← Chapters

ဆင့်ခေါ်၍ မရနိုင်သော တုန်းဖန်းပုပိုက်

Vol. 6 Ch. 69

ဆင့်ခေါ်၍ မရနိုင်သော တုန်းဖန်းပုပိုက်

Vol. 6 Ch. 69

အမှန်အားဖြင့်"ပြင်းအားမြင့် လောင်စာဆီ" ဆိုသည်မှာ လက်တွေ့ဘဝတွင်ရှိသော ရေနံစိမ်းသာဖြစ်သည်။ ဂိမ်းထဲတွင် မီးစွဲလောင်သွားသည်နှင့် ငြှိမ်းသတ်ရန် အလွန်ခက်ခဲသည်။

ချူကျန့်သည် အပြင်ဘက်မိုးကောင်းကင်ကို ကြည့်လိုက်၏။ နေဝင်စပြုနေပြီဖြစ်ပြီး နာရီဝက်ခန့်ကြာလျှင် လုံးဝမှောင်အတိ ကျသွားပေတော့မည်။ သို့သော် မုန့်မိသားစုက ပြင်းအားမြင့် လောင်စာဆီများကို နေရာအနှံ့ လောင်းချနေပုံကို ကြည့်ရသည်မှာ သူတို့ကို ထွက်ပြေးရန် အခွင့်အရေး မပေးဘဲ ညမမှောင်ခင် မီးရှို့တော့မည့်ပုံပင်။

"သခင်မလေးလင်း... ဒီနေရာမှာ ထွက်ပြေးလို့ရမယ့်လမ်းကြောင်း ရှိလား..."

ချူကျန့်၏အကြည့်က ကျဉ်းမြောင်းသော လူသွားစင်္ကြန်လမ်းလေးပေါ်သို့ ကျရောက်သွားသည်။

ချန်လင်းစုကလည်း မျက်မှောင်ကြုတ်လိုက်၏။

"မရှိဘူး... စီနီယာအစ်ကိုကြီးတို့က ဒီနေရာကို ပြုပြင်မွမ်းမံတုန်းက ခံစစ်ကိုပဲ အဓိကထားပြီး စဉ်းစားခဲ့တာ... ဒီလောက် အကြီးစားတိုက်ခိုက်မှုမျိုးလုပ်ပြီး မီးရှို့မယ်လို့ သူတို့ ထင်မထားခဲ့ဘူး... ဒါကြောင့် ထွက်ပေါက် မထားခဲ့ကြဘူး..."

သူမ၏နံဘေးမှ ဟူဖေးနှင့်ကျုံးကျောက်ဝမ် တို့သည်လည်း စိုးရိမ်ပူပန်တကြီးဖြင့် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေကြသည်။ သို့ရာတွင် သူတို့သည် မည်သည့်ဖြေရှင်းနည်းကိုမျှ မစဉ်းစားနိုင်ကြချေ။

ချန်လင်းစုက ရုတ်တရက် အံ့တင်းတင်းကြိတ်ပြီး ပြောဆိုသည်။

"သူတို့ ပစ်မှတ်ထားတာက ဆေးဘုရင်ဂိုဏ်းသားတွေကိုပဲ... ကျွန်မ အပြင်ထွက်ပြီး သူတို့ကို ရှင်းပြလိုက်မယ်... ကျွန်မကို ကြိုက်သလို စီရင်ကြပါစေ... ဒါပေမဲ့ ရှင်တို့ကိုတော့ လွှတ်ပေးဖို့ တောင်းဆိုလိုက်မယ်... ရှင်တို့က အဆိပ်လက်ချောင်း ဆေးဘုရင် နဲ့ ဘာမှမပတ်သက်ဘူးလို့ ပြောလိုက်မယ်..."

ထို့နောက် သူမက ထွက်ပေါက်ဆီသို့ လှည့်ထွက်သွားရန် ဟန်ပြင်လိုက်သည်။

ချူကျန့် ထိတ်လန့်တုန်လှုပ်သွားသည်။ အကယ်၍ ချန်လင်းစုသာ မုန့် မိသားစု၏ လက်ချက်ဖြင့် သေဆုံးသွားပါက ဤလောကတွင် ဆေးဘုရင်ဂိုဏ်း၏ ဆေးပညာနှင့် အဆိပ်ပညာများကို သူ့အား မည်သူက သင်ကြားပေးနိုင်တော့မည်နည်း။ ထင်းပုံထဲတွင် ဖမ်းချုပ်ထားပြီး ပြန်နိုးခြင်းရှိမရှိ မသေချာသော သူမ၏ စီနီယာအစ်ကိုကြီးကို အားကိုးရမည်လော။ ဤသည်မှာ မဖြစ်နိုင်ချေ။ ထိုလူ၏ စွမ်းရည်သည် ချန်လင်းစုနှင့် နှိုင်းယှဉ်လျှင် အလွန်နိမ့်ကျနေသည်မှာ သိသာထင်ရှားလှ၏။ ထို့ပြင် ထိုလူသည် ကောက်ကျစ်စဉ်းလဲမည့်ပုံမျိုး ပေါက်နေသည်။ ထိုလူသည် သူ့အား ဆေးဘုရင်ဂိုဏ်း၏ ပညာရပ်များကို စေတနာအပြည့်ဖြင့် သင်ကြားပေးမည်လော။

ချူကျန့်သည် ချန်လင်းစု ကို ချက်ချင်းဖမ်းဆွဲထားလိုက်ပြီး ခိုင်မာပြတ်သားစွာ ပြောဆိုလိုက်၏။

"မသွားရဘူး... ငါ မသေသရွေ့ ဘယ်သူမှ မင်းကို ထိခိုက်အောင် မလုပ်စေရဘူး..."

သူ၏ပြတ်သားပြီး အနည်းငယ် လွှမ်းမိုးချုပ်ကိုင်လိုသော အသံကို ကြားချိန်၌ ချန်လင်းစု၏နှလုံးသား တုန်ခါသွားသည်။

သူမသည် အမြဲတစေ ဉာဏ်ကောင်းသူတစ်ယောက်ပင်။ သူမ၏ရုပ်ရည်ကြောင့် ငယ်စဉ်ကတည်းက လူအများ၏ မျက်နှာရိပ်မျက်နှာကဲကို အကဲခတ်တတ်သော အလေ့အထ ရှိခဲ့သည်။ တစ်စုံတစ်ယောက်က အပေါ်ယံစကား ပြောဆိုနေခြင်းလော သို့မဟုတ် ရင်ထဲကလာသော စကားကို ပြောဆိုနေခြင်းလော ဆိုသည်ကို သူမ အကောင်းဆုံး ခွဲခြားသိမြင်နိုင်သည်။

အစ်ကိုကြီးချူသည် သူ၏ရင်ထဲက လာသော စကားကို ပြောဆိုနေခြင်းပင်။

သူမ၏မျက်လုံးများ ချက်ချင်းနီရဲလာသည်။ တစ်စုံတစ်ယောက်က သူမအပေါ် ဤမျှထိ ကောင်းမွန်လိမ့်မည်ဟု သူမ တစ်ကြိမ်တစ်ခါမျှ စိတ်ကူးယဉ်ကြည့်ခဲ့ဖူးခြင်းပင် မရှိချေ။

သူမသည် မလှပသည့်အပြင် နူးညံ့သိမ်မွေ့ခြင်းလည်း မရှိပေ။ သူမ၏ခန္ဓာကိုယ် အချိုးအစားသည် ပို၍ပင် ဆိုးရွားပေ၏။ သူမ၏ စကားလုံးများသည် ထက်ရှပြီး လူအများကို လွယ်လင့်တကူ ဒေါသထွက်စေတတ်သည်။ ထို့ပြင် သူမသည် အချိန်တိုင်း အဆိပ်များဖြင့်သာ အလုပ်လုပ်နေရသည်။ သူမသည် လူချစ်လူခင် ပေါများသူ မဟုတ်သည်မှာ သိသာထင်ရှားလှသည်။ သူမ၏ဆရာကပင် မကြာခဏ ဆူပူတတ်၏။

"နဂိုကမှ မလှတဲ့ကြားထဲ ဒီလိုစိတ်ထားမျိုးကို မပြင်ဘူးဆိုရင် နောင်ကျရင် ဘယ်သူက မင်းကို ကြိုက်မှာလဲ..."

သူမ၏ဆရာက ထိုသို့ပြောဆိုလေ့ရှိသည်။

အမှန်အားဖြင့် သူမသည် အမျိုးသားပေါင်းစုံနှင့် တွေ့ဆုံဖူးသော်လည်း သူမ၏ ရိုးရှင်းသော ရုပ်ရည်ကြောင့် သူတို့အားလုံးက သူမကို အထင်သေးကြသည်။ သူမကို ရွာသူမတစ်ယောက်ကဲ့သို့ ဆက်ဆံကြပြီး အစေခံတစ်ယောက်အလား ခိုင်း‌စေကြသည်။ ပိုင်မာဘုရားကျောင်းမြို့မှ ဆေးကုန်သည်များပင်လျှင် ဆေးလာဝယ်ချိန်၌ သူမကို ကောင်းမွန်သော အကြည့်ဖြင့် မကြည့်ကြပေ။

အမှန်အားဖြင့် ဤသည်မှာ သူမသည် အဆိပ်လက်ချောင်းဆေးဘုရင်၏ တပည့်ရင်းဖြစ်ကြောင်း မည်သူမျှ မသိကြသောကြောင့်ပင်။

သို့သော် သူမ မည်သူမည်ဝါ ဖြစ်ကြောင်းကို မသိခဲ့စဥ်ကတည်းက အစ်ကိုကြီးချူသည် သူမအပေါ် ထူးကဲစွာ ကောင်းမွန်ခဲ့သည်။

အစကတည်းက သူသည် သူမအပေါ် မယုံနိုင်လောက်အောင် သည်းခံပြီး ကာကွယ်ပေးခဲ့သည်။ သူမ၏လှည့်စားခြင်းကို ခံရပြီးနောက်တွင်ပင် သူသည် နူးညံ့ပြီး ကြင်နာသော အပြုံးကို ထိန်းသိမ်းထားနိုင်ခဲ့သည်။ သူသည် အန္တရာယ်နှင့် ကြုံတွေ့ရတိုင်း သူမကို အရင်ဆုံးကာကွယ်ပေးခဲ့ပြီး ယခင်ကလည်း သူမကို ကယ်တင်ရန် အသက်နှင့်ရင်း၍ စွန့်စားခဲ့ဖူးသည်။

ထိုသို့မဟုတ်ပါက သူမသည် ဒူးလေးမြှားများအောက်တွင် သေဆုံးသွားခဲ့ပြီး ဖြစ်ပေလိမ့်မည်။

ချန်လင်းစု သည် အနည်းငယ် သိမ်ငယ်စိတ်ဝင်ပြီး အစွန်းရောက်တတ်သော်လည်း ထိုအချက်များကပင် သူမချစ်ခင်သောလူများအပေါ် သူမက ပို၍သစ္စာရှိပြီး ယုံကြည်စွာ ဆက်ဆံစေခဲ့သည်။

"ရှင်က ကျွန်မအပေါ် ကောင်းရင် ကျွန်မက အဆတစ်ရာ ပြန်ဆပ်ပါ့မယ်..."

ချန်လင်းစုသည် သူမ၏ စိတ်လှုပ်ရှားပြီး ကြည်နူးနေသော ခံစားချက်များကို ငြိမ်သက်အောင် ကြိုးစားလိုက်ကာ သူမ၏မျက်လုံးထဲမှ စီးကျလာမည့် မျက်ရည်များကို ထိန်းချုပ်လိုက်သည်။ သူမသည် ချူကျန့်ကို လေးလေးနက်နက် စိုက်ကြည့်ပြီး တိုးညှင်းစွာ ပြောဆိုလိုက်၏။

"အစ်ကိုကြီးချူ... စိတ်မပူပါနဲ့... ကျွန်မရဲ့လက်ထဲမှာ 'ဆေးဘုရင် ကျမ်းစာ' ဆိုတဲ့ သိုင်းလောက ရတနာ ရှိပါတယ်... အဲ့ဒါကို ငါးစာအဖြစ် အသုံးပြုလိုက်ရင် သူတို့က ကျွန်မကို အလွယ်တကူ ထိခိုက်အောင် လုပ်ရဲမှာ မဟုတ်ပါဘူး... ရှင်တို့ အန္တရာယ်ကနေ လွတ်မြောက်သွားတာနဲ့ မုန့်မိသားစု လက်ထဲကနေ ထွက်ပြေးဖို့ ကျွန်မမှာ ကိုယ်ပိုင်နည်းလမ်း ရှိပါတယ်..."

'ဘာ... 'ဆေးဘုရင် ကျမ်းစာ' ကို ငါးစာအဖြစ် သုံးမယ် ဟုတ်လား...'

ချူကျန့်သည် ဤနည်းလမ်းကို စဉ်းစားမိသော်လည်း သူ ဘယ်တော့မှ အသုံးပြုမည် မဟုတ်ပေ။

'ဆေးဘုရင် ကျမ်းစာ' သည် သူ၏အနာဂတ်တွင် ချမ်းသာကြွယ်ဝပြီး စိတ်အေးလက်အေး နေထိုင်နိုင်မည့် အရေးကြီးဆုံးသော လျှို့ဝှက်ကျမ်းစာပင်။ အကယ်၍ ထိုအရာ အခိုးခံရခြင်း မီးလောင်သွားခြင်း သို့မဟုတ် ပျက်စီးသွားခြင်းများ ဖြစ်ပေါ်ခဲ့ပါက ထိပ်တန်းဆေးပညာရှင် ဖြစ်လာပြီး ငွေသန်းပေါင်းများစွာ ရှာဖွေနိုင်မည့် သူ၏တံခါးပေါက်ကြီး လုံးဝပိတ်သွားမည် မဟုတ်လော။

"မဖြစ်ဘူး..."

ချူကျန့်က ခေါင်းခါလိုက်ပြီး သံသယဝင်စရာ မလိုလောက်အောင် ပြတ်သားသော လေသံဖြင့် ပြောဆိုလိုက်သည်။

"ဒီလို စွန့်စားရတာက အရမ်းများလွန်းတယ်... ငါ လုံးဝသဘောမတူဘူး... မင်း ဒီမှာနေခဲ့... ငါ အပြင်ထွက်ပြီး သူတို့ကို အာရုံလွှဲလိုက်မယ်..."

ချန်လင်းစု၏ စိတ်နှလုံးသားထဲတွင် နွေးထွေးသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာပေ၏။

'ဆိုရိုးစကား ရှိတဲ့အတိုင်းပဲ... မိတ်ဆွေစစ်ကို ဒုက္ခရောက်ချိန်မှ သိရတယ်တဲ့... သူ... သူက ငါ့ကို တကယ်ကြီး ဂရုစိုက်တာပဲ...'

ချန်လင်းစုက ရုတ်တရက် ဆုံးဖြတ်ချက် ချလိုက်သည်။

"ကျွန်မ သွားမယ်..."

ဤတစ်ကြိမ်တွင် သူမ၏လေသံမှာ ခိုင်မာပြတ်သားနေပြီး ချူကျန့် ဆုပ်ကိုင်ထားသော သူမ၏လက်ကောက်ဝတ်ကို အားကုန်ရုန်းကာ အပြင်ဘက်သို့ ပြေးထွက်သွားရန် ဟန်ပြင်လိုက်၏။ မမျှော်လင့်ဘဲ ချူကျန့် က ရုတ်တရက် တိုက်ခိုက်လိုက်ပြီး သူမ၏ အကြောတချို့ကို နှိပ်လိုက်သည်။

ချန်လင်းစုသည် ချက်ချင်း ပျော့ခွေသွားရာ ချူကျန့် က သူမကို တွဲထူပြီး ကုလားထိုင်ပေါ်တွင် ညင်သာစွာ ထိုင်နေစေသည်။

"မင်း ဒီမှာ စောင့်နေ... နာရီဝက်နေရင် မင်းရဲ့ အကြောတွေ အလိုလို ပွင့်သွားလိမ့်မယ်... သူတို့ မီးမရှို့ခင် ငါ အာရုံလွှဲထားလိုက်မယ်... ပြီးရင် တဲအိမ်လေးမှာ ပြန်ဆုံကြမယ်..."

ချန်လင်းစု သည် စိုးရိမ်လွန်းသဖြင့် မျက်ရည်များ ကျလာသော်လည်း စကားမပြောနိုင်သော အကြောကို နှိပ်ခံထားရသဖြင့် စကားတစ်လုံးမျှ မပြောနိုင်တော့ချေ။ ချူကျန့်က သူမကို ဆက်မကြည့်တော့ဘဲ ဟူဖေးနှင့်ကျုံးကျောက်ဝမ်တို့ဘက်သို့လှည့်ကာ ပြောဆိုလိုက်သည်။

"သခင်လေးဟူ... သခင်ကြီးကျုံး..."

သူတို့နှစ်ဦးက ထိုသို့ခေါ်ဆိုရန် မထိုက်တန်ကြောင်း ထပ်ခါတလဲလဲ ပြောဆိုကြသည်။ ဟူဖေး၏မျက်လုံးများ တောက်ပနေပြီး ပြောဆိုလိုက်၏။

"သခင်လေးချူ... တစ်ခါမြင်ဖူးတာက အခါတစ်ရာကြားဖူးတာထက် ပိုကောင်းပြီး တစ်ခါတွေ့ဖူးတာက တစ်ခါမြင်ဖူးတာထက် ပိုကောင်းတယ်ဆိုတာ အမှန်ပါပဲ... ဒီနေ့တော့ ကျွန်တော် တကယ့်ကို ယုံကြည်သွားပါပြီ... သခင်လေးရဲ့ ကိုယ်ကျိုးစွန့်ပြီး ကူညီတတ်တဲ့ စိတ်ဓာတ်က တကယ်ကို လေးစားစရာပါ... စိတ်မရှိရင် ကျွန်တော့်ကို ဟူဖေး ဒါမှမဟုတ် အားဖေး လို့ ခေါ်ပါ... ဒီနေ့ ကျွန်တော့်ရဲ့အသက်ကို သခင်လေးလက်ထဲ အပ်လိုက်ပါပြီ... အမိန့်သာ ပေးလိုက်ပါ..."

ကျုံးကျောက်ဝမ်ကလည်း လက်မထောင်ပြပြီး ကျယ်လောင်စွာ ပြောဆိုလိုက်သည်။

"ဟုတ်တယ်... ကျွန်တော် ကျုံးကျောက်ဝမ် က လူကောင်းတစ်ယောက် မဟုတ်ပေမယ့် သခင်လေးလို ရဲရဲဝံ့ဝံ့ လုပ်ရဲတဲ့ သူရဲကောင်းတွေကို လေးစားပါတယ်... ရန်သူကို အာရုံလွှဲဖို့ ကျွန်တော်လည်း လိုက်ပါ့မယ်..."

ချူကျန့်၏နှုတ်ခမ်းများ မဲ့ရွဲ့သွားသည်။ တခြားလူများ၏မျက်လုံးထဲတွင် သူရဲကောင်း ဖြစ်လာလိမ့်မည်ဟု သူ လုံးဝထင်မှတ်မထားခဲ့ပေ။

'ထားလိုက်ပါတော့လေ... ဒီအသုံးချခံနှစ်ခုက အမိန့်နာခံဖို့ ဆန္ဒရှိနေသမျှ ကာလပတ်လုံး သူတို့ ဘာတွေးတွေး ဂရုစိုက်စရာ မလိုဘူး'

ချူကျန့်သည် သူ စဉ်းစားထားသော အစီအစဉ်ကို ရှင်းပြလိုက်၏။ ဟူချင်းနှင့် ကျုံးကျောက်ဝမ်တို့က အနည်းငယ် စိုးရိမ်နေကြသော်လည်း ချူကျန့်၏ပြောဆိုစည်းရုံးမှုကြောင့် သဘောတူလိုက်ကြသည်။

ချူကျန့် အတွက်မူ ဤအစီအစဉ်တွင် သူ့ကိုယ်စား ပြုမူဆောင်ရွက်နိုင်မည့် သူ ယုံကြည်ရမည့် တခြားအသုံးချခံတစ်ခုလည်း လိုအပ်နေသည်။

သူသည် တံခါးဝသို့ လျှောက်သွားပြီး သူ၏စိတ်ထဲမှ တိတ်တဆိတ် ဆင့်ခေါ်လိုက်သည်။

"တုန်းဖန်းပုပိုက်ကို ဆင့်ခေါ်မယ်..."

သို့ရာတွင် မမျှော်လင့်ထားသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားလာခဲ့ပြီး တုန်းဖန်းပုပိုက် ထွက်ပေါ်မလာခဲ့ပေ။

"တုန်းဖန်းပုပိုက်၏ လက်ရှိနှစ်သက်မှုနှုန်းသည် နိမ့်ကျလွန်းသဖြင့် ဆင့်ခေါ်၍ မရနိုင်ပေ..."

ဂိမ်းစနစ်၏ အသိပေးချက်ကြောင့် ချူကျန့် ထိတ်လန့်သွားပေ၏။ သူသည် သိုလှောင်အိတ်ထဲမှ BOSS နှိမ်နင်းခြင်းကျမ်းစာကို ထုတ်ယူပြီး ဖွင့်ကြည့်လိုက်ရာ တုန်းဖန်းပုပိုက် ၏ နှစ်သက်မှုနှုန်းသည် -၅၀ မှ -၁၀၀ အထိ ကျဆင်းသွားကြောင်း တွေ့လိုက်ရသည်။

"သင်သည် တုန်းဖန်းပုပိုက်ကို အချိန်အကြာကြီး လစ်လျူရှုထားခဲ့သဖြင့် တုန်းဖန်းပုပိုက်၏ သင့်အပေါ် နှစ်သက်မှုနှုန်းသည် ယခုအချိန်၌ သုညအောက်အထိ ကျဆင်းသွားပါပြီ... အကယ်၍ သင်သည် ပြန်လည် ကုစားရန် နည်းလမ်းမရှာပါက တုန်းဖန်းပုပိုက်ကို ဘယ်တော့မှ ဆင့်ခေါ်နိုင်တော့မည် မဟုတ်ချေ..."

"..."

ချူကျန့် ဆွံ့အသွားလေသည်။

'ဒါက တကယ်ကြီးလား... သာမန် ဆင့်ခေါ်ထားတဲ့ သားရဲတစ်ကောင်မှာတောင် ဒီလို သတ်မှတ်ချက်မျိုး ရှိနေတာလား...'

မုန့်ပဲသရေစာ အနည်းငယ် ရှိနေသရွေ့ တုန်းဖန်းပုပိုက်ကို ခိုင်းစေနိုင်မည်ဟု သူ အမြဲတစေ ထင်မှတ်ထားခဲ့သည်။ သူမ၏ နှစ်သက်မှုနှုန်းကို မြှင့်တင်ပေးရမည်ဟု လုံးဝမတွေးခဲ့မိချေ။ ထို့ပြင် သူသည် ယခင်က မုန့်ပဲသရေစာများကို စားပစ်ခဲ့ပြီး ပိုင်မာဘုရားကျောင်းမြို့ ရောက်မှသာ ပြန်လည်၍ဖြည့်တင်းခဲ့သည်။ တုန်းဖန်းပုပိုက်ကို ဆင့်ခေါ်၍ မရနိုင်တော့မှန်း မည်သူက တွေးထင်မိမည်နည်း။

ဝင်ရောက် ကူညီပေးမည့် ဓားစာခံ မရှိတော့သဖြင့် သူကိုယ်တိုင် မျက်နှာပြပြီး ဖြေရှင်းရတော့ပေမည်။ ဤတစ်ကြိမ်တွင်မူ သူ တော်တော်လေး အရှုံးပေါ်သွားလေပြီ။

'ချန်လင်းစု ရေ... ချန်လင်းစု... မင်းသာ ငါ့ကို "ဆေးဘုရင် ကျမ်းစာ" သင်မပေးရင် ငါ မင်းကို ဘယ်တော့မှ အလွတ်ပေးမှာ မဟုတ်ဘူး...'

ချူကျန့်သည် အံ့တင်းတင်းကြိတ်လိုက်ပြီး ယန္တရားကို အသက်သွင်းကာ ခေါင်မိုးအမိုးခုံးပေါ်ရှိ လေးလံသော သံမဏိတံခါးကြီးကို တွန်းဖွင့်လိုက်သည်။

...

"အဆိပ်လက်ချောင်း ဆေးဘုရင် မျိုးဆက်" ကို အမြစ်ပြတ် သုတ်သင်ရှင်းလင်းရန် စီစဉ်သော ဤစစ်ဆင်ရေး၏ မုန့်မိသားစုမှခေါင်းဆောင်မှာ မုန့်မိသားစု ဒုတိယမျိုးဆက်၏ ထိပ်တန်း အဖွဲ့ဝင်တစ်ဦးဖြစ်သော မုန့်ကျန့်ရှုံးပင်။

ဆေးဘုရင်စံအိမ်နှင့် ပတ်သက်သော သတင်းအချက်အလက်များ ရယူရန်အတွက် သူသည် မိသားစု၏ ထိပ်တန်းတိုက်ခိုက်ရေးသမားတချို့ကို စတေးခဲ့ရပြီးဖြစ်သည်။ ယခင်က သူ့နောက်သို့ပါလာသော လူ၁၈ ယောက်အနက် ၁၃ ယောက်သာ ကျန်ရှိတော့သော်လည်း ရလဒ်များကမူ စိတ်ကျေနပ်ဖွယ် ကောင်းလှသည်။

စေ့စပ်သေချာသော ပြင်ဆင်မှုများကြောင့် အဆိပ်ပင်များ၏ အန္တရာယ်ကို လျှော့ချနိုင်ခဲ့ရုံသာမက သူ ယူဆောင်လာသော ပြင်းအားမြင့် လောင်စာဆီသည်လည်း တန်ဖိုးမဖြတ်နိုင်အောင် အသုံးဝင်ကြောင်း သက်သေပြခဲ့ပေ၏။ သူ၏ ထိပ်တန်းတိုက်ခိုက်ရေးသမား ၁၃ ဦး ဆုငွေဖြင့် ငှားရမ်းထားသော ဆယ်နှင့်ချီသည့် သိုင်းသမားများနှင့် တားမြစ်ထားသော ဒူးလေးမြှား အမြောက်အများ ရှိနေသဖြင့် ဆေးဘုရင်စံအိမ်မှ လူယုတ်မာများ ထွက်ပြေးရန် နေရာရှိတော့မည် မဟုတ်ချေ။

ကံမကောင်းစွာဖြင့် ပြင်းအားမြင့် လောင်စာဆီသည် အလွန်ရှားပါးပြီး သူ ယူဆောင်လာသော ပမာဏမှာ အကန့်အသတ် ရှိနေသည်။ ပေပေါင်း ဆယ်နှင့်ချီကျယ်ဝန်းသော နေရာတစ်ခုလုံးကို ပြာကျသွားအောင် မီးရှို့နိုင်ခြေမရှိပေ။ ထိုသို့မဟုတ်ပါက သူသည် ရက်စက်ဆိုးသွမ်းသော ဆေးဘုရင်စံအိမ်ကို လုံးလုံးလျားလျား ဖျက်ဆီးပစ်နိုင်ပေမည်။

မုန့်ကျန့်ရှုံးသည် အဓိကကျသော နေရာများတွင် မီးလောင်လွယ်သော ဆီများကို လောင်းချရန် လူတိုင်းကို ညွှန်ကြားနေစဉ် ရုတ်တရက် ဆေးဘုရင်စံအိမ်၏ အပေါ်ဘက်ရှိ သံမဏိတံခါး ပွင့်သွားပြီး လူတစ်ယောက် ထွက်ပေါ်လာပေ၏။ သူသည် လက်ဝှေ့ယမ်းလိုက်ရာ အသင့်ပြင်ထားသော ကစားသမားဆယ်ယောက်ကျော်သည် သူတို့၏ ဒူးလေးမြှားမောင်းများကို တပြိုင်နက်တည်း ဆွဲလိုက်ကြသည်။ သို့သော် ထိုလူ၏ တုံ့ပြန်မှုမှာ အလွန်လျင်မြန်သည်။ သူ ထွက်ပေါ်လာပြီးသည်နှင့် ချက်ချင်းဆိုသလိုပင် အတွင်းသို့ ပြန်ဝင်သွားသည်။ ဒူးလေးမြှား ဆယ်စင်းကျော်သည် သူ၏ခေါင်းနံဘေးမှ ဖြတ်သန်းသွားပြီး ထိုအရာအားလုံး လွဲချော်သွားကြသည်။

All Chapters