အခန်း (၅၃၃၆-၅၃၄၀)
Vol. 270 Ch. 5336-5340
Chapter 5336
ကောင်းကင်ဘုံနယ်မြေမှ ထိပ်သီးအစွမ်းထက် ပုဂ္ဂိုလ်နှစ်ဦးသည် သူတို့၏ ပြင်းထန်သောစွမ်းအားများကို တပြိုင်နက်တည်း ထုတ်ဖော်လိုက်ကြရာ လောကကြီးပင်လျှင် ချက်ချင်းအရောင်ပြောင်းလဲသွားခဲ့သည်။
လူအမြောက်အများသည် ထိတ်လန့်ကြောက်ရွံ့မှုကြောင့် တုန်ရီနေကြပြီး အဝေးမှသာ လှမ်းကြည့်နေနိုင်ကာ သူတို့၏စိတ်နှလုံးသားများထဲတွင် အဆုံးမရှိသော တုန်လှုပ်ချောက်ချားမှုများ ဖြစ်ပေါ်နေကြသည်။
"ဝုန်း... ဝုန်း..."
ပြင်းထန်သောလေပြင်းများသည် အရပ်မျက်နှာ အဘက်ဘက်သို့ ဖြတ်သန်းတိုက်ခတ်သွားပြီး စားပွဲများနှင့်ကုလားထိုင်များကို လွင့်ထွက်သွားစေခဲ့သည်။
သို့ရာတွင် ထိုမြင်ကွင်းကို ဂရုတစိုက်ကြည့်သူများသည် ထိုအမျိုးသား၏ခေါင်းပေါ်တွင် မှုန်ဝါးဝါးပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာသည်ကို သတိပြုမိပေ၏။
ထိုပုံရိပ်ယောင်သည် ပိန်လှီနေပြီး ကြီးမားသော အရိုးစုတစ်ခုကဲ့သို့ ဖြစ်ကာ အေးစက်ပြီး ထူးဆန်းသော အရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ထားသည်။
အရိုးစုနှင့် ရှဲ့ကျစ်သည် လေထုထဲတွင် မျက်နှာချင်းဆိုင်နေကြပြီး စွမ်းအားနှစ်ရပ်က အလယ်တွင် ထိပ်တိုက်တွေ့ဆုံသွားကြရာ လက်ရည်တူဖြစ်နေကြောင်း သက်သေပြနေသည်။
"သူက ဘယ်သူလဲ... ငါက ဘာလို့ ဒီလောက်ထိ အစွမ်းထက်တဲ့ ကျင့်ကြံသူအကြောင်းကို တစ်ခါမှ မကြားဖူးရတာလဲ..."
ထိုအမျိုးသားထံမှ ထွက်ပေါ်လာသော ပြင်းထန်သည့် စွမ်းအားကို ခံစားမိချိန်၌ လူအများသည် သူတို့၏စိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်နေကြ၏။
နယ်မြေသခင်နယ်ပယ်သို့ တက်လှမ်းနိုင်သော မည်သည့် အစွမ်းထက်ပုဂ္ဂိုလ်မဆို ရှားပါးသော တည်ရှိမှုများ ဖြစ်ကြသော်လည်း သူတို့သည် ဤလူအကြောင်းကို ယခင်က တစ်ကြိမ်တစ်ခါမျှ မကြားဖူးခဲ့ကြချေ။
"တော်လောက်ပြီ... ဒီနေ့က မင်းရဲ့ နေ့ထူးနေ့မြတ်ပဲ... မတိုက်ခိုက်နဲ့တော့..."
လုယွီက လီစစ်ကို ဟန့်တားပြီး ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်သည်။
လုယွီ ရှေ့ထွက်လာချိန်၌ ပတ်ဝန်းကျင်နေရာတဝိုက်လုံး ချက်ချင်းတိတ်ဆိတ်ငြိမ်သက်သွားသည်။
လူအုပ်ကြီးထဲမှ အေးစက်စက် ရယ်မောသံတစ်သံ ထွက်ပေါ်လာပေ၏။
"အဲ့ဒီလူက သေဖို့ သေချာသွားပြီ... အရှင်ဧကရာဇ်က ငါတို့အင်ပါယာရဲ့ ထိပ်သီးအစွမ်းထက်ပုဂ္ဂိုလ်ပဲ... အရှင်ဧကရာဇ်ကိုယ်တိုင် ဦးဆောင်ပြီး ကျင်းပပေးတဲ့ မင်္ဂလာပွဲမှာ ပြဿနာရှာရဲတယ်ဆိုတော့ သူက သေလမ်းရှာနေတာပဲ..."
တခြားလူများအားလုံး၏မျက်နှာများပေါ်တွင်လည်း အေးစက်စက်အပြုံးများ ထင်ဟပ်လာကြသည်။ လုယွီ၏စွမ်းအားကို လူများအားလုံး သိရှိပြီးဖြစ်သည်။ ယခုအချိန်၌ သူသည် ဧကရာဇ်ရာထူးကို ရယူထားပြီး လောကကြီးပေါ်ရှိ အစွမ်းထက်ပုဂ္ဂိုလ်များကို လက်အောက်ခံစေခဲ့သည် မဟုတ်လော။ သူ့ထံ၌ လုံလောက်သော စွမ်းအားမရှိပါက ထိုသို့ပြုလုပ်ရန် အောင်မြင်နိုင်မည် မဟုတ်ချေ။
"ထိပ်သီးအစွမ်းထက်ပုဂ္ဂိုလ်... ဟုတ်လား... ဘယ်သူက ပြောတာလဲ... လုယွီက ဘယ်သူ့ကို အနိုင်ယူဖူးလို့လဲ... ငါ ဘာလို့ မမြင်ဖူးရတာလဲ..."
ထိုအမျိုးသားက ခေါင်းခါယမ်းလိုက်သည်။
"မင်းတို့ရဲ့လှည့်စားရလွယ်တဲ့ နှလုံးသားတွေကို နှစ်သိမ့်ပေးဖို့အတွက် နတ်ဘုရားတစ်ပါး ဖန်တီးချင်နေမှန်း ငါ သိတယ်... ဒါပေမဲ့ အဲ့ဒါက မင်းတို့ ကိုယ့်ကိုယ်ကိုယ် လှည့်စားနေတာပဲ... မင်းတို့က အစွမ်းထက်တဲ့ အစစ်အမှန် ထိပ်သီးကျင့်ကြံသူတွေကို မမြင်ဖူးကြဘူး... မင်းတို့က တွင်းအောင်းဖားတွေ သက်သက်ပဲ..."
လူများအားလုံး ဒေါသထွက်သွားကြသည်။ ဤလူသည် အလွန်အမင်း မောက်မာထောင်လွှားပေ၏။
"မင်းကရော ဘယ်လို အစွမ်းထက်ကျင့်ကြံသူမျိုးကို မြင်ဖူးလို့ ဒီနေရာမှာ အရှက်မရှိ ကြွားလုံးထုတ်နေတာလဲ..."
"ဒီလောက်ထိ ရိုင်းရိုင်းစိုင်းစိုင်း ပြောနေပြီးတော့ ဘာလို့ မင်းရဲ့အထောက်အထားကို မထုတ်ဖော်တာလဲ... သောက်ချေးပဲ..."
ဤမင်္ဂလာပွဲသို့ တက်ရောက်နိုင်သူများသည် ကောင်းကင်ဘုံနယ်မြေမှ ထင်ရှားကျော်ကြားသူများ ဖြစ်ကြသည်။ အမည်မသိလူတစ်ယောက်၏ ဤကဲ့သို့ လှောင်ပြောင်ခြင်းကို ခံရသဖြင့် သူတို့အားလုံး ဒေါသထွက်နေကြ၏။
"မသိနားမလည်တဲ့ ငတုံးငအတွေ..."
ထိုအမျိုးသားသည် အထင်အမြင်သေးသည့် အမူအယာဖြင့် လုယွီကို အေးစက်တင်းမာစွာ ကြည့်လိုက်သည်။
"ဒီလောကကြီးမှာ အပြောင်းအလဲတွေ အများကြီး ဖြစ်ခဲ့ပုံရတယ်... မင်းလိုလူတောင် ဧကရာဇ် ဖြစ်လာနိုင်တယ်ဆိုတော့ စွမ်းဆောင်ရည်ရှိတဲ့ လူတွေ သိပ်မကျန်တော့ဘူးဆိုတာ ပြသနေတာပဲ..."
ဤစကားကြောင့် လူအများထံမှ ကျိန်ဆဲသံများ လှိုင်းလုံးကြီးများအလား ထွက်ပေါ်လာသည်။
လူအများ၏စိတ်နှလုံးသားထဲတွင် လုယွီသည် အမှန်တကယ်ကို နတ်ဘုရားတစ်ပါးအလားပင်။ အုပ်ချုပ်သူဧကရာဇ်ကို စော်ကားခံရပါက အမှုထမ်းများသည် အသက်ပေး၍ ကာကွယ်ကြပေမည်။ ထိုလူ၏စကားများသည် သူတို့ကိုလည်း စော်ကားခံလိုက်ရသကဲ့သို့ ခံစားနေကြရ၏။
လုယွီ၏မျက်နှာအမူအယာသည် ပြောင်းလဲသွားခြင်းမရှိဘဲ ပြောဆိုလိုက်သည်။
"ငါ့ရဲ့ရှေ့မှာ ထိုင်ပြီး စကားပြောရဲအောင် မင်းကို ဘယ်သူက သတ္တိတွေ ပေးလိုက်တာလဲ..."
နက်နဲသိမ်မွေ့သော စွမ်းအားတစ်ရပ် ရုတ်တရက် ပွင့်အံ့ထွက်လာပြီး ထိုအမျိုးသား ထိုင်နေသော သစ်သားကုလားထိုင် ပြင်းထန်စွာ ပေါက်ကွဲသွားသည်။
ထိုအမျိုးသား၏မျက်နှာအမူအယာ ရုတ်တရက် ပြောင်းလဲသွားသည်။ သူသည် ဟန်ချက်ပျက်သွားပြီး မြေပြင်ပေါ်သို့ ဖင်ထိုင်ရက်သား လဲကျသွားပေ၏။
"ဝုန်း..."
ဤကဲ့သို့ မြေပြင်ပေါ်သို့ လဲကျသွားခြင်းသည် ထိုအမျိုးသား ယခင်ကပြသခဲ့သော ပြိုင်ဘက်ကင်းဟန်ပန်အမူအယာကို လုံးလုံးလျားလျားဖျက်ဆီးလိုက်သည်။
လှောင်ပြောင်ရယ်မောသံများ ပတ်ဝန်းကျင်နေရာတဝိုက်မှ ချက်ချင်းထွက်ပေါ်လာပြီး မရေမတွက်နိုင်သော လူများသည် လူပြက်တစ်ယောက်ကို ကြည့်နေသည့်အလား သူတို့၏ရှေ့မှ အမျိုးသားကို စူးစိုက်၍ ကြည့်နေကြသည်။
"မင်းက သေလမ်းရှာနေတာပဲ..."
ထိုအမျိုးသားက မတ်တတ်ထရပ်ပြီး အော်ငေါက်လိုက်သည်။
သူ၏အော်ငေါက်သံနှင့်အတူ တလိမ့်လိမ့်နေသော အနက်ရောင်မီးခိုးလုံးများသည် သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာပေ၏။
ဤအနက်ရောင်မီးခိုးလုံးများသည် နတ်ဆိုးနတ်ဘုရားတစ်ပါး ဆင်းသက်လာသည့်အလား အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားကာ ပြင်းထန်ပြီး သာလွန်ထူးကဲသော စွမ်းအားတစ်ရပ်ကို ထုတ်လွှတ်လိုက်သည်။
သို့သော် လုယွီသည် ထိုနေရာတွင် ရပ်တန့်ရန် မရွေးချယ်ခဲ့ချေ။
သူသည် သူ၏လက်ယာဘက်လက်ချောင်း ငါးချောင်းကို ဖြန့်လိုက်ပြီး ထိုအမျိုးသားထံဦးတည်၍ ဖိနှိပ်လိုက်သည်။
Chapter 5337
"ဝုန်း..."
ကြောက်မက်ဖွယ်ကောင်းပြီး ထက်ရှသော ဖိအားတစ်ရပ်သည် ရုတ်တရက် ဆင်းသက်လာပေ၏။
ထိုအမျိုးသား၏ပတ်ဝန်းကျင်ရှိ လေဟာနယ်သည် ကြီးမားသောဖိအားကို တောင့်မခံနိုင်သည့်အလား တွန့်လိမ်ပုံပျက်သွားသည်။
"ခရက်... ခရက်... ခရက်..."
ထိုအမျိုးသား ဖန်တီးထားသော အရိုးစုပုံရိပ်ယောင်ကြီးမှ အက်ကွဲသံများ ထွက်ပေါ်လာသည်။
သူ၏မျက်နှာသည်လည်း ဖြူဖျော့သွားပြီး ဤကြောက်မက်ဖွယ်ကောင်းသော ကြီးမားသည့် ဖိအားကို တောင့်မခံနိုင်တော့ချေ။ သူသည် သွေးတစ်လုတ် အန်ထုတ်လိုက်ပြီး သူ၏ဒူးများ ပျော့ခွေကာ မြေပြင်ပေါ်သို့ ဒူးထောက်ရက်သား လဲကျသွားတော့သည်။
"လုယွီ... မင်းက မီးနဲ့ ကစားနေတာပဲ... ငါ ဘယ်သူလဲဆိုတာ မင်း သိလား..."
ထိုအမျိုးသား၏မျက်လုံးများထဲတွင် ရူးသွပ်နေသော အရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားသည်။
အနက်ရောင် ငရဲချီစွမ်းအားများသည် သူ၏နံဘေးပတ်ဝန်းကျင်တွင် ဝေ့ဝိုက်၍ ပျံ့လွင့်နေပေ၏။
ထိုအမျိုးသား၏မျက်နှာသည် ရုတ်တရက် အလွန်တင်းမာခက်ထန်လာပြီး "ယင်ယန် မျက်နှာ"အဖြစ် ပြောင်းလဲသွားသည်။
သူ၏ဘယ်ဘက်ခြမ်းသည် ပုံမှန်မျက်နှာတစ်ခုဖြစ်ပြီး ညာဘက်ခြမ်းကမူ အရိုးစုပုံရိပ်ယောင်နှင့်တူညီသော သရဲတစ္ဆေမျက်နှာအဖြစ် ပြောင်းလဲသွားသည်။ သူ့ကိုကြည့်ရသည်မှာ နတ်ဆိုးဆန်ပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများဖြင့် ပြည့်နှက်နေပေ၏။
လက်ရှိနေရာတွင် ရှိနေကြသော လူများအားလုံး အံ့အားတသင့် ရေရွတ်လိုက်ကြသည်။ စိတ်ဆန္ဒ မခိုင်မာသော လူများသည် သူတို့၏ရှေ့မှ မြင်ကွင်းကြောင့် ထိတ်လန့်သွားကြသည်။ သူတို့၏စိတ်ဝိညာဉ်များ တုန်ရီသွားပြီး အချိန်အတော်ကြာမြင့်သည်အထိ ပြန်လည်၍မသက်သာနိုင် ဖြစ်နေကြ၏။
ထိုသရဲတစ္ဆေမျက်နှာအတွင်း၌ ရူးသွပ်နေသော မကောင်းဆိုးဝါးသရဲတစ္ဆေတစ်ကောင် ပုန်းအောင်းနေပြီး လှောင်အိမ်ကို ချိုးဖျက်ကာ အပြင်ဘက်ရှိ လူများအားလုံးကို ဆုတ်ဖြဲပစ်ချင်နေသည့်အလားပင်။
"မင်း ဘယ်သူလဲဆိုတာ ငါ သိဖို့ လိုလို့လား..."
လုယွီ၏မျက်နှာ အေးစက်တင်းမာနေပြီး သူ့ကို ပြင်းပြင်းထန်ထန် ပါးဖြတ်ရိုက်လိုက်သည်။
ထိုအမျိုးသား၏ မျက်နှာတစ်ခြမ်းသည် ပါးဖြတ်ရိုက်ခံရမှုကြောင့် ယောင်ယမ်းသွားသည်။ သူသည် သွေးများအန်ထုတ်လိုက်ရပြီး သွားတချို့ပင် သူ၏ပါးစပ်ထဲမှ ကျွတ်ထွက်သွားသည်။
"ဖြောင်း..."
လုယွီသည် သူ့ကို နောက်တစ်ကြိမ် ပါးဖြတ်ရိုက်လိုက်၏။ တခြားတစ်ဖက်ရှိ သရဲတစ္ဆေမျက်နှာသည်လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပြီး ထူထပ်သိပ်သည်းစွာ မြင့်တက်နေသော ငရဲချီစွမ်းအားများသည် ချက်ချင်းဆိုသလိုပင် ပို၍မှိန်ဖျော့သွားသည်။
"မင်းက ဘယ်သူလဲဆိုတာ အရေးကြီးလို့လား..."
"အပြင်ထွက်တဲ့အချိန်ကျရင် ယဉ်ကျေးသိမ်မွေ့ရမယ်လို့ မင်းကို ဘယ်သူမှ သင်မပေးဘူးလား..."
လုယွီက သူ့အား ထပ်ခါတလဲလဲ မေးခွန်းထုတ်လိုက်ကာ သူ၏လက်သည် ရပ်တန့်ခြင်းမရှိဘဲ ထိုအမျိုးသား၏မျက်နှာကို တစ်ချက်ပြီးတစ်ချက် ပြင်းပြင်းထန်ထန် ပါးဖြတ်ရိုက်နေသည်။
"ဖြောင်း... ဖြောင်း... ဖြောင်း..."
ထိုပါးရိုက်သံများသည် ဆက်တိုက်ဆိုသလိုပင် မင်္ဂလာပွဲတစ်ခုလုံးတွင် ပဲ့တင်ထပ်နေပေ၏။
လုယွီ၏စွမ်းအားသည် မည်မျှထိ ကြီးမားသနည်း။
အကယ်၍ သူသာ အပြည့်အဝ အားစိုက်ပြီး ရိုက်လိုက်ပါက ဤလူသည် ချက်ချင်းဆိုသလိုပင် သွေးအိုင်တစ်အိုင်အဖြစ် ပြောင်းလဲသွားပေမည်။
သူသည် ယခုချိန်၌ သူ၏စွမ်းအားကို ထိန်းထားသော်လည်း ထိုပါးရိုက်ချက်တစ်ချက်စီတွင် ယုံနိုင်စရာမရှိအောင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ပါဝင်နေသည်။
ထိုအမျိုးသား၏မျက်နှာတစ်ခြမ်းသည် ပါးရိုက်ခံရမှုကြောင့် ကြေမွှသွားပြီဖြစ်ပြီး သူ၏အရိုးများအားလုံး တစစီဖြစ်သွားခဲ့လေပြီ။ တခြားတစ်ဖက်ရှိ သရဲတစ္တေမျက်နှာကသာ "မျက်နှာ" ပုံသဏ္ဍာန်ကို ယခင်အတိုင်း ထိန်းသိမ်းထားနိုင်ပေ၏။
"အား..."
ထိုအမျိုးသား၏ သရဲမျက်နှာတခြမ်းမှ စူးရှသော ဒေါသတကြီး အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။
သူသည် မြေပြင်ပေါ်တွင် ဖိနှိပ်ခံထားရကာ ပြင်းပြင်းထန်ထန် ပါးဖြတ်ရိုက်ခြင်းကို ခံနေရသဖြင့် အလွန်အမင်း ဒေါသထွက်နေသည်။ ဤသည်မှာ သူ့အတွက် ကြီးမားသော အရှက်ရစေမှုကြီးပင်။
တလိမ့်လိမ့်ထနေသော ငရဲချီစွမ်းအားများ ထပ်မံ၍ ပွင့်အံ့ထွက်လာသည်။ ထိုအမျိုးသားသည် ငရဲမှ လျှောက်လှမ်းထွက်လာသော သရဲတစ္ဆေစစ်ဗိုလ်
ချုပ်တစ်ယောက်အလား ကြီးမားကျယ်ပြန့်ပြီး အကန့်အသတ်မရှိသော ငရဲချီစွမ်းအားများကို ထိန်းချုပ်ထားကာ သူ့ထံ၌ သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေပေ၏။
"မင်းက ဘာတွေ အော်ဟစ်နေတာလဲ..."
လုယွီ သူ့ကို နောက်တစ်ကြိမ် ပါးဖြတ်ရိုက်လိုက်သည်။ ထိုအမျိုးသားသည် နောက်ဆုံးတွင် ကြီးမားသော စွမ်းအားကို တောင့်မခံနိုင်တော့ဘဲ ချက်ချင်းဆိုသလိုပင် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးကြားမှ အံ့အားတသင့် ရေရွတ်သံများ ထွက်ပေါ်လာပြီး လူများအားလုံး ထိတ်လန့်တုန်လှုပ်နေကြ၏။ သူတို့သည် လုယွီ၏စွမ်းအားကို ကြိမ်ဖန်များစွာ မြင်တွေ့ခဲ့သော်လည်း ယခုချိန်ထိ ထိတ်လန့်ကြောက်ရွံနေကြဆဲပင်။
နယ်မြေသခင်နယ်ပယ်ရှိ ထိပ်သီးကျင့်ကြံသူများသည် သူတို့၏ ကိုယ်ပိုင်စွမ်းအားဖြင့် ကြီးမားသော ကိုယ်ပိုင်နယ်မြေတစ်ခုကို စုစည်းနိုင်ပြီး ကိုယ့်ကိုယ်ကိုယ် ဝန်းရံထားနိုင်သည်။
ဤအဆင့်ရှိ ထိပ်သီးကျင့်ကြံသူများသည် အင်ပါယာတစ်ခုတွင် အနည်းဆုံး နယ်စားအဆင့်၌ ရှိနေသည်။ အကယ်၍ သူတို့သည် ကျင့်ကြံခြင်းလောကတွင်သာ ရှိနေပါက မြင့်မြတ်နယ်မြေ အသီးသီး၏ သခင်များနှင့် မဟာအကြီးအကဲများကဲ့သို့ တည်ရှိမှုကြီးများ ဖြစ်လာပေလိမ့်မည်။
သူတို့သည် အစွမ်းထက်ပြီး မောက်မာထောင်လွှားကြကာ လူအများ၏မျက်လုံးထဲတွင် သူတို့သည် ဒဏ္ဍာရီလာ တည်ရှိမှုများပင်။
သို့သော် ယနေ့၌ လူတိုင်းသည် ဤဘဝတွင် မည်သည့်အခါမျှ မေ့ပျောက်နိုင်မည် မဟုတ်သော မြင်ကွင်းတစ်ခုကို မျက်မြင်တွေ့ရှိခဲ့ရသည်။
အစွမ်းထက်သော နယ်မြေသခင်နယ်ပယ် ထိပ်သီးကျင့်ကြံသူသည် လုယွီ၏လက်ထဲတွင် ခုခံရန်ပင် အခွင့်အရေးမရှိဘဲ မြေပြင်ပေါ်တွင် ဒူးထောက်နေရုံသာ တတ်နိုင်ပြီး သေမင်းနှင့် ရင်ဆိုင်နေရသည်။
ထိုအမျိုးသားသည် ရောက်ရှိလာပြီးနောက် ပြိုင်ဘက်ကင်း အနေအထားဖြင့် လူအများကို လွှမ်းမိုးကာ လှောင်ပြောင်ခဲ့ချိန်မှစ၍ လုယွီက သူ့အား ဖိနှိပ်ပြီး မြေပြင်ပေါ်တွင် ဒူးထောက်စေခဲ့သည်အထိ ကြာမြင့်ချိန်သည် အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်စာပင် မရှိခဲ့ချေ။
Chapter 5338
အဟွတ်... အဟွတ်...
ထိုအမျိုးသား၏ပါးစပ်မှ သွေးများ အဆက်မပြတ် ပန်းထွက်နေသည်။
သူ၏မျက်နှာတစ်ခြမ်းသည် လုံးလုံးလျားလျား ကြေမွှပျက်စီးသွားခဲ့လေပြီ။ ဤအချိန်၌ ထိုအမျိုးသားသည် သရဲတစ္ဆေတစ်ကောင်ကဲ့သို့ ကြမ်းတမ်းခက်ထန်ပြီး ကြောက်မက်ဖွယ် ကောင်းနေပေ၏။
"ဟား ဟား ဟား... လုယွီ... မင်း သွားပြီ... မင်းက တကယ်ပဲ ငါ့ကို ထိရဲတယ်ပေါ့... အခု ဒီလောကကြီးပေါ်မှာ ဘယ်သူကမှ မင်းကို မကယ်နိုင်တော့ဘူး..."
ထိုအမျိုးသားထံမှ ရက်စက်ယုတ်မာသော ရယ်မောသံတစ်သံ ထွက်ပေါ်လာသည်။
လုယွီသည် တိတ်ဆိတ်နေပြီး သူ၏ဖိနပ်ဖြင့် မြေပြင်ကို ညင်သာစွာ ထိတွေ့လိုက်သည်။
ကြီးမားကျယ်ပြန့်သော ဧကရာဇ်အရှိန်အဝါသည် ရုတ်တရက် ဆင်းသက်လာကာ တောင်တန်းများကဲ့သို့ ကြီးမားပြီး လွှမ်းမိုးချုပ်ကိုင်နိုင်သော ဖိအားအရှိန်အဝါတစ်ရပ်က ထိုအမျိုးသားပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။
ထိုအမျိုးသားသည် သွေးများ ထပ်မံ၍ အန်ခုတိလိုက်ပြီး သတိမေ့မျောလုနီးပါး ဖြစ်သွားပေ၏။ သူသည် ယခုလက်ရှိအချိန်တွင် ရူးသွပ်မှု အရှိန်အဟုန်ဖြင့်သာ မေ့မြောမသွားအောင် တောင့်ခံထားခြင်း ဖြစ်သည်။
"မင်းနဲ့ ထိုက်တန်တယ်... ဒါက ခုဏက မင်းရဲ့ မောက်မာခဲ့မှုတွေ အတွက်ပဲ..."
လူအမြောက်အများသည် လက်သီးဆုပ်လိုက်ကြပြီး စိတ်ကျေနပ်အားရနေကြသည်။
ထိုအချိန်မှာပင် အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူတစ်ယောက်က လုယွီ၏နံဘေးတွင် ထွက်ပေါ်လာခဲ့သည်။ ဤသည်မှာ ကောင်းကင်ကွန်ယက်၏ တပ်မှူးကျန်းရီပင်။
"အရှင်ဧကရာဇ်..."
ကျန်းရီက ဦးညွှတ်အရိုအသေလိုက်ပြီးနောက် ပြောဆိုသည်။
"ဒီလူကို ကျွန်တော်တို့ စုံစမ်းစစ်ဆေးပြီးပါပြီ... သူက ရှောင်မိသားစုရဲ့ ရှေးဟောင်းအိမ်တော် ကနေ ထွက်လာတာပါ... ပထမဆုံး သူက ထျန်းသီတောင်ပေါ်စံအိမ်ကို သွားခဲ့ပြီးတော့ တော်ဝင်အစောင့်တပ်ဖွဲ့က စစ်ဗိုလ်ချုပ်တချို့ကို ဒဏ်ရာရစေခဲ့ပါတယ်... အရှင်မင်းကြီး ဖူရွှေကန်နားမှာ ရှိနေတယ်ဆိုတာကို သူ ကြားသွားတာကြောင့် အခုလို အပြေးအလွှား ရောက်လာတာပါ..."
ကောင်းကင်ကွန်ယက်သည် မဟာချင်အင်ပါယာတစ်ခုလုံး၏ အရပ်မျက်နှာအဘက်ဘက်မှ လှုပ်ရှားမှုများအားလုံးကို ထိန်းချုပ်ထားသည်။
ဤအမျိုးသား၏မူရင်းဇစ်မြစ်သည် လျှို့ဝှက်ဆန်းကြယ်သော်လည်း ကောင်းကင်ကွန်ယက်၏မျက်လုံးများအောက်မှ မလွတ်မြောက်နိုင်ခဲ့ချေ။
ရှောင်မိသားစု...
ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်ရှိ တိုင်ပင်ဆွေးနွေးမှုများ ရပ်တန့်သွားသည်။
မည်သူမည်ဝါ ဖြစ်နေပါစေ တော်ဝင်မြို့တော်အထွတ်အထိပ်ကာလ၌ ရှိနေခဲ့စဉ်က ထိပ်သီးမိသားစုကြီးရှစ်စုကို မေ့ပျောက်သွားမည် မဟုတ်ချေ။
ထိုရှောင်မိသားစုသည် ပုန်းအောင်းနေပြီး ပျောက်ကွယ်သွားသည်မှာ ကြာမြင့်နေပြီ ဖြစ်သော်လည်း သူတို့၏နာမည်ဂုဏ်သတင်းသည် ရှည်လျားသော အချိန်မြစ်ထဲတွင် ပျောက်ကွယ်မသွားဘဲ ကျန်ရှိနေဆဲပင်။
ကောင်းကင်ပြက္ခဒိန် ၃၉၈ ခုနှစ်မှစ၍ ရှောင်မိသားစုသည် ဧည့်သည်များကို လက်မခံဘဲ အမြဲတစေ တံခါးပိတ်ထားခဲ့ပြီး ပြင်ပစီးပွားရေးလုပ်ငန်းများ အားလုံးကိုပင် ပိတ်သိမ်းခဲ့သည်။ရှောင်မိသားစုတစ်စုလုံးသည် လူများအားလုံး၏ မြင်ကွင်းအတွင်းမှ ပျောက်ကွယ်သွားခဲ့ပေ၏။
လေးနှစ်ကြာပြီးနောက် ရှောင်မိသားစု၏နာမည်သည် လူများအားလုံး၏နားထဲသို့ တဖန်ပြန်၍ ဝင်ရောက်လာခဲ့လေပြီ။
"အတိတ်မှာ အရှင်ဧကရာဇ်က ရှောင်မိသားစုနဲ့ ပဋိပက္ခ ဖြစ်ဖူးတယ်လို့ ငါ ကြားမိတယ်"
တစ်စုံတစ်ယောက်က ဤအချက်ကို တွေးမိပြီးနောက် သူတို့အားလုံး ရှောင်မိသားစုကို လျစ်လျူရှုမိခဲ့ကြသည်ကို ရုတ်တရက် နားလည်သဘောပေါက်သွားကြသည်။
တော်ဝင်မြို့တော်ရှိ ထိပ်သီးမိသားစုကြီးရှစ်စုအနက် တစ်စုဖြစ်လာနိုင်သည့် မည်သည့်မိသားစုမဆို နက်နဲသော အခြေခံအုတ်မြစ် ရှိပြီး လွယ်လင့်တကူ ပျောက်ကွယ်သွားမည် မဟုတ်ချေ။
"ဘယ်သူများလဲလို့ တွေးနေတာ... ရှောင်မိသားစုကလူ ဖြစ်နေတာကိုး... ခေတ်ကာလတွေ ပြောင်းလဲသွားပြီ... ဒါက ထိပ်သီးမိသားစုကြီးတွေရဲ့ခေတ် မဟုတ်တော့ဘူး..."
တစ်စုံတစ်ယောက်က အလေးမထားဘဲ လှောင်ပြောင်လိုက်၏။
အတိတ်ကာလ၌ပင် ရှောင်မိသားစုသည် ထိပ်သီးမိသားစုကြီးများစာရင်းတွင် ပါဝင်ခဲ့သည် ဆိုရုံမျှသာဖြစ်သည်။
အသန်မာဆုံး ထိပ်သီးမိသားစုဖြစ်သော ရှမိသားစုပင်လျှင် လုယွီ၏ဖျက်ဆီးခြင်းကို ခံခဲ့ရသည် မဟုတ်လော။ သာမန်ရှောင်မိသားစုဆိုလျှင် ထည့်ပြောရပ်ပင် လိုအပ်သလော။
"ဟား ဟား ဟား... ငတုံးငအတွေ... မင်းတို့က ဘယ်လို တည်ရှိမှုမျိုးကို စော်ကားမိတယ်ဆိုတာ မင်းတို့ မသိကြဘူး..."
ထိုအမျိုးသားက ခေါင်းမော့ပြီး ရူးသွပ်စွာ အော်ဟစ်ရယ်မောလိုက်သည်။
"ငါတို့ ရှောင်မိသားစုက ဒီလောက်နှစ်တွေ အကြာကြီး ဒုက္ခခံပြီး သည်းခံလာခဲ့တယ်.... ငါတို့က အရင်ကလို မဟုတ်တော့ဘူး... ဒီလောကကြီးက ငါတို့ရှောင်မိသားစု ပိုင်တာ..."
လူအများသည် ထိုအမျိုးသား၏ ရူးသွပ်မှုအရှိန်အဟုန်ကို မြင်တွေ့လိုက်ရပြီးနောက် အချိန်တခဏကြာသည်အထိ သူတို့၏မျက်ခွံများ ပြင်းထန်စွာ လှုပ်ခတ်သွားကာ အနည်းငယ် ကြောက်ရွံ့သွားကြသည်။
"ငါ အခု မှတ်မိပြီ... ဒီလူရဲ့နာမည်က ရှောင်မင်ကျန့်တဲ့... ရှောင်မိသားစုရဲ့ တိုက်ရိုက်မိသားစုဝင်တစ်ယောက်ပဲ... သူက အရင်တုန်းက ဗာမီလီယန်စစ်စခန်းမှာ ရှေ့တန်းစစ်ဗိုလ်ချုပ်တစ်ယောက်ပဲ.. တပ်ရင်းကြီးလေးခုရဲ့ သိုင်းပညာ ပြိုင်ပွဲတုန်းက ငါ သူ့ကို တစ်ခါမြင်ဖူးတယ်..." တစ်စုံတစ်ယောက်က ထိုအမျိုးသား၏ အထောက်အထားကို ရုတ်တရက် ထုတ်ဖော်လိုက်သည်။
အတိတ်တွင် ရှောင်မိသားစုသည် ဧည့်သည်များကို လက်မခံတော့ကြောင်း ကြေညာပြီးနောက် တော်ဝင်နန်းတွင်းတွင် ရာထူးများရယူထားသော ရှောင်မိသားစုဝင် တပည့်အားလုံးကို နန်းတွင်းမှ ထွက်ခွာစေခဲ့သည်။
တပ်ရင်းကြီးလေးခုရှိ ရှေ့တန်းစစ်ဗိုလ်ချုပ်များအနက် အများစုထံတွင် လောကီအင်မော်တယ်နယ်ပယ် ကျင့်ကြံဆင့်သာ ရှိကြသည်။
လေးနှစ်တာကာလအတွင်း ဤရှောင်မိသားစုဝင်တပည့်သည် တဖန်ပြန်၍ ထွက်ပေါ်လာပြီး မထင်မှတ်ဘဲ သူသည် နယ်မြေသခင်နယ်ပယ် စွမ်းအားကို ပိုင်ဆိုင်ထားပေ၏။
ဤသည်မှာ ယုံကြည်နိုင်စရာမရှိဘဲ လူအများ၏သာမန်အသိအမြင်ထက် ကျော်လွန်နေသော ကိစ္စတစ်ရပ်ပင်။
"ငါက သေးငယ်တဲ့ ပုံရိပ်တစ်ခုပဲ ရှိသေးတယ်... မကြာခင်မှာ ငါတို့ရှောင်မိသားစုကနေ ပိုပြီး အစွမ်းထက်တဲ့ ကျင့်ကြံသူတွေ ဆက်တိုက်ထွက်ပေါ်လာလိမ့်မယ်... ဒီနေ့ကစပြီးတော့ ငါတို့ ရှောင်မိသားစုက ပြင်ပလောကကို ထွက်လာပြီ... ကမ္ဘာကြီးတစ်ခုလုံးကို ငါတို့ရဲ့လက်ထဲမှာ သေချာပေါက် ဆုပ်ကိုင်ထားနိုင်လိမ့်မယ်..."
ရှောင်မင်ကျန့်၏အရှိန်အဝါ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ လုယွီ၏ဖိနှိပ်ခြင်းကို ခံနေရသော်လည်း သူထံ၌ ခန့်ညားထည်ဝါသော အရှိန်အဝါတစ်ရပ် ရှိနေဆဲပင်။
Chapter 5339
"ရှီး..."
ဤစကားကို ကြားချိန်၌ လူအများသည် အသက်ပြင်းပြင်းရှိုက်လိုက်ကြ၏။
နယ်မြေသခင်နယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ဦးဖြစ်ကာ အင်ပါယာတစ်ခုတွင် အမတ်ကြီးအဖြစ် ခန့်အပ်ခံရနိုင်သူ တစ်ဦးသည် လက်ရှိ ရှောင်မိသားစုတွင် သေးငယ်သော ပုံရိပ်တစ်ခုသာ ဖြစ်နေသည်ဟု ဆိုသလော....
"ရှောင်မိသားစု တံခါးပိတ်နေတာက အကြောင်းပြချက် ရှိရမယ်..."
လူများအားလုံး၏မျက်နှာအမူအယာများ တည်ကြည်လေးနက်သွားကြသည်။
ဂုဏ်သတင်းကြီးမားသော ထိပ်သီးမိသားစုကြီးတစ်စုကို နှစ်ပေါင်းများစွာကြာမြင့်သည်အထိ ဧည့်သည်များ လက်မခံဘဲ တံခါးပိတ်ထားစေနိုင်သည်မှာ မည်ကဲ့သို့ ကံကြမ္မာကောင်းမျိုး ဖြစ်နိုင်မည်နည်း။
ထိုအမျိုးသားသည် မြေပြင်ပေါ်တွင် ဖိနှိပ်ခံထားရသော်လည်း သူ၏ပတ်ဝန်းကျင်ရှိ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသည် ပျောက်ကွယ်မသွားသေးချေ။ တလိမ့်လိမ့်ထနေသော ငရဲချီစွမ်းအားများသည် ကောင်းကင်ယံတွင် ရစ်သိုင်းလွှမ်းခြုံနေပြီး အရာအားလုံးသည် ဝေဝါးနေပုံရသည်။
ယခင်က လောကီအင်မော်တယ် ကျင့်ကြံသူတစ်ဦးသည် ယခုချိန်၌ နယ်မြေသခင်နယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့သည်။ ရှောင်မိသားစု၏ ယခင်အစွမ်းထက်ပုဂ္ဂိုလ်များသည် မည်မျှထိ ပို၍သန်မာအားကောင်းလာမည်နည်း။
"ဒါက လောကီလောကက ကျင့်ကြံနည်းစနစ်တွေနဲ့ မတူဘူး... သူတို့ ရှောင်မိသားစုက ကံကြမ္မာကောင်းကြီး တစ်ခုခုကို ရရှိထားပုံပဲ..."
လူအုပ်ကြီးထဲတွင် တစ်ချိန်လုံး တိတ်ဆိတ်နေသော လုကျုံးရှန့်က ရုတ်တရက် တည်ကြည်လေးနက်သော အသံဖြင့် ပြောဆိုလိုက်သည်။
သူသည် လက်ရှိချိန်၌ လုမိသားစု၏ ကျင့်ကြံဆင့်အမြင့်မားဆုံး ထိပ်သီးကျင့်ကြံသူဖြစ်ပြီး ဗဟုသုတကြွယ်ဝသူ ဖြစ်သဖြင့် ထိုအမျိုးသား၏နံဘေးပတ်ဝန်းကျင်ရှိ ငရဲချီစွမ်းအားများ၏ထူးဆန်းမှုကို တစ်ချက်ကြည့်ရုံဖြင့် မြင်တွေ့နိုင်သည်။
"ဒါကြောင့်ကိုး..."
လုယွီက လေပူများကို မှုတ်ထုတ်လိုက်ပြီး အတိတ်မှ မှတ်ဉာဏ်များက သူ၏စိတ်ထဲသို့ တိုးဝင်လာသည်။
ထိုအချိန်က လုယွီသည် တော်ဝင်မြို့တော်သို့ လောလောလတ်လတ် ရောက်ရှိလာသူတစ်ယောက်ပင်။ ဒြပ်စင်ငါးပါး ချီစွမ်းအင်များကို စုဆောင်းရန်အတွက် သူသည် ရှောင်မိသားစုသို့ သွားရောက်ခဲ့ပြီး စိတ်ဝိညာဉ်မီးနယ်မြေသို့ ဦးတည်သွားခဲ့သည်။
ထိုစိတ်ဝိညာဉ်မီးနယ်မြေအတွင်း၌ ရှေးဟောင်းသရဲတစ္ဆေဧကရာဇ်၏ ပြိုင်ဘက်ကင်း မသေမျိုးအဆင့် မှော်လက်နက်နှစ်ခု ပုန်းအောင်းနေသည်။ မှော်လက်နက်တစ်ခုသည် သေခြင်းရှင်ခြင်း သံလိုက်အိမ်မြှောင် ဖြစ်ပြီး တခြားတစ်ခုမှာ ရှေးဟောင်းငရဲနယ်မြေပင်။
သေခြင်းရှင်ခြင်း သံလိုက်အိမ်မြှောင်ကို လုယွီက ရရှိခဲ့ပြီး ရှေးဟောင်းငရဲနယ်မြေကမူ ရှောင်မိသားစု၏လက်ထဲသို့ ရောက်ရှိသွားခဲ့သည်။
ထို့နောက် ရှောင်မိသားစုသည် လုယွီအား လူသူအများ၏ပစ်မှတ် ဖြစ်လာစေရန် သတင်းဖြန့်ခဲ့ပြီး တခြားတစ်ဖက်တွင် ရှေးဟောင်းငရဲနယ်မြေကို သန့်စင်ရန်အတွက် သူတို့သည် အိမ်တော်တံခါးများကို တင်းကျပ်စွာ ပိတ်ထားခဲ့သည်။
ထိုနေ့က သူသည် ရှောင်မိသားစု၏တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး သေလုမျောပါးဖြစ်ခဲ့သည်။ သူ့ကို ကယ်တင်ခဲ့သူမှာ စီနီယာအစ်ကို ခွေးဝါကြီးပင်။
လုယွီသည် ဤအငြိုးအတေးကို မေ့ပျောက်မည် မဟုတ်ချေ။
သူသည် မူလက လီစစ်၏မင်္ဂလာပွဲ ပြီးဆုံးပါက ရှောင်အိမ်တော်ထံသို့ သွားရောက်လည်ပတ်ရန် စီစဉ်ထားသော်လည်း မထင်မှတ်ဘဲ ရှောင်မိသားစုက သူ၏တံခါးဝသို့ ကိုယ်တိုင်ကိုယ်ကျ ရောက်လာခဲ့ခြင်းပင်။
"လုယွီ... ငါတို့ရှောင်မိသားစုက ဘယ်လောက်ထိ ကြောက်ဖို့ကောင်းလဲဆိုတာ မင်း ဘယ်တော့မှ နားလည်မှာ မဟုတ်ဘူး..."
သူ၏အထောက်အထား ပေါ်လွင်သွားပြီး ပြင်းထန်စွာ ဖိနှိပ်ခံထားရသော်လည်း ရှောင်မင်ကျန့်သည် ထိတ်လန့်သည့် အရိပ်အယောင် မပြသချေ။
သူက ခေါင်းမော့ပြီး မောက်မာထောင်လွှားစွာ ရယ်မောလိုက်၏။
"ငါ ဒီနေ့ ဒီနေရာကို ရောက်လာတာက ငါတို့ ဘိုးဘေးရဲ့ အမြင့်မြတ်ဆုံး အမိန့်တော်ကို မင်းဆီ လာပို့တာပဲ... မင်း ချက်ချင်း နန်းစွန့်ပြီးတော့ ဧကရာဇ်ရာထူးကို ငါတို့မိသားစုရဲ့ဘိုးဘေးဆီ လွှဲပေးလိုက်စမ်း... ဘိုးဘေးက ကြင်နာတတ်ပါတယ်... မင်းရဲ့ကြွင်းကျန်တဲ့ သက်တမ်းကို အေးအေးချမ်းချမ်း နေထိုင်ခွင့်ရအောင် သူက မင်းကို မြင့်မြတ်တဲ့ ဘွဲ့ထူးတစ်ခု ပေးကောင်း ပေးနိုင်ပါလိမ့်မယ်..."
အနီးတွင် မတ်တတ်ရပ်နေသော လီစစ်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ရှောင်မိသားစုဘိုးဘေးက ဘာလို့ သူကိုယ်တိုင် မလာတာလဲ... မင်းလို ပုရွက်ဆိတ်တစ်ကောင်ကို လွှတ်လိုက်တာက သူ ကြောက်နေလို့လား..."
"ဘာလို့လဲဆိုတော့ သူက မင်းတို့ကို အထင်သေးနေလို့ပေါ့..."
ရှောင်မင်ကျန့်က လှောင်ပြောင်သရော်လိုက်သည်။
"ဘိုးဘေးမှာ ပိုပြီးအရေးကြီးတဲ့ ကိစ္စတွေ လုပ်စရာရှိတယ်... လောကကြီးကို သိမ်းပိုက်တာက ပထမအဆင့်ပဲ ရှိသေးတယ်... ပြီးရင် သူက ကြီးမားတဲ့ အောင်မြင်မှုကြီးကို ရယူတော့မှာ..."
"မင်း တည်ထောင်ခဲ့တဲ့ အင်ပါယာကို ဘိုးဘေးက အရမ်းစိတ်ကျေနပ်နေတယ်... မင်းက လိမ်လိမ်မာမာနဲ့ နန်းစွန့်လိုက်တော့... ဘိုးဘေးကို သစ္စာရှိရှိနဲ့ အမှုထမ်းတာက မင်းအတွက် ကြီးမားတဲ့ အခွင့်အရေးကြီးပဲ..."
လူများအားလုံး တိတ်ဆိတ်နေကြပြီး ရှောင်မိသားစု၏ မောက်မာထောင်လွှားမှုကြောင့် ကြောက်ရွံ့နေကြသည်။
သို့သော် ရှောင်မိသားစုတွင် ထိုကဲ့သို့ မောက်မာနိုင်သော အစွမ်းအစမျိုး အမှန်တကယ် ရှိကောင်း ရှိနေနိုင်သည်။
လောကီအင်မော်တယ် ကျင့်ကြံသူတစ်ဦးသည် အချိန်တိုအတွင်း၌ နယ်မြေသခင်နယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ဦးအဖြစ်သို့ ရောက်ရှိသွားသည်။ ထိုရှောင်မိသားစုဘိုးဘေးသည် ယခင်ကတည်းက တာအိုသခင်နယ်ပယ်နှင့် နီးစပ်နေလေပြီ။ ယခုအချိန်၌ သူသည် မည်သည့်အဆင့်သို့ ရောက်ရှိနေမည်နည်း။
"လုယွီ... မင်း သေချာနားထောင်စမ်း... မင်း ငြင်းဆန်ရင် ဘိုးဘေးက နောက်သုံးရက်အတွင်းမှာ တော်ဝင်မြို့တော်ကို သူကိုယ်တိုင် ရောက်လာပြီးတော့ မင်းရဲ့မိသားစုတစ်စုလုံးကို အမြစ်ပြတ်သုတ်သင်လိမ့်မယ်..."
ရှောင်မင်ကျန့်က ထပ်မံ၍ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"အင်း... သူက တကယ်ပဲ အဲ့ဒီလို ပြောလိုက်တာလား..."
လုယွီ၏အသံသည် တည်ငြိမ်ပြီး အေးစက်နေပေ၏။
"ဒါက အမှန်ပဲ..."
ရှောင်မင်ကျန့်က ပြောဆိုသည်။
"ဒါဆိုရင် လွယ်တာပေါ့... သုံးရက်စောင့်စရာ မလိုပါဘူး... ဒီနေ့ ငါကိုယ်တိုင် သူ့ကို သွားရှာလိုက်မယ်..."
လုယွီက လေဟာနယ်ထဲသို့ ခြေတစ်လှမ်းလှမ်းပြီး ထွက်ခွာသွားသည်။ အနက်ရောင်ပုံရိပ်တစ်ခု သည် မိုးကောင်းကင်ယံသို့ ပျံသန်းသွားပြီး တိမ်တိုက်များကြားတွင် နဂါးဟိန်းသံတစ်သံက ပဲ့တင်ထပ်သွားသည်။
"မင်း..."
ရှောင်မင်ကျန့်သည် လုယွီ ထွက်ခွာသွားသည်ကို ကြည့်ပြီး စကားပြောဆိုရန် ဟန်ပြင်လိုက်၏။ သို့ရာတွင် ရုတ်တရက် သူသည် သွေးတစ်လုတ် အန်ထုတ်လိုက်ကာ သူ၏ဗိုက်ကိုနှိပ်ရင်း နာကျင်စွာဖြင့် ကွေးကောက်သွားတော့သည်။
"မင်း ငါ့ရဲ့ ကျင့်ကြံဆင်ကို ဖျက်ဆီးလိုက်တာလား..."
ရှောင်မင်ကျန့်၏မျက်လုံးများ ရုတ်တရက် သွေးရောင်လွှမ်းသွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
Chapter 5340
ရှောင်မင်ကျန့်သည် သွေးအန်ထွက်လုနီးပါး ဒေါသထွက်သွားပြီး သူ၏မျက်လုံးများတွင် အဆိပ်ပြင်းသော အငြိုးအတေးများဖြင့် ပြည့်နှက်နေသည်။
ကျင့်ကြံသူတစ်ဦးအတွက် ကျင့်ကြံခြင်းသည် အရာအားလုံး၏ အခြေခံအုတ်မြစ်ပင်။
သို့သော် လုယွီသည် သနားညှာတာခြင်း မရှိခဲ့ချေ။ သူ ထွက်ခွာသွားချိန်တွင် စွမ်းအားတစ်ရပ်ကို ထုတ်လွှတ်ပြီး ရှောင်မင်ကျန့်၏ကျင့်ကြံခြင်းကို လုံးလုံးလျားလျား ဖျက်ဆီးလိုက်၏။
ဤစွမ်းအားသည် သူ၏မရီဒါန်းများကို ဖျက်ဆီးလိုက်သဖြင့် သူ အနာဂတ်တွင် ဆက်လက်၍ ကျင့်ကြံနိုင်ရန်အတွက် ဖြစ်နိုင်ခြေများအားလုံးကို ဖျက်ဆီးလိုက်သည်။ ဤသည်မှာ သေဒဏ်ထက် ပို၍ရက်စက်သော ပြစ်ဒဏ်တစ်ခုပင်။
"လုယွီ... မင်း သွားပြီ... မင်း သွားပြီ... ငါတို့ ဘိုးဘေး ထွက်လာရင် မင်းကို အရှင်လတ်လတ် အရေခွံခွာပြီးတော့ မင်းရဲ့ အကြောတွေကို ဆွဲထုတ်ပြီး အစိတ်စိတ်အမွှာမွှာဖြစ်အောင် ဆုတ်ဖြဲလိမ့်မယ်..."
ရှောင်မင်ကျန့်က ရူးသွပ်စွာ အော်ဟစ်လိုက်သည်။
"ဖြောင်း..."
ထိုအချိန်မှာပင် တော်ဝင်အစောင့်တပ်ဖွဲ့ဝင်တချို့ ဝင်ရောက်လာပြီး ရှောင်မင်ကျန့်၏နောက်စေ့ကို ရိုက်နှက်ကာ သူ၏ ကြေမွှပျက်စီးနေသော မျက်နှာကို မြေကြီးထဲသို့ ဖိချလိုက်သည်။
"သူ့ရဲ့ကျင့်ကြံဆင့် ဖျက်ဆီးခံလိုက်ရတာတောင် ဒီလောက်ထိ မောက်မာနေတုန်းပဲ..."
တော်ဝင်အစောင့်တပ်ဖွဲ့၏ စစ်ဗိုလ်ချုပ်တစ်ဦးသည် ရှောင်မင်ကျန့်၏အပြုအမူကို ရွံရှာနေသည်မှာ အချိန်အတော် ကြာမြင့်နေလေပြီ။ သူ ပြင်းပြင်းထန်ထန် ကန်ကျောက်လိုက်ရာ ရှောင်မင်ကျန့်ထံမှ ညည်းတွားသံများ ထွက်ပေါ်လာသည်။
"မင်္ဂလာပွဲနေရာကို မညစ်ညမ်းစေဖို့ အရှင်ဧကရာဇ်က အမိန့်ပေးထားတယ်... သူ့ကို ထောင်ထဲ ခေါ်သွားပြီး ကွပ်မျက်လိုက်စမ်း..."
တော်ဝင်အစောင့်တပ်ဖွဲ့ဝင်များသည် ကျားများနှင့်ဝံပုလွေများအလား ရှေ့သို့တိုးလာပြီး ရှောင်မင်ကျန့်ကို ဆွဲခေါ်သွားကြသည်။ ထို့နောက် မင်္ဂလာပွဲမှ သွေးစသွေးနများကို ရှင်းလင်းလိုက်သော်လည်း လူများအားလုံး၏ စိတ်အခြေအနေသည် ပျက်စီးသွားခဲ့လေပြီ။
ဤကိစ္စ ရုတ်တရက် ထွက်ပေါ်လာခြင်းသည် မူလက သဟဇာတဖြစ်ပြီး ပျော်ရွှင်စရာကောင်းသော မင်္ဂလာပွဲကို ယခုလက်ရှိ အခြေအနေမျိုးသို့ ပြောင်းလဲသွားစေခဲ့သည်။
"ရှောင်မိသားစုက လူပြက်တစ်စုပါပဲ... အရှင်ဧကရာဇ်က သူတို့ကို သေချာပေါက် ပြန်ပေးဆပ်စေမှာပါ..."
လီစစ်၏အသံသည် တည်ငြိမ်နေပြီး အလျင်လိုခြင်း သို့မဟုတ် စိတ်ဓာတ်ကျခြင်း အရိပ်အယောင် မရှိချေ။
သူ၏အမူအယာကို လူအများက မြင်တွေ့မိပြီးနောက် သူ့အား အမြင်သစ်ဖြင့် ကြည့်ရှုလာစေသည်။
ဤအချိန်၌ တော်ဝင်မြို့တော်၏ထောင့်တစ်နေရာတွင် ငရဲချီစွမ်းအားများသည် ရုတ်တရက် မိုးကောင်းကင်ယံသို့ ပျံ့လွင့်သွားပေ၏။ ထိုအရာသည် အနက်ရောင်နှင့်မီးခိုးရောင် ချီစွမ်းအားနှစ်ရပ် ရောယှက်နေပြီး မိုးကောင်းကင်ယံသို့ တန်းတန်းမတ်မတ် မြင့်တက်သွားသည်။
တော်ဝင်မြို့တော်၏ပြင်ပရှိ ဆင်ခြေဖုံးရပ်ကွက်သည် အလွန်အမင်း ကြီးမားကျယ်ပြန့်သည်။ ပတ်ဝန်းကျင်ရှိ တောင်တန်းများကြားတွင် ပြွတ်သိပ်သော အဆောက်အအုံအစုအဝေးတစ်ခု တည်ရှိနေပေ၏။
ဤနေရာသည် ရှောင်အိမ်တော် တည်ရှိသော နေရာပင်။
ယခင်က ထိပ်သီးမိသားစုကြီးတစ်စုအနေဖြင့် ရှောင်မိသားစုသည် ကြီးမားကျယ်ပြန့်သော ပိုင်နက်နယ်မြေတစ်ခုကို ပိုင်ဆိုင်ထားသည်။ ရှောင်မိသားစု၏ပညာရှင်များသည် ဝင်္ကပါကြီးတစ်ခုကို ပူးပေါင်း၍ ခင်းကျင်းခဲ့ပြီး မိသားစုတစ်စုလုံးကို ဝန်းရံထားသည်။
လွန်ခဲ့သောလေးနှစ်က ရှောင်မိသားစုသည် မိသားစုတစ်စုလုံး တံခါးပိတ်ကျင့်ကြံရန် ရွေးချယ်ခဲ့သည်။ ပြင်ပတွင်ရှိနေသော ရှောင်မိသားစုဝင်များအားလုံးကို ပြန်လည်ခေါ်ယူခဲ့ပြီး နန်းတွင်း၌ အရာရှိအဖြစ် တာဝန်ထမ်းဆောင်နေသူများပင်လျှင် နှုတ်ထွက်ပြီး ထွက်ခွာသွားခဲ့ကြသည်။
ထိုအချိန်မှစ၍ ရှောင်မိသားစုသည် ဖုန်မှုန့်များ ဖုံးလွှမ်းသွားသည့်အလား လူများအားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။
ယခုအချိန်၌ ရှောင်မိသားစုသည် ရုတ်တရက် ထွက်ပေါ်လာပြီး လက်ရှိချိန်၌ အာဏာအထွတ်အထိပ်သို့ ရောက်နေသော လုယွီကို ပစ်မှတ်ထားရန် ရွေးချယ်ခဲ့ပေ၏။ သူတို့သည် ယခင်က နှိမ့်ချသောသဘောထားကို လုံးလုံးလျားလျား ပြောင်းလဲလိုက်ပြီး အကန့်အသတ်မရှိ မောက်မာထောင်လွှားလာကြသည်။
ရှောင်မိသားစု၏အိမ်တော် တည်ရှိသော တောင်ကြားမှ အေးစက်သည့် ငရဲချီစွမ်းအားများ တလိမ့်လိမ့်ထွက်ပေါ်နေသည်။ ပြင်းထန်သော လေပြင်းများ တိုက်ခတ်နေပြီး အေးစက်သော ငရဲချီစွမ်းအားများသည် ထက်ရှသော ဓားတစ်လက်အလား လူအများ၏မျက်လုံးများကို စူးရှနာကျင်စေနိုင်သည်။
မိုးကောင်းကင်ယံကြီးသည် ရုတ်တရက် မှောင်မိုက်သွားပေ၏။ တောက်ပသော နေရောင်ခြည်ကို တိမ်မည်းများက ဖုံးကွယ်ထားပြီး လေဟာနယ်အတွင်း၌ သရဲတစ္ဆေများ ၏ငိုကြွေးသံနှင့် ဝံပုလွေများ၏အူသံများကဲ့သို့ ထူးဆန်းသောအော်သံများဖြင့် ပြည့်နှက်နေသည်။ ရံဖန်ရံခါ၌ ပြင်းထန်သော လေပြင်းများ တဝီဝီမြည်ဟီးနေပြီး ရံဖန်ရံခါတွင် တိမ်တိုက်များသည် သရဲတစ္ဆေမျက်နှာများအဖြစ် ပုံသဏ္ဍာန် ပြောင်းလဲသွားကြသည်။ ကြီးမားသော ခြိမ်းခြောက်နိုင်မှုအငွေ့အသက်တစ်ရပ်သည် တော်ဝင်မြို့တော်တစ်မြို့လုံးကို လွှမ်းခြုံထားပေ၏။
ရှေးဟောင်းကျောက်တံခါးကြီးတစ်ခုသည် အဆုံးမရှိသော အချိန်နှင့်လေဟာနယ်ကို ဆုတ်ဖြဲပြီး ရှောင်အိမ်တော်၏အထက်သို့ ရောက်ရှိလာသည်။
ထိုကျောက်တံခါးကြီးသည် ရှေးကျပြီး ရာသီဥတုဒဏ်ကို ခံထားရကာ အစက်အပြောက်များရှိသော မျက်နှာပြင်ပေါ်တွင် သွေးကွက်များ လက်ဝါးရာများဖြင့် ပြည့်နှက်နေသည်။ ထိုအရာပေါ်၌ ထွင်းထုထားသော စာလုံးများသည် ရှင်းလင်းခြင်း မရှိတော့သော်လည်း ရံဖန်ရံခါ၌ မှိန်ဖျော့သော အနက်ရောင်အလင်းတန်းများကို ထုတ်လွှတ်ပြီး လျှို့ဝှက်ဆန်းကြယ်သော ခံစားမှုကို ပေးစွမ်းနိုင်သည်။
ဤထူးဆန်းသော သဘာဝလွန်ဖြစ်စဉ်သည် တော်ဝင်မြို့တော်ရှိ လူများအားလုံးကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။ ဤသည်မှာ မည်သူကမျှ မမျှော်လင့်ထားသော ထိတ်လန့်တုန်လှုပ်ဖွယ် အပြောင်းအလဲတစ်ခုပင်။
ရုတ်ချည်းဆိုသလိုပင် ကြက်သွေးရောင် သွေးစီးကြောင်းတစ်ကြောင်စက ကျောက်တံခါးကြီးအတွင်းမှ ယိုစီးထွက်လာသည်။ သွေးများယိုစိမ့်ထွက်လာပြီးနောက် စီးဆင်းနေသော သွေးများနှင့်အတူ ထူထပ်သိပ်သည်းသော အနက်ရောင် မြူခိုးများ ရောယှက်လာကာ အေးစက်ပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ရပ် ထွက်ပေါ်လာသည်။
တော်ဝင်မြို့တော်ရှိ လူများအားလုံးသည် ကျောက်တံခါးကြီး၏နောက်ကွယ်မှ ထွက်ပေါ်လာသော အော်ဟစ်သံများကို ကြားနေရပြီး ထိုအသံများသည် အလွန်အမင်း စူးရှပေ၏။
ဤအော်ဟစ်သံများကို ကြားရသော မည်သူမဆို သူတို့၏စိတ်နှလုံးသား နက်ရှိုင်းသောနေရာမှ အဆုံးမရှိသော ကြောက်ရွံ့မှုများ တွားသွားထွက်လာသကဲ့သို့ ကြီးမားသော အေးစက်မှုကို ခံစားလိုက်ရသည်။
"တံခါးရဲ့နောက်ကွယ်မှာရှိတဲ့ တစ်စုံတစ်ခုက ထွက်လာတော့မယ့်ပုံပဲ..."
တစ်စုံတစ်ယောက်က တုန်ရီနေသောအသံဖြင့် ပြောဆိုလိုက်သည်။