← Chapters

အခန်း (၅၃၈-၅၄၀)

Vol. 36 Ch. 538-540

အခန်း (၅၃၈-၅၄၀)

Vol. 36 Ch. 538-540

အပိုင်း ( 538 )

အင်အား တစ်သောင်းပါ တပ်ဖွဲ့ကို ကွပ်ကဲခြင်း၊ အဆင့်မြင့် တိုက်ပွဲ အစီအရင်

“ ညီအစ်ကိုရှု၊ မင်းကတကယ်ကြီး စာရင်းသွင်းမလို့လား “

ရှုကျိုးက ဆုံးဖြတ်ချက်ချလိုက်သည်ကို မြင်တွေ့လိုက်ရသောအခါတွင် ကျုံးချန်မှ အလောတကြီး သတိပေးလာခဲ့သည် “ ရှေ့တန်းစစ်တပ်နဲ့ ပူးပေါင်းလိုက်တာနဲ့၊ အဲ့တာက ငါတို့က ရှေ့ကို မိုင်ငါးထောင် ဆက်သွားရမှာနော်၊ တကယ်လို့ ငါတို့က ကမ္ဘာ့ကြယ်ရဲ့ ပင်မတပ်စခန်းနဲ့ ရင်ဆိုင်ရမယ်ဆိုရင် …… “

၎င်းမှာ သူက ရှုကျိုးကို မယုံကြည်သောကြောင့် မဟုတ်ဘဲ၊ ဤမစ်ရှင်က အလွန်တရာ အန္တရာယ်များသည်ဟု စစ်ဌာနမှ ပြောထားသောကြောင့် ဖြစ်သည်။

“ တကယ်လို့ ငါတို့က တပ်မ၂ခု ဒါမှမဟုတ် နှစ်ခုထပ်ပိုတဲ့ အင်အားစုနဲ့ ရင်ဆိုင်ရမယ်ဆိုရင်၊ ထွက်ပြေးဖို့ ခက်ခဲနိုင်တယ် “

ကျုံးချန်သည် တလေးတနက် ဖြစ်နေခဲ့သည်။

တပ်မဟာ ၂၃၏ ယခုလက်ရှိ တိုက်ခိုက်ရေးစွမ်းအားက သန်မာအားကောင်းနေပြီဆိုသည်ကို သူသိသော်လည်း၊ စစ်ရေးဆိုင်ရာ ကိစ္စများတွင် အန္တရာယ် အများဆုံးက မျက်ကန်းမောက်မာခြင်းဆိုသည်ကို နားလည်နေခဲ့သည်။

အထူးသဖြင့် ရန်သူ့အင်အားကို ရှင်းရှင်းလင်းလင်း မသိရသေးသည့် ဤကဲ့သို့သော အခြေအနေမျိုးတွင် ဖြစ်ပြီး၊ ဆင်ကန်းတောတိုးသကဲ့သို့ လျှောက်လုပ်ခြင်းမှာ အလွန်တရာ အန္တရာယ်များလှသည်။

ရှုကျိုးကမူ အေးဆေးတည်ငြိမ်နေစဲပင် ဖြစ်သည် “ ကံတရားက ရဲရင့်တဲ့လူတွေကို မျက်နှာသာပေးပါတယ်၊ စစ်ပွဲအမှတ် သုံးဆရနိုင်မဲ့ အခွင့်အရေးက ရဖို့ခက်တယ်၊ ကျွန်တော်တို့က ဒီအခွင့်အရေးကို လက်လွှတ်လိုက်လို့ မဖြစ်ဘူး “

“ ပြီးတော့ ကမ္ဘာ့ကြယ် စစ်တပ်တွေက ဆက်တိုက်နောက်ဆုတ်နေကြတာလေ၊ အဲ့တော့ အကြီးစားတိုက်ပွဲတစ်ခု မဖြစ်လာနိုင်ဘူး “

“ အဲ့တာက ကျွန်တော်တို့က အမှတ်တွေရဖို့ မဖြစ်နိုင်တော့ဘူးလို့ ပြောနေတာပဲလေ “

“ ဒီဟာက ကျွန်တော်တို့ရဲ့ နောက်ဆုံးအခွင့်အရေးတောင် ဖြစ်နေနိုင်တယ် “

ရှုကျိုးမှာ စိတ်ပိုင်းဖြတ်ထားခဲ့ပြီဖြစ်သည်၊ ယခုလက်ရှိအချိန်တွင် သူအလိုအပ်ဆုံးအရာမှာ စစ်ပွဲရမှတ်များပင် ဖြစ်သည်။

စစ်ပွဲရမှတ်များ ရရှိမှသာလျှင် အမြင့်ပိုင်း အဆင့်များသို့ အချိန်တိုအတွင်း ရောက်ရှိနိုင်မည် ဖြစ်သည်။

ကြယ်ပြာဂြိုဟ်အတွက် ကျန်ရှိနေသည့် အချိန်မှာ တဖြည်းဖြည်း လျော့နည်းလာနေသောကြောင့် ပိုမိုသန်မာအားကောင်းလာရန်အတွက် ရနိုင်သမျှ အခွင့်အရေးတိုင်းကို အမိအရ ဖမ်းဆုပ်ထားရမည် ဖြစ်သည်။

ရှုကျိုးသည် ကျုံးချန်ကို ငေးကြည့်လာခဲ့ပြီး၊ သူ၏တွေဝေတုံ့ဆိုင်းမှုကို မြင်လိုက်ရသောအခါတွင် ချက်ချင်းစကားထပ်ပြောလိုက်သည် “ ရှေ့တန်းစစ်တပ်အတွက် နေရာတွေက အကန့်အသတ် ရှိမှာသေချာတယ်၊ တကယ်လို့ ငါတို့က အခုချက်ချင်း စာရင်းမသွင်းဘူးဆိုရင် အဲ့နေရာတွေ အကုန်လုံးကို တစ်ခြားလူတွေ ယူသွားလိမ့်မယ် “

ကျုံးချန်သည် အံကြိတ်၍ ခေါင်းငြိမ့်ပြလာခဲ့သည် “ ကောင်းပြီလေ၊ စာရင်းသွင်းလိုက်ကြတာပေါ့ “

ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှုကျိုးသည် လက်ပတ်ကို ထပ်ဖွင့်ကာ စာရင်းသွင်းနေတော့သည်။

ကံကောင်းထောက်မစွာဖြင့် ရှုကျိုး၏ စာရင်းသွင်းခြင်း လုပ်ငန်းစဥ်ပြီးဆုံးသွားသည့် အချိန်မှာပင် စာရင်းသွင်းခြင်း ပိတ်သွားပြီဟူသော စာတန်းတစ်ခု ပေါ်လာခဲ့သည်။

“ တွေ့လား၊ ကျွန်တော် ပြတ်ပြတ်သားသားလုပ်လိုက်တာက ကံကောင်းသွားတယ် “ ရှုကျိုးမှ ပြုံးပြလာခဲ့သည်။

ကျုံးချန်သည် အနည်းငယ် ကူရာကယ်ရာမဲ့သွားတော့သည် “ ဒီလိုအန္တရာယ်များတဲ့ မစ်ရှင်ကို တပ်ဖွဲ့တွေ အများကြီးက အလောတကြီး စာရင်းသွင်းကြလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ ကြည့်ရတာတော့ ဒီတစ်ခေါက် ကိစ္စပြီးရင် အကြီးစားတိုက်ပွဲတွေ မရှိတော့ဘူးဆိုတာက အားလုံးက သိနေကြတဲ့ပုံပဲ “

ရှုကျိုးမှ အသာအယာ ခေါင်းငြိမ့်ပြလိုက်သည်၊ သို့သော် သူ၏စိတ်နှလုံးသားမှာ လေးလံနေခဲ့သည်။

ကမ္ဘာ့ကြယ် တပ်ဖွဲ့များက မည်သည့်အတွက်ကြောင့် လုံးဝဆုတ်ခွာသွားရလဲဆိုသည်ကို သူမသိသော်လည်း၊ သူသည် ၎င်းက အမှောင်နယ်မြေလမ်းကြောင်းနှင့် သက်ဆိုင်နေလိမ့်မည်ဟု မှန်းဆမိနေခဲ့သည်။

“ အရင်က အချက်အလက်တွေအရတော့ ကမ္ဘာ့ကြယ်ရဲ့ အဆင့်၉ ပညာရှင်တွေက အရင်ဆုတ်သွားကြတာတဲ့။ သူတို့က အမှောင်နယ်မြေလမ်းကြောင်းကို သွားကူနေကြတာများလား “

“ တကယ်လို့ အဲ့လိုသာဖြစ်နေမယ်ဆိုရင် ငါတို့ကြယ်ပြာဂြိုဟ်အတွက် ကျန်နေတဲ့အချိန်က ပိုပြီးတော့တောင် နည်းသွားနိုင်တယ် “

သို့သော် သိပ်မကြာခင် အချိန်မှာပင် ရှုကျိုးမှာ ခေါင်းတခါခါ ဖြစ်သွားခဲ့သည်။

ကွမ်ဟန်ကို တိုက်ခိုက်နေသည့် ကမ္ဘာ့ကြယ် အင်အားစုများနှင့် အမှောင်နယ်မြေလမ်းကြောင်းကို တည်ဆောက်နေသူများက အမှောင်နယ်မြေ၏ တော်ဝင်မိသားစုကြီး နှစ်ခုဆိုသည်ကို သိကြရမည် ဖြစ်သည်။

ထို့အပြင် အဆိုပါ တော်ဝင်မိသားစု နှစ်ခုအကြားတွင် ရန်ငြှိုးများ ရှိနေခဲ့ပြီး၊ အကယ်၍ သူတို့ကသာ ကမ္ဘာနှစ်ခုကြားရှိ လမ်းကြောင်းကို တည်ဆောက်ရန်အတွက် ယာယီစစ်မပြေငြိမ်းထားဘူးဆိုပါက ……..

“ ကြည့်ရတာတော့ အဲ့တာက မဖြစ်နိုင်တာ မဟုတ်ဘူးပဲ “

ရှုကျိုး အတွေးနက်သွားခဲ့သည် “ ဒီနေရာမှာရှိတဲ့ ကမ္ဘာ့ကြယ် ရှေ့တန်းစစ်မြေပြင်ဆီမှာ ဘာတိုးတက်မှုမှ မရှိသေးဘူး။ တကယ်လို့ ငါသာဆိုရင်၊ ကမ္ဘာနှစ်ခုကြားက လမ်းကြောင်းကို ဖွင့်ဖို့ ကူညီပေးလိုက်မှာပဲ၊ အဲ့တာဆိုရင် ကမ္ဘာ့ကြယ်နဲ့ အမှောင်နယ်မြေက လူတွေက နယ်ပယ်ဖိနှိပ်မှုကို လျစ်လျူရှုပြီးတော့ ကြယ်ပြာဂြိုဟ်ပေါ်ကို ဆင်းလာနိုင်ပြီ “

၎င်းကို တွေးမိသွားသောအခါတွင် ရှုကျိုးသည် စိုးရိမ်စိတ်မဝင်ဘဲ မနေနိုင်လောက်သည်အထိ ဖြစ်သွားခဲ့သည်။

အကယ်၍ ထိုကိစ္စကသာ မှန်ကန်နေမည်ဆိုပါက၊ ကြယ်ပြာဂြိုဟ်အတွက် ကျန်ရှိနေသည့် အချိန်မှာ တစ်နှစ်အောက်သို့ ရောက်ရှိသွားမည် ဖြစ်သည်။

သို့သော် ဤအခိုက်အတန့်တွင် ရှုကျိုးသည် တစ်ခြားသော ပြဿနာတစ်ခုကို ရုတ်တရက် စဥ်းစားမိသွားခဲ့သည် “ တိတိကျကျပြောရမယ်ဆိုရင် ကြယ်ပြာဂြိုဟ်နဲ့ ကမ္ဘာ့ကြယ်ကြားမှာ နယ်ပယ်ဖိနှိပ်မှု ရှိနေသင့်တယ်။ ငါတို့က ၃၈မျဥ်းပြိုင်ကို ကျော်လာခဲ့တဲ့အချိန်မှာ နယ်မြေ/နယ်ပယ်ဖိနှိပ်မှုလို့ ခေါ်တဲ့ဟာကို ဘာလို့ မခံစားခဲ့ရတာလဲ “

ထိုအကြောင်းကို သူတွေးတောစဥ်းစားနေသည့် အချိန်မှာပင် သူ၏လက်ပတ်သည် ရုတ်တရက် တုန်ခါလာခဲ့သည်။

ရှုကျိုးမှ ၎င်းကို ဖွင့်ကြည့်လိုက်ရာ ဝမ်ပေ့ဝမ်မှ ဆက်သွယ်ခြင်းဆိုသည်ကို မြင်တွေ့သွားခဲ့သည်။

ဆက်သွယ်ခြင်းဆိုသည်မှာ ပုံမှန်ဖုန်းခေါ်ဆိုခြင်း မဟုတ်ဘဲ၊ သိုင်းပညာရပ်များနှင့် ခေတ်မှီအဆင့်မြင့် နည်းပညာတို့ကို ပေါင်းစပ်ကာ အဝေးမှတစ်ဆင့် အသံ(သို့) သတင်းစကားပို့လွှတ်သည့် ဆက်သွယ်ရေး နည်းလမ်းတစ်ခု ဖြစ်သည်။

ထို့ကြောင့် တစ်ခြားကမ္ဘာတွင် ရှိနေမည်ဆိုလျှင်တောင်မှ သူတို့သည် တစ်ဦးကိုတစ်ဦး အဆက်အသွယ်လုပ်နေနိုင်စဲ ဖြစ်သည်။

“ ဒုဗိုလ်ချုပ်ရှု “

ခေါ်ဆိုမှု ချိတ်ဆက်သွားသည်နှင့်တစ်ပြိုင်နက် ဝမ်ပေ့ဝမ်မှ အလောတကြီး မေးမြန်းလာခဲ့သည် “ ရှေ့တန်းစစ်တပ်အတွက် မင်း စာရင်းသွင်းထားသေးလား “

“ သွင်းထားတယ်လေ “ ရှုကျိုးမှ ပြန်ပြောလာခဲ့သည် “ ခင်ဗျားတို့ကရော “

အစွမ်းထက် တပ်မတစ်ခုဖြစ်သည့် တပ်မ ၁၀၈မှာလည်း စာရင်းသွင်းသင့်ပေသည်။

မထင်မှတ်ထားစွာဖြင့် ဝမ်ပေ့ဝမ်မှာ သက်ပြင်းတချချ ဖြစ်သွားခဲ့သည် “ အရင်တုန်းက ငါတို့ယူနစ်က ကမ္ဘာ့ကြယ်ရဲ့ တပ်ဖွဲ့ကြီး နှစ်ခုနဲ့ ရင်ဆိုင်ခဲ့ရတယ်လေ၊ ခက်ခက်ခဲခဲ တိုက်ခိုက်ခဲ့ရပြီးတဲ့နောက်မှာ ငါတို့က အားသာချက် အနည်းငယ်နဲ့ အနိုင်ရခဲ့တယ်။ ငါကလည်း တိုက်ပွဲမှာ ဒဏ်ရာအပြင်းအထန် ရခဲ့တယ်၊ အဲ့တာကြောင့် ရှေ့တန်းစစ်တပ်အတွက် စာရင်းမသွင်းခဲ့ဘူး “

“ ဘာကြီး “

ရှုကျိုးသည် အနည်းငယ် အံ့ဩတုန်လှုပ်သွားခဲ့သည်၊ တပ်မ ၁၀၈က ကမ္ဘာ့ကြယ်ရဲ့ တပ်ဖွဲ့ကြီးနှစ်ခုနဲ့ တကယ်ကြီး ရင်ဆိုင်ခဲ့ရတာလားဟ

အနီးအနားရှိ ကျုံးချန်မှာလည်း တအံ့တဩဖြစ်သွားခဲ့သည်၊ ကမ္ဘာ့ကြယ်၏ တပ်မကြီးနှစ်ခုနှင့် ရင်ဆိုင်ရခြင်းမှာ စစ်ပွဲရမှတ် မျိုးမျိုးမြတ်မြတ်ရရှိခြင်းပင် ဖြစ်သည်။

ဝမ်ပေ့ဝမ်က ထိုကဲ့သို့သော အောင်ပွဲကြီးကို ရရှိခဲ့သောကြောင့် သူသည် သူ့ကို အတော်လေး အားကျသွားခဲ့သည်။

သို့ရာ၌ တပ်မ ၁၀၈သည် တပ်ရင်း၁၂နှင့် ၁၃တို့ဖြင့် ပေါင်းစပ်ထားသည့် တပ်ဖွဲ့တစ်ခုဖြစ်ပြီး၊ ယခင်က တပ်မတစ်ခုကို ဝိုင်းရံတိုက်ခိုက်ခဲ့စဥ် အချိန်ကပင် အချိန်အတော်ကြာ ယူခဲ့ရသောကြောင့် ယခုတပ်မနှစ်ခုနှင့် ရင်ဆိုင်ရသောအခါတွင် ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်ခဲ့ရမည် ဖြစ်သည်။

ဝမ်ပေ့ဝမ်၏ အသံနေအသံထားကို အကဲခတ်ကြည့်ရခြင်းအားဖြင့် သူ၏ဒဏ်ရာများက အလွန်တရာ ပြင်းထန်နေမည် ဖြစ်သည်။

ကျုံးချန်သည် သူက ကံကောင်းလား၊ ကံဆိုးလားဆိုသည်ကိုပင် ဝေခွဲမရ ဖြစ်သွားတော့သည်။

သို့ရာ၌ တပ်ဖွဲ့ကြီးနှစ်ခုကို ရှင်းလင်းနိုင်ခဲ့သောကြောင့် သူတို့သည် စစ်ပွဲရမှတ် အများအပြားကို သေချာပေါက် ရရှိမည် ဖြစ်သည်။

ရှုကျိုးမှ မေးမြန်းလိုက်သည် “ တပ်မမှူးဝမ်ရဲ့ အခြေအနေက ဘယ်လိုလဲ “

“ ပြဿနာ မရှိပါဘူး။ လက်တစ်ဖက်နဲ့ ခြေတစ်ဖက် ဆုံးရှုံးသွားရုံလောက်ပါပဲ “ ဝမ်ပေ့ဝမ်မှ ပြန်ပြောလာခဲ့သည် “ ငါ့ရဲ့ကျင့်ကြံရေး အဆင့်နဲ့ဆိုရင် သူတို့က သေချာပေါက် ပြန်ပေါက်လာမှာ၊ ဒါပင်မဲ့ ဒဏ်ရာပြန်ပျောက်ဖို့အတွက်တော့ လပိုင်းလောက် အချိန်ယူရလိမ့်မယ် “

ရှုကျိုးမှ ပြန်ပြောလိုက်သည် “ ပြတ်သွားတာတွေကို ပြန်မဆက်လိုက်ဘူးလား “

ဝမ်ပေ့ဝမ်မှ ခေါင်းခါပြလာခဲ့သည် “ တိုက်ပွဲက ပြင်းထန်တော့ ပြတ်သွားတဲ့ ခြေလက်တွေ အကုန်လုံးပေါက်ကွဲသွားတယ်လေ။ တကယ်လို့ ငါသာ အချိန်မှီ မရှောင်ရှားခဲ့ဘူးဆိုရင် ငါ့နှလုံးတောင် ထိုးဖောက်ခံလိုက်ရနိုင်တယ် “

ရှုကျိုးသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းနေတော့သည်၊ ကြည့်ရတာတော့ တပ်မ ၁၀၈က တိုက်ပွဲကြီးတစ်ခုကို တကယ်ရင်ဆိုင်ခဲ့ရတဲ့ပုံပဲ

အနီးအနားရှိ ကျုံးချန်မှာလည်း စိုးရိမ်တကြီးဖြင့် နားထောင်နေခဲ့သည်၊ သူသည် ဝမ်ပေ့ဝမ်က သတ္တမအဆင့်နယ်ပယ်တွင် ကျော်ကြားသည့် နှောင်းပိုင်း သတ္တမအဆင့် ပညာရှင်တစ်ဦးဆိုသည်ကို သိနေခဲ့သည်။

ယခုတွင် သူလိုလူကပင် ထိုကဲ့သို့ အဆုံးသတ်သွားရသောကြောင့် ရန်သူက မည်မျှကြောက်မက်ဖွယ်ကောင်းမည်နည်း

ဝမ်ပေ့ဝမ်မှ ဆက်ပြောလာခဲ့သည် “ မိတ်ဆွေလေးရှု၊ မင်းက ရှေ့တန်းစစ်တပ်အတွက် စာရင်းသွင်းထားပြီးပြီဆိုတော့ ပေါ့ဆလို့ မဖြစ်ဘူးနော်။ တကယ်လို့ နှစ်ခုထပ်ပိုတဲ့ တပ်မတွေနဲ့ ရင်ဆိုင်ရမယ်ဆိုရင် ရှောင်တိမ်းဖို့ အမှတ်ရပါ “

……………………………………………………………………………………………………………………………………..

အပိုင်း ( 539 )

အင်အား တစ်သောင်းပါ တပ်ဖွဲ့ကို ကွပ်ကဲခြင်း၊ အဆင့်မြင့် တိုက်ပွဲ အစီအရင် ၂

“ ဒီတစ်ခါ မိုင်ငါးထောင် ချီတက်ရမှာက အန္တရာယ်တွေနဲ့ ပြည့်နေမှာ သေချာတယ်။ ၃၈မျဥ်းပြိုင်နဲ့ ပိုဝေးလေလေ၊ ကမ္ဘာ့ကြယ် သိုင်းပညာရှင်တွေအပေါ်မှာ ရှိနေတဲ့ ဖိနှိပ်မှုက ပိုအားပျော့သွားလေလေပဲ “

ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှုကျိုး၏ စိတ်နှလုံးသား လှုပ်ခတ်သွားခဲ့သည်။

“ ဒီကောင်းကင်ဂိတ်က ကမ္ဘာ့ကြယ်ရဲ့ အစိတ်အပိုင်းတစ်ခု မဟုတ်ဘူးလား။ သူတို့က ဖိနှိပ်မှုကို ရင်ဆိုင်နေရသေးတာလား “

“ ဒါပေါ့၊ အဲ့လိုမှ မဟုတ်ဘူးဆိုရင် စစ်ဌာနက ငါတို့ကို ဘယ်လိုလုပ် ၃၈မျဥ်းပြိုင်ကို ကျော်ဖြတ်ခွင့်ပေးမှာလဲ “

ဝမ်ပေ့ဝမ်မှ ရယ်ရယ်မောမောဖြင့် ပြန်ပြောလာခဲ့သည် “ ငါတို့စကြာဝဠာမှာရှိတဲ့ နိယာမစည်းမျဥ်းတွေက ကမ္ဘာ့ကြယ်ထပ် ပိုပြီးတော့ အားကောင်းတယ်။ အဲ့တာကြောင့် ကမ္ဘာနှစ်ခု ချိတ်ဆက်သွားခဲ့တဲ့အချိန်မှာ၊ ကြယ်ပြာဂြိုဟ်ရဲ့ နိယာမစည်းမျဥ်းတွေက ၃၈မျဥ်းပြိုင်အထိ နယ်ချဲ့လာပြီးတော့ မိုင်ထောင်နဲ့ချီတဲ့ နေရာတွေဆီ ပျံ့နှံ့သွားတယ် “

“ အဲ့တာကြောင့် ငါတို့တပ်တွေက အလွယ်တကူ ချီတက်နိုင်နေတာ “

“ တကယ်လို့ ငါတို့ကသာ ရှေ့ဆက်သွားနေဦးမယ်ဆိုရင် နိယာမစည်းမျဥ်းတွေက သေချာပေါက် အားပျော့သွားမှာ၊ လုံးဝပျောက်သွားတာမျိုးတောင် ဖြစ်နိုင်တယ် “

ဝမ်ပေ့ဝမ်မှ လေးလေးနက်နက် ပြောဆိုနေခဲ့သည် “ အဲ့ဒီအချိန်ကျရင် ကမ္ဘာ့ကြယ် သိုင်းပညာရှင်တွေက လွတ်လွတ်လပ်လပ် ဖြစ်သွားပြီးတော့ ငါတို့ကပဲ ဖိနှိပ်ခံနေရတော့မှာ “

ရှုကျိုးမှ မေးခွန်းထုတ်လာခဲ့သည် “ စစ်ဌာနက နောက်ထပ်မိုင်ငါးထောင်အထိ ဆက်ပြီးတော့ ချီတက်ခိုင်းတာက အဲ့နေရာက ကြယ်ပြာဂြိုဟ်ရဲ့ နိယာမစည်းမျဥ်းတွေ လုံးဝပျောက်သွားတဲ့ နေရာမို့လို့လား “

“ အဲ့လိုမျိုးပဲ ဖြစ်ဖို့များတယ် “

ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှုကျိုးမှာ အတွေးနက်သွားရတော့သည်။

အရှေ့တွင် ‌စောင့်ကြိုနေသည့်လမ်းသည် သူထင်ထားသည်ထပ် ပိုမိုခက်ခဲကြမ်းတမ်းနေပုံရသည်။

ရှေ့ဆက်သွားလေလေ ကြယ်ပြာဂြိုဟ်၏ နိယာမစည်းမျဥ်းများက ပျောက်ကွယ်သွားလေလေဖြစ်ပြီး၊ ကမ္ဘာ့ကြယ် သိုင်းပညာရှင်များအပေါ်တွင် ရှိနေသည့် ဖိနှိပ်မှုမှာလည်း ပိုမိုလျော့ကျသွားမည် ဖြစ်သည်။

၎င်းမှာ သူတို့၏ ရန်သူများက ပိုမိုအစွမ်းထက်လာပြီဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။

အကယ်၍ သူတို့ကသာ ကြယ်ပြာဂြိုဟ်၏ နိယာမစည်းမျဥ်းများ အပြည့်အဝ ပျောက်ကွယ်သွားရာ နေရာအထိ မိုင်ငါးထောင်တိတိ ရှေ့ဆက်နိုင်ဦးမည်ဆိုပါက၊ ကမ္ဘာ့ကြယ် သိုင်းပညာရှင်တို့သည် သူတို့၏ စွမ်းအားကို အင်ပြည့်အားပြည့် ထုတ်သုံးနိုင်တော့မည် ဖြစ်သည်။

ထိုနေရာတွင် ကမ္ဘာ့ကြယ်၏ တပ်ဖွဲ့ကြီးများက အခြေစိုက် တပ်စွဲထားမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

“ ဆိုတော့ ကျွန်တော်တို့ တွေ့ခဲ့ရတဲ့ ကမ္ဘာ့ကြယ်သားတွေက သူတို့ရဲ့ တကယ့်စွမ်းအား ထုတ်မပြရသေးဘူးပေါ့ “

ရှုကျိုးမှ မှတ်ချက်ပေး၊ စကားပြောလာခဲ့သည်။

ဝမ်ပေ့ဝမ်သည် ခေါင်းငြိမ့်ပြလာခဲ့ကာ သက်ပြင်းချနေတော့သည် “ ကမ္ဘာ့ကြယ်သားတွေက ………. ငါတို့ထပ် တကယ်ကို အများကြီး ပိုစွမ်းတယ်။ သူတို့က ဖိနှိပ်ခံနေခဲ့ရတဲ့ အချိန်မှာတောင်မှ၊ ငါတို့က သူတို့ကို ခက်ခက်ခဲခဲ ရင်ဆိုင်နေခဲ့ရတာ “

“ တကယ်လို့ ဖိနှိပ်မှုတွေသာ မရှိတော့ဘူးဆိုရင်တော့ ငါတို့က သူတို့ကို ယှဥ်နိုင်တော့မှာ မဟုတ်ဘူး “

“ အဲ့တာကြောင့်ပဲ သူတို့က အထင်မသေးနဲ့လို့ ငါမင်းကို ပြောနေရတာ “

ဝမ်ပေ့ဝမ်၏ အသံထဲတွင် စိုးရိမ်ပူပန်မှု အရိပ်အငွေ့များ စွန်းထင်းနေလျက်ရှိသည်။

သူသည် ရှုကျိုး၏ စွမ်းရည်နှင့် ပါရမီတို့ကို သိနေခဲ့သည်၊ သူသာ တိုးတက်ကြီးပျင်းလာသရွေ့၊ သူသည် နဝမအဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦး ဖြစ်သွားမည် ဖြစ်သည်။

“ သိပါပြီ၊ ကျွန်တော် ဂရုစိုက်မှာပါ “ ရှုကျိုးမှ ပြန်ပြောလိုက်သည်။

“ ဒါနဲ့ “ ဝမ်ပေ့ဝမ်မှ စကားဆက်ပြောလာခဲ့သည် “ မင်းက တပ်သားတွေကို ထပ်ယူနိုင်သေးလား “

ရှုကျိုးသည် အနည်းငယ် စိတ်လှုပ်ရှားသွားကာ ခေါင်းငြိမ့်ပြလိုက်သည် “ ရလောက်ပါတယ်၊ ဘာဖြစ်လို့လဲ “

ဝမ်ပေ့ဝမ်မှ ပြုံးပြလာခဲ့သည် “ ငါက ဒဏ်ရာအပြင်းအထန် ရထားခဲ့ပင်မဲ့၊ ငါ့တပ်ဖွဲ့က လူတွေကတော့ တိုက်ပွဲဝင်နေနိုင်တုန်းပဲလေ။ တကယ်လို့ မင်းက သူတို့ကို ယူနိုင်မယ်ဆိုရင်၊ မင်းကို ယာယီအနေနဲ့ လူငှားပေးလိုက်မယ် “

“ တကယ်လို့ လူအင်အား တစ်သောင်းပါတဲ့ တပ်မတစ်ခုကို ထိန်းချုပ်လိုက်မယ်ဆိုရင်၊ မင်းက ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ နည်းလမ်းတွေ ပိုရလာလိမ့်မယ် “

လူတစ်သောင်း ပါဝင်သည့် တပ်မတစ်ခု၊ လူရှစ်ထောင်ပါဝင်သည့် တပ်မဟာတစ်ခုနှင့် လူနှစ်ထောင်သာ ကွာခြားသော်လည်း၊ ၎င်း၏ ထိန်းချုပ်မှုကမူ လုံးဝကွဲပြားသွားခဲ့ပြီ ဖြစ်သည်။

တိုက်ပွဲအစီအရင်များကို အဆင့်များအလိုက် အမျိုးအစား ခွဲခြားထားသည်ဆိုသည်ကို သိသင့်ပေသည်။

စဦးတိုက်ပွဲ အစီအရင်တွင် လူတစ်ထောင်အောက်သာ ပါဝင်ပေသည်။

အလယ်အလတ် တိုက်ပွဲ အစီအရင်တွင်မူ လူရှစ်ထောင်အောက်သာ ပါဝင်နေခဲ့သည်။

အဆင့်မြင့် အစီအရင်၌ လူတစ်သောင်းနှင့်အထက် ပါဝင်နေခဲ့သည်။

လူအင်အားတစ်သောင်းဟူသည့် စံနှုန်းကို ရရှိထားမှသာလျှင် အဆင့်မြင့် အစီအရင်တစ်ခုကို ဖွဲ့စည်းနိုင်မည် ဖြစ်သည်။

၎င်းမှာ လူတစ်သောင်း ပါဝင်သည့် တပ်မတစ်ခု၏ တိုက်ပွဲအစီအရင်တစ်ခုက ထုတ်လွှတ်သည့် စွမ်းအားက လူရှစ်ထောင်ပါဝင်သည့် တိုက်ပွဲ အစီအရင်က ယှဥ်နိုင်သော အရာမဟုတ်ဘူးဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ဝမ်ပေ့ဝမ်သည် မအောင့်ထားနိုင်တော့ဘဲ မေးမြန်းလာခဲ့သည် “ ရှုကျိုး၊ မင်းက အဆင့်မြင့် အစီအရင်တွေကို ကျွမ်းတယ်လေ၊ ဟုတ်တယ်မလား “

“ ကျွန်တော် တတ်ပါတယ် “ ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်၊ ဒုဗိုလ်ချုပ်တစ်ဦးဖြစ်သည့်အလျောက် ထိုကဲ့သို့သော ကိစ္စများကို မရှိမဖြစ် လိုအပ်ပေသည်။

သို့ရာ၌ အဆင့်မြင့် တိုက်ပွဲ အစီအရင်များကိုပင် အနိမ့်ပိုင်း၊ အလယ်အလတ်နှင့် အမြင့်ပိုင်းဟူ၍ ထပ်မံ၍ အမျိုးအစား ခွဲခြားထားပြန်သည်။

အနိမ့်ပိုင်းအဆင့် အဆင့်မြင့် တိုက်ပွဲ အစီအရင်တွင် လူတစ်သောင်းကျော်မျှသာ ပါဝင်ပေသည်။

အလယ်အလတ်အဆင့် အဆင့်မြင့် တိုက်ပွဲ အစီအရင်တွင်မူ လူနှစ်သောင်းကျော်ပါဝင်နေခဲ့သည်။

အမြင့်ပိုင်း အဆင့်မြင့် တိုက်ပွဲ အစီအရင်၌ လူငါးသောင်းကျော် ပါဝင်နိုင်ပေသည်။

ထိုအဆင့် တိုက်ပွဲအစီအရင်အား အဌမအဆင့် ပညာရှင်များကသာလျှင် တာဝန်ယူနိုင်ပေသည်။

ထို့အပြင် ၎င်းတို့ထပ် ပိုမိုအဆင့်မြင့် အဆင့်တစ်ဆင့် ရှိနေသေးသည်၊ ၎င်းမှာ လူအယောက် တစ်သိန်းဖြင့် ဖွဲ့စည်းသော တားမြစ်အဆင့် တိုက်ပွဲ အစီအရင်ဖြစ်ပြီး၊ ထိုအဆင့်သို့ ရောက်သွားသည်နှင့်တစ်ပြိုင်နက် စစ်မှန်သည့် သေခြင်းရှင်ခြင်း တိုက်ပွဲတစ်ခုကို ဆင်နွှဲရမည် ဖြစ်သည်။

သို့သော် ယခုလက်ရှိ အချိန်၌ ရှုကျိုးသည် အနိမ့်ပိုင်း အဆင့်မြင့် အစီအရင်ကိုသာလျှင် နားလည်တတ်မြောက်ထားခဲ့သည်။

သူသည် ကျင့်ကြံရေးနှင့်သာ အလုပ်များနေသောကြောင့် ထိုကဲ့သို့သော ကိစ္စများကို ပြုလုပ်ခဲ့လှသည်။

သို့သော် ထိုကဲ့သို့ ဖြစ်နေမည်ဆိုလျှင်တောင်မှ လူအင်အား တစ်သောင်းပါဝင်သည့် တိုက်ပွဲ အစီအရင်မှာ သူအလွယ်တကူ ကိုင်တွယ်နိုင်သည့် အရာဖြစ်သည်။

“ အခုမင်းထိန်းချုပ်နိုင်တဲ့ စစ်သည်တော် အရေအတွက်က ဘယ်လောက်လဲ “ ဟုဝမ်ပေ့ဝမ်မှ မေးမြန်းလာခဲ့သည်။

ရှုကျိုးသည် တွေးတွေးဆဆဖြင့် ပြန်ပြောလာခဲ့သည် “ ကျွန်တော်က အများဆုံးအနေနဲ့ စစ်သည်တော် တစ်သောင်းငါးထောင်ကို ထိန်းချုပ်နိုင်လောက်တယ် “

“ တစ်သောင်းခွဲလား “ ဝမ်ပေ့ဝမ်သည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

အဘယ့်ကြောင့်ဆိုသော် သူကိုယ်တိုင်ကပင် အများဆုံးအနေနှင့် လူအင်အား နှစ်သောင်းကိုသာ ထိန်းချုပ်နိုင်သောကြောင့် ဖြစ်သည်၊ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက သူသည် တပ်ရင်း ၁၂နှင့် ၁၃ကို လက်အောက်ခံ တပ်များအဖြစ်သာ သတ်မှတ်ထားမည် မဟုတ်ဘဲ၊ တပ်မ၁၀၈နှင့် တစ်ခါတည်း ပေါင်းစည်းလိုက်မည် ဖြစ်သည်။

ဆဌမအဆင့်မှာပဲ ရှိနေသေးတဲ့ ရှုကျိုးက လူအင်အား တစ်သောင်းခွဲကို ထိန်းချုပ်နေနိုင်ပြီလားဟ

“ ကျွန်တော် ထူးခြားနေလို့ တိုက်ပွဲ အစီအရင်တွေကို စီမံဖို့ သင့်တော်နေတာ ဖြစ်နိုင်ပါတယ် “ ဟုရှုကျိုးမှ အပြုံးဖြင့် ပြန်ပြောလာခဲ့သည်။

ဒြပ်စင်ငါးပါး နတ်နည်းစနစ်ကို လေ့ကျင့်ထားသောကြောင့် တိုက်ပွဲ အစီအရင်များအပေါ်တွင် ရှိနေသည့် သူ၏ထိန်းချုပ်နိုင်စွမ်းမှာ ပို၍အားကောင်းနေခဲ့သည်။

ဝမ်ပေ့ဝမ်သည် ထပ်မံ၍ မမေးမြန်းလာတော့ပေ၊ လူတိုင်းထ့တွင် လျှို့ဝှက်ချက် ကိုယ်စီရှိကြပေသည်။

သူသည် ချက်ချင်း စကားပြန်ပြောလာခဲ့သည် “ မင်းဆီကို တပ်သား ခုနစ်ထောင် ပို့လိုက်မယ်။ ဒါပင်မဲ့ ငါ့ရဲ့ ၁၀၈တပ်မမှာက လူအင်အား သုံးထောင်ပဲ ကျန်တော့တယ်၊ ကျန်တဲ့ လူလေးထောင်ကို တပ်ရင်း ၁၂နဲ့ ၁၃ဆီက ယူလိုက်မယ် “

“ ပြဿနာ မရှိပါဘူး “ ရှုကျိုးမှ သဘောတူညီစွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

တပ်ရင်း ၁၂နှင့် ၁၃တို့မှာလည်း သံချပ်ကာ ပေါင်းစပ် တပ်ရင်းများ ဖြစ်ပြီး၊ ထိုစစ်သည်တော်တို့၏ အရည်အသွေးက ၁၀၈တပ်မကို မမှီသော်လည်း၊ များစွာ ဝေးကွာမနေခဲ့ပေ။

ဆက်သွယ်မှုကို အဆုံးသတ်လိုက်ပြီးသည့်နောက်၌ ရှုကျိုး၏ မျက်နှာပေါ်တွင် မျှော်လင့်စောင့်စားနေသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည်။

“ လူတစ်သောင်းခွဲပါတဲ့ တိုက်ပွဲ အစီအရင်ကို ထိန်းချုပ်ရတာက ဘယ်လိုမျိုး ဖြစ်နေမလဲဆိုတာကို ငါသိချင်နေပြီ “

ယခုလက်ရှိ အချိန်တွင် သူသည် လူအင်အား ရှစ်ထောင်ပါဝင်သည့် တိုက်ပွဲ အစီအရင်ကို ဦးဆောင်ထိန်းချုပ်ကာ လူတစ်သောင်းပါဝင်သည့် ကမ္ဘာ့ကြယ် တပ်မတစ်ခုကို ယှဥ်နေနိုင်ပြီ ဖြစ်သည်။

သို့သော် လူတစ်သောင်းငါးထောင်ပါဝင်သည့် အစီအရင်နှင့် အဆင့်မြင့် နည်းစနစ်တစ်ချို့ကို ပေါင်းစပ်အသုံးပြုလိုက်မည်ဆိုပါက၊ လူအင်အား နှစ်သောင်းပါဝင်သည့် တပ်မတစ်ခုကို ရင်ဆိုင်ရန်မှာ မျှော်လင့်ချက်မဲ့နေမည်တော့ မဟုတ်ပေ။

ဘေးတစ်ဖက်ရှိ ကျုံးချန်ကမူ ထိုကဲ့သို့ အကောင်းမြင်မနေခဲ့ပေ “ တပ်မမှူးဝမ်ကတောင် ဒဏ်ရာအပြင်းအထန်ရထားတယ်၊ ငါတို့က ရှေ့တန်းတပ်ဖွဲ့အတွက် စာရင်းသွင်းထားတာကြောင့် ပိုပြီးတော့ သတိထားမှ ဖြစ်မယ် ……. “

သူ၏အမြင်တွင် လူအင်အားတစ်သောင်းပါဝင်သည့် အစီအရင်ကပင် ကမ္ဘာ့ကြယ်၏ တပ်မနှစ်ခုကို ယှဥ်နိုင်မည် မဟုတ်ပေ။

…

တစ်ခဏခန့် အကြာတွင် ဝမ်ပေ့ဝမ် ပို့လိုက်သည့် စစ်သည်တော် ခုနစ်ထောင်သည် တပ်မဟာ ၂၃ထံသို့ ရောက်ရှိလာခဲ့သည်။

ရှုကျိုးမှ သူတို့ကို အကြမ်းဖျင်း ကြည့်ရှုလိုက်ရာ၊ သူတို့အားလုံးက သံချပ်ကာ ဝတ်ဆင်ထားကြပြီး၊ လူအများစုက ပဥ္စမအဆင့် ပညာရှင်များဖြစ်ကာ လူနည်းစုက စတုတ္ထအဆင့် ပညာရှင်များဖြစ်သည်ကို မြင်တွေ့လိုက်ရသည်။

ထိုလူများအနက် ဆဌမအဆင့် ပညာရှင် အယောက်တစ်ရာကျော်နှင့် အစောပိုင်း သတ္တမအဆင့် ပညာရှင် အနည်းငယ်တို့ပင် ရှိနေခဲ့သည်။

“ တပ်မမှူးဝမ်က တကယ့်လက်ရွေးစင်တွေကို လွှတ်လိုက်တာပဲ “ ရှုကျိုးသည် မနေနိုင်တော့ဘဲ အသံထွက်၍ ရေရွတ်ပြောဆိုမိသွားခဲ့သည်။

အစောပိုင်း သတ္တမအဆင့် ပညာရှင်များအနက်မှ လူတစ်ဦးသည် ချက်ချင်း ရှေ့တက်လာခဲ့ပြီး၊ ရှုကျိုးကို အလေးပြုလာခဲ့သည် “ ဒုဗိုလ်ချုပ်ရှု၊ ၁၀၈တပ်မရဲ့ တပ်မမှူးဝမ်က ဒီကို အကူအညီလာပေးဖို့ ကျွန်တော်တို့ကို အမိန့်ပေးထားပါတယ်၊ ကျွန်တော်တို့က ဗိုလ်ချုပ်ရဲ့ အမိန့်တွေကို စောင့်နေတာပါ “

ဤကဲ့သို့သော် မြင်ကွင်းမျိုးသည် စစ်တပ်အတွင်းမှာပင် အလွန်တရာ ရှားပါးလွန်းနေခဲ့သည်။

အဆင့်မြင့် ပညာရှင်တစ်ဦးက အလယ်အလတ်အဆင့် ပညာရှင်တစ်ဦးကို အလေးပြုကာ အမိန့်များ တောင်းခံခြင်း …….

ရှုကျိုးသည် သူ့ကို ကြည့်ကာ စကားပြောလိုက်သည် “ ခင်ဗျားက “

အစောပိုင်း သတ္တမအဆင့် ပညာရှင်မှ အေးအေးလူလူ ပြန်ပြောလာခဲ့သည် “ ကျွန်တော်က တပ်မ ၁၀၈ရဲ့ လက်အောက်က တပ်ရင်း ၁၀၃ရဲ့ တပ်မှူးဟောင်း ချင်ကျန်းဂျောင်ပါ “

ရှုကျိုးသည် ခေါင်းငြိမ့်ပြလိုက်ပြီး၊ တပ်မဟာ ၂၃ဘက်သို့ လှည့်ကြည့်ကာ လေချွန်လိုက်သည်။

“ တပ်မဟာ ၂၃၊ လူစုမယ် “

“ ဝှစ် “

အမိန့်စကားပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် တပ်စခန်းအတွင်းရှိ ပုံရိပ်များသည် ကောင်းကင်ထက်သို့ ပြေးတက်လာကြသည်။

လူရှစ်ထောင်သည် တိုက်ပွဲအစီအရင်တစ်ခုကို လျင်မြန်စွာ ဖွဲ့စည်းလိုက်ကြပြီး၊ သတ်ဖြတ်လိုစိတ်တို့ဖြင့် ပြည့်နှက်နေသည့် တိမ်မည်းများက ကောင်းကင်ထက်တွင် အုံ့စိုင်းနေသည့်အလား ဖြစ်နေခဲ့သည်။

သူတို့ကို ဦးဆောင်နေသည့် ကျန်းယွမ်တုန်မှ အော်ပြောလာခဲ့သည် “ တပ်မဟာ ၂၃ လူစုပြီးပါပြီး၊ အမိန့်တွေကို စောင့်နေပါတယ် “

“ အမိန့်တွေကို စောင့်နေပါတယ် “

တပ်မဟာ ၂၃၏ စစ်သည်တော် အကုန်လုံးမှ တစ်ညီတစ်ညာတည်း အော်ဟစ်လာခဲ့ရာ အသံများသည် ကောင်းကင်ထက်သို့ပင် ပဲ့တင်ထပ် ပျံ့လွင့်သွားခဲ့သည်။

ချင်ကျန်းဂျောင်သည် ထိုမြင်ကွင်းကို မြင်တွေ့ကာ အံ့အားသင့်သွားခဲ့သည်။

ဤကဲ့သို့သော အမြန်နှုန်းနှင့် သတ်ဖြတ်လိုစိတ်များကို ပိုင်ဆိုင်ထားခြင်းသည် ပျက်စီးနေသော ယူနစ်တစ်ခု မဟုတ်ပေ။

ရှုကျိုးသည် စိတ်ကျေနပ်စွာဖြင့် ခေါင်းငြိမ့်ကာ၊ ထို့နောက်တွင် ချင်ကျန်းဂျောင်ကို လှည့်ကြည့်ကာ စကားထပ်ပြောလိုက်သည် “ တပ်ထဲမှာ နေရာဝင်ယူပြီးတော့ အဆင့်မြင့် တိုက်ပွဲအစီအရင်ကို ဖွဲ့ပါ “

“ ဟုတ် “

စစ်သည်တော် ခုနစ်သည် တပ်မဟာ ၂၃၏ အစီအရင်ထဲသို့ ချက်ချင်း ပျံသန်းလာကြသည်။

အဆင့်မြင့် အစီအရင် ဖွဲ့စည်းခြင်း နည်းလမ်းသည် အလယ်အလတ် အစီအရင်ထပ် ခက်ခဲနေသောကြောင့် ဤတစ်ကြိမ်တွင် ချိန်ညှိုမှုတစ်ချို့ ပြုလုပ်ရန် လိုအပ်သည်။

အထူးသဖြင့် ဆဌမအဆင့် အထွတ်အထိပ် ပညာရှင်များဖြစ်ပြီး၊ အဆင့်မြင့် အစီအရင်တွင် ပါဝင်သည့် သူတို့၏ အခန်းကဏ္ဍသည် ယခင်ကထပ် ပိုမို အရေးပါနေခဲ့ကာ ပြောင်းလဲပြင်ဆင်မှု တစ်ချို့ ပြုလုပ်ရမည် ဖြစ်သည်။

ငါးမိနစ် အကြာတွင်

အဆင့်မြင့် တိုက်ပွဲအစီအရင် ဖြစ်တည်လာခဲ့သည်။

ဒုတပ်မှူးဖြစ်သည့် ချင်ကျန်းဂျောင်သည် စူးရှထက်မြိသော အကြည့်တို့ဖြင့် ရှုကျိုးကို ကြည့်လာခဲ့သည်။

ယခုတွင် လူအင်အား တစ်သောင်းငါးထောင်ဖြင့် ဖွဲ့စည်းထားသော အဆင့်မြင့် တိုက်ပွဲ အစီအရင်ကို ဖွဲ့စည်းထားခဲ့ပြီ ဖြစ်ပြီး၊ ကျန်ရှိနေသော ကိစ္စမှာ ရှုကျိုး၏ တာဝန်သာဖြစ်သွားပြီဖြစ်သည်၊ တပ်မှူးဖြစ်သည့် ရှုကျိုးက ၎င်းကို ထိန်းချုပ်နိုင်သင့်ပေသည်။

သတ္တမအဆင့် ပညာရှင်တစ်ဦးဖြစ်သည့် ချင်ကျန်းဂျောင်သည် ရှုကျိုးထံတွင် လူထောင်ပေါင်းများစွာပါဝင်သည် အစီအရင်ကို ကောင်းစွာထိန်းချုပ်နိုင်သည့် စွမ်းရည်ရှိသည်ဟု ကြားသိထားရသောကြောင့် သူ့ကို လေးစားနေခဲ့သည်။

သို့သော် အကယ်၍ ရှုကျိုးထံတွင် ထိုကဲ့သို့သော စွမ်းရည်မျိုး မရှိဘူးဆိုပါက၊ ချင်ကျန်းဂျောင်သည် သူ့လက်အောက်တွင် တာဝန်ထမ်းဆောင်ရန်အတွက် သူ့ကိုယ်သူ နှိမ့်ချလိုက်မည် မဟုတ်ပေ။

…………………………………………………………………………………………………………………………………………

အပိုင်း ( 540 )

ငါနဲ့တွေ့ရတဲ့အတွက် မင်းကံဆိုးသွားပြီ

ဤအခိုက်အတန့်တွင် စစ်သည်တော် တစ်သောင်းငါးထောင်သည် တိုက်ပွဲ အစီအရင်ကို ဖွဲ့စည်းခဲ့ပြီးပြီ ဖြစ်သည်။

လူတစ်ဦးချင်းစီတိုင်းသည် နက်မှောင်နေသည့် အနက်ရောင် ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားခဲ့ပြီး၊ လေထုထဲတွင် မတ်တပ်ရပ်နေလျက်ရှိသည်၊ အဝေးမှ လှမ်းမျှော်ကြည့်ရှုလိုက်မယ်ဆိုပါက သူတို့သည် ဖိနှိပ်မှုကို ထုတ်လွှတ်နေသည့် တိမ်သားတိမ်စိုင်ကြီးများသကဲ့သို့ ဖြစ်နေသည်ကို မြင်တွေ့ရမည် ဖြစ်သည်။

ရှုကျိုးသည် မအောင့်ထားနိုင်တော့ဘဲ စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချနေတော့သည် “ လူအင်အား တစ်သောင်းခွဲပါတဲ့ အစီအရင်က လူရှစ်ထောင်ပါတဲ့ အစီအရင်နဲ့ တကယ်ကို မတူဘူးပဲ “

ချက်ချင်းဆိုသလိုပင် သူသည် တပ်မှူးနေရာဆီသို့ သွားလိုက်သည်။

အားကောင်းသော ပြိုင်ဘက်ကင်း စွမ်းအင်များသည် စီးဆင်းနေသည့် ရေစီးကြောင်းတစ်ခုကဲ့သို့ ရှုကျိုး၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာခဲ့သည်။

အဆိုပါ စွမ်းအင်သည် အလွန်တရာ အားကောင်း ပြင်းထန်နေခဲ့ပြီး၊ အကယ်၍ သာမန်ဆဌမအဆင့် ပညာရှင်တစ်ဦးသာဆိုပါက အဆိုပါ စွမ်းအင်ကြောင့် ချက်ချင်း ပေါက်ကွဲသွားမည် ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် ရှုကျိုးသည် ဒြပ်စင်ငါးပါး နတ်နည်းစနစ်ကို နားလည်နေခဲ့ပြီး၊ သူ၏ခန္ဓာကိုယ်သည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့နှင့် လုံးဝပေါင်းစည်းသွားတော့သည်။

စွမ်းအင်က မည်မျှပင် အားကောင်းပြင်းထန်နေပါစေ၊ သူသည် ၎င်းကို အလွယ်တကူ ထိန်းချုပ်နိုင်ပေသည်။

တစ်နည်းဆိုရသော် ယခုတွင် သူသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေစွမ်းအင်တို့၏ ပေါင်းကူးတံတားသဖွယ် ဖြစ်နေခဲ့ပြီး၊ စွမ်းအင်အားလုံးကို စုပ်ယူနိုင်ကာ၊ ၎င်းတို့အား ပြန်လည် ထုတ်လွှတ်ပေးနေနိုင်ပြီ ဖြစ်သည်။

၎င်းမှာ စစ်တပ်၏ တပ်မှူးရာထူးနှင့် အလွန်တရာ သင့်တော်နေခဲ့သည်။

တပ်မှူတစ်ဦး၏ တာဝန်မှာ တိုက်ပွဲ အစီအရင်တစ်ခုလုံး၏ စွမ်းအားကို စုစည်းကာ၊ သူ၏နယ်ပယ်ထပ် သာလွန်သည့် စွမ်းအားကောင်း တိုက်ကွက်များကို ဖန်တီးရခြင်းပင် ဖြစ်သည်။

“ ဖွဲ့စည်း “

ဤအခိုက်အတန့်တွင် ရှုကျိုးသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းကာ စစ်သည်တော် တစ်သောင်းငါးထောင်စလုံး၏ စွမ်းအင်များကို သိပ်သည်းစေလိုက်သည်။

“ အင်အားကြီး တိုက်ခိုက်ရေး အစီအရင် ဖွဲ့ “

ရှုကျိုးမှ ကျယ်လောင်စွာ အော်ပြောလာခဲ့သည်။

“ ဟူးဝါးးး “

သူ၏အမိန့်အောက်တွင် ကြီးမားသော တိုက်ပွဲ အစီအရင်သည် ၎င်း၏ လည်ပတ်မှုကို ချက်ချင်း ပြောင်းလဲကာ အင်အားကြီး တိုက်ခိုက်ရေး အစီအရင်ကို ဖွဲ့စည်းနေတော့သည်။

စစ်ပွဲအစီအရင်က မည်မျှပင် ပြောင်းလဲလည်ပတ်နေပါစေ၊ တပ်မှူးဖြစ်သည့် ရှုကျိုးမှာ တည်ငြိမ်နေစဲပင် ဖြစ်သည်။

လေယာဥ်တင်ရေကြောင်း တိုက်ခိုက်ရေး သဘော်အုပ်စုကဲ့သို့ပင်၊ ဘေးပတ်ပတ်လည်ရှိ သဘော်များ ဖွဲ့စည်းမှုက မည်ကဲ့သို့ ပြောင်းလဲနေခဲ့ပါစေ၊ အလယ်ဗဟိုတွင် ရှိနေသည့် လေယာဥ်တင် သဘော်ကမူ မပြောင်းမလဲ တည်ငြိမ်နေခဲ့သည်။

မကြာခင် အချိန်မှာပင် လူတစ်သောင်းငါးထောင်ဖြင့် ဖွဲ့စည်းထားသည့် အင်အားကြီး တိုက်ခိုက်ရေး အစီအရင်မှာ ပုံပေါ်ဖြစ်တည်လာခဲ့သည်။

“ ဖွဲ့စည်း “

ရှုကျိုးမှ သူ၏လက်ကို ဝေ့ရမ်းလိုက်ရာ၊ အားကောင်းသော စွမ်းအင်တစ်ခု ပေါက်ထွက်လာခဲ့ပြီး၊ ငွေဖြူရောင် ဓားရှည်တစ်လက်သည် တိုက်ပွဲ အစီအရင်၏ အထက်ကောင်းကင်ယံတွင် ပုံပေါ်ဖြစ်တည်လာခဲ့သည်။

စွမ်းအင်တို့ဖြင့် ဆက်တိုက် အားဖြည့်နေခဲ့သောကြောင့် ငွေဖြူရောင် ဓားရှည်သည် လေတိုက်တိုင်း ကြီးမားလာခဲ့သည်။

မီတာ ၁၀၀၊ မီတာ ၁၀၀၀၊ မီတာ ၁၀၀၀၀ …….

မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းသည် မီတာ သုံးထောင်အထိ ရှည်ထွက်ကြီးမားလာခဲ့ပြီး၊ တောင်တန်းဒေသတစ်ခုလုံးကို ဖုံးအုပ်လုနီးပါး ဖြစ်သွားခဲ့သည်။

“ ခုတ် “

ရှုကျိုးမှ အော်ဟစ်လာခဲ့သည်၊ ကြောက်မက်ဖွယ်ကောင်းသည့် မီတာ သုံးထောင် ရှည်လျား‌သော ဓားသည် မိုင်တစ်ရာအကွာရှိ တောင်တစ်လုံးပေါ်သို့ ကျဆင်းသွားခဲ့သည်။

ဝရုန်းးဟူသော အသံနှင့်အတူ ဓားရွေ့လျားလာခဲ့ပြီး၊ လေဟာနယ်ထဲတွင် မီတာ သောင်းနှင့်ချီ၍ ရှည်လျားသော အက်ကွဲကြောင်းကြီးတစ်ခု ချန်ရစ်ထားခဲ့ကာ၊ ဒုံးကျည်တစ်စင်းကို ပစ်ခွင်းလိုက်သည့်အလား ဖြစ်နေခဲ့သည်။

ချက်ချင်းဆိုသလိုပင် ဓားသည် မိုင်တစ်ရာ အကွာသို့ ကျရောက်သွားခဲ့သည်။

“ ဘုမ်းးးး “

မိုင်တစ်ရာအကွာတွင် ရှိနေသည့် တောင်သည် ချက်ချင်းပြိုကွဲသွားခဲ့ပြီး၊ မြေပြင်မှာလည်း ပြင်းပြင်း ထန်ထန် လှုပ်ခါသွားခဲ့ကာ၊ မြွေကြီးများကဲ့သို့ ကြီးမားသော အက်ကွဲကြောင်းကြီးများပင် ဖြစ်ပေါ်လာခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသည့် တုန်ခါမှုသည် မိုင်တစ်ရာအကွာရှိ တိုက်ခိုက်ရေး အစီအရင်ကိုပါ အနည်းငယ် တိမ်းစောင်းသွားစေခဲ့သည်။

တိုက်ခိုက်ရေး အစီအရင်ထဲတွင် ရှိနေသည့် အစောပိုင်း သတ္တမအဆင့် ပညာရှင် ချင်ကျန်းဂျောင်မှာလည်း တအံ့တဩ ဖြစ်သွားခဲ့သည် “ ဒီစွမ်းအားက အဆင့် ၇ အထွတ်အထိပ်ထပ်တောင် ပိုအားကောင်းနေတယ်၊ အနည်းဆုံးအနေနဲ့ အစောပိုင်း အဆင့်၈ကိုတောင် ရောက်နေပြီ “

လူအင်အား တစ်သောင်းငါးထောင် ပါဝင်သည့် တိုက်ခိုက်ရေး အစီအရင်၏ စွမ်းအားက အစောပိုင်း အဌမအဆင့်သို့ ရောက်ရှိသွားသည်မှာ အံ့ဩဖွယ်ရာ မဟုတ်ပေ။

အဓိက အရာမှာ ရှုကျိုးက ဆဌမအဆင့် ပညာရှင်တစ်ဦး ဖြစ်နေခြင်းပင် ဖြစ်သည်၊ သဘာဝကျကျပြောရမည်ဆိုပါက သူသည် ထိုကဲ့သို့သော စွမ်းအားမျိုးကို မထိန်းချုပ်နိုင်သင့်ပေ။

ဤအချိန်၌ ချင်ကျန်းဂျောင်အပါအဝင် အသစ်ရောက်ရှိလာခဲ့သည့် သတ္တမအဆင့် ပညာရှင် အားလုံးသည် သူတို့၏ အထင်တသေး ဖြစ်နေမှုများကို ဖယ်ရှားလိုက်ကြသည်။

ရှုကျိုးကို ကြည့်နေသည့် သူတို့၏ အကြည့်များမှာ လေးစားမှုတို့ဖြင့် ပြည့်နှက်သွားခဲ့သည်။

စစ်တပ်ထဲတွင် တပ်မှူးတစ်ဦး ဖြစ်လာရန်နှင့် တစ်ခြားလူများ၏ အသိအမှတ်ပြုမှုကို ခံယူရရန်အတွက် ခွန်အားကိုသာလျှင် မဟုတ်ဘဲ၊ နောက်ထပ်စွမ်းရည်တစ်မျိုးဖြစ်သည့် ထိန်းချုပ်နိုင်စွမ်းကိုပါ လိုအပ်ပေသည်။

သာမန် သတ္တမအဆင့် ပညာရှင်တစ်ဦးသည် လူရှစ်ထောင်ပါဝင်သည့် ပေါင်းစပ်တပ်ရင်းတစ်ခုကိုပင် အနည်းငယ်မျှသာ ထိန်းချုပ်နိုင်ပေသည်။

ထို့ထပ် လူအင်အား ပိုများနေမည်ဆိုပါက အလွန်တရာ ခက်ခဲသွားမည် ဖြစ်သည်။

အကယ်၍ လူတစ်ဦးကသာ လူအင်အား အယောက်တစ်သောင်းပါဝင်သည့် တပ်မတစ်ခုကို ထိန်းချုပ်မည်ဆိုပါက၊ သူ၏နယ်ပယ်က နိမ့်ကျနေမည်ဆိုလျှင်မှ သူသည် အကြွင်းမဲ့လေးစားမှုကို ခံယူရရန် ထိုက်တန်လှပေသည်။

စစ်မြေပြင်၌ လူတစ်ဦး တစ်ယောက်တည်း၏ ခွန်အားမှာ အရေးမကြီးဘဲ၊ တိုက်ပွဲ အစီအရင်များကသာလျှင် အနိုင်အရှုံးကို ဆုံးဖြတ်ပေးနိုင်လေသည်။

ရှုကျိုး ပြသခဲ့သည့် ထိန်းချုပ်မှု စွမ်းရည်သည် အားလုံး၏ စိတ်နှလုံးသားကို အောင်နိုင်သွားခဲ့သည်။

…

ထိုအချိန်၌ ရှုကျိုးသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေခဲ့သည် “ လူတစ်သောင်းခွဲက ငါထိန်းချုပ်နိုင်တဲ့ အတိုင်းအတာထဲမှာ ရှိနေသေးတာက တော်တော်လေး ကံကောင်းတယ် “

“ တကယ်လို့ နောက်ထပ် လူတစ်ထောင်လောက် ထပ်ရောက်လာမယ်ဆိုရင်တော့ ငါထိန်းချုပ်နိုင်တော့မှာ မဟုတ်ဘူး “

၎င်းမှာ နယ်ပယ် ကန့်သတ်ချက်ကြောင့် ဖြစ်သည်။

အကယ်၍ ရှုကျိုးကသာ သတ္တမအဆင့် ပညာရှင်တစ်ဦး ဖြစ်နေခဲ့မည်ဆိုပါက၊ လူအင်အားနှစ်သောင်း ပါဝင်သည့် တိုက်ပွဲ အစီအရင်ကို အလွယ်တကူ ထိန်းချုပ်နိုင်မည် ဖြစ်သည်။

သူ၏အကန့်အသတ်ကို စမ်းသပ်ခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် စိတ်အေးလက်အေး ဖြစ်သွားခဲ့သည်။

ယခုတွင် ကမ္ဘာ့ကြယ် တပ်မနှစ်ခုနှင့် ရင်ဆိုင်ရမည်ဆိုလျှင်တောင်မှ သူသည် တိုက်ပွဲအတွက် ယုံကြည်မှု ရှိနေဦးမည် ဖြစ်သည်။

သို့ရာတွင် နယ်မြေဖိနှိပ်မှုကသာ အမှန်တကယ် ပျောက်ကွယ်သွားမည်ဆိုပါက ကွဲပြားသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်သွားနိုင်ပေသည်။

ရှုကျိုးသည် ကမ္ဘာ့ကြယ် သိုင်းပညာရှင်တို့၏ တကယ့်တိုက်ခိုက်ရေးစွမ်းအားက မည်ကဲ့သို့ ဖြစ်နေမလဲဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

“ ဘာပဲဖြစ်ဖြစ်ပါလေ၊ အချိန်တန်ရင် သိလာရမှာပေါ့ကွာ “

၎င်းကိုတွေးတောစဥ်းစားနေသည့် အချိန်မှာပင် သူ၏လက်ပတ်သည် အနည်းငယ် တုန်ခါလာခဲ့သည်။

၎င်းကို ဖွင့်ကြည့်လိုက်ရာ စစ်ဌာနထံမှ အမိန့်တစ်ခု ဖြစ်နေသည်ကို မြင်တွေ့သွားခဲ့သည်။

“ ပထမစစ်တပ်၊ တပ်မဟာ ၂၃၊ မင်းတို့ယူနစ်က ‌ရှေ့တန်းစစ်တပ်နဲ့ ပူးပေါင်းထားတယ်။ အရှေ့မြောက်ဘက်ကို ချက်ချင်းသွားပြီးတော့ မိုင်ငါးထောင်အထိ ချီတက်ပါ “

“ တကယ်လို့ အဆင့်၈နယ်ပယ် အထက်က ပညာရှင်တွေပါတဲ့ ရန်သူ့တပ်ဖွဲ့ကို တွေ့တယ်ဆိုရင်၊ ဌာနချုပ်ကို အကူအညီ ‌လှမ်းတောင်းနိုင်တယ်၊ အဆင့်၈နယ်ပယ်က စစ်ကူတွေ ချက်ချင်း ရောက်လာလိမ့်မယ် “

“ ဒီမစ်ရှင်က တော်တော်လေးကို အန္တရာယ်များတဲ့အတွက် သတိတကြီး လုပ်ဆောင်ပါစေ၊ အောင်မြင်ပါစေ “

အဆိုပါ အချက်အလက်များကို မြင်တွေ့လိုက်ရသောအခါတွင် ရှုကျိုးသည် စစ်ဆင်ရေး စတင်ပြီဖြစ်ကြောင်း နားလည်သွားခဲ့သည်။

အမှန်တိုင်းပြောရမည်ဆိုပါက ရှေ့တန်းစစ်တပ်အတွက် အင်အားစုဆောင်းခြင်းမှာ နာရီဝက်ခန့်သာ အချိန်ယူခဲ့ရသည်။

ထိုကဲ့သို့ ပြုလုပ်ရခြင်းမှာ ကမ္ဘာ့ကြယ်ဘက်မှ သတင်းရသွားခြင်းကို ကာကွယ်ရန်နှင့် ကမ္ဘာ့ကြယ်သားတို့ကို ရုတ်တရက် တိုက်ခိုက်ရေးအတွက် ပြင်ဆင်ရန် ဖြစ်သည်။

သို့သော် ဤတစ်ကြိမ် စစ်ဆင်ရေးမှာ အန္တရာယ်တို့ဖြင့် ဝိုင်းရံနေလျက်ရှိပြီး၊ မည်သည့်အရာများ ကြုံတွေ့လာရမလဲဆိုသည်ကိုလည်း မည်သူမှ မသိကြပေ။

ရှုကျိုးသည် နောက်လှည့်၍ အမိန့်ပေးလာခဲ့သည် “ တစ်ဖွဲ့တစ်ခုလုံးကို အမိန့်ကို နာခံမယ်၊ ချီတက်ရေး အစီအရင် ဖွဲ့ပြီးတော့ အရှေ့မြောက်ဘက်ကို ချီတက်ကြ “

“ ဟုတ် “

သုံးမိနစ်အကြာတွင် ကြီးမားသော အစီအရင်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး၊ ၎င်းသည် အရှေ့မြောက်ဘက်သို့ လျင်မြန်စွာ တိုးဝင်သွားတော့သည်။

All Chapters