အရူးလုပ်ခံလိုက်ရပြီလား
Vol. 6 Ch. 61
ချူကျန့်သည် စေတနာ့ဝန်ထမ်းအနေဖြင့် ရေတစ်စက် ထမင်းတစ်စေ့မပါဘဲ အချိန်အတော်ကြာ ကူညီပေးခဲ့ပြီးဖြစ်ရာ သူမအနေဖြင့် သူ၏တောင်းဆိုမှုကို ငြင်းဆန်လိမ့်မည်မဟုတ်ဟု တွေးတောမိသည်။
သို့သော် ရွာသူလေး၏မျက်နှာထားသည် မည်းမှောင်သွားပြီး နှာခေါင်းရှုံ့လိုက်၏။
"ရှင်က လမ်းမေးချင်ရုံသက်သက်နဲ့ ကျွန်မကို ကူညီပေးနေတာမလား"
ချူကျန့် ကြောင်အမ်းသွားသည်။ သူသည် လမ်းမေးချင်ရုံ သက်သက်မဟုတ်သည်မှာ သေချာပေါက်ပင်။ သူ၏ရည်ရွယ်ချက်မှာ ရွာသူလေးက သူ့ကို ဆေးဘုရင်စံအိမ်သို့ ခေါ်ဆောင်သွားပြီး ချန်လင်စုကို ရှာဖွေကာ သူ့အတွက် စကားကောင်း ပြောပေးရန် မျှော်လင့်ထားခြင်းဖြစ်သည်။
သို့သော် ဤအကြောင်းကို သူ ထုတ်ပြော၍ မဖြစ်ချေ။
"မဟုတ်ပါဘူး ငါက ဒီပန်းမန်တွေကို ပြုစုပျိုးထောင်ရတာ တကယ်သဘောကျလို့ပါ"
ရွာသူလေးသည် သူ၏ရိုးသားဖြူစင်သော မျက်နှာထားကို ကြည့်လိုက်ပြီး နောက်တစ်ကြိမ် နှာခေါင်းရှုံ့လိုက်သည်။ သူမ၏အမူအယာသည် အနည်းငယ် ဇဝေဇဝါဖြစ်သွားပုံရသော်လည်း မည်သည့်စကားမျှ ထပ်မပြောတော့ချေ။
တစ်ညနေခင်းလုံး အလုပ်လုပ်ပြီးမှ ရရှိလာသည့် မျက်နှာသာပေးမှုကို ဤကဲ့သို့ အဆုံးရှုံးမခံနိုင်ကြောင်း ချူကျန့် တွေးလိုက်မိသည်။ ရွာသူလေး မကျေမနပ်ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် သူသည် သူမကို ကြင်နာစွာ ပြုံးပြလိုက်၏။
"မိန်းကလေး လမ်းညွှန်ပေးဖို့ အဆင်မပြေရင်လည်း ကိစ္စမရှိပါဘူး..... ငါက မြင်းဖြူကျောင်းတော်မြို့ကိုပဲပြန်ပြီး ညအိပ်လိုက်ပါ့မယ်"
သူသည် ရေဘူးသီးခြောက်နှစ်ဘူးကို သူ၏ခန္ဓာကိုယ်ပေါ်မှ ဖြုတ်ယူကာ တစ်ဘူးကို ရွာသူလေးထံသို့ လက်ကမ်းပေးလိုက်သည်။
"မိန်းကလေး တညနေလုံး အလုပ်ရှုပ်နေတာ ရေတစ်ငုံတောင် သောက်တာ မတွေ့ရဘူး... ဒီဘူးသီးခြောက်ကို ငါ ဆေးကြောသန့်စင်ထားတာပါ.... ဘယ်သူမှ မသုံးဖူးပါဘူး....အထဲမှာ စမ်းရေအေးအေးလေး ထည့်ထားပြီးတော့ ချိုမြိန်လတ်ဆတ်ပါတယ်.... မိန်းကလေးက မရွံဘူးဆိုရင် သောက်လိုက်ပါအုံး"
ရွာသူလေးက လှမ်းမယူသည်ကို မြင်လိုက်ရသော်လည်း ချူကျန့်သည် စိတ်မဆိုးချေ။ သူသည် နူးညံ့သိမ်မွေ့သော အပြုံးကို ဆက်လက်ထိန်းသိမ်းထားပြီး ဘူးသီးခြောက်ကို သူမနှင့် လှမ်းမကမ်းရှိ မြက်ခင်းပြင်ပေါ်တွင် ဖြည်းညှင်းစွာ ချထားပေးလိုက်၏။ ထို့နောက် သူသည် တခြားဘူးသီးခြောက်ထဲမှ ရေကိုမော့သောက်လိုက်ပြီး အကြောဆန့်ကာ မြင်းဖြူကျောင်းတော်မြို့သို့ ပြန်ရန် လှည့်ထွက်လိုက်သည်။
သူ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သော်လည်း ရွာသူလေးထံမှ တားမြစ်စကားသံကို မကြားရချေ။ သူသည် မတတ်သာသည့်အဆုံး ခါးသည်းစွာ ပြုံးလိုက်မိသည်။ သူ၏ ရိုးသားကြင်နာဟန်ဆောင်ခြင်းသည် အမြဲတစေ အလုပ်ဖြစ်ခဲ့သော်လည်း ယနေ့တွင်မူ မထင်မှတ်ဘဲ ကျရှုံးသွားခဲ့ရသည်။ လမ်းညွှန်ချက်ထဲတွင် ရေးသားထားသကဲ့သို့ ဤတာဝန်လမ်းကြောင်းသည် ဖြတ်သန်းရန် ခက်ခဲသည်ဆိုသည်မှာ ပုံကြီးချဲ့ထားခြင်း မဟုတ်ချေ။ လမ်းညွှန်ရေးသားခဲ့သည့် ကျွမ်းကျင်ကစားသမားသည်ပင် ဆာဗာဟောင်းတွင် ကံကောင်း၍ ချန်လင်စုနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ချန်လင်စုကို ရှာဖွေတွေ့ရှိရန်အတွက် ဤရွာသူလေး၏ လယ်ယာလုပ်ငန်းခွင်တွင် အချိန်အတန်ကြာ ဆက်လက်၍ ကူညီပေးရအုံးမည်ကို သူ စိုးရိမ်မိသည်။
ဤသို့တွေးတောမိသဖြင့် ချူကျန့်က နောက်သို့ပြန်လှည့်ကြည့်ပြီး မေးမြန်းလိုက်သည်။
"မိန်းကလေး မနက်ဖြန် ဒီကို လာဦးမှာလား"
ဤတစ်ကြိမ်တွင်မူ သူ ထွက်ခွာသွားသည်ကို ရွာသူလေးက ငေးကြည့်နေသည်အား မထင်မှတ်ဘဲ တွေ့လိုက်ရသည်။
သူ နောက်ပြန်လှည့်ကြည့်သည်ကို မြင်တွေ့ချိန်၌ ရွာသူလေးက အကြည့်လွှဲသွားသော်လည်း ပြန်လည်ဖြေဆိုလိုက်သည်။
"လာမှာပေါ့"
"ဒါဆိုရင် ငါက မိန်းကလေးကို ထပ်ပြီး ကူညီပေးလို့ ရမလား"
ရွာသူလေးသည် အချိန်တခဏကြာမျှ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် တုံ့ပြန်မေးမြန်းသည်။
"ဘာလို့လဲ...ရှင်က ဆေးဘုရင်စံအိမ်ကို အလျင်စလို သွားရှာချင်နေတာ မဟုတ်ဘူးလား"
ချူကျန့်သည် နွေဦးရာသီကဲ့သို့ နွေးထွေးသော အပြုံးကို ဆက်လက်၍ ထိန်းသိမ်းထားပေ၏။
"တညနေလုံး ရေလောင်းပေါင်းသင် လုပ်လိုက်ရလို့ ထင်တယ်....ဒီပန်းလေးတွေကို ငါ သံယောဇဉ်တွယ်မိသွားပြီလေ....ပြီးတော့ ဒီပန်းတွေက အကုန်မပွင့်သေးဘူးဆိုတာ ငါ သတိထားမိတယ်.. ဒါတွေပွင့်လာရင် ဘယ်လိုပုံစံရှိမလဲဆိုတာ ငါ မြင်ချင်သေးတယ်... ဆေးဘုရင်စံအိမ်ကို ရှာတွေ့တာ မတွေ့တာက ငါ့ရဲ့ကံတရားပါပဲ....မတွေ့ရင်လည်း ဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူး"
ရွာသူလေးက ရုတ်တရက် အပြာရောင်ပန်းနှစ်ပွင့်ကို ခူးလိုက်ပြီး သူ့ထံ ပစ်ပေးကာ ပြောဆိုလိုက်သည်။
"ကြိုက်ရင် ယူသွားလိုက်တော့"
ချူကျန့် ကြောင်အမ်းသွားသည်။ သူမသည် သူ့ကို ဤအတိုင်း ပြန်လွှတ်လိုက်တော့မည်လော။
သူသည် ရယ်ရခက် ငိုရခက် ဖြစ်သွားပေ၏။ တညနေလုံး သူ ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ရသော်လည်း အပြန်အလှန်အနေဖြင့် သူ ရလိုက်သည်က ထူးဆန်းသော ပန်းနှစ်ပွင့်သာ ဖြစ်နေသလော။
မည်သို့ပင်ဆိုစေကာမူ သူသည် ယခုအချိန်၌ ဆေးဘုရင်စံအိမ်နှင့် ပတ်သက်ဆက်နွယ်မှု ရှိသွားလေပြီ။ ချူကျန့်သည် အပြာရောင်ပန်းနှစ်ပွင့်ကို ဖမ်းယူလိုက်ပြီး အဝတ်စကြမ်းတစ်စကို ထုတ်ကာ သေချာစွာ ထုပ်ပိုး၍ အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။
"ကျေးဇူးတင်ပါတယ် မိန်းကလေး ဒီပန်းတွေကို ငါ သေချာသိမ်းထားပါ့မယ်.... မနက်ဖြန်မှ ပြန်တွေ့ကြတာပေါ့"
"နေပါအုံး"
ဤတစ်ကြိမ်တွင်မူ ရွာသူလေးက လှည့်ထွက်သွားသော ချူကျန့်ကို လှမ်းခေါ်လိုက်၏။
"ရှင်က ကျွန်မကို တကယ်ကြီး အံ့အားသင့်စေတာပဲ"
ချူကျန့်သည် သူ၏စိတ်ထဲတွင် ကျိတ်၍ ဝမ်းသာသွားသော်လည်း အပြင်ပန်းတွင်မူ ချက်ချင်းရပ်တန့်လိုက်သည်။
"မိန်းကလေး.... ဘာခိုင်းစရာ ရှိသေးလို့လဲ"
"ရှင့်ရဲ့နာမည်က ဘယ်လိုခေါ်လဲ"
"ငါ့ရဲ့မျိုးရိုးနာမည်က ချူ ပါ"
ရွာသူလေးက ပြောဆိုသည်။
"ဒီည မြင်းဖြူကျောင်းတော်မြို့ကို ပြန်မသွားနဲ့တော့....ဒီတောင်ပေါ်လမ်းအတိုင်း မြောက်ဘက်ကို ဆက်သွား လမ်းဆုံရောက်ရင် ညာဘက်ကို ချိုးလိုက်...."
ချူကျန့် ဝမ်းသာသွားသည်။ နောက်ဆုံး၌ သူမသည် ဆေးဘုရင်စံအိမ်သို့ သွားရာလမ်းကို ညွှန်ပြပေးလိုက်သလော။ ဤမိန်းကလေး၏ စိတ်နေသဘောထားသည် အတော်လေး ထူးဆန်းပြီးယခုမှသာ လမ်းညွှန်ပေးလေ၏။
သူသည် ကျေးဇူးတင်ကြောင်းပြောကာ လေးလေးနက်နက် ဦးညွှတ်အရိုအသေပြုလိုက်ပြီး တောင်ပေါ်လမ်းအတိုင်း မြောက်ဘက်သို့ အလျင်အမြန် ထွက်ခွာသွားတော့သည်။
သူ ထွက်ခွာသွားသည်ကို ကြည့်ရင်း ရွာသူလေးသည် မပြုံးဘဲ မနေနိုင်တော့ချေ။ သူမ၏ စမ်းသပ်မှုကို ဤမျှထိ ပြီးပြည့်စုံစွာ အောင်မြင်ခဲ့သူကို သူမ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင်။
"နောက်မှ တွေ့ကြတာပေါ့"
...
ဆေးဘုရင်စံအိမ်သို့ အမြန်ဆုံးရောက်ရှိရန် ချူကျန့်သည် လမ်းလျှောက်ရင်း မြင်းဖြူကျောင်းတော်မြို့မှ ဝယ်လာသော အစာခြောက်အနည်းငယ်ကို စားသုံးကာ ညစာအား ဖြေရှင်းလိုက်သည်။ နာရီဝက်ခန့် လျှောက်ပြီးနောက် ရွာသူလေးပြောသော လမ်းဆုံသို့ ရောက်ရှိလာသည်။ အမှန်တကယ်ကို လမ်းနှစ်သွယ်ရှိပြီး တစ်လမ်းက အနောက်ဘက်သို့ ကျန်တစ်လမ်းက အရှေ့ဘက်သို့ ဦးတည်နေသည်။ ရွာသူလေး၏ညွှန်ကြားချက်အတိုင်း ချူကျန့်သည် ညာဘက်လမ်းကို ရွေးချယ်ပြီး အရှေ့ဘက်သို့ ဦးတည်လိုက်၏။
ဆေးဘုရင်စံအိမ်၏ အခြေအနေကို မသိရသေးသဖြင့် ချူကျန့်သည် အင်အားကို အလဟဿ မဖြုန်းတီးရဲချေ။ ဆေးဘုရင်စံအိမ်ကို တွေ့ရှိချိန်တွင် မိုးချုပ်သွားပါက တောထဲတွင် စခန်းချရန် စီစဉ်ထားသဖြင့် သူ၏အမြန်နှုန်းကို လျှော့ချလိုက်သည်။
သို့သော် သူ တစ်နာရီနီးပါး လမ်းလျှောက်ပြီးနောက် ရေကန်ကြီးတစ်ခုကို တွေ့လိုက်ရပြီး အဝေးတစ်နေရာသို့ ကွေ့ကောက်သွားသော လမ်းကျဉ်းလေးသာ ရှိတော့သည်။ လမ်းညွှန်ဆိုင်းဘုတ်ကို ကြည့်လိုက်ရာ ထိုလမ်းသည် ချူကျန့် တစ်ခါမှ မကြားဖူးသော မြို့ငယ်လေးတစ်မြို့ဆီသို့ ညွှန်ပြနေသည်။ သို့သော် ဆေးဘုရင်စံအိမ်သည် မြင်းဖြူကျောင်းတော်မြို့အနီးတွင် ရှိရမည်ဖြစ်ပြီး တခြားမြို့တစ်မြို့သို့ ရောက်သွားရန် အကြောင်းမရှိချေ။
သူ ရွာသူလေး၏လှည့်စားခြင်းကို ခံလိုက်ရသလော။ သို့ရာတွင် သူမသည် မည်သည့်အကြောင်းပြချက်မှ မရှိဘဲ မည်သည်ကြောင့် သူ့ကို လှည့်စားမည်နည်း။
မြင်ကွင်းတစ်ဆုံးတွင် သစ်ပင်တစ်ပင်မျှမရှိသော ကျယ်ပြန့်သည့် လွင်ပြင်တီးတီးကိုသာ မြင်ရပြီး ကောင်းကင်တွင် တိမ်မည်းအချို့ ရွေ့လျားနေသည်ကို တွေ့လိုက်ရသဖြင့် ဤနေရာ၌ သူ စခန်းချရန် မဖြစ်နိုင်ချေ။ သူသည် စိတ်ထဲမှ ကျိန်ဆဲလိုက်ပြီး နောက်သို့ ပြန်လှည့်လိုက်ရတော့သည်။
ဤရွာသူလေး၏စိတ်ကို ခန့်မှန်းရခက်လွန်းသည်။ ချူကျန့်သည် ဤဂိမ်းကမ္ဘာထဲသို့ ရောက်နေသည်မှာ တစ်လနီးပါးရှိပြီဖြစ်သော်လည်း ကောရှန်နှင့် ဤရွာသူလေးနှစ်ယောက်တည်းသာ သူ့ကို လုံးဝခန့်မှန်းမရအောင် ပြုလုပ်နိုင်ခဲ့သည်။
ဤတစ်ကြိမ်တွင် ချူကျန့်သည် ခြေလှမ်းကို အရှိန်မြှင့်လိုက်ပြီး ရုပ်ခွန်အားနှင့် အတွင်းအားကို ဖြည့်တင်းရန် ချီဖြည့်တင်းခြင်းဆေးလုံးများနှင့် ချီအားဖြည့်ဆေးမှုန့်များကို တိုက်ရိုက်အသုံးပြုလိုက်၏။ သို့သော် ဤလွင်ပြင်သည် "မိစ္ဆာသုတ်သင် ကြယ်ကြွေမိုးနတ်ဘုရား လေဟုန်စီးကိုယ်ဖော့သိုင်း" ကို အသုံးပြုရန် မသင့်တော်သဖြင့် တခြားသော ကိုယ်ဖော့ပညာရပ်များကို ပြောင်းလဲအသုံးပြုလိုက်သည်။
ဤတစ်ကြိမ်တွင် သူသည် သင်ခန်းစာရသွားပြီဖြစ်၍ ကိုယ်ဖော့ပညာတစ်ခုစီကို ခုနစ်ကွက် ရှစ်ကွက်ခန့်သာ အသုံးပြုတော့သည်။ ဥပမာအားဖြင့် "ပုစဥ်းရေပေါ်ပျံသိုင်းပညာရပ်" တစ်ကွက် "ပျံလွှားရေပေါ်လျှပ်ပြေးသိုင်း" ပြီးလျှင် "အရိပ်မဲ့အမြန်နှုန်း" စသဖြင့် သူ အသုံးပြုခဲ့သည်။ သူသည် ကိုယ်ဖော့ပညာ ရာပေါင်းများစွာကို တတ်ကျွမ်းထားသူပီပီ စနစ်က ဤမတူညီသော လှုပ်ရှားမှုများကို သူ၏ကိုယ်ပိုင်ဖန်တီးမှုအဖြစ် မှတ်တမ်းတင်သွားမည်အား လုံးဝမစိုးရိမ်ဘဲ အလှည့်ကျ အသုံးပြုလိုက်၏။
သူ မမှားလျှင် ပုံစံတူပြီး မူရင်းဇစ်မြစ်တူသော သိုင်းကွက်များကိုသာ စနစ်က မူပိုင်သိုင်းကွက်များအဖြစ် မှတ်တမ်းတင်နိုင်ပေမည်။
ဤသောင်းပြောင်းထွေလာ ကိုယ်ဖော့ပညာများကို စနစ်က "မှတ်တမ်းတင်" ခြင်းမရှိသဖြင့် အပိုဆောင်းအမြန်နှုန်းကို ရရှိမည် မဟုတ်ပေ။ သို့သော် ချူကျန့်၏ မူလအမြန်နှုန်းမှာ အတော်ကောင်းမွန်ပြီဖြစ်ရာ ထိုအရာများကို အသုံးပြုခြင်းသည် ပြေးလွှားခြင်းထက် ပို၍မြန်ဆန်ပြီး ပေါ့ပါးသွက်လက်နေဆဲပင်။
သူ လမ်းလျှောက်လျှင် တစ်နာရီနီးပါး ကြာမည့်ခရီးကို ၁၅ မိနစ်ခန့်ဖြင့် အရောက်ပြန်လာခဲ့ပြီး လမ်းဆုံသို့ ပြန်ရောက်လာသည်။ မိုးကောင်းကင်ယွသည် တဖြည်းဖြည်း မည်းမှောင်လာပြီး မုန်တိုင်းကျရောက်တော့မည့် လက္ခဏာများ ထွက်ပေါ်လာသည်။ ချူကျန့်သည် အချိန်တခဏကြာမျှ စဉ်းစားလိုက်ပြီး တခြားလမ်းတစ်လမ်းသို့ ပြေးမသွားတော့ဘဲ မြင်းဖြူကျောင်းတော်မြို့သို့ သွားရာ တောင်ပေါ်လမ်းဘက်သို့သာ ပြန်လှည့်လိုက်၏။
ထိုနေရာတွင် သစ်ပင်ကြီးများစွာ ရှိသဖြင့် လိုအပ်ပါက သစ်ပင်ပေါ်တွင် တစ်ညနှစ်ညခန့် သူ အိပ်စက်နိုင်ပေမည်။
သူသည် ရွာသူလေး စိုက်ပျိုးထားသော ပန်းခင်းအနီးသို့ လျှင်မြန်စွာ ပြန်ရောက်လာခဲ့သည်။ အံ့အားသင့်စရာကောင်းသည်မှာ လူတစ်ယောက်သည် ခန္ဓာကိုယ်ကိုကိုင်း၍ တဲအိမ်သုံးလုံးဆီသို့ ခိုးကြောင်ခိုးဝှက် ချဉ်းကပ်သွားနေသည်ကို သူ မြင်တွေ့လိုက်ရသည်။ ထိုလူ၏ လှုပ်ရှားမှုများကို ကြည့်ခြင်းအားဖြင့် သူ၏စွမ်းအားမှာ မသေးလှဘဲ အနည်းဆုံးအနေဖြင့် ယခုလက်ရှိ ချူကျန့်ထက် များစွာပို၍ သာလွန်နေသည်။
ချူကျန့်က မျက်မှောင်ကြုတ်လိုက်သည်။ ထိုနေရာသည် ရွာသူလေး၏နေအိမ် ဖြစ်ပေမည်။ စက္ကူကပ်ထားသော ပြတင်းပေါက်မှတဆင့် အိမ်အတွင်း၌ မီးရောင်လင်းလက်နေသည်ကိုပင် မြင်တွေ့နေရ၏။
'ဒီလူက မရိုးသားတဲ့ ရည်ရွယ်ချက် ရှိပုံရတယ်'
ချူကျန့်သည် ချက်ချင်းဆိုသလိုပင် အမြန်နှုန်းကို လျှော့ချပြီး ပန်းခင်းအစွန်းတွင် တိတ်တဆိတ် ဝပ်နေလိုက်သည်။
ချူကျန့်က အာရုံစိုက်ပြီး နားထောင်လိုက်သည်။ ဖားအော်သံများက ညအမှောင်ထုထဲတွင် ဆူညံနေသဖြင့် တဲအိမ်အတွင်းမှ အသံများကို သူ သဲကွဲစွာ မကြားရချေ။
သို့သော် သူ၏ကောင်းမွန်သော အမြင်အာရုံနှင့် မှိန်ဖျဖျအလင်းရောင်ကြောင့် ချူကျန့်သည် တဲအိမ်ဆီသို့ ချဉ်းကပ်သွားသူ၏မျက်နှာကို ခွဲခြားတွေ့မြင်နိုင်ခဲ့သည်။
မထင်မှတ်ထားစွာဖြင့် ထိုလူမှာ ရွာသူလေးနှင့် မတွေ့ဆုံမီ နေ့ခင်းက သူ တွေ့ခဲ့သော ဆေးမြစ်တူးသည့် အဖိုးအိုဖြစ်နေသည်။
ထိုအဖိုးအိုသည် အနက်ရောင်အဝတ်အစားများကို လဲလှယ်ဝတ်ဆင်ထားသော်လည်း မျက်နှာဖုံး တပ်ဆင်ထားခြင်းမရှိဘဲ သူ၏မျက်နှာပေါ်တွင် ထူးဆန်းသော ဆေးရည်များ သုတ်လိမ်းထားသည်။ သူ့ထံ၌ မည်သည့်ရည်ရွယ်ချက်ရှိသည်ကို မသိရချေ။ မျက်နှာဖုံးတပ်လျှင် ဆေးရည်များ ပျက်သွားမည်ကို စိုးရိမ်၍လော သို့မဟုတ် သူ မည်သူမည်ဝါဖြစ်မှန်း သိသွားမည်ကို ဂရုမစိုက်၍လော ဆိုသည်ကိုမူ မသိနိုင်ပေ။
မုန်တိုင်းထန်တော့မည့် သန်းခေါင်ယံအချိန်တွင် အဖိုးအိုတစ်ယောက်သည် ရွာသူလေးတစ်ယောက်၏အိမ်ထဲသို့ ခိုးဝင်ခြင်းမှာ ကောင်းမှုကုသိုလ်ပြုရန် ဖြစ်သည်ဟု ပြောလျှင် မည်သူမျှ ယုံကြည်မည် မဟုတ်ချေ။
ချူကျန့်သည် မြွေအဆိပ်သုတ်လိမ်းထားသော သူ၏နောက်ဆုံးလက်ကျန် ငွေအပ်နှစ်ချောင်းကို ထုတ်ယူလိုက်ပြီး အရိပ်တစ်ခုအလား ညအမှောင်ထုထဲသို့ တိုးဝင်ကာ အဖိုးအိုရှိရာသို့ တိတ်တဆိတ် ရွေ့လျားသွားတော့သည်။
ရွာသူလေးသည် သူ့ကို တစ်ကြိမ် လှည့်စားခဲ့သော်လည်း သူမသည် ဆေးဘုရင်စံအိမ်မှ အဖွဲ့ဝင်တစ်ဦး ဖြစ်နေဆဲပင်။ သူမသာ တစ်စုံတစ်ခု ဖြစ်သွားပါက ဆေးဘုရင်စံအိမ်နှင့် သူ၏ပတ်သက်ဆက်နွယ်မှု ပြတ်တောက်သွားပေလိမ့်မည်။
ထို့ပြင် သူ၏ အစ်မနှင့် ညီမငယ်လေးတို့ကြောင့် ဤကဲ့သို့ ရိုးသားဖြူစင်သော တောသူတောင်သား မိန်းကလေးများကို လျစ်လျူရှုပြီး သွေးအေးရက်စက်ရန် သူ့အတွက် ခက်ခဲနေသည်။
ဤကိစ္စကို တိုက်တိုက်ဆိုင်ဆိုင် တွေ့ကြုံလာရပြီဖြစ်ရာ အဖိုးအိုက ရွာသူလေးကို ဒုက္ခပေးမည့်ဖြစ်ရပ်မျိုးကို သူ အဖြစ်ခံ၍ မရပေ။