← Chapters

အခန်း (၅၂၁-၅၂၅)

Vol. 35 Ch. 521-525

အခန်း (၅၂၁-၅၂၅)

Vol. 35 Ch. 521-525

အခန်း (၅၂၁) လွှင့်ပစ်ခြင်း။

"မင်း သူ့ကို သိလို့လား?" ဘေးမှာ ရှိနေသည့် လင်းဖန်သည်လည်း ထိုလူနှစ်ယောက်ကို တွေ့လိုက်ရလျှင် အံ့သြသွားပါသည်။ သူက ချီရှောက်ယန်းဘက်ကို လှည့်ပြီး မေးလိုက် သည်။

"သူပြာဖြစ်သွားရင်တောင် ငါသိတယ်ကွ" ချီရှောက်ယန်းသည် ထိုပေါ်လာသည့် လူငယ်ကို စူးစူးစိုက်စိုက် ကြည့်နေရင်း သူ၏သွားကြားထဲမှ စကားတစ်ခွန်းကို ညှစ်ထုတ်လိုက်သည်။ ကြီးမားလှသော အမုန်းတရားများက သူ၏နှလုံးသားထဲမှ ထွက်ပေါ်လာသည်။

ချင်ယွင်သည် သူ၏ဒန်တန်ကို သုံးစားမရအောင်လုပ်ခဲ့ပြီး သူ၏ကိုယ်အောက်ပိုင်း ကိုလည်း ဖြတ်တောက်ခဲ့သည်။ ဤအရာသည် သူ၏ဘ၀တစ်လျှောက်လုံး အကြီးမားဆုံး အရှက်ရမှု ဖြစ်ပါသည်။ သူသည် မည်သို့ မေ့ပစ်နိုင်မည်နည်း..?

ချင်ယွင် သူ့အပေါ်ကျူးလွန်ခဲ့သော နာကျင်မူတွေကို ပြန်သတိရတိုင်း သူ၏ နှလုံးသားထဲမှာ အမုန်းတရားတွေက မြစ်တစ်စင်းလို စီးဆင်းနေပါသည်။

အကယ်၍ သူ၏ခန္ဓာကိုယ်သည် နောက်ပိုင်းတွင် သက်သာသွားသော်လည်း ချင်ယွင်ချန်ထားခဲ့သော အရိပ်မည်းကြီးကတော့ ဖျောက်ဖျက်၍ မရပါတော့ချေ။ ထျန်ယွန် တိုက်ကြီးမှ ပြန်လာပြီးနောက် သူသည် သူ့ကိုယ်တိုင် လက်စားချေရန် အမြဲလိုလာခဲ့သည်။

သို့သော်လည်း သူ၏အဖေက သူ့ကို ထျန်းယွန်တိုက်ကြီးဆီ ပြန်သွားခွင့်မပေးတော့ဘဲ ရှောင်ယန်၏ ဂိုဏ်းသခင်လေး မင်္ဂလာပွဲမပြီးမချင်း သူ့ကို အိမ်မှာ ထားခဲ့ပါသည်။

သို့သော် သူသည် အိမ်မှထွက်လာပြီး မကြာမီ ချင်ယွင်နှင့်တွေ့ဆုံရမည်ဟု မမျှော်လင့်ခဲ့ပေ။

ချီရှောက်ယန်းသည် ချင်ယွင်ကို စိုက်ကြည့်နေစဉ်မှာ၊ ချင်ယွင်၏ မျက်လုံးများက အခန်းတွင်းကို ကြည့်နေသည်။

ဤအင်မော်တယ်သင်္ဘောကြီး၏အခန်းသည် အတော်လေး ကျယ်ဝန်းသည်ဟု ဆိုရပေ မည်။ စတုရန်းမီတာတစ်ရာလောက် ကျယ်ဝန်းပြီး အတွင်းပရိဘောဂတွေကလည်း အတော်လေး တန်ဖိုးကြီးပေသည်။

အလှမယ်တွေကလည်း အပြင်လူတစ်ယောက် ဝင်လာသည်ကိုမြင်ရလျှင် သူမတို့၏ ခန္ဓာကိုယ်ကို ဖုံးဖိရန်အတွက် ပါးလွှာသောပိတ်ကျဲစ အဝတ်အစားလေးများကို ချက်ချင်း အသုံးပြုလိုက်ကြသည်။ သို့သော်လည်း ပိတ်ကျဲစအဝတ်များသည် ပါးလွှာပြီး ထွင်းဖောက်မြင်နိုင်သည်။ မည်သို့ပင်ဆိုစေကာမူ ပိတ်ကျအဝတ်များသည် သူမတို့၏ လက်ရာမြောက်ပြီး လှပသော ခန္ဓာကိုယ်ကိုတော့ မဖုံးကွယ်နိုင်ပါပေ။

ချင်ယွင်က သူ၏နှလုံးသားထဲမှာ လှောင်ရယ်နေမိခဲ့သည်။ ဤချီရှောက်ယန်းသည် အမြဲတမ်း မာနကြီးပြီး အလိုရမ္မက်ကျူးသူဖြစ်သည်။ သူ၏ခရီးမှာ သူနှင့်အတူ လိုက်ပါလာ ရန်အတွက် အလှမယ်အုပ်စုကြီးကိုတောင် ရှာဖွေထားခဲ့သည်။ ဤအမျိုးသမီးများ၏ သာမန်ထက်ထူးခြားသော ရုပ်ရည်အသွင်အပြင်ကို ကြည့်မည်ဆို လျှင် သူမတို့၏ ကျင့်ကြံမူအဆင့်က မနိမ့်ကျပါဘူး။ သူမတို့သည် သိုင်းဂိုဏ်းချုပ် နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။ ချီရှောက်ယန်းက သူ၏ကိုယ်ပိုင်ဖျော်ဖြေမှု အတွက် သူမတို့ကို အထူးစုဆောင်းထားခြင်း ဖြစ်ရပေမည်။

'"ဟမ့်၊ ငါ တကယ်ကို တကူးတက သွားရှာစရာမလိုတော့ဘူးပဲ။ ဘာမှ သိပ်အား စိုက်ထုတ်စရာဘဲ မင်းက ဒီကို ရောက်လာခဲ့တယ်။ ငါ မင်းကိုရှာဖို့ ထျန်းယွန်တိုက်ကို သွားစရာမလိုတော့ဘူး။ ဒါ့အပြင် မင်းကိုယ်တိုင်က ကောင်းကင်နဂါးတိုက်ကြီးကို တကယ် ရောက်လာခဲ့တယ်။ ဒီလိုဆိုမှတော့ မင်းအနေနဲ့ အသက်လျက် မပြန်နိုင်တော့ဘူး။" ချီရှောက်ယန်းသည် အေးစက်စွာ အော်ပြောလိုက်ပြီး သူ၏ ပါးစပ်ထောင့်မှ မထီမဲ့မြင်ပြုသည့် အရိပ်အယောင် ထွက်ပေါ်လာသည်။

သူ၏လက်ချောင်းကို ဆတ်ခနဲလှုပ်ရှားလိုက်သည်နှင့် သူ၏လက်ထဲမှ ဝိုင်ခွက်သည် ချက်ချင်းဆိုသလို ပေါက်ကွဲထွက်ကာ ပစ်လွှတ်သွားခဲ့ပြီး ချင်ယွင်ဆီသို့ ပြင်းထန်သော ဝိညာဉ်စွမ်းအင် အတက်အကျလှိုင်းများကို သယ်‌ဆောင်သွားသည်။

တစ်ချိန်တည်းမှာပင်၊ ချီရှောက်ယန်း၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် သူ၏ထိုင်ခုံမှ ထွက်ခွာသွားပြီး ချင်ယွင်ဆီသို့ ဦးတည်သွားခဲ့သည်။

ယခုအချိန်တွင် သူသည် အမုန်းတရားများကြောင့် မျက်ကန်းတစ်ယောက်လို ဖြစ်နေပြီး ချင်ယွင်ကို သတ်ပစ်ရန်သာ ဆန္ဒရှိနေတော့သည်။

ထို့အပြင် သူ၏အမြင်အရဆို ချင်ယွင်သည် ထိုအချိန်တုန်းက သိုင်းဧကရာဇ်နယ်ပယ်၏ ဒုတိယအဆင့် ကောင်းကင်အလွှာတွင်သာ ရှိသေး၏။ ယခုအချိန်မှာ လအနည်းငယ်သာ ကြာသေးပြီး ချင်ယွင်သည် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်ကို ဖြတ်ကျော်ရန်မှာ မဖြစ်နိုင်ပေ။ သူကိုယ်တိုင်ကမူ တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်ကို ဖြတ်ကျော်ပြီး ဖြစ်သည်။ သူ့အနေဖြင့်မူ သိုင်းဧကရာဇ်နယ်ပယ်၏ ဒုတိယအဆင့် ကောင်းကင်အလွှာ ကျွမ်းကျင်သူတစ်ဦးကို သတ်ခြင်းသည် အမှန်တကယ် အသေးအဖွဲ့ကိစ္စလေးတစ်ခုသာ ဖြစ်သည်။

သို့သော် သူသည် အမှန်တကယ်ကို မှားယွင်းနေခဲ့သည်။ ထို့အပြင် ၎င်းသည် ကြီးမားသော အမှားကြီးတစ်ခုလည်း ဖြစ်နေသည်။

ချင်ယွင်သည် လျင်မြန်စွာ နီးကပ်လာနေသော ဝိုင်ခွက်ကို ကြည့်ပြီး မထိန်းနိုင်ဘဲ လှောင်ရယ် ရယ်မောလိုက်မိ၏။

လျှပ်စီးလက်သလို လျင်မြန်သော တိုက်ခိုက်မှုနှင့်အတူ ချင်ယွင်သည် အထွက်အဆင့် သိုင်းဧကရာဇ်တစ်ပါးကိုပင် ပြင်းပြင်းထန်ထန် ဒဏ်ရာရစေနိုင်သော ဝိုင်ခွက်ကို သူ၏ လက်ထဲတွင် ရှောင်တခင် ဆုပ်ကိုင်ထားလိုက်သည်။

ချီရှောက်ယန်းသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အခြေအနေ မကောင်းကြောင်း သူ သဘောပေါက်သွားသည်။ သူသည် သူ၏ အရှိန်အဟုန်ကို အလောတကြီး ရပ်တန့်ကာ နောက်ပြန် ဆုတ်လိုက်ချင်သည်။

"အခုချိန်မှ ပြန်ဆုတ်ဖို့က အရမ်းကို နောက်ကျသွားပုံရပြီ။" ချင်ယွင်က သရော်ဟန်ဖြင့် ရယ်မောလိုက်သည်။ သူသည် ချီရှောက်ယန်း၏ အသွင်အပြင်ကို အတုယူကာ လက်ညှိုးကို ဆတ်ခနဲ လှုပ်ရှားလိုက်သည်။ ဓားဆန္ဒသည် တခဏအတွင်း ပျံ့နှံ့ ထွက်ပေါ်လာသည်။ ဝိုင်ခွက်တစ်ခုလုံးသည် ဓားအလင်းကဲ့သို့ လွင့်ထွက်သွားသည်။ ၎င်း၏ အမြန်နှုန်းသည် ချီရှောက်ယန်းထက် သုံးဆ ပိုမြန်သည်။

"ဖတ်….!"

ဝိုင်ခွက်သည် ချီရှောက်ယန်း၏ ရင်ဘတ်ကို ချွန်ထက်သောဓားကဲ့သို့ ထိုးဖောက် ဝင်ရောက်ပြီး သူ၏နောက်ကျောကို ထိုးဖောက်သွားသည်။ ၎င်းသည် သူ၏ နောက်ရှိ သံမဏိပြားကို ထိမှန်ကာ နစ်မြုပ်သွားခဲ့သည်။ သွေးများစွန်းထင်းနေသေးသော်လည်း ၎င်းမှာ နဂိုအတိုင်း ရှိနေဆဲဖြစ်သည်။

လူတိုင်း အံသြသွားကြသည်။ ပြပွဲကြည့်ရန် ပြင်ဆင်နေသည့် ဘေးနားမှာ ထိုင်နေသော လင်းဖန်သည် ပါးစပ်အပြည့် တံတွေးတစ်လုတ်ကို ဖြည်းဖြည်းချင်း မျိုချလိုက်ရ ပါသည်။ သင်္ဘောကိုယ်ထည်ထဲ နစ်မြုပ်သွားသော နံရံပေါ်မှ ဝိုင်ခွက်ကို ကြည့်ရင်း သူ၏ နှလုံးသားထဲတွင် မထိန်းနိုင်ဘဲ မုန်တိုင်းတစ်ခု လှုပ်ခတ်သွားခဲ့ပါသည်။

"ဒါက ဘယ်လိုကျင့်ကြံမူ အမျိုးစားပါလိမ့်။ လက်ညိုးလေး တချက်လှုပ်ရုံနဲ့ လူတွေကို သတ်နိုင်ပြီလား၊ သူက သေချာပေါက် အမှန်တရားသို့ ပြန်လည်ခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်ရမယ်” လင်းဖန်သည် ထိတ်လန့်သွားလေသည်။ မထင်မရှား လူငယ်တစ်ဦးသည် အမှန်တကယ်ပင် အမှန်တရားသို့ ပြန်လည်ခြင်းနယ်ပယ်၏ ကျွမ်းကျင်သူတစ်ဦး ဖြစ်နေ မည်ဟု သူ မထင်ခဲ့ပေ။ ထိုလူငယ်ကို ပြန်ကြည့်လိုက်ရင်း သူ၏မျက်လုံးတွေက ကြောက်ရွံ့မှုတွေနှင့် ပြည့်နှက်နေသည်။

မူလက သူသည် ချီရှောက်ယန်း၏ စကားကို ကြားခဲ့ရပြီးနောက် ဤလူငယ်သည် ထျန်းယွန်တိုက်ကြီးမှ ဆင်းသက်လာသူဟု သူသိလိုက်သည်။ ချီရှောက်ယန်း၏ ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်ခြင်းကိုခံရတောမည့် လူငယ်အား ကြည့်ရှုရန်အတွက် သူသည် ဘေးတွင် ထိုင်နေခဲ့သည်။ သို့သော် ဤလူငယ်သည် အဆုံးတွင် အမှန်တရားသို့ ပြန်လည်ခြင်းနယ်ပယ် ကျွမ်းကျင်သူဖြစ်နေမည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ယင်းက သူ့အမေကိုပါ ကလော်တုတ်ပြီး ကျိန်ဆဲပစ်ချင်လာမိသည်။

“မင်း ဘယ်လိုလုပ် သန်မာလာရတာလဲ”။

အတုန်လှုပ်ရဆုံးလူမှာ ချီရှောက်ယန်း ဖြစ်သည်။ သူ၏ရင်ဘတ်သည် ဝိုင်ခွက်ဖြင့် ထိုးဖောက်ခံထားရသော်လည်း ၎င်းသည် အရေးကြီးသော နေရာများကို မထိခိုက်စေခဲ့။ သို့သော် သူသည် ချင်ယွင်၏နည်းလမ်းကြောင့် တုန်လှုပ်သွားခဲ့ရပါသည်။

ချင်ယွင်သည် စောစောက သူ၏လက်ကို တမင်တကာ လွဲပစ်လိုက်မှန်း သူ သိသည်။ အကယ်၍ ချင်ယွင်သာ ဆန္ဒရှိခဲ့ပါက၊ ဝိုင်ခွက်သည် သူ၏ဦးခေါင်းနှင့် နှလုံးသားကို ဖောက်ဝင်သွားခဲ့မည်ဆိုလျှင် သူသည် ယခုအချိန်တွင် လုံးဝ ပြိုလဲကျနေပေလိမ့်မည်။

ချင်ယွင်၏ ကျင့်ကြံခြင်းအဆင့်ကို အမှန်တကယ် မမြင်နိုင်တော့ကြောင်း ယခုမှပင် သူ သဘောပေါက်လိုက်သည်။ သိုင်းဧကရာဇ်နယ်ပယ် ဒုတိယဆင့် ကောင်းကင်အလွှာ ကောင်လေးတစ်ယောက်က အဘယ်ကြောင့် ဤမျှ အစွမ်းထက်လာရသည်ကို သူ နားမလည်ပေ။

"ချီရှောက်ယန်း, ချီရှောက်ယန်း, ငါ့ရှေ့မှာ မင်း မာနတွေ အရမ်းကြီးခဲ့တဲ့ အချိန်တုန်းက မင်း အခုလိုနေ့မျိုးကို တွေးခဲ့ဖူးလား။" ချင်ယွင်သည် ချီရှောက်ယန်းဆီသို့ တစ်လှမ်းပြီး တစ်လှမ်း လျှောက်လှမ်းရင်း ပြုံးလျက် ပြောလိုက်သည်။

"ဘာ...ဘာ… မင်း ဘာလိုချင်လို့လဲ။ ချင်ယွင်၊ မင်းကို ငါ ပြောပါရစေ၊ ငါက ချီကလန်ရဲ့ ဒုတိယ သခင်ငယ်လေးနော်။ ဒါက ချီကလန်ရဲ့နယ်မြေပဲ။ တကယ်လို့ မင်း ငါ့ကို သတ်လိုက်မယ်ဆိုရင် ငါ့အဖေက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး။" ချီရှောက်ယန်း သည် နောက်ကို အမြန်ဆုတ်လိုက်ပြီး ချင်ယွင်လျှောက်လှမ်းလာသည်ကို မြင်လျှင် ခြိမ်းခြောက်လိုက်သည်။

"စိတ်မပူပါနဲ့၊ ငါ မင်းကို မသတ်ပါဘူး။ ဒါပေမယ့် ဒီအင်မော်တယ်သင်္ဘောကြီးကို ငါလိုချင်တယ်" ချင်ယွင်က တဟားဟား ရယ်မောလိုက်သည်။

“မင်း” ချီရှောက်ယန်းက ချက်ချင်း ဒေါသထွက်သွားပါသည်။ ဤအင်မော်တယ် သင်္ဘောကြီးသည် သူ့အဖေက သူ့ကိုပေးထားသည့် ရတနာတစ်ခု ဖြစ်သည်။ သူသည် သူ၏စိတ်လှုပ်ရှားမူကိုပင် ဖုံးကွယ်မထားနိုင်သေးပေ။ သို့သော်လည်း ချင်ယွင်သည် သူ၏ အင်မော်တယ်သင်္ဘောကြီးကို ခိုးယူရန်အတွက် အမှန်တကယ် ရောက်လာခဲ့ သည်။

သို့သော် ချင်ယွင်က သူ့ကို စဉ်းစားရန် အချိန်အနည်းငယ်မျှပင် မပေးချေ။ သူသည် သူ၏နောက်မှ ဟောင်ခွန်ဘက်ကို တိုက်ရိုက်လှည့်ပြီး ပြောလိုက်သည် "လွှင့်ပစ်လိုက်ပါ" ။

"ဟုတ်ကဲ့ပါ သခင်လေး…!" ဟောင်ခွန်သည် ပြန်ပြောပြီးသည်နှင့် ချီရှောက်ယန်း ရှေ့သို့ လျှောက်သွားပြီး သူ၏ဝတ်စုံကော်လာကို ကောက်ကိုင်ကာ ကြက်တစ်ကောင်လို အခန်းထဲမှ ဆွဲမပြီးနောက် ပြင်းပြင်းထန်ထန် ပစ်ချလိုက်လေ သည်။

"ဘုန်း….!"

ချီရှောက်ယန်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အစားထိုးစိုက်ပျိုးထားသော ပျိုးပင်တစ်ပင် ကဲ့သို့ မြို့တော်၏မျှော်စင်ကြီးထဲသို့ ပြုတ်ကျသွားခဲ့ပြီး သူ၏ခေါင်းတစ်ခုလုံးသည် ကျောက်တုံးအက်ကြောင်းကြီးထဲ ထိုးကျသွားခဲ့သည်။ (အစားထိုးစိုက်ပျိုးထားသော ပျိုးပင်ဟူသည် အင်မော်တယ်သင်္ဘောကြီးပေါ်ကနေ မြို့တော်မျှော်စင်ကြီးထဲရှိ ကျောက်တုံးအက်ကြောက်ထဲ ခေါင်းစိုက်ကျသွားခြင်းဟန်ကို ဆိုလိုဟန်)။

"ကြည့်စမ်း၊ အဲဒါ ချီကလန်ရဲ့ ဒုတိယသခင်လေး မဟုတ်ဘူးလား၊ သူက ဘာလို့ သင်္ဘောကြီးပေါ်က ပြုတ်ကျလာရတာလဲ"

"ဘာ ပြုတ်ကျလာတယ် ဟုတ်လား…။ ဒါဆို သေချာပေါက် နောက်မှာ တစ်ခုခု ရှိနေရမယ်။ ဟုတ်တယ် မဟုတ်လား"

"ချီကလန်ရဲ့အင်မော်တယ်သင်္ဘောကြီးကို လုယက်ပြီး ဒုတိယသခင်ငယ်ကို သင်္ဘောပေါ်က ပစ်ချတဲ့အထိ မည်သူက သတ္တိကောင်းနေရတာလဲ”။

"မှန်တယ်၊ ဒီပြုတ်ကျမူက အရမ်းကို နာကျင်လိမ့်မယ်။ ခေါင်းကလည်း ကျောက်တုံးကြီး ကြားထဲမှာ ညှပ်နေသေးတယ်။"

ကြယ်ပင်လယ်မြို့ရှိ လူအုပ်ကြီးသည် မြို့မျှော်စင်ပေါ်တွင် ဦးခေါင်းဇောက် ဖင်မိုးမျှော်ဖြစ်နေသော ချီရှောက်ယန်းကို လက်ညှိုးထိုးရင်း မရပ်မနား ဆွေးနွေးကြသည်။

ချီရှောက်ယန်း၏ အဆုတ်များသည် ဒေါသကြောင့် ပေါက်ကွဲထွက်တော့မည်။ သူသည် သင်္ဘောကြီးပေါ်မှ ပစ်ချခံရပြီး မြို့မျှော်စင်ကြီးပေါ်တွင် ဇောက်ထိုးမိုးမျှော် နစ်မြုပ်နေခဲ့ သည်။ ဤကိစ္စသည် ကြီးစွာသော အရှက်ရစရာ ဖြစ်ခဲ့သည်။ ယခုအချိန်မှာတော့ သူသည် သူ၏ခေါင်းကို ပြန်ဆွဲထုတ်ရန်ပင် ရှက်ရွံ့နေမိသည်။

သင်္ဘောကြီး၏ အခန်းအတွင်းမှာ လင်းဖန်သည် အလွန်ထိတ်လန့်နေပြီ ဖြစ်ပါသည်။ အထူးသဖြင့် ချီရှောက်ယန်း ပစ်ထုတ်ခံရသည်ကို သူမြင်လိုက်ရသည့်အခါ သူ၏ရင်ထဲမှာ ကြောက်ရွံ့မှုတွေ ပြည့်နှက်နေခဲ့သည်။ ချင်ယွင်သည်လည်း သူ့ကို ထိုကဲ့သို့ ပစ်ထုတ်မှာကို အရမ်းကြောက်သွားခဲ့သည်။

"စီနီယာ၊၊ ကျွန်တော်က ရှောင်ယန်ဂိုဏ်းရဲ့တပည့်လေး လင်းဖန်ပါ။ ရှောင်ယန်ဂိုဏ်းက ဂိုဏ်းသခင်လေးက ကျွန်တော်ရဲ့သခင်လေးပါ” လင်းဖန်းသည် ရှောင်ယန်ဂိုဏ်း၏ ဂိုဏ်းသခင်လေးကြောင့် သူ့ကို သနားကြင်နာပေးရန် အလျင်စလို တောင်းပန်လိုက်ပါ သည်။

“အတူတူပစ်ချလိုက်”

သို့သော် ချင်ယွင်၏စကားများက သူ၏နှလုံးသား၏ နက်ရှိုင်းသော အောက်ခြေအထိ အေးစက်သွားစေခဲ့သည်။ ထို့နောက်၊ သူသည် ချီရှောက်ယန်းကဲ့သို့ပင် သူ၏ခန္ဓာကိုယ် တစ်ခုလုံးသည် မြို့မျှော်စင်ပေါ်သို့ ပြုတ်ကျသွားကာ ဇောက်ထိုးမိုးမျှော်ဖြစ်ပြီး ပရိသတ်များထံမှ နောက်တစ်ကြိမ် အံ့အားသင့်မူ လှိုင်းလုံးကြီးတစ်ခုကို ဆွဲဆောင်သွား ခဲ့ပါသည်။

ဘေးနားရှိ လှပသောအမျိုးသမီး အားလုံးသည်လည်း ထိတ်လန့်စွာဖြင့် ထောင့်တစ် နေရာတွင် ပူးကပ်ပွတ်သိပ်ပြီး ထိုင်နေကြသည်။ ချင်ယွင်က သူမတို့ကို ထိုကဲ့သို့ ပစ်ချလိုက်မည်ကို ကြောက်ရွံ့နေသည့်အလား ချင်ယွင်ကို ဖော်ပြ၍ပင်မရသည့် ကြောက်ရွံ့ထိတ်လန့်သည့်အမူအရာဖြင့် ကြည့်နေကြပါသည်။

ချင်ယွင်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ထိုအမျိုးသမီးများကို လှည့်ပင်မကြည့်ဘဲ အေးစက်စွာ ပြောလိုက်သည်” ငါ မင်းတို့ကို ကိုယ့်ဘာသာ ခုန်ချဖို့ အတွက် သုံးစက္ကန့် အချိန်ပေးမယ်။ ဒီလိုမှမဟုတ်ရင် မင်းတို့အားလုံးကို ပစ်ချရမှာဖြစ်တဲ့ အတွက် ငါ့ကို အပြစ်မတင်နဲ့”။

ထိုအမျိုးသမီးများသည် ချင်ယွင်၏စကားကို ကြားသောအခါ လွတ်ငြိမ်းချမ်းသာခွင့် တစ်ခုရသွားသည့်အလား ချက်ခြင်းပင် အခန်းတွင်းမှ ပြေးထွက်ပြီး စဉ်းစား ဆင်ခြင်ခြင်း မရှိဘဲ ကမူးရူးထိုး ခုန်ဆင်းသွားကြပါသည်။

အခန်း (၅၂၂) ချန်ကလန်သို့ထွက်ခွာခြင်း။

ချင်ယွင်သည် ချီရှောက်ယန်း၏ အင်မော်တယ်သင်္ဘောကြီးကို လုယက်ပြီးနောက် သူတို့ကို မောင်းထုတ်ပစ်လိုက်သည်။

မြို့မျှော်စင်ပေါ်တွင် ထိုင်နေရင်း ချီရှောက်ယန်း၏ ဆံပင်များသည် ရှုပ်ပွနေပါသည်။ သူသည် ပျံသန်းနေသော သင်္ဘောကြီးကို တဖြည်းဖြည်း မှိန်ဖျော့ပျောက်ကွယ် သွားသည်ကို ကြည့်ရင်း ဒေါသကြောင့် သူ၏အဆုတ်များပင် ပေါက်ကွဲလုမတတ် ဖြစ်သွားရသည်။

ချင်ယွင်ကို ယခုတစ်ကြိမ် တွေ့လိုက်ရစဉ်မှာ သူ၏အရှက်တရားတွေကို ပြေပျောက်သည် အထိ လုံလောက်အောင် ဆုံးမနိုင်လိမ့်မည်ဟု မူလက သူထင်ထားခဲ့သော်လည်း ယခုလို စိတ်ဆင်းရဲစရာအဖြစ်ဆိုးကြီး ကြုံတွေ့ရလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပါဘူး။ သူ့ကို အရှင်လတ်လတ် အင်မော်တယ်သင်္ဘောကြီးပေါ်မှ ပစ်ချခဲ့ပြီး လူအများ၏ရှေ့တွင် မြို့မျှော်စင်သို့ပြုတ်ကျသွားကာ ဇောက်ထိုးမိုးမျှော် ဖြစ်ခဲ့ရသည်။ ဤအရာသည် ကြီးစွာသော အရှက်ရမူကြီး ဖြစ်လေသည်။

လင်းဖန်၏ အမူအရာသည်လည်း လွန်စွာမှ မှုန်မှိုင်းနေလေ၏။

မူလက သူသည် ချီရှောက်ယန်း၏ အင်မော်တယ်သင်္ဘောကြီး၏ တန်ခိုးအစွမ်း နောက်သို့ လိုက်ပါခံစားရင်း တခဏတာ ပျော်ရွှင်စွာဖြင့် နေလိုခဲ့သော်လည်း၊ ထိုသို့သော မမျှော်လင့်ထားသည့် အပြောင်းအလဲမျိုးကို ကြုံတွေ့ခဲ့ရပြီး အကြောင်းပြချက်မရှိဘဲ သင်္ဘောပေါ်မှ ပစ်ချခံရမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

အရေးကြီးဆုံးကတော့ သူသည် သူမျိုးနွယ်စု၏နောက်ခံကို တင်ပြပြီးသည့် နောက်မှာပင် တခြားလူသည် ယုတ်ကန်းနေသေးပြီး သူ၏ရှောင်ယန်ဂိုဏ်းကိုတောင် မျက်လုံးထဲ ထည့်မထားခဲ့ပါဘူး။

သူ၏ရှောင်ယန်ဂိုဏ်းသည် ကောင်းကင်နဂါးတိုက်ကြီးရှိ ထိပ်တန်းဂိုဏ်းကြီး သုံးခုထဲမှ တစ်ခု ဖြစ်သည်။ ထိုဂိုဏ်းကြီး၏ တပည့်တစ်ယောက်ဖြစ်သော သူ၏ အဆင့်အတန်းသည် မည်မျှ မြင့်မြတ်လိုက်သနည်း။ ချီကလန်၏ ဒုတိယသခင်လေး ချီရှောက်ယန်းပင်လျှင် သူ့အား မျက်နှာသာပေးခဲ့ရသည်။ သူသည် ယခုလို အရှက်ကွဲမူမျိုးကို ဘယ်တုန်းက ခံစားခဲ့ရဖူးပါသလဲ။

" ချီရှောက်ယန်း၊ ချင်ယွင်က ထျန်းယွန်တိုက်ကြီးကနေ လာခဲ့တာလို့ မင်း မပြောခဲ့ဘူး လား။" လင်းဖန်က ချီရှောက်ယန်းဘက်ကို လှည့်ပြီး အေးစက်စွာ ပြောလိုက်သည် ။

သူ၏စိတ်ထဲမှာ ချီရှောက်ယန်းကို အထင်ကြီးခြင်းမရှိသော်လည်း ယခုအချိန်မှာ ချင်ယွင်ကို အမုန်းကြီးမုန်းတီးနေပြီမို့ လောလောဆယ် ချီရှောက်ယန်းအပေါ် မဖားချင်သော်လည်း ဖားရပေဦးတော့မည်။

ချီရှောက်ယန်းသည် မူလက ရှက်စိတ်နှင့်အတူ ဒေါသစိတ်ထဲမှဦ နှစ်မြုပ်နေခဲ့ သော်လည်း လင်းဖန်၏စကားကို ရုတ်တရက် ကြားလိုက်ရသောအခါ၊ လင်းဖန်သည် လည်း သူနှင့်အတူ ပါဝင်ပတ်သက်ဆက်နွယ်နေသည့်အတွက် ချင်ယွင်၏ပစ်ချခြင်းကို ခံလိုက်ရကြောင့် သူ သတိထားမိသွားပါသည်။ သူက အဆောတလျင်စွာ တောင်းပန်လိုက်သည် “အစ်ကိုလင်းဖန်၊ ငါ မင်းကို နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်။ ဒါတွေအားလုံးက ငါ့အမှားတွေပါ"။

"ငါ မေးပါရစေဦး၊ ဒီချင်ယွင်က ထျန်းယွန်တိုက်ကြီးကလား" လင်းဖန်က ဒေါသတကြီး အော်ပြောလိုက်သည်။

"ဟုတ်ပါတယ်၊ သူက ထျန်းယွန်တိုက်ကြီးကနေ လာတာပါ။ သူ့မှာ အစွမ်းထက်တဲ့ နောက်ခံအသိုင်းဝိုင်း လုံးဝမရှိဘူးလို့ ကျွန်တော် အာမခံပါတယ်။ သူက ထျန်းယွန် တိုက်ကြီးရဲ့ တကိုယ်တော် ကျင့်ကြံသူတစ်ယောက်ပါ။" ချီရှောက်ယန်းက ကမန်းကတန်း ပြောလိုက်ပါသည်။

"တကိုယ်တော် ကျင့်ကြံသူတစ်ယောက်လား။ တကိုယ်တော် ကျင့်ကြံသူ တစ်ယောက်က ဘယ်လောက်တောင်မှ မောက်မာလိုက်လဲ" သူ၏မျက်လုံးများတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ချက်ချင်း ပေါ်လာသည်။

ချင်ယွင်သည် ကြီးမားသော နောက်ခံအသိုင်းဝိုင်း ရှိရမည်ဟု မူလက သူထင်ခဲ့သော် လည်း၊ သူသည် ထျန်းယွန်တိုက်ကြီးမှ တကိုယ်တော် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်နေမည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။ ထျန်းယွန်တိုက်ကြီး၏ တကိုယ်တော် ကျင့်ကြံသူ တစ်ယောက်သည် သူ၏ရှောင်ယန်ဂိုဏ်းကိုပင် လျစ်လျူရှုဝံ့သည်။ ထိုအရာသည် အမှန်တကယ် သေခြင်းတရားကို တောင်းခံနေခြင်းပင် ဖြစ်လေသည်။

ချီရှောင်ယန်း၏ မျက်လုံးများသည်လည်း သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်နှက်နေပါ သည်။ ချင်ယွင်သည် သူ့ကို နှစ်ကြိမ်ဆက်တိုက် အရှက်ခွဲခဲ့၏။ ယင်းအတွက် သူသည် မည်သို့ လက်စားမချေဘဲ နေနိုင်မည်နည်း….?

"အစ်ကို လင်းဖန်၊ ငါတို့ ဘာလုပ်သင့်သလဲ ၊ ဒီအကြောင်းကို ဂိုဏ်းသခင်လေးကို ပြောပြပြီး ဘာလို့ အကူအညီးမတောင်းရတာလဲ။ ချင်ယွင်က ဘယ်လောက်ပဲ သန်မာနေပါစေ သူက ဂိုဏ်းသခင်လေးနဲ့ မယှဉ်နိုင်ဘူး၊ ဟုတ်တယ်မလား " ချီရှောက်ယန်းက လင်းဖန်ကို ပြောသည်။

"ဟမ့်၊ သူက ဂိုဏ်းသခင်လေးရဲ့ ပြိုင်ဘက်ဖြစ်နိုင်ပါ့မလား" လင်းဖန်က အေးစက်စွာ အော်ပြောလိုက်ပြီး “ သူ့ရဲ့ ကျင့်ကြံမူအဆင့်ကို ခန့်မှန်းကြည့်ရသလောက်ဆိုရင် သူက အများဆုံး အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ်ရဲ့ အစောဆုံးအဆင့်မှာပဲ ရှိဦးမယ်။ ဂိုဏ်းသခင်လေးက ငါတို့ရှောင်ယန်ဂိုဏ်းရဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်လေ။ သူရဲ့ကျင့်ကြံမူအဆင့်က လွန်ခဲ့တဲ့တစ်နှစ်ကတည်းက အင်မော်တယ် အသွင်ကူး ပြောင်းခြင်း နယ်ပယ်ကို ဖြတ်ကျော်ဝင်ရောက်သွားခဲ့ပြီ။ ဒီကောင်က ဂိုဏ်းသခင်လေး အတွက် ဘယ်လိုလုပ် ပြိုင်ဘက်ဖြစ်နိုင်မှာလဲ။ ဒါ့အပြင် ဂိုဏ်းသခင်လေးက မင်္ဂလာဆောင်ကိစ္စ အတွက် အလုပ်ရှုပ်နေခဲ့ပြီး အခြားကိစ္စများကို အာရုံစိုက်ဖို့ အချိန်လည်းမရှိဘူး။ ဒီလိုအသေးအဖွဲကိစ္စမျိုးအတွက် သူကို့ ဘယ်လိုလုပ် တောင်းဆိုနိုင်ပါ့မလဲ”။

"ဒါဆို ငါတို့ ဘာလုပ်သင့်လဲ၊ ချင်ယွင်ကိ အပြစ်မပေးဘဲ ဒီအတိုင်းကြီး ကြည့်နေရမှာ လား။" ချီရှောက်ယန်းက အလိုမကျစွာ ပြောသည်။

"ချီရှောက်ယန်း၊ အခုက မင်းအဖေရဲ့ရတနာကို အခိုးခံရတာလေ။ မင်းရဲ့ချီကလန်က ငြိမ်ငြိမ်လေး ထိုင်နေမှာလား။” လင်းဖန်က အလိုမကျသည့် မျက်နှာထားဖြင့် မေးလိုက် သည်။

"မင်း ဒီအကြောင်းကို ငါ့အဖေကို လုံးဝ ပြောပြလို့ မရဘူး။ ဒီလိုမှမဟုတ်ရင် ငါ့အဖေက ငါ့ကို သေတဲ့အထိ ရိုက်လိမ့်မယ်” ချီရှောက်ယန်းက ကမန်းကတန်း ပြောလိုက်သည်။

သူသည် ထိုအင်မော်တယ်ရတနာကို ဘယ်တော့မှ မဆုံးရှုံးစေဟု သူ၏အဖေကို ကတိပေးထားခဲ့ရသည်။ ယခုတော့ အင်မော်တယ်သင်္ဘောကြီးသည် လုယက်ခံလိုက်ရ သည်။ အကယ်၍ သူ၏အဖေသာ ဤအကြောင်းကို သိသွားမည်ဆိုလျှင် ချင်ယွင်က ဤကပ်ဘေးဒုက္ခကြီးကို ကြုံတွေ့ချင်မှ ကြုံတွေ့ရလိမ့်မည်။ သေချာသည်မှာ၊ သူ၏ အဖေက သူ့ကို သုတ်သင်ပြီးသား ဖြစ်သွားပါလိမ့်မည်။

"မင်းမှာ အစ်ကိုအကြီးဆုံး မရှိတော့ဘူးလား? မင်းရဲ့အစ်ကိုကြီးက အနောက်မြောက် ဘက် အရပ်မှာ နံပါတ်တစ် ပါရမီရှင်လို့ လူသိများတယ်လေ။ မင်း သူ့ကို အကူအညီ တောင်းရင် သူက ကူညီဖို့ ငြင်းဆန်မှာ မဟုတ်ဘူးဆိုတာ ငါ သေချာပြောရဲတယ်။" လင်းဖန်သည် ချီရှောက်ယန်းကို အထင်အမြင်သေးစွာဖြင့် ကြည့်ရင်း နှာခေါင်းရှုံ့လိုက် သည်။

နောက်ဆုံးတွင် ချီရှောက်ယန်းသည် ချီကလန်၏ လူ့ပေါ်ကြော့တစ်ယောက်သာ ဖြစ်သည်။ ချီကလန်တွင် အမှန်တကယ် အစွမ်းထက်သူမှာ ချီကလန်၏ အကြီးဆုံး သခင်လေး ... ချီရှောက်ထန် ဖြစ်သည်။

ကောင်းကင်နဂါးတိုက်ကြီးရှိ လူတိုင်းသည် အနောက်မြောက်ဘက်အရပ်ရှိ ချီကလန် မှာ ထင်ရှားကျော်ကြားသော ပါရမီရှင်တစ်ဦးရှိကြောင်း သိကြသည်။ ထိုသူသည် အသက်နှစ်ဆယ်အရွယ်တွင် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်သို့ ရောက်ရှိခဲ့ပြီး ကောင်းကင်ဘုံဂိုဏ်း၏ တော်ဝင်အကြီးအကဲတစ်ဦးမှ တိုက်ရိုက်တပည့်အဖြစ် လက်ခံခဲ့ သည်။ နောက်ပိုင်းတွင် သူ၏ ကျင့်ကြံမှုအဆင့်သည် ကောင်းကင်အထိတိုင် ပျံတက် သွားပြီး အသက်နှစ်ဆယ့်နှစ်နှစ်တွင် အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ်သို့ ရောက်ရှိခဲ့ သည်။

ယခုအချိန်တွင်၊ သူသည် အသက်နှစ်ဆယ့်ခြောက်နှစ် ရှိပြီဖြစ်ပြီး အမှန်တရားသို့ ပြန်လည်ခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူသည် မကြာခင်မှာ အင်မော်တယ်အသွင်ကူးပြောင်းခြင်း နယ်ပယ်သို့ ဖြတ်ကျော်နိုင်တော့မည် ကို ပင် သူစိုးရိမ်မိသည်။

"မှန်တယ်။ အစ်ကိုကြီးကို အကူအညီ တောင်းရမယ်။ အစ်ကိုကြီး လှုပ်ရှားလိုက်တာနဲ့ ဒီချင်ယွင်က ကျိန်းသေပေါက် သေရလိမ့်မယ်။" ချီရှောက်ယန်း၏ မျက်လုံးများ ချက်ချင်းပင် ဝင်းလက်တောက်ပလာသည်။

"မင်းရဲ့အစ်ကိုကြီးက ဒီဂိုဏ်းသခင်လေးရဲ့မင်္ဂလာပွဲကို လာမယ်လို့ ငါယုံကြည်တယ်။ အချိန်တန်ရင် မင်းရဲ့အစ်ကိုကြီးကို ဒီကိစ္စကို ပြောပြရမယ်။ မင်းရဲ့အစ်ကိုကြီးက မင်းအတွက် တရားမျှတမှုကို သေချာပေါက် ပြန်ရှာပေးလိမ့်မယ်၊ ဒါပေမယ့် ဒီချင်ယွင်ကို ဘယ်မှာသွားရှာရမလဲ ငါသိချင်တယ်။” လင်းဖန်က ပြောသည်။

"ဟမ့်၊ ချင်ယွင်က ငါ့ချီကလန်ရဲ့ ရတနာကို ဒီလိုယူသွားလို့ရတယ်လို့ တကယ်ပဲ ထင်နေတာလား။ ဒီအင်မော်တယ်သင်္ဘောကြီးက ငါ့အဖေရဲ့ ရတနာတစ်ခုဖြစ်တယ်။ ဒီသင်္ဘောကြီးမှာ ငါ့အဖေရဲ့ လျှို့ဝှက်အမှတ်အသားတစ်ခု ပါရှိတယ်။ ဒီအင်မော်တယ် သင်္ဘောကြီးက သူ့ခန္ဓာကိုယ်ပေါ်မှာ ရှိနေသရွေ့ ငါ ရှာနိုင်တယ်။ သူ့ကို အလွယ်တကူ ရှာလို့ရတယ်။" ချီရှောက်ယန်းက အေးစက်စွာ ပြောလိုက်ပြီး သူ၏ပါးစပ်ထောင့်က အေးစက်စက်အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့ပါသည်။

"ဒီလိုဆိုမှတော့ ဒီကိစ္စက လွယ်သွားပြီ၊ အခု ငါတို့ လုပ်စရာရှိတာက ရှောင်ယန် ဂိုဏ်းကို ဖြစ်နိုင်သမျှ အမြန်ဆုံး ရောက်အောင် သွားဖို့ပဲ။ ငါတို့ရောက်တဲ့အချိန်မှာ မင်းရဲ့ အကိုကြီးလည်း အဲဒီကိုရောက်နေမှာ သေချာတယ်။ အဲဒီအချိန်ရောက်ရင် မင်းက အဲဒီချင်ယွင်ကို သတ်ဖို့ပဲလိုတော့တယ်" လင်းဖန်က အထင်သေးဟန်ဖြင့် ပြောလိုက် သည်။

"အစ်ကို လင်းဖန်၊ စိတ်မပူစမ်းပါနဲ့။ ငါ့အစ်ကိုကြီး အဲဒီသတင်းကို ကြားတာနဲ့ ငါတို့နှစ်ယောက်အတွက် တရားမျှတမှုကို ပြန်ယူပေးပါလိမ့်မယ်။ အဲဒီအချိန်ရောက်ရင် ချင်ယွင်ကို ကျောက်တုံးကြီးထဲ ခေါင်းနဲ့ဝင်းတိုးရတဲ့ ခံစားချက်ကို မြည်းစမ်းခွင့် ပေးဦးမယ်။" ချီရှောက်ယန်းက အေးစက်စွာ အော်ပြောလိုက်ပြီး သူ၏မျက်လုံးများက သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နေသည်။

"ဟမ့်၊ ချင်ယွင်၊ မင်း သေခြင်းတရားကို ထိုင်စောင့်နေတော့။" လင်းဖန်၏ မျက်လုံးများ သည် အေးစက်စက် အလင်းရောင်များဖြင့် တဖျပ်ဖျပ် ခတ်နေပြီး ပြင်းထန်သော သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်နေသည်။

ထို့နောက် သူတို့နှစ်ဦးသည် အလင်းတန်းနှစ်သွယ်အဖြစ်သို့ ပြောင်းလဲသွားပြီး ရှောင်ယန်ဂိုဏ်းရှိသည့် ဦးတည်ရာအရပ်ဆီသို့ ပြေးသွားကြသည်။

ထိုအချိန်တွင် ချင်ယွင်နှင့် ဟောင်ခွန်တို့သည် အင်မော်တယ်သင်္ဘောကြီး၏ ကုန်းပတ် ပေါ်တွင်ရပ်ကာ စကားစမြည် ပြောဆိုနေကြပါသည်။ အင်မော်တယ်သင်္ဘောကြီးသည် တိမ်ပင်လယ်များအတွင်း လျင်မြန်စွာ ဖြတ်သန်းနေပြီး ၎င်း၏ ပျံသန်းမှုအမြန်နှုန်းမှာ အစောပိုင်းအဆင့် အမှန်တရာသို့ပြန်လည်ခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦးထက် အားနည်းခြင်း မရှိပေ။

"ဒီဝိညာဉ်ကျောက်တုံးတွေနဲ့ ထိန်းချုပ်ပေးထားတဲ့ ဒီအင်မော်တယ်သင်္ဘောကြီးရဲ့ ပျံသန်းမှုအမြန်နှုန်းက နည်းနည်းတော့ နှေးကွေးသေးတယ်။ ဒီဝိညာဉ်ကျောက်တုံး တွေက အဆင့်မြင့်အဆင့် ဝိညာဉ်ကျောက်တုံးတွေဖြစ်ပေမယ့် သူ့ရဲ့အမြန်နှုန်းနဲ့ အဝေးကြီး လိုနေသေးတယ်။" ချင်ယွင်သည် ကုန်းပတ်ပေါ်ရှိ အဆင့်မြင့်အဆင့် ဝိညာဉ်ကျောက်တုံး ခြောက်လုံးကို ကြည့်ရင်း အင်မော်တယ်သင်္ဘောကြီးကို ထိန်းထား ကာ ခေါင်းကို ခါယမ်း လိုက်မိသည်။

တစ်ချိန်တုန်းက သူသည် အဆင့်မြင့်အဆင့် အင်မော်တယ် ကျောက်စိမ်းတုံးများ ဖြင့်သာ မောင်းနှင်လို့ရသည့် အဆင့်မြင့်အဆင့် ပျံသန်းနိုင်သော အင်မော်တယ်ပစ္စည်း တစ်ခု ရှိခဲ့ဖူးသည်။ ၎င်း၏ ပျံသန်းမှုအမြန်နှုန်းသည် ယခုသင်္ဘောကြီး၏ အမြန်နှုန်း ထက် အဆတစ်ရာနီးသို့မဟုတ် အဆတစ်ထောင်နီးပါး ပိုမြန်သည်။ ၎င်းသည် တခဏအတွင်း မှာပင် ကီလိုမီတာ တစ်သောင်းအကွာအဝေးကို ရောက်ရှိနိုင်သည်။ ကျွမ်းကျင်သူများသည်ပင် တယ်လီပို့ခြင်မျိုး စွမ်းရည်မရှိလျှင် မည်သူမျှ ၎င်းကို အမီလိုက်နိုင်မည် မဟုတ်ပေ။ (တယ်လီပို့ခြင်းဟူသည် တည်နေရာရွေ့ပြောင်းခြင်း စွမ်းရည်မျိုးကို ဆိုလိုပါသည်။)

သို့သော် သေမျိုးကမ္ဘာတွင် ထိုမျှလောက်များပြားသော အင်မော်တယ် ကျောက်စိမ်းတုံး များ မရှိသောကြောင့် ၎င်းတို့အစား အဆင့်မြင့်အဆင့် ဝိညာဥ်ကျောက်တုံးများဖြင့်သာ အစားထိုးနိုင်ပါသည်။ အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ် အစောပိုင်း အဆင့်ရှိ ကျင့်ကြံသူတစ်ဦး၏ အမြန်နှုန်းဖြင့် ပျံသန်းနိုင်ခဲ့ခြင်းကပင် အတော်လေး ကောင်းမွန်နေပြီဟု ယူဆလို့ရပါသည်။

အင်မော်တယ်သင်္ဘောကြီးများ အားလုံးသည် အစီအရင်ဝင်္ကပါများ ပါရှိကြသည်။ ၎င်းတို့သည် စွမ်းအင်ထောက်ပံ့ပေးဆောင်ရန် ပြင်ပအရာဝတ္ထုများကို မှီခိုအားထားနေ ရသောကြောင့် ၎င်းတို့အား ထိန်းချုပ်ရန်အတွက် အခြေခံအားဖြင့် ကျင့်ကြံခြင်း စွမ်းအင်မျိုး မလိုအပ်ပေ။ အကယ်၍ အတားအဆီး အနှောင့်ယှက်များ ရှိနေလျှင်လည်း ကျင့်ကြံသူများသည် ကြိုတင်လမ်းညွှန်ထားသရွေ့ ကြိုတင်ရှောင်ရှားနိုင်မည် ဖြစ်ပါသည်။

"သခင်လေး၊ ဒီအင်မော်တယ်သင်္ဘောကြီးနဲ့ ငါတို့က ဆယ်ရက်အတွင်း အရှေ့တောင် ဘက် အရပ်ရှိ ချန်ကလန်ဆီကို ရောက်ရှိလိမ့်မယ်။" ဟောင်ခွန်က ချင်ယွင်၏နောက်မှာ ရပ်လိုက်ပြီး ပြောသည်။

ချင်ယွင်က ခေါင်းညိတ်လိုက်သည်။ ဆုတ်ခွာရွေ့လျားနေသော တိမ်ပင်လယ်ကြီးကို ကြည့်လိုက်ရင်း သူ၏မျက်လုံးထဲတွင် နူးညံ့သည့် အရိပ်အယောင်တွေ ပေါ်လာပါသည်။ "စီချီ၊ ငါ မင်းကို နောက်ဆယ်ရက်ကြာရင် ပြန်တွေ့ရတော့မယ်။ မင်း ဘယ်လိုနေလဲ မသိဘူး"။

အခန်း (၅၂၃) လေ၏သဘာဝ။

အင်မော်တယ်သင်္ဘောကြီးသည် တိမ်ပင်လယ်ကို လျင်မြန်စွာ ဖြတ်သန်းသွားနေပြီး အနီးပတ်ဝန်းကျင်ရှိ တိမ်စိုင်တိမ်ငွေ့များသည် လျင်မြန်စွာ ဆုတ်ခွာသွားကြပါသည်။

သူတို့ ပျံသန်းနေသည်မှာ သုံးရက်ရှိပါပြီ။ ဤသုံးရက်အတွင်း သူတို့သည် အနောက်မြောက် ဒေသ၏ ထက်ဝက်နီးပါးကို ဖြတ်ကျော်သွားခဲ့ပါပြီ။ နောက်ထပ် သုံးရက်အတွင်းမှာ သူတို့သည် အနောက်ဘက်ဒေသမှ ပျံသန်းထွက်နိုင်မှာဖြစ်ပြီး အရှေ့တောင်ဘက် အရပ်သို့ ရောက်ရှိနိုင်မည် ဖြစ်ပါသည်။ ထိုအချိန်တွင်၊ သူတို့သည် အရှေ့တောင်ဘက်အရပ်ဒေသရှိ ချန်ကလန်၏ သြဇာလွှမ်းမိုးမှုနယ်မြေထဲသို့ ဝင်ရောက်လာမည် ဖြစ်ပါသည်။

လမ်းတစ်လျှောက်တွင် ချင်ယွင်နှင့် ဟောင်ခွန်တို့သည် အနည်းငယ်မျှသော ပြဿနာလေးကို မကြုံတွေ့ခဲ့ရပေ။ အချို့သော ကျင့်ကြံသူများသည်လည်း သူတို့၏ ပျံသန်းရေးယာဉ်များကို ဖြတ်ကျော်မောင်းနှင်သွားကြသည်။

ထို့အပြင် သင်္ဘောပေါ်တွင် 'ချီ' ဟူသော စာလုံးကြီးကို တွေ့လိုက်ရသောအခါတွင် သူတို့အားလုံးသည် အဝေးသို့ ပုန်းရှောင် ပျံသန်းသွားကြပါသည်။ ထင်ရှားသည်မှာ၊ သူတို့သည် ချင်ယွင် နှင့် ဟောင်ခွန်ကို ချီကလန်၏ အဖွဲ့ဝင်များအဖြစ် ဆက်ဆံနေခဲ့ကြ သည်။

လွန်ခဲ့သည့် သုံးရက်လုံးလုံး ချင်ယွင်သည် သင်္ဘောကြီး၏ ကုန်းပတ်ပေါ်တွင် မလှုပ်မယှက် ရပ်နေခဲ့သည်။ သို့သော် သူသည် မှိန်းနေခြင်းမဟုတ်ဘဲ သူ့ပတ်ဝန်းကျင်လေထု၏ အပြောင်းအလဲများကို နားလည်ဆင်ခြင်နေခြင်း ဖြစ်ပါသည်။

ချင်ယွင်၏ လေစွမ်းရည်သဘောတရား သုံးမျိုးသည် သိမ်မွေ့နက်နဲနယ်ပယ်၏ ပြီးပြည့်စုံသောအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း ချင်ယွင်သည် သိမ်မွေ့နက်နဲ နယ်ပယ် နှလုံးသားကို မည်သည့်အခါမျှ သိပ်သည်းနိုင်စွမ်း မရှိခဲ့ပေ။

လေ၏သိမ်မွေ့နက်နဲသော နယ်ပယ်ဟူသည် လေစွမ်းရည်သဘောတရားကို နက်ရှိုင်းစွာ နားလည်သဘောပေါက်ပြီးနောက် အံ့ဩဖွယ်နယ်ပယ်သို့ ဝင်ရောက်ရန် တံခါးပေါက် ဖြစ်ပြီး နောင်အနာဂတ်တွင် ကျင့်ကြံရမည့် နိယာမလမ်းကြောင်းဟုလည်း ဆိုလိုပါသည်။ (ဟိုရှေးမှာတုန်းက အံ့ဩဖွယ်ရာတံခါးပေါက်ဟု ပြန်ဆိုခဲ့သည်။ ထိုနေရာမှာတုန်းက Realm, level, stege, စတဲ့ စာလုံးတလုံးမှ မပါသည့်အတွက် အဆင်ပြေသလို ပြန်ဆိုခဲ့ခြင်း ဖြစ်ပါသည်။ ချင်ဘာတန်နှင့် ချင်ယွင်တို့ ဆွေးနွေးခန်းမှာ ပြန်ဖတ်ရူနိုင်ပါသည်။)

ထိုအချိန်တုန်းက၊ ချင်ယွင်သည် လေထုဖြတ်ခြင်းစွမ်းရည် သဘောတရားကို နားလည်ခဲ့ပြီး နောက်ဆုံးတွင် သူသည် လေထုဖြတ်တောက်ခြင်းသဘောတရား၏ သိမ်မွေ့နက်နဲ နယ်ပယ်နှလုံးသားကို သိပ်သည်းနိုင်ခဲ့သည်။ သူသည် ထိုလမ်းစဉ် အတိုင်း တစ်ချိန်လုံး လျှောက်လှမ်းခဲ့ပြီး နောက်ဆုံးတွင် ရှေးဟောင်းဖရိုဖရဲ ဖြတ်တောက်ခြင်းနိယာမနယ်ပယ် ၏ တံခါးခုံသို့ လှမ်းဝင်နိုင်ခဲ့ပါသည်။ (ဤသည်မှာ ယခင်တုန်းက ချင်ယွင်လျှောက်လှမ်းခဲ့သည့် လမ်စဉ်ကို ချပြနေခြင်းဖြစ်ပါသည်။ ယခုချင်ယွင်သည် သဘောတရားသုံးမျိုးလုံးကို ကျင့်ကြံထားပါသည်)။

သို့သော်လည်း ယခုတစ်ခါမှာတော့ မတူတော့ပေ။ ချင်ယွင်သည် လေစွမ်းရည် သဘောတရား၏ အမျိုးအစားသုံးမျိုးစလုံးကို နားလည်ဆင်ခြင်ထားပါသည်။

ဆိုလိုသည်မှာ ချင်ယွင်သည် လေစွမ်းရည်သဘောတရား သုံးမျိုးစလုံးကို ပေါင်းစပ်ကာ လေစွမ်းရည်သဘောတရားအသစ်တစ်ခုကို ပုံဖော်ရမည်ဟု ဆိုလိုပါသည်။ ဤနည်းဖြင့် သာ သူသည် သိမ်မွေ့နက်နဲနယ်ပယ် နှလုံးသားကို သိပ်သည်းနိုင်မည် ဖြစ်ပါသည်။ တစ်နည်းဆိုရသော် ဤအရာသည် ချင်ယွင် အရင်က မလျှောက်လှမ်းခဲ့ဖူးသော နားလည်မှု လမ်းကြောင်းအသစ်ကို လျှောက်လှမ်းခြင်း ဖြစ်ပါသည်။

ထို့ကြောင့်၊ ချင်ယွင်သည် လွန်ခဲ့သော သုံးရက်ခန့်က သူနှင့်ပေါင်းစပ်ထားသည့် လေစွမ်းရည်သဘောတရားသုံးမျိုးသည် မည်သို့ လေစွမ်းရည်သဘောတရားအမျိုးစား ဖြစ်သနည်းဆိုသည်ကို တွေးတောဆင်ခြင်နေခဲ့ပါသည်။

လေစွမ်းရည် သဘောတရားတင်မကသေးဘဲ လျှပ်စီးစွမ်းရည် သဘောတရားလည်း အတူတူပင် ဖြစ်ပါသည်။

ဤအချက်ကို နားလည်သဘောပေါက်မှသာ သူ၏နားလည်မှုနှင့်ပတ်သက်သည့် ကျင့်ကြံမူ သည် နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်ပါသည်။

ချင်ယွင်သည် သူ၏မျက်လုံးများကို အနည်းငယ် မှိတ်ထားပြီး သူကျွမ်းကျင်ခဲ့ဖူးသော လေစွမ်းရည်သဘော တရားသုံးခုကို ပြန်လည်သတိရလာစေရန် အစွမ်းကုန်ကြိုးစား နေခဲ့သည်။

“လေထုဖြတ်တောက်ခြင်း သဘောတရားသည် ပြင်းထန်သော ဖြတ်တောက်ခြင်း စွမ်းအား တစ်ခုအဖြစ် ရရှိလာအောင် လေကိုဖိသိပ်ထားရပြီးနောက် ဓားကဲ့သို့ ကြောက်မက်ဖွယ် ကောင်းသော ဖြတ်တောက်မှုအဆင့်ကို ရရှိနိုင်ပါသည်။”

ချင်ယွင်သည် သူ၏လက်ချောင်းကို ဆန့်ထုတ်လိုက်ပြီးနောက် အစိမ်းရောင် လေဓား တစ်ချောင်းက သူ၏လက်ချောင်းထိပ်မှာ လှည့်ပတ်နေပါသည်။

သူ၏လက်ချောင်းကို ဖျတ်ခနဲ လှုပ်ရှားလိုက်သည်နှင့် ထိုလေဓားသည် တိမ်များကို ဖြတ်တောက်ကာ သင်္ဘောကြီးအနားမှ ဖြတ်ကာ ပျံသန်းနေသော အဆင့်သုံး ဆိတ်သုဉ်းခြင်းသားရဲတစ်ကောင်ကို နှစ်ခြမ်းခွဲကာ တိုက်ရိုက် ဖြတ်တောက်ပစ်လိုက် သည်။

ဤသည်မှာ လေ၏ လျင်မြန်သောဖိအားကြောင့် ဖြစ်ပေါ်လာသော ပြင်းထန်သော ဖြတ်တောက်နိုင်ခြင်း စွမ်းအားဖြစ်ပါသည်။ ဓားသိုင်းကွက်တွင် ထည့်သွင်း အသုံးပြု သောအခါ၊ ဤရွေ့လျားမှုသည် ဓားသိုင်းကွက်ကို တုနှိုင်းယှဥ်ပြ၍မရနိုင်သော စွမ်းအားကို ထုတ်လွှတ်စေနိုင်ပါသည်။

"လေက လျှင်မြန်ဖြတ်လတ်၏။ ဤအရာကြောင့်ပင် မိုးမခပင်တွေက လေတိုက်ခတ် ခြင်းကို ဖြစ်စေနိုင်ခြင်း ဖြစ်ပါသည်။ ဤအရာကြောင့်ပင် ပျော်ရွှင်သော ကလေးငယ် တစ်ယောက်လို ကွေးနိုင်ဆန့်နိုင် ပြုပြင်ပြောင်းလဲနိုင်ခြင်းဖြင့် လိုက်လျောညီထွေ ဖြစ်နိုင်ခြင်း ဖြစ်ပါသည်။" (ဤသည်မှာ လေ၏လျင်မြန်ဖျတ်လတ်မူ (လေဝိညာဉ်) ဖြစ်ပါသည်)။

ချင်ယွင်သည် သူ၏ပတ်ဝန်းကျင်တွင် လေပြေလေညင်းလေများ ထွက်ပေါ်လာသည်ကို ဆက်လက် အမှတ်ရမိသည်။ ထိုလေပြေလေညှင်းများသည် တခါတရံတွင်၊ ပြင်းထန်သော မုန်တိုင်းတစ်ခုလိုဖြစ်နေပြီး ချင်ယွင်၏ဝတ်လုံများကို လွှင့်ထုတ်ရင်း တဖျတ်ဖျတ် ရိုက်ခတ်နေကာ တစ်ခါတစ်ရံမှာတော့ သူ့အမေ၏လက်များကဲ့သို့ပင် နူးညံ့သိမ်မွေ့လွန်းပါ သည်။

"လေသည် ပြောင်းလဲနိုင်၏။ လေသည် မမြင်နိုင်သော်လည်း အကြိမ်ပေါင်း ထောင်နဲ့ချီပြီး ပြောင်းလဲနေနိုင်ပါသည်။ လေသည် လေဆင်နှာမောင်းတစ်ခုကို ဖန်တီးနိုင်သလို လေလှိုင်းအမျှင်တန်းတွေအဖြစ်လည်း ပြောင်းလဲနိုင်ပါသည်။" (လေကို အသွင်ပြောင်းလဲခြင်း)။

ချင်ယွင်၏ လက်ချောင်းများသည်လည်း ပြောင်းလဲသွားပြန်သည်။ သူ၏ လက်ချောင်း များမှ နူးညံ့သိမ်မွေ့သော လေပြေလေညှင်းလေးသည် လေဆင်နှာမောင်းငယ် တစ်ခုသို့၊ ထို့မှနောက်၌ ပါးလွှာသောစိမ်းလန်းသောလေလှိုင်းများ၊ နောက်ဆုံးတွင် အစိမ်းရောင် ကြာပန်းတစ်ပင်အဖြစ်သို့ ပြောင်းလဲသွားပါသည်။

"ဤအရာအားလုံးကို ပေါင်းစပ်ပြီးရင်ကော ဘာဖြစ်လာမလဲ” ချင်ယွင်သည် မျက်လုံးမှိတ်ပြီး သူ့ကိုယ်သူ မေးလိုက်မိသည်။

လေစွမ်းရည်သဘောတရား(၃)မျိုးကို ပေါင်းစပ်ပြီးနောက်၊ ဖြစ်ပေါ်လာသော လေစွမ်းရည် သဘောတရားသည် မည်သို့ ဖြစ်လာမည်နည်း။

ချင်ယွင်သည် ရုတ်တရက် မျက်လုံးများ ပြန်ပွင့်လာပါသည်။ သူ့မှာ ဉာဏ်အလင်းနှင့် ပတ်သက်ပြီး တစွန်းတစ ဖမ်းဆုပ်မိလာပုံရပါသည်။

သူ၏လက်ထဲမှ လေပြေလေညှင်းသည် လွင့်ပျယ်သွားခဲ့ပြီး ပတ်ဝန်းကျင်မှလေများကို သူ၏မျက်နှာပေါ် မှုတ်ထုတ်ခွင့် ပြုလိုက်ပါသည် ။

"ဒါသည်ပင် သဘာဝရဲ့လေပါပဲ။ သဘာဝရဲ့လေမှာ လေစွမ်းအင်သဘောတရား (၃)မျိုးစလုံး ပါ၀င်နေတယ်။ ဒါပေမယ့် ငါတို့ နားလည်သဘောပေါက်မူအပိုင်းကို ကျင့်ကြံတဲ့အခါမှာ လေစွမ်းရည်သဘောတရား (၃)မျိုးကို ခွဲထုတ်လိုက်ပြီး အကျယ်ချဲ့ထွင် လိုက်ကြတယ်။" ချင်ယွင်သည် သူ့ကိုယ်သူ ရေရွတ်လိုက်ပြီး စိတ်လှုပ်ရှားမှု အရိပ်အယောင်တွေက သူ၏မျက်နှာပေါ်မှာ ပေါ်လာပါသည်။

"နားလည်ပြီ။ ငါနားလည်သွားပြီ” ချင်ယွင်သည် ပျော်ရွှင်မူနှင့်အတူ အော်ပြော လိုက်သည်။

မျက်လုံးမှိတ်ထားရင်း အနားယူနေသော ဟောင်ခွန်သည်ပင် သူ၏မျက်လုံးများကို ချက်ချင်းဖွင့်ကာ ချင်ယွင်ကို အံ့သြသည့်အမူအရာဖြင့် ကြည့်လိုက်သည်။

ချင်ယွင်သည် သူ၏ခြေချောင်းများဖြင့် ကုန်းပတ်ကြမ်းပြင်ကို ပုတ်လိုက်ပြီးနောက် သူ၏ခြေဖဝါးအောက်မှ လေပြေလေညှင်းများ ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်သည် အင်မော်တယ်သင်္ဘောကြီးကုန်းပတ်ပေါ်မှ တိုက်ရိုက် လွှင့်မျောကာ တိမ်ပင်လယ်ထဲသို့ လျင်မြန်စွာ ဖြတ်သန်းသွားလေသည်။

ယခုအချိန်တွင် ချင်ယွင်သည် ဝိညာဉ်ချီကို အနည်းငယ်မျှ အသုံးပြုခြင်းပင်မရှိဘဲ ပျံသန်းရန်အတွက် လေကို လုံးလုံးအားကိုးနေသည်ဟု ဆိုလိုသည်။ အင်မော်တယ် သင်္ဘောကြီးသည် ပျံသန်းနေဆဲဖြစ်သော်လည်း ချင်ယွင်၏ပျံသန်းမူ အမြန်နှုန်းမှာ လည်း ထိုအင်မော်တယ်သင်္ဘောကြီးအောက် နိမ့်ကျခြင်းမရှိတော့ပေ။

ထိုအချိန်တွင် ချင်ယွင်သည် အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းတော့မည့်ဟန်ရှိပြီး ကောင်းကင်နှင့်မြေကြီးကြားတွင် လည်ပတ်နေသည်။

ဝှီး….၊ ချင်ယွင်၏ရုပ်အသွင်အပြင်သည် အင်မော်တယ်သင်္ဘောကြီး၏ ကုန်းပတ်ပေါ်သို့ တစ်ဖန် ဆင်းသက်လာသော်လည်း သူ၏မျက်လုံးများက တည်ငြိမ်နေဆဲ ဖြစ်သည်။

"သိမ်မွေ့နက်နဲနယ်ပယ်၊ သိမ်မွေ့နက်နဲပြီး လျှို့ဝှက်ဆန်းကြယ်မူ၊ သိမ်မွေ့နက်နဲမှု၏ အဝင်တံခါး" ချင်ယွင်က တီးတိုးရေရွတ်လိုက်သည်။

ပတ်ဝန်းကျင်ရှိလေများသည် သူ၏ခန္ဓာကိုယ်ဆီသို့ စတင် တိုးဝင်လာလေတော့သည်။ ထိုအချိန်တွင် ချင်ယွင်၏ ခန္ဓာကိုယ်သည် တွင်းနက်ကြီးတစ်ခုလို ဖြစ်နေပြီး ကောင်းကင်နှင့်မြေကြီးကြားရှိ လေအားလုံးကို ဝါးမြိုသွားခဲ့သည်။

ပတ်ဝန်းကျင်သည် တိတ်ဆိတ်စ ပြုလာသည်။ တကယ်တော့ လေတိုက်ခတ်ခြင်း၏ တစွန်းတစပင် မရှိတော့ပါဘူး။ အင်မော်တယ်သင်္ဘောကြီးသည် ဖြတ်ကျော်ပျံသန်း နေသော်လည်း လေပြင်းတိုက်ခတ်သည့် တစွန်းတစမျှ မရှိတော့ပါဘူး။ ယင်းက အရမ်းထူးဆန်းနေပါသည်။

တစ်ချိန်တည်းမှာပင်၊ ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်တွင် အစိမ်းရောင်ဖျော့ဖျော့ အလင်းတန်း တစ်ခု ပေါ်လာပြီး လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်တစ်ခုက ထွက်ပေါ်လာပါ သည်။

"ဒါက သဘာဝတရားတွေရဲ့ နိယာမအောက်က လေစွမ်းရည်သဘောတရားရဲ့ သိမ်မွေ့နက်နဲနယ်ပယ်နှလုံးသား”။ ချင်ယွင်သည် သူ့ကိုယ်သူ တွေးလိုက်သည်။

လေစွမ်းရည်သဘောတရားသုံးမျိုးကို ပေါင်းစပ်ပြီး ယခုလို ဆက်လက် ဖွံ့ဖြိုးလာပြီး နောက် လေစွမ်းရည်သဘောတရား၏ သဘာဝသိမ်မွေ့နက်နဲနယ်ပယ် နှလုံးသားကို နားလည်နိုင်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

သူသည် သဘာဝနိယာမနယ်ပယ်သို့ ခြေလှမ်းဝင်ရောက်သည့်အခါ လေ၏ သဘာဝ သိမ်မွေ့နက်နဲနယ်ပယ်နှလုံးသားကို လုံးလုံး အားကိုးနိုင်မည် ဖြစ်သည်။

သဘာဝနိယာမများသည် နိယာမများစွာထဲမှာမှ ရှားပါးသော နိယာမတစ်ခု ဖြစ်ပါသည်။ ၎င်းသည် ရှေးဟောင်းဖရိုဖရဲ ဖြတ်တောက်ခြင်းကို ကျော်လွန်သော တော်ဝင်တာအိုနိယာမ တစ်ခု ဖြစ်ပါသည်။

သဘာဝအားဖြင့်၊ တာအိုနိယာမများသည် ကမ္ဘာကြီး၏ အဆုံးမဲ့ အမှန်တရားများ ပါဝင်နေသော “သဘာဝ”တရားအပေါ် အာရုံစိုက်ရခြင်း ဖြစ်ပါသည်။

ဟုတ်ပါသည်၊ ဤသဘာဝနိယာမ၏ စစ်မှန်သောစွမ်းအားမှာ စကြဝဠာ၏ တော်ဝင် တာအို၏ နိယာမများဆီသို့ ခြေလှမ်းလှမ်းခြင်းဖြစ်ပြီး စကြဝဠာ၏ တော်ဝင်တာအို သည် တော်ဝင်တာအိုဆယ်ခုတွင် ပို၍ သိမ်မွေ့နက်နဲသောတစ်ခုဖြစ်ပါသည်။

ယခုအချိန်တွင် ချင်ယွင်သည် လေ၏သဘာဝသိမ်မွေ့နက်နဲနယ်ပယ် နှလုံးသားကို သိပ်သည်းနိုင်ခဲ့သည်။ ဆိုလိုသည်မှာ သူသည် လေစွမ်းရည်သဘောတရားအပေါ် နားလည်သဘောပေါက်မှုသည် သူစိတ်ဆန္ဒရှိသည့်အတိုင်း လုပ်နိုင်သည့်အဆင့်သို့ ရောက်ရှိသွားပြီဟု ဆိုနိုင်ပါသည်။

ဝှီး….။

ချင်ယွင်သည် သူ၏ဓားကို ခုတ်ပိုင်းလိုက်သည်နှင့် မိုးပြာရောင်ဓားအလင်းသည် တခဏအတွင်း ပေါက်ကွဲထွက်သွားခဲ့သည်.

မိုင်တစ်သောင်း ရှည်လျားသော တိမ်ပင်လယ်ကြီးသည် ချက်ချင်းဆိုသလို ပွင့်ထွက် သွားခဲ့ပြီး ရှည်လျားသော အက်ကြောင်းကြီးတစ်ခုကို ထုတ်ဖော်လိုက်သည်။ ဖြတ်တောက်ခြင်းကလည်း တော်တော်လေးကို သပ်ရပ်ပါသည်။

ဟောင်ခွန်သည် ဤဓားချက်ကို အဝေးမှ လှမ်းမြင်လိုက်စဉ် သူ၏မျက်နှာသည် အလွန်အံ့အားသင့်သွားသည့် အမူအရာ ပေါ်လာပါသည်။

ဤဓားချက်၏ စွမ်းအားသည် အထွက်အထိပ်အဆင့် အမှန်တရားသို့ပြန်လည်ခြင်း နယ်ပယ် ကျွမ်းကျင်သူတစ်ဦး၏ စွမ်းအားထက် အားမနည်းပါဘူး။ ထို့အပြင်၊ ဤသည်မှာ ချင်ယွင်၏ ပေါ့ပေါ့ပါးပါး ဓားချက်ပင် ဖြစ်ပါသည်။ သူသည် ထိုဓားချက်အား အစွမ်းကုန် အသုံးပြုမည်ဆိုပါလျှင် ထိုစွမ်းအားသည် ပို၍ပင် ကြောက်စရာကောင်းပေလိမ့်မည်။

ချင်ယွင်သည် သူခုတ်ပိုင်းလိုက်သည့်ဓားချက်ကို ကြည့်လိုက်ရင်း သူ၏မျက်နှာက ရွှင်မြူသည့်အမူအရာ ပေါ်လာပါသည်။

ယခုတွင် သူ၏လေစွမ်းရည်သဘောတရားအပေါ် နားလည်နိုင်စွမ်းသည် သိမ်မွေ့နက်နဲ နယ်ပယ်သို့ တရားဝင် ဝင်ရောက်သွားခဲ့ပါပြီ။ သူသည် အစွမ်းထက်သော အခြား ဓားသိုင်းကွက်များကို မဖန်တီးနိုင်ခဲ့သော်ငြားလည်း သူ၏ဓားပညာရပ်သည် ယခင်က ထက် ပိုမိုပျော့ပြောင်းပြီး ပို၍ပင် ပြင်းထန်လာပါသည်။

“ဘုန်း…”။

သို့သော် ဤအခိုက်အတန့်တွင် အင်မော်တယ်သင်္ဘောကြီးထံမှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင်၊ အင်မော်တယ်သင်္ဘောကြီးသည် ပြင်းထန်စွာ လှုပ်ခါစ ပြုလာသည်။

"ဘာတွေ ဖြစ်နေတာလဲ?" ချင်ယွင်က အံ့သြစွာ မေးလိုက်သည်။

"တစ်ခုခု ပျံတက်လာပြီး သင်္ဘောကြီးရဲ့ အောက်ခြေကို တိုက်ခိုက်လိုက်ပုံရတယ်။" ဟောင်ခွန်က မသေချာမရေရာသော စကားဖြင့် ပြောသည်။

ချင်ယွင်၏ မျက်နှာသည် ချက်ချင်းပင် အံ့အားသင့်သော အမူအရာ ပေါ်လာသည်။ ဧရာမသင်္ဘောကြီးများ အားလုံးသည် အစီအရင်ဝင်္ကပါများဖြင့် ထောက်ပံ့ထားမူကြောင့် ပျံသန်းနိုင်သော သာမန်ဆိတ်သုဉ်းခြင်းသားရဲများသည် သင်္ဘောကြီး၏ကိုယ်ထည်ကို လှုပ်ခါရန် ခက်ခဲလိမ့်မည် ဖြစ်သည်။

သင်္ဘောအောက်ခြေကို ထိမှန်လာသောဤအရာ၏ စွမ်းအားသည် သေးငယ်သည် မဟုတ်သည်မှာ သေချာပါသည်။

အခန်း(၅၂၄) လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းမှ လျိုလင်း။

"ဘုန်း…..!"

ချင်ယွင်နှင့်ဟောင်ခွန်တို့သည် ဖြစ်ပျက်ခဲ့သမျှကို နားမလည်နိုင် ဖြစ်နေစဉ်မှာ ကောင်းကင်နှင့်မြေကြီးအောက်မှ ကျယ်လောင်သော နောက်ထပ် အသံတစ်ခု ထွက်ပေါ် လာပါသည်။

"ဟိုမှာ တစ်စုံတစ်ယောက် တိုက်ခိုက်နေပုံရတယ်။" ဟောင်ခွန်က ပြောသည်။

"ငါတို့ ကိုယ့်လမ့်ကို သွားရအောင်။ ငါတို့ကို မနှောင့်ယှက်သရွေ့ သူတို့ဘာသာ တိုက်ခိုက်ကြပါစေ။" ချင်ယွင်သည် သူ၏လက်ကို ဝှေ့ယမ်းကာ ဟောင်ခွန်ကို ရှေ့သို့ ဆက်သွားရန် အချက်ပြခဲ့သည်။

ယခု သူသည် ရန်စီချီကို ကယ်တင်လိုသောကြောင့် အခြားမည်သည့်အရာကိုမှ စိတ်မဝင် စားတော့ပေ။ အထူးသဖြင့် ယခုလို အငြင်းပွားမှုကိစ္စတွေမှာ သူ ဝင်မပါချင်ပါဘူး။

သို့သော်၊ ချင်ယွင်သည် အင်မော်တယ်သင်္ဘောကြီးကို စီးပြီး လျင်မြန်စွာ ထွက်ခွာခါနီးတွင် သူ၏ မျှော်လင့်ချက်များနှင့် ဆန့်ကျင်ဘက်ဖြစ်လာခဲ့ပြီး၊ ပုံရိပ်တစ်ခုက အင်မော်တယ် သင်္ဘောကြီးဆီသို့ ပြေးလွှားလာကာ ကုန်းပတ်ပေါ်သို့ လဲကျသွားပါသည်။

ချင်ယွင် နှင့် ဟောင်ခွန်တို့သည် ချက်ချင်းပင် ထိတ်လန့်သွားပြီး လဲကျသွားသော လူကို ကြည့်လိုက်ကြသည်။

"ဘယ်လောက်တောင်မှ လှလိုက်တဲ့ မိန်းမလေးလဲ။" ချင်ယွင်သည် သူ၏မျက်စိရှေ့မှ မြင်ကွင်းကြောင့် ချက်ချင်းပင် အံ့အားသင့်သွားသည်။

အဖြူရောင် ပိတ်စ၀တ်စုံကို ၀တ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေပြီး သူမ၏ ပါးစပ်ထောင့်စွန်းမှ သွေးများ စီးကျနေ သည်။ သူမသည် ဒဏ်ရာရထားသည်မှာ သိသိသာသာ ထင်ရှားလှပါသည်။

သို့သော် ထိုအမျိုးသမီး၏ ရုပ်ရည်အသွင်အပြင်သည် ကမ္ဘာကိုပင် တုန်လှုပ်စေနိုင် လောက် သည်။ သူမသည် မျက်မှောင်ကြုတ်ထားသည်။ သူမ၏ အသားအရည်သည် ပြည့်ဖောင်းနေ ပြီး သူမ၏ပခုံးများသည် ညီညာစွာ လှီးဖြတ်ထားသကဲ့သို့ ဖြစ်နေသည်၊ သူမ၏ ခါးသည် တစ်ခုခုဖြင့် ချုပ်ဆည်းထားသကဲ့သို သေးသွယ်ပြီး သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ပြီးပြည့်စုံလုနီးပါး ဖြစ်နေသည်။ သူမသည် ပန်းချီကားတစ်ချပ်မှ ထွက်ပေါ်သော အမျိုးသမီးတစ်ဦး နှင့်တူသည်။ သူမ၏တစ်ကိုယ်လုံးသည် အလွန် နူးညံ့သိမ်မွေ့ပြီး နူးညံ့သိမ်မွေ့သော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။

ရုပ်ရည်အသွင်အပြင်အရ ပြောရလျှင် လျူရန်ယွင်ထက် လုံးဝ မနိမ့်ကျပေ။ သို့သော်လည်း စိတ်နေစိတ်ထားအရဆို၊ သူ၏ရှေ့မှ ဤမိန်းကလေးက ပို၍ပင် ကောင်းပုံရသည်။ သူမသည် ယခုချိန်မှာ ဒဏ်ရာအပြင်းအထန် ရထားသော်လည်း သူမ၏ သိမ်မွေ့သော စိတ်ထားတစ်ခု ထပ်ဖြည့်ထားတာကြောင့် လူတွေက သူမကို သနားသွားကြပါလိမ့်မည်။

ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ သူ၏ရှေ့မှ အမျိုးသမီးကို တစ်ယောက်ယောက်က လိုက်ဖမ်းနေသည်မှာ ထင်ရှားပါသည်။ အဘယ့်ကြောင့် ဆိုသော် ထိုအမျိုးသမီး ထွက်ပြေးသွားပြီးနောက် ထိုအမျိုးသမီးဆီနှင့် မနီးမဝေးမှ တစ်စုံ တစ်ယောက်သည် အပြေးအလွှား ပြေးလာသည်ကို သူခံစားနိုင်ပြီး ထိုအမျိုးသမီး သည်လည်း အင်မော်တယ်သင်္ဘောကြီးပေါ်မှာ ထိတ်လန့်တုန်လှုပ်စွာ လဲကျသွား သောကြောင့် ဖြစ်သည်။ ဤသည်မှာ သူမသည် ခြေဦးတည့်ရာ ထွက်ပြေးလာသည်မှာ ထင်ရှားသည်။

"မြန်မြန် ထွက်ပြေးတော့လေ၊ မင်းရန်သူက မင်းကို ဖမ်းမိတော့မယ်။"

ချင်ယွင်သည် သူမအား သနားကြင်နာမှု အနည်းငယ်မျှ မရှိသကဲ့သို့ အေးစက်သော လေသံဖြင့် သူမကို နှင်ထုတ်သည့်စကား တိုက်ရိုက် ပြောလိုက်သည်။

ပြိုင်ဘက်ကင်းအလှပိုင်ရှင် အမျိုးသမီးသည် ကြမ်းပြင်မှထလာကာ မည်သည့်စကားမှ ပြန်မပြောနိုင်ပေ။ သူမသည် ချင်ယွင်ကို အံ့သြခြင်းကြီးစွာဖြင့် ကြည့်နေရုံသာ တတ်နိုင်ပါသည်။ သူမ၏ လှပသော မျက်လုံးများတွင် စိတ်ပျက်သွားသည့် အရိပ်အယောင် ပေါ်လာသည်။ သူမက အနည်းငယ် ခေါင်းညိတ်ပြပြီးနောက် ထွက်ခွာရန် ပြင်ဆင်လိုက် သည်။

သို့သော် သူမ၏ ဒဏ်ရာများသည် သက်သာကောင်းမွန်ခြင်း မရှိသည်မှာ သိသာပါ သည်။ သူမ၏ ကျင့်ကြံခြင်းပညာရပ်ကို ဖြန့်ဝေလိုက်သည်နှင့်ပင် သူမ၏ ခန္ဓာကိုယ်ရှိ ဒဏ်ရာများကို ထိသွားပုံပေါ်ပါသည်။ သူမ၏ နဂိုက ဖြူဝင်းနေသော မျက်နှာသည် ချက်ချင်းပင် ဖျော့တော့သွားသည်။ သူမ၏ သွယ်လျသော လက်ချောင်းများက ရင်ဘတ်ကိုဖိပြီး အကြိမ်အနည်းငယ် ချောင်းဆိုးလိုက်သည်။

"ဟင်း….။ ငါ တကယ်ကို ဘာပြဿနာကိုမှ မလိုချင်တော့ဘူး။ ဒါပေမယ့် ပြဿနာက ငါ့ဆီ ရောက်လာခဲ့ပြီ။" ထိုမြင်ကွင်းကိုမြင်ရလျှင် ချင်ယွင်သည် ခေါင်းခါပြီး မနေနိုင်ဘဲ သက်ပြင်းရှည်ကြီး ချလိုက်မိပါသည်။

သေချာပါသည်။ ချင်ယွင်၏စကားပြောသံ ပြီးဆုံးသည်နှင့် ကောင်းကင်ယံမှ ရယ်မောသံ ထွက်ပေါ်လာသည်။ ထို့နောက်တွင်၊ အနီရောင်ရုပ်အသွင်အပြင် တစ်ခုသည် ပုံရိပ်ယောင် အဖြစ်မှ ပြောင်းလဲသွားရင်း အင်မော်တယ် သင်္ဘောကြီး၏ရှေ့တွင် ပျံသန်းလာသည်။ ထိုလှပသော အမျိုးသမီးသည် အနီရောင် ပုဂ္ဂိုလ်ကို မြင်လိုက်စဉ်မှာ သူမ၏မျက်နှာသည် ဖြူဖျော့သွားခဲ့ပါသည်။

"ဟာ…။ ဟား….၊ လျိုလင်း၊ မင်း ဘယ်ကိုထွက်ပြေးမလဲဆိုတာ ကြည့်ဦးမယ်။ ဘာလဲ၊ မင်း အခု မပြေးနိုင်တော့ဘူးမလား။ မင်းက ကောင်းကင်ကြယ် အင်မော်တယ်မြက်ကို နာခံမူရှိရှိနဲ့အပ်ပြီး ငါ့သခင်လေးရဲ့ မိန်းမဖြစ်ဖို့ သဘောတူသရွေ့ မင်းရဲ့အသက်ကို ငါ ချမ်းသာပေးမယ်။ မင်း ဘယ်လိုထင်ပါလဲ?"။

အနီရောင်ဝတ်စုံကို ၀တ်ဆင်ထားသော လူငယ်တစ်ဦးသည် အင်မော်တယ် သင်္ဘောကြီးပေါ်တွင် လက်နှစ်ဖက်နောက်ပစ်ကာ ရပ်နေရင်း အင်မော်တယ် သင်္ဘောကြီးပေါ်ရှိ အံ့မခန်း လှပသောအမျိုးသမီးကို သူ၏မျက်လုံးများတွင် ကျီစားလို သော အမူအရာဖြင့် ငုံ့ကြည့်နေ လေသည်။

ထိုအချိန်တွင် ဟောင်ခွန်သူ သူ၏အငွေ့အသက်များကို ထိန်းချုပ်ထားခြင်း ဖြစ်ပြီး ရိုးရှင်းလှသည်။ သူ၏ပုံစံက သာမန်လူတစ်ယောက်လိုပင်။ ချင်ယွင်အတွက်မူ၊ သူ၏ ကျင့်ကြံမူအဆင့်သည် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့် တွင်သာ ရှိနေပါသေးသည်။ အနီရောင်ဝတ်လူငယ်၏အမြင်မှာတော့ ဤအဆင့်သည် စကားထဲ ထည့်ပြောရန်ပင် လုံးဝ မထိုက်တန်ပေ။ ထို့ကြောင့် သူသည် သူတို့နှစ်ယောက်ကို တချက်ကြည့်လိုက်ပြီးနောက် တိုက်ရိုက်ပင် လျစ်လျူရှုထား လိုက်သည်။

ချင်ယွင်သည်လည်း အနီရောင်ဝတ်လူငယ်က သူ့ကိုကြည့်လိုက်သော်လည်း သူသည် ထိုလူငယ်ကို ဂရုစိုက်ရန်ပင် ပျင်းလွန်းလှသည်။ အနီရောက်ဝတ်လူငယ်က သူ့ကို အနှောင့် အယှက်မပေးသမျှ သူသည် ဤကိစ္စကို လုံးဝ ဂရုမစိုက်ပါဘူး။ သူသည် သင်္ဘောကြီးပေါ် တွင် ရိုးရိုးကုတ်ကုတ်ထိုင်ရင်း ပြပွဲကို ဆက်ကြည့်နေပါသည်။

"ယွန်ဟောင်၊ မင်း ငါ့ကို အသေသတ်ပစ်လို့ရတယ် ဟုတ်ပြီလား။ မင်းသခင်လေးရဲ့ မိန်းမဖြစ်ဖို့ မပြောနဲ့၊ ငါက မင်းကို ကောင်းကင်ကြယ်အင်မော်တယ်မြက်ကိုတောင် ပေးမှာမဟုတ်ဘူး၊" ပြိုင်ဘက်ကင်းလှပသောအမျိုးသမီးက တင်းမာစွာ ပြောလိုက်ပြီး သူမ၏အသံက အေးစက်မူနှင့် ပြည့်နေ၏။

"ဟာ….။ ဟား…..။ မင်း အခု မင်းကိုယ်မင်း လွှတ်နိုင်သေးတယ်လို့ ထင်နတောလား။ ငါတို့နှစ်ယောက်လုံးက အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ် အထွတ်အထိပ်အဆင့် ရောက်နေကြပြီ။ မင်း ဒဏ်ရာအပြင်းအထန် ရနေတယ်။ မင်းက လွတ်မြောက်နိုင် သေးတယ်လို့ ထင်နေတာလား" အနီရောင်ဝတ်လူငယ်က ရယ်မောလိုက်သည်။

"ယွန်ဟောင်၊ မင်း ငါ့ကို လွှတ်ပေးလိုက်ဖို့ ငါ အကြံပေးလိုက်မယ်။ ဒီလိုမှမဟုတ်ရင် ငါ့ရဲ့ လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး။ မင်း ငါ့ကို သတ်ပြီးတာနဲ့ ငါ့ဆရာက မင်းကို ကောင်းကင်ဘုံဂိုဏ်းဆီမှာတောင်းပြီး သေချာပေါက် သတ်ပစ်လိမ့်မယ်။ အဲဒီအချိန်ရောက်ရင်၊ မင်းက ကောင်းကင်ဘုံဂိုဏ်းက တော်ဝင်အကြီးအကဲရဲ့သား ဖြစ်နေရင်တောင် မင်းကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။" လျိုလင်းက ပြောလိုက်သည်။

"မင်းကို သတ်ဖို့ ငါဝန်လေးသွားပြီ။ ဒီတော့ ငါ မင်းကို အကျဉ်းချပြီး ငါ့ရဲ့ကျွန် ဖြစ်စေချင်သွားပြီ။ မင်းမသေသေးသမျှ မင်းရဲ့ဆရာကလည်း ဒီအကြောင်းကို သိမှာ မဟုတ်ဘူး။ မင်းတို့လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းရဲ့ စည်းမျဉ်းတွေအရ၊ တောင်ပေါ်ကနေ လွယ်လွယ်နဲ့ မထွက်ခွာသင့်ဘူး၊ ဟုတ်တယ်မဟုတ်လား” ယွန်ဟောင်သည် ရက်စက်သော အပြုံးကို ထုတ်ဖော်လိုက်ပြီး လျိုလင်းကိုကြည့်သည့် သူ၏ အကြည့်များက ပို၍ပင် အထိန်းအကွပ် မဲ့လာခဲ့သည်။

"မင်းက စက်ဆုပ်ရွံ့ရှာစရာ ကောင်းလိုက်တာ” ပြိုင်ဘက်ကင်းအလှပိုင်ရှင် အမျိုးသမီး၏ မျက်နှာသည် ချက်ချင်းပင် ပြင်းပြင်းထန်ထန် ဒေါသထွက်သည့်အမူအရာ ပေါ်လာပါသည်။

"ဟား….။ ဟား….။ စက်ဆုပ်ရွံ့ရှာစရာကောင်းတယ် ဟုတ်လား။ ကောင်းကင်နဂါး တိုက်ကြီးရဲ့ ပြိုင်ဘက်ကင်း အလှပိုင်ရှင် လေးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ လျိုလင်းကို ငါ့ကျွန်အဖြစ် လုပ်ဆောင်နိုင်မယ်ဆိုရင် စက်ဆုပ်ရွံ့ရှာစရာ ကောင်းတယ်လို့ ပြောခံရတော့ရော ဘာဖြစ်လဲ။ ဒါ့အပြင် မင်းရဲ့ ကောင်းကင်ကြယ် အင်မော်တယ် မြက်ပင်ကို ရပြီးတဲ့နောက်၊ ငါရဲ့ ကျင့်ကြံမူအဆင့်က အင်မော်တယ် အသွင်ကူးပြောင်းခြင်း နယ်ပယ်အထိ ဖြတ်ကျော်သွားနိုင်လိမ့်မယ်။ တကယ်လို့ ငါသာ အင်မော်တယ်အသွင်ကူး ပြောင်းခြင်းနယ်ပယ်ကို ဖြတ်ကျော်သွားမယ်ဆိုရင် မင်းရဲ့ဆရာ အမှန်တကယ် ရောက်လာရင်တောင် ငါတို့ဂိုဏ်းက သူမကို ငါ့ကို နာကျင်အောင် လုပ်ဆောင်ခွင့်ပေးမှာ မဟုတ်တော့ဘူး။” အနီရောင်ဝတ်လူငယ်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"မင်းက အယုတ်တမာကောင်ပဲ” ထိုမိန်းမလှလေးသည် ဒေါသထွက်သည့် အမူအရာ ပေါ်လာပြီးနောက် သူမ၏ သွယ်လျသော လက်ချောင်းများက သူမ၏ လက်ထဲရှိ ဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။

ထိုအခိုက်တွင် ချင်ယွင်သည် ဖြစ်ပျက်နေသည်များကို နားလည်သွားပါပြီ။

ဤအနီရောင်ဝတ်လူငယ်သည် ကောင်းကင်ဘုံဂိုဏ်း၏ တပည့်တစ်ဦးဖြစ်ပြီး၊ သူသည် ကောင်းကင်ဘုံဂိုဏ်းမှ တော်ဝင်အကြီးအကဲတစ်ဦး၏သားတစ်ယောက် ဖြစ်ပုံရသည်။ ထိုမိန်းမပျိုသည် လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းမှ အမျိုးသမီး ဖြစ်သည်။ သူတို့၏ ကျင့်ကြံမူ အဆင့်သည် နှစ်ယောက်စလုံး အမှန်တရားသို့ ပြန်လည်ခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီ။

သူတို့နှစ်ယောက်စလုံးသည် ကောင်းကင်ကြယ် အင်မော်တယ်မြက်ဟုခေါ်သော ဝိညာဉ်ဆေးပင်အတွက် တိုက်ခိုက်ကြရင်း လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းမှ လျိုလင်းသည် ယွန်ဟောင် အမည်ရှိဤလူငယ်ကြောင့် ဒဏ်ရာရသွားခဲ့သည်။ ယွန်ဟောင်သည် လျိုလင်း၏ အလှအပ ကို အမြဲတမ်း တပ်မက်မောသူဖြစ်ပြီး အင်မော်တယ်မြက်နှင့် သူမကိုပါ သူ့အပိုင်အဖြစ် ယူချင်နေသည်။

"ဟမ့်၊ ကောင်းကင်ဘုံဂိုဏ်းရဲ့တပည့်တွေက တကယ်ကို ဗိုလ်ကျလွန်းအားကြီးတယ်။ ချင်ယွင်သည် သူ၏စိတ်ထဲမှာ လှောင်ရယ်နေခဲ့သည်။

အင်မော်တယ်ကမ္ဘာမှာလည်း ကောင်းကင်ဘုံဂိုဏ်း ရှိပေသည်။ ထိုအရပ်၌ရှိသော ကောင်းကင်ဘုံဂိုဏ်း၏ တပည့်များသည်လည်း အနှိုင်းမဲ့ ရက်စက်ကြမ်းကြုတ်မှုများ ဖြစ်ကြသည်။ သူတို့သည် ယောက်ျားမိန်းမမရွေး အနိုင်ကျင့် သတ်ဖြတ်ကြပြီး ရတနာများကို လုယက်ခြင်းသည် ရှားပါးသည့်ဖြစ်ရပ်မျိုး မဟုတ်ပေ။ ချင်ယွင်သည် သေမျိုးကမ္ဘာထဲသို့ ပစ်ချခံရသည့် ကိစ္စမှာလည်း ၎င်းတို့ကြားတွင် ကောင်းကင်ဘုံ ဂိုဏ်း၏ အရိပ်မည်းကြီး ရှိနေသည်။

"ဟိတ်… မျိုးမစစ်ကောင်လေး…၊ မင်းရဲ့အင်မော်တယ် သင်္ဘောကြီးကလည်း မဆိုးဘူးကွ။ ငါ့အတွက် ပျော်ပျော်ပါးပါးခံစားဖို့ နေရာမရှိမှာ စိုးရိမ်နေခဲ့ရတယ်။ တိုက်တိုက်ဆိုင်ဆိုင်၊ ငါ သင်္ဘောကြီးကို တွေ့ရတယ်။ မင်းရဲ့ အင်မော်တယ် သင်္ဘောကြီးကို ငါ သိမ်းပိုက်လိုက်ပြီ။ အခု မင်းတို့ ထွက်သွားတော့” အနီရောင် ဝတ်လူငယ်က သင်္ဘောလေးကိုင်းပေါ် တွင်ထိုင်နေသော ချင်ယွင်ကို လှည့်ကြည့်ရင်း အလွန်မောက်မာသော လေသံဖြင့် ပြောလိုက်ပါသည်။

ချင်ယွင်သည် သူ၏မျက်လုံးများကို အနည်းငယ် မှေးကျဉ်းလိုက်ပါသည်။ မျှော်လင့် ထားသည့်အတိုင်း ပြဿနာက အဆုံးတွင် သူ၏ခေါင်းပေါ်ကို ဆွဲတင်လာခဲ့ပြီ။ သူ၏ နှလုံးသားထဲတွင် အေးစက်မှုအရိပ်အယောင်များ ထွက်ပေါ်လာသည်။

"မင်းက ငါ့ကို ရန်စဖို့ အစပြုခဲ့သူဆိုမှတော့ မယဉ်ကျေးတဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့ တော့။" ချင်ယွင်က သူ၏စိတ်ထဲတွင် လှောင်ရယ်ရပ်လိုက်ပြီး ချက်ချင်း ထရပ်ကာ ယွန်ဟောင်ကို အော်ပြောလိုက်သည် "မင်းက ငါ့ရဲ့ အင်မော်တယ်သင်္ဘောကြီးကို လုယူချင်ရအောင် မင်းကိုယ်မင်း ဘယ်သူလို့ ထင်သူထင်နေလဲ"။

"ကောင်စုတ်လေး၊ မင်း ဘယ်သူနဲ့စကားပြောနေတယ်ဆိုတာရော သိရဲ့လား" ယွန်ဟောင်က ချင်ယွင်၏ စကားကိုကြားသောအခါ ဒေါသအရိပ်အယောင်များ ချက်ချင်း ထွက်ပေါ်လာသည်။

ဘေးနားရှိ အလှပိုင်ရှင် အမျိုးသမီးသည် ချင်ယွင်ကို အံ့အားသင့်သည့် အမူအရာဖြင့် ကြည့်လိုက်သည်။ သူမ၏အမြင်အရဆို ချင်ယွင်က သူမကို ကယ်တင်ရန် ငြင်းဆိုရသည့် အကြောင်းရင်းက သူ သေမှာ ကြောက်၍ ဖြစ်သည်။ အခု သူက အဘယ့်ကြောင့် ရုတ်​တ ရက်​ စိတ်နှလုံးမာကြောသူ ဖြစ်လာရသနည်း။

"ဟမ့်၊ မင်းက ကောင်းကင်ဘုံဂိုဏ်းက တော်ဝင်အကြီးအကဲရဲ့ သားတစ်ယောက်ပဲ မဟုတ်လား။ ငါ ဘယ်သူလဲဆိုတာ မင်းသိရဲ့လား" ချင်ယွင်က ချက်ချင်းပင် အထင်အမြင် သေးစွာဖြင့် ပြောလိုက်သည်။

"ဒါဆို မင်းက ဘယ်သူလဲ?" ယွန်ဟောင်က မည်းမှောင်နေသော မျက်နှာထားဖြင့် မေးလိုက်သည်။

ဘေးနားရှိ ရင်သပ်ရူမောဖွယ် အမျိုးသမီးသည်လည်း အံ့သြသည့် အမူအရာ ပေါ်လာသည်။ ဖြစ်နိုင်တာက ဤလူငယ်၏ ကိုယ်ရေးအချက်အလက်ကလည်း အမှန်တကယ်ပင် ကြီးမားသော နောက်ခံများရှိနေနိုင်မလား..။

"ဟမ့်၊ သေချာနားထောင်ထား.။ ငါက အနောက်မြောက်အရပ်မှာရှိတဲ့ ချီကလန်ရဲ့ ဒုတိယသခင်လေး ချီရှောက်ယန်းပဲ။ ဘာလဲ၊ မင်း ကြောက်သွားပြီ မဟုတ်လား။" ချင်ယွင် သည် ချက်ချင်းပင် အနှိုင်းမဲ့ မောက်မာသော အပြုအမူကိုဖော်ပြရင်း ပြောလိုက်သည်။

သင်္ဘောကြီးနံဘေးမှာ တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေသော ဟောင်ခွန်သည် ချင်ယွင်၏ စကားကိုကြားပြီး ရှားရှားပါးပါး ပြုံးပြလိုက်မိသည်။ သူ၏သခင်လေးသည် အမှန်တကယ် စိတ်နှောက်သွားပြီဟု သူ့ကိုယ်သူ တွေးနေမိသည်။

အကယ်၍ ချီရှောက်ယန်းသည် သူ၏ဤသခင်လေးသည် သူ၏ အင်မော်တယ် သင်္ဘောကြီးကို ခိုးယူရုံသာမက သူ၏နောက်ခံကိုပင် ဟန်ဆောင်ကာ ကောင်းကင်ဘုံ ဂိုဏ်း၏ တော်ဝင်အကြီးအကဲ၏သားကို အတိုက်ခံလုပ်နေသည်ကို ကြားရလျှင် သူသည် ဒေါသအထွက်လွန်ပြီး ပါးစပ်ထဲမှ သွေးများပင် အန်ထွက်လာလိမ့်မည်။

ယွန်ဟောင်သာမက၊ ဘေးနားမှ အလှပိုင်ရှင် အမျိုးသမီးသည်လည်း ချင်ယွင်၏ စကားကို ကြားလိုက်ရသည့်အခါ လူမိုက်တစ်ယောက်ကို ကြည့်နေသလိုမျိုး ချင်ယွင်ကို ကြည့်နေလေသည်။

အခန်း (၅၂၅) ယွန်ဟောင်နှင့်ဆန့်ကျင်ဘက်ပြုခြင်း။

"ဟား….။ ဟား….။ ချီကလန်ရဲ့ ဒုတိယသခင်လေးက လူ့ပေါ်ကြော့တစ်ယောက်လို့ ငါ ကြားတာ ကြာပြီ။ သူက ငါ့တို့ရဲ့ကောင်းကင်ဘုံဂိုဏ်းကို သောက်ရေးမပါတဲ့ ဂိုဏ်းတစ်ခု အဖြစ် ခေါ်လိုလိမ့်မယ်လို့ ငါ မျှော်လင့်မထားမိဘူး။ ဒီနေ့ သူ့ရဲ့ ဂုဏ်သတင်းက တကယ်ကို ကျော်ကြားတဲ့အတိုင်း ထိုက်တန်ပါပေတယ်” ယွန်ဟောင်သည် ဟာသကြီးတစ်ခုကို ကြားလိုက်ရသလို ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သို့သော် သူသည် ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်ရင်း ရှုတ်ချလှောင်ပြောင်မှုများနှင့် ပြည့်နှက်နေသည်။

လျှိုလင်းသည်လည်း အားကိုးရာမဲ့သော အမူအရာမျိုး ရှိနေပါသည်။ မူလကတည်းက ဤအင်မော်တယ်သင်္ဘောပေါ်တွင် 'ချီ' ဟူသော စကားလုံးကို သူမမြင်လိုက်ရစဉ်မှာ တစ်ခုခု မှားနေပြီဟု ခံစားမိသည်။ ချီကလန်၏ ဒုတိယလေး ဖြစ်နေလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။ ယင်းကြောင့် သူမ စိတ်ထဲတွင် စိတ်ပျက်လက်ပျက်ဖြစ်သည့် ခံစားချက်က ဖြုန်းခနဲ ဝင်ရောက်လာခဲ့သည်။

"ဒါဆို မင်းက ဒီသခင်လေးရဲ့ နာမည်ကို အရင်ကတည်းက ကြားဖူးပြီးသားပေါ့။ ဟမ့်၊ မင်း ဉာဏ်ကောင်းတယ်ဆိုရင် လစ်လိုက်တော့။ ဒီလိုမှမဟုတ်ရင် မင်းအဖေတောင်မှ မင်းကို မမှတ်တဲ့အထိ ငါ ရိုက်ပစ်မယ်” ချင်ယွင်က ပြောလိုက်၏။ မည်သို့ပင် ဆိုစေကာမူ ယခု သူသည် ချီရှောက်ယန်းနေရာမှာ အစားထိုးဝင်ရောက်လိုက်ပြီ ဖြစ်သည်။ အကယ်၍ ယွန်ဟောင်သည် အနာဂတ်မှာ သူ့ကို ဒုက္ခပေးချင်သည် ဆိုလျှင်ပင် သူ့ကို ရှာတွေ့နိုင်မှာ မဟုတ်ပါဘူး။

"ဟမ့်၊ မင်းအစ်ကိုကြီး ငါ့ရှေ့မှာ ရပ်နေရင်တောင် ငါ့ကို ဒီလိုစကားမျိုး မပြောရဲဘူး။ မင်းက ငါ့ကို ထွက်သွားဖို့ တကယ်ဘဲ ပြောရဲတာလား။ မင်းက သေချင်နေတာလား။ ယွန်ဟောင်၏ မျက်နှာသည် ဒေါသပေါက်ကွဲသည့် အမူအရာ ချက်ချင်း ထွက်ပေါ်လာသည်။ ဤချီရှောက်ယန်းသည် သူ့ထက်ပင် မောက်မာနေသေး၏။ ယနေ့ သူ့ကို သင်ခန်းစာ မသင်ပေးဘူဆိုလျှင် သူ၏မျက်နှာ ဘယ်နားသွားထားရမည်နည်း။

ဘေးနားရှိ ပြိုင်ဘက်ကင်းလှပသော အမျိုးသမီးသည် အနည်းငယ် မျက်မှောင် ကြုတ်သွားသည်။ ချီကလန်၏ ဒုတိယသခင်လေးသည် အလွန်မာနကြီးသည်ဟု မူလက တည်းက သူမ ကြားသိဖူးခဲ့သော်လည်း ဤမျှမာနကြီးလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ သူသည် အမှန်တကယ် ရူးသွပ်နေသူ တစ်ယောက်လိုပင်။ ချီကလန်၏အင်အားက ကောင်းကင်ဘုံဂိုဏ်းထက် အဆမတန် နိမ့်ကျသည်ဆိုသော စကားကို မပြောနှင့်ဦး။ ယွန်ဟောင်၏ အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့် စစ်မှန် သော စွမ်းအားကပင် သူချီရှောက်ယန်းတစ်ယောက် ရန်စရန်နိုင်သည့်အရာ မဟုတ်ပါဘူး။

"ချီကလန်ရဲ့ ဒုတိယသခင်လေးဟာ ကောလဟာလအတိုင်း တကယ်ကို အမှိုက်တစ်စလို့ ထင်ရတာပဲ။ တကယ်လို့ ချီကလန်ရဲ့ ကလန်ခေါင်းဆောင်ကသာ အခုချိန်မှာ သူ့ကို ဂရုမစိုက်ဘူးဆိုရင် အနာဂတ်မှာ ချီကလန်က ဒီသခင်လေးကြောင့် ဖျက်ဆီးခံရမှာ ကိုတောင် ငါ စိုးရိမ်မိယ်။ " ပြိုင်ဘက်ကင်းအလှပိုင်ရှင် အမျိုးသမီးသည် သူ၏စိတ်ထဲတွင် တီးတိုးရေရွတ်လိုက်မိသည်။ တစ်ချိန်တည်းမှာပင် သူမသည် သူမ၏ဒဏ်ရာများကို တိတ်တဆိတ် ကုသနေပြီး လွတ်မြောက်ရန်အခွင့်အရေးကို စောင့်မျှော်ရန် ကြိုတင် ပြင်ဆင်နေခဲ့သည်။

“မင်းက သေခြင်းတရားကို တောင်းခံနေတာလို့ ငါထင်တယ်၊ ဟုတ်တယ်မလား။ ဟိုတချိန်တုန်းကတော့ ငါ့အစ်ကိုကြီးကို အဲဒီဂိုဏ်းထဲ မ၀င်ဖို့အတွက် ငါ အကြံပေးခဲ့ တယ်၊ ငါ့အစ်ကိုကြီးက ငါ့စကားကို နားထောင်ဖို့ ငြင်းဆန်ခဲ့တယ်။ ဒီပျက်ဆီးနေတဲ့ ကောင်းကင်ဘုံဂိုဏ်းထဲ ဝင်ရောက်ပြီးတဲ့နောက် သူက သုံးစားမရတဲ့ ပညာရပ်တွေကို သင်ယူလာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး” ချင်ယွင်က ရှုအထင်အမြင်သေးသည် မျက်နှာအနေထားဖြင့် ဆက်လက်ပြောလိုက်ပါသည်။

သူ၏မျက်နှာပေါ်ရှိ အမူအရာသည် အသက်ဝင်လွန်းသဖြင့် ကောင်းကင်ဘုံဂိုဏ်းသည် တန်ဖိုးမရှိသောဂိုဏ်းတစ်ခုဟု ဝေဖန်လိုက်သည်။

ဘေးမှာရှိနေသော ဟောင်ခွန်သည် ပျော်ရွှင်နေပြီ ဖြစ်သည်။ သူသည် ကောင်းကင်ဘုံ ဂိုဏ်းကို မုန်းတီးနေသူ ဖြစ်သည်။ ချင်ယွင်က ကောင်းကင်ဘုံဂိုဏ်းကို ကျိန်ဆဲနေ သည်ကို ကြားလိုက်ရလျှင် သူ၏နှလုံးသားက သဘာဝအတိုင်း အလွန်ပျော်ရွှင် နေခဲ့တယ်။ သူသည် သင်္ဘောနံဘေးတွင် ရိုးရိုးကုတ်ကုတ် ထိုင်နေကာ ဝိုင်ပုလင်းကို ထုတ်လိုက်ပါသည်။ ချင်ယွင်၏ ဖျော်ဖြေမှုကို ကြည့်ရင်း သူ သောက်ပေတော့မည်။

ယွန်ဟောင်၏ မျက်နှာသည် ဒေါသကြောင့် အစိမ်းရောင်ပြောင်းသွားပြီး သူ၏ မျက်လုံးနှစ်ဘက်စလုံးက မီးပွင့်လုမတတ် ဖြစ်နေပါပြီ။

ကောင်းကင်ဘုံဂိုဏ်းသည် ကောင်းကင်နဂါးတိုက်ကြီး၏ နံပါတ်တစ် ထိပ်တန်းဂိုဏ်း အဖြစ် ချီးမြှင့်မြှောက်စားခံရပြီးကတည်းက၊ သူ မည်သည့်နေရာကိုသွားသွား အခြားလူများသည် သူ၏ လျစ်လျူရှုထားခြင်ခံရမည်ကို ကြောက်လှရွံ့သည့်အတွက် ဗုဒ္ဓတစ်ဆူ သို့မဟုတ် ဗုဒ္ဓဘုရားလောင်းတစ်ပါးကဲ့သို့ ဆက်ဆံသူများ အမြဲရှိနေမည် ဖြစ်ပါသည်။

ယခုတိုင် တစ်စုံတစ်ယောက်သည် သူ၏ ကောင်းကင်ဘုံဂိုဏ်းသည် ပျက်ဆီးနေသော ဂိုဏ်းတစ်ဂိုဏ်းဖြစ်ပြီး ထိုဂိုဏ်း၏တပည့်များ အားလုံးသည် အမှိုက်များဖြစ်ကြောင်း အမှန်တကယ်ပင် ရဲရဲတင်းတင်း ပြောရဲကြ၏။ ဤသည်မှာ နှစ်ပေါင်းတစ်ရာ ကျော်အတွင်း သူကိုယ်တိုင်မြင်ခဲ့ရသည့် အဓိကဖြစ်ရပ်ကြီးတစ်ခု ဖြစ်လေသည်။

"ဟမ့်, ချီရှောက်ယန်း, ဒီနေ့ ငါမင်းကို မောက်မာမှုအတွက် ဘယ်လိုတန်ဖိုးတွေ ရောက်လာမလဲဆိုတာ ငါပြောပြမယ်။" ယွန်ဟောင်က အေးစက်စွာ ဟစ်အော်လိုက် သည်။ အမှန်တရားသို့ ပြန်လည်ခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်ရှိ အငွေ့အသက်သည် ချင်ယွင်ကို ဖိနှိပ်ထားသော မြင့်မားသော တောင်ကြီးတစ်ခုကဲ့သို့ ထွက်ပေါ်လာသည်။ သူ၏ပုံရိပ်သည် အနီရောင်သဏ္ဍာန်အသွင် ပြောင်းသွားပြီး ချင်ယွင်ဆီသို့ လျင်မြန်စွာ ပြေးဝင်လိုက်သည်။

ယွန်ဟောင်သည် သူ့ဆီသို့ အပြေးအလွှား ပြေးလာနေသည်ကို ကြည့်ရင်း ချင်ယွင်က နှာခေါင်းရှုံ့လိုက်သည်။

သူ၏ကျင့်ကြံမူအဆင့် နောက်ဆုံးအကြိမ် အဆင့်ချိုးဖြတ်ပြီးကတည်းက သူသည် အမှန်တကယ် တိုက်ပွဲဝင်ရန် သူ၏ကိုယ်ပိုင်ခွန်အားကို အသုံးမချခဲ့ရပေ။ ယခု တစ်ကြိမ်မှာတော့ သူသည် သူ၏ခွန်အားကိုစမ်းသပ်ရန် ယွန်ဟောင်ကို အသုံးပြုရ တော့မည်။

ဘေးနားရှိ ပြိုင်ဘက်ကင်းအလှပိုင်ရှင် အမျိုးသမီး၏ လှပသော မျက်လုံးများတွင် အကူအညီမဲ့သည့် အရိပ်အယောင် ပေါ်လာပါသည်။ ချင်ယွင်ကို ယွန်ဟောင်၏ အရူးအမူး နှိပ်စက်မည့်မြင်ကွင်းကို သူမ မြင်နေပုံရသည်။

"သေ!"

ယွန်ဟောင်က အေးစက်စွာ ဟစ်အော်လိုက်ပြီး ချင်ယွင်၏ရှေ့တွင် အနီရောင် ရုပ်အသွင်အဖြစ် တဖန်ပြန်ပေါ်လာသည်။

ယွန်ဟောင်သည် ကိုယ့်ကိုယ်ကိုအထင်ကြီးပြီး အတော်လေး သွေးနထင်ရောက်နေသူ ဖြစ်သည်။ သူသည် ချင်ယွင်ကို တိုက်ခိုက်အတွက် သူ့လက်သီးကိုပင် မသုံးဘဲ၊ သူ၏ ဆန့်ထုတ်ပြီး ချင်ယွင်၏ လည်ပင်းကို တိုက်ရိုက် ဖမ်းဆုတ်လိုက်ပါသည်။ သူ၏ လက်ဖဝါးမှ တောက်လောင်နေသော အနီရောင် အလင်းတန်းတစ်ခု ထွက်ပေါ် လာသည်။

"သေရမယ့်လူက မင်းပဲ ဖြစ်ရမယ်!"

သို့သော် ချင်ယွင်ကို ကြက်တစ်ကောင်လို လက်ထဲတွင် ဆုပ်ကိုင်ထားတော့မည်ဟု ယွန်ဟောင်တွေးထင်နေစဉ်မှာပင် မလှုပ်မယှက် ရပ်နေသော ချင်ယွင်သည် ရုတ်တရက် အေးစက်သော အပြုံးတစ်ခု ထွက်ပေါ်လာသည်။

ချင်ယွင်သည် ရုတ်​တရက်​ ထရပ်လိုက်​ပြီး သူ၏ခွန်အားကို သူ၏​ခြေ​ထောက်​​အောက်​မှာ အစွမ်းကုန် ​အသုံးပြု​လိုက်​သည်​။ သူ၏ခန္ဓာကိုယ်တစ်ခုကိုယ်လုံးသည် ရုတ်တရက် ခုန်တက်လာသည်။ သူ၏ခါးသည် လေးညှို့ကဲ့သို့ ကိုင်းသွားပြီး မိုးခြိမ်းသံလို ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ အနေထားအားလျှော်စွာ သူ၏ညာဖက် ခြေထောက်မှာ ခွန်အားကို စိုက်ထုတ်လိုက်ပြီး ယွန်ဟောင်၏မေးစေ့ကို သူ၏ဒူးက အပြင်းအထန် တိုက်ချသွားသည်။

ယွန်ဟောင်၏ မေးစေ့သည် ယှဉ်ပြလို့မရသည့် ကြည်လင်ပြတ်သားသော ကျိုးပဲ့သံ ထွက်ပေါ်လာသည်။ အကန့်အသတ်မရှိသော အင်အားတစ်ခုက သူ၏မေးစေ့နေရာမှာ တိုက်ရိုက် ပေါက်ကွဲသွားသည်။ အကန့်အသတ်မရှိသော ဤစွမ်းအား၏ လွှမ်းမိုးမှု အောက်တွင် သူ၏တစ်ကိုယ်လုံး နောက်ပြန်ဆုတ်သွားခဲ့သည်။ သွေးတွေနှင့်အတူ သွားငါးချောင်းသည် သူ၏ပါးစပ်မှ လွှင့်ထွက်သွားသည်။

"အား.....!"

ထိုအခွင့်အရေးကို အရယူပြီး မူလက ထွက်ပြေးရန် စီစဉ်ထားသော ရင်သပ်ရူမောဖွယ် အမျိုးသမီးသည် ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ အံ့အားသင့်သွားပါသည်။ သူမ၏ လှပသော မျက်လုံးများသည် ဖော်ပြ၍မရသော အံ့အားသင့်ဟန် အမူအရာကို ထုတ်ဖော် နေပါသည်။

"ဘာတွေဖြစ်နေတာလဲ?"

ယွမ်ဟောင်၏ဦးခေါင်းသည် ယခုအခိုက်အတန့်တွင် ချာချာလည်နေ၏။ ဖြစ်ပျက်သွား သည်ကို သူ နားမလည်နိုင်တော့ပါဘူး။ ချင်ယွင်၏ ဒူးချက်က သူ့ကို လုံးဝ မှိန်းမောသွားရ သည်။ သူ၏အသိအာရုံတွေ ပြန်လည်ရန်အတွက် အချိန်ခဏ ယူလိုက်ရသည်။

သို့သော် သူ သတိပြန်ရလာသည်နှင့် တပြိုင်နက် သူ၏ရှေ့တွင် ကြီးမားသော ခြေဖဝါးကြီး တစ်ခုကို မြင်လိုက်ပြီးနောက် ထိုခြေဖဝါးရာကြီးသည် သူ၏မျက်နှာကို ပြင်းပြင်းထန်ထန် ပုတ်ချလိုက်သည်။

"ဘန်း!“

ယွန်ဟောင်၏မျက်နှာသည် ချက်ချင်းပင် ရှုံ့တွသွားခဲ့ပြီး သူ၏ ဖြောင့်စင်းသော နှာခေါင်းရိုး သည် ဤကြီးမားလှသော စွမ်းအားကြောင့် တိုက်ရိုက် စောင်းသွားခဲ့သည်။ သူ၏ မျက်နှာတစ်ခုလုံးသည် ခွက်ဝင်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြောင့် ယွန်ဟောင်သည် ကျောက်တုံးတစ်တုံးလို ပြိုလဲကျသွားခဲ့သည်။

"ဘုန်း....!"

ယွန်ဟောင်၏ခန္ဓာကိုယ်သည် အောက်ဘက်ရှိ တောင်ထိပ်တစ်ခုပေါ်သို့ တိုက်ရိုက် ပြုတ်ကျသွားသည်။ ထိုတောင်ထိပ်သည် ချက်ခြင်းပင် အစိတ်စိတ်မွှာမွှာ ကြေမွသွားပြီး တောင်ကြီး၏ အစိတ်ပိုင်းကြီးတစ်ခုလည်း ပြိုကျသွားသည်။ ကြီးမားသော ကျောက်တုံး ကြီးများသည် လှိမ့်ဆင်းသွားကာ ဖုန်မှုန့်များက လိမ့်ဆင်းနေသော ကျောက်တုံးများ နှင့်အတူ ပြန့်ကျဲနေသည်။

ယွန်ဟောင်သည် အပျက်အစီးများကြားထဲတွင် လဲလျောင်းနေပြီး သူ၏မျက်နှာပေါ်ရှိ ပြင်းထန်သော နာကျင်မှုက သူ၏ ခန္ဓာကိုယ်တစ်ခုကိုယ်လုံးကို ဝေဝေဝါးဝါး ဖြစ်သွား စေခဲ့သည်။

အင်မော်တယ်သင်္ဘောကြီးပေါ်ရှိ လျှိုလင်းလည်း လုံးဝကို ထိတ်လန့်သွားရသည်။ စောစောက ချင်ယွင်၏ လုပ်ရပ်အားလုံးကို သူမ မြင်လိုက်ရ၏။

ချင်ယွင်၏ လှုပ်ရှားမှုအဆင့်ဆင့်သည် ရွှေ့လျားနေသော တိမ်တိုက်များနှင့် စီးဆင်းနေ သော ရေများကဲ့သို့ပင်။ သူ၏ရုပ်ခန္ဓာခွန်အားသည် ကြောက်မက်ဖွယ်အဆင့်သို့ ရောက်ရှိ နေခဲ့သည်။ ထိုသို့မဟုတ်လျှင်င် သူသည် ဤမျှလောက်ကြီးမားသော စွမ်းအားတွေနှင့် ပေါက်ကွဲနိုင်လိမ့်မည် မဟုတ်ပေ။

ယွမ်ဟောင်၏မျက်နှာကို လှမ်းတိုက်လိုက်သော ရိုးရှင်းသော ဒူးခေါင်းနှင့် ထိထိမိမိ ရှိလှသော ထိုကန်ချက်တွင် ကြောက်မက်ဖွယ် စွမ်းအားများ ပါ၀င်နေသည်။ အကယ်၍ ယွမ်ဟောင်သည် နှောင်းပိုင်းအဆင့် အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ် ကျွမ်းကျင်သူ တစ်ဦးဖြစ်ခဲ့မည်ဆိုလျှင် သူသည် ဤတိုက်ခိုက်မှုနှစ်ခုကြောင့် အသတ်ခံရပေမည်။

ဟုတ်ပါသည်။ ဤကိစ္စမှာ ယွမ်ဟောင်၏ ပေါ့လျော့မှုလည်း ပါပါသည်။ အကယ်၍ ယွန်ဟောင်သာ သူ၏ပြိုင်ဘက်ကို လျှော့မတွက်ခဲ့ဘူးဆိုလျှင် သူ၏ပြိုင်ဘက်က ဤမျှလောက် လွယ်ကူစွာ သူ့ကို အငိုက်ဖမ်း တိုက်ခိုက်နိုင်မှာ မဟုတ်ပါဘူး။

သို့သော်လည်း ဤသည်မှာ တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်၏ အထွတ်အထိပ် အဆင့်ရှိ ကျင့်ကြံသူ တစ်ယောက် ပေါက်ကွဲနိုင်သော ခွန်အားတစ်ခု မဟုတ်သည်မှာ သေချာပါ သည်။

"ဟမ့်၊ ကောင်းကင်ဘုံဂိုဏ်းက လူတွေအကုန်လုံးက အမှိုက်တွေလို့ မင်းကို ငါ ပြောခဲ့ပါ တယ်။ သူတို့မှာ တိုက်ခိုက်ရေးစွမ်းအား နည်းနည်းလေးတောင် မရှိဘူး" ချင်ယွင် သည် လေထဲတွင် ဂုဏ်ယူစွာ ရပ်နေပြီး အပျက်အစီးများထဲတွင် လဲလျောင်းနေသော ယွန်ဟောင်ကို သူ၏မျက်လုံးများတွင် ပြင်းပြင်းထန်ထန် ရှုတ်ချသော အကြည့်များဖြင့် ငုံ့ကြည့်နေလေသည်။

သူ၏အသံက တောင်တန်းတစ်လျှောက် ပဲ့တင်ထပ်ပြီး ယွန်ဟောင်၏ နားထဲကို ဝင်ရောက်သွား၏။

ယွန်ဟောင်သည် အပျက်အစီးများထဲတွင် လဲလျောင်းနေပြီး သူ၏အမူအရာက အလွန်ပင် မည်းမှောင်နေသည်။ ချင်ယွင်၏ သရော်လှောင်ပြောင်သံကို ကြားလိုက်ရင်း သူ၏ မျက်လုံးထဲတွင် သတ်ဖြတ်ချင်စိတ် ပေါက်ကွဲထွက်လာသည်။

"ငါ မင်းကို သတ်မယ်!" ယွန်ဟောင်က ကျယ်လောင်စွာ အော်လိုက်ပြီး သူ၏ တစ်ကိုယ်လုံး သည် ပေါက်ကွဲထွက်လာသည်။ လုံးဝမပြိုကျသေးသော သူ၏ ခြေထောက်အောက်ရှိ တောင်ထွတ်သည် ပြိုကျသွားပြီး ချက်ချင်း အစိတ်စိတ်မွှာမွှာ ကွဲသွားသည်။ သူသည် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ကို သယ်ဆောင်ရင်း ကောင်းကင်ဆီသို့ တန်းတန်းမတ်မတ် ထိုးတက်သွားခဲ့သည်။

"ဒါကမှ စိတ်ဝင်စားစရာကောင်းသေးတယ်"

ချင်ယွင်သည် ရက်စက်ကြမ်းကြုတ်နေသော ယွန်ဟောင်ကို ကြည့်ရင်း ဆော့ကစားလို ဟန်ဖြင့် အပြုံးတစ်ခုကို ထုတ်ဖော်လိုက်၏။

စာစဉ် (၃၅) ပြီးပါပြီ။

ဘာသာပြန်သူ နေဇင်။

All Chapters