ငါအဆိပ်ခတ်မှာကို မကြောက်ဘူးလား
Vol. 6 Ch. 62
လက်တွေ့စွမ်းရည်အရဆိုရင် ချူကျန့်သုံးယောက်ပေါင်းလျှင်ပင် ဤအဖိုးအိုကို နိုင်ချင်မှနိုင်မည် ဖြစ်သော်လည်း အသက်လုတိုက်ပွဲဆိုလျှင်မူ ချူကျန့်သည် လုံးဝမကြောက်ချေ။
ယခုအချိန်၌ ချူကျန့်သည် အနက်ရောင်ဝတ်စုံဝတ်အဖိုးအို၏အနီးသို့ သတိထားပြီး ချဥ်းကပ်သွားကာ ပတ်ဝန်းကျင်အနေအထားနှင့် အဖိုးအို၏လှုပ်ရှားမှုများကို အကဲခတ်လိုက်၏။
ညနေက ရေလောင်းပေါင်းသင်ထားသည့် ကျေးဇူးကြောင့် ချူကျန့်သည် ပန်းခင်းတလျောက်နှင့် ပတ်ဝန်းကျင်ကို ပို၍ကျွမ်းကျင်နေသည်။ မည်သည့်နေရာတွင် ကျောက်ခဲရှိသည် မည်သည့်နေရာတွင် ခလုတ်တိုက်နိုင်သည်ကို သူ ကောင်းစွာသိရှိထားသည်။
ရန်သူကို အလစ်ဝင်ရောက်တိုက်ခိုက်ရန်အတွက် မြေပြင်အနေအထား လေတိုက်ခတ်မှု အခြေအနေမှအစ အသံထွက်သွားစေနိုင်သည့် သစ်ကိုင်းခြောက်လေးများကိုပင် သတိထားရပေမည်။ ဤအရာများသည် အလစ်အငိုက်တိုက်ခိုက်ခြင်းနှင့် တန်ပြန်တိုက်ခိုက်ခြင်းတို့တွင် ကျွမ်းကျင်နေပြီးသားဖြစ်သော ချူကျန့်အတွက် အထာနပ်ပြီးသား ကိစ္စများသာ ဖြစ်ပေ၏။
ချူကျန့် အံ့အားသင့်သွားသည်မှာ ထိုအဖိုးအိုသည် တဲအိမ်နှင့် ပေအနည်းငယ်လောက်သာ ဝေးတော့သော်လည်း သူ၏ခြေလှမ်းတိုင်းကို သတိထားပြီး လျှောက်လှမ်းနေကာ တစ်စုံတစ်ခုကို အနံ့ခံနေသကဲ့သို့ ပြုမူနေခြင်းပင်။ သူ၏ရှေ့တွင် မမြင်ရသော အတားအဆီးတစ်ခု သို့မဟုတ် ကြောက်မက်ဖွယ်ကောင်းသော ထောင်ချောက်တစ်ခု ရှိနေသည့်အလား ဂရုတစိုက် သွားလာနေသည်။
ချူကျန့်သည် ယခုအချိန်၌ သူ့အနားသို့ နှစ်ကျန်းအကွာလောက်ထိ ရောက်ရှိလာလေပြီ။ သူသည် သာမန်သိုင်းသမားများထက် သာလွန်သော အမြင်အာရုံကိုအသုံးပြုပြီး ကြည့်လိုက်ရာ အဖိုးအိုသည် မြေပြင်ပေါ်ရှိ တောရိုင်းမြက်ပင်များနှင့် ကျောက်ခဲသေးသေးလေးများကို မြေမြှုပ်ဗုံးများကဲ့သို့ သဘောထားပြီး ရှောင်တိမ်းနေသည်ကို တွေ့လိုက်ရသည်။
ဤသည်မှာ အလွန်ထူးဆန်းသော ကိစ္စတစ်ရပ်ပင်။
သို့သော် ဤအချက်သည် ချူကျန့်အတွက် အခွင့်ကောင်းသာ ဖြစ်နေတော့သည်။ အဖိုးအို၏ အာရုံစိုက်မှုအားလုံးသည် မြေပြင်နှင့် တဲအိမ်ထံ၌သာ ရှိနေသည်။ ချူကျန့်သည် တစ်ကျန်းအကွာလောက် ရောက်သည့်အချိန်တွင် သူ၏လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်ပြီး ငွေအပ်နှစ်ချောင်းကို အသံတိတ် ပစ်လွှတ်လိုက်၏။
လက်နက်ပုန်းပညာရှင်တစ်ယောက်သာ ဤနေရာ၌ ရှိနေပါက သူ့ကို သေချာပေါက် ချီးကျူးမိပေလိမ့်မည်။ လူအများစုသည် ငွေအပ်ကို လက်နက်ပုန်းအနေဖြင့် သုံးကြသော်လည်း အတွင်းအားကိုသာ အဓိကအားကိုးကြသည်။ ချူကျန့်ကမူ လက်မောင်းနှင့်လက်ကောက်ဝတ်အားကို အဓိကထားပြီး အတွင်းအားကို ဒုတိယနေရာ၌ထားကာ အသုံးပြုလိုက်ခြင်းပင်။ သူ၏ကျွမ်းကျင်မှုမှာ လက်နက်ပုန်းပစ်လွှတ်ရာ၌ လေတိုးသံပင် မထွက်သလောက်နီးပါး ဖြစ်ပေ၏။ ဤသည်မှာ "လက်မအတွင်းမှ မိုးနှင့်မြေ" ဆိုသည့် ချူကျန့် အကျွမ်းကျင်ဆုံး လက်နက်ပုန်းပညာရပ် ဖြစ်ပြီး ထိပ်တန်းသိုင်းသမားများစွာသည် ဤပညာရပ်အောက်တွင် အသက်ပျောက်ခဲ့ဖူးသည်။
ထို့ကြောင့် သူသည် လွဲချော်သွားနိုင်ချေကို ထည့်တွက်မထားချေ။ သူသည် ကျားသစ်တစ်ကောင်ကဲ့သို့ ပြေးထွက်သွားပြီး သံမဏိဓားလက်ကိုင်ရိုးဖြင့် အနက်ရောင်ဝတ်စုံဝတ်အဖိုးအို၏ "ယွီကျန်းအပ်စိုက်မှတ်"ကို ချိန်ရွယ်လိုက်သည်။ သူသည် အသေတိုက်ခိုက်ရန် ရည်ရွယ်သည်မဟုတ်ဘဲ ထိုအဖိုးအိုကို အရှင်ဖမ်းပြီး စစ်ဆေးမေးမြန်းရန် ရည်ရွယ်ထားခြင်း ဖြစ်ပေ၏။
အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုသည် အနောက်မှ အလစ်အငိုက် တိုက်ခိုက်ခံရမည်ဟု လုံးဝထင်မှတ်မထားသော်လည်း သူ၏သတိရှိမှုမှာ အလွန်မြင့်မားလှသည်။ ငွေအပ်ထိခါနီးဆဲဆဲအချိန်၌ သူသည် အခြေအနေကို ရိပ်မိသွားပြီး နံဘေးသို့ ရှောင်တိမ်းလိုက်သည်။ သို့သော် ယွီကျန်းအပ်စိုက်မှတ်ကို မထိသည့်တိုင် ငွေအပ်တဝက်လောက်သည် သူ၏လက်မောင်းနှင့်ခါးတွင် စိုက်ဝင်သွားခဲ့သည်။
အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုသည် ဒေါသတကြီး အော်ဟစ်လိုက်ပြီး သုံးလက်မခန့်ရှည်သော "အရိုးဖောက်သံမှို" တစ်ခုကို ထုတ်ယူကာ ပြေးဝင်လာသော ချူကျန့်ထံ ဦးတည်ကာ ပစ်လွှတ်လိုက်၏။
ချူကျန့်သည် လေပေါ်သို့ရောက်နေစဉ်မှာပင် "မိစ္ဆာသုတ်သင် ကြယ်ကြွေမိုးနတ်ဘုရား လေဟုန်စီးကိုယ်ဖော့သိုင်း" ကို အသုံးပြုပြီး မျောက်တစ်ကောင်အလား သူ၏ခန္ဓာကိုယ်ကို လှည့်ပတ်လိုက်သည်။ မည်သည့်အမှီအခိုမျှ မရှိဘဲ သူသည် လေထဲတွင် ကျွမ်းထိုးလိုက်ပြီး အနီးကပ် ပစ်လွှတ်လိုက်သော သေစေနိုင်သည့် လက်နက်ကို ပွတ်ကာသီကာ ရှောင်ရှားနိုင်ခဲ့သည်။
အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုသည် ထိတ်လန့်သွားပြီး သူ၏ဝတ်ရုံထဲမှ ပစ္စည်းတစ်ခုကို ထုတ်ကာ ဝှေ့ယမ်းလိုက်သည်။ ထိုအရာမှ မီးပွားများ လွင့်စဉ်ထွက်လာပြီး မြွေတစ်ကောင်အလား အခိုးအငွေ့တန်းတစ်ခုသည် ချူကျန့်ထံ လိမ်ယှက်၍တိုးဝင်လာကာ အနံ့ကို ရှုမိရုံဖြင့် အဆိပ်ပြင်းမှန်း သိသာလှသည်။
အဖိုးအိုသည် မြွေအဆိပ်ထိထားသည်ပင် မည်သို့မျှ မဖြစ်သည်ကို မြင်လိုက်ရသဖြင့် ချူကျန့် စိုးရိမ်သွားမိသည်။ ဤလူသည်လည်း အဆိပ်ပြီးသောသူ ဖြစ်နေသည်။
အဖိုးအိုသည် မခိုးမခန့် ပြုံးနေပြီး အဆိပ်ငွေ့များ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် ချူကျန့်သည် လေပေါ်သို့ ထပ်မံ၍ ခုန်တက်လိုက်ပြီး အဆိပ်ငွေ့များကို ဖြတ်ကျော်လိုက်၏။ သူသည် သူ၏သံမဏိဓားရှည်ကို ဆွဲထုတ်လိုက်ပြီး အဖိုးအို၏ အရေးကြီးသော ခန္ဓာကိုယ် အစိတ်အပိုင်းများကို ချိန်ရွယ်တိုက်ခိုက်လိုက်သည်။
အဖိုးအိုသည် ရှောင်တိမ်းခြင်းမပြုဘဲ အေးစက်စက်လေသံဖြင့် ရေရွတ်လေသည်။
"တစ် နှစ် သုံး လဲကျစမ်း... "
သူသည် သူ၏အဆိပ်ငွေ့ကို ယုံကြည်မှုလွန်ကဲနေပုံရသည်။
အမှန်တကယ်ကိုပင် ချူကျန့်၏ဓားသည် အဖိုးအိုနှင့် တစ်ပေခန့်အကွာတွင် ရပ်တန့်သွားပြီး သူသည် မြေပြင်ပေါ်သို့ ခွေခွေလေး လဲကျသွားပေ၏။
အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုသည် နှာခေါင်းရှုံ့လိုက်ပြီး သူ့ကို အလစ်တိုက်သည့်သူအား သတိမေ့သွားအောင် ရိုက်နှက်ရန် သူ၏လက်ဝါးကို မြှောက်လိုက်သည်။
သို့သော် သူ၏လက်ဝါးကို မြှောက်လိုက်သည့်အချိန်၌ သူ၏ခြေထောက်ရှိ "ဟွမ်ထျောင်အပ်စိုက်မှတ်" ထုံကျင်သွားသည်ကို ခံစားလိုက်ရသည်။ ထို့နောက် ထုံးမှုန့်များသည် သူ၏မျက်နှာဆီသို့ တန်းတန်းမတ်မတ် ပျံ့လွင့်လာပေ၏။
ခြေထောက်ထုံကျင်နေသည့် အဖိုးအိုသည် ထုံးမှုန့်များ လာနေသည်ကိုမြင်မိသဖြင့် သူ၏မျက်နှာကို လက်ဖြင့်ကာထားရန်သာ တတ်နိုင်တော့သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး အကာအကွယ်မဲ့သွားပြီး "ယောင်ရှု" နှင့် "ကျန်ကျင်း" အပ်စိုက်မှတ်များကို တိုက်ခိုက်ခံလိုက်ရသည်။ သူသည် ညည်းညူလိုက်ပြီး မြေပြင်ပေါ်သို့ ပျော့ခွေကျသွားတော့သည်။
သူ လဲကျသွားသော်လည်း ချူကျန့်သည် မည်သည့်အရာမျှ မဖြစ်ခဲ့သကဲ့သို့ မတ်တတ်ပြန်ထရပ်လိုက်၏။
အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုသည် မျက်လုံးအပြူးသားဖြင့် ကြည့်နေမိသည်။ လူငယ်လေးသည် အဆိပ်မိသည့်လက္ခဏာမပြဘဲ တည်ငြိမ်နေသည်ကို မြင်လိုက်ရသဖြင့် သူ ဒေါသထွက်ခြင်းနှင့် ကြောက်လန့်ခြင်းကို တပြိုင်နက်တည်းခံစားလိုက်ရသည်။
အဖိုးအိုက မေးခွန်းမေးရန် ဟန်ပြင်လိုက်သည့်အချိန်မှာပင် ချူကျန့်က ဓားလက်ကိုင်ရိုးဖြင့် သူ၏အသံတိတ်သွေးကြောကို ထောက်ပြီး ပိတ်လိုက်သည်။
ချူကျန့်၏အတွင်းအားသည် အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုကဲ့သို့ သိုင်းပညာရှင်တစ်ယောက်၏အပ်စိုက်မှတ်များကို လက်ချောင်းဖြင့် ပိတ်နိုင်ရန် အထိ မနက်ရှိုင်းသေးသဖြင့် ဓားလက်ကိုင်ရိုးကို အသုံးပြုပြီး အားဖြည့်ရခြင်းဖြစ်သည်။ ချူကျန့်သည် ဓားကို ပြန်သိမ်းကာ အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုကို မချီပြီး ထွက်ခွာလာခဲ့သည်။
သူသည် လူသူကင်းဝေးသည့်နေရာသို့ ထိုအဖိုးအိုကို ခေါ်ဆောင်သွားပြီး ရွာသူလေးအကြောင်း စစ်ဆေးမေးမြန်းရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
ထိုအချိန်၌ အလယ်မှ တဲအိမ်တံခါး ပွင့်လာပြီး ရွာသူလေး ထွက်လာကာ တည်ငြိမ်စွာ ပြောဆိုသည်။
"မိုးသည်းလာတော့မယ်....အထဲဝင်ခဲ့ပါ.... အအေးမိလိမ့်မယ်"
ရွာသူလေး၏ ရုတ်တရက် ဂရုစိုက်မှုကြောင့် ချူကျန့် အံ့အားသင့်သွားသော်လည်း သူ၏လက်ထဲမှ အဖိုးအိုကို မည်သည့်နေရာတွင် ထားရမှန်း မသိဖြစ်နေသည်။
ရွာသူလေးက သူ၏အနားသို့ ရောက်လာပြီး မည်သည့်လုပ်ရှားမှုမျှ ပြုလုပ်ပုံမရသော်လည်း အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုသည် ချက်ချင်း အသက်ရှုသံ ပျောက်သွားသည်။ သူသည် သတိလစ်ခြင်း သို့မဟုတ် သေဆုံးသွားခြင်း မသဲကွဲသည့် အခြေအနေမျိုး ဖြစ်သွားပေ၏။ ဤနည်းလမ်းက ချူကျန့်ကို အံ့အားသင့်မှင်သက်သွားစေသည်။
"သူ့ကို ဟိုဘက်က ထင်းတဲထဲ ပစ်ထားလိုက်ပါ... စိတ်မပူပါနဲ့... နှစ်ရက်လောက်နေမှ သူ နိုးလာမှာပါ"
ချူကျန့်လည်း အဖိုးအိုက သတိလစ်သွားရုံသာဖြစ်ကြောင်း သိလိုက်ရပြီး ရွာသူလေး ညွှန်ပြသည့်အတိုင်း ဘယ်ဘက်ရှိ ထင်းတဲထဲသို့ ပစ်ထည့်လိုက်သည်။
သူသည် မေးခွန်းများ မမေးမြန်းဘဲ ပြောသည့်အတိုင်း လိုက်လုပ်သည်ကို မြင်တွေ့ချိန်၌ ရွာသူလေးက ခပ်ဖျော့ဖျော့ပြုံးပြီး မေးမြန်းလေ၏။
"ရှင်က ကျွန်မအတွက် သူခိုးကို တိတ်တဆိတ် နှိမ်နင်းပေးပြီးတော့....ဘာလို့ ဘာမှမပြောဘဲ ထွက်သွားမလို့လဲ"
ချူကျန့်သည် သူ၏အကြံအစည်အမှန်ကို ထုတ်မပြောဘဲ ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
"မိန်းကလေး လန့်သွားမှာကို စိုးရိမ်လို့ပါ"
ရွာသူလေး၏မျက်လုံးများသည် ဝမ်းသာမှုကြောင့် တောက်ပသွားပြီး သူ့ကို အလယ်တဲအိမ်ဆီသို့ ခေါ်ဆောင်သွားသည်။
သူ တံခါးဝတွင် မတ်တတ်ရပ်ပြီး ကြည့်လိုက်ရာ သစ်သားပရိဘောဂများနှင့် အသုံးအဆောင်များသည် သာမန်တောင်သူအိမ်နှင့် မခြားနားသော်လည်း ထူးခြားသည်မှာ အလွန်သန့်ရှင်းနေခြင်းပင်။ ဤအိမ်အတွင်းတွင် ဖုန်တစ်စက်မျှ မရှိသည့်အပြင် ပြတင်းပေါက်နှင့် နံရံအောက်ခြေများတွင်ပင် အစွန်းအထင်း မရှိချေ။ ဤသည်မှာ သန့်ရှင်းလွန်း၍ ကြောက်စရာပင် ကောင်းနေပေ၏။
သူ တဲအိမ်ထဲသို့ လိုက်လံကြည့်ရှုနေသည်ကို မြင်တွေ့ချိန်၌ ရွာသူလေးက အပြုံးနှင့် ပြောဆိုလိုက်သည်။
"အိမ်က နွမ်းပါးတော့ ဧည့်သည်ကို အားနာစရာ ဖြစ်ရပြီ"
ချူကျန့်က အလျင်အမြန် တုံ့ပြန်ပြောဆိုလိုက်သည်။
"မိန်းကလေးက မြှောက်ပြောနေပါပြီ... ငါက သိုင်းလောကထဲမှာ လေလွင့်နေတဲ့သူပါ...ဘယ်လိုလုပ်ပြီး ဧည့်သည်တစ်ယောက် ဖြစ်နိုင်မှာလဲ"
"အထဲဝင်ပြီး ထိုင်ပါအုံး"
ရွာသူလေးက ဖိတ်ခေါ်သည်။
ချူကျန့်က ခေါင်းကုတ်ပြီး ဘာလုပ်ရမှန်းမသိသည့်ပုံစံဖြင့် ပြောဆိုလိုက်သည်။
"ငါ့ရဲ့ခန္ဓာကိုယ်က ညစ်ပတ်နေတော့ အိမ်ထဲဝင်ဖို့ကို အားနာမိတယ်"
သူသည် ရိုးသားသည့်လူတစ်ယောက်အဖြစ် သရုပ်ဆောင်ရာ၌ ပီပြင်လွန်းသဖြင့် ရွာသူလေးက သဘောကျပြီး ရယ်မောလိုက်သည်။
"ဝင်သာဝင်ခဲ့ပါ.... ရှင့်ကို မရိုက်ပါဘူး ဆူလည်းမဆူပါဘူး"
ချူကျန့်က ရှက်ကိုးရှက်ကန်းပြုံးပြီး သူ၏အဝတ်အစားနှင့်ဖိနပ်မှ ဖုန်များကိုခါကာ အိမ်ထဲသို့ ဝင်လိုက်သည်။
ရွာသူလေးက သူ့ကို ထိုင်ခိုင်းပြီး ရေနွေးကြမ်း ငှဲ့ပေးလိုက်၏။
"ရှင် ညစာ မစားရသေးဘူးမလား....ရှင့်အတွက် ညစာပြင်ထားတယ်.... ဒါပေမဲ့ ရိုးရိုးရှင်းရှင်း ထမင်းဟင်းတွေမလို့ ရှင် ကြိုက်ပါ့မလားတော့ မသိဘူး"
ချူကျန့်က အားနာသောအသံဖြင့် ပြန်ပြောလိုက်သည်။
"ဒီလောက်မိုးချုပ်နေပြီ.... မိန်းကလေးကို ဒုက္ခပေးသလို ဖြစ်နေမှာကို ငါ စိုးရိမ်မိတယ်"
စကားပြောဆိုရင်း သူသည် အတွင်းအားကို လှည့်ပတ်လိုက်ရာ သူ၏ဗိုက်ထဲမှ ဂွီခနဲအသံ မြည်လာသည်။ ချူကျန့်၏မျက်နှာ နီမြန်းသွားပြီး ရွာသူလေးကမူ ထပ်မံ၍ရယ်မောလိုက်သည်။ သူ့အပေါ် သူမ၏သဘောထား ပို၍နူးညံပျော့ပျောင်းလာပုံရသည်။
"ရပါတယ်.... ခဏစောင့်နော်"
ချူကျန့်သည် ဧည့်ခန်းတွင်ထိုင်ပြီး လက်ဖက်ရည်ခွက်ကို ကိုင်လိုက်၏။ ခွက်အတွင်းရှိ လက်ဖက်ရည်သည် စိမ်းမြမြအရောင်ရှိပြီး လက်ဖက်ရနံ့သင်းသင်းလေးနှင့်အတူ ထူးဆန်းသော ဆေးမြစ်နံ့ ရောယှက်နေသည်။ ချူကျန့်က တစ်ငုံသောက်ပြီး အရသာခံလိုက်သည်။ အဆိပ်ပါမည်ကို သူ မပူပန်ချေ။ မည်သို့ပင်ဆိုသေကာမူ သူသည် အဆိပ်ပြီးသူတစ်ယောက် ဖြစ်နေသည် မဟုတ်လော။ သို့သော် ဤလက်ဖက်ရည်ကို မသောက်ပါက မိန်းကလေး စိတ်ခုသွားနိုင်ပြီး ဆေးဘုရင်စံအိမ်ဆီ ခေါ်ဆောင်သွားမည့်ကိစ္စ ပျက်စီးသွားနိုင်သည်။
သူ လက်ဖက်ရည်သောက်နေစဉ် ရွာသူလေးသည် မီးဖိုချောင်ထဲမှနေ၍ ထမင်းဟင်းများ ထည့်ထားသည့် လင်ပန်းတစ်ချပ်ကို ကိုင်ပြီး ထွက်လာသည်။ ထိုလင်ပန်းထဲတွင် ပန်းကန် တူ ဟင်းသုံးမျိုး ဟင်းချိုတစ်ခွက်နှင့် ထမင်းပူပူ တစ်ပန်းကန် ပါဝင်ပေ၏။ ရွာသူလေးက သူ လက်ဖက်ရည်ကို ကုန်အောင်သောက်လိုက်သည်အား မြင်သောအခါ ပျော်ရွှင်သွားပြီး ထမင်းဟင်းများကို သူ၏ရှေ့ရှိ စားပွဲပေါ်သို့ ချထားရင်း မေးမြန်းသည်။
"အဆင်ပြေရဲ့လားဆိုတာ မြည်းကြည့်ပါအုံး..."
ချူကျန့်က သူ၏စိတ်ထဲမှ တွေးတောလိုက်မိသည်။
'ဒီမိန်းကလေးက ငါ ပြန်လာမယ်ဆိုတာ ကြိုသိနေတာလား'
သူမ၏စေ့စပ်သေချာမှုသည် အံ့အားသင့်ဖွယ်ရာပင်။ သူသည်လည်း ဗိုက်ဆာနေသဖြင့် ကျေးဇူးတင်စကားပြောဆိုပြီး အားရပါးရ စားသောက်လိုက်တော့သည်။
ဟင်းသုံးခွက်နှင့် ဟင်းရည်တစ်ခွက်သည် သတ်သတ်လွတ်ဟင်းများ ဖြစ်သော်လည်း အလွန်အရသာရှိသည်။ ချူကျန့်သည် ထမင်းသုံးပန်းကန်ကုန်အောင် စားပြီး ဟင်းများကိုလည်း ပြောင်စင်အောင် စားလိုက်၏။ သူသည်စားရင်းလည်း ဟင်းလက်ရာကောင်းကြောင်း ချီးကျူးလိုက်သေးသည်။
ရွာသူလေးသည် ပို၍ပျော်ရွှင်သွားပြီး ရယ်ပြုံးနေသည်။ သို့သော် သူမက နောက်ပြောင်ပြီး မေးမြန်းလိုက်၏။
"ရှင်က အတွေ့အကြုံရှိတဲ့ ဝါရင့်သိုင်းသမားပုံစံ ပေါက်နေတာကို ဘာလို့ ဒီလောက်ထိ ပေါ့ဆရတာလဲ...ဒီဟင်းတွေထဲမှာ ကျွန်မ အဆိပ်ခတ်ထားမှာကို မကြောက်ဘူးလား"
ချူကျန့်က အံ့အားသင့်ချင်ယောင်ဆောင်လိုက်သည်။
"ဘာ.... ဟင်းထဲမှာ အဆိပ်ပါတယ် ဟုတ်လား"
"စတာပါ....ရှင် အရင်က သံသယ မဝင်မိဘူးလား"
ချူကျန့် သက်ပြင်းချလိုက်ပြီး ရွာသူလေး၏ မျက်လုံးဝိုင်းလေးများကို ကြည့်ကာ ပြောဆိုလိုက်သည်။
"ဘာလို့မှန်းတော့ မသိဘူး....မိန်းကလေးက ငါ့ကို ဒုက္ခမပေးဘူးလို့ ခံစားမိနေလို့ အဲ့ဒီလိုမျိုး လုံးဝမတွေးလိုက်မိဘူး"
ရွာသူလေးသည် သူမ၏စိတ်ထဲတွင် နွေးထွေးသွားသော်လည်း သူမ၏ပါးစပ်ကမူ ပြောဆိုလိုက်၏။
"လူအလေး.... ကျွန်မက ရှင့်ကို မိုင်တွေအများကြီး အလကားသက်သက် လမ်းလျှောက်ခိုင်းပြီးတော့ လှည့်စားခဲ့တာတောင် ကျွန်မကို ယုံနေတုန်းပဲလား"
"အစကတော့ နည်းနည်း စိတ်ဆိုးမိတယ်... ဒါပေမဲ့ မိန်းကလေးက ငါ့အတွက် ထမင်းဟင်းတွေ သေချာပြင်ဆင်ပေးထားတာ မြင်တော့ ငါ့ရဲ့ကောင်းကျိုးအတွက် လှည့်စားခဲ့တယ်လို့ပဲ ထင်မိတယ်...ပြီးတော့ ဒီလောက်ကောင်းတဲ့ ထမင်းဟင်းတွေ စားရတာက ကံကောင်းတာပဲလေ"
"လူအလေး....လျှာအရိုးမရှိတိုင်း လျှောက်ပြောနေတယ်"
ရွာသူလေးက ဆူပူသကဲ့သို့ပြောသော်လည်း သူမ ပျော်ရွှင်နေမှန်း သိသာလှသည်။ သူမသည် ပန်းကန်ခွက်ယောက်များ သိမ်းဆည်းပြီးနောက် မီးဖိုချောင်ဘက်သို့ ဝင်သွားရင်း သီချင်းညည်းနေပေ၏။
ချူကျန့်က လက်မထောင်ပြီး အောင်ပွဲခံလိုက်သည်။ ရွာသူလေး၏မျက်နှာသာပေးမှုကို သူ ရရှိသွားပြီဖြစ်သောကြောင့် ဆေးဘုရင်စံအိမ်သို့ ဝင်နိုင်ရန် လမ်းစ ပေါ်လာလေပြီ။
ထိုအချိန်မှာပင် အပြင်ဘက်မှ မိုးခြိမ်းသံများကို ကြားလိုက်ရပြီး မိုးသည်းထန်စွာ ရွာသွန်းလာသည်။
တောင်ပေါ်ရာသီဥတုသည် နွေရာသီဆိုလျှင် အပြောင်းအလဲမြန်တတ်ပေ၏။ ညနေ၌ နေသာနေသော်လည်း ညရောက်ချိန်၌ မိုးကြိုးမုန်တိုင်း ကျလာတော့သည်။
ချူကျန့်က ပြတင်းပေါက်ကို အလျင်အမြန်ပိတ်လိုက်သည်။ သူသည် ပြတင်းပေါက်ဘောင်ပေါ်မှ ပန်းအိုးလေးကို မြင်တွေ့ချိန်၌ ဂရုတစိုက် မယူပြီး အိမ်ထဲ ထည့်လိုက်၏။