ကျွန်မရဲ့နာမည်က ချန်လင်းစုပါ
Vol. 6 Ch. 63
ထိုအချိန်၌ ရွာသူလေး ပြန်ရောက်လာသည်။ သူသည် ချစ်စဖွယ်ပန်းပင်လေးကို ဂရုတစိုက် ကိုင်တွယ်နေသည်အား မြင်တွေ့ချိန်၌ သူမက အပြုံးနှင့် ပြောဆိုသည်။
"ရှင်က စိတ်သဘောထား နူးညံ့သိမ်မွေ့သားပဲ"
ချူကျန့်က မျက်နှာပြောင်တိုက်ပြီး တုံ့ပြန်ပြောဆိုလိုက်သည်။
"ငါက သိုင်းပညာမှာ ပါရမီမရှိဘူးလေ... ပန်းပင်လေးတွေကို ပြုစုရတာပဲ ကြိုက်တယ်... လမ်းညွှန်ပေးမဲ့ ဆရာသမားနဲ့ မဆုံဖူးတာတော့ ဝမ်းနည်းစရာပဲ"
ရွာသူလေးက မျက်စောင်းထိုးလိုက်ပြီး သူ၏စကားကို လျစ်လျူရှုကာ သူ၏ရှေ့တွင် သူမ၏လက်ကို ရုတ်တရက် ဝှေ့ယမ်းလိုက်သည်။ ချူကျန့်သည် သင်းပျပျရနံ့တစ်ခုကို ချက်ချင်းရလိုက်၏။
ချူကျန့်သည် အဆိပ်သုံးခြင်း၌ မကျွမ်းကျင်သော်လည်း လျှို့ဝှက်သိုင်းလောကတွင် မရေမတွက်နိုင်သော ချောင်းမြောင်းတိုက်ခိုက်မှုများကို ကြုံတွေ့ခဲ့ဖူးပြီး ရန်သူအမြောက်အများထံမှ အဆိပ်ကာကွယ်ခြင်းနှင့် အဆိပ်ခတ်ခြင်းအကြောင်း များစွာသင်ယူခဲ့ရသည်။
သူသည် အဆိပ်ကာကွယ်ခြင်း၌ အလွန်ကျွမ်းကျင်သူတစ်ယောက် ဖြစ်ပေ၏။ ထို့ကြောင့် အဆိပ်ဖြင့် ချောင်းမြောင်းတိုက်ခိုက်ခံရသည့် အကြိမ်များစွာ၌ သူသည် အခြေအနေကို ပြောင်းပြန်လှန်ပြီး အနိုင်ယူနိုင်ခဲ့ခြင်းဖြစ်သည်။
ယခုအချိန်၌ ရွာသူလေး မည်သည့်အရာအား ထုတ်လွှတ်လိုက်သည်ကို သူ မသိသော်လည်း အိပ်ဆေးတစ်မျိုး ဖြစ်နိုင်ခြေများသည်။
သူ အလျင်အမြန် စဉ်းစားလိုက်သည်။ အကောင်းဆုံးနည်းလမ်းမှာ သတိမေ့ချင်ယောင်ဆောင်ခြင်းဖြစ်သော်လည်း ရွာသူလေး၏ အဆိပ်ကျွမ်းကျင်ပုံနှင့် အိပ်ဆေးမိပြီးနောက် ပြသရမည့် လက္ခဏာရပ်များကို ထည့်သွင်းစဉ်းစားလိုက်ချိန်၌ သူမကို လှည့်စားနိုင်မည် မဟုတ်ဟု သူ စိုးရိမ်မိသည်။ အကယ်၍ သူ မလှည့်စားနိုင်ပါက တစ်နေကုန် တည်ဆောက်ထားသည့် ယုံကြည်မှုများ ပျက်စီးသွားနိုင်ပြီး ဆေးဘုရင်စံအိမ်သို့ သွားမည့်လမ်းကြောင်းကိုလည်း ထိခိုက်သွားစေနိုင်သည်။
ချူကျန့်က ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ကာ သူသည် ရွာသူလေးကို ကြောင်တောင်တောင်ဖြင့်ကြည့်ပြီး မေးမြန်းလိုက်၏။
"မိန်းကလေး... ဘာဖြစ်လို့လဲ"
ရွာသူလေးက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"ဘာမှမဖြစ်ပါဘူး.... ရှင့်ရဲ့ကိုယ်ပေါ်ကို ခြင်ဆေးဖြန်းပေးလိုက်တာ....နွေရာသီဆိုတော့ တောင်ပေါ်မှာ ခြင်ပေါတယ်လေ.... ရှင် ဟန်ဆောင်ပြီး လှည့်စားဖို့ မကြိုးစားတာ ကျွန်မ ဝမ်းသာမိတယ်"
တကယ်ကြီးလား... ဒါက သီသီလေး လွတ်သွားတာပဲ.....
ချူကျန့် ချွေးစေးများ ပြန်လာသည်။ ရွာသူလေးသည် အမှန်အတိုင်း ပြောနေခြင်းဟုတ်မဟုတ် သူ အတပ်မပြောနိုင်ချေ။ သူသည် သရုပ်ဆောင်ခြင်းကိုသာ ဆက်လက်၍ လုပ်ဆောင်ရတော့မည်ဖြစ်ပြီး ရှက်ကိုးရှက်ကန်းအမူအယာဖြင့် ပြုံးပြလိုက်သည်။
"ကျေးဇူးတင်ပါတယ် မိန်းကလေး... ဒါနဲ့ မိန်းကလေးရဲ့ အမေရော ရှိလား.... အကြီးအကဲတွေကို ဂါရဝမပြုဘဲနဲ့ အိမ်မှာ ကြာကြာနေတာက မကောင်းဘူးထင်တယ်"
"ကျွန်မက ဒီနေရာမှာ တစ်ယောက်တည်း နေတာပါ"
ရွာသူလေးက စကားပြောဆိုရင်း ချူကျန့်အတွက် လက်ဖက်ရည်တစ်ခွက် ထပ်ငှဲ့ပေးလိုက်သည်။
"သခင်လေးချူရဲ့ နာမည်ကို မသိရသေးဘူးနော်"
ချူကျန့်ကဲ့သို့ ဝါရင့်တစ်ယောက်သည် သူ၏နာမည်ကို လိမ်ပြောလိမ့်မည် မဟုတ်ချေ။ ဤသည်က အလွယ်တကူ ပေါ်လွင်သွားနိုင်သည့် အရာဖြစ်နေပေ၏။ ထို့ပြင် ဤရွာသူလေးသည် အလွန်လိမ္မာပါးနပ်သဖြင့် ချူကျန့်က ရိုးသားစွာ တုံ့ပြန်အဖြေပေးလိုက်သည်။
"ငါ့ရဲ့နာမည်က ချူလော့ကျွင်း... လောကကြီးထဲမှာ လှည့်ပတ်ပြီး ခရီးသွားလာနေတဲ့ ဓားသမားတစ်ယောက် ဖြစ်ပြီးတော့ ရှန်ချန်မြို့က လာတာပါ"
ရွာသူလေးက အံ့အားတသင့် ရေရွတ်လိုက်သည်။
"ရှင်က မြစ်ဝါမြစ်ရေဘေးဒုက္ခသည်တွေကို ငွေတုံးတစ်သန်းလှူခဲ့တဲ့ မဟာစေတနာရှင်ကြီး ချူလော့ကျွင်းပေါ့"
မဟာစေတနာရှင်ကြီး...
ချူကျန့်၏နှုတ်ခမ်းများ မဲ့ရွဲ့သွားပြီး ကြက်သီးထသွားသည်။ သူသည် မျက်နှာပြောင်တိုက်တတ်သော်လည်း "မဟာစေတနာရှင်ကြီး" ဟု အခေါ်ခံရခြင်းမှာ အလွန်နေရခက်လှသည်။ မဟာမိစ္ဆာကြီး သို့မဟုတ် မဟာလူဆိုးကြီးဟု အခေါ်ခံရလျှင် ပိုကောင်းပေလိမ့်မည်။ အကြောင်းအရင်းမှာ သူ၏လက်များတွင် သွေးစွန်းနေပြီး ထိုဂုဏ်ပုဒ်နှင့် မထိုက်တန်သောကြောင့်ပင်။
သူ စိတ်အညစ်ဆုံးအရာမှာ မြင်းဖြူကျောင်းတော်၏မြို့ပြင် မိုင်နှစ်ဆယ် သုံးဆယ်အကွာရှိ ဝေးလံခေါင်သီသော တဲအိမ်လေးအထိ သူ၏ကျော်ကြားမှု ပျံ့နှံ့နေခြင်းဖြစ်သည်။ သိုသိုသိပ်သိပ်နှင့်မထင်မရှား နေလိုသော ချူကျန့်သည် ဤကိစ္စကို မည်သို့ သည်းခံနိုင်မည်နည်း။
ချူကျန့်က အလျင်အမြန် ပြောဆိုလိုက်၏။
"အဲ့ဒီငွေတွေက သူများတွေဆီက မတရားရထားတဲ့ ငွေတွေပါ... အပြစ်တွေနဲ့ ပြည့်နေတဲ့ ငွေတွေလေ...ဒါကြောင့် အသက်ကယ်ဖို့အတွက် သုံးလိုက်တာက အသင့်လျော်ဆုံးပါပဲ"
ရွာသူလေးက သက်ပြင်းချလိုက်သည်။
"လောကကြီးမှာ လူသားအချင်းချင်း အပြန်အလှန်သတ်ဖြတ်နေကြတာ မလုံလောက်သေးဘူးလား.... သခင်လေးချူလို ရွေးချယ်မှုမှန်ကန်တဲ့သူမျိုးက ရှားပါးပါတယ်....သခင်လေးချူရဲ့ ဒီလုပ်ရပ်တစ်ခုတည်းနဲ့တင် ရှင်က ကျွန်မရဲ့ အလေးစားရဆုံး ဧည့်သည်ပါပဲ"
သူမက ရုတ်တရက် လက်လှမ်းပြီး ချူကျန့်၏ လက်ကောက်ဝတ်သွေးခုန်နှုန်းကို စမ်းသပ်လိုက်သည်။
ချူကျန့်၏ စိတ်ထဲတွင် တုံ့ပြန်ရန်နှင့် ရှောင်တိမ်းရန် နည်းလမ်းပေါင်းစုံ ဖျတ်ခနဲ ထွက်ပေါ်လာသည်။ ကံကောင်းစွာဖြင့် ရွာသူလေးက သူ့ကို သတ်ရန် ရည်ရွယ်ချက်မရှိဘဲ သွေးခုန်နှုန်းစမ်းရုံသာဖြစ်ကြောင်း သတိထားမိပေ၏။ သူသည် ခန္ဓာကိုယ်တုံ့ပြန်မှုကို ပြီးပြည့်စုံစွာ ထိန်းချုပ်လိုက်ပြီး လုံးဝအကာအကွယ်မဲ့နေသကဲ့သို့ ဟန်ဆောင်လိုက်သည်။ ထို့နောက် ရွာသူလေး၏ သွယ်လျသော လက်ချောင်းလေးများကို သူ၏လက်ကောက်ဝတ် အကြောနေရာပေါ်သို့ ကျရောက်လာခွင့် ပြုလိုက်သည်။
ရွာသူလေး၏လက်ချောင်းများသည် အနည်းငယ် အေးစက်နေသော်လည်း အလွန်နူးညံ့သိမ်မွေ့သည်။ လယ်ယာလုပ်ငန်းခွင်၌ အမြဲတစေလုပ်ကိုင်နေသော အမျိုးသမီးတစ်ယောက်သည် လက်တစ်ချောင်းပင် မချိုးဘူးသော အမျိုးသမီးကောင်းလေးတစ်ယောက်ကဲ့သို့ နူးညံ့ပျော့ပျောင်းမှုကို မည်ကဲ့သို့ ထိန်းသိမ်းထားနိုင်သနည်းဟု သူ တွေးတောနေမိသည်။
ရွာသူလေးက သူမ၏လက်ချောင်းများကို ပြန်ရုတ်သိမ်းပြီး တည်ငြိမ်စွာ ပြောဆိုလိုက်၏။
"ရှင်က နေမကောင်းတာမျိုးလည်း မရှိဘူး အဆိပ်လည်း မမိထားဘူး....ဒါဆိုရင် ရှင်က ဆေးဘုရင်စံအိမ်ကို ဘာလို့ သွားချင်တာလဲ"
သူမ၏လေသံသည် မေးခွန်းထုတ်ခြင်းမဟုတ်ဘဲ အတည်ပြုပြောဆိုခြင်းပင်။
ချူကျန့်သည် ဤကိစ္စအတွက် ကြိုတင်ပြင်ဆင်ထားပြီးလေပြီ။ သူသည် သက်ပြင်းချလိုက်ပြီး သူ၏စိတ်ထဲတွင် ဖန်တီးထားသော ဇာတ်လမ်းကို ပြောပြလိုက်၏။
ဇာတ်လမ်းအရ သူသည် ပိုးထည်ဝတ်စုံဝတ်အဖိုးအိုအတွက် စာပို့ပေးရင်း ကောကျင့်၏နောက်ဆုံးတပည့်အဖြစ် လက်ခံခြင်း ခံရကြောင်းနှင့် စတင်ခဲ့သည်။ ကံမကောင်းစွာဖြင့် သူ၏ဉာဏ်ရည်သည် နိမ့်ကျလွန်းသဖြင့် ကောကျင့်၏သိုင်းပညာရပ်များကို နားမလည်နိုင်ခဲ့ချေ။ ကောအိမ်တော်တွင် သူသည် တိတ်တဆိတ် လှောင်ပြောင်ခြင်း ဖယ်ကျဉ်ခံရခြင်းနှင့် အနိုင်ကျင့်ခံရခြင်းများကြောင့် ဆက်လက်၍ နေထိုင်ရန် ရှက်ရွံ့လာခဲ့သည်။ နောက်ပိုင်းတွင် သူသည် ဓားပြစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့သော်လည်း သူ၏သိုင်းပညာညံ့ဖျင်းမှုကြောင့် ဒဏ်ရာရသွားခဲ့ပေ၏။ ကံကောင်းစွာဖြင့် ဖြတ်သွားဖြတ်လာ အမျိုးသမီးသူရဲကောင်းတစ်ဦးက သူ့ကို ကယ်တင်ခဲ့ပြီး ရှန်ချန်မြို့မှ မိုင်ပေါင်းတစ်ရာအကွာသို့ ခေါ်ဆောင်သွားခဲ့သည်။
လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးသူရဲကောင်း ထွက်ခွာသွားပြီးနောက် သူသည် သိုင်းလောကထဲတွင် လေလွင့်နေခဲ့သည်။ တစ်ဖက်တွင် ကောကျင့်၏ ကျေးဇူးကိုဆပ်ရန် ရှန်ချန်မြို့အတွက် ရိက္ခာနှင့်ပစ္စည်းများ ရှာဖွေပေးလိုသည်။ တခြားတစ်ဖက်တွင် သူ့အတွက် အနာဂတ်မရှိသော သိုင်းပညာလမ်းကြောင်းအပြင် တခြားထွက်ပေါက်ရှိမရှိ စမ်းသပ်ကြည့်လိုပေ၏။
နောက်ပိုင်းတွင် ဖူကွေ့စံအိမ်မှ မိတ်ဆွေများနှင့် သူ တွေ့ဆုံခဲ့သည်။ အဆိပ်လက်ချောင်းဆေးဘုရင်သည် အဆိပ်နှင့်ဆေးပညာနှစ်ခုလုံးတွင် အလွန်ကျွမ်းကျင်ကြောင်းနှင့် အထူးသဖြင့် ဆေးမြစ်များအကြောင်း နက်နက်ရှိုင်းရှိုင်း လေ့လာထားသဖြင့် လောကတွင် ရှားပါးသော ဆရာကြီးတစ်ဆူဖြစ်ကြောင်း သူ ကြားသိခဲ့ရသည်။ ထို့ကြောင့် သူသည် ဆေးဘုရင်ထံမှ ပညာသင်ယူရန် လာရောက်ခြင်းဖြစ်ကြောင်း ပြောပြလိုက်၏။
သူ၏စကားများကို နားထောင်ပြီးနောက် ရွာသူလေးက မြင်းဖြူကျောင်းတော်မြို့တွင် နေမကောင်းဟန်ဆောင်ခဲ့ပုံကို သရုပ်ပြခိုင်းသည်။ ချူကျန့်က သူမ ပြောဆိုသည့်အတိုင်း လုပ်ပြခဲ့သည်။
ရွာသူလေးက ရယ်မောလိုက်သည်။
"ရှင်က တော်တော်လေး လိမ္မာပါးနပ်တာပဲ.....ဒါက သခင်ကြီးကော သင်ပေးလိုက်တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ပညာရပ်လား ကျွန်မ တစ်ခါမှ မကြားဖူးဘူး"
သူမက ချူကျန့်အတွက် လက်ဖက်ရည်တစ်ခွက် ထပ်ငှဲ့ပေးပြီး တီးတိုးမေးမြန်းလိုက်သည်။
"ရှင်က ဘာလို့ ကျွန်မကို ဒီလောက်ထိ ယုံကြည်ရတာလဲ.... ဘာမှဖုံးကွယ်မထားဘဲနဲ့ အကုန်လုံး ပြောပြနေတယ်"
ချူကျန့်က ရိုးသားသော လေသံဖြင့် ပြန်ဖြေလိုက်သည်။
"ငါ မသိဘူး.... ဒါပေမဲ့ မိန်းကလေးက ငါ့ကို ဘယ်တော့မှ ဒုက္ခမပေးဘူးလို့ ခံစားရတယ်"
ရွာသူလေးက သူမ၏ပါးစပ်ကိုအုပ်ပြီး ရယ်မောလိုက်သည်။
"ရှင်က ရိုးအအပုံစံ ပေါက်နေပေမဲ့ အရမ်းတုံးအတာမျိုးတော့ မဟုတ်ဘူး...ရှင်က ဒီလောက် လိမ္မာနေတာကို ကျွန်မက ဘယ်လိုလုပ်ပြီးတော့ ရက်ရက်စက်စက် လုပ်ရက်မှာလဲ"
သူမ၏အကြည့်က နူးညံ့နေသည်။ သူမသည် အလွန်လှပခြင်းမရှိသော်လည်း သူမ၏မျက်လုံးထဲမှ အပြုံးရိပ်က ချူကျန့်ကို သက်တောင့်သက်သာဖြစ်စေပြီး စိတ်လက်ပေါ့ပါးစေသည်။
ရွာသူလေးက မတ်တတ်ထရပ်ပြီး ပြောဆိုလိုက်သည်။
"ဒီတောအရပ်မှာ ဧည့်သည်နားနေဆောင်တွေ မရှိဘူး....သခင်လေးချူက ဒီညတော့ ဒီခုံတန်းလျားပေါ်မှာပဲ အဆင်ပြေသလို အိပ်လိုက်တော့"
ချူကျန့် ဝမ်းသာသွားသည်။ သူ အောင်မြင်သွားပြီဖြစ်ကြောင်း သိလိုက်သဖြင့် အလျင်အမြန် ပြောဆိုလိုက်၏။
"ကောင်းပါပြီ....ငါက ဘယ်နေရာပဲဖြစ်ဖြစ် အိပ်တတ်ပါတယ်....မိန်းကလေးက ကောင်းကောင်းအနားယူပါ"
ရွာသူလေးက ခေါင်းညိတ်ပြပြီး ရေနံဆီမီးခွက်ကိုကိုင်ကာ အခန်းထဲ ဝင်သွားသည်။ သူမသည် တံခါးကို ပေါ့ပေါ့ပါးပါး ပိတ်လိုက်သော်လည်း ဂျက်ထိုးသံကို မကြားရချေ။
ချူကျန့်က သူ၏စိတ်ထဲတွင် တွေးတောလိုက်မိသည်။
'သူက ငါ့ကို တော်တော်လေး ယုံတာပဲ'
သူသည်လည်း ညအချိန်မတော်တွင် မိန်းကလေးတစ်ယောက်၏ အခန်းထဲသို့ ဝင်ရောက်ရန်အကြံမရှိပေ။ ထို့ကြောင့် သူသည် ခုံတန်းလျားပေါ်တွင်သာ အိပ်လိုက်၏။
နောက်တစ်နေ့နံနက်တွင် ရွာသူလေးက မနက်စာပြင်ရန် စောစောထသည်။ ချူကျန့်ကလည်း မျက်နှာသစ်ပြီး မီးဖိုချောင်ထဲဝင်ကာ ရေနှစ်ပုံးခပ်ပေးခြင်းဖြင့် ကူညီပေးလိုက်သည်။
မနက်စာ ဟင်းပွဲများအနက် အများစုသည် သတ်သတ်လွတ်ဖြစ်သော်လည်း အလွန်အရသာရှိသည်။ ချူကျန့်သည် ထမင်းပန်းကန် တော်တော်များများ စားပြီးမှ အားနာသည့်လေသံဖြင့် ပြောဆိုလိုက်၏။
"မိန်းကလေးရဲ့အိမ်မှာ ငါက တနေကုန် စားသောက်နေထိုင်ပြီးပြီ....မိန်းကလေးရဲ့နာမည်ကိုတောင် ငါက ခုထိ မမေးရသေးဘူး"
ရွာသူလေးက သူ၏ပန်းကန်ထဲသို့ ထမင်းထည့်ပေးရင်း ညင်သာသောလေသံဖြင့် ပြောဆိုသည်။
"ရှင်က သဘောကောင်းတဲ့သူပါ.... ပန်းပင်တွေကို တကယ်သဘောကျပုံရတယ်...ရှင် ပန်းခင်းကို စောင့်ရှောက်ဖို့ ကူညီပေးချင်လား"
ချူကျန့် အံ့အားသင့်သွားသည်။
'ငါက ဆေးဘုရင်စံအိမ်ကိုသွားပြီး ချန်လင်းစုကို ရှာမလို့လေ....ဘယ်လိုဖြစ်ပြီး ဒီနေရာမှာ ပန်းခင်းကို စောင့်ရှောက်ပေးရမှာလဲ'
သို့သော် ဤမိန်းကလေးသည် ဆေးပညာနှင့် အဆိပ်ပညာ နှစ်ခုလုံးတွင် အလွန်ကျွမ်းကျင်ကြောင်း သိထားသဖြင့် သူမထံမှ ဆေးပညာတချို့ကို အရင်ဆုံး သင်ယူပြီးမှ ဆေးဘုရင်စံအိမ်နှင့်ချန်လင်စုအကြောင်း ပြောမည်ဟု စဉ်းစားလိုက်သည်။ ထို့ကြောင့် သူက ခေါင်းညိတ်ပြီး တည်ကြည်လေးနက်စွာ ပြောဆိုလိုက်၏။
"ငါ လုပ်ပေးပါ့မယ်"
ရွာသူလေးက သူ့ကို စိုက်ကြည့်နေပြီး နောက်ဆုံး၌ ပြုံးလိုက်သည်။
"ရှင်က လူကောင်းပါ... ဒါကြောင့် ကျွန်မရဲ့နာမည်ကို ပြောပြမယ်....တခြားဘယ်သူ့ကိုမှ မပြောရဘူးနော်....တခြားလူတွေရဲ့ရှေ့မှာ ကျွန်မရဲ့နာမည်ကို ထုတ်မပြောရဘူး.... ကျွန်မရဲ့ နာမည်က ချန်လင်းစုပါ 'လင်းရှု' ထဲက 'လင်း' နဲ့ 'စုဝမ်' ထဲက 'စု' ပါ"
ချူကျန့် အံ့အားသင့်တုန်လှုပ်သွားသည်။ ဤမိန်းကလေးသည် သူ ရှာဖွေနေသော ဆေးဘုရင်စံအိမ်မှ ချန်လင်းစု ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။ "ဆေးဘုရင်ကျမ်းစာ"သည် သူမထံ ရှိနေသလော။
သူ၏ ကံတံရား၄၀မှတ်သည် အမှန်တကယ်ကို အံ့အားသင့်ဖွယ် ကောင်းပေ၏။
သူသည် အလွန်အံ့အားသင့်သွားသဖြင့် မိန်းကလေးက သူ့ကို ရင်းနှီးသော မိတ်ဆွေတစ်ယောက်ကဲ့သို့ ဆက်ဆံနေသည်ကိုပင် သတိမထားမိလိုက်ချေ။
သူ အတွေးလွန်နေသည်ကို မြင်တွေ့ချိန်၌ ချန်လင်းစုက မေးမြန်းသည်။
"ဘာဖြစ်လို့လဲ.... ကျွန်မရဲ့နာမည်ကို မကြိုက်လို့လား"
ချူကျန့် သတိဝင်လာပြီး အလျင်အမြန် ပြန်ဖြေလိုက်သည်။
"မဟုတ်ပါဘူး...မိန်းကလေးရဲ့နာမည်က လှပပြီး ကျက်သရေရှိပါတယ်... တခြားလူတွေရဲ့ရှေ့မှာ နာမည်မခေါ်ရဘူးဆိုတော့ ငါက ဘယ်လိုခေါ်ရမလဲဆိုတာ စဉ်းစားနေတာပါ"
ချန်လင်စုက မျက်စောင်းထိုးလိုက်၏။
"ရှင့်ရဲ့သဘောပါပဲ.... 'ကြောင်' လို့ခေါ်ခေါ် 'ခွေး' လို့ခေါ်ခေါ် ရပါတယ်"
ချူကျန့်က ခေါင်းကုတ်ပြီး ပြောဆိုသည်။
"ဒါမှမဟုတ် 'ဆေးနတ်သမီး' လို့ ခေါ်ရမလား မိန်းကလေးရဲ့ ဆေးပညာက ထူးချွန်လွန်းလို့ မြင်းဖြူကျောင်းတော်မြို့က သမားတော်တွေထက် အများကြီးသာတယ် ဒီမြင်းဖြူကျောင်းတော်မြို့မှာ 'ဆေးဘုရင်' ရှိရင် 'ဆေးနတ်သမီး'လည်း ရှိမှာပေါ့"
ချန်လင်းစုက ရယ်မောလိုက်သည်။
"ကျွန်မရဲ့ရုပ်ရည်က နတ်သမီးနဲ့ လုံးဝမတူဘူး.... 'ဆေးနတ်သမီး' လို့ ခေါ်ရင် လူတွေရဲ့ လှောင်ပြောင်တာကိုပဲ ခံရလိမ့်မယ်"
ချူကျန့်က ရိုးသားစွာ ပြောဆိုလိုက်သည်။
"မိန်းကလေးက လှပါတယ်... ငါ မြင်ဖူးသမျှထဲမှာ ကြည့်အကောင်းဆုံး မိန်းကလေးပဲ"
ဤသည်မှာ အမှန်တရားပင်။ ချန်လင်းစုသည် အလှပဂေးတစ်ယောက် မဟုတ်သော်လည်း ကြည့်ပျော်ရှုပျော်ရှိပြီး ရိုးရိုးရှင်းရှင်းနှင့် ဟန်ဆောင်မှုကင်းသည်။ သူမနှင့်အတူ သူ လမ်းလျှောက်သွားလျှင်ပင် လူအများ၏အာရုံစိုက်ခြင်းကို ခံရမည်မဟုတ်သဖြင့် သိုသိုသိပ်သိပ် နေထိုင်လိုသော ချူကျန့်၏ လက်ရှိစရိုက်နှင့် ကိုက်ညီပေ၏။
ချန်လင်းစုက ချိုသာစွာ ပြုံးပြီး ပြောဆိုလိုက်သည်။
"ရှင်က ကျွန်မ ပျော်အောင် မြှောက်ပင့်နေတာပဲ....ရှင် လိမ်ပြောရင် ယမမင်းက လျှာဖြတ်ပစ်မှာကို ရှင် မကြောက်ဘူးလား"
"ငါက အမှန်အတိုင်း ပြောတာပါ"
ချုကျန့်က ပြောဆိုသည်။
ချန်လင်းစုသည် ချူကျန့်ကို တစ်ချက်ကြည့်ပြီးနောက် သူမ၏မျက်နှာ အနည်းငယ် နီမြန်းသွားပြီး တီးတိုးပြောဆိုလိုက်သည်။
"ကောင်းပြီလေ... တခြားနာမည် စဉ်းစားပါအုံး"
" 'မိန်းကလေးလင်း' လို့ ခေါ်ရင်ရော.... 'လင်းပေါ်ဝေ့ပု'ထဲက 'လင်း' နဲ့ အသံထွက်တူတော့ လူတွေက မိန်းကလေးရဲ့ မျိုးရိုးနာမည်ကို 'လင်း' လို့ ထင်သွားကြမှာပေါ့"
" 'လင်းပေါ်ဝေ့ပု' ထဲက 'လင်း'..."
ချန်လင်းစု၏မျက်နှာ ထပ်မံ၍ နီမြန်းသွားသော်လည်း ဤတစ်ကြိမ်တွင် မငြင်းဆန်တော့ချေ။
"သွားကြစို့....အလုပ်လုပ်ရအောင်....မနေ့ညက မိုးဒဏ်လေဒဏ်ကြောင့် အပြာရောင်ပန်းလေးတွေ ပျက်စီးသွားလောက်တယ်.... ပြန်ပြီးဂရုစိုက်ပေးရမယ်"
ဤမိန်းကလေးမှာ ချန်လင်းစုဖြစ်မှန်း သိသွားသဖြင့် ချူကျန့်သည် အလုပ်သမားလမ်းကြောင်းကို လျှောက်လှမ်းရန် လမ်းစကို မြင်နေရလေပြီ။ သူသည် စိတ်အေးလက်အေးဖြင့် ညစ်ပတ်ပင်ပန်းသော အလုပ်များကို တက်ကြွစွာ ဝင်ရောက်လုပ်ကိုင်ပေးတော့သည်။
မသိလိုက်မသိဘာသာဖြင့် နေ့လည်ရောက်လာကာ နေ့လည်စာစားပြီးနောက် ချန်လင်းစုသည် ချူကျန့်ကို ဆေးပင်စိုက်ပျိုးနည်း အခြေခံများကို ရှင်းပြနေပေ၏။ ထိုအချိန်မှာပင် အဝေးမှ မြင်းခွာသံများကို ကြားလိုက်ရပြီး သူတို့၏ရှေ့တွင် ရပ်တန့်သွားသည်။
ချူကျန့်နှင့် ချန်လင်စုတို့သည် အသံကြားရာသို့ ကြည့်လိုက်ရာ လူနှစ်ယောက်ကို မြင်တွေ့လိုက်ရသည်။ ထိုလူနှစ်ယောက်အနက်မှ တောင့်တင်းသန်မာသော လူငယ်တစ်ဦးက ရှေ့ထွက်လာပြီး လက်နှစ်ဖက်ကို ပူးဆုပ်ကာ မေးမြန်းသည်။
"တစ်ခုလောက် မေးပါရစေ... ဆေးဘုရင်စံအိမ်ကို ဘယ်လို သွားရမလဲ"