အခန်း (၁၁၅-၁၁၆)
Vol. 9 Ch. 115-116
အခန်း (၁၁၅) - ကြက်ကိုသတ်၍ မျောက်ကိုခြောက်လှန့်ခြင်း၊ ကိုယ့်ကိုယ်ကိုယ် သတ်သေခိုင်းခြင်း၊ ကောင်းကင်သို့ ဒူးထောက်ခြင်း
ထျန်းကျွင်းအဆင့်အရှင်သည် မိုယွဲ့အရှင်၏ အပြုအမူများအပေါ် အလွန် မကျေမနပ် ဖြစ်နေ၏။
သူတို့ နတ်ဆိုးနယ်မြေမှ မထွက်ခွာမီကပင်... နယ်စပ်များကို စောင့်ကြပ်နေသော ဤနတ်ဆိုးနယ်မြေ၏အရှင်များသည်... အဆုံးမဲ့ကမ္ဘာမှ ကုချန်အကြောင်းကို ကြောက်ရွံ့ရိုသေသော လေသံဖြင့် ပြောဆိုခဲ့ကြသည်။
ယခု နတ်ဆိုးနယ်မြေတပ်မတော်သည် အဆုံးမဲ့ကမ္ဘာသို့ ကျူးကျော်ဝင်ရောက်နေပြီ ဖြစ်သော်လည်း... မိုယွဲ့အရှင်နှင့် အခြားသူများသည် ကုချန်၏ ဩဇာအာဏာကို ကြောက်ရွံ့နေကြဆဲလော။
" ရွှမ်ယိုနန်းတော်က နတ်ဆိုးနယ်မြေကို မျက်နှာသာပေး မကြွရောက်တာ အချိန် အရမ်း ကြာသွားခဲ့တယ်နဲ့ တူတယ်... ဒါ့ကြောင့် မင်းတို့အားလုံး နတ်ဆိုးနယ်မြေရဲ့ စစ်မှန်တဲ့ အရှင်သခင်က ဘယ်သူလဲဆိုတာကို မေ့လျော့သွားပြီး... အဲ့ဒီအစား ရန်သူ့ကမ္ဘာက ဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ဦးကို အခုလို ရိုသေလေးစားမှု ပြနေကြတာလား "
ထျန်းကျွင်းအဆင့်အရှင်၏ အသံသည် တည်ငြိမ်ပြီး မထီမဲ့မြင်ပြုလျက် ရှိနေသည်။
ဤနှစ်ကိုးသောင်းအတွင်း... လောကနှစ်ခုကြားရှိ ချောက်နက်ကြီးက ရွှမ်ယိုနန်းတော်မှ ထျန်းကျွင်းအသီးသီး၏ လမ်းကြောင်းကို ပိတ်ဆို့မထားခဲ့ပါလျှင်... ကုချန်အား ဤမျှ အချိန်ကြာမြင့်စွာ စိတ်တိုင်းကျ ဗိုလ်ကျခွင့်ပြုထားမည်လော။
ယခု... နှစ်ကိုးသောင်း ကျော်လွန်သွားခဲ့ပြီး... ရွှမ်ယိုနန်းတော်၏ ထျန်းကျွင်းသည် လောကတွင် အချိန်ကြာမြင့်စွာ မပေါ်ထွက်လာခဲ့ခြင်းကြောင့်... ကုချန်သည် မိုယွဲ့နှင့် အခြားသူများအတွက် ရိုသေလေးစားရသော အရာတစ်ခု ဖြစ်လာခဲ့သည်။ ဤသည်မှာ ဟာသတစ်ခုပင် ဖြစ်သည်။
" ထျန်းကျွင်းအဆင့်အရှင်ထံ အစီရင်ခံပါတယ်!
ဒီအဆုံးမဲ့တိုက်ကြီးပေါ်မှာ ရှင်သန်ခြင်းတားမြစ်နယ်မြေ တော်တော်များများ ရှိနေပုံပါပဲ.....
ဒီတားမြစ်နယ်မြေတွေထဲမှာ အရင်တုန်းက အဆုံးမဲ့ကမ္ဘာ ဧကရာဇ်အဆင့်ကျွမ်းကျင်သူ တော်တော်များများ အိပ်စက်အနားယူနေကြပါတယ်......
သူတို့ကို အချိန်တိုအတွင်း အောင်နိုင်ဖို့ ခက်ခဲလိမ့်မယ်လို့ ထင်ပါတယ် "
" ဒါ့အပြင်... တစ်ချိန်က ဧကရာဇ်ဂိတ်ကို စောင့်ကြပ်ခဲ့တဲ့ ကုကောင်းကင်ဧကရာဇ်က အခု.... ကောင်းကင်ဘုံတားမြစ်နယ်မြေထဲကို ဝင်ရောက်သွားပြီး... အဲ့ဒီတားမြစ်နယ်မြေရဲ့ အရှင်သခင် ဖြစ်လာခဲ့တယ်လို့ ပြောကြပါတယ် "
ဤအခိုက်အတန့်တွင်... အခြား နတ်ဆိုးနယ်မြေ၏အရှင်တစ်ဦး ပျံသန်းလာပြီး... အဆုံးမဲ့ဒေသကြီးငါးခုရှိ ရှင်သန်ခြင်းတားမြစ်နယ်မြေအမျိုးမျိုး တည်ရှိနေခြင်းအား... ထျန်းကျွင်းအဆင့်အရှင်ထံ အစီရင်ခံလိုက်သည်။
ရှင်သန်ခြင်းတားမြစ်နယ်မြေလော။
ထျန်းကျွင်းအဆင့်အရှင်၏ မျက်လုံးများထဲတွင် မထီမဲ့မြင်ပြုသော အရိပ်အယောင်တစ်ခု ပေါ်လာသည်။
ဤသို့သော နေရာများသည် နတ်ဆိုးနယ်မြေတွင်လည်း တည်ရှိခဲ့သည်။ သို့သော် ၎င်းတို့သည် ရွှမ်ယိုနန်းတော်သို့ ဝင်ရောက်ရန် မျှော်လင့်ချက်မရှိတော့ဘဲ... လောက-ဖျက်ဆီးခြင်း စစ်ဆင်ရေးများမှ သက်တမ်းတိုးရန် ကုသိုလ်ကံလည်း မရရှိသည့်... မကျဆုံးလိုသေးသော နတ်ဆိုးနယ်မြေ၏အရှင်များ စုပြုံနေထိုင်ကာ... အသက်ဆက်နေကြသည့် မျှော်လင့်ချက်မဲ့ နေရာများမျှသာ ဖြစ်သည်။
" ဟက်! အတော်ပဲ..... "
ထျန်းကျွင်းအဆင့်အရှင်၏ အကြည့်သည် လေးနက်သော မျက်နှာအမူအရာရှိနေသည့် ကုဝူရှန့်နှင့်... သူ၏နောက်ကွယ်တွင် အကာအကွယ်ပေးခံထားရပြီး ထိတ်လန့်မှုတို့ဖြင့် ပြည့်နှက်နေသော ကုမိသားစုရွာမှ လူများထံသို့ လှည့်သွားသည်။ သူ၏ မျက်ဝန်းတွင် နက်ရှိုင်းသော အအေးဓာတ်တစ်ခု ပေါ်လာခဲ့၏။
သူ ဤတစ်ကြိမ် အဆုံးမဲ့ကမ္ဘာသို့ အဘယ်ကြောင့် လာခဲ့သနည်း။
ဤ အဆုံးမဲ့ကမ္ဘာအား ချေမှုန်းမည့်... စူးစမ်းလေ့လာရေး ခရီးစဉ်ကြီး ချောမွေ့စွာ ရှေ့ဆက်နိုင်ရန်... မိုယွဲ့အရှင်နှင့် အခြားသူများကို ပံ့ပိုးကူညီရန် မဟုတ်ပါလော။
ယခုသည် ကုချန်အား ပစ်မှတ်အဖြစ် အသုံးချကာ... ကြက်ကိုသတ်၍ မျောက်ကိုခြောက်လှန့်ပြီး... မိုးကြိုးအင်အားဖြင့် လျင်မြန်စွာ ချေမှုန်းကာ... အခြားသော တားမြစ်နယ်မြေများကို တစ်ခုပြီးတစ်ခု အနိုင်ယူရန် အချိန်ကောင်းပင် ဖြစ်သည်။
ထို့အပြင်... ထျန်းကျွင်းအဆင့်အရှင်သည် ကုချန်အပေါ်... အချိန်ကြာမြင့်စွာ မကျေမနပ် ဖြစ်နေခဲ့၏။
သူသည် နတ်ဆိုးနယ်မြေ၏ ရှေ့တက်လမ်းကို နှစ်ကိုးသောင်းလုံးလုံး ပိတ်ဆို့ခဲ့ပြီး... ရွှမ်ယိုနန်းတော်၏ ကြီးကျယ်သော အစီအစဉ်ကို ဖျက်ဆီးခဲ့သည်။ မည်သို့ပင်ဖြစ်စေ... ဤပုဂ္ဂိုလ်သည် သေထိုက်၏။
ဤသို့ တွေးမိသောအခါ... သူ၏ မျက်လုံးများသည် ရေခဲတမျှ အေးစက်သွား၏။ သူသည် ကုဝူရှန့်ရှိရာဘက်သို့ ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
" ပုရွက်ဆိတ်လေးလောက်ကများ သေလိုက်! "
ဧကရာဇ်တပိုင်းအဆင့်တွင် ရှိနေသော ကုဝူရှန့်အား ရင်ဆိုင်ရာတွင်... ထျန်းကျွင်းအဆင့်အရှင်သည် လက်ညှိုးတစ်ချောင်းပင် မြှောက်ရန် စိတ်မဝင်စားခဲ့ပေ။ သူသည် ကုဝူရှန့်နှင့် သူ၏နောက်ရှိ ကုမိသားစုဝင်များအား ဖုန်မှုန့်အဖြစ် ကြေမွသွားစေရန် ရည်ရွယ်၍... ထျန်းကျွင်းအဆင့်၏ အရှိန်အဝါ အငွေ့အသက်များကို ထုတ်လွှတ်လိုက်သည်။
သူ၏နောက်ရှိ မိုယွဲ့အရှင်သည် ဤမြင်ကွင်းကို မြင်တွေ့လိုက်ရပြီး... သတိလက်လွတ် တားဆီးလိုစိတ် ဖြစ်ပေါ်လာလေသည်။
သို့သော်... သူသည် လက်ဖဝါးကို ဆန့်ထုတ်၍ တားဆီးရန် ကြိုးစားလိုက်ပြီးနောက်... တုံ့ဆိုင်းသွား၏။
သူသည် ကုကောင်းကင်ဧကရာဇ်အား လေးစားကြောက်ရွံ့ခဲ့သော်လည်း... ထျန်းကျွင်းအဆင့်အား တားဆီးရန်... သူ့၌ ဘယ်အကြောင်းပြချက် ရှိမည်နည်း။
အကယ်၍ သူသည် ထျန်းကျွင်းအဆင့်အရှင်အား အမျက်ထွက်စေခဲ့ပါက... သူသည်လည်း ဆိုးရွားသော အကျိုးဆက်များနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။
ထို့အပြင်... ကုကောင်းကင်ဧကရာဇ်သည် အစွမ်းထက်သော်လည်း... ၎င်းမှာ သူတို့ နတ်ဆိုးနယ်မြေ၏အရှင်များ အတွက်သာ ဖြစ်၏။ သို့သော် ယခု လှုပ်ရှားသူမှာ ထျန်းကျွင်းအဆင့်အရှင် ဖြစ်နေပြီး... သူ့အနေဖြင့်လည်း ကုချန်အား ကြောက်ရွံ့လိမ့်မည် မဟုတ်ပေ.....
ဤသို့ တွေးမိသောအခါ... မိုယွဲ့အရှင်သည် ဆက်လက် ကြားဝင်ခြင်း မပြုတော့ပေ။
သို့သော်... သတိလက်လွတ်ပင်... သူသည် တိတ်တဆိတ် အနည်းငယ် နောက်ဆုတ်သွားခဲ့၏။ သူ၏ မသိစိတ်ထဲတွင်... ထျန်းကျွင်းအဆင့်အရှင်၏ အပြုအမူများသည် ခန့်မှန်းမရနိုင်သော အပြောင်းအလဲအချို့ကို ဖြစ်ပေါ်စေမည်ကို စိုးရိမ်နေသကဲ့သို့ပင်!
ထျန်းကျွင်းအဆင့်၏အရှိန်အဝါ ပျံ့နှံ့ထွက်လာပြီး... ကုမိသားစုရွာမှ လူများ၏ မျှော်လင့်ချက်မဲ့သော မျက်လုံးများထဲတွင်... ၎င်းသည် သူတို့အပေါ်သို့ ကျရောက်လာကာ... လူတိုင်းကို ဖုန်မှုန့်အဖြစ် ကြေမွစေတော့မည် ဖြစ်သည်။
သို့သော် ဤအခိုက်အတန့်တွင်... လေပြေညင်းကဲ့သို့ နူးညံ့သော အင်အားတစ်ခု ဖြတ်သန်းတိုက်ခတ်သွားပြီး... ထျန်းကျွင်းအဆင့်အရှင်ထံမှ ထုတ်လွှတ်လိုက်သော ဖိအားကို ချက်ချင်း ပျောက်ကွယ်သွားစေခဲ့၏...!
" ငါကိုယ်တော်ရဲ့ မျိုးဆက်တွေကို တိုက်ခိုက်ရဲတဲ့ သတ္တိ... မင်းကို ဘယ်သူက ပေးလိုက်တာလဲ "
တည်ငြိမ်အေးဆေးသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာရာ... ကုဝူရှန့်အား သက်ပြင်းရှည်ကြီး ချစေခဲ့ပြီး... သူ၏ မျက်နှာအမူအရာသည် များစွာ ပေါ့ပါးသွားပြီး စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်လာ၏။
သူ၏ အဘိုးဘေးသည် နောက်ဆုံးတွင် ဤနေရာကို အာရုံစိုက်လာခဲ့ပြီ!
" မင်းက ကုချန်လား "
ကုဝူရှန့်နှင့် အခြားသူများ ကယ်တင်ခံလိုက်ရသည်ကို မြင်တွေ့ရသော်လည်း... ထျန်းကျွင်းအဆင့်အရှင်သည် ထူးထူးခြားခြား အံ့ဩသွားပုံ မရဘဲ... သူ၏ မျက်လုံးများမှာ အေးစက်မှုတို့ဖြင့်သာ ပြည့်နှက်နေ၏။
" ကောင်းတယ်... မင်း ငါတို့နယ်မြေရဲ့ အဆုံးမဲ့ကမ္ဘာကို ဖျက်ဆီးမဲ့... ကြီးကျယ်တဲ့ အစီအစဉ်ကို နှစ်ကိုးသောင်းလုံးလုံး ပိတ်ဆို့ခဲ့တယ်... အခု... အားလုံးကို ရှင်းရမဲ့ အချိန်တန်ပြီ! "
" သုံးချက်ရှူ အချိန်အတွင်း... ဒီနေရာမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်! အဲ့လိုဆို ငါကိုယ်တော်က ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ပေးနိုင်တယ် "
တည်ငြိမ်သော အသံသည် ကောင်းကင်နှင့် မြေကြီးအကြား ပဲ့တင်ထပ်သွား၏။ ကုချန်သည် လုံးဝ ပေါ်ထွက်လာခြင်း မရှိသော်လည်း... ကုမိသားစု၏ သွေးသားများကို တိုက်ခိုက်ခဲ့သော သူ၏ အပြစ်အတွက် အပြစ်ဖြေခြင်းအဖြစ်... ထျန်းကျွင်းအဆင့်အရှင်အား ကိုယ့်ကိုယ်ကိုယ် သတ်သေရန် အမိန့်ပေးနေခဲ့သည်။
" ဟားဟားဟား... စိတ်ဝင်စားစရာပဲ... စိတ်ဝင်စားစရာပဲ... ဒီလောက် နှစ်သောင်းပေါင်းများစွာအတွင်း... ဘယ်သူမှ ဒီထျန်းကျွင်းအဆင့်ကို ဒီလိုမျိုး ပြောရဲတဲ့သူ မရှိခဲ့ဘူး "
ကုချန်၏ စကားများသည် ထျန်းကျွင်းအဆင့်အရှင်အား လုံးဝ အမျက်ထွက်စေခဲ့သည်။ သူ၏ နောက်ကွယ်ရှိ သွေးစက်ဝန်းသည် ပို၍ လျင်မြန်စွာ လည်ပတ်လာပြီး... လောက-အဆုံးသတ် မျှော်လင့်ချက်မဲ့ခြင်း၏ မြင်ကွင်းအမျိုးမျိုးကို ပြသနေ၏။
သူ ဘယ်သူလဲ။ နတ်ဆိုးနယ်မြေ၏ အမြင့်မြတ်ဆုံး သတ္တဝါများထဲမှ တစ်ဦး ဖြစ်၏။ နတ်ဆိုးနယ်မြေ၏ အရှင်အမျိုးမျိုးပင်လျှင် သူ့အား လေးစားမှုဖြင့် ဆက်ဆံရပြီး သူ၏ရှေ့တွင် အသက်ပင် ပြင်းပြင်း မရှူဝံ့ကြပေ။
ယခုမူ... ကုချန်သည် သူ၏ ပုံသဏ္ဌာန်အမှန်ကိုပင် မဖော်ပြဘဲ... သူ့အား သုံးချက်ရှူ အချိန်အတွင်း ကိုယ့်ကိုယ်ကိုယ် သတ်သေရန် အမိန့်ပေးနေသည်။
ဤသို့သော ထိုကဲ့သို့အပြုအမူသည် သူ့အား လုံးဝ မျက်စိထဲ မထည့်ကြောင်း ရှင်းလင်းစွာ ပြသနေ၏။
ထျန်းကျွင်းအဆင့်အရှင်သည် အမျက်ထွက်လာပြီး... သူ၏ အရိုင်းဆန်သော ဆံပင်များ လွင့်မျောသွားကာ... သူ၏ မျက်လုံးများသည် စကြဝဠာလေဟာနယ်ကိုပင် ခဲသွားစေနိုင်လောက်အောင် အေးစက်နေ၏။
ကြောက်မက်ဖွယ် နတ်ဆိုးချီများသည် သူ၏ ခန္ဓာကိုယ်မှ တိုးထွက်လာပြီး... ကောင်းကင်နှင့် မြေကြီးကြားရှိ နေရာလွတ်ကို ဖြည့်တင်းလိုက်ကာ... ဤနေရာအား အဆုံးမဲ့ နတ်ဆိုးနယ်မြေတစ်ခုအဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။
" ဒီထျန်းကျွင်းအဆင့်ကို အမျက်ထွက်စေရင် တန်ရာတန်ကြေး ပေးဆပ်ရလိမ့်မယ် "
ထျန်းကျွင်းအဆင့်အရှင်သည် တည်ငြိမ်စွာ ပြောလိုက်၏။ သူသည် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ကုဝူရှန့်နှင့် အခြားသူများထံသို့ နောက်တစ်ကြိမ် လှမ်းဖမ်းလိုက်သည်။
သူသည် ကုဝူရှန့်နှင့် ကုမိသားစုရွာမှ လူများအားလုံးကို ချုပ်ယူပြီး... သူတို့၏ ဝိညာဉ်များအား အဆုံးမဲ့ ငရဲမီးထဲတွင် သေဆုံးသည်အထိ မကုန်ဆုံးနိုင်သော နှိပ်စက်မှုများ ခံစားစေလိုသည်။
ဤသည်မှာ ထျန်းကျွင်းအဆင့်အရှင်၏ နည်းလမ်းပင်။ သူသည် ကုချန်အား ပေါ်လာစေရန် အတင်းအကျပ် ဖိအားပေးနေခြင်း ဖြစ်သည်။
မင်းရဲ့ မျိုးဆက်တွေကို တန်ဖိုးထားပြီး ဂရုစိုက်တယ် မဟုတ်လား။ အခု ဒီထျန်းကျွင်းအဆင့်က မင်းရဲ့ မျိုးဆက်အားလုံးကို ချေမှုန်းပြီး သူတို့ကို သေတဲ့အထိ နှိပ်စက်ပစ်မယ်။ မင်း မျက်နှာမပြဘဲ နေရဲသလား။
ထျန်းကျွင်းအဆင့်အရှင်သည် လှုပ်ရှားမှုတစ်ခု ပြုလုပ်လိုက်ပြီး... အဆုံးမဲ့ နတ်ဆိုးချီများမှာ ကောင်းကင်ကို ဖုံးလွှမ်းသွားပြီး ဧရာမ လက်ကြီးတစ်ဖက်အဖြစ် ပြောင်းလဲသွားကာ... ကုဝူရှန့်နှင့် အခြားသူများအား သူ၏ လက်ဖဝါးထဲသို့ ဖမ်းဆုပ်ရန် ရည်ရွယ်လိုက်သည်။
" ငါကိုယ်တော်က မင်းကို ကိုယ့်ကိုယ်ကိုယ် သတ်သေခိုင်းလိုက်တယ်... မကြားဘူးလား "
တည်ငြိမ်အေးဆေးသော အသံသည် လေဟာနယ်ထဲတွင် နောက်တစ်ကြိမ် ပဲ့တင်ထပ်သွား၏။
ကုချန်သည် အထက်ကောင်းကင် တားမြစ်နယ်မြေအတွင်း၌ ထိုင်နေရင်း... သူ၏ အကြည့်သည် အရှေ့ပိုင်းစွန့်ပစ်ဒေသ တာအိုနယ်မြေတစ်ခုလုံးကို ထိုးဖောက်မြင်နေရကာ... ဤနေရာတွင် ဖြစ်ပျက်နေသမျှ အရာအားလုံးကို မြင်တွေ့နေရ၏။
သို့သော်... ထျန်းကျွင်းအဆင့်အရှင်၏ လှုပ်ရှားမှုသည်... သူ့အား မည်သည့် လှုပ်ရှားမှုမျှ ဖြစ်ပေါ်စေခဲ့ခြင်း မရှိပေ။
ကုချန်သည် လက်ညှိုးတစ်ချောင်းကိုသာ မြှောက်လိုက်ပြီး... ထျန်းကျွင်းအဆင့်အရှင် ရှိရာသို့ အဝေးမှ ထိုးညွှန်လိုက်သည်။
" ဘုန်း! "
သူတို့ကြားတွင် ကြီးမားလှသော အကွာအဝေးကြီး ခြားနားနေ၏။
သို့သော် ကုချန်သည် ထိုလက်ညှိုးကို မြှောက်လိုက်သောအခါ... ထျန်းကျွင်းအဆင့်အရှင် ရှိနေသော နေရာသည် ဖိအားတစ်ခုခုကို ခံလိုက်ရသကဲ့သို့ ဖြစ်သွား၏။
ကောင်းကင်ဘုံကိုးခု၏ အထက်တွင်... ဟွမ်သွမ့်ချီတို့ လှည့်ပတ်လာပြီး... အမှောင်ထုအားလုံးကို ဆုတ်ဖြဲကာ... ဧရာမ ဟွမ်သွမ့်လက်ညှိုးကြီးတစ်ခုကို ဖွဲ့စည်းလိုက်၏။ ထိုအတွင်း၌... အဆုံးမဲ့တာအိုများ လှည့်ပတ်နေလေသည်။ မည်သည့် လှပသော လှုပ်ရှားမှုမျှ မပါဘဲ... ၎င်းသည် ချက်ချင်းပင် ထျန်းကျွင်းအဆင့်အရှင်၏ ဦးခေါင်းဆီသို့ ဖိနှိပ်ချလိုက်သည်။
ဤလက်ညှိုးတစ်ချောင်းသည် အမှောင်ထုကို ဆုတ်ဖြဲ၍... အရာအားလုံးကို ချေမှုန်းပစ်ပြီး... ထျန်းကျွင်းအဆင့်အရှင် ထုတ်လွှတ်လိုက်သော ဧရာမ လက်ဖဝါးကြီးကိုပင် လွယ်ကူစွာ ထိုးဖောက်သွားခဲ့သည်။ နောက်ဆုံးတွင်... ၎င်းသည် ထျန်းကျွင်းအဆင့်အရှင်၏ နဖူးပေါ်သို့ ကျရောက်သွားပြီး... သူ၏ ခန္ဓာကိုယ်အား ပြင်းထန်စွာ တုန်ခါသွားစေကာ... 'ဒုန်း' ခနဲ အသံကြီးနှင့်အတူ ဒူးထောက် ကျသွားစေခဲ့လေသည်...!
အခန်း (၁၁၆) - ထာဝရကျဆုံးခြင်း၊ စိတ်ပျက်ဖွယ်ချေမှုန်းခြင်း၊ ကောင်းကင်ဘုံအရှင်သခင်၏အထက်
အရာအားလုံးသည် အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့၏။
ထျန်းကျွင်းအဆင့်အရှင်က ကုဝူရှန့်နှင့် ကုမိသားစုကျေးရွာမှလူများအား သတ်ဖြတ်ရန် ရည်ရွယ်၍ လှုပ်ရှားသည်မှစတင်ကာ... ကုချန်က လှုပ်ရှားလာပြီး... လက်တစ်ချောင်းတည်းဖြင့် ထျန်းကျွင်းအဆင့်အရှင်အား ခေါင်းမဖော်နိုင်အောင် ဖိနှိပ်ထားလိုက်သည်အထိ... ဤအရာအားလုံးသည် မျက်တောင်တစ်ခတ်မပြည့်မီ အချိန်တိုအတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။
" ဒါက..... "
ထိုဟွမ်သွမ့်လက်ညှိုး၏ ဖိနှိပ်မှုကြောင့်... မြေပြင်ပေါ်တွင် ဒူးထောက်လျက်ရှိသော ထျန်းကျွင်းအဆင့်အရှင်အား ကြည့်လျက်... မိုယွဲ့အရှင်သည် နှိုင်းယှဉ်၍မရလောက်အောင် တုန်လှုပ်သွားလေသည်။
မည်သို့ ဖြစ်ပျက်သွားရသနည်း။
ထျန်းကျွင်းအဆင့်အရှင်သည် ကုကောင်းကင်ဧကရာဇ်အား တစ်ကွက်မျှပင် မယှဉ်နိုင်ဘဲ တိုက်ရိုက် ဖိနှိပ်ခံလိုက်ရသည်လော!
ဤသည်မှာ အမှန်ပင် မယုံကြည်နိုင်စရာ ဖြစ်နေသည်။
ထျန်းကျွင်းအဆင့်အရှင်သည် ရွှမ်ယိုနန်းတော်ရှိ လေးစားဖွယ် ပုဂ္ဂိုလ်များထဲမှ တစ်ဦး ဖြစ်၏။
မိုယွဲ့အရှင်သည် ကုချန် အစွမ်းထက်သည်ကို သိသော်လည်း... ကုချန်က ဤမျှလောက်ထိ အစွမ်းထက်လိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ပေ။
ရွှမ်ယိုနန်းတော်၏ အရှင်သခင်တစ်ပါးပင်လျှင် ချက်ချင်း ဖိနှိပ်ခံလိုက်ရ၏။
မဟုတ်သေး... ထိုသို့ မဟုတ်သေး... အရာအားလုံး မပြီးဆုံးသေးပေ။
ထျန်းကျွင်းအဆင့်အရှင်က သူ့အား အထင်သေးလိုက်မိသဖြင့် ဤသို့သော ရလဒ် ထွက်ပေါ်လာခဲ့ခြင်းသာ ဖြစ်လိမ့်မည်။
ရလဒ်ကို ဆက်လက် စောင့်ကြည့်ရဦးမည်.....
မိုယွဲ့အရှင်၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားသော်လည်း သူ၏ခြေထောက်များမှာမူ သတိမထားမိဘဲ နောက်သို့ အနည်းငယ် ဆုတ်ခွာသွားလေသည်။
ဤသည်မှာ ထျန်းကျွင်းအဆင့်အရှင်နှင့် ထိုကုကောင်းကင်ဧကရာဇ်တို့ကြားမှ ပဋိပက္ခဖြစ်ရာ... နောက်ဆုံးတွင် မည်သူ အနိုင်ရသည်ဖြစ်စေ... မိုယွဲ့အရှင်က ပါဝင်ပတ်သက်လိုခြင်း မရှိပေ။
" မောက်မာတဲ့ကောင်... မင်းက ငါ့ကို ဒီလိုမျိုး စော်ကားရဲတယ် ဟုတ်လား! "
ကုချန်၏ လက်ညှိုးဖြင့် ဖိနှိပ်ခံထားရကာ မြေပြင်ပေါ်တွင် ဒူးထောက်လျက်ရှိသော ထျန်းကျွင်းအဆင့်အရှင်၏ မျက်လုံးများထဲတွင် တုန်လှုပ်မှုများ ပေါ်လာပြီးနောက် သူ၏မျက်နှာသည် ဒေါသများဖြင့် ဖုံးလွှမ်းသွားတော့သည်။
သူသည် နတ်ဆိုးနယ်မြေ၏အရှင်များအားလုံးအထက်တွင် ရှိသော ထျန်းကျွင်းတစ်ပါး ဖြစ်သည်။
ဆိုနိုင်သည်မှာ... ဤတစ်ကြိမ် အဆုံးမဲ့ကမ္ဘာသို့ မလာမီက... သူသည် ကုချန်အား အလေးအနက် မထားခဲ့ဖူးပေ။
သူ ယုံကြည်ထားသည်မှာ... ကုချန်သည် ဧကရာဇ်ဂိတ်ကို တည်ဆောက်နိုင်ပြီး နက်ရှိုင်းသော နတ်ဆိုးနယ်မြေအား နှစ်ပေါင်း ကိုးသောင်းကြာ ခုခံနိုင်ခဲ့ခြင်းသည်... နှစ်နယ်ကြားရှိ ချောက်နက်ကြီး၏ တည်ရှိမှုကြောင့်သာ ဖြစ်သည်ဟူ၍ပင်။ ထိုအရာက ရွှမ်ယိုနန်းတော်ရှိ ထျန်းကျွင်းအဆင့်အရှင်များအား နယ်မြေဖြတ်ကျော်ခြင်းမှ တားဆီးထားနိုင်ခဲ့သဖြင့်... ကုချန်အား နှစ်ပေါင်း ကိုးသောင်းကြာ ကြွားဝါခွင့် ပေးထားခဲ့ခြင်း ဖြစ်သည်။
ယခု သူကိုယ်တိုင် နယ်မြေဖြတ်ကျော်လာခဲ့ပြီဖြစ်ရာ... အဆုံးမဲ့ကမ္ဘာသည် ပျက်စီးရတော့မည် ဖြစ်သည်။ ကုချန်က ခုခံလျှင်ပင် အဘယ်အကျိုး ရှိမည်နည်း။ ထျန်းကျွင်းအဆင့်နှင့် အရှင်သခင်အဆင့်ကြားရှိ ကြီးမားလှသော ကွာဟချက်ကို သူ သိရှိစေမည် ဖြစ်သည်။
သို့သော် ယခု ကုချန်နှင့် အမှန်တကယ် တိုက်ခိုက်ကြည့်သောအခါမှ... ကုချန်၏ အစွမ်းသည် သူ၏ စိတ်ကူးထက် များစွာ ကျော်လွန်နေကြောင်း... ထျန်းကျွင်းအဆင့်အရှင် ရှာဖွေတွေ့ရှိသွား၏။
ဤလူ၏ အစွမ်းသည် မျှော်လင့်ထားသည်ထက်ပင် ပို၍ ကြီးမားနေသည်။
သူသည် အလေးအနက်မထားဘဲ အထင်သေးမိသောကြောင့် ဤသို့ ရှုံးနိမ့်ခဲ့ရသည် ဆိုလျှင်တောင်မှ... သူ့အား တစ်ကွက်တည်းဖြင့် ဤသို့သော ဆုံးရှုံးမှုမျိုး ဖြစ်စေနိုင်သည့် ကုချန်၏ အစွမ်းသည်... အထင်သေးစရာ မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ... တုန်လှုပ်မှုဖြစ်ပြီးနောက် ထျန်းကျွင်းအဆင့်အရှင်၏ နှလုံးသားသည်... အဆုံးမရှိသော ဒေါသများဖြင့် ပြည့်နှက်သွားလေ၏။
သူက ဘယ်သူလဲ?
ရွှမ်ယိုနန်းတော်၏ အရှင်သခင်များထဲမှ တစ်ဦး... နတ်ဆိုးနယ်မြေ၏အရှင်များ အထက်၌ ရှိပြီး... မရေမတွက်နိုင်သော နတ်ဆိုးနယ်မြေ သတ္တဝါများကို အပေါ်စီးမှ ကြည့်ရှုနေသူ ဖြစ်သည်။
သို့သော် ယခုမူ သူသည် လက်တစ်ချောင်းတည်း၏ ဖိနှိပ်မှုကြောင့် မြေပြင်ပေါ်တွင် ဒူးထောက်နေရသည်။
ထို့အပြင် ရန်သူသည် သူ့ရှေ့တွင် ပေါ်ပင် မလာသေးဘဲ... သူ၏ ကိုယ်အစစ်သည် အဝေးတစ်နေရာတွင် ရှိနေဆဲဖြစ်ကာ... အဝေးမှနေ၍ လက်ညှိုးတစ်ချောင်းဖြင့်သာ ဖိနှိပ်ထားခြင်း ဖြစ်သည်။
သူ့အတွက်မူ ဤသည်မှာ ပြော၍မပြနိုင်သော အရှက်ရဖွယ်ရာ ဖြစ်သည်။
ဤအရှက်တရားကို ရန်သူ၏အသက်ဖြင့် ဆေးကြောပစ်ရမည်။
" ငါ့ကို စော်ကားတဲ့သူတွေအားလုံး သေရလိမ့်မယ် "
ထျန်းကျွင်းအဆင့်အရှင်၏ အသံသည် အေးစက်နေကာ သူ၏ ထျန်းကျွင်းအဆင့် ချီဓာတ်များက ပေါက်ကွဲထွက်လာပြီး... သူ၏နောက်ကျောမှ သွေးရောင်အလင်းကွင်းကြီးသည် ပြင်းထန်စွာ လည်ပတ်သွားကာ... အဆုံးမရှိသော သွေးရောင်အလင်းတန်းများသည် ဤကမ္ဘာလောကတစ်ခုလုံးကို ချက်ချင်း ပြည့်နှက်သွားစေ၏။
" ထာဝရ ကျဆုံးခြင်း! "
ထျန်းကျွင်းအဆင့်အရှင်က အေးစက်စွာ အော်ဟစ်လိုက်သည်။
တစ်ခဏချင်းမှာပင်... ဤလောကရှိ အရာအားလုံးသည် ထိုသွေးရောင်အလင်းတန်းများကြောင့် ခဲသွားပုံရပြီး... ထာဝရအချိန်ကို တံဆိပ်ခတ်လိုက်သကဲ့သို့ အရာအားလုံး ရပ်တန့်သွားသည်။
ဤလောကရှိ အချိန်၏ စီးဆင်းမှုပင်လျှင် ရပ်တန့်သွားခဲ့သည်။
အဝေးတွင် တိုက်ပွဲကို ကြည့်ရှုနေသော မိုယွဲ့အရှင်ပင်လျှင် ဤနယ်ပယ်အတွင်း၌ တံဆိပ်ခတ်ခံလိုက်ရပြီး... သူ၏ ခန္ဓာကိုယ်သည် ရေခဲရိုက်ခံထားရသကဲ့သို့ အနည်းငယ်မျှပင် မလှုပ်ရှားနိုင်ဘဲ... သူ၏ မျက်လုံးများထဲတွင် နက်ရှိုင်းသော ကြောက်ရွံ့မှုများသာ ပေါ်လွင်နေသည်။
ဤသည်မှာ ထျန်းကျွင်းအဆင့်အရှင်၏ အမြင့်ဆုံးနည်းစနစ်ဖြစ်ပြီး... မခန့်မှန်းနိုင်သော တာအိုစွမ်းအားဖြင့်... အချိန်ကို ချက်ချင်း ရပ်တန့်စေနိုင်ကာ... အရှင်သခင်တစ်ပါး၏ ခန္ဓာကိုယ်ကို တောင့်ခဲစေပြီး တိုက်ခိုက်မှုများ ပြုလုပ်နိုင်စွမ်း ရှိသည်။
ယခု မိုယွဲ့အရှင်၏ ခန္ဓာကိုယ်သည် လုံးဝ မလှုပ်ရှားနိုင်တော့ပေ။ အကယ်၍ ထျန်းကျွင်းအဆင့်အရှင်က အလိုရှိပါက... သူသည် အချိန်မရွေး မိုယွဲ့အရှင်အား အလွယ်တကူ ချေမှုန်းပစ်နိုင်၏။
မိုယွဲ့အရှင်ကဲ့သို့ မောက်မာပြီး ထိန်းချုပ်ရခက်သော နတ်ဆိုးနယ်မြေ၏အရှင်များက အဘယ်ကြောင့် ထျန်းကျွင်းအဆင့်အရှင်အပေါ် ဤမျှ ကြောက်ရွံ့ရိုသေမှု ပြသနေရသနည်း။
ထျန်းကျွင်းအဆင့်အရှင်က ရွှမ်ယိုနန်းတော်မှ လာပြီး မြင့်မြတ်သော မျိုးရိုးရှိသောကြောင့် မဟုတ်ပေ။
ထျန်းကျွင်းအဆင့်အရှင်သည် သူတို့အား အလွယ်တကူ ဖိနှိပ်နိုင်လောက်အောင် အစွမ်းထက်သောကြောင့် ဖြစ်သည်။
နတ်ဆိုးနယ်မြေတွင်... အစွမ်းသည်သာလျှင် လေးစားမှုရရှိရန် အခြေခံအုတ်မြစ် ဖြစ်သည်။
ယခု ထျန်းကျွင်းအဆင့်အရှင် ဒေါသထွက်လာပြီး... ဤသို့သော အဆုံးစွန်နည်းစနစ်ကို ချက်ချင်း အသုံးပြုလိုက်ပြီဖြစ်ရာ... ထိုကုကောင်းကင်ဧကရာဇ်က မည်သို့ တုံ့ပြန်မည်နည်း။
မိုယွဲ့အရှင်သည် သတိမထားမိဘဲ မော့ကြည့်လိုက်မိသည်။
သို့သော် နောက်ဆက်တွဲ မြင်ကွင်းသည် သူ၏ မျှော်လင့်ချက်များအားလုံးထက် လုံးလုံးလျားလျား ကျော်လွန်သွားခဲ့သည်။
ထျန်းကျွင်းအဆင့်အရှင်သည် သူ၏ အမြင့်ဆုံး နက်နဲသော အတတ်ပညာကို ထုတ်ဖော်ကာ... ထိုဟွမ်သွမ့်ဧရာမလက်ညှိုးအား တောင့်ခဲသွားစေရန် ရည်ရွယ်ပြီးနောက်... ကုချန်၏ ကိုယ်အစစ်ကို ရှာဖွေကာ ပြင်းထန်သော တိုက်ခိုက်မှု ပြုလုပ်ရန် ကြံစည်ခဲ့သည်။
သို့သော် သူ လုံးဝ မျှော်လင့်မထားခဲ့သည်မှာ... ထိုဟွမ်သွမ့်ဧရာမလက်ညှိုးသည် သူ၏ ထာဝရကျဆုံးခြင်း နည်းစနစ်၏ သက်ရောက်မှုကို မခံရပုံရခြင်းပင်။ သူက ထရန် ကြိုးစားသည်ကို အာရုံခံမိသောအခါ... ထိုလက်ညှိုးသည် ရှေးဟောင်းစကြာဝဠာကြီးတစ်ခု ကောင်းကင်မှ ပြုတ်ကျလာသကဲ့သို့ ထပ်မံ ဖိချလိုက်ပြန်ရာ... ထျန်းကျွင်းအဆင့်အရှင်၏ ဦးခေါင်းမှ သွေးများစီးကျကာ... သူ၏ပညာကို ချက်ချင်း ချေမှုန်းလိုက်ပြီး ပို၍ပင် နက်ရှိုင်းစွာ ဒူးထောက်လျက်သား ဖြစ်သွားစေ၏။
" ဒါ မဖြစ်နိုင်ဘူး! "
ထျန်းကျွင်းအဆင့်အရှင်သည် ဤရလဒ်ကို မယုံကြည်နိုင်ခဲ့ပေ။ သူသည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး သူ၏ နက်နဲသော အတတ်ပညာကို တစ်ဖန် ထပ်မံ ထုတ်ဖော်လိုက်သည်။
" ငါ့ရဲ့ သွေးနဲ့... ခေတ်အဆက်ဆက်ကို ထာဝရ တံဆိပ်ခတ်မယ်! "
ဤတစ်ကြိမ်တွင်... ထျန်းကျွင်းအဆင့်အရှင်သည် သူ၏ ကိုယ်ပိုင်အသွေးအသားများကိုပင် စတင်လောင်ကျွမ်းစေခဲ့ပြီး... သွေးရောင်အလင်းကွင်းကြီးက အရာအားလုံးကို ဖုံးလွှမ်းသွားကာ... ဤနေရာရှိ အချိန်နှင့် နေရာဒေသ နှစ်ခုလုံးကို ထာဝရ တံဆိပ်ခတ်လိုက်သည်။
ထို နယ်နိမိတ်မရှိ အဆုံးမရှိသော စွမ်းအားသည် အမှန်တရားကို မသိကြသော ဒေသကြီးငါးခုမှ အစွမ်းထက်သူများ၏ အာရုံစိုက်မှုကိုပင် ဆွဲဆောင်နိုင်ခဲ့ပြီး... သူတို့အားလုံးကို ဤနေရာသို့ လှမ်းမျှော် ကြည့်ရှုစေခဲ့သည်။
" အချည်းနှီးပဲ... အသုံးမဝင်ဘူး "
ကောင်းကင်ဘုံတားမြစ်နယ်မြေအတွင်း၌... ကုချန်သည် ခေါင်းတလားအဖုံးပေါ်တွင် တင်ပျဉ်ခွေ ထိုင်လျက်ရှိပြီး... သူ၏ မျက်ဝန်းများသည် အနည်းငယ် မှေးကျလျက်... ထျန်းကျွင်းအဆင့်အရှင်၏ ခုခံမှုအပေါ် အံ့အားသင့်ခြင်း သို့မဟုတ် အလေးအနက်ထားခြင်း အမူအရာ အနည်းငယ်မျှ မပြခဲ့ပေ။ သူသည် သူ၏ လက်ညှိုးကို ရိုးရှင်းစွာ မြှောက်လိုက်ပြီး ထပ်မံ ဖိချလိုက်လေ၏။
" ဘုန်း! "
မိုင်ပေါင်း ထောင်ချီ အဝေးတွင်... ဟွမ်သွမ့်ဧရာမလက်ညှိုးသည် လုံးဝ သက်ရောက်မှု မရှိဘဲ... ပြင်းထန်စွာ ဖိချလိုက်ပြန်သည်။
ဤတစ်ကြိမ်တွင်... ထျန်းကျွင်းအဆင့်အရှင်သည် ထိုဟွမ်သွမ့်ဧရာမလက်ညှိုးကြောင့် တိုက်ရိုက် ကြေမွသွားပြီး... သူ၏ အရိုးများ ကျိုးကြေသွားကာ... ကြက်သွေးရောင် သွေးများသည် သူ၏ ခန္ဓာကိုယ်မှ ပန်းထွက်လာသဖြင့် ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။
ရလဒ်မှာ မပြောင်းလဲသေးပေ။
ထျန်းကျွင်းအဆင့်အရှင်သည် ကုချန်၏ လက်တစ်ချောင်းတည်းဖြင့် ဖိနှိပ်ခံထားရဆဲ ဖြစ်သည်။
ဤရလဒ်သည် ကုချန်၏ မျှော်လင့်ချက်များထဲတွင် အပြည့်အဝ ရှိနေခဲ့သည်။
သူသည် ဧကရာဇ်အဆင့်အထွက်အထိပ်တွင် ရှိနေပြီး... ဤ ထျန်းကျွင်းအဆင့်အရှင်မှာမူ... သာမန်အရှင်သခင်များထက် သာလွန်သော်လည်း... ထျန်းကျွင်းတစ်ပါးမျှသာ ဖြစ်သည်။
ဤသို့သော သတ္တဝါမျိုးကို လက်တစ်ဖျစ်မျှဖြင့် ဖိနှိပ်နိုင်၏။
ထျန်းကျွင်းအဆင့်အရှင်၏ နေရာနှင့် အချိန်ကို တံဆိပ်ခတ်သည့် နည်းစနစ်မှာမူ... ကုချန်အပေါ် လုံးဝ အကျိုးသက်ရောက်မှု မရှိခဲ့ပေ။
နှစ်ဦးသားကြားရှိ အဆင့်ကွာဟချက်သည် အလွန် ကြီးမားလှရာ... ထျန်းကျွင်းအဆင့်အရှင်၏ နည်းစနစ်များက ကုချန်အပေါ် မည်သို့ အစွမ်းထက်နိုင်မည်နည်း။
" အဟွတ်... အဟွတ်... အဟွတ်... မဖြစ်နိုင်ဘူး... ဒါ လုံးဝ မဖြစ်နိုင်ဘူး..... "
ဤအခိုက်အတန့်တွင် ထျန်းကျွင်းအဆင့်အရှင်သည် ရူးသွပ်သွားပုံရပြီး... သူ၏ ဆံပင်များမှာ ဖရိုဖရဲ ဖြစ်နေသော်လည်း... သူ၏ မျက်လုံးများမှာမူ သူ့အား ဖိနှိပ်ထားသော ဟွမ်သွမ့်ဧရာမလက်ညှိုးကိုသာ စိုက်ကြည့်နေမိသည်။
သူ၏ နည်းစနစ်အားလုံးသည် ဤကုချန်အပေါ် အသုံးမဝင်ခဲ့ဘူးလော။
ပို၍ ကြောက်စရာကောင်းသည်မှာ ကုချန်သည် ပေါ်ပင် မလာသေးဘဲ... ဤလောက၏ စွမ်းအားကိုသာ အဝေးမှနေ၍ အသုံးပြုကာ သူ့အား ဖိနှိပ်ထားခြင်း ဖြစ်သည်။
ဟွမ်သွမ့်လက်ညှိုးက သူ့အပေါ်သို့ မညှာမတာ ထပ်မံ ဖိချလာသည်ကို ကြည့်ရင်း... ထျန်းကျွင်းအဆင့်အရှင်၏ စိတ်ထဲတွင် နောက်ဆုံး အတွေးတစ်ခုသာ ကျန်ရစ်တော့သည်။
ဤကုချန်က အဘယ်ကြောင့် ဤမျှ အစွမ်းထက်နေရသနည်း။
ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အစွမ်းဖြင့် ပြိုင်ဘက်သည်... ကောင်းကင်ဘုံအရှင်သခင်အဆင့်အထက်မှ သတ္တဝါတစ်ဦး ဖြစ်နေနိုင်သည်လော။