ငန်းရေကန် (၃)
Vol. 4 Ch. 222
“ဆယ်ဗီ....”
“ဆယ်ဗီ... ထတော့လေ....”
ကျွန်မအိပ်ပျော်ပြီး မကြာခင်မှာပဲ တစ်ယောက်ယောက်က ကျွန်မကို လှုပ်နှိုးနေသလိုမျိုး ခံစားရတဲ့အတွက် မျက်လုံးဖွင့် ကြည့်လိုက်တဲ့အချိန် ပါစီဗယ်ရဲ့မျက်နှာကိုမြင်လိုက်ရပြီး ထိတ်လန့်သွားခဲ့တယ်။
“အား....ရှင်ကျွန်မအခန်းထဲ ဘာဝင်လုပ်နေတာလဲ။”
ကျွန်မလည်းကြောက်ကြောက်နဲ့ သူ့အင်္ကျီလည်ပင်းကိုလှမ်းဆွဲပြီး လက်သီးနဲ့မျက်နှာကိုထိုးလိုက်တယ်။ ပါစီဗယ်ရဲ့ခန္ဓာကိုယ်က မြူတွေအဖြစ်ကို ပျောက်ကွယ်သွားခဲ့ပြီးတော့ အခန်းထောင့်မှာ ကွေးကွေးလေးပြန်ပေါ်လာလေရဲ့။
“ဆယ်... ဆယ်ဗီ... ကိုယ်မင်းကို ဘာမှမလုပ်ပါဘူး။ ဒီကိုလာရင်းကိစ္စ မေ့သွားပြီလား...”
“လာရင်းကိစ္စ...” ကျွန်မ မေးကိုလက်ညိုးနဲ့ထောက်ရင်း စဥ်းစားကြည့်တယ်။
ဒီလိုလာတာ ရေကန်စောင့်နတ်သမီးဆီမှာ ဆုတောင်းဖို့အတွက် လာခဲ့တာမဟုတ်လား။ သာယာလွန်းတဲ့မြို့လေးကိုတွေ့ပြီးတော့ အစားကောင်းအသောက်ကောင်းတွေစားနေတာနဲ့ မေ့သွားတာ။
“ငန်းဖြူနတ်သမီးက ညသန်းခေါင်ယံမှ ပေါ်လာတာမျိုးလေ။ အခုနေမသွားရင် နောက်ကျသွားလိမ့်မယ်။”
ပါစီဗယ်က သတိပေးလိုက်မှ ဖုန်းက နာရီကိုကြည့်လိုက်တော့ ညဆယ့်တစ်နာရီဖြစ်နေပြီ။ အဲဒါနဲ့ပဲ ဆောင်းရာသီဝတ် အနွေးထည်အထူကြီးကို ကိုယ်ပေါ်လွှမ်းခြုံပြီးတော့ တည်းခိုခန်းအပြင်ကို ထွက်ခဲ့ပါတယ်။
“အေးလိုက်တာ....”
ဆောင်းရာသီနှောင်းပိုင်းဖြစ်ပေမဲ့ ဒီနေ့ညတော့ နှင်းမကျဘူး။ အဲဒီအစားလေပြင်းတွေပဲ ခပ်ထန်ထန်တိုက်နေပြီး ကောင်းကင်မှာ တိမ်တွေကင်းစင်နေပါတယ်။ လမင်းကြီးကိုလည်းမြင်ရပြီးတော့ မြို့ကြီးတွေပေါ်မှာလိုမဟုတ်ဘဲ မိုးသားထက်ကကြယ်တွေက အစွမ်းကုန်တောက်ပလို့။ မြေအမြင့်ပိုင်းမလို့လားမသိပေမဲ့ ကြယ်တွေဟာ ကျွန်မနဲ့လက်တစ်ကမ်းမှာရှိနေသလိုမျိုး ခံစားရပါတယ်။
ဘုတ်... ဘုတ်...
နှင်းတွေဖုံးနေတဲ့ လမ်းမပေါ်မှာလမ်းလျှောက်ရတာ တော်တော် ရုန်းကန်ရမှန်း သိလိုက်ရပြီ။ ကျွန်မခြေထောက်က နှင်းတွေထဲ သုံးလေးလက်မလောက်နစ်ဝင်သွားပြီး စတော့ကင်အဖြူကို နှင်းတွေကလာထိတယ်။
လမ်းတစ်ဖက်တစ်ချက်မှာရှိနေတဲ့ လမ်းမီးတိုင်ဟောင်းတွေက မီးလုံးဝါဝါတွေက ကျွန်မကိုရေကန်ဆီလမ်းပြပေးပါတယ်။ ကမ်းနားကိုရောက်တဲ့အခါမှာတော့ ငန်းအရောင်ရေတစ်ရာနီးပါး ကန်ထဲမှာရှိနေပြီးတော့ ရေကန်ရဲ့အလယ်မှာတော့ အဖြူရောင် ဘဲလေးဂါဝန်ကိုဝတ်ထားတဲ့ မိန်းမလှလေးတစ်ယောက်ကို ဝိုးတဝါးမြင်နေရတယ်။
“လှလိုက်တာ....” မနေနိုင်ဘဲ ကျွန်မပြောလိုက်မိပါတယ်။
အဲဒီမိန်းကလေးရဲ့ခန္ဓာကိုယ်က ထွင်းဖောက်မြင်နိုင်လုနီးပါး ကြည်လင်နေပြီးတော့ နှင်းလိုဖြူစွတ်တောက်ပတဲ့အသားနဲ့ လရောင်အောက်မှာတောက်ပနေတဲ့ ငွေရောင်ဆံနွယ်တွေရှိလို့။
ကျွန်မဘဝမှာ လှပတဲ့မိန်းကလေးတော်တော်များများကို မြင်ဖူးပါတယ်။ နာတာရှာပဲဖြစ်ဖြစ် မိုနီကာပဲဖြစ်ဖြစ် လှကြတယ်ဆိုပေမဲ့ ဒီမိန်းကလေးကိုမြင်ရချိန်မှာတော့ သူတို့အလှတွေဟာ မှေးမှိန်သွားသလိုပါပဲ။
“သူက ငန်းဖြူနတ်သမီးလား....” သိသာနေပြီးသား မေးခွန်းတစ်ခုကို ကျွန်မမေးလိုက်မိတယ်။
ပါစီဗယ်ကတော့ ကျွန်မဘေးမှာပေါ်လာပြီး ကျွန်မလက်ကို ဆွဲထားတယ်။ သူက ခေါင်းညိတ်ပြလိုက်ပြီး ကျွန်မသိချင်တဲ့ အဖြေကိုပေးလိုက်ပါတယ်။ ခဏလောက်ကြာတော့ ငန်းဖြူနတ်သမီးက ကျွန်မတို့ကိုသတိထားမိသွားပုံရပြီး အနားကိုလျှောက်လာပါတယ်။
လျှောက်လာတယ်ဆိုတာထက် သူ့ပုံစံက ကန်ရေပြင်ပေါ်မှာ မျောလွင့်နေသလိုမျိုးပဲ။
“အသင်တို့က ကျွန်မဆီမှာ သစ္စာဆိုရအောင် လာခဲ့တာလား။”
ဘာသာစကားကြားခံမရှိတဲ့ စိတ်ချင်းဆက်သွယ်ပြောဆိုမှုဖြစ်ပြီး သူပြောတဲ့စကားတွေက ကျွန်မခေါင်းထဲကို တိုက်ရိုက်ဝင်ရောက် လာခဲ့ပါတယ်။ ကျွန်မက ခေါင်းညိတ်ပြလိုက်ပြီးတော့
“ဟုတ်ပါတယ်... ကျွန်မက ကျွန်မချစ်တဲ့သူတဲ့မခွဲနိုင်ဘူး။” ဆိုပြီး ပြောလိုက်တယ်။ ပါစီဗယ်ကလည်းပဲ...
“ကျွန်တော်လည်း ကျွန်တော်ချစ်တဲ့သူကို ဆုံးရှုံးရမှာ မလိုချင်ဘူး။” ဆိုပြီးပြောလိုက်တော့ ကျွန်မနည်းနည်း နားမလည်နိုင်ဖြစ်သွားခဲ့တယ်။
နတ်သမီးက ကျွန်မတို့နှစ်ယောက်ကိုသေချာကြည့်လိုက်ပြီး “ဒါဆိုရင် သင်တို့နှစ်ယောက်က အသက်ထက်ပိုပြီးတော့ ချစ်ကြတဲ့သူတွေပေါ့။” ဆိုပြီးမေးပြန်တယ်။
ပါစီဗယ်ကတော့ “ဟုတ်ပါတယ်။” ဆိုပြီး ခေါင်းညိတ်ခဲ့ပေမဲ့ ကျွန်မက.....
“မဟုတ်ဘူး....” လို့ပြောပြီး ပါစီဗယ်ရဲ့လက်ကို လွှတ်လိုက်တယ်။
“ဆယ်ဗီ၊ ဘာလို့လဲ။” ပါစီဗယ်က ကျွန်မကိုမယုံနိုင်စွာနဲ့ကြည့်ရင်း မေးလိုက်တယ်။ ကျွန်မကလည်း သူ့ကိုမယုံနိုင်တဲ့ပုံစံမျိုးနဲ့ ပြန်ပြီးတော့ကြည့်လိုက်တယ်။
“ပါစီဗယ်၊ အဲဒီမေးခွန်းက ကျွန်မက ရှင့်ကိုမေးရမှာ။ ရှင်ဘာလို့ ဒီလိုအရာမျိုးကို ထပ်လုပ်ရပြန်တာလဲ။”
ကျွန်မနားလည်လိုက်ပြီ။ အရင်တစ်ခါတုန်းက ဖြစ်ခဲ့သလိုပဲ ပါစီဗယ်က ကျွန်မနဲ့ လက်ထပ်ချင်နေပြန်တာ။ အရင်တစ်ခါက ဖိအားပေးခဲ့ပြီးတော့ ဒီတစ်ခါတော့ မုသားတွေနဲ့ပါ။
“ကျွန်မက ရှင့်မှာနက်ဆန်နဲ့ ပြန်ပြီးအဆင်ပြေနိုင်မယ့်နည်းလမ်း ရှိတယ်ထင်ထားခဲ့တာ။ လက်စသတ်တော့ ရှင်တော်တော် အောက်တန်းကျပါ့လား။”
ပါစီဗယ်က ကျွန်မဆီကို ချဥ်းကပ်လာတော့ အလိုလိုနေရင်းနဲ့ ကျွန်မနောက်ကိုဆုတ်လိုက်မိတယ်။ ဟုတ်တယ်၊ ကျွန်မကိုက မှားတာ။ နောက်ဆုံးမှာတော့ ပါစီဗယ်က အစွဲအလမ်းကြီးမှုကြောင့် ဖြစ်တည်လာခဲ့တဲ့ တစ္ဆေတစ်ကောင်ပဲလေ။
“ဆယ်ဗီ... ကိုယ်မင်းကိုချစ်တယ်။ အဲဒီကောင်က မင်းကို သူ့အနားက အရုပ်တစ်ရုပ်လိုပဲ သဘောထားနေတာလေ။ ပြီးတော့ သူ့မှာတခြားအရုပ်တစ်ရုပ်လည်းရှိနေသေးတယ်။ အဆိုးဆုံးက မင်းကို သူက ဂရုအစိုက်ဆုံးမဟုတ်တာပဲ။ ကိုယ်မင်းကို ပျော်အောင်ထားမယ်။”
ပါစီဗယ်က ကျွန်မနောက်ဆုတ်နိုင်တဲ့နှုန်းထက် ကျော်လွန်ပြီး အနားကပ်လာတယ်။ ကျွန်မလက်နှစ်ဖက်ကိုဆုပ်ကိုင်လိုက်ပြီး ကျွန်မမျက်လုံးတွေကို တည့်တည့်ကြည့်တယ်။ ကျွန်မကတော့ သူ့အကြည့်တွေကိုရှောင်လိုက်မိတာပေါ့။
ဒီအထိအတွေ့တွေက လူတစ်ယောက်ကို သတိရစေတယ်။
“အရူး... သူက ကျွန်မကို ဂရုမစိုက်ဘူးလို့ ရှင့်ကိုဘယ်တုန်းက ပြောဖူးလို့လဲ။ အဲဒီမိန်းကလေးက သူဂရုမစိုက်လို့မရအောင် ကြိုးစားလွန်းခဲ့တာကြောင့်ပဲ။ ပြီးတော့ ကျွန်မကိုယ်တိုင်က အဲဒီအခြေအနေကို ခွင့်ပြုပေးထားတာလေ။”
တကယ်လို့ ကျွန်မသာအလိုရှိတယ်ဆိုရင် နက်ဆန်ကို မိုနီကာနားမကပ်ဖို့ ကျွန်မတောင်းဆိုနိုင်တယ်ဆိုတာကို သိနေခဲ့တယ်။ သူက ကျွန်မတကယ်သည်းမခံနိုင်ဘူးလို့ ပြောခဲ့မယ်ဆိုရင် အရာအားလုံးကိုဂရုစိုက်တော့မှာမဟုတ်ဘူး။ ဒါက အထင်မဟုတ်ဘဲ ကျွန်မရဲ့အမြင်ပဲ။ အင်း၊ မျက်နှာများတဲ့ ကောင်စုတ်ဆိုပေမဲ့ ကျွန်မကိုယ်တိုင်သူ့ကို ခွင့်ပြုပေးထားပြီး စိတ်ဆိုးပြနေသလိုဖြစ်နေတာမဟုတ်လား။ ပြီးတော့....
“ပြီးတော့... ကျွန်မရှင်နဲ့ လက်ထပ်လိုက်မယ်ဆိုရင်တောင်မှ ကျွန်မပျော်နိုင်မယ်လို့ ထင်နေတာလား။”
နောက်ဆုံးတော့ ပါစီဗယ်က ကျွန်မကိုချစ်နေတာပဲရှိပြီးတော့ ကျွန်မက သူ့ကိုချစ်တာမဟုတ်ဘူးလေ။ အခုလိုထွက်ပြေးလာလို့ ရတယ်ဆိုတာကလည်း ပါစီဗယ်က ကျွန်မကိုကာကွယ်မယ်ဆိုတဲ့ စကားကိုနက်ဆန်ယုံခဲ့လို့ရယ် ကျွန်မကို အပြည့်အဝယုံကြည် ထားတဲ့အတွက်ကြောင့်ရယ်ပါ။
ပါစီဗယ်ကျွန်မနားမှာ အတူတူရှိနေတာနဲ့ မိုနီကာ နက်ဆန်နားမှာ ရှိနေတာက သဘောတရားအားဖြင့် အတူတူပါပဲ။
“စိတ်ဝင်စားဖို့ကောင်းတဲ့ စုံတွဲပဲ။” ကျွန်မတို့စကားပြောနေတုန်း ငန်းဖြူနတ်သမီးက ဖြတ်ပြောလိုက်တယ်။
ကျွန်မတို့လှည့်ကြည့်လိုက်တော့ ငန်းဖြူနတ်သမီးက ကျွန်မတို့ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်နေတာ သတိထားမိလိုက်ပါတယ်။ ပြီးတော့ အန္တရာယ်တစ်ခုချဥ်းကပ်လာသလိုမျိုး ခံစားမိလိုက်ပြီး ကျောထဲစိမ့်တက်သွားတယ်။
“ဒါဖြင့်ပြောပါဦး... လူငယ်လေး၊ ဒီမိန်းကလေးက နင့်ကိုချစ်လာအောင် ငါလုပ်ပေးနိုင်တယ်ဆိုရင်ရော နင်ဘယ်လိုလုပ်မလဲ။”
ကျွန်မ ပါစီဗယ်နားကနေ ခွာလိုက်ပြီး ငန်းဖြူနတ်သမီးကို ထိတ်လန့်တကြားကြည့်လိုက်မိတယ်။ တကယ်ပဲ ငန်းဖြူနတ်သမီးက ကျွန်မနှလုံးသားထဲကဆန္ဒကို ဆန့်ကျင်ပြီးတော့ ပါစီဗယ်ကို ချစ်လာအောင်လုပ်နိုင်တာလဲ။ ဒါက ကောင်းချီးလို့တောင်ပြောလို့မရတော့ဘူး။ လုံးဝကျိန်စာပဲ။
ကျွန်မ စိုးရိမ်မှုအပြည့်နဲ့ ပါစီဗယ်ကိုကြည့်လိုက်မိတယ်။ ပါစီဗယ်က ကျွန်မကိုကျောခိုင်းထားတဲ့အတွက် သူ့မျက်နှာအမူအရာကို ကျွန်မမမြင်ရဘူး။
“နင်လည်း သူ့ကိုအချစ်စစ်နဲ့ချစ်နေတာပဲလေ။ သူက ပြန်မချစ်ရုံနဲ့ ဝေးရမယ်ဆိုတာ တရားမမျှတဘူးမဟုတ်လား။ ကောင်လေး၊ ငါပေးတဲ့အခွင့်အရေးကိုယူလိုက်။”
အဲဒီစကားတွေက နတ်ဆိုးတစ်ကောင်ရဲ့သွေးဆောင်မှုတွေလိုပဲ။ ပထမဆုံးအနေနဲ့ ကျွန်မရှေ့မှာရှိနေတဲ့ ပါစီဗယ်ကိုယုံရမလား မယုံရဘူးလား ကျွန်မမဝေခွဲနိုင်တော့ဘူး။
တကယ်လို့ အဲဒီကမ်းလှမ်းချက်ကို သူလက်ခံလိုက်ရင် ဘယ်လိုလုပ်မလဲ။
....
ပွမ်....
ရထားဩဥဆွဲသံနဲ့ ရထားဘီးလုံးတွေရဲ့အသံက ညီညီညာညာ ထွက်ပေါ်နေပါတယ်။
နက်ဆန်နဲ့မိုနီကာကတော့ ကားရထားရဲ့ထိုင်ခုံတန်းပေါ်မှာ ထိုင်နေပြီး သူတို့နောက်မှာ ဒေါ်ရသီကရပ်နေတယ်။ အယ်မာကတော့ လက်ထဲမှာ အဖုံးပါတဲ့ ခရီးဆောင် စတီးခွက်တစ်ခွက် ကိုင်ထားရင်း ရထားပေါ်မှာ လမ်းလျှောက် နေပါတယ်။
ကျွီ...
ရုတ်တရက် ရထားက ကြားဘူတာမှာရပ်လိုက်တဲ့အတွက် ရထားအရှိန်လျှော့ကျသွားပြီး အယ်မာလည်းယိုင်သွားတယ်။ ခွက်ကအနည်းငယ်စောင်းသွားပြီး အတွင်းထဲမှာရှိနေတဲ့ ချောကလက်ရည်တွေက သူ့ပေါင်ပေါ်ကိုမှောက်ကျတယ်။ စတော့ကင်အနက်ရောင်လည်း စိုရွဲကုန်တာပေါ့။
“အို့တို့... ပူလိုက်တာ... အကုန်ပေကျံကုန်ပြီ....” အရမ်းကြီး မပူပေမဲ့လို့ စတီးခွက်က အပူထိန်းနိုင်စွမ်းရှိတဲ့အတွက်ကြောင့် နွေးခနဲတော့ ခံစားလိုက်ရပုံပါပဲ။
“လေဒီအယ်မာရှင့်၊ ရထားပေါ်မှာ အရည်မသောက်သင့်ပါဘူး။” ဒေါ်ရသီက ရှေ့ထွက်လာပြီး ဖေးမပေးလိုက်တယ်။
အယ်မာက ရထားအတွင်းက စတီးလက်ကိုင်တစ်ခုကိုကိုင်ပြီး နက်ဆန်တို့နဲ့မျက်နှာချင်းဆိုင်က ခုံတန်းမှာဝင်ထိုင်လိုက်ပါတယ်။ အဲဒီနောက် တစ်ရှူးကိုသုံးပြီး ပေကျံနေတဲ့ချောကလက်တွေကို ဖယ်ရှားလိုက်တယ်။ ဒါပေမဲ့ ရေအစိုဓာတ်ကတော့ ကျန်ရစ်ခဲ့လေရဲ့။
“ဒီတော့ ပြောပါဦး။ ကျုပ်က ဘယ်လိုလုပ်ပြီး EUOCရဲ့ ခွင့်ပြုချက်ရသွားတာလဲ။”
နက်ဆန်က မေးလိုက်တယ်။ ရထားကတော့ လူမရှိတဲ့ နယ်ဘူတာတစ်ခုမှာခဏရပ်ပြီး ရှေ့ဆက်သွားနေပါပြီ။ အယ်မာကတော့ လက်ကျန်ချောကလက်ရည်တချို့ကို မော့ချလိုက်ရင်း ပြန်ဖြေလိုက်တယ်။
“တကယ်က ကောင်မရှင်နာမင်းကြီးမှာ ရှင်တို့ကို အလုပ်အပ်ချင်တဲ့ ကိစ္စတစ်ခုရှိနေလို့ပါ။ ဟောဒီ ငန်းနက်ရုပ်လေးနဲ့ ပတ်သက်နေတာ။”
အယ်မာက သူ့ဂျာကင်အင်္ကျီထဲမှာသိမ်းထားတဲ့ သစ်သားသေတ္တာ တစ်ခုကိုထုတ်ပြီးဖွင့်လိုက်တယ်။ အတွင်းထဲမှာတော့ သုံးလက်မ အမြင့်လောက်ရှိမယ့် မဟူရာကျောက်သားနဲ့ပြုလုပ်ထားတဲ့ လက်ရာမြောက် စားပွဲတင်ငန်းရုပ်တစ်ရုပ်ရှိနေတယ်။
“တော်တော်များတဲ့ နတ်ဆိုးအရှိန်အဝါတွေပဲ။ ကိုင်ဆောင်ထားတဲ့သူကို ကံဆိုးစေနိုင်တယ်။”
နက်ဆန်က ငန်းနက်ရုပ်ကိုမြင်တာနဲ့ ကောက်ချက်ချလိုက်တယ်။ အယ်မာကတော့ အနည်းငယ်ဖောင်းကြွနေတဲ့ဝမ်းဗိုက်ပေါ်ကို လက်နဲ့ပွတ်သပ်လိုက်ရင်း တခစ်ခစ်ရယ်တယ်။
“အဲဒါကြောင့်ပဲ အစောပိုင်းက ကျွန်မခွက် မှောက်ကျသွားတာလေ။”
နောက်တာပြောင်တာတွေပြီးသွားတဲ့နောက်မှာတော့ တကယ့်ကိစ္စ ပြောရမယ့်အချိန်ရောက်လာပါတယ်။ အယ်မာက ငန်းရုပ်ကို နက်ဆန့်မျက်စိရှေ့မှာထောင်ပြလိုက်ရင်း
“ဒီငန်းရုပ်က ပိုလန်ဒေသခံပုံပြင်တွေထဲက ငန်းဖြူရေအိုင်ပုံပြင်နဲ့ ဆက်စပ်နေတာ။ ငန်းနက်ရဲ့ဝိညာဥ်ကိုယ်တိုင်က ငန်းဖြူအဖြစ် ဒေသခံတချို့ကိုလှည့်စားပြီး ထွင်းထုစေခဲ့တာလို့ ကောင်မရှင်နာမင်းကြီးက ယူဆထားတယ်။
လူတွေမသိကြတာက ငန်းနက်ကလည်း သူ့အဖေလိုပဲ မှော်ပညာ တတ်မြောက်တယ်ဆိုတာပဲ။ အဲဒီမှော်ပညာကိုသုံးပြီးတော့ သူ့ကိုယ်သူငန်းဖြူနဲ့တူအောင်လုပ် မင်းသားကိုလှည့်စားခဲ့တာတဲ့။”
အယ်မာက ရှင်းပြနေသမျှကို နက်ဆန်ကနားထောင်နေရင်းနဲ့ ခေါင်းညိတ်တယ်။ “ဒီတော့ သူက စုန်းမတစ်ယောက် ဖြစ်နိုင်ခြေရှိတာပေါ့။ သေပြီးတဲ့နောက်တောင်မှ တစ္ဆေဘုရင်မတစ်ယောက်ဖြစ်လာပုံပဲ။”
“ မှော်အတတ်ပါတတ်မြောက်တဲ့ တစ္ဆေဘုရင်မ။ ဘယ်လောက်တောင် အန္တရာယ်များလိုက်မလဲ။” မိုနီကာကလည်း နက်ဆန့်ပခုံးကိုမှီထားရင်း ပြောလိုက်တယ်။ အယ်မာက ခေါင်းညိတ်လိုက်ပြီးတော့
“အဲဒီအတိုင်းပဲ။ ပုံမှန်အားဖြင့်ဆိုရင်တော့ ကျွန်မတို့တွေက သူ့ကိုနှိိမ်နင်းနိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ အဲဒီငန်းနက်မက သေပြီးတဲ့နောက်မှာ စွဲကပ်စရာနေရာမရှိဘဲနဲ့ အားနည်းနေခဲ့ပုံပဲ။ ဒါကြောင့်စွဲကပ်စရာနေရာအဖြစ် ဒိီငန်းရုပ်ကို လူတွေကိုလှည့်စား ဖန်တီးစေခဲ့တာ။
ဒီငန်းရုပ်ကြောင့်သေသမျှလူတိုင်းက သူ့စွမ်းအား တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့တယ်။”
“အဲဒီနောက်တော့ အဲဒီစွမ်းအားကိုသုံးပြီးတော့ မဖြစ်နိုင်လုနီးပါး အချစ်ရေးပြဿနာတွေကိုဖြေရှင်းပေးပြီး ငန်းဖြူရေအိုင်ပုံပြင်ကို ပိုပြန့်နှံအောင်လုပ်တယ်။ စုံတွဲတွေသူ့ဆီရောက်လာလေလေ သူကပိုစွမ်းအားကြီးလာလေလေပဲ။”
အယ်မာက သူ့စကားကို အဆုံးသတ်လိုက်တယ်။ ဒါပေမဲ့ မေးခွန်းတွေကတော့ ရှိနေဆဲပဲ။ ဒါကြောင့် နက်ဆန်က စဥ်းစဥ်းစားစားနဲ့ ပြန်အမေးထုတ်ပါတယ်။
“ဒါပေမဲ့ ရည်ရွယ်ချက်ကဘာလဲ။”
“သူ့ကို မနာလိုဖြစ်စေတဲ့ အချစ်စစ်ရှိတဲ့ စုံတွဲတွေကို ဖျက်ဆီးဖို့ပဲ။ သူ့ဆီမှာသစ္စာဆိုခဲ့တဲ့ စုံတွဲအများစုက တစ်ခဏတာအဆင်ပြေပေမဲ့ တော်တော်များများက အဆုံးသတ်မလှကြဘူး။”
“မင်းတို့ရဲ့အကြံက သူ့စွဲကပ်စရာကိုအသုံးချပြီးတော့ သူ့ကိုချိပ်ပိတ်ဖို့ပေါ့။ ဒါပေမဲ့ ငါက ဘာလို့မင်းတို့ကို ကူညီပေးရမှာလဲ။”
နက်ဆန်ကပြောလိုက်တော့ အယ်မာက သူ့ဖုန်းကိုပြလိုက်တယ်။ ဆယ်ဗီတစ်ယောက် နယ်ရထားဘူတာလေးတစ်ခုမှာထိုင်နေတဲ့ လုံခြုံရေးကင်မရာမှတ်တမ်းတစ်ခုပါ။
“ရှင်က ဆယ်ဗီကိုရှာနေတာမဟုတ်လား။ EUOCရဲ့ကင်မရာ မှတ်တမ်းတွေအရ သူကအဲဒီရေကန်ကို ဦးတည်သွားနေပုံပဲ။”
ဘုန်း...
ရုတ်တရက် ရထားတစ်စီးလုံးအမှောင်ထုထဲ ကျရောက်သွားသလို ခံစားလိုက်ရတယ်။ နက်ဆန်ရဲ့ခန္ဓာကိုယ်က ဒေါသကြောင့် တုန်ခါနေပြီး လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားကာ သွားကြားထဲက ထွက်လာတဲ့လေသံနဲ့ ပြောလိုက်ပါလေရာ။
“ဆယ်ဗီက... အဲဒီကောင်နဲ့... ငန်းရေကန်မှာ သစ္စာဆိုဖို့သွားတယ်။” ညအရှင်ရဲ့မျက်နှာက ဆယ်နှစ်လောက် ပိုပြီးအိုစာသွားသလိုပဲ။