← Chapters

ဆေးဘုရင်စံအိမ်သို့ သွားခြင်း

Vol. 6 Ch. 64

ဆေးဘုရင်စံအိမ်သို့ သွားခြင်း

Vol. 6 Ch. 64

ချူကျန့်က ကစားသမားတစ်ယောက် ဆေးဘုရင်စံအိမ်နှင့် ချန်လင်းစုကို လာရောက်ရှာဖွေသည်ဟု ထင်မှတ်လိုက်ပြီး သူ၏မျက်လုံးထဲတွင် ရက်စက်သော သတ်ဖြတ်လိုစိတ်များ ဖြတ်ပြေးသွားသည်။

"ငါ့ရဲ့ဘဝတိုးတက်ဖို့နဲ့ ပိုက်ဆံရှာပြီး အေးအေးဆေးဆေးနေဖို့ မျှော်လင့်ချက်ရောင်ခြည်သမ်းလာပြီ.....ဒီအချိန်မှာ ဆေးဘုရင် ကျမ်းစာကို လာလုတဲ့ ဘယ်သူမဆို ငါ့ရဲ့ရန်သူပဲ"

သို့သော် သူ သေချာကြည့်လိုက်ချိန်၌ ထိုလူနှစ်ယောက်၏ခေါင်းပေါ်တွင် မည်သည့် ID အချက်အလက်မျှ မရှိသည်ကို တွေ့လိုက်ရသဖြင့် သူ အံ့အားသင့်သွားသည်။

ယခုလက်ရှိတွင် မြို့ပြင်သို့ ရောက်နေသဖြင့် ကစားသမားများအနေဖြင့် ID ဖျောက်ထား၍ မရနိုင်သည့်နေရာပင်။ ID မပေါ်ဟု ဆိုသဖြင့် ဤလူနှစ်ယောက်သည် NPC များသာ ဖြစ်ရပေမည်။

ချူကျန့်၏ မျက်လုံးထဲမှ သတ်ဖြတ်လိုစိတ်များ ချက်ချင်းပျောက်ကွယ်သွားကာ ရိုးသားဖြူစင်သော မျက်နှာထား ပြန်ဖြစ်သွားသဖြင့် နံဘေးရှိ ချန်လင်းစုပင်လျှင် သတိမထားမိလိုက်ချေ။

ချန်လင်စုကလည်း ဖြတ်သွားဖြတ်လာ လူနှစ်ယောက်ကို တချက်လှမ်းကြည့်ပြီး ခေါင်းငုံ့ကာ ပေါင်းသင်မြက်နှုတ် ဆက်လက်၍ လုပ်နေသည်။

သူမသည် တိတ်ဆိတ်နေသဖြင့် ချူကျန့်လည်း မည်သည့်စကားမျှ ဝင်မပြောချေ။ အထူးသဖြင့် သူကိုယ်တိုင်လည်း ဆေးဘုရင်စံအိမ် မည်သည့်နေရာ၌ရှိမှန်း မသိသောကြောင့်ပင်။

ထိုအချိန်မှာပင် အသက် ၁၈ နှစ် ၁၉ နှစ်အရွယ်ခန့်ရှိပြီး တောင့်တင်းသန်မာသော လူငယ်က သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ကာ ထပ်မံ၍ နှုတ်ဆက်လိုက်၏။

"ကျွန်တော်တို့က ဆေးဘုရင်စံအိမ်မှာ အရေးကြီးကိစ္စရှိလို့ပါ ...အဆိပ်လက်ချောင်းဆေးဘုရင်ကို လာရှာတာပါ....လမ်းညွှန်ပေးကြပါအုံး"

နံဘေးရှိ နှာခေါင်းလန်လန် မျက်နှာဖြူဖျော့ဖျော့ မုတ်ဆိတ်မွေးအဖြူရောင်နှင့် ရုပ်ဆိုးဆိုးလူက စိတ်မရှည်သည့်ပုံစံဖြင့် မြင်းနှင်တံကို ဆုပ်ကိုင်ထားသည်။ လူငယ်သာ သိုင်းလောကစည်းမျဉ်းအတိုင်း ယဉ်ကျေးစွာ မမေးမြန်းခဲ့လျှင် ဤရုပ်ဆိုးဆိုးလူက သူတို့ကို နှင်တံဖြင့် ရိုက်နှက်တော့မည့်ပုံစံ ပေါက်နေသည်။

ချူကျန့်သည် လူငယ်ကို စိတ်မရှိသော်လည်း ရုပ်ဆိုးဆိုးလူ၏ အမူအယာကိုကြည့်ပြီး ချက်ချင်းဆိုသလိုပင် သဘောမကျ ဖြစ်သွားသည်။

ချန်လင်းစုကလည်း ထိုနည်းတူ ခံစားရပုံရပြီး အေးစက်တင်းမာစွာ ပြောဆိုလိုက်၏။

"မသိဘူး....."

သူမ၏မျက်နှာထားသည် အေးစက်တင်းမာနေပြီး ချူကျန့်ကို ပြသခဲ့သော နူးညံ့သည့်အပြုံးမျိုး မရှိတော့ချေ။

ရုပ်ဆိုးဆိုးလူ၏မျက်နှာ မည်းမှောင်သွားပြီး ဒေါသထွက်လုဆဲဆဲတွင် ချူကျန့်က ချန်လင်စုကို ကာကွယ်ရန် အလိုအလျောက် ရှေ့သို့ တိုးလိုက်သည်။ ဤရုပ်ဆိုးဆိုးလူ၏ သိုင်းပညာသည် နိမ့်ပါးပုံမရချေ။ အကယ်၍ ချန်လင်းစုသာ သေသွားလျှင် ဆေးဘုရင်ကျမ်းစာကို သူ မည်သည့်နေရာက ရှာဖွေရမည်နည်း။

ချူကျန့်၏စူးရှသော အမြင်အာရုံအရ ထိုလူနှစ်ယောက်၏ စွမ်းအားကို အကြမ်းဖျင်း ခန့်မှန်းပြီးဖြစ်သည်။ လူငယ်က အလွန်စွမ်းအားကြီးပြီး ဝမ်တုန်းထက် မနိမ့်သော စွမ်းအားရှိကာ ရုပ်ဆိုးဆိုးလူသည် မနေ့ညက တွေ့ခဲ့သော အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုနှင့် တန်းတူအဆင့်၌ရှိသည်။ ဤနှစ်ယောက်လုံးသည် လွယ်လင့်တကူ ရန်စ၍ရမည့်သူများ မဟုတ်ပေ။ သို့သော် သူတို့ထံ၌ လက်နက်ပါမလာသဖြင့် အသေအကြေတိုက်ခိုက်မည်ဆိုလျှင် ရလဒ်သည် မသေချာချေ။

သို့သော် သူ၏ကျောပြင်ကို စိုက်ကြည့်နေသော ချန်လင်စု၏မျက်လုံးများတွင် နူးညံ့သော အပြုံးများ ပြည့်နှက်နေသည်ကို ရှေ့မှကာကွယ်ပေးထားသော ချူကျန့် မမြင်လိုက်ပေ။

ချူကျန့်၏သတိထားနေပုံကို မြင်တွေ့ချိန်၌ လူငယ်သည် ရုပ်ဆိုးဆိုးလူကို နံဘေးသို့ဆွဲခေါ်ပြီး တီးတိုးပြောဆိုလိုက်သည်။

"အစ်ကိုကြီးကျုံး....ဒီနားတစ်ဝိုက်မှာ လူရှာမတွေ့ဘူး.... ဒီကနေ သတင်းမရရင် အချိန်တွေ အလဟဿ ကုန်ကုန်သွားလိမ့်မယ်"

ရုပ်ဆိုးဆိုးလူက နှာခေါင်းရှုံ့ပြီး မြင်းကို နောက်ဆုတ်လိုက်သည်။

လူငယ်က သူ၏လက်နှစ်ဖက်ကို ထပ်မံ၍ပူးဆုပ်ပြီး ချူကျန့်ကို အလွန်ယဉ်ကျေးစွာ နှုတ်ဆက်လိုက်၏။

"အစ်ကိုကြီး.... ကျွန်တော်တို့က အဆိပ်လက်ချောင်းဆေးဘုရင်ကို ရှာပြီး လူကယ်ခိုင်းချင်လို့ပါ....အဲ့ဒီလူက သာမန်လူမဟုတ်ပါဘူး... နာမည်ကြီး သူရဲကောင်းတစ်ယောက်ပါ.... ကျေးဇူးပြုပြီးတော့ အစ်ကိုကြီးက ကူညီပြီး လမ်းညွှန်ပေးပါအုံး"

ချူကျန့်က လူငယ်၏လေသံနှင့် ရိုးသားသော အမူအယာကို ကြည့်ပြီး တုံ့ပြန်အဖြေပေးသည်။

"စိတ်မကောင်းပါဘူး.... ဆေးဘုရင်စံအိမ်က ဘယ်နေရာမှာလဲဆိုတာ ငါလည်း မသိဘူး"

လူငယ်က အနည်းငယ် စိတ်ပျက်သွားသည်။ နံဘေးရှိ ရုပ်ဆိုးဆိုးလူသည် သတင်းအချက်အလက် မရနိုင်မှန်းသိသဖြင့် သူ၏နှာခေါင်းကိုရှုံ့ကာ မြင်းကို ဒုန်းစိုင်းစီးကာ ထွက်ခွာသွားသည်။ တောင်ပေါ်လမ်းသည် ကျဉ်းမြောင်းလေရာ မြင်းခွာများက ပန်းခင်းထဲ သို့ကျရောက်ပြီး အပြာရောင်ပန်းများကို တက်နင်းမိလုနီးပါး ဖြစ်သွားလေ၏။ ချူကျန့်က ရှေ့သို့ အလျင်အမြန် ခုန်ဝင်ပြီး မြင်းကို လက်ဝါးဖြင့် ရိုက်နှက်လိုက်သည်။

ရုပ်ဆိုးဆိုးလူသည် သူ၏မြင်း ပန်းခင်းထဲသို့ ဝင်သွားသည်ကို သတိမထားမိချေ။ ချူကျန့် ရုတ်တရက် တိုက်ခိုက်သည်ကို မြင်တွေ့ချိန်၌ ချက်ချင်းဆိုသလိုပင် နှင်တံဖြင့် ရိုက်နှက်လိုက်သည်။

"အစ်ကိုကြီးကျုံး"

လူငယ်သည် အလျင်အမြန် ခုန်ဝင်ပြီး ရုပ်ဆိုးဆိုးလူ၏ တိုက်ခိုက်မှုကို တားဆီးရန် မြင်းဇက်ကြိုးကို လှမ်းဆွဲလိုက်သော်လည်း ရုပ်ဆိုးဆိုးလူ၏လှုပ်ရှားမှုက အလွန်လျှင်မြန်သည်။ နှင်တံသည် ချူကျန့်၏ပါးပြင်ထံသို့ ပြေးဝင်လာပေ၏။ သူ၏စွမ်းအားသည် ချူကျန့်ထက် နှစ်ဆ သုံးဆခန့် သာလွန်သော်လည်း ချူကျန့်က တစ်ဖက်လူ၏အားကို ယူငင်အသုံးပြုသော နည်းစနစ်အား အသုံးပြုကာ နှင်တံထိပ်ကို ဖမ်းဆွဲလိုက်သည်။ ထို့နောက် အားဖြင့် ဆောင့်ဆွဲလိုက်ရာ ချူကျန့်ကို ဆေးပင်စိုက်နေသော သာမန်လူငယ်ဟု တွေးထင်ထားသည့် ရုပ်ဆိုးဆိုးလူသည် အငိုက်မိသွားပြီး မြင်းပေါ်မှ ပြုတ်ကျသွားသည်။

လူငယ်သည် ရုပ်ဆိုးဆိုးလူကို လှမ်းဖမ်းပြီး မြေပြင်ပေါ်သို့ အသာချပေးလိုက်သည်။

ချူကျန့်သည် သူတို့ကို ဂရုမစိုက်ဘဲ ပန်းခင်းထဲ သို့ရောက်နေသော မြင်းကို ခြေလှမ်းနှစ်လှမ်းခန့် နောက်ဆုတ်သွားအောင် အားဖြင့်တွန်းထုတ်လိုက်သည်။

သူ၏ မူလမွေးရာပါခွန်အားသည် အမြင့်ဆုံးဖြစ်သော ၄၀မှတ်ရှိပြီး သိုင်းလောကစကားဖြင့် ပြောဆိုရလျှင် "သဘာဝအလွန်ခွန်အား"ပင်။ ယခုအချိန်၌ သူသည် "ချွမ်ကျန်းအတွင်းအားကျင့်စဥ်" အဆင့်လေး၏ အကူအညီလည်း ရရှိထားသဖြင့် မြင်းကို တွန်းထုတ်ရသည်မှာ မခက်ခဲချေ။

ရုပ်ဆိုးဆိုးလူသည် ဒယိမ်းဒယိုင် ဖြစ်သွားပြီးနောက် ရှက်စိတ်နှင့်ဒေါသစိတ်တို့ကြောင့် ပြန်လည်တိုက်ခိုက်ရန် ဟန်ပြင်လိုက်စဉ်မှာပင်လူငယ်က သူ့ကို ဟန့်တားလိုက်၏။

"အစ်ကိုကြီးကျုံး..... ခင်ဗျား ဘယ်ရောက်နေတာလဲဆိုတာ မမေ့နဲ့အုံး"

ရုပ်ဆိုးဆိုးလူ၏ခန္ဓာကိုယ် တောင့်တင်းသွားပြီး နောက်ဆုံး၌ ချူကျန့်ကို ဒေါသတကြီး စိုက်ကြည့်ကာ ရပ်တန့်လိုက်သည်။

ချူကျန့်သည် သူ၏စိတ်ထဲမှ သက်ပြင်းချလိုက်၏။ ပုံမှန်ဆိုလျှင် သူ ဤမျှထိ ကြမ်းတမ်းမည် မဟုတ်ချေ။ သို့သော် ချန်လင်းစုက ဤအပြာရောင်ပန်းများကို တန်ဖိုးထားသည်ကို မြင်နေရသဖြင့် သူ လျစ်လျူရှုထားပြီး ထိုပန်းပင်များ အနင်းခံရလျှင် သူမ စိတ်ပျက်သွားမည်ကို စိုးရိမ်မိသည်။ ထိုသို့ဖြစ်လျှင် သူမကို လှည့်စားပြီး ဆေးဘုရင်ကျမ်းစာကို တောင်းယူရန် သူ့အတွက် ခက်ခဲသွားပေလိမ့်မည်။

သူသည် ပီပြင်စွာ သရုပ်ဆောင်ရမည် ဖြစ်သောကြောင့် ချူကျန့်က အေးစက်တင်းမာစွာ ပြောဆိုလိုက်၏။

"မင်းရဲ့မြင်းက ငါတို့ပန်းခင်းကို နင်းမိတော့မယ်"

"ပန်းပင်အစုတ်အပြတ်တွေက ဘာတန်ဖိုးရှိလို့လဲ"

ရုပ်ဆိုးဆိုးလူက မကျေမနပ်ဖြင့် ခွန်းတုံ့ပြန်သည်။

လူငယ်က သူ၏လက်နှစ်ဖက်ကို အလျင်အမြန် ပူးဆုပ်ပြီး ပြောဆိုသည်။

"ကျွန်တော်တို့ ရိုင်းပျမိသွားပါတယ်....အစ်ကိုကြီးကျုံးက လူကယ်ဖို့ အဆိပ်ဖြေဆေးလိုချင်တာကြောင့် ဆေးဘုရင်စံအိမ်ကိုသွားဖို့ အလျင်လိုနေတာပါ...သူ့ရဲ့အပြောအဆို အပြုအမူတွေ မှားသွားတာကို ခွင့်လွှတ်ပေးပါ"

သူသည် ပိုက်ဆံအိတ်ကို ထုတ်ပြီး ကြေးနီဒင်္ဂါးအနည်းငယ်ကို လမ်းဘေးတွင် ချထားလိုက်သည်။

"ဒါက လျော်ကြေးပါ....ကျွန်တော်တို့ တကယ်တောင်းပန်ပါတယ်"

ထို့နောက် သူက လေးလေးနက်နက် ဦးညွှတ်အရိုအသေပြုလိုက်၏။

ချူကျန့်က ထိုလူငယ်ကို အနည်းငယ် သဘောကျသွားသည်။ အကြောင်းအရင်းမှာ ဤခေတ်ကြီးတွင် ကောဖော့လုနှင့် ဤလူငယ်ကဲ့သို့ အရူးလုပ်ရလွယ်သော လူမျိုးမှာ ရှားပါးသတ္တဝါများ ဖြစ်နေသောကြောင့်ပင်။

ချန်လင်းစုက ရုတ်တရက် ပြောဆိုသည်။

"ဆေးဘုရင်စံအိမ်ကို သွားချင်ရင် ဒီတောင်ပေါ်လမ်းအတိုင်းသွား... လမ်းဆုံရောက်ရင် ဘယ်ဘက်ချိုးပြီး အနောက်ဘက်ကိုသွားလိုက်တာနဲ့ တွေ့လိမ့်မယ်"

လူငယ်က ဝမ်းသာအားရဖြင့် ကျေးဇူးတင်စကား ပြောဆိုသည်။

ချန်လင်းစုက အပြာရောင်ပန်းတစ်ပွင့်ကို ခူးပြီး ပစ်ပေးလိုက်၏။

"ဒါက အရောင်းအဝယ်သဘောပါ"

လူငယ်က ပန်းကိုဖမ်းယူလိုက်ပြီး အနည်းငယ် တွေဝေသွားသော်လည်း သူ၏အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် သူသည် ထပ်မံ၍ ကျေးဇူးတင်စကား ပြောဆိုပြီး မြင်းပေါ်တက်ကာ ရုပ်ဆိုးဆိုးလူနှင့်အတူ အလျင်အမြန် ထွက်ခွာသွားကြသည်။

ချူကျန့်က သိချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။

"မိန်းကလေးလင်း..သူတို့ကို တကယ်ပဲ ဆေးဘုရင်စံအိမ်သွားတဲ့ လမ်းမှန်ကို ပြပေးလိုက်တာလား"

ချန်လင်စုက ပြန်မဖြေဘဲ သူ့ကို စိုက်ကြည့်နေသည်။

ချူကျန့်က နေရခက်သွားပြီး မေးမြန်းလိုက်၏။

"ငါ့ရဲ့မျက်နှာက ညစ်ပတ်နေလို့လား"

ချန်လင်းစုက ခေါင်းငုံ့ပြီး ညင်သာသောလေသံဖြင့် ပြောဆိုသည်။

"အစ်ကိုကြီးချူ.... ဘာလို့ ပန်းပင်လေးနည်းနည်းအတွက်နဲ့ အသက်နဲ့ရင်းပြီး စွန့်စားခဲ့တာလဲ.... သူတို့ရဲ့ သိုင်းပညာက မနိမ့်ဘူးနော်"

ဤတစ်ကြိမ်တွင် သူမသည် ချူကျန့်ကို "သခင်လေးချူ" ဟု မခေါ်တော့ဘဲ လေသံကလည်း ထူးထူးခြားခြား နူးညံ့နေသည်။

ချူကျန့်က ရယ်မောလိုက်သည်။

"ဒါက မိန်းကလေး ပင်ပင်ပန်းပန်း စိုက်ထားတဲ့ပန်းပင်တွေလေ... ငါက အရမ်းသဘောကျတယ်...ဒီပန်းပင်လေးတွေ အနင်းခံရမှာကို ငါက ဘယ်လိုလုပ်ပြီး ကြည့်နေနိုင်မှာလဲ"

ချန်လင်းစုက မည်သည့်စကားမျှ ထပ်မပြောတော့ဘဲ သူမ၏လက်လေးဖြင့် သူ၏လက်ဖဝါးကိုဆွဲကာ ကြည့်ရှုလိုက်၏။

နှင်တံကို ဆွဲလိုက်သဖြင့် ချူကျန့်၏ လက်ဝါး အနည်းငယ် ပွန်းပဲ့သွားသော်လည်း သူက ဂရုမစိုက်ချေ။ သို့သော် ချန်လင်းစုက သူ၏လက်ကို ရေဖြင့် သေချာစွာ ဆေးကြောပေးလိုက်သည်။

"ရှင်ကတော့လေ...ပန်းပင်နည်းနည်းလေးအတွက်နဲ့ ခုလို အဖြစ်ခံရာလား....အနင်းမခံရလည်း ရက်နည်းနည်းကြာရင် ညှိုးသွားမှာပဲဟာကို.... ခုလိုစွန့်စားရတာ တန်လို့လား"

ချန်လင်းစုက ဆူပူသကဲ့သို့ပြောဆိုရင်း ဆေးပုလင်းတစ်လုံးကို ထုတ်ယူကာ ချူကျန့်၏လက်မှဒဏ်ရာကို ဆေးထည့်ပေးသည်။

"မတူဘူးလေ.... ပန်းလေးတွေ ညှိုးသွားတာက သဘာဝတရားကြောင့် ဖြစ်ပြီးတော့ အနင်းခံရတာကကျတော့ မတော်တဆမှုပဲ...တကယ့်ကို နှမြောစရာကောင်းတယ်"

"ရှင်က ကျွန်မ ပျော်အောင် တကယ်ပြောတတ်တယ်"

ဆေးထည့်ပေးပြီးနောက် ချန်လင်းစုက မတ်တတ်ထရပ်လိုက်ပြီး ပြောဆိုသည်။

"ဆေးဘုရင်စံအိမ်ကို ကြည့်ချင်လား"

ချူကျန့် တက်ကြွသွားသည်။

"ဘယ်နေရာမှာလဲ"

ချန်လင်းစုက ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။

"ကျွန်မ ညွှန်ပြလိုက်တဲ့ လမ်းဘက်မှာလေ"

သူမသည် တဲအိမ်ထဲသို့ပြန်ဝင်ပြီး တံခါးနှင့် ပြတင်းပေါက်များကို ပိတ်ကာ ရှေ့မှဦးဆောင်ပြီး ထွက်ခွာသွားသည်။

သူမ၏လှုပ်ရှားမှုများသည် အလွန်ပေါ့ပါးပြီး ကိုယ်ဖော့ပညာ မသုံးထားသော်လည်း အရှိန်က အလွန်လျှင်မြန်သည်။ ဤမိန်းကလေး၏ သိုင်းပညာသည် သူ့ထက် အနည်းငယ် နိမ့်ချင်နိမ့်နိုင်သော်လည်း လျင်မြန်သွက်လက်မှုကဖြင့် သူ့ထက် လျော့နည်းမည်မဟုတ်ကြောင်း ချူကျန့်က အံ့အားသင့်စွာဖြင့် တွေးတောလိုက်မိသည်။

အချိန်တခဏကြာ လျှောက်လှမ်းပြီးနောက် ချန်လင်းစုက နောက်သို့လှည့်ကြည့်ပြီး ပြောဆိုသည်။

"ရှင့်ရဲ့စိတ်ထဲမှာ မေးခွန်းတွေ အများကြီး ရှိနေမယ် ထင်တယ်"

ချူကျန့်က ခေါင်းညိတ်လိုက်သည်။

"မိန်းကလေးလင်း..... ဘာလို့ ငါ့ကျတော့ လမ်းမှားပြပြီး သူတို့ကိုကျတော့ လမ်းမှန် ပြပေးလိုက်တာလဲ"

အမှန်အားဖြင့် ဆေးဘုရင်စံအိမ်သည် နေရာကောင်းတစ်ခု မဟုတ်ကြောင်း ချူကျန့် ရိပ်မိပြီးသား ဖြစ်သော်လည်း မသိချင်ယောင်ဆောင်ပြီး မေးမြန်းလိုက်ခြင်းဖြစ်သည်။

ချန်လင်းစုသည် ချိုသာစွာ ပြုံးလိုက်၏။

"ရှင်က ကျွန်မရဲ့စကားကို နားထောင်လို့လေ....ရှင့်ကို ဒုက္ခပေးမဲ့နေရာဆီ မလွှတ်နိုင်ပါဘူး.... ဆေးဘုရင်စံအိမ်က အလွယ်တကူ သွားလို့ရတဲ့နေရာမျိုး မဟုတ်ဘူး"

ချူကျန့်က နားလည်သဘောပေါက်သွားသည့်ပုံစံဖြင့် ထပ်မံ၍ မေးမြန်းလိုက်သည်။

"အဲ့ဒီလူငယ်ကို အပြာရောင်ပန်း ပေးလိုက်တာကရော ဘာသဘောလဲ"

"အဲ့ဒီလူက မဆိုးပါဘူး.... ဒါကြောင့် သူ့ကို ထွက်ပေါက်တစ်ခု ပေးလိုက်တာပဲ...ဒီအပြာရောင်ပန်းက ရိုးရိုးပန်းမဟုတ်ဘူး ...ကျွန်မ ဂရုတစိုက် ပျိုးထောင်ထားတာ....ပန်းတစ်ပွင့်တည်းနဲ့ ဆေးဘုရင်စံအိမ်နားက အဆိပ်ပင်တွေကို ကာကွယ်နိုင်တယ်.... နှစ်ပွင့်ဆိုရင် ဘေးကင်းကင်းနဲ့ ပြန်ဆုတ်ခွာနိုင်တယ်"

ချူကျန့် အမှန်တကယ်ကို အံ့အားသင့်သွားသည်။ ချန်လင်းစုသည် အဆိပ်လက်ချောင်းဆေးဘုရင်၏တပည့် ပီသပေ၏။ အဆိပ်ကို အဆိပ်ဖြင့် ဖြေရှင်းသည့် သူမ၏ နည်းလမ်းများသည် ထင်မှတ်မထားနိုင်လောက်အောင် စွမ်းအားကြီးလှသည်။

သူတို့နှစ်ယောက်သား အလွန်လျင်မြန်စွာ လျှောက်လှမ်းခဲ့ပြီး နာရီဝက်ခန့်အကြာတွင် တောင်ခြေတစ်ခုသို့ ရောက်ရှိလာသည်။ အဝေးရှိ တောအုပ်ထဲတွင် ထူးဆန်းသောအိမ်တစ်လုံးတည်ရှိသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။ ဤသည်က တံခါးမရှိ ပြတင်းပေါက်မရှိသော ခံတပ်ခြမ်းပုံစံ အိမ်ဖြစ်ပြီး အတွင်းပိုင်းတွင် မည်းမှောင်နေကာ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ထွက်ပေါ်နေသည်။

ချူကျန့်ကို ထိတ်လန့်စေဆုံးအရာမှာ အိမ်၏နံဘေးပတ်လည်တွင် စိုက်ပျိုးထားသော အနီရောင်ချုံပုတ်များပင်။ ထိုအပင်များမှအရွက်များသည် သွေးကဲ့သို့ နီရဲနေပြီး အဆိပ်ပြင်းကြောင်း သိသာထင်ရှားသည်။

"ဒါ ဆေးဘုရင်စံအိမ်လား"

ချန်လင်းစုက ခေါင်းညိတ်ပြပြီး မေးမြန်းသည်။

"ကျွန်မပေးထားတဲ့ အပြာရောင်ပန်းတွေ ပါသေးလား"

ချူကျန့်က ခေါင်းညိတ်ပြပြီး သူ၏အိတ်ကပ်ထဲမှ အဝတ်စဖြင့် ထုပ်ထားသော ပန်းနှစ်ပွင့်ကို ထုတ်ပြလိုက်၏။

ချန်လင်းစု ဝမ်းသာသွားသည်။

"ရှင် တကယ်ကို သိမ်းထားတာပဲ"

ချူကျန့်က သူ၏စိတ်ထဲမှ တွေးတောလိုက်မိသည်။

'နောက်နေတာလား... ဒါတွေက အရေးကြီးတဲ့ ပစ္စည်းတွေလေ.... ဘယ်လိုလုပ်ပြီးတော့ ငါက မသိမ်းဘဲ နေမလဲ'

ချန်လင်စုက တီးတိုးပြောဆိုသည်။

"ရှင့်ရဲ့ခန္ဓာကိုယ်က ထူးခြားပေမဲ့ အဲ့ဒီပန်းကို ရှင့်ရဲ့နှာခေါင်းနားမှာ တေ့ထားတာ အကောင်းဆုံးပဲ"

ချူကျန့်က သူမ ပြောသည့်အတိုင်း လုပ်လိုက်သည်။ သူတို့နှစ်ယောက်သား မီတာတစ်ရာခန့် တိတ်တဆိတ် လျှောက်သွားပြီးနောက် လမ်းဘေးတွင် မြင်းနှစ်ကောင် သေဆုံးနေပြီး လူငယ်က လဲကျနေသော ရုပ်ဆိုးဆိုးလူကို ကယ်တင်ရန် ကြိုးစားနေသည်အား မြင်တွေ့လိုက်ရသည်။

All Chapters