အခန်း (၅၃၄၁-၅၃၄၅)
Vol. 270 Ch. 5341-5345
Chapter 5341
သွေးများသည် အဆက်မပြတ် ယိုစိမ့်ထွက်လာပြီး နောက်ဆုံးတွင် ကျောက်တံခါးကြီး၏ အောက်ခြေ၌ သွေးမြစ်တစ်စင်းအဖြစ် ပေါင်းစည်းသွားသည်။
"ဝုန်း..."
ကြီးမားသော တုန်ခါသံကြီး ပဲ့တင်ထပ်သွားသည်နှင့်အမျှ ရှေးဟောင်းကျောက်တံခါးကြီးသည် ဖြည်းညှင်းစွာ ပွင့်လာခဲ့ပေ၏။
ထိုအရာအတွင်းမှ အဆုံးအစမရှိသော အမှောင်ထုကြီးသည် လောကကြီးအတွင်းမှ သက်ရှိများအားလုံးကို ဝါးမျိုနိုင်စွမ်းရှိသည့် အနက်ရောင်ချောက်နက်ကြီး၏ပါးစပ်ပေါက်အလားပင်။ ကျောက်တံခါးကြီး၏ နက်ရှိုင်းသောနေရာများမှ ရှည်လျားပြီး နက်နဲသိမ်မွေ့သော နတ်ဆိုးမှော်မန္တန်ရွတ်ဆိုသံများ ထွက်ပေါ်လာသည်။
"အဲ့ဒါက ဘာကြီးလဲ..."
လူများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။ ဤကျောက်တံခါးကြီး၏မူရင်းဇစ်မြစ်သည် လျှို့ဝှက်ဆန်းကြယ်ပြီး လူအများကို စိတ်မသက်မသာ ဖြစ်စေသော အရှိန်အဝါတစ်ရပ်ကိုလည်း ထုတ်လွှတ်ထားသည်။
လုယွီသည် လေထုထဲသို့ ပျံသန်းသွားပြီး ကျောက်တံခါးကြီးကို မျက်နှာမူလိုက်ကာသူ၏မျက်နှာအမူအယာသည် ခံစားချက်ကင်းမဲ့နေပေ၏။
သူ၏ခန္ဓာကိုယ်ပေါ်သို့ လေပြင်းများ ဖြတ်သန်းတိုက်ခတ်လာပြီး သူ၏အနက်ရောင်နဂါးဝတ်ရုံသည် လေနှင့်အတူ ရှေ့နောက်လူးလွန့်နေသည်။ သူ၏ အနက်ရောင် ဆံပင်ရှည်များသည် လေထုထဲတွင် လွတ်လပ်ပေါ့ပါးစွာ ပျံ့လွင့်နေသည်။
သို့ရာတွင် လုယွီ၏မျက်လုံးအတွင်းတွင် လောကကြီးမှ သက်ရှိများအားလုံး ပါဝင်နေသကဲ့သို့ အလွန်နက်ရှိုင်းပြီး ကြီးမားကျယ်ပြန့်သော ဧကရာဇ်အရှိန်အဝါသည် အထက်မိုးကောင်းကင်ယံတခွင်လုံး၌ ပြည့်နှက်နေပေ၏။
"ထွက်ခဲ့စမ်း..."
လုယွီသည် သူ၏ရှေ့မှ အရှိန်အဝါကြောင့် တစိုးတစိမျှ ထိတ်လန့်သွားပုံမရဘဲ အေးစက်တင်းမာစွာ ပြောဆိုလိုက်သည်။
လုယွီ၏အသံ အဆုံးသတ်သွားသည်နှင့် ကျောက်တံခါးကြီး၏နောက်ကွယ်မှ ထူးဆန်းသော အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် ထူထပ်သိပ်သည်းသော ငရဲချီစွမ်းအားများမှတဆင့် မျက်နှာမဲ့သော ဧရာမနတ်ဆိုးကြီးတစ်ကောင်အဖြစ် ဖွဲ့စည်းသွားကာ ကျောက်တံခါးကြီး၏နောက်ကွယ်မှ တွားသွားထွက်လာသည်။
ဤသည်မှာ အမှန်တကယ်ကို ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။
ပေတစ်သောင်းခန့် မြင့်မားသော ဧရာမနတ်ဆိုးကြီးသည် သူ၏ကြမ်းတမ်းပြီး ရှည်လျားသော လက်ချောင်းများကို ဆန့်တန်းလိုက်သည်။ သူ့ထံတွင် မျက်နှာပုံပန်းသွင်ပြင်များ မရှိသော်လည်း ဖြူဖျော့သော မျက်နှာကြီးမှနေ၍ အေးစက်ပြီး ထူးဆန်းသော အရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ထားသည်။
ကောင်းကင်နှင့်မြေပြင်အကြားရှိ အရပ်မျက်နှာအဘက်ဘက်သည် တုန်ခါသွားပြီး မိုးကောင်းကင်ယံသည် တဖန်ပြန်၍ မည်းမှောင်သွားကာ တိမ်မည်းများသည် အချိန်မရွေး ပြိုကျလာတော့မည့်ပုံ ပေါက်နေသဖြင့် လူအများအား အသက်ရှူရန်ပင် ခက်ခဲလာစေသည်။
"အိုး ဘုရားရေ... ရှောင်မိသားစုက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ..."
"ခုဏက ရှောင်မိသားစုကလူကို ငါ ကြည့်လိုက်ကတည်းက တစ်ခုခုတော့ မှားနေပြီဆိုတာ ငါ သိသားပဲ..."
လူအများသည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားကြ၏။ သူတို့၏ရှေ့မှ နတ်ဆိုး၏ မူရင်းဇစ်မြစ်ကို သူတို့ မခွဲခြားနိုင်ကြချေ။
"ဒါက နတ်ဆိုးပဲ..."
လုယွီ၏အကြည့် အလွန်အမင်း တည်ငြိမ်နေသည်။ သူသည် သူ၏ရှေ့မှ မျက်နှာမဲ့နတ်ဆိုးကြီးကို ကြည့်လိုက်ပြီးနောက် သတ်ဖြတ်လိုခြင်း အရိပ်အယောင်တစ်ရပ်က သူ၏မျက်လုံးထဲတွင် ဖြတ်ပြေးသွားသည်။
ထိုကဲ့သို့ နတ်ဆိုးများသည် သဘာဝအလျောက် မွေးဖွားလာခြင်း မဟုတ်ဘဲ မရေမတွက်နိုင်သော နာကြည်းချက်များနှင့်အမုန်းတရားများမှ ဖွဲ့စည်းထားခြင်း ဖြစ်ကာ သူတို့၏ စွမ်းအားသည် သာမန်သရဲတစ္ဆေဝိညာဉ်များထက် များစွာပို၍သာလွန်သည်။
အတိတ်တွင် လုယွီသည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ရှိ ရှေးဟောင်း အပျက်အစီးများထံသို့ ရောက်ရှိခဲ့စဉ်က ချန်အန်းမြို့အတွင်း၌ နတ်ဆိုးများ၏တိုက်ခိုက်ခြင်းကို ခံခဲ့ရဖူးသည်။
ထိုနတ်ဆိုးများ၏ စွမ်းအားသည် အလွန်အမင်း ပြင်းထန်ပေ၏။ ထိုအချိန်က လုယွီသည် သိုင်းသူတော်စင်နယ်ပယ် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေသော်လည်း ထိုနတ်ဆိုးများကို ခုခံနိုင်စွမ်း မရှိခဲ့ပေ။
သို့သော် ဤနတ်ဆိုးများသည် များသောအားဖြင့် မှောင်မိုက်ပြီး သီးခြားဆန်သော နေရာများတွင်သာ ထွက်ပေါ်လာလေ့ရှိသည်။ အကယ်၍ သေမျိုးလူသားများ နေထိုင်သောနေရာသို့ သူတို့ ရောက်ရှိလာပါက အဆုံးမရှိသော သတ်ဖြတ်မှုများကို ချက်ချင်းပြုလုပ်ကြပေလိမ့်မည်။
ရှောင်မိသားစုသည် ထိုနတ်ဆိုးများကို တော်ဝင်မြို့တော်သို့ အမှန်တကယ် ယူဆောင်လာခဲ့သည်။ သူတို့၏ရည်ရွယ်ချက်များသည် အမှန်တကယ်ကို ဆိုးရွားပေ၏။
တိမ်မည်းများ တလိမ့်လိမ့်ထလာပြီး ကျောက်တံခါးကြီးအတွင်းမှ နတ်ဆိုး ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ဝေးကွာသော ရှောင်မိသားစု၏နယ်မြေပေါ်တွင် ရှောင်မိသားစုဝင် တပည့်ဆယ်ယောက်ကျော် ရုတ်တရက် ထွက်ပေါ်လာသည်။
ဤရှောင်မိသားစုဝင် တပည့်များအားလုံးသည် ခရမ်းရောင်ဝတ်စုံများကို ဝတ်ဆင်ထားကြ၏။ ဤသည်မှာ ရှောင်မိသားစု၏ သင်္ကေတအမှတ်အသားဖြစ်ကာ မိသားစုဝင်များဖြစ်ကြောင်း ကိုယ်စားပြုသည်။
ရှောင်မိသားစုဝင်တချို့၏မျက်နှာများပေါ်၌ ယုံကြည်ချက်ရှိသော အပြုံးမျိုး ထင်ဟပ်နေသည်။ သူတို့သည် အသက်မကြီးသော်လည်း မောက်မာထောင်လွှားကြပြီး အရာအားလုံးကို အထင်သေးကာ အလွန်အမင်း မာန်မာနတက်နေကြ၏။
သူတို့သည် လေဟာနယ်ကို ဖြတ်ကျော်ပြီး ကျောက်တံခါးကြီး၏နံဘေးသို့ ရောက်ရှိလာကာ အရပ်မျက်နှာအဘက်ဘက်သို့ ဝေ့ဝိုက်၍ကြည့်ရှုနေကြသည်။
"တော်ဝင်မြို့တော်က လူတွေအားလုံး နားထောင်ကြ... ဒူးထောက်ပြီးတော့ ဘိုးဘေးရဲ့ အမြင့်မြတ်ဆုံး အမိန့်တော်ကို ကြိုဆိုကြစမ်း..."
ခရမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးတစ်ဦးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူမသည် မှော်စွမ်းအားကို အသုံးပြုထားသဖြင့် သူမ၏အသံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပြီး တော်ဝင်မြို့တော်၏ ထောင့်တစ်နေရာတိုင်းသို့ ချက်ချင်းရောက်ရှိသွားသည်။
ဤအချိန်၌ တော်ဝင်မြို့တော်ရှိ လူများအားလုံး၏မျက်နှာများပေါ်တွင် အံ့အားသင့်သွားသော အမူအယာများ ထင်ဟပ်လာကြသည်။
ရှောင်မိသားစုသည် ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ဤမျှထိ မောက်မာထောင်လွှားသော အပြုအမူကို ပြသနေသည်။ ဤသည်မှာ သူတို့၏ ယခင်ပုံစံနှင့် လုံးလုံးလျားလျား ကွဲပြားခြားနားနေပေ၏။
မည်သူမျှ တုံ့ပြန်ခြင်း မရှိကြချေ။ သူတို့သည် မိုးကောင်းကင်ယံပေါ်ရှိ လုယွီကို ကြည့်နေကြပြီး သူ မည်သို့ တုံ့ပြန်မည်ကို သိလိုကြသည်။
"ရှောင်ထျန်းယွမ် ဘယ်မှာလဲ... သူ ဘာလို့ ထွက်မလာတာလဲ..."
လုယွီက တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
Chapter 5342
ရှောင်ထျန်းယွမ်သည် ရှောင်မိသားစုဘိုးဘေး၏ အမည်ရင်းပင်။
ရှောင်မိသားစုဘိုးဘေးသည် ငယ်ရွယ်စဉ်ကတည်းက စစ်တပ်ထဲတွင် ကြီးမားသော နာမည်ဂုဏ်သတင်းဖြင့် ကျော်ကြားခဲ့သည်။ နောက်ပိုင်းတွင် စစ်ဘက်ဆိုင်ရာ အောင်မြင်မှု အမြောက်အများကို ရရှိပြီးနောက် ရှင်းကော်နယ်စားရာထူးအထိ ရာထူးတိုးမြှင့်ခံခဲ့ရပြီး သူ၏အဆင့်အတန်းသည် မြင့်မားကာ ဂုဏ်သတင်းကြီးမားသည်။
ရှောင်မိသားစုသည် နက်နဲသိမ်မွေ့သော အမွေအနှစ်ရှိသည့် ဂုဏ်သရေရှိ မိသားစုကြီးတစ်စုဖြစ်ပြီး ကောင်းကင်ဘုံနယ်မြေအတွင်းရှိ လုပ်ငန်းအမြောက်အများကို လက်ဝါးကြီးအုပ်ထားသည်။ သူတို့၏ ကျော်ကြားသော နာမည်ဂုဏ်သတင်းသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့နေပေ၏။
"ဘယ်လောက်တောင် ရဲတင်းလိုက်လဲ... ဘိုးဘေးရဲ့ နာမည်ကို တိုက်ရိုက် ခေါ်ရဲတယ်ပေါ့..."
လုယွီ၏စကားကို ကြားချိန်၌ ခရမ်းရောင်ဝတ် စုံဝတ်အမျိုးသမီးသည် အမြှီးအနင်းခံလိုက်ရသော ကြောင်တစ်ကောင်ကဲ့သို့ စူးရှစွာ အော်ဟစ်လိုက်သည်။
တခြားရှောင်မိသားစုဝင် တပည့်များသည်လည်း ကြမ်းတမ်းခက်ထန်သော အကြည့်များဖြင့် လုယွီကို ကြည့်လိုက်ကြပြီး သူတို့၏မျက်လုံးများတွင် သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။
"ငါ မပြောနိုင်စရာ ဘာရှိလို့လဲ... ငါက ရှောင်အိမ်တော်ရဲ့တံခါးဝကို ရောက်နေပြီလေ... သူက ဘယ်မှာလဲ..."
လုယွီ၏အသံသည် နှစ်သောင်းချီသက်တမ်းရှိသော ရေခဲမြစ်အောက်မှ ရေခဲပြင်အလား အလွန်အေးစက်နေသည်။
"နင်က လုယွီကိုး... ဒါကြောင့် ငါက နင့်ကို ရင်းနှီးနေတယ်လို့ ထင်နေတာ..."
ခရမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးက ပြုံးလိုက်သည်။
"ငါ နင့်အကြောင်းကိုကြားဖူးပါတယ်... အရင်တုန်းက နင်က ငါတို့ ရှောင်အိမ်တော်ကနေ လမ်းဘေးခွေးတစ်ကောင်လိုမျိုး သနားစရာကောင်းတဲ့ပုံစံနဲ့ ထွက်သွားခဲ့ရတာလေ... ဒီနေ့ နင်က ကောင်းကင်ဘုံအင်ပါယာတစ်ခုရဲ့ ဧကရာဇ် ဖြစ်လာနိုင်တယ်ဆိုတာ တွေးကြည့်ရင် ရယ်စရာ ကောင်းလိုက်တာ..."
လူများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။
လုယွီ၏ရှေ့တွင် ဤကဲ့သို့စကားမျိုး ပြောဆိုရဲသူ မရှိသည်မှာ မည်မျှထိ ကြာမြင့်ခဲ့ပြီနည်း။
"လုယွီ... နားထောင်စမ်း... ငါတို့ ရှောင်မိသားစု တံခါးပိတ်ကျင့်ကြံနေတုန်းမှာ နင် ဘာတွေ လုပ်ခဲ့လဲဆိုတာ ငါ မသိပေမဲ့....ဒီနေ့ နင် ရရှိထားတဲ့ အရာအားလုံးက နင့်ရဲ့အပိုင် မဟုတ်ဘူးဆိုတာ နင် နားလည်ရမယ်..."
ခရမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးက သူမ၏တည်ငြိမ်မှုကို ပြန်လည်၍ ရယူလိုက်ပြီး အထင်အမြင်သေးသောလေသံဖြင့် ပြောဆိုသည်။
"ဒီနေ့ နင်ရထားတဲ့ အောင်မြင်မှုတွေက ငါတို့ ရှောင်မိသားစုဆီကနေ နင် ယူသွားတဲ့ မသေမျိုးအဆင့်မှော်လက်နက်အပေါ်မှာ အပြည့်အဝ မှီခိုနေပုံရတယ်... မသေမျိုးအဆင့် မှော်လက်နက်က တကယ့်ကို ထူးခြားပေမဲ့ အရေးကြီးဆုံးက ကျင့်ကြံသူကိုယ်တိုင် ပိုင်ဆိုင်တဲ့ စွမ်းအားပဲ... အဲ့ဒါက အဓိကပဲ... ထားလိုက်ပါတော့... ငါ ပြောပြရင်လည်း နင် နားလည်မှာ မဟုတ်ဘူး... နွေရာသီပိုးကောင်လေးကို ရေခဲအကြောင်း ပြောပြလို့မှ မရတာ..."
ထိုစကားကို ပြောဆိုပြီးနောက် သူမသည် အဝေးရှိ တော်ဝင်မြို့တော်ဆီသို့ ရုတ်တရက် လှမ်းကြည့်ပြီး မျက်မှောင်ကြုတ်လိုက်၏။
"နင်တို့အားလုံး နားကန်းနေကြတာလား... ငါပြောတာ မကြားကြဘူးလား... ဘိုးဘေးရဲ့ အမြင့်မြတ်ဆုံး အမိန့်တော်ကို လာပြီးလက်ခံကြစမ်း..."
မည်သူမျှ သူမအား ပြန်လည်၍တုံ့ပြန်ခြင်း မရှိသဖြင့် ခရမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးကို အလွန်အမင်း စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။
"ရှောင်မိသားစုက နှစ်တွေအများကြီးကြာအောင် တံခါးပိတ်ကျင့်ကြံပြီးတော့ ပုန်းအောင်းနေခဲ့တယ်... မင်းတို့ ထွက်လာတဲ့အချိန်မှာ ငါ့ရဲ့အကြောင်းကို နားလည်အောင် မကြိုးစားခဲ့ကြဘူးလား..."
လုယွီက ရုတ်တရက် ပြောဆိုသည်။
ခရမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးသည် အရယ်ရဆုံးသော ဟာသပြက်လုံးတစ်ခုကို ကြားလိုက်ရသည့်အလား အော်ဟစ်ရယ်မောလိုက်၏။
"နင့်အကြောင်းကို နားလည်ရမယ်...ဟုတ်လား... ဘာအတွက်လဲ... ဟိုတုန်းက ငါတို့ ရှောင်မိသားစုကနေ သနားစရာကောင်းတဲ့ ပုံစံနဲ့ ထွက်သွားခဲ့ရတဲ့ ဂျူနီယာလေးတစ်ယောက်အတွက်လေ... ဒီနေ့အထိ နင် အသက်ရှင်နေတာကို သည်းခံပေးထားတာကတင် ငါတို့ ရှောင်မိသားစုရဲ့ ကြီးမားတဲ့ အကြင်နာတရားပဲ..."
သူမ၏နောက်တွင် လိုက်ပါလာသော ရှောင်မိသားစုဝင် တပည့်တစ်စုကလည်း ရယ်မောလိုက်ကြသည်။
သူတို့သည် လုယွီကို အနည်းငယ်မျှ ဂရုမစိုက်ကြချေ။
သူတို့သည် ရုတ်တရက် နတ်ဘုရားစွမ်းအားများကို ရရှိခဲ့သဖြင့် သူတို့၏ယုံကြည်ချက်များ အချိန်တခဏအတွင်းတွင် မြင့်တက်လာခဲ့သည်။ လုယွီသည် ဧကရာဇ် ဖြစ်လာကြောင်း ကြားသိရချိန်၌ သူတို့အားလုံး မယုံကြည်နိုင် ဖြစ်ခဲ့ကြပြီး တချိန်တည်းမှာပင် ပြင်းထန်သော မနာလိုမှုနှင့်ဒေါသများ ပေါက်ဖွားလာခဲ့သည်။
အကယ်၍ တော်ဝင်မင်းသားတစ်ပါးသည် ဧကရာဇ် ဖြစ်လာပါက မည်သူမျှ အံ့အားသင့်ကြမည် မဟုတ်ချေ။
သို့သော် ပုံမှန်အားဖြင့် သူတို့ အထင်သေးသော သူတောင်းစားတစ်ယောက်သည် ရုတ်တရက် ဧကရာဇ် ဖြစ်လာပြီး သူတို့ထက် ရာထူးမြင့်မားကာ ထိုလူ၏အမိန့်ကို နာခံရမည်ဆိုပါက ဤသည်မှာ မည်သူမျှ လက်သင့်ခံနိုင်မည့် ကိစ္စတစ်ရပ် မဟုတ်ချေ။
"လုယွီ... ဒီနေရာမှာ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောမနေနဲ့... မြန်မြန်နန်းစွန့်ပြီးတော့ ထိုက်တန်တဲ့သူကို လွှဲပြောင်းပေးစမ်း... မဟုတ်ရင် နင့်ရဲ့မိသားစုတစ်စုလုံး အသတ်ခံရလိမ့်မယ်..."
ခရမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"မင်း ဘာပြောလိုက်တာလဲ..."
လုယွီ၏မျက်လုံးအကြည့်သည် အေးစက်တင်းမာသွားပေ၏။
ထို့နောက် အဆုံးမရှိသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည့် ထက်ရှသော ဧကရာဇ်အရှိန်အဝါတစ်ရပ် ရုတ်တရက် ထွက်ပေါ်လာသည်။
ရှောင်မိသားစုဝင်များအားလုံး မသိစိတ်မှနေ၍ ထိတ်လန့်တုန်လှုပ်သွားကြသည်။
ခရမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးသည် စကားပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် ဤအစွမ်းထက်သော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒကြောင့် ရုတ်တရက် ထိတ်လန့်ပြီး တွန့်ဆုတ်သွားပေ၏။
သို့သော် သူမသည် ချက်ချင်းဆိုသလိုပင် အသိစိတ်ပြန်ဝင်လာပြီး ရှက်ရွံ့မှုမှ ဒေါသအဖြစ် ပြောင်းလဲသွားသည်။
"ဘာလဲ... နင်ကဒေါသထွက်နေတာလား... လာခဲ့စမ်း... တိုက်ခိုက်ကြရအောင်.. ငါ နင့်ကို သင်ခန်းစာ ပေးချင်နေတာ ကြာပြီ..." ခရမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးက ခါးထောက်ပြီး ကြောက်ရွံ့မှုမရှိသော အနေအထားကို ပြသလိုက်သည်။
Chapter 5343
တချိန်တည်းမှာပင် မည်းနက်နေသော မှော်စွမ်းအားအလင်းတန်းတစ်တန်းက ခရမ်းရောင်ဝတ်စုံဝတ်အမျိုးသမီး၏အထက်တွင် ထွက်ပေါ်လာသည်။
ကြွယ်ဝသော ယင်စွမ်းအင်များနှင့်အတူ နတ်ဆိုးများ၏ကျယ်လောင်သော ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာပြီး နားကွဲလုမတတ် အလွန်အမင်း ကျယ်လောင်သည်။
ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ရပ် ပျံ့နှံ့သွားပြီး အဝေးမှနေ၍ပင် အေးစက်သော ခံစားမှုကို ရရှိစေနိုင်သည်။
"ဒါက... ခုဏမင်္ဂလာပွဲမှာ ရှောင်မိသားစုက လူ ထုတ်လွှတ်လိုက်တဲ့ အရှိန်အဝါနဲ့ အတူတူပဲ..."
လူအမြောက်အများသည် တုန်လှုပ်ချောက်ချားသွားကြ၏။ ဤကဲ့သို့သော မှော်စွမ်းအားမျိုးသည် အမှန်တကယ်ကို အလွန်ထူးဆန်းနေသည်။
ထိုအနက်ရောင်မှော်စွမ်းအားသည် နံဘေးပတ်ဝန်းကျင်ရှိ အရာအားလုံးကို အပြည့်အဝ ဝါးမျိုနိုင်စွမ်းရှိသည့် ချောက်နက်ကြီးများအလားပင်။
ယခုအချိန်၌ ခရမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးသည် အသက်ရှူချိန် အနည်းငယ်အတွင်းမှာပင် သူမ၏အသွင်ပြောင်းလဲမှုကို ပြီးမြောက်သွားခဲ့လေပြီ။ သူမသည် ယခင်က ကျော့ရှင်းလှပခဲ့သော်လည်း ယခုအချိန်၌ ရန်သူများကို လွယ်လင့်တကူ ဆုတ်ဖြဲနိုင်သည့် အသူရာနတ်ဆိုးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။
"မင်းက မသေမျိုးအဆင့် မှော်လက်နက်ကို ထုတ်သုံးဖို့ ငါ အကြံပေးချင်တယ်... မဟုတ်ရင် မင်း သနားစရာကောင်းတဲ့ပုံစံနဲ့ သေဆုံးရလိမ့်မယ်..."
ခရမ်းရောင်ဝတ်စုံဝတ် အမျိုးသမီး၏ နောက်တွင်ရှိသော ရှောင်မိသားစုဝင် တပည့်တချို့က သူ့ကို သရော်တော်တော်လေသံဖြင့် အကြံပေးလိုက်သည်။
သူတို့သည် အကယ်၍ လုယွီက မသေမျိုးအဆင့် မှော်လက်နက်ကို အသုံးမပြုပါက သေချာပေါက် သေဆုံးရလိမ့်မည်ဟု တွေးထင်ထားသည့်အလား လှောင်ပြောင်သော အကြည့်များဖြင့် ကြည့်နေကြ၏။
လုယွီ၏အကြည့်သည် လက်ရှိနေရာတွင်ရှိနေသော ရှောင်မိသားစုဝင်များအားလုံး၏ မျက်နှာများပေါ်သို့ ကျရောက်သွားသည်။
ထို့နောက် သူ၏မျက်လုံးများထဲတွင် ရွှေရောင်မီးတောက်နှစ်ခု မြင့်တက်လာပြီး တောက်ပစွာ လောင်ကျွမ်းနေကာ အဆုံးမရှိသော ဧကရာဇ်အရှိန်အဝါကို ထုတ်လွှတ်ထားသည်။
"ငါ သက်ညှာလွန်းခဲ့ပုံရတယ်... ဘယ်သူမဆို ငါ့ကို စိန်ခေါ်ရဲတဲ့ အထိ ဖြစ်လာခဲ့ပြီပဲ..."
လုယွီက ခြေတစ်လှမ်းချင်း ရှေ့သို့လျှောက်လှမ်းလာသည်။ သူ၏ခန္ဓာကိုယ်ကို ပေတစ်သောင်းမြင့်မားသော ရွှေရောင်အလင်းတန်းဖြင့် လွှမ်းခြုံထားပေ၏။ ထိုအစွမ်းထက်သော ရွှေရောင်အလင်းတန်းသည် ထက်ရှသော ဓားတစ်လက်အလား မိုးကောင်းကင်ယံသို့ တန်းတန်းမတ်မတ် ထိုးဖောက်ဝင်ရောက်သွားသည်။
"ငါပြောတာကို နားထောင်ကြစမ်း... အခုချိန်ကစပြီးတော့ ဘယ်သူမဆို ငါ့ရဲ့မိသားစုကို ထိခိုက်နစ်နာအောင် လုပ်ရဲရင် ဒါမှမဟုတ် ငါ့ရဲ့မိသားစုကို အသုံးပြုပြီး ငါ့ကို ခြိမ်းခြောက်လာရင် သေလမ်းပဲ ရှိတယ်..."
ဤစကား ထွက်ပေါ်လာသည်နှင့် ကောင်းကင်ဘုံနယ်မြေ တုန်ခါသွားပြီး မရေမတွက်နိုင်သော လူများက သူ့ထံသို့ လှမ်းကြည့်လိုက်ကြသည်။
ဤအချိန်၌ လုယွီသည် နဂါးပလ္လင်ထက်တွင် ထိုင်နေသော သဘောထားကြီးသည့် သန့်ရှင်းသော ဧကရာဇ်တစ်ပါးနှင့် မတူညီတော့ဘဲ သွေးစွန်းသောငရဲ၏ နက်ရှိုင်းသောနေရာမှ တွားသွားထွက်လာသည့် အသူရာတစ်ကောင်အလားပင်။
ခရမ်းရောင်ဝတ်စုံဝတ်အမျိုးသမီးက ပြုံးလိုက်ပြီး လှောင်ပြောင်ပြောဆိုရန် ဟန်ပြင်လိုက်သော်လည်း ရုတ်တရက် အစွမ်းထက်သော ရွှေရောင်အလင်းတန်းတစ်တန်းသည် သူမကို ချက်ချင်းလွှမ်းခြုံသွားပေ၏။
"အား..."
ခရမ်းရောင်ဝတ်စုံဝတ်အမျိုးသမီးသည် စူးရှနာကျင်စွာအော်ဟစ်လိုက်ပြီး သူမ၏အရိုးများနှင့်ကြွက်သားများ ကြေမွှပျက်စီးသွားသည်။ သူမသည် ပြီးပြည့်စုံသော တောင်းပန်စကား တစ်ခွန်းကိုပင် မပြောနိုင်ဘဲ ချက်ချင်းသေဆုံးသွားကာ ကြီးမားကျယ်ပြန့်သော သွေးမြူခိုးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
"ဘာ..."
"ဘာတွေ ဖြစ်နေတာလဲ..."
ခရမ်းရောင်ဝတ်စုံဝတ် အမျိုးသမီး၏ နောက်တွင်ရှိနေသော ရှောင်မိသားစုဝင် တပည့်တစ်စုသည် ဤမြင်ကွင်းမျိုး ဖြစ်ပေါ်လာလိမ့်မည်ဟု လုံးလုံးလျားလျား ထင်မှတ်မထားခဲ့ကြချေ။
သူတို့ ပြန်လည်၍ မတုံ့ပြန်နိုင်မီမှာပင် လုယွီက သူ၏ခြေထောက်ကိုမြှောက်ပြီး သူတို့ထံသို့ လျှောက်လှမ်းလာခဲ့သည်။
လုယွီသည် မည်သည့် မှော်မန္တန်ကိုမျှ အသုံးမပြုသော်လည်း သူ လှမ်းလိုက်သော ခြေလှမ်းတိုင်းသည် ကျင်တစ်သောင်း လေးလံသော တောင်တန်းများ သူတို့၏ခေါင်းထက်သို့ ရုတ်တရက် ပြိုကျလာသကဲ့သို့ ခံစားရစေသည်။
"ဖူး..."
ကြီးမားသောစွမ်းအားတစ်ရပ်သည် ရုတ်တရက် ဆင်းသက်လာပြီး ပြင်းထန်ကာ အကန့်အသတ်မရှိ ကျယ်ပြန့်ပြီး ရှောင်မိသားစုဝင်တပည့်များအားလုံးကို ချက်ချင်းဖိနှိပ်လိုက်သည်။ လက်ရှိနေရာတွင် ရှိနေကြသော ရှောင်မိသားစုဝင် တပည့်များအားလုံး ချက်ချင်းအော်ဟစ်လိုက်ကြ၏။
နောက်ထပ်အချိန်အခိုက်အတန့်တွင် သူတို့အားလုံး ပေါက်ကွဲသွားကြသည်။ သူတို့၏စိတ်ဝိညာဉ်များပင် လွတ်မြောက်သွားနိုင်ခြင်း မရှိဘဲ သူတို့၏ရုပ်ခန္ဓာကိုယ်နှင့်စိတ်ဝိညာဉ်နှစ်ခုလုံး အမှုန်အမွှားများအဖြစ် ခြေမွှဖျက်ဆီးခြင်းခံလိုက်ရသည်။
သူတို့သည် ပြန်လည်ဝင်စားခြင်း သံသရာစက်ဝန်းထဲသို့ပင် ဝင်ရောက်နိုင်တော့မည် မဟုတ်ချေ။ လုယွီ၏တိုက်ခိုက်မှုကြောင့် သူတို့ သေဆုံးသွားပြီးနောက် ကောင်းကင်နှင့်မြေပြင်ကြားမှ လုံးလုံးလျားလျား ပျောက်ကွယ်သွားပြီး သူတို့၏တည်ရှိမှုသည် အရိပ်အယောင်မျှပင် မကျန်ရစ်ခဲ့ချေ။
သူတို့၏နံဘေးရှိ ကျောက်တံခါးကြီးသည် တုန်ခါနေပြီး ပို၍များပြားသော နတ်ဆိုးများ ထွက်ပေါ်လာသည်။ ထိုနတ်ဆိုးများသည် ကောင်းကင်ယံတခွင်လုံး၌ ပဲ့တင်ထပ်စေသော ထူးဆန်းသည့် အော်သံများကို ပြုလုပ်လိုက်ကြ၏။
"ဆူလိုက်တာ..."
လုယွီ၏အကြည့် အေးစက်တင်းမာသွားပြီး သူ၏လက်ကိုမြှောက်ကာ လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။
ကြွယ်ဝသော သွေးချီစွမ်းအင်များ မိုးကောင်းကင်ယံအတွင်း၌ ပြည့်နှက်သွားသည်။ ဤလက်သီးချက် ထွက်ပေါ်လာချိန်၌ ကောင်းကင် မြေပြင် နေနှင့်လတို့ကို ခြေမွှဖျက်ဆီးတော့မည့်အလားပင်။ ထိုလက်သီးချက်မှ ထွက်ပေါ်လာသော ကြီးမားသည့် စွမ်းအားသည် သူ၏ရှေ့မှ နတ်ဆိုးများကို ချက်ချင်းသုတ်သင်လိုက်၏။
Chapter 5344
ဝုန်း...
နတ်ဆိုးများ၏ခန္ဓာကိုယ်များ ပေါက်ကွဲသွားပြီး အဆုံးမရှိသော နာကြည်းမုန်းတီးမှုများ လေဟာနယ်ထဲတွင် ပျံ့နှံ့သွားသည်။
သို့သော် အထက်မိုးကောင်းကင်ယံတွင် ရွှေရောင်မီးတောက်များ မြင့်တက်လာပြီး အလွန်အမင်း ယန်စွမ်းအားပြင်းထန်လှ၏။ လေဟာနယ်ထဲသို့ ကျရောက်လာသော မည်သည့် နာကြည်းမုန်းတီးမှုနှင့် ဆိုးညစ်သောစွမ်းအားများမဆို ဤရွှေရောင်မီးတောက်ကြောင့် ချက်ချင်းလောင်ကျွမ်းသွားပေလိမ့်မည်။
ဤလက်သီးချက်သည် နတ်ဆိုးအကောင်နှစ်ဆယ်ကျော်ကို သတ်ဖြတ်လိုက်ခြင်းပင်။
သို့သော် ကျောက်တံခါးကြီးအတွင်း၌ အမှောင်ထုကြီးသည် ပျောက်ကွယ်မသွားချေ။ ထိုအရာအတွင်းမှနေ၍ ပို၍ကျယ်လောင်သော ဟိန်းဟောက်သံများ ထွက်ပေါ်နေဆဲ ဖြစ်ပြီး မိုးကောင်းကင်ယံတခွင်လုံး၌ ပဲ့တင်ထပ်နေသည်။
"ဒါက ရှေးဟောင်းငရဲနယ်မြေရဲ့တံခါးပေါက်ပဲ... ရှောင်မိသားစုက သေလမ်းရှာနေတာပဲ..."
လုယွီ၏မျက်လုံးများထဲတွင် အေးစက်စက်အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။
ရှေးဟောင်းခေတ်၌ပင် ငရဲနယ်မြေသည် လောကကြီးတွင် ကြောက်မက်ဖွယ် အကောင်းဆုံး နေရာတစ်နေရာ ဖြစ်ခဲ့သည်။
ကောင်းကင်ကိုးထပ်ရှိ နတ်ဘုရားများမှလွဲ၍ ကောင်းကင်နှင့်မြေပြင်ကြားရှိ သက်ရှိသတ္တဝါ အားလုံးသည် သက်တမ်းကုန်ဆုံးသွားချိန်၌ သံသရာစက်ဝန်းသို့ ဝင်ရောက်ရန်အတွက် ငရဲနယ်မြေသို့ ပို့ဆောင်ခြင်းခံရပေမည်။
ထိုနေရာတွင် မှောင်မိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော သက်ရှိများစွာ စုဝေးနေကြပြီး မတရားသဖြင့် သေဆုံးခြင်း မှားယွင်းစွာ သေဆုံးခြင်း သို့မဟုတ် မတော်တဆ သေဆုံးခြင်းများ ဖြစ်ကြသည်။ အကြောင်းအမျိုးမျိုးကြောင့် သူတို့သည် သံသရာစက်ဝန်းထဲသို့ မဝင်ရောက်နိုင်ကြဘဲ ငရဲနယ်မြေတွင် မရေမတွက်နိုင်သော ညှဉ်းပန်းနှိပ်စက်မှုများကို ခံစားရပြီး အချိန်ကြာလာသည်နှင့်အမျှ ပြင်းထန်သော နာကြည်းမုန်းတီးမှုများ စုပုံလာခဲ့သည်။
အတိတ်တွင် လုယွီသည် ရှေးဟောင်းငရဲနယ်မြေ တွင် အစွမ်းထက်သော ဘုန်းတော်ကြီးတစ်ပါးကို မြင်တွေ့ခဲ့ဖူးသည်။ သူသည် "ငရဲမှသက်ရှိတွေအားလုံး မလွတ်မြောက်မချင်း ငါ ဗုဒ္ဓမဖြစ်စေရ" ဟု ကျိန်ဆိုခဲ့သည်။
ကံမကောင်းစွာဖြင့် ငရဲနယ်မြေမှ သက်ရှိများသည် မည်သည့်အချိန်မျှ လွတ်မြောက်နိုင်မည် မဟုတ်ဘဲ ထိုဘုန်းတော်ကြီးသည်လည်း ငရဲတွင် ထာဝရ သေဆုံးသွားခဲ့ရသည်။
ဤနေရာသည် အန္တရာယ်များဖြင့် ပြည့်နှက်နေသော နေရာတစ်နေရာပင်။ နတ်ဘုရားအဖြစ် ကျင့်ကြံထားသော အစစ်အမှန် အစွမ်းထက်ပုဂ္ဂိုလ်များပင်လျှင် ဤဒုက္ခများသော နေရာသို့ လာချင်မည် မဟုတ်ချေ။
ရှေးဟောင်းခေတ်တွင် ကောင်းကင်ဘုံနန်းတော်မှ စည်းမျဥ်းဥပဒေများ၏ ကန့်သတ်ချက်ကြောင့် ငရဲမှ သက်ရှိများသည် သေမျိုးလောကထဲသို့ မဝင်ရောက်နိုင်ခဲ့ကြချေ။
သို့သော် လက်ရှိခေတ်ကာလတွင် ကောင်းကင်ဘုံနန်းတော်မှ စည်းမျဥ်းဥပဒေများ၏ ချုပ်နှောင်မှု မရှိတော့သဖြင့် ရှေးဟောင်းငရဲနယ်မြေကို ထိန်းချုပ်ထားသူများသည် သူတို့ ဆန္ဒရှိသကဲ့သို့ ပြုလုပ်နိုင်ကြသည်။
အကယ်၍ ရှေးဟောင်းငရဲနယ်မြေမှ နတ်ဆိုးများအားလုံး လွတ်မြောက်လာပြီး ဤတော်ဝင်မြို့တော်အတွင်း လှည့်လည်သွားလာခွင့် ရရှိပါက အဆုံးမရှိသော ဖရိုဖရဲ အခြေအနေများ သေချာပေါက် ဖြစ်ပေါ်လာမည် ဖြစ်ပြီး လူအမြောက်အများ သေဆုံးရပေလိမ့်မည်။
"ဝေါင်း..."
မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် နောက်ထပ်နတ်ဆိုးတစ်ကောင်သည် ထိုကျောက်တံခါးကြီး ထဲမှ တွားသွားထွက်လာတော့မည့်ပုံ ပေါက်နေသည်။
ထိုနတ်ဆိုးသည် မီတာဆယ်နှင့်ချီ၍ မြင့်မားသော ဧရာမ မကောင်းဆိုးဝါး သရဲတစ္ဆေကြီးတစ်ကောင်ပင်။ သူ၏မျက်နှာသည် အလွန်ရုပ်ဆိုးပြီး သွေးကြောမျှင်များဖြင့် ဖုံးအုပ်ထားသည်။ မည်သည့်ရှုထောင့်မှ ကြည့်ပါစေ သူထံမှနေ၍ အေးစက်သော ခံစားမှုကို ပေးစွမ်းနေပေ၏။
"ပြန်ဝင်သွားစမ်း..."
လုယွီက သူ၏လက်ကိုမြှောက်ပြီး ပြင်းထန်စွာ ဖိနှိပ်လိုက်သည်။
မကောင်းဆိုးဝါး သရဲတစ္ဆေကြီးက ချက်ချင်း အော်ဟစ်လိုက်သည်။ သူ၏ အလွန်ရုပ်ဆိုးသော မျက်နှာပေါ်တွင် အရိုးများ အဆက်မပြတ် ကြေမွှပျက်စီးစပြုလာသည်။ သူ၏ကြီးမားသော ခန္ဓာကိုယ်သည် လုယွီ၏တိုက်ခိုက်မှုကို အနည်းငယ်မျှပင် တောင့်မခံနိုင်ချေ။
"ဝုန်း" ဟူသော အသံနှင့်အတူ မကောင်းဆိုးဝါးသရဲတစ္ဆေကြီးသည် ထိုလက်ဝါးရိုက်ချက်ကြောင့် ပျောက်ကွယ်သွားခဲ့သည်။ ရုတ်ချည်းဆိုသလိုပင် ကျောက်တံခါးကြီး ပိတ်သွားပြီး လုယွီသည် သူ၏အစစ်အမှန်သွေးဖြင့် အဆောင်လက်ဖွဲ့တစ်ခု ရေးဆွဲကာ ကျောက်တံခါးကြီးကို လုံးလုံးလျားလျား ချိတ်ပိတ်လိုက်၏။
...
ရှောင်မိသားစု၏ ရှေးဟောင်းအိမ်တော် အတွင်း၌....
ဤအချိန်၌ အမြဲတစေ မှိန်ဖျော့နေသော ရှေးဟောင်းအိမ်တော်၏ခန်းမဆောင်ကြီးသည် ရုတ်တရက် လင်းထိန်လာပြီး အမှောင်ထု လွှမ်းခြုံနေသည်မှာ ကြာပြီဖြစ်သော ဤခန်းမဆောင်သို့ အလင်းရောင် တစ်စွန်းတစ်စ ဖြည့်စွက်ပေးလိုက်သည်။
ရှောင်မိသားစုဝင် အမြောက်အများသည် ခန်းမဆောင်ကြီးထဲတွင် မတ်တတ်ရပ်နေကြ၏။ သူတို့အားလုံးသည် မြင့်မားသော အဆင့်အတန်း ရှိကြပြီး ရှောင်မိသားစု၏ ပြောရေးဆိုခွင့်အာဏာများကို ထိန်းချုပ်ထားသော ရှောင်မိသားစု၏ မိသားစုခွဲအသီးသီးမှ အကြီးအကဲများနှင့် ခေါင်းဆောင်များပင်။
ရှောင်မိသားစုခေါင်းဆောင် ရှောင်ချွမ်သည် ရိုးရှင်းသော ပိုးထည်ဝတ်ရုံကိုသာ ဝတ်ဆင်ထားပြီး နံဘေးဘက်ထိုင်ခုံတွင် ထိုင်နေကာ သူ၏ မျက်နှာအမူအယာ အေးစက်ပြီး တည်ကြည်လေးနက်နေပေ၏။
ရှောင်မိသားစု သခင်မလေးရှောင်ချင်း သည် ရှောင်ချွမ်၏ နံဘေးတွင် မတ်တတ်ရပ်နေသည်။ သူမသည် လှပနေဆဲ ဖြစ်ပြီး သူမ၏အေးစက်သော လှပတင့်တယ်မှုတွင် ညှို့ငင်ဖမ်းစားနိုင်မှု အရိပ်အယောင် အနည်းငယ် ရောယှက်နေသည်။
ထို့ပြင် အဓိကထိုင်ခုံတွင် ထိုင်နေသူမှာ အိုမင်းသောမျက်နှာရှိသည့် လူအိုကြီးတစ်ဦးပင်။ သို့ရာတွင် သူ၏မျက်လုံးများသည် စူးရှတောက်ပနေပြီး သူ၏ဆံပင်များ ဖြူဖွေးနေသော်လည်း သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ စွမ်းဆောင်ရည်နှင့်စိတ်ဓာတ်စွမ်းအားများ ပြည့်နှက်နေသည့် အငွေ့အသက်ကို ထုတ်လွှတ်ထားသည်။ ဤပုဂ္ဂိုလ်သည် ရှောင်မိသားစုဘိုးဘေး ရှောင်ထျန်းယွမ်ပင်။
"ငါတို့ရှောင်မိသားစု တံခါးပိတ်ကျင့်ကြံနေတဲ့ ဒီနှစ်တွေမှာ ထန်အင်ပါယာက အရှိန်အဟုန်ပြင်းပြင်းနဲ့ ထွက်ပေါ်လာခဲ့ပြီးတော့ တာယွီအင်ပါယာက နှစ်ခြမ်းကွဲသွားခဲ့တယ်... တစ်ခြမ်းကို ကောင်းကင်ဘုံဧကရီလင်းလုံက ပိုင်ဆိုင်ပြီးတော့ ကျန်တဲ့တစ်ခြမ်းကို အိမ်ရှေ့စံမင်းသား ပိုင်ဆိုင်ခဲ့တယ်..."
"ချီဘုရင်က ပုန်ကန်ခဲ့ပြီးတော့ အလယ်ခေတ် ရဲ့ ကျိုးမိသားစုက ပြန်ပြီးအာဏာရလာခဲ့တယ်... နောက်ပိုင်းမှာ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ရဲ့ အုပ်ချုပ်သူအရှင်လုယွီက ထွက်ပေါ်လာပြီးတော့ ထန်အင်ပါယာကို ဖိနှိပ်ဖို့ စစ်တပ်ကိုဖွဲ့စည်းခဲ့တယ်... ပြီးတော့ စကြာဝဠာခန်းမဆောင်မှာ သူက ဧကရာဇ်အာဏာကို ရယူခဲ့တယ်..."
"နှစ်အစပိုင်းမှာ လုယွီက တာယွီရဲ့နန်းစိုးစံနှစ် ပြီးဆုံးကြောင်း ရုတ်တရက် ကြေညာခဲ့ပြီးတော့ မဟာချင်အင်ပါယာကို တည်ထောင်ခဲ့တယ်... ပြီးတော့ သူက စိတ်ဝိညာဉ်တောင်ကို သွားပြီး ဗုဒ္ဓဂိုဏ်းကို ဖျက်ဆီးခဲ့တယ်..."
ရှောင်မိသားစုဝင်တစ်ဦးသည် ပြင်ပမှ လူတစ်ယောက်ကို ဖမ်းဆီးခေါ်ဆောင်ခဲ့ကာ ထိုလူသည် မကြာသေးမီ နှစ်များအတွင်း ဖြစ်ပျက်ခဲ့သော အခြေအနေများကို တုန်ရီနေသော အသံဖြင့် အစီရင်ခံသည်အား သူတို့အားလုံး နားထောင်နေကြသည်။
လက်ရှိနေရာတွင် ရှိနေကြသော ရှောင်မိသားစုဝင်များအားလုံးသည် အေးစက်သော မျက်နှာအမူအယာများဖြင့် တိတ်ဆိတ်နေကြ၏။ ပတ်ဝန်းကျင်ရှိ ဖယောင်းတိုင်မီးသည် တစ္ဆေကြီးညကဲ့သို့ မှိန်ဖျော့နေပြီး ထူးဆန်းကာ ကြောက်မက်ဖွယ် ကောင်းလှ၏။
Chapter 5345
မှိန်ဖျော့သော ဖယောင်းတိုင်မီး အလင်းရောင်သာရှိသည့် မြင့်မားပြီး ကျယ်ဝန်းသော ခန်းမဆောင်ကြီးမှ ထူးဆန်းသော အစိမ်းရောင် အလင်းတန်းများကို ထုတ်လွှတ်ထားသည်။
ရှောင်မိသားစု၏ ဖမ်းဆီးခြင်းကို ခံထားရသော လူသည် ထိတ်လန့်ကြောက်ရွံ့စွာဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။ သူသည် ဤမျှထိ ခမ်းနားထည်ဝါသော ခန်းမဆောင်ကြီးအတွင်း၌ ရောက်ရှိနေသော်လည်း မည်သည့် နွေးထွေးမှုကိုမျှ မခံစားရဘဲ အနက်ရှိုင်းဆုံး ငရဲသို့ ရောက်ရှိနေသည့် အေးစက်စက်ခံစားမှုကိုသာ ရရှိနေသည်။
လုယွီနှင့် ပတ်သက်သော သတင်းများအားလုံး လက်ရှိနေရာတွင်ရှိနေသော ရှောင်မိသားစုဝင်များ၏နားထဲသို့ ရောက်ရှိသွားသည်။
"အရင်တုန်းက ငါတို့ ရှောင်မိသားစုကနေ သနားစရာကောင်းတဲ့ ပုံစံနဲ့ ထွက်ပြေးသွားခဲ့တဲ့ အညတရကောင်လေးတစ်ယောက်ကက ဒီနေ့ ဒီအဆင့်ထိ တကယ်ကြီး ကြီးပြင်းလာခဲ့တာပဲ..."
ရှောင်မိသားစုခေါင်းဆောင် ရှောင်ချွမ်က ရုတ်တရက် လှောင်ပြောင်သရော်လိုက်သည်။
"ငါတို့ ရှောင်မိသားစု တံခါးပိတ်ကျင့်ကြံနေတုန်း ကောင်းကင်ဘုံနယ်မြေမှာ ဒီလောက်ထိ လောကကြီးကို တုန်လှုပ်စေတဲ့ အပြောင်းအလဲတွေ ဖြစ်ပျက်လာလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး... အရည်အချင်းမရှိတဲ့ လူတစ်ယောက်က နန်းတက်ပြီး ကိုယ့်ကိုယ်ကိုယ် ဧကရာဇ်လို့ ခေါ်ဝေါ်တာက အလယ်ခေတ်က ဖရိုဖရဲ ကာလတွေမှာပဲ ဖြစ်တတ်တာ... ဒီလောကကြီးက ကမောက်ကမ ဖြစ်နေပုံရတယ်..."
သူ စကားပြောလိုက်သည်နှင့် တပြိုင်နက် လက်ရှိနေရာတွင် ရှိနေသော ရှောင်မိသားစုဝင်များ အားလုံးထံမှ တုံ့ပြန်မှုများ ချက်ချင်းထွက်ပေါ်လာသည်။
"ဒီတစ်ကြိမ်မှာ ငါတို့ ရှောင်မိသားစု ထွက်ပေါ်လာရင် လောကကြီးအပေါ် ကြီးမားတဲ့သက်ရောက်မှု ရှိစေရမယ်..."
"ငါတို့က အစကတော့ ငါတို့ရင်ဆိုင်ရမယ့် အစွမ်းထက်တဲ့ ရန်သူက ကျိုးမိသားစု ဖြစ်လိမ့်မယ်လို့ ထင်ထားတာ... ဒါပေမဲ့ သူတို့က ဒီလောက်ထိ စိတ်ပျက်စရာ ကောင်းလိမ့်မယ်လို့ ဘယ်သူ တွေးထင်မှာလဲ... အညတရကောင်စုတ်လေးတစ်ယောက်ရဲ့ လက်ချက်နဲ့ သူတို့က အပြတ်ရှင်းခံလိုက်ရတယ်... ဒါက ငါတို့အတွက် အလုပ်ရှုပ် သက်သာသွားတာပေါ့... လုယွီကို ခေါင်းငုံ့စေသရွေ့ ငါတို့က လောကကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်ပြီ..."
"အနာဂတ်မှာ လုယွီကို ဘယ်လို မြင့်မြတ်တဲ့ ဘွဲ့ထူးမျိုးမှ ပေးဖို့မလိုဘူး...အတိတ်တုန်းက ငါတို့ မိသားစုဆီက မသေမျိုးအဆင့် မှော်လက်နက်ကို ယူဆောင်သွားတာကတင် သူက ကြီးလေးတဲ့ ပြစ်မှု ကျူးလွန်ခဲ့တာပဲ... လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ သူက လုံလောက်အောင် ထင်ပေါ်ကျော်ကြားခဲ့ပြီးပြီ... သူ ထီးနန်းလွှဲပေးလိုက်တာနဲ့ စွဲချက်တချို့ကို ဖန်တီးပြီးတော့ သူ့ကို ထောင်သွင်းအကျဥ်းချပြီး သူရဲ့ပစ္စည်းတွေအားလုံးကို သိမ်းဆည်းလိုက်ရုံပဲ..."
ဤစကားအနည်းငယ်ဖြင့် ရှိနေသော ရှောင်မိသားစုဝင်တချို့သည် လုယွီ၏ကံကြမ္မာကို ဆုံးဖြတ်ပြီးဖြစ်သည်။
သူတို့တစ်ယောက်ချင်းစီ၏မျက်နှာပေါ်တွင် မောက်မာထောင်လွှားမှုများ ထင်ဟပ်နေပြီး လောကကြီးပေါ်ရှိ လူများကို လေးစားမှု မရှိသည့်အလားပင်။
"ဒါပေမဲ့ လုယွီရဲ့နောက်ကွယ်က အင်အားကို ငါတို့ စိုးရိမ်ရအုံးမယ်... ဘာပဲပြောပြော သူ့ရဲ့ ဆရာက ရီဟန် ဖြစ်နေတယ်..."
ရုတ်တရက် ရှောင်မိသားစုခွဲတစ်ခု၏ မိသားစုခေါင်းဆောင်တစ်ယောက်က တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုသည်။
ပတ်ဝန်းကျင်နေရာတဝိုက်လုံး ချက်ချင်းတိတ်ဆိတ်ငြိမ်သက်သွားသည်။ စာပေသူတော်စင်ကြီးသုံးယောက်သည် မည်မျှထိ ကြောက်မက်ဖွယ်ကောင်းကြောင်း လူများအားလုံး သိရှိထားကြသည်။
တော်ဝင်မြို့တော်ရှိ မည်သူမဆို စာပေသူတော်စင်သုံးယောက်ကို ကျော်ဖြတ်၍ မရနိုင်ပေ။ သူတို့သည် ဧကရာဇ်၏ ဆရာသခင်များ ဖြစ်ကြပြီး ကွန်ဖြူးရှပ်ဂိုဏ်း၏ အင်အားစုကြီးတစ်စုလုံးကို ထိန်းချုပ်ထားကြ၏။ သူတို့၏ ကျင့်ကြံခြင်းသည် မိုးထိမြင့်မားသောအဆင့်သို့ ရောက်ရှိနေပြီး သူတို့၏စွမ်းအားများ အလွန်မြင့်မားသည်။
"စာပေသူတော်စင် ရှိနေရင်တောင် ဘာဖြစ်လဲ..."
ရှောင်ချင်းက ရုတ်တရက် လှောင်ပြောင်သရော်လိုက်သည်။
"ဒီလောကကြီးက ပြောင်းလဲသင့်တာ ကြာပြီ... ငါတို့ ရှောင်မိသားစုက ထွက်ပေါ်လာဖို့ ရွေးချယ်လိုက်မှတော့ ပြင်းထန်တဲ့နည်းလမ်းတွေနဲ့ အင်အားစုတွေအားလုံးကို ရှင်းလင်းပစ်မယ်... စာပေသူတော်စင်က ဘာလို့လဲ... အဘိုးရဲ့ နတ်ဘုရားစွမ်းအားက လောကကြီးပေါ်မှာ ပြိုင်ဘက်ကင်းပဲ..."
လူများအားလုံး၏အကြည့်များသည် အဓိကထိုင်ခုံတွင် ထိုင်နေသော ရှောင်မိသားစုဘိုးဘေး ရှောင်ထျန်းယွမ်ထံသို့ အလိုအလျောက် ရောက်ရှိသွားကြသည်။
သူသည် ယခုအချိန်၌ ရှောင်မိသားစုတစ်စုလုံး၏ အဓိကထောက်တိုင်ကြီးပင်။
ရှောင်မိသားစု ပြန်လည်၍ ထွက်ပေါ်လာပြီး ဤမျှ မောက်မာထောင်လွှားနိုင်ခြင်း၏ အကြီးမားဆုံး ယုံကြည်ချက်သည် ရှောင်ထျန်းယွမ်ထံမှ လာခြင်း ဖြစ်ပေ၏။
"တကယ်တော့ ဒီလူအိုကြီးကလည်း သူတော်စင်ရီဟန်နဲ့ ယှဉ်ပြိုင်ချင်နေတာပဲ..."
ရှောင်ထျန်းယွမ်က သူ၏မုတ်ဆိတ်မွှေးကို ပွတ်သပ်ပြီး တည်ငြိမ်စွာ ပြောဆိုသည်။
"ကောင်းကင်နဲ့ မြေပြင်ကြားက သက်ရှိတွေအားလုံးထဲမှာ သူတော်စင်အဆင့်က အမြင့်မားဆုံးပဲ... နှစ်ပေါင်းထောင်နဲ့ချီပြီး လူတွေအားလုံးက ဒီကိစ္စကို ယုံကြည်လက်ခံထားခဲ့တယ်... ဒါပေမဲ့ ဒီလူအိုကြီးက အဲ့ဒါကို လုံးဝမယုံကြည်ဘူး... အနာဂတ်မှာ ရီဟန် ရှုံးနိမ့်သွားရင် ဒီလူအိုကြီးက သူ့ကို ရာထူးတစ်ခု ပေးသနားပြီးတော့ ငါတို့မိသားစုရဲ့ မျိုးဆက်သစ် လူငယ်တွေကို ဆက်ပြီးသင်ကြားပေးခိုင်းလို့ရတယ်..."
သူ ထိုစကားကို ပြောဆိုလိုက်သည်နှင့် လက်ရှိနေရာတွင် ရှိနေသော ရှောင်မိသားစုဝင်များအားလုံး၏ မျက်နှာများပေါ်တွင် ဝမ်းမြောက်ဝမ်းသာဖြစ်သွားသော အမူအယာများ ထင်ဟပ်ကြသည်။
ဤသည်မှာ သူတို့၏ ရှောင်မိသားစုဘိုးဘေး ပိုင်ဆိုင်သင့်သော လွှမ်းမိုးချုပ်ကိုင်နိုင်မှုပင်။
သူ၏စကားတစ်ခွန်းတည်းဖြင့် သူတော်စင်ရီဟန် ရှုံးနိမ့်မည့်ရလဒ်သည် အတည်ပြုပြီးသား ဖြစ်သွားသည့်အလားပင်။
လုယွီအတွက်မူ သူသည် သူတို့၏ ထည့်သွင်းစဉ်းစားမှု နယ်ပယ်အတွင်း၌ပင် မရှိတော့ချေ။
"ဘိုးဘေးရဲ့ အမြင့်မားဆုံး အမိန့်တော်ကို ကြေညာဖို့အတွက် ခုဏက ငါတို့က လူနှစ်စုကို လွှတ်လိုက်ပြီးပြီ... သူတို့ရဲ့ စွမ်းအားနဲ့ဆိုရင် တော်ဝင်မြို့တော်မှာ သူတို့ကို ခုခံနိုင်တဲ့သူ သိပ်မရှိဘူး..."
"ဒါပေမဲ့ ဘိုးဘေး... တကယ်လို့ နယ်မြေသခင် အထွတ်အထိပ်အဆင့် ဒါမှမဟုတ် တာအိုသခင် အဆင့် တည်ရှိမှုကြီးတွေ လှုပ်ရှားလာရင် သူတို့ ထိခိုက်နစ်နာသွားမှာကို ကျွန်တော် စိုးရိမ်မိတယ်..."
ရှောင်မိသားစုခွဲမှ အကြီးအကဲတစ်ဦးက မျက်မှောင်ကြုတ်ပြီး ပြောဆိုသည်။ သူတို့သည် သတိထားမှုကို အနည်းငယ် ထိန်းသိမ်းထားဆဲပင်။
Thank For Reading.