သိုင်းလောက ရတနာ
Vol. 6 Ch. 70
မုန့်ကျန့်ရှုံးသည် နောက်ထပ် အဖွဲ့တစ်ဖွဲ့ကို ပို၍နီးကပ်စွာ စေလွှတ်ရန် ပြင်ဆင်နေစဉ် ရုတ်တရက် ထိုလူ၏အော်ဟစ်သံကို ကြားလိုက်ရသည်။
"နတ်ဘုရားအဆင့် 'နေကြာသိုင်းကျမ်း'ကို လိုချင်တဲ့သူ ရှိလား..."
ထို့နောက် သူသည် တံခါးပေါက်မှနေ၍ ရွှေရောင်အလင်းတန်းများ တောက်ပနေသော သိုင်းကျမ်းတစ်အုပ်ကို ဆွဲထုတ်ပြလိုက်သည်။
သူ၏အသံသည် ကျယ်လောင်ပြီး NPC များ လန့်ဖျပ်သွားသော်လည်း ကစားသမားများကမူ တောက်ပနေသောမျက်လုံးများဖြင့် သူ့ကို လှည့်ကြည့်လိုက်ကြသည်။
နေကြာသိုင်းကျမ်း....
ဤသည်က နာမည်ကျော်ကြားသော နတ်ဘုရားအဆင့် သိုင်းပညာရပ် ဖြစ်ပြီး တတ်မြောက်သွားသည်နှင့် ပြိုင်ဘက်ကင်း ဖြစ်နိုင်ပေ၏။ သို့သော် ဤသိုင်းကျမ်းသည် နေလဂိုဏ်း၏ ရတနာတစ်ပါး ဖြစ်ပြီး သူတို့၏လက်ထဲမှ တစ်ကြိမ်တစ်ခါမျှ ထွက်မလာခဲ့ဖူးချေ။ ဤလူ၏ လက်ထဲသို့ မည်သို့ ရောက်ရှိနေသနည်း။
ထိုလူက ကျယ်လောင်စွာအော်ဟစ်ပြီး ဆက်လက်၍ ပြောဆိုလိုက်၏။
"ခင်ဗျားတို့ မီးရှို့လိုက်ရင် ဒီသိုင်းကျမ်းပါ ပြာကျသွားလိမ့်မယ်..."
မီးလောင်စေရန် ဆီများလောင်းချနေသော ကစားသမားများသည် ချက်ချင်းဆိုသလိုပင် ဆီလောင်းခြင်းကို ရပ်တန့်လိုက်ကြသည်။ ကစားသမားအများစုသည် ဆီပုံးများကို ပစ်ချလိုက်ပြီး အန္တရာယ်ကို ဂရုမစိုက်ဘဲ အိမ်ဝိုင်းဆီသို့ တိတ်တဆိတ် ချဉ်းကပ်သွားကြ၏။
နေဝင်သွားပြီ ဖြစ်သော်လည်း အလင်းရောင် အလုံအလောက် ရှိနေသေးသဖြင့် သိုင်းကျမ်း ၏မျက်နှာဖုံးပေါ်ရှိ "နေကြာသိုင်းကျမ်း" ဟူသော စာလုံးကြီးလေးလုံးကို ထင်ရှားစွာ မြင်တွေ့နေရသည်။ သိုင်းကျမ်းတစ်အုပ်လုံးသည် ရွှေရောင်အလင်းတန်းများ တောက်ပနေသဖြင့် အစစ်အမှန်ဖြစ်ကြောင်း ယုံမှားသံသယဖြစ်ရန် မလိုချေ။
"ဒါက တကယ့်ကို 'နေကြာသိုင်းကျမ်း' အစစ်ပဲ..."
တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သဖြင့် ကစားသမားများအားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။
"နေကြာသိုင်းကျမ်း"ကို ရနိုင်မည်ဆိုလျှင် ဆုငွေကို မည်သူက ဂရုစိုက်တော့မည်နည်း။
NPCတချို့ပင်လျှင် စိတ်လှုပ်ရှားနေကြသည်။
သူတို့၏မျက်လုံးအကြည့်များသည် အိမ်ဝိုင်း၏ ထွက်ပေါက်ရှိ လူထံသို့ ရောက်ရှိသွားသော်လည်း ဤလူသည် အလွန် သတိကြီးပြီး သိုင်းကျမ်းကို မြှောက်ကိုင်ထားသော လက်တစ်ဖက်ကိုသာ ထုတ်ပြထားကာ ခေါင်းကို ထွက်ပေါက်အတွင်း၌ ကွယ်ဝှက်ထားသည်။
ထိုလူသည် လူအုပ်ကြီး၏တုံ့ပြန်မှုကို တိကျစွာ ခန့်မှန်းထားပုံရသည်။ သူသည် လက်ထဲမှ သိုင်းကျမ်းကို ပြန်သိမ်းပြီး အော်ဟစ်လိုက်၏။
"အားလုံး နားထောင်ကြစမ်း... ဒီမုန့်မိသားစု ခေါင်းဆောင်ကို ဘယ်သူ အရင် ဖမ်းမိမလဲ... ဖမ်းမိတဲ့သူကို ဒီ 'နေကြာသိုင်းကျမ်း' ပေးမယ်... မဟုတ်ရင် ငါ ဖျက်ဆီးလိုက်မယ်... ဘယ်သူမှ မရစေရဘူး..."
ဆယ်နှင့်ချီသော ကစားသမားများက သူ့ကို သတ်ဖြတ်လိုစိတ်ဖြင့် စိုက်ကြည့်နေကြသည်ကို မြင်တွေ့ချိန်၌ မုန့်ကျန့်ရှုံးက အလျင်အမြန် အော်ဟစ်လိုက်သည်။
"သူ့ရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားမထောင်ကြနဲ့... ဒီကောင်ကို သတ်လိုက်တာနဲ့ ဘယ်သိုင်းကျမ်းကိုမဆို ငါတို့ ရမှာပဲ... ငါတို့ အတူတူ ဖတ်လို့ရတယ်..."
ထိုလူက အေးစက်တင်းမာစွာ ပြောဆိုလိုက်၏။
"ငါ ၃၀ အထိပဲ ရေတွက်မယ်... အဲဒီအချိန်အတွင်း ဒီခေါင်းဆောင်ကို ဖမ်းမမိရင် ငါ သိုင်းကျမ်းကို ဖျက်ဆီးပစ်မယ်... ၃၀... ၂၉..."
သူသည် အလွန်မြန်မြန်ဆန်ဆန် ရေတွက်နေပြီး စက္ကန့် ၃၀အောက်သာ ကြာမည့်ပုံရသည်။ ရုတ်ချည်းဆိုသပင် တချို့ကစားသမားများသည် သူတို့၏လောဘစိတ်ကို မထိန်းချုပ်နိုင်တော့ဘဲ မုန့်ကျန့်ရှုံးဆီသို့ ပြေးဝင်သွားကြသည်။
မုန့်မိသားစုမှ သိုင်းသမားဆယ်ယောက်ကျော်သည် ချက်ချင်းဆိုသပင် လက်နက်များကို ဝှေ့ယမ်းကာ သူတို့ကို တားဆီးရန် အော်ဟစ်လိုက်ကြ၏။ သို့ရာတွင် ကစားသမားတစ်ဦး စတင် လှုပ်ရှားလိုက်သည်နှင့် တခြားလူများလည်း အားကျမခံ သူတို့၏လက်နက်များကို မြှောက်ကာ ရှေ့သို့တိုးဝင်လာကြသည်။ လူတချို့သည် ဒူးလေးမြှားများကို မုန့်မိသားစုမီ ကျွမ်းကျင်သူများထံသို့ တိုက်ရိုက်ပစ်ခတ်လိုက်ကြသည်။
အိမ်ဝိုင်းကို ဝိုင်းရံထားသော လူ ၇၀ ကျော်သည် လျှင်မြန်စွာဖြင့် ဖရိုဖရဲ တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီး တစ်ယောက်ပြီးတစ်ယောက် ဒဏ်ရာရကာ အော်ဟစ်ပြီး လဲကျသွားသည်။
သို့သော် ကောက်ကျစ်စဉ်းလဲသော လူတချို့ကမူ ပရမ်းပတာဖြစ်နေမှုကို အခွင့်ကောင်းယူ၍ အိမ်ဝိုင်းပေါ်သို့ တိတ်တဆိတ် တက်သွားကြပြီး အတွင်းသို့ ဝင်ရောက်ကာ လျှို့ဝှက်သိုင်းကျမ်းကို လုယူရန် ကြံရွယ်ကြသည်။
ဟူဖေးနှင့်ကျုံးကျောက်ဝမ်တို့သည် အိမ်ဝိုင်းထဲမှ ဓားရှည်တစ်ချောင်းနှင့် ဓားမြှောင်တစ်ချောင်းကို ရှာဖွေတွေ့ရှိထားပြီး ဝင်ပေါက်ကို စောင့်ကြပ်နေကြသည်။ သူတို့နှစ်ဦးသည် အလွန်သန်မာကြပြီး အထူးသဖြင့် ဟူဖေးသည် လက်ရှိနေရာ၌ရှိနေသော ကစားသမားများနှင့် NPC များအားလုံးထက် ခွန်အားများစွာသာလွန်သည်။ ကစားသမားများ အနီးကပ်တွားသွားပြီး ဒူးလေးမြှားများကိုမြှောက်ရန် အချိန်မရလိုက်မှီမှာပင် ဟူဖေးက ဓားချက်အနည်းငယ်ဖြင့် ခေါင်မိုးပေါ်မှ ခုတ်ပိုင်းလိုက်၏။
နေဝင်ဆည်းဆာသည် သွေးရောင်လွှမ်းသော အလင်းရောင်ကို ဖြာကျစေပြီး မြင်ကွင်းတစ်ခုလုံး ပရမ်းပတာဖြစ်နေပေ၏။ မုန့်မိသားစု၏ ကျွမ်းကျင်သူများသည် ပို၍သန်မာကြသော်လည်း ကစားသမားအရေအတွက် များပြားမှုနှင့် အားကောင်းသော ဒူးလေးမြှားများကို တောင့်ခံနိုင်စွမ်း မရှိကြချေ။ သူတို့အားလုံး မြေပြင်ပေါ်သို့ လဲကျသွားကြသည်။ သိုင်းလောကရတနာ၏ရှေ့မှောက်တွင် လူသားတို့၏လောဘစိတ်များ ထင်ရှားပေါ်လွင်နေပေ၏။ ကျုံးကျောက်ဝမ်ပင်လျှင် ချူကျန့် ကို မကြာခဏ လှမ်းကြည့်နေမိသည်။ ဟူဖေး တစ်ယောက်တည်းသာ သူ၏မျက်လုံးများ ကြည်လင်နေပြီး သွေးဆောင်မှုကို မတုန်မလှုပ် ရင်ဆိုင်နေသည်။
ချူကျန့်သည် အရာအားလုံးကို သတိပြုမိသဖြင့် ကျုံးကျောက်ဝမ်ကိုကြည့်ပြီး ပြောဆိုလိုက်သည်။
"အစ်ကိုကြီးကျုံး... ခင်ဗျားနဲ့ကျွန်တော် အပြင်ထွက်ပြီး ရန်သူကို မျှားခေါ်သွားရင် ဘယ်လိုလဲ... ဟူဖေးက အိမ်ဝိုင်းထဲမှာနေပြီး သခင်မလေးလင်းကို ကာကွယ်လိမ့်မယ်...
လူတွေ အကုန်လုံး ထွက်သွားပြီးရင် ခင်ဗျားက သခင်မလေးလင်းကို နေ့လယ်က ကျွန်တော်တို့ တွေ့ခဲ့တဲ့ တဲအိမ်လေးဆီ ပြန်ခေါ်သွားပြီး ကျွန်တော်တို့ ပြန်လာမယ့်အချိန်ကို စောင့်နေလိုက်ပါ...ကိစ္စပြီးသွားရင် သခင်မလေးလင်းကို ပြောပြီး ခင်ဗျားအတွက် ဖြေဆေး ပေးခိုင်းလိုက်မယ်... ပြီးရင် ခင်ဗျား လူသွားကယ်လို့ရပြီ..."
ဤသည်က သူတို့ ဆွေးနွေးထားပြီးသား ဆုံးဖြတ်ချက် ဖြစ်သဖြင့် ကျုံးကျောက်ဝမ်နှင့် ဟူဖေးတို့က တပြိုင်နက်တည်း သဘောတူလိုက်ကြသည်။
ထိုအချိန်တွင် ကစားသမားတစ်ဦးက မုန့်ကျန့်ရှုံး ကို ဖမ်းမိထားပြီး စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်၏။
"ငါ မုန့်ကျန့်ရှုံးကို ဖမ်းမိပြီ... နေကြာသိုင်းကျမ်း က ငါ့ဟာပဲ... အခု ပေးစမ်း... အား..."
သူ စကားတစ်ဝက်တစ်ပျက်သာ ပြောရသေးချိန်တွင် နံဘေးနားရှိ ကစားသမားတစ်ဦးက ခြုံခိုတိုက်ခိုက်လိုက်သဖြင့် ချက်ချင်းလဲကျသွားသည်။
ကြွင်းကျန်သော ကစားသမားများသည် မုန့်ကျန့်ရှုံး၏သိုင်းကျမ်းကို လုယူရန် ဝိုင်းအုံလာကြသော်လည်း တစ်စုံတစ်ယောက်က မဲ့ပြုံးပြုံးလိုက်သည်။
"ဘာလို့ လောနေကြတာလဲ... 'နေကြာသိုင်းကျမ်း' က မုန့်ကျန့်ရှုံး ဆီမှာမှ မရှိတာ..."
နတ်ဘုရားသိုင်းကျမ်းကြောင့် မျက်စိကန်းနေသော လူအုပ်ကြီးသည် နောက်ဆုံးတွင် အသိပြန်ဝင်လာပြီး အိမ်အမိုးခုံးဆီသို့ လှမ်းကြည့်လိုက်ကြသည်။ လူရိပ်နှစ်ခုသည် အပြင်သို့ တွားထွက်လာကြပြီး ထိုအထဲမှ ခေါင်းပေါ်တွင် ID ရှိသော ကစားသမားပုံပေါက်သည့် လူတစ်ဦးက ရွှေရောင်တောက်ပနေသော သိုင်းကျမ်းကို ကိုင်ဆောင်ထားသည်။ သူတို့နှစ်ယောက်သည် အမိုးခုံးပေါ်မှ ခုန်ချပြီး အဝေးသို့ ထွက်ပြေးသွားကြ၏။
"လိုက်ကြစမ်း..."
ကစားသမားများသည် ဒဏ်ရာအပြင်းအထန်ရထားပြီး လဲကျနေသော မုန့်မိသားစု ကျွမ်းကျင်သူများကို ဂရုမစိုက်တော့ဘဲ ထွက်ပြေးသွားသော လူနှစ်ယောက်နောက်သို့ လိုက်ပါသွားကြသည်။ ဒူးလေးမြှားကိုင်ဆောင်ထားဆဲလူများက သူတို့၏လက်များကိုမြှောက်၍ ပစ်ခတ်လိုက်ကြသည်။
သို့သော် သိုင်းကျမ်းကို ကိုင်ဆောင်ထားသော ကစားသမားသည် မျောက်တစ်ကောင်ကဲ့သို့ ပေါ့ပါးသွက်လက်ပြီး ရံဖန်ရံခါ ကျွမ်းထိုးလိုက်ကာ နောက်ဆုံးပစ်လိုက်သော ဒူးလေးမြှား အနည်းငယ်ကို ရှောင်တိမ်းလိုက်သည်။ ထိုအစား ကျုံးကျောက်ဝမ်သည် ပခုံးတွင် ဒူးလေးမြှား ထိမှန်သွားပြီး လမ်းတလျှောက်လုံး ကျိန်ဆဲသွားသည်။
မြှားကုန်သွားသော ဒူးလေးများကို ကစားသမား ၄၀ ၅၀ ခန့်က ပစ်ချလိုက်ပြီး လက်နက်များကို ဆွဲထုတ်ကာ ချူကျန့်တို့အား အသည်းအသန် လိုက်ဖမ်းကြတော့သည်။
သူတို့၏ သိုင်းပညာ အဆင့်သတ်မှတ်ချက်များမှာ ၁၅၀ အထက်တွင် ရှိကြပြီး သူတို့၏ သွက်လက်မှုသည် ဆာဗာသစ်ရှိ ကစားသမားများကြားတွင် ထိပ်တန်းသုံးပုံတစ်ပုံအတွင်း ဝင်ကြသည်။ သို့သော် ထူးဆန်းသော ကစားသမားနှင့် ရုပ်ဆိုးဆိုး NPC ကို မမီနိုင်ကြပေ။
"တောက်... အဲဒီကောင် ဘယ်သူလဲ... သူ့ ID ကို ဘယ်သူ မြင်လိုက်လဲ..."
"ငါလည်း မမြင်လိုက်ဘူး... သူက ဟိုခုန်ဒီခုန်နဲ့ ရပ်ကို မရပ်ဘူး..."
သူတို့ကြားမှ အကွာအဝေးသည် ဆယ်ကျန့်ကျော် ရှိနေပြီး ထူးဆန်းသော ကစားသမား၏ ID မှာ အလွန်ရှည်လျားသည်။ သူသည် ဘယ်တော့မှ မရပ်တန့်ဘဲ အဆက်မပြတ် ခုန်ပေါက်ကျွမ်းထိုးနေသည်။ ထူးဆန်းသည်မှာ ပြေးလွှားနေစဉ် မလိုအပ်သော လှုပ်ရှားမှုများစွာကို ပြုလုပ်နေသော်လည်း သူ၏သွက်လက်မှုသည် သိုင်းပညာအမှတ် ၁၅၀ ရှိသော ကျွမ်းကျင်ကစားသမားများထက် မနှေးကွေးခြင်းပင်။
...
အိမ်ဝိုင်းထဲတွင် ဟူဖေးသည် ဝင်ပေါက်ကို သော့ခတ်ရန် မောင်းတံကို ဆွဲပြီးလေပြီ။ သူသည် ချန်လင်းစု၏နံဘေးသို့ ပြန်လာရာ သူမ၏ မျက်နှာ နီမြန်းနေပြီး နဖူးပေါ်တွင် ချွေးစေးများ ပြန်နေကာ သူမ၏မျက်ဝန်းများထဲတွင် နာကျင်မှုများ ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။ သူ ထိတ်လန့်သွားပြီး သူမ၏ စကားပြောဆိုနိုင်သည့် အပ်စိုက်မှတ်ကို အလျင်အမြန် ဖွင့်ပေးလိုက်သည်။
"သခင်မလေးလင်း... အဆင်ပြေရဲ့လား..."
ချူကျန့်၏ အကြောပိတ်စွမ်းရည်သည် ညံ့ဖျင်းသဖြင့် ချန်လင်းစုကို မတော်တဆ ထိခိုက်စေခဲ့သည်ဟု သူ ထင်မှတ်လိုက်သည်။
ချန်လင်းစုက တုန်ရီနေသောအသံဖြင့် ပြောဆိုလိုက်၏။
"မြန်မြန်... မြန်မြန်လေး... အကြောတွေကို... ဖွင့်ပေးပါ..."
ဟူဖေး တွေဝေသွားသည်။
"ဒါပေမဲ့... သခင်လေးချူက သခင်မလေးရဲ့ အကြောတွေက နာရီဝက်နေရင် အလိုလို ပွင့်သွားမယ်လို့ ပြောခဲ့တယ်လေ... ပြီးတော့ သူက စောပြီး ဖွင့်မပေးစေချင်ဘူးတဲ့..."
ချန်လင်းစု၏မျက်နှာပေါ်မှ နာကျင်မှုအရိပ်အယောင်များ ပို၍ပြင်းထန်လာသည်။
"သူ... သူ မသိလို့ပါ... ကျွန်မ ကျင့်ကြံထားတဲ့ အတွင်းအားက... ကျန်ကျင်း... ဟွမ်းထျောင်... ယောင်ရှူ အပ်စိုက်မှတ်တွေကို ပိတ်ထားလို့ မရဘူး... မဟုတ်ရင် ကျွန်မ အတွင်းအား ဖောက်ပြန်လိမ့်မယ်... မြန်မြန်... ဖွင့်ပေးပါ..."
သူမ၏အမူအယာသည် ဟန်ဆောင်နေပုံ မရသဖြင့် ကြီးလေးသော အမှားအယွင်းတစ်ခု ဖြစ်လာမည်ကို ဟူဖေးက စိုးရိမ်သွားပြီး အပ်စိုက်မှတ်များကို အလျင်အမြန် ဖွင့်ပေးလိုက်သည်။
မမျှော်လင့်ဘဲ အပ်စိုက်မှတ်များ ပွင့်သွားသည်နှင့် ချန်လင်းစု သည် မြှားတစ်စင်းကဲ့သို့ ပြေးထွက်သွားပြီး ယန္တရားကိုဖွင့်ကာ အိမ်ဝိုင်းထဲမှ ထွက်ခွာသွားသည်။ သူမထံ၌ အတွင်းအား ဖောက်ပြန်သည့် လက္ခဏာ လုံးဝမတွေ့ရချေ။
ကံကောင်းထောက်မစွာဖြင့် ဟူဖေး၏သိုင်းပညာသည် သူမထက် များစွာသာလွန်သဖြင့် သူမ၏လမ်းကြောင်းကို မျက်တောင်တစ်ခတ်စာအချိန်အတွင်း၌ ပိတ်ဆို့ဟန့်တားလိုက်သည်။
"သခင်မလေးလင်း... သခင်လေးချူက အပြင်မှာ ဘေးကင်းမှ သခင်မလေးကို ခေါ်ထုတ်သွားရမယ်လို့ ပြောထားတယ်..."
ချန်လင်းစုသည် သူမ၏နှုတ်ခမ်းကို ကိုက်လိုက်ပြီး သူမ၏အသံမှာ ရေခဲတမျှ အေးစက်နေသည်။
"ဖယ်ပေးစမ်း... အစ်ကိုကြီးချူ တစ်ခုခုဖြစ်သွားရင် ရှင်တို့အားလုံး သူနဲ့အတူ လိုက်သေရမယ်..."
ဟူဖေး သည် သူမကို ဆက်လက်ဖျောင်းဖျဝံ့ခြင်း မရှိတော့ဘဲ အိမ်ဝိုင်းထံမှ ထွက်ခွာရာတွင် သူမကို ကာကွယ်ပေးရုံသာ တတ်နိုင်တော့သည်။
ထိုအချိန်တွင် မုန့်ကျန့်ရှုံး အပါအဝင် မုန့် မိသားစုဝင်အားလုံးသည် သေဆုံးခြင်းသို့မဟုတ် ပြင်းထန်စွာ ဒဏ်ရာရခြင်းတို့ ဖြစ်နေကြလေပြီ။ ထို့ပြင် မြေပြင်ပေါ်တွင် ဖိတ်စင်နေသော မီးလောင်လွယ်သော လောင်စာဆီများကြောင့် နေရာတစ်နေရာလုံး ရှုပ်ပွနေသည်။
ချန်လင်းစုသည် ခြေဆောင့်ပြီး မေးမြန်းလိုက်၏။
"သူတို့ ဘယ်ဘက်ကို သွားကြတာလဲ..."
ဟူဖေးက အချိန်တခဏကြာမျှ တွေဝေတုံ့ဆိုင်းနေသဖြင့် ချန်လင်းစုက အေးစက်တင်းမာစွာ ပြောဆိုလိုက်သည်။
"ရှင် ဆရာကြီးမြောင်ကို ကယ်ဖို့ ဖြေဆေး လိုချင်သေးရင် ကျွန်မကို အမှန်အတိုင်း ဖြေတာ ပိုကောင်းမယ်..."
ဟူဖေးထံ၌ ရွေးချယ်စရာ မရှိတော့ဘဲ လမ်းမှန်ကို ညွှန်ပြလိုက်ရတော့သည်။ ချန်လင်းစု ထွက်ပြေးသွားသည်ကို မြင်တွေ့ချိန်၌ သူသည် ဓားကို ဆွဲထုတ်ပြီး နောက်မှလိုက်ပါသွားသည်။
ချန်လင်းစုသည် အံ့ကြိတ်လိုက်ပြီး သူမ၏မျက်လုံးများမှ မျက်ရည်များ စီးကျလာကာ အရှိန်ကုန် ပြေးလွှားလိုက်သည်။ သူမကို ကယ်တင်ရန် အားကောင်းသော ရန်သူအုပ်စုကြီးကို မျှားခေါ်သွားပြီး အသက်နှင့်ရင်းကာ ထပ်မံ၍ စွန့်စားသွားသော ချူကျန့် ကို တွေးမိတိုင်း သူမ၏နှလုံးသား နာကျင်လာပြီး သူ သေဆုံးသွားမည်ကို စိုးရိမ်မိသည်။ နက်ရှိုင်းသော အငြိုးအတေးများ သူမ၏ စိတ်နှလုံးသားထဲတွင် ပြည့်နှက်နေပေ၏။ အကယ်၍ အစ်ကိုကြီးချူသာ တစ်ခုခု ဖြစ်သွားပါက သူမသည် မုန့်မိသားစုကို ကပ်ဘေးဆိုက်အောင် လုပ်မိပေလိမ့်မည်။
သူမသည် တစ်မိုင်ကျော်ခန့် ပြေးပြီးနောက် မြေပြင်ပေါ်တွင် လဲကျနေသော လူတစ်ယောက်ကို မြင်တွေ့လိုက်ရသည်။ ချန်လင်းစု လန့်ဖျပ်သွားပြီး ချူကျန့် အသတ်ခံလိုက်ရပြီဟု ထင်မှတ်လိုက်မိသည်။ ကံကောင်းထောက်မစွာဖြင့် သူမ အနီးကပ် သွားကြည့်ချိန်တွင် အိမ်ဝိုင်းကို ဝိုင်းရံထားသော ရန်သူများအနက်မှ တစ်ဦးဖြစ်ပြီး အပ်ဖြင့် အဆိပ်မိထားရပုံရသည်။ ချန်လင်းစုသည် သက်ပြင်းချလိုက်မိ၏။
အဝေးတွင် တခြားရန်သူတစ်ဦး လဲကျနေသည်ကို မြင်လိုက်ရသဖြင့် သူမသည် ထိုဘက်သို့ ဆက်လက်၍ လိုက်ပါသွားသည်။ လမ်းတလျှောက်တွင် လဲကျနေသော ရန်သူများကို သူမ ရံဖန်ရံခါ မြင်တွေ့မိသည်။ အနီးကပ် စစ်ဆေးကြည့်ရှုလိုက်ရာ လူအားလုံးနီးပါး အဆိပ်မိနေကြပြီး အများစုမှာ သူမ၏ဆေးဘုရင်ဂိုဏ်းမှ အဆိပ်များကို အသုံးပြုထားကြောင်း ချန်လင်းစု နားလည်သဘောပေါက်လိုက်သည်။ သူမ ပို၍ပင် အံ့အားသင့်သွားပေ၏။
'ဒါကအစ်ကိုကြီးချူ လုပ်တာလား... ဒါပေမဲ့ သူက ဒီလောက်များတဲ့ အဆိပ်တွေကို ဘယ်က ရတာလဲ...'
Thank For Reading.