အခန်း (၅၂၉-၅၃၁)
Vol. 36 Ch. 529-531
အပိုင်း ( 529 )
နဝမအဆင့် အထွတ်အထိပ်၊ မိုးကြိုးဧကရာဇ် နည်းစနစ်
ပုံမှန်အားဖြင့် မီတာ ၁သန်းဟူသော အမြင့်မျိုးတွင် မည်သည့်မိုးကြိုးမှ ရှိနေလိမ့်မည် မဟုတ်ပေ။
သို့သော် ဗီဇပြောင်း ဤကမ္ဘာကြီးကမူ ထိုကဲ့သို့ ဟုတ်မနေခဲ့ပေ။
ဘုံကိုးဆင့် မိုးကြိုးရေကန်ဟု ခေါ်ဆိုသော အရာသည် ပုံမှန်မြင်တွေ့နေကျ မိုးကြိုးမဟုတ်ဘဲ၊ မိုးကြိုးစွမ်းအင်/ဂုဏ်သတ္တိပါဝင်သော ပစ္စည်းတစ်ခုသာ ဖြစ်သည်။
ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြားတွင် ဓာတ်ကြီးငါးပါး၊ ယင်ယန်၊ မိုးကြိုး၊ လျှပ်စီး၊ အလင်း၊ အမှောင် …. စသည်ဖြင့် စွမ်းအင်/ဂုဏ်သတ္တိ အမျိုးမျိုး တည်ရှိနေသည်။
မိုးကြိုးစွမ်းအင်သည် ကမ္ဘာမြေမှတစ်ဆင့် အပေါ်ဘက်သို့ တဖြည်းဖြည်း လွင့်မျောလာခဲ့ပြီး၊ မီတာ ၁သန်းအမြင့်တွင် စုစည်းလာခဲ့ကာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီးသည့်နောက်တွင် ၎င်းသည် ဧရာမ မိုးကြိုးရေကန်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
ထို့ကြောင့်ပင် ဘုံကိုးဆင့် မိုးကြိုးရေကန်ဟု ခေါ်ဆိုခဲ့ခြင်း ဖြစ်သည်။
ဤအခိုက်အတန့်၌ ရှုကျိုး၏ အရှေ့တွင် အဆုံးမဲ့ မိုးကြိုးနယ်မြေတစ်ခု တည်ရှိနေခဲ့သည်။
“ ဂျိမ်းးးး “
ကြောက်မက်ဖွယ်ကောင်းသည့် အသံတစ်သံ ပေါ်ထွက်လာခဲ့ပြီး၊ ၎င်းနှင့်အတူ ခရမ်းရောင် မိုးကြိုးသွားများ ပေါက်ထွက်လာခဲ့ပြီး၊ အဆက်မပြတ် မိုးကြိုးပစ်နေခဲ့ကာ ဟင်းလင်းပြင်တွင် မီတာ သောင်းနှင့်ချီ၍ ရှည်လျားသော အက်ကွဲကြောင်းကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။
“ ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်တဲ့ စွမ်းအားလဲ “
ရှုကျိုးသည် အဆိုပါ စွမ်းအားကို ခံစားမိသွားကာ မျက်တောင်တခတ်ခတ် ဖြစ်သွားခဲ့သည်။
ယခုလေးတင် မိုးကြိုးပစ်သွားခဲ့ပြီး၊ အကယ်၍ ၎င်းကသာ သူ့ကို ထိန်မှန်လာခဲ့မည်ဆိုပါက သူမသေဘူးဆိုလျှင်တောင်မှ ဒဏ်ရာအပြင်းအထန် ရရှိသွားမည် ဖြစ်သည်။
သူ့အရှေ့ရှိ အဆုံးမဲ့ မိုးကြိုးနယ်မြေတွင် ထိုကဲ့သို့သော မိုးကြိုးသွားတို့ဖြင့် ပြည့်နှက်နေခဲ့သည်။
မီတာ သောင်းနှင့်ချီသော (သို့) သိန်းနှင့်ချီသော ဟင်းလင်းပြင် အက်ကွဲကြောင်းကြီးများကို နေရာအနှံ့မြင်တွေ့နေခဲ့ရသည်။
ဤအချိန်တွင် ရှုကျိုးသည် ဝမ်ပေ့ဝမ်မှ သူဆိုလျှင်တောင်မှ ဤကဲ့သို့သော နေရာမျိုးသို့ အလွယ်တကူ မချဥ်းကပ်နိုင်ဘူးဟု မည်သည့်အတွက်ကြောင့် ပြောခဲ့လဲဆိုသည်ကို နားလည်သွားခဲ့သည်။
ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုးတွင် ပေါ့ပေါ့ဆဆ ပြုလုပ်မည်ဆိုပါက အဆင့်မြင့် ပညာရှင်တစ်ဦးကပင် သေဆုံးသွားနိုင်လေသည်။
“ ဒါပင်မဲ့ ဒီနေရာက ငါ့ကိုယ်ငါ ဟန်ချက်ညီအောင် လုပ်ဖို့အတွက် အကောင်းဆုံးနေရာတစ်ခုပဲ “
ရှုကျိုးသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းနေတော့သည်၊ ဤဘုံကိုးဆင့် မိုးကြိုးရေကန်က ပို၍ ထူးခြားလေလေ၊ သူရရှိမည့် အကျိုးအမြတ်က ပိုမိုများပြားလေလေပင် ဖြစ်သည်။
“ ဒါပင်မဲ့ မဝင်ခင် အချိန်မှာ ခံစစ်ကို အမြင့်ဆုံးအခြေအနေအထိ မြှင့်တင်ထားရမယ် “
ရှုကျိုး၏ အတွေးများ လှုပ်ခတ်သွားခဲ့ကာ ဒြပ်စင်ငါးပါး နည်းစနစ်မှာ အလျင်အမြန် လည်ပတ်လာခဲ့ပြီး၊ ခုခံကာကွယ်ရေး ဒိုင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် သူသည် အရှေ့ဘက်ရှိ မိုးကြိုးနယ်မြေဆီသို့ ပျံသန်းသွားတော့သည်။
မကြာခင် အချိန်မှာပင် ရှုကျိုးသည် ဘုံကိုးဆင့် မိုးကြိုးရေကန်နယ်ပယ်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။
“ ဂျိမ်းးးး “
မီတာ သောင်းနှင့်ချီ တစ်နေရာတွင် မိုးကြိုးတစ်စင်း ပစ်ခွင်းလာခဲ့ပြီး၊ အားကောင်းသော စွမ်းအင်မုန်တိုင်းတစ်ခုကို ဖန်တီးလာခဲ့သည်။
“ ဗွီ “
ရှုကျိုး ဖန်တီးထားသည့် ဒြပ်စစ်ငါးပါး ဒိုင်းကာထံမှ တဝီဝီ အော်မြည်သံများ ပေါ်ထွက်လာခဲ့ပြီး၊ ကြောက်မက်ဖွယ်ကောင်းသည့် အဆိုပါ မုန်တိုင်းကို ခုခံနေခဲ့သည်။
“ ထင်ထားတဲ့အတိုင်းပဲ၊ တော်တော်ကြီးကို အန္တရာယ်များတယ်၊ ဒါပင်မဲ့ ခုက အပြင်ပိုင်းမှာပဲ ရှိနေသေးတယ်၊ မိုးကြိုးပစ်တာကို တိုက်ရိုက်ကြီး မခံရဘူးဆိုရင်၊ ပြဿနာ ကြီးကြီးမားမား မဖြစ်သင့်လောက်ဘူး “
၎င်းကို တွေးမိသွားသောအခါတွင် သူသည် ဒိုင်းကာကို ပြန်ရုတ်သိမ်းလိုက်သည်။
သူသည် ကိုယ့်ကိုကိုယ် ချိန်ညှိ/ပုံဖော်ချင်သောကြောင့် ဒိုင်းကာနောက်တွင် ပုန်းနေ၍ မဖြစ်ပေ။
“ ဂျိမ်းးးး “
မကြာခင် အချိန်မှာပင် မိုးကြိုးတစ်ခု ပစ်ခွင်းလာခဲ့ပြီး၊ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်မုန်တိုင်းတစ်ခုကို ဖန်တီးလာခဲ့သည်။
၎င်းကို မြင်လိုက်ရသောအခါတွင် ရှုကျိုးသည် စိတ်အားထက်သန်စွာဖြင့် မုန်တိုင်းကို စတင်၍ ထုတ်ယူနေတော့သည်။
“ ခရက် ခရက် ခရက် “
မိုးကြိုးစွမ်းအင်ပါရှိသည့် မုန်တိုင်းသည် ဒေါသထွက်နေသည့် နဂါးတစ်ကောင်အလား သူ၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာခဲ့ပြီး၊ ဝုန်းဒိုင်းကျဲနေတော့သည်။
ထိုခံစားချက်သည် အလွန်တရာ နာကျင်ဖွယ်ကောင်းသောကြောင့် ရှုကျိုးသည် သူ၏ မရီဒန်နှင့် အရိုးတိုင်းက ကျိုးပဲ့ပျက်စီးသွားသည့်အလား ခံစားလိုက်ရသည်။
အကယ်၍ တစ်ခြားသော ဆဌမအဆင့် အရာရှိများသာ ဖြစ်နေမည်ဆိုပါက၊ ယခုလက်ရှိ အချိန်တွင် သူ၏ အသွေးအသားများ ပြိုကွဲသွားလိမ့်မည် ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ရှုကျိုးထံတွင် အလွန်တရာ ခိုင်မာအားကောင်းသည့် အုတ်မြစ်ရှိနေခဲ့ပြီး၊ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားမှာလည်း အဆင့်မြင့် ပညာရှင်နှင့်ပင် ယှဥ်နေနိုင်ပြီဖြစ်ကာ သူ၏ခန္ဓာကိုယ်ကို ပြိုကွဲမပျက်စီးသွားအောင် ထိန်းသိမ်းပေးထားခဲ့သည်။
ရှုကျိုးသည် အဆိုပါ စွမ်းအင်မုန်တိုင်း၏ ပြုပြင်ပေးမှုအောက်တွင် သူ၏ အသွေးအသားများက ပိုမိုခိုင်မာကျစ်လစ်လာခဲ့သည်၊ အရေးအကြီးဆုံး အရာမှာ ကြီးမားသော ဖိအားအောက်တွင် အနက်ရောင် အဆိပ်အတောက်များက သူ၏နတ်ဆေးလုံးအတွင်းမှ တိုးထွက်လာခြင်းပင် ဖြစ်သည်။
“ တကယ်ကြီးကို ဆေးအဆိပ်တွေ ရှိနေတာပဲ “
ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါတွင် သူသည် တုန်လှုပ်ခြင်းနှင့် ပျော်ရွှင်ခြင်းနှစ်မျိုးစလုံးကို တစ်ချိန်တည်း ခံစားလိုက်ရသည်။
တုန်လှုပ်ရခြင်းမှာ ဝမ်ပေ့ဝမ် ပြောခဲ့သည့် အတိုင်း ဆေးလုံးများတွင် သူသတိမပြုမိသည့် ဆေးအဆိပ်များ ရှိနေသည်ကို မြင်တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
ပျော်ရွှင်ခြင်းကမူ မိုးကြိုးမုန်တိုင်း၏ ဖိအားအောက်တွင် အဆိုပါ အဆိပ်အတောက်များက ပျောက်ကွယ်သွားသောကြောင့် ဖြစ်သည်။
“ ကောင်းတယ် “
“ ဒီမိုးကြိုးရေကန်ရဲ့ ပြုပြင်ပေးမှုနဲ့ဆိုရင် ငါက ငါ့ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ အဆိပ်အတောက်တွေ အကုန်လုံးကို သေချာပေါက် ဖယ်ရှားလို့ရတယ် “
ရှုကျိုးသည် အသာအယာ ပြုံးနေကာ သူ့ကိုယ်သူ ချိန်ညှိနေတော့သည်။
သို့သော် ထိုဖြစ်စဥ်တစ်လျှောက်တွင် သူ့လက်ခလယ်တွင် ရှိနေသည့် ဝိညာဥ်ဖိနှိပ်မှု လက်စွပ်ထံမှ အလင်းတန်းတစ်ခု ပေါ်ပေါက်လာသည်ကို သူသတိမပြုမိခဲ့ပေ။
အဆိုပါ လက်စွပ်မှာ မိုးကြိုးစွမ်းအားကို စုပ်ယူနေပုံရသည်။
…
တစ်နာရီ
နှစ်နာရီ
သုံးနာရီ အကြာတွင်
ရှုကျိုးသည် သူ၏ချိန်ညှိမှုဖြစ်စဥ်က ပြီးဆုံးသွားတော့မည်ဟု ခံစားနေခဲ့ရသည်။
သူ၏ခန္ဓာကိုယ်ကို ကြည့်ရှုစစ်ဆေးလိုက်ရာ သူ၏မျက်လုံးများ တောက်ပသွားခဲ့သည် “ သုံးနာရီကျော်ကြာ ချိန်ညှိနေခဲ့ပြီးတဲ့နောက်မှာ ငါ့ရဲ့ နတ်ဆေးလုံးက အဆိပ်အတောက်တွေ အကုန်လုံးကို စွန့်ထုတ်နိုင်ခဲ့ပြီးတော့ ထပ်ပြီးတော့ အသွင်ပြောင်းနေပြီ “
“ ဒီသုံးနာရီအတွင်းမှာ ငါ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားကလည်း အရင်တုန်းကထပ် ၃၀%ကျော်အထိ တိုးတက်လာတဲ့ပုံပဲ “
ဘုံကိုးဆင့် မိုးကြိုးရေကန်၏ ချိန်ညှိမှုသည် အဆိပ်အတောက်များကို ကင်းစင်သွားစေရုံတင်မဟုတ်ဘဲ၊ သူ၏ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ပါ အကျိုးအမြတ် ကြီးကြီးမားမား ရရှိသွားစေခဲ့သည်။
၎င်းမှာ မထင်မှတ်ထားသော လက်ဆောင်တစ်ခု ဖြစ်သည်။
“ ဒါပင်မဲ့ နာရီနည်းနည်းလောက်နေခဲ့ပြီးတဲ့နောက်မှာ အပြင်ပိုင်း နေရာမှာ ရှိတဲ့ မိုးကြိုးမုန်တိုင်းရဲ့ အကျိုးအာနိသင်က တော်တော်လေးကို နည်းသွားပြီ “
ရှုကျိုးသည် မိုးကြိုးနယ်မြေ၏ အနက်ပိုင်းနေရာကို ကြည့်ကာ တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေတော့သည် “ တကယ်တော့ ချိန်ညှိဖို့အတွက် အထဲကို ဆက်သွားပြီးတော့ မိုးကြိုးတွေကို တိုက်ရိုက် သုံးလိုက်လို့ရတယ် “
သူသည် သူ့ကိုယ်သူ ပုံဖော်ချိန်ညှိရန်အတွက် မုန်တိုင်းကို ယခုလေးတင် အသုံးပြုခဲ့သည်။
သို့သော် အကယ်၍ သူကသာ မိုးကြိုးပစ်ခြင်းကို တောင့်ခံနိုင်ခဲ့မည်ဆိုပါက၊ အကျိုးအာနိသင်သည် လုံးဝကွဲပြားသွားမည် ဖြစ်သည်။
အန္တရာယ်မှာလည်း သိသိသာသာ မြင့်တက်လာမည် ဖြစ်သည်။
“ နောက်မှ ပြန်လာခဲ့မယ် “
ရှုကျိုးသည် သူမှာယူထားခဲ့သည့် ဆဌမအဆင့် ဆေးလုံးများက ရောက်ရှိလာပြီဆိုသည်ကို သိနေခဲ့သည်။
ထို့နောက်၌ သူသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ အောက်သို့ ထိုးဆင်းသွားတော့သည်။
…
ဘုံကိုးဆင့် မိုးကြိုးရေကန်အနက်ပိုင်းတွင်
“ ဂျိမ်းးးး ဂျိမ်းးးး ဂျိမ်းးးးး “
မိုးကြိုးများ ဆက်တိုက်ပစ်ခွင်းလာခဲ့ပြီး၊ အဖျက်စွမ်းအင်လှိုင်းများကို အဆက်မပြတ် ဖြစ်ပေါ်လာစေခဲ့သည်။
မိုင်ရာဂဏန်းအနည်းငယ်အတွင်းရှိ ပတ်ဝန်းကျင် ဧရိယာသည် အဆိုပါ စွမ်းအားကြောင့် ဖိနှိပ်ခံလိုက်ရပုံပေါ်ကာ လေဟာနယ် နယ်မြေတစ်ခုအဖြစ် ဖွဲ့စည်းလာခဲ့သည်။
အကယ်၍ ရှုကျိုးကသာ ဤနေရာတွင် ရှိနေဦးမည်ဆိုပါက လုံးဝအံ့အားသင့်သွားမည် ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် အဆိုပါ မိုးကြိုးများအောက်တွင် တင်ပျဥ်ခွေထိုင်နေသည့် ပုံရိပ်တစ်ခု ရှိနေသောကြောင့် ဖြစ်သည်။
အဆိုပါ ပုံရိပ်သည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး၊ ရှည်လျားသော ကိုယ်လုံးကိုယ်ပေါက်ကို ပိုင်ဆိုင်ထားခဲ့သည်၊ သူ၏ပလက်တီနမ်ရောင် ဆံသားတို့သည် တစ်စုံတစ်ခု၏ ဆွဲဆောင်မှုကို ခံနေရသည့်အလား ကောင်းကင်ထက်သို့ ပျံတက်နေလျက်ရှိသည်။
……………………………………………………………………………………………………………………………………….
အပိုင်း ( 530 )
နဝမအဆင့် အထွတ်အထိပ်၊ မိုးကြိုးဧကရာဇ် နည်းစနစ် ၂
ကြောက်မက်ဖွယ်ကောင်းသည့် မိုးကြိုးများ၊ ၎င်းတို့တစ်ခုချင်းစီတိုင်းသည် သတ္တမအဆင့် ပညာရှင်တစ်ဦးကိုပင် ချက်ချင်းကျဆုံးသွားစေရန် လုံလောက်သည်။ သို့သော် ထိုလူသည် မိုးကြိုးပစ်ခြင်းများကို ခံယူနေခဲ့ရသော်လည်း မလှုပ်မယှက်တည်ငြိမ်နေလျက်ရှိသည်။
ထိုအခိုက်အတန့်တွင် ပလက်တီနမ်ဆံသားဖြင့် လူသည် သူ၏မျက်လုံးများကို ရုတ်တရက် ဖွင့်လာခဲ့ပြီး၊ ဘုံကိုးဆင့် မိုးကြိုးရေကန်၏ အပြင်ဘက်နယ်မြေရှိရာဘက်သို့ လှမ်းမျှော် ကြည့်ရှုလာခဲ့သည်။
“ အစောပိုင်း အဆင့်၆ လူတစ်ယောက်က ဘုံကိုးဆင့် မိုးကြိုးရေကန်ဆီကို လာနေရဲတယ်ပေါ့။ စိတ်ဝင်စားစရာပဲ …. “
သူသည် ထိုအငယ်လေးက အစောပိုင်း ဆဌမအဆင့်တွင်သာ ရှိကြောင်းကို အာရုံခံမိနေခဲ့ပြီး၊ အံ့ဖွယ်ကောင်းလောက်အောင်ပင် ဘုံကိုးဆင့် မိုးကြိုးရေကန်ထဲတွင် သုံးနာရီကျော်ကြာ တောင့်ခံထားနိုင်ခဲ့သည်။
အပြင်ပိုင်း နယ်မြေတွင်သာ ရှိနေခဲ့သော်လည်း၊ ၎င်းသည် ချီးကျူးဖွယ်ကောင်းနေစဲပင် ဖြစ်သည်။
“ သူက သုံးနာရီကြာနေခဲ့ပြီးမှ ထွက်သွားခဲ့တာလား “
ပလက်တီနမ်ဆံသားနှင့် လူသည် ထပ်မံ၍ အာရုံခံကြည့်ရှုနေခဲ့ပြီး၊ သူ၏မျက်နှာပေါ်တွင် စိတ်ပျက်သွားသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည် “ နှမြောစရာပဲ၊ တကယ်လို့ နည်းနည်းလေး ထပ်နေဦးမယ်ဆိုရင်၊ အဲ့တာက ဒီကလေးဆီမှာ ပါရမီရှိတယ်ဆိုတာကို ပြသရာရောက်သွားမှာ “
သူသည် ပါရမီရှင်အများအပြားကို မြင်တွေ့ခဲ့ဖူးသည်၊ တစ်ချို့သည် ထူးခြားသော ကောင်းချီးများကို ပိုင်ဆိုင်ထားခဲ့ပြီး၊ သူတို့သည် ဘုံကိုးဆင့် မိုးကြိုးရေကန်၌ ပထမဦးဆုံးအကြိမ်အဖြစ် လာရောက်ခဲ့သည့် အချိန်မှာပင် တစ်ရက်တိတိ တောင့်ခံနိုင်ခဲ့ကြသည်။
သုံးနာရီကြာနေနိုင်ခြင်းက မဆိုးလှသော်လည်း သူ၏ အမြင်၌ ၎င်းမှာ သာမန်သာ ဖြစ်နေခဲ့သည်။
“ ဘယ်အချိန်ရောက်မှ ငါ့မိုးကြိုးဧကရာဇ် နည်းစနစ်ရဲ့ အမွေဆက်ခံသူကို ရှာတွေ့မှာပါလိမ့် …….. “
ပလက်တီနမ်ဆံသားပိုင်ရှင်သည် ကောင်းကင်ထက်ရှိ ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးများကို ကြည့်ကာ သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။
အကယ်၍ ဝမ်ပေ့ဝမ်က ဤစကားလုံးများကို ကြားသိသွားမည်ဆိုပါက လုံးဝအံ့ဩတုန်လှုပ်သွားလိမ့်မည် ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် မိုးကြိုးဧကရာဇ် နည်းစနစ်သည် ကွမ်ဟန်နှင့် ကမ္ဘာ့ကြယ်နယ်မြေများတွင် ထင်ရှားကျော်ကြားသောကြောင့် ဖြစ်သည်။
၎င်းအား နဝမအဆင့် အထွတ်အထိပ် ပညာရှင် တိကျွမ်းမှ ဖန်တီးခဲ့ခြင်း ဖြစ်သည်။
ထိုလူသည် သူ၏ မိုးကြိုးဧကရာဇ် နည်းစနစ်ဖြင့် ကမ္ဘာ့ကြယ်မှ နဝမအဆင့် အထွတ်အထိပ် ပညာရှင် အများအပြားကို အနိုင်ယူခဲ့သည်၊ ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုပါက သူဖန်တီးထားခဲ့သည့် မိုးကြိုးဧကရာဇ် နည်းစနစ်သည် နဝမအဆင့်နယ်ပယ်ထက်ပင် ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။
၎င်းသည် ပေါင်းစပ်ဒြပ်စင်နယ်ပယ်နှင့် နီးကပ်လုမတတ် ဖြစ်သည်ဟု ဆိုကြသည်။
သူသည် ထိုခြေလှမ်းကို မလှမ်းခဲ့ပေ။
ထိုခြေလှမ်းတစ်ဝက်သာ လှမ်းထားသော အဆင့်ဖြင့်ပင် ၎င်းသည် သာမန် နဝမအဆင့် ပညာရှင်များကို လုံးဝချေမှုန်းရန် လုံလောက်နေမည် ဖြစ်သည်။
သို့ရာ၌ တိကျွမ်းသည် လွန်ခဲ့သော နှစ်ရာပေါင်းများစွာကတည်း ရှိနေခဲ့သည့် တည်ရှိမှုတစ်ခုဖြစ်ပြီး၊ သူသည် နှစ်ပေါင်းတစ်ရာကျော်သည်အထိ လှုပ်ရှားမှု မပြုလုပ်ခဲ့ဘူးဟု ဆိုကြသည်။
ယနေ့ခေတ် ကြယ်ပြာဂြိုဟ်ပေါ်တွင် သူသည် ဗျူဟာရေးဆွဲသည့် ပုဂ္ဂိုလ်တစ်ဦးအဖြစ်သာ တာဝန်ယူဆောင်ရွက်နေလျက်ရှိသည်။
ရန်သူကသာ အဆင့်မြင့် ပညာရှင်များကို မစေလွှတ်လာသရွေ့ သူပေါ်ထွက်လာမည် မဟုတ်ပေ။
အမှန်တိုင်းပြောရမည်ဆိုပါက ကြယ်ပြာဂြိုဟ်ပေါ်ရှိ နဝမအဆင့် ပညာရှင်တော်တော်များများကပင် တိကျွမ်း၏ ပုံရိပ်ကို မမြင်ဖူးကြပေ။
ကမ္ဘာ့ကြယ်ပေါ်တွင်မူ တိကျွမ်းက အကန့်အသတ်သို့ ရောက်ရှိသွားကာ သေဆုံးသွားခဲ့သည်မှာ ကြာနေပြီဟုပင် ကောလဟာလများ ပေါ်ထွက်နေခဲ့သည်။
ကြယ်ပြာဂြိုဟ်ကမူ ဤအကြီးအကဲက တစ်နေရာရာတွင် ပုန်းအောင်းနေကာ အဆင့်ထိုးရောက် ကြိုးပမ်းနေပြီး၊ သူပြန်ပေါ်လာသည့် အချိန်တွင် သူက ပေါင်းစပ်ဒြပ်စင်နယ်ပယ်သို့ သေချာပေါက် ရောက်ရှိနေလိမ့်မည်ဟု ယုံကြည်နေကြသည်။
သို့သော် တိကျွမ်းအောင်မြင် ကျော်ကြားခဲ့သည့် နှစ်ကာလများမှာ အချိန်၏ တိုက်စားမှုကို ခံခဲ့ရပြီး၊ လူတော်တော်များများကလည်း သူ့ကို မေ့လျော့သွားခဲ့ပြီ ဖြစ်သည်။
လွန်ခဲ့သော ရာပေါင်းများစွာက တစ်ခေတ်တစ်ခါကို လွှမ်းမိုးခဲ့ဖူးသည့် ပညာရှင်ကြီးတစ်ဦးက ဘုံကိုးဆင့် မိုးကြိုးရေကန်၏ အနက်ရှိုင်းဆုံးနေရာတွင် ရှိနေလိမ့်မည်ဟု မည်သူမှ မထင်မှတ်ထားခဲ့ချေ။
ထိုအချိန်၌ ပညာရှင်တိကျွမ်းသည် လွမ်းမောစိတ်တို့ဖြင့် သက်ပြင်းချနေခဲ့သည် “ ငါ့ရဲ့ အဆုံးသတ်က နီးလာပြီ။ အမွေဆက်ခံသူကို မြန်မြန်ရှာမှ ဖြစ်မယ် “
တိကျွမ်း၏ မျက်နှာပေါ်တွင် အလျင်စလိုဖြစ်နေသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။
သူ၏မျက်နှာသွင်ပြင်မှာ အလွန်တရာ ငယ်ရွယ်နေပြီး၊ ချီ-သွေးစွမ်းအားက အားကောင်းပြင်းထန်လွန်းနေခဲ့သော်လည်း၊ ၎င်းမှာ မီးစာမကုန်မှီ တောက်ပနေသည့် ဖယောင်းတိုင်ကဲ့သို့ နောက်ဆုံးသောတောက်ပမှု ဖြစ်သည်။
တိကျွမ်း ရှင်သန်နေထိုင်နေခဲ့သည်မှာ နှစ်တစ်ထောင်နီးပါး ရှိနေခဲ့ပြီဖြစ်ပြီး၊ သူသည် နဝမအဆင့် အထွတ်အထိပ်အထိ ရောက်ရှိခဲ့ပြီး၊ ထိုနယ်ပယ်တွင် ရှိနေခဲ့သည့် အချိန်မှာပင် သူသည် သူ၏ကံကြမ္မာကို နားလည်သွားခဲ့သည်။
“ အဆင့်၉ အထွတ်အထိပ်ကို ရောက်လာခဲ့ပြီးတာနဲ့ အဲ့အဆင့်နဲ့ ခြေတစ်လှမ်းလောက်ပဲ လိုတော့မယ်လို့ ငါထင်နေခဲ့တာ “
“ ဒါပင်မဲ့ အဲ့အဆင့်က အဆင့်၁နဲ့ အဆင့်၉ကြားက ကွာဟချက်ထပ်တောင် ပိုပြီးတော့ လှမ်းနေလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ ဝေးလွန်းလို့ စိတ်ပျက်ဖို့ကောင်းတယ် …… “
နဝမအဆင့် အထွတ်အထိပ်သို့ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သည့် အချိန်တွင် သူသည် အလွန်တရာ တက်ကြွကာ ယုံကြည်ချက်ရှိနေခဲ့ပြီး၊ သူ၏ လက်ကျန်ဘဝတွင် ထိုနယ်ပယ်သို့ တက်လှမ်းနိုင်မည်ဟု ယုံကြည်နေခဲ့ဖူးသည်။
သို့သော် သူပိုသန်မာအားကောင်းလာလေလေ၊ သူ၏အားနည်းချက်ကို ပိုမိုခံစားလာရလေလေဖြစ်ကာ ထိုနယ်ပယ်သို့ရောက်ရှိရန်မှာ မည်မျှခက်ခဲလဲဆိုသည်အား ပိုမိုနားလည်လာရလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။
သူ၏ပြိုင်ဘက်ကင်း စွမ်းရည်များဖြင့်ပင် သူသည် တစ်ဖက်ကမ်းသို့ အရောက်မသွားနိုင်ခဲ့ပေ။
သူသည် ငယ်ရွယ်စဥ်အချိန်မှ သူ၏အထွတ်အထိပ် အချိန်အထိ၊ ထိုမှတစ်ဆင့် အသက်အရွယ်ကြီးရင့်လာသည်အထိ မဆုတ်မနစ် ကြိုးစားနေခဲ့ပြီး၊ ယခုအိုမင်းဖျားနာ၍ မကျန်းမမာဖြစ်ကာ ရှောင်လွှဲပြောင်းလဲ၍ မရသော ကံကြမ္မာကို နားလည်နေခဲ့ပြီး၊ လက်ကျန်ဘဝကို ဖြတ်သန်းနေသည့် ပါရမီရှင်တစ်ဦး ဖြစ်သည်။
“ ပေါင်းစပ်ဒြပ်စင် နယ်ပယ် …….. ပေါင်းစပ်ဒြပ်စင် နယ်ပယ် ………. “
တိကျွမ်းသည် ဤဘဝတွင် သူလိုက်ရှာနေခဲ့သည့် အရာအားလုံးက ဖုန်မှုန့်ဖြစ်နေသည့်အလား ခါးခါးသီးသီး ပြုံးနေခဲ့သည်။
သူ့ထံတွင် အဆိုပါ နယ်ပယ်ကို ရောက်လိုသည့် စိတ်ဆန္ဒ မရှိတော့ဘဲ၊ သူ၏ တစ်သက်တာ သင်ယူမှုများကို လွှဲပြောင်းပေးအပ်လိုသည့် စိတ်ဆန္ဒသာလျှင် ကျန်ရှိနေတော့သည်။
…
ထိုအခိုက်အတန့်တွင် ရှုကျိုးသည် သူ၏တဲဆီသို့ ပြန်ရောက်နေခဲ့ပြီ ဖြစ်သည်။
“ ဟမ်။ ငါ့လက်စွပ် …… “
ရှုကျိုး၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ သူသည် သူ၏ ဝိညာဥ်ဖိနှိပ်မှု လက်စွပ်ထဲတွင် ရှိနေသည့် စွမ်းအင်က သိသိသာသာ မြင့်တက်လာသည်ဟု ယခုလေးတင် ခံစားမိခဲ့သည်။
အဆိုပါ လက်စွပ်သည် ယင်ယန်စွမ်းအားကို ဆက်တိုက်စုပ်ယူနေခဲ့ပြီး၊ ၎င်း၏ သိုလှောင်နိုင်စွမ်းမှာလည်း လွန်စွာကြီးမားနေခဲ့သည်။
ယခုတွင် ရှုကျိုးသည် သူစုဆောင်းနေခဲ့သည့် စွမ်းအားက ကြောက်ဖွယ်ရာ အဆင့်တစ်ခုအထိ ရောက်ရှိသွားပြီဆိုသည်ကို ခံစားမိနေခဲ့သည်။
“ ဒီလက်စွပ်က ဘုံကိုးဆင့် မိုးကြိုးရေကန်က မိုးကြိုးစွမ်းအင်ကို စုပ်ယူခဲ့တာများလား “
ရှုကျိုး အတွေးနက်သွားခဲ့သည်။
ထိုကဲ့သို့သာ ဖြစ်နေလိမ့်မည်ဆိုပါက ပျော်ရွှင်ကောင်းသွားမည် ဖြစ်သည်။
ဤလက်စွပ်သည် သူ၏ကိုယ်ပိုင် ယင်ယန်စွမ်းအားကို ဖြည်းဖြည်းချင်းသာ စုပ်ယူနေခဲ့ပြီး၊ အပြည့်ဖြစ်သွားရန်အတွက် လဝက်(သို့) တစ်လအထိပင် အချိန်ယူရမည် ဖြစ်သည်။
သို့သော် ယခုတွင်ကား ဘုံကိုးဆင့် မိုးကြိုးရေကန်သည် ၎င်း၏ စုပ်ယူမှုအမြန်နှုန်းကို အဆပေါင်းများစွာ မြင့်တက်သွားစေပုံရသည်။
“ ဗိုလ်ချုပ်ရှု “
ရှုကျိုးတွေးတောစဥ်းစားနေသည့် အချိန်၌ အပြင်ဘက်မှ အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။
အပြင်သို့ ထွက်ကြည့်လိုက်ရာ သူမှာယူထားခဲ့သည့် ဆဌမအဆင့် ဆေးလုံး အလုံး၃၀အား လာပို့ခြင်းဆိုသည်ကို မြင်တွေ့သွားခဲ့သည်။
“ ဒုဗိုလ်ချုပ်ရှု၊ ဒီဟာက ဆရာမှာထားတဲ့ အဆင့်၆ဆေးလုံး အလုံး၃၀ပါ “
စစ်ဌာနမှ ဝန်ထမ်းသည် သေတ္တာကြီးတစ်လုံးကို ရှုကျိုးထံသို့ လွှဲပြောင်းပေးအပ်လာခဲ့သည်။
ရှုကျိုးသည် သေတ္တာကို ဖွင့်ကြည့်ကာ ကြည့်ရှုစစ်ဆေးလိုက်ပြီး၊ ခေါင်းငြိမ့်ပြလာခဲ့သည် “ ကျေးဇူးပါ “
ထိုဝန်ထမ်း ထွက်သွားသည့်နောက်တွင် အဝေးရှိ ကျုံးချန်သည် သူ၏တဲဆီသို့ အလောတကြီး ပြေးတက်လာခဲ့သည် “ ညီအစ်ကိုရှု၊ မင်းက အဆင့်၆ဆေးလုံး အများကြီးကို ဘာလို့မှာလိုက်ရတာလဲ “
“ အဆင့်၆ နယ်ပယ်မှာ ဆေးလုံးတွေ သုံးပြီးတော့ အဆင့်ထိုးဖောက်နိုင်တယ်ဆိုပင်မဲ့၊ မင်းက အများကြီး သုံးလို့ မရဘူး။ အဲ့လိုမှ မဟုတ်ဘူးဆိုရင် တကယ်လို့ မင်းက အဆင့်၇ကို ရောက်သွားမယ်ဆိုရင်တောင်မှ အဲ့အထက်ကို ထပ်သွားဖို့က တော်တော်ကြီးကို ခက်ခဲသွားလိမ့်မယ် “
………………………………………………………………………………………………………………………………………….
အပိုင်း ( 531 )
နဝမအဆင့် အထွတ်အထိပ်၊ မိုးကြိုးဧကရာဇ် နည်းစနစ် ၃
ကျုံးချန်သည် အလေးအနက်ထား၍ အကြံပေးပြောကြားလာခဲ့သည်။
စစ်ဌာန၏ ဝန်ထမ်းက ယခင်ကတည်းက ဤနေရာတွင် စောင့်နေခဲ့သောကြောင့် သူသာလျှင်မဟုတ်ဘဲ၊ တပ်စခန်းတစ်ခုလုံးရှိ လူတော်တော်များများက ရှုကျိုးက ဆဌမအဆင့် ဆေးလုံးများစွာ မှာယူထားသည်ကို သိသွားခဲ့ကြသည်။
ကျန်းယွမ်တုန်လည်း ရောက်ရှိလာခဲ့ပြီး၊ လေးလေးနက်နက် စကားပြောလာခဲ့သည် “ တပ်မှူးရှု၊ အဆင့်၆နယ်ပယ်အတွက် ဆေးလုံးတွေကို အားကိုးမနေသင့်ဘူး၊ ဒီအဆင့်က အမြင့်ပိုင်း အဆင့်တွေဆီ အရောက်သွားနိုင်ဖို့အတွက် အရေးအကြီးဆုံးပဲ၊ မင်းက ခိုင်မာတဲ့ အုတ်မြစ်ကို တည်ဆောက်ထားမှ ဖြစ်မှာ “
ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှုကျိုးသည် အပြုံးဖြင့် ပြန်ပြောလာခဲ့သည် “ စိတ်ချထားလိုက်ပါ၊ ကျွန်တော့်ရဲ့ အုတ်မြစ်က ဘယ်လိုနေလဲဆိုတာကို ခင်ဗျားတို့ သိပြီးသား မဟုတ်ဘူးလား “
ထို့နောက်တွင် သူသည် သေတ္တာကို ကိုင်ကာ တဲအတွင်းသို့ လမ်းလျှောက်ဝင်သွားတော့သည်။
“ ဒါက ……….. “
ကျုံးချန်နှင့် ကျန်းယွမ်တုန်တို့သည် အကြည့်များ ဖလှယ်နေကြတော့သည်။
“ တပ်မှူးရှုက ဆေးလုံးတွေ သုံးဖို့ တကယ်ကြီး ကြံနေတာလား “ ကျန်းယွမ်တုန်သည် စိုးရိမ်ပူပန်နေသည့် အမူအရာဖြင့် ပြန်ပြောလာခဲ့သည်။
ကျုံးချန်မှာလည်း စိတ်လျော့လိုက်ပုံရသည် “ ညီအစ်ကိုရှု၊ အဲ့တာက …. ဟင်းး “
သူသည် မည်သည့်စကားမှ ထပ်မပြောလာတော့ပေ၊ သူသည် သူတတ်နိုင်သည့် အကြံပေးစကားကို ပြောခဲ့ပြီးပြီဖြစ်သည်၊ အကယ်၍ ရှုကျိုးက နားထောင်ရန် ငြင်းဆန်နေမည်ဆိုပါက၊ သူတို့သည် မည်သည့်အရာကိုမှ ပြုလုပ်နိုင်မည် မဟုတ်ပေ။
…
တဲအတွင်း၌
ရှုကျိုးသည် တင်ပျဥ်ခွေထိုင်၍ သေတ္တာကို ဖွင့်ကြည့်လိုက်ရာ၊ အတွင်း၌ ကျောက်စိမ်း ပုလင်းငယ်လေးများ အတန်းလိုက်ရှိနေသည်ကို မြင်တွေ့သွားခဲ့သည်။
“ ဒီအဆင့်၆ ဆေးလုံးတွေက ငါ့ကို ဘယ်လောက်တောင် တိုးတက်သွားစေနိုင်မလဲဆိုတာကို ကြည့်လိုက်ကြတာပေါ့ကွာ “
ရှုကျိုးသည် ဆေးပုလင်းများကို ဖွင့်ကာ တိုက်ရိုက်သောက်သုံးလိုက်သည်။
“ ဂလု “
ဆေးလုံးသည် ဝမ်းဗိုက်အတွင်းသို့ နိမ့်ဆင်းသွားပြီး၊ ချက်ချင်းဆိုသလိုပင် စွမ်းအင်တစ်ခု ပေါက်ထွက်လာခဲ့သည်။
“ ဟမ်။ ဒီစွမ်းအင်က ဟုန်မန်ရွှေအူတိုင် သန့်စင်ရေး ယွမ်ဆေးလုံးထပ်တောင် ပိုအားကောင်းနေသလိုပဲ “
ရှုကျိုး၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့ပြီး၊ သူသည် ဤဆဌမအဆင့် ဆေးလုံးများ၏ အကျိုးအာနိသင်က ယခင်က ဟုန်မန်ရွှေအူတိုင် သန့်စင်ရေး ယွမ်ဆေးလုံးထပ် ပို၍သာလွန်နေကြောင်း နားလည်သွားခဲ့သည်။
သို့သော် ၎င်းမှာ ယုတ္တိရှိပြီပေသည်၊ အဘယ့်ကြောင့်ဆိုသော် ဤဆဌမအဆင့် ဆေးလုံးကို ကမ္ဘာ့ကြယ်၏ ရှားပါးသော ပစ္စည်းများဖြင့် ပြုလုပ်ထားသောကြောင့် ဖြစ်သည်။
ထို့အပြင် ၎င်းတို့သည် စစ်ဌာနချုပ်တွင်သာ ရရှိနိုင်ပြီး၊ အပြင်ဈေးကွက်တွင် လုံးဝမရနိုင်သည့် အဆင့်များ ဖြစ်သည်။
သိသာထင်ရှားသည့် အောင်မြင်မှုများကို ရယူနိုင်ခဲ့သည့် စစ်သည်တော်များကသာလျှင် ထိုကဲ့သို့သော ရတနာများကို ရရှိနိုင်ပေသည်။
“ ဆက်လုပ်ကြတာပေါ့ကွာ “
ရှုကျိုးသည် ဤဆေးလုံးများက အံ့ဖွယ်ကောင်းသည့် တိုးတက်မှုများကို ယူဆောင်ပေးလာလိမ့်မည်ဟု ခံစားနေခဲ့ရသည်။
…
ဆယ်မိနစ်
နာရီဝက်
တစ်နာရီ
အချိန်သည် ရေကဲ့သို့ စီးဆင်းနေခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ်နှစ်ရက်တာ ကုန်ဆုံးသွားခဲ့သည်။
ယနေ့တွင် ရှုကျိုးသည် မျက်လုံးများ ရုတ်တရက် ဖွင့်လာခဲ့သည်။
“ နောက်ဆုံးတော့ အဆင့်၆ဆေးလုံးတွေကို စုပ်ယူပြီးသွားပြီ “
ရှုကျိုး၏ မျက်လုံးများ တောက်နေလျက်ရှိသည် “ အခုဆိုရင် ငါ့ရဲ့ အဆင့်၆နယ်ပယ် တိုးတက်မှုက ၅၀%ကျော်သွားပြီလို့ ထင်တယ် “
အဆိုပါ တိုးတက်မှုသည် အမှန်တကယ် မြန်ဆန်လွန်းလှသည်။
ပါရမီရှင်တစ်ချို့က ဆေးလုံးတွေ သုံးပြီးတော့ အဆင့်တက်နေတာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ။
ထိုခံစားချက်သည် အလွန်တရာ ပျော်ရွှင်ဖွယ်ကောင်းလှသည်၊ ၎င်းသည် လူတစ်ဦးက အဆက်မပြတ် တိုးတက်ကာ ဆက်တိုက်သန်မာအားကောင်းလာသည်ဟု ခံစားနေခဲ့ရသည်။
သိုင်းပညာရှင်များသည် ထိုကဲ့သို့သော ဆွဲဆောင်မှုမျိုးကို မည်ကဲ့သို့ တောင့်ခံနိုင်မည်နည်း
“ ဒီနှုန်းအတိုင်းဆိုရင်၊ ငါက မကြာခင် အချိန်မှာပဲ အဆင့်၆ အထွတ်အထိပ်ကို အရောက်သွားနိုင်တယ်၊ ပြီးတော့ အင်မော်တယ် ရွှေအူတိုင်ကို ကျင့်ကြံလို့ရပြီ “
ရှုကျိုး၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အငွေ့များ ဖြစ်တည်နေခဲ့သည်။
အစပိုင်းတွင် သူသည် ဆဌမအဆင့်က အမြင့်ပိုင်း အဆင့်များဆီသို့သွားရာ နောက်ဆုံးလှေကားထစ်တစ်ခု ဖြစ်သောကြောင့် အလွန်တရာ ခက်ခဲနေလိမ့်မည်ဟု ထင်ထားခဲ့သည်။
သို့သော် မထင်မှတ်ထားစွာဖြင့် တိုးတက်မှုဖြစ်စဥ်မှာ သူမျှော်မှန်းထားသည်ထပ် ပိုမိုမြန်ဆန်နေခဲ့သည်။
“ ဒါပင်မဲ့ နတ်ဆေးလုံးမှာရှိတဲ့ အဆိပ်အတောက်တွေကလည်း ကြောက်စရာကောင်းတဲ့ အဆင့်မျိုးအထိ စုပြုံနေပြီ “
ရှုကျိုးမှာ တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေတော့သည် “ တပ်မမှူးဝမ်နဲ့ ကျုံးချန်တို့က ဆေးလုံးတွေကို မမှီခိုဖို့ ထပ်ခါတလဲလဲ ပြောနေခဲ့တာက အံ့ဩစရာတော့ မဟုတ်ဘူးပဲ။ ဆေးလုံးမှာပါတဲ့ ဆေးအဆိပ်တွေက နတ်ဆေးလုံးကို ကြီးကြီးမားမား ထိခိုက်သွားစေနိုင်တယ် ”
သူ၏ခွန်အားတိုးတက်လာခြင်းနှင့်အတူ သူသည် အဆိပ်အတောက် စုပြုံမှုကိုပါ ရှင်းရှင်းလင်းလင်း ခံစားနေနိုင်ပြီ ဖြစ်သည်။
အဆိပ်အတောက်များ၏ တည်ရှိမှုသည် နတ်ဆေးလုံး၏ လည်ပတ်မှုကိုပင် အနည်းငယ် တားဆီးပိတ်ဆို့နေခဲ့သည်။
အဆိုပါ ပိတ်ဆို့မှုက အလွန်တရာ သေးငယ်နေခဲ့သော်လည်း၊ သတ္တမအဆင့် ရောက်ရှိခဲ့ပြီးသည့်နောက်၌ ၎င်းသည် အဆမတန် ကြီးမားသော ဧရာမ အတားအဆီးတစ်ခု ဖြစ်လာနိုင်ပေသည်။
အမြင့်ပိုင်း အဆင့်များသို့ ရောက်ရှိရန် ချို့ယွင်းချက်ကင်းမဲ့သော ကိုယ်ခန္ဓာကို လိုအပ်ပြီး၊ သေးငယ်သော ချို့ယွင်းချက်တစ်ခုကပင် ကျင့်ကြံနေစဥ်အချိန်တွင် အဆမတန် ကြီးမားသွားနိုင်ပေသည်။
မိုင်တစ်ထောင် ရှည်သော ရေကာတာတစ်ခုသည် ပုရွက်တွင်းတစ်တွင်းကြောင့် ပြိုကျသွားနိုင်လေသည်။
“ ဒီအဆိပ်အတောက်တွေကို မြန်မြန်ဖယ်မှ ဖြစ်မယ် “ ရှုကျိုးသည် သူက ဘုံကိုးဆင့် မိုးကြိုးရေကန်သို့ ထပ်သွားရန် လိုအပ်နေပြီဆိုသည်ကို နားလည်သွားခဲ့သည်။
၎င်းကို တွေးမိသွားသောအခါတွင် ရှကျိုးသည် တဲအပြင်ဘက်သို့ ချက်ချင်းထွက်လာခဲ့ပြီး၊ ထို့နောက်တွင် ကောင်းကင်ထက်သို့ တဟုန်ထိုး ပြေးတက်သွားတော့သည်။