအရာမှာ ငြိမ်သက်နေ၏။ ဧရာမဝေလငါးနန်းတော်၏ နန်းတော် သခင်သည် ထိုမြင်ကွင်းကို ထွင်းဖောက်၍ မြင်ဖူးနိုင်နေ၏။ ထို့ကြောင့် သူသည် ဝေ့လည်ကြောင်ပတ်လုပ်မနေတော့ဘဲ တမင်တကာပင် တိုက်ရိုက်မေးလိုက်ပါသည် " ဧရာမဝေလငါးနန်းတော်သခင်ရဲ့ တကယ့်ရည်ရွယ်ချက်က ဘာလဲ"
ချင်ယွင်၏ မျက်လုံးများသည် အေးစက်စက်အလင်းနှင့်အတူ ဝင်းလက်သွားခဲ့သည်။ ဧရာမဝေလငါးနန်းတော်၏နန်းတော်သခင်သည် သူ့ကိုသတ်ရန် ရည်ရွယ်ချက်ရှိသရွေ့ သူသည် ဟောင်ခွန်ကို လှုပ်ရှားရန် ချက်ချင်း အမိန့်ပေးရလိမ့်မည်။
ဟောင်ခွန်ကလည်း သတိကြီးစွာထားကာ အချိန်မရွေး တိုက်ခိုက်ရန် အဆင့်သင့် ဖြစ်နေပါသည်။
"အစ်ကိုကြီး လင်းယွင် ၊ ငါ့အဖေက မင်းကို တိုက်ခိုက်ဖို့ ရည်ရွယ်ချက် မရှိပါဘူး၊ အဖက အစောကတည်းက မင်းကို ကယ်တင်ချင်နေတာ" ချင်ယွင်၏မေးခွန်းကို နင်ရှင်း ကြားသောအခါ၊ ချင်ယွင်သည် သူမကို အထင်လွဲမည်ကို ကြောက်သောကြောင့် သူမက အမြန် ပြောပြလိုက်သည်။
"အိုး?" ချင်ယွင်၏ မျက်နှာသည် အံ့အားသင့်မှု အရိပ်အယောင် ပေါ်လာပါသည်။ သူသည် အစောပိုင်းက ဧရာမဝေလငါးနန်းတော်၏ နန်းတော်သခင်ကိုသာ ကြည့်ရှုနေခဲ့ပြီး ဤရက်စက်ကြမ်းကြုတ်သော မင်းသမီးလေးကို မေ့သွားခဲ့သည်။ ထိုမှပင် ယနေ့ ဤမင်းသမီးလေးသည် လွန်စွာ နူးညံ့ပျော့ပျောင်းနေမှန်း သူ သိလိုက်ရသည်။
“ဟင်း…..၊ တကယ်ကြီးကို လွမ်းနေတာပဲ။" ဧရာမဝေလငါးနန်းတော်၏ နန်းတော် သခင်သည် ကူကယ်ရာမဲ့ဖြစ်ဟန်ဖြင့် သက်ပြင်းချသော်လည်း သူ၏မျက်နှာက အပြုံးပန်းများဖြင့် ဝေဆာနေပါသည်။
"အဖေ…..၊ အဖေ ဘာတွေလျှောက်ပြောနေတာလဲ" နင်ရှင်းက ချက်ချင်းပင် အပြစ်တင်လိုက်ပါသည်။
"ဟား…..၊ ဟား၊ လင်းယွင်၊ မင်းလည်း ငါအကြောင်း ကြားဖူးမှာပါ။ အဲ့ဒါကြောင့် ဒီနေ့ ဒီကို ရောက်လာခဲ့တာပဲ။ ငါ့သားမက်ဖြစ်ဖို့ မင်း ဘာလို့ မစဉ်းစားတာလဲ" ဧရာမဝေလငါးနန်းတော်၏နန်းတော်သခင်သည် ဟက်ဟက်ပက်ပက် ရယ်မောလိုက် ပါသည်။
နင်ရှင်းသည် သူမအဖေ၏စကားကြားသောအခါ သူမ၏လှပသောမျက်နှာသည် ချက်ချင်းပင် နီရဲသွားလေသည်။ ချင်ယွင် သူမကိုကယ်တင်ပြီးကတည်းက ချင်ယွင်၏ ရုပ်အသွင်အပြင်က သူမစိတ်ထဲမှာ မကြာခဏ ပေါ်လာလေသည်။ အထူးသဖြင့် ချင်ယွင်သည် လျှို့ဝှက်ဆန်းကြယ်သော လိပ်နက်နန်းတော် နန်းတော်သခင်၏ အနိုင်ကျင့်နှိပ်စက်ခြင်းကို ခံနေရသောအခါတွင် သူမသည် သူမ၏နှလုံးသားသည်ပင် ဖော်မပြနိုင်အောင် နာကျင်ခံစားခဲ့ရသည်။ သူမသည် ချင်ယွင်အတွက် ပြေးလွှားပြီး သူ့ကိုယ်စား ဒုက္ခခံရန် ဆန္ဒရှိနေခဲ့သည်။
သို့သော် ချင်ယွင်၏မျက်နှာသည် စိတ်လှုပ်ရှားလာမူနှင့်အတူ တချိန်တည်းမှာပင် သူ၏ မျက်နှာပေါ်တွင် စိတ်ဓာတ်ကျနေသည့် အမူအရာပေါ်လာသည်။ သူ၏ဘေးနားရှိ ဟောင်ခွန်သည် ပြုံးပြပြီး ချင်ယွင်ကို ကိုယ့်ကိုယ်ကို ဆုံးဖြတ်ပါဟူသည့် အကြည့်မျိုးဖြင့် တစ်ချက်ကြည့်လာခဲ့သည် မဟုတ်ပါလား။
"ဘာလဲ၊ ငါ့သမီးက မင်းနဲ့မထိုက်တန်ဘူးလား" ချင်ယွင်၏ ထူးဆန်းသော အမူအရာကို မြင်လိုက်ရသဖြင့် ဧရာမဝေလငါးနန်းတော်၏ နန်းတော်သခင်သည် မကျေနပ်သဖြင့် ချက်ချင်း ပြောလိုက်သည်။
ချင်ယွင်က ခေါင်းခါပြီး ကူကယ်ရာမဲ့ဖြစ်ကာ ပြောလိုက်ရပါသည် " ရိုးရိုးသားသား ပြောရရင် ကျွန်တော့်နာမည်အရင်းက လင်းယွင် မဟုတ်ဘူး။ ချင်ယွင်ပါ။ တကယ်တော့ ကျွန်တော်က လူသားတစ်ယောက်ပဲ။ ပြီးတော့ ကျွန်တော့်မှာ ဇနီးမယား သုံးယောက်တောင် ရှိနေပြီ"
"လူသားပဲလား။ လူသားတွေက ငါတို့ပင်လယ်ပြင်ကို ဘာလာလုပ်ကြတာလဲ" ဧရာမ ဝေလငါးနန်းတော်၏ နန်းတော်သခင်သည် ချက်ချင်းပင် အော်ပြောလိုက်ပြီး သူ၏ မျက်နှာက အံ့ဩခြင်းများဖြင့် ပြည့်နှက်နေလေသည်။
အခန်း (၅၁၈) ရှောင်ဘိုင်နှင့်ရှောင်ကျင်းတို့၏ဆုံးဖြတ်ချက်။
ဧရာမဝေလငါးနန်းတော်၏နန်းတော်သခင်သည် ချင်ယွင်သည် အမှန်တကယ် လူသား တစ်ဦးဖြစ်နေမည်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။ လူသားတစ်ဦးသည် ပင်လယ်ရေမျက်နှာပြင်အောက်ရှိ နတ်ဆိုးသားရဲများ ကမ္ဘာတွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့သော်လည်း သူ့ကို ထွင်းဖောက်မမြင်နိုင်ခဲ့ကြပေ။ ဤသည်မှာ အလွန် ရှားပါးသည့် ဖြစ်ရပ်တစ်ခု ဖြစ်သည်။ ထို့အပြင် ချင်ယွင်သည် အစစ်အမှန် နဂါးသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားကြောင်း ထင်ရှားပါသည်။
ချင်ယွင်က ကူကယ်ရာမဲ့စွာ ပြုံးလိုက်မိသည်။ သူသည် ဧရာမဝေလငါးနန်းတော်၏ နန်းတော်သခင်အား သူသည် လူသားဖြစ်သည်ကို ပြောပြခဲ့ရသည်။ ထို့ကြောင့် သူသည် ဧရာမဝေလငါးနန်းတော်၏နန်းတော်သခင်နှင့် မျက်နှာပျက်ရမည်ကို သဘာဝအတိုင်း စိုးရိမ်စရာမလိုတော့ချေ။
ဟောင်ခွန်အနားမှာရှိနေလျှင် ဧရာမဝေလငါးနန်းတော်၏နန်းတော်သခင်သည် သူ့ကို တိုက်ခိုက်လာမည်ဆိုလျှင်ပင် သူနှင့်ပတ်သက်ပြီး မည်သို့မျှ လုပ်နိုင်လိမ့်မည် မဟုတ်ပေ။
ချင်ယွင်သည် လူသားဖြစ်ကြောင်း နင်ရှင်း ကြားသောအခါတွင် သူမ၏ မျက်နှာသည် အံ့သြစိတ်နှင့် စိတ်ပျက်သွားသည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။
ဆိတ်သုဉ်းခြင်းသားရဲများသည် နတ်ဆိုးသားရဲနယ်ပယ်သို့ ဖြတ်ကျော်ဝင်ရောက် ပြီးနောက် လူသားပုံစံအဖြစ်သို့ ပြောင်းလဲသွားနိုင်သော်လည်း သူတို့၏ သွေးမျိုးဆက် ကြောင့် လူသားများသည် နတ်ဆိုးသားရဲများနှင့် ပေါင်းစပ်ရန်မှာ ရှားပါးလှပါသည်။
ချင်ယွင်သည် နင်ရှင်း၏အတွေးတွေကို ချေမှုန်းပစ်လိုသောကြောင့် ဤအချက်ကို တိတိကျကျ ထုတ်ဖော်လိုက်ခြင်း ဖြစ်ပါသည်။
"ဟမ့်၊ လူသားဖြစ်တော့ရော ဘာဖြစ်လဲကွာ။ မင်းမှာ အစစ်အမှန်နဂါးရဲ့ သွေးမျိုးဆက်ရှိနေတာပဲ။ မင်းကိုယ်တိုင်က နတ်ဆိုးသားရဲတဝက် ဖြစ်နေတုန်းပဲလေ။ တကယ်လို့ မင်းက လူသားစစ်စစ် တစ်ယောက်ဖြစ်နေရင်တောင် ငါ့သားမက်ဖြစ်တာနဲ့ ဘာဆိုင်လို့လဲ" ဧရာမဝေလငါးနန်းတော်၏နန်းတော်သခင်သည် ရုတ်တရက် အေးစက်စွာ အော်ပြောလိုက်သည်။ သူသည် ချင်ယွင်ကို နှောင်ကြိုးကြီးကြီးဖြင့် ချည်နှောင်ထားရန် စိတ်ပိုင်းဖြတ်ထားပါသည်။
ချင်ယွင်ကို သူ၏သမက်အဖြစ် ဖြစ်စေချင်သည်က သူ၏သမီးက ချင်ယွင်ကို သဘောကျနေသောကြောင့် ဖြစ်သည်။
နင်ရှင်းသည် ရှက်သွေးဖြာနေသောမျက်နှာအမူအရာဖြင့် ချင်ယွင်ကိုကြည့်ရင်း သူမ၏ မျက်လုံးများသည်လည်း တဖျတ်ဖျတ်ခတ်နေပါသည်။
ချင်ယွင်၏မျက်နှာသည် အံ့ဩခြင်းများဖြင့် ပြည့်သွားခဲ့ရသည်။ သူသည် လူသားတစ်ဦး အဖြစ်၏ဟူသော သူ၏ကိုယ်ရေးအချက်အလက်ကို ထုတ်ဖော်ပြပြီး ဖြစ်ကာ ယခုလို စကားမျိုးကို သူ မမျှော်လင့်ထားခဲ့ပေ။ ဧရာမဝေလငါးနန်းတော်၏ နန်းတော်သခင် သည် ယခုထိ လက်မလျှော့သေးပေ။ နင်ရှင်း၏ မျှော်လင့်ချက်အပြည့် ဖြစ်နေသော အကြည့်ကို သူမြင်လိုက်ရသောအခါတွင် သူသည် ကူကယ်ရာမဲ့ဖြစ်ကာ ခေါင်းယမ်း လိုက်မိသည်။
"နန်းတော်သခင်..၊ ကျွန်တော့်မှာ ဇနီးမယား သုံးယောက်တောင်ရှိနေပြီ" ချင်ယွင်က ယဉ်ယဉ်ကျေးကျေး ငြင်းဆန်လိုက်သည်။
ချင်ယွင်၏ စကားကိုကြားလိုက်ရလျှင် နင်ရှင်း၏ မျက်လုံးများသည် ချက်ချင်း မှေးမှိန်သွားခဲ့ပြီး သူမ၏ မျက်လုံးများတွင် စိတ်ပျက်မှု အရိပ်အယောင် ပေါ်လာသည်။
"ဟမ့်….၊ မိန်းမတစ်ယောက်ထပ်ယူတော့ရော ဘာဖြစ်သွားမှာမိုလို့လဲ။ ငါတို့ရဲ့ နတ်ဆိုးသားရဲကမ္ဘာမှာဆို ဇနီးမယားအများယူတာက ဖြစ်ရိုးဖြစ်စဉ်တစ်ခုပဲလေ။ မင်းမှာ မိန်းမဘယ်နှစ်ယောက်ရှိရှိ ငါ ဂရုမစိုက်ဘူး။ မင်း ငါ့သမီးကို လက်ထပ်ရမယ်။" ဧရာမဝေလငါးနန်းတော်၏နန်းတော်သခင်သည် သူ့သမီး၏ စိတ်ပျက်သွားသည့်ကို အမူအရာကို မြင်လိုက်ရစဉ်မှာ အေးစက်စွာ အော်ပြောလိုက်သည်။
"နန်းတော်သခင်၊ ကျွန်တော်က နင်ရှင်းကို ကျွန်တော့်ညီမလေးတစ်ယောက်လိုပဲ အမြဲဆက်ဆံခဲ့ပါသည်။ ကျွန်တော့်မှာ သူမနဲ့ပတ်သတ်ပြီး ဇနီးမယားဆက်ဆံရေးမျိုး မရှိခဲ့ဘူး။" ချင်ယွင်က တိုက်ရိုက်ပင် ပြောလိုက်ရပါသည်။
"မင်း" ဧရာမဝေလငါးနန်းတော်၏နန်းတော်သခင်က သူ့ကို ဒေါသတကြီး စိုက်ကြည့် နေလေသည်။
"အဖေ…။ သမီး ပင်ပန်းနေပြီ၊ သမီးတို့ သွားသင့်ပြီမလား" နင်ရှင်းက ကမန်းကတန်း ပြောလိုက်ပြီး သူမ၏မျက်လုံးများကို အောက်ကိုကြည့်နေကာ ချင်ယွင်ကို ထပ်ပြီး မကြည့်ဝံ့တော့ပေ။
ချင်ယွင်သည် သူ၏နှလုံးသားထဲတွင် အပြစ်ရှိသလိုခံစားချက်များ ခံစားလာရပါသည်။ အမှန်တကယ်ဆို သူ၏စိတ်ထဲမှာလည်း ထူးဆန်းနေသလို ခံစားလိုက်ရပါသည်။
ဧရာမဝေလငါးနန်းတော်၏မင်းသမီးလေးသည် အဘယ်ကြောင့် သူ့အပေါ် ရုတ်တရက် ပြိုကျလာရသနည်း။ သူသည် သူမကို တစ်ကြိမ်တစ်ခါ ကယ်တင်ခဲ့ဖူးရုံ မဟုတ်ပါလား။
"နတ်ဆိုးသားရဲတွေကြားက ခံစားချက်တွေက လူသားတွေနဲ့ မတူတာ ဖြစ်နိုင်ပါတယ်လေ!" ချင်ယွင်သည် သူ့ကိုယ်သူ နှစ်သိမ့်လိုက်ရသည်။
အမှန်မှာ၊ နတ်ဆိုးသားရဲများသည် လူသားများနှင့် နှိုင်းယှဉ်လျှင် ပို၍ရိုးရှင်းပြီး ပို၍ပင် ပွင့်လင်းပါသည်။ သူတို့အနေဖြင့်မူ၊ ကြိုက်လျှင်ကြိုက်၏၊ မကြိုက်လျှင် မကြိုက်ဘူး တိုက်ရိုက်ဆန်ပြီး၊ လူသားများလောက် ရှုပ်ထွေးခြင်းမရှိပါဘူး။
ထို့ကြောင့် ချင်ယွင်သည် နင်ရှင်းကို ကယ်တင်ပြီးသောအခါတွင် သူသည် နင်ရှင်း၏ နှလုံးသားထဲတွင် မြင့်မားသောရုပ်ပုံရိပ်တစ်ခုအဖြစ် ရိုက်နှိပ်သွားခဲ့ပြီး၊ ထိုပုံရိပ်ကလည်း နင်ရှင်း၏ စိတ်ကူးသစ်ကို ဖြစ်ပေါ်စေသည်။
သမီးဖြစ်သူ၏ စကားကိုကြားလျှင် ဧရာမဝေလငါးနန်းတော်၏နန်းတော်သခင်သည် စကားပြောတာ ရပ်လိုက်ပါသည်။ သူက ချင်ယွင်ကို ခက်ထန်စွာ စိုက်ကြည့်ပြီး သူ၏သမီးနှင့်အတူ အလင်းတန်းအဖြစ်ပြောင်းလဲကာ ထွက်သွားတော့သည်။ သူသည် ချင်ယွင်ကို ချည်နှောင်ရန်ကြိုးစားခဲ့သော်လည်း လက်လျော့လိုက်ရပါသည်။
ချင်ယွင်သည် အဖေနှင့်သမီးနှစ်ယောက် ပင်လယ်ပြင်မှ တဖြည်းဖြည်း ပျောက်ကွယ် သွားသည်ကို ကြည့်ရင်း ချင်ယွင်သည် ခေါင်းကို ခါယမ်းလိုက်မိပါသည်။
သူသည် လူအများပြား၏နှလုံးသားကို ထိခိုက်နာကျင်စေခဲ့လေပြီး ဖြစ်ပါသည်။ နောက်တစ် လူတစ်ယောက်ကို ထပ်နာကျင်စေရန် စိတ်ပင်မကူးခဲ့ပါဘူး။ ထို့အပြင် ချင်ယွင်သည် နင်ရှင်းသည် ငယ်ရွယ်သေးသည့်အတွက် ခံစားချက်များကို မသိ နားမလည်သေးကြောင်း ယုံကြည်ပါသည်။ သူမ ကြီးပြင်းလာသည့်အခါ သူမသည် ခံစားချက် အစစ်အမှန်ကို နားလည်လာနိုင်ပါလိမ့်မည်။
ခံစားချက်အားလုံးသည် တစ်ဦးအပေါ်တစ်ဦး သာယာကြည်နူးခြင်းမျိုး မဟုတ်ပေဘူး လား။ ချင်ယွင်သည် နင်ရှင်းနှင့်ပတ်သက်ပြီး ခံစားချက်များစွာ မရှိခဲ့ပါဘူး။ အများဆုံး သူသည် သူမကို ဉာဏ်နီဉာဏ်နက်များပြီး တဇွတ်ထိုးဆန်သော ညီမလေး တစ်ယောက်အနေဖြင့်သာ ဆက်ဆံခဲ့ပါသည်။
ချင်ယွင်သည် သူ၏နှလုံးသားထဲမှ အတွေးအာရုံတွေကို ဖယ်ရှားလိုက်ပြီး ဘေးတဖက်ကို လှည့်ကြည့်လိုက်သည်။ ဟောင်ခွန်သည် မိန်းမောတွေဝေနေသည်ကို သူ တွေ့လိုက်ရသည်။ သူ ဘာတွေတွေးနေမှန်း သူမသိနိုင်ပါဘူး။ သူ၏မျက်လုံးထဲတွင် ဝမ်းနည်းမှုအရိပ်အယောင်တွေ ရှိနေပါသည်။ နင်ရှင်း၏ကိစ္စက သူနှင့် ဝမ်အာတို့ အကြောင်း ပြန်အမှတ်ရသွားခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။
"အဟမ်း….!" ချင်ယွင်သည် တမင်တကာ ချောင်းဟန့်လိုက်ပြီး ဟောင်ခွန်၏ အတွေးအာရုံများကို နှောင့်ယှက်လိုက်သည်။
ဟောင်ခွန်သည် ချင်ယွင်၏ ချောင်းဟန့်သံကို ကြားလိုက်ရလျှင် ချက်ချင်းပင် သူ၏အတွေးအာရုံများမှ နိုးထလာခဲ့သည်။
ချင်ယွင်က ဝမ်အာအကြောင်း မတွေးမိစေရန် သတိပေးနေမှန်း သူသိသည်၊ ထိုသို့မဟုတ်လျှင် ဖိနှိပ်ထားရသော နှလုံးသားနတ်ဆိုးကို တွန်းထုတ်လိုက်လသို ဖြစ်သွားမည်ဆိုလျှင် ကြောက်စရာ ကောင်းလာလိမ့်မည် ။
"သခင်လေး…၊ အခု ဘယ်သွားမလို့လဲ" ဟောင်ခွန်က မေးသည်။
ချင်ယွင်သည် ဟောင်ခွန်၏ စကားကိုကြားသောအခါ လေးနက်သည့် အရိပ်အယောင် များနှင့်အတူ သူ၏မျက်လုံးမျာ်က ဝင်းလက်တောက်ပလာသည်။ သူက ခေါင်းကို မော့ပြီး အဝေးကိုလှည့်ကြည့်ကာ "ကောင်းကင်နဂါးတိုက်ကြီးဆီကို သွားကြမယ်" ဟု လေးနက်သည့်လေသံဖြင့် ပြောလိုက်၏။
ဟောင်ခွန်၏ မျက်လုံးများသည် အေးစက်သော အလင်းရောင်များဖြင့် လင်းလက် သွားခဲ့သည်။ တကယ်တော့ သူကိုယ်တိုင်လည်း ကောင်းကင်နဂါးတိုက်ကြီးကို သွားချင်နေခဲ့သည်မှာ ကြာလှပါပြီ။ ဝမ်အာအတွက် လက်စားပေးချေရန်အတွက် သူသည် ကောင်းကင်ဘုံဂိုဏ်းသို့ သွားချင်နေခဲ့သည်။
ဝမ်အာသည် ထိုအချိန်တုန်းက ရက်စက်ကြမ်းကြုတ်သော အကြံအစည်များကြောင့် သေဆုံးသွားခဲ့ရသော်လည်း၊ သူမသည် ကောင်းကင်ဘုံဂိုဏ်း၏အဖွဲ့ဝင် လူအိုကြီးများ ၏ လက်ချက်ကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်ပါသည်။ ဤကိစ္စအတွက် သူသည် လက်စား ပြန်ချေရတော့မည်။
ချင်ယွင်သည်လည်း ဆုံးဖြတ်ချက်ပြတ်သားသောအကြည့်များ ပွင့်ထွက်လာခဲ့ပါသည်။ သူသည် ဤပင်လယ်ပြင်ထဲတွင် အချိန်အကြာကြီး နေခဲ့ပြီးပါပြီ။ အကယ်၍ သူသည် ရန်စီချီကို မတွေ့ရသေးဘူးဆိုလျှင် ရန်စီချီသည် သူနှင့်ပတ်သက်ပြီး တစ်ခုခု ဖြစ်နေပြီဟု ထင်နေပေလိမ့်မည်။
သူနှင့် ကောင်းကင်နဂါးနန်းတော်၏ နန်းတော်သခင်နှင့် လိပ်နက်နန်းတော်၏နန်းတော် သခင်ကြား ရန်ငြိုးဖွဲ့မှုနှင့်ပတ်သက်၍မူ ချင်ယွင်သည် ထိုကိစ္စကို သူ၏စိတ်နှလုံး ထဲတွင် မှတ်သားထားပြီး ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ၊ သူသည် မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် ဤပင်လယ်ရေပြင်အောက်ရှိ အဆုံးမဲ့ချောက်နက်ကြီးထဲသို့ ပြန်သွားမှာမည်ဖြစ်ပြီး ထိုအချိန်ရောက်မှ ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းလျှင်လည်း အချိန်နှောင်းလိမ့်ဦးမည် မဟုတ်ပေ။
"အစ်ကိုကြီး၊ ရှောင်ကျင်းနဲ့ ငါ နေခဲ့ချင်တယ်"
သို့သော် ချင်ယွင်သည် ကောင်းကင်နဂါးတိုက်ကြီးဆီသို့ ထွက်ခွာခါနီးတွင် ရှောင်ဘိုင် ၏အသံက သူ၏စိတ်ထဲတွင် ထွက်ပေါ်လာသည်။
"မင်းတို့က နေခဲ့ချင်တာလား။ ဘာလို့လဲ" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်ပါ သည်။
ရှောင်ဘိုင်နှင့်ရှောင်ကျင်းတို့သည် အစိမ်းရောင်ကြာပန်းစည်းတံဆိပ်ထဲရှိ လေဟာနယ် ထဲမှ ထွက်လာကြပြီး လေထဲမှာပင် ဒူးတစ်ဖက်ကို တိုက်ရိုက်ထောက်လိုက်ကြ ပါသည်။
"အကိုကြီး၊ ရှောင်ကျင်းနဲ့ငါ ဆွေးနွေးပြီး နေဖို့ဆုံးဖြတ်လိုက်တာ။ အစ်ကိုကြီးက ဒီပင်လယ်ထဲမှာ အစ်ကိုကြီးရဲ့ ကိုယ်ပိုင်အင်အားစုတစ်ခုကို အမြဲတမ်း တည်ဆောက်ချင်ခဲ့တာ မဟုတ်ဘူးလား၊ အစ်ကိုကြီးက ရှောင်ကျင်းနဲ့ငါကို အဲဒီကိစ္စကို ပြီးစီးအောင် ဘာလို့ ခွင့်ပြုမပေးရတာလဲ။" ရှောင်ဘိုင်က တိုက်ရိုက်ပြောလိုက်သည် ။
"အခု ငါ့ရဲ့တည်ရှိမှုကို အင်အားစုကြီးသုံးခုက ရှာဖွေတွေ့ရှိသွားပြီဆိုတော့ မင်းတို့ ဆက်နေခဲ့မယ်ဆို အရမ်းအန္တရာယ်များလိမ့်မယ်။ ငါ့ကိုယ်ပိုင်အင်အားစုကို ငါတည်ဆောက်ချင်ပါတယ်၊ ဒါပေမယ့် အခုက အကောင်းဆုံးအချိန် မဟုတ်ဘူး" ချင်ယွင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"အစ်ကိုကြီး ရှောင်ဘိုင်နဲ့ငါက အစိမ်းရောင်ကြာပန်းစည်းတံဆိပ်ရဲ့ လေဟာနယ်ထဲမှာ ပဲ နေနေရပေမယ့်….၊ ရှောင်ကျင်းသည် ချင်ယွင်၏ ကန့်ကွက်စကားကို ကြားရလျှင် စိုးရိမ်တကြီးဖြစ်ပြီး ချက်ချင်းဆိုသလို ပြောလိုက်ပါသည် "ငါတို့ရဲ့ ခွန်အားတွေက ဆက်တိုက် တိုးလာနေပါပြီ။ ဒါပေမယ့် ငါတို့ရဲ့တိုက်ပွဲအတွေ့အကြုံက အလွန် နည်းပါးလွန်းတယ်။ ပြီးတော့ ဒီပင်လယ်ကြီးက ငါတို့အတွက် အကောင်းဆုံးနေရာပဲ။ ကျေးဇူးပြု၍ ငါတို့ကို နေခွင့်ပြုပါ၊ ရှောင်ဘိုင်နဲ့ နှစ်ယောက်စလုံးမှာ ငါတို့ရဲ့ ကိုယ်ပိုင်အသက်ကို ကယ်တင်နိုင်တဲ့ နတ်ဘုရားစွမ်းရည်တွေကို ပိုင်ဆိုင်ထားကြပြီ။ အဓိကအင်အားစုကြီးသုံးခုရဲ့ နန်းတော်သခင်တွေကို မတွေ့ရသရွေ့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။”
ရှောင်ဘိုင်သည်လည်း ချင်ယွင်က သူတို့ကို နေခွင့်ပေးမည်ဟု မျှော်လင့်ကာ ပြတ်ပြတ် သားသား ထုတ်ဖော်ပြောဆိုလိုက်သည်။
"ဖန်လုံအိမ်ထဲမှာ သစ်ပင်အမြင့်ကြီးတွေ မရှိနိုင်ဘူး။" ဟောင်ခွန်သည် နံဘေးမှာ ရပ်နေရင်း ပြောလိုက်ပါသည်။
"ကောင်းပြီလေ၊ မင်းကိုနေခွင့်ပြုဖို့ ငါ သဘောတူတယ်။ ဒါပေမယ့် မင်းတို့ရဲ့ လုံခြုံရေးကို မင်းတို့ သေချာအောင် လုပ်ရမယ်။ မင်းတို့လက်ထဲမှာ ငါ့စိတ်ဝိညာဉ်နဲ့ ဆက်သွယ်ထားတဲ့ အဆောင်တွေရှိတယ်။ တကယ်လို့ အန္တရာယ်တစ်ခုခု ရှိလာခဲ့ရင် မင်းတို့က ငါ့ကို အကြောင်းကြားရမယ်။ ငါ ချက်ချင်း အပြေးအလွှား ရောက်လာခဲ့မယ်။" ချင်ယွင်က တင်းမာစွာ ပြောလိုက်သည်။
ရှောင်ဘိုင်နှင့်ရှောင်ကျင်းတို့သည် သူတို့ကို ဟန်ကွမ်း ဖမ်းသွားခဲ့သည့် နောက်ဆုံး အကြိမ်တွင် သူတို့သည် ချင်ယွင်ကို အကြောင်းကြားခြင်း မရှိခဲ့ပေ။ သူတို့သည် သူ့ကို ဤကိစ္စထဲ ဆွဲမခေါ်ချင်ကြောင်း သူသိသော်လည်း ယင်းကြောင့် ချင်ယွင်သည် အလွန် ဒေါသထွက်ခဲ့ရသည်။
"ဟုတ်ကဲ့ပါ…!" ရှောင်ဘိုင်နှင့်ရှောင်ကျင်းတို့သည် ချင်ယွင်က သူတို့ကို နေခွင့်ပြုရန် သဘောတူသည်ကို မြင်လိုက်ရလျှင် သူတို့မျက်နှာတွေက ချက်ချင်း ဝမ်းသာအားရ ဖြစ်ဟန် ပေါ်လာပါသည်။
"စကားမစပ် ရှောင်ကျင်း၊ ဒါက မင်း အရင်တုန်းက ပြောခဲ့ဖူးတဲ့ တုတ်ပုံစံလက်နက် တစ်ခုပဲ။ မင်းအတွက် ငါရှာတွေ့ခဲ့တယ်။ မင်းနဲ့ အံဝင်ခွင်ကျ ရှိမရှိ ကြည့်စမ်းပါဦး။" ချင်ယွင်က မဟူရာသတ္တုတုတ်ကို ရှောင်ကျင်းအား ပေးလိုက်သည်။
"အဆင်ပြေတယ်၊ အရမ်းကို အဆင်ပြေတယ်။" ရှောင်ကျင်းသည် မဟူရာသတ္တုတုတ်ကို လက်ခံရရှိသောအခါတွင် သူ၏မျက်နှာသည် စိတ်အားတက်ကြွ သည့်အမူအရာ ပေါ်လာပါသည်။ သူက တုတ်ကို အလျင်စလို ဝှေ့ယမ်းလိုက်ပြီး ကြောက်စရာကောင်းသည့် စွမ်းအားကို ထုတ်လွှတ်လိုက်သည်။
မဟူရာသတ္တုတုတ်သည် သတ္တုသဘာဝ ဖြစ်သည်။ ရှောင်ကျင်း၏ သတ္တုသဘောတရား နှင့်လိုက်ဖက်ညီသည်။ မဟူရာသတ္တုတုတ်၏ ပစ္စည်းဝိဉာဉ်သည် ရှောင်ကျင်း၏ အစွမ်းထက်သော အင်မော်တယ်စိန်မျောက်ဝံသွေးမျိုးဆက်ကို ခံစားသိရှိပြီးနောက် တဝှီးဝှီးမြည်သံကိုပင် ထုတ်ဖော်နေလေသည်။ ၎င်းသည် အရမ်းစိတ်လှုပ်ရှား နေပုံရပါသည်။
ထိုမြင်ကွင်းကိုမြင်ရလျှင် ချင်ယွင်၏မျက်နှာက ဝမ်းသာအားရဖြစ်ဟန် ပေါ်လာပါသည်။ သေချာပါသည်။ ဤမဟူရာသတ္တုတုတ်သည် ရှောင်ကျင်းအတွက် အသင့်တော်ဆုံးဖြစ်သည်။
"ရှောင်ဘိုင်၊ မင်းအတွက် ဓားတိုနှစ်ချောင်းကိုတော့ ငါ မတွေ့သေးဘူး။ ကောင်းကင်နဂါးတိုက်ကိုသွားတဲ့အခါ မင်းကို ကူညီပေးနိုင်မလား ငါ ရှာကြည့်ခဲ့မယ်" ချင်ယွင်က ရှောင်ဘိုင်ဆီကို လှည့်ကြည့်ပြီး ပြောလိုက်သည်။
"အဆင်ပြေပါတယ် အစ်ကိုကြီး။ ငါ မလောပါဘူး" ရှောင်ဘိုင်က ပြုံးလိုက်သည်။
ချင်ယွင်က ခေါင်းညိတ်ပြလိုက်သည်။ အဖြူလေး နှင့် ရွှေလေးတို့ကို နောက်ထပ် ညွှန်ကြားချက် အနည်းငယ်ပေးပြီးနောက် သူနှင့် ဟောင်ခွန်တို့သည် နောက်ဆုံးတွင် ကောင်းကင်နဂါးတိုက်သို့ ခရီးစတင်ခဲ့လေသည်။
အခန်း (၅၁၉) အခက်အခဲ။
ဆယ်ရက်ခန့် ခရီးထွက်ပြီးနောက် ချင်ယွင်နှင့် ဟောင်ခွန်တို့သည် နောက်ဆုံးတွင် ကောင်းကင်နဂါးတိုက်ကြီး၏ ပြည်နယ်ထဲသို့ ခြေချနိုင်ခဲ့ကြသည်။
ချင်ယွင်သည် ဤတိုက်ကြီးသို့ ဝင်ရောက်ပြီးနောက်၊ ဤနေရာတွင် နေထိုင်ကြ သူများသည် အခြေခံအားဖြင့် ကျင့်ကြံသူများဖြစ်ကြောင်း သူ တွေ့ရှိခဲ့ရသည်။ လမ်းဘေးဈေးသည်တွေဘဲဖြစ်ဖြစ် စားသောက်ဆိုင်တွေမှ စားပွဲထိုးတွေပဲ ဖြစ်ဖြစ်၊ လမ်းမတွေပေါ်မှာ ပြေးလွှားနေကြသော ကလေးတွေပဲ ဖြစ်ဖြစ်၊ သူတို့သည် နည်းနည်းပါးပါး ကျင့်ကြံထားကြသူများ ဖြစ်သည်။ ကျင့်ကြံခြင်းမရှိသော လူများကိုပင် ဤနေရာတွင် မတွေ့ရချေ။
သိုင်းသခင်အဆင့် နှင့် သိုင်းဂိုဏ်းချုပ်အဆင့် ကျင့်ကြံသူများသည် ဤနေရာတွင် အတွေ့ရ အများဆုံးဖြစ်သည်။ သိုင်းမြို့စားအဆင့် ကျင့်ကြံသူများကတော့ အလွန် ရှားပါသည်။ တစ်ခါတစ်ရံတွင်၊ သူတို့သည် လမ်းမပေါ်တွင် သိုင်းမြို့စားအဆင့်ရှိ တကိုယ်တော်ကျင့်ကြံသူ တစ်ယောက်စ နှစ်ယောက်စကို တွေ့ရတတ်သည်။
ဤအရာအားလုံးကို မြင်လိုက်ရသောအခါ ချင်ယွင်သည် နောက်ဆုံးတွင် ထျန်းယွန် တိုက်ကြီးမှ လူများသည် ဤနေရာကို အင်မော်တယ်ကမ္ဘာငယ်လေးဟု ခေါ်ဆိုရခြင်း နားလည် သွားခဲ့ပါပြီ။ အကြောင်းမှာ ဤနေရာ၌ ဝိညာဉ်စွမ်းအင်သည် ထျန်းယွန် တိုက်ကြီးထက် ဆယ်ဆနီးပါး ပိုမိုသိပ်သည်းနေသောကြောင့် ဖြစ်ပါသည်။
ထိုသို့သိပ်သည်းသော ဝိညာဉ်စွမ်းအင်များအောက်တွင် မွေးဖွားလာကြသော ကလေးငယ်များ အားလုံးနီးပါးသည် ဝိဉာဏ်အရင်းမြစ်ကိုပိုင်ဆိုင်သော ပါရမီနှင့်အတူ မွေးဖွားလာကြသော ကလေးများဖြစ်ကြပြီး ထိုကဲ့သို့သိပ်သည်းသော ဝိညာဉ်ချီများ အောက်တွင် ကျင့်ကြံသူများသည် ထက်ဝက်ကြိုးစားရုံဖြင့် ရလာဒ်နှစ်ဆရသည်အထိ အောင်မြင်နိုင်ကြပါသည်။
ချင်ယွင်သည် ထျန်းယွန်တိုက်ကြီးမှ ကျင့်ကြံသူများသည် အဘယ်ကြောင့် တွင်းနက်မဲ့ပင်လယ်ကြီးကို ဖြတ်ကျော်ပြီး ဤနေရာသို့ ရောက်လာနိုင်ရန်အတွက် အသက်အန္တရာယ်ကို စွန့်စားခဲ့ကြရသည်ကို နောက်ဆုံးတွင် နားလည်သွားခဲ့ပါသည်။ ထျန်းယွန်တိုက်ကြီး၏ ဝိညာဉ်စွမ်းအင်အဆင့် ကန့်သတ်ချက်အောက်မှာဆိုလျှင် သူတို့သည် သိုင်းဧကရာဇ်အဆင့်၏ အထွတ်အထိပ်သို့သာ ရောက်ရှိနိုင်ပါလိမ့်သည်။ တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်သို့ ဖြတ်ကျော်ဝင်ရောက်ရန် အလွန်ခက်ခဲသည်ဟု ဆိုနိုင်သည်။
ကြယ်ပင်လယ်မြို့သည် ပင်လယ်ကြီးအနီးရှိ ကောင်းကင်နဂါးတိုက်ကြီးရှိ ဆိပ်ကမ်းမြို့ များစွာထဲမှ တစ်ခုဖြစ်ပါသည်။
ထိုအချိန်တွင် ချင်ယွင်နှင့်ဟောင်ခွန်တို့သည် ကြယ်ပင်လယ်မြို့ရှိ တည်းခိုခန်း တစ်ခုတွင် ထိုင်နေကြသည်။ ချင်ယွင်သည် ဟင်းဆယ့်ရှစ်ခွက်နှင့်အရက်နှစ်အိုးကို တိုက်ရိုက် မှာကြားထားသည်။
သူသည် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်သို့ ရောက်ရှိနေခဲ့ပြီး သေမျိုး ချောက်ကမ်းပါးစွန်းကို တွန်းလှန်ခဲ့ပြီး ဖြစ်သော်လည်း ချင်ယွင်သည် သေမျိုးအဖြစ် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ဖူးပြီးဖြစ်သောကြောင့် တခဏတာအတွင်း သူ၏ စားသောက်မှုပုံစံကို ပြောင်းလဲခြင်း မရှိသေးပေ။
ဤအချိန်အတောအတွင်း ပင်လယ်ကြမ်းပြင်၏ နတ်ဆိုးသားရဲကမ္ဘာသည် သူ့ကို အသက်ရှူမွန်းကျပ်စေခဲ့ပြီး ဖြစ်သည်။ နောက်ဆုံးမှာတော့ သူသည် ကုန်းမြေပေါ်သို့ ရောက်ရှိလာပြီဖြစ်သည်။ သူသည် သူ၏စားသောက်ချင်စိတ်ကို စိတ်ကျေနပ်အောင် မည်သို့ မစားသောက်ဘဲ နေနိုင်မည်နည်း။
ထို့ကြောင့် စားပွဲထိုးသည် ဟင်းဆယ့်ရှစ်မျိုးကို တည်ခင်းပေးပြီးနောက် ချင်ယွင်သည် လေနှင့် တိမ်တိုက်များကြောင့် လွှင့်ထွက်သွားမှာ စိုးရိမ်သည့်အလား ခေါင်းမဖော်တမ်း စားသောက်လေတော့သည်။
သူ၏ ထိုအရူးအမူး စားသောက်နေသော အမူအရာသည် သူ၏ဘေးနားရှိ လူငယ် နှစ်ဦးကို တုန်လှုပ်ခြောက်ခြားသွားစေပြီး ချင်ယွင်သည် အစာရေစာ ငတ်မွတ်နေသော သရဲတစ္ဆေဘဝမှ လူပြန်ဝင်စားလေသလားဟုပင် ထင်မြင်သွားစေသည်။
တကယ်တော့ ဤအရာသည်လည်း ချင်ယွင်၏ အမှားမဟုတ်ပါဘူး။ 'လျှို့ဝှက်ဆန်း ကြယ်သောအဝါရောင်နတ်ဆိုးပညာ'ရပ်ကို ကျင့်ကြံပြီးကတည်းက သူ၏ အစာစားချင် စိတ်သည် ပုံမှန်ထက် ကြီးမားလာခဲ့ပါသည်။ ဤဟင်းပွဲဆယ့်ရှစ်မျိုးကို မဆိုးထားနှင်၊ ၊ သူသည် နောက်ထပ် ဟင်းပွဲ ၁၈ မျိုးဆိုလျှင်ပင် ချင်ယွင်သည် ၎င်းတို့ကို အလွယ်တကူ စားနိုင်ပါသည်။
ဟောင်ခွန်သည် အစားအသောက်ကို သိပ်စိတ်မဝင်စားဘဲ ဝိုင်ကိုသာ နှစ်ခြိုက်သူ ဖြစ်သည်။ နောက်ဆုံးတွင် အရက်နှစ်အိုးနီးပါးသည် သူ၏ဗိုက်ထဲသို့ ဝင်ရောက် သွားသည်။
တစ်ယောက်က စားပြီး တစ်ယောက်က သောက်လိုက်ရာ မူလက စားပွဲပေါ်တွင် တင်ထားသော အရသာရှိသော ဟင်းများသည် အနည်းငယ်သာ ကျန်တော့သည်။ အလေအလွှင့် ဖြစ်ခြင်းပင် မရှိခဲ့ပေ။
သူ၏ဘေးနားမှ စားပွဲထိုးလေးသည် ပျော်ရွှင်မူနှင့်အတူ စိုးရိမ်မူကိုပါ ခံစားနေရသည်။ ဤစားပွဲပေါ်မှ ဟင်းလျာတွေသည် သူ့ကို ဝင်ငွေရအောင် လုပ်ပေးမှာဖြစ်သည့်အတွက် သူ ပျော်ရွှင်နေပါသည်။ စိုးရိမ်နေရခြင်းမှာ ငတ်မွတ်နေသော တစ္ဆေသရဲဘဝမှ လူပြန်ဝင်စားလာသော ဤလူသည် ပေးချေစရာ ငွေမရှိမှာကို သူ စိုးရိမ်နေရခြင်း ဖြစ်ပါသည်။
ကံကောင်းထောက်မစွာပင်၊ ချင်ယွင်သည် ဝိဉာဏ်ကျောက်တုံးတွေကို သူ၏လက်ထဲ ထည့်လိုက်သည့်အခါမှသာ သူ၏မျက်နှာက အပြုံးပန်းတွေ ဝေနိုင်ပါတော့သည်။
ကောင်းကင်နဂါးတိုက်ကြီးတွင် လည်ပတ်နေသော ငွေကြေးသည် ရွှေငွေမဟုတ်တော့ ပေ။ ဝိညာဉ်ကျောက်တုံးများ ဖြစ်ကြပါသည်။
ဤဝိညာဥ်ကျောက်တုံးများကို အဆင့်မြင့်အဆင့် အလယ်လတ်အဆင့်၊ အဆင့်နိမ့် အဆင့်ဟူ၍ ခွဲခြားထားပါသည်။ အဆင့်မြင့်အဆင့် ဝိညာဉ်ကျောက်တုံး တစ်တုံးသည် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတစ်ရာနှင့် ညီမျှပြီး အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တစ်တုံးသည် အဆင့်နိမ့်အဆင့် ဝိညာဉ်ကျောက်တုံး တစ်ရာနှင့် ညီမျှပါသည်။
ချင်ယွင်သည် ဤစားပွဲဝိုင်းအတွက် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ဆယ်တုံးကို အသုံးပြုခဲ့ပြီး ချင်ယွင်သည် ၎င်းကို လုံးဝ ဂရုမစိုက်ပေ။
ဟိုတချိန်တုန်းက သူသည် ချီသခင်လေး၏ သိုလှောင်လက်စွပ်ကို လုယူထားခဲ့သည်။ ထိုသိုလှောင်လက်စွပ်အထဲတွင် အဆင့်မြင့်အဆင့် ဝိညာဉ်ကျောက်တုံး တစ်ရာနီးပါးရှိ သည်။ ထို့အပြင် ချင်ယွင်ကို အချိန်အတော်ကြာအောင် အသုံးပြုဖို့ လုံလောက်သည့် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးပုံလေး တစ်ပုံလည်း ရှိနေပါသေးသည်။
ချင်ယွင် နှင့် ဟောင်ခွန်တို့သည် စားသောက်ပြီးနောက် သူတို့သည် တည်းခိုခန်းမှ ထွက်ကာ မြို့ပြင်ဘက်သို့ လျှောက်သွားကြသည်။
"ဟောင်ခွန်၊ မင်း မျိုးနွယ်စုကို တစ်ချက်လောက် ပြန်ကြည့်ဖို့ အစီအစဉ်မရှိဘူးလား" ချင်ယွင်က သူ၏နောက်မှလိုက်ပါလာသော ဟောင်ခွန်ကို ပြန်လှည့်ကြည့်ပြီး မေးလိုက်ပါသည်။
ကောင်းကင်နဂါးတိုက်ကြီးလာရာလမ်းခရီးမှာ ဟောင်ခွန်သည် ကောင်းကင်နဂါး တိုက်ကြီးအတွင်းရှိ အင်အားစုများ ဖြန့်ကျက်ထားမှုအကြောင်းကို ချင်ယွင်အား ပြောပြခဲ့သည်။
ကောင်းကင်နဂါးတိုက်ကြီးတွင် အင်ပါယာနှင့်တူသော မည်သည့်တည်ရှိမှုမျိုးမှ မရှိခဲ့ပေ။ တိုက်ကြီးတစ်ခုလုံးသည် မျိုးနွယ်စုကြီးလေးခု၏ ထိန်းချုပ်မှုအောက်တွင် ရှိနေပါသည်။
၎င်းအင်အားစုများသည် အနောက်မြောက်မှာ ချီကလန်၊ အရှေ့တောင်အရပ်မှာ ချန်ကလန် အနောက်တောင်မှာ ချောင်ကလန် နှင့် အရှေ့မြောက်မှာ ဟောင်ကလန်တို့ ဖြစ်ကြသည်။
ဟောင်ခွန်သည် မျိုးနွယ်စုကြီးလေးခုထဲမှ အရှေ့မြောက်အရပ်ရှိ ဟောင်ကလန်မှ ဆင်းသက်လာသူ ဖြစ်ပါသည်။ သူသည် ကောင်းကင်နဂါးတိုက်ကြီး၏ အရှေ့မြောက် ဒေသကို ထိန်းချုပ်ထားပြီး ကောင်းကင်နဂါးတိုက်ကြီးတွင် ဩဇာအာဏာ အနည်းငယ် ရှိပါသည်။
သို့သော် ဟောင်ခွန်သည် မျိုးနွယ်စုမှ ထွက်ခွာခဲ့သည်မှာ နှစ်ပေါင်းငါးရာကျော် ရှိပြီဖြစ်သောကြောင့် သူ၏မျိုးနွယ်စုများက သူသေသွားပြီဟု ထင်ကောင်း ထင်နေပေ လိမ့်မည်။
မျိုးနွယ်စုကြီးလေးခု၏ အထက်တွင် ကြီးမားသောဂိုဏ်းကြီး သုံးခုဖြစ်သည့် ရှောင်ယန်း ဂိုဏ်း၊ ကောင်းကင်ဘုံဂိုဏ်း နှင့် လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းတို့ ရှိပါသည်။
ထိပ်တန်းဂိုဏ်းသုံးဂိုဏ်းသည် ကောင်းကင်နဂါးတိုက်ကြီးကို မထိန်းချုပ်ကြခဲ့သော် လည်း ၎င်းတို့၏စွမ်းအားမှာ အနှိုင်းမဲ့ ကြီးမားလှသည်။ ၎င်းတို့သည် မျိုးနွယ်စုကြီး လေးခုထက် သာလွန်သည်ဟု ဆိုနိုင်သည်။ ၎င်းဂိုဏ်းသုံးခုအနက်မှ တစ်ခုသည်ပင် မျိုးနွယ်စုကြီးလေးခုကို အလွယ်တကူ ဖျက်ဆီးနိုင်ပါသည်။
ထို့ကြောင့် မျိုးနွယ်စုကြီးလေးခုပင်လျှင် ထိုထိပ်တန်းဂိုဏ်းသုံးခုမှ လူများကို အလွန် ရိုသေကြရပါသည်။ သူတို့သည် ဂိုဏ်းကြီးသုံးဂိုဏ်း ရှိနေသည်နှင့် ၎င်းတို့အား လုံး၀ လျစ်လျူရှုဝံ့ခြင်း မရှိကြပေ။
ဂိုဏ်းကြီးသုံးဂိုဏ်းအနက် ကောင်းကင်ဘုံဂိုဏ်းသည် အစွမ်းထက်ဆုံး ဖြစ်ပြီး ကောင်းကင်ယံအောက်တွင် နံပါတ်တစ်ဂိုဏ်းအဖြစ် အသိအမှတ်ပြုခံရသည်။ ရှောင်ယန်ဂိုဏ်းသည် ကောင်းကင်ဘုံဂိုဏ်းနှင့်နှိုင်းစာလျှင် စွမ်းအားအရာမှာ ဒုတိယ အဆင့်တွင်သာ ရှိပါသည်။
လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းကမူ တတိယအဆင့်တွင်ရှိပြီး ထိုဂိုဏ်းသည် ဂိုဏ်း၏ စွမ်းအားကြောင့်မဟုတ်ဘဲ အလွန်စိတ်ကူးယဉ် ဆန်လွန်းသောကြောင့် တတိယအဆင့် တွင် သတ်မှတ်ခံရခြင်း ဖြစ်ပါသည်။ သူတို့၏ တပည့်တွေမှလွဲရင် သူတို့ဂိုဏ်း မည်သည့်နေရာမှာရှိနေလဲဆိုသည်ကို မည်သူမှ မသိကြပါဘူး၊ ထို့အပြင် သူတို့ဂိုဏ်းမှာ ကျွမ်းကျင်ပညာရှင် မည်မျှရှိသနည်းဆိုသည်ကို မည်သူမှ မသိကြပေ။
သို့သော်လည်း လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းသည် တပည့်များကို လေ့ကျင့်ပေးရန် တစ်ကြိမ်တစ်ခါ စေလွှတ်ခဲ့ဖူးသည်။ ဤတပည့်များအားလုံးသည် အရည်အချင်းရှိကြ ပြီး ထူးချွန်လွန်းသောကြောင့် လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းသည် ပါရမီရှင်ဂိုဏ်းဟူသော နောက်ထပ် အမည်တစ်ခုရရှိထားသည်။ လျှို့ဝှက်ဆန်းကြယ်ဂိုဏ်း၏တပည့်များသည် ပြိုင်ဘက်ကင်းပါရမီရှင်များဖြစ်သည်ဟု ဆိုလိုပါသည်။
"မပြန်တော့ဘူး!" ဟောင်ခွန်က မတုန့်ပြန်ခင် ခဏလောက် တုံ့ဆိုင်းသွားခဲ့သည်။
ချင်ယွင်သည် မည်သည့်စကားမှ ဆက်မပြောတော့ဘဲ ရန်စီချီနှင့် သူ၏အစ်မ လျူရန်ယွင်ကို ရှာတွေ့ပြီးနောက် အရှေ့မြောက်အရပ်ရှိ ဟောင်ကလန်ကို အတူတူ သွားကြမည်ဟု သူ၏စိတ်ထဲမှာ ဆုံးဖြတ်ထားဆဲဖြစ်ပါသည်။ ယခုမပြန်ခြင်းကလည်း ကောင်းပါသည်။ ထိုသို့မဟုတ်လျှင် ဟောင်ခွန်သည် သူ့ကို စိုးရိမ်နေရလိမ့်မည်။
ချင်ယွင်တို့ လက်ရှိတည်းခိုနေထိုင်သော ကြယ်ပင်လယ်မြို့သည် ကောင်းကင်နဂါး တိုက်ကြီး၏ အနောက်မြောက်ဒေသပိုင်ဖြစ်ပြီသည်။ ဆိုလိုသည်မှာ ဤနေရာသည် အနောက်မြောက်ဘက်အရပ်ရှိ ချီကလန်၏ နယ်မြေ ဖြစ်ပါသည်။
ချီကလန်အကြောင်းပြောသည်နှင့် ချင်ယွင်သည် ချီရှောက်ယန်းအကြောင်းကို တွေးနေမိသည်။ ထိုအချိန်တုန်းက ချီရှောက်ယန်းသည် ရန်စီချီ၏အလှအပပေါ်မှာ တပ်မက်ခဲ့ပြီး ချင်ယွင်ကြောင့် သူ၏ဒန်တန်နှင့် အောက်ပိုင်းအဝှာကို သုံးစားမရ ဖြစ်စေခဲ့သည်။ အချိန်အတော်ကြာပြီးနောက်၊ ချီသခင်လေး၏ သုံးစားမရဖြစ်သွားသော ဒန်တန်နှင့် ခန္ဓာကိုယ်အောက်ပိုင်းသည် အချိန်ကြာမြင့်စွာကတည်းက ပြန်လည် ကောင်းမွန်လာ သင့်သည်ဟု ခန့်မှန်းရသည်။
ချီကလန်သည် အလွန်အစွမ်းထက်ပြီး ချီရှောက်ယန်းသည် ချီကလန် ကလန်ခေါင်းဆောင်၏ သားဖြစ်သည်။ သူ့အတွက် အံ့ဖွယ်ဆေးဝါးတွေ သောက်သုံးရခြင်း မရှိဘူးဆိုသည်မှာ မဖြစ်နိုင်ပါဘူး။ ချီရှောက်ယန်းသည် အရင်လို မာနကြီးနေသေးလား သူ မသိပါဘူး။
ချင်ယွင်သည် ချီရှောက်ယန်းအကြောင်းကို ဆက်မတွေးတော့ပါဘူး။ ချီရှောက်ယန်းက သူ့ကို မနှောင့်ယှက်သရွေ့ သူသည် ချီကလန်ကို ပြဿနာရှာမှာ မဟုတ်ပါဘူး။
လောလောဆယ်မှာ သူတို့သည် အရှေ့တောင်အရပ်ကို သွားနေပါသည်။ ခရမ်းလေး၏ အငွေ့အသက်သည် လက်ရှိတွင် အရှေ့တောင်ဘက်ဒေသတွင် ရှိနေကြောင်း သူ ခံစားမိသည်။ ချန်မင်ရှီသည် အရှေ့တောင်ဘက်အရပ်ရှိ ချန်ကလန်ဆီသို့ ရန်စီချီကို ခေါ်ဆောင်သွားသင့်သည်ဟု ချင်ယွင် ခန့်မှန်းလိုက်သည်။
ဘန်း…..!
သို့သော် ဤအခိုက်အတန့်တွင် ကောင်းကင်ယံမှ ပြင်းထန်သော စွမ်းအင်အတက်အကျ လှိုင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ဧရာမအင်မော်တယ်အဆင့် သဘောင်္ကြီးတစ်စင်းသည် လေထဲသို့ ဖြည်းညှင်းစွာ ပျံသန်းလာပြီး ကြီးမားသော အရိပ်တစ်ခု ဖုံးလွှမ်းသွားသည်။
"အဆင့်နိမ့်အဆင့် ပျံသန်းနိုင်တဲ့ အင်မော်တယ်ပစ္စည်းလား?" ချင်ယွင်သည် အံ့သြသွားသည့် အမူအရာကို ထုတ်ဖော်လိုက်မိ၏။ ပျံသန်းနိုင်သော အင်မော်တယ် အဆင့်ပစ္စည်းအမျိုးအစားသည် အင်မော်တယ်ကမ္ဘာတွင် အလွန်အသုံးများသော်လည်း၊ ၎င်းသည် သေမျိုးကမ္ဘာတွင် အလွန်ရှားပါးသော အရာတစ်ခု ဖြစ်သည်။ ယခုလို ပျံသန်းနိုင်သော အင်မော်တယ်အဆင့်ပစ္စည်း အမျိုးအစားကို စမ်းသပ်မောင်းနှင် နိုင်သူများသည် ထူးခြားသော အဆင့်အတန်းတစ်ခုကို ရှိနေသည်မှာ သေချာပါသည်။
အခန်း (၅၂၀) ချီရှောက်ယန်းနှင့်ပြန်လည်တွေ့ဆုံခြင်း။
"ဒီအင်မော်တယ်သင်္ဘောကို မောင်းနှင်နေတာ အတိအကျ ဘယ်သူလဲ။ ဒီလိုပစ္စည်းမျိုး ကို မင်းက ဘယ်လိုသတ္တိမျိုးနဲ့ ထုတ်ပြရဲရတာလဲ" ချင်ယွင်သည် ကောင်းကင်ယံမှာ လွင့်မျောနေသည့် အင်မော်တယ်သင်္ဘောကြီးကို ကြည့်ရင်း ပြောလိုက်ပါသည်။
အင်မော်တယ်သင်္ဘောတစ်စင်းသည် ပုံမှန်အားဖြင့် အမြင့်ပေ မီတာတစ်သောင်းအထိ ပျံသန်းနိုင်ပြီး ၎င်း၏အမြန်နှုန်းမှာ အလွန်မြန်ဆန်သည်။ သို့သော် ဤအင်မော်တယ် သင်္ဘောသည် မြေပြင်မှ မီတာရာပေါင်းများစွာနိမ့်သော အမြင့်၌သာ ပျံသန်းနေခဲ့သည်။ ထို့အပြင် ၎င်း၏ ပျံသန်းမူအမြန်နှုန်းမှာလည်း အလွန်နှေးကွေးနေသေး၏။ လူအများ၏ အာရုံစိုက်ခံရမူကို ဆွဲဆောင်ရန်နှင့် စျေးကွက်ကို ချဲ့ထွင်ဖို့ဆိုသည်မှာ ထင်ရှားလှ ပါသည်။
မျှော်လင့်ထားသည့်အတိုင်း၊ ဤအင်မော်တယ်သင်္ဘောကြီး၏ ထွက်ပေါ်လာမူသည် မြို့သူမြို့သားများအကြား စိတ်ဝင်စားမူကို ဖြစ်ပေါ်စေခဲ့ပါသည်။
ပတ်ဝန်းကျင်မှ ကျင့်ကြံသူများသည် ကောင်းကင်ယံတွင် တစ်စတစ်စ လွင့်မျောနေသော ဧရာမ အင်မော်တယ်သဘောင်္ကြီးကို ကြည့်ရန် သူတို့၏ခေါင်းတွေကို မော့ထားကြပြီး သူတို့၏မျက်နှာများသည် သဘောကျမှုများနှင့် ပြည့်နှက်နေသည်။
"ဝိုး၊ ဒီသင်္ဘောကြီးက တကယ်ပဲ ကောင်းကင်မှာ ပျံသန်းနိုင်တာပါလား။ ဒီသင်္ဘောကြီးက အင်မော်တယ်ပစ္စည်းဖြစ်ရမယ် ဟုတ်တယ်မလား။ အဲဒါကို ဘယ်သူက မောင်းနှင်နေတာပါလိမ့်။" ချင်ယွင်တို့နှင့် မနီးမဝေးရှိ ကျင့်ကြံသူ တစ်ယောက်သည် အံ့အားသည့်အမူအရာနှင့် ပြောလိုက်ပါသည်။
"မင်းက အဲဒါကိုတောင် မသိဘူးလား၊ အဲဒီသင်္ဘောပေါ်မှာ “ချီ”ဆိုပြီး စာလုံးအကြီးကြီးနဲ့ ရေးထားတာကို မင်း မတွေ့ဘူးလား... ။ အဲဒါက ချီကလန်ရဲ့ အင်မော်တယ်သင်္ဘောကြီးပေါ့ကွ၊။ အဲဒီသင်္ဘောပေါ်မှာ ထိုင်နေတဲ့လူက ချီကလန်ရဲ့ အကြီးဆုံး သခင်လေးဖြစ်ရင်ဖြစ် ဒါမှမဟုတ် ချီကလန်ရဲ့ ဒုတိယသခင်လေး ဖြစ်ရမယ်။ " အခြား ကျင့်ကြံသူတစ်ဦးက ပြောသည်။
ထိုတူညီသောစကားဝိုင်းမျိုးသည် တစ်ချိန်တည်းတွင် လမ်းကြောင်းများအားလုံးတွင် ဖြစ်ပေါ်လာပြီး လူတိုင်းကလည်း အလွန်အမင်း လေစားအားကျသည့် အမူအရာများကို ထုတ်ဖော်နေကြပါသည်။
ထိုသူတို့စကားပြောသံကိုကြားလိုက်ရလျှင် ချင်ယွင်သည် သူ၏စိတတ်ဝိညာဉ် စွမ်းအားကို ထုတ်လွှတ်ကာ အင်မော်တယ်သင်္ဘောကြီးဆီသို့ စူးစမ်းလိုက်စဉ် အံ့အားသင့်သည့် အမူအရာ ပေါ်လာပါသည်။
ကံကောင်းထောက်မစွာပင်၊ သူသည် စုံစမ်းစစ်ဆေးမိသွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် ချင်ယွင်၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပါသည်။ အဘယ့်ကြောင့်ဆိုသော် ထိုအင်မော်တယ်သင်္ဘောကြီးပေါ်တွင် သူ၏ အသိအကျွမ်းဟောင်းကြီး ဖြစ်သော ချီရှောက်ယန်းသည် အမှန်တကယ် ရှိနေသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်ပါသည်။
ချင်ယွင် ရုတ်တရက် ရယ်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။ သူနှင့် ချီရှောက်ယန်းတို့၏ ကံကြမ္မာသည် တကယ်ကို ပေါ့ပေါ့သေးသေး မဟုတ်ခဲ့ပါဘူး။ သူသည် ချီရှောက်ယန်း၏ နယ်မြေထဲကို ယခုလေးတင်မှ ရောက်တုန်းရှိပါသေးသည်။ သူသည် ချီရှောက်ယန်းထံ တည့်မတ်စွာ ပြေးဝင်မိလိမ့်မည်ဟု သူ မမျှော်လင့်ထားဘူး။ ချင်ယွင်၏ ကံတရားကဘဲ ကောင်းနေသလား၊ သို့မဟုတ် ချီရှောက်ယန်း၏ကံတရားဘဲ အရမ်းကို ဆိုးရွားနေလား? သူ တကယ်မသိတော့ပါဘူး။
"ဟောင်ခွန်၊ ငါတို့ကိုယ်တိုင် ပျံသန်းသွားဖို့ မလိုအပ်တော့ဘူး ထင်တယ်" ချင်ယွင်က ဟောင်ခွန်ဘက်ကို လှည့်ကြည့်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
ချင်ယွင်၏စကားကို ကြားသောအခါ ဟောင်ခွန်သည် အံ့ဩသွား၏။ ထို့နောက် ချင်ယွင်၏ဆိုလိုသဘောသည်ကို နားလည်သွားပုံရပြီး သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
သူတို့နှစ်ယောက်၏ခန္ဓာကိုယ်သည် အလင်းတန်းများနှင့်အတူ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။
ထိုအခိုက်အတန့်တွင် ဤအင်မော်တယ်သင်္ဘောကြီး၏ အခန်းထဲသည် ပျော်ပျော် ရွှင်ရွှင် ရယ်မောသံများဖြင့် ပြည့်နှက်နေပါသည်။
ဇိမ်ခံပိုးထည်အ၀တ်အစားများ ဝတ်ဆင်ထားသော လူငယ်နှစ်ဦးသည် အခန်းအတွင်းမှာ ထိုင်ကာ အရက်သောက်ရင်း စကားစမြည် ပြောဆိုနေကြပါသည်။ သူတို့နှစ်ယောက်အနီး ဝန်းကျင်မှာ အမျိုးသမီးကချေသည်တွေ ရှိနေကြသည်။ ထိုအမျိုးသမီးများ အားလုံးသည် လှပချောမောကြပြီး ပိန်ပိန်ပါးပါးဖြင့် ကိုယ်လုံး ကိုယ်ပေါက်ကလည်း အချိုးအစားကျလှသည်။ အရေးအကြီးဆုံးကတော့ သူမတို့ အားလုံးသည် ပါးလွှာသော အဝတ်စားအလွှာများကိုသာ ၀တ်ဆင်ထားကြပါသည်။
ထိုအမျိုးသမီးများတွင် တစ်ချို့က ထိုလူငယ်နှစ်ယောက်အတွက် ဝိုင်လောင်းထည့် ပေးကြသည်။ တစ်ချို့က ပုခုံးတွေပွတ်ပြီး ကျောကုန်းကို ခပ်ဖွဖွထုပေးကြပါသည်။ တစ်ချို့က သူမတို့အင်္ကျီလက်မောင်းတွေကို ဝှေ့ယမ်းပြီး ကခုန်နေကြနေသည်။ ထိုမြင်ကွင်းက ဖော်မပြနိုင်အောင်ပင် သာယာလှပနေပါသည်။
လူငယ်နှစ်ဦးသည် စကားစမြည်ပြောရင်း ရယ်မောနေကြ၏။ သူတို့သည် ရံဖန်ရံခါ ဝိုင်ခွက်ကို မော့သောက်ကြပြီး ရံဖန်ရံခါ သူတို့အနားရှိ လှပသောအမျိုးသမီးများကို ကလူကျီစယ်ပြီး သူမတို့ကို အမျက်ဒေါသထွက်အောင် တို့ဆိတ်တတ်သည်။
"ဟား…။ဟား…..၊ အစ်ကိုလင်းဖန်၊ ငါ့ရဲ့ အင်မော်တယ်သင်္ဘောပုံစံကို ကြည့်လိုက်စမ်း။ အစ်ကိုလင်းဖန်းအနေနဲ့ လွတ်လွတ်လပ်လပ် သောက်နိုင်ပြီး လွတ်လွတ်လပ်လပ် စကားပြောနိုင်တယ်။ ပြီးတော့ အစ်ကိုလင်းဖန်နဲ့အတူရှိပေးမယ့် အလှလေးတွေလည်း ရှိနေတယ်။ အစ်ကိုလင်းဖန်ရဲ့ခရီးစဉ်ကို အချိန်ဆွဲသင့်တယ်မလား။ ဘယ်လောက် တောင်မှ ဇိမ်ကျလိုက်လဲဆိုတာ ပြောစရာတောင် မလိုတော့ဘူး။ အောက်က အရူးကောင်တွေကတော့ အံသြနေလောက်ပြီ။ ." ချီရှောက်ယန်းသည် သူ၏လက်ထဲက ဝိုင်အားလုံးကို မော့သောက်ပြီး သူ့ဘေးမှာ ထိုင်နသော လူငယ်ကို ကျယ်လောင်စွာ ရယ်မောပြီး ပြောလိုက်ပါသည်။
"မင်းတို့ရဲ့ အင်မော်တယ်သင်္ဘောကြီးက တကယ်ကို ကြည်နူးစရာပါပဲ။ ငါ တစ်ယောက်တည်း ပျံသန်းသွားလာရတာထက် ပိုပြီးသက်တောင့်သက်သာရှိသလို ပိုပြီးတော့လည်း ပေါ့ပါးတယ်။ ဒီအင်မော်တယ်သင်္ဘောကြီးကို မင်းအဖေ ပိုင်တာလား။ မင်း အင်မော်တယ်သင်္ဘောကြီးကို ရရှိအောင် ဘယ်လို စီစဉ်ခဲ့တာလဲ။" လင်းဖန် ဟုခေါ်သော ထိုလူငယ်သည် ချောမောလှပသော အမျိုးသမီးကို ပွေ့ချီရင်း ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။
"ဟား….၊ဟား ဟုတ်သားပဲ။ ဒီအင်မော်တယ်သင်္ဘောကြီး ငါ့အဖေရဲ့ ရတနာပေါ့။ ငါ မင်းကိုပြောမယ်။ ဒီသင်္ဘောကြီးကို ငါ့အဖေဆီက ရအောင်ယူဖို့ ငါအများကြီး ကြိုးစားခဲ့ရတာ" တကယ်လို့ ငါသာ ဒီတစ်ခါ တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်ကို မဖြတ်ကျော်နိုင်ခဲ့ရင်၊ ငါ့အဖေက ငါ့ကို ပေးမှာမဟုတ်ဘူး။ ရှောင်ယန်ဂိုဏ်းရဲ့ ဂိုဏ်းသခင်လေးကို မင်္ဂလာဆောင်လက်ဖွဲ့အတွက် လက်ဆောင်ပေးဖို့ ငါ့အဖေက ငါ့ကို ပို့ခိုင်းလိုက်တာ။ ဒီအင်မော်တယ်သင်္ဘောကြီးက အသုံးဝင်ပါလိမ့်မယ်။ သေချာတာက၊ ငါက အစ်ကိုလင်းဖန်နဲ့ ဒီလိုကောင်းတဲ့အရာတစ်ခုကို ဝေမျှပေးတာပါ။ အစ်ကိုလင်းဖန်က ဂိုဏ်းသခင်လေးရဲ့ရှေ့မှာ ငါ့အတွက် စကားကောင်းကောင်း ပြောပေးနိုင်မယ်လို့ ငါ မျှော်လင့်ပါတယ်။" ချီရှောက်ယန်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ၏လက်တွေက အလွန့်အလွန် ရိုးသားခြင်းမရှိဘဲ သူ၏ဘေးနားမှ အမျိုးသမီးအပေါ်မှာ လှည့်ပတ်လှုပ်ရှားနေရင်း ထိုအမျိုးသမီးကို စိတ်ညွတ်တိမ်းသည်အထိ ဖြစ်စေသည်။
"ဟား…။ ဟား၊ ပြောပေးရတာ လွယ်လွယ်လေးပါ။ ငါတို့ရဲ့ ဂိုဏ်းသခင်လေး မင်္ဂလာပွဲ မတိုင်ခင် ရက်ပေါင်းနှစ်ဆယ်လောက် လိုပါသေးတယ်။ ခရီးထွက်ရင်းနဲ့ ရှုခင်းတွေ ဘာတွေ ကြည့်ကြရအောင်။ ဂိုဏ်းသခင်လေးရဲ့ မင်္ဂလာပွဲအမီ ရောက်နိုင်ဖို့ ခန့်မှန်းလို့ ရပါတယ်။ အဲဒီအချိန်ရောက်ရင် ငါက ညီလေးရှောက်ယန်းကို ဂိုဏ်းသခင်လေးနဲ့ မိတ်ဆက်ပေးပါမယ်၊ ဂိုဏ်းသခင်လေးက ညီလေးရှောက်ယန်းကို အရမ်း သဘောကျ မယ်ဆိုတာ ငါသေချာပေါက် ပြောရဲပါတယ်။” လင်းဖန်က ရယ်သည်။
"ကျေးဇူးတင်ပါတယ် အစ်ကို လင်းဖန်" ချီသခင်လေး၏ မျက်နှာသည် စိတ်လှုပ်ရှားမှု အပြည့် ဖြစ်နေပြီး လင်းဖန်ကို ကျေးဇူးတင်ကြောင်း အဆောတလျင် ပြောလိုက်သည်။
"မဟုတ်တာ၊ မဟုတ်တာ၊ ညီလေးရှောက်ယန်းက စိတ်ထဲထားစရာ မလိုပါဘူး။" လင်းဖန်က ရယ်မောလိုက်သည်။
"စကားမစပ်၊ အစ်ကိုလင်းဖန်၊ ဒီတစ်ကြိမ်မှာတော့ ဂိုဏ်းသခင်လေးက ချန်ကလန်ရဲ့ အကြီးဆုံးသခင်မလေး ချန်မင်ရှီနဲ့ လက်ထပ်တော့မယ်လို့ ငါကြားထားတယ်။ ချန်မင်ရှီက ကောင်းကင်နဂါးတိုက်ကြီးရဲ့ အကြီးမြတ်ဆုံး အလှပိုင်ရှင်လေးယောက်ထဲ က တစ်ယောက်အဖြစ် အမြဲတမ်း အဆင့်သတ်မှတ်ခံရတယ်။ ဒါပေမယ့် လူအနည်း ငယ်ကသာ သူမရဲ့ ရုပ်ရည်အစစ်အမှန်ကို မြင်ဖူးကြတယ်။ အစ်ကိုလင်းဖန်ကရော သူမရဲ့ရုပ်ရည်အစစ်မှန်ကို မြင်ဖူးလားလို့ ငါ သိချင်မိတယ်။ သူမက ကောလာဟလ ပြောနေကြတဲ့အတိုင်း လှရောလှရဲ့လား” ချီရှောက်ယန်းက စိတ်ဝင်တစား မေးလိုက် သည်။
"ဟင်….။ ငါ သူမကို ဘယ်လိုလုပ် မြင်ဖူးပါ့မလဲ၊ ငါတို့ရဲ့ဂိုဏ်းသခင်လေးတောင်မှ မမြင်ဖူးသေးဘူး" လင်းဖန်က သက်ပြင်းချလိုက်ပါသည်။
"ဒါတောင် ဂိုဏ်းသခင်လေးကလည်း သူမကို လက်ထပ်ဝံ့တယ်ပေါ့။ တကယ်လို့ ချန်မင်ရှီရဲ့ရုပ်ရည်အသွင်အပြင်က သူ့နာမည်ကြီးတဲ့အတိုင်း မလိုက်လျောညီထွေ ဖြစ်မနေဘူးဆိုရင် ဂိုဏ်းသခင်လေးက ကြီးမားတဲ့ ဆုံးရှုံးနစ်နာမူကြီးကို ခံစားရမှာ မဟုတ်ဘူးလား။" ချီရှောက်ယန်းက အံ့သြစွာ မေးလိုက်ပါသည်။
"ဟမ့်၊ ဂိုဏ်းသခင်လေးကို မင်းနဲ့အတူတူပဲလို့ ထင်နေတာလား? မင်းက မိန်းမတွေ အကြောင်းပဲ စဉ်းစားနေတာလေ။ ဂိုဏ်းသခင်လေးက ကြီးကျယ်ခမ်းနားတဲ့ အရာတွေကို လုပ်နေတဲ့သူ။ ချန်ကလန်ရဲ့ အကြီးဆုံး သခင်မလေးကို လက်ထပ်ရာမှာ သူ့ကိုယ်ပိုင် ရည်ရွယ်ချက်ရှိတွေ ရှိနေတယ်။ ချန်မင်ရှီရဲ့အလှက ကောလာဟလတွေနဲ့ မကိုက်ညီဘူးဆိုရင် သူမရဲ့ချန်ကလန်က ဂိုဏ်းသခင်လေးရဲ့ဒေါသကို ခံယူဖို့ စောင့်ဆိုင်းနေရလိမ့်မယ်။” လင်းဖန်က အထင်သေးဟန်ဖြင့် ပြောသည်။
ဂိုဏ်းသခင်လေး၏အမြင်တွင်၊ မျိုးနွယ်စုကြီးလေးခုနှင့် ချီကလန်၏ ဒုတိယသခင်လေး သည် ခွေးတစ်ကောင်ထက် မပိုပေ။
"ဟုတ်…. ဟုတ်ကဲ့ပါ။ အစ်ကိုလင်းဖန်၊ ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ။ ကျွန်တော်က မျက်စိမှုန်နေလို့ပါ။ ဂိုဏ်းသခင်လေးရဲ့ ထက်မြက်မှုကို သဘာဝအတိုင်း ငါလို လူ့ပေါ်ကြောတစ်ယောက်က နားလည်နိုင်တဲ့ အရာမဟုတ်ပါဘူး" ချီရှောက်ယန်း က သူ၏ဖန်ခွက်ကို အမြန်မြှောက်ပြီး တောင်းပန်လိုက်သည်။
သို့သော်လည်း သူသည် စိတ်နှလုံးထဲတွင် အေးစက်စွာ ဟစ်အော်ရင်း "ဟမ့်၊ လင်းဖန်၊ မင်းကိုယ်တိုင်ကရော ရှောင်ယန်ဂိုဏ်း ဂိုဏ်းသခင်လေးရဲ့ လက်ပါးစေတစ်ယောက်ပဲ မဟုတ်လား" ဒါ့အပြင်၊ မင်းက စင်ပေါ်တက်နိုင်မည့် လူစားမျိုးလည်း မဟုတ်ဘူး။ မင်းရဲ့ အသုံးဝင်မှုကြောင့်သာ ဒီအဖေက မင်းကို မျက်နှာသာပေးနေတာကွ။ မင်းက ငါ့ရှေ့လာပြီး ငါ့ကို ပြစ်တင်ဝေဖန်ရဲတယ်ပေါ့။ ငါ ဂိုဏ်းသခင်လေးနဲ့ ရင်းနှီးတဲ့အချိန် ရောက်ရင် ငါ မင်းကို သေချာပေါက် သင်္ခန်းစားပေးဦးမယ်။”။
လင်းဖန်က အထင်ဟန်ဖြင့် ရယ်မောလိုက်သည်။ ချီရှောက်ယန်းက သူ့ကို အသုံးချနေ မှန်း သူ မည်သို့ မသိဘဲ နေမည်နည်း။ အခုလောလောဆယ်မှာ သူသည်လည်း ချီရှောက်ယန်းကို အသုံးချနေသည်။
'ညီလေး ရှောက်ယန်း၊ မင်း ထျန်းယွန်တိုက်ကြီးကို သွားတုန်းက မင်းဟာ ဆိုးဝါးတဲ့ အချိန်တွေ ကြုံတွေ့ခဲ့ရတယ်လို့ ငါကြားမိပါတယ်။ မင်းရဲ့ဒန်တန်နဲ့ မင်းရဲ့ အသက်သွေး ကြောကြီး ကြေကွဲသွားတယ်ဆို။ အဲဒီလူက ထျန်းယွန်တိုက်ကြီးက လူတစ်ယောက်လို့ ပြောကြတယ်။ ညီလေးရှောက်ယန်း မင်းက ဘာလို့ ဒီလောက် ဂရုမစိုက်ဘဲ နေခဲ့ရတာလဲ။” လင်းဖန်က မျက်ခုံးပင့်ကာ သရော်ဟန်ဖြင့် ပြောလိုက်ပ ါသည်။
ချီရှောက်ယန်းသည် လင်းဖန်၏ စကားကိုကြားသောအခါ သူ၏မျက်လုံးထဲတွင် ဒေါသအရိပ်အယောင်များ တောက်ပသွားသည်။ ဤသည်မှာ သူ၏တားမြစ်ချက် ဖြစ်သည်။
"ဟမ့်၊ အဲဒါက ငါ သတိလက်လွတ်ဖြစ်သွားခဲ့လို့ပါ။ တကယ်လို့ ငါသာ အဲဒီကောင်လေး နဲ့ ပြန်တွေ့ခဲ့ရင် ငါ သူ့ကို အရေခွံခွာပြီး၊ သူ့ရဲ့အရွတ်တွေကို ဆွဲထုတ်ပစ်ပြီး၊ သူ့ကို အပိုင်းပိုင်းဖြတ်ကာ ငါးစာကျွေးဖို့ ပင်လယ်ထဲ ပစ်ချလိုက်မယ်။" ချီရှောက်ယန်းက ဒေါသတကြီး ပြောသည်။
"တကယ်လား?"
သို့သော် ဤအခိုက်အတန့်တွင် အခန်းအပြင်ဘက်မှ ရွှတ်နောက်နောက်အသံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် လူငယ်တစ်ဦးနှင့် အသက်လတ်ပိုင်းအရွယ် လူတစ်ဦး သည် အခန်းအပြင်ဘက်မှ ဝင်လာပါသည်။ ထိုလူငယ်၏ ပါးစပ်ထောင့်တွင် ကျီစယ်လိုသော အပြုံးတစ်ခု ခိုတွဲနေသည်။
"မင်းပါလား…!" ချီရှောက်ယန်းသည် ထိုလူငယ်ကို မြင်သောအခါတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်တစ်ခု ထွက်ပေါ်လာသည်။